ဤ၀တ္ထုပါဇာတ်ကောင်များသည် ဆရာမကြီးလူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာရှင်များစာအုပ်မှ လေဘာတီမမြရင်၊ အငြိမ့်စာအုပ်မှ ဥက္ကလာအေးကြည်၊ Memoirs of a Geisha ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ကောင် ဆာယုရိတို့ကို မှီငြမ်းပြီး စာရေးသူစိတ်ကူးဖြင့် ထိုအမျိုးသမီးသုံးယောက်တွေ့ဆုံခန်းကို ဖန်တီးထားခြင်းဖြစ်ပါသည်။
ဆောင်းမဟုတ်သော်ငြားလည်း အေးစက်သော လေပြင်းရှရှတို့သည် ရိုးတွင်းချဉ်ဆီထဲကို ကြမ်းတမ်းစွာ ထိုးစက်ဝင်ရောက်လာသည်။ အညာထွက် ဂွမ်းစောင်တစ်ထည်ကို တကိုယ်လုံးနေရာလပ် မကျန်အောင် ထွေးပတ်လိုက်သော်လည်း ချမ်းစိမ့်မှုက လျော့မသွား၊ မေးဖျားရိုက်ပြီး သွေးတွေ အေးခဲလာသည်ဟု ထင်ရပြန်၏။ ချမ်းအေးမှုနဲ့အတူ ခေါင်းတစ်ခုလုံး အုံပြီးတက်လာပြန်သည်။ နောက်ကျိနေသော အတွေးတွေနှင့်အတူ လေးလံနေသည့် မျက်ခွံကို ဇွတ်ဖွင့်ကြည့်လိုက်တော့ ခြင်ထောင်အမိုးသည် ကျွန်မခန္ဓာကိုယ်ပေါ်ပိပြီး ကျလာသည်ဟု ထင်ရပြန်သည်။ ပဲကြီးခွံထပြီး အေးစက်နေသလား မှတ်ရသော လက်ချောင်းတွေကို စောင်အောက်ကနေ လျှိုပြီး ထုတ်ကြည့်လိုက်သော်လည်း လက်ချောင်းတွေက ကျွန်မနဲ့ ဝေးရာ သုံးပေအကွာမှာ ရောက်နေသည်ဟု ထင်ရပြန်သည်။ အားစိုက်ပြီး လက်ချောင်းများကို အနီးကပ်ဆွဲယူလိုက်သော်လည်း ဝေးနေဆဲ။ အဝေးမှာ ရောက်နေသည့် မိမိ၏လက်ချောင်း ထိပ်တွေကို အားစိုက်ပြီး ကြည့်လိုက်သည့်အခါ ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားသည်။
ထိုအချိန်မှာပဲ ရင်းနှီးနေကျ အသံတစ်သံသည် အဝေးကနေ ကျွန်မ၏အခန်းငယ်လေးထဲကို ခပ်ပျပျဝင်လာသည်။ ထိုအသံတွေသည် ကျွန်မနှင့် ငယ်စဉ်ကတည်းက ယဉ်ပါးနေသော အသံလေးများ ဖြစ်ကြသည့် အငြိမ့်ဒိုးဆစ်သံတွေဖြစ်ကြသည်။ ထိုအသံကြားလျှင် လက်ချောင်းခြေချောင်းလေးတွေကို အငြိမ်မနေ ကျွန်မ ကွေးနေအောင် ကတတ်ခဲ့သည်။ ထိုမြူးကြွသည့် ဒိုးဆစ်သံတွေသည် အေးစက်နေသည့် ခြေဖျားလေးကနေတဆင့် ကျွန်မခန္ဓာကိုယ်ပေါ်တလိမ့်လိမ့် တက်လာပြန်သည်။ သည်တစ်ခါတော့ ကွေးနေကျ ခြေဆစ်လက်ဆစ်တို့က ထိုဒိုးဆစ်သံများ အနီးမကပ်လာအောင် တွန်းထုတ်မိရဲ့သား ဖြစ်နေပြန်သည်။ နားကို ဘယ်လိုပင်ပိတ်ထား ပိတ်ထား တဒိန်းဒိန်းနဲ့ ခေါင်းပေါ်တက်လာသည့် ဒိုးဆစ်သံများကြောင့် အကြောဆွဲသလို ကျွန်မ၏လက်ဖျား ခြေဖျားများသည် နာကျင်မှုနဲ့အတူ ဆတ်ခနဲ ဆတ်ခနဲ ဖြစ်သွားသည်။ ခေါင်းတစ်ခုလုံး ကြေမွသွားသကဲ့သို့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ဆန့်ငင်ဆန့်ငင် ဖြစ်သွားသည်။ ထို့နောက် အေးစက်သည့် လေနှင့် အတူ အသည်းတစ်ခုလုံး အေးခနဲ ဖြစ်သွားပြီး အမှောင်ထဲကို ခွေကျသွားတော့သည်။

ကကြိုး(၁)
ကျွန်မ ဘယ်နေရာရောက်သွားသလဲ မသိတော့။ ကတ္တီဘာစလို နက်မှောင်နေသောအခန်းကျဉ်းလေးထဲက လေဟာနယ်တစ်ခုထဲ ရောက်နေသကဲ့သို့ ကျွန်မ အသက်ရှူ၍မရ တစ်ဆို့ဆို့ကြီး ဖြစ်နေသည်။ ကျွန်မ အမှောင်ထဲကို အားစိုက်ပြီး ကြည့်လိုက်သည့်အချိန်မှာ အလင်းရောင်ခပ်မှိန်မှိန်လေးကိုသာ မြင်ရသည်။ ထိုအလင်းရောင်သည် ဇာတ်စင်ပေါ်က ကန့်လန့်ကာအဖွင့်မှာ တဖြည်းဖြည်းလေး လင်းလာသလို အနည်းငယ် စူးရှလာသည်။
ထိုအလင်းရောင် အောက်မှာတော့ မိန်းမပျိုလေးတစ်ယောက် ခပ်ယို့ယို့လေးထိုင်ပြီး ကျွန်မကို ပြုံးပြီး ကြည့်နေရှာသည်။ သူမ၏ ဖြူဖွေးနေသည့် မျက်နှာပြင်ပေါ်မှာ စွေးစွေးနီနေသည့် နှုတ်ခမ်းပါးတစ်စုံက ပြုံးနေသော်လည်း သူမ၏ အပြာရောင်သမ်းသည့် မျက်လုံးတွေက ငွေ့ရည်ဖွဲ့နေသည်။ ကျွန်မ အမှောင်တွေကို လက်နှင့် တွန်းဖယ်ရင်း သူမနားကို တိုးကပ်သွားမိသည့်အခါ ကျွန်မတစ်ခါမှ မရခဲ့ဖူးသည် ကိုယ်သင်းနံ့ မွှေးပျံ့ပျံ့လေးက ကျွန်မအနားကို ဝေ့ကာသီကာဖြင့် ရောက်လာပါသည်။ သူမဘယ်သူလဲ……..။ အံ့သြစိတ် သိလိုစိတ်ဖြင့် ကျွန်မ သူ့အနားကို ချည်းကပ်သွားချိန်မှာ ကျွန်မကို အသိအမှတ်ပြုသည့် အနေဖြင့် သူမ၏ ခန္ဓာကိုယ်ကို မခို့တရို့လေး ကိုင်းလိုက်ပြီး ဦးညွှတ်ပြသည်။ အို….. သူမ၏ လက်အပင့်အသက်များက ကိုယ်ခန္ဓာရွေ့လျားမှုများက အနုပညာဆန်လှပါလား။ ဂီတမပါသည့် ကကြိုးတစ်ခုပမာ သူမ၏ လှုပ်ရှားဟန်တွေသည် အယဉ်ကိုအယဉ်ဆင့်ပြီး အလှချည်းသက်သက် ဖြစ်နေပါလား။
သူမသည် ခရမ်းရောင်အပေါ်မှာ အ၀ါရောင်နုနုလေးတွေ ရေးသီထားသည့် ပန်းပွင့်အဆင်ခပ်ကြီးကြီးကို ၀တ်ဆင်ထားကာ ဆံနွယ်များကို ခပ်ယဉ်ယဉ်လေး အနောက်၌စုပြီး ထုံးဖွဲ့ထားသည်။ သူမ၏ဆင်ယင်ထုံးဖွဲ့မှုသည် ကျွန်မတို့ အငြိမ့်သမတွေနှင့် ကွာခြားလှပါသည်။ သူမသည် ငိုရည်သမ်းသည့် အပြုံးတွေဖြင့် ကျွန်မကို ခပ်တိုးတိုးစကားဆိုနေသည်။ သူမ၏စကားသံတွေသည် ကျွန်မဆီမရောက်ခင်စပ်ကြား လေလှိုင်းထဲမှာ ကျပျောက်ကုန်သည်။ သူမဆီက မပွင့်တပွင့် ထွက်လာသည့် နှုတ်ခမ်းသားလေးများမှာ အချစ်ဆိုသည့် စကားလုံးက တွန်းကာတိုက်ကာဖြင့် ထွက်ကျလာသည်ဟု ထင်ရပြန်သည်။ သူမ၏ စကားသံတွေသည် စကားသံတွေအနေဖြင့် ထွက်မလာတော့။ ထူးဆန်းအံ့သြလှစွာပဲ သူမဘာပြောချင်နေသလဲဆိုတာကို ကျွန်မနားလည် ခံစားမိလာသည်။ အခန်းကျဉ်းလေးထဲမှာ အေးစက်နေသည့် လေနုအေးတွေတိုက်ခတ်နေပေမယ့် သူမနှင့် ကျွန်မကြားမှာတော့ နွေးထွေးမှုတွေ ရှိနေသည်ဟု ခံစားလာရသည်။
တိုက်ဆိုင်စွာပင် ထိုအပြာရောင်မျက်လုံးပိုင်ရှင် မိန်းကလေး၏ ခံစားမှုများသည် ကျွန်မ၏ ခံစားမှုသက်သက်များအဖြစ်သို့ ပြောင်းသွားသည်။ သူမ၏ အချစ်နဲ့ဘ၀ကို ယုံကြည်မှုသည် ကျွန်မနှင့် ထပ်တူကျလာသည်။ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နားလည်စွာဖြင့် ကြည့်မိလိုက်ချိန်မှာတော့ ရင်းနှီးမှုအတိုင်းအဆသည် ခဏချင်းမှာပဲ ခိုင်မြဲလာခဲ့သည်။
ထို့နောက် သူမသည် ကျွန်မအနားကို ညင်သာ ယိမ်းနွဲ့စွာ တိုးကပ်ထိုင်လိုက်ပြီး သူမအကြောင်းကို ၀မ်းနည်းစွာ ပြောပြပါတော့သည်။
