June 18, 2011

ဖုန်းရွှေသီအိုရီအမျိုးမျိုး (၂)

၃။  Flying Star School of Feng Shui

ဒီသီအိုရီကတော့ စိတ်ဝင်စားစရာအကောင်းဆုံး၊ အနက်နဲဆုံးတစ်ခုပါ။ သူကတော့ Eight Houese Feng Shui လို အရပ်မျက်နှာတွေပါပြီး အချိန်ကာလပါ ပါဝင်လာပါတယ်။ အချိန်ကာလ ရွေ့လျားမှုတွေသာမကပါဘူး ပတ်ဝန်းကျင်မှာ ရှိတဲ့ ဒြပ်မဲ့စွမ်းအား Intangible energy တွေပါ ပါလာပါတယ်။ အချိန်ကာလပြောင်းလဲမှုသဘောတရားက ဒီသီအိုရဲ့ အရေးပါတဲ့ အချက်ဖြစ်ပြီး တရုတ်ရိုးရာ အချိန်ကာလလည်ပတ်မှုနဲ့လည်း တိုက်ရိုက်တိုက်ဆိုင်နေပါတယ်။

ဒီသီအိုရီမှာ တိကျသတ်မှတ်ထားတဲ့ အချိန်စက်ဝိုင်း လည်ပတ်မှုတစ်ခုရှိပြီး၊ အဲဒီရွေ့လျားနေတဲ့အချိန်နှင့်အတူ ပြောင်းလဲနေတဲ့ သဘာဝစွမ်းအားတွေအပေါ်မှာ လေ့လာတွက်ချက်ရပါတယ်။ ဖုန်းရွှေပညာရှင်တွေက ပြောင်းလဲနေတဲ့ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ သဘာဝစွမ်းအားတွေကို အမြဲစောင့်ကြည့်လေ့လာနေရပါတယ်။

ဒီနေရာမှာ တရုတ်ရိုးရာ အချိန်ကာလစက်ဝိုင်းကို အလျဉ်းသင့်သလို ဖော်ပြချင်ပါတယ်။ အချိန်စက်ဝိုင်းတစ်ခုမှာ စုစုပေါင်း နှစ်ပေါင်း ၁၈၀ရှိပါတယ်။ အောက်က ဇယားကို ကြည့်လျင် သိနိုင်ပါတယ်။ စက်ဝိုင်းတစ်ခုမှာ အချိန်ကာလ(Period) သုံးပိုင်းပါဝင်ပြီး၊ ကာလ(Age)တစ်ခုစီမှာ နှစ်ပေါင်း ၂၀စီရှိတဲ့ အချိုး၃ချိုးစီပါဝင်ပါတယ်။


အချိန်စက်ဝိုင်း
Upper Period
Age of 1
1864-1883
20 years
60 years
Age of 2
1884-1903
20 years
Age of 3
1904-1923
20 years
Middle Period
Age of 4
1924-1943
20 years
60 years
Age of 5
1944-1963
20 years
Age of 6
1964-1983
20 years
Lower Period
(လက်ရှိနှစ်ပိုင်း)
Age of 7
1984-2003
20 years
60 years
Age of 8
2004-2023
20 years
Age of 9
2024-2042
20 years

 Age of 7 က ၁၉၈၄ကနေ ၂၀၀၃ခုနှစ်အထိပါ။ အခုလက်ရှိရောက်နေတဲ့ Age ကတော့ Age 8 ဖြစ်ပြီး ၂၀၀၄ကနေ ၂၀၂၃ ထိကျရောက်ပါတယ်။

ဒီသီအိုရီက အထက်ပါ အချိန်စက်ဝိုင်းအပေါ်အခြေခံပြီး ပြောင်းလဲနေတဲ့ သဘာဝစွမ်းအားတွေကို လိုရှုဇယား (Lu Shu Diagram) နဲ့ တွက်ယူရပါတယ်။  လိုရှုဇယားဆိုတာက မြန်မာဗေဒင်မှာ “အောင်လံထူ စစ်သူကြီး” လို နံပါတ်တွေနဲ့ တွက်ယူရတဲ့ ဇယားတစ်ခုပါ။ အဲဒီဇယားနဲ့ အိမ်တစ်အိမ်လုံးရဲ့ အစိတ်အပိုင်းတွေကို ခွဲခြားတွက်ချက်ပြီး ဘယ်အစိတ်အပိုင်းက ကောင်းမွန်တယ်၊ ဘယ်အစိတ်အပိုင်းက ဆိုးရွားတယ်ဆိုတာကို ဖော်ထုတ်နိုင်ပါတယ်။  (လိုရှု တွက်ပုံတွက်နည်း သီးသန့်ရေးပါ့မည်၊ လွယ်လည်း လွယ်သလို ပျော်စရာလည်း ကောင်းပါတယ်) လိုရှုဇယားကို အသုံးချပြီး အဆောက်အဦးတစ်ခုရဲ့ Birth chart မွေးဇာတာကိုလည်း တွက်လို့ရပါတယ်။

လူတစ်ယောက်ရဲ့ မွေးချိန်မွေးရပ်လိုပဲ အဆောက်အဦးတစ်ခုမှာလည်း သူ့ရဲ့ဇာတာရှိပါတယ်။ အဆောက်အဦး ပြီးဆုံးချိန်က လူတစ်ယောက်မွေးဖွားလိုက်သလိုပါပဲ။ ကောင်းတဲ့ နက္ခတ်တွေနဲ့ မွေးဖွားလာတဲ့ အဆောက်အဦးက ကောင်းကျိုးပေးသလို ဆန့်ကျင်ဘက်နက္ခတ်တွေကလည်း ဆိုးကျိုးပေးပါတယ်။

ယေဘုယျအားဖြင့်တော့ အဆောက်အဦးတစ်ခုကို တွက်ချက်တော့မယ်ဆိုလျင် မြို့တည်နေရာ အနေအထား မြေပြင်လကဏ္ခဏာအနေအထားကို စစ်ရပါတယ်။ မြို့ပြီးသွားတော့ ရပ်ကွက်၊ ရပ်ကွက်ပြီးသွားတော့ (တိုက်ခန်းနဲ့နေရင်) အဆောက်အဦး၊ အဆင့်အဆင့် တွက်ချက်ယူရပါတယ်။ အဲလို တွက်ချက်တာကတော့ အတော့်ကို အသေးစိတ်ကျပြီး တိကျတဲ့ အဖြေရနိုင်ပါတယ်၊ ဒါပေမယ့် အခုလို အသေးစိတ်တွက်နည်းတော့ လိုအပ်တဲ့အခါမှသာ သုံးကြပါတယ်။

တချို့ကတော့ အိမ်တစ်အိမ်ကို (တိုက်ခန်း) ၀ယ်လိုက်တာပဲဖြစ်ဖြစ် ငှားနေတာပဲဖြစ်ဖြစ်၊ အဲဒီအိမ်ကို ပြောင်းရွှေ့နေထိုင်လိုက်တဲ့ အချိန်ကာလက ကိုယ့်အတွက် အဲဒီအဆောက်အဦးမွေးဖွားလိုက်တဲ့ကာလပါပဲ။ (အဲဒီအဆောက်အဦး ပြီးဆုံးချိန် မူရင်းကာလကို မရှုပ်ထွေးမိပါစေနဲ့၊ မူရင်းကာလကို အသေးစိတ် တွက်ချက်ရာမှာ ထည့်သွင်းစဉ်းစားရပါမယ်) အဲဒီပြောင်းရွေ့နေထိုင်လိုက်တဲ့ ကာလရယ်၊ နေထိုင်တဲ့သူရဲ့ ဇာတာရယ်ကို ပူးတွဲ တွက်ချက်ဖို့လိုပါတယ်။

