March 30, 2011

သခင်ယေရှုရဲ့ မူရင်းမျက်နှာတော်

 Shroud of Turin မှ သခင်ယေရှုရဲ့မျက်နှာတော်


သမိုင်းပညာရှင်တွေ သိပ္ပံပညာရှင်တွေ အကြိမ်ကြိမ်လေ့လာခြင်း ခံရတဲ့ အသုဘခြုံထည် (Shroud of Turin)

တမန်တော် သခင်ယေရှုနဲ့ ပါတ်သက်ပြီး ကိုယ်လက်လှမ်းမှီသလောက်လေး ဖတ်ဘူးပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဘာသာရေးနဲ့ ပါတ်သက်ပြီး ဟိုစပ်စပ်ဒီစပ်စပ် မေးမြန်းရင်းနဲ့ သိလာတာလည်း ပါပါတယ်။ နောက်ပြီး ဥရောပက ယဉ်ကျေးမှုလက်ရာတွေအကြောင်း ဖတ်ရင်လည်း သခင်ယေရှုရဲ့ ပုံတော်တွေက နေရာတိုင်းလိုလိုမှာပဲဆိုတော့ စိတ်ဝင်စားမိတာ အမှန်ပါ။

ဒီတစ်ခါတော့ သခင်ယေရှုရဲ့ မျက်နှာတော်နဲ့ပါတ်သက်ပြီး သူနဲ့ပါတ်သက်တာလေးတွေ ဖတ်မိရင်းက ကိုယ်တွေ့ရသလောက် ဖောက်သည်ချချင်ပါတယ်။ ဒီနေရာမှာ မှားတာလေးတွေပါခဲ့လျှင် အရင်ဆုံးတောင်းပန်ချင်ပါတယ်။ ကိုယ်က ငယ်ငယ်ကတည်းက ခရစ်ယာန်ဘာသာ၊ ကတ်တလစ်ဘာသာတွေနဲ့ နီးနီးကပ်ကပ်မနေခဲ့ဘူးတော့ ကိုယ်မသိတာတွေ အရမ်းများပါတယ်။ ဒီနေရာမှာ ဘာသာရေးထက် သမိုင်းဝင် အသုဘခန္ဓာကိုယ်ပတ်ရာမှာ သုံးတဲ့ ပိတ်စတထည်ကြောင်းကို ပြောပြချင်တာပါ။ ဘာလို့လည်းဆိုတော့ အဲဒီပိတ်စမှာ သခင်ယေရှုရဲ့ မူယင်း မျက်နှာတော်ပုံပေါ်နေတယ်လို့လည်း ပြောကြသလို၊ သူသေဆုံးစဉ်မှာ ပတ်ခဲ့တဲ့ အသုဘခြုံထည်ဖြစ်ကြောင်း ပြောနေကြလို့ပါပဲ။

အဲဒီအ၀တ်စကို တုရင်ခြုံထည်လို့ ခေါ်ပါတယ်။ လင်နမ်ချည်ထည်အမျိုးအစားဖြစ်ပြီး ကားစင်တင်ခံရတဲ့ ဒဏ်ရာဒဏ်ချက်တွေရှိနေတဲ့ ၀တ်လစ်စလစ်လူခန္ဓာကိုယ်အရာတွေ ရှိနေတဲ့ အ၀တ်စတစ်ခုပါ။ ပိတ်စအရှည်က ၄.၄မီတာ အကျယ်က ၁.၁မီတာရှိပါတယ်။ ပိတ်စကို အလယ်ကခေါက်ပြီး ခန္ဓာကိုယ်အရှေ့နဲ့အနောက်ကို ပတ်ထားခဲ့တဲ့အတွက် ပိတ်စတဖက်မှာ လူခန္ဓာကိုယ်အရှေ့ပိုင်း၊ နောက်တဖက်မှာ ကျောဖက်ခြမ်းတွေ ပေါ်နေတာ တွေ့ရပါတယ်။ အီတလီမြောက်ဘက်  စိန့်ဂျွန်းဘုရားကျောင်းမှာရှိတာကို အစွဲပြုပြီး တုရင်ခြုံထည်လို့ ခေါ်တယ်ထင်ပါတယ်။

အဲဒီခြုံထည်ရဲ့ သမိုင်းကို လေ့လာကြည့်လျင် အချိန်အပိုင်းအခြားကို နှစ်ပိုင်းခွဲခြားလို့ရပါတယ်တဲ့။ တစ်ပိုင်းကတော့ အေဒီ၁၉၃၀မတိုင်ခင်ကာလနဲ့ နောက်တစ်ခုက အေဒီ၁၉၃၀နောက်ပိုင်းကာလတွေပါ။