သူမသည် နိပွန်တို့ တိုင်းပြည်က ဖျော်ဖြေရေးအနုပညာရှင်တစ်ယောက် ဖြစ်သည်။ သူမ၏ဘ၀သည် ကျွန်မထက် ပိုပြီး ခက်ခဲကြမ်းတမ်းသယောင် ထင်ရသည်။ ကျွန်မတို့ကို အငြိမ့်သမလို့ခေါ်ကြသလို သူမတို့ကို ဂေရှားမယ်လို့လည်း ခေါ်ကြသည်။ ကျွန်မတစ်စွန်းတစ ကြားခဲ့ရသော ဂေးရှားမယ်သည် ယောက်ျားတို့ကို အလိုဆန္ဒဖြည့်ဖို့ အကဖြင့် ဖျော်ဖြေရသူများသက်သက်သာ ဖြစ်သည်။ ကျွန်မသိထားသမျှဂေးရှားမယ်တွေအကြောင်းကို သူမကို ပြောပြသည့်အခါ ထိုဂေးရှားမယ်လေးသည် ခပ်မဲ့မဲ့ ရယ်သည်။ ထို့နောက် သူမသည် သူမတို့၏ ဘ၀အကြောင်းကို ကျွန်မကို နားလည်အောင် ပြောပြသည်။ ထိုအခါတွင် ကျွန်မသိခဲ့ကြားခဲ့ဖူးသော ဂေရှားမယ်တို့သည် ကျွန်မတို့ သဘင်သည်တွေလိုပဲ အနုပညာကို လက်ဆင့်ကမ်း ဖန်တီးကြသူများမှန်း သိခဲ့ရသည်။
တကယ်တော့ မိန်းမတစ်ယောက်၏ဘ၀နှင့် ရပ်တည်မှုဆိုတာ ဘာလဲလို့ မေးကြလျှင် ကျွန်မနှင့် သူမ၏ဘ၀သည် အတော့်ကို ဆင်တူကြမည်ဟုထင်ပါသည်။ ဒါပေမယ့် ဘ၀ကို ရုန်းကန်မှုခြင်းကတော့ ကွဲပြားကြမှာပေါ့။
သူမမှာ လှပသည့် အပြာရောင် မျက်လုံးတစ်စုံ ရှိသလို၊ လှပသည့် နာမည်ကလေးလည်း ရှိခဲ့သည်။ သူမနာမည်က ဆယုရိတဲ့။ ဒါပေမယ့် သူမ၏ဘ၀က ကျွန်မထက်ပင် ခက်ခဲကြမ်းတမ်းသည်ဟု ထင်ရပြန်သည်။ ဒါဟာ ဘာလဲ………။ ကျွန်မတို့တတွေ၏ တူညီမှုက လူတွေရဲ့ ပျော်ရွှင်မှုအတွက် ဖျော်ဖြေရေးသက်သက် ပြယုခ်တွေဖြစ်နေကြလို့လား။
ကျွန်မဘ၀ကို လို ချောင်ကျသည့် သာစည်ဟူသော တောရွာလေးမှာ စခဲ့ပြီး ဆယုရိကလည်း ဝေးလံခေါင်ဖျားသည့် တံငါရွာလေးမှာ စခဲ့ကြပုံချင်းတူသည်။ သို့ပေမယ့် ကျွန်မတကယ်တမ်း ဘ၀စခဲ့သည့်နေရာက မန္တလေးလို သဘင်သည်တွေ စည်ကားသည့် မြို့ကြီးဖြစ်ခဲ့သလို ဆယုရိကလည်း ထိုတံငါရွာလေးမှာ မဟုတ်ခဲ့။ ကျိုတိုမြို့က ဂေရှားမယ်တို့မွေးဖွားရာ ဂီရွန်ဆိုသည့် မြို့လေးမှာ သူမ၏ဘ၀ကို နာကျင်စွာ စခဲ့ရသည်။ မည်သူကမျှ ဂေရှားမယ်တစ်ယောက်ဖြစ်ဖို့ မရည်ရွယ်ခဲ့သလို ဆယုရိအနေနဲ့လည်း ဂေရှားမယ်ဖြစ်ဖို့ အိပ်မက်တောင် မမက်ဖူးခဲ့ပေ။ ဒါပေမယ့် ဆယုရိ ဂေရှားမယ်တစ်ယောက်ဖြစ်ဖို့ တွန်းအားပေးခဲ့သော အရာသည် သူမကိုးနှစ်သမီး အရွယ်ကတည်းက တိတ်ဆိတ်စွာ စောင့်စားခဲ့ရသည် အချစ်စစ်သက်သက်သာ ဖြစ်ခဲ့သည်။ အချစ်ဟုဆိုသော်လည်း သူမဘ၀မှာ ရယူပိုင်ဆိုင်လိုမှု မရှိခဲ့။ သူမတိတ်တခိုးချစ်ခဲ့သည့် ချစ်သူသည် စီးပွားရေးအရ အောင်မြင်ကျော်ကြား ချမ်းသာသည့်လူတစ်ယောက် ဖြစ်ပြီး အနုပညာကို ခုံမင်သူဖြစ်သည်။ သူသည် ဂေရှားမယ်တို့၏ အကနှင့် အနုပညာကို တန်ဖိုးထားတတ်သူတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် သူသည် ဂေရှားမယ်လေးများနှင် စကားရည်လုရတာကိုလည်း သဘောကျသူဖြစ်ပြန်သည်။ ဆာယုရိ၏ဘ၀သည် သူမ၏ချစ်သူကို နီးကပ်စွာ ဖြေဖျော်နိုင်ဖို့အတွက် ဂေးရှားမယ်အဖြစ် သူ့ဆီရောက်ဖို့ တစ်လှမ်းချင်း လှမ်းခဲ့သည့် ခြေလှမ်းများသာ ဖြစ်ခဲ့သည်။
“အချစ်ဆိုတာ ဘာလဲဆိုတာ… ကျွန်မတကယ်ရေရေရာရာ မသိတတ်သေးတဲ့ အရွယ်မှာပဲ သူ့ကို စတွေ့ခဲ့ရတယ်…. အဲသည်နေ့က ချယ်ရီတွေပွင့်နေတယ်လေ…..။ အနာဂတ်ဆိုတာကို သာမန်ကလေးလေးတစ်ယောက်အတွက် ဘာမှန်းမသိဘဲ ပျောက်နေတဲ့အချိန်မှာ သူ့ကိုရုတ်တရက် တွေ့ခဲ့ရတယ်။ စိတ်ကောက်နေတဲ့ ကလေးလေးတစ်ယောက်ကို မုန့်လာကျွေးပြီး လာချော့တဲ့ အကိုကြီးတစ်ယောက်လိုပေါ့….. သူက ဂေရှားမယ်တွေရဲ့ ကပွဲကြည့်ဖို့သွားတာ နောက်ကျနေတာတောင် ဂရုမစိုက်ဘူး သိလား… အဲသည်နေ့က ကျွန်မရဲ့ ပျောက်ဆုံးနေတဲ့ အနာဂတ်က သူ့ကြောင့် တောက်ပလာခဲ့တယ် ဆိုရမလား……. ကျွန်မ သူ့အနားမှာ ဖျော်ဖြေချင်တဲ့ ဂေရှားမယ်တစ်ယောက် အဲသည်အချိန်ကတည်းက ဖြစ်ချင်ခဲ့တာပေါ့……. ဒါပေမယ့် ကံကြမ္မာက ကျွန်မကို မျက်နှာသာမပေးခဲ့ပါဘူး။ နီးမယ်ထင်ထားခဲ့ပေမယ့် သူနဲ့ဆုံဖို့ကဝေးနေဆဲပါပဲ။”
ကျွန်မကျတော့ရော……..။ သဘင်သည်ဖြစ်ဖို့ ဘယ်လိုအရာတွေက တွန်းအားပေးခဲ့သလဲ…..။ သေချာတာတစ်ခုကတော့ တောရွာတွေမှာသာ လှည့်လည်ကပြခဲ့ရသည့် တောမင်းသား၊ မင်းသမီးများဖြစ်ကြသည့် မိဘများမှ မွေးဖွားခဲ့သော ကျွန်မသည် သဘင်သည်တွေရဲ့ ဂီတနှင့် အကမှာ စိတ်ဝင်စားခဲ့တာ အဆန်းတော့ မဟုတ်ခဲ့ပေ။ သေချာတာတစ်ခုကတော့ သဘင်သည်ဘ၀ကို ခုံမင်မြတ်နိုးခဲ့တာ အမှန်ပင်ဖြစ်ခဲ့သည်။ သို့သော်ကျွန်မအတွက် အချစ်နှင့် သဘင်သည်ဘ၀သည် လမ်းတစ်ခုစီ သီးသန့်သာ ဖြစ်ခဲ့သည်။
အချစ်ဆိုတာဘာလဲလို့ ကျွန်မနှင့် ဆာယုရိတို့ မေးခွန်းထုတ်မိတိုင်း မရေရာသည့် ပင့်သက်အမောတို့သာ ကျွန်မတို့ကြားမှာ ကျန်ခဲ့သည်။ ဂေရှားတစ်ယောက်ဆိုတာ အချစ်ကိုဘ၀တစ်ခုနဲ့လဲရသူသက်သက်သာလို့ ဆာယုရိကဆိုသည်။ ဂေရှားတစ်ယောက်အဖြစ် အောင်မြင်ဖို့ သူမတို့ဘ၀မှာ အချစ်ဆိုတာ အတားအဆီးတစ်ခုသက်သက်သာဖြစ်သည်။ ဂေရှားတိုင်းက ဂေရှားမဖြစ်ချင်ကြဘူးလို့လည်းဆိုပြန်သေးသည်…. ဒါဆိုအချစ်က ကိုယ်မဖြစ်ချင်တဲ့ ဘ၀ကို ဆွဲထုတ်ခေါ်နိုင်မယ့်အရာမဟုတ်ဘူးလားလို့ မေးလိုက်တော့ သူမက သဘောကျစွာ ရယ်သည်။
“အောင်မြင်တဲ့ ဂေရှားတစ်ယောက် ဖြစ်လာရင်… သူ့နောက်မှာ ယောက်ျားဆိုတာတွေ အားလုံးက ကိုယ်စေလိုရာစေပေါ့……။ ဒါပေမယ့် ကျွန်မတို့တတွေက ကိုယ်နိုင်တဲ့ အနုပညာနဲ့ ကိုယ်ပိုင်တဲ့လောကလေးကို လက်ဝါးပေါ်တင်ထားကြတာလေ….။ ကိုယ့်လက်ဝါးပေါ်ရောက်လာတဲ့…. ကိုယ်ခြယ်လှယ်နိုင်တဲ့ ကိုယ့်ကမ္ဘာလေးကို ပိုင်ဆိုင်လိုက်ရတဲ့အချိန်မှာ ဂေရှားတစ်ယောက်ဖြစ်ရတဲ့ဘ၀ကို မက်မောသွားတတ်ကြတာ.. ဒို့တတွေဆီမှာ အဆန်းတော့ မဟုတ်တော့ပါဘူး … ဒါပေမယ့် ကျွန်မတို့တတွေ အိမ်ထောင်ပြုလျင် ဂေရှားတစ်ယောက်အဖြစ် ဘယ်လိုမှ ရပ်တည်ခွင့် မရှိတော့ဘူး။ အဲဒါကြောင့် အချစ်ဆိုတာ အောင်မြင်တဲ့ဂေရှားတွေရဲ့ အဝေးဆုံးအရပ်မှာပဲပေါ့…….”