၎။  Water Theory

ဖုန်းရွှေမှာ ရေနဲ့လေက အဓိက ကျတယ်ဆိုတာ အထက်ပါပို့စ်တွေမှာ ရေးခဲ့ဘူးပါတယ်။ လေက မြေမျက်နှာပြင် ကွန်တိုလိုင်းတွေကို ဖြတ်သန်းတိုက်ခတ်လာပြီး ရေထဲမှာ ပျောက်ကွယ်သွားတတ်ပါတယ်။ တကယ်လို့ စွမ်းအားက အပြုသဘောဆောင်တဲ့အခါမှာ ရေနဲ့သဟာဇာတ ဖြစ်ပြီး ကောင်းတဲ့အကျိုးကို ပေးပါတယ်။ ဒါပေမယ့် အဖျက်သဘောဆောင်တဲ့ အခါမှာတော့ ဆိုးကျိုးတွေကို သယ်လာပါတော့တယ်။ တရုတ်လို ကောင်းကျိုးကို “ရှန်းချိ Sheng Chi”လို့ ခေါ်ပြီး ဆိုးကျိုးကိုတော့ “ရှချိ Sha Chi” လို့ခေါ်ပါတယ်။

ဖုန်းရွှေက ရေသဘောတရားကတော့ သဘာဝ မြစ်တွေချောင်းတွေက ရေချည်းသက်သက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ လူလုပ် ရေကန်တွေ၊ တူးမြောင်းတွေ၊ ရေတံခွန်အတုတွေက အစ ပါဝင်ပါတယ်။ နောက်ပြီး လူသွားလမ်း၊ ကားလမ်း၊ ရထားလမ်း၊ စတာတွေကိုလည်း ရေအဖြစ် အစားထိုးပါသေးတယ်။ ကြည်လင်တဲ့ရေ၊ ရွေ့လျားမှုရှိတဲ့ရေတွေက ကောင်းမွန်တဲ့ စွမ်းအားတွေကို ယူဆောင်လာတတ်ပါတယ်။ နောက်ကျိတဲ့ရေ၊ ရေဆိုးရေညစ်တွေကတော့ ဆိုးရွားမှုတွေကို သယ်လာပေးတာပေါ့။ ဒါ့ကြောင့်မို့ အိမ်ရှေ့မှာ ရှိတဲ့ ရေမြောင်းတွေကိ ပိတ်ဆို့နံဟောင်နေရင်တော့ အိမ်သူအိမ်သား ကျန်းမာရေးရော စီးပွားရေးရော ကျဆင်းတတ်ပါတယ်။ နောက်ပြီး ရေဆိုတဲ့သဘောတရားက ဖြောင့်ဖြောင့်တန်းတန်း မြန်မြန်စီးဆင်းနေရင်လည်း မကောင်းပါဘူး။ အေးအေးငြိမ့်ငြိမ့်လေး စီးဆင်းနေတဲ့ ရေမျိုးကမှ ကောင်းကျိုးရှိမှာပါ။ (နောက်ပိုင်းမှာ အဲဒီအပိုင်းကို သေသေချာချာ ရေးပေးပါ့မယ်) Water Theory ရဲ့ အဓိကကျတဲ့ အချက်ကတော့ ရေအသွားအလာ Directions တွေကို အရပ်မျက်နှာတွေပါတဲ့ သံလိုက်အိမ်မြှောင်ကို သုံးပြီး တွက်ချက်ရပါတယ်။

အချုပ်အားဖြင့်တော့ ဒီသီအိုရီလေးခုစလုံးက အသုံးများတဲ့ သီအိုရီတွေဖြစ်ပြီး အဲဒိလေးခုမှာမှ Eight House Theory and Flying Star Theory ကတော့ ဖုန်းရွှေပညာရှင်တွေ အသုံးများဆုံး သီအိုရီနှစ်ခုပါပဲ။

June 7, 2011

စုနှင့်သူမ၏မှတ်စု (၂)



ကျွန်တော်တို့တွေ ခန္ဓာဗေဒနဲ့ ပါတ်သက်ပြီး နောက်ဆုံးပုံတွေ ရေးတင်ရတော့မည်။ ပုံဆွဲတင်ဖို့ နီးလာလေ စုတစ်ယောက် ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်လေပါပဲ။ နောက်ဆုံးပုံမဆွဲခင် ကျွန်တော်တို့အားလုံး ပုံကြမ်းတွေဆွဲပြီး တင်ရ၏။ ကျွန်တော့်ပုံဆွဲစာအုပ်ထဲမှာ အိမ်ကလူတွေရဲ့ ပုံတွေလည်း စုံသလောက် ဖြစ်နေပြီ။ သူငယ်ချင်းတွေပုံတွေလည်း စုံသလောက်ဖြစ်နေပြီ။ လက်ချိုးရေတွက်လို့တောင်ရတဲ့ ကျွန်တော်တို့စာသင်ခန်းထဲက ကျောင်းသားတွေကလည်း သူ့စာအုပ်ကိုယ်လှန်၊ ကိုယ့်စာအုပ် သူလှန်နဲ့။။ ဒါကတော့ဘယ်သူ ဘယ်ဝါပေါ့။ ထင်ကြေးတွေပေးကြ။ မှန်းကြနဲ့ ပျော်နေကြသည်။ စုကတော့ ဖလင်ဆေးပြီးသား နဂ္ဂတစ်တွေ ကိုင်လာပြီး အခန်းထဲကို ၀င်လာသည်။

အခန်းထဲရောက်တော့ ထုံးစံအတိုင်း ချောင်ထဲမှာ ကုပ်ပြီး နဂ္ဂတစ်တွေကို နေရောင်ဘက်ကို ထောင်ကြည့်လိုက်။ ပုံဆွဲလိုက်။ တစ်ယောက်ထဲ ရှုပ်လေရဲ့။ စုနား အနေများသည့် ကျွန်တော်တောင် စုဘာလုပ်နေမှန်းမသိတော့ချေ။

ဆရာဦးခင်မောင်ဆွေ စတူဒီယိုထဲရောက်လာပြီး ကျောင်းသားတွေရဲ့ ပုံကြမ်းတွေ လိုက်ကြည့်သည်။ တချို့ကျောင်းသားတွေရဲ့ လက်ရာတွေကိုကြည့်ပြီး ချီးကျူးလိုက်ဆူလိုက်နဲ့ စုနားရောက်လာသည်။ စုရဲ့ ပုံတွေမြင်တော့ ဆရာဦးကျော်မြင့် ဒေါသတွေ ထွက်လာသည်။ ဆရာက စုရဲ့ ပုံဆွဲ စာအုပ်ကို ခုံပေါ်တင်လိုက်ရင်း။

“မိစု.. ငါနင့်ကို ဆွဲခိုင်းတာ ဒီလိုပုံတွေ မဟုတ်ဘူး။”

“ကျွန်မဘာမှားလို့လဲဆရာ။ ဒါ လူပုံတွေပဲလေ။”

“မိစု… ညည်း ငါ့ကိုနောက်နေတာလား မိစု။ ”

ဆရာ့အသံက မာသွား၏။

“မနောက်ပါဘူးဆရာ။ ဆရာသင်တဲ့ မျက်နှာကောက်ကြောင်းတွေကို ကျွန်မက ဓါတ်ပုံနဂ္ဂတစ်အမြင်နဲ့ ရေးထားတာပဲကွာတယ်ဆရာ။ ဒီမှာမျက်လုံး၊ ဒီမှာပါးစပ်။ ကွန်ပိုဇေးရှင်းတွေ မှန်ပါတယ်ဆရာရဲ့။”

