May 20, 2011

ဖုန်းရွှေသီအိုရီအမျိုးမျိုး (၁)

ဖုန်းရွှေပညာကို လေ့လာဆည်းကပ်ရာမှာ တစ်ခုနဲ့တစ်ခု မတူဘဲ သီအိုရီအမျိုးမျိုးရှိပါတယ်။ (နည်းတစ်ခုနဲ့တစ်ခု ရောယှက်ပြီး အသုံးချလို့လည်း မရပါဘူး)  အဲဒီနည်းတွေထဲမှာမှ အောက်ပါ နည်းလမ်းတွေက အထင်ရှားဆုံးပါပဲ။

၁။   Landform School of Feng Shui
၂။  Eight House School of Feng Shui (Ba Zai)
၃။  Flying Star School of Feng Shui
၎။  Water Theory

၁။   Landform School of Feng Shui

ဒီအသုံးချလေ့လာနည်းကတော့ ပတ်ဝန်းကျင်အနေအထား Physical Landscape ပေါ်မှာ အဓိကထားပြီး လေ့လာပါတယ်။  တောင်၊တောင်တန်း၊တောင်ကမူ၊ မြစ်၊ချောင်း၊ရေကန်၊ စတဲ့ အရာတွေရဲ့ ပုံပန်းသဏန်၊ တည်နေရာ၊ အကွေ့အကောက် တွေပေါ်မူတည်ပြီး အသေးစိတ်လေ့လာကြပါတယ်။ အထူးသဖြင့် ဒြပ်ဝတ္ထု ပတ်ဝန်းကျင်အနေအထားတွေပေါ်မှာပါ။

၂။  Eight House School of Feng Shui (Ba Zai)

ဒီသီအိုရီမှာကျတော့ အရပ်မျက်နှာတွေနဲ့ဆိုင်တဲ့ သဘောတရားတွေ ပါလာပါတယ်။ တရုတ်ရိုးရာသံလိုက်အိမ်မြှောင်ကို အသုံးပြုပြီး အဆောက်အဦးရဲ့ အရပ်မျက်နှာတွေကို တိုင်းတာ အသုံးချရတဲ့ ပညာရပ်ပါ။ ဖုန်းရွှေပညာရှင်က အဲဒီအဆောက်အဦးရဲ့ အရပ်ရှစ်မျက်နှာကို အဲဒီအဆောက်အဦးအတွင်းမှာ နေထိုင်တဲ့သူတွေရဲ့ မွေးခုနှစ်နဲ့ တိုက်ပြီး အဆောက်အဦးရဲ့ ဘယ်အရပ်၊ ဘယ်အစိတ်အပိုင်းက ကောင်းတယ်၊ မကောင်းဘူးဆိုတာ တွက်ချက်ယူရပါတယ်။

အရပ်ရှစ်မျက်နှာရှိတဲ့အထဲမှာမှ လူတိုင်းမှာ ကောင်းတဲ့ အရပ်မျက်နှာလေးခုနဲ့ ဆိုးတဲ့ အရပ်မျက်နှာလေးခုရယ်လို့ရှိပါတယ်။ အဆောက်အဦးမှာလည်း အဲဒီလို ရှိပါတယ်။ အရပ်ရှစ်မျက်နှာကို လေးခုစီ၊ အုပ်စုနှစ်စုခွဲလိုက်ပါတယ်။

၁။  East House Group အရှေ့အရပ်အုပ်စု
၂။  West House Group အနောက်အရပ်အုပ်စုဆိုပြီးတော့ပါ။

အဲဒီလိုခွဲခြားနိုင်ဖို့ တွက်ချက်နည်းသက်သက်ရှိပါတယ်။ အဲဒီတွက်နည်းကို Kua Numbers တွက်နည်းလို့ခေါ်ပါတယ်။ တွက်နည်းက အောက်ပါအတိုင်းပါ။

အမျိုးသား
အဆင့်(၁)    သင်ရဲ့မွေးခုနှစ်ကို ယူပါ။ ဥပမာ ၁၉၇၂.
အဆင့်(၂)    (၁+၉)+(၇+၂)
        ၁၀      + ၉    =၁၉
        ၁        + ၉    =၁၀
        ၁        + ၀     =၁
အဆင့်(၃)    အဖြေ= ၁

အမျိုးသမီး
အဆင့်(၁)    သင်ရဲ့မွေးခုနှစ်ကို ယူပါ။ ဥပမာ ၁၉၇၂
အဆင့်(၂)    (၁+၉)+(၇+၂)
        ၁၀      + ၉    =၁၉
        ၁        + ၉    =၁၀
        ၁        + ၀     =၁
        ၄        + ၁    =၅ (မှတ်ချက်= အမျိုးသမီးဆို နောက်ဆုံး၇လဒ်မှာ ၄ ပေါင်းထည့်ပေးရပါတယ်)
အဆင့်(၃)    အဖြေ= ၅

