ဘာဖြစ်လို့ Interior Designer ဖြစ်ချင်ရတာလဲလို့ ကိုယ့်ကိုယ်ကို ခဏခဏမေးမိတယ်။ မေးလိုက်တိုင်း တိကျတဲ့ အဖြေတစ်ခု ဘယ်တော့မှ မရခဲ့ပါဘူး။ တယောက်ယောက်က လာမေးလျှင်တော့ Interior Designer ဖြစ်ချင်တာ Interior Designer ဖြစ်ချင်လို့ပဲလို့ ဘုသက်သက် ဖြေမိမလားမသိဘူး။ တခါတလေ ကိုယ့်ကိုယ်ကို ဘာလို့များ ဒီဇိုင်နာတစ်ယောက် ဖြစ်ချင်တာလဲလို့ အပြစ်တင်မိပြန်သေးတယ်။ ဟုတ်တယ်… ခဏခဏပဲ။ ဒီလိုင်းရွေးမိတာ မှားမိလေချင်းလို့လည်း ခဏခဏ တ မိပြန်သေးတယ်။ ဒါပေမယ့် နောက်ပြန်ဆုတ်ဖို့တော့ စိတ်မကူးမိဘူး။
တချို့တွေက Interior Designer ဆို သိပ်အထင်ကြီးကြတယ်။ ဒါပေမယ့် သူတို့တွေရဲ့ဘ၀ ဘယ်လိုလဲဆိုတာ ဘယ်သူမှသေချာ မသိကြဘူး။ ပုံလေးဆွဲလိုက် 3Dပုံလေးတွေ ထုတ်လိုက်နဲ့ သူတို့တွေ သိပ်ဟန်ကျတာပဲလို့ထင်တယ်။ ဒီဇိုင်းမထွက်မချင်း အိပ်ရေးပျက်ခဲ့တဲ့ ညတွေ ဘယ်လောက်ရှိခဲ့သလဲဆိုတာ မသိကြပါဘူး။ နောက်ပြီး ဘယ်သူမှ ဒီဇိုင်နာရဲ့ ခေါင်းထဲကို ၀င်မကြည့်ကြဘူး။ သူတို့ဝင်ကြည့်ရင်လည်း ရှုပ်ပွနေတဲ့ ၀ါယာတွေ ကိန်းဂဏန်းတွေပဲ တွေ့ကြမှာပါ။ နောက်ပြီး ညစ်ကျယ်ကျယ်နိုင်တဲ့ သူတို့တွေရဲ့ သရုပ်တွေလည်း ပါမှာပေါ့လေ။
Interior Designer ဖြစ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါပဲ။ ကျွန်တော်လည်း Interior Designerအဖြစ် အလုပ်လုပ်နေတာ လေးနှစ်ရှိတော့မယ်။ အခုထက်ထိ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဒီဇိုင်းနာအဖြစ် မခံယူရဲသေးပါဘူး။ တချို့တွေက Interior Designerကို Home Decorator တွေနဲ့ မှားတတ်ကြပါတယ်။ အိမ်တွင်းအလှဆင်တဲ့လူတွေနဲ့ပေါ့။ မြန်မာပြည်မှာတော့ Home Decorator နဲ့ Interior Designerကို ဝေါဟာရသီးသန့် ခွဲထုတ်ထားတဲ့ အခေါ်အဝေါ်မရှိတော့ အခုလို ရောထွေးနေတာ မဆန်းလှပါဘူး။ တကယ်တော့ Interior Designer နဲ့ Decorator တွေက တလမ်းတည်းဆိုပေမယ့် ကျွမ်းကျင်မှုပိုင်းတွေက သီးသန့်စီပါ။
ကျွန်တော့် သူငယ်ချင်းတော်တော်များများ စကာင်္ပူမှာ တိုက်ခန်းတွေဝယ်ကြတယ်။ အိမ်တက်ဖိတ်တော့ သူတို့အိမ်တွေကို ရောက်ဖူးခဲ့ပါတယ်။ သူငယ်ချင်းက အိမ်ရှေ့ဧည့်ခန်းက အစ နောက်ဖေးမီးဖိုချောင်ပါမဆုံး လိုက်ပြပါတယ်။ သူတို့တွေက Interior Designer Company တွေကို အပ်ပြီး အိမ်ကို မွမ်းမံထားကြတာပါ။ ဒီဇိုင်းပိုင်းကြတော့ ကျွန်တော်တို့သူငယ်ချင်းတွေ ဒီနေရာမှာ ဘာရောင်လေး လိုချင်တယ်။ ဒီနေရာမှာ ဘယ်လို ထိုင်ခုံလေး ချချင်တယ်။ ဒီနေရာမှာတော့ Walk in wardrobe လေး လိုချင်တယ်ဆိုပြီး အိမ်တွင်းအလှဆင်တဲ့ ကုမ္ပဏီတွေကို ပြောကြတယ်။ အဲဒီမှာ ရှိတဲ့ ဒီဇိုင်းနာတွေကလည်း သူတို့ပြောသလို ခေါင်းညိတ်ပြီး အကုန်လုပ်ပေးကြတယ်။
