June 1, 2011

စုနှင့်သူမ၏မှတ်စု

သည်နှစ်နွေက အရင်ကလောက် မပူဘူး။ ဖုန်တွေလည်း မထူဘူး.. စုရယ်။ ဒါပေမယ့် သစ်ရွက်တွေအများကြီး ကြွေတယ်။ လမ်းမပေါ်မှာလည်း ၀ါဖန့်ဖန့်အရွက်လေးတွေ။ လမ်းဘေးမှာလည်း ညိုရင့်ရင့်အရွက်လေးတွေ…..။ စုသာ တွေ့ရင် အဲဒီအရောင်လေးတွေ အမိဖမ်းပြီး စုကမ္ဘာထဲမှာ အသက်သွင်းမိလေမလားပဲ…။ ဒါပေမယ့် အတူတူတက်ခဲ့တဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက ယဉ်ကျေးမှုတက္ကသိုလ်မှာ သစ်ရွက်ဝါတွေမတွေ့ရင် စိတ်ကူးမယဉ်နိုင်တဲ့ စုအဖြစ်ကို တွေးမိတိုင်း ကျွန်တော်ရယ်ခဲ့ဘူးတယ်နော်။ အဲဒီအချိန်တုန်းက သစ်ပင်တွေဆိုတာ များများစားစားမရှိသေးတဲ့ အချိန်ပဲလေ။ ကျောင်းဝင်းထဲမှာ လှည့်ပတ်ထိုင်ရင်း မလေးရှားပိတောက်ပင်လေးတွေဆီကနေ ကြွေကြွေကျလာတဲ့ သစ်ရွက်ဝါလေးတွေကို ထိုင်ကြည့်ရင်း ရေတွက်နေခဲ့မိတာ မနေ့တနေ့ကလိုပါပဲ။

တခါတလေ စုတစ်ယောက်တည်း မလေးရှားပိတောက်ပင်အောက်မှာ ထိုင်ပြီး သစ်ကိုင်းခြောက် တခုခုနဲ့ အလုပ်ရှုပ်နေတတ်ပြန်ပါသေးသည်။ ကျွန်တော်အဝေးကနေ စုကိုကြည့်ရင်း စုရဲ့မျက်နှာပေါ်ကို ၀ဲကျနေတဲ့ ဆံနွယ်တွေကြားကနေ စုမျက်လုံးတွေကို ဘာသာပြန်တတ်မိတာ ခဏခဏပေါ့။ စု ဘာတွေတွေးနေလဲ။ စု မြေပြင်ပေါ်မှာ ဘာအရုပ်တွေရေးနေလဲ။

အဲဒီအပင်လေးတွေအောက်မှာ ထိုင်ရင်း တချက်တချက် သစ်ကိုင်းခြောက်လေးနဲ့ သစ်ရွက်ဝါလေးတွေကို တွန်းထုတ်လိုက်။ အဲဒီသစ်ရွက်ဝါလေးတွေကိုပဲ သစ်ကိုင်းအဖျားလေးနဲ့ ပြန်ဆွဲယူလိုက် လုပ်နေတတ်သေးသည်။ အဲသည်အခါမျိုးမှာ မည်သူမျှမရှိဘူး အထင်နဲ့ စုနှုတ်ခမ်းလေတွေက ခပ်ဝေေ၀လေး ရယ်နေတတ်ပြန်သေးတယ်နော်။  အဲသည်အမူအယာလေးတွေကပဲ ကျွန်တော့်အိပ်မက်ကို ခဏခဏစိုးမိုးနေတာ စုမသိလေရော့သလား။

ဒုတိယနှစ်ရောက်တော့ ကျောင်းမှာ ခန္ဓာဗေဒနဲ့ ပတ်သက်ပြီး ရေးဆွဲပုံရေးဆွဲနည်းတွေ သင်ရသည်။ ထိုစာသင်ချိန်တွေပြီးသည့် အခါကျရင် ကျွန်တော်နဲ့ စုနဲ့ ကျောင်းနားက ဈေးတစ်ခုခုမှာ ထိုင်ပြီး မုန့်လက်ဆောင်း ၀င်သောက်တတ်ကြသည်။ ကျွန်တော်က အုန်းနို့များများနဲ့ အချိုစိမ့်စိမ့်လေး ကြိုက်သလောက် စုကတော့ မုန့်လက်ဆောင်းဖတ်များများနဲ့ အချိုပေါ့ပေါ့လေး သောက်တတ်၏။

