March 16, 2010

အခန်း(၁) အတိတ်သို့လည်ပြန်

သူမ၏အနုပညာကို အခန်းဆက်ရေးမယ်လို့ စိတ်ကူးထားခဲ့တာ ကြာပါပြီ။ အစပိုင်းရေးပြီး ဒီအတိုင်းပစ်ထားခဲ့မိသည်။ မပီးသေး။ အခုတော့ မပီးသေးရင် မတင်ဖြစ်။ မတင်ဖြစ်တော့ မပီး။ ဒီလိုသံသရာလည်နေတာနဲ့။ နောက်ဆုံး တင်ဖို့ ဆုံးဖြတ်လိုက်သည်။ အခန်းဆက်ရေးရမယ်လို့စိတ်ထဲမှာ ရောက်နေတဲ့ အတွက်နောက်ဆုံးတော့ ဆက်ရေးဖြစ်မယ်ထင်လို့ပါ။ ရသလေးတွေ ရေးတိုင်း အနောက်ကနေ အကြံဥာဏ်ပေးတဲ့ မမနော်(မနော်ဟရီ)ကို ဒီနေရာကပဲ အရမ်းကိုကျေးဇူးတင်မိပါကြောင်း။)
အခန်း(၁)
အတိတ်သို့လည်ပြန်

မနက်ခင်းအလင်းရောင်သည် မှုန်ပျပျ အခန်းထဲသို့ တိုးဝင်လာ၏။ ထိုအလင်းတို့သည် အခန်းထဲရှိ အရာဝတ္ထုများပေါ်သို့ မရဲတရဲ ထိုးကျနေ၏။ အခန်းထဲတွင် ရေးလက်စပန်းချီကားများ၊ စုတ်တံများ၊ ဆေးများက သူ့နေရာနှင့်သူ ရှိနေကြ၏။ အခန်း၏ ထောင့်တစ်နေရာမှာတော့ တစ်ခုနှင့် တစ်ခု မှီပြီး စီထားသော ပန်းချီကားများက ငြိမ်သက်စွာ လဲလျောင်းနေကြ၏။ အခန်း၏ အလယ်မှာတော့ ၀ါကျင်ကျင်အ၀တ်ဖြူတစ်စဖြင့် ဖုံးအုပ်ထားသည့် ပန်းချီကား တစ်ချပ်ရှိနေပြီး ထိုပန်းချီကားရှေ့မှာ လူတစ်ယောက်သည် ငြိမ်သက်စွာ ရပ်နေ၏။ ထိုလူ၏မျက်နှာသည် အေးချမ်းနေကာ အတိတ်က အရိပ်တွေ ပြည့်နှက်နေသည့် ထိုပန်းချီကားလေးကို ရီဝေစွာ ငေးမောကြည့်နေ၏။ ထိုရီဝေနေသောလူသည် ကျွန်တော်ကိုယ်တိုင်ပင်ဖြစ်သည်။

“ဦးလေးငယ်….. အန်ကယ်လ်သိန်းတို့ ပန်းချီကားတွေ ကြည့်ဖို့ ထွက်လာကြပြီတဲ့”

အတူနေသော တူမလေးဖြစ်သူက ရုတ်တရက် ပန်းချီစတူဒီယိုခန်းထဲကို ၀င်လာပြီး ပြောလိုက်သောကြောင့် အတိတ်ရဲ့တစ်နေရာကို ရောက်နေမိနေရာကနေ ကျွန်တော် သတိပြန်ဝင်လာသည်။ ဖုံးအုပ်ထားသည့် အ၀တ်စကို ကျွန်တော် ညင်သာစွာ ဖယ်လိုက်သည့်အခါ အ၀တ်စပေါ်တွင် စွဲကပ်နေသည့် ဖုန်မှုန့်များက လေထဲသို့ ၀ဲတက်သွားသည်။ မျက်လုံးထဲသို့ ဖုန်မှုန့်များဝင်လာသောကြောင့် ကျွန်တော် မျက်လုံးအစုံကို ခဏမျှ ပိတ်လိုက်ပြီး ဖြေးညင်းစွာ ပြန်ဖွင့်လိုက်၏။ အ၀တ်စအောက်မှာ တိတ်ဆိတ်စွာ နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ပန်းချီကားလေးသည် ဖုန့်မှုန့်များကြားမှာ ၀ိုးတ၀ါးတဖြေးဖြေးပေါ်ထွက်လာသည်။ အနီရောင်တွေ၊ အပြာရောင်တွေ ပြေးနေသော ပန်းချီကားလေးသည် ဟိုး…. အရင်ကလိုပဲ ကျွန်တော့်ရင်ထဲကို လှုပ်ခါနေဆဲပါလား…….။ ပန်းချီကားပေါ်က မတူညီသည့် စုတ်ချက်ရာလေးများသည် အရင်ကလိုပဲ လတ်ဆတ်နေတုန်းပါပဲ။ အပြာရောင်စုတ်ချက်တွေပေါ်မှာ အနီရောင်စုတ်ချက်တို့က ပြေးလွှားနေကြ၏။ တချက်တချက် အပြာရောင်လေးတွေကလည်း အနီရောင်အပေါ်ကို လွှမ်းမိုးချင်နေပြန်သည်။

တကယ်တော့ ပန်းချီကားလေးသည် ရိုးရိုးလေးပင်ဖြစ်၏။ မြေမှာ ၀ပ်နေသည့် အိမ်လေးရယ်။ ကြာပန်းတွေပွင့်နေသည့် ရေကန်လေးရယ်။ နောက်ပြီး ငှက်တွေကို အစာကြွေးနေသည့် ချစ်သူနှစ်ဦးရယ်။ တိမ်တွေတောက်နေသည့် ကောင်းကင်ကြီးရယ်။ မျှော်လင့်ချက်တွေ၊ ကြည်နူးမှုတွေဖြင့် ကျွန်တော့်အတွက် ပြည့်နှက်နေခဲ့သော ပန်းချီကားလေးတစ်ချပ်သာ ဖြစ်သည်။ ထိုပန်းချီကားလေးသည် အတိတ်တွေကို ပြန်ခေါ်သွားနိုင်စွမ်းရှိသည့် တံခါးလေးတစ်ချပ်ဆိုလျှင်လည်း မမှားပေ။ ဒါပေမယ့် ထိုတံခါးလေးတစ်ချပ်ကို ဆယ်စုနှစ်တစ်ခုကြာအောင် ကျွန်တော် ၀ှက်ထားခဲ့ရသည်။ ထိုတံခါးလေးကို ကြည့်လိုက်တိုင်း ဒဏ်ရာတွေက ကျွန်တော့်ရင်ကို ကျစ်ကျစ်ပါအောင် နာကျင်နေခဲ့သည်။ ဒါပေမယ့် ထိုဒဏ်ရာတွေသည် တစ်စုံတစ်ယောက်က ပေးခဲ့သည်မဟုတ်။ ကိုယ်ကိုယ်တိုင် ဖန်တီးခဲ့သော ဒဏ်ရာများသာ ဖြစ်ကြ၏။ အခုတော့ ထိုဒဏ်ရာတွေရခဲ့တာ ၁၅နှစ်တင်းတင်း ပြည့်ခဲ့ပြီပေါ့။

“ဦးလေးငယ်… အန်ကယ်လ်သိန်းတို့ရောက်လာပြီ… စတူဒီယိုထဲကိုပဲ ခေါ်ခဲ့လိုက်ရမလား”
“အေး… အေး… ခေါ်ခဲ့လိုက်”

ကျွန်တော် ပန်းချီကားနားကနေ ခွာလိုက်ပြီး အခန်းထဲသို့ ၀င်လာသော အားလုံးကို နှုတ်ဆက်လိုက်၏။

“ကိုသိန်းတို့… လာဗျာ.. ထိုင်…. ကျွန်တော့် စတူဒီယိုကတော့ ဆိုဖာတွေ ဆက်တီတွေ မရှိဘူးဗျ။ ဖျာပေါ်မှာပဲ အေးအေးလူလူ.. ထိုင်ဗျာ..။ သမီးရေ.. ဧည့်သည်တွေအတွက် ကော်ဖီနဲ့ မုန့်တွေ ယူလာပေးတော့”

ကိုသိန်းဆိုသူသည် ပန်းချီပြပွဲတော်တော်များများကို လှလှပပဖြစ်အောင် ဖန်တီးတတ်သူ ဖြစ်ပြီး ပန်းချီကား စုဆောင်းရတာ ၀ါသနာပါသူတစ်ဦး ဖြစ်သည်။ ကိုသိန်းအပါအ၀င် လူတစ်ယောက်ပါ ပါလာ၏။ ထိုတစ်ယောက်ကိုတော့ ကျွန်တော်မသိ။

“ကျော်ကျော်… သူက တယောကိုဆွေညွန့်တဲ့… ကြားဖူးတယ်မလား။”
“ဟာ…. တယောကိုဆွေညွန့်လား.. သိတာပေါ့ဗျာ… ဒီလောက်နာမည်ကြီးတဲ့ သူပဲ..။ ကိုဆွေညွန့်ရဲ့ တရောဂီတအခွေတွေ ကျွန်တော် နားထောင်ဘူးတယ်။ ကျွန်တော်က အမာခံပရိသတ်ပဲ ဆိုပါတော့။ အခုမှပဲ အပြင်မှာ တွေ့ဖူးတော့တယ်။ တွေ့ရတာ ၀မ်းသာတယ်ဗျာ”

“ကျွန်တော်လည်း ကိုကျော်ကျော်နဲ့ အခုလို လူချင်းတွေ့ပြီး ခင်မင်မှုရတာ ၀မ်းသာပါတယ်။ ကိုကျော်ကျော် ပန်းချီကားတွေမှာ အရောင်တွေက အရမ်းအသက်ပါတယ်။ ကိုကျော်ကျော်ရေးတဲ့ ကြာကန်ဆိုတဲ့ ပန်းချီကားကို သဘောအကျဆုံးပဲ”

“ဟုတ်တယ် ..ကျော်ကျော်..။ သူက မင်းပန်းချီကားတွေကို အရမ်း သဘောကျနေတာ။ အခုလည်း မင်းရဲ့ ဆိုလိုပန်းချီပြပွဲမှာ မင်းက တယောလေးနဲ့ ဧည့်ခံချင်တယ်ကြားလို့ သူက ကူညီပါရစေဆိုလို့…. ငါလည်း ခေါ်လာတာ”

“အားနာစရာကြီးဗျာ….. ကိုဆွေညွန့်သာ ကျွန်တော့် ပန်းချီပြပွဲမှာ တယောနဲ့ ဧည့်ခံမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့ဗျာ……။ နေဦး.. ကျွန်တော်ပြပွဲမှာ ပြမယ့်ပန်းချီကားတွေကို ပြဦးမယ်။ အခုလောလောဆယ်တော့ သေချာမစီရသေးပါဘူး။ ဟိုး…. ထောင့်မှာ ဒီအတိုင်းချထားတာ။”

ကျွန်တော်က အခန်းထောင့်မှာ တစ်ခုနဲ့တစ်ခု မှီပြီးထောင်ထားသည့် ပန်းချီကားတွေကို လက်ညှိုးထိုးပြလိုက်တော့ ကိုဆွေညွန့်သည် ပန်းချီကားတွေဆီ ချက်ချင်းထသွားလိုက်ပြီး အနီးစပ်ဆုံး ပန်းချီကားတစ်ချပ်ကို ဆွဲယူလိုက်သည်။ ထို့နောက် နေရောင်ကျနေသော ပြတင်းပေါက်နားက ပန်းချီဒေါက်တိုင်ပေါ်တင်လိုက်ပြီး သေသေချာချာကြည့်လိုက်၏။

“တော်တော်လှတဲ့ မျက်နှာလေးပါလား ကိုကျော်ကျော်။ မျက်လုံးတွေကလည်း တော်တော်စူးရဲတယ်နော်။ တမျိုးပဲဗျ။ ပန်းချီကားတစ်ခုလုံးမှာ မျက်လုံးကို Focus ယူထားသလိုပဲ။ သူလေးက ဘယ်သူလဲဗျ….။ ပန်းချီကားနာမည်ကလည်း ၂၁ တဲ့။ ဘယ်လိုကြောင့်နာမည်ပေးထားတာလဲ”

ကိုဆွေညွန့်က ပန်းချီကားကို ကြည့်ပြီး ဝေဖန်ရေးလုပ်နေသောကြောင့် ကိုသိန်းပါ ထသွားပြီး သေသေချာချာကြည့်၏။

“ဟာ… ကျော်ကျော်… မင်း ဒီကားကို ငါ့ကို တစ်ခါမှ မပြဘူးပါဘူး။ မင်းဘယ်တုန်းက ဆွဲထားတာလဲ။ ငါလည်း မသိလိုက်ရပါလား။”

အဝေးသို့ ငေးမောနေမိသော ကျွန်တော့်ကို ကိုသိန်းက လှုပ်မေးလိုက်သောကြောင့် သတိပြန်ဝင်လာမိသည်။

“မင်းတစ်ယောက်တည်း မသိတာ မဟုတ်ပါဘူး။ ငါ ဒီပန်းချီကားတွေဆွဲခဲ့တာ ဘယ်သူမှ မသိပါဘူး။ ပန်းချီကားထဲက အမျိုးသမီးကလည်း ထူးထူးခြားခြား ဘယ်သူမှ မဟုတ်ပါဘူး။”


ကိုဆွေညွှန့်က ကျွန်တော်ခံစားချက်ကို သတိထားမိသည်ထင်သည်။ ဘာမှ ဆက်မမေးတော့။ နံရံထောင့်မှာထောင်ထားသည့် ပန်းချီကားတစ်ချပ်ခြင်း နံရံမှာ ကပ်စီလိုက်၏။

“ကိုကျော်ကျော် ပန်းချီကားတိုင်းမှာ နံပါတ်လေးတွေပါတယ်နော်။ ဒီမှာ ၆၊ ဒီမှာ ၃၅။ ဟော ဟိုးမှာ ၁၄။ နေဦးဗျ နံပါတ်ငယ်လေ။ မိန်းကလေးရဲ့ ပုံတွေက နုသွားလေပါလား။”

ပြောပြောဆိုဆိုဖြင့် ကိုဆွေညွန့်သည် နံပါတ်၁ ပန်းချီကားကို ဆွဲထုတ်လိုက်၏။ ပန်းချီကားထဲမှ မိန်းကလေးက တစ်စုံတစ်ရာကို ငေးစိုက်ကြည့်နေ၏။ နေရောင်ခြည်က မိန်းကလေးရဲ့ မျက်နှာတစ်ခြမ်းပေါ် ကျနေပြီး ကျန်သည့်တစ်ခြမ်းကတော့ နက်မှောင်သည့် ဆံပင်များက ဖုံးကွယ်ထားကြ၏။ တစ်ဖက်တည်း ပေါ်နေသော အညိုရောင်မျက်လုံးလေးသည် ဝေခွဲမရသည့် ပုစ္ဆာများဖြင့် ပြည့်နှက်နေသလို အတွေးတစ်ခုလည်း နစ်မွန်းနေသည်။ ထို့နောက်ကိုဆွေညွန့်သည် တစ်ခုခုကိုနားလည် သဘောပေါက်သွားသလို နံပါတ်၁ ပန်းချီကားကို ယူပြီး နံပါတ်၁၀ ပန်းချီကားနဲ့ ယှဉ်ကြည့်လိုက်သည်။

“ နံပါတ် ၁၀မှာ မိန်းကလေးက ပိုပြီး ရင့်ကျက်သွားသလိုပဲ ကိုကျော်ကျော်။ ဒီပန်းချီကားတွေက မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ဖျက်သန်းသွားနေသလိုပဲ။ ကိုကျော်ကျော့် solo series မှာ ဒီအမျိုးသမီး ပန်းချီကားတွေကိုပဲ ပြမှာလား။ ကျွန်တော့် စိတ်အထင် ပုံ၃၀ မကဘူးနဲ့တူတယ်နော်။”

“ဟုတ်တယ် ကိုဆွေညွန့်။ စုစုပေါင်း ၃၅ကားရှိတယ်။ ဒီပြပွဲမှာ ဒီပုံလေးတွေနဲ့ ဟိုမှာ မြင်နေရတဲ့ ရှုခင်းပုံလေးကိုပဲ ပြမှာ။ ကျွန်တော့်ရဲ့ နောက်ဆုံးပြပွဲဆိုတော့လည်း အမှတ်တရလေးဖြစ် သွားချင်လို့ပေါ့ဗျာ။”

ကိုသိန်းက ကျွန်တော်ပြောတာကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေရင်း။
“ဒီပန်းချီကားထဲက အမျိုးသမီးလည်း အခုလောက်ဆို ကျွန်တော်တို့အရွယ်ဖြစ်နေပြီပေါ့။ သူရော ပန်းချီပြပွဲကို လာမှာလား။”

ကိုသိန်း၏မေးခွန်းသည် ကျွန်တော့်ရင်ထဲကို စူးခနဲ ဖြစ်စေ၏။ သူလာမှာလား။ သူလာရင်တော့ ကောင်းမှာပေါ့နော်လို့ ဖြေတွေးမိလိုက်သည်။

“သူ လာမယ်မထင်ပါဘူး။”
“ဘာလို့လဲဗျ။ ဒါသူ့ပုံတွေပဲဆိုတော့ လာအားပေးသင့်တာပေါ့ဗျာ။ ဒါနဲ့ သူက ဘယ်သူလဲဗျ။ ကိုကျော်ကျော်ချစ်သူလား” ကိုသိန်းက ပြုံးစစဖြင့် ကျွန်တော့်ကိုမေးသည်။

“ဟုတ်တယ်။ ကျွန်တော့်ချစ်သူပါ။ သူ့နာမည်က စုတဲ့”

ကိုဆွေညွန့်သည် စိတ်ဝင်စားစွာဖြင့် ကျွန်တော့် ဘက်ကို လှည့်လိုက်ရင်း။

“သူ မလာနိုင်ဘူးဆိုတော့ တခြားတစ်ယောက်နဲ့များ အိမ်ထောင်ကျသွားလို့လား။ ဒါမှမဟုတ်……”
ကျွန်တော် သက်ပြင်းကို လေးတွဲ့တွဲ့လေးချလိုက်မိသည်။

“စုက ကျွန်တော်ကလွဲလို့ ဘယ်သူမှ စိတ်ထဲမှာ ထားတာမဟုတ်ဘူးဗျ။ ကျွန်တော်နဲ့စုက အရမ်းချစ်ခဲ့ကြတာ။ အခုဆိုရင် စု ရုတ်တရက်ပျောက်သွားတာ ၁၅နှစ်တင်းတင်းပြည့်ခဲ့ပြီ။”

ကျွန်တော့်အသံတွေသည် ထိန်းထားရင်းကနေ အဖျားခတ်တုန်သွား၏။ အခန်းလေးသည် တိတ်ဆိတ်သွားသည်။ ကိုသိန်းသည် ကျွန်တော့် ပုခုံးကို ဖြစ်လိုက်ရင်း အားပေးသည်။

ကိုဆွေသည် နားမလည်သလိုလိုနဲ့ ကျွန်တော့်ကို ကြည့်လိုက်ကာ မေးခွန်းများကို ဆက်ကာဆက်ကာမေးသည်။

“စုပျောက်သွားတာ ၁၅နှစ်တောင် ရှိပြီဆိုတော့ အခုနောက်ဆုံးပုံတွေက ကိုကျော်ကျော်နဲ့ ရွယ်တူပဲဆိုတော့ စုက ကိုကျော်ကျော်ထက် အသက်ကြီးမှာပေါ့။”

“မဟုတ်ဘူး ကိုဆွေညွန့်။ စုနဲ့ ကျွန်တော်နဲ့က ရွယ်တူဗျ။”

ဒီတစ်ခါတော့ နှစ်ယောက်စလုံးသည် ကျွန်တော် ဆက်ပြောမယ့် စကားကို စိတ်ဝင်စားစွာဖြင့် စောင့်နေကြ၏။

“စောစောက ကိုဆွေညွန့် ကြည့်နေတဲ့ နံပါတ်၁ ပုံက စုရဲ့ မူရင်းပုံပါ။ ကျွန်တော်နဲ့ စု ပထမဆုံး ခင်မင်ခွင့်ရခဲ့တဲ့ အချိန်က ရေးခဲ့တာပေါ့ဗျာ။ နောက်ပုံတွေကတော့ ကျွန်တော့်ရင်ထဲမှာ စွဲထင်နေတဲ့ စုရဲ့ ပုံရိပ်တွေပါ။ စုကို အတိတ်မှာ ကျန်ခဲ့တဲ့ မိန်းမငယ်လေးလို ကျွန်တော် မထားချင်ခဲ့ဘူး။ စုက ကျွှန်တော်နဲ့အတူ မိုးရာသီတွေကို ဖြတ်သန်းတယ်။ ဆောင်းရာသီဆို အနားမှာ ရှိနေတယ်။ နွေရာသီဆို သီချင်းလေးတွေ ညည်းနေတတ်။ အချိန်တွေ ကြာလာသလို စုမှာ ရင့်ကျက်တဲ့ အလှတွေ၊ ထက်မြက်တဲ့ အလှတွေက ကျွန်တော့်လိုပဲ အချိန်တူ အရွယ်တူ ဖြတ်သန်းနိုင်လိမ့်မယ်လို့ ကျွန်တော် စိတ်ကူးယဉ်ကြည့်မိတယ်။ တကယ်လို့သာ ကျွန်တော့်နားမှာ စုသာ ရှိနေခဲ့မယ်ဆိုရင် အခု ကိုသိန်းတို့မြင်နေရတဲ့ နံပါတ်၃၀ကျော် ပန်းချီကားတွေထဲကအတိုင်း စုရဲ့ တည်ငြိမ်တဲ့အလှကို တွေ့မှာပေါ့ဗျာ။ တကယ်တော့ စုက ကျွန်တော်နဲ့အတူ ပန်းချီကားတွေထဲကနေ အချိန်တွေကို ဖြတ်သန်းခဲ့တယ် ဆိုရင် ယုံမလား

ကျွန်တော်တို့သုံးယောက်သာ ရှိနေသော အခန်းလေးထဲသို့ အေးစက်သည့် လေညင်းတို့ တိုးဝင်လာသောကြောင့် အဖြူရောင်ခန်းစီးတို့ လေထဲတွင် ၀ဲနေကြသည်။ ထိုခန်းစီးတွေကြားမှာ စုကို ၀ိုးတ၀ါးမြင်နေရသည်။ စုသည် ကျွန်တော့်အနားမှာ အရိပ်လို အမြဲကပ်ပါနေသည်။ အခုလည်း စုသည် ကျွန်တော်ပြောမယ့် သူ့အကြောင်းကို ပြုံး၍ နားထောင်နေသည်။ ရုတ်တရက်လေထဲတွင် ဖုန်မှုန့်တို့ ဝေါခနဲ ပါလာပြန်သည်။
ဟုတ်သည်……..။
ထိုဖုန်မှုန့်ကလေးတွေကပဲ စုနဲ့ကျွန်တော့်ကို တွေ့ဆုံပေးခဲ့ကြသည်။ အဲဒီနေ့က အခုလို ဖုန်မှုန့်လေးတွေ လေထဲတွင် ၀ဲပျံနေခဲ့ကြသည့် ယဉ်ကျေးမှုတက္ကသိုလ်ရဲ့ တစ်ခုသောလမ်းမပေါ်မှာပေါ့။ စုသည် ပျော့ပြီး အိကျနေသော လုံချည်ကို ခြေဖမိုးရောက်သည်အထိ ၀တ်ထား၏။ နောက်ပြီး တခြားမိန်းကလေးတွေနဲ့မတူ။ စုသည် အနီရောင် ဒေါက်မြင့်ဖိနပ်ကလေးကို စီးထားပြီး ပန်းချီဆွဲသည့် ပစ္စည်းကိရိယာတွေကို ပွေ့ကိုင်ထား၏။ စုသည် ဘေးဘီကို မကြည့်။ ရှေ့တည့်တည့်ကိုသာ ကြည့်၏။ ထိုနေ့က တဖွဲဖွဲတိုက်နေသော လေညင်းတို့ကြောင့် မှောင်ရီသော သူမ၏ ဆံနွယ်တို့သည် သူမ၏မျက်နှာတစ်ခြမ်းကို ၀ဲခနဲဝဲခနဲ ဖုန်းကွယ်ထားကြပြန်၏။ ဒါပေမယ့် အခုလိုတော့ လေညင်းတွေက အေးစက်မနေကြ။ နွေးထွေးလို့နေခဲ့သည်။

အခန်း(၂) စုနဲ့ဆုံတွေ့ခြင်း ကိုဆက်ပါမည်။