နောက်ထပ် သတိထားရမှာက Kua (ကွား နံပါတ်) ၅ ကျလို့ရှိရင် အမျိုးသားက နံပါတ်နှစ် အမျိုးသမီးက နံပါတ် ၈ ယူရပါတယ်၊ (နောက်ပိုင်းမှာ နံပါတ်တွေအကြောင်း ရေးပါ့မယ်) အဲဒီကွားနံပါတ်တွေကြည့်ပြီး မိမိက ဘယ်အုပ်စုထဲပါသလဲဆိုတာကို အောက်ပါဇယားကို ကြည့်ပြီး သိနိုင်ပါတယ်။


The East Four and The West Four
KUA NUMBERS
DIRECTIONS
GROUP
1
NORTH        
EAST
3
EAST
4
SOUTH EAST
9
SOUTH
5
SOUTH WEST (MALE)         
WEST
NORTH WEST (FEMALE)
2
SOUTH WEST
6
NORTH WEST
7
WEST          
8
NORTH EAST

အထက်ပါဇယားကို ကြည့်ပြီး မိမိက ဘယ်အရပ်နဲ့ အတင့်တော်ဆုံးဖြစ်ပြီး အိမ်ဝယ်တာပဲဖြစ်ဖြစ် အိပ်ယာ၊ စာကြည့်စားပွဲ စတဲ့ အရေးကြီးတဲ့နေရာတွေကို  စီစဉ်တာပဲဖြစ်ဖြစ် သင့်တော်မယ့်အရပ်ကို ရွေးနိုင်ပါတယ်။ အရပ်မျက်နှာတွေက နေထိုင်သူတွေအပေါ် အတော့်ကို အားသက်ရောက်မှု ပေးနိုင်ပါတယ်။ မိသားစုမှာ ယောက်ျားနဲ့ မိန်းမက ဆန့်ကျင်ဘက်အုပ်စုထဲရောက်နေလျင် ယောက်ျားမိန်းမမခွဲခြားပဲ အခရာကျတဲ့ ဦးဆောင်မှုနောက်ကို လိုက်ရပါတယ်လို့ မှတ်ထားစေချင်ပါတယ်။ နောက်ပြီး သတိထားရမှာက ဒီသီအိုရီမှာ အချိန်ကာလနဲ့ဆိုင်တာ မပါရှိဘူးဆိုတာပါပဲ။

၃။  Flying Star School of Feng Shui  ၄။  Water Theory အကြောင်း ဆက်ပါဦးမည်။

သက်ဆိုင်ရာပို့စ်များ

တရုတ်ရိုးရာ ဖုန်းရွှေပညာ Feng Shui
စာရေးသူသည် ဖုန်းရွှေဝေါဟာရများကို မြန်မာလို ဘယ်လိုခေါ်သလဲဆိုတာ မကြေညက်သေးပါ။ အကယ်၍ စကားလုံးများကို မှားယွင်းစွာ အသုံးချခဲ့လျင် ကွန်မန့်တွင် ပြန်လည်ထောက်ပြပေးရန် မေတ္တာရပ်ခံပါသည်။


May 14, 2011

ဖုန်းရွှေနှင့် ပတ်ဝန်းကျင်

ဖုန်းရွှေပညာနဲ့ ပါတ်သက်ပြီး အဓိပ္ပါယ်အမျိုးမျိုးဖွင့်ထားတာတွေရှိကြပါတယ်။

ရှေးခေတ်တရုတ်လူမျိုးတွေက ပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအင်အမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီစွမ်းအားတွေက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားတဲ့ သဘာဝအင်အားတွေဖြစ်ပြီး နေ့စဉ်ဘ၀အတွက် သိသာတဲ့ အားသက်ရောက်မှုတွေ ရှိနေပါတယ်။ တချို့စွမ်းအားတွေက ကောင်းတဲ့ဘက်ကို ပါသလို တချို့ကျတော့လည်း ဆိုးရွားတဲ့ ဘက်ကို ပါပါတယ်။ ရိုးရိုးရှင်းရှင်းပါပဲ။ ကောင်းတဲ့ စွမ်းအားတွေနေရာမှာ နေတဲ့သူက ကောင်းကျိုးချမ်းသာ ရနိုင်သလို၊ ဆိုးတဲ့ ဘက်မှာ နေမိရင်တော့ ဆိုးတဲ့ အရာကို ရင်ဆိုင်ရမှာပါ။ အဲဒါကြောင့်မို့ဖုန်းရွှေပညာရပ်ဆိုတာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်နည်း အနုပညာတရပ်ပါ။

ဖုန်းရွှေပညာကို လက်တွေ့အသုံးချနိုင်တဲ့ နေရာတွေကတော့ နေအိမ်၊ အလုပ်တို့မှာ ဖြစ်ပြီး ကျန်းမာရေး၊စီးပွားရေး တိုးတက်စေဖို့ အထောက်အပံ့ပေးတဲ့ ပညာရပ်တစ်ခုပါ။ ဖုန်းရွှေပညာကို မှန်ကန်စွာ အသုံးချနိုင်လျှင်တော့ ထိရောက်တဲ့ စွမ်းအားတွေ အကျိုးပေးမှုတွေ လက်ငင်းရရှိမှာဖြစ်ပါတယ်။ ဖုန်းရွှေပညာသင်ယူအသုံးချရာမှာ တချို့တွေက မြန်မြန်ရသလောက် တချို့ကျပြန်တော့လည်း နှစ်ချီကြာတတ်ပါသေးတယ်။ ဒါပေမယ့် စိတ်ရှည်ဖို့က အဓိကပါပဲ။ နောက်ပြီး ဖုန်းရွှေပညာတစ်ခုတည်းနဲ့ အရာရာကို ဆုံးဖြတ်ချက်ချလို့မရပါဘူး။ အဲဒီအချိန်မှာ အသုံးချတဲ့ လူရဲ့ ဇာတာကလည်း အရေးကြီးလို့ပါပဲ။

