May 24, 2010

ဘလော့ဂါတွေ မြန်မာစာမဖျက်ဆီးပါ

ဒီနေ့ ဘလော့ပေါ်ကနေ တော်တော်ပျောက်နေတဲ့ အကိုလိုခင်တဲ့ တစ်ယောက်ပြန်ပေါ်လာတယ်။ စာပေထဲမှာ အဆိပ်တွေပါတယ်ဆိုတဲ့ ပို့စ်နဲ့ပေါ့ဗျာ။ ကြောင်းအရာတွေ တော်တော်များများကို စုံကာစေ့ကာနဲ့ ရေးသွားတာပဲ။ သဘောကျမိတယ်။ သူရှင်းပြထားတဲ့ အမြင်အားလုံးနီးပါးကို ကျွန်တော်လက်ခံတယ်။တစ်ခုပဲ သူရေးထားတဲ့ ဘလော့ပေါ်က မြန်မာစာပေနဲ့ နည်းနည်း ဆွေးနွေးကြည့်ချင်လာတယ်။ အငြင်းအခုံမဟုတ်ပါလို့ ကြိုတင်အသိပေးပါရစေ။
တစ်ခုပဲ စိတ်ထဲမှာ မတင်မကျလေးဖြစ်မိတယ်။
ဟိုးတလောတုန်းက အွန်လိုင်းဂျာနယ်တစ်ခုမှာ သူများကွန်မန့် ပေးထားတာဖတ်လိုက်ရတယ်။ ဘာတဲ့။ ဇော်ဂျီဖောင့်ရိုက်တတ်ပြီး အွန်လိုင်းသုံးတတ်ရင် စာရေးဆရာဖြစ်ပြီဆိုလား။
အဲဒီစာကိုဖတ်ကာစ တုန်းကတော့ စိတ်ထဲမှာ နည်းနည်းလေး ခု မိပေမယ့် သေချာပြန်စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။”
ကျွန်တော်လည်း သူဆိုလိုတဲ့ အကြောင်းအရာလေးကို သေချာစဉ်းစားမိတယ်။ အကိုတွေ့ဖူးသလို အဲဒီလိုနည်းနဲ့ ဘလော့တွေတော်တော်များများကို ဝေဖန်ထားတာတွေ့ဖူးတယ်။ ပထမတော့ ကိုယ့်စိတ်ထဲမှာ မခံစားမိဘူး။ သေချာမစဉ်းစားမိတာလည်း ပါပါတယ်။ အဲဒီအကိုနဲ့ တွေ့တော့ ကျွန်တော့်စာလုံးပေါင်းမှားတာတွေ ၀ါကျအထားအသိုမှားတာတွေ သူထောက်ပြတယ်။ ကျွန်တော်လည်း သူထောက်ပြတဲ့ အချိန်မှာ ပြင်မိတယ်။ နောက်တော့လည်း ဒုံရင်းက ဒုံရင်းပါပဲ။ အချိန်လုနေရင်းနဲ့ ရေးနေရတော့ သေချာ မစစ်မိတော့ဘူး။ ဒါတောင်မှပဲ မကြာခဏ မမခင်ဦးမေရဲ့ ဘလော့မှာလည်း တချို့တွေ လာလာတိုက်ခိုက်တာ တွေ့ဖူးတယ်။ ထားပါတော့လေ။ ကျွန်တော်လည်း မှားတဲ့သူတွေထဲမှာ တစ်ယောက်အပါအ၀င်မို့လို့ စောဒကတက်ချင်တယ်။ ဒါမဟုတ်ကိုယ့်ဘက်ကို ယက်ချင်တယ်လို့ပြောရမယ်။

ကျွန်တော်မြန်မာစာပေတော်တော်များများကို ငယ်ငယ်ကတည်းက ထိတွေ့ဖူးပေမယ့် သေသေချာချာသဒ္ဓါနိုင်သလားဆိုရင် မနိုင်ပါဘူး။ ကျွန်တော်ဆယ်တန်းတုန်းကပေါ့။ ကျောင်းကဆရာဆရာမတွေက ကျွန်တော့်ကို သေချာပေါက် မြန်မာစာဂုဏ်ထူးပါနိုင်တယ်တဲ့။ ကျွန်တော့်အဖေကျောင်းအုပ်ဆရာကြီးကအစ ယုံကြည်ခဲ့တယ်လေ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်သိတယ်။ မပါနိုင်လောက်ဘူးဆိုတာ။ ဘာလို့လည်းဆိုတော့ ကျွန်တော်က ခက်ဆစ်တို့ သဒ္ဓါတို့ကို မှတ်ရမှာ ပျင်းတယ်။ အဲလိုစည်းနဲ့ဘောင်နဲ့ လုပ်ရမယ့်ဟာမျိုးဆို ကျွန်တော်ကမလုပ်ချင်တော့ဘူး။ ကျွန်တော်ကို ကဗျာတွေ လာမကျက်ခိုင်းနဲ့။ မရဘူး။ ကဗျာကို ခံစားနိုင်သလားဆိုရင် ရင်ထဲထည့်ပြီးခံစားတတ်လို့လူမျိုး။ ကျွန်တော်က စာစီစာကုံးတို့ စကားပြေတို့ဆိုတာကို ကိုယ့်အတွေးလေးနဲ့ရေးတတ်တာကိုး။

ဒီလိုနဲ့ပဲ ကျွန်တော် စကာင်္ပူရောက်လာ။ အွန်လိုင်းသုံးတတ်လာတယ်။ ဟုတ်ကဲ့ နောက်တော့ Green Girl သင်ပေးတာနဲ့ ဇော်ဂျီင်္ဖောင့် ရိုက်တတ်လာတယ်။ အဲဒီအချိန်ကစပြီး (ကွန့်မန်တွေမှာ ရေးသလို) စာရေးဆရာ ဖြစ်လာရတော့တာပဲ။း)

ကျွန်တော်ဘလော့စရေးတဲ့ အချိန်ကစပြီး ကိုယ့်ကို စာရေးဆရာလို့ မခံယူခဲ့ပါဘူး။ ခံလည်း မခံယူရဲသေးပါဘူး။ ဘလော့ရေးတဲ့သူတွေ မြန်မာစာ အရေးအသားမတတ်လိုက်တာ ခဏခဏကြားရတယ်။ ဒါပေမယ့် ကျွန်တော်အမြင်မှာတော့ ကျွန်တော့်လိုပဲ ဘလော့ဂါအများဆုံးက စာရေးဆရာလို့ ဘယ်သူမှမခံယူထားကြပါဘူး။ အားလုံးက စာရေးဆရာဆိုတဲ့ တာဝန်ကို လေးလေးနက်နက်ခံယူထားတဲ့အတွက် ဘလော့ဂါစာရေးဆရာလို့ ကိုယ်ကိုယ်ကို မသတ်မှတ်ဘူးလို့ထင်ပါတယ်။ ဒါဆို လူရှေ့သူရှေ့မှာ ကိုယ်ရေးထားသမျှတွေ ဘာလို့ထုတ်ပြနေရသေးလဲလို့ အပြစ်တင်ရင်လည်း အပြစ်တင်ခံယုံပဲပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့က ခေတ်ကို အမှီလိုက်နေတဲ့ လူငယ်တွေလို့ပဲ ကိုယ့်ကိုယ်ကို ကာကွယ်ချင်တော့တယ်။ ဒီခေတ်ကြီးကိုက အနီးအနားနိုင်ငံတွေက သူငယ်ချင်းတွေ အွန်လိုင်းခေါ်ပြီး ကိုယ်တတ်သမျှနဲ့ ထုတ်ဧည့်ခံတဲ့ ခေတ်ကိုး။ ကျွန်တော်တို့လိုပဲ ဟိုးရှေးရှေးက လူကြီးတွေလည်း ခေတ်ကို လိုက်ခဲ့ကြတယ်။

ကလေးအတွေးတွေးကြည့်ရအောင်ဗျာ။ ရာဇကုမာရ်ကျောက်စာကစပြီး မြန်မာစာပေရယ်လို့စပေါ်ကာစမှာ အခုကျွန်တော်တို့ မြန်မာစာသင်ရင် ၀လုံးစရေးသလို ဘယ်သူမှ ၀ိုင်းစက်နေအောင် မရေးတတ်ခဲ့ပါဘူး။ ကျောက်စာဆိုတဲ့အတိုင်း ကျောက်ပေါ်မှာထွင်းရတော့ သူသုံးတဲ့ အောက်ခံမျက်နှာပြင်ပေါ်မှာလိုက်ပြီး နည်းနည်း လေးထောင့်ဆန်တယ်။ နောက်ပြီး ၀ါကျအထားအသိုလည်း မတူပါဘူး။ အခုနေများ ပုဂံသူပုဂံသားတစ်ယောက်ယောက်များ ပုဂံမြေကနေရုတ်တရက်နိုးလာလို့ ကျွန်တော်တို့ မြန်မာစာအရေးအသားကိုသာ မြင်ရင် “ဟယ်…. ငါတို့ခေတ်က မြန်မာစာ နင်တို့ခေတ်ရောက်မှ ပျက်စီးရတယ်”ဆိုပြီး ရင်ထုပြီး သူ့ကိုယ်သူ သတ်သေသွားနိုင်တယ်။ နောက်တော့ ပေစာခေတ်ရောက်တော့ သဝေထိုးတို့ ငသတ်တို့မှာ အမြီးရှည်ရှည်လေးတွေ လိမ်တိမ်တိမ်လေးတွေနဲ့ သူတို့ရေးနည်းအတိုင်း “ဟဲ့…. ရှေးမူမပျက်စေနဲ့” ဆိုပြီးသာ လိုက်ရေးရရင် မြန်မာပြည်က စာရေးမတွေ တစ်သက်လုံးစာရင်းသွင်းလို့ ဆုံးမှာ မဟုတ်တော့ဘူး။ နောက်ပြီး ရှေးအစဉ်အလာ အတိုင်းသာ စကားလုံးကတ်သီးကပ်သတ်သုံးရရင် “ငါတို့နေခဲ့တဲ့တဲ့ ငါတို့နိုင်ငံက ဗမာနိုင်ငံဟဲ့၊ နင့်ဘကြီးတွေရဲ့ မြန်မာနိုင်ငံမဟုတ်ဘူး”လို့ လက်ပေါက်ကပ်ငြင်းရမလိုပင်။ ပေါက်ပေါက်ရှာရှာတွေးကြည့်တာပါ။ စာဖတ်သူရော တွေးမိသလားလို့ မေးကြည့်ချင်ပါတယ်။ မြန်မာစာဆိုတာ ခေတ်ရဲ့ အခြေအနေနဲ့ ရေးဆွဲရာမှာ သုံးတဲ့အရာဝတ္ထုပေါ်မှာ မူတည်ပြီး ပုံစံတွေပြောင်းခဲ့တယ်ဆိုတာ စာဖတ်သူတို့ နားလည်မယ်လို့ယုံကြည်တယ်။ ကျောက်စာကနေ၊ ပေစာ၊…… ပေစာကနေ၊ စာရေးစက္ကူ။ ဟော အခု…. အင်တာနက်ပေါ့ဗျာ။