စုက သူဆွဲလာတဲ့ ပုံတွေဘက်က စောဒက တတ်သေးသည်။ ဒါပေမယ့် နောက်ဆုံးတော့လည်း ဆရာက ပုံတွေ ပြန်ဆွဲတင်ဖို့ပဲ ပြောလိုက်၏။ တကယ်တော့ စုရဲ့ ပုံတွေက သာမန်ပုံတွေထက် ထူးခြားသည်။ မျက်နှာတစ်ခုလုံးကို ခဲခြစ်ရာတွေနဲ့ ခက်နက်နက်ခြယ်ထားသည်။ အနက်ရောင်ပေါ်မှာမှ မျက်လုံးတွေ မျက်ဆံတွေကို အဖြူရောင်တွေ အဖြစ်ထားပြီး ခဲသားဖွဖွလေးနဲ့ ကောက်ကြောင်းပြန်လိုက်သည်။ တကယ်တော့ ရေးဆွဲပုံရေးဆွဲနည်းပဲ ကွာသည်သာ။ ပုံစံကတော့ အတူတူပင်ဖြစ်သည်။ စုကိုင်ထားတဲ့ ဓါတ်ပုံနဂ္ဂတစ်လိုတွေလိုပေါ့။


စုတစ်ယောက် ဆရာပြန်ရေးဆွဲခိုင်းတဲ့ ပုံကြမ်းတွေကို မရေးဘဲ ပေကပ်ကပ်နေသည်။ အနုပညာသမားတယောက်ဟာ သူလုပ်ချင်တာပဲ လုပ်မယ်ဆိုတဲ့ ပညက်ချက်များ စုဆီမှာပါလာသလား။ ကျွန်တော်နောက်ကနေ တွန်းသလောက် စုကတော့ ရွေ့ချင်မှ ရွေ့တယ်လေ။ ကျွန်တော်ပြန်ဆွဲခေါ်သလောက် စုက ပါချင်မှပါသည်။ စုကတော့ ဆရာပြန်ဆွဲခိုင်းတဲ့ ပုံတွေထက် အန်ဒီဝါဟိုးရဲ့ ပုံတွေထဲက Cambell’s Soup နှင့် မွန်ရိုးပုံတွေကိုပဲ စိတ်ဝင်စားနေခဲ့သည်။ နောက်ဆုံးတော့လည်း ကျွန်တော်ကပဲ စုရဲ့ ပုံဆွဲ စာအုပ်မှာ ပုံကြမ်းတွေ ဖြည့်ဆွဲပြီး ခပ်တည်တည်နဲ့ ဆရာ့ဆီတင်လိုက်ရ၏။ထိုနေ့မှစပြီး စုနှင့်ဆရာသည် သဟဇာတ မဖြစ်ကြတော့။ ဆရာက စုကိုမြင်ရင် ဆူချင်ချင်ဖြစ်လာသည်။ စုကလည်း ဆရာ့ကို မြင်ရင် ရှောင်ဖယ်ဖယ်လုပ်လာသည်။ သူလုပ်ချင်ရာတွေ လုပ်တတ်သည့်စုက နောက်ဆုံးပန်းချီကားတင်တဲ့ အခါမှာလည်း သူလုပ်ချင်တာတွေပဲ လုပ်ခဲ့ပြန်သည်လေ။


ကျွန်တော်တို့ကျောင်းသားတွေ အားလုံး စုပြီး စတူဒီယိုထဲမှာပဲ နောက်ဆုံးပရိုချက်အတွက် ပုံဆွဲကြသည်။ ဆွဲရမည့်စက္ကူဆိုဒ်သည် A2ဆိုဒ်ရှိသောကြောင့် ဘယ်သူမှ အိမ်မသယ်ချင်ကြ။ စက္ကူကို လိပ်ပြီး သယ်ပေမယ့် ဘက်စ်ကားစီးသည့်အခါ တိုးကြိတ်စီးဖို့မလွယ်။ ပန်းချီကားထည့်သည့် အိတ်ဝယ်ဖို့လည်း  မည်သူမျှ မတတ်နိုင်ကြပေ။ နောက်ဆုံးပရိုချက်နီးသည့်အချိန်ကြလျှင် ကျောင်းသားအားလုံး ကျောင်း၌သာ ညပေါက်သည့် အထိနေကြသည်။ ဂိတ်မှ နောက်ဆုံးထွက်သည့် မီရာကားဖြင့် အိမ်ပြန်ကြသည်။ မှောင်လာလျင်တော့ အင်ဗာတာမီးလေး ထွန်းပြီး ပုံဆွဲကြသည်။ ဒါမှမဟုတ် ဘာဆွဲရမှန်းမသိလျှင် တခုတည်းသောဂစ်တာလေးနဲ့ အားလုံးဝိုင်းဖွဲ့ပြီး သီချင်းဆိုတတ်ကြသည်။ ထိုအခါမျိုးတွင် စုသည် အနားမှာ ငြိမ်ကုပ်ထိုင်ပြီး အသံတိုးတိုးလေးဖြင့် သီချင်းလိုက်ညည်းလေ့ရှိပြန်သည်။

ထိုလိုနေ့မျိုးတွင် စုလည်း ကျွန်တော်တို့နဲ့ တွဲပြီး ပန်းချီရေးလေ့ရှိသည်။ လက်ဖက်သုတ်ချဉ်စပ် ကြိုက်တတ်သော စုသည် ထမင်းဗူးနဲ့ အပြည့် သုတ်လာတတ်သည်။ ထိုအခါမျိုးတွင် သူမဘေးနားတွင် ကျွန်တော်တို့အားလုံး ၀ိုင်းနေတတ်ကြ၏။ ခင်စရာကောင်းသော စုသည် တခါတလေတော့လည်း ဘယ်သူနဲ့မှ စကားမပြောဘဲ ပန်းချီကားထဲတွင်သာ အာရုံနှစ်ထားတတ်၏။ ဒီနေ့လည်း စုသည် ကျွန်တော်တို့အားလုံးနဲ့ စုပြီး ပန်းချီဆွဲသည်။ ဆရာက ကိုယ်ရဲ့ မိသားစုထဲကပဲ ဖြစ်ဖြစ် နီးစပ်တဲ့သူထဲက ဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ပုံတူကို ဆွဲခိုင်းသည်။ စုကတော့ ထုံးစံအတိုင်း ကန့်လန့်လုပ်ပြန်သည်။ စုရဲ့ ရှေ့တွင် စုဖုရားလတ်ရဲ့ ပုံတူတွေက ပြန့်ကြဲနေပြီး ဆွဲလက်စပုံများကလည်း ဟိုတစ်စ သည်တစ်စ။

နောက်တစ်နေ့မနက်မှာတော့ ဆရာ့ရဲ့ ဒေါသအိုးက ကျောင်းသားတွေရှေ့မှာ ပေါက်ကွဲတော့သည်။ သည်တခါတော့ စုသည် ဆရာပြောသမျှကို ခေါင်းငြိမ့်ပြီး အသာလေး နားထောင်နေသည်။ ဆရာဆူလိုက်သောကြောင့် စုတစ်ယောက် ဆရာ့ပြောစကား သည်တစ်ခါနားထောင်ပြီလို့ ထင်လိုက်ကြပေမယ့် ကျွန်တော်တို့ အထင်နှင့်အမြင် လွဲခဲ့လေသည်။ စုသည် သူမ၏ပုံဆွဲစက္ကူရှေ့တွင် တနေကုန် ငြိမ်သက်စွာ ရပ်နေခဲ့၏။ ထိုနေ့ညနေက စုတစ်ယောက် ပုံဆွဲခဲတံ တခုတလေမျှပင် မကိုင်တော့။

နောက်တစ်နေ့ရောက်ပြန်တော့လည်း စုသည် ငိုင်နေခဲ့သည်။ ဘယ်လိုဖြစ်တာလဲစုရယ်လို့ မေးပေမယ့်လည်း  ပြန်မဖြေခဲ့။ အရင်ကဲ့သို့ ထုံပေပေသာနေခဲ့သည်။ ကျွန်တော်တို့ စုပြီး ပုံဆွဲသည့်နေရာလည်း မလာခဲ့တော့။ ကျွန်တော် စုအတွက် စိုးရိမ်လာမိသည်။ နောက်ဆုံး ပရိုချက်ကို ခေါင်းမာတဲ့ စုတစ်ယောက် မလုပ်မှာ စိုးရိမ်မိသည်။ ဒါပေမယ့် စုကတော့ စိုးရိမ်စရာ မပြခဲ့။ ဒီလိုနဲ့ပဲ နောက်ဆုံး ပရိုချက်တင်တဲ့နေ့ရောက်လာခဲ့သည်။

…………………………………………။……………………………………………..

