April 26, 2011

ဖုန်းရွှေနဲ့ ဓါတ်ကြီးငါးပါး


တရုတ်ရိုးရာ ဓါတ်ကြီးငါးပါးဟာ ဖုန်းရွှေပညာအတွက် အသက်ဖြစ်သလို လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဇာတာတွက်ရာမှာလည်း အရမ်းကို အရေးပါလှပါတယ်။ အဲဒီဓါတ်ကြီးငါးပါးက အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။    သတ္ထုဓါတ်
၂။    ရေဓါတ်
၃။    သစ်သားဓါတ်
၎။    မီးဓါတ်
၅။    မြေဓါတ်


သူ့သဘောတရားအရ အဲဒီဓါတ်ကြီး ၅ပါးက အချိန်ကာလတစ်ခုအနေနဲ့ ကြည့်လျင် စက္ကန့်ပိုင်းအတွင်းကနေ မိနစ်၊နာရီ၊ ရက်တွေ အထိ အဆင့်အဆင့် ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။ အဲဒီဓါတ်ကြီး၅ပါးထဲမှာမှ ကိုယ်နဲ့ သင့်တင့်လျောက်ပတ်တဲ့ ဓါတ်စိုးမိုးနေတဲ့ အချိန်ကာလရောက်လာတဲ့အခါမှာ  လျက်တပြတ်အတွင်း အကြံကောင်း ဥာဏ်ကောင်းထွက်လာတာတွေ၊ ရုတ်တရက် ကံကောင်းသွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်နဲ့ မတည့်တဲ့ ဓါတ်တပါးပါး ၀င်လာလျင်တော့ ရုတ်တရက် ကံဆိုးတာတွေ၊ တခုခုလုပ်နေရင်းနဲ့ လမ်းစပျောက်သွားတာတွေ၊ သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဓါတ်ကြီးငါးပါးဟာ အရေးကြီးတဲ့ အခန်းမှာ ပါဝင်လာတာဖြစ်ပါတယ်။

လူတစ်ယောက်မှာ အေသွေး ဘီသွေး စသည်ဖြင့် သွေးအမျိုးမျိုးရှိပါတယ်။ အရေးပေါ်အချိန်မှာ ကိုယ့်သွေးဘာသွေးလည်းဆိုတာ ကြိုသိနေရင်ကောင်းသလိုပါပဲ။ မိမိမှာ ဘာဓါတ်ဆိုးမိုးသလဲဆိုတာလည်း တနေ့တာ အရေးကြီးတဲ့ လုပ်ငန်းတွေ လုပ်နေချိန်မှာ ဆောင်ရန် ရှောင်ရန်အတွက် သိထားနိုင်လျင် အကောင်းဆုံးပေါ့။

နောက်ပြီး Cycle of birth (ဓါတ်ကြီးငါးပါးမွေးဖွားမှုသံသရာ)၊ Cycle of Destruction (ဓါတ်ကြီးငါးပါးပျက်စီးမှုသံသရာ) တွေကို နားလည်ထားဖို့ လိုပါတယ်။


Cycle of birth (ဓါတ်ကြီးငါးပါးမွေးဖွားမှုသံသရာ)

သတ္ထုဓါတ်က မြေအောက်မှာ ရှိတဲ့ရေဓါတ်ကို အဟာရဖြစ်စေပါတယ်။
အဟာရပြည့်ဝနေတဲ့ ရေဓါတ်က သစ်သားဓါတ်၊ သစ်ပင်တွေကို စိမ်းလန်းစေပါတယ်။
သစ်သားဓါတ်က မီးဓါတ်ကို အရှိန်ဖြည့်ပေးပါတယ်။
မီးဓါတ်ကြောင့် ပြာဖြစ်သွားတဲ့ သစ်သားတွေက မြေဓါတ်ကို အဟာရဖြစ်စေပြန်ပါတယ်။
အဟာရဖြစ်နေတဲ့ မြေဓါတ်က အချိန်ကြာလာတဲ့အခါမှာ သတ္ထုဓါတ်တွေကို မွေးဖွားလိုက်ပါတယ်။


Cycle of Destruction (ဓါတ်ကြီးငါးပါးပျက်စီးမှုသံသရာ)

ဒီသံသရာမှာတော့ ဓါတ်တွေက တစ်ခုနဲ့တစ်ခု Control လုပ်ချင်လုပ်မလုပ်လျင် တိုက်ခိုက်ကြပါတယ်။
သတ္ထုဓါတ်က သစ်သားဓါတ်ကို ခုတ်ပါတယ်။
သစ်သားဓါတ်က သစ်မြစ်လို မြေဓါတ်ထဲကို ထိုးဝင်တယ်။
မြေဓါတ်က ရေကို စုပ်ယူပါတယ်။
ရေဓါတ်က မီးဓါတ်စွမ်းအားကို ကျစေတယ်။
မီးဓါတ်က သတ္ထုတွေကို အရည်ပျော်စေပါတယ်။


