March 30, 2011

သခင်ယေရှုရဲ့ မူရင်းမျက်နှာတော်

 Shroud of Turin မှ သခင်ယေရှုရဲ့မျက်နှာတော်


သမိုင်းပညာရှင်တွေ သိပ္ပံပညာရှင်တွေ အကြိမ်ကြိမ်လေ့လာခြင်း ခံရတဲ့ အသုဘခြုံထည် (Shroud of Turin)

တမန်တော် သခင်ယေရှုနဲ့ ပါတ်သက်ပြီး ကိုယ်လက်လှမ်းမှီသလောက်လေး ဖတ်ဘူးပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဘာသာရေးနဲ့ ပါတ်သက်ပြီး ဟိုစပ်စပ်ဒီစပ်စပ် မေးမြန်းရင်းနဲ့ သိလာတာလည်း ပါပါတယ်။ နောက်ပြီး ဥရောပက ယဉ်ကျေးမှုလက်ရာတွေအကြောင်း ဖတ်ရင်လည်း သခင်ယေရှုရဲ့ ပုံတော်တွေက နေရာတိုင်းလိုလိုမှာပဲဆိုတော့ စိတ်ဝင်စားမိတာ အမှန်ပါ။

ဒီတစ်ခါတော့ သခင်ယေရှုရဲ့ မျက်နှာတော်နဲ့ပါတ်သက်ပြီး သူနဲ့ပါတ်သက်တာလေးတွေ ဖတ်မိရင်းက ကိုယ်တွေ့ရသလောက် ဖောက်သည်ချချင်ပါတယ်။ ဒီနေရာမှာ မှားတာလေးတွေပါခဲ့လျှင် အရင်ဆုံးတောင်းပန်ချင်ပါတယ်။ ကိုယ်က ငယ်ငယ်ကတည်းက ခရစ်ယာန်ဘာသာ၊ ကတ်တလစ်ဘာသာတွေနဲ့ နီးနီးကပ်ကပ်မနေခဲ့ဘူးတော့ ကိုယ်မသိတာတွေ အရမ်းများပါတယ်။ ဒီနေရာမှာ ဘာသာရေးထက် သမိုင်းဝင် အသုဘခန္ဓာကိုယ်ပတ်ရာမှာ သုံးတဲ့ ပိတ်စတထည်ကြောင်းကို ပြောပြချင်တာပါ။ ဘာလို့လည်းဆိုတော့ အဲဒီပိတ်စမှာ သခင်ယေရှုရဲ့ မူယင်း မျက်နှာတော်ပုံပေါ်နေတယ်လို့လည်း ပြောကြသလို၊ သူသေဆုံးစဉ်မှာ ပတ်ခဲ့တဲ့ အသုဘခြုံထည်ဖြစ်ကြောင်း ပြောနေကြလို့ပါပဲ။

အဲဒီအ၀တ်စကို တုရင်ခြုံထည်လို့ ခေါ်ပါတယ်။ လင်နမ်ချည်ထည်အမျိုးအစားဖြစ်ပြီး ကားစင်တင်ခံရတဲ့ ဒဏ်ရာဒဏ်ချက်တွေရှိနေတဲ့ ၀တ်လစ်စလစ်လူခန္ဓာကိုယ်အရာတွေ ရှိနေတဲ့ အ၀တ်စတစ်ခုပါ။ ပိတ်စအရှည်က ၄.၄မီတာ အကျယ်က ၁.၁မီတာရှိပါတယ်။ ပိတ်စကို အလယ်ကခေါက်ပြီး ခန္ဓာကိုယ်အရှေ့နဲ့အနောက်ကို ပတ်ထားခဲ့တဲ့အတွက် ပိတ်စတဖက်မှာ လူခန္ဓာကိုယ်အရှေ့ပိုင်း၊ နောက်တဖက်မှာ ကျောဖက်ခြမ်းတွေ ပေါ်နေတာ တွေ့ရပါတယ်။ အီတလီမြောက်ဘက်  စိန့်ဂျွန်းဘုရားကျောင်းမှာရှိတာကို အစွဲပြုပြီး တုရင်ခြုံထည်လို့ ခေါ်တယ်ထင်ပါတယ်။

