December 11, 2011

ရန်ကုန်ကိုချစ်လျှင်......

မြန်မာနိုင်ငံက တိုးတက်ဖို့လမ်းကို တဖြည်းဖြည်းတက်လှမ်းလာနေပါပြီလို့ ယူဆလို့ရနေပါပြီ။ အခုလို အချိန်အခါမျိုးမှာ နိုင်ငံရေး စီးပွားရေးတိုးတက်လာမှုတွေနှင့်အတူ လူနေမှုအဆင့်အတန်းကလည်း မလွှဲမသွေ တိုးတက်ပြောင်းလဲလာပေလိမ့်မည်။ ထိုအခါ မြို့ပြရုပ်လက္ခဏာများနှင့်အတူ ခေတ်မီလူနေတိုက်တာ အဆောက်အဦးများ၊ ရှော့ပင်းမောများ၊ နိုင်ငံတကာရင်းနှီးမြှပ်နှံမှု အဆောက်အဦးရုံးခန်းများ စသည်ဖြင့် အဆောက်အဦး အသစ်များ လှိုင်လှိုင်ပေါများလာ ဖို့သေချာပါသည်။ အချက်အချာကျသော ကိုလိုနီခေတ်၊ လွတ်လပ်ရေးဦးပိုင်းခေတ်များတွင် ဆောက်လုပ်ခဲ့သော ရန်ကုန်မြို့လည်ကောင်မှ လူနေတိုက်တာအဆောက်အဦးများခမျာ ထိုအဆောက်အဦး လိုအပ်ချက်များအတွက် မျက်ခုံးလှုပ်နေတာအမှန်ပင်။ ယခုလောလောဆယ်ပင် ဘေးအန္တရယ်ရှိသော အဆောက်အဦးများအဖြစ် သက်မှတ်ပြီး အဆောက်အဦးအဟောင်းများကို ဖြိုပြီး ဆူလွယ်နက်လွယ်၊ အမြန်ပြီးလျှင် ပြီးရော၊ အိမ်ထောင်စုများများ တင်နိုင်မည့် အချိုးအစားမကျသော ကန်ထရိုက်တိုက်များက အစားထိုးလာကြတာကို စိတ်မကောင်းဖွယ် တွေ့ရပါသည်။
ကိုလိုနီခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးရပြီးခေတ် အဆောက်အဦးများသည် သူ့ခေတ်သူ့အခါက သူ့စံနှုန်းဖြင့် ကိုက်ညီသော ဒီဇိုင်းများဖြင့် ဆောက်လုပ်ခဲ့သည်။ အဆောက်အဦးအဖွင့်ကကျဉ်းပြီး အတွင်းပိုင်းက ရှည်လျားသည်။ လိုအပ်သည့် လေကောင်းလေသန့်နှင့် အလင်းရောင်ရရှိရန်အတွက် အတွင်းမျက်နှာကျက်အမြင့်ကို ခပ်မြင့်မြင့်ယူထားပြီး ပြတင်းပေါက်ကို အပြည့်ယူထားပေးသည်။ အဆောက်အဦးတခုချင်းစီအတွက် သုံးလွှာ လေးလွှာပင် ဖြစ်သော်ငြားလည်း ယခုခေတ်ကွန်ထရိုက်တိုက်များနှင့် ယှဉ်လျှင် ၆လွှာအမြင့်ခန့်ရှိသည်။ ကန်ထရိုက်များက ယခင်သုံးလွှာသာရှိသည့် အဆောက်အဦးကို ဖြိုပြီး ၅လွှာ ၆လွှာခန့်ရှိသည့် တိုက်ခန်းများကို ဆောက်လာကြသည်။ ပြဿနာက အသစ်ဆောက်လုပ်သည့် အဆောက်အဦး၏ မျက်နှာကျက် (ceiling hight) သည် အရပ်၆ပေကျော်သည့် လူများအတွက် အရမ်းနိမ့်နေသဖြင့် မသက်မသာနေရမည့် သဘောမျိုးကဲ့သို့ ဖြစ်နေသည်။ ထိုအခါ နေထိုင်သူ မိသားစုဝင်များအတွက် လုံလောက်သည့် အလင်းရောင်နှင့် လေကောင်းလေသန့်ကို မရနိုင်သောကြောင့် ရေရှည်မှာ ကျန်းမာရေးချို့တဲ့လာနိုင်သည်။