ဘယ်အချိန်မှာ ဘယ်လိုဓါတ်တွေ စိုးမိုးသလဲဆိုတာ တိုက်စစ်ဖို့ Hsia Calendar ရှားပြက္ခဒိန်ကို အသုံးပြုရပါတယ်။ အဲဒီပြက္ခဒိန်မှာ အချိန်ကာလတစ်ခုချင်းစီမှာ ဘာဓါတ်ဆိုးမိုးသလဲဆိုတာ အသေးစိတ်ရေးထားပါတယ်။ (စာဖတ်သူတို့ Hsia Calendar 1928-2048 by Vincent Koh, Asiapac books publish, Singapore Feng Shui centre 2009 ကို ၀ယ်ယူလေ့လာနိုင်ပါတယ်)။ ဒါမှမဟုတ် http://bazi.destinyempire.com/web-bazi/  မှာလည်း ကိုယ့်မွေးသက္ကရာဇ်ကို ရိုက်ထည့်ပြီး စစ်လို့ရပါတယ်။ အလွယ်နည်းပါ။ မွေးသက္ကရာဇ်ရိုက်ထည့်ပြီးလျင် အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။

တရုတ်လို ပ-ဇိစ်ျ Bazi- 4 Pillar of Destiny လို့ခေါ်ပါတယ်။ မွေးချိန်၊ မွေးရက်၊ မွေးလ၊ မွေးနှစ်ဆိုပြီး ရှိပါတယ်။ မွေးရက်ရဲ့ အပေါ်ဆုံးဇယားကို ကောင်းကင်ဘုံနက္ခတ် (Havenly Stam) လို့ခေါ်ပြီး အောက်ကဇယားကို မြေနက္ခတ်(Earthly Stam)လို့ခေါ်ပါတယ်။ ကောင်းကင်ဘုံနက္ခတ်က မွေးရက်မှာ ရှိတဲ့ ဓါတ်ကြီးက မိမိကိုယ်ပိုင်ဓါတ်ပါ။ မိမိကိုယ်ပိုင်ဓါတ်က အားပြည့်မပြည့်ကို မြေနက္ခတ်မှာရှိတဲ့ မွေးလကို ကြည့်ပြီး ပထမဆုံးအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုဆွဲလို့ရပါတယ်။

ဥပမာ.. အထက်ပါ ဇာတာရှင်က(မွေးရက်မှာ) သတ္ထုဓါတ်ပိုင်ရှင်ဖြစ်ပါတယ်။ မွေးလမှာတော့ သစ်သားဓါတ်စိုးမိုးပါတယ်။ cycle of destruction(အဖျက်) အရ၊ သတ္ထုက သစ်သားကို ခုတ်ပါတယ်။ အဲဒီတော့ ဇာတာရှင်ရဲ့ သတ္ထုဓါတ်က (ဇာတာမှာ သစ်သားဓါတ်တွေ အများကြီး) ရှိတဲ့ သစ်သားကို ခုတ်နေရတဲ့အတွက် Weak အားနည်းနေပါတယ်။ သတ္ထုဓါတ်အားပြန်ပြည့်ဖို့ ပထမဆုံး သတ္ထုဓါတ်တွေ လိုပါတယ်။ ဒုတိယအနေနဲ့ သတ္ထုကို မွေးဖွားပေးမယ့် မြေဓါတ်လိုပါတယ်။  အဲဒီလို အားနည်း၊အားသာချက်တွေကြည့်ပြီး ဇာတာရှင်ရဲ့ လိုအပ်တဲ့ ဓါတ်သဘောကို ရရှိပါလိမ့်မယ်။ တခါတလေ မိမိလိုအပ်နေတာက မိမိကို ထောက်ပံ့ပေးနိုင်တဲ့ Cycle of birth (ဓါတ်ကြီးငါးပါးမွေးဖွားမှုသံသရာ)က ဓါတ်ဖြစ်သလို၊ တခါတလေ မိမိရဲ့ ရန်ဘက် Cycle of Destruction (ဓါတ်ကြီးငါးပါးပျက်စီးမှုသံသရာ)က ဓါတ်တစ်ပါးပါး ဖြစ်ပါလိမ့်မယ်။ 

သက်ဆိုင်ရာပို့စ်များ

တရုတ်ရိုးရာ ဖုန်းရွှေပညာ Feng Shui



(အသေးစိတ်ကိုတော့ နောက်ပိုင်းပို့စ်တွေမှာ အချိန်ရသလို ရေးသွားပေးပါ့မယ်)


စာရေးသူသည် ဖုန်းရွှေဝေါဟာရများကို မြန်မာလို ဘယ်လိုခေါ်သလဲဆိုတာ မကြေညက်သေးပါ။ အကယ်၍ စကားလုံးများကို မှားယွင်းစွာ အသုံးချခဲ့လျင် ကွန်မန့်တွင် ပြန်လည်ထောက်ပြပေးရန် မေတ္တာရပ်ခံပါသည်။