ဖုန်းရွှေနဲ့ ပတ်ဝန်းကျင်

ဖုန်းရွှေရဲ့ အဓိပ္ပါယ်က လေနဲ့ရေပါ။ လေနဲ့ရေက ပတ်ဝန်းကျင်မျက်နှာပြင်ကို ဖန်တီးရာမှာ အဓိကကျတဲ့ အရာနှစ်ခုပါ။ ဖုန်းရွှေရဲ့ အဓိကအခြေခံအချက်က သဘာဝသိပ္ပံပညာအဖြစ် အသုံးချတာဖြစ်ပြီး သဘာဝလွန်ကဲအယူသည်းတဲ့ ပညာမဟုတ်တာတော့ သေချာနားလည်ဖို့လိုပါတယ်။ တချို့တွေက ဘယ်နေရာမှာ ရေတံခွန်အတုလေး ထည့်လိုက် အိပ်ရာကို ဟိုဘက်သည်ဘက်လှည့်လိုက်ယုံနဲ့ အခြေအနေတွေကောင်းသွားတယ်လို့ ယူဆတာ မှားပါတယ်။ သူ့နေရာနဲ့ သူ့အချိန်အခါ မှန်ကန်စွာ အသုံးချတတ်ဖို့လိုပါတယ်။

ပတ်ဝန်းကျင်ကို လေ့လာရာမှာ Physical Environment (ဒြပ်ဝတ္ထုပတ်ဝန်းကျင်) Intangible Environment (ဒြပ်မဲ့ပတ်ဝန်းကျင်)ဆိုပြီးနှစ်ခုခွဲလို့ရပါတယ်။ဒြပ်ဝတ္ထုပတ်ဝန်းကျင်ကတော့ အရာဝတ္ထုတွေကို ထိတွေ့ခံစားသိမြင်နိုင်ပြီး ဒြပ်မဲ့ပတ်ဝန်းကျင်ကတော့ စိတ်ကူးဆန်ပြီး၊ အရပ်မျက်နှာတွေနဲ့ ပိုဆိုင်ပါတယ်။ နောက်ထပ် အဖိုအမဓါတ် (အင်နဲ့ရန်)တို့က သဘာဝဓါတ်ကြီးငါးပါးဖြစ်တဲ့ သတ္ထု၊ ရေ၊ သစ်သား၊ မီး၊ မြေဓါတ်တို့မှာ အချိုးကျစီပါဝင်နေပြီး လူသားတို့ကို အားသက်ရောက်စေပါတယ်။
၁။    Physical Environment (ဒြပ်ဝတ္ထုပတ်ဝန်းကျင်)

ယခုခေတ်ကာလမှာ ဖုန်းရွှေရဲ့ အချက်အလက်ကောင်းတွေနဲ့ ပြည့်စုံတဲ့ အိမ်တစ်အိမ်ရဖို့ ခေတ်မီမြို့ပြတွေမှာ  မလွယ်တော့ပါဘူး။ အိမ်တစ်အိမ်ပဲဖြစ်ဖြစ် တိုက်ခန်းတခန်းတစ်ခုပဲဖြစ်ဖြစ် ၀ယ်တော့မယ်ဆိုလျှင် ပထမဆုံး လုပ်ရမှာက ပတ်ဝန်းကျင်(Landscape) အနေအထားကို စစ်ကြည့်ရပါမယ်။

အဲဒီလိုစစ်နိုင်ဖို့အတွက် အာကာသ၊ဂြိုလ်လေးခွင်တိရိစ္ဆာန် (the four celestial animals) လေးမျိုးနဲ့ တိုင်းတာရပါမယ်။ အဲဒီလေးခုကတော့

၁။  အစိမ်းရောင်နဂါး
၂။  အနီရောင်ဇာမဏီငှက်၊
၃။  အဖြူရောင်ကျားနှင့်
၎။  အနက်ရောင်လိပ်တို့ဖြစ်ပါတယ်။