ကျွန်မသက်ပြင်းချမိသည်။ ကျွန်မတို့ အငြိမ့်မင်းသမီးများလည်း ကိုယ်ပိုင်ရာကမ္ဘာငယ်လေးကို ဖန်တီးယူဖို့ကြိုးစားကြခဲ့ဖူးသည်။ ကိုယ်မှီသော သစ်ပင်ကောင်းဖို့ အငြိမ့်ထဲကပဲ ကိုယ်နဲ့ဝါသနာတူရာ အနုပညာသည်အချင်းချင်းကို ယုံစားခဲ့မိလို့ အချစ်တွေ ခဏခဏပြောင်းခဲ့ရသည်။ အပြင်လူကို ချစ်မိပြန်တော့လည်း အငြိမ့်မင်းသမီးမို့ မျက်နှာများတယ် ဖြစ်ပြန်သည်။ တခါတလေတော့လည်း ကျွန်မတို့အငြိမ့်မင်းသမီးတွေအတွက် အချစ်ဆိုတာ မကစားကောင်းတဲ့ အရာဖြစ်နေလေသည်။ ကံကောင်းတာတစ်ခုကတော့ ၀ါသနာဖြင့်သာ စခဲ့ရသော ကျွန်မတို့သဘင်သည်ဘ၀က ဘယ်လိုပင်အိမ်ထောင်ပင်ပြုပြု ကျွန်မတို့ဖန်တီးခဲ့သည့်လမ်းကို ဆက်လျှောက်ခွင့်ရသေးသည်ဟု ဆိုရမည်ပင်။ ဒါပေမယ့် ကိုယ်ချစ်တဲ့သူနှင့် လက်ထက်ထိမ်းမြားခြင်းသည် အနည်းဆုံးတော့ သဘင်သည်ဘ၀ကို အဟန့်အတားတော့ ဖြစ်စေသည်။ ထိုအချက်ကပင် ကျွန်မ၏အချစ်နဲ့သဘင်သည်ဘ၀ခံယူချက်ကို ပြောင်းလဲစေခဲ့သည်ဟု ထင်ပါသည်။
ကန့်လန့်ကာ ရှေ့က မြရင်နှင့် ကန့်လန့်ကွာနောက်ကွယ်က မြရင် မတူညီကြဘူးလို့ တချို့လူတွေက မြင်ကောင်းမြင်ပေလိမ့်မည်။ ဒါပေမယ့် မြရင်သည် မြရင်သာ ဖြစ်ခဲ့သည်။ ထို့အတူပင် မျက်နှာကို အဖြူရောင်တွေ ချယ်မှုန်းထားသည့် ဆာယုရိသည်လည်း ထိုမိတ်ကပ်တွေကို ဖယ်ရှားလိုက်သည့်အခါ သာမန်မိန်းကလေးတစ်ယောက်မျှသာ ဖြစ်သည်။ ကျွန်မတို့နှစ်ယောက်စလုံး အဆိုအကတွေဖြင့် ကိုယ်ကျွမ်းကျင်ရာပညာဖြင့် လူအမျိုးမျိုးကို ဖျော်ဖြေရမည်။ ဒါပေမယ့် သဘင်သည်ဝတ်ရုံကို ဖယ်ရှားလိုက်သည့်အချိန်မှာတော့ သာမန်အမျိုးသမီးများကဲ့သို့ ရင်ခုန်ချင်ကြပါသေးသည်။ သေချာတာတစ်ခုကတော့ ကျွန်မတို့လို သဘင်သည်တွေအတွက် အချစ်ဆိုတာ ကြိုးတန်းပေါ် လျှောက်ရသည်နှင့်တူသည်။ ဘယ်အချိန်ကြိုးတန်းပေါ်က တရှိန်ထိုးပြုတ်ကျမလဲဆိုတာ မသိ။ ဘယ်အချိန်ကျမှ ကိုယ်လိုရာ ကြိုးတန်း၏ ဟိုဘက်အစွန်းကို ရောက်နိုင်မည်ဆိုတာ မသိခဲ့။ ကိုယ်လျှောက်နေသော ကြိုးတန်းသည် ဘယ်လောက်ခိုင်မာနိုင်မလဲဆိုတာလည်း မသိခဲ့ပါ။ ဆာယုရိသည် ထိုကြိုးတန်းလေးပေါ်မှာပဲ အပြိုပြိုအလဲလဲနှင့် ကျွန်မလိုပဲ လျှောက်လှမ်းခဲ့ဖူးသည်။
နှလုံးသားနှင့်ဘ၀ဆိုတာ ဘယ်သောအခါမှ တစ်ထပ်တည်းကျသည့် အရာမဟုတ်ခဲ့ခြင်းတူသည့် ကျွန်မတို့နှစ်ယောက်ကြားမှာ ဘ၀တည်ဆောက်ပုံက အံ့သြစရာကောင်းလောက်အောင် တူညီနေပြန်သည်။
ကျွန်မတို့အငြိမ့်လောကမှာ အငြိမ့်ထောင်သူ ရှိသကဲ့သို့ ဆာယုရိတို့၏ဘ၀မှာလည်း ဂေရှားတွေကို ပြုစုပျိုးထောင်သူရှိခဲ့သည်။ ဂီယွန်မှာ ဂေရှားမယ်များနေထိုင်သည့် အိမ်လေးကို အိုခိရာလို့ခေါ်ကြရသည်။ ထိုအိုခီရာကို ဦးဆောင်သည့် အမျိုးသမီးနှင့်အတူ ထိုအိမ်လေးတွင် အနည်းဆုံး ဂေးရှားမယ် တစ်ဦးစီ ရှိတတ်ကြသည်။ ထိုအိမ်လေး၏ စီးပွားရေးအတွက် ထိုဂေရှားမယ်များသည် ရင်းနှီးမြှပ်နှံမှု သက်သက်ပင် ဖြစ်သည်။ ထိုအိုခီရာ၏ ထုံးစံအရ ဂေရှားမယ်တို့သည် သူမတို့အတွက် ရင်းနှီးမြှပ်နှံခဲ့ရသမျှကို ပြန်ဆပ်ရသည်။ အောင်မြင်သော ဂေရှားမယ်တစ်ယောက် ဖြစ်ခဲ့လျင် အိုခီယာအပေါ်တင်ခဲ့သော အကြွေးတွေကို ပြန်ဆပ်နိုင်ပေမယ့် သာမန်ဂေရှားတစ်ယောက်အနေဖြင့် လွယ်လွယ်ကူကူ ပြန်မဆပ်နိုင်ကြ။ သေသည်အထိ ထိုအိုခီရာလေးမှာပဲ နေသွားကြပြီး နောင်တက်လာမည့် ဂေရှားမယ်များကို ပြုစုပျိုးထောင်ပေးကြရသည်။ အရည်အချင်းပြည့်စုံသည့် ဂေရှားမယ်လေးကို အချိန်တန်သည့်အခါ ထိုအိုခီရာ၏ မွေးစားသမီးအဖြစ် အိုခီရာနှင့် ပါတ်သက်သမျှကို လွှဲပြောင်းပေးတတ်ကြပြန်သည်။ ထိုအခါ သူမတို့တင်နေသော အကြွေးသည် အလိုအလျောက်ပျက်ပြယ်သွားသည်။ တကယ်တော့ အိုခီရာသည် လိုချင်ရမ္မက်တွေ၊ အထီးကျန်ဆန်မှုတွေ မနာလိုမှုတွေ ပြည့်နေသည့် မိန်းမသားတွေချည်းနေသည့် ကမ္ဘာကျဉ်းကျဉ်းလေး တစ်ခုသာ ဖြစ်သည်။
ဆာယုရိသည် ထိုကမ္ဘာလေးမှာပဲ ကြီးပြင်းခဲ့ရသည်။ သူမသည် သူမ၏မိဘတွေ ယူထားသည့် အကြွေးအတွက် ထိုအိုခီရာလေးကို ရောက်ခဲ့သည်။ ထိုအိုခီရာ၏မိခင်သည် ဆာယုရိ သုံးစွဲသမျှ အသုံးစရိတ်၊ ဆာယုရိသင်ကြားခဲ့ရသော အကသင်တန်းစရိတ်၊ သူမကြောင့် ကွဲအက်ခဲ့ရသော လက်ဖက်ရည်အကြမ်းခွက်ကအစ သူမ၏လယ်ဂျာ စာအုပ်ထဲတွင် အသေးစိတ်မှတ်ထားခဲ့သည်။ ဆာယုရိ ဂေးရှားဖြစ်သည့်နေ့ ထိုအကြွးများကို သူမ၏ဖြေဖျော်ရေးကရသည့် ငွေများဖြင့် ပြန်ဆပ်ရမည်။ သူမလိုပင် တခြားဂေးရှားများလည်း သူတို့၏ အိုခီရာကို အသီးသီး အကြွေးပြန်ဆပ်ကြရသည်။ အကြွေးကြေအောင် ဆပ်နိုင်သည့် သူတွေ ရှိသလို အကြွေးပြန်မဆပ်နိုင်သည့် သူများလည်း ရှိကြသည်။ ထိုကဲ့သို့ စခဲ့ရသော ဂေရှားတို့သည် သူတို့ဘ၀ကို သူတို့မပိုင်ဆိုင်ကြ။ အိုခီရာကသာ ပိုင်ကြသည်။
ကျွန်မတို့ အငြိမ့်သမတွေတော့ ဆာယုရိတို့နှင့်မတူပေ။ သဘင်သည်အိမ်မို့လို့ အဆိုအက အတီးအမှုတ်တွေဖြင့် ညံချင်ညံနေပေလိမ့်မည်။ ဒါပေမယ့် သဘင်သည်သည် မိမိဘ၀မိမိပိုင်ကြသည်။
ဆယုရိတို့ ဂေရှားမယ်တစ်ယောက်ဖြစ်ဖို့မလွယ်သလို ကျွန်မတို့ သဘင်သည်တွေလည်း အငြိမ့်မင်းသမီးကောင်း ဖြစ်ဖို့မလွယ်ပါ။ အငြိမ့်မင်းသမီးကောင်းတစ်ယောက်ဖြစ်ဖို့ အသံကောင်းရမည်။ အကကောင်းရမည်။ စကားပြောတတ်ရမည်။ နောက်ပြီး ရုပ်ချောရမည်။ သီချင်းကြီး သီချင်းခံတွေကို ပိုင်နိုင်အောင် သင်ကြရမည်။ သီချင်းရေးစရာက သီချင်းတက်ပေးလျင် မြန်မြန်နှင့် မှန်မှန် ဆိုတတ်ကြရမည်။ အငြိမ့်သမီးတိုင်း နာမည်ကြီးဖို့ ကိုယ်ပိုင်သီချင်းကောင်းကောင်း ရှိရမည်။

