January 30, 2011

မထုံးရီ၊ မခေါင်ညွယ်၊ မနှင်းမြူ၊ နန်းခင်နန်းရင်



မြန်မာပြည်မြောက်ပိုင်း…… နတ်နွယ်ရဲ့ မြန်မာပြည် မြောက်ပိုင်း။

ဖတ်မိသည့် အချိန်မှစ၍ လက်ကပင် မချနိုင်တော့ပေ။ ကနန်းလူမျိုးများ၏ ထူးဆန်းသော ဓလေ့များ၊ ရှမ်း ဗမာ ကချင်လူမျိုးများ၏ တုံးတိတိချစ်စဖွယ် အသံလေးများနှင့်အတူ နှင်းတွေဖွေးနေသည့် အေးချမ်းသည့် တောင်တန်းများ၊။ ကျူးကျော်လာသည့် ရန်သူများကို တိုက်ခိုက်နေသည့် ဓါးသံ၊ သေနတ်သံများ၊ အနိုင်ကျင့်လာသည့် မင်းမှုထမ်းများကို တုန့်ပြန်တိုက်ခိုက်သည့်အသံများ…. ထိုအသံများက ၀တ္ထု တစ်ပုဒ်လုံးဆုံးသော်လည်း အာရုံထဲတွင် ပြန့်၍ ကျန်ခဲ့သည်။ ဇာတ်အိမ်ကြီးသလို ဇာတ်ကောင်စရိုက်တွေကလည်း အတော့်ကို ပီပြင်ကြသည်။ ဇာတ်ကောင်များစွာဖြင့် ဖွဲ့စည်းထားသည် ထိုဝတ္ထုရှည်၌ ကျွန်တော်အစွဲလမ်းဆုံးကဖြင့် အမျိုးသမီးဇာတ်ကောင်များပင် ဖြစ်သည်။
သူတို့သည် ကိုယ့်မြေကိုယ့်ယာမှာ အေးချမ်းစွာ ထွန်ယက်လုပ်ကိုင်စားသောက်ချင်သော်လည်း အာဏာကိုအလွဲသုံးစားလုပ်၊ ဒေသခံများကို မတရားအနိုင်ကျင့်လုယက်လာသည့် နေပြည်တော်မှ ဘုရင့်တပ်ကို လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့သည်။ ကျူးကျော်လာသည့် တရုတ်ဓါးပြများကိုလည်း နှိမ်နင်းခဲ့ကြသည်။ နယ်ချဲ့လာသည့် ကုလားဖြူများကိုလည်း တွန်းလှန်ခဲ့ကြသည်။ အာဏာနှင့်ငွေကြေးနောက် လူသားဆန်ဆန် ပါဖူးကြပြန်သည်။ ရမ္မက်ကို သိက္ခာဖြင့်လဲခဲ့ကြသူများလည်း ပါကြသည်။ ထိုသူများတွင် နိုင်ငံနှင့်လူမျိုးကို ချစ်တတ်သူများလည်း ပါဝင်ကြသည်။ အများတကာကဲ့သို့ ကြီးပွားခြင်းနှင့် ချမ်းသာခြင်းကိုလည်း မက်မောကြသည်။ တကယ်တော့ ထိုသူများသည် လူသားဆန်သည့် လူသားများသက်သက်သာ ဖြစ်ကြသည်။ ထိုသူတို့သည် မြန်မာပြည်တွင်းမှာ မွေးဖွားကြီုးပြင်းခဲ့ကြသူများ ဖြစ်သည်။ ဆရာနတ်နွယ်ရဲ့ ဇာတ်လမ်းထဲမှ အမျိုးသမီးများအကြောင်းစရလျင် ကချင်အမျိုးသမီး မခေါင်ညွယ်နှင့်စလိုသည်။