အစိမ်းရောင်နဂါးကတော့ အိမ်ရှေ့ကနေ လမ်းမဘက်ကို မျက်နှာမူလိုက်ရင် လက်ဝဲဘက်မှာ ရှိပါတယ်။ လက်ဝဲဘက်အရပ်မှာ လှပတဲ့ဥယျာဉ်ငယ်လေး ဒါမှမဟုတ် ကောင်းမွန်သေသပ်တဲ့ အပင်လေးတွေရှိသင့်ပါတယ်။ အဖြူရောင်ကျားကတော့ ညာဘက်မှာရှိပြီး ဘယ်ဘက်မှာရှိတဲ့ အစိမ်းရောင်နဂါးနဲ့ လိုက်လျောညီထွေရှိရပါမယ်။ သဘောကတော့ အိမ်ရဲ့တဖက်တချက်စီမှာ လှပတဲ့ ဥယျာဉ်လေးတွေရှိရမယ့်သဘောပါပဲ။ လက်တွေ့ကျကျတွေးလျှင်တော့ အခုလိုအိမ်ရဲ့ဘေးနားမှာ ပန်းဥယျာဉ်လေးတွေရှိခြင်း အိမ်ကျက်သရေတိုးစေရုံသာမကပါဘူး။ လေ၀င်လေထွက်လည်း ကောင်းစေပါတယ်။ နဂါးက အဖိုဓါတ်(Yang) အသွင်ဆောင်ပြီး ကျားကတော့ အမဓါတ်(Yin)အသွင်ဆောင်ပါတယ်။ အဲဒါကြောင့်မို့ နဂါးရှိတဲ့ လက်ဝဲဘက်က ကျားရှိတဲ့ လက်ယာဘက်ထက် မြင့်နေဖို့လို့ပါတယ်။ တဖန်လက်တွေ့စဉ်းစားကြည့်ရင် လက်ဝဲဘက်က လက်ယာဘက်ထက်မြင့်နေတော့ ရေစီးရေလာပိုကောင်းပြီး ကိုယ့်ခြံထဲမှာ ရေကြာကြာမ၀ပ်နိုင်ဘူးပေါ့။

အနက်ရောင်လိပ်ကတော့ အိမ်ရဲ့နောက်ကျောမှာ ရှိပါတယ်။ တနည်းအားဖြင့် လူတစ်ယောက်က ကြာကြာထိုင်နိုင်ဖို့ နောက်ကနေအမှီသဘောမျိုးရှိတဲ့ သဘောပါပဲ။ အိမ်ရဲ့အနောက်ဘက်မှာ အမှီသဟဲပြုဖို့ မြင့်မားတဲ့မြေအရပ် (တောင်ပူစာ၊ တောင်ကမူ၊ တောင်တန်း)လို ရှိနေရပါမယ်။ အရှေ့ဘက်မှာတော့ အနီရောင်ဇာမဏီငှက်ကိုယ်စားပြုတဲ့ ကျယ်ပြန့်နိမ့်လျောတဲ့ မြေနေရာရှိရပါမယ်။ အဲဒီမြေနေရာက အိမ်ရဲ့ သက်တောင့်သက်သာရှိဖို့၊ ဇိမ်ကျကျနေနိုင်ဖို့ရည်ညွှန်းပါတယ်။ လေ့လာကြည့်လျှင် အိမ်ရှေ့မှာ ခပ်ရှင်းရှင်းကျယ်ပြန့်ပြန့်မြေနေရာ ရှိခြင်းက ဧည့်သည်လာတဲ့အခါပဲဖြစ်ဖြစ်၊ အလှူအတန်းရှိတဲ့အခါပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ ဧည့်ခံနိုင်တာပေါ့။ တနည်းအားဖြင့် စွမ်းအား(ချိ)တွေ အိမ်ထဲမ၀င်လာခင် အိမ်ရှေ့မြေကွက်လပ်မှာ တည်ငြိမ်အောင် ထိန်းချုပ်လိုက်တဲ့သဘောဖြစ်ပြီး။ ရှိပြီးသား ကောင်းမွန်တဲ့ချိတွေ လွယ်လွယ်မထွက်သွားအောင် အနောက်ဘက်နေ တောင်နဲ့တူတဲ့ အဆီးအတားအထောက်အပံ့က ထိန်းလိုက်သလိုပါပဲ။

အခုနောက်ပိုင်း ခေတ်သစ်ဖုန်းရွေပညာမှာတော့ ကားလမ်းတွေ လူလျှောက်လမ်းတွေကို ရေအဖြစ် အဓိပ္ပါယ် ဖွင့်ဆိုပြီး အဆင့်မြင့် အထပ်မြင့် အဆောက်အဦးတွေကိုတော့ တောင်တွေ အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ နောက်ပြီး အဆောက်အဦးအတွင်းက Lift Lobby လိုနေရာတွေ၊ ရေကာတာတွေ၊ တူးမြောင်းတွေစတဲ့ သဘာဝမဟုတ်တဲ့ အရာတွေကိုလည်း ရေအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပြန်ပါတယ်။

၂။    Intangible Environment (ဒြပ်မဲ့ပတ်ဝန်းကျင်)

အိမ်ထဲကိုစွမ်းအားတွေ စီးဆင်းတဲ့အခါမှာ သာမန်မျက်စိနဲ့ မြင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဖုန်းရွှေသံလိုက်အိမ်မြှောင် သုံးပြီး စွမ်းအားတွေကို ခြေရာခံ၊သဲ့ယူနိုင်ပါတယ်။ အဓိကကတော့ ဒြပ်မဲ့စွမ်းအားတွေကို အဖိုအမဓါတ်၊ Luo Shu Arrangement  (နောက်ပိုင်းမှာဆက်လက်ရေးပါမည်) ဓါတ်ကြီးငါးပါးတို့က ပဲ့ထိန်းသလို ထိန်းထားကြတာဖြစ်ပါတယ်။

