ဖုန်းရွှေပညာနဲ့ ပါတ်သက်ပြီး အဓိပ္ပါယ်အမျိုးမျိုးဖွင့်ထားတာတွေရှိကြပါတယ်။
ရှေးခေတ်တရုတ်လူမျိုးတွေက ပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအင်အမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီစွမ်းအားတွေက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားတဲ့ သဘာဝအင်အားတွေဖြစ်ပြီး နေ့စဉ်ဘ၀အတွက် သိသာတဲ့ အားသက်ရောက်မှုတွေ ရှိနေပါတယ်။ တချို့စွမ်းအားတွေက ကောင်းတဲ့ဘက်ကို ပါသလို တချို့ကျတော့လည်း ဆိုးရွားတဲ့ ဘက်ကို ပါပါတယ်။ ရိုးရိုးရှင်းရှင်းပါပဲ။ ကောင်းတဲ့ စွမ်းအားတွေနေရာမှာ နေတဲ့သူက ကောင်းကျိုးချမ်းသာ ရနိုင်သလို၊ ဆိုးတဲ့ ဘက်မှာ နေမိရင်တော့ ဆိုးတဲ့ အရာကို ရင်ဆိုင်ရမှာပါ။ အဲဒါကြောင့်မို့ဖုန်းရွှေပညာရပ်ဆိုတာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်နည်း အနုပညာတရပ်ပါ။
ဖုန်းရွှေပညာကို လက်တွေ့အသုံးချနိုင်တဲ့ နေရာတွေကတော့ နေအိမ်၊ အလုပ်တို့မှာ ဖြစ်ပြီး ကျန်းမာရေး၊စီးပွားရေး တိုးတက်စေဖို့ အထောက်အပံ့ပေးတဲ့ ပညာရပ်တစ်ခုပါ။ ဖုန်းရွှေပညာကို မှန်ကန်စွာ အသုံးချနိုင်လျှင်တော့ ထိရောက်တဲ့ စွမ်းအားတွေ အကျိုးပေးမှုတွေ လက်ငင်းရရှိမှာဖြစ်ပါတယ်။ ဖုန်းရွှေပညာသင်ယူအသုံးချရာမှာ တချို့တွေက မြန်မြန်ရသလောက် တချို့ကျပြန်တော့လည်း နှစ်ချီကြာတတ်ပါသေးတယ်။ ဒါပေမယ့် စိတ်ရှည်ဖို့က အဓိကပါပဲ။ နောက်ပြီး ဖုန်းရွှေပညာတစ်ခုတည်းနဲ့ အရာရာကို ဆုံးဖြတ်ချက်ချလို့မရပါဘူး။ အဲဒီအချိန်မှာ အသုံးချတဲ့ လူရဲ့ ဇာတာကလည်း အရေးကြီးလို့ပါပဲ။
ဖုန်းရွှေနဲ့ ပတ်ဝန်းကျင်

ဖုန်းရွှေရဲ့ အဓိပ္ပါယ်က လေနဲ့ရေပါ။ လေနဲ့ရေက ပတ်ဝန်းကျင်မျက်နှာပြင်ကို ဖန်တီးရာမှာ အဓိကကျတဲ့ အရာနှစ်ခုပါ။ ဖုန်းရွှေရဲ့ အဓိကအခြေခံအချက်က သဘာဝသိပ္ပံပညာအဖြစ် အသုံးချတာဖြစ်ပြီး သဘာဝလွန်ကဲအယူသည်းတဲ့ ပညာမဟုတ်တာတော့ သေချာနားလည်ဖို့လိုပါတယ်။ တချို့တွေက ဘယ်နေရာမှာ ရေတံခွန်အတုလေး ထည့်လိုက် အိပ်ရာကို ဟိုဘက်သည်ဘက်လှည့်လိုက်ယုံနဲ့ အခြေအနေတွေကောင်းသွားတယ်လို့ ယူဆတာ မှားပါတယ်။ သူ့နေရာနဲ့ သူ့အချိန်အခါ မှန်ကန်စွာ အသုံးချတတ်ဖို့လိုပါတယ်။