သမိုင်းအစကို ပြန်သွားကြည့်လျင်တော့ အေဒီ ၂၇-၃၆ကာလ၊ ဂျေရုစလင်မြို့မှာ ခရစ်တော်ရဲ့ နောက်လိုက်တော် ပီတာနဲ့ ဂျွန်ဆိုသူတို့က ခရစ်တော်ရဲ့ သချိုင်းဂူကိုလာဂါရ၀ပြုတဲ့အခါမှာ ခရစ်တော်ရဲ့ ကျန်ရစ်ခဲ့တဲ့ခန္ဓာကိုယ်ပျောက်ဆုံးနေပြီး လွှမ်းခြုံထားတဲ့ အသုဘသုံးခြုံထည်သာ ကျန်ရစ်ခဲ့ပါတယ်။ အေဒီ၅၀ခုနှစ်ရောက်တော့ တခြားဘာသာတရားတွေ ပြန်လည်ကြီးစိုးလာခဲ့တဲ့အခါမှာ အဲဒီခြုံထည် လုံခြုံရေးအတွက် Turkey က အီဒတ်စမြို့တံခါးဂိတ်မှာ မြှပ်နှံ ကွယ်ဝှက်ထားခဲ့ကြတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေရာကနေ ၆ရာစုရောက်လာတဲ့အခါမှာတော့ အဲဒီပိတ်စကို မြို့တော်ရဲ့နံရံတွေထဲက ပြန်လည်တွေ့ရှိပြီး ဘုရားကျောင်းတစ်ခုဆောက်ပြီး ပြန်လည် သိမ်းဆည်းလိုက်ပြန်ပါသေးတယ်။

အေဒီ၅၀၀နဲ့ ၅၂၅လောက်က လက်ရေးမူမှတ်တမ်းတစ်ခုတွေ့ရှိခြဲ့ပန်ပါတယ်။ အဲဒီတွေ့ရှိချက်အရ ဂျိုးဇတ်ဆိုသူက ခရစ်တော်ရဲ့သွေးကို ခရစ်တော်ရဲ့ ခန္ဓာကိုယ်ရုပ်အလောင်းမှာ ပတ်ထားတဲ့ အသုဘသုံး လင်နမ်ပိတ်စနဲ့ ခံယူခဲ့တယ်လို့ဆိုပြန်ပါတယ်။ အေဒီ၉၄၄ရောက်တော့ အင်ပါယာရိုမန်နပ်စ်က အီဒတ်စမြို့ကို စစ်တပ်စေလွှတ်ပြီး ကွန်စတန်တီနိုပယ်မြို့(ယခုအီစတန်ဘူမြို့)ကို သယ်ယူလာခိုင်းပါတယ်။  ကွန်စတန်တီနိုပယ်မြို့မှာ ရှိနေတုန်း အဲဒီခြုံထည်ကို ပူဇော်ကန်တော့ခြင်းခံရပါတယ်။ ဒါပေမယ့် ကွန်စတန်တီနိုပယ်မြိုတော် ကျဆုံးပြီး Crusaders တွေက ရတနာတွေနဲ့အတူ ထိုခြုံထည်ကို ယူဆောင်သွားတယ်လို့ သိရပြန်ပါတယ်။ မှတ်တမ်းအရ ဂရိက အေသင်မြို့ကိုရောက်သွားတယ်လို့ ဆိုပြန်ပါတယ်။

အဲဒီခြုံထည် နောက်ဆုံးအကြိမ် လူထုရှေ့ကို ရောက်ခဲ့တာကတော့ ပြင်သစ်က လီရေးမြို့မှာပါ။ လီရေးကနေ အင်္ဂလန်၊ ချန်ဘာရီကို ရောက်သွားပြန်ပါတယ်။ အဲဒီလို နိုင်ငံပေါင်းစုံရောက်နေတဲ့ ခြုံထည်ခမျာ ၁၅၇၈မှာ မီးလောင်ခြင်းခံရပြန်ပါတယ်။ ခြုံထည်ကို ခေါက်ထားတဲ့အတွက် မီးနည်းနည်းခတာခံရပြီး ကံကောင်းထောက်မစွာနဲ့ပဲ အကောင်းနီးပါးကျန်ခဲ့ပါတယ်။ အဲဒီနောက်တော့ ယခုအီတလီက တုရင်မြို့ကို ရောက်ရှိလာပြီး တုရင်ခြုံထည်လို့ အမည်ရလာပါတော့တယ်။


ခြုံထည်ပေါ်က ပုံရိပ်ကို အခုလို အဖြူအမဲ နဂ္ဂတစ်ပေါ်မှာကြည့်မှသာ သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။ ဓါတ်ပုံပညာအရ ဖလင်ပေါ်မှာ မြင်ရတဲ့ ပုံက နဂ္ဂတစ်အမြင်ရှိရမှာဖြစ်ပြီး၊ ဖလင်ဆေးကူးပြီးသား ဓါတ်ပုံက ပေါ့စတစ်ပုံဖြစ်ရမှာပါ။ ဒါပေမယ့် ခြုံထည်မှာ မြင်နေရတဲ့ ပုံက ဆေးမကူးခင်ကတည်းက အံသြဖွယ် ပေါ့စတစ်ပုံရိပ်ရှိနေပါတယ်။ 