ဗိသုကာ ရှုထောင့်မှ ကြည့်လျှင်လည်း City Line လို့ခေါ်ရမည့် တိုက်တာအဆောက်အဦးများ၏ အမြင့်အနေအထားသည်လည်း ပုံမှန်မရှိသောကြောင့် မြို့အင်္ဂါအလှအပကို ထိခိုက်နိုင်ပေသည်။ နောက်ထပ် ဆုံးရှုံးမှုကတော့ တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံတော်၏ ဆုံးရှုံးမှုပင်ဖြစ်သည်။ ဥပမာ လှပသောကျေးတောသူလုံမပျိုလေးကို မြို့ကြီးသူဆန်ဆန်ဖြစ်အောင် ပြုပြင်မွမ်းမံပေးသကဲ့သို့ပင်။ ထိုလုံမပျိုလေးသည် ကျေးတောသူလေးအဖြစ်လည်း လှပသည်။ မြို့ကြီးသူအဖြစ်လည်း လှပသည်။  မြို့ကြီးသူအဖြစ်ပို၍ လှချင်လှနေပေဦးမည်။ ဒါပေမယ့် မြို့ကြီးသူအဖြစ်လှနေသော  သူမသည် ကျေးတောသူလေးအဖြစ် လှပစဉ်က ရှိခဲ့သော မူလမျိုးရိုး ဇာတိဂုဏ်များက ရှိနိုင်တော့မည် မဟုတ်ပါ။ ထိုကဲ့သို့ မော်ဒန်ကျပြီး ခေတ်မီသော မြို့ကြီးများဖြစ်သည့် ဟောင်ကောင်လိုမြို့တော်ပင် “မျက်နှာမရှိသောမြို့တော်”ဟု တင်စား ခေါ်ဝေါ်ခဲ့ကြလေသည်။ နေထိုင်စရာအကောင်းဆုံး ကမ္ဘာ့မြို့တော်များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Top 10 ထဲဝင်ခဲ့သည်။ ဘန်ကောက်မြို့တော်တွင် ခေတ်မီတိုက်တာ အဆောက်အဦးများသာမက ယဉ်ကျေးမှုလက်ရာရနံ့သင်းသော အဆောက်အဦးများစွာ ရှိနေသောကြောင့်ပင် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဟိုတယ်များ၊ Interior Design များ လေ့လာကြည့်မည်ဆိုပါက ထိုင်းလက်ရာ ယဉ်ကျေးမှုများ လှပစွာ စီးဝင်နေသည်ကို အံ့မခန်း တွေ့ရမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ ထင်ရှားသော မြို့ကြီးတိုင်းသည် နှစ်ပေါင်းရာချီကြာနေပြီဖြစ်သော ရှေးဟောင်းလူနေတိုက်တာ အဆောက်အဦးများကို မက်မက်မောမော ခင်တွယ်နေထိုင်နေတုန်းပင်။ လန်ဒန်၊ နယူးယော့ခ်၊ပဲရစ်စသော မြို့ကြီးများတွင် နှစ်ပေါင်းသုံးလေးရာလောက်က ဆောက်လုပ်ခဲ့သော အဆောက်အဦးများတွင် အသုံးပြုနေထိုင်ကြဆဲပင်။ ထိုမြို့များတွင် မိုးမျှော်တိုက်ကြီးများ အပြိုင်အဆိုင်ဆောက်လုပ်နေကြဆဲ ဖြစ်သော်ငြားလည်း နဂိုမူရင်း ရှေးဟောင်းအဆောက်အဦး ခပ်နိမ့်နိမ့်များ၏ အလှအပကိုလည်း မပျက်အောင် ထည့်သွင်း စဉ်းစားပြီး ဆောက်လုပ်ခဲ့ကြသည်။