မခေါင်ညွယ်

မခေါင်ညွယ်ရဲ့ ဇာတ်လမ်းအစက စိတ်ဝင်စားဖို့ အလွန်ကောင်းသည်။ ရွှေဝါနဲ့ ရွှေနီတို့ညီအစ်ကိုနှစ်ယောက် ဆင်ဖမ်းထွက်ရင်း တောလမ်းတစ်နေရာမှာ မခေါင်ညွယ်တစ်ယောက်တည်း မီးဖွားတမ်းလမ်းစတွေ့ရသည်။ မခေါင်ညွယ်ခမျာ မီးမဖွားနိုင်၍ မြေပေါ်မှာလူးလိမ့်နေရသဖြင့် ညီအကိုနှစ်ယောက် မီးဖွားနိုင်ဖို့ ကူညီခဲ့ကြသည်။ မခေါင်ညွယ်သည် သူ၏သားဦးရဲ့ ချက်ကြိုးကို ကိုယ်တိုင်ဖြတ်၊ ကိုယ်တိုင်ဝါးစိတ်ငါးခု စိုက်ပြီး မြေမြှပ်သည်။ ကချင်လူမျိုးတွေရဲ့ ဓလေ့ထုံးစံအရ သားဦးရဲ့ အချင်းကို အိမ်၏အလယ်ဆင်ဝင်တိုင်အနီးတွင် စိုက်ရသည်။ ထို့ကြောင့် မခေါင်ညွယ်သည် မီးဖွားပြီး နောက်တစ်နေ့မှာပင် ထိုနေရာမှာပင် သူမတစ်ယောက်တည်းအားဖြင့် အိမ်ဆောက်သည်။ သူမ၏ကလေးကို ထိုနေရာမှာပင် ပြုစုပျိုးထောင်သည်။
တကယ်တော့ မခေါင်ညွယ်သည် ကချင်အမျိုးသမီးတွေရဲ့ ဘ၀ကို ကိုယ်စားပြုချင်သည်။ ကချင်အမျိုးသမီးတို့၏ ဘ၀သည် အိမ်ထောင်မကျခင်အထိ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ကြသည်။ သို့သော်လည်း အိမ်ထောင်ကျပြီးသည့်အချိန်တွင်တော့ မိမိကိုယ်ကို မပိုင်တော့၊ လင်ယောက်ျားနှင့်သူ၏ မိသားစုကပင် ပိုင်ကြသည်။ လင်သေလျင်ညီအကိုထဲက တစ်ယောက်ယောက်ရဲ့ သိမ်းခြင်းခံရသည်။ ညီအကိုမရှိလျင် အဖေသို့မဟုတ် အဖိုးလုပ်သူ၏ သိမ်းပိုက်ခြင်းကို ခံရသည်။ ထိုသို့မဟုတ်လျင်တော့ မင်္ဂလာဆောင်စဉ်က သတို့သားဘက်က တင်တောင်းထားသည့် လက်ဖွဲ့ ပစ္စည်းများကို ပြန်အမ်းနိုင်လျင် ကိုယ့်အိမ်ကိုယ့်ယာ ပြန်နိုင်သည်။ ဒါမှမဟုတ်လျင်တော့ တစ်ယောက်ပြီး တစ်ယောက်လက်လွှဲမှုကြားမှာ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက်မွေးဖွားဖို့သာ ရှိတော့သည်။ ထိုသို့ အဖြစ်မျိုး မခေါင်ညွယ်သည် မဖြစ်လို။ သူ၏ယောက်ျားဆုံးသောအခါ ယောက်ျားဘက်က အဘိုးကို မယူလို၍ ထွက်ပြေးခဲ့သည်။ နောက်တော့ နယ်မြေသစ်မှာပဲ သူမဘ၀ကို ပြန်စသည်။ သို့သော်လည်း တစ်ချိန်မှာတော့ သူမ၏ဇာတိမြေကို ပြန်ဖို့ ဆုံးဖြတ်ထားသူ တစ်ယောက်ဖြစ်သည်။ သူမ၏ကလေးကို ရှမ်းတွေ ဗမာတွေကြားမှာ ကြီးပြင်းသည့်အချိန်အထိ ပြုစုစောင့်ရှောက်ခဲ့ပေမယ့် ကချင်ဓလေ့တွေ ကချင်ရိုးရာများဖြင့် သူ့သားကို သင်ကြားပေးခဲ့သည်။