April 20, 2011

ဖန်တီးခဲ့မိသောဒီဇိုင်းများ-အပန်းဖြေ Villa များ

ကျွန်တော် လုပ်ခဲ့တဲ့ ပရော့ချက်တစ်ခုပါ။ Conceptual ပိုင်းပဲ လုပ်ခဲ့ရတာပါ။ ပရော့ချက်က ဗီယက်နမ်က အပန်းဖြေဟိုတယ်ပါ။ မြေကွက် ဘယ်လောက်ရှိသလဲဆိုတာ မမှတ်မိတော့ပါဘူး။ ပထမဆုံးလုပ်ရတာက Master Planning ပိုင်းပါ။ Senior architectက Master Planning ကို လုပ်ပါတယ်။ ကျွန်တော်ကတော့ သူလုပ်ပြီးသား Master Plan ပေါ်မှာမှ Villa(အပန်းဖြေဟိုတယ်သီးသန့်လုံးချင်း)လေးတွေ တစ်ခုချင်းစီကို Concept တစ်ခုချင်းစီနဲ့ ဆွဲရပါတယ်။ အဓိကက Villa အမျိုးအစား သုံးမျိုးပါ။ အဲဒီသုံးမျိုးကို Pool Villa, Garden Villa, Jacuzzi Villa ဆိုပြီး Concept သုံးမျိုးခွဲလိုက်ပါတယ်။
 
Pool Villa
Pool Villa ကတော့ အကြီးဆုံးVilla တစ်ခုပါ။ မိသားစု အနည်းဆုံး လေးယောက် အေးအေးဆေးဆေး တည်းခိုနိုင်ပါတယ်။ Villaရဲ့ အဓိက အားသာချက်ကတော့  ရေလက်ပစ်ကူးလို့ရနိုင်တဲ့ Lap poolနဲ့ အေးအေးသက်သာ နားနေနိုင်တဲ့ အပြင်နားနေဆောင်လေး Gazebo တွဲလျက်ပါ။ Pool Villa ရဲ့ တံခါးတွေ အလူမီနီယမ်ဖရိမ်တွေနဲ့ ပြုလုပ်ထား ခေါက်မှန်တံခါးတွေ သုံးထားပါတယ်။ နေ့လည်ပိုင်းအချိန်တွေမှာဆိုရင် အဲဒီတံခါးတွေကို ဘေးဘက်အထိ တွန်းဖွင့်နိုင်ပြီး အခန်းရဲ့ အဖွင့်နှင့် မြင်ကွင်းကို အကျယ်ဆုံးအထိ ရရှိနိုင်မှာဖြစ်ပါတယ်။
 
 
Garden Villa
 
 
Garden Villa ကတော့ အလတ်စား Villa တစ်ခုပါ။ သူ့ရဲ့ ထူးခြားချက်ကတော့ Living room နဲ့ Bedroom ကို ထမင်းစားခန်းကို အလယ်မှာထားပြီး ကန့်ထားပါတယ်။ ထမင်းစားခန်းရဲ့ အမိုးကို မှန်တွေနဲ့ ပြုလုပ်ထားပြီး ကြမ်းခင်းကိုတော့ အပြင်မှာခင်းတဲ့ ကျောက်တွေကို သုံးထားပါတယ်။ အပြင်က ဥယျာဉ်စိုက်ခင်းကို ထမင်းစားခန်းကနေ ပြန်ပြီး သယ်လာတဲ့အခါမှာ အပြင်ဥယျာဉ်က အဆောက်အဦးအတွင်းပိုင်းထိ ရောက်ရှိလာတယ်လို့ ထင်ရပါတယ်။ နောက်ပြီး Pool Villa နဲ့ Jacuzzi Villa လို သီးသန့်လုံခြုံရေးအတွက် ခြံနံရံအမြင့်တွေ ထည့်သွင်းဆောက်ထားခြင်း မရှိပါဘူး။ Master Plan မှာဆိုရင် Garden Villas တွေရှိမယ့်နေရာမှာ လှပတဲ့ ဥယျာဉ်ငယ်လေးအဖြစ် Landscape ပိုင်းပါ ပြုလုပ်ထားပါတယ်။
 
 
Jacuzzi Villa

Jacuzzi Villa ကတော့ အသေးဆုံးပါ။ လူနှစ်ယောက် သက်တောင့်သက်သာနေနိုင်ပြီး ဥယျဉ်သေးသေးလေးရယ် အနားယူအပန်းဖြေဖို့ Jacuzzi တစ်ခုပါပါတယ်။