မြန်မာနှင့်အနီးဆုံးဖြစ်သည့် စကာင်္ပူနိုင်ငံကိုကြည့်ပါ။ သူ၏သမိုင်းသည် တိုသည်။ နှစ်ပေါင်းရာချီကြာသည့် ရှေးဟောင်းအဆောက်အဦးမျိုး စကာင်္ပူနိုင်ငံတွင်မရှိခဲ့။ သို့ရာတွင် သူတို့နိုင်ငံတိုးတက်မှုသမိုင်းအတွက် အရေးပါသော စစ်ကြိုခေတ်၊ စစ်ပြီးခေတ် လူနေဆိုင်ခန်းများက စကာင်္ပူ၏အချက်အချာကျသော နေရာများတွင် အများအပြား ကျန်ခဲ့သည်။ ထိုအဆောက်အဦးများကို (Shophouse) လို့ခေါ်ကျသည်။ တနည်းအားဖြင့် ရန်ကုန်နှင့် ယှဉ်လျှင် ဆူးလေတ၀ိုက်၊ လသာလမ်းတ၀ိုက်လို နေရာမျိုးများပင် ဖြစ်သည်။ ရန်ကုန်ကအဆောက်အဦးများသည် ပို၍ကြီးမားခမ်းနားသည်ဟု ဆိုလျှင်ရနိုင်သည်။ စကာင်္ပူမှ လူနေဆိုင်ခန်းများက နှစ်ထပ်သုံးထပ်ပင်ရှိသည်။ ဆောက်လုပ်ထားသည့်နေရာများကလည်း Tanjong Pager လို့ခေါ်သည့် စီးပွားရေးအချက်အချာကျသောနေရာများ၊ China Town လို့ခေါ်သည့် တရုတ်တန်းနေရာမျိုး၊ Little India လို့ခေါ်သည့် အိန္ဒိယများနေထိုင်သည့် နေရာမျိုး၊ မြန်မာပြည်၏၀င်ဒါမီယာလို ပိုက်ဆံရှိလူတန်းစားများနေထိုင်သည့် Katong/East Coast လိုနေရာမျိုးများစသည်ဖြင့် အဓိကအချက်အချာကျသည့်နေရာမျိုးများသည်။ စကာင်္ပူလိုမြေရှားသည့် နိုင်ငံအတွက် ထိုShophouse များကို ဖြိုပြီး မိုးမျှော်တိုက်ကြီးအစားထိုး တည်ဆောက်လိုက်လျှင် စကာင်္ပူရဲ့ မြေရှားသည့်ပြဿနာကို အလွယ်တကူ ဖြေရှင်းလိုက်နိုင်မည့်အပြင် အကျိုးအမြတ်အများကြီး ရရှိသွားနိုင်ပေမည်။ သို့ရာတွင် စကာင်္ပူအစိုးရသည် ထိုကဲ့သို့ အလွယ်လမ်းကို မလိုက်ဘဲ ရှေ့ရေးမျှော်တွေးပြီး ထိုလူနေဆိုင်ခန်းအဆောက်အဦးများကို ပြုပြင်ထိန်းသိန်းခဲ့သည်။ အချို့အဆောက်အဦးများကို လူနေတိုက်ခန်းများအဖြစ်ထားရှိပြီး တချို့အဆောက်အဦးများကို စီးပွားရေးဆိုင်ရာ၊ သင်ကြားရေးဆိုင်ရာ အဆောက်အဦးများအဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။ ယခုအခါတွင် ထိုအဆောက်အဦး ဒေါ်လာသန်းပေါင်းများစွာ တန်နေပြီဖြစ်သည်။ ထိုအဆောက်အဦးများတွင် ငှားရမ်းနေထိုင်မည်ဆိုပါက တစ်လကို စကာင်္ပူဒေါ်လာ တစ်သောင်းနီးပါးခန့် ပေးနေရပြီဖြစ်သည်။

စကာင်္ပူအစိုးရသည် Raffle Library ကို နိုင်ငံတော်အမျိုးသားပြတိုက်ကဲ့သို့လည်းကောင်း၊ တရားရုံးချုပ်ရုံးကို မော်ဒန်အနုပညာပြတိုက်အဖြစ်လည်းကောင်း ပြောင်းလဲခဲ့သည်။ St Jame လို့ခေါ်သည် မီးသတ်ရုံးအဆောက်အဦးကြီးကိုလည်း လူငယ်များ ကခုန်အပန်းဖြေစရာ Night Club အဖြစ်ပြောင်းလဲခဲ့သည်။ ထိုမျှသာမက စကာင်္ပူမြစ်တလျှောက်ရှိ ကုန်တင်ကုန်ချရာ ဂိုထောင်တ၀က် Shophouse တ၀က်များကိုလည်း ဘားများ၊ စားသောက်ဆိုင်များအဖြစ် အသွင်ပြောင်းခဲ့သည်။ Bugis မှာရှိသည့် Shophouseများကိုလည်း တစုတစည်းတည်း ရှော့ပင်းစင်တာအဖြစ် ပြောင်းလဲခဲ့သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှမှာ တန်ဖိုးကြီးမားသည့် ဗိသုကာလက်ရာများ အများအပြားရှိနေဆဲပင်ဖြစ်သည်။ သို့ရာတွင် ထိုဗိသုကာလက်ရာများကို နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချသင့်သလဲဆိုတာတော့ မှန်မှန်ကန်ကန် သိမြင်ဖို့ လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တတ်နိုင်သလောက် တတ်ကျွမ်းနားလည်သည့် ပညာရှင်များဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်ကာ ရေရှည်စီမံကိန်းဖြင့် ထိန်းသိမ်းစောင့်ရှောက်သင့်ပါသည်။