ပတ်ဝန်းကျင်ကို လေ့လာရာမှာ Physical Environment (ဒြပ်ဝတ္ထုပတ်ဝန်းကျင်) Intangible Environment (ဒြပ်မဲ့ပတ်ဝန်းကျင်)ဆိုပြီးနှစ်ခုခွဲလို့ရပါတယ်။ဒြပ်ဝတ္ထုပတ်ဝန်းကျင်ကတော့ အရာဝတ္ထုတွေကို ထိတွေ့ခံစားသိမြင်နိုင်ပြီး ဒြပ်မဲ့ပတ်ဝန်းကျင်ကတော့ စိတ်ကူးဆန်ပြီး၊ အရပ်မျက်နှာတွေနဲ့ ပိုဆိုင်ပါတယ်။ နောက်ထပ် အဖိုအမဓါတ် (အင်နဲ့ရန်)တို့က သဘာဝဓါတ်ကြီးငါးပါးဖြစ်တဲ့ သတ္ထု၊ ရေ၊ သစ်သား၊ မီး၊ မြေဓါတ်တို့မှာ အချိုးကျစီပါဝင်နေပြီး လူသားတို့ကို အားသက်ရောက်စေပါတယ်။
၁။ Physical Environment (ဒြပ်ဝတ္ထုပတ်ဝန်းကျင်)
ယခုခေတ်ကာလမှာ ဖုန်းရွှေရဲ့ အချက်အလက်ကောင်းတွေနဲ့ ပြည့်စုံတဲ့ အိမ်တစ်အိမ်ရဖို့ ခေတ်မီမြို့ပြတွေမှာ မလွယ်တော့ပါဘူး။ အိမ်တစ်အိမ်ပဲဖြစ်ဖြစ် တိုက်ခန်းတခန်းတစ်ခုပဲဖြစ်ဖြစ် ၀ယ်တော့မယ်ဆိုလျှင် ပထမဆုံး လုပ်ရမှာက ပတ်ဝန်းကျင်(Landscape) အနေအထားကို စစ်ကြည့်ရပါမယ်။
အဲဒီလိုစစ်နိုင်ဖို့အတွက် အာကာသ၊ဂြိုလ်လေးခွင်တိရိစ္ဆာန် (the four celestial animals) လေးမျိုးနဲ့ တိုင်းတာရပါမယ်။ အဲဒီလေးခုကတော့

၁။ အစိမ်းရောင်နဂါး
၂။ အနီရောင်ဇာမဏီငှက်၊
၃။ အဖြူရောင်ကျားနှင့်
၎။ အနက်ရောင်လိပ်တို့ဖြစ်ပါတယ်။
အနက်ရောင်လိပ်ကတော့ အိမ်ရဲ့နောက်ကျောမှာ ရှိပါတယ်။ တနည်းအားဖြင့် လူတစ်ယောက်က ကြာကြာထိုင်နိုင်ဖို့ နောက်ကနေအမှီသဘောမျိုးရှိတဲ့ သဘောပါပဲ။ အိမ်ရဲ့အနောက်ဘက်မှာ အမှီသဟဲပြုဖို့ မြင့်မားတဲ့မြေအရပ် (တောင်ပူစာ၊ တောင်ကမူ၊ တောင်တန်း)လို ရှိနေရပါမယ်။ အရှေ့ဘက်မှာတော့ အနီရောင်ဇာမဏီငှက်ကိုယ်စားပြုတဲ့ ကျယ်ပြန့်နိမ့်လျောတဲ့ မြေနေရာရှိရပါမယ်။ အဲဒီမြေနေရာက အိမ်ရဲ့ သက်တောင့်သက်သာရှိဖို့၊ ဇိမ်ကျကျနေနိုင်ဖို့ရည်ညွှန်းပါတယ်။ လေ့လာကြည့်လျှင် အိမ်ရှေ့မှာ ခပ်ရှင်းရှင်းကျယ်ပြန့်ပြန့်မြေနေရာ ရှိခြင်းက ဧည့်သည်လာတဲ့အခါပဲဖြစ်ဖြစ်၊ အလှူအတန်းရှိတဲ့အခါပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ ဧည့်ခံနိုင်တာပေါ့။ တနည်းအားဖြင့် စွမ်းအား(ချိ)တွေ အိမ်ထဲမ၀င်လာခင် အိမ်ရှေ့မြေကွက်လပ်မှာ တည်ငြိမ်အောင် ထိန်းချုပ်လိုက်တဲ့သဘောဖြစ်ပြီး။ ရှိပြီးသား ကောင်းမွန်တဲ့ချိတွေ လွယ်လွယ်မထွက်သွားအောင် အနောက်ဘက်နေ တောင်နဲ့တူတဲ့ အဆီးအတားအထောက်အပံ့က ထိန်းလိုက်သလိုပါပဲ။