အကုန်လုံးမွမ်းမံပြင်ဆင်ပြီးသွားတဲ့ အခါမှာတော့ ကျွန်တော့်သူငယ်ချင်းတွေအတွက် စိတ်ကြိုက်နေထိုင်စရာ နေရာလေးတစ်ခုဖြစ်သွားတာပေါ့။ နောက်ဆုံးကြတော့ တစ်အိမ်လုံးဒီဇိုင်းကို စီစဉ်သူက ကျွန်တော့်သူငယ်ချင်း ဖြစ်သွားတာပေါ့လေ။ သူတို့အိမ်သွားလည်တော့ သူတို့ပြောတဲ့ စကားလေးကြောင့် အောင့်သက်သက်ဖြစ်သွားတယ်။ ဒီအိမ်ကို သူတို့ကိုယ်တိုင်ဒီဇိုင်းလုပ်ထားတာပါတဲ့။ ကျွန်တော်ကတော့ ပြုံးရုံပဲ တတ်နိုင်တော့တယ်။ တကယ်တော့ သူတို့တွေ့ခဲ့တာ Interior Designer Company စစ်စစ်မှမဟုတ်ဘဲ။ ကွန်ထရက်တာ ကုမ္ပဏီသက်သက်ပဲဆိုတာ မသိခဲ့ကြဘူးလေ။
တကယ်တော့သူတို့ဖန်တီးထားတဲ့ အိမ်လေးက အမြင်မှာ မဆိုးလှပါဘူး။ ဒါပေမယ့် ကိုယ်က ဒီနယ်ပယ်မှာတော့ ကြည့်လိုက်တာနဲ့ အမြင်မှာ ဘာမှားနေတယ်ဆိုတာ တန်းခနဲ သိတော့တာပဲ။ ကျွန်တော့်သူငယ်ချင်းပြောတဲ့ သူကိုယ်တိုင်လုပ်ထားတဲ့ ဒီဇိုင်းဆိုတာ မှားလည်းမမှားပါဘူး။ ဒါပေမယ့် သူမသိတဲ့အချက်က သူလုပ်လိုက်တာ Interior Decoration သက်သက်ပဲဆိုတာ။ လူတိုင်းလူတိုင်းက အလှကို မြင်တတ်သလို ဖန်တီးတတ်ကြပါတယ်။ Fashion Designer မဟုတ်တဲ့ ကိုယ်တောင်, ဘယ်အကျီင်္လေးကို ဘယ်လိုဘောင်းဘီလေးနဲ့ တွဲဝတ်လိုက်လျှင် ကောင်းသွားမှာပဲလို့ မြင်တတ်သလို၊ ကျွန်တော့်သူငယ်ချင်းလည်း ဘယ်နေရာမှာ ဘယ်အရောင်လေးသုတ်ပြီး ဘယ်လို ပရိဘောဂလေးထည့်လိုက်လျှင် လှသွားမှာပဲလို့ မြင်တတ်ပါတယ်။ အဲဒါက Decoration ပါပဲ။
တကယ်တော့ တောက ကျွန်တော့်အဒေါ်လည်း သူတို့အိမ်လေးကို လှသွားအောင် သူတို့အမြင်လေးနဲ့ အလှဆင်တတ်နိုင်ပါတယ်။ ကျွန်တော့် တူမလေးတွေကလည်း ကလေးပီပီ သူတို့အခန်းလေးကို နေချင့်စဖွယ်လေးဖြစ်အောင် လုပ်တတ်ကြပါတယ်။ သူတို့တွေနားလည်လာတာက Interior Decoration ပိုင်းသက်သက်ပါပဲ။ ဒါကြောင့်မို့ Interior designer နှင့် Decorator ဘာကွာလဲဆိုတာ နားလည် သဘောပေါက်ဖို့လိုလာပါတယ်။ နောက်ပြီး ဒီဇိုင်း တစ်ခုရဲ့ ကောင်းချင်း မကောင်းချင်း အတိမ်အနက်ကိုလည်း နားလည်ဖို့ လိုလာပါတယ်။