လူနေတိုက်ခန်း (Shophouse) 

Tanjong Pager, Blair Road နားက လူနေဆိုင်ခန်းတွေပါ။ ယခင်က Pernankan ကုန်သည်လူမျိုးများ နေထိုင်ခဲ့သည့် လမ်းကလေးဖြစ်သည်။ ပြည်မကြီးမှ တရုတ်လူမျိုးများလာရောက် အခြေချသည့်အခါ East Coast/ Katong ဘက်သို့ ပြောင်းရွှေ့သွားခဲ့သည်။


Blair Road မှ Shophouse အတွင်းပိုင်းတွေပါ။ အပြင်မျက်နှာစာကို မူယင်းအတိုင်း ထိန်းသိမ်းပြီး အတွင်းပိုင်းတွေကို ဒီဇိုင်နာနှင့် အိမ်ရှင် စိတ်တိုင်းကျ ပြုပြင်ထားတဲ့ပုံပါ။ အခုလိုပြုပြင်ဖို့အတွက်ကတော့ ကုန်ကျငွေက အတော်ကြီးမားပါတယ်။


Blair Road ရဲ့ နောက်ဖေးလမ်းပါ။ နောက်ဖေးဘက်ကိုတော့ ခေတ်မီတဲ့ အသွင်အပြင်ယူထားပါတယ်။ အရှေ့မျက်နှာစာလို မူရင်းလက်ရာကို ထိန်းသိမ်းထားခြင်းမရှိပါဘူး။
ဒီShophouse တွေမှာ လူနေတိုက်ခန်းတွေအပြင် ကုမ္ပဏီရုံ့းခန်းတွေအဖြစ် ပြောင်းလဲ ဖွင့်ထားတာ တွေ့ရပါတယ်။
အထက်ပါပုံက လူသွားစင်္ကြန်လေးပါ။ Office နေရာတွေ ဖြစ်ပေမယ့် လူနေရပ်ကွက်လေးလို ချစ်စရာလေး ဖြစ်နေတာ တွေ့ရမှာပါ။

ဒီအဆောက်အဦးကိုတော့ ဒီဇိုင်းကျောင်းသေးသေးလေး အဖြစ် ပုံစံပြောင်းထားတာ တွေ့ရမှာပါ။ စကာင်္ပူမှာ Shophouse တော်တော်များများကို အခုလို ပုဂ္ဂလိက ကျောင်းလေးတွေအဖြစ် အသွင်ပြောင်းထားတာ အများကြီးပါ။

 ဒီအဆောက်အဦးကတော့ Peranakan ရိုးရာစားသောက်ဖွယ်ရာတွေ ရောင်းတဲ့ စားသောက်ဆိုင်ပါ။

 


ဒီလမ်းလေးမှာတော့ ပြတိုက်တွေ ဒီဇိုင်းနှင့် ပါတ်သက်တဲ့ ရုံးခန်း ပြခန်းတွေ။ ကမ္ဘာပေါ်မှာ ဈေးကြီးပေ့ဆိုတဲ့ ပရိဘောဂတွေ ပြသထားတဲ့ ဆိုင်ခန်းတွေ ရှိပါတယ်။







Tanjong Pager လမ်းပေါ်က Shophouse လေးတွေပါ။ ဒီလမ်းလေးမှာတော့ မင်္ဂလာဆောင် သတို့သမီးဝတ်စုံငှားတဲ့နေရာတွေ၊ မင်္ဂလာဆောင်အကျိုးတော်ဆောင်တွေ၊ ဓါတ်ပုံတိုက်တွေ အများကြီး ရှိပါတယ်။ မင်္ဂလာဆောင်စုံတွဲတွေ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။