မခေါင်ညွယ်ငယ်စဉ်က သူမကို ကြိုက်နှစ်သက်သူတစ်ဦး ရှိခဲ့သည်။ သူ့နာမည်က လဖိုင်လ။ လဖိုင်လသည် မခေါင်ညွယ်မှလွဲ၍ မည်သူကိုမျှ လက်မထပ်၊ စိတ်မ၀င်စား။ မခေါင်ညွယ်ကလည်း လဖိုင်လအပေါ်မှာလည်း မေတ္တာရှိ၏။ သို့ပေမယ့် သူမတို့၏ ကချင်ဓလေ့အရ အိမ်ထောင်ပြုပြီးလျင် လင်ယောကျာ်းဘက်က ပိုင်သည့်ဓလေ့ကို မနှစ်သက်။ ယောက်ျားဘက်က တစ်ယောက်လက် တစ်ယောက်ပြောင်းရင်း ဘ၀ဆုံးရသည့် ကချင်အမျိုးသမီးတစ်ယောက်လည်း ထပ်ပြီး မဖြစ်လို၊ သူမသည် ယောက်ျားမရှိဘဲ အမျိုးသမီးတစ်ယောက်တည်း ရပ်တည်နိုင်ကြောင်းကိုလည်း တခြားကချင်အမျိုးသမီးများကို ပြလိုသည်။ သူမတစ်ယောက်တည်းလည်း ရပ်တည်နိုင်ခဲ့သည်။ ထို့ကြောင့် လဖိုင်လကို မေတ္တာရှိပေမယ့်လည်း သူမသည် နောက်ထပ်အိမ်ထောင်ပြုဖို့ မကြိုးစားတော့ပေ။ ဆရာနတ်နွယ်သည် မခေါင်ညွယ်အကြောင်း ရေးသည့်အခါ သူတို့၏ဓလေ့ ထုံးတမ်းများကိုပါ ထည့်ရေးသည်။ ထိုအခါ မခေါင်ညွယ်၏ဇာတ်ကြောင်းသည် ပိုကြွလာသည်။ သာမန်ထက်ထူးသော မခေါင်ညွယ်၏ သတ္တိနှင့် မာနကို ကချင်အမျိုးသမီးတွေကြားမှာ ပေါ်လွင်အောင် ရေးသားနိုင်ခဲ့ပြန်သည်။

မထုံးရီ
နောက်တစ်ယောက်က မထုံးရီ။ မထုံးရီကျပြန်တော့ ဘယ်ဇာတိ ဘယ်အရပ်ကမှန်းမသိ။ ယောကျာ်းဆုံးသွားသဖြင့် ကလေးတစ်ယောက်နှင့် ကျန်ခဲ့သည့် ဗမာအမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသည် လှသည်။ အမျိုးသားများကို ညှို့ယူနိုင်သည်။ မထုံးရီအကြောင်းဖတ်ရသည်မှာ ဖိန်းရှိန်းရှိန်းနိုင်လှသည်။ သူမ၏ဘ၀မှာ ယောက်ျား သုံးယောက်နှင့် တပြိုင်တည်း ပတ်သက်ခဲ့သည်။ ထိုသုံးယောက်မှာလည်း တစ်မိသားစုတည်း ညီရင်းအစ်ကို သားအဖများဖြစ်ကြသည်။ အကိုဖြစ်သူ ရွှေနီနှင့် သို့လောသို့လောဖြစ်သည်၊ ညီဖြစ်သူ ရွှေဝါကို တိတ်တခိုး ချစ်ခဲ့သည်။ နောက်တော့ အဖေဖြစ်သူဦးနွဲ့မွန် သူကြီးဖြစ်သောအခါ အဖေဖြစ်သူနှင့် လိုက်ပြေးသည်။