Villaတွေရဲ့ အမိုးကို Structure အဖွင့်ပုံစံလုပ်ထားပြီး အဓိကနေရာတွေမှာ အမိုးကို ပီပီပြင်ပြင်ထည့်ထားတယ်။ ကျန်တဲ့ နေရာတွေမှာတော့ အမိုးရဲ့ Structure တွေကို အလွတ်သဘောမျိုးထားလိုက်ပါတယ်။
Villa တွေအပြင် ဧည့်သည်တွေ အပန်းဖြေအနားယူပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်နိုင်ဖို့အတွက် Club House လည်းပါဝင်ပါတယ်။  Club House မှာ ဧည့်ခန်းပွဲတွေအတွက် သီးသန့်ခန်းမ၊ နောက်ပြီး Fitness Centre တွေပါထားရှိပါတယ်။ Club Houseရဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေ စိမ်းစိမ်းစိုစိုရှိနေတာကို အရှိအတိုင်း ထိန်းသိမ်းပြီး အဆောက်အဦးတစ်ခုလုံးကို သဘာဝအလင်းရောင်နဲ့ အပြင်မြင်ကွင်းအကျယ်ဆုံးရနိုင်ဖို့အတွက် မှန်တွေအများဆုံး သုံးထားပါတယ်။

April 12, 2011

သခင်ယေရှုရဲ့ မူရင်းမျက်နှာတော် (၃)

 

၂၀၁၀မှာတော့ ကွန်ပြူတာ ဂရပ်ဖစ်အနုပညာရှင်အဖွဲ့က အဲဒီပိတ်စပေါ်မှာ ထင်နေတဲ့ ပုံရိပ်တွေ၊ သွေးစက်တွေကို အခြေခံပြီး သခင်ယေရှုရဲ့ မျက်နှာပုံရိပ်ကို 3D Image အနေနဲ့ သရုပ်ဖော်ခဲ့ကြတယ်။ အဲဒီအကြောင်းကို Documentary အနေနဲ့ History Channel မှာ ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီအဖွဲ့က လိုအပ်တဲ့ အချက်အလက်တွေရဖို့အတွက် သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို လေ့လာခဲ့ကြတယ်။ အဓိကမေးခွန်းကတော့ ခြုံထည်ပေါ်မှာ ထင်ကျန်ရစ်တဲ့ ပုံရိပ်က ဘယ်လိုမျိုးဖြစ်ပေါ်လာသလဲဆိုတာပါပဲ။ အဲဒီလိုဖြစ်ပေါ်နိုင်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီးတော့မှ သခင်ယေရှုရဲ့ မျက်နှာတော်ကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။

 
Diffused Light လို့ခေါ်တဲ့ အလင်းတွေ ဖြာထွက်နည်းပါ။ အဲဒီနည်းနဲ့ အလင်းပြန်မယ်ဆိုရင် ခြုံလွှာပေါ်မှာ ထင်ကျန်ရစ်နေတဲ့ ပုံရိပ်ဟာ အခုလောက်တောင် ပီပီပြင်ပြင်မရှိနိုင်ပါဘူး။
 
 
Direct Light (Spot Light) လို အနေအထားပါ။ အဲဒီအလင်းရောင်နဲ့သာဆိုရင် အလင်းကြောင့်ပုံဟာ စူးခနဲ ဖြစ်သွားနိုင်ပြီး ပုံရိပ်က အဖြူထည် သက်သက်ပဲ ကျန်မှာပါ။
 
အဲဒီအလင်းရောင်က ၂၀ရာစုရောက်မှ သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ Scan ဖတ်သလို အလင်းဖြာနည်းပါ။

ဆယ်နှစ်ကြာလေ့လာမှုရဲ့ နောက်ဆုံးကောက်ချက်ကတော့ အဲဒီပုံရိပ်ဟာ Radiation ဓါတ်ပြုရာမှ ဖြစ်ပေါ်လာနိုင်တဲ့ ပုံရိပ် ဒါမှမဟုတ် အလင်းရောင်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ပုံရိပ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးနဲ့ အလင်းသက်ရောက်သလဲဆိုတာကိုတော့ ဘယ်သူမှ သေချာမသိနိုင်ပါဘူးတဲ့။ အလင်းပြန်ရာမှာ ပုံမှန်အားဖြင့် ၂မျိုးပဲ ရှိပါတယ်။ Diffused Light လို့ခေါ်တဲ့ အလင်းတွေ ဖြာထွက်နည်းပါ။ အဲဒီနည်းနဲ့ အလင်းပြန်မယ်ဆိုရင် ခြုံလွှာပေါ်မှာ ထင်ကျန်ရစ်နေတဲ့ ပုံရိပ်ဟာ အခုလောက်တောင် ပီပီပြင်ပြင်မရှိနိုင်ပါဘူး။ နောက်တမျိုးက Direct Light (Spot Light) လို အနေအထားပါ။ အဲဒီအလင်းရောင်နဲ့သာဆိုရင် အလင်းကြောင့်ပုံဟာ စူးခနဲ ဖြစ်သွားနိုင်ပြီး ပုံရိပ်က အဖြူထည် သက်သက်ပဲ ကျန်မှာပါ။ ဒါကတော့ လက်တွေ့အလင်းဖြာနည်းပေါ့။ နောက်ထပ်မေ့နေတဲ့ အလင်းသက်ရောက်နည်း ရှိပါသေးတယ်။ ဒါပေမယ့် အဲဒီအလင်းရောင်က ၂၀ရာစုရောက်မှ သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ Scan ဖတ်သလို အလင်းဖြာနည်းပါ။ ကျွန်တော်တို့ မိတ္ထူစက်တွေမှာ မိတ္တူကူးရင် လေဆာလိုလို ပေါ်လာတဲ့ နည်းပါ။ အဲဒီနည်းကို သုံးမှသာ ခြုံထည်ပေါ်မှာ ပေါ်နေတဲ့ ပုံရိပ်အတိုင်းရနိုင်မှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်နီးပါးမှာ အဲဒီလို အလင်းသက်ရောက်နည်းဆိုတာ စိတ်ကူးထဲမှာတောင် ရှိခဲ့မှာ မဟုတ်ပါဘူး။