မီးထည်ကြောင့်အနည်းငယ်ပျက်စီးခဲ့တဲ့ ခြုံထည်ကို ၁၆၉၄မှာတကြိမ်၊ ၁၈၆၈မှာတကြိမ် ဖာထေးပြုပြင်ခဲ့ကြပါတယ်။ ၁၈၉၈ရောက်တော့ ဓါတ်ပုံဆရာ ဆကန်ဒိုပီယာက ဓါတ်ပုံရိုက် မှတ်တမ်းတင်ရင်း အမှတ်မထင် သခင်ယေရှုမျက်နှာတော်ကို ဓါတ်ပုံနဂ္ဂတစ်မှာ တွေ့ရှိခဲ့ပါတယ်။ နဂ္ဂတစ်မှာထင်နေတဲ့ ပုံက ဓါတ်ပုံဆေးကူပြီးသားပုံလို ထင်ထင်ရှားရှားပေါ်နေခဲ့ပါတယ်။ သူ့ရဲ့တွေ့ရှိမှုက ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်တဲ့ သူတိုင်းကို အံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။ ၁၉၃၁မှာတကြိမ်၊ ၁၉၇၈မှာတကြိမ် ခေတ်မီနည်းပညာတွေနဲ့ ဓါတ်ပုံရိုက်ကူးခဲ့ပြန်ပါသေးတယ်။

ဓါတ်ပုံထဲကလူရိပ်မှာ မုတ်ဆိတ်မွှေးထူထူ၊ နှုတ်ခမ်းမွှေးထူထူ၊ ပုခုံးအထိရှည်တဲ့ ဆံပင်အရှည်ရှိပြီး ခန္ဓာကိုယ်ကြံကြံခိုင်ခိုင် သန်သန်မာမာပုံစံပါ။ အရပ်က ငါးပေခုနှစ်လက်မခန့် ရှိပါတယ်။ ပိတ်စပေါ်က ခန္ဓာကိုယ်အရိပ်ဟာ တော်ရုံတန်ရုံ မျက်လုံးမျိုးနဲ့ မမြင်ရပါဘူး။ အဖြူအမဲ ဖလင်နဂ္ဂတစ်ပေါ်မှာ ကြည့်မှသာ ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။

ပိတ်စပေါ်မှာ ထင်နေတဲ့ သခင်ယေရှုရဲ့ ပုံတော်က တကယ်အစစ်ဟုတ်မဟုတ် သမိုင်းပညာရှင်တွေရော၊ သိပ္ပံပညာရှင်တွေရော စိတ်ဝင်စားပြီး အမျိုးမျိုးသုတေသန ပြုကြပါတယ်။ ရှေးဟောင်းမှတ်တမ်းတွေထဲမှာလည်း ဘုန်းတော်ကြီးတပါးက ရေးဆွဲခဲ့တဲ့ အရုပ်လို့လည်း တွေ့ရှိရပြန်ပါတယ်။ အဲဒါကြောင့် ခြုံထည်ထင်နေတဲ့ ပုံတော်ဟာ နဂိုမူရင်း ပုံလား၊ တစ်စုံတစ်ယောက်ဖန်တီးခဲ့တဲ့ အနုပညာလားဆိုတာ ထောင့်ပေါင်းစုံက လေ့လာကြပါတော့တယ်။
ဤပို့စ်ပါအချက်အလက်များကို History Channel: The Real Face of Jesus? နှင့် www.wikimedia.com မှ ကောက်နှုတ်ဖော်ပြပါသည်။ ဘာသာရေးနှင့် ဆက်နွယ်ချင်းမပြုဘဲ အဖြေရခက်သည့် ရှေးဟောင်းလက်ရာတစ်ခုအနေဖြင့် မျှဝေလေ့လာနိုင်ပါစေလို့ ဆန္ဒပြုပါသည်။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် ဆက်ပါဦးမည်။  

အပိုင်း(၂)
အပိုင်း(၃)