မထုံးရီအကြောင်း ဆရာနတ်နွယ် ပုံဖော်သည့်အခါ အလွန်မှပင် ညုတုတုနိုင်လှသည်။ စာဖတ်သူ၏ အတွေးထဲမှာ မထုံးရီ၏ ခရာတာတာ စောင်းချိတ်ချိတ်လေသံများ ၀ဲနေအောင် ရေးနိုင်စွမ်းရှိသည်။ မထုံးရီက မောင်ရွှေဝါနှင့် တွေ့တိုင်း “တို့များကတော့လေ…. တို့များကတော့ဖြင့်”ဟု ကိုယ့်ကိုယ်ကို ပြောပုံလေးကိုက တမျိုးတမည် ခံစားနိုင်အောင် ရေးနိုင်စွမ်း ရှိသည်။
အင်္ဂလိပ်နယ်ချဲ့လက်အောက်ကျရောက်သည့် အခါတွင်လည်း မထုံးရီသည် သာမန်လူသားပီပီ ငွေကြေးနဲ့ အာဏာနောက်ကို ကောက်ကောက်ပါအောင် လိုက်ပြန်သည်။
သူမ၏ရွာသားများက အင်္ဂလိပ်အစိုးရကို ပုန်ကန်မည့်အရေးမှာ မျက်နှာလိုမျက်နှာရ သတင်းပေး ဖော်ကောင်လုပ်လိုက်ပြန်သေးသည်။ ထို့နောက် အင်္ဂလိပ်အစိုးရကို ပုန်ကန်၍ သူမ၏သားအဖမ်းခံရပြီး စက်တိုင်တက်ရမည့်အရေးတွင် သားဖြစ်သူကို တစ်သက်လုံး လှည့်မကြည့်လာခဲ့ပေမယ့်လည်း မိခင်ဇောဖြင့် သားဆီကို သတိသွားပေးရကောင်းနိုးနိုး ချိတုံချတုံ ဖြစ်နေသည့် အခန်းမှာလည်း မထုံးရီရဲ့ မပြတ်မသားဖြင့် ဆုံးဖြတ်ရခက်နေမှုကို ထင်းခနဲ မြင်ရပြန်သည်။ နောက်ဆုံးမှာ မထုံးရီအကျွတ်တရား ရသွားပြီး မယ်သီလရှင်ဖြစ်သွားပြီးသည့် အချိန်အထိ မောင်ရွှေဝါကို သံယောဇဉ်မပြတ်နိုင်ပုံကိုလည်း စာရေးသူက သွယ်ဝိုက်၍ ရေးသားခဲ့သည်။ တကယ်တော့ မထုံးရီသည် ဆရာနတ်နွယ်ရဲ့ လက်ထဲမှာ မြူးထူးပျံဝဲနေသည့် ဇာတ်ကောင်တစ်ခု ဖြစ်ခဲ့သည်။ မထုံးရီသည် ရွာက ကြဉ်ခံထားသည့် ဗီလိန်ဆန်ဆန်အမျိုးသမီး တစ်ယောက်ဖြစ်သည့်တိုင် ဆရာနတ်နွယ်၏လက်ထဲမှာ သူမဖြစ်ချင်လျင် နောက်မဆုတ်တမ်းလုပ်တတ်သည့် ခပ်ထက်ထက် အမျိုးသမီးတစ်ယောက်အဖြစ် တောက်ပနေသည်။