သိပ္ပံနည်းပညာတွေနဲ့ အထပ်ထပ်လေ့လာပြီး ပုံရိပ်ကို သုံးဖက်မြင်အနေအထားရောက်အောင် ကြိုးစားကြပါတယ်။ တကယ်တော့ ခြုံထည်ပေါ်မှာ ပေါ်နေတဲ့ ပုံရိပ်က သိပ်ပြီး Realistic မဖြစ်သေးပါဘူး။ အဲဒါကိုမှ ပုံစံထုတ်ရတာ အရမ်းကို ခက်ခဲနက်နဲတဲ့ အလုပ်ပါပဲ။ နောက်ပြီး သခင်ယေရှုရဲ့ မူရင်းပုံစံ ဘယ်လိုရှိခဲ့သလဲဆိုတာကလည်း ဘယ်လိုအထောက်အထားမှ ရှာလို့ မတွေ့နိုင်ခဲ့တာလည်းပါပါတယ်။

ပုံရိပ်ကို 3D အဖြစ်အထက်ပါပုံလို ပြောင်းလဲလိုက်ပြီးတဲ့အခါမှာတော့ နောက်ထပ်ဆက်လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ အဲဒီပုံရိပ်က သိပ္ပံပညာရဲ့ အကောင်းအဆုံးအနေအထားနဲ့ နောက်ဆုံးရလာဒ်ပါပဲ။ အဲဒီရလာဒ်ကို အခြေခံပြီး ဂရပ်ဖစ်အနုပညာရှင်တွေက အနီးစပ်ဆုံးခန့်မှန်းချက်တွေနဲ့ ပုံရိပ်ကို တည်ဆောက်ကြပါတော့တယ်။

ပထမဆုံးအနေနဲ့ ခြုံလွှာပေါ်မှာထင်ကျန်ရစ်နေတဲ့ သွေးကွက်တွေကို ဖယ်ရှားလိုက်တဲ့အခါမှာ ခန္ဓာကိုယ်ကောက်ကြောင်းက တဖြေးဖြေးပေါ်လာပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး တည်ဆောက်ပြီးတဲ့အခါမှာတော့ မျက်နှာကို အသေးစိတ်ပုံဖော်ပါတယ်။ အသားအရည်အရောင် ဘယ်လိုရှိမလဲ။ ဆံပင် မုတ်ဆိတ်ဘယ်လိုရှိမလဲ။ မျက်ခုံးမွှေးကရော ထူသလားပါသလား။ လေ့လာခန့်မှန်း အသေးစိတ်ရေးဆွဲကြပါတယ်။ ဒါကတော့ သိပ္ပံပညာမပါတဲ့ အနုပညာသက်သက်ဖြစ်သွားပါပြီ။

နောက်ဆုံးမှာတော့ ဂရပ်ဖစ်အနုပညာရှင်တဖွဲ့လုံးက ဘာသာရေးနဲ့ ကမ္ဘာ့သမိုင်းကို ပြောင်းလဲသွားစေခဲ့တဲ့ သခင်ယေရှုရဲ့ပုံကို မကြာခင်မှာပဲ ဖန်တီးရေးဆွဲလို့ ပြီးသွားပါတော့တယ်။ သခင်ယေရှုရဲ့ မျက်နှာတော်ဟာ အများမျှော်မှန်းထားသလို သိမ်မွေ့ကြင်နာတတ်တဲ့ မျက်နှာတော်ပါပဲ။ တကယ်တော့ ခြုံထည်ပေါ်က ပုံရိပ်ဟာ သိပ္ပံပညာတွေ နည်းပညာတွေ သမိုင်းကြောင်းတွေနဲ့ တကယ့်အစစ်ဖြစ်တယ်လို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် သခင်ယေရှုကို သက်ဝင်ယုံကြည်တဲ့ သူတိုင်းအတွက်ကတော့ ဒါဟာအစစ်အမှန်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ယုံကြည်မှုက အဓိကကျနေလို့ပါပဲ။