ချိ၊ အင်အားတွေက နေထိုင်သူအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲဆိုတာကို အချိန်၊နေရာ၊ ပတ်ဝန်းကျင်ဖွဲ့စည်းမှုအနေအထားတွေနဲ့ စဉ်းစားရပါတယ်။

တလောကလုံးမှာရှိတဲ့ စွမ်းအားတွေကို ဘယ်လိုထိန်းသိမ်း အသုံးချရမလဲဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မိမိပတ်ဝန်းကျင်မှာ ရှိတဲ့ စွမ်းအားကိုတော့ လိုအပ်သလိုထိန်းသိမ်းလို့ရပါတယ်။ အဲလိုထိန်းသိမ်းနိုင်ဖို့အတွက် တရုတ်ရိုးရာ လောကနိယာမကို နားလည်ဖို့လိုပါတယ်။ အဲဒါကတော့ ဒြပ်ဝထ္တုပတ်ဝန်းကျင်ပဲ ဖြစ်ဖြစ်၊ ဒြပ်မဲ့ပတ်ဝန်းကျင်ပဲ ဖြစ်ဖြစ် သဘာဝတရားသုံးခုက စိုးမိုးထားပါတယ်။ ကောင်းကင်ဘုံ(Heaven)၊ မြေကမ္ဘာ(Earth) နဲ့ လူသား (Human)ဆိုပြီးတော့ပါ။ အဲဒီသုံးချက်က အဆောက်အဦးတွေ ပတ်ဝန်းကျင်အနေအထားတွေကို ဟန်ချက်ညီညီ လှုပ်ရှားပေးထားပါတယ်။  အဲဒီသဘာဝတရား တစ်ခုချင်းစီမှာလည်း သက်ဆိုင်တဲ့ စွမ်းအားတွေ ကိုယ်စီရှိကြပါတယ်။

နောက်တစ်ခု သတိထားရမှာက ဖုန်းရွှေပညာက ကံတရားကောင်းလာဖို့ သူ့အလိုအလျောက် မဖန်တီးပေးနိုင်ပါဘူး။ မီးသီးက မီးလင်းလာဖို့ မီးခလုတ်ကို နှိပ်ရသလို ကံတရားကောင်းလာဖို့ လိုအပ်တဲ့ အစီအမံလေးတွေကို (ဓါတ်ကြီးငါးပါးအပေါ်) စီရင်ရပါတယ်။

နောက်ထပ် နားလည်ထားရဖို့အချက်က သဘာဝတရားသုံးခုရဲ့ အနေအထားပါ။ ကောင်းကင်ဘုံရဲ့ သဘောတရားက နတ်ပြည်လိုပါပဲ။ လူတစ်ယောက်အနေနဲ့ ဘယ်လိုမှ နတ်ပြည်ရဲ့ အင်အားကို ထိတွေ့လို့မရသလို Heavenly Luck လို့ခေါ်တဲ့ ကောင်းကင်ဘုံကံအကျိုးပေးကို ဖုန်းရွှေပညာနဲ့ Control လုပ်လို့မရပါဘူး။

Earthly Luck လို့ခေါ်တဲ့ ကမ္ဘာမြေကံအကျိုးပေးကတော့ ကျွန်တော်တို့ Control လုပ်လို့ရပါတယ်။ ကောင်းမွန်တဲ့ ကံတရားတွေ၊ အကျိုးပေးတွေက ကျွန်တော်တို့ လက်လှမ်းမီရာမှာ အမြဲတမ်းရှိနေတတ်ပါတယ်။ နောက်ပြီး Human Luck ကလည်း ကျွန်တော်တို့ control အောက်မှာ ရှိပါတယ်။ အလုပ်တစ်ခုအောင်မြင်ဖို့ ကိုယ်တစ်ယောက်တည်းတင်မကပါဘူး၊ ကိုယ့်လက်အောက်မှာ ကိုယ့်အကျိုးစီးပွားတိုးအောင် လုပ်ဆောင်ပေးဖို့  လူတွေ၊ ကိုယ့်ကို ထောက်ပံ့ပေးနိုင်ဖို့လူတွေ အများကြီးလိုအပ်ပါတယ်။ နောက်တစ်ခုက လူတစ်ယောက်က သူ့ရဲ့ကံကြမ္မာ ချယ်လှယ်နိုင်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တိုးတက်ကောင်းမွန်လာအောင်ပဲ လုပ်လို့ရတယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။