မနက်ဘက်ရောက်တော့ စုထက် ကျွန်တော်ကျောင်းကို စောစောရောက်လာခဲ့သည်။ စုဘာတွေ လုပ်လာမလဲဆိုတာကိုပဲ စိုးရိမ်နေမိသည်။ စုရောက်လာသည်နှင့် သူမရဲ့ ပုံကို ဆွဲယူကြည့်မိသည်။ စုသည် ခေါင်းမာစွာနှင့်ပဲ စုဖုရားလတ်ပုံကို ဆွဲလာသည်။ ဒါပေမယ့် စုလက်ထဲက စုဖုရားလတ်သည် ကျွန်တော် မြင်ဖူးနေသမျှစုဖုရားလတ်နှင့် မတူတော့။

ကင်မရာကို ခပ်တည်တည်ကြည့်နေတတ်သော စုဖုရားလတ်၏ မျက်ဝန်းတွေသည် နူးညံ့နေသည်။ သမိုင်းထဲက စုဖုရားလတ်သည် အဖြူအမဲ ဖြစ်သည်။ ဒါပေမယ့် စုလက်ထဲက စုဖုရားလတ်သည် အနီရောင်ဖြစ်သည်။ ဒါပေမယ့် ကျွန်တော်တို့ နားလည်ခဲ့သည့် သွေးဆာဖူးသည့် အနီရောင်မဟုတ်တော့။ စု၏ အနီရောင်သည် ကြည်ကြည်လေးရယ်။ ပတ္တမြားအရည်ကြည်လေးထဲက ယိုကျလာသည့် အနီရောင်လေးနဲ့ တူသည်။ လတ်သည်။ တောက်ပသည်။ ဒါပေမယ့် ငြိမ်သည်။ အနီလို့ပြောလျှင် ရသကဲ့သို့ အနီမဟုတ်ဘူးလို့ ပြောလျှင်လည်း ရလေရဲ့။

စုဖုရားလတ်ရဲ့ အရိပ်နှင့်ရှဲဒိုးများမှာ အနီရောင်လေးများ သီနေသည်။ ထိုအနီရောင်လေးသည် စုဖုရားလတ်ရဲ့ ဘယ်ဘက် နှလုံးသားရင်ညွှန့်ကနေ ဖြာကျနေသည်။  ဖျော့တော့ရဲတင်းသည့် အနီရောင်သည် စုဖုရားလတ်ရဲ့ နှုတ်ခမ်းပါးလေးတွင် တွဲခိုနေသည်။ ထိုအနီရောင်လေးသည် စုဖုရားလတ်ရဲ့ မျက်ဝန်းမှာ တဖြေးဖြေးရိုက်ခတ်နေသည်။ ရိုက်ခတ်ပြီး အလင်းပြန်နေသည့် စုဖုရားလတ် မျက်လုံးအိမ်သည် ၀ိုင်းစက်မနေခဲ့။ ကြည်လဲ့လဲ့နဲ့ လူတစ်ယောက်ရဲ့အရိပ်ကို အဝေးကနေကြည့်မှ မြင်ရပြန်၏။ ထိုအရိပ်သည် အရိပ်တစ်ခုထက်ပိုနေသည်။ ထိုအရိပ်ပိုင်ရှင်သည် မည်သူလဲဆိုတာ  စုမရှင်းပြခင်ကတည်းက ကျွန်တော် သိနေမိသည်။ စုသည် သူမလေ့ကျင့်ဖူးသော အားပါးသည့် မျဉ်းကြောင်းတွေကို တဖြေးဖြေး မျက်လုံးတွေဆီ ဆွဲယူလာသည်။ ထို မျက်လုံးတွေမှာ ခိုနေသည့် အနည်းငယ်မျှသာသော အနီရောင်လေးသည် ပတ္တမြားအရည်တခုလို လတ်နေသည်။ စုရယ်…. လို့သာ ကျွန်တော်ဖွဖွလေး မြည်တည်းနိုင်သည်။ စုလက်ထဲက စုဖုရားလတ်သည် အချစ်တွေနှင့် ပြည့်နေခဲ့သည်မဟုတ်ပါလား။

ထိုနေ့က ဆရာက စုကို တချက်သာကြည့်ပြီး “မိစု.. ဒီတခါတော့ နင်သက်သာသွားတယ်မှတ်” ဟုသာပြောနိုင်လေသည်။ ဆရာရော ကျွန်တော်ရော အတန်းသားတွေအားလုံး စုရဲ့ ရှင်းလင်းမှုပေါ်မှာ မင်သက်နေမိခဲ့သည်။ သမိုင်းဆိုးနဲ့ အသက်ရှင်ခဲ့သော စုဖုရားလတ်သည် ယခုတော့ ချစ်ခြင်းတရားတို့နှင့် ပြည့်နှက်နေခဲ့သည်။ ထိုအချစ်တွေသည် တခါမှ မဖတ်ဖူးခဲ့ရသော စုဖုရားလတ်ရဲ့ စာမျက်နှာများ ဖြစ်ကြသည်။ ချစ်တယ်လို့ မပြောဘဲ ခေါင်းလေးသာ အသာညိတ်ခဲ့သော စုနှလုံးသားက သိပ်မာတာပဲလို့ ခဏခဏ မထိတထိပြောခဲ့သည့် ကျွန်တော့်အတွက် မင်သက်နေမိသော နေ့တနေ့လည်း ဖြစ်နိုင်ပါသည်။ တကယ်တော့ သေချာ မသိခဲ့သော စုတွင် ကျွန်တော်တို့ သေချာမမြင်နိုင်တဲ့ အချစ်တွေကို သိနားလည်ပေးသည့် နှလုံးသား တစ်ခုရှိနေခဲ့ပေသည်။ ဒါပေမယ့် ခန့်မှန်းရခဲ့သော စုကို နောက်ထပ်ခန့်မှန်းဖို့ မ၀ံ့ရဲတော့ပါ။

ညနေဘက် ကျောင်းရှေ့ကနေ ဆူးလေဘက်ကို စုနဲ့ အတူတူပြန်ဖြစ်သည်။ ဘက်စ်ကားသည် အရင်ကလောက် မကျပ်။ ဒဂုံမြို့သစ်တောင်မြောက်လမ်းဆုံရောက်တော့ ကျွန်တော်တို့နှစ်ယောက်စာ အတူတူထိုင်ဖို့ နေရာလေးတစ်နေရာ ရခဲ့သည်။ စုကတော့ ပြတင်းပေါက်ဘေးမှာ ထိုင်ပြီး တလမ်းလုံး အပြင်ကိုသာ ငေးနေခဲ့သည်။ ကားမောင်းနေသည့်အချိန်မှာ အရှိန်နဲ့ တိုးဝှေ့လာသည့်လေတွေက စုရဲ့ ဆံနွယ်တွေကို တချက်တချက်ဝဲခနဲ ဖြစ်သွားစေ၏။ ထိုအခါတွင် စုရဲ့ သွယ်လျတဲ့ လက်ကလေးတွေက ဆံပင်တွေဖိထားလိုက်ပြီး အပြင်ကိုသာ ဆက်ငေးကြည့်နေသည်။ စုရဲ့ မျက်ဝန်းတွေကတော့ အရင်ကလို အဓိပ္ပါယ်ဖော်ရခက်နေဆဲ။