“ကျော်ရယ်….။  ဈေးသည်တွေရဲ့ မျက်နှာကိုဖတ်ရတာ…။ ဘာသာစကားတွေ အများကြီးပါတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရသလိုပဲ။ ကိုယ်နားလည်တာတွေ ပါသလို။ ကိုယ်နားမလည်တာတွေလည်းပါတယ်နော်။ ဆိုင်ခန်းတွေပေါ်မှာ ရောင်းနေတဲ့ သူတွေရဲ့ မျက်နှာကိုကြည့်စမ်းပါဦး။ သူတို့ရဲ့ မျက်နှာတွေက အမြတ်များများရလေ မတင်းတိမ်နိုင်လေလိုပဲ။ သိပ်ဖတ်ရတာလွယ်တာပဲ။ ဒါပေမယ့်… ဟိုနားက လမ်းဘေးမှာ ကန်စွန်းရွက်ထိုင်ရောင်းနေတဲ့ အဖွားကြီးကို ကြည့်စမ်း…. ငါတော့ သူ့မျက်နှာကို ဘာသာပြန်လို့မရဘူး…”

စု မေးဆတ်ပြတဲ့နေရာက အဖွားအိုကိုကြည့်လိုက်တော့ ထိုအဖွားအိုက အဖာဖာအထေးထေးရှိလှသည့် အကျီင်္လက်ရှည်လေးကို ၀တ်ထားရင်း အရောင်မရှိတော့တဲ့ တဘတ်နွမ်းလေးကို ခေါင်းပေါ်ပတ်ထား၏။ ဗန်းလေးထဲမှာ ဆယ်စည်းသာသာသာကျန်သေးသည့် ကန်စွန်းရွက်ကလေးကို ကြည့်လိုက်၊ ဖြတ်သွားဖြတ်လာ ဈေးဝယ်တွေကိုကြည့်လိုက်ဖြင့် ဘုရားစာထိုင်ရွတ်နေသည်။ ဈေးခေါင်းကွဲချိန်ဆိုတော့လည်း ဈေးထဲမှာ ဈေးဝယ်သူတွေ သိပ်မရှိတော့။ အဖွားအိုကတော့ သူ့ကန်စွန်းရွက်စည်းလေးတွေ ကုန်နိုးနိုးဖြင့် ထိုင်ရောင်းနေဆဲ။ ကြည့်နေဆဲမှာပင် ဈေးဝယ်သူတစ်ယောက်က ကန်စွန်းရွက်နှစ်စည်းဝယ်သွားသည်။ အဖွားအိုသည် ဈေးဝယ်သူပေးသွားသည့် ပိုက်ဆံနွမ်းလေးကို ၀မ်းသာအားရဖြင့် ကြည့်ရင်း ချွေးခံအင်္ကျီထဲထိုးထည့်လိုက်သည်။

“ကျော်ကျော်… ကြည့်စမ်း.. အဖွားကြီးပြုံးတဲ့အပြုံး…. အဲဒီအပြုံးကို ငါအရမ်းရချင်တယ်သိလား။ သူ့အပြုံးမှာ ဟိုဘက်က ဆိုင်ခန်းတွေနဲ့ အေးအေးဆေးဆေးထိုင်ရောင်းနေတဲ့ မိန်းမတွေလို မာန်မာနတွေမရှိဘူး။ လောဘတွေမရှိဘူး။ ဒါပေမယ့် သူ့မှာ သောကတွေရှိတယ်။ ဒါပေမယ့် သူ့မှာ စိတ်ချမ်းသာတာတွေလည်း ရှိနေပြန်သေးတယ်။ အဲဒါတွေ ရောယှက်နေတဲ့ သူ့မျက်နှာကို အဓိပ္ပါယ်ဖော်ရတာ.. ငါအရမ်းမောတယ်ဟာ….”