နန်းခင်နှင့် နန်းရင်
အဓိကအမျိုးသားဇာတ်ကောင် ဖြစ်သည့် ရွှေဝါမှာ ညီအမနှစ်ယောက် ရှိ၏။ နန်းခင်နှင့် နန်းရင်တို့ပင် ဖြစ်ကြသည်။ ညီမဖြစ်သူ နန်းရင်က မိန်းမပီပီ လှလှပပ ပျော့ပျော့ပျောင်း ပျောင်း ရှိသလောက် အစ်မဖြစ်သူ နန်းခင်သည် ယောက်ျားလေး တစ်ယောက်ကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ရှိလှသည်။ ဆင်စီး မြင်းစီး ကျွမ်းကျင်သည်။ သူမတို့၏ ကြိုးကြာရွာကို ဗိုလ်ဗလကဲ့သို့သော ဘုရင့်မင်းမှုထမ်းများ လာရောက်အနိုင်ကျင့်သောအခါ ရှေ့ဆုံးမှ တိုက်ခိုက်ချင်သူ ဖြစ်ခဲ့သည်။ အဖေဖြစ်သူ မထုံးရီနောက်ပါသွားသောအခါ မိသားစုက အားကိုးရမည်လို့ ထင်ခဲ့ပေမယ့် လူရဲ့စိတ်က မှန်းလိုမရသလို နန်းခင်လည်း ပြောင်းလဲခဲ့သည်။ နန်းခင်အိမ်ထောင်ကျပြီးနောက် သူမ၏ယောက်ျားကလွဲလို့ မည်သူ့ကိုမျှ ဂရုမစိုက်တော့ပေ။ သူမ၏ကိုယ်ပိုင်မိသားစုအတွက်သာ အလေးထားခဲ့သည်။ နောက်တော့ နယ်ချဲ့တော်လှန်ရေးသမား အစ်ကိုနှစ်ယောက်နှင့် ပြဒါးတစ်လမ်းသံတစ်လှမ်း ဖြစ်ခဲ့သည်။ ဖခင်ဖြစ်သူ ဦးနွဲ့မွန်နှင့်အတူ အင်္ဂလိပ်ဘက်တော်သားဖြစ်ခဲ့သည်။ သည်နေရာမှာ ကျွန်တော်မြင်တာက နန်းခင်၏ စိတ်ဓါတ်ပင်ဖြစ်သည်။ ဆုံးဖြတ်ပြီးလျင် နောက်မဆုတ်တမ်း ရှေ့ဆက်တိုးသည့် စိတ်ဓါတ်ပင်ဖြစ်သည်။ ထိုစိတ်ဓါတ်ကပင်လျှင် သူမကို အမြင့်ဆုံးကို ဆွဲတင်သလို အနိမ့်ဆုံးကို ဆွဲချခဲ့သည်။ အရင်က ခမ္မတီးသူလို ၀တ်ဆင်တတ်သည့် နန်းခင်သည် နောက်ပိုင်းမှာ ဗမာဆန်ဆန်ဝတ်ပြီး နန်းတွင်းသူဟန်ဆန်ခဲ့သည်။ သည်နေရာမှာ ဆရာနတ်နွယ်က တိုင်းရင်းသားတွေ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက်မြင်ပုံလေးကို လျစ်ခနဲ ဖော်ပြသည်။ နန်းခင်တစ်ယောက် ဗမာနန်းတွင်းသူဆန်ဆန် နေပုံထိုင်ပုံကို ရှမ်းတို့အလယ်မှာ သစ္စာမဲ့သူလို့ အထင်ခံရပုံပင်ဖြစ်သည်။ နန်းရင်ကတော့ နန်းခင်နှင့်မတူပေ။ လှချင်ပချင်သူ၊ မိန်းမဆန်ချင်သူ နန်းရင်သည် တကယ်တမ်းဘ၀ကို ရင်ဆိုင်ရသည့်အခါ အများမြင်သည့်အမြင်နှင့် တခြားဆီဖြစ်ခဲ့သည်။ သူမသည် နယ်ချဲ့တော်လှန်ရေး ရှေ့ဆုံးမှပါဝင်ခဲ့သည်။