အခုလို အိုင်တီခေတ်ရောက်လာတော့ အရင်ကလို စာပုံနှိပ်စရာမလိုပဲ ဖတ်နိုင်လာတယ်။ လူတွေကလည်း ပြေးပြေးလွှားလွှားနဲ့ ရေးနိုင်လာတယ်။ နောက်ထပ်ပေါက်ပေါက်ရှာရှာတွေးမိပြန်တယ်။ ဘလော့ဂါတွေက ဘက်စ်ကားစစီးကာစ မြန်မာလူမျိုးတွေနဲ့တူတယ်။ အရင်လို မြန်မာလူကြီးတွေလို တောင်ရှည်ပုဆိုးတွေ၊ ဗလာထမီတွေ ၀တ်နေရရင် စီးရတော့မှာမဟုတ်လို့ အခုခေတ်ထမီတွေလိုဖြစ်အောင် ဖျက်ချလိုက်သလားထင်ရတယ်။ မြန်မာစာတစ်ကြောင်းရဲ့ မှန်ကန်ပြည့်စုံတဲ့ အင်္ဂါရပ်တွေကို လိုက်ပြီး ကြည့်နေရရင် ရေးချိန်တောင် ရတော့မှာ မဟုတ်ဘူး။ (ဒါကိုယ်ပေးချင်တဲ့ ဆင်ခြေဆင်လက်လို့လည်း ပြောရင်လည်း ခံရမှာပါ) အချိန်လုပြီး ခပ်သုတ်သုတ်ရေးရတဲ့အချိန်မှာ ၀ါကျအထားအသိုမမှန်တော့ဘူး။ လိုရင်းရောက်မယ့် ခပ်တိုတိုသာရေးလာကြတော့တယ်။ နောက်ပြီး ဟိုအရင်ကလို ကိုယ့်စာလေးမြင်ရဖို့ လချီပြီး စောင့်နေစရာမလိုတော့ဘူး။ တစ်မိနစ်အတွင်းမှာ ဒိုင်းခနဲရောက်လာတော့တာပဲ။ နောက်ပြီး သူ့ထက်ငါ အလုအယက်တင်လာကြတာ ဒီခေတ်ရဲ့ အလေ့အကျင့်ဖြစ်လာတာလည်းပါတာပေါ့။ တကယ်တော့ ဘလော့ဂါစာမျက်နှာဆိုတာ ကျွန်တော့်အမြင် မြန်မာစာပေရဲ့ အစဉ်အလာကို ထိန်းသိမ်းတိုးတက်လာအောင် ရေးတဲ့နေရာလို့ မမြင်ဘူး။ မတူညီတဲ့အိုင်ဒီယာတွေ ဖော်ပြပေးနေတဲ့၊ ခေတ်ရေစီးကြောင်းထဲ မျောနေသေးတဲ့ ဟင်းလေးအိုးကြီးတစ်ခုနဲ့တူတယ်ဗျ။

တကယ်လို့သာ ဘလော့ဂါတွေစခဲ့လို့မြန်မာစာပေကြီး ပျက်စီးခဲ့ရမယ်ဆိုရင် နောင်တက်လာမယ့် ကျွန်တော်တို့ မျိုးဆက်တွေက ပျက်စီးသွားတဲ့ ဒီစာပေတွေကို လက်ခံလာကြမယ်။ အခုလက်ရှိ အမှန်ကိုသိတဲ့ ကျွန်တော်တို့မျိုးဆက်သာ မရှိတော့ရင် နောင်မျိုးဆက်တွေက………. ဆိုနေဥိးမှာပါ…… (ပေစာခေတ်က ရှေးလူကြီးတွေကို ကျွန်တော်တို့အနိုင်နဲ့ ပိုင်းသလိုပေါ့……….) သူတို့ခေတ်နဲ့ သူတို့စာတော့ အမှန်ဆုံးဖြစ်နေဦးမှာပါ။

(ဟဲဟဲ.. ဒါပေမယ့် ဘလော့ဂါကိုကိုမမ ညီညီ ဒေါ်ဒေါ်တွေ သူများလက်ညိုးထိုးစရာ ဖြစ်အောင် စာလုံးပေါင်းတော့ သိပ်မမှားနဲ့ပေါ့ဗျာ)

May 23, 2010

A to Z Artistic Movies (ကျွန်တော်ကြည့်ခဲ့သော ရုပ်ရှင်များ) အပိုင်း ၂




I irreversible(Franch Film)
ရုပ်ရှင်ဇာတ်လမ်းတစ်ခုကြည့်ရင် အဆုံးမှာ ဘာဖြစ်သွားသလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ အဲဒီလိုမဟုတ်ဘူး။ ထူးခြားတယ်။ လူနှစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းလာတယ်။ ဇာတ်လမ်းရဲ့ အဆုံးကနေစထားတယ်။ သူတို့နှစ်ယောက် လူသတ်မှုမှာ ဘယ်လို ပါတ်သက်သလဲဆိုတာ ဇာတ်လမ်းအစကို ပြန်ဆွဲခေါ်သွားတဲ့ ရုပ်ရှင်ပါ။ ရှေ့ကို တစ်ခန်းရောက်သွားတိုင်း ရှေ့ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို စဉ်းစားမိတယ်။ ဒါပေမယ့် အလှည့်အပြောင်းတွေက အရမ်းကောင်းတော့ ကိုယ်မှန်းထားတာနဲ့ လွဲတယ်။ အစပိုင်းမှာ ဘာဖြစ်ခဲ့သလဲဆို ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ရုပ်ရှင်ပါပဲ။



J Julie & Juliet(2010)

ဒီရုပ်ရှင်က ဂျူလီယာချိုင်းဆိုတဲ့ စားဖိုမှူးတစ်ယောက်အကြောင်းကို ရိုက်ထားတာ။ ရီလည်းရီရတယ်။ အားကျပြီး ကြိုးစားချင်စိတ်လည်း ပေါက်တယ်။ ဂျူလီပါဝယ်ဆိုတဲ့ အမျိုးသမီးက ချိုင်းရဲ့ ဟင်းချက်နည်းစာအုပ်ထဲကအတိုင်း နေ့စဉ်ဟင်းချက်တယ်။ ချက်ပြီးတိုင်းလည်း ဘလော့ပေါ်တင်တယ်။ The Julie/Julia Project ဆိုပြီးတော့လေ။ ဒီရုပ်ရှင်က ဘလော့ပေါ်ကနေရတဲ့ ဇာတ်လမ်းကို ရိုက်ထားတဲ့ ပထမဆုံး ရုပ်ရှင်ပါ။ အဲဒီတော့ ဘလော့မှာ ဟင်းချက်နည်းရေးနေတဲ့ ကိုကိုမမတွေအတွက် အားတက်စရာပေါ့ဗျာ။



K Kama Sutra: A tale of Love (1997-Idian Film)
ဒီရုပ်ရှင်ကို ကျွန်တော်စကြည့်ဖူးတာက အတော့်ကို ရယ်စရာကောင်းတယ်ဗျ။ ပထမဆုံး R rated Movie ကို ကြည့်ဖူးတယ်လို့ဆိုရမယ်။ ၇တန်းလောက်က ထင်တယ်။ R ratedတွေ ကြည့်ချင်လာတယ်။ ဗွီဒီယိုအခွေငှားဆိုင်တွေမှာလည်း မေးပြီး မငှားရဲဘူး။ နောက်တော့ အခွေအယ်လ်ဘမ်တွေလှန်ပြီး make love လုပ်နေတဲ့ပုံတွေ့တော့ ခပ်တည်တည်ပဲ လက်ညိုးထိုးပြီး ငှားလိုက်တယ်။ အိမ်ကလူတွေ အကုန်လုံးအိပ်မှ ကြည့်ဖြစ်တယ်။ ကျွန်တော့်အကျင့်က လူခြေတိတ်မှ အေးအေးဆေးဆေးကြည့်တတ်တော့ အိမ်ကလူတွေက ဘာမှ စပ်စုလေ့မရှိဘူး။ ဒီလိုနဲ့ပဲ အဲဒီရုပ်ရှင်ကို ဖီလင်အပြည့်နဲ့ ပြီးမြောက်အောင် ကြည့်လိုက်နိုင်တယ်။ ဇာတ်လမ်းကြည့်ပြီးတဲ့အခါ ဆာရီပုဝါလေးလေထဲမှာ လွင့်ပြီးအုတ်မြို့ရိုးပေါ်ကနေ တရွေ့ရွေ့လျောက်သွားတဲ့ မာယာဆိုတဲ့ ဇာတ်ကောင်ကို အခုထက်ထိ မေ့လို့မရတော့ပါဘူး။ ဇာတ်လမ်းမှာ မာယာနဲ့တာယာဆိုပြီး သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တာယာက ဇာတ်မြင့်ဖြစ်ပြီး အိမ်ရှေ့မင်းသားနဲ့ လက်ထပ်ဖို့လျာထားခံရတယ်။ မာယာကတော့ အရမ်းလှတဲ့ ဇာတ်နိမ့်ဖြစ်တယ်။ ဒီတော့ တာယာက မာယာကို အစေခံတစ်ယောက်လို ဆက်ဆံတယ်။ တာယာတစ်ယောက် အိမ်ရှေ့မင်းသားနဲ့ မင်္ဂလာဆောင်တဲ့နေ့မှာပဲ မာယာက လက်စားချေတဲ့အနေနဲ့ သတို့သားနဲ့ အိပ်လိုက်တယ်။ မာယာရဲ့ အပြုအမူကို တာယာအကိုက မြင်သွားတဲ့အခါ (တာယာအကိုကလည်း မာယာကိုနှစ်သက်တယ်) မာယာကို သိမ်းသွင်းဖို့ကြိုးစားတယ်။ နောက်တော့ မာယာကငြင်းလိုက်တော့ ပြည့်တန်ဆာအဖြစ် ကြေငြာလိုက်ပြီး နန်းတွင်းကနေ နှင်ထုတ်ခံလိုက်ရတယ်။ မာယာတစ်ယောက် နန်းတွင်းပြင်ပရောက်တဲ့အခါ ပန်းပုဆရာတစ်ယောက်နဲ့တွေ့ပြီး ချစ်ကြိုက်သွားရော။ ပန်းပုဆရာကလည်း သူထုသမျှအမျိုးသမီး ရုပ်ထုတွေက မာယာရဲ့ ပုံရိပ်တွေပဲ ဖြစ်နေတော့တာပဲ။ တစ်နေ့ အိမ်ရှေ့မင်းသားဘုရင်ဖြစ်ပြီး ပန်းပုရှာပုံတော်ဖွင့်တော့ သူတွေ့သမျှက သူနှစ်သက်ခဲ့တဲ့ မာယာရဲ့ပုံရိပ်တွေပဲ ဖြစ်နေတယ်။ နောက်တော့ သူတို့နှစ်ယောက်လုံးကို နန်းတော်ကို ပြန်ခေါ်။ ဘုရင်ကမာယာကို လက်ထပ်ဖို့လုပ်တော့တာပဲ။ မာယာနဲ့ ပန်းပုဆရာတို့ နန်းတွင်းထဲမှာ အဆက်အသွယ်ရှိတော့ မနာလိုတဲ့ ဘုရင်က ပန်းပုဆရာကို ဆင်နဲ့နင်းပြီး သတ်ပြစ်လိုက်တယ်။ တကယ်တော့ ဇာတ်လမ်းကို အကျဉ်းချုံးသာ ပြောပြလိုက်ရတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးကို ပြန်ရေးရင် ပို့စ်နှစ်ခုစာလောက်ရမယ်ထင်တယ်။ R 21 ဆိုပေမယ့် ကြည့်သင့်တဲ့ကားလေးပါ။ ၁၆ရာစု အိန္ဒိယရဲ့ အလေ့အထ အ၀တ်အစား၊ အကတွေအပြင် ရှေးခေတ်အမျိုးသမီးတိုင်း သင်ယူတတ်တဲ့ ကာမသျှမ်တရ အကြောင်းတွေပါ တွေ့ရမှာပါ။ နောက်ပြီး ကြေကွဲစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးပါ။


L Lanyu (2001-Chinese Film)
နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းတာက မြန်မာပြည်က ၈၈ အဖြစ်အပျက်လို၊ တရုတ်နိုင်ငံ Tiananmen Square အရေးအခင်းကို ခပ်ပါးပါးလေး ပြထားတဲ့အကြောင်းပါ။ တက္ကသိုလ်က ဗိသုကာကျောင်းသား Lanyuတစ်ယောက် ကျောင်းစရိတ်အတွက် ငွေလိုလာတယ်။ အဲဒီတော့ ချမ်းသာပြီး အောင်မြင်တဲ့ စီးပွားရေးသမား Chen Handong နဲ့ တွေ့ပြီး သူ့ခန္ဓာကိုယ်နဲ့ရင်းလိုက်တယ်။ နောက်တော့ သူတို့နှစ်ယောက် သံယောဇဉ်တွယ်သွားတယ်။ လန်းရွီက မစ္စတာချမ်ကို ချစ်နေမိတဲ့အချိန်မှာ မစ္စတာချမ်က တန်ဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းတွေသာ ပေးပြီး မချစ်မိအောင်ကြိုးစားတယ်။ တစ်နေ့တော့ မစ္စတာချမ်က အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ ဒါပေမယ့်နှစ်တွေကြာလာတော့ မစ္စတာချမ်က အဲဒီအမျိုးသမီးထက် လန်းရွီမရှိရင် မနေတတ်မှန်းသိလာတယ်။ ဇာတ်လမ်းအဆုံးမှာတော့ သူလန်းရွီအပေါ်တန်ဖိုးထားတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ လန်းရွီတစ်ယောက် လူ့လောကထဲကနေ ရုတ်တရတ်ထွက်ခွာသွားတော့တာပဲ။ ကြေကွဲစရာဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားက ဆုတွေအများကြီး ရခဲ့တယ်။ ဇာတ်လမ်းရဲ့ ဇာတ်ဝင်တေးကိုလည်း ၀ိုင်းဝိုင်းပြန်ဆိုဖူးသေးတယ်။ သီချင်းနာမည်တော့ မမှတ်မိတော့ပါ။

Anonymous said...

ဝိုင်ဝိုင်းသီချင်းနာမည်က ပုန်းရှောင်သူပါ

တရုတ်သီချင်းနာမည်က
你 怎麼捨得我難過

သီချင်းထဲက စာသားတွေကလည်း တကယ့်ကို ထိခိုက်နာကျင်စေတဲ့ ချစ်ခြင်းတွေနဲ့ ဖွဲ့သီထားခဲ့တာ





M Moulin Rouge (2001-Musical)
Moulin Rouge ကိုလည်း ၁၀တန်းဖြေပြီးနောက်ပိုင်း ကြည့်ခဲ့ရတယ်။ ကျွန်တော်က တေးဂီတသံစုံရုပ်ရှင်ဇာတ်လမ်းတွေကိုလည်း ခုံခုံမင်မင်ကြည့်တတ်တယ်။ Chicago ရုပ်ရှင်ကားဆိုရင်လည်း ခဏခဏပြန်ကြည့်မိတယ်။ သီချင်းရေးဆရာနဲ့ Moulin Rouge ရဲ့ ပင်တိုင်မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းမှာ မြို့စားလုပ်တဲ့သူက မင်းသမီးကို ရလိုဇောနဲ့ ဖျက်လို့ဖျက်ဆီးလုပ်တဲ့ အချစ်ဇာတ်လမ်းလေးပါ။ Moulin Rouge ပြဇာတ်အဖွဲ့ကြီးကလည်း ဆက်လက်ရပ်တည်ဖို့ ငွေလိုလာတယ်။ မြို့စားကလည်း သူ့ကို မင်းသမီးက ပြန်ကြိုက်ရင် ဒီအဖွဲ့ကြီးကို ထောက်ပံ့မယ်။ ချစ်သူနှစ်ဦးကလည်း မြို့စားရန်ကြောင့် ထွက်ပြေးဖို့ကြိုးစားတယ်။ ဒါပေမယ့် ထွက်ပြေးမယ့်ညမှာပဲ မင်းသမီးက သူမရဲ့ အဖြစ်မှန်ကို သိသွားတယ်။ အဲဒါက သူမအတွက် အသက်ရှင်ဖို့ အချိန်တွေသိပ်မရှိတော့ဘူးဆိုတာပဲ။ ဒါကြောင့် သူမရဲ့ ချစ်သူကို ရွေးမလား၊ ဒါမမဟုတ်အဖွဲ့ကြီး ရပ်တည်ဖို့ ဆက်နေရတော့မလား ဆုံးဖြတ်ရတော့မယ့်အချိန်ပါပဲ။ ဒီရုပ်ရှင်မှာပါတဲ့ Come What May ဆိုတဲ့ သီချင်းလေးကလည်း တော်တော်ကို နာမည်ကြီးသွားခဲ့တယ်။ ထူးထူးခြားခြား အဲဒီသီချင်းကို Nicole Kidman ကိုယ်တိုင် ဆိုထားတာပဲ။



N Nobody knows (2004-Japanese Film)
နောက်ထပ်လူတွေကို ငိုအောင်လုပ်နိုင်တဲ့ ဂျပန်ကားတစ်ကားပါ။ အဲဒီကားကြည့်ပြီးရင် မငိုဘဲနေမယ့်သူမရှိဘူးဆိုတာ ကျွန်တော်လောင်းရဲတယ်။ ဇာတ်လမ်းက ၁၉၈၈မှာ ဖြစ်ပျက်ခဲ့တဲ့ မိခင်စွန့်ပစ်ထားတဲ့ ကလေးလေးယောက်အကြောင်းကို အခြေခံပြီး ရိုက်ထားတာပါ။ အမေလုပ်တဲ့သူက ကလေးလေးယောက်ကို ခေါ်ပြီး ကျဉ်းမြောင်းတဲ့ တိုက်ခန်းကလေးတစ်ခုထဲကို ပြောင်းလာတယ်။ ကလေးများရင် အိမ်ရှင်က လက်မခံမှာစိုးလို့ အငယ်ဆုံးကောင်မလေးကို အင်္ကျထည့်တဲ့ ခရီးဆောင်အိပ်ထဲကို ထည့်ပြီး ခေါ်လာရတယ်။ နောက်တော့ အမေလုပ်တဲ့သူက နောက်ထပ်ယောကျာ်းတစ်ယောက်တွေ့တာနဲ့ ပါသွားရော။ ကလေးလေးယောက်စလုံး သူတို့အသက်ရှင်ဖို့အတွက် အဲဒီအခန်းကျဉ်းလေးထဲမှာ ကိုယ့်ဘာသာကိုယ်ရပ်တည်ခဲ့ရတယ်။ ပထမတော့ အမေလုပ်တဲ့သူက ပိုက်ဆံပို့ပေးတယ်။ နောက်တော့မပို့ပေးတော့ဘူး။ ဒိလိုနဲ့ပဲ ငတ်ငတ်ပြတ်ပြတ်နဲ့ နေလာရင်း အငယ်မလေးခမျာ ဖျားပြီး နေမကောင်းဖြစ်တယ်။ သူတို့ခမျာ ဆေးခန်းလည်း မပြရဲဘူး။ တကယ်လို့ သူတို့ဒီလိုနေနေရတဲ့ဘ၀ကို ရဲသာ သိသွားရင် တကွဲတပြားဆီဖြစ်သွားမှာလည်း စိုးရိမ်ရတယ်။ ကံမကောင်းစွာနဲ့ပဲ အငယ်မလေးခမျာ သေသွားတယ်။ နောက်တော့ အငယ်မလေးကို အိမ်ပြောင်းတုန်းက ခိုးပြီး ထည့်လာတဲ့ ခရီးဆောင်အိတ်ထဲဘဲ ပြန်ထည့်။ သူမ မြင်ချင်တဲ့ လေယာဉ်တွေမြင်နေရတဲ့နေရာမှာ တိတ်တိတ်လေးသွားမြှပ်ပေါ့လေ။ မြို့ပြရဲ့ တကယ့်ကို စိတ်ပျက်စရာကောင်းလှတဲ့ အခြေအနေလေးကို ကလေးလေးတွေနဲ့ ရိုက်ပြသွားတယ်။



O others, the (2001)
ကိုယ့်ကမ္ဘာရဲ့ တခြားတစ်ဖက်ခြမ်းမှာ ဘာတွေဖြစ်နေမလဲလို့ စိတ်ကူးယဉ်မိအောင် စတာ ဒီဇာတ်ကားကြောင့်လို့ ထင်မိတယ်။ Grace ဆိုတဲ့အမျိုးသမီးမှာ နေရောင်ခံလို့မရတဲ့ ရောဂါသည်ကလေးနှစ်ယောက်ရှိတယ်။ နောက်ပြီး အစေခံ၃ယောက်ပေါ့။ သမီးဖြစ်တဲ့ Anna က သူတို့နေတဲ့အိမ်မှာ သူရဲခြောက်တယ်လို့ပြောတော့ Grace ကလက်မခံဘူး။ တစ်ရက် သမီးလုပ်တဲ့သူက အဖွားအိုကြီးတစ်ယောက်ရယ်၊ အမျိုးသား၊အမျိုးသမီးတစ်ယောက်ပုံရယ်၊ ကလေးလေးတစ်ယောက်ပုံရယ်ဆွဲတယ်။ ပုံထဲက လူတွေ ဘယ်သူတွေမှန်း Grace မသိဘူး။ တစ်ရက်တော့ သူ့သမီးအင်္ကျီတွေဝတ်ထားတဲ့ အဖွားအိုပုံစံကို မြင်ရပြီး အဲဒီအဖွားအိုကို တိုက်ခိုက်ပေမယ့် တကယ်တမ်းတိုက်ခိုက်မိတာက သူမ သမီးကိုပါ။ သူမနားလည်လာတာကတော့ ဒီအိမ်မှာ သူမတို့အပြင် တခြားသူတွေ ရှိနေတယ်ဆိုတာပဲ။ နောက်တော့ အဲဒီအိမ်ကို ဘုန်းကြီးပင့်ပြီး ရွတ်ဖတ်မယ်ဆိုပြီး ညဘက်ဘုန်းကြီးပင့်အသွားမှာ ဒုတိယကမ္ဘာစစ်အတွင်း သေပြီထင်ရတဲ့ သူ့ယောကျာ်းကို ပြန်တွေ့လိုက်ရတယ်။ ယောက်ျားကို အိမ်ခေါ်လာတယ်။ နောက်တစ်ရက်ကျတော့ ယောကျာ်းက ပြန်ထွက်သွားတယ်။ ညဘက်ရောက်တော့ ကလေးတွေက အဖေကို ပြန်ရှာမယ်ဆိုပြီး အိမ်ကနေခိုးထွက်ရင်း သင်္ချိုင်းတစ်ခုကို သွားတွေ့တယ်။ အဲဒီသချိင်္င်းက အစေခံတွေရဲ့ သင်္ချိုင်းပါ။ Graceကလည်း အစေခံတွေနေတဲ့နေရာကို မသကာင်္လို့သွားကြည့်တော့ အစေခံတွေရဲ့အလောင်းကို ရိုက်ထားတဲ့ ဓါတ်ပုံကိုသွားတွေ့တယ်။ တကယ်တော့အိမ်မှာ သူရဲခြောက်နေတာ အစေခံတွေပါလားဆိုတာ သိသွားပြီး သူ့ကလေးတွေကို ကာကွယ်ဖို့လုပ်ရတယ်။ ကလေးတွေကလည်း အဖြစ်မှန်ကို သိသွားပြီး ကြေက်နေပြီ။ အစေခံတွေကလည်း အိမ်ဘက်ကို ပြန်လာနေပြီ။ နောက်တော့အစေခံတွေက ဖြောင်းဖြတယ်။ ငါတို့ အတူနေသင့်တယ်ဆိုပြိး ဖြောင်းဖြတယ်။ ဒီအိမ်မှာ တခြားသူတွေရောက်လာနေပြီလို့လည်း ပြောပြန်တယ်။ သူမမယုံဘူး။ အိမ်အပေါ်ထပ်ကို တက်ကြည့်တော့မှ သူမသမီးလေးဆွဲဆွဲနေတဲ့ ပုံထဲက လူလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို အမြဲခြောက်လှန့်နေတဲ့ အဖွားကြီးဆိုတာကလည်း မြန်မာလိုအကြားအမြင်ရတဲ့ အဖွားကြီး ဖြစ်နေတယ်။ တကယ်တော့ Graceတို့မိသားစုတစ်စုလုံးက သေဆုံးသွားကြပါပြီ။ အိမ်ကို ပြောင်းပြောင်းလာတဲ့ လူတွေကိုသာ သူမတို့အားလုံးက သူရဲတွေလို့ထင်နေတာ။ တကယ်တော့ သူမတို့ ကိုယ်တိုင်ဖြစ်နေတာပါပဲ။

ဖက်ရှင်နဲ့ စိတ်ကူးယဉ်မိခြင်း



တခါတလေ ဖက်ရှင်နဲ့ပါတ်သက်လာရင် ကျွန်တော်အတော့်ကို စိတ်ဝင်စားတယ်။ လှလှပပ စမတ်ကျကျ ၀တ်ထားတဲ့လူတွေ့ရင် ကျွန်တော်လိုက်ငေးမိရော။ ဒါပေမယ့် ကျွန်တော်တို့ မိသားစုက ပြည့်ပြည့်စုံစုံမရှိတော့ ငယ်ငယ်ကတည်းက အ၀တ်အစားကောင်းကောင်းဆိုတာ တစ်စုံတစ်လေလောက်ပဲ ရှိတယ်။ အလယ်တန်းအထက်တန်းရောက်လာတဲ့အချိန်၊ ပုဆိုးကောင်းကောင်း ၀တ်တတ်လာတဲ့အခါ သူများတကာတွေလို ထည်လဲ ၀တ်ချင်လာတယ်။ ကံကောင်းတော့ ဖေဖေက အထက်တန်း ကျောင်းအုပ်ဆရာကြီးဆိုတော့ တစ်နှစ်ပတ်လုံး အိမ်မှာ ပုဆိုးဆိုတာ လာကန်တော့တဲ့လူတွေရှိတော့ ပေါမှပေါ။ တခါတလေ ဖေဖေတောင် သူ့ကို ဘာလာကန်တော့မှန်းမသိဘူး။ ကျွန်တော်က မေမေ့နားကပ်ပြီး ပုဆိုးအသစ်ဆို ကိုယ့်ဗီရိုထဲ ထည့်သိမ်းလိုက်တော့တာပဲ။ အငယ်ဆုံးဆိုတော့ ဆိုးတာလည်းပါတာပေါ့။

နောက်တော့ စကာင်္ပူရောက်လာတယ်။ တွေ့သမျှုဝယ်ဝတ်ချင်လာတယ်။ ဒါပေမယ့် မတတ်နိုင်ပါဘူး။ ကျောင်းပြီးသွားရင် ၀ယ်ဝတ်မယ်လို့ အားခဲထားပြန်တယ်။ ကျောင်းပြီးတော့လည်း တင်နေတဲ့ အကြွေးတွေကို ဆပ်နေရတော့ အ၀တ်အစားအသစ်ဘက်ကို မလှည့်နိုင်ပြန်ဘူး။ ကျွန်တော်ကြိုက်လိုက်သမျှကလည်း စကာင်္ပူဒေါ်လာ တစ်ရာအောက်က မဆင်းဘူး။ ဒါနဲ့ပဲ အကြံဥာဏ်ထုတ်ပြီး ရန်ကုန်က အပ်ချုပ်ဆိုင်တွေမှာ လိုက်အပ်ကြည့်တယ်။ ကိုယ်က ပုံဆွဲ၊ နမူနာ ရှပ်အကျီင်္ပုံစံပေးပေါ့ဗျာ။ ပထမစက်ချုပ်သမားဆီမှာ မအောင်မြင်ဘူး။ နောက်တစ်ယောက် ထပ်ပြောင်းရတယ်။ နောက်တစ်ယောက်လည်း မအောင်မြင်ပြန်ဘူး။ သူတို့က ကိုယ်ပေးတဲ့ cutting ကို ကောင်းကောင်း မလုပ်နိုင်ဘူး။ ကျွန်တော်က ခါးလေးသိမ်အောင် ညှပ်ပြီး ကိုယ်နဲ့ အနေတော်လေးချုပ်တာကို သဘောကျတယ်။ ဒါပေမယ့် မြန်မာပြည်က အပ်ချုပ်သမားတွေက ခါးသိမ်ရင် မိန်းကလေး cutting ဆိုပြီး ဒဲ့ကြီးတွေ လုပ်လုပ်ပြစ်တယ်။ နောက်တော့လည်း တတိယမြောက်ကျတော့မှ အဆင်ပြေသွားတော့တယ်။ အဲဒါတွေက လွန်ခဲ့တဲ့ လေးနှစ်လောက်ကပေါ့။ အခုတော့လည်း ရှပ်အကျီင်္ဆိုရင် ၀ယ်မ၀တ်တော့ဘူး။ ချုပ်ဝတ်တာများတယ်။

အခုတော့ ပုံမှန်ချုပ်ဝတ်တာထက် တဆင့်တက်ပြီး စီးပွားရေးနည်းနည်းဆန်ချင်လာတယ်။ ကိုယ်မတောက်တခေါက် ဒီဇိုင်းလုပ်ထားတဲ့ အကျီင်္တွေကို အွန်လိုင်းမှာ ရောင်းမလို့လေ။ အခုထက်ထိတော့ ကိုယ့်ဝက်ဆိုဒ်ကိုနာမည်ပေးဖို့စဉ်းစားတုန်းပါပဲ။ ဒီနှစ်ကျောင်းပြန်တက်ဖို့ လုပ်ထားတော့ အဲဒါလေးကိုပဲ part time အနေနဲ့ လုပ်ရမှာ။ ကျောင်းကလည်း Full Time…..။ တက်မှာကလည်း Interior design ဆိုတော့ အချိန်ရဖို့ သိပ်လွယ်မယ်မထင်မိဘူး။ ကျောင်းလခကလည်း တစ်နှစ်ကို စကာင်္ပူဒေါ်လာ တစ်သောင်းခုနှစ်ထောင်ဆိုတော့ Bank Loan ရမှပဲ ဖြစ်မှာ။ ကျောင်းခေါ်စာတော့ရပြီ။ bank loan လျှောက်ဖို့ပဲ ကျန်တော့တယ်။ နောက်ပြီး အွန်လိုင်းကိစ္စလေး အဆင်ပြေသွားရင်လည်း မဆိုးပါဘူး။ အခုတော့ ကြိုးစားလိုက်ဦးမယ်။ စာဖတ်သူတွေလည်း ကျွန်တော့်ဒီဇိုင်းလုပ်ထားတာလေးကြည့်ပြီး ကွန့်မန့်လေးပေးခဲ့ပါ။ ဘောင်းဘီရော အကျီင်္ရော ကျွန်တော်ကိုယ်တိုင်မချုပ်တဲ့ ကျွန်တော့်လက်ရာတွေပါ။ ကောင်းတာ ဆိုးတာလေး အကြံဥာဏ်လိုချင်လို့ပါ။ (အားလုံးကပြောတယ် အကျီင်္ကလှတယ် မော်ဒယ်က ဖျက်နေတာတဲ့း)…this is the cheap way to get model lay….  ဓါတ်ပုံတွေရိုက်ပေးတဲ့ ကိုဘိုဘို(မိုးကုတ်သား)ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ)











May 22, 2010

A to Z Artistic Movies (ကျွန်တော်ကြည့်ခဲ့သော ရုပ်ရှင်များ)








မမနော်က A to Z Artistic Life ဆိုပြီး တဂ်လာတယ်။ ကျွန်တော် ဘာရေးရမှန်းမသိဘူး။ နောက်မှ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော် Artistic ဖြစ်အောင် အများဆုံးထိတွေ့ခဲ့တာ ဘာတွေလဲလို့ပေါ့။ စာအုပ်တွေကတော့ ကြုံရင်ကြုံသလိုဖတ်တတ်တော့ မဖြစ်နိုင်ဘူး။ သေချာတာကတော့ ရုပ်ရှင်တွေပါပဲ။ ကျွန်တော်ငယ်ငယ်ကတည်းက ရုပ်ရှင်အသေကြိုက်တယ်။ ရုပ်၇ှင်ကားကောင်းတစ်ကားကြည့်ပြီးရင် စိတ်ကူးထဲမှာ နောက်ထပ်ရုပ်ရှင်တွေ ဖန်တီးမိနေတယ်။ ဒီတော့ ကျွန်တော့်ရဲ့ A to Z ကို ရုပ်ရှင်တွေနဲ့ဖွဲ့တော့မယ်ဗျာ။ ကျွန်တော်က International Film တွေကြည့်ရတာ အားရတယ်။ ကျွန်တော့် ရုပ်ရှင်အညွန်းထဲမှာတော့ နိုင်ငံတကာရုပ်ရှင်တွေ တွေ့ရမှာပါ။ ရုပ်ရှင်နမူနာလင့်လေးတွေကို ရုပ်ရှင်နာမည်နဲ့ ချိတ်ထားပါတယ်။ ကလစ်လုပ်လိုက်ရုံပါပဲ။



A A Single Man (2010)


အခုနောက်ဆုံးကြည့်မိတဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းက ဘာမှမရှိပါဘူး။ ရိုးရိုးပါပဲ။ ဒါပေမယ့် ဒါရိုက်တာရိုက်ချက်တွေက အတော့်ကို လှပါတယ်။ တက္ကသိုလ်ကျောင်းဆရာတစ်ယောက်ရဲ့ တစ်နေ့တာ ကိုယ့်ကိုယ်ကို သေကြောင်းမကြံခင် သူရဲ့ ပတ်ဝန်းကျင်ကို ရိုက်ပြထားတာပါ။ ၁၈နှစ်ကြာအတူတွဲလာတဲ့ သူ့ရဲ့ ယောကျာ်းလေးချစ်သူ ကားအက်ဆင့်ဒန့်နဲ့ သေဆုံးသွားပြီးနောက် သူ့ရဲ့ဘ၀က အဓိပ္ပါယ်မရှိဘူးလို့မြင်လာတယ်။ သူ့ချစ်သူရဲ့ ဈာပနတောင် သူ့ခမျာ တက်ခွင့် မရခဲ့ဘူး။ ဒီရုပ်ရှင်ရဲ့ အသက်က အရောင်တွေပါပဲ။ လူတစ်ယောက်ရဲ့ မပျော်ရွှင်မှုတွေကို အရောင်ခပ်မှိုင်းမှိုင်းတွေသုံးပြီး ပြသွားတယ်။ ဒါပေမယ့် ဘ၀မှာ စိတ်ဝင်စားစရာတွေတွေ့လာတဲ့အခါ အရောင်တွေက ခဏတာ ပြန်တောက်ပသွားတယ်။ A ဒါရိုက်တာက Tom Fordဆိုတဲ့ ဖက်ရှင်ဒီဇိုင်နာပါ။ ဒီရုပ်ရှင်မှာ ၁၉၆၀ပတ်ဝန်းကျင် ဗိသုကာနဲ့ ဖက်ရှင်ကို ခံစားနိုင်မှာပါ။


B Book of Revelation (2006- Australian Film)

ကျွန်တော်က Art Film တွေဆို တော်တော်များများ ကြည့်မိတယ်။ Art Film ဆိုတာ မကြိုက်ဘူး၊ ကြိုက်တယ်ဆိုတဲ့ ပရိသတ်နှစ်မျိုးနှစ်စားပဲ ရှိတယ်။ Art Filmကို ကြည့်ပြီး မဆိုးပါဘူးလို့ပြောတဲ့သူ မရှိသလောက်ပါပဲ။ ဒီရုပ်ရှင်မှာကျတော့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်တည်ဆောက်ထားတာကို သဘောကျတယ်။ မျက်နှာဖုံးဝတ်ထားတဲ့ အမျိုးသမီးသုံးယောက်က ခပ်ချောချော ဘဲလေးကချေသည်ကောင်လေးတစ်ယောက် ဖမ်းပြီး မတရားကျင့်တဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းရဲ့ အနှစ်သာရက မိန်းကလေးတစ်ယောက် မတရားကျင့်ခံရရင် လွယ်လွယ်ကူကူ တရားစွဲလို့ရပေမယ့်၊ ယောက်ျားလေးတစ်ယောက် မတရားကျင့်ခံရရင် ဘယ်လိုဖြေရှင်းချက်တွေ၊ အမှန်တရားတွေ ရပ်တည်မလဲဆိုတာပြထားတဲ့ ဇာတ်ကားတစ်ခုပါ။ (ဒီဇာတ်လမ်း မဆုံးခင်မှာပဲ တချို့ အမျိုးသမီးပရိသတ်တွေ ထပြန်ကြတယ်။)



C Closer (2006)
Hello!!! Stranger ဆိုပြီး စထားတဲ့ ဒီအချစ်ဇာတ်လမ်းက အမေရိကရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အိမ်ထောင်ရေးကို ဖော်ညွှန်းထားတယ်လို့ ထင်ပါတယ်။ Julia Robert က မျက်နှာတွေမှာ ပေါ်နေတဲ့ ခံစားချက်တွေကို ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့ ဓါတ်ပုံဆရာမတစ်ဦးပါ။ Jude Lawက သူတစ်ဖက်သတ်ချစ်နေမိတဲ့ ဓါတ်ပုံဆရာမ Julia Robertရဲ့ မွေးနေ့မှာ သူမရဲ့ ဓါတ်ပုံအတွက် Dating Online တက်ပြီး သူစိမ်းတစ်ယောက်ရှာပေးရာကနေ သူတို့နှစ်ယောက်ကြားကို ဆရာဝန် Clive Owan ရောက်လာပါတယ်။ဒီလိုနဲ့ပဲ စိတ်ဝင်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ခုဖြစ်လာတော့တာပါပဲ။ ဒီဇာတ်လမ်းလေးကိုကြည့်ပြီး တခါတလေ အချစ်ဆိုတာ နီးလေဝေးလေလို့ ခံစားမိတယ်။ အဲဒါကြောင့်များ closerလို့ နာမည်ပေးထားတာလား မသိဘူး။



D Departures (2009-Japanese Film)

ဒီရုပ်ရှင်က ၂၀၀၉ခုနှစ်မှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော အော်စကာဆုရခဲ့ပါတယ်။ ဂျပန်ရိုးရာ အသုဘပြင်တဲ့အကြောင်းကို ဇာတ်လမ်းဖွဲ့ထားတာပါ။ ဂျပန်တွေက အသုဘပြင်တာကအစ အလွန်အနုပညာဆန်ပါတယ်။ အသုဘပြင်တဲ့သူက အသုဘရှင်တွေရဲ့ ရှေ့မှာပဲ သေဆုံးသူကို မိတ်ကပ်လိမ်းပေး အ၀တ်အစားလဲပေးရတယ်။ သေဆုံးသူရဲ့ အရှက်နဲ့ သိက္ခာအတွက် အ၀တ်အစားလဲပေးရင်းနဲ့တောင် ခြေသလုံးသားတောင်မပေါ်စေရပါဘူး။ ဇာတ်လမ်းရဲ့ အဓိကကျောရိုးက ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုသွားပြီးနောက် ကျန်ခဲ့တဲ့ သားတစ်ယောက်ဇာတ်လမ်းပါ။ အဖေဆိုတာ ဘယ်လိုဘယ်ပုံလဲဆိုတာ ခပ်ရေးရေးတောင် မမှတ်မိတော့တဲ့ သူ့အတွက် တစ်ရက်မှာတော့ သူ့အဖေဆုံးပြီဆိုတဲ့ သတင်းရောက်လာတယ်။ သူ့အဖေရဲ့ အလောင်းကို မြင်လိုက်ရချိန်မှာ အဖေလို့တောင် သူမမှတ်မိပါဘူး။ နောက်ဆုံးတော့လည်း အဲဒီမြို့မှာ အလောင်းပြင်မယ့်သူ မရှိတော့ သူကိုယ်တိုင်ပဲ အလောင်းပြင်ရတော့တယ်။ သူ့အဖေရဲ့ လက်ထဲမှာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ (သူငယ်ငယ်က သူ့အဖေကို ပေးခဲ့တဲ့)ခဲလုံးလေး ထွက်ကျလာချိန်မှာတော့ သူမမှတ်မိတော့တဲ့ သူ့ဖခင်မျက်နှာက တဖြည်းဖြည်းပြန်ပေါ်လာတော့တယ်။ ကျွန်တော်တောင် ကြည့်ရင်း မျက်ရည်လည်မိတယ်ဗျာ။



E Eternal Summer (2006- Taiwanese Film)

သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါပဲ။ ဇာတ်လမ်းက ဇာတ်လမ်းတစ်ခုလို့ မြင်နေရပေမယ့် နောက်ခံတီးလုံးရယ်၊ သရုပ်ဆောင်တဲ့ သူတွေ ကောင်းတာရယ်ကြောင့် ကျွန်တော်သဘောကျမိတယ်။ ဇာတ်လမ်းက ငယ်ငယ်ကတည်းက တွဲလာတဲ့ ကောင်လေးနှစ်ယောက်အကြောင်းပါ။ တစ်ယောက်က ဂျစ်ကန်ကန်နဲ့ဆိုးတယ်။ နောက်တစ်ယောက်ကကျတော့ စာကြိုးစားတဲ့ ကျောင်းသားတစ်ယောက်ပေါ့။ အထက်တန်းရောက်တဲ့အခါ သူတို့နှစ်ယောက်ကြားကို ကောင်မလေးတစ်ယောက်ရောက်လာတယ်။ အဲဒီကောင်မလေးက ဂျစ်ကန်ကန်ကောင်လေးနဲ့ ကြိုက်မိသွားတယ်။ ဒါပေမယ့် အဲဒီကောင်လေးကိုပဲ စာကြိုးစားတဲ့ ကောင်လေးက ခိုးပြီး စွဲလန်းနေမိတယ်။ သူတို့နှစ်ယောက်အကြောင်းကို ကောင်မလေးက သိသွားတဲ့အခါ နားလည်နိုင်အောင် ကြိုးစားတဲ့ ဇာတ်လမ်းပါ။


F Frida Kahlo (2002)

ကျွန်တော်နှစ်သက်တဲ့ မက္ကဆီကိုက ပန်းချီဆရာမအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ သူမရဲ့ ခံစားချက်တွေ၊ ဝေဒနာရဲ့ နာကျင်မှုတွေကို ပန်းချီတွေကတဆင့် လူတွေကို ခံစားတတ်လာအောင် ပြောပြထားတဲ့ ဇာတ်ကားပါ။




G Gone with the wind (1939)


ဒီဇာတ်လမ်းကတော့ လူတိုင်းသိမှာပါ။ နာမည်ကြီးတဲ့ လေရူးသုန်သုန်ရုပ်ရှင်ပါပဲ။ သာမန်မိန်းကလေးတစ်ယောက်ကနေ စစ်အတွင်းမှာ ရင့်ကျက်တဲ့ အမျိုးသမီးအဖြစ် ပြောင်းလဲသွားတဲ့ စကားလက်အကြောင်း ကြည့်ရတာ အားရမိတယ်။ ကြည့်တာကြာပြီဆိုတော့ မေ့တေ့တေ့ဖြစ်နေပေမယ့် ကြိုက်တဲ့ ရုပ်ရှင်တွေထဲမှာ ပါတယ်လို့ ပြောလို့ရတယ်။




H He loves me, he loves me not (2002- Franch Film)

Lsalle Sia မှာ ကျောင်းတက်နေတုန်းက သင်ရိုးထဲမှာပါလို့ ကြည့်ခွင့်ရခဲ့တဲ့ ရုပ်ရှင်ကားပါ။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုကို သဘောကျတယ်။ နှင်းဆီပန်းတစ်ပွင့်ပေးတာကနေ စမှားခဲ့တဲ့ ဇာတ်လမ်းက အဆုံးထိပါပဲ။ ဇာတ်လမ်းကို ပြရမှာ နှစ်ပိုင်းခွဲထားတယ်။ တစ်ပိုင်းကအန်ဂျလီဆိုတဲ့ အမျိုးသမီးတစ်ယောက်က သူ့ချစ်သူဆရာဝန်တစ်ယောက်ရဲ့ အချစ်ကို သစ္စာဖောက်ခံရတာတောင် ချစ်မြဲချစ်ဆဲပဲ။ နောက်ဆုံး မခံစားနိုင်တော့တဲ့အဆုံး သူ့ကိုယ်သူ သေကြောင်းကြံတဲ့အပိုင်းပေါ့။ အဲဒီတစ်ပိုင်းလုံးမှာ အန်ဂျလီဘက်ကအမြင်ကို ရိုက်ပြသွားတယ်။ ကျွန်တော်လည်း ကြည့်နေရင်းနဲ့ သူမအပေါ် စုတ်တသပ်သပ်ဖြစ်မိတယ်။ သူမချစ်သူ ဆရာဝန်က မိန်းမရှိရဲ့သားနဲ့ သူမအပေါ် အပျော်ကြံလို့လေ။ နောက်တစ်ခန်းကျတော့ ဇာတ်လမ်းကပြောင်းသွားတယ်။ ဆရာဝန်ဘက်ကအမြင်လေ။ ဆရာဝန်က အောင်မြင်ကျော်ကြားပြီး ချောလွန်းတော့ အမျိုးသမီးလူနာတွေက ရောဂါမရှိလည်း ရောဂါရှိသယောင်နဲ့ လာပြတတ်တယ်။ တရက်တော့ သူ့အမျိုးသမီးကိုယ်ဝန်ရနေပြီဆိုတဲ့ သတင်းကြားတော့ နှင်းဆီပန်းတွေဝယ်ပြီး အိမ်ပြန်လာတယ်။ အိမ်ရှေ့ရောက်တော့ အိမ်နီးနားချင်းဖြစ်တဲ့ အန်ဂျလီကနှင်းဆီပန်းတွေကို ငေးကြည့်နေတာတွေ့တာနဲ့ သူလည်း ပျော်ပျော်နဲ့ နှင်းဆီပန်းတစ်ပွင့်ပေးလိုက်မိတယ်။ အဲဒီမှာ စလွဲတော့တာပါပဲ။ အန်ဂျလီက သူကိုယ်တိုင်ဆွဲထားတဲ့ ပုံတူတွေပို့ပေးတယ်။ လက်ဆောင်တွေပို့ပေးတယ်။ ဆရာဝန်ထင်တာက သူ့ရဲ့ လူနာအမျိုးသမီးတွေက ပိုးကြေးပန်းကြေးပို့ပေးတယ်လို့ပဲထင်တယ်။ အန်ဂျလီကို တွေ့ရင် အမှတ်တမဲ့ ပြုံးပြမိတတ်တယ်။ လူဆိုတာ ကိုယ်ကြိုက်နေတဲ့လူက ပြုံးပြရင် မျှော်လင့်ချက်တွေ တပွေ့တပိုက်ကြီး ထားတတ်ကြတယ်။ အန်ဂျလီကလည်း အဲဒီမျော်လင့်ချက်တွေနဲ့ပေါ့။ ဇာတ်လမ်းလေးက ဖြေးဖြေးလေးနဲ့ ဇာတ်ရှိန်တက်လာတယ်။ နောက်ဆုံးဇာတ်သိမ်းခန်းကို ကြိုက်တယ်။ ဒါပေမယ့် စာဖတ်သူတွေ ကြည့်မိရင် ဇာတ်ရှိန်ပျက်မှာစိုးလို့ မပြောတော့ဘူး။ ရှာပြီး ကြည့်ကြည့်ပေါ့ဗျာ။ ကျွန်တော်အကြိုက်ဆုံး ရှပ်ရှင်တွေထဲက တစ်ခုပါပဲ။





ဆက်ရန်

May 13, 2010

စိတ်ကူးတိုက်ခန်း




ကိုလုံးတုံးရဲ့ စာအုပ်စင်လေးတွေအကြောင်း ဖတ်ပြီး အရင်တစ်ခေါက်က ကျွန်တော်စိတ်ကူးယဉ်ပြီး ဒီဇိုင်းလုပ်ထားတဲ့ တိုက်ခန်းလေးကို သတိရမိတယ်။ ကျွန်တော် စကာင်္ပူမှာ တိုက်ခန်းဝယ်ပြီးရင် ဘယ်လိုဘယ်ညာ အခန်းဖွဲ့ပြီး ဘယ်လိုနေပစ်လိုက်မယ် စိတ်ကူးနဲ့ပေါ့။ အိပ်ခန်း သုံးခန်းပါတဲ့ အိမ်ဝယ်မယ်။ တစ်ခန်းက ကျွန်တော်နေဖို့။ နောက်တစ်ခန်းက ဧည့်သည်လာရင် နေဖို့။ နောက်ထပ်အိပ်ခန်းတစ်ခန်းကိုတော့ ဖြိုပြီး စာကြည့်ခန်း Study Lounge နဲ့ ဧည့်ခန်း Living Room တို့ကို တွဲရက် အခန်းကျယ်ကျယ်ဖြစ်အောင် ဖွဲ့ပစ်မယ်ပေါ့လေ။

စာကြည့်ခန်းထဲမှာ နံရံကပ် စာအုပ်ဗီရိုကြီးတွေ ထည့်မယ်။ ကျွန်တော့် အိပ်ခန်းထဲဝင်တဲ့ အိပ်ခန်းတံခါးကိုပါ နံရံနဲ့ တစ်ထေရာတည်းတူတဲ့ သစ်သားရောင်ကိုသုံးမယ်။ အိပ်ခန်းတံခါးဘောင်ရဲ့ အပေါ်အထိ စာအုပ်စင်လေးထားမယ်။ အဲဒီစာအုပ်စင်မှာလည်း မှီငြမ်းစာအုပ်တွေ၊ စွယ်စုံကျမ်းတွေထား၊ လိုတော့မှ လှေကားလေးနဲ့ တက်ယူ။ စိတ်ကူးယဉ်ကြည့်တာပေါ့ဗျာ။ စာကြည့်စားပွဲလေးကိုလည်း စာအုပ်စင်နဲ့ တွဲလျက်လေး လုပ်ထားသေးတယ်။ ဘေးနားကနေ အေးအေးလူလူထိုင်ပြီး စာဖတ်လို့ရအောင် ဆိုဖာထိုင်ခုံလေးကိုပါ လုပ်ထားပြီး ဘေးနံရံဘီရိုကနေ တွဲပြီးလုပ်ထားတဲ့ စားပွဲမျက်နှာပြင်နဲ့ တစ်ညီတည်းလုပ်ထားတယ်။

ဧည့်ခန်းနဲ့ စာကြည့်ခန်းကို နံရံတစ်ခုလို့ ပြောလို့ရနိုင်သလို၊ နံရံဗီရိုတစ်ခုလို့လည်း ပြောလို့ရမယ့် အရာနဲ့ခြားထားလိုက်တယ်။ အဲဒီဗီရိုမှာ Buil-in ဘုရားစင်လေးပါမယ်။ ကျွန်တော်ရဲ့ ဘုရားစင်လေးက ဘုရားပွဲတွေ အုန်းတွေ ငှက်ပျောတွေနဲ့ ရှုပ်ရှက်မနေချင်ဘူး။ ပြတိုက်မှာ ဘုရားဆင်းတုတွေ ပြထားသလို ရှင်းရှင်းလင်းလင်းနဲ့ ခပ်သေးသေးဘုရားပန်းအိုးလေး ရှိရင် လုံလောက်ပြီ။ နောက်ပြီး အမြဲတမ်းစိတ်ကူးယဉ်နေမိတဲ့ ငါးကန်သေးသေးလေးလည်း ပါတာပေါ့။ အဲဒီငါးကန်သေးသေးလေးမှာ ချစ်စရာငါးသေးသေးလေးတွေပဲ ရှိနေမယ်။ ဧည့်ခန်းထဲမှာလည်း မော်ဒန်ပန်းချီကားတွေ ၀ယ်ပြီး ချိတ်ဆွဲထားမယ်။ ကျွန်တော်က ပန်းချီကားစုရတာ ၀ါသနာပါတယ်ဗျ။


သူငယ်ချင်းတွေ လာရင် ဟော့ပလိတ်ပါတွဲရက်ပါတဲ့ ကောင်တာမှာထိုင်၊ ကျွန်တော်က စကားတပြောပြောနဲ့ ဂေါ်ဖီ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ လက်ဖက်ကို ချဉ်စပ်လေးသုတ်၊ ယွန်းပန်းကန်လေးမှာထည့်ပြီး ချက်ချင်းဧည့်ခံနိုင်တဲ့ မီးဖိုချောင်လေးလည်း ဖြစ်ချင်တာပေါ့။ ကျန်တဲ့ ငါးပိရည်ကြိုတာတို့၊ ချဉ်ပေါင်ကြော်တာတို့ သားကြီးငါးကြီး ချက်တာတို့ကတော့ Wet Kitchen လို့ခေါ်တဲ့ အလုံပိတ် မီးဖိုချောင်လေးမှာ ချက်ပြုတ်မှာပေါ့ဗျာ။ တစ်ခါတစ်လေကျရင်လည်း အဲဒီနေရာလေးကို ဘားကောင်တာလေးလို လုပ်ပြီး သူငယ်ချင်းတွေနဲ့ သောက်ကြစားကြ ပျော်ကြပါးကြပေါ့။ ဒါမှမဟုတ်ရင်လည်း ဧည့်ခန်းထဲမှာ အေးအေးလူလူထိုင်ပြီး Floral Tea(လက်ဖက်ခြောက်နဲ့ ပန်းခြောက်လေးတွေရောထားသည့် လက်ဖက်ရည်ကြမ်း) လေးထိုင်သောက်ပြီး ရုင်ရှင်ကြည့် စကားထိုင်ပြောပေါ့ဗျာ။ အင်းစိတ်ကူးယဉ်ကြည့်တာပေါ့။ တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မယ်လို့တော့ ယုံကြည်သား။

May 11, 2010

တရုတ်ရိုးရာ ဖုန်းရွှေပညာ Feng Shui








ဖုန်းရွှေအတွက် အသုံးပြုတဲ့ သံလိုက်အိမ်မြှောင်ပုံ

တရုတ်ရိုးရာ ဖုန်းရွှေပညာက လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ကျော်က စခဲ့တာပါတဲ့။ နက္ခတ်ဗေဒပညာရှင်တွေက စခဲ့တဲ့ ဒီပညာရပ်မှာ သံလိုက်အိမ်မြှောင်နဲ့ အရပ်မျက်နှာတွေကို လေ့လာတွက်ချက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တရုတ်လူမျိုးတွေဟာ ခေတ်မီတဲ့ သံလိုက်အိမ်မြှောင်တွေကို အသုံးပြုခဲ့ကြတယ်။ ဖုန်းရွှေမှာ အဓိကကျတဲ့ သီအိုရီတွေက Qi ချိ လို့ခေါ်တဲ့ စွမ်းအား၊ Yin and Yan အင်နဲ့ရန်လို့ခေါ်တဲ့ အဖိုအမဓါတ်၊ Bagua(Eight Trigram)လို့ ခေါ်တဲ့ အရပ်ရှစ်မျက်နှာ လေ့လာမှုတို့ပါပဲ။ အဲဒီအခြေခံအချက်တွေပေါ်မှာမူတည်ပြီး အဆောက်အဦးတစ်ခုရဲ့ အကောင်းအဆိုးကို တွက်ချက်ကြပါတယ်။

အရပ်ရှစ်မျက်နှာ ညွန်းဆိုချက်နဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်.. (အချိန်ရရင် ဆက်ရေးပါ့မယ်)
ဖုန်းရွှေပညာရပ်မှာ Yin Feng Shui အင်ဖုန်းရွှေလို့ ခေါ်တဲ့ ပညာရပ်ရှိပါသေးတယ်။ အင်ဖုန်းရွှေက အုတ်ဂူတို့ မိသားစုသချိုင်းတို့ဆောက်လုပ်ရာမှာ အသုံးပြုပါတယ်။ တရုတ်လူမျိုးတွေက အုတ်ဂူမှာ ရှိတဲ့ နာမည်ပြားလေး စိုက်တာတောင် တစ်ဂရီအစွန်းမခံပါဘူး။ စက်ဝိုင်းတစ်ခုရဲ့ ၃၆၀ဒီဂ၇ီပေါ်မူတည်ပြီး အခေါင်းမြေကျရာကနေ နောက်ဆုံး နာမည်စိုက်တဲ့ အထိ အသေအချာ တွက်ယူကြပါတယ်။ အင်ဖုန်းရွှေရဲ့ ထူးခြားချက်ကတော့ သေဆုံးသူရဲ့ မျိုးဆက်အဆင့်ဆင့်ရဲ့ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်ကြတာပါပဲ။ စကာင်္ပူနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်း လင်ကွမ်ယုရဲ့ ဘိုးဘွားသချိုင်းကို ကြည့်ပြီး လင်ကွမ်ယုလက်ထက်မှာ ဒီမျိုးဆက် ပိုထွန်းကားမယ်လို့ ကြိုတင်ဟောစာတမ်းထုတ်နိုင်ခဲ့ကြပါသတဲ့။ ဒါကြောင့်မို့လို့ အင်ဖုန်းရွှေက မျိုးဆက်ကို အဓိက တန်ဖိုးထားတဲ့ တရုတ်လူမျိုးတွေအတွက် အလွန်ကို အရေးပါပါတယ်။ နှစ်တိုင်း ဘိုးဘွားတွေရဲ့ အုတ်ဂူကို သန့်ရှင်းရေးလုပ် ကန်တော့ကြတာလဲ အဲဒါနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်။ ရှေးယခင်က တရုတ်နိုင်ငံငယ်လေးတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်ကြရင် အနိုင်ရတဲ့ နိုင်ငံက ပထမဆုံး ရှုံးတဲ့ နိုင်ငံရဲ့ ဘိုးဘွားသချိုင်္င်းတွေကို ဖျက်ဆီးပစ်ကြပါတယ်။

နောက်ထပ် ထုးခြားတာက Feng Shui Master ဖုန်းရွှေဆရာတွေအကြောင်းပါပဲ။ ဖုန်းရွှေဆရာတစ်ယောက် မဖြစ်ခင် အရင်ဆုံးဗေဒင်ပညာ တတ်မြောက်ဖို့လိုပါတယ်။ 4 Pillars of Destiny လို့ခေါ်တဲ့ မွေးတဲ့ အချိန်၊ နေ့ရက်၊ လ၊ နှစ်ပေါ်အခြေခံပြီး တွက်တာအပြင်၊ ရုပ်အင်္ဂါကြည့်ပြီး ဖတ်တာ၊ လက္ခဏာဗေဒင်ပညာတွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့ 4 Pillars မှာ မြေ၊ရေ၊မီး၊ သတ္ထု၊ သစ်သား ဆိုတဲ့ ဓါတ်ကြီး ၅ပါးနဲ့ ဖွဲ့စည်းထားပြန်ပါတယ်။ အဲဒီဓါတ်ငါးပါးကို ဓါတုဗေဒဘာသာလို ဓါတ်သတ္ထုတွေပေါင်းပြီး၊ တစ်ခုနဲ့ တစ်ခု ဘယ်လိုအားသက်ရောက်မယ်၊ ဖျက်ဆီးမယ်၊ အားဖြည့်ပေးမယ်၊ ပေါင်းစပ်ပြီး နောက်ထပ်ဓါတ်တစ်ခု ဖြစ်ပေါ်မယ်။ ဒီလိုဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ အနာဂတ်ကို သေချာတွက်ယူကြည့်နိုင်ပါတယ်။

အိမ်တစ်ခုရဲ့ ကောင်းတာဆိုးတာကို အိမ်ရဲ့ အဆောင်အယောင်တွေ အိမ်သုံးပစ္စည်းအသုံးအဆောင်တွေ ပြောင်းလဲ နေရာချလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အဲဒီလိုနေရာချနိုင်ဖို့ အဆောက်အဦးထဲမှာ နေထိုင်တဲ့ လူတွေရဲ့ ကံကြမ္မာကိုလည်း တွက်ယူရပါသေးတယ်။ ဒီလိုတွက်ယူနိုင်မှ ပြည့်စုံတဲ့ အိမ်ရဲ့ ကံကြမ္မာကို ရမှာဖြစ်ပါတယ်။ တကယ်တော့ အဆောက်အဦးဆိုတာလည်း သက်ရှိလိုပါပဲ။ အုတ်မြစ်ချချိန်ဟာ သန္ဓေတည် သလို၊ သူတို့ကို ဆောက်လုပ်ပြီးဆီးချိန်မှာ လူတစ်ယောက် မွေးဖွားသလိုပါပဲ။ ပြီးစီးတဲ့ အချိန်မှာ ကောင်းတဲ့ နက္ခက်တွေ၊ အချိန်တွေ ဖြစ်နေဖို့ အရေးကြီးပါတယ်။ နက္ခတ်ဆိုးတွေနဲ့ မွေးဖွားလာတဲ့ အဆောက်အဦးတစ်ခုဟာ သူ့ဆီမှာ နေထိုင်တဲ့ လူတွေရဲ့ စည်းစိမ်ဥစ္စာနဲ့ အသက်အန္တရယ်ကို ထိခိုက်စေသလို၊ ကောင်းတဲ့ အဆောက်အဦးကလည်း ကောင်းကျိုးတွေ ယူဆောင်ပေးတတ်ပါတယ်။

တကယ်တော့ ဖုန်းရွှေပညာရပ်ကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးချတတ်ရင်ကောင်းပါတယ်။ တကယ်လို့သာ ဖုန်းရွှေကို လိုတာထက် ပိုပြီးအသုံးချရင်တော့ အယူသည်းတဲ့ သူတွေ ဖြစ်သွားတတ်ကြပါတယ်။ တရုတ်နိုင်ငံယဉ်ကျေးမှုတော်လှန်ရေးကာလ ကွန့်မြူနစ်တွေ ကြီးစိုးတဲ့ အချိန်မှာ ဖုန်းရွှေပညာရပ်က မော်စီတုန်းရဲ့ တားမြစ်ဖျက်ဆီးခြင်းခံရပါတယ်။ သူက လူတိုင်းအလုပ်လုပ်ရမယ်။ ရလာတဲ့ အကျိုးအမြတ်ကို အားလုံးခွဲဝေယူရမယ်လို့ဆိုပါတယ်။ နောက်ဆုံး ဖုန်းရွှေပညာကို ယုံကြည်ရင် အယူသည်းလာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သူအာဏာရပြီးနောက်ပိုင်း ဖုန်းရွှေဆရာတော်တော်များများ အနောက်နိုင်ငံတွေ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ကို ထွက်ပြေးကြရတယ်ဆိုပါတယ်။ အဲဒါကြောင့် အနောက်နိုင်ငံအချို့က ခုံလှုံလာတဲ့ ဖုန်းရွှေဆရာတွေကြောင့် အဲဒီပညာရပ်ကို သိနားလည်ခွင့်ရလာကြတယ်။
တချို့ကလည်း မော်စီတုန်းရဲ့ အခုလို တားမြစ်ချက်ကို အယူသည်းမှုတစ်ခုတည်းကြောင့်လို့ လက်မခံကြပါဘူး။ မော်စီတုန်းက ဖုန်းရွှေပညာကို မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးတွေ ဗေဒင်ပညာ ယုံကြည်သလို အလွန့်ကိုပဲ ယုံကြည်ခဲ့တယ်တဲ့။ ဒီနေရာမှာ ထပ်ဖြည့်ပြောပြချင်တာက ရှေးဘုရင်တွေ လက်ထက်မှာ ဒီပညာရပ်ကို ဘယ်သူတွေ တတ်မြောက်သလဲဆိုတာပါပဲ။ ရှေးယခင်က ဖုန်းရွှေပညာကို နန်းတွင်းထဲမှာပဲ သင်ယူခွင့်ရှိပါတယ်။ သာမန်အရပ်သားတွေ သင်ယူခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖုန်းရွှေကို အသုံးချပြီး နန်းတွေ တော်လှန်ရေးတွေ ပေါ်ပေါက်လာမှာ စိုးလို့ပါတဲ့။ နောက်တော့ ဒေါက်တာဆွန်ယက်ဆင်က ဘုရင်စနစ်ကို တော်လှန်ပြီးနောက်ပိုင်းမှာ ဒီပညာရပ်က သာမန်ပညာသူတွေရဲ့ လက်ထဲကို ရောက်လာပြီး လူတိုင်းနားလည် လက်ခံလာခဲ့ကြတယ်။ ဒါကြောင့် မော်စီတုန်းအာဏာရလာတဲ့ အချိန်မှာ ဖုန်းရွှေပညာကို အရင်တုန်းက ဘုရင်တွေလို ကျင့်သုံးနိုင်ဖို့ တားမြစ်မှုတွေ လုပ်လာတယ်လို့လဲ တချို့က ယုံကြည်ကြပါတယ်။
ဒါပေမယ့် ကောင်းတဲ့ အကျိုးရလဒ်ကတော့ ဖုန်းရွှေပညာကို တရုတ်လူမျိုးတွေနဲ့ အာရှတိုက်သားတွေသာမကဘူး အနောက်နိုင်ငံသားတွေပါ လေ့လာလိုက်စားနေကြပါပြီ။ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်လို၊ မန္တလေးမြို့တွေလို တရုတ်တွေ များပြားလာတဲ့ နေရာတွေမှာလည်း ဖုန်းရွှေက ခေတ်စားလာနေပါပြီ။ တချိန်ချိန်မှာတော့ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို လေ့လာချင်ရင်တော့ ဖုန်းရွှေပညာကိုပါ လေ့လာသင့်တယ်လို့ အကြံဥာဏ်ပေးလိုပါတယ်။



အခုလက်ရှိပြီးစီးသွားတဲ့ Marinabay Sand လို့ခေါ်တဲ့ စကာင်္ပူက ကာစီနိုပါ။ အဆောက်အဦးသုံးခုပေါ်မှာ ဆောက်ထားတဲ့ Sky park ဟာ ဖုန်းရွှေသဘောတရားပါပဲ။ တရုတ်တွေ အယူအဆအရ လှေ၊သဘောင်္ဆိုတဲ့ အဓိပ္ပါယ်က ခရီးလမ်းကြောင်းတစ်ခုရဲ့ ချောမွေ့မှုပါတဲ့။ ဒါကြောင့် စီးပွားရေးချောချောမွေ့မွေ့ ဖြစ်စေဖို့ ဒီသင်္ကေတကို အသုံးပြုခဲ့ပါတယ်။



လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ရာက ဆောက်လုပ်ခဲ့တဲ့ တရုတ်နန်းတော် Forbidden City ကလည်း ဖုန်းရွှေပညာအပြည့်ပါပဲ။ ဖုန်းရွှေအယူအဆအရ အဆောက်အဦးရဲ့ အရှေ့ဘက်မှာ သန့်စင်တဲ့ရေ၊ အနောက်ဘက်မှာ ခိုင်မာတဲ့တောင်တန်း ၇ှိရမယ်လို့ ဆိုပါတယ်။ တကယ်တမ်းနန်းတော်ရဲ့ အနောက်ဘက်မှာ တောင်မရှိပါဘူး။ ဒါပေမယ့် နန်းတော်တည်ဆောက်တဲ့ အချိန်မှာ တောင်တစ်ခုကိုပါ ဆောက်လုပ်ခဲ့ပါတယ်။


ငါးတစ်ပိုင်း ခြင်္သေ့တစ်ပိုင်း Marlion ကလည်း ဖုန်းရွှေသင်္ကေတပါပဲ။ ရေအောက်ကဘုရင်နဲ့ ကုန်းပေါ်က ဘုရင်တို့ ပေါင်းစပ်မှုပါပဲ။ အရင်တုန်းက ဒီရုပ်တုကို တံတားရဲ့ တစ်ဖက်ခြမ်းမှာ ထားပါတယ်။ ဒါပေမယ့် နက္ခတ်တွေရဲ့ နေရာပြောင်းလဲမှုသဘောတရားအရ ပြောင်းလဲတဲ့ နက္ခတ်အနေအထားကို လိုက်ပြီး နေရာရွှေ့ခဲ့တယ်လို့လဲ ဆိုကြပြန်တယ်။



အခုစကာင်္ပူမှာ လက်ရှိအသုံးပြုနေတဲ့ ၁ဒေါ်လာ အကြွေစေ့ပါ။ ဒီနေရာမှ လူပြောများနေတဲ့ အကြောင်းကို ဖောက်သည်ချချင်လို့ပါ။ ဟုတ်မဟုတ်တော့မသိပါ။ တစ်ခုခုကို ဆက်စပ်ပြီး စဉ်းစားမိလို့ပါ။ စကာင်္ပူစီးပွားရေးကောင်းစေဖို့ လူတိုင်း အဆောင်တစ်ခု အမြဲဆောင်ရမယ်လို့ လင်ကွမ်ယုရဲ့ ဖုန်းရွှေဆရာက ပြောသတဲ့။ ဒီလိုလူတိုင်းကို အဆောင်တစ်ခု ဆောင်ခိုင်းဖို့ဆိုတာ အတော့်ကို မလွယ်တဲ့ ကိစ္စပါ။ ဒါပေမယ့် အဲဒီကိစ္စကို ဖြေရှင်းဖို့ ရှစ်မြောင့်ပုံ အကြွေစေ့ကို တီထွင်လိုက်ပါတယ်။ လူတိုင်းနေ့စဉ်ပိုက်ဆံနဲ့ ထိတွေ့နေရတော့ အဲဒီအဆောင်ကိစ္စကို အလိုလိုဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။ စကာင်္ပူနိုင်ငံက ခေါင်းဆောင်တွေများ ပြည်သူအတွက်အတော့်ကို စဉ်းစားတတ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ခေါင်းဆောင်တွေလည်း အခုလိုပြည်သူအတွက်စဉ်းစားပေးတာ ကျေးဇူးတင်စရာကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အဆောင်ကောင်းကောင်း လူတိုင်း နေ့စဉ်ထိတွေ့နိုင်အောင် ခြင်္သေ့ရုပ်ပါတဲ့ ငွေစက္ကူတွေ ဖန်တီးပေးလိုက်လို့ပါပဲ။ ဒီလိုနည်းနဲ့ အစိုးရလည်း တည်မြဲ၊ ပြည်သူကလည်းတည်မြဲ ဖြစ်အောင် အပြန်အလှန် အကျိုးပြုနိုင်ကြတယ်လို့ထင်ပါတယ်။

မှတ်ချက်။ အသေးစိတ်ဆက်ရေးဖို့ စိတ်ကူးရှိပါတယ်။