“စုရယ်… လူတိုင်းအဆင်ပြေတယ်ရယ်တယ်လို့ ရှိတာမှမဟုတ်တာ။ သူ့ကုသိုလ်ကံနဲ့သူပေါ့လေ”လို့ စုကို နှစ်သိမ့်မိပြန်တော့ ကုသိုလ်ကံဆိုတာကြီးကိုလည်း စုက မယုံချင်ပြန်။”

နောက်တစ်ရက် ခန္ဓာဗေဒနဲ့ ပါတ်သက်ပြီး ပုံကြမ်းတွေဆွဲသည့်အခါမှာတော့ စုရဲ့ ပုံကြမ်းတွေနေရာမှာ အဖွားအိုရဲ့ ပုံရိပ်တွေက လွှမ်းနေသလိုလို။ ဒါမှမဟုတ် တခြားဈေးသည်တွေရဲ့ ပုံရိပ်တွေက အားပါနေသလိုလို ထင်ရသည်။ခန္ဓာဗေဒကို သင်သည့် ဆရာဦးခင်မောင်ဆွေက စုရဲ့ ပုံကြမ်းတွေကို တစ်ချက်ကြည့်ကာ မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း…. စုလက်ရာတွေကို ချီးကျူးသည်။

“မိစု ညည်းလက်ရာတွေ တော်တော်တက်လာပါလား။ ညည်းဆွဲထားတဲ့ မျက်နှာတွေမှာ မျက်လုံးတွေက ရှဲဒိုးလိုက်တာတွေ များတယ်။ ကောက်ကြောင်းအကုန်လုံးက မျက်လုံးထဲမှာပဲ စုရောက်နေသလိုပဲ။”

လေ့ကျင့်ပြီး ဆွဲထားသည့် စုရဲ့ ပုံကြမ်းတွေမှာ ခန္ဓာကိုယ်တစ်ခုလုံးက ကောက်ကြောင်းမျဉ်းများသည် ဖျော့တော့နေပြီး ပါးနေသည်။ ဒါပေမယ့် မျက်နှာပေါ်မှာကျနေသည့် အရိပ်တွေရဲ့ ကောက်ကြောင်းက ပိုပြီး ထင်းလာပြီး ကျစ်ကျစ်လစ်လစ်ရှိလာသည်။ မျက်လုံးတွေနားမှာ ရှဲဒိုးကို လိုတာထက်ပိုထည့်လာသည့်အခါ မျက်လုံးနှစ်ဖက်စလုံးက ပိုပြီး ကြွတက်လာပြန်သည်။ နောက်ပြီး မျက်နှာပေါ်က နှုတ်ခမ်းထောင့်လေးများမှာ အရိပ်ထည့်လိုက်သည့်အခါ မပြုံးမယောင် ပြုံးမယောင်နဲ့ အသက်ဝင်လာ၏။ ကျွန်တော်ဆွဲထားသည့် ပုံကြမ်းများနှင့် ယှဉ်လိုက်သည့်အခါ ကျွန်တော့်ပုံကြမ်းများက ပြားချပ်သွားသလို ထင်ရသည်။

စုကို ကျွန်တော်က ချီးကျူးစကားဆိုမိတော့ စုက ပြုံးရုံပဲ ပြုံးပြလေသည်။ တခါတလေ အားရပါးရ ရယ်လိုက်စမ်းပါ စုရယ်လို့ ပြောချင်ပေမယ့် ပြောမထွက်ခဲ့ပြန်ဘူး။ မှတ်မှတ်ရရ ကျွန်တော့်ကို ချစ်တယ်လို့ အဖြေပေးတဲ့နေ့တစ်နေ့ပဲ စုအားရပါးရ ရယ်တာ တွေ့ဖူးသည်။ ဒါပေမယ့် ချစ်တယ်လို့ တခါမှ ဖွင့်မပြောခဲ့။ ထိုနေ့က တစ်နေ့လုံး စုရယ်နေခဲ့သည်။ နောက်ထပ်လည်း စုရယ်တာ တွေ့ဖူးချင်သည်။ 


…………………………………………။……………………………………………..


ဒီလိုနဲ့ပဲ ဒုတိယနှစ်ကျောင်းတက်ရက်ရဲ့ နောက်ဆုံးရက်တွေ တဖြေးဖြေးနီးလာသည်။နှစ်စကတည်းက သုံးလာသည့် စုရဲ့ ပုံဆွဲစာအုပ်သည် သူမရဲ့ မှတ်တမ်းစာအုပ်တစ်ခုလို တဖြည်းဖြည်း ဖြစ်လာသည်။ စုရဲ့စာအုပ်ထဲမှာ  ခတခါတလေ ခံစားချက်တိုက်ဆိုင်တဲ့ စာကြောင်းလေးတွေကို ရေးမှတ်ထားတတ်သည်။ တခါတလေ အဲဒီစာကြောင်းလေးတွေအကြောင်းကို စိတ်လိုလက်ရ ရှင်းပြပြန်သည်။ တခါတလေကျတော့လည်း ဘာဆိုဘာမှ မေးလို့မရ ခေါင်းသာတွင်တွင်ခါနေသည်။