 ဂရပ်ဖစ်အနုပညာရှင်များ ခန့်မှန်းရေးဆွဲထားသည့် သခင်ယေရှုမျက်နှာတော်ပုံ
 
ဓါတ်ပုံများကို History Channel မှ ရရှိပါတယ်။ အသေးစိတ်သိချင်သူများအတွက် အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။
 
 ဤပို့စ်ပါ အချက်အလက်များသည် စာရေးသူ၏ ဖတ်၊သိသမျှကို မျှဝေခြင်းသာ ဖြစ်သည်။ အချက်အလက်များ မှားယွင်းခြင်း၊ တိုက်ဆိုင်မှုမရှိခြင်းတွေ့ရှိပါက စာရေးသူ၏ လေ့လာအား ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း။



April 4, 2011

သခင်ယေရှုရဲ့ မူရင်းမျက်နှာတော် (၂)



အပိုင်း(၁) ကို ဒီမှာဖတ်ရှုနိုင်ပါသည်။




သိပ္ပံပညာရှင်တွေဟာ သခင်ယေရှုသေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ခန္ဓာကိုယ်ကို ပတ်ရာတွင် အသုံးပြုတဲ့ လင်နမ်ချည်ထည်စကို လေ့လာရာမှာ အချက်သုံးချက်နဲ့လေ့လာခဲ့ပါတယ်။ အရာဝထ္ထုကို ဓါတ်သတ္ထုနဲ့ သမိုင်းဆိုင်ရာအချက်အလက်ကို သုံးပြီး ချဉ်းကပ်နည်း၊ ဆေးပညာနှင့် တရားဥပဒေဆိုင်ရာချဉ်းကပ်နည်း၊ အရာဝတ္ထုမှာပေါ်နေတဲ့ ပုံရိပ်ကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နည်း စသည်ဖြင့် လေ့လာကြပါတယ်။

ပထမဆုံး သိပ္ပံပညာရှင်သုံးတဲ့ အဖြူအမဲ ဓါတ်ပုံတွေပါ။ ၁၉၀၂ခုနှစ်မှာ လေ့လာတွေ့ရှိချက်ကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ ချည်သားပေါ်က ပုံရိပ်ဟာ လူသားတစ်ယောက်ရဲ့ ပုံမှန်ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေအတိုင်း ရှိနေပါတယ်တဲ့။ နောက်ပြီး အဲဒီခန္ဓာကိုယ်ဟာ ရာဇ၀တ်သားတွေ သေဒဏ်ခံရတဲ့ ဒဏ်ရာတွေ၊ နောက်ပြီး သွေးစီးကြောင်းတွေရှိနေတာကြောင့် အဲဒီပိတ်စဟာ သေသူအလောင်းနဲ့ တိုက်ရိုက်ထိတွေ့နိုင်ပါတယ်တဲ့။ ဒါကတော့ ပထမဆုံးလေ့လာတွေ့ရှိချက်ပေါ့။ ၁၉၃၆ကနေ ၁၉၈၁ခုနှစ်အတွင်းမှာလည်း ဆေးပညာရှင်တွေက အဲဒီတွေ့ရှိချက်ကို ထပ်လောင်းအတည်ပြုကြပြန်ပါတယ်။ ဒါပေမယ့် အဲဒီတွေ့ရှိချက်တွေအားလုံးက အဲဒီခြုံထည်ကို သေချာကိုင်တွယ်လေ့လာခဲ့ခြင်းမျိုးမဟုတ်ဘဲ ဓါတ်ပုံတွေကပေးတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။


သိပ္ပံပညာရှင်အုပ်စုတစ်စုဟာ ပထမဆုံးအကြိမ်အနေနဲ့ ၁၉၆၉-၁၉၇၃ကာလမှာ အဲဒီခြုံထည်ကို တိုက်ရိုက်လေ့လာခွင့်ရခဲ့ပါတယ်။ ၁၉၇၃ခုနှစ်မှာတော့ မူရင်းခြုံထည်ရဲ့ အနားစွန်း ပိတ်စလေးကို ဖြတ်ပြီး ဓါတ်ခွဲခန်းမှာ ရေဒီယိုကာဘွန်စနစ်နဲ့ နှစ်တွေကို ပြန်တွက်တဲ့နည်းကို သုံးကာ လေ့လာကြပါတယ်။ ဒါပေမယ့် ရလာတဲ့ အဖြေက အားရစရာ မရှိပါဘူး။ အဲဒီပိတ်စက အလယ်ခေတ် ၁၂၆၀ကနေ ၁၃၆၀ ပတ်ဝန်းကျင်က ရှေးဟောင်းပိတ်စ တခုဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင်တော့ အားလုံးကနှစ်ပေါင်းနှစ်ထောင်နီးပါး ရှိတဲ့ ပိတ်စက တကယ့်လက်တွေ့ကျတော့ နှစ်ပေါင်းခုနှစ်ရာလောက်ပဲ ရှိကြပါလားလို့ မှတ်ချက်ချကြပါတယ်။ တချို့ကတော့ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ ဒီပိတ်စကို မပျက်စီးအောင် ထိန်းသိမ်းပြုပြင်ခဲ့ကြလို့ အခုလို ကာဗွန်တွက်နည်းက ကိုးယိုးကားယား ဖြစ်စေတယ်လို့ ယုံကြည်ကြပြန်ပါတယ်။