အထက်က ပုံလေးတွေကတော့ Shophouse လေးတွေကို မတူညီတဲ့ အသုံးချပုံလေးတွေပါ။ စားသောက်သေးသေးလေးတွေ၊ ဘားကလပ်တွေ၊ ဖက်ရှင်ဆိုင်သေးသေးလေးတွေ တွေ့ရမှာပါ။

Haji Lane-Designer Street



 စကာင်္ပူရဲ့ နာမည်ကျော် Haji Lane ပါ။ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ သူတွေကတော့ ကောင်းကောင်း သိမှာပါ။
ဒီလမ်းကလေးမှာ ပြည်တွင်းဖြစ် ဒီဇိုင်းနာတွေရဲ့ ဖက်ရှင် အသစ်အဆန်းလေးများကို ဆိုင်ဖွင့်ပြီး ရောင်းချထားတာ တွေ့ပါတယ်။ ရန်ကုန်မှာဆို ၂၈လမ်း လမ်း၃၀လိုပေါ့။ မြန်မာပြည်မှာ ဖက်ရှင်ဒီဇိုင်းနာတွေအတွက် သီးသန့်နေရာ မရှိသေးပါဘူး။

Bugis





စကာင်္ပူရောက်တဲ့ မြန်မာတိုင်း သွားလည်ဖြစ်တဲ့ Bugis ပါ။ အရင်တုန်းက Shophouse လေးတွေကို တွဲလျှက်၊ အပေါ်ကနေ ခတ်သစ်မှန်ခုံးနဲ့ တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ထားပြီး ဖက်ရှင်ဆိုင်တွေ စားသောက်ဆိုင်တွေ ဖွင့်ထားပါတယ်။ ရှေးလက်ရာလည်း မပျက်သလို ခေတ်သစ် Shopping Mall တစ်ခုဖြစ်အောင်လည်း အသွင်ပြောင်းထားနိုင်ပါတယ်။

Fullerton Hotel



Fullerton Hotel ပါ။ ယခင်က စာတိုက်ကြီးပါ။ နောက်တော့ ဟိုတယ်အဖြစ် ပြောင်းလဲထားတာပါ။ ရန်ကုန်မြစ်ကမ်းဘေးမှာ အစိုးရရုံးဟောင်းတွေ ရှိပါတယ်။ ခန့်ညားလှပပါတယ်။ အဲဒီရုံးဟောင်းတွေကို ဟိုတယ်အဖြစ် ပြောင်းနိုင်ရင်တော့ ကောင်းပါတယ်။ (အတွင်းဝန်ရုံးကို ဟိုတယ်အဖြစ် ပြောင်းမယ့်အစားပေါ့)

Scarlet Botique Hotel



  

အထက်ပါပုံကတော့  Scarlet Botique Hotel ပါ။ ပုံစံတူ Shophouse အတွဲလိုက်တွေကို ယူပြီး ဟိုတယ်အဖြစ် ပြောင်းလဲထားပါတယ်။ Standard Room တောင်မှ စလုံးငွေ ၃၅၀ လောက် ပေးရပါတယ်။ ဆူးလေတ၀ိုက်မှာ အဲဒီလို အဆောက်အဦးအဟောင်းတွေ ကျန်ကောင်း ကျန်ပါလိမ့်မယ်။ အထူးသဖြင့် ရုပ်ရှင်ရုံတွေနားပေါ့။ ဟိုတယ်အဖြစ် ပြောင်းလဲနိုင်လျှင် Traders ထက်တောင် ဈေးကောင်းကောင်းရနိုင်ပါတယ်။


 

အထက်ပါ ပုံများကလည်း ဈေးကြီးကြီးပေးရတဲ့ ဟိုတယ်တွေပါတယ်။ ဟိုတယ်တွေရဲ့ သက်တမ်းက ဒုတိယကမ္ဘာစစ်နောက်ပိုင်းလို့ ထင်ပါတယ်။

St Jame Power Station


St James Power Station လို့ခေါ်တဲ့ Night Clubပါ။ အရင်တုန်းကတော့ မီးသတ်ရုံးပါ။ အထဲမှာ စုစုပေါင်းကလပ် ၄ခုရှိပါတယ်။ ကလပ်တစ်ခုချင်းစီမှာ မတူညီတဲ့ သီချင်းတွေ တီးလုံးတွေဖြင့် မြူးမြူးကြွကြွ ဖွင့်ထားပါတယ်။