ကျွန်မတို့ရဲ့ အငြိမ့်သမလောကအကြောင်း စီကာပတ်ကုံးပြန်ပြောပြသည့်အခါ ဆယုရိသည် တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သူမသည် ကျွန်မတို့အကြောင်းကို တဖြေးဖြေး စိတ်ဝင်စားလာခဲ့သည်။
အငြိမ့်မင်းသမီးများ နာမည်မကြီးခင် မင်းသမီးတိုင်းလိုလို ရှေ့ထွက်မင်းသမီးအဖြစ် ကပြကြရသည်။ ထိုသို့ကပြရင်းနဲ့ အဆိုအက အပြောတို့ကို ထိုအငြိမ့်မင်းသမီးခေါင်းဆောင်များဆီမှ သင်ယူကြရသည်။ ကကြိုးကကွက်တို့ကို ဖန်တီးကြရသည်။ တကယ်တမ်း မင်းသမီးဖြစ်ပြီဆိုတာနဲ့ နာမည်ကြီး သီချင်းရေးဆရာတွေ ဖြစ်သည့် နန်းတော်ရှေ့ဆရာတင်တို့ မြို့မငြိမ်းတို့လို နာမည်ကြီးများဆီမှာ သီချင်းတောင်းကြရသည်။ သီချင်းကောင်းရင်ကောင်းသလောက် အဆိုပိုင်လျင်ပိုင်သလောက် အငြိမ့်မင်းသမီးမှာ နာမည်ကြီးလာသည်။ ဆယုရိတို့၏ ဂီတမှာ ရှာမိဆန်တို့ ဗုံတိုတို့က အရေးပါသလို၊ ကျွန်မတို့ အငြိမ့်မင်းသမီးတွေ အတွက် ပတ္တလား၊ နှဲ၊ ဒိုးဆစ်တို့ကလည်း အရေးပါခဲ့သည်။
တကယ်တော့ အငြိမ့်မှာ ဒိုးဆစ်ကအသက်ပင် ဖြစ်သည်။ ဒိုးဆစ်တီးသူက ကောင်းကောင်းနှိပ်စက်လျင် အငြိမ့်မင်းသမီးတစ်ယောက် ကိုးယိုးကားရားဖြစ်ပြီး အရှက်ကွဲတတ်သည်။ တချို့ မင်းသမီးများသည် အဆစ်ကျဲကျဲနှင့် ကကွက်လှအောင် ကတတ်ကြသည်။ တချို့ကလည်း အဆစ်စိတ်စိတ်ဖြင့် သွက်သွက်လက်လက်ကတတ်ကြသည်။ ဒိုးဆစ်သမားသည် ဘယ်မင်းသမီး ဘယ်လိုအဆစ်မျိုးဖြင့် ကတတ်ကြသလဲဆိုတာ နားလည်ကြသည်။ အဆစ်ကြဲကြဲကတတ်သူကို အဆစ်စိတ်စိတ် တီးပေးလျှင် လက်ချိုးရင်း ခြေချိးရင်းတန်းလန်း ကျန်ခဲ့ကြသည်။ ကျွန်မကတော့ ဒိုးဆစ်ကျဲကျဲဖြင့် ယဉ်ယဉ်လေးကရတာကို သဘောကျသည်။ ထိုယဉ်ယဉ်လေးကတတ်တာကပဲ ကျွန်မအတွက် နာမည်ကြီးစေသော အကြောင်းတစ်ရပ် ဖြစ်ခဲ့လေသလားမသိ။ မမြရင်ကတာလောက်တော့ ဘယ်သူမှမလှလို့ပြောတတ်ကြသည်။ ဟုတ်ပါရဲ့…..။ ကျွန်မကလျှင် ယဉ်ယဉ်လေးဖြင့် ငြိမ်ငြိမ်လေးကတတ်သည်။ ဘယ်သောအခါမျှ ချွေးထွက်ပြီး မျက်နှာချေတွေ ပျက်အောင် မကတတ်ပေ။ ကျွန်မနှင့် အငြိမ့်လောကမှာ အပြိုင်ကနိုင်သူကတော့ ဥက္ကလာအေးကြည်ပါ။ မအေးကြည်ကရင် ရင်တွေ ဗျန်းဗျန်းကွဲသွားပါစေ တတ်သမျှပညာဖြင့် မနားတမ်းကတတ်တော့ အငြိမ့်စင်ပေါ်ရောက်တာနှင့် ခဏလေး အလှတွေ ပျက်ကုန်ပါရဲ့……။
“မြန်မာကကွက်လေးတစ်ကွက်လောက် ကပြပါလား…..”
ကကြိုး(၂)
အေးစက်နေသော လေဟာနယ်ထဲမှာ အငြိမ့်အကတွေအကြောင်း ပြောပြနေသည့် ကျွန်မအသံတွေဖြင့်ဖုံးလွှမ်းနေချိန်မှာ ရုတ်တရက် ခပ်စူးစူးလေး ထွက်လာသော ဆာယုရိအသံကြောင့် ကျွန်မခဏတာ တိတ်ဆိတ်သွားတော့သည်။ သူမကို ယိုးဒယားအကလို ညက်ညက်လေးကပြရမလား။ မဖြစ်နိုင်ဘူး ထင်ပါရဲ့။ ယိုးဒယားအကက မြန်မာအကမဟုတ်သလို ထိုအကကိုနိုင်နင်းတဲ့ ဥက္ကလာအေးကြည်လောက်လည်း ကျွန်မမကတတ်ပေ။ ရုပ်သေးကလို့ပြောရအောင်လည်း သြဘာသောင်းက ဆံပင်ဖားလျားချ၊ ဘီးစိုက်ပြီး ကသွားဖူးတော့လည်း အဲသည်အကို ကျွန်မမကပြချင်။ နောက်ဆုံးတော့လည်း အငြိမ့်မင်းသမီးရဲ့ မာန်လို့ပဲ ပြောရမလား၊ ကျွန်မရဲ့ ပညာလို့ပဲ ပြောရမလား၊ အသံမှာပါရမီပါတဲ့ ကျွန်မအတွက် ခြေဆင်းကောင်းကောင်းဖြင့် ကနိုင်သော ကျွန်မကိုယ်ပိုင်သီချင်းဖြင့် ဆိုပြပါတော့သည်။ ကျွန်မအသံကြောင့် မှောင်နေသော လေဟာပြင်နယ်သည် တဖြတ်ဖြတ်လင်းလာသည်လို့ ထင်ရပြန်သည်။ အေးစိမ့်စိမ့်တိုက်နေသောလေသည် တနွေးနွေးဖြစ်လာသည်။ ကျွန်မရဲ့အသံကြားတွင် ပျောက်ရှကုန်သော အေးစက်သောလေတို့သည် ကျွန်မ၀ိဥာဉ်ကို ခြွေဖို့ တချိန်က ကြိုးစားဖူးခဲ့သေးသည်။ ထိုအချိန်တုန်းကလည်း အခုဆိုပြသည့် သီချင်းလေးနဲ့ပင် ကျွန်မနာလန်ထဖူးခဲ့သည်။ ကျွန်မရှမ်းပြည်ကို သွားရင်း ငှက်ဖျားရောဂါဖြင့် သေမလိုဖြစ်ခဲ့ပြီးမှ အသက်ပြန်ရှင်ရသည့်အကြောင်းကို ရေးဖွဲ့ထားသည့် တုံးကျော်မဆိုသည့် သီချင်းလေးပင် ဖြစ်သည်။ များသောအားဖြင့် အငြိမ့်သီချင်းတွေက ကျွန်မတို့အကြောင်းကို တစွန်းတစပြောပြပေးနေသော စာသားလေးများပင်ဖြစ်သည်။
လေအေးအေးနှင့် အတူ ကျွန်မသီချင်းအေးအေးလေးဆိုရင်း ကနေလိုက်တာ ကျွန်မတို့အနားကို မိန်းမပျိုလေးတစ်ယောက် ရောက်လာတာကို သတိမထားမိခဲ့ကြပေ။
ထိုမိန်းကလေးသည် ပါးလွှာသည့် အ၀ါရောင်ဖျော့ဖျော့ သရက်ထည်အကျီင်္လေးကို ၀တ်ဆင်ထားပြီး ဆံထုံးကိုတော့ တစ်ပတ်လျှိုထုံးထားသည်။ သူမသည် လှပေကျော့ပေ့ဆိုသည့် အစားကတည်းက မဟုတ်ပေမယ့် ရိုးရိုးယဉ်ယဉ်လေးဖြင့် ညိုစိမ့်စိမ့်လေး ကြည့်ကောင်းသူတစ်ဦးပါ။ သူမသည် ကျွန်မတို့နှစ်ယောက်စလုံးကို ရင်နှီးစွာဖြင့် နှုတ်ဆတ်ပြသည်။ ထိုမိန်းကလေးသည် အသားညိုညို ခပ်လတ်လတ် အမျိုးသမီး တစ်ဦးဖြစ်သည်။ နောက်ပြီး ကျွန်မ၏ ပြိုင်ဘက်တစ်ဦး ဆိုလျှင်လည်းမမှားပါ။ မန္တလေး အငြိမ့်လောကမှာ ယဉ်ယဉ်လေးနှင့် ငြိမ့်ငြိမ့်လေးကတတ်သူဟု ကျွန်မနာမည်ကြီးသလို၊ ခြေကြွလာသူ၊ ဒိုးဆစ်သံစိတ်စိတ်ဖြင့် သွက်သွက်လေးကတတ်သူ။ ယိုးဒယား အကနိုင်သူဟု ထင်ရှားသူ ဥက္ကလာအေးကြည်ပင်ဖြစ်သည်။ တကယ်တော့ ကျွန်မနဲ့ အေးကြည်သည် စင်လုဘက်တွေ မဟုတ်ပေမယ့် တလိုင်းတည်းသွားနေသူ ဘ၀တူသူတွေဆိုတော့လည်း တကွေ့ကွေ့မှာတော့ ခလုတ်တိုက်ခဲ့ဖူးတာ မဆန်းလှပေ။ သည်တစ်ခါ ကျွန်မတို့ဆီရောက်လာတာတော့ ဆန်းလှသည်။