စုရဲ့မျက်ဝန်းထဲမှာ ကျွန်တော့်ကို ချစ်တဲ့ အချစ်တွေကို ရှာဖွေနေမိသည်။ တခါတလေ ထိုမျက်ဝန်းတွေက ချစ်တယ်လို့ ပြောနေသလိုလို။ တခါတလေတော့လည်း အဲသည်အချစ်တွေ မသေမချာ မရေရာတော့သလိုလို။ တခါတလေတော့လည်း စုရဲ့ ပန်းချီကားထဲမှာ ဆေးအထပ်ထပ်ခြယ်ပြီး အချစ်တွေကို သိမ်းမြုပ်လိုက်သလိုလို။ အေးသွားလိုက်။ မှောင်ရီသွားလိုက်။ တခါတခါပြန်ပြီး နွေးထွေးလာလိုက်။ စုအတွက် အသိရခက်သည့် အချစ်ဆိုတဲ့အရာကို စုရဲ့ မှတ်စုလိုလို ပုံဆွဲစာအုပ်ထဲမှာရော ရှိနိုင်မလား။ ထိုစာအုပ်လေးထဲက စာမျက်နှာတိုင်းကို ကျွန်တော် ကြည့်ချင်သည်။ ထိုစာမျက်နှာတွေထဲမှာ ကျွန်တော်တစိတ်တပိုင်းအဖြစ် ရှိနေပါ့မလား။ အနည်းဆုံးတော့ မျဉ်းဖြောင့်လေးတစ်ကြောင်းအဖြစ်ပေါ့။ ကျွန်တော်နဲ့တူသော ထိုမျဉ်းဖြောင့်လေး  ရှိချင်မှလည်း ရှိနေပေလိမ့်မည်။ သေချာတာကတော့ သည်ညနေမှာ စုလက်ကလေးကို ကိုင်ပြီး ချစ်တယ်ဆိုတာ တခါလောက်တော့ ပြောခဲ့ပါလားကွယ်လို့ တောင်းဆိုချင် တောင်းဆိုမိမည်။ ထိုညနေကတော့ မနေ့က ညနေတွေထက် အရောင်တွေဖြာပြီး လှနေဆဲပင်။


4th march 2011
12:29 am

June 1, 2011

စုနှင့်သူမ၏မှတ်စု

သည်နှစ်နွေက အရင်ကလောက် မပူဘူး။ ဖုန်တွေလည်း မထူဘူး.. စုရယ်။ ဒါပေမယ့် သစ်ရွက်တွေအများကြီး ကြွေတယ်။ လမ်းမပေါ်မှာလည်း ၀ါဖန့်ဖန့်အရွက်လေးတွေ။ လမ်းဘေးမှာလည်း ညိုရင့်ရင့်အရွက်လေးတွေ…..။ စုသာ တွေ့ရင် အဲဒီအရောင်လေးတွေ အမိဖမ်းပြီး စုကမ္ဘာထဲမှာ အသက်သွင်းမိလေမလားပဲ…။ ဒါပေမယ့် အတူတူတက်ခဲ့တဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက ယဉ်ကျေးမှုတက္ကသိုလ်မှာ သစ်ရွက်ဝါတွေမတွေ့ရင် စိတ်ကူးမယဉ်နိုင်တဲ့ စုအဖြစ်ကို တွေးမိတိုင်း ကျွန်တော်ရယ်ခဲ့ဘူးတယ်နော်။ အဲဒီအချိန်တုန်းက သစ်ပင်တွေဆိုတာ များများစားစားမရှိသေးတဲ့ အချိန်ပဲလေ။ ကျောင်းဝင်းထဲမှာ လှည့်ပတ်ထိုင်ရင်း မလေးရှားပိတောက်ပင်လေးတွေဆီကနေ ကြွေကြွေကျလာတဲ့ သစ်ရွက်ဝါလေးတွေကို ထိုင်ကြည့်ရင်း ရေတွက်နေခဲ့မိတာ မနေ့တနေ့ကလိုပါပဲ။

တခါတလေ စုတစ်ယောက်တည်း မလေးရှားပိတောက်ပင်အောက်မှာ ထိုင်ပြီး သစ်ကိုင်းခြောက် တခုခုနဲ့ အလုပ်ရှုပ်နေတတ်ပြန်ပါသေးသည်။ ကျွန်တော်အဝေးကနေ စုကိုကြည့်ရင်း စုရဲ့မျက်နှာပေါ်ကို ၀ဲကျနေတဲ့ ဆံနွယ်တွေကြားကနေ စုမျက်လုံးတွေကို ဘာသာပြန်တတ်မိတာ ခဏခဏပေါ့။ စု ဘာတွေတွေးနေလဲ။ စု မြေပြင်ပေါ်မှာ ဘာအရုပ်တွေရေးနေလဲ။

အဲဒီအပင်လေးတွေအောက်မှာ ထိုင်ရင်း တချက်တချက် သစ်ကိုင်းခြောက်လေးနဲ့ သစ်ရွက်ဝါလေးတွေကို တွန်းထုတ်လိုက်။ အဲဒီသစ်ရွက်ဝါလေးတွေကိုပဲ သစ်ကိုင်းအဖျားလေးနဲ့ ပြန်ဆွဲယူလိုက် လုပ်နေတတ်သေးသည်။ အဲသည်အခါမျိုးမှာ မည်သူမျှမရှိဘူး အထင်နဲ့ စုနှုတ်ခမ်းလေတွေက ခပ်ဝေေ၀လေး ရယ်နေတတ်ပြန်သေးတယ်နော်။  အဲသည်အမူအယာလေးတွေကပဲ ကျွန်တော့်အိပ်မက်ကို ခဏခဏစိုးမိုးနေတာ စုမသိလေရော့သလား။

ဒုတိယနှစ်ရောက်တော့ ကျောင်းမှာ ခန္ဓာဗေဒနဲ့ ပတ်သက်ပြီး ရေးဆွဲပုံရေးဆွဲနည်းတွေ သင်ရသည်။ ထိုစာသင်ချိန်တွေပြီးသည့် အခါကျရင် ကျွန်တော်နဲ့ စုနဲ့ ကျောင်းနားက ဈေးတစ်ခုခုမှာ ထိုင်ပြီး မုန့်လက်ဆောင်း ၀င်သောက်တတ်ကြသည်။ ကျွန်တော်က အုန်းနို့များများနဲ့ အချိုစိမ့်စိမ့်လေး ကြိုက်သလောက် စုကတော့ မုန့်လက်ဆောင်းဖတ်များများနဲ့ အချိုပေါ့ပေါ့လေး သောက်တတ်၏။