Clarke Quay

























 စကာင်္ပူရဲ့ နာမည်ကြီး Clarke Quayပါ။ စကာင်္ပူမြစ်နံဘေးမှာ ရှိပြီး အရင်တုန်းက ကုန်သိုလှောင်ရာ ဂိုဒေါင်တွေပေါ့။ အခုတော့ ဘားတွေ ကလပ်တွေနဲ့ အတော့်ကို စည်ကားနေပါပြီ။ အဆောက်အဦးတစ်ခုနှင့်တစ်ခုကြားမှ ခေတ်ပေါ်မှန်အမိုးတွေနှင့် မိုးထားလိုက်တော့ နေပူမိုးရွာ၊ လုံလုံခြုံခြုံ ကခုန်နိုင်ကြတာပေါ့။

Singapore Mueums










 

Singapore National Museum ပါ။ အရင်တုန်းက Raffle Library ပေါ့။ Main Building က ကိုလိုနီခေတ် အဆောက်အဦးဖြစ်ပြီး တိုးချဲ့အဆောက်အဦးက ခေတ်သစ်လက်ရာပါ။ ခေတ်ဟောင်းနဲ့ ခေတ်သစ်လက်ရာကို တစ်ခုနှင့်တစ်ခု ထူးကဲမှုမရှိအောင် အဆင်ပြေပြေ အချိုးကျကျနှင့် တွဲထားခြင်း ဖြစ်ပါတယ်။


 
 ၁၉၂၀ မှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးပါ။ အခုတော့ Design Museum အဖြစ်ပြောင်းလဲထားပါတယ်။ အဲဒီမှာ ထူးခြားဆန်းပြားတဲ့ ဒီဇိုင်းလက်ရာလေးတွေ ခင်းကျင်းပြသ ရောင်းချထားပါတယ်။ နောက်ပြီး Architecture, Interior Design နဲ့ ကုမ္ပဏီလေးတွေလည်း ဖွင့်ထားပါတယ်။

အောက်ဖော်ပြထားတဲ့ ရန်ကုန်မြို့လယ်က ပုံလေးတွေပါ။ အပေါ်က စကာင်္ပူက ပုံလေးတွေနှိုင်းယှဉ်ပြီး ရန်ကုန်ကလည်း စကာင်္ပူနီးပါးလှနိုင်ပါတယ်။ အစိုးရအနေနှင့် ရန်ကုန်မြို့လယ်က တိုက်အို တိုက်ဟောင်းတွေ ဖျက်တာကိုရပ်တန့်ပေးသင့်ပါတယ်။ အဆောက်အဦးဟောင်းတွေမှာ မနေသင့်လို့ ပြောင်းရမည် ဆိုပါကလည်း တန်ဖိုးညီမျှသင့်တော်သည့် နေရာတစ်ခုကို စီစဉ်ပေးသင့်ပါတယ်။ နောက်ပြီး အဆောက်အဦးများကို ဖျက်နေမည့်အစား စကာင်္ပူကဲ့သို့ ဟိုတယ်အဖြစ်၊ စားသောက်ဆိုင်အဖြစ်၊ ပြတိုက်တွေ အဖြစ် ပြောင်းလဲပေးသင့်ပါတယ်။











19 ယောက်ကဒီလိုမြင်တယ်တဲ့...:

ကြယ်စင်အလင်း said...

အကိုရေ.. အရမ်းကိုအဓိပ္ပါယ်ရှိတဲ့၊ ပို့စ်တခုပါပဲ။
ကျွန်တော်လဲ အဲလိုတွေးကြည့်ဖူးတယ်။
မြန်မာပြည်က သက်ဆိုင်တဲ့လူတွေ ဖတ်ခွင့်ရရင်
ပိုပြီးတော့ ကောင်းမယ်။ အနဲနဲ့အများတော့ သူတို့စိတ်ကူးထဲရောက်သွားနိုင်တယ်။ တကယ်လုပ်ရင်
စင်ကာပူထက် ပိုတောင်ကောင်းနိုင်ပါတယ်။

:P said...

very nice post...

Anonymous said...

Very good post, the Authorites should get to read this post.

တောင်ငူသား said...