စုကလည်း သူမလိုလေ့ကျင့်တတ်အောင် ကျွန်တော့်ကို ပန်းချီစာအုပ်လေး တစ်ခုပေးသည်။ ထိုစာအုပ်လေးကိုရပြီး သုံးလေးရက်မှာတော့ ကျွန်တော်တစ်မျက်နှာပြီး တစ်မျက်နှာ ရေးခဲ့သည်။ နောက်တော့လည်း ထုံးစံအတိုင်း ကျွန်တော်တွေ့ကရာပန်းချီရေးစက္ကူပေါ်မှာပဲ ပုံကြမ်းတွေ ခြစ်မိတော့ စုပေးခဲ့သည့် စာအုပ်လေးသည် စာရွက်အလွတ်တွေအများကြီင်္းဖြင့်သာ ကျန်ခဲ့သည်။

စုသည်တခါတလေ နိုင်ငံခြားသတင်းစာမျက်နှာများက ပုံတွေ ညှပ်ပြီး စာရွက်တွေပေါ်မှာ ကပ်ထားလေ့ရှိပြန်သည်။ အဲဒီစာရွက်အပိုင်းလေးတွေမှာ အမေရိက သမ္မတသစ်ဘေကလင်တန်ရဲ့ ပုံတွေလည်းပါသည်။ အိန္ဒိယက ဂန္ဒီရဲ့ ပုံတွေလည်းပါသည်။ ဟိုညှပ်ဒီညှပ်လုပ်ထားသည့် ဖြတ်ပိုင်းပုံလေးတွေပေါ်မှာလည်း ပုံတွေဆွဲချင်သလို ဆွဲပြန်သည်။ နောက်ပြီး သတင်းစာတွေထဲက ရုပ်ရှင်ကားကြော်ငြာပုံလေးတွေက အစပါသည်။

စုရယ်။ နင့်ပုံဆွဲစာအုပ်က ပုံဆွဲစာအုပ်နဲ့ မတူဘူး။ သတင်းစာဖြတ်ပိုင်းပုံကြီးနဲ့တူတယ်လို့ ဆိုမိတော့… နှစ်နှစ်ခြိုက်ခြိုက်ရယ်ပြန်သည်။ စုရယ်လိုက်သည့်အခါမှာ တစ်ဖက်တည်းရှိသော ပါးချိုင့်လေးသည် ခွက်ခနဲချိုင့်ဝင်သွားသည်။ ကျွန်တော်က ထိုချိုင့်ဝင်သွားသော ပါးချိုင့်လေးနေရာကို လှစ်ခနဲ ခိုးနမ်းလိုက်မိတော့ ကျွန်တော့်ကျောပြင်ကို ရှက်ရှက်နှင့် လက်သီးဆုပ်ကလေးတွေဖြင့် ထုသည်။ အဲဒီနေ့က ရှားပါးလှသော ကျွန်တော်တို့နှစ်ယောက်ရဲ့ ရယ်သံများသည် ကျောင်းဝင်းထဲမှာ ပြန့်ကျဲနေခဲ့သည်။

ကျွန်တော်တို့ကျောင်းပိတ်တော့မည်။ နောက်ဆုံးပရိုချက်အနေနဲ့ လူပုံတူတွေဆွဲရမည်။ ကျွန်တော်ရယ် ကိုခင်ဇော်တို့တတွေ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ပုံတူအဆွဲခံမည့် မော်ဒယ်လ် သက်သက်ရှာမလားလို့ တိုင်ပင်ဖြစ်သည်။ ယောကျာ်းလေးငါးယောက်ကြားမှာ မိန်းကလေးတစ်ယောက်တည်းပါလာသော စုကတော့ ဘာမှဝင်မပြော။ အားလုံးလုပ်ရင် သူမပါ လိုက်လုပ်မည်ဟုသာ ပြောသည်။ နောက်ပြီးသူမရဲ့ မှတ်စုစာအုပ်နဲ့ အလုပ်ရှုပ်နေတော့သည်။