အဲဒီခြုံထည်ရဲ့ သမိုင်းကို လေ့လာကြည့်လျင် အချိန်အပိုင်းအခြားကို နှစ်ပိုင်းခွဲခြားလို့ရပါတယ်တဲ့။ တစ်ပိုင်းကတော့ အေဒီ၁၉၃၀မတိုင်ခင်ကာလနဲ့ နောက်တစ်ခုက အေဒီ၁၉၃၀နောက်ပိုင်းကာလတွေပါ။

သမိုင်းအစကို ပြန်သွားကြည့်လျင်တော့ အေဒီ ၂၇-၃၆ကာလ၊ ဂျေရုစလင်မြို့မှာ ခရစ်တော်ရဲ့ နောက်လိုက်တော် ပီတာနဲ့ ဂျွန်ဆိုသူတို့က ခရစ်တော်ရဲ့ သချိုင်းဂူကိုလာဂါရ၀ပြုတဲ့အခါမှာ ခရစ်တော်ရဲ့ ကျန်ရစ်ခဲ့တဲ့ခန္ဓာကိုယ်ပျောက်ဆုံးနေပြီး လွှမ်းခြုံထားတဲ့ အသုဘသုံးခြုံထည်သာ ကျန်ရစ်ခဲ့ပါတယ်။ အေဒီ၅၀ခုနှစ်ရောက်တော့ တခြားဘာသာတရားတွေ ပြန်လည်ကြီးစိုးလာခဲ့တဲ့အခါမှာ အဲဒီခြုံထည် လုံခြုံရေးအတွက် Turkey က အီဒတ်စမြို့တံခါးဂိတ်မှာ မြှပ်နှံ ကွယ်ဝှက်ထားခဲ့ကြတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေရာကနေ ၆ရာစုရောက်လာတဲ့အခါမှာတော့ အဲဒီပိတ်စကို မြို့တော်ရဲ့နံရံတွေထဲက ပြန်လည်တွေ့ရှိပြီး ဘုရားကျောင်းတစ်ခုဆောက်ပြီး ပြန်လည် သိမ်းဆည်းလိုက်ပြန်ပါသေးတယ်။

အေဒီ၅၀၀နဲ့ ၅၂၅လောက်က လက်ရေးမူမှတ်တမ်းတစ်ခုတွေ့ရှိခြဲ့ပန်ပါတယ်။ အဲဒီတွေ့ရှိချက်အရ ဂျိုးဇတ်ဆိုသူက ခရစ်တော်ရဲ့သွေးကို ခရစ်တော်ရဲ့ ခန္ဓာကိုယ်ရုပ်အလောင်းမှာ ပတ်ထားတဲ့ အသုဘသုံး လင်နမ်ပိတ်စနဲ့ ခံယူခဲ့တယ်လို့ဆိုပြန်ပါတယ်။ အေဒီ၉၄၄ရောက်တော့ အင်ပါယာရိုမန်နပ်စ်က အီဒတ်စမြို့ကို စစ်တပ်စေလွှတ်ပြီး ကွန်စတန်တီနိုပယ်မြို့(ယခုအီစတန်ဘူမြို့)ကို သယ်ယူလာခိုင်းပါတယ်။  ကွန်စတန်တီနိုပယ်မြို့မှာ ရှိနေတုန်း အဲဒီခြုံထည်ကို ပူဇော်ကန်တော့ခြင်းခံရပါတယ်။ ဒါပေမယ့် ကွန်စတန်တီနိုပယ်မြိုတော် ကျဆုံးပြီး Crusaders တွေက ရတနာတွေနဲ့အတူ ထိုခြုံထည်ကို ယူဆောင်သွားတယ်လို့ သိရပြန်ပါတယ်။ မှတ်တမ်းအရ ဂရိက အေသင်မြို့ကိုရောက်သွားတယ်လို့ ဆိုပြန်ပါတယ်။