Interior Designer အကြောင်းမပြောခင် တခြားဒီဇိုင်းဧရိယာတွေအကြောင်း ကျွန်တော်သိသလောက် ပြောပြချင်ပါတယ်။ Fashion Design, Product Design, Furniture Design, Lighting Design, Stage/Set Design, Graphic Design ဆိုပြီး ဒီဇိုင်းအမျိုးမျိုးရှိကြပါတယ်။ အဲဒီဒီဇိုင်းတွေကလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြပါတယ်။ ဘယ်လိုဆက်စပ်နေတယ်ဆိုတာ ဥပမာ ပရိုချက်တစ်ခုနဲ့ စကြည့်ရအောင်။ စိတ်ကူးလေးနဲ့ အိပ်ခန်းလေးတစ်ခုဒီဇိုင်းဆွဲကြည့်မယ်။
အဲဒီအိပ်ခန်းလေးထဲမှာ နှစ်ယောက်အိပ်ခုတင်တစ်ခုပါမယ်။ မွေ့ယာခင်းနဲ့ ခေါင်းအုံးတို့က အဖြူအမဲအကွက်လေးတွေပါတဲ့ အဆင်လေးတွေ ဖြစ်မယ်။ ခုတင်ခေါင်းရင်းမှာ ပန်းချီကားတချပ် ချိတ်ထားမယ်။ ခုတင်ခြေရင်းမှာ ဘီရိုပုလေးရှိနေပြီး အဲဒီဗီရိုလေးပေါ်မှာ ပုံစံတူ ပန်းအိုးလေးသုံးအိုးစီထားမယ်။ အဲဒီဗီရိုလေးပေါ်မှာ တီဗွီတစ်ခုရှိနေဦးမယ်။ ခုတင်ဘေးမှာတော့ အိပ်ယာပေါ်မှာ မလဲလျောင်းချင်တဲ့အခါမှာ အေးအေးသက်သာ ထိုင်လို့ရနိုင်မယ့် ဆိုဖာထိုင်ခုံလေးရှိတယ်။ သူ့ဘေးမှာတော့ ကော်ဖီစားပွဲပုလေးပေါ့။ အခန်းလေးရဲ့ ပြတင်းပေါက်တွေကိုတော့ အဖြူရောင်လိုက်ကာလေးနဲ့ ကာထားမယ်။ အခုစဉ်းစားကြည့်လျှင် အဲဒီအခန်းလေးထဲမှာ ပစ္စည်းဘယ်နှစ်မျိုးလောက်ရှိနေမလဲ။ အဲဒီပစ္စည်းတွေက အပေါ်မှာဆိုခဲ့တဲ့ ဘယ်ဒီဇိုင်းတွေနဲ့ ဆက်စပ်နေမလဲ။ ဆန်းစစ်ကြည့်ရအောင်။
ပထမဆုံးအနေနဲ့ အခန်းလေးထဲမှာ သုံးထားတဲ့ အရောင်တွေက အဖြူနဲ့ အမဲပဲ ရှိနေတော့ အဲဒီအခန်းလေးကို Black and White အခန်းလေးလို့ နာမည်ပေးလိုက်ကြမယ်။ အခန်းကို နာမည် Theme လေးပေးပြီးသွားလျင် အခန်းထဲမှာ ပါတဲ့ ပစ္စည်းလေးတွေကို ဖန်တီးကြည့်ကြမယ်။
ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းလေးတွေမှာ အဖြူအမဲအကွက်ကလေးတွေပါနေမယ့် အဆင်လေးတွေ စရွေးကြမယ်။ အဲလို ရွေးနိုင်ဖို့ ပိတ်စအကြောင်း ပိတ်စအဆင်ဒီဇိုင်းအကြောင်းသိနေဖို့လိုမယ်။ မဟုတ်ဘူးလား။ ပိတ်စရွေးပြီးသွားလျှင် အဲဒီအိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်လေးတွေ ချုပ်ကြရတယ်။ အဲဒီလိုချုပ်တဲ့အခါ ချုပ်သား ညက်ရဲ့လား။ ခေါင်းအုံးစွပ်မှာ ဇစ်လေးတွေပါနေရင် ဇစ်ကို မမြင်အောင် ဘယ်လို ၀ှက်ချုပ်မလဲ။ ရွေးလိုက်တဲ့ ဇစ်ကရော ပျော့ပျောင်းနူးညံ့ရဲ့လား.. စတဲ့ အခြေခံအချက်အလက်တွေ သိဖို့လိုလာတယ်။ အဲဒါကို ကြည့်ချင်းအားဖြင့် ဖက်ရှင်၊စက်ချုပ်ဒီဇိုင်းနဲ့ ဆက်စပ်နေတာ သဘောပေါက်မိမှာပေါ့။ ဖက်ရှင်အတွေးရှိတဲ့သူကတော့ ခေါင်းအုံးစွပ်လိုင်းလေးတွေကို ရိုးရိုးရှင်းရှင်းချုပ်ချင်ချုပ်မယ်။ ဖဲပွင့်လေးတွေ တပ်ချင်တပ်မယ်။ ပိတ်ဖေါက်ဇာတွေ ထိုးချင်ထိုးမယ်။ လိုသလို ကွန့်လို့ရမယ်လေ။
နောက်ပစ္စည်းတစ်ခုကို ထုတ်ကြည့်ရအောင်။ အဲဒါက ခေါင်းရင်းမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားလေးပဲ။ အခန်းလေးက မော်ဒန်ဆန်တယ်ပဲ ဆိုကြပါစို့။ အခန်းလေးထဲမှာ ချိတ်ထားတဲ့ ပန်းချီကားက ဟိုးရှေးရှေးတုန်းက ပန်းချီကားတွေလို Realistic ဆန်လို့ မရတော့ပါဘူး။ မော်ဒန်ပန်းချီတွေ ရွေးဖို့ကြပြန်တော့လည်း ခက်သွားပြန်ရော။ ဘာလို့လည်းဆိုတော့ မော်ဒန်ပန်းချီတွေက အရောင်တောက်တောက်တွေများတာကိုး။ အခုအခန်းလေးက အဖြူအမဲဆိုတော့ အရွေးရခက်သွားပြီလေ။ ဒါမှမဟုတ် ခဲခြစ်လက်ရာတွေရွေးမလား၊ ချာကိုးနဲ့ဆွဲထားတဲ့လက်ရာတွေ ရွေးမလား။ ဒီနေရာမှာ ဒီဇိုင်းနာအနေနဲ့ ဘယ်လိုလိုက်ဖက်တဲ့ ပန်းချီကားလေးတွေ ရွေးနိုင်ဖို့ ပန်းချီအနုပညာကို တီးတတ်ခေါက်တတ်နေရမယ်။ ပန်းချီကားတွေ မရွေးနိုင်လျှင် ဘာရွေးစရာရှိသေးလဲ။ အဖြူအမဲ ဓါတ်ပုံတွေကို ရွေးနိုင်တယ်။ ဒါမှမဟုတ် လှပတဲ့ ဂရပ်ဖစ်ဒီဇိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံလေးတွေလည်း ဖြစ်နိုင်မယ်။ အဲဒီအခါမှာ ဒီဇိုင်နာကိုယ်တိုင် ဂရပ်ဖစ်လက်ရာတွေ လုပ်နိုင်ပြန်ပါတယ်။ ကျွန်တော်တို့ ရွေးလိုက်မယ့် ပန်းချီကားလေးက ဂရပ်ဖစ်ဒီဇိုင်းလေးတစ်ခုဆိုကြပါစို့။ ဒီနေရာမှာ ဂရပ်ဖစ်ဒီဇိုင်းတစ်ခု ရှိသွားပြီပေါ့။
နောက်တစ်ခုကို ဆွဲထုတ်ကြည့်မယ်ဆိုလျှင် ခုတင်ခြေရင်းက ဗီရိုပုလေးပဲ။ အဲဒီဗီရိုလေးကို ဘယ်လိုရွေးချယ်မလဲ။ ဈေးကွက်မှာရှိပြီးသား ဗီရိုတွေပဲဝယ်မလား ကိုယ်တိုင်ဒီဇိုင်းထုတ်မလား။ ဒီနေရာမှာ ဒီဇိုင်နာရဲ့ပညာပါလာပါပြီ။ ဖက်ရှင်ဒီဇိုင်နာက သူတီထွင်ထားတဲ့ အ၀တ်အစားနဲ့ လိုက်ဖက်မယ့် ပိုက်ဆံအိတ်ကို ထပ်ပြီးတီထွင်လိုက်နိုင်သလို Interior Designer အနေနဲ့လည်း သူ့ဒီဇိုင်းနဲ့ လိုက်ဖက်နိုင်မယ့် ပရိဘောဂဒီဇိုင်းလေးတွေလည်း တီထွင်နိုင်ရပါမယ့်။ ဒါကြောင့် Furniture Design ကလည်း အရေးကြီးပါတယ်။