“ဟေး.. မိစု.. နင်ဘာပုံတွေ ညှပ်နေတာလဲ။ ”

ကိုခင်ဇော်က ပြောပြောဆိုဆိုနဲ့ စုနားကိုကပ်လိုက်ပြီး စုညှပ်နေသည့် ပုံကိုကြည့်သည်။

“အဲဒါ စုဖုရားလတ်ပုံမလား။”

“အေး.. ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ။”

စုက မထုံတတ်သေးနှင့် ပြန်ဖြေသည်။

စုက သူ့ရဲ့စာအုပ်လေးထဲမှာ ဓါတ်ပုံတွေ ညှပ်ညှပ်ပြီး ထည့်တတ်သည်။ စု့ဆီမှာ ရှာရှာဖွေဖွေယူထားတဲ့ ပုံတွေမှာ ဟိုးအရင်တုန်းက ပုံတွေလည်းပါလေရဲ့။ စုကတော့ တချို့ပုံတွေက သူ့ဖေဖေချန်ခဲ့တာလို့လည်း ဆိုပြန်ပါသည်။ သူငယ်ချင်းတွေက စုကို ကြည့်ပြီး “နင်ပန်းချီဆွဲမနေနဲ့ နိုင်ငံရေး ၀င်လုပ်ပါလား”လို့ စတတ်နောက်တတ်ကြသည်။ တခါတလေ စုက ကျွန်တော်တို့ မသိတဲ့ နိုင်ငံရေးအကြောင်းတွေ သိပ်ပြောတတ်တာကိုး။

“စုရယ်.. စုဆိုတဲ့ နင့်နာမည်က သိပ်စီးတာပဲ…။ သမိုင်းထဲက နာမည်တွေလိုမျိုးပဲ။ ဒါပေမယ့် နင့်နာမည်က နင်ခဏခဏစုနေတဲ့ ရှေးဟောင်းပုံတွေက စုဖုရားလတ်လို နာမည်မျိုး သိလား။ သမိုင်းထဲမှာ နောက်ဆုံးကျတော့ စုဖုရားလတ်ကြောင့် မြန်မာပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတယ်။”

ကျွန်တော်က စုကို အနိုင်သဘောမျိုးဖြင့် သမိုင်းနှင့် ကိုင်ပြီး စလိုက်မိ၏။ စုရဲ့ မျက်နှာက ရဲတက်လာပြီး အသားတွေ တဆတ်ဆတ်တုန်လာတော့မှ ကျွန်တော်စတာ လွန်သွားမှန်းသိလိုက်ရသည်။

“နင်တို့တွေကလေ သမိုင်းထဲမှာ လက်ညှိုးထိုးစရာ မရှိ။ စုဖုရားလတ်ကိုပဲ လတ်ညှိုးထိုးကြတယ်။ စုဖုရားလတ်က ရာဇဂုဏ်မောက်တယ်။ လက်ရဲဇက်ရဲနိုင်တယ်လို့ သမိုင်းဆရာတွေက အပြစ်ဖို့ကြတယ်။ စုဖုရားလတ်ဖက်ကြတော့ မစဉ်းစားကြဘူး။ နင်စဉ်းစားကြည့်။ စုဖုရားလတ် မိဖုရားဖြစ်ချိန်မှာ ၁၉နှစ်ပဲ ရှိသေးတယ်။ အရမ်းငယ်သေးတယ်။”

စုရဲ့ အသံက ပထမတော့ မာသည်။ နောက်တော့ တကယ်ပင် စုဖုရားလတ်ကို သနားလို့လားမသိ။ သူရဲ့ လေသံထဲမှာ ၀မ်းနည်းမှုတွေ စွတ်လာပြန်သည်။

 “စုဖုရားလတ်ရော သီပေါရော နိုင်ငံရေးချိန်ခွင်လျှာညှိတဲ့အချိန် နယ်ချဲ့ရန်ကြောင့် တိုင်းပြည် မငြိမ်တဲ့အချိန်မှာ မထင်မှတ်ဘဲ ပလ္လင်ပေါ်ရောက်လာတာဟ။”