March 21, 2011

ဘ၀ကိုအားမလျှော့တဲ့ ဖက်ရှင်ဒီဇိုင်နာ မွန်ဒို Mondo Guerra

ကြည့်ခဲ့တာ နည်းနည်းကြာပါပြီ။ အမေရိကန်က Project Runway လို့ခေါ်တဲ့ ဖက်ရှင်ပြိုင်ပွဲတစ်ခုဖြစ်တဲ့  TV Reality Show တစ်ခုပါ။ နှစ်တိုင်း အဲဒီဖက်ရှင်ပြိုင်ပွဲကို TVမှာလာလျှင် ကြည့်ဖြစ်ပါတယ်။ပြိုင်ပွဲလုပ်လာတာ အခုဆိုလျှင် Season 8 (ရှစ်နှစ်) ရှိပါပြီ။ ဒီနှစ်မှာတော့ ထူးခြားတာလေးတွေ ပါသလို ပြိုင်ပွဲဝင်တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘ၀အတွေ့အကြုံ ခံစားချက်လေးတွေပါပါတယ်။

ပြိုင်ပွဲကို ၂၀၀၆ခုနှစ်မှာ စခဲ့ပြီး ပြိုင်ပွဲရဲ့ နေရာကတော့ နာမည်ကျော် နယူးယော့ခ်စီးတီးမှာပါ။ ပြိုင်ပွဲကို လက်ရွေးစင် ၁၂ယောက်နဲ့ စပါတယ်။ အပတ်စဉ်တိုင်းမှာ ခေါင်းစဉ်တစ်ခုချင်းစီရှိပြီး အဲဒီခေါင်းစဉ်နဲ့ ပါတ်သက်တဲ့ ဖက်ရှင်ဒီဇိုင်းကို ဖန်တီးရပါတယ်။ ပြိုင်ပွဲခေါင်းစဉ်တခုစီအောက်မှာ  အမှတ်အနည်းဆုံးရတဲ့ သူတစ်ယောက်ချင်းစီကို တပတ်ချင်းစီမှာ ဖြုတ်ပစ်ပါတယ်။ နောက်ဆုံး အကောင်းဆုံးသုံးယောက်ကျန်တဲ့ အထိပါ။ နောက်ဆုံးသုံးယောက်က Newyork Fashion Week ကျရောက်လာတဲ့ အချိန်မှာ Bryant Park မှာ ဖက်ရှင်ရှိုးလုပ်ပြီး ပြိုင်ရပါတယ်။(ကမ္ဘာမှာ အဓိကနာမည်အကြီးဆုံး ဖက်ရှင်ပြပွဲကို Fashion week လို့ခေါ်ပါတယ်။ တစ်နှစ်မှာ လေးကြိမ်ကျင်းပပြီး တစ်ကြိမ်စီကို နယူးရော့ခ်၊ပဲရစ်၊လန်ဒန်၊ မီလန် စတဲ့မြို့ကြီးတွေမှာပဲ ကျင်းပလေ့ရှိပါတယ်။)  အကောင်းဆုံးဆုရတဲ့သူက အမေရိကန်ဒေါ်လာ တစ်သိန်း (မြန်မာကျပ်ငွေ သိန်းတစ်ထောင်နီးပါး)အပြင် ကမ္ဘာကျော် ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Marie Claire Magazine မှာ သီးသန့်ဒီဇိုင်းဖော်ပြချင်းခံရပါတယ်။ နောက်ပြီး Bluefly.com မှာလည်း ဒီဇိုင်းတွေကို ရောင်းချခွင့်ရပါတယ်။ ဆုတွေက တကယ့်ကို ထိုက်တန်တော့ အဲဒီပြိုင်ပွဲက ဖက်ရှင်ဒီဇိုင်နာတိုင်းရဲ့ အိပ်မက်ပေါ့။ နောက်ပြီး တီဗွီမှာလည်း အပတ်စဉ် (နှစ်လ)နီးပါးလောက် ပြိုင်ပွဲကို ပြနေတော့ အလိုလိုနေရင်း လူသိလာတာပေါ့လေ။

အခု ဒီနှစ် Season 8 မှာတော့ အရမ်းကို ထူးခြားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပါလာတယ်။ သူ့နာမည်က မွန်ဒို Mondo Guerra ပါ။ သူကတော့ မက္ကဆီကိုလူမျိုးနဲ့ အမေရိကန်လူမျိုးတို့ စပ်ထားတာပါ။ သူ့ပုံစံကို ကြည့်လိုက်လျှင် ခေါင်းလေးက ကြီးနေပြီး ခန္ဓာကိုယ်က သေးနေတော့ ကာတွန်းရုပ်ကလေးနဲ့ တူပါတယ်။ ပြိုင်ပွဲစ၀င်ကာစမှာ ဘယ်သူနဲ့မှ သူစကားသိပ်မပြောပါဘူး။ သူ့ဒီဇိုင်းကိုပဲ အဓိက အာရုံထားပါတယ်။ အပတ်တိုင်းမှာလည်း သူ့လက်ရာတွေက တိုးတက်လာပါတယ်။ ဒီဇိုင်နာတွေအားလုံးထဲ သူ့လက်ရာတွေက အရမ်းကို သိသာထူးခြားလာပါတယ်။ အထူးသဖြင့် သူ့ရဲ့ ခပ်တောက်တောက်အရောင်တွေ ဆေးဆိုးပန်းရိုက်ပိတ်စဒီဇိုင်းတွေကြောင့်ပါ။