နောက်ပြီး ယထာဘူယျကျကျစဉ်းစားမိရင်လည်း ပိတ်စရဲ့ ဒေါင့်စွန်းလေးကိုသာ လေ့လာတဲ့အတွက် မှန်ကန်တဲ့ အချက်အလက်မရနိုင်ဘူးဆိုတာပါပဲ။ ဘာလို့လည်းဆိုတော့ ဆယ်စုနှစ်ပေါင်းများစွာ လူတွေကိုင်တွယ် ဖြန့်ကြည့်တဲ့အခါ ပိတ်စရဲ့ ဒေါင့်စွန်းလေးကိုသာ ကိုင်တဲ့အတွက် ဓါတ်အမျိုးမျိုးပြုပြီး မှန်ကန်တဲ့ ကာဗွန်မှတ်တမ်းကို မပေးနိုင်တာ ဖြစ်နိုင်ချေရှိပြန်ပါတယ်။
၁၉၉၉ခုနှစ်မှာတော့ မက်ခ်ဆိုတဲ့ ပညာရှင်က ခြုံထည်နဲ့ သခင်ယေရှုသေဆုံးချိန်မှာ ခေါင်းကိုဖုံးအုပ်ထားတဲ့ လက်ကိုင်ပုဝါတို့ကို နှိုင်းယှဉ်ကြည့်ပါတယ်။ အဲဒီအ၀တ်စနှစ်ခုစလုံးမှာ တူညီတဲ့ အေဘီသွေးအမျိုးအစားစွန်းထင်းနေတာ တွေ့ရှိရပါတယ်။ နောက်ပြီး ပိတ်စနှစ်ခုမှာ စွန်းထင်းနေတဲ့ သွေးကွက်ရာတွေကလည်း တစ်ခုနဲ့တစ်ခု တူညီပြန်တာ တွေ့ရပါတယ်တဲ့။ အဲဒါကိုကြည့်တာနဲ့ အ၀တ်အစနှစ်ခုဟာ ဦးခေါင်းတစ်ခုတည်းကိုပဲ တချိန်တည်း ဖုံးအုပ်ခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။

နောက်ထပ်လည်း ခြုံထည်ပေါ်က ပုံရိပ်တွေကို အမျိုးမျိုးလေ့လာခဲ့ကြပါတယ်။ အနုပညာရှင်တစ်ဦးဖြစ်တဲ့ လီလီယမ်က ၂၀၀၉ခုနှစ်မှာ ခြုံထည်ပေါ်က မျက်နှာဟာ လီယိုနာဒိုဒါဗန်ချီရဲ့ မိုနာလီဇာပန်းချီကားက အမျိုးသမီးမျက်နှာ အချိုးအစားနဲ့ တိုက်ဆိုင်ကြည့်မယ်ဆိုလျင် အချိုးအစားကြတယ်လို့ ဆိုပြန်ပါတယ်။ ဒါပေမယ့် ၁၉၈၃မှာ ဂျိုးနစ်ကယ်နှင့် ၂၀၁၀မှာ ဂျော်ဂျာရီပေါတို့ကလည်း ထပ်မံလေ့လာပြီး ပုံရိပ်ဟာ ယုတ္တိမတန်ပါဘူးလို့ ကောက်ချက်ချပြန်ပါတယ်။ ဘာလို့ ယုတ္တိမတန်သလဲဆိုတော့ မျက်နှာနဲ့ ခန္ဓာကိုယ်က အချိုးမညီလို့ပါပဲ။ နဖူးပြင်ကအရမ်းသေးပြီး လက်မောင်းတွေက လိုအပ်သည်ထက် ပိုရှည်နေပါတယ်တဲ့။ နောက်ဆုံးမှာတော့ ဂေါ့သစ်အနုပညာရှင်တစ်ယောက်ရဲ့ လက်ရာတစ်ခုသာ ဖြစ်နိုင်ပါတယ်လို့ ကောက်ချက်ဆွဲလိုက်ပါတော့တယ်။ နောက်ပြီး မျက်နှာသွင်ပြင်လက္ခဏာကလည်း လူသားသိပ်မဆန်ပါဘူး။ ဒါပေမယ့် သေချာလေ့လာပြန်ရင်လည်း လူတစ်ယောက်မျက်နှာရဲ့ အနုစိတ်တဲ့ ပုံရိပ်တွေ ထင်နေပြန်ပါသေးတယ်။ အဲဒါ ဘာကြောင့်ဖြစ်နိုင်သလဲဆိုတာကို ဘယ်သူမှ တပ်အပ်မပြောနိုင်ကြပြန်ပါဘူး။