ရန်ကုန်ကို စင်္ကာပူလို ဖြစ်အောင် လုပ်ချင်နေတဲ့ သမ္မတကြီးကို ဖတ်ခိုင်းခွင့်ရှိရင် ကောင်းမယ်။ ဘာပဲပြောပြော နည်းလမ်းတွေထဲက တစ်ခု စဉ်းစားနိုင်တာပေါ့။

sosegado said...

ကောင်းတာတွေ အကုန်အတုယူ စရာပါပဲ၊
တစ်နေ့တော့ဖြစ်လာမှာပါ။

SaiSaiOK said...

Great post with definite purpose! Bravo.

Eric Phyosakee said...

အရမ်းကောင်းတဲ့ Post တစ်ခုပါ... ကိုကိုပိုင်..။

စာဖတ်နေရင်းနဲ့တောင် စိတ်ကူးယဉ်မိသွားတယ်..။

ဒါပေမယ့်..
အဲလိုဖြစ်မယ့်နေ့တွေ မှီမယ်တောင်မထင်ဘူး..။

ဖြစ်လာရင်တောင် အကောင်းဆုံးပေါ့။

:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရတာ တန်ဖိုးရှိသလို
အကျိုးလဲရှိပါတယ်.
စာရေးသူရဲ့ စိတ်ကူးအတိုင်းသာ ဖြစ်လာရင် သိပ်ကောင်းမှာဘဲ။
နှိုင်းယှဉ်ပြထားတာလေးသဘောကျမိတယ်။
ဟောင်းလေ တန်ဖိုးရှိလေ ဆိုတဲ့စကားကို လက်တွေ့အသုံးချတတ်ရင် တန်ဖိုးတကယ်ရှိလာမှာနော်။ ဒီပိုစ့်လေးကို သက်ဆိုင်သူများ ဖတ်စေချင်မိပါတယ်။

Anonymous said...

Paw daw mu mg mg paing !
Coming back with invaluable post.Send the post to local media in MM pls.
BTW...Does Su still miss train?..:P
If so i will send complaint letter to minister of transportation.Toooooo busy?Take your time.
GD

သက်ပိုင်သူ said...

စု ရထားမမှီတာ မဟုတ်ပါဘူး.. Subway လိုင်းအသစ်ကို စောင့်နေတာ။း)

johnmoeeain said...

အတွေးလေးက ကောင်းလိုက်တာ...။
နောက် အရေးလည်းကောင်းတော့... အတိုင်းထက်အလွန်ပဲပေါ့နော် :)...။
Great Post ကိုသက်ပိုင်သူ...။

Anonymous said...

Ok..Paw daw Mu Lay...I've to study to construct subway myself.....}}}}
Gyidaw

Anonymous said...

သိပ်ကိုတန်ဖိုးရှိတဲ့ ပို့ စ်ပါ။
အဲ့ဒီ့လို လုပ်နိုင်ရင် ရန်ကုန်က တော်တော်ကို တန်ဖိုးရှိပြီး လှသွားမယ်နော်။ တန်ဖိုးဆိုတာကလည်း တန်ဖိုးထားတတ်တဲ့ သူတွေဘဲ သိတာကိုး။ အသိပညာဥာဏ်နဲ့ တွေးခေါ်မြော်မြင်မှု့ လည်း လိုသေးတာဘဲ။
အစိုးရ လူကြီးမင်းများ ဖတ်မိစေချင်ပါတယ်။

Dream said...

တော်တော် ရှာရှာဖွေဖွေ စုစည်း
တင်ဆက်ထားတာပဲ။ လေးစားတယ် :)

The Queen said...

Such a great post !

Shinlay said...

ရှာဖွေတင်ပြပေးတာကျေးဇူးတင်ပါတယ်။

Anonymous said...

HAPPY HOLIDAY.....SLEEPING BEAUTY PAING.
GYIDAW

အင်ကြင်းသန့် said...

သိပ်ကောင်းတဲ့ပိုစ့်လေးမို့လို့ ပြန်လည် မျှဝေပါရစေ....ကျေးဇူးပါ။

မိုးခါး said...

ဖဘမှာ ရှယ်လိုက်တယ် .. လူများများဖတ်လေ ပိုကျယ်ပြန့်လေဆိုတော့လေ .. ရန်ကုန်ကို သစ်သစ်လွင်လွင်နဲ့ ပြန်လည်နိုးထလာစေချင်ပြီ ..း))
မဝေးတော့တဲ့နေ့များဆီး)