မွန်ဒိုလို့ ပြောလိုက်ရင် ပထမဆုံးပြေးမြင်မိတာက အရောင်ပါ။ သူ့အရောင်တွေက ခရမ်းရောင်တွေ ပန်းရောင်တွေ။ တကယ့်ကို မျက်စိထဲမှာ စူးခနဲ ဖြစ်သွားမယ့် အရောင်မျိုးတွေပါ။ ထူးခြားတာက သူ့အရောင်တွေကို ကြည့်လိုက်ရင် ပျော်ရွှင်တက်ကြွတဲ့ ခံစားမှုတွေ ပေးနိုင်တာပါပဲ။ နောက်ပြီး အရောင်တစ်ခုနဲ့ တစ်ခုကို ဆက်စပ်လိုက်တဲ့ အချိန်မှာ မျက်စိကြိမ်းစေမယ့် အရောင်တွေက မျက်စိထဲမှာ အတော့်ကို ကြည့်ကောင်းတဲ့ အရောင်တွေ ဖြစ်သွားကြပါတယ်။

ပြိုင်ပွဲမှာ တခါတလေ ၀တ်ပြီးသား သတို့သမီးအရံတွေရဲ့ ဂါဝန်တွေကို ဖက်ရှင်ကျကျ ထသွားထလာဝတ်ရတဲ့ အကျီင်္တွေ ဖြစ်အောင် ပြင်ချုပ်ရပါတယ်။ တခါတလေ အမေရိကန်သမ္မတကတော် ဂျက်ကလင်းကနေဒီရဲ့ အားကစားဝတ်စုံတွေကို နမူနာကြည့်ပြီး ဒီဇိုင်းဆွဲရတဲ့ အခါမျိုးတွေလည်း ရှိပါတယ်။

အပတ်စဉ်၁၀ရောက်တဲ့ ပြိုင်ပွဲက မွန်ဒိုကို စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်စေတဲ့ ပြိုင်ပွဲတစ်ခုဆိုလျှင်လည်း မမှားပါဘူး။ ပြိုင်ပွဲနာမည်က There’s a pattern hereပါတဲ့။ ဒီဇိုင်နာတွေက သူလိုချင်တဲ့ အရောင်တွေ အစင်းတွေကို ရှာပြီး ချုပ်ကြပါတယ်။ ဒါပေမယ့် အခုဒီပြိုင်ပွဲမှာတော့ သူတို့လိုချင်တဲ့ အရောင်တွေအကွက်တွေကို ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးရပါတယ်။ အဲဒီလိုဖန်တီးဖို့ Inspiration လုပ်ဖို့အတွက် ပြိုင်ပွဲကျင်းပတဲ့ သူတွေက သူတို့နဲ့ သက်ဆိုင်တဲ့ မိသားစုဝင်တွေ ချစ်သူရည်းစားတွေကို ဖိတ်ခေါ်လိုက်ပါတယ်။ ပြိုင်ပွဲဝင်တွေက သူတို့ဘ၀နဲ့ အရင်းနှီးဆုံးသူတွေနဲ့ တနေ့တာလျှောက်လည်ခွင့် ပေးလိုက်ပြီး သူတို့ငယ်စဉ်ကလေးဘ၀၊ ဒါမှမဟုတ်မိသားစု ပုံရိပ်တွေ ထင်ဟပ်နေတဲ့ ပိတ်စဒီဇိုင်းကို ဆွဲရမှာပါ။
မွန်ဒိုရဲ့ အမေက မွန်ဒိုဆီကိုရောက်လာပြီး တနေ့တာ လည်ပတ်ကြပါတယ်။ မွန်ဒို အဲဒီပြိုင်ပွဲအတွက် ဘာဆွဲမလဲ။ အပတ်စဉ် ၁၀ရောက်လာတဲ့ အချိန်မှာ ဒီဇိုင်နာ စုစုပေါင်း ၇ယောက်ပဲ ကျန်ပါတော့တယ်။ စုစုပေါင်း ၁၃ယောက်နဲ့ စခဲ့တာ၊ ၆ယောက်က ပြုတ်သွားပါပြီ။ ကျန်ခဲ့တဲ့ လက်ရွေးစင်တွေကလည်း တကယ့်အတော်တွေချည်းပဲ ဆိုတော့ မွန်ဒို အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်ပွဲပါပဲ။