နောက်ထပ်လေ့လာတွေ့ရှိချက်က သေဆုံးသူရဲ့ ခြုံထည်ပေါ်က နာမည်မှတ်တမ်းပါပဲ။ ထိုခြုံထည်ပေါ်မှာ သခင်ယေရှုရဲ့ သေဆုံးတဲ့ မှတ်တမ်းကို တွေ့ရှိရတယ်လို့ ဆိုပြန်ပါတယ်။ ၁၉၇၈မှာ အက္ခရာစာလုံးများကို ပိတ်စပေါ်က မျက်နှာတ၀ိုက်မှာ သုတေသနပညာရှင်တွေက တွေ့ရပါတယ်။ ဂရိ၊လက်တင်၊ရိုမေးနီးယား စတဲ့ ဘာသာသုံးမျိုးနဲ့ရေးသားထားပါတယ်။ သခင်ယေရှုခေတ်က သေဒဏ်ပေးခံရတဲ့သူတွေရဲ့ ရုပ်အလောင်းကို သာမန် ဂူတွေမှာ တစ်နှစ်လောက်ထားပြီးမှ သက်ဆိုင်တဲ့ မိသားစုဝင်တွေစီ ပြန်ပေးပါတယ်။ အဲဒီတော့မှ မိသားစုဝင်အုတ်ဂူတွေမှာ မြှပ်နှံခွင့်ရကြပါတယ်။ အဲဒါကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းမှာ သက်ဆိုင်တဲ့ အမှတ်အသားစာသားတွေ ရေးကြပါတယ်။ သခင်ယေရှုကို လင်နမ်ချည်ထည်စနဲ့ပတ်ပြီး ဦးခေါင်းတ၀ိုက်မှာ ပါပါးရပ်လို့ခေါ်တဲ့ သစ်ရွက် (ပေရွက်လို) မှာ နာမည်ရေးပြီး ကော်နဲ့ကပ်ထားခဲ့ပါတယ်။ ပါပါးရွက်ပေါ်မှာ ရေးတဲ့အခါ ချွန်မျတဲ့ အရာဝတ္ထု (သတ္တုအမျိုးအစား)ကို သုံးပြီး ရေးသားခဲ့တာကြောင့် နှစ်ပေါင်းများစွာကြာတော့ ကော်နဲ့ကပ်ထားတဲ့ ပါပါးရပ်တွေက ဓါတ်အမျိုးမျိုးပြုပြီး အောက်ခံ လင်နမ်ချည်သားထဲကို စိမ့်ဝင်သွားကြတယ်။ အဲဒီစာသားတွေကို ခရစ်တော်သေဆုံးချိန်ကာလမှာ ရေးသားခဲ့တယ်လို့ ပညာရှင်တွေက အတည်ပြုခဲ့ပါတယ်။

အဲဒါဆိုရင် တုရင်ပိတ်စဟာ အလယ်ခေတ်ကာလက ပိတ်စဖြစ်တယ်လို့ ကာဗွန်နည်းအရ သိခဲ့ပေမယ့် သမိုင်းဆိုင်ရာအချက်အလက်တွေ၊ ကိုးကားချက်တွေ၊ သက်ဝင်ယုံကြည်မှုတွေကြောင့် သခင်ယေရှုကို ပတ်ခဲ့တဲ့ အ၀တ်အထည်ဖြစ်နိုင်ခြေရှိကြောင်း အတည်ပြုခဲ့ကြပါတယ်။ (ကာဗွန်နည်းနဲ့ သုံးသပ်ချက် မှန်ကန်တဲ့အဖြေမရနိုင်ကြောင်းကို နောက်ပိုင်းမှာ ကြေညာချက်ထုတ်ခဲ့ပါတယ်)

၂၀၁၀မှာတော့ ကွန်ပြူတာ ဂရပ်ဖစ်အနုပညာရှင်အဖွဲ့က အဲဒီပိတ်စပေါ်မှာ ထင်နေတဲ့ ပုံရိပ်တွေ၊ သွေးစက်တွေကို အခြေခံပြီး သခင်ယေရှုရဲ့ မျက်နှာပုံရိပ်ကို 3D Image အနေနဲ့ သရုပ်ဖော်ခဲ့ကြတယ်။ အဲဒီအကြောင်းကို Documentary အနေနဲ့ History Channel မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သူတို့ရဲ့ကြိုးပမ်းချက်ကြောင့် သခင်ယေရှုရဲ့မျက်နှာတော် ဘယ်လိုရှိနိုင်သလဲဆိုတာကို အနီးစပ်ဆုံးခန့်မှန်းနိုင်ခဲ့ပါတယ်။ 

 ဤပို့စ်ပါ အချက်အလက်များသည် စာရေးသူ၏ ဖတ်၊သိသမျှကို မျှဝေခြင်းသာ ဖြစ်သည်။ အချက်အလက်များ မှားယွင်းခြင်း၊ တိုက်ဆိုင်မှုမရှိခြင်းတွေ့ရှိပါက စာရေးသူ၏ လေ့လာအား ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း။

ဆက်ပါဦးမည်။