ဥက္ကလာအေးကြည်သည် ကျွန်မတို့နှစ်ယောက်ဆီသို့ နံသာဖြူရနံ့လေးသင်းနေသည့် အဖြူရောင်စာအိတ်လေးကို လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။ ထိုစာအိတ်ကလေးကို ဖွင့်ကြည့်လိုက်တော့ ရွှေရောင်ဖောင်းကြွတွေဖြင့် ရေးထားသော သတို့သား၊ သတို့သမီးနာမည်ကို တွေ့ရသည်။ အို….. အေးကြည် လက်ထပ်တော့မှာပါလား။ ထိုဖိတ်စာထဲတွင် အေးကြည်၏အမည်လေးက ထင်းခနဲဖြစ်နေသည်။ မိန်းမတစ်ယောက်ရဲ့ ဘ၀မှာ တင့်တောင်းတင့်တယ် လက်ထပ်ယူခွင့်ရခြင်းက ဘ၀တစ်ခုလုံးရဲ့ ဂုဏ်ဒြပ်လို့ဆိုလျင် ဖိတ်စာပေါ်က ရွှေရောင်ဖောင်းကြွစာလုံးနဲ့ အေးကြည်နာမည်ကလဲ ထိုဂုဏ်ဒြပ်ကို ဆောင်ကျဉ်းပေးလေရော့သလား။ ဖိတ်စာထဲက ရွှေရောင်နဲ့အတူ အေးကြည်၏မျက်ဝန်းတွေကလည်း တောက်ပနေသည်။ ဖိတ်စာမှာ မွှေးပျံ့နေသည့် နံသာဖြူရနံ့လေးလို အေးကြည်ဘ၀ကလည်း အစဉ်အမြဲသင်းပျံ့နေဦးမှာတဲ့လား။
ဆယုရိကတော့ အေးကြည်၏ မင်္ဂလာဆောင်ဖိတ်စာလေးကို တစ်ချက်ကြည့်လိုက်ရင်း ၀မ်းမြောက်ဝမ်းသာ စကားလေးဆိုရှာသည်။ သူမအတွက် ထိုမင်္ဂလာဆောင် ဖိတ်စာလေးသည် ထူးဆန်းချင်ထူးဆန်းနေ၏။ အငြိမ့်မင်းသမီးတစ်ယောက်အနေနဲ့ ခမ်းနားစွာ လက်ထပ်ခွင့်ရခြင်းက သူမတို့ဂေရှားတွေနှင့် မတူညီသည့် အချက် ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ အမျိုးသမီးတစ်ယောက်အတွက် ဘ၀လက်တွဲဖော် ရွေးချယ်နိုင်မှုအပေါ် ကျွန်မတို့ အငြိမ့်မင်းသမီးတွေလိုတော့ ထပ်တူဝမ်းသာဟန် တူပါသည်။ သူမသည် အေးကြည် ကံကောင်းတယ်လို့ နှုတ်က တဖွဖွ ဖွင့်ပြောနေပေမယ့် ကျွန်မအတွက် ဒါဟာ အေးကြည်ကံကောင်းတာလား၊ ဒါမှမဟုတ်သူမအတွက် ဘ၀တစ်ဆစ်ချိုးကို စဖို့ ဖြေလှမ်းစလိုက်တာလား သေသေချာချာ မသိခဲ့ပါ။
“အေးကြည်ရယ်… သည်လို လူသိရှင်ကြား ကြေညာတာမှားတယ်။”
အေးကြည်သည် ကျွန်မကို ပထမတော့ နားမလည်သလို ငေးကြည့်သည်။ နောက်တော့ သူမ၏ အကျင့်တစ်ခုတိုင်း စီးကရက်တစ်လိပ်ကို အေးအေးဆေးဆေးဖွာလိုက်ပြီး နှုတ်ခမ်းထောင့်လေးမှာ ချိတ်ပြီး ခဲထားလိုက်သည်။ မီးခိုးငွေ့လေးများကြောင့် သူမ၏ မျက်လုံးကျဉ်းကျဉ်းလေးကို မှေးလိုက်ပြီး ကျွန်မတို့ဘက်ကို ပြန်ကြည့်သည်။ စီးကရက်ခဲထားချိန်မှာ အခုလို မှေးမှေးလေးကြည့်တတ်သော သူမ၏ အကြည့်ကြောင့် ကောလိပ်ကျောင်းသားတော်တော်များများ ဘယ်လောက်တောင် ရူးခဲ့ကြပြီလဲ။ တခါတလေ အငြိမ့်သမကြောင့်လူငယ်တွေ ပျက်စီးရပါတယ်ဆိုတဲ့ လက်ညှိုးပေါင်းများစွာကို ဘယ်လောက်တောင် ခံခဲ့ရပြီးပြီလဲ။ တခါတလေ ထိုလက်ညှိုးတွေကို ကကွယ်ဖို့ ယောက်ျားကောင်းတစ်ယောက်၊ အဖော်မွန်တစ်ယောက် လိုအပ်သည်ဟု အငြိမ့်မင်းသမီးတိုင်းကထင်ကြသည်။ ကျွန်မအတွက်ကတော့ ယောကျာ်းတစ်ယောက်ဟာ မိန်းမတစ်ယောက်အတွက် တစ်ထောင့်တစ်နေရာသာ လိုအပ်ချင် လိုအပ်မည်။ တစ်ဘ၀စာလုံးတော့ မထင်ခဲ့မိချေ။ တကယ်ရောလိုအပ်လားလို့ရော မိမိကိုယ်ကို ပြန်မေးမိခဲ့ကြပါရဲ့လား။ ထိုယူဆချက်ကပင် ကျွန်မရယ်၊ အေးကြည်ရယ်၊ ဆာယုရိရယ် အမြင်တွေကို ပြောင်းပြန်ဖြစ်ခဲ့သည်ဟု ဆိုရမည်ပင်။
”မြရင်က… အေးကြည်မှားတယ်လို့ ထင်ရအောင်၊ မြရင်ဘ၀မှာ အေးကြည်လို မှားခဲ့ဖူးလို့လား။”
ကကြိုး(၃)
“မြရင်က… အေးကြည်မှားတယ်လို့ ထင်ရအောင်၊ မြရင်ဘ၀မှာ အေးကြည်လို မှားခဲ့ဖူးလို့လား။”
သူမ၏ စကားသည် နံဘေးမှာထိုင်နေသည့် ဆာယုရိအတွက် ဘာမှ မထူးဆန်းလှပေမယ့်….. ကျွန်မအတွက်ကတော့ မမြင်နိုင်သည့် အဖြေရခက်သည့်မေးခွန်းစာရွက်ကို ကျောင်းသားလက်ထဲကို ထည့်လိုက်ရသလို ဖြစ်သွားသည်။ တခါတလေ အငြိမ့်သမမှာ သာမန်လူတွေလို အသွေးနဲ့အသား၊ ခံစားတတ်တဲ့ အသည်းနှလုံးရှိတတ်သူတွေမို့ အချစ်ဆိုတာကို လက်သင့်ခံချင် ခံရပေလိမ့်မည်။ ဒါပေမယ့် ဘ၀တစ်ခုအတွက် ရုန်းကန်မှုအတွက် ထိုအချစ်ကို ကြာရှည်အောင် မွေးမြူတတ်ဖို့တော့ အတော့်ကို ခဲယဉ်းပေလိမ့်မည်။
ကျွန်မမှာ သာမန်မိန်းမတွေလို အချစ်ဆိုတာရှိသည်။ ချစ်ရမည့်သူလည်း ရှိသည်။ သို့ပေမယ့် ကျွန်မနှင့် ကျွန်မ၏ချစ်သူသည် လူအများရှေ့မှာ အခုလို တရားဝင်မကြေငြာခဲ့။ ချစ်သူမကျ လင်မယားမကျနေခဲ့သော ကျွန်မတို့နှစ်ယောက်အတွက် လောကကြီးက အစိမ်းသက်သက်ဖြစ်ချင် ဖြစ်နေမည်။ ဒါပေမယ့် အငြိမ့်စင်ပေါ်မှာတော့ ကျွန်မအတွက်နေရာတစ်ခု ကျန်သေးတာအမှန်ပင်။ ထို့အတွက်ကြောင့် အေးကြည်က ကျွန်မကို မှားနေတယ်လို့ ထင်ချင်ထင်နေပေလိမ့်မည်။ သို့ပေမယ့် ကျွန်မတို့သဘင်သည်တွေအတွက် ဘ၀တစ်ခုနှင့် စိန်ခေါ်ပြီးမှ ရွေးချယ်ရမည့် သည်လို အဖြစ်မျိုးက မှန်လားမှားလားဆိုတာ အချိန်ကဆုံးဖြတ်ပေးပါလိမ့်မည်။ အေးကြည်မေးသော မေးခွန်းအတွက် ကျွန်မဆီမှာ အဖြေမရှိသေးတာတော့ အမှန်ပါ။
“မြရင်တို့၊ အေးကြည်တို့ အိမ်ထောင်ကျပြီးရင် အနုပညာသည်လောကကနေ နှုတ်ဆက်ရတော့မှာပေါ့နော်……။”
ရုတ်တရက်မေးလာသော ဆာယုရိ အမေးကို ကျွန်မတို့နှစ်ယောက်စလုံး ပြိုင်တူလိုလို ခေါင်းခါယမ်းရင်း အဖြေပေးလိုက်မိသည်။