အဲဒီခြုံထည် နောက်ဆုံးအကြိမ် လူထုရှေ့ကို ရောက်ခဲ့တာကတော့ ပြင်သစ်က လီရေးမြို့မှာပါ။ လီရေးကနေ အင်္ဂလန်၊ ချန်ဘာရီကို ရောက်သွားပြန်ပါတယ်။ အဲဒီလို နိုင်ငံပေါင်းစုံရောက်နေတဲ့ ခြုံထည်ခမျာ ၁၅၇၈မှာ မီးလောင်ခြင်းခံရပြန်ပါတယ်။ ခြုံထည်ကို ခေါက်ထားတဲ့အတွက် မီးနည်းနည်းခတာခံရပြီး ကံကောင်းထောက်မစွာနဲ့ပဲ အကောင်းနီးပါးကျန်ခဲ့ပါတယ်။ အဲဒီနောက်တော့ ယခုအီတလီက တုရင်မြို့ကို ရောက်ရှိလာပြီး တုရင်ခြုံထည်လို့ အမည်ရလာပါတော့တယ်။


ခြုံထည်ပေါ်က ပုံရိပ်ကို အခုလို အဖြူအမဲ နဂ္ဂတစ်ပေါ်မှာကြည့်မှသာ သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။ ဓါတ်ပုံပညာအရ ဖလင်ပေါ်မှာ မြင်ရတဲ့ ပုံက နဂ္ဂတစ်အမြင်ရှိရမှာဖြစ်ပြီး၊ ဖလင်ဆေးကူးပြီးသား ဓါတ်ပုံက ပေါ့စတစ်ပုံဖြစ်ရမှာပါ။ ဒါပေမယ့် ခြုံထည်မှာ မြင်နေရတဲ့ ပုံက ဆေးမကူးခင်ကတည်းက အံသြဖွယ် ပေါ့စတစ်ပုံရိပ်ရှိနေပါတယ်။ 

မီးထည်ကြောင့်အနည်းငယ်ပျက်စီးခဲ့တဲ့ ခြုံထည်ကို ၁၆၉၄မှာတကြိမ်၊ ၁၈၆၈မှာတကြိမ် ဖာထေးပြုပြင်ခဲ့ကြပါတယ်။ ၁၈၉၈ရောက်တော့ ဓါတ်ပုံဆရာ ဆကန်ဒိုပီယာက ဓါတ်ပုံရိုက် မှတ်တမ်းတင်ရင်း အမှတ်မထင် သခင်ယေရှုမျက်နှာတော်ကို ဓါတ်ပုံနဂ္ဂတစ်မှာ တွေ့ရှိခဲ့ပါတယ်။ နဂ္ဂတစ်မှာထင်နေတဲ့ ပုံက ဓါတ်ပုံဆေးကူပြီးသားပုံလို ထင်ထင်ရှားရှားပေါ်နေခဲ့ပါတယ်။ သူ့ရဲ့တွေ့ရှိမှုက ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်တဲ့ သူတိုင်းကို အံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။ ၁၉၃၁မှာတကြိမ်၊ ၁၉၇၈မှာတကြိမ် ခေတ်မီနည်းပညာတွေနဲ့ ဓါတ်ပုံရိုက်ကူးခဲ့ပြန်ပါသေးတယ်။

ဓါတ်ပုံထဲကလူရိပ်မှာ မုတ်ဆိတ်မွှေးထူထူ၊ နှုတ်ခမ်းမွှေးထူထူ၊ ပုခုံးအထိရှည်တဲ့ ဆံပင်အရှည်ရှိပြီး ခန္ဓာကိုယ်ကြံကြံခိုင်ခိုင် သန်သန်မာမာပုံစံပါ။ အရပ်က ငါးပေခုနှစ်လက်မခန့် ရှိပါတယ်။ ပိတ်စပေါ်က ခန္ဓာကိုယ်အရိပ်ဟာ တော်ရုံတန်ရုံ မျက်လုံးမျိုးနဲ့ မမြင်ရပါဘူး။ အဖြူအမဲ ဖလင်နဂ္ဂတစ်ပေါ်မှာ ကြည့်မှသာ ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။