မနှင်းမြူ
ဇာတ်ကောင်တွေအားလုံးမှာတော့ ကနန်းသူ မနှင်းမြူက အရိုးဆုံး၊ အနူးညံ့ဆုံးပင်ဖြစ်သည်။ နောက်ပြီး စိတ်ကူးအယဉ်ဆုံး အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ရွှေဝါနဲ့အမှတ်မထင်ဆုံခဲ့သည်။ သူတို့ဓလေ့အရ အမျိုးသမီးကို ကွမ်းဖိုးတင်ပြီး တောင်းယူနိုင်ခွင့်ရှိသည်။ ရွှေဝါက ကွမ်းဖိုးအတွက် သူ၏ရွာကို ပြန်ပြီး ပိုက်ဆံစု၏။ မနှင်းမြူက ရွှေဝါကို ယုံကြည်စိတ်ချစွာဖြင့် စောင့်မြဲစောင့်၏။ နောက်တော့ ရွှေဝါက ဘုရင့်နန်းတော်သို့ အမှုထမ်းရန်သွားရာမှ နန်းတွင်းသူခင်ခင်လေးနဲ့ မှား၍အိမ်ထောင်ကျသည်။ နောက်တော့ ခင်ခင်လေးတစ်ယောက် အင်္ဂလိပ်တွေ လက်ချက်နဲ့ ဆုံးရှာသည်။ ရွှေဝါက သူ၏အမှားအတွက် မနှင်းမြူနှင့် မထိုက်တန်တော့ဘူးဆိုပြီး သူမကို ပုန်းရှောင်သည်။ မနှင်းမြူက သူမဘက်က ခွင့်လွှတ်ကြောင်း အတန်တန်ပြောပေမယ့်လည်း သူမကခွင့်လွှတ်လေ ရွှေဝါက ရှောင်လေပင်။ နောက်တော့ ရွှေဝါတစ်ယောက် သူ့အဖေ၏နောက်မိန်းမ မထုံးရီနှင့် ဖောက်ပြန်ပြန်သည်။ မနှင်းမြူက ခွင့်လွှတ်ဆဲခွင့်လွှတ်ပြန်သည်။ ရွှေဝါကလည်း ရှောင်ပုန်းမြဲ ရှောင်ပုန်းပြန်သည်။ ရွှေဝါတို့တပ်တွေလည်း အင်္ဂလိပ်ကို မတိုက်နိုင်တော့ လူစုသည့်အနေဖြင့် တရုတ်နယ်စပ်ကို ရောက်သွားသည့်အခါ ရွှေဝါတစ်ယောက် ဘိန်းစွဲပြီး ရူးတော့သည်။ နှစ်ပေါင်းများစွာကွဲကွာနေရာမှ ဘိန်းစွဲပြီး စိတ်မတည်ငြိမ်သော ချစ်သူရွှေဝါကို နောက်ဆုံးမှာတော့ မနှင်းမြူတစ်ယောက် ပိုင်ဆိုင်ခွင့် ရခဲ့သည်။ ထိုအချိန်ထိ သူမကသစ္စာရှိစွာ စောင့်နိုင်ခဲ့လေသည်။ ဆရာနတ်နွယ်က တိုက်ပွဲအရေးတော်ပုံများကြားက ကြမ်းတမ်းခက်လျော်သည့် အကြောင်းများကို ရေးဖွဲ့နေရင်းက မနှင်းမြူ၏ အချစ်အကြောင်း ရေးသားပုံက နူးညံလှပပြန်ပါသည်။ မိန်းမတစ်ယောက်ရဲ့ စောင့်ထိန်းနိုင်မှု၊ အချစ်ကြီးမှုကိုလည်း ခေတ်အမျိုးမျိုးပြောင်းပြီး ပြသနိုင်ခဲ့ပြန်သည်။

နတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်းသည် မမျော်လင့်သည့် မြှပ်ကွက်များ၊ အချိုးအကွေ့များဖြင့် တညိမ့်ညိမ့် ဖတ်ရသော ရသစာပေကောင်း တစ်ခုဖြစ်သည်။ သူ၏၀တ္ထုထဲမှ ဇာတ်ကောင်များသည် နူးညံသည် ခက်ထန်သည်။ မထုံးရီကို ကျွန်တော်သဘောကျသည်။ သူမလိုချင်တာ ရအောင်ယူနိုင်သည်။ မခေါင်ညွယ်ကို လေးစားအားကျသည်။ ကချင်အမျိုးသမီးတွေရဲ့ ဓလေ့လောင်းရိပ်ကနေ ဆွဲခေါ်ချင်သည့် အမျိုးသမီးဝါဒီတစ်ဦးဖြစ်သည်။ မနှင်းမြူကိုတော့ အားမလိုအားမရဖြစ်မိသည်။ သူမ၏ဘ၀တစ်ခုလုံးအတွက် သစ္စာတရားနှင့် မေတ္တာတရားကိုသာ အားထားခဲ့သည်။ ယောက်ျားတစ်ယောက်အတွက် သူမသက်တမ်းတစ်ဝက်သည် အချိန်ကုန်ခဲ့ရသည်လို့ ကျွန်တော်မြင်သည်။ ခြုံ၍ကြည့်ရလျင်ဖြင့် ထိုဝတ္ထုသည် ဖတ်နေသည့်အချိန်ရော ဖတ်ပြီးသည့်အချိန်ပါ တနုံ့နုံ့တွေးရင်း တငြိမ့်ငြိမ့်ခံစားရမည့် ရသစာပေကောင်းမှတ်တိုင်တစ်ခုပင် ဖြစ်ပါသည်။ ၀တ္ထုသဘောအရ ဇာတ်သိမ်းခဲ့ပြီ ဖြစ်သော်လည်း ဇာတ်လမ်းအရ မဆုံးနိုင်သေး။ မနှင်းမြူနဲ့ ရွှေဝါတို့ ကိုယ်ပိုင်မိသားစုဘ၀ဖြင့် တော်လှန်ရေး၏နောက်ကွယ်မှာ ငြိမ်သက်နေမယောင်နဲ့ နောက်ဆုံးတော့ တော်လှန်ရေးဘက်ကို ပြန်ပါတော့မည့်ဟန်ဖြင့် ဇာတ်သိမ်းထားပုံက အတော့်ကို လှပသော အဆုံးသတ်လေးပင် ဖြစ်ပါကြောင်း ညွှန်းဆိုရေးသားလိုက်ပါသည်။