“အေးကြည်တို့….. အငြိမ့်မင်းသမီးတွေက အိမ်ထောင်ပြုပြီးလျင်… ကိုယ်မြတ်နိုးတဲ့ .. သည် အနုပညာသည်ဘ၀ကို လွယ်လွယ်နဲ့ မစွန့်လွှတ်တတ်ကြပါဘူး…..။ အိမ်ကယောက်ျား သဘောတူလျင် အငြိမ့်ဆက်ပြီး ကနိုင်ပါတယ်……။ အေးကြည်ကတော့…. မင်္ဂလာမဆောင်ခင်တည်းက … သည်အငြိမ့်ကို ဆက်ကဖို့ ….. မောင့်ကို ခွင့်တောင်းပြီးသားပါ…..။”
အေးကြည်ပြောသော… သူမ၏ချစ်သူသည် သူမတကယ်တမ်း ဆန္ဒရှိသလို သူမ၀ါသနာပါသည့် အငြိမ့်ကို ဆက်ကခိုင်းပါ့မလား။ အငြိမ့်လောကမှာ အငြိမ့်မင်းသမီးတစ်ယောက် နာမည်ကြီးလာပြီဆိုလျင် အတော့်ကို ရန်များသား။ ကောလိပ်ကျောင်းသားလို ဆယ်ကျော်သက်လေးတွေ၊ မနူးမနပ်အရွယ်လေးတွေက အငြိမ့်ကရာ တကောက်ကောက်လိုက်ပြီး အားပေးတတ်ကြသည်။ တခါတလေ ကျွန်မတို့ အငြိမ့်ကရာ တောရွာတစ်ခုပဲ ဖြစ်ဖြစ်၊ မြို့သေးသေးလေးပဲ ဖြစ်ဖြစ် လာရောက်အားပေးကြသည့် မြို့ခံလူကတစ်ဝက်၊ ဘယ်နေရာရောက်ရောက် ကားတွေဖြင့် လိုက်အားပေးကြမည်ဆိုသည့် ကာလသားအမာခံပရိသတ်က တစ်ဝက် ပွဲခင်းထဲမှာ ပြည့်နေတတ်ကြသည်။ အခုလည်း အေးကြည်၏ချစ်သူသည် အေးကြည်ရှိရာ တကောက်ကောက်လိုက်ရင်း အားပေးတတ်သည့် အမာခံပရိသတ်ထဲကပင်ဖြစ်သည်။ အေးကြည်ပွဲကရာ နေရာတိုင်းကို တကောက်ကောက်လိုက်ရင်း အရိပ်တကြည့်ကြည့် ကြည့်နေခဲ့သူတစ်ဦးလည်းဖြစ်သည်။
“အေးကြည်တို့များ….. ကံကောင်းလိုက်တာ…… အိမ်ထောင်ကျပြီးတာတောင်…… ကိုယ်မြတ်နိုးတဲ့ အနုပညာကို ပြသလို့ရသေးတယ်နော်….. ကျွန်မတို့ဂေရှားတွေများကျတော့…. အိမ်ထောင်ပြုလိုက်တာနဲ့ အနုပညာသည်ဘ၀ကို တခါတည်း လက်လွှတ်လိုက်ရရော….. ”
“ကံကောင်းတယ်လို့လဲ… မဆိုသာပါဘူး…ဆယုရိရယ်… တခါတလေတော့လည်း နှစ်ဦးနှစ်ဘက် ညှိရတာပေါ့….. ဒါပေမယ့် မောင်ကတော့ …. ကျွန်မကို နားလည်ခွင့်လွှတ်နိုင်စွမ်းရှိသူတစ်ယောက်မို့လို့ပါ။”
“မဟုတ်သေးဘူး အေးကြည်ရယ်…….. ကျွန်မတို့သဘင်သည်မှာလည်း တချိန်ကျရင် ကိုယ်ချစ်တဲ့သူကို သာမန်လူတွေလို လက်ထပ်ယူထားတယ်ထားဦး….. သဘင်သည်အတွက် လက်ထပ်ထိမ်းမြားခြင်းဆိုတာက စည်းတစ်ခုလိုပါပဲ။ အဲဒီစည်းကို ကျော်မိရင် သဘင်သည် နာမည်ကျရိုးမလား။”
ကျွန်မပြောတဲ့ စကားကို အေးကြည်နားလည်ပါ့မလား။ သူမနားလည်လျင်ရော မိန်းမသားတစ်ယောက်အနေနဲ့ လက်ခံနိုင်ပါ့မလား။ တကယ်တော့ သဘင်သည်ကို လူသိရှင်ကြား ကြည်ကြည်ဖြူဖြူ လက်ထပ်ချင်တဲ့သူကလည်း ရှားသားလေ။ ကျွန်မနှင် ကျွန်မရဲ့ချစ်သူကတော့ အပေးအယူတော့ ရှိပါရဲ့။ ထိုအပေးအယူအတွက် မိန်းမသားတစ်ယောက်အနေနဲ့ ထိုက်တန်ရဲ့လားဆိုတာကိုတော့ ကျွန်မတစ်ခါမှ မတွေးခဲ့ဘူးချေ။
မောင်သည် ကျွန်မဆီခဏခဏလာသည်။ အလှူရေစက်ချရင်တောင် မြရင်သည် သူပိုင်မိန်းမသားဖြစ်ကြောင်းကိုလည်း မဏ္ဏပ်တိုင် တက်ပြချင်နေသေးသည်။ဒါပေမယ့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စုံမက်လို့ လူသိရှင်ကြား ပေါင်းဖက်ကြရဲ့လားဆိုတော့လည်း မဟုတ်ပြန်။ မောင်သည် မျက်နှာကြီး မိသားစုမှမွေးဖွားလာသူပီပီ အရာရာသိုသိပ်သည်။ ကျွန်မကလည်း သဘင်ပညာနှင့် ပါတ်သက်လာလျှင်လည်း အမှားမခံ။ တစ်ဦးတည်း အပျိုလူလွတ်ပမာ၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်ရသည်ကို သဘောကျသည်။ ထိုကဲ့သို့ အပြန်အလှန် နားလည်မှုပေးစွမ်းနိုင်ခဲ့တဲ့ ကျွန်မတို့အတွက် အေးကြည်လိုလဲ ဖိတ်စာမရိုက်ခဲ့။ မိန်းမသားတွေ မက်မောသည့် မင်္ဂလာစည်ဗျောကိုလည်း မတီးခဲ့။ ကျွန်မခံယူချက်အတိုင်းသာ ဖြစ်ခဲ့၏။
ကျွန်မအတွက် ယောက်ျားတစ်ယောက်သည် အားကိုးရာတစ်ခုလားလို့ မေးလျင်လည်း ကျွန်မဖြေတတ်။ သာမန်မိန်းမတွေလို ယောက်ျားဆိုရာ ကိုးကွယ်ရာဆိုသည့် စကားကိုလည်း ကျွန်မမယုံကြည်ခဲ့တာအမှန်ပင်။ ကျွန်မအငြိမ့်ကသည်။ အချစ်အကြောင်းတခါတရံဆိုချင်ဆိုမည်။ ဒါပေမယ့် ပွဲသိမ်းပြီးသည့်အခါ ကျွန်မသည် သာမန်မိန်းမတစ်ဦးပမာ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ခဲ့တာအမှန်ပင်။ ဒါပေမယ့် ဆာယုရိဘက်က ကြည့်ပြန်တော့လည်း မဟုတ်ပြန်။
“ကျွန်မတို့ဂေရှားတွေက ခန္ဓကိုယ်ကို ရင်းပြီးအလုပ်လုပ်ရတဲ့သူတွေ မဟုတ်ပါဘူး….. ကိုယ်ကျွမ်းကျင်ရာ အနုပညာနှင့် ဖျော်ဖြေရင်း အသက်မွေးနေသူတွေပါ။ ဒါပေမယ့်လည်း ကိုယ်ဖျော်ဖြေပေးရတဲ့ သူတွေက အမျိုးသားချည်း ဖြစ်နေတော့လည်း လေယူရာပင်နွယ်ယိမ်းသလို……. တခါတလေ စည်းစိမ်တွေနဲ့ ပစ်ပေးရင် ယိမ်းတတ်ကြပြန်ရော…. ဂေရှားတိုင်းက ပညာအခြေ မခိုင်ကြလေတော့လည်း တခါတလေ ယောကျာ်းဆိုတာ သူတို့အတွက် ထွက်ပေါက်ဖြစ်စရာ၊ အားကိုးစရာဖြစ်နေပြန်ရော၊ နောက်ပြီး အိုခီယာမှာတင်နေတဲ့ အကြွေးတွေကိုလည်း လွယ်လွယ်နှင့် မြန်မြန်ဆပ်နိုင်တော့လည်း ယောက်ျားဆိုတာ အားကိုးစရာ ဖြစ်လာပြန်တယ်။”
ဆာယုရိက တွေးတွေးဆဆပြောလိုက်တဲ့ အချိန်မှာ ကျွန်မရော မအေးကြည်ရော နှစ်ယောက်စလုံး နှုတ်ဆိတ်သွား၏။ ကျွန်မတို့ သဘင်သည်တွေခမျာ နာမည်ကြီးလာသည်နှင့် သူတို့ ဂေရှားတွေလို စည်းစိမ်နဲ့ ပစ်ဖမ်းတာ ခံခဲ့ကြသည်။ သဘင်သည်ဆို လွယ်လွယ်ရနိုင်သားပဲ ဆိုသည့်အတွေးဖြင့် လက်တည့်စမ်းဖို့ ကြံကြသည်။
“အို… ဆာယုရိရယ်…… အေးကြည်တို့ဘ၀တွေလည်း အတူတူပါပဲ။ တခါတလေ ပင်ပမ်းလွန်းလို့… နားခိုရာ…ရလေမလားလို့… ကိုယ်မှီရာဆွဲလိုက်ပေမယ့်လည်း….. ကိုယ်ဆွဲတာ မခိုင်တဲ့အရာဖြစ်နေတော့လည်း ၀ုန်းခနဲ ကျပြန်ရော……..”