စုခမျာပြောရင်းပြောရင်း ကျောင်းမှာ သမိုင်းဆရာသင်တဲ့ဆရာတွေလို တည်ငြိမ်သွားပြန်သည်။ သူ့စကားတွေက ခပ်ပေါ့ပေါ့လိုနဲ့ လေးနက်သွားပြန်တယ်။ ပထမတော့ ကျွန်တော်တို့အားလုံးရယ်မိကြ၏။
“တကယ်တော့ စုဖုရားလတ်က သူချစ်တဲ့သူအတွက် စွန့်စားဝံ့တဲ့သူပါ။ သီပေါကို စပြီး ချစ်မိတဲ့အချိန်မှာ ဘယ်သူမှ သီပေါတစ်ယောက် ဘုရင်ဖြစ်မယ်ဆိုတာ စိတ်ကူးထဲတောင် ထည့်ကြတာမဟုတ်ဘူး။ ဘာမှ မျှော်လင့်လို့မရနိုင်သေးတဲ့ သာမန်မင်းသားတစ်ပါးလို သီပေါကို ရူးရူးမူးမူးစွဲလန်းမိတာ သူမအပြစ်လား။ ဘုရင်ဖြစ်လာတဲ့ အခါကျတော့လည်း ကင်းဝန်မင်းကြီး၊ ဆင်ဖြူမရှင်တို့ ကစားတဲ့ နိုင်ငံရေးကစားပွဲမှာ မထင်မှတ်ဘဲ ကြိုးဆွဲရုပ်ဖြစ်တော့မယ့် သူ့ချစ်သူ၊ ဘုန်းကြီးလူထွက်ကို ကာကွယ်ချင်တာ သူမအပြစ်လား။”

“စုဖုရားလတ်ကို လူတစ်ယောက်အနေနဲ့ ကြည့်ရင် မိန်းမဆန်တဲ့ လူသားတစ်ယောက်ပါ။ မိန်းမပီပီ သ၀န်တိုတတ်တယ်။ တဇွတ်ထိုးနိုင်တတ်တယ်။ သူအရမ်းချစ်ခဲ့တဲ့ သူ့ချစ်သူကို ရွှေဘုံရွှေနန်းမှာ သူများနောက်မှ လင်လုပ်ရမယ်ဆိုရင် ဘယ်မိန်းကလေးကများ လုပ်ချင်မလဲ။ သီပေါ…. ဘယ်သူကို ချစ်တယ်ဆိုတာ စုဖုရားလတ်သိတယ်။ စုဖုရားလတ်ချစ်တာ ဘယ်သူလဲဆိုတာလည်း သီပေါသိတယ်။ တခြားဘယ်မိဖုရားမှ မလုပ်ရဲတဲ့ သတ္တိ၊ သူ့ဆီမှာ အပြည့်ရှိတယ်။ လူတွေပြောပြောနေတဲ့ နန်းတွင်းလုပ်ကြံမှုကြီးမှာ စုဖုရားလတ် ပါနိုင်မယ်ဆိုတာရော ဟုတ်နိုင်ပါ့မလား။ အစပိုင်းမှာတုန်းက ဆင်ဖြူမရှင်ရဲ့ ကြိုးဆွဲရာ ကကြရတဲ့အချိန်မှာ နန်းတွင်းလုပ်ကြံမှုကြီးကို သူမက ဦးဆောင်နိုင်တယ်ဆိုတာရော ဟုတ်ပါ့မလား။”

စုသည် ပြောရင်းပြောရင်း မာန်ပါလာသည်။ စုဖုရားလတ်နေရာကို သူကိုယ်တိုင် ၀င်ကြည့်နေတာနဲ့ တူလာသည်။ စုနှုတ်ဖျားက မနားတမ်း ကျလာသော သူမ၏အမြင်များကြောင့် ကျွန်တော်တို့အားလုံး အရယ်တိတ်သွားမိပြန်၏။

“ကိုယ့်ယောက်ျားဖြစ်တဲ့သူက မယ်တော်နဲ့ အမတ်တွေရဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်လာတာကို မယားတစ်ယောက်အနေနဲ့ မြင်ရက်ပါ့မလား။ နောက်ပြီး ခေတ်ပျက်ချိန်ဆိုတော့လည်း သူ့လူကိုယ့်ဘက်သား။ ဘယ်သူက ရန်သူဖြစ်မလဲဆိုတာ ခွဲခြားမသိနိုင်တဲ့ အချိန်မှာ သူ့မောင်တော်ရဲ့ အသက်နဲ့ အာဏာကို သူကာကွယ်ဖို့လုပ်တာ အမှားတစ်ခု ဖြစ်နိုင်ပါ့မလား။ တကယ်လို့သာ သူတို့နှစ်ယောက်လုံး စင်ပေါ်ကို အတင်မခံရဖူးဆိုရင် သီပေါတစ်ယောက် သူဖတ်ချင်တဲ့ လောကီလောကုတ္တရာစာတွေနဲ့ ပျော်မွေ့နေမယ်။ စုဖုရားလတ်လည်း သူချစ်တဲ့ မောင်တော်အပါးမှာ ရေပူရေချမ်း ကပ်ပြီး အိုမင်းတဲ့ အထိပေါင်းချင်ပေါင်းနေရမှာပေါ့။”