ဖုန်းရွှေပညာကို ကိုယ်တတ်နိုင် လက်လှမ်းမီနိုင်တဲ့ နေရာမှာလက်တွေ့ အသုံးချနိုင်မယ်ဆိုလျင်တော့ သင်ရဲ့ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ အချိန်အတိုင်းအတာတွေကို အကောင်းဆုံးလိုက်လျောညီထွေမှု (Balance) ဖြစ်အောင် လုပ်နိုင်ပါလိမ့်မယ်။ 
စာရေးသူသည် ဖုန်းရွှေဝေါဟာရများကို မြန်မာလို ဘယ်လိုခေါ်သလဲဆိုတာ မကြေညက်သေးပါ။ အကယ်၍ စကားလုံးများကို မှားယွင်းစွာ အသုံးချခဲ့လျင် ကွန်မန့်တွင် ပြန်လည်ထောက်ပြပေးရန် မေတ္တာရပ်ခံပါသည်။

May 2, 2011

ဧဒင်ဥယျာဉ်ထဲက အာဒမ်၏ ပထမဆုံးဇနီး လီလစ်


 Lilith (1892) by John Collier in Southport Atkinson Art Gallery(from Wikimedia)

History Channelမှာ  ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ ဧဒင်ဥယျာဉ်အကြောင်းကြည့်ရင်း အမှတ်မထင် အာဒံရဲ့ ပထမဆုံးဇနီး လိလစ် Lilith အကြောင်းကို ကြည့်လိုက်ရတယ်။ ငယ်ငယ်ကတည်းက အချစ်ဆိုတာ အာဒံနဲ့ဧ၀က စတယ်ဆိုပြီး သီချင်းလေး ညည်းဖူးခဲ့တာကို မှတ်မိနေခဲ့တယ်။ လိလစ်အကြောင်း ဖတ်လိုက်ရတော့ အမျိုးသမီးဝါဒ Feminism လှုပ်ရှားမှုတွေအကြောင်းကို အမှတ်ရမိတယ်။ ဘာလို့လည်းဆိုတော့ ၁၉ရာစုမှာ အမျိုးသမီးတန်းတူအခွင့်အရေး လှုပ်ရှားမှုနှင့်အတူ လိလစ်က ပြန်လည် မွေးဖွားလာခဲ့တာကိုး။

လီလစ်နဲ့ ပါတ်သက်ပြီး ဘယ်သူမှ သေသေချာချာ ဂဂဏဏမသိကြပါဘူး။ Book of Genesis (Hebrew bible or Christian Old Testament) ထဲမှာတော့ ဘုရားသခင်က အမျိုးသမီးဖန်ဆင်းရာမှာ ၂ခန်းခွဲထားပါတယ်လို့ဆိုပါတယ်။ ပထမတပိုင်းက အမျိုးသမီးနဲ့ အမျိုးသားတပြိုင်တည်း ဖန်ဆင်းတာဖြစ်ပြီး၊ နောက်တမျိုးကတော့ အမျိုးသားရဲ့ နံရိုးကိုယူပြီး အမျိုးသမီးဖန်ဆင်းတာပါတဲ့။ (မှတ်ချက်။ Genesis စာအုပ်ကို စာရေးသူ မဖတ်ဖူးပါ။ History Channel နဲ့ တခြားလက်လှမ်းမီရာများမှ ဖတ်ရှုထားခြင်း ဖြစ်ပါသည်)

ဘုရားသခင်က ကမ္ဘာကြီးကိုဖန်တီးတဲ့ ခြောက်ရက်မြောက်နေ့မှာ အာဒမ်နဲ့တကွ သက်ရှိအဟိတ်တိရစ္ဆာန်တွေကို ဖန်ဆင်းပါတယ်။ အာဒံက ကျေးငှက်တွေ သားရဲတိရစ္ဆာန်တွေကို နာမည်ပေးလိုက် အဖိုအမတွဲပေးလိုက်နဲ့ အလုပ်ရှုပ်ရသတဲ့။ အဖိုအမတွေရဲ့ ချစ်ခြင်းကို မနာလိုဖြစ်လာတဲ့ အာဒမ်က နောက်ဆုံးကျတော့ အမ-အမချင်းတွဲပေးလိုက်ပြန်ပါတယ်။ (အဲဒီမှာ လိင်တူစတယ်ထင်ပါရဲ့) အာဒမ်ရဲ့တောင်းဆိုချက်နဲ့ ဘုရားသခင်က အာဒမ်အဖော်ရဖို့အတွက် အမျိုးသမီးတစ်ယောက်ကို အာဒမ်ကို ဖန်ဆင်းခဲ့သလို ဖန်ဆင်းပေးပါတယ်။ ဒီနေရာမှာ အာဒမ်ကို ဖန်ဆင်းတုန်းက ဖုန်မှုန့်(Pure Dust)လေးတွေက ဖြစ်ပေမယ့် လီလစ်လို့ခေါ်တဲ့ မိန်းမကို ဖန်ဆင်းတော့ အမှိုက်၊ကျောက်ခဲတွေ ရောပြီးပါပါတယ်တဲ့။ ဘုရားသခင်က ဒီနေရာမှာ မျက်နှာအတော်လိုက်တယ်လို့ ဆိုရမှာပဲ။