နောက်တော့ မွန်ဒိုက သူ့ထုံးစံအတိုင်းအတိုင်း ခပ်တောက်တောက်ခရမ်းရောင်ကို အ၀ါရောင်ဘောင်လေးတွေ ခတ်ထားတဲ့ အပေါင်းလက္ခဏာလေးတွေနဲ့ ပိတ်စဒီဇိုင်းကို ဆွဲပါတယ်။ အဲဒီအပေါင်းလက္ခဏာလေးတွေက သူ့ဘ၀ရဲ့ သင်္ကေတပါပဲ။ သူ့ရဲ့ဒီဇိုင်းကို မော်ဒယ်လ်က၀တ်ပြီး Runwayပေါ်တင်လိုက်တဲ့အခါ အမှတ်ပေးတဲ့ ဒိုင်လူကြီးတွေရော ပြိုင်ပွဲဝင်တွေကပါ ချီးကျူးကြပါတယ်။ ပြိုင်ပွဲဝင်အားလုံးက ပိတ်စဒီဇိုင်းရဲ့ နောက်ခံဇာတ်လမ်းလေးတွေကို ရှင်းပြကြပေမယ့် မွန်ဒို ကတော့ ပထမတော့ ခပ်ဆိတ်ဆိတ်ပဲ နေပါတယ်။ ဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့ Marie Claire fashion director Nina Gacia နီနာဂါဆီယာက ဒီလိုလှပတဲ့ ပိတ်စနောက်ကွယ်က သူ့ရဲ့ဇာတ်လမ်းကို သိနိုင်လျှင်ကောင်းမှာပဲလို့ ပြောပါတယ်။


နောက်ဆုံးမှာတော့ မွန်ဒိုက သူ့ရဲ့အကြောင်းကို ပြောပြပါတယ်။ ပိတ်စပေါ်က အပေါင်းလက္ခဏာလေးတွေက HIV Positive Sign ပါ။ အသက်၂၂နှစ်အရွယ်မှာ မွန်ဒို ခမျာ HIVရောဂါရခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာ ရောဂါရှိနေတဲ့ အကြောင်းကို ဘယ်သူ့ကိုမျှ မပြောခဲ့ပါဘူး။ သူ့အမေကိုတောင် ဖွင့်မပြောဘဲ လျှို့ဝှက်ထားခဲ့တာ အခုဆိုလျှင် ၁၀နှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့် သူ့ဘ၀ကို သူစိတ်ဓါတ်မကျပါဘူး။ သူ့စိတ်ထဲမှာ တင်းကျပ်မှုတွေ ရှိနေပေမယ့် သူ့ဘ၀ကို ပျော်ရွှင်စွာနဲ့ပဲ အကောင်းမြင်ပါတယ်။ အဲဒါကြောင့်မို့လို့ သူ့ရဲ့ပိတ်စဒီဇိုင်းလေးနဲ့ အကျီင်္ဒီဇိုင်းလေးတွေဟာ ပျော်ရွှင်စရာလေးတွေပဲ ဖြစ်နေကြတယ်။

တကယ်တော့ HIVဖြစ်တာနဲ့ လူတွေက သေရမယ်လို့ ထင်ကြပါတယ်။ HIVရောဂါဆိုတာ အသက်ရှင်မှုရဲ့ ဟိုဘက် တစ်ဖက်ကမ်းကို ကူးဖို့အတွက်လက်မှတ်တစ်ခုပါပဲ။ ဒါပေမယ့် ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းမယ် ကျန်းမာရေးလိုက်စားမယ်ဆိုလျှင် အဲဒီလက်မှတ်ဆိုတာ ကင်ဆာသမားတွေ ဆီးချိုသမားတွေလောက်တောင် အသုံးမကျတော့ပါဘူး။ အခုဆိုလျှင် မွန်ဒိုကိုပဲကြည့်။ ကျန်းမာပျော်ရွှင်စွာနဲ့ သူ့ဘ၀ကို သူ့တက်နဲ့ လှော်နေတုန်းပါပဲ။