ဟုတ်တယ်။ အေးကြည်ပြောသလို ၀ုန်းခနဲကျတယ်ဆိုတာမှန်သည်။ ဒါပေမယ့် ဆွဲတဲ့သူကလည်း အကင်းမပါးလေတော့ အခုလို ၀ုန်းခနဲကျတာလည်း မဆန်းပါဘူး။ ဒါဆိုရင် အေးကြည်ကပဲ အဆွဲကောင်းလို့လား၊ ဒါမှမဟုတ် အဆွဲခံလိုက်ရသည့် အရာကပဲ ခိုင်ခံ့လွန်းလို့လား မသိ အငြိမ့်သမတွေအလယ်မှာ အေးကြည်တစ်ယောက် မင်္ဂလာပွဲတစ်ခုနဲ့ပင် ခေါင်းမော့နိုင်ပြိပေါ့။ အဲဒါကိုပဲ စစ်မှန်သည့် အချစ်လို့ခေါ်မလား။
အချစ်.. အချစ်…. အေးကြည်လည်း ချစ်တတ်သည်။ ဆာယုရိလည်း အချစ်ကို မျှော်လင့်ရင်း သူမ၏ချစ်သူကို တိတ်တိတ်လေး စောင့်စားနေသည်။
“မြရင်က အချစ်ကို နားမလည်ပါဘူးကွာ…..”
တိုနေပြီဖြစ်သော စီးကရက်လေးကို နှုတ်ခမ်းပေါ်ချိတ်ရင်း ခပ်ထေ့ထေ့လေး ပြောလိုက်သည့် အေးကြည်၏ စကားသည် ကျွန်မနားထဲကို အူပြီး ၀င်လာသည်။ ဇာတ်စင်ပေါ်ရောက်လျင် ညုလည်းမညု ခရာတာတာလည်းမပြော တည်တည်ပြုံးပြုံးလေး နေတတ်သော ကျွန်မကို သိပ်ဟန်ဆောင်ကောင်းတာပဲလို့ သဘင်သည်အချင်းချင်း မေးငေါ့ရင်း ပြောတတ်သည့် အဖြစ်ကို ကျွန်မမျက်ကွယ်ပြုနိုင်ပေမယ့် တစ်ယောက်အကြောင်း တစ်ယောက်နားလည်သော အေးကြည်က ပြောလာသည့်စကားကိုတော့ ကျွန်မလက်မခံချင်ပါ။
“ကြည်က… မျက်စိစုံမှိတ်ပြီးခံစားတတ်တဲ့ အချစ်ကို အချစ်တစ်ခုလို့ သတ်မှတ်ချင်လို့လား…… ဆာယုရိလို ဘယ်အချိန်မှာမှ နီးနိုင်ပါ့မလဲဆိုတဲ့ မျော်လင့်ချက်နဲ့ ဘ၀ကိုစီးမြောတတ်တဲ့သူတွေကိုမှ အချစ်လို့ ခေါ်မှာလား။ အဲဒါမှမဟုတ်ဘဲ ဘ၀ကို ယုံယုံကြည်ကြည် ပုံအပ်ပေးနိုင်မယ့်သူကိုမှ အချစ်လို့ခေါ်မှာလား။ လူတိုင်း… လူတိုင်းမှာ အချစ်ဆိုတာ ခံစားချက်ခြင်းမတူပါဘူး”
သည်နေရာမှာ ကျွန်မအသံမာကောင်း မာပေလိမ့်မည်။ ဒါပေမယ့် ကျွန်မကို အချစ်မရှိတဲ့ မိန်းမတစ်ယောက်လိုတော့ အထင်မခံနိုင်ပါ။
“ဒါဆို… မြရင်ချစ်တဲ့ အချစ်က ဘယ်လိုမျိုးလဲ”
တိုးတိတ်စွာမေးလာသည့် ဆာယုရိ၏ မေးခွန်းကို ဖြေဖို့ ကျွန်မအတွက်တော့ သိပ်မခက်ပါဘူး။
“အချစ်ဆိုတာ ငယ်နုတဲ့အချိန်ပဲ ရူးသွပ်လို့ကောင်းတာ။ တကယ်တမ်း ဘ၀ကို တည်ဆောက်လိုက်တဲ့အချိန်မှာ အချစ်ဆိုတာ အရင်ကလောက် နေရာမယူနိုင်တော့ပါဘူး။ ကျွန်မလည်း… သာမန်မိန်းမတွေလို ချစ်တတ်တာပဲ…..။ သာမန်မိန်းမတွေလိုပဲ အချစ်နဲ့လက်တွဲပြီး လမ်းလျှောက်ချင်တာပဲ… ဒါပေမယ့် သဘင်သည်ဘ၀မှာ ကျွန်မတို့တတွေက အပြင်ကမိန်းမတွေလောက်မှ လွတ်လပ်ခွင့်မှ မရကြတာ…..။ အဲဒါကိုလည်း မောင်ကနားလည်တယ်။”
ကျွန်မ၏ခံယူချက်ကိုကြားတော့ အေးကြည်တို့က ခါးခါးသီးသီးမဟုတ်ပေမယ့် သိပ်ပြီး လက်မခံချင်။
“ဒါဟာ မိန်းမတစ်ယောက်အတွက် သိပ်ပြီး တန်ဖိုးလျော့နေမှာပေါ့”
တန်ဖိုးဆိုတဲ့ စကားကို ကျွန်မထပ်သလဲလဲ ရွတ်မိပြန်သည်။ ယောက်ျားတစ်ယောက်နှင့် နားလည်ကြင်နာယုယစွာ အတူနေထိုင်ခြင်းက မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို ကျစေခြင်းတဲ့လား။ ဆာယုရိကလည်း အေးကြည်လိုပဲ မြင်ပြန်သည်။ သုံးယောက်မှာ အများပြောတာအမှန်ဆိုလျင် နှစ်ယောက်တစ်ယောက်ဖြစ်နေသည့် ကျွန်မအတွက်ကလည်း အမှားဖြစ်နေရော့သလား။
တကယ်တော့ ကျွန်မသည် တခြားအငြိမ့်မင်းသမီးတွေလို အငြိမ့်စင်ပေါ်မှာ ခရာတာတာ ရင်ဖိုစရာမပြောတတ်။ ကျွန်မပညာဖြင့် ကျွန်မဘ၀ကို ထိန်းသည်။ သဘင်သည်ဘ၀မှာ လက်ထပ်ခြင်းဆိုသည်က အနည်းနှင့်အများတော့ အထိအခိုက်များတတ်တာ ကျွန်မနားလည်သည်။ ထို့ကြောင့်ပင် ကျွန်မ၏အိမ်ထောင်ရေးကို အေးကြည်လို မဏ္ဏပ်ထိုးပြီး လူသိအောင်မကြေညာခဲ့။ ထိုသို့ မကြေညာခြင်းအတွက် ကျွန်မ၏ဂုဏ်သိက္ခာကို ကျနိုင်သည်ဆိုလျှင် ထိုသိက္ခာကို ကျွန်မ၏သဘင်ပညာက ပြန်ဆွဲတင်ပေးလိမ့်မည်။
အခုတော့လည်း ကျွန်မတို့ သုံးယောက်မှာ နှစ်ယောက်တစ်ယောက် ဖြစ်လာသည်။ အေးကြည်နှင့် ဆာယုရိသည် အိမ်ထောင်ရေးတစ်ခုကို သာမန်မိန်းမတွေလိုပဲ လမ်းရိုးတစ်ခုပမာ လျှောက်သင့်သည်လို့ထင်ကြသည်။
“မြရင်ကတော့ …. အိမ်ထောင်ရေးဆိုတဲ့လမ်းကို အမျိုးသမီးတိုင်း တူညီစွာ လျှောက်နိုင်လိမ့်မယ်လို့ မယုံဘူး။ ဘာကြောင့်လည်းဆိုတော့ လူတိုင်းရဲ့ ဘ၀ရပ်တည်ချက်တွေက မတူညီကြလို့ပဲ”
“ကြည်ကတော့ အမျိုးသမီးတိုင်းမှာ သင့်တော်တဲ့ အိမ်ထောင်ဘက်ကို လူကြီးစုံရာရှေ့မှာ တင့်တောင်းတင့်တယ် လက်ထပ်ယူသင့်တယ်လို့ထင်တယ်….။ ဆာယုရိရော ဘယ်လိုထင်သလဲ…။”
“မအေးကြည်.. မြင်သလို… ကျွန်မလည်းမြင်တယ်။အဖြူရောင် သတို့သမီးဝတ်စုံကီမိုနိုအောက်က ပျော်စရာကောင်းမယ့် မိန်းမတစ်ယောက်ဖြစ်ရမှာကိုလည်း ကျွန်မကတော့ စိတ်ကူးယဉ်မိတာအမှန်ပဲ……”
အင့်ဟင်း…… မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပပြီး သတို့သမီးဝတ်စုံ ၀တ်လိုက်တော့မှ မိန်းမတစ်ယောက်ပီသရတော့မှာလား။ ဒါဆိုလျင်တော့ အဲဒီလိုမိန်းမပီသနိုင်ဖို့ ကျွန်မအတွက် အခွင့်အရေး ပါလာနိုင်လိမ့်မည်ဟု မထင်ပါဘူး။ လူတိုင်းမှာတော့ အိပ်မက်လေးတွေကိုယ်စီ ရှိကြပါသည်။ ဒါပေမယ့် ထိုအိပ်မက်လေးတွေအတိုင်း လူတိုင်း ဖြစ်ခွင့်မရနိုင်ကြပေ။ ကျွန်မရဲ့ အိပ်မက်တွေကလည်း သာမန်မိန်းမတစ်ယောက်မျိုးရဲ့ အိပ်မက်မျိုး၊ ဆာယုရိနှင့် အေးကြည်တို့လို အိပ်မက်မျိုး ဖြစ်ချင်ဖြစ်မည်။ သို့ပေမယ့် ကျွန်မကတော့ အိပ်မက်တွေကို သည်အတိုင်းသာ သိမ်းထားခဲ့ပြီး ထုတ်ပြချင်သူတစ်ယောက် မဖြစ်ခဲ့ပေ။ ကျွန်မက လက်တွေ့ဘ၀ကို ယုံယုံကြည်ကြည် တည်ဆောက်မိသူ တစ်ဦးသာ ဖြစ်မည် ထင်သည်။