6 ယောက်ကဒီလိုမြင်တယ်တဲ့...:

msd said...

nice post. I wanna read that book. Can u lend me for awhile?

မျက်မှန်လေး said...

very nice introduction!!! I also wanna read the book... where i can borrow from?

Anonymous said...

ဇာတ်အိမ်ကြီးမားလွန်းပြီး ဇာတ်ကောင်များလွန်းတဲ့အတွက် တချို့နေရာတွေမှာ အီနေသလိုခံစားရတယ်
သို့သော် စာရေးဆရာနတ်နွယ်ရဲ့ အကောင်းဆုံးလက်ရာလို့လည်း ညွှန်းဆိုပြကြပါတယ်
ဖတ်လို့တော့ကောင်းတယ်ခင်ဗျ ...

(littlebrook)

နန်းညီ said...

ဟုတ်ပ.. ဇာတ်ကောင်တွေများပြီး မပီပြင်တော့ဘဲ လိုတဲ့အချိန်ပေါ်လာလိုက် မလိုတော့ သေသွားလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်နေသလိုပဲ.. သူက ဇာတ်ကောင်စရိုက် အဓိကထားတဲ့ ဝတ္တုမျိုးမဟုတ်လို့လည်း ပါမယ်ထင်ပါတယ်.. တိုင်းရင်းသားဓလေ့တွေ သမိုင်းဆိုင်ရာတွေအရ ကြည့်ရင်တော့ အင်မတန်ဖတ်ဖို့ကောင်းတဲ့ ဝတ္တုကြီးပဲထင်တယ်.. (ကိုယ်ပိုင်ခံစားချက်အရတော့) နောက်တစ်ခေါက်ထပ်မဖတ်ချင်တော့ဘူး.. နည်းနည်းလည်း ပျင်းတယ်.. ပြီးတော့ လက်ညောင်းလို့..း)

သက်ပိုင်သူ said...

ဟဟ.. နန်းညီကတော့ လုပ်ပီ.. တရုတ်ဇာတ်လမ်းတွဲတွေလို သဘောထားပြီး ဖတ်ကြည့်ပေါ့... ဟုတ်ပါတယ်.. စာရေးဆရာက ဇာတ်အကွေ့ကို မနိုင်ပေမယ့် သူ့ဓလေ့နဲ့ သူ့စရိုက်ကိုတော့ ပေါ်အောင် ရေးနိုင်ပါတယ်.. မျက်မှန်လေးနဲ့ MSD စကာင်္ပူမှာဆိုရင်တော့ လမ်းပြကြယ်စာကြည့်တိုက်မှာ ငှားလို့ရပါတယ်

Anonymous said...

ချောင်းထဲမှာရေချိုးတဲ့ အခန်းကိုရိုးရိုးသား သဘောကျပါတယ်