အပတ်စဉ်၁၀ပြိုင်ပွဲမှာ မွန်ဒိုချုပ်လုပ်ထားတဲ့ ဒီဇိုင်းပါ။ အထူးခြားဆုံးက ခရမ်းရောင် ဘောင်းဘီရှည်ပါပဲ။ အနက်ရောင် အပေါင်းလက္ခဏာလေးတွေမှာ အ၀ါရောင်ကွပ်ထားတဲ့ ပိတ်စဒီဇိုင်းက မွန်ဒို့ဒီဇိုင်းပါ။ ဘလောက်အကျီင်္နဲ့ ကုတ်အကျီင်္ပိတ်စတွေက အပြင်က ထပ်မံအားဖြည့်ထားတာပါ။
နောက်ဆုံးပြိုင်ပွဲမှာတော့ မွန်ဒိုရယ်၊ ပြိုင်ပွဲဝင်ကောင်မလေးတစ်ယောက်ပဲ ကျန်ပါတယ်။ မွန်ဒိုရဲ့ ဒီဇိုင်းတွေကလှပေမယ့် ခေတ်ပေါ်ဖက်ရှင်နဲ့ ဈေးကွက်ဝင်ဒီဇိုင်းတစ်ခုအနေနဲ့ သူ့ရဲ့ ပြိုင်ဘက်ကို မကျော်နိုင်ခဲ့ပါဘူး။ အားလုံးက မွန်ဒိုပဲ ရနိုင်တယ်လို့ ထင်ကြပေမယ့်၊ ဒုတိယနေရာနဲ့ပဲ မွန်ဒိုခမျာ နှစ်သိမ့်ခဲ့ရပါတယ်။ ပြိုင်ပွဲပြီးသွားတဲ့အခါမှာတော့ အနိုင်ရကောင်မလေးထက်စာရင် မွန်ဒိုနာမည်က ပိုထင်ပေါ်လာပါတယ်။  နောက်ထပ်လည်း သတ္တိရှိမှု၊ တီထွင်နိုင်မှုတွေကြောင့် သည့်ထက်ပိုပြီး ကျော်ကြားဦးမှာပါ။ အဲဒီပြိုင်ပွဲလေးက မွန်ဒိုကိုကြည့်ပြီး HIV ခံစားနေတဲ့သူတွေအားလုံး သတ္တိရှိပါ။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပါ။ မိမိခံယူချက်နဲ့ စိတ်ဝင်စားမှုတွေအတွက် ဘ၀ကို အရှုံးမပေးတဲ့သူတွေ ဖြစ်နိုင်ပါစေလို့ ဆုတောင်းရင်း ကိုယ်သိသလောက် လက်ဆင့်ကမ်းလိုက်ပါတယ်။ 
  
 အကဲဖြတ်ဒိုင်လူကြီးတွေ
နောက်ဆုံးပြိုင်ပွဲမှာတွေ့ရတဲ့ မွန်ဒို
မွန်ဒိုရဲ့ ပြိုင်ပွဲဝင်လက်ရာများ
 
 
 
 
 
 

March 6, 2011

ဖန်တီးခဲ့မိသောဒီဇိုင်းများ(၂)


 ပြီးခဲ့တဲ့လက ကျွန်တော် ဆွဲခဲ့တဲ့ ဒီဇိုင်းလေးနဲ့ ပါတ်သက်တဲ့ အဆက်ပါ။

ပြီးခဲ့တဲ့ဒီဇိုင်းက လက်ရာက အာရှမှာ အများဆုံးတွေ့ရတဲ့ Tropical Modern House ဒီဇိုင်းလို့ပြောလို့ရမှာပါ။ Surbanaမှာတုန်းက အဲဒီဒီဇိုင်းကို ရေးဆွဲပြီး ဆောက်လုပ်မယ့် အိမ်ရှင်ကို ပြခဲ့ပါတယ်။ အိမ်ရှင်ကလည်း တော်တော် သဘောကျပါပဲ။ ဒါပေမယ့် ပြဿနာက ဆောက်လုပ်ရမယ့်အချိန်နဲ့ အသေးစိတ် Detail ပြဿနာပါ။ သစ်သားတွေနဲ့ ဆောက်လုပ်ထားတဲ့ အိမ်က လွယ်မလိုလိုနဲ့ ပညာခန်းပြရပါတယ်။ Interior Designer ပဲ ဖြစ်ဖြစ် ဗိသုကာပညာရှင်ပဲ ဖြစ်ဖြစ် ဒီဇိုင်းကောင်းကောင်းထွက်ဖို့ Detail ကောင်းကောင်းနိုင်ဖို့လိုပါတယ်။

ဒီလိုနဲ့ပဲ နည်းနည်းသက်သာမယ်ထင်တဲ့ ဒီဇိုင်းဘက်ကို လှည့်ဖြစ်ပါတယ်။ အဲဒါကတော့ အခုခေတ်စားနေတဲ့ Shape and Form ပေါ်မှာပဲ မူတည်တဲ့ ဒီဇိုင်းပါ။

ကျွန်တော့်Boss က Plan (space planning)ကို မပြောင်းဘဲ Elevationကိုပဲ ပြောင်းပြီး ဒီဇိုင်း ပြန်ဆွဲပါတယ်။ ပြောရရင်တော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မပြောင်းဘဲ မျက်နှာကို ပလတ်စတစ် ဆာဂျရီသုံးပြီး ပြောင်းလိုက်သလိုပဲ။ တခါတလေ ဒီဇိုင်းဆိုတာ ပျော့ပျောင်းမှု၊ လိုအပ်ရင် အသွင်ပြောင်းနိုင်မှု ရှိရတယ်။ ဒါပေမယ့် မူရင်း အခြေခံတွေ မပျောက်ဖို့လိုပါတယ်။ မူရင်းအခြေခံပျောက်ရင် ဒီဇိုင်းပါ ကိုးယိုးကားယား ဖြစ်သွားတတ်ပါတယ်။ ဒီဒီဇိုင်းမှာတော့ Space Planning နဲ့ Life Styleကို အဓိက ထားပြီး အိမ်ရဲ့ အကျီင်္ကို ပြောင်းဝတ်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဒီဒီဇိုင်းကို သုံးဖြစ်ပါတယ်။