ကျွန်မတို့စကားဝိုင်းလေးသည် မထင်မှတ်ဘဲတိတ်ဆိတ်သွားကြသည်။ ကျွန်မတို့ သုံးယောက်စလုံးဆီမှ ၀င်သက်ထွက်သက်များသည် လေခိုးငွေ့အေးအေးလေးများပမာ စီးမျောထွက်ကုန်သည်။ နောက်ပြီး သုံးယောက်ကြားမှာ စီးမျောသွားသည့် အချိန်တွေကလည်း မတူကြ။ ဘာတွေဖြစ်ကုန်ကြပြီလဲ။ ကျွန်မတို့သုံးယောက်သည် မည်သူက ပိုပြီး မိန်းမဆန်လေမည်ဟူသော အတွေးဖြင့် တစ်ယောက်ကို တစ်ယောက်မလွတ်တမ်းကြည့်နေကြသည်။ တစ်ယောက်အမှားကို တစ်ယောက်ထောက်ဖို့ အသင့်ဖြစ်နေကြပြီလား။
ကြည့်နေရင်းနှင့် အခန်းကျဉ်းလေးသည် တဖြေးဖြေးမှောင်လာသည်။
တစ်ယောက်အသက်ရှူသံ တစ်ယောက်ပြန်ကြားနေရသည်။
အေးစက်နေသောလေတို့ တကျော့ပြန်ဝင်လာပြန်သည်။ အင့်ဟင်း မိန်းမတစ်ယောက်အတွက် ခမ်းနားကြီးကျယ်စွာ လက်ထပ်ယူခြင်းက ထိုမိန်းမတစ်ယောက်၏ အနုပညာအတွက် ကျဆုံးခြင်းသက်သက်……။
အို… ကျွန်မဘာတွေ စဉ်းစားနေတာလဲ။ တစ်ချိန်တစ်ခါမှာတော့ မိန်းမတိုင်းက တန်ဖိုးကြီးစွာဖြင့် လှပသော သတို့သမီးဝတ်စုံကို သူချစ်သောသူဖြင့် လက်တွဲရင်း ၀တ်ဆင်ချင်ကြသတဲ့လား။
အေးကြည်၏ စကားသံလေးက လေအေးထဲကို ဖောက်ထွက်ပြီး ကျွန်မရင်ထဲကို ဒိန်းခနဲ ၀င်စောင့်သည်။ နောက်တော့ ပတ်ချာလည်လှည့်သလို ကျွန်မခန္ဓာကိုယ်ထဲကို တွန်းတိုက်ရင်း ၀င်ရောက်ပျောက်ကွယ်သွားပြန်သည်။
အေးစက်သောလေထဲမှာ မွှေးကြိုင်တဲ့ရနံ့လေးက စီးဝင်လာသည်။ အနားကို ပတ်ချာလည်ရှာကြည့်လိုက်သည့်အချိန်မှာ ဆာယုရိရော အေးကြည်ရော မရှိတော့။ ဘယ်ရောက်သွားကြပြီလဲ။ သနပ်ခါးနံ့သင်းသင်းလေးကို တစ်ချက် နမ်းရှိုက်လိုက်သည့်အချိန်မှာ မိမိလက်အစုံမှာ ဆုပ်ကိုင်ထားသည့် အဖြူရောင် ဖိတ်စာလေးသာဖြစ်နေသည်။ ထိုဖိတ်စာလေးသည် ကျွန်မကို လှောင်ပြီး ကြည့်နေသည်။ ရယ်သံတွေကို ခပ်တိုးတိုးလေးကြားရပြန်သည်။
ကျွန်မကြောက်လန့်တကြား ဖိတ်စာလေးကို လွှတ်ချလိုက်မိသည့်အချိန်မှာ ထိုဖိတ်စာလေးသည် ၀ဲကာဝဲကာဖြင့် တဖြေးဖြေးကျသွားပြီး မိန်းမတစ်ယောက် ဖမ်းဆုပ်လိုက်တာ တွေ့လိုက်ရသည်။ ထိုမိန်းမကိုကြည့်လိုက်တော့ လူတစ်ရပ်လောက်ရှိသော သူမ၏ဆံပင်တွေက ခေါင်းအုံးထပ်မှာ ပြန့်ကြဲနေပြီး ကျွန်မလွှတ်ချလိုက်သော ဖိတ်စာလေးကို တင်းတင်း ဆုပ်ကိုင်ထားသည်။ အေးကြည်၏ဖိတ်စာအသစ်လေးသည် သူမလက်ထဲမှာ ၀ါကျင်တွန့်လိမ်နေပြီး နှစ်ပေါင်းများစွာကြာနေတဲ့ စက္ကူစုတ်လေးလို ညစ်နွမ်းနေသည်။ သူမနှင့် ထိုဖိတ်စာလေးသည် တစ်ခုခုဆက်နွယ်နေသည်ဟု ကျွန်မ ရုတ်တရတ်ခံစားလိုက်ရသည်။ သူမသည် ထိုဖိတ်စာလေးကို တင်းတင်းဆုပ်ထားရင်း နောက်ဆုံးထွက်သက်ကို အမိအရဖမ်းနေသကဲ့သို့ တဆတ်ဆတ်တုန်နေ၏။
အို…… အလင်းရောင်ခပ်ဖျော့ဖျော့အောက်က သူမ၏မျက်နှာလေးကို သေသေချာချာ ကြည့်မိလိုက်ချိန်မှာတော့ ကျွန်မကို အေးစက်သည့်လက်တွေဖြင့် ပွေ့ဖက်လိုက်သလို ခံစားလိုက်ရသည်။
သူမသည် ကျွန်မကိုယ်တိုင်ဖြစ်နေသောကြောင့်ပင်။

၁၃ စက်တင်ဘာ ၂၀၀၉
၁း၂၃ မနက်
၁း၂၃ မနက်
ဝတ္ထုပါဇာတ်ကောင်များသည် မြန်မာ့အငြိမ့်လောကမှ ဖြစ်ရပ်မှန်ဇာတ်ကောင်များကို မှီငြမ်းထားခြင်း ဖြစ်ပါသည်။ ဇာတ်ကောင်များ၏ စိတ်ခံစားမှုများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်များသာ ဖြစ်ပါသည်။
လေဘာတီမမြရင်သည် သဘင်ပညာကို အလွန်ပဲ ကျွမ်းကျင်တတ်မြောက်သူ တစ်ဦးဖြစ်ပြိး အငြိမ့်စင်ပေါ်တွင် မည်သည့်အခါမျှ မကလက်တတ်။ သူမ၏မျက်နှာကို အငြိမ့်စင်ပေါ်မှလွဲ၍ အပြင်တွင် မြင်နိုင်ခဲလှသည့် အိနြေကြီးသည့် အမျိုးသမီး တစ်ဦးဖြစ်သည်။ သူမ၏ အငြိမ့်ကို မိဘ၊ သားသမီး အတူတူပင်ကြည့်နိုင်ကြသည်။ သူမအိမ်ထောင်ပြုသည့်အခါ ထင်ထင်ပေါ်ပေါ် မပြုခဲ့ပေ။ ငွေကိုလည်း ကိုင်မသုံးတတ်ပဲ သူမ၏မိခင်က အစစအရာရာ စီမံပေးသည့်အတိုင်း မြေ၀ယ်မကျနားထောင်သည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ပြေးရင် ငှက်ဖျားရောဂါဖြင့် သေဆုံးခဲ့သည်။ သူမသေဆုံးပြီး ၅ရက်အကြာတွင် သူမ၏မိခင်ပါ သမီးဇောဖြင့်သေဆုံးခဲ့သည်။
ဥက္ကလာအေးကြည်သည် မမြင်ရင်ထက်နှိုင်းယှဉ်လျင် သဘင်ပညာ ပိုပြီး ပြည့်ဝသူဖြစ်ကြောင်း ပညာရှင်တိုင်းလက်ခံကြသည်။ နောက်ပြီး မမြရင်ထက် အငြိမ့်လောကထဲ စောစီးစွာ ရောက်ခဲ့သည်။ သူမ၏ ပရိသတ်ထဲက တစ်ဦးဖြစ်သူနှင့် လူသိရှင်ကြား လက်ထက်ပြီးနောက် အငြိမ့်လောကမှ ထွက်ခွာသွားခဲ့သည်။ တခါတရံ အရေးကြီးသောပွဲများမှအပ ဆက်ပြီး မကတော့ပါ။ သူမသည် လူ့လောကကြီးထဲမှ သူမ၏ယောကျာ်းထက် စောစီးစွာထွက်ခွာ သွားခဲ့သော်လည်း သူမ၏ယောက်ျားသည် နောက်အိမ်ထောင် ပြုခြင်း မရှိခဲ့ပါ။
ဥက္ကလာအေးကြည်နှင့် မမြရင်တို့၏ အိမ်ထောင်ရေး ယူဆချက်များသည် သဘင်လောကအတွင်း ဆွေးနွေးစရာတစ်ခုဖြစ်လာခဲ့သည်။
ဆာယုရိသည် သူမကိုးနှစ်သမီးကတည်းက တိတ်ဆိတ်စွာ စောင့်စားလာခဲ့ရသော ချစ်သူဖြင့် ဒုတိယကမ္ဘာစစ်အပြီးမှာ ဆုံစည်းခွင့်ရခဲ့သည်။ (အသေးစိတ်ကို ဂေရှားနှင့်အနုပညာမှာ ဖတ်နိုင်ပါသည်။)

2 ယောက်ကဒီလိုမြင်တယ်တဲ့...:
ရေးပြီးသား ပို့စ်လေးကို ဆားချက်တဲ့ အနေနဲ့ တစုတစည်းတည်း ပြန်တင်ပေးလိုက်တာပါ
hote kae. hote kae. :)
Post a Comment