အခုနောက်ပိုင်း ခေတ်သစ်ဖုန်းရွေပညာမှာတော့ ကားလမ်းတွေ လူလျှောက်လမ်းတွေကို ရေအဖြစ် အဓိပ္ပါယ် ဖွင့်ဆိုပြီး အဆင့်မြင့် အထပ်မြင့် အဆောက်အဦးတွေကိုတော့ တောင်တွေ အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ နောက်ပြီး အဆောက်အဦးအတွင်းက Lift Lobby လိုနေရာတွေ၊ ရေကာတာတွေ၊ တူးမြောင်းတွေစတဲ့ သဘာဝမဟုတ်တဲ့ အရာတွေကိုလည်း ရေအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပြန်ပါတယ်။
၂။ Intangible Environment (ဒြပ်မဲ့ပတ်ဝန်းကျင်)
အိမ်ထဲကိုစွမ်းအားတွေ စီးဆင်းတဲ့အခါမှာ သာမန်မျက်စိနဲ့ မြင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဖုန်းရွှေသံလိုက်အိမ်မြှောင် သုံးပြီး စွမ်းအားတွေကို ခြေရာခံ၊သဲ့ယူနိုင်ပါတယ်။ အဓိကကတော့ ဒြပ်မဲ့စွမ်းအားတွေကို အဖိုအမဓါတ်၊ Luo Shu Arrangement (နောက်ပိုင်းမှာဆက်လက်ရေးပါမည်) ဓါတ်ကြီးငါးပါးတို့က ပဲ့ထိန်းသလို ထိန်းထားကြတာဖြစ်ပါတယ်။
ချိ၊ အင်အားတွေက နေထိုင်သူအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲဆိုတာကို အချိန်၊နေရာ၊ ပတ်ဝန်းကျင်ဖွဲ့စည်းမှုအနေအထားတွေနဲ့ စဉ်းစားရပါတယ်။
တလောကလုံးမှာရှိတဲ့ စွမ်းအားတွေကို ဘယ်လိုထိန်းသိမ်း အသုံးချရမလဲဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မိမိပတ်ဝန်းကျင်မှာ ရှိတဲ့ စွမ်းအားကိုတော့ လိုအပ်သလိုထိန်းသိမ်းလို့ရပါတယ်။ အဲလိုထိန်းသိမ်းနိုင်ဖို့အတွက် တရုတ်ရိုးရာ လောကနိယာမကို နားလည်ဖို့လိုပါတယ်။ အဲဒါကတော့ ဒြပ်ဝထ္တုပတ်ဝန်းကျင်ပဲ ဖြစ်ဖြစ်၊ ဒြပ်မဲ့ပတ်ဝန်းကျင်ပဲ ဖြစ်ဖြစ် သဘာဝတရားသုံးခုက စိုးမိုးထားပါတယ်။ ကောင်းကင်ဘုံ(Heaven)၊ မြေကမ္ဘာ(Earth) နဲ့ လူသား (Human)ဆိုပြီးတော့ပါ။ အဲဒီသုံးချက်က အဆောက်အဦးတွေ ပတ်ဝန်းကျင်အနေအထားတွေကို ဟန်ချက်ညီညီ လှုပ်ရှားပေးထားပါတယ်။ အဲဒီသဘာဝတရား တစ်ခုချင်းစီမှာလည်း သက်ဆိုင်တဲ့ စွမ်းအားတွေ ကိုယ်စီရှိကြပါတယ်။