ဒါပေမယ့် ဘုရားသခင်လိုချင်သလို အာဒမ်နဲ့ လီလစ်က ကြင်နာယုယတဲ့ အတွဲတွေ ဖြစ်မလာကြပါဘူး။ အမြဲတကျက်ကျက်နဲ့ ရန်ဖြစ်နေကြတယ်။ အဓိက ပြဿနာကတော့ တစ်ဦးနဲ့တစ်ဦး နှီးနှောစပ်ယှက်တဲ့အခါမှာ အာဒမ်က လီလစ်ကို အမြဲတမ်းအောက်မှာပဲ နေစေချင်တယ်။ လီလစ်ကလည်း ငါ.. ဘာလို့နင့်အောက်မှာ နေရမှာလဲ။ နင်လည်း ဖုန်မှုန့်ကဖြစ်တာပဲ။ ငါလည်းဖုန်မှုန့်က ဖြစ်တာပဲ။ ငါတို့က အတူတူ(equal) ပဲဆိုပြီး သူလည်းအပေါ်မှာ နေသင့်တယ်ဆိုပြီး တန်းတူအခွင့်အရေးညှိတယ်။ အာဒမ်က မရမက အကျပ်ကိုင်တဲ့အခါ လီလစ်ကစိတ်ဆိုးပြီး လေထဲကို ပျောက်ကွယ်သွားပြီး အာဒမ်နဲ့ အေဒင်ဥယျာဉ်ကြီးကို ထားခဲ့တာပေါ့။

တစ်ယောက်ထဲ မနေတတ်တဲ့ အာဒမ်က ဒီတခါဘုရားသခင်ကို အပူကပ်ပြန်ရော။ မနေသာတဲ့ ဘုရားသခင်က နတ်သမီး၃ပါးလွှတ်ပြီး ပင်လယ်နီက လီလစ်ကို ပြန်ခေါ်ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် လီလစ်က ပြန်မလာတော့ဘဲ စေတန်နတ်ဆိုးကိုပဲ ယူလိုက်ပြီး တနေ့ကို မကောင်းဆိုးရွား တစ်ရာလောက်မွေးသတဲ့။ တတ်လည်းတတ်နိုင်တဲ့ မိန်းမပဲနော်။ နတ်သမီးတွေက နင်.. အာဒမ်ဆီကို ပြန်ရင်ပြန်၊ မပြန်ရင် ရေထဲနှစ်သတ်ရမယ်ဆိုတော့ လီလစ်က သူအသက်မသေဘဲ နေလို့ရတဲ့ နည်းလမ်းကို နတ်သမီးတွေဆီကတောင်းခံလိုက်တယ်။ နတ်သမီးတွေကလည်း မွေးကင်းစ ကလေးငယ်လေးတွေကို ဖျက်ဆီးနိုင်ရင်ဖျက်ဆီး၊ မဖျက်ဆီးနိုင်ရင်တော့ ကိုယ့်ကိုသတ်သေရမယ်တဲ့လေ။  အာဒမ်ဆီ့ကို မပြန်တော့ ဘုရားသခင်က လီလစ်ရဲ့ သားတွေကို အပြစ်ပေးတဲ့အနေနဲ့ နေ့စဉ်ဖျက်ဆီးပစ်ပြန်ပါတယ်။

လီလစ်ပြန်မလာတော့ ဘုရားသခင်က အာဒမ်အတွက် မိန်းမတစ်ယောက်ဖန်ဆင်းပေးပြန်ပါတယ်။ ဘုရားသခင်က သူ့ရှေ့မှာတင်အမျိုးသမီးကို သွေးသား၊အရည်ပြား၊ ဆံနွယ်တွေ တဖြေးဖြေးပုံသွင်းပြီး ပြပြန်ပါတယ်။ အာဒမ်က အဲဒါကို စိတ်မ၀င်စားတဲ့အပြင် ရွံလာမိတာနဲ့ မအောင်မြင်ပြန်ပါဘူး။ နောက်ဆုံးမှာတော့ ဘုရားသခင်က အာဒမ်အိပ်ပျော်နေတုန်း သူ့ရဲ့နံရိုးတစ်ချောင်းကို ယူပြီး မိန်းမတစ်ဦး ဖန်ဆင်းပြန်တယ်။ အာဒမ်ရဲ့ နံရိုးနဲ့ လူဖြစ်လာတဲ့ မိန်းမက အာဒမ်အလိုကျ လိုက်ကရမယ့် အမျိုးသမီး ဧ၀ပေါ့။ အဲဒီကစပြီး အာဒမ်ဦးဆောင်ရာ ဧ၀က တကောက်ကောက်လိုက်ရပါတော့တယ်။