“ကျော်ရယ်….။  ဈေးသည်တွေရဲ့ မျက်နှာကိုဖတ်ရတာ…။ ဘာသာစကားတွေ အများကြီးပါတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရသလိုပဲ။ ကိုယ်နားလည်တာတွေ ပါသလို။ ကိုယ်နားမလည်တာတွေလည်းပါတယ်နော်။ ဆိုင်ခန်းတွေပေါ်မှာ ရောင်းနေတဲ့ သူတွေရဲ့ မျက်နှာကိုကြည့်စမ်းပါဦး။ သူတို့ရဲ့ မျက်နှာတွေက အမြတ်များများရလေ မတင်းတိမ်နိုင်လေလိုပဲ။ သိပ်ဖတ်ရတာလွယ်တာပဲ။ ဒါပေမယ့်… ဟိုနားက လမ်းဘေးမှာ ကန်စွန်းရွက်ထိုင်ရောင်းနေတဲ့ အဖွားကြီးကို ကြည့်စမ်း…. ငါတော့ သူ့မျက်နှာကို ဘာသာပြန်လို့မရဘူး…”

စု မေးဆတ်ပြတဲ့နေရာက အဖွားအိုကိုကြည့်လိုက်တော့ ထိုအဖွားအိုက အဖာဖာအထေးထေးရှိလှသည့် အကျီင်္လက်ရှည်လေးကို ၀တ်ထားရင်း အရောင်မရှိတော့တဲ့ တဘတ်နွမ်းလေးကို ခေါင်းပေါ်ပတ်ထား၏။ ဗန်းလေးထဲမှာ ဆယ်စည်းသာသာသာကျန်သေးသည့် ကန်စွန်းရွက်ကလေးကို ကြည့်လိုက်၊ ဖြတ်သွားဖြတ်လာ ဈေးဝယ်တွေကိုကြည့်လိုက်ဖြင့် ဘုရားစာထိုင်ရွတ်နေသည်။ ဈေးခေါင်းကွဲချိန်ဆိုတော့လည်း ဈေးထဲမှာ ဈေးဝယ်သူတွေ သိပ်မရှိတော့။ အဖွားအိုကတော့ သူ့ကန်စွန်းရွက်စည်းလေးတွေ ကုန်နိုးနိုးဖြင့် ထိုင်ရောင်းနေဆဲ။ ကြည့်နေဆဲမှာပင် ဈေးဝယ်သူတစ်ယောက်က ကန်စွန်းရွက်နှစ်စည်းဝယ်သွားသည်။ အဖွားအိုသည် ဈေးဝယ်သူပေးသွားသည့် ပိုက်ဆံနွမ်းလေးကို ၀မ်းသာအားရဖြင့် ကြည့်ရင်း ချွေးခံအင်္ကျီထဲထိုးထည့်လိုက်သည်။

“ကျော်ကျော်… ကြည့်စမ်း.. အဖွားကြီးပြုံးတဲ့အပြုံး…. အဲဒီအပြုံးကို ငါအရမ်းရချင်တယ်သိလား။ သူ့အပြုံးမှာ ဟိုဘက်က ဆိုင်ခန်းတွေနဲ့ အေးအေးဆေးဆေးထိုင်ရောင်းနေတဲ့ မိန်းမတွေလို မာန်မာနတွေမရှိဘူး။ လောဘတွေမရှိဘူး။ ဒါပေမယ့် သူ့မှာ သောကတွေရှိတယ်။ ဒါပေမယ့် သူ့မှာ စိတ်ချမ်းသာတာတွေလည်း ရှိနေပြန်သေးတယ်။ အဲဒါတွေ ရောယှက်နေတဲ့ သူ့မျက်နှာကို အဓိပ္ပါယ်ဖော်ရတာ.. ငါအရမ်းမောတယ်ဟာ….”

“စုရယ်… လူတိုင်းအဆင်ပြေတယ်ရယ်တယ်လို့ ရှိတာမှမဟုတ်တာ။ သူ့ကုသိုလ်ကံနဲ့သူပေါ့လေ”လို့ စုကို နှစ်သိမ့်မိပြန်တော့ ကုသိုလ်ကံဆိုတာကြီးကိုလည်း စုက မယုံချင်ပြန်။”

နောက်တစ်ရက် ခန္ဓာဗေဒနဲ့ ပါတ်သက်ပြီး ပုံကြမ်းတွေဆွဲသည့်အခါမှာတော့ စုရဲ့ ပုံကြမ်းတွေနေရာမှာ အဖွားအိုရဲ့ ပုံရိပ်တွေက လွှမ်းနေသလိုလို။ ဒါမှမဟုတ် တခြားဈေးသည်တွေရဲ့ ပုံရိပ်တွေက အားပါနေသလိုလို ထင်ရသည်။ခန္ဓာဗေဒကို သင်သည့် ဆရာဦးခင်မောင်ဆွေက စုရဲ့ ပုံကြမ်းတွေကို တစ်ချက်ကြည့်ကာ မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း…. စုလက်ရာတွေကို ချီးကျူးသည်။

“မိစု ညည်းလက်ရာတွေ တော်တော်တက်လာပါလား။ ညည်းဆွဲထားတဲ့ မျက်နှာတွေမှာ မျက်လုံးတွေက ရှဲဒိုးလိုက်တာတွေ များတယ်။ ကောက်ကြောင်းအကုန်လုံးက မျက်လုံးထဲမှာပဲ စုရောက်နေသလိုပဲ။”

လေ့ကျင့်ပြီး ဆွဲထားသည့် စုရဲ့ ပုံကြမ်းတွေမှာ ခန္ဓာကိုယ်တစ်ခုလုံးက ကောက်ကြောင်းမျဉ်းများသည် ဖျော့တော့နေပြီး ပါးနေသည်။ ဒါပေမယ့် မျက်နှာပေါ်မှာကျနေသည့် အရိပ်တွေရဲ့ ကောက်ကြောင်းက ပိုပြီး ထင်းလာပြီး ကျစ်ကျစ်လစ်လစ်ရှိလာသည်။ မျက်လုံးတွေနားမှာ ရှဲဒိုးကို လိုတာထက်ပိုထည့်လာသည့်အခါ မျက်လုံးနှစ်ဖက်စလုံးက ပိုပြီး ကြွတက်လာပြန်သည်။ နောက်ပြီး မျက်နှာပေါ်က နှုတ်ခမ်းထောင့်လေးများမှာ အရိပ်ထည့်လိုက်သည့်အခါ မပြုံးမယောင် ပြုံးမယောင်နဲ့ အသက်ဝင်လာ၏။ ကျွန်တော်ဆွဲထားသည့် ပုံကြမ်းများနှင့် ယှဉ်လိုက်သည့်အခါ ကျွန်တော့်ပုံကြမ်းများက ပြားချပ်သွားသလို ထင်ရသည်။

စုကို ကျွန်တော်က ချီးကျူးစကားဆိုမိတော့ စုက ပြုံးရုံပဲ ပြုံးပြလေသည်။ တခါတလေ အားရပါးရ ရယ်လိုက်စမ်းပါ စုရယ်လို့ ပြောချင်ပေမယ့် ပြောမထွက်ခဲ့ပြန်ဘူး။ မှတ်မှတ်ရရ ကျွန်တော့်ကို ချစ်တယ်လို့ အဖြေပေးတဲ့နေ့တစ်နေ့ပဲ စုအားရပါးရ ရယ်တာ တွေ့ဖူးသည်။ ဒါပေမယ့် ချစ်တယ်လို့ တခါမှ ဖွင့်မပြောခဲ့။ ထိုနေ့က တစ်နေ့လုံး စုရယ်နေခဲ့သည်။ နောက်ထပ်လည်း စုရယ်တာ တွေ့ဖူးချင်သည်။ 


…………………………………………။……………………………………………..