နောက်တစ်ခု သတိထားရမှာက ဖုန်းရွှေပညာက ကံတရားကောင်းလာဖို့ သူ့အလိုအလျောက် မဖန်တီးပေးနိုင်ပါဘူး။ မီးသီးက မီးလင်းလာဖို့ မီးခလုတ်ကို နှိပ်ရသလို ကံတရားကောင်းလာဖို့ လိုအပ်တဲ့ အစီအမံလေးတွေကို (ဓါတ်ကြီးငါးပါးအပေါ်) စီရင်ရပါတယ်။
နောက်ထပ် နားလည်ထားရဖို့အချက်က သဘာဝတရားသုံးခုရဲ့ အနေအထားပါ။ ကောင်းကင်ဘုံရဲ့ သဘောတရားက နတ်ပြည်လိုပါပဲ။ လူတစ်ယောက်အနေနဲ့ ဘယ်လိုမှ နတ်ပြည်ရဲ့ အင်အားကို ထိတွေ့လို့မရသလို Heavenly Luck လို့ခေါ်တဲ့ ကောင်းကင်ဘုံကံအကျိုးပေးကို ဖုန်းရွှေပညာနဲ့ Control လုပ်လို့မရပါဘူး။
Earthly Luck လို့ခေါ်တဲ့ ကမ္ဘာမြေကံအကျိုးပေးကတော့ ကျွန်တော်တို့ Control လုပ်လို့ရပါတယ်။ ကောင်းမွန်တဲ့ ကံတရားတွေ၊ အကျိုးပေးတွေက ကျွန်တော်တို့ လက်လှမ်းမီရာမှာ အမြဲတမ်းရှိနေတတ်ပါတယ်။ နောက်ပြီး Human Luck ကလည်း ကျွန်တော်တို့ control အောက်မှာ ရှိပါတယ်။ အလုပ်တစ်ခုအောင်မြင်ဖို့ ကိုယ်တစ်ယောက်တည်းတင်မကပါဘူး၊ ကိုယ့်လက်အောက်မှာ ကိုယ့်အကျိုးစီးပွားတိုးအောင် လုပ်ဆောင်ပေးဖို့ လူတွေ၊ ကိုယ့်ကို ထောက်ပံ့ပေးနိုင်ဖို့လူတွေ အများကြီးလိုအပ်ပါတယ်။ နောက်တစ်ခုက လူတစ်ယောက်က သူ့ရဲ့ကံကြမ္မာ ချယ်လှယ်နိုင်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တိုးတက်ကောင်းမွန်လာအောင်ပဲ လုပ်လို့ရတယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။
ဖုန်းရွှေပညာကို ကိုယ်တတ်နိုင် လက်လှမ်းမီနိုင်တဲ့ နေရာမှာလက်တွေ့ အသုံးချနိုင်မယ်ဆိုလျင်တော့ သင်ရဲ့ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ အချိန်အတိုင်းအတာတွေကို အကောင်းဆုံးလိုက်လျောညီထွေမှု (Balance) ဖြစ်အောင် လုပ်နိုင်ပါလိမ့်မယ်။
စာရေးသူသည် ဖုန်းရွှေဝေါဟာရများကို မြန်မာလို ဘယ်လိုခေါ်သလဲဆိုတာ မကြေညက်သေးပါ။ အကယ်၍ စကားလုံးများကို မှားယွင်းစွာ အသုံးချခဲ့လျင် ကွန်မန့်တွင် ပြန်လည်ထောက်ပြပေးရန် မေတ္တာရပ်ခံပါသည်။

0 ယောက်ကဒီလိုမြင်တယ်တဲ့...:
Post a Comment