နောက်ထပ်အခန်းထဲက ပစ္စည်းတစ်ခုချင်းစီ ကြည့်ရအောင်။ ဗီရိုပုလေးပေါ်မှာတင်ထားတဲ့ ပန်းအိုးအဖြူလေးတွေကို ကြည့်ကြည့်မယ်။ ပန်းအိုးလေးတွေက ဆင်တူလေးတွေပေါ့။ အဲဒီဆင်တူပန်းအိုးလေးတွေကို ဈေးကွက်ထဲမှာ အလွယ်တကူရှာတွေ့နိုင်ပါတယ်။ မိမိအခန်းလေးနဲ့ လိုက်ဖက်မယ့် ပန်းအိုးလေးတွေကို ရွေးရပါမယ်။ ပန်းအိုးတစ်အိုးပဲ သုံးမလား၊ တစ်အိုးထက်ပိုသုံးမလား ဆိုတာကတော့ ကိုယ့်ဒီဇိုင်းပေါ်မူတည်တာပေါ့။ တကယ်တော့ ဈေးကွက်ထဲမှာ ရှိနေတဲ့ အရာတွေက အများအတွက် ရည်မှန်းပြီး လုပ်ထားတဲ့ Mass Production တွေပေါ့။ တခါတလေ တချို့ဒီဇိုင်နာတွေက ဟိုတယ်အိပ်ခန်းတွေ ဒီဇိုင်းဆွဲရတတ်ပါတယ်။ အဲဒီအခါမှာ အိပ်ခန်းတွေက ပုံစံတူတွေဆိုတော့ အိပ်ခန်းထဲမှာ သုံးတဲ့ ပရိဘောဂတွေကလည်း ပုံစံတူလေးတွေ ဖြစ်ဖို့များပါတယ်။ ဒါကြောင့် ဒီဇိုင်းနာအနေနဲ့ တန်ဖိုးသက်သက်သာသာနဲ့ လှပတဲ့ ဒီဇိုင်းမျိုးလေးတွေ ဖန်တီးတတ်ဖို့လိုပါတယ်။ အဲဒါကြောင့်မို့ Product Design ဆိုတာကို အနည်းငယ်နားလည်ထားဖို့ လိုပါတယ်။
တကယ်တော့ ဒါတွေဟာ ဒီဇိုင်နာ သိထားရမယ့် အခြေခံသဘောတရားတွေပါပဲ။ အဲဒီသဘောတရားတွေမှာ အခြေခံပြီး လှပတဲ့ ဒီဇိုင်းတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Interior Design က ဒီဇိုင်းအားလုံးထဲမှာ အခရာကျတဲ့ဒီဇိုင်းလို့ မဆိုချင်ပါဘူး။ ဒါပေမယ့် ဒီဇိုင်နာကောင်းဖြစ်ဖို့ တခြားဒီဇိုင်းတွေအားလုံးကို နားလည်ထားသင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။

6 ယောက်ကဒီလိုမြင်တယ်တဲ့...:
ငယ်တုန်းက အဲဒီအပိုင်းတွေ စိတ်ဝင်စား (တယ်လို့ ထင်ခဲ့မိ) တာ လွယ်မယ်ထင်လို့နဲ့ တူပါတယ်။ =)
ဒါပေမဲ့ အမြင်အလှအပနဲ့ အသုံးကျအံဝင်တဲ့ အရည်အသွေးတွေအကြောင်း စဉ်းစားပြီး တွဲဖက်ပေးနေရတာ ကျေနပ်စရာကောင်းမှာပါ။
ရေးထားတာ
သေချာ လေး ဖတ်သွားပါတယ် ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
I often come and check your blog for new post of SU.Read and think about interior designer.Thanks....
Gyidaw
၁ နှစ်မှ ၂ ပုဒ်ပဲ ရေးတာလား
စုကိုလဲ ဆက်အုံးလေ
ကြီးဒေါ်နှင့် တီချမ်းသို့
စာနဲ့ လက်နဲ့ အဆက်ပြတ်နေတာ ခွင့်လွှတ်ပါနော်။ ကျွန်တော် စုနဲ့ ပါတ်သက်ပြီး ဆက်ရေးနေပါတယ်။ ဒီရပ်ပိုင်းအတွင်း တင်ပါ့မယ်ဗျာ..
ဒီဇိုင်းအကြောင်းလေးတွေ အရမ်းစိတ်ဝင်စားပါတယ်။ အားရင်ပုံလေးတွေနဲ့ ရေးပေးပါအုံးနော်။ ကျေးဇူးတင်ပါတယ်။
Post a Comment