တရုတ်ပရိဘောဂပစ္စည်းတွေအကြောင်း မပြောပြခင် တရုတ်နိုင်ငံသမိုင်းကိုယ်သိသလောက် ပြောပြချင်တယ်။ သိသလောက်ဆိုတဲ့အတိုင်း ကိုယ်လက်လမ်းမှီရာ ဖတ်လို့ရသလောက်ပါ။ တရုတ်နိုင်ငံသမိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်လောက်ကစခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် မင်ခေတ်ပရိဘောဂပစ္စည်းတွေအကြောင်းဆိုတော့ မင်ခေတ်မတိုင်ခင်နဲ့ မင်ခေတ်အလွန်တွေလောက်က စပြီး ပြောပြချင်တယ်။ ကျွန်တော်ကလည်း အဲဒီခေတ်နားပတ်ဝန်းကျင်လောက်ပဲ ဖတ်ထားတာများတယ်။
မင်ခေတ်မတိုင်ခင်ကာလကို ရွမ်ခေတ် (Yuan Dynastry AD 1271-1368) လို့ခေါ်ပါတယ်။ အဲဒီရွမ်ခေတ်က ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ မွန်ဂိုလူမျိုးတွေရဲ့ခေတ်ပါ။ မြန်မာတို့ရဲ့ ပုဂံနိုင်ငံကို ကျူးကျော်သိမ်းပိုက်နိုင်ခဲ့တဲ့ ကူဘလိုင်ခန်တို့ခေတ်ပေါ့။ မွန်ဂိုလူမျိုးတွေက ရက်စက်တယ်။ ခက်ထန်တယ်။ အင်အားကြီးတယ်။ ဒါပေမယ့် နိုင်ငံရေးနည်းပရိယာယ်မကြွယ်ဝဘူး။ ရာစုနှစ်တစ်ခုနီးပါးပဲ အုပ်ချုပ်ခွင့်ရခဲ့ပြီး နောက်ဆုံးတော့ ဟန်လူမျိုးတွေလက်ထဲ ပြန်ရောက်သွားတယ်။
ဟန်လူမျိုးတွေအုပ်ချုပ်တဲ့ခေတ်ကို မင်ခေတ် (Ming Dynastry AD 1368-1644) လို့ခေါ်ပါတယ်။ မင်ခေတ်ရောက်တော့ စီးပွားရေးအရမ်းကို တိုးတက်လာတယ်။ ဘေဂျင်းနဲ့ နန်ဂျင်းမြို့တွေက တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်မြို့တွေဖြစ်ခဲ့တယ်။ ရာစုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ဂရိတ်ဝေါကိုလည်း အပြီးသတ်ခဲ့တယ်။ အဲဒီဂရိတ်ဝေါကို BC 220-206 (လွန်ခဲ့တဲ့နှစ်ပေါင်း ၂၂၀၀ကျော်)ကတည်းက စဆောက်ခဲ့တာ မင်ခေတ်မှာ အဆုံးသတ်ခဲ့တယ်။ အခုခေတ် တွေ့နေရတဲ့ ဂရိတ်ဝေါကြီးရဲ့ အစိတ်အပိုင်းတော်တော်များများက မင်ခေတ်ရဲ့ လက်ရာတွေလို့လည်း ဆိုလိုရတယ်။ မင်ခေတ်မှာ ပြန်ပြီး ပြုပြင်သလို မူရင်းနေရာတွေမှာ အသစ်ထပ်ထည့်တာတွေလည်း ရှိခဲ့တာကိုး။
မင်ခေတ်မှာ ကြွယ်ဝချမ်းသာသူတော်တော်များများ ရှိလာသလို ဇိမ်ခံပစ္စည်းတော်တော်များများလည်း ထုတ်လုပ်လာကြတယ်။ မင်ခေတ်ရောက်တော့ ပရိဘောဂဒီဇိုင်းတွေက သူမတူအောင်လှလာတယ်။ အိမ်သုံးပစ္စည်းတွေသာမကဘူး။ အနုပညာဆိုင်ရာ ပန်းချီ၊လက်ရေး (Calligraphy)၊ ပန်းပု၊ ပုံညွန်းစာအုပ်တွေရဲ့ လက်ရာတွေပါ မြင့်မားလာတယ်။ အဲဒါမို့လို့ မင်ခေတ်အနုပညာလက်ရာတွေလေ့လာရင် အကုန်လုံးမပါမဖြစ်လေ့လာသင့်တယ်လို့ ထင်မိတယ်။ မင်ခေတ်လက်ရာတွေက ယခုခေတ်မှာ နာမည်ကြီးနေတဲ့ Minimalism လို့ခေါ်တဲ့ ရိုးရှင်းတဲ့ လိုင်းတွေနဲ့ ဖွဲ့စည်းထားတော့ ဒီဇိုင်းသေသွားတယ်ဆိုတာ မရှိသလောက်ပါပဲ။ ယခုခေတ်မှာလည်း မင်ခေတ်ဒီဇိုင်းတွေကို ပြန်ထုတ်သုံးလာတာတွေတွေ့ရတယ်။
ဟန်လူမျိုးတွေရဲ့ မင်ခေတ်ကျဆုံးသွားတဲ့နောက်ပိုင်းကို ချင်း (Qing Dynasty ၁၆၄၄-၁၉၁၁) လို့ခေါ်ပါတယ်။ မန်ချူးမင်းဆက်လို့လည်း ခေါ်ပါတယ်။ မန်ချူးလူမျိုးတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက (ခန့်မှန်း) ဟန်လူမျိုးတွေလောက် မမြင့်မားပါဘူး။ ဒါ့ကြောင့်မန်