ဒီအခါမှာ မိန်းမဆိုးအဖြစ် ကျော်ကြားရတာကတော့ လီလစ်ပါပဲ။ လီလစ်ခမျာ သူအသက်ရှင်ဖို့နဲ့ ဘုရားသခင်ဖျက်ဆီးခံရတဲ့ သူ့သားတွေအတွက် ကလဲ့စားချေနိုင်ဖို့အတွက် မွေးကင်းစကလေးတွေကို ဖျက်ဆီးရပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေပေါ့။ အဲဒါကြောင့် ၁၈ရာစုနောက်ပိုင်းအထိ ကလေးတွေမွေးပြီဆိုရင် လီလစ်ကို ပင်လယ်နီမှာ သွားခေါ်တဲ့ နတ်သမီးသုံးပါးရဲ့ နာမည်ပဲဖြစ်ဖြစ် ပုံပဲဖြစ်ဖြစ် ချိတ်ဆွဲထားလို့ရှိရင် လီလစ်က မဖျက်ဆီးနိုင်တော့ဘူးဆိုတဲ့ အယူရှိကြပါတယ်။ တကယ်လို့ ကလေးလေးက ဘယ်သူမှမရှိဘဲ တခစ်ခစ်ရယ်နေလို့ရှိရင် အနားမှာ လီလစ်ရောက်လာပါပြီလို့လည်း အယူရှိကြပါတယ်။ အဲဒါဆိုရင် ကလေးရဲ့ နှာခေါင်းလေးကို လက်ညှိုးလေးနဲ့ အသာထိပေးလိုက်ရင် လီလစ်ပြန်ထွက်သွားပါတော့တယ်။

နောက်ပြီး အမျိုးသားတွေ အိပ်နေတုန်း အိပ်မက်မက်ပြီး သုတ်ရည်လွှတ်တတ်ကြပါတယ်။ ခရစ်ယာန်တွေက အဲဒီလို သုတ်လွှတ်ရင် အပြစ်တခုလို သတ်မှတ်ကြပါတယ်။ တကယ်တော့ အဲဒီအပြစ်ရဲ့နောက်ကွယ်မှာ အကြောင်းတရားရှိပါတယ်။ အဲဒီအကြောင်းတရားကတော့ လီလစ်က အိပ်မက်ထဲမှာ အဲဒီအမျိုးသားနဲ့ ပျော်ပါးပြီး မျိုးဆက်ပွားလို့ဖြစ်ပါတယ်တဲ့။

တကယ်တော့ လီလစ်က မကောင်းဆိုးရွားအဖြစ်ကျော်သာကျော်ကြားသာ တကယ်တမ်း မကောင်းဆိုးရွားက အာဒမ်ပါ။

ဟုတ်တယ်လေ။ အာဒမ်က လိုချင်အားကြီးတယ်။ အရာရာကို သူပဲ ချယ်လှယ်ချင်တယ်။ နောက်ပြီး ဘုရားသခင်ကို သူပဲ အမျိုးမျိုးအပူကပ်တယ်။ လီလစ်လိုမိန်းမမျိုးရတော့လည်း သူပဲ ဗိုလ်ကျချင်တယ်။ လီလစ်က ပစ်ပြေးတော့လည်း သူပဲ မနေတတ်ပြန်။ နောက်ထပ်အမျိုးသမီးတစ်ဦး ဖန်တီးပေးပြန်တော့လည်း လီလစ်လိုမိန်းမမျိုးပဲ ပြန်လိုချင်ပြန်။ သူ့ချည်းပဲ အမျိုးမျိုးဖြစ်နေတော့တာပဲ။ တကယ်တမ်းရလာဒ်ကတော့ မိန်းမတွေမှာ သူ့လိုတန်းတူအခွင့်အရေးမရှိတော့ဘူးပေါ့။ အဲဒါကြောင့်မို့လားမသိ။ ၂၀ရာစုနှောင်းပိုင်းမှာ အမျိုးသမီးတန်းတူအခွင့်အရေး လှုပ်ရှားမှုတွေ ကမ္ဘာတ၀န်းပေါ်ပေါက်လာတော့ လီလစ်လိုမိန်းမတွေ အများကြီး ပေါ်ထွက်လာတယ်။ ဧ၀လိုမိန်းမတွေကတော့ အိမ်မှာ ထမင်းချက်လိုက် ကလေးမွေးလိုက်ပေါ့ဗျာ။


ခရစ်နှစ် ၁၅၀၈-၁၅၁၂ မှာ မိုက်ကယ်အိန်ဂျလို ရေးဆွဲခဲ့တဲ့ Sistine Chapel မျက်နှာကျက်က အာဒမ်နဲ့ ဧ၀ပုံ။ တချို့ကလည်း လီလစ်က မြွေယောင်ဆောင်ပြီး တားမြစ်ထားတဲ့ အသီးကိုစားဖို့ မြူဆွယ်တယ်လို့လည်း ဆိုပါတယ်။ ဒီပုံမှာ ယခုလိုမြွေယောင်ဆောင်ထားပြီး သစ်သီးကို စားဖို့ တိုက်တွန်းနေတဲ့ လီလစ်ကိုတွေ့ရမှာပါ။

အထက်ပါ ပို့စ်သည် ဘာသာရေးကို နောက်ပြောင် ရေးသားခြင်းမဟုတ်ပါ။ စာရေးသူ ဖတ်ရှိရခြင်းကို မျှဝေခြင်းဖြစ်ပါသည်။ 


http://www.gnosis.org/lilith.htm 
http://en.wikipedia.org/wiki/Lilith
http://www.youtube.com/watch?v=uvKztNw5Mbc
http://www.pantheon.org/articles/l/lilith.html