“ အခုတော့လည်း သမိုင်းဆိုတာ ဗီလိန်ရှိရမယ်လေ။ ဗီလိန်ရှိမှ သမိုင်းဆိုတာ ပိုပေါ်တာ။ တကယ်တော့ သမိုင်းလှဖို့အတွက် စုဖုရားလတ်က ဗီလိန်ဖြစ်ရတဲ့ သူပါဟာ။”

ထိုနေ့ကစပြီး သမိုင်းဆိုတာဘာလဲလို့ ကျွန်တော် မေးတတ်စပြုလာသည်။ ဒါမှမဟုတ် စုရဲ့ မှတ်စုလိုလို ပုံဆွဲစာအုပ်ထဲက လူပုံတွေကြည့်ပြီး အဲဒီလူတွေက ဗီလိန်တွေလားလို့ စပ်စုတတ်ပြန်လာပါသည်။ တကယ်တော့ စုရဲ့လက်ထဲမှာ ကျွန်တော်မတွေ့ဖူးထားတွေ အများကြီးရှိပါလားလို့ သိလာလိုက်သလိုပင်။ ဒါပေမယ့် သေသေချာချာဘာမှန်းတော့ မသိခဲ့။ စုနားကပ်ထိုင်မိတိုင်း စုတင်းတင်းဆုပ်ထားတဲ့ သူ့လက်ဖ၀ါးတွေကို ဖြန့်ကြည့်ချင်မိလာသည်။ ဘာတွေရှိနိုင်မလဲလို့ပေါ့။

ဆက်ပါဦးမည်။

6 ယောက်ကဒီလိုမြင်တယ်တဲ့...:

Rita said...

မျှော်နေတာ =D

စုဖုရားလတ်နဲ့ ပတ်သတ်ပြီး အဲလိုဆန်ဆန် ဖတ်ဖူးတယ်။ သူ့မှာတော့ မထင်မရှား မင်းသားဘဝတုန်းကတည်းက ကြိုက်လာရပြီး ဘုရင်ဖြစ်တော့မှ သူများက အရင်ဦးမယ်ဆိုတော့ သူ ဘယ်ခံနိုင်ပါ့မလဲ တဲ့။ ဟုတ်သလိုလိုတော့ ရှိသား။ ဒါပေမဲ့ ရာဇဝင်တွေတော့ စိတ်မဝင်စားပါဘူး။ သူ့ဘာသာ ဘာဖြစ်ဖြစ် ပြီးသွားပြီပဲ။ အထောက်အထားဆိုတာလဲ ဘာမှ ခိုင်ခိုင်လုံလုံရှိတာမဟုတ်။ အထင်နဲ့သာ မှန်းကြတာ။

ဝတ္ထုထဲက စု တော့ စိတ်ဝင်စားတယ်။

လွမ်းသုရင် said...

Please continue quickly!

Glad to read your new Story :)

တီချမ်း said...

This summer is less hot compare with before. No dust around, too. But a lot of leaves fall in the street, light yellowish, drying off. If you see them falling might as well grabbed those radiance color and spell them to life again in your world. But I do recall those days in Dagon University that we went together, remember when I laughed about when you did not see those drying off leaves and you cannot imagine. Even trees are very few in those old days. Sitting around in the school compound counting those yellow leaves, falling off from magnolia trees, stellate aren’t they?. Just like yesterday.

SHWE ZIN U said...

စိတ်ဝင်စားတယ် မျှော်လင့်နေပါတယ်ဗျာ

Wai Phyo said...

အခု မှပဲ ဖတ်ရတော့တယ် ဗျာ
ကျေးဇူး အထူးတင်ပါတယ်း)

lwin maung said...

good idea.send you email to add your list.