ဒီဇိုင်းတွေကို Sketch up မှာဆွဲပါတယ်။ Sketch up က ဒီဇိုင်နာတွေအတွက် လွယ်ကူတဲ့ ဒီဇိုင်းSoftware တစ်ခုပါ။ Sketch up model ကို Artlantis Studio Rendering software သုံးပြီး render လုပ်ထားပါတယ်။ Artlantis က လွယ်ကူတဲ့ Software တစ်ခုပါ။ Sketch up model ကို သုံးပြီ3းDmax တို့မှာလည်း Render လုပ်လို့ရပါတယ်။

 



အိမ်ရဲ့ရှေ့ဘက်ကနေ ပင်မဧည့်သည်ခန်းကို မြင်ရပုံ။

 ပင်မှ ဧည့်ခန်းဆောင်ဝင်ပေါက်။ ဧည့်ခန်းက အပြင်ကနေကြည့်လျှင် နှစ်ထပ်လို့ ထင်ရပေမယ့် တကယ်တော့ တစ်ထပ်တည်းပါပဲ။ အတွင်းဘက် အမြင့်ကတော့ နှစ်ထပ်နီးပါးရှိပါတယ်။

အနောက်ဘက်ကို မျက်နှာမူထားတဲ့ ပင်မဧည့်ခန်းပါ။ ဒီဘက်ကနေ ကြည့်လျှင်တော့ ဧည့်ခန်းအပေါ်ဘက်မှာ စာကြည့်ခန်းရှိပါတယ်။ အောက်ဘက်မှာတော့ ငါးကန်ပါ။ 

ဒါကတော့ စာကြည့်ခန်းပါ။ စာကြည့်ခန်းကနေလှမ်းကြည့်ရင် ဂေါက်ကွင်းကို မြင်ရပါတယ်။နောက်ပြီး ပင်မဧည့်ခန်းဆောင်ကိုပါ စီးကြည့်လို့ရပါတယ်။





ဒါကတော့ မိသားစုတွေအတွက် သီးသန့်ဝင်ပေါက်ပါ။ ရှေ့ကို ငေါထွက်နေတဲ့ နံရံက ပင်မဧည့်သည်ဆောင်တွေနဲ့ သီးခြားလေးဖြစ်စေပါတယ်။ နောက်ပြီး လှေကားထစ်လေးတွေရဲ့ အထောက်အပံ့လည်းဖြစ်ပါတယ်။ အောက်ခြေမှာ ဘာမှထောက်ထားတာ မရှိတဲ့ အတွက် လှေကားထစ်လေးတွေက လေမှာဝဲနေသလို ဖြစ်အောင်ပါ။

 အိမ်ရဲ့နောက်ကျောပါ။ ဘယ်ဘက်မှာ လက်ဖက်ရည်ဆောင်နဲ့ အောက်ခြေက ဧည့်သည်အခန်းပါ။ အလယ်မှာ ငါးကန်ရှိပြီး။ ညာဘက်မှာတော့ မိသားစုအိပ်ခန်းတွေပါ။ အောက်ဘက်မှာတော့ မီးဖိုချောင်ပေါ့။ အခန်းအားလုံးက ဂေါက်ကွင်းကို မျက်နှာမူထားပါတယ်။



နှစ်ထပ်မြင့်တဲ့ မိသားစုအိပ်ခန်းတွေပါ။ 

 အပေါ်ထပ် စာကြည့်တိုက်ရှိတဲ့ အထပ်ပါ။ ဒီအခန်းလေးကတော့ မိသားစုဝင်တွေပဲ ဖြစ်ဖြစ်၊ ဧည့်သည်တွေပဲ ဖြစ်ဖြစ် စုစုစည်းစည်း အပမ်းဖြေတဲ့ နေရာပါ။

 အပေါ်ထပ်မှာ ရှိတဲ့ ဥယျာဉ်လေးပါ။


ဂေါက်ကွင်းကနေ မြင်ရတဲ့ အိမ်ပုံစံပါ။

 ကျွန်တော်တို့ ဒီဇိုင်းဆွဲပြီးရင် မော်ဒယ်လေးတွေ လုပ်ရပါတယ်။ ဒီမော်ဒယ်လ်က စက္ကူတွေနဲ့ လုပ်ထားပါ။ မော်ဒယ်လ်ကောင်းကောင်းက ကိုယ့်ရဲ့ Presentation ကို အများကြီး အထောက်အကူပြုပါတယ်။