ပိတ်စပေါ်မှာ ထင်နေတဲ့ သခင်ယေရှုရဲ့ ပုံတော်က တကယ်အစစ်ဟုတ်မဟုတ် သမိုင်းပညာရှင်တွေရော၊ သိပ္ပံပညာရှင်တွေရော စိတ်ဝင်စားပြီး အမျိုးမျိုးသုတေသန ပြုကြပါတယ်။ ရှေးဟောင်းမှတ်တမ်းတွေထဲမှာလည်း ဘုန်းတော်ကြီးတပါးက ရေးဆွဲခဲ့တဲ့ အရုပ်လို့လည်း တွေ့ရှိရပြန်ပါတယ်။ အဲဒါကြောင့် ခြုံထည်ထင်နေတဲ့ ပုံတော်ဟာ နဂိုမူရင်း ပုံလား၊ တစ်စုံတစ်ယောက်ဖန်တီးခဲ့တဲ့ အနုပညာလားဆိုတာ ထောင့်ပေါင်းစုံက လေ့လာကြပါတော့တယ်။
ဤပို့စ်ပါအချက်အလက်များကို History Channel: The Real Face of Jesus? နှင့် www.wikimedia.com မှ ကောက်နှုတ်ဖော်ပြပါသည်။ ဘာသာရေးနှင့် ဆက်နွယ်ချင်းမပြုဘဲ အဖြေရခက်သည့် ရှေးဟောင်းလက်ရာတစ်ခုအနေဖြင့် မျှဝေလေ့လာနိုင်ပါစေလို့ ဆန္ဒပြုပါသည်။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် ဆက်ပါဦးမည်။  

အပိုင်း(၂)
အပိုင်း(၃)


4 ယောက်ကဒီလိုမြင်တယ်တဲ့...:

မိုးယံ (လူသားအားလုံးအတွက်) said...

တစ်ကယ်ပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် ဗဟုသုတ ရတဲ့ အတွက် ကျေးဇူးပါ ခင်ဗျာ။

Anonymous said...

It's quite interesting.Every religion has that kind of things.Thanks for sharing.
Gyidaw

Anonymous said...

ဖတ်ရတာ ဗဟုသုတ ရတယ် ...

ညီမလည်း
ဗုဒဘာသာ ၀င် တစ်ယောက်ဆိုပေမယ့်
တစ်ခြား ဘာသာရေး တွေကို
လိုက်လေ့လာရတာ စိတ်ဝင်စားတယ် ..
အရင်တုန်းက
ရန်ကုန်တက္ကသိုလ် မိန်းထဲမှာ
စနေ၊တနင်္ဂနွေ ကျောင်းတတ်တုန်းက
ခရစ်ယာန် ဘာသာကို စိတ်ဝင်စားလို့
(ဗဟုသုတ ၇ချင်လို့)
ဆန်းဒေးဆို အဲ့ထဲက ဘုရားကျောင်းကိုသွားတက်တယ်..

အစ္စလာန်လည်း လေ့လာတယ် ..

ဗုဒဘာသာမှာ ဓ ကို လက်ကွက်
မရိုက်တတ်လို့ မရိုက်ခဲ့တော့ဘူး ..
တော်ကြာ ဒါတောင် မပေါင်းတတ်ဘူး ထင်မှာဆိုးလို့ ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

ကောင်းပါတယ်ဗျာ ဗဟုသုတရတာပေါ့ ။စာဖတ်သူတွေ အတွက်ကောင်းတယ်။တခြား ဘာသာကို စိတ်ဝင်စားတဲ့ လူတွေ အတွက် ကို့ဘာသာ ( ဗုဒ္ဓဘာသာ) ရဲ့ အကြောင်းအရာတွေ ပိုသိလာအောင်လည်း စာပေနဲ့ တက်နိုင်သလောက်လုပ်ဆောင်ပေးပါအုံးခင်ဗျာ။