ဒီလိုနဲ့ပဲ ဒုတိယနှစ်ကျောင်းတက်ရက်ရဲ့ နောက်ဆုံးရက်တွေ တဖြေးဖြေးနီးလာသည်။နှစ်စကတည်းက သုံးလာသည့် စုရဲ့ ပုံဆွဲစာအုပ်သည် သူမရဲ့ မှတ်တမ်းစာအုပ်တစ်ခုလို တဖြည်းဖြည်း ဖြစ်လာသည်။ စုရဲ့စာအုပ်ထဲမှာ  ခတခါတလေ ခံစားချက်တိုက်ဆိုင်တဲ့ စာကြောင်းလေးတွေကို ရေးမှတ်ထားတတ်သည်။ တခါတလေ အဲဒီစာကြောင်းလေးတွေအကြောင်းကို စိတ်လိုလက်ရ ရှင်းပြပြန်သည်။ တခါတလေကျတော့လည်း ဘာဆိုဘာမှ မေးလို့မရ ခေါင်းသာတွင်တွင်ခါနေသည်။

စုကလည်း သူမလိုလေ့ကျင့်တတ်အောင် ကျွန်တော့်ကို ပန်းချီစာအုပ်လေး တစ်ခုပေးသည်။ ထိုစာအုပ်လေးကိုရပြီး သုံးလေးရက်မှာတော့ ကျွန်တော်တစ်မျက်နှာပြီး တစ်မျက်နှာ ရေးခဲ့သည်။ နောက်တော့လည်း ထုံးစံအတိုင်း ကျွန်တော်တွေ့ကရာပန်းချီရေးစက္ကူပေါ်မှာပဲ ပုံကြမ်းတွေ ခြစ်မိတော့ စုပေးခဲ့သည့် စာအုပ်လေးသည် စာရွက်အလွတ်တွေအများကြီင်္းဖြင့်သာ ကျန်ခဲ့သည်။

စုသည်တခါတလေ နိုင်ငံခြားသတင်းစာမျက်နှာများက ပုံတွေ ညှပ်ပြီး စာရွက်တွေပေါ်မှာ ကပ်ထားလေ့ရှိပြန်သည်။ အဲဒီစာရွက်အပိုင်းလေးတွေမှာ အမေရိက သမ္မတသစ်ဘေကလင်တန်ရဲ့ ပုံတွေလည်းပါသည်။ အိန္ဒိယက ဂန္ဒီရဲ့ ပုံတွေလည်းပါသည်။ ဟိုညှပ်ဒီညှပ်လုပ်ထားသည့် ဖြတ်ပိုင်းပုံလေးတွေပေါ်မှာလည်း ပုံတွေဆွဲချင်သလို ဆွဲပြန်သည်။ နောက်ပြီး သတင်းစာတွေထဲက ရုပ်ရှင်ကားကြော်ငြာပုံလေးတွေက အစပါသည်။

စုရယ်။ နင့်ပုံဆွဲစာအုပ်က ပုံဆွဲစာအုပ်နဲ့ မတူဘူး။ သတင်းစာဖြတ်ပိုင်းပုံကြီးနဲ့တူတယ်လို့ ဆိုမိတော့… နှစ်နှစ်ခြိုက်ခြိုက်ရယ်ပြန်သည်။ စုရယ်လိုက်သည့်အခါမှာ တစ်ဖက်တည်းရှိသော ပါးချိုင့်လေးသည် ခွက်ခနဲချိုင့်ဝင်သွားသည်။ ကျွန်တော်က ထိုချိုင့်ဝင်သွားသော ပါးချိုင့်လေးနေရာကို လှစ်ခနဲ ခိုးနမ်းလိုက်မိတော့ ကျွန်တော့်ကျောပြင်ကို ရှက်ရှက်နှင့် လက်သီးဆုပ်ကလေးတွေဖြင့် ထုသည်။ အဲဒီနေ့က ရှားပါးလှသော ကျွန်တော်တို့နှစ်ယောက်ရဲ့ ရယ်သံများသည် ကျောင်းဝင်းထဲမှာ ပြန့်ကျဲနေခဲ့သည်။

ကျွန်တော်တို့ကျောင်းပိတ်တော့မည်။ နောက်ဆုံးပရိုချက်အနေနဲ့ လူပုံတူတွေဆွဲရမည်။ ကျွန်တော်ရယ် ကိုခင်ဇော်တို့တတွေ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ပုံတူအဆွဲခံမည့် မော်ဒယ်လ် သက်သက်ရှာမလားလို့ တိုင်ပင်ဖြစ်သည်။ ယောကျာ်းလေးငါးယောက်ကြားမှာ မိန်းကလေးတစ်ယောက်တည်းပါလာသော စုကတော့ ဘာမှဝင်မပြော။ အားလုံးလုပ်ရင် သူမပါ လိုက်လုပ်မည်ဟုသာ ပြောသည်။ နောက်ပြီးသူမရဲ့ မှတ်စုစာအုပ်နဲ့ အလုပ်ရှုပ်နေတော့သည်။

“ဟေး.. မိစု.. နင်ဘာပုံတွေ ညှပ်နေတာလဲ။ ”

ကိုခင်ဇော်က ပြောပြောဆိုဆိုနဲ့ စုနားကိုကပ်လိုက်ပြီး စုညှပ်နေသည့် ပုံကိုကြည့်သည်။

“အဲဒါ စုဖုရားလတ်ပုံမလား။”

“အေး.. ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ။”

စုက မထုံတတ်သေးနှင့် ပြန်ဖြေသည်။

စုက သူ့ရဲ့စာအုပ်လေးထဲမှာ ဓါတ်ပုံတွေ ညှပ်ညှပ်ပြီး ထည့်တတ်သည်။ စု့ဆီမှာ ရှာရှာဖွေဖွေယူထားတဲ့ ပုံတွေမှာ ဟိုးအရင်တုန်းက ပုံတွေလည်းပါလေရဲ့။ စုကတော့ တချို့ပုံတွေက သူ့ဖေဖေချန်ခဲ့တာလို့လည်း ဆိုပြန်ပါသည်။ သူငယ်ချင်းတွေက စုကို ကြည့်ပြီး “နင်ပန်းချီဆွဲမနေနဲ့ နိုင်ငံရေး ၀င်လုပ်ပါလား”လို့ စတတ်နောက်တတ်ကြသည်။ တခါတလေ စုက ကျွန်တော်တို့ မသိတဲ့ နိုင်ငံရေးအကြောင်းတွေ သိပ်ပြောတတ်တာကိုး။

“စုရယ်.. စုဆိုတဲ့ နင့်နာမည်က သိပ်စီးတာပဲ…။ သမိုင်းထဲက နာမည်တွေလိုမျိုးပဲ။ ဒါပေမယ့် နင့်နာမည်က နင်ခဏခဏစုနေတဲ့ ရှေးဟောင်းပုံတွေက စုဖုရားလတ်လို နာမည်မျိုး သိလား။ သမိုင်းထဲမှာ နောက်ဆုံးကျတော့ စုဖုရားလတ်ကြောင့် မြန်မာပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတယ်။”

ကျွန်တော်က စုကို အနိုင်သဘောမျိုးဖြင့် သမိုင်းနှင့် ကိုင်ပြီး စလိုက်မိ၏။ စုရဲ့ မျက်နှာက ရဲတက်လာပြီး အသားတွေ တဆတ်ဆတ်တုန်လာတော့မှ ကျွန်တော်စတာ လွန်သွားမှန်းသိလိုက်ရသည်။

“နင်တို့တွေကလေ သမိုင်းထဲမှာ လက်ညှိုးထိုးစရာ မရှိ။ စုဖုရားလတ်ကိုပဲ လတ်ညှိုးထိုးကြတယ်။ စုဖုရားလတ်က ရာဇဂုဏ်မောက်တယ်။ လက်ရဲဇက်ရဲနိုင်တယ်လို့ သမိုင်းဆရာတွေက အပြစ်ဖို့ကြတယ်။ စုဖုရားလတ်ဖက်ကြတော့ မစဉ်းစားကြဘူး။ နင်စဉ်းစားကြည့်။ စုဖုရားလတ် မိဖုရားဖြစ်ချိန်မှာ ၁၉နှစ်ပဲ ရှိသေးတယ်။ အရမ်းငယ်သေးတယ်။”

စုရဲ့ အသံက ပထမတော့ မာသည်။ နောက်တော့ တကယ်ပင် စုဖုရားလတ်ကို သနားလို့လားမသိ။ သူရဲ့ လေသံထဲမှာ ၀မ်းနည်းမှုတွေ စွတ်လာပြန်သည်။

 “စုဖုရားလတ်ရော သီပေါရော နိုင်ငံရေးချိန်ခွင်လျှာညှိတဲ့အချိန် နယ်ချဲ့ရန်ကြောင့် တိုင်းပြည် မငြိမ်တဲ့အချိန်မှာ မထင်မှတ်ဘဲ ပလ္လင်ပေါ်ရောက်လာတာဟ။”

စုခမျာပြောရင်းပြောရင်း ကျောင်းမှာ သမိုင်းဆရာသင်တဲ့ဆရာတွေလို တည်ငြိမ်သွားပြန်သည်။ သူ့စကားတွေက ခပ်ပေါ့ပေါ့လိုနဲ့ လေးနက်သွားပြန်တယ်။ ပထမတော့ ကျွန်တော်တို့အားလုံးရယ်မိကြ၏။
“တကယ်တော့ စုဖုရားလတ်က သူချစ်တဲ့သူအတွက် စွန့်စားဝံ့တဲ့သူပါ။ သီပေါကို စပြီး ချစ်မိတဲ့အချိန်မှာ ဘယ်သူမှ သီပေါတစ်ယောက် ဘုရင်ဖြစ်မယ်ဆိုတာ စိတ်ကူးထဲတောင် ထည့်ကြတာမဟုတ်ဘူး။ ဘာမှ မျှော်လင့်လို့မရနိုင်သေးတဲ့ သာမန်မင်းသားတစ်ပါးလို သီပေါကို ရူးရူးမူးမူးစွဲလန်းမိတာ သူမအပြစ်လား။ ဘုရင်ဖြစ်လာတဲ့ အခါကျတော့လည်း ကင်းဝန်မင်းကြီး၊ ဆင်ဖြူမရှင်တို့ ကစားတဲ့ နိုင်ငံရေးကစားပွဲမှာ မထင်မှတ်ဘဲ ကြိုးဆွဲရုပ်ဖြစ်တော့မယ့် သူ့ချစ်သူ၊ ဘုန်းကြီးလူထွက်ကို ကာကွယ်ချင်တာ သူမအပြစ်လား။”

“စုဖုရားလတ်ကို လူတစ်ယောက်အနေနဲ့ ကြည့်ရင် မိန်းမဆန်တဲ့ လူသားတစ်ယောက်ပါ။ မိန်းမပီပီ သ၀န်တိုတတ်တယ်။ တဇွတ်ထိုးနိုင်တတ်တယ်။ သူအရမ်းချစ်ခဲ့တဲ့ သူ့ချစ်သူကို ရွှေဘုံရွှေနန်းမှာ သူများနောက်မှ လင်လုပ်ရမယ်ဆိုရင် ဘယ်မိန်းကလေးကများ လုပ်ချင်မလဲ။ သီပေါ…. ဘယ်သူကို ချစ်တယ်ဆိုတာ စုဖုရားလတ်သိတယ်။ စုဖုရားလတ်ချစ်တာ ဘယ်သူလဲဆိုတာလည်း သီပေါသိတယ်။ တခြားဘယ်မိဖုရားမှ မလုပ်ရဲတဲ့ သတ္တိ၊ သူ့ဆီမှာ အပြည့်ရှိတယ်။ လူတွေပြောပြောနေတဲ့ နန်းတွင်းလုပ်ကြံမှုကြီးမှာ စုဖုရားလတ် ပါနိုင်မယ်ဆိုတာရော ဟုတ်နိုင်ပါ့မလား။ အစပိုင်းမှာတုန်းက ဆင်ဖြူမရှင်ရဲ့ ကြိုးဆွဲရာ ကကြရတဲ့အချိန်မှာ နန်းတွင်းလုပ်ကြံမှုကြီးကို သူမက ဦးဆောင်နိုင်တယ်ဆိုတာရော ဟုတ်ပါ့မလား။”

စုသည် ပြောရင်းပြောရင်း မာန်ပါလာသည်။ စုဖုရားလတ်နေရာကို သူကိုယ်တိုင် ၀င်ကြည့်နေတာနဲ့ တူလာသည်။ စုနှုတ်ဖျားက မနားတမ်း ကျလာသော သူမ၏အမြင်များကြောင့် ကျွန်တော်တို့အားလုံး အရယ်တိတ်သွားမိပြန်၏။

“ကိုယ့်ယောက်ျားဖြစ်တဲ့သူက မယ်တော်နဲ့ အမတ်တွေရဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်လာတာကို မယားတစ်ယောက်အနေနဲ့ မြင်ရက်ပါ့မလား။ နောက်ပြီး ခေတ်ပျက်ချိန်ဆိုတော့လည်း သူ့လူကိုယ့်ဘက်သား။ ဘယ်သူက ရန်သူဖြစ်မလဲဆိုတာ ခွဲခြားမသိနိုင်တဲ့ အချိန်မှာ သူ့မောင်တော်ရဲ့ အသက်နဲ့ အာဏာကို သူကာကွယ်ဖို့လုပ်တာ အမှားတစ်ခု ဖြစ်နိုင်ပါ့မလား။ တကယ်လို့သာ သူတို့နှစ်ယောက်လုံး စင်ပေါ်ကို အတင်မခံရဖူးဆိုရင် သီပေါတစ်ယောက် သူဖတ်ချင်တဲ့ လောကီလောကုတ္တရာစာတွေနဲ့ ပျော်မွေ့နေမယ်။ စုဖုရားလတ်လည်း သူချစ်တဲ့ မောင်တော်အပါးမှာ ရေပူရေချမ်း ကပ်ပြီး အိုမင်းတဲ့ အထိပေါင်းချင်ပေါင်းနေရမှာပေါ့။”

“ အခုတော့လည်း သမိုင်းဆိုတာ ဗီလိန်ရှိရမယ်လေ။ ဗီလိန်ရှိမှ သမိုင်းဆိုတာ ပိုပေါ်တာ။ တကယ်တော့ သမိုင်းလှဖို့အတွက် စုဖုရားလတ်က ဗီလိန်ဖြစ်ရတဲ့ သူပါဟာ။”

ထိုနေ့ကစပြီး သမိုင်းဆိုတာဘာလဲလို့ ကျွန်တော် မေးတတ်စပြုလာသည်။ ဒါမှမဟုတ် စုရဲ့ မှတ်စုလိုလို ပုံဆွဲစာအုပ်ထဲက လူပုံတွေကြည့်ပြီး အဲဒီလူတွေက ဗီလိန်တွေလားလို့ စပ်စုတတ်ပြန်လာပါသည်။ တကယ်တော့ စုရဲ့လက်ထဲမှာ ကျွန်တော်မတွေ့ဖူးထားတွေ အများကြီးရှိပါလားလို့ သိလာလိုက်သလိုပင်။ ဒါပေမယ့် သေသေချာချာဘာမှန်းတော့ မသိခဲ့။ စုနားကပ်ထိုင်မိတိုင်း စုတင်းတင်းဆုပ်ထားတဲ့ သူ့လက်ဖ၀ါးတွေကို ဖြန့်ကြည့်ချင်မိလာသည်။ ဘာတွေရှိနိုင်မလဲလို့ပေါ့။

ဆက်ပါဦးမည်။