February 21, 2010

ပြင်ခရိုင် ချောင်းဝ မော်တင်စွန်း ငွေဆောင် ၃

မော်တင်စွန်း ဆင်းဖို့ ကျွန်တော်တို့အားလုံး မနက်၅နာရီခွဲလောက် ထရပါတယ်။ ပွဲတော်ရက်မဟုတ်တော့ မော်တင်စွန်း သွားမယ့်လူတွေလည်း သိပ်မရှိသေးပါဘူး။ ပုံမှန်အားဖြင့် ပုသိမ်ကနေ ခမောက်မှော်အထိ သဘောင်္စီးရပါတယ်။ ခမောက်မှော် ရောက်မှ ကား ဒါမှမဟုတ် ဆိုင်ကယ်ကယ်ရီ စီးရပါသေးတယ်။ ကျွန်တော်တို့ကတော့ ချောင်းဝရွာကနေ စက်လှေ စီးလုံး ငှားလိုက်တယ်။ စက်လှေက လူအယောက် ၂၀ဆယ်လောက်ဆန့်တယ်။ အဲဒါနဲ့ပဲ ကျွန်တော့်အမက လမ်းမှာ တွေ့တဲ့ သူ့အသိတွေကို ၀င်ခေါ်လိုက် စောင့်ခေါ်လိုက်နဲ့ ချောင်းဝကနေ မနက် ၇နာရီမှ ထွက်ဖြစ်တယ်။

ပထမတော့ ပင်လယ်ဘက်ကနေ ထွက်မောင်းမလို့ပါပဲ။ နောက်တော့ တစ်ခုခုဖြစ်မှာစိုးတာနဲ့ ဟိုင်းကြီးကျွန်းနားကနေ ဖြတ်ပြီး အတွင်းဘက်ကနေ မောင်းရတယ်။ လမ်းမှာလည်း နာဂစ်တုန်းက ပျက်စီးသွားတဲ့ ဒီရေတောတွေကို ပြန်စိုက်ထားတဲ့ ဓနိပင်သေးသေးလေးတွေကိုလည်း တွေ့ရတယ်။ အမရဲ့ သူငယ်ချင်းတွေက အရင်တုန်းက အိမ်ခြေတွေနဲ့ တော်တော်စည်ခဲ့တဲ့ ရွာတန်းတွေကိုလည်း လက်ညိုးထိုးပြတယ်။ အခုတော့ အဲဒီနေရာတွေမှာ သစ်တိုင်ငုတ်စိလေးတွေပဲ ကျန်တော့တယ်။

တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ကို တင်လာတဲ့ စက်လှေက ခေမောက်မှော်ကို ရောက်လာတယ်။ ရောက်ရောက်ချင်း ကယ်ရီဆိုင်ကယ်တွေက ဖွေးကနဲ ရောက်လာတယ်။ ပထမတော့ ကားစီးလုံး ငှားပြီး သွားမလို့ပါပဲ။ ကိုယ်တွေအုပ်စုက ၁၂ယောက်ကိုး။ ဒါပေမယ့် ပွဲတော်ရက်မဟုတ်တော့ ကားတွေမရှိသေးဘူး။ အဲဒါနဲ့ပဲ ဆိုင်ကယ်တစ်စီးကို မောင်းတဲ့လူ အပါအ၀င် သုံးယောက်တင်ပြီး စီးခဲ့ရတယ်။ မော်တင်စွန်းနားရောက်လာတော့ ရှုခင်းက အရမ်းလှလာတယ်။ ဆိုင်ကယ်တွေအားလုံးကလည်း တတီတတန်းကြီး ပင်လယ်သဲသောင်စပ်ကနေ မောင်းကြတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။

ဘုရားပေါ်ရောက်တော့ လူကအတော့်ကိုရှင်းတယ်။ ဟိုးတစ်ခါ ပွဲတော်ရက်လာရတဲ့အချိန်မှာလို အလုအယက်မဖူးရဘူး။ နေက မြင့်နေတော့ အပူရှိန်တော့ ရှိတာပေါ့။ ဒါပေမယ့် ဆောင်းတွင်းဆိုတော့လည်း အဲဒီလောက်ကြီး မပူသေးပါဘူး။ ဘုရားကန်တော့။ ပြီးတော့ အုတ်လှေကားလေးတွေအတိုင်း ဆင်းပြီး ဖောင်တော်ဦး ဘက်ကို ဆင်းဖူးကြတယ်။ နောက်တော့ ကျောက်ဆောင်တွေဘက်သွားပြီး ဓါတ်ပုံတွေရိုက်ကြတယ်။ အမနဲ့ သူ့သူငယ်ချင်းတွေကတော့ ကျောက်ပွင့်တွေ ကောက်ကြတယ်။ ကျောက်ပွင့်ညိုညိုလေးတွေက ကျောက်ဆောင်တွေကြားမှာ ဖွေးနေတာပဲ။ ငါးသေးသေးလေးတွေကလည်း အုံလိုက်ကျင်းလိုက် ကူးနေကြတယ်။ ရေက ကြည်စိမ်းနေတော့ အတိုင်းသားမြင်ရတယ်။ ကျောက်ဆောင်တွေဘက်နေ မော်တင်စွန်းဘုရားကို လှမ်းမျှော်ကြည့်တော့ လွမ်းစရာ အကောင်းသား။ နာဂစ်မွှေလို့ သစ်ပင်ကြီးတွေတောင် မရှိတော့ဘူး။ အုန်းပင်လေးတွေပဲ ကျိုးတိုးကျဲတဲ ကျန်ခဲ့တယ်။

ပင်လယ်ကမ်းချေဘက်ကနေ လမ်းလျှောက်ပြီး အနီးအနားကတောင်ထိပ်ဘုရားတွေပေါ် လျှောက်လည်ကြတယ်။ သိကြားတောင်ရောက်တော့ ပူလိုက်တာ ပြောမနေနဲ့။ ဗိုက်ကလည်းဆာ။ ရေလည်း ငတ်တာနဲ့ တစ်အုပ်စုလုံး စားသောက်ဆိုင်ကို ပြေးခဲ့ရတယ်။ စားသောက်ဆိုက်တွေ ဘိလိယက်ထိုးဆိုင်တွေတော့ အများကြီးပဲ။ ပွဲတော်ရက်ဘုရားဖူးတွေမလာခင် နီးစပ်ရာ စက်လှေတွေ သဘောင်္တွေကနေ သဘောင်္သားတွေ တက်လာကြတော့ သူ့နည်းသူ့ဟန်နဲ့ စည်နေတုန်းပါပဲ။

စားသောက်ပြီးတော့ ခမောက်မှော်ကို ပြန်။ အဲဒီစက်လှေနဲ့ပဲ ဟိုင်းကြီးကျွန်းကို ထွက်လာကြတယ်။ ဟိုင်းကြီးကျွန်းရောက်တော့ ကျွန်တော်ရယ်၊ အမသူငယ်ချင်းတစ်ယောက်ရယ် ဆင်းပြီး ဆိုင်ကယ်ငှားပြီး တက်လည်ကြတယ်။ အမတို့တစ်သိုက်ကတော့ စက်လှေနဲ့ပဲ ဟိုင်းကြီးကျွန်း အဓိကဆိပ်ကမ်းကို ဆက်သွားကြတယ်။ ကျွန်တော်တို့နှစ်ယောက်က သူ့တို့ကို အဲဒီဆိပ်ကမ်းမှာ ဆုံကြမယ်ဆိုပြီးတော့လေ။ လမ်းမှာ ငမန်းအရေခွံတွေ့တော့ ဆင်းဝယ်ကြတယ်။ ငါးမန်းအရည်ခွံကလည်း ဟိုင်းကြီးကျွန်းမှာပဲ ရတယ်။ အရင်တုန်းက ပင်လယ်လိပ်ဥတွေကိုလည်း ဒီမှာပဲ ၀ယ်ရတယ်။ အခုတော့ ၀ယ်လို့မရတော့ဘူး။ ရှားပါးလိပ်တွေကို ထိန်းသိမ်းဖို့အတွက် ဘယ်သူမှ လိပ်ဥတွေ ၀ယ်တာ ရောင်းတာ လုပ်ခွင့်မပေးတော့ဘူး။

ဟိုင်းကြီးကျွန်းကနေ ပြန်လာတော့ ညနေခင်းဖြစ်နေပြီ။ ပင်လယ်ဝဆိုတော့ ညနေဆိုတော့ လှိုင်းကြီးတယ်။ ကျွန်တော်တို့တင်လာတဲ့ စက်လှေလေးက လှိုင်းလုံးတွေကြားမှာ မြောက်ခနဲပဲ။ ဒီလိုနဲ့ပဲ ဘေးမသီရန်မခဘဲ ချောင်းဝကို ပြန်ရောက်လာတယ်။ နောက်တစ်နေ့မနက်ကျတော့ ပုသိမ်ဘက်ကို ပြန်ခဲ့တယ်။ ကျွန်တော့် ခြေက ပုသိမ်မှာ ရပ်မနေဘူး။ ငွေဆောင်ဘက်ကို ခြေဦးလှည့်လိုက်သေးတယ်။



မနက်ဘက်စောစောထပေမယ့် ဟိုလူစောင့် ဒီလူစောင့်နဲ့ နောက်ကျသွားတယ်။ ကျွန်တော်တို့စီးတဲ့ စက်လှေလေးပေါ့။

လှေဆိပ်ကနေထွက်လာတော့ ချောင်းဝရွာထိပ်လေးကို ကွေ့မောင်းရတယ်။ ရွာထိပ်က သဲသောင်စပ်လေးက ပင်လယ်ထဲကို ထိုးဆင်းနေတယ်။ ပြေးပီးတော့ အဲဒီသောင်ပြင်ပေါ် ဆင်းပြေးချင်စိတ်တောင်ပေါက်တယ်။

ကျွန်တော်ရောက်ခါစ ရေဆင်းကူးတဲ့ သောင်စပ်လေးလေ။ ရေထဲကနေကြည့်တော့ ပိုပြီး လှနေသလိုပဲ။

ဟိုင်းကြီးကျွန်း။

လမ်းမှာ မြင်ရတဲ့ မြင်ကွင်းတစ်ချို့။ အရင်တုန်းက ဒီနေရာမှာ တံငါရွာတန်းရှည်လေးပေါ့။ အခုတော့ အိမ်တိုင် ငုတ်စိလေးတွေပဲ ကျန်တော့တယ်။

ခမောက်မှော်လှေဆိပ်။ မလှဘူးလားဗျ။ မြင်နေရတဲ့ ဟိုဘက်ကမ်းကနေ ဆိုင်ကယ်စီးသွားရင် ဟိုင်းကြီးကျွန်းမြို့ထဲကို ရောက်တယ်တဲ့။

မော်တင်စွန်းဘုရားကို အဝေးကနေဖူးရတယ်။ တွေ့လား အောက်ဘက်မှာ သောင်ပြင်ကျယ်ကြီး။ ကျွန်တော်တို့သယ်လာတဲ့ ဆိုင်ကယ်တွေ ဝေါခနဲ ဝေါခနဲ မောင်းသွားတာလေ။ အ၇မ်းမိုက်တယ်ဗျ။ ထပ်စီးချင်သေးတယ်။

မော်တင်စွန်းဘုရားနဲ့ ကျောက်ဆောင်တွေ။

မော်တင်စွန်းဘုရားတောင်ပေါ်က နာဂစ်ရဲ့ ဒါဏ်ရာဒဏ်ချက်တွေလေ။ အခုထက်ထိပြန်ပြီး အရင်လို မလှနိုင်သေးပေမယ့် လှဆဲပါပဲလို့ ပြောလို့ရပါသေးတယ်။

တောင်ပေါ်ကနေအခုလို ပြေးဆင်းလို့လည်းရတယ်။

ဖောင်တော်ဦးဘုရား။ ဒီပုံလေးမှာ အပြာရောင် မီးခိုးရောင်နဲ့ ရွှေရောင်လေးပဲ ရှိတယ်။ အမှတ်တမဲ့ရိုက်လိုက်ပေမယ့် သဘောတော့ကျမိသား။

ကျွန်တော့်အမပေါ့။ တစ်ယောက်တည်း ငေးငေးငိုင်ငိုင်နဲ့ ဘာတွေ တွေးနေလဲ မသိဘူး။ ကျွန်တော်တို့မောင်နှမ ၁၀ယောက်မှာ တစ်ယောက်ချင်းစီမှာ စိတ်ဝင်စားစရာ ဘ၀ဇာတ်ကြောင်းလေးတွေ ရှိတယ်ဗျ။ အားလုံးက ချစ်သူကို ယုံစားတတ်ကြလွန်းလို့ မှားတတ်ခဲ့ကြတယ်။ သူလည်း အပါအ၀င်ပေါ့လေ။

ပါလာတဲ့ ကလေးတွေပေါ့။ ကျောက်ဆောင်တွေကြားက ရေညှိကို လုကောက်နေကြတယ်။
သိကြားတောင်ပေါ်ကနေ ကမ်းခြေကို စီးပြီး မြင်နေရပုံလေ။

ငါးမန်းအရည်ခွံ။

ဟိုင်းကြီးကျွန်းပေါ်ကနေ ငေးကြည့်နေတာလေ။

February 12, 2010

ပြင်ခရိုင် ချောင်းဝ မော်တင်စွန်း ငွေဆောင် ၂



ရှင်စောပုရဲ့ ဟိုဘက်ခြမ်းမှာတော့ ကျောက်ကလပ်လို့ ခေါ်တဲ့ ဘုရားနဲ့ ကမ်းခြေရှိပါတယ်။ အရမ်းလှတယ်။ ကျွန်တော်အချစ်ဆုံးက ကျောက်လွှာတွေပေါ်မှာ ပင်လယ်ရေနဲ့ပေါက်နေတဲ့ ရေမှော်လိုလို မြက်စိမ်းစိမ်းလေးတွေပါပဲ။

အဲဒီမြက်စိမ်းနုနုလေးတွေမှာ လမ်းလျှောက်ရတာ အရသာ အရမ်းရှိတယ်။ ဒါပေမယ့် ကျောက်လွှာမှာ နှစ်ပေါင်းများစွာ ကပ်နေတဲ့ ခရုခွံသေးသေးလေးတွေက ဓါးလို ထက်နေတော့ အမှတ်တမဲ့ နင်းမိရင် ခြေမကွဲသွားနိုင်တယ်။ တကယ်တော့ ကျောက်ကလပ်က ကျောက်လွှာတွေက ကျွန်တော်မြင်ဖူးနေကျ ပင်လယ်ကမ်းခြေက ကျောက်လွှာတွေနဲ့ တော်တော်ကွာခြားပါတယ်။ မြက်စိမ်းလို ရေညှိစိမ်းစိမ်းလေးတွေ ပေါက်နေတဲ့ ကျောက်လွှာတွေက အတော့်ကို ကြီးမားတဲ့ ကျောက်ဖျာကြီးတစ်ချပ်လို့ တင်စားလို့ရရင် တင်စားနိုင်တယ်။

ကျောက်ဖျာပေါ်မှာတော့ ကျောက်ခွက်သေးသေးလေးတွေ ရှိတယ်။ အဲဒီရေအိုင်လေးတွေက ဘာနဲ့တူသလဲဆိုရင် ညီညာတဲ့ သဲမျက်နှာပြင်ပေါ်ကို ရေမှုန်တွေဖွဲခနဲ ကျသွားလို့ ဗြုတ်ထသွားတဲ့ မျက်နှာပြင်နဲ့တူတယ်။ ကျောက်ခွက်ထဲမှာ ပင်လယ်ရေတွေ တင်ကျန်နေပြီး ရေထဲမှာ ငါးသေးသေးလေးတွေ လန်းလန်းနဲ့ ကူးနေကြတယ်။ တချက်တချက် ၀င်ကစွပ်လေးတွေကလည်း ရေထဲမှာ ပုန်းနေတတ်ကြသေးတယ်။

အဲဒီကျောက်ဖျာပေါ်မှာတော့ နှစ်ပေါင်းများစွာကတည်းက သဘာဝအလျောက်ဖြစ်နေတဲ့ ရေမြောင်း သေးသေးလေးတွေက ဖြောင့်တန်းပြီး ပင်လယ်ထဲကို စီးနေကြသေးတယ်။ အတော့်ကို လှတယ်ဗျ။

ကျောက်ကလပ်ရဲ့ နောက်ထပ်ထူးခြားချက်က ကျောက်မှိုပွင့်ကြီးတွေလေ။ ရေနဲ့ လေတိုက်စားပြီး ကျောက်နံရံတွေက အဖြူရောင် အကွေ့အကောက် ဟိုးလိုးပေါက်တွေနဲ့ သဘာဝအတိုင်းကို လှနေပါတယ်။ ကျောက်မှိုပွင့်ကြီးဆိုပြီး မှိုပွင့်တစ်ခုလိုနာမည်ကြီးနေတဲ့ ကျောက်ဆောင်ကတော့ နာဂစ်ဒဏ်ကောင်းကောင်းလေး ခံလိုက်ရတယ်။ ခါးလည်ကကျိုးပြီး ဗုန်းဗုန်းကြီး လဲကျနေလေရဲ့။


ကျောက်ကလပ်မှာ အားရအောင် လည်ပြီး ကျွန်တော်တို့တတွေ ကျောက်ကလပ်ကနေ ပြန်လာတယ်။ လမ်းမှာ အမက အသိတစ်ယောက်အိမ်ဝင်လိုက်ရသေးတယ်။ အဲဒီအိမ်က ဖေဖေ့တပည့်ဆိုတော့ ဖေဖေစားဖို့ ငါးမန်းအရေခွံနဲ့ တိမ်ခိုးငါးပိပေးလိုက်တယ်။ ငါးမန်းအရေခွံကို ဒေသခံတွေက သုတ်စားကြတယ်။ ပထမဆုံး ငါးမန်းအရေခွံကို ရေနွေးနဲ့ ပြုတ်ရတယ်။ အပူပေးပြီး သိပ်မကျခင် ခွင်ပေါ်ကချပြီး ရေဆေးရတယ်။ အရေခွံက မပြုတ်ခင်မှာ အတော့်ကို မာတယ်။ ပြုတ်လိုက်တော့မှ ပျော့သွားပြီး အရေခွံမှာ ကပ်နေတဲ့ သဲတွေ ရွှံ့တွေကို ခွာရတယ်။ မပြုတ်ရင် ခွာလို့မရပါဘူး။ နောက်ဆုံး ငါးအရေခွံလို ချောကျိလာတော့မှ ရပ်ပြီး ထပ်ပြုတ်ရတယ်။ ပြုတ်တဲ့ အခါလည်း နူးအိသွားအောင် မပြုတ်ရပါဘူး။ ပြီးတော့မှာ ပါးပါး ပါးပါးလှီး။ ဂေါ်ဖီရယ် သံပုရာရည်ရယ် ငရုတ်သီးစိမ်းရယ်ရောပြီး သုတ်ရတယ်။ အပေါ်ကနေ ရှောက်ရွက်လေးဖြူးလိုက်တဲ့ အခါမှာတော့ အတော့်ကို မွှေးသွားတယ်။ စားကြည့်တော့ ထုတ်ထုတ် ထုတ်ထုတ်နဲ့ လက်ကနေ မချနိုင်တော့ဘူး။

လက်ဆောင်ပေးလိုက်တဲ့ တိမ်ခိုးငါးပိကလည်း အတော့်ကို ရှားတယ်။ ပုစွန်ငါးပိလို့ ဆိုရင် ပိုမှန်လိမ့်မယ်။ ပုစွန်ဆိတ်လေးတွေနဲ့ လုပ်ထားတာလေ။ အဲဒီပုစွန်ကလည်း ကျောက်ကလပ်ကပုစွန်မှ ပိုကောင်းပြီး ဆောင်းတွင်းမှာမှ ရတတ်ပါတယ်။ တခါတလေတစ်ရွာလုံး ပတ်ရှာတာတောင် မရတတ်ပါဘူး။ အဲဒီငါးပိက သူ့အလိုလိုကိုချိုတာ။ ငါးပိက ဘယ်လောက်တောင် သန့်သလဲဆိုရင် လက်ညိုးလေးနဲ့ ကလော်ပြီး ပြန်ချလိုက်ရင်တောင် ငါးပိက လက်မှာ ကပ်မနေပါဘူး။ အဲဒီငါးပိကို မီးဖုတ်ပြီး ဆီနဲ့ သိပ်ထားလိုက်ရင် တစ်ရာသီလုံးခံတယ်။ စားခါနီးကျမှာ ဇွန်းအသန့်လေးနဲ့ ကလော်ပြီး စားရုံပဲ။ ဖေဖေက ကျွန်တော် စကာင်္ပူပြန်တော့ သေချာမီးဖုတ်ပြီး ဆီနဲ့ သိပ်ပေးလိုက်တယ်။ အဲဒါလေးကို ဒီရောက်တော့ ကြက်သွန်နီပါးပါးလှီးပြီး ဆီရယ်၊ သံပရာရည်ရယ်ရောပြီး သုတ်စားတာ အရမ်းကောင်းတယ်။

လမ်းမှာ တောမင်္ဂလာဆောင်လေးတစ်ခု တွေ့ခဲ့သေးတယ်။ ကျွန်တော်တို့ ဖြတ်သွားတော့ ၀င်စားဖို့ ဖိတ်သေးတယ်။ အချိန်မရတာနဲ့ မ၀င်လိုက်ရဘူး။ ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းနဲ့ တူပါတယ်။ တောမင်္ဂလာဆောင်ဆိုပေမယ့် ကိုယ်ပိုင်စတိတ်ရှိုးတွေ ဘာတွေနဲ့။ အရင်လို စိန်ဗေဒါလက်သံတွေ ဘာတွေ မရှိတော့ပါဘူး။

ညကျတော့ အမသူငယ်ချင်း ရက်လည်ကိုသွားတယ်။ သူတို့ဓလေ့က ရန်ကုန်ကနဲ့ မတူဘူးဗျ။ ရန်ကုန်ကလူတွေက ရက်လည်ကို တကယ်၇ရက်ပြည့်မှ သွားကြတယ်။ သူတို့ဆီမှာက ၆ရက်နေ့ညမှာ လူတွေအကုန်လုံးလာကြပြီး ဧည့်ခံပွဲစပါတယ်။ ကျွန်တော်လည်း အတော်လေးကြာအောင် နေလိုက်ပါသေးတယ်။ ဒါပေမယ့်မနက်ကျရင် မော်တင်စွန်း ဆင်းမှာဆိုတော့ စောစောပြန်လာခဲ့လိုက်တယ်။

ကျောက်ကလပ်ကို ရောက်ပါပြီ။ ဒီနေရာကနေ အောက်ကကမ်းခြေကို စီးပြီး မြင်နေရတယ်။ အပေါ်ကကျောက်လွှာက အမဲရောင်။ လာ..... ဆင်းကြည့်ရအောင်။ အောက်က ဘာအရောင်ရှိလဲလို့။

အောက်မှကျတော့ နံရံတွေက အဖြူရောင်တွေလေ။ တွေ့လား တမျော်တခေါ်ကြီး မြင်နေရတယ်။ အောက်ခြေက သဲတွေမဟုတ်ဘူး။ တကယ်ကျောက်အစစ်။ ညီညာပြန့်ပြူးနေတာပဲ။ ညာဘက်ဘေးမှာ အက်ကြောင်းလေး တွေ့လား။ အဲဒါ ရေစီးမြောင်းလေး။ အဲဒီအတိုင်း ရေတွေစီးသွားတာ နောက်ဓါတ်ကျရင် တွေ့လိမ့်မယ်။

အမှတ်တရပေါ့။

အရမ်းကိုလှတဲ့ သဘာဝဗိသုကာတွေ။

ဟဲ.... ဟဲ.. ကြုံတုန်းပါ။ မလန့်ပါနဲ့။

နာဂစ်မွှေသွားလို့ ခါးကနေကျိုးသွားတဲ့ မှိုပွင့်ကြီး။ နှမျောစရာကြီးဗျာ။

တွေ့ပီလား။ ကျွန်တော်ပြောတဲ့ ကျောက်ဖျာပေါ်က ကျောက်ခွက်လေးတွေလေ။ ငါးလေးတွေလည်း ရှိတယ်။

ကျောက်ဖျာပေါ်က မြက်ပင်လိုလို ဘာလိုလိုနဲ့ ပေါက်နေတဲ့ ရေညှိုပင်လေးတွေ။

ဟောဒီမှာ ရေစီးကျောင်းလေး။

ရေစီးကြောင်းလေးက တဖြေးဖြေးကျယ်လာပြီး အခုလို ပင်လယ်ထဲကို စီးသွားတယ်။ ငါးတွေ ခရုတွေ ၀င်ကစွပ်တွေ ရေထဲမှာ အများကြီးပဲ။

ဟိုးအဝေးကနေ ကျောက်ကလပ်ဘုရားဘက်ကို မျှော်ကြည့်လိုက်တော့ လွမ်းစရာကောင်းပြန်ရော။

ညဘက်ရက်လည်အိမ်လေ။

ဧည့်သည်တွေကို ရွှေကြည်မုန့်နဲ့ ဧည့်ခံတယ်။ ချိုပြီး စိမ့်နေတာပဲ။

February 5, 2010

ပြင်ခရိုင် ချောင်းဝ မော်တင်စွန်း ငွေဆောင်

ချောင်းဝရွာ။ ကျွန်တော်မွေးခဲ့တဲ့ရွာ။ နာဂစ်ရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ရွာ။ ကျွန်တော်နှစ်နှစ်သားအရွယ်လေးကတည်းက စွန့်ခွာလာတဲ့ရွာ။ ကိုယ်မွေးခဲ့တဲ့ရွာလေးကို အမှတ်မထင်ဘဲ ရောက်ခဲ့ပါတယ်။

မြန်မာပြည့်ပြန်ရောက်ရင် တောင်ကြီးသွားမယ် အင်းလေးသွားမယ်လို့ စိတ်ကူးခဲ့ပေမယ့် အတူသွားမယ့် သူငယ်ချင်းတွေက ခွင့်ရက်ရှည် မရတာနဲ့ မသွားခဲ့ဖြစ်ခဲ့။ မမျှော်လင့်ဘဲ ချောင်းဝမှာရှိတဲ့ ကျွန်တော်အမသူငယ်ချင်း ဆုံးတာနဲ့ နာရေးကိစ္စသွားဖို့ အမနဲ့ အဖော်လုပ်ရင်း ရောက်ခဲ့တယ်။

ကျွန်တော်မွေးတဲ့ နေရာကို ချောင်းဝလို့ခေါ်ခေါ် ပြင်ခရိုင်ချောင်းဝလို့ပဲ ခေါ်ခေါ် အဲဒီဒေသမှာ ထင်ရှားတဲ့နေရာလေးပါ။ ဟိုင်းကြီးကျွန်းရဲ့ တစ်ဖက်ကမ်းမှာ ရှိတဲ့ရွာလေးပါ။ အရင်တုန်းကတော့ ငပုတောမြို့လက်အောက်ခံရွာလေးပေါ့။ ရွာသာဆိုတယ် အိမ်ခြေ ၅၀၀လောက်ရှိပါတယ်။ နာဂစ်ဖြစ်ပြီး နောက်ပိုင်းကြတော့ လပွတ္တာမြို့အောက်ကို ရောက်သွားပါတယ်။

ကျွန်တော်အဲဒီမြို့လေးကို ရောက်ဖို့ ရန်ကုန်ကနေ ပုသိမ်သွားတဲ့ လေအိပ်ကားတွေ စီးရတယ်။ လေအိပ်ဆိုပေမယ့် အဲကွန်းလေအိတ် မဟုတ်ပါဘူး။ သဘာဝလေအိတ်ပါ။ ပုသိမ်မြို့ထဲ ၀င်မှ အဲကွန်းဖွင့်ပါတယ်။ လမ်းတစ်လျှောက်ကတော့ ၁၂လရာသီ ကားလမ်းပြင်နေတော့ လမ်းကြမ်းပါတယ်။ ၃နာရီလောက်ပဲ ကြာတဲ့လမ်းကို ၆နာရီနီးပါးလောက် မောင်းရပါတယ်။

ချောင်းဝကို တိုက်ရိုက်မရောက်ပါဘူး။ ပုသိမ်မှာ တစ်ညအိပ်။ နောက်တစ်နေ့မနက်၅နာရီကျတော့ ချောင်းဝသွားမယ့် သဘောင်္စီးရပါတယ်။ ကုန်တွေ လူတွေ တင်ထားတော့ စီးရတာ သက်တောင့်သက်တာ မရှိလှပါဘူး။ အခန်းငှားပြီး စီးလို့ရမယ့် ရှပ်ပြေးသဘောင်္တွေ ရှိပေမယ့် ဟိုင်းကြီးကျွန်းအထိပဲရောက်ပါတယ်။ ချောင်းဝကို စက်လှေဆက်စီးရပါတယ်။ စက်လှေတွေက ညနေဆို မရှိပါဘူး။ ပင်လယ်ဝဆိုတော့ လှိုင်းကြီးတာကိုး။ မနက်၆နာရီ သဘောင်္စထွက်ပါတယ်။ ငပုတောကို ဖြတ်ပြီး နေ့လည် ၃နာရီ ချောင်းဝကို ရောက်ပါတယ်။

ချောင်းဝရောက်တော့ တည်းစရာအိမ်တွေ တော်တော်များပါတယ်။ ဘာလို့လည်းဆိုတော့ ဖေဖေကြောင့်ပါ။ ဖေဖေက အလယ်တန်းကျောင်းအုပ်အနေနဲ့ ချောင်းဝရွာမှာ ၁၉၇၄ကနေ ၁၉၈၄ထိ တာဝန်ထမ်းခဲ့တော့ တစ်ရွာလုံး ဖေ့ဖေ့တပည့်ချည်းကိုး။ အဲဒီကျောင်းလေးကို ၁၉၅၂လောက်မှာ ထူထောင်ခဲ့တာတဲ့။ ဖေဖေ့လက်ထက်ထိ ရှစ်တန်းအထိပဲ ကျောင်းတက်လို့ရတယ်။ အထက်တန်းကို ပြင်ခရိုင်မှာ သွားတက်ရတော့ ကျောင်းသားတွေအတွက် အချိန်ကုန်တယ်။ လူပမ်းတယ်။ အောင်ချက်လည်းနည်းတယ်။ ရွာက ဆရာတွေပြောပြတာတော့ ဖေဖေက ကျောင်းပြီးသွားတဲ့ကျောင်းသားတွေကို ခေါ်ပြီး ရွာမှာပဲ ၉တန်း ၁၀တန်းတွေအတွက် လုပ်အားပေး သင်ခိုင်းတော့ အောင်ချက်တွေ တက်လာတယ်။ အဲဒီကနေ အောင်တဲ့ လူတွေက အခုထက်ထိ အဲဒီကျောင်းလေးမှာပဲ ဆရာ ဆရာမတွေ လုပ်နေတုန်းပါပဲ။

ကျွန်တော်ရောက်သွားတော့ ကျွန်တော့်မွေးခဲ့တဲ့ အိမ်လေးကို ကြည့်ချင်တယ်။ ချက်ကြိုးမြှပ်ခဲ့တဲ့နေရာလေးလေ။ ဒါပေမယ့် အခုတော့ မရှိတော့ဘူး။ မနှစ်ကပဲ ဖျက်ပြီး ကျောင်းဆောင်သစ်ဆောက်လိုက်သတဲ့။ အရင်တုန်းက ကျောင်းဝင်းထဲမှာ ကျွန်တော်တို့အိမ်ရယ်။ ဆရာဦးစိုးမြင့် အိမ်ရယ်လို့ ရှိတယ်။ အဲဒီအိမ်နှစ်အိမ်က ကျွန်တော့်မေမေနဲ့ ဆရာဦးစိုးဖြင့် ဇနီးရယ်က အမြဲတမ်း မီးဝင်မီးထွက် ရှေ့ဆင့်နောက်ဆင့်လေ။ ကျွန်တော်တို့မောင်နှမတွေက ၁၀ယောက်၊ ဆရာဦးစိုးမြင့်တို့ကလည်း ကျွန်တော်တို့မိသားစုလောက်ဆိုရှိပါတယ်။ ကျွန်တော်တို့မောင်နှမတွေကလည်း တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ပဲ ကွာတယ်။ ဖေဖေက ဘယ်ကျောင်းရောက်ရောက် စားပင်သီးပင် အကုန်စိုက်တယ်။ ကျောင်းဝင်းထဲမှာ ဖေဖေစိုက်ထားတဲ့ သရက်ပင်ဆို အသီးတွေ ပြွတ်နေတာပဲတဲ့။ ဒါပေမယ့် ဘယ်သူမှ မခူးစားရဲဘူး။ အသီးတွေအောင်သလို လူလဲအောင်မှာစိုးလို့တဲ့လေ။ အခုတော့လည်း ဖေဖေစိုက်ထားတဲ့ သရက်ပင်တွေ အုန်းပင်တွေ နာဂစ်ဒဏ်ကြောင့် ကုန်ပြီ။

နာဂစ်တုန်းက ချောင်းဝရွာလေးမှာ အသေအပျောက်နည်းပါတယ်။ ဘုန်းကြီးကျောင်းတွေနဲ့ ဖေဖေတာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းတွေမှာ အချိန်မီတက်ပုန်းတော့ လွတ်သွားပေမယ့် ရွာနီးစပ်တွေကတော့ သောက်သောက်လဲသေကြတယ်။ နောက်တစ်နေ့ကျတော့ ချောင်းဝရွာက အောက်သောင်လို့ခေါ်တဲ့ ကမ်းခြေမှာ အလောင်းတွေကို ထပ်လို့။ အရင်တုန်းက အောက်သောင်သဲသောင်စပ်က တော်တော်ကျယ်ပါတယ်။ အခုတော့ ကျဉ်းကျဉ်းလေးဖြစ်သွားပြီး ကမ်းခြေတစ်လျှောက် ဆောက်ထားတဲ့ အိမ်တန်းနှစ်တန်းက ကုန်သွားပါပြီ။ ကျွန်တော်တို့ အောက်သောင်မှာ ညနေဘက်ရေကူးတော့ နည်းနည်းပါးပါးကျန်သေးတဲ့ အိမ်တိုင်ငုတ်တွေနဲ့ ခိုက်မိမှာစိုးလို့ သတိထားကူးရသေးတယ်။

အောက်သောင်ကပျက်သွားတဲ့ အိမ်ခြေတွေအတွက် ရွာအတွင်းပိုင်းမှာ စီစီရီရီပြန်ဆောက်ထားပေးပါတယ်။ အိမ်နံပါတ်လေးတွေ ပိုင်ရှင်နာမည်လေးနဲ့ စနစ်ကျကျဆောက်ထားတော့ မဆိုးလှပါဘူး။ အရင်တုန်းကတော့ အုန်းပင်တွေဝါးပင်တွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းနိုင်ပေမယ့် အခုတော့ ကျိုးတိုးကျဲတဲပါပဲ။ အုန်းပင်တွေကလည်း နာဂစ်ရဲ့ လေတိုးတဲ့ဒဏ်ကြောင့် လေတိုက်တဲ့ ဘက်ကို တညီတည်းယိမ်းနေကြတယ်။ အုန်းပင်တစ်ချို့ကလည်း ထိပ်တွေပြတ်လို့။ ဒါပေမယ့်လှဆဲပါပဲ။

တည်းမယ့်အိမ်ရောက်တော့ ပုစွန်နဲ့ ပင်လယ် ဂဏမ်းတွေနဲ့ ညစာစားရတယ်။ ချဉ်ပေါင်ရွက်နဲ့ ကန်စွန်းရွက်နဲ့ ရောစပ်ချက်ထားတဲ့ ဟင်းလှော်ဆိုတာကလည်း အရမ်းကောင်းပါတယ်။ တည်းတဲ့အိမ်ကလည်း ကျွန်တော်စောစောက ပြောပြတဲ့ ဆရာဦးစိုးမြင့်တို့အိမ်ပါပဲ။ သူတို့တောင် ကျွန်တော်ကြိုက်တဲ့ ခက်တဲ့ (ရန်ကုန်အခေါ် ပြည်ကြီးငါး)နဲ့ ငါးဆစ်စလီခြောက် (ရခိုင်အခေါ် ငါးနီထူခြောက်)တွေ ရှားပါးကုန်လို့ ကျွန်တော့်ကို ချက်မကျွေးနိုင်ကြတော့ပါဘူး။ ကျွန်တော့်အမတွေကတော့ အဲဒီရွာကို ခဏခဏအလည်သွားကြတယ်။ အလည်သွားတိုင်း ငါးတွေ ပုစွန်တွေကို ပိဿာလိုက် စားကြရတယ်။ ရွာမှာလည်း ဧည့်သည်လာရင် ပုစွန်ခြောက်နဲ့ပဲ ဧည့်ခံကြတယ်။ အခုတော့လည်း အကုန်လုံးက တခြားဆီဖြစ်သွားပါပြီ။ နာဂစ်ဖြစ်ပြီးနောက်ပိုင်း ပုစွန်မပြောနဲ့ ငါးဆိုတာ ဘယ်လိုနေမှန်း မသိတော့ဘူး။ အတော်ရှားကုန်တယ်။ ဒေသခံလူတွေတော်တော်များများ တော်တော့်ကို နလံမထူနိုင်ကြသေးဘူး။ ဒီကြားထဲ နှစ်လုံးထီနဲ့ ချဲကလည်း ထောင်းသေးတယ်။ တစ်ချို့ရက်တွေဆို နှစ်လုံးထီ ၃ခါထွက်တဲ့နေ့တွေတောင် ရှိသေးတယ်။

အရင်တုန်းကတော့ ဆူနာမိကယ်ဆယ်ရေးတွေ လုပ်တာ သုံးလေးနှစ်တောင်ကြာတယ်ဆိုတာ သိပ်မယုံမိဘူး။ အခုလက်တွေ့ကျမှ ယုံမိတယ်။ နာဂစ်မိထားတဲ့ ချောင်းဝရွာလေးက အရင်လို ပြန်ဖြစ်ဖို့ သုံးလေးနှစ်လောက်တော့ အချိန်ယူရဦးမယ်။ အခုလောလောဆယ်တော့ တံငါလုပ်ငန်းထက် လယ်ယာလုပ်ငန်းတွေဘက်ကို အရှိန်ယူနေကြတယ်။ တစ်ခုကောင်းတာကတော့ ရွာလေးမှာ အစိုးရက စက်မှုလက်မှုအထက်တန်းကျောင်း ဖွင့်ဖို့ အသစ်ဆောက်နေတာ တွေ့ခဲ့ရတယ်။ ကျောင်းလေးပြီးသွားရင်တော့ ရွာရဲ့ စီးပွားရေးကတော့ တစ်နည်းတစ်ဖုံ နာလန်ပြန်ထူလာမယ်လို့တော့ ထင်မိတယ်။ ဒါပေမယ့်လည်း အဲဒီရွာလေးဆောက်ဖို့ အသိမ်းခံလိုက်ရတဲ့ လယ်ပိုင်ရှင်တွေကတော့ သနားစရာကောင်းပါတယ်။ အဖွားကြီးတစ်ယောက်ဆို သူ့လယ်တွေအသိမ်းခံရပြီးနောက်ပိုင်း သူ့အိမ်နားမှာ ငုတ်တွေလာစိုက်ပြီဆို ထထကြည့်ရတာအမောတဲ့။ နောက်ထပ်မြေတွေပါသွားမှာ စိုးလို့တဲ့လေ။

နောက်တစ်နေ့မနက်ကျတော့ ကျွန်တော်တို့တွေ ဆိုင်ကယ်တွေ ငှားပြီး နာမည်ကြီးတဲ့ ကျောက်ကလပ်ဘက်ကို သွားကြတယ်။ ရွာမှာ စက်ဘီးဘယ်သူမှ မစီးကြတော့ဘူး။ ဆိုင်ကယ်ကလည်း သုံးလေးငါးသိန်းဆိုတော့ ၀ယ်စီးတဲ့သူများပါတယ်။ ကျောက်ကလပ်ကိုသွားတော့ လမ်းမှာ ပြင်ခရိုင်ကို ဖြတ်သွားရသေးတယ်။ ကျောက်ကလပ်မရောက်ခင် ရှင်စောပုဘုရားကို ၀င်ဖူးကြတယ်။ ရှင်စောပုဘုရားကနေ ကျောက်လှေကားတွေက ဆင်းလျှောက်သွားရင် တော်တော့်ကို ကျယ်တဲ့ ကမ်းခြေတစ်ခုကို ရောက်ပါတယ်။ သဲကတော့ အညိုရောင်ပါ။ ရေထဲကို အတော်လေးလျှောက်သွားတာတောင် ဒူးလောက်အထိပဲ နစ်တယ်။ လူမရှိသူမရှိ ကမ်းခြေမို့လို့လားမသိဘူး။ သဲတွေမှာ ရေညှိတွေတောင် တက်နေကြတယ်။ အရင်တုန်းက ကျောင်းသားတွေ လေ့လာရေးခရီးထွက်ကြတဲ့နေရာလေးပေါ့။ အနီးအနားမှာ ငါးဖမ်းလှေလေးတွေလည်း ရှိတယ်။

ရှင်စောပုရဲ့ ဟိုဘက်ခြမ်းမှာတော့ ကျောက်ကလပ်လို့ ခေါ်တဲ့ ဘုရားနဲ့ ကမ်းခြေရှိပါတယ်။ အရမ်းလှတယ်။ ကျွန်တော်အချစ်ဆုံးက ကျောက်လွှာတွေပေါ်မှာ ပင်လယ်ရေနဲ့ပေါက်နေတဲ့ ရေမှော်လိုလို မြက်စိမ်းစိမ်းလေးတွေပါပဲ။

ပုသိမ်မြို့ ကမ်းနားညဈေးတန်း.... အသီးတွေလတ်လတ်ဆတ်ဆတ် ၀ယ်စားလို့ရတယ် ဈေးလည်းချိုတယ်။


မနက်မိုးလင်းတော့ ချောင်းဝကိုအသွား ပုသိမ်နားက ရှုခင်းတွေပါ။

ငပုတောမြို့ကိုရောက်တော့ ခရီးသည်တွေ တော်တော်များများတက်လာတယ်။ ထမင်းကြော်၊ ခေါက်ဆွဲကြော်ရောင်းတဲ့ ဈေးသည်တွေလည်း အများကြီးပဲ။

ခရီးမှာ အခုလိုစိတ်ဝင်စားစရာလှေလေးတွေလည်း တွေ့ရတယ်။ ၀ါးတွေနဲ့ ဆက်ပြီး ဖောင်လေးလို ဆက်ထားတာ ငါးဖမ်းတာလည်း ဖြစ်ချင်ဖြစ်မှာပါ။

နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဒီရေတောတွေ တော်တော်ကုန်သွားတယ်။ လမ်းတလျောက် အပင်တွေတောင် သိပ်မရှိတော့ဘူး။

ဒီရွာလေးမှာလည်း ခဏရပ်တယ်။

မြစ်ဆိပ်ကနေ ဘုရားလေးပေါ် လှေကားလေးတွေကတဆင့် တက်သွားတာ အရမ်းလှတယ်။ ကောင်းကင်မှာလည်း တိမ်တွေဝေ့လို့။

နေက တိမ်တွေကြားကနေဖြာထွက်လာလိုက် ပုန်းလိုက်လုပ်နေတဲ့ အချိန်မှာ ရိုက်ထားတာ။ ရှိတဲ့ ကင်မရာကလည်း မကောင်းတော့ နေရောင်တွေ ဖြာနေတာ ပါအောင်မရိုက်နိုင်ဘူး။ အဲဒါနဲ့ပဲ နေကာမျက်မှန်ကို အရှေ့က ခံပြီးရိုက်လိုက်တာ.. အခုလိုပုံလေးရလိုက်တယ်။

ချောင်းဝရွာကို ရောက်ပြီ။

ချောင်းဝရွာလေးကို ဖြတ်ပြီး စီးဆင်းနေတဲ့ချောင်းလေး။

ချောင်းဝရွာက အောက်သောင်လို့ခေါ်တဲ့ ကမ်းခြေလေး။ တစ်နှစ်တောင်ကြာသွားပြီ။ နာဂစ်ဒဏ်ကြောင့် လဲနေတဲ့ အုန်းပင်ငုတ်တိုတွေက ဒီအတိုင်းပဲ။ ဦးဆောင်ပြီး ရှင်းပေးမယ့်သူ မရှိကြတော့ဘူးလား။ မုန်တိုင်းပြီးတော့ ပိုင်ရှင်မဲ့အလောင်းတွေ တင်နေတာ ဒီနေရတဲ့။

ရွာထဲမှာ ကလေးတွေ ဘောလုံးပစ်တိုင်း ဆော့နေကြတာလေ။ နောက်ကတဲတွေကတော့ နာဂစ်တဲတွေပေါ့။ ပြန်လည်နေရာချထား ဆောက်ထားကြတာပါ။

အရင်လို အုန်းညိုတန်းတွေနဲ့ စိမ်းစိမ်းညို့ညို့ မရှိတော့ပေမယ့် လှနေဆဲပါပဲ။

ဖေဖေတာဝန်ကျခဲ့တဲ့ ကျောင်း။

တစ်ထပ်ဆောင်လေးနေရာမှ အရင်တုန်းက ကျွန်တော်တို့နေတဲ့ အိမ်လေးရှိခဲ့ဖူးတယ်။ မြင်နေရတဲ့ နှစ်ထပ်ဆောင်ကတော့ နာဂစ်မှာ တော်တော်များများကို ကယ်ခဲ့တဲ့ အဆောက်အဦးပါ။

ပြင်ခရိုင်မရောက်ခင် လမ်းတစ်နေရာပါ။ ဆောင်းရာသီမနက်ဦးပိုင်းဆိုတော့ နှင်းတွေ ဝေ့နေတုန်း။

ဒါကတော့ ပြင်ခရိုင်ပါ။

ရှင်စောပုဘုရား။

ရှင်စောပုစေတီပေါ်ကနေ ပင်လယ်ကို လှမ်းကြည့်ရင် လွမ်းဖို့ကောင်းတယ်ဗျ။

ရှင်စောပုစေတီပေါ်ကနေ အောက်ကို ဆင်းလာလိုက်ရင် အခုလို မြင်ရတယ်။

ကျောက်ဆောင်တွေရဲ့ အောက်ခြေမှာ အခုလို ပဲရိုင်းပင်လေးတွေ ပေါက်နေတာ အများကြီးပဲ။ ပန်းတွေက ခရမ်းရောင်ဆိုတော့ လှတယ်။

ကျောက်ဆောင်တွေရဲ့ အောက်ခြေပါ။ ကျောက်ကလပ်မှာ ဒီထက်ပိုလှတဲ့ ကျောက်ဆောင်တွေ အများကြီးပဲ။ ကျွန်တော့်ဘေးနားက လူကတော့ ကျွန်တော့် အမသူငယ်ချင်းပါ။ သူကပဲ ကျွန်တော့်ကို ဆိုင်ကယ်စီးနည်း သင်ပေးတယ်။

ကမ်းခြေကနေ ရှင်စောပုဘုရားကို လှမ်းမြင်နေရတယ်။ သောင်ပြင်က အတော့်ကိုကျယ်တယ်။