December 18, 2010

တရုတ်နိုင်ငံ မင်ခေတ်အိမ်အသုံးအဆောင်များ ၂



ရှန်ဟိုင်းပြတိုက်မှာ ခင်းကျင်းပြသထားတဲ့ မင်ခေတ်လက်ရာ ပရိဘောဂအထားအသိုပုံစံ

ရာစုနှစ်ပေါင်းများစွာ တရုတ်လူမျိုးတွေက ဂျပန်လူမျိုးတွေလိုပဲ အိမ်ထောင်ပရိဘောဂအနေနဲ့ ဖျာတွေကိုပဲ အသုံးပြုခဲ့ကြတယ်။ အခုကျွန်တော်တို့ သိနေတဲ့ တရုတ်တွေရဲ့ အိမ်ထောင်ပရိဘောဂတွေက တန်ခေတ် (Tang Dynasty AD618-906) အထိမရောက်သေးပါဘူး။ စုန်ခေတ် ( Song Dynasty AD 960-1127)လောက်မှာတော့ စားပွဲနဲ့ကုလားထိုင် အသုံးပြုမှုတွေက အဆင့်မြင့် နန်းတွင်းအရာရှိတွေလောက်ပဲ ခံစားခွင့်ရပါသေးတယ်။ အဲဒီခေတ်ကုန်ခါနီးကျတော့မှ လူတန်းစားအမျိုးမျိုးမှာ အသုံးပြုလာနိုင်ကြပါတယ်။ စားပွဲကုလားထိုင်အသုံးပြုနိုင်မှုက ဘုရားထူးခံလူတန်းစားတရပ်အတွက် သီးသန့်မဟုတ်တော့ပါဘူး။

သာမန်ပြည်သူလူထုတွေပါ အသုံးပြုလာနိုင်တဲ့အတွက် မင်ခေတ်ရောက်လာတော့ အကောင်းဆုံးပရိဘောဂတွေကို ထုတ်လုပ်နိုင်ခဲ့ကြတယ်။ နန်းတွင်းကအစ လမ်းကြားက လက်ဖက်ရည်ဆိုင်တွေအဆုံး စားပွဲကုလားထိုင်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတယ်။ ငယ်ငယ်တုန်းကတော့ တရုတ်သိုင်းကားတွေကြည့်ရင် လက်ဖက်ရည်ဆိုင်ပဲဖြစ်ဖြစ် အရက်ဆိုင်ပဲဖြစ်ဖြစ် တိုက်ကြခိုက်ကြရင် စားပွဲကုလားထိုင်တွေ ကျိုးတာကြည့်ရင်း ဘာလို့စားပွဲကုလားထိုင်တွေကို တရုတ်တွေ သုံးကြတာလဲ.. အဲဒါတွေက အနောက်နိုင်ငံက မဟုတ်ဘူးလားလို့ ကိုယ့်ကိုယ်ကို မေးမိတယ်။ အခုမှပဲ မင်ခေတ်အကြောင်းလေ့လာရင်းနဲ့ ကိုယ်တွေရဲ့ ပုဂံခေတ်နဲ့ အပြိုင် သူတို့နိုင်ငံမှာ သုံးစွဲနေမှန်းသိရတယ်။

မင်ခေတ်မှာ (၁၄၀၂ခုနှစ်ဝန်းကျင်) ဘုရင်ကိုယ်တိုင်က တော်ဝင်အလုပ်ရုံကို တည်ထောင်ပြီး လက်ရာကောင်းတွေ ထွက်ဖို့ သေချာစီမံခဲ့လို့လည်း သူတို့ခေတ် လက်ရာတွေက ပိုပြီး လှပလာတာလည်းပါပါတယ်။ သစ်သားလက်ရာတွေနဲ့ ပါတ်သက်ပြီး နီညိုရောင် ဟမ်ဟွားလိ (Huanghuali) လို့ခေါ်တဲ့ သစ်သားကို အများဆုံး သုံးခဲ့ပါတယ်။ သစ်သားရဲ့ လှပတဲ့ အကြောကို အသားပေးပြီး ပရိဘောဂတွေပြုလုပ်ခဲ့တယ်။ အခု အဲဒီသစ်သားမျိုးတွေက ဆိတ်သုဉ်းသွားပါပြီ။ ယခုလက်ရှိ ရှေးဟောင်းပစ္စည်းဈေးကွက်မှာဆို ဟမ်ဟွားလိနဲ့ လုပ်ထားတဲ့ ပရိဘောဂသေးသေးလေးတွေကအစ ဈေးမြောက်ပါတယ်။ အခုဆို အဲဒီသစ်သားနဲ့ ဆင်တူဖြစ်တဲ့ နှင်းဆီသား (Rose Wood) ကို ပြန်သုံးလာပြီး ဆင်တူယိုးမား လုပ်လာကြပါတယ်။ ရှေးဟောင်းလက်ရာစုဆောင်းတတ်တဲ့ ကျွန်တော့်မိတ်ဆွေတစ်ဦးက ဟမ်ဟွားလိနဲ့ နှင်းဆီသားကိုခွဲခြားချင်ရင် သစ်သားမျက်နှာပြင်ပေါ်က Eyes မျက်လုံးတွေကို ကြည့်ရပါတယ်တဲ့။ ဟမ်ဟွားလိရဲ့ မျက်နှာပြင်မှာ မျက်လုံးနဲ့တူတဲ့ အမဲစက်သေးသေးလေးတွေပါပါတယ်။ အဲဒီအစက်ကလေးတွေကြည့်ပြီး အဲဒီသစ်သားရဲ့ သက်တမ်းကို မှန်းလို့ရပါတယ်တဲ့။


ဟွေ့ဟားလီသစ်သားကို တော်ဝင်မိသားစုနဲ့ နန်းတွင်းအရာရှိများသာ သုံးစွဲခွင့်ပြုခဲ့ပါတယ်။ နောက်ပြီး အရမ်းကို ကျွမ်းကျင်တဲ့ လက်သမားဆရာတွေသာ ထိုသစ်သားနဲ့ ပရိဘောဂလုပ်ခွင့် ရှိပါတယ်။ ဟွေ့ဟွားလီသစ်သားကြီးကြီးရဖို့ဆိုတာကလည်း အလွန်တရာမှပဲ ခဲယဉ်းပါတယ်။ ဘာလို့လည်းဆိုတော့ သစ်ပင်ကြီးလာပြီဆိုရင် ပင်စည်က ခွေကောက်ပြီး လိမ်သွားလို့ပါပဲ။ နောက်ပြီး အပင်ကြီးထွားနှုန်းကလည်း အတော့်ကိုနှေးပါတယ်။ တစ်ပေအရွယ်လောက်ကြီးလာဖို့ကို နှစ်ပေါင်း ၁၀၀လောက် စောင့်ရပါတယ်။ ချင်ခေတ်အလယ်ပိုင်းကစပြီး တဖြေးဖြေးရှားပါးလာလိုက်တာ။ နောက်ဆုံးမျိုးသုဉ်းတဲ့ အထိပါပဲ။

မင်ခေတ်မှာ လက်ရာတွေကောင်းလာပါပေမယ့် ထင်သလို လုပ်လို့မရပါဘူး။ အစိုးရက ပရိဘောဂတွေ ပုံစံနဲ့ အရွယ်အစားအတွက် နည်းလမ်းတွေအသေအချာချထားပါတယ်။ ၁၅ရာစုနှစ်က Lu Ban Jing လုဘမ်းဂျင်လို့ ခေါ်တဲ့ လက်သမားလက်စွဲစာအုပ်ကို ကြည့်ရင် သိနိုင်ပါတယ်။ သစ်ပင်ခုတ်လှဲတဲ့ အခါပဲ ဖြစ်ဖြစ်၊ သစ်သားထွင်းတဲ့အခါပဲ ဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာတွေလိုပဲ နေ့ကောင်းရက်ကောင်းကို ရွေးချယ်ကြပါတယ်။ ဖုန်းရွှေအရ စားပွဲပြုလုပ်ရင် မီတာတစ်ဝက်အရွယ်အစားက ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုလို့ အဲဒီအရွယ်အတိုင်း လုပ်တတ်ကြတာများပါတယ်။

မင်ခေတ်မှာ ပရိဘောဂကို အဓိကထုတ်လုပ်တဲ့နေရာက တော်ဝင်နန်းတော်ရှိတဲ့ ဘေဂျင်းမှာပါ။ တရုတ်ပြည်ကြီးကကြီးတဲ့အခါကျတော့ တစ်နယ်နဲ့ တစ်နယ်ပုံစံတွေအကြိုက်တွေကွာပေမယ့် အခြေခံတွေ ဒီဇိုင်းတွေက တူပါတယ်။ ဘာလို့လည်းဆိုတော့ မင်ခေတ်အစောပိုင်းက ဘုရင်တွေက တစ်နိုင်ငံလုံးမှာရှိတဲ့ ဗိသုကာ လက်သမားဆရာတွေကို အခွန်ကောက်တဲ့အနေနဲ့ နန်းတွင်းအလုပ်ရုံမှာ အမှုထမ်းခိုင်းလို့ပါ။ အနီးအနားကဆိုရင် နန်းတွင်းအလုပ်ရုံမှာ တစ်လကို ဆယ်ရက် အလုပ်ဆင်းပေးရပါတယ်။ အဝေးကဆိုရင်တော့ သုံးနှစ်မှာ သုံးလတစ်ကြိမ်အလုပ်ဆင်းပေးရပါတယ်။ ဒါကြောင့် နယ်စွန်နယ်ဖျားက လက်သမား၊ ဗိသုကာဆရာတွေက နန်းတွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်လိုက်နာနိုင်ကြတာပေါ့လေ။

မင်ခေတ်ကျဆုံးပြီး မန်ချူးတွေရဲ့ ချင်ခေတ်ရောက်တဲ့တိုင်အောင် နယ်စွန်နယ်ဖျားက ဗိသုကာပညာရှင်တွေက နန်းတွင်းအလုပ်ရုံတွေနဲ့ အဆက်အသွယ်မပြတ်ပါဘူး။ ချင်းလုံလက်ထက်(၁၇၃၆-၉၆)မှာတော့ တရုတ်တွေရဲ့ လက်ရာတွေက တမျိုးတဖုံပြောင်းလဲသွားပါတော့တယ်။ ချင်းလုံက ပန်းခက် အနုစိတ်လက်ရာတွေသဘောကျတော့ ရိုးရှင်းတဲ့ မင်လက်ရာတွေနေရာမှာ အပွင့်အခက်အပြောက်အမွမ်းတွေ နေရာယူလာကြပါတော့တယ်။ ဒါပေမယ့်အဲဒီခေတ်လက်ရာတွေက မင်ခေတ်လက်ရာတွေလောက် တနိုင်ငံလုံးပျံ့နှံ့သွားခြင်း မရှိပေမယ့် တရုတ်ယဉ်ကျေးမှုလက်ရာတွေမှာတော့ တမျိုးတဖုံ ထူးခြားတဲ့ လက်ရာတွေ ဖြစ်လာပါတော့တယ်။

မင်ခေတ်လက်ရာတွေ ချင်ခေတ်မှာ ပုံစံပြောင်းလာပြီးနှစ်ပေါင်း သုံးရာကျော်တဲ့အခါ ချင်တော်ဝင်အဖွဲ့တွေက အနောက်နိုင်ငံခြားသားတွေကြောင့် မင်ခေတ်လက်ရာတွေကို ပြန်သုံးလာတာ တွေ့ရပြန်ပါတယ်။

ဒါပေမယ့် ၁၉၁၁မှာ ပဒေသရာဇ်ခေတ်ပျက်သုံးသွားတဲ့အချိန်မှာတော့ တော်ဝင်နန်းတွင်းလက်သမားတွေရဲ့ အခန်းကဏကလည်း တဖြေးဖြေးမှေးမှန်သွားကြတာပေါ့။ ၁၉၃၀ ၁၉၄၀ပတ်ဝန်းကျင်မှာတော့ ဘေဂျင်းမှာနေထိုင်တဲ့ အနောက်နိုင်ငံသားတွေက ဘားဟော့(Bauhaus Style) စတိုင် လက်ရာတွေနဲ့ နှိုင်းယှဉ်ပြီး မင်ခေတ်လက်ရာတွေကို အမြတ်တနိုး စုဆောင်းလာကြပါတယ်။ ဘားဟော့စတိုင်ဆိုတာ မော်ဒန်ခေတ်ဦးအနောက်နိုင်ငံ ဂျာမနီကစပြီး နာမည်ကြီးလာတဲ့ စတိုင်ပါ။


မာဆယ်ဘားဟော့ရဲ့ စတီးနဲ့ ပြုလုပ်ထားတဲ့ ၀က်စလီထိုင်ခုံ Wassily နဲ့ မင်ခေတ်သစ်သားလက်ရာ တရားထိုင်ခုံနှစ်ခုဟာ အနောက်နိုင်ငံလက်ရာနဲ့ တရုတ်လက်ရာတို့ရဲ့ နှိုင်းယှဉ်တန်ဖိုးထားတဲ့ အရာ ဖြစ်လာတယ်။ ထိုင်ခုံနှစ်ခုလုံးရဲ့ ပုံစံအခြေခံက အတူတူပါပဲ။ ရိုးစင်းတဲ့ လိုင်းတွေနဲ့ ဖွဲ့ထားပုံချင်းပေါ့။ ဒါပေမယ့် မင်ခေတ်ထိုင်ခုံက ၀က်စလီထိုင်ခုံလို ခေါက်ရိုးကျေနေတဲ့ ယဉ်ကျေးမှုလက်ရာတွေထဲက ထိုးထွက်လာတဲ့ ခေတ်ကို ရုန်းထွက်လာတဲ့ အရာမဟုတ်ပါဘူး။ မင်ခေတ်ထိုင်ခုံက ပုံစံကျနတဲ့ ၁၆ရာစုနှစ် အမျိုးသားလက်ရာဖြစ်ပြီး ၄ရာစုကတည်းက သုံးစွဲခဲ့တဲ့ သစ်သားအဆက်ပြုလုပ်ပုံလုပ်နည်းအတိုင်း တည်ဆောက်ထားတဲ့ အရာတစ်ခုပေါ့။ ၀က်စလီထိုင်ခုံပေါ်ပြီးတဲ့ နောက်မှာတော့ စတီးကို ထိုင်ခုံတွေမှာ သုံးရင် ကြာရှည်ခိုင်ခံ့မှန်း သိလာတော့ စတီးနဲ့ အိမ်ထောင်ပရိဘောဂပြုလုပ်ခြင်းက ခေတ်စားလာပါတော့တယ်။

၁၉၅၉လောက်မှာ ကွန်မြူနစ်တွေအာဏာရလာတဲ့ အချိန်မှာတော့ နှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ မင်ခေတ်လက်ရာတွေက အန္တရယ်တွေကြားကိုကျရောက်ခဲ့ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုတော်လှန်ရေးလို့ခေါ်တဲ့ (၁၉၆၆ကနေ၁၉၇၆) cultural revolution မှာ ယဉ်ကျေးမှုလက်ရာအမြောက်အမြားဟာ ရစရာမရှိအောင် ဖျက်ဆီးခံခဲ့ရပါတယ်။ ကောင်းပေ့ဆိုတဲ့ မင်ခေတ်လက်ရာတွေကလည်း ပညာရှိတွေ အနောက်နိုင်ငံသားတချို့တလေကြောင့် ပြည်ပရောက်ပြီး ဖျက်ဆီးခံရမယ့်ဘေးမှ လွတ်မြောက်ခဲ့တယ်။ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ တချို့တလေကလည်း အတွေးအခေါ်နဲ့ ယဉ်ကျေးမှုမြတ်နိုးတဲ့ အစိုးရအရာရှိတချို့ရဲ့ ၀ှက်ထားပေးမှုကြောင့် အကောင်းပကတိကျန်ခဲ့တယ်။ ဒါပေမယ့် ရှေးဟောင်းလက်ရာတော်တော်များများကတော့ ဖျက်ဆီးခံရတဲ့ အထဲမှာ ပါသွားတာပေါ့။ အဲဒီယဉ်ကျေးမှုတော်လှန်ရေးကို ကြည့်ရင် ကိုယ့်နိုင်ငံယဉ်ကျေးမှုကို ဖျက်တာ တခြားနိုင်ငံသားတွေမဟုတ်ဘဲ ကိုယ့်နိုင်ငံသားတွေပဲ ဖြစ်နေတာ ၀မ်းနည်းစရာ တွေ့ရပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးကြောင့် တရုတ်လူမျိုးတွေရဲ့ အနေအထိုင် အပြုအမူနဲ့ စိတ်ဓါတ်ရေးရာတွေပါ ပြောင်းလဲသွားကြတယ်။ ဒါပေမယ့် အချိန်မီတယ်လို့ ဆိုရမှာပဲ။ အခုတရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှု အနုပညာလက်ရာတွေက ပြန်ပြီး ခေါင်းမော့လာပါပြီ။

ထိုင်ခုံများ


ဒီထိုင်ခုံပုံစံတွေကတော့ များသောအားဖြင့် နန်းတွင်းနဲ့ အစိုးရအရာရှိတွေရုံးသုံးအဖြစ် သုံးစွဲကြပါတယ်။

နန်းတွင်းခေါက်ကုလားထိုင်ပုံ

ဟမ်ဟွားလီနဲ့ ပြုလုပ်ထားတဲ့ ခေါက်ကုလားထိုင်



ကုလားထိုင်အပု။ နောက်မှီနဲ့ လက်ရမ်းမပါပါ။ များသောအားဖြင့် လက်ဖက်ရည်ခါးသောက်တဲ့ အခါမှာ သုံးတယ်လို့ ထင်ပါတယ်။

စားပွဲ


မင်ခေတ်စားပွဲခုံကလည်း ရိုးရိုးရှင်းရှင်းနဲ့လှပါတယ်။

ဗီရို

ဟွမ်ဟွားလီနဲ့ လုပ်ထားတဲ့ ဒီဗီရိုတစ်စုံက USဒေါ်လာ တစ်မီလျံနဲ့ ရောင်းထွက်သွားပါတယ်။

ဒီဗီရိုလေးမှာတော့ ပစ္စည်းတင်လို့ရတဲ့ အလှတင်စင်လေးပါ တွဲလျက်ပါပါတယ်။

စာအုပ်စင်လေးပါ။ ယခုခေတ်ပုံစံတွေနဲ့ ပြိုင်လို့ရပါတယ်။
အမျိုးသမီးတွေသုံးတဲ့ အလှပြင်ပစ္စည်းများထည့်ရာ အံဆွဲလေးတွေပါတဲ့ ဟမ်ဟွားလိသေတ္တာလေးပါ။

ဒီသေတ္တာလေးတွေကို အကြိုက်ဆုံးပါ။ ဘေးနားမှာ သတ္ထုအညိုပြားများနဲ့ ကွပ်ထားတာကို သဘောအကျဆုံးပါ။

စုတ်တံထည့်တဲ့ခွက်။ ဟမ်ဟွားလီက ရှားပါးလာတော့ ဒီလိုစုတ်တံထည့်တဲ့ ခွက်သေးသေးလေးတွေတောင် ဒေါ်လာ လေးငါးရာလောက်ပေါက်ပါတယ်။

အိပ်ရာခုတင်




ညောင်စောင်းလို့ပဲခေါ်မလား Daybed လို့ပဲ ခေါ်မလား။ သက်သက်သာသာလဲလျောင်းလို့ရမယ့် ခုတင်လေးပါ။ ခုတင်မှာ အ၀ိုင်းလေးနှစ်ခုစီနဲ့ အလှဆင်ထားတဲ့ အရာက ပျော်ရွှင်မှုကို ရစေတယ်လို့ အဓိပွါယ်ဆောင်ပါတယ်။

အခုမြန်မာပြည်မှာတော့ တရုတ်ပုံစံနဂါးများနဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုံတွေ ခေတ်စားလာပါတယ်။ ထိုင်ခုံကြီးလေ ကောင်းလေဆိုပြီး လုပ်ကြပေမယ့် တကယ့် ကိုယ့်ပတ်ဝန်းကျင်နဲ့ သင့်တော်မတော် စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ကနုတ်တွေနဲ့ ရှပ်ရှက်ခတ်နေအောင် လုပ်မယ့်အစား မင်ခေတ်ကလက်ရာလေးတွေကို သုံးကြည့်ပါလားလို့ အကြံပေးချင်ပါတယ်ဗျာ။

မြန်မာပြည်မှာတွေ့ရတဲ့ ထိုင်ခုံပုံ

6 ယောက်ကဒီလိုမြင်တယ်တဲ့...:

ကျော်ထင် said...

cheer ဆောင်းပါးကောင်းတယ်

MTZO said...

Nice Post.... :)

John Moe Eain said...

အရမ်းကောင်းတယ်...။ စိတ်ဝင်တစားနဲ့ကို သေချာ ဖတ်သွားပါတယ်.. :)

★Craton said...

အလန်းဟောင်းတွေ..

Rita said...

USဒေါ်လာ တစ်မီလျံတန်တဲ့ ဗီရိုဆိုတာ မပြောရင်သိမှာမဟုတ်ဘူး။ ရုပ်မထွက်လို့။

=)

Dream said...

အဟောင်းအလန်းတွေ.....
(ကရေတွန်ကို အားကျလို့စ်..ဟတ်စ်ဟတ်စ်..))

အဲဒါပြောတာပေါ့...ရှေးကျလေ တန်ဖိုးမြင့်လေ..ဆိုတာ...ခွီးးခွီးးး

နာ့မှာချိဒဲ့ ထိုင်ခုံရဲ တိမ်းထားဦးမယ်...နောက်ကျရင် ဒေါ်လာနဲ့ အလုအယက် လိုက်ဝယ်လို့ ရအောင်...ဟိဟိ

း)

ပို့စ်က တရုတ်ယဉ်ကျေးမှုကို ဖော်ဆောင်လို့ စိတ်ဝင်စားဖို့ ကောင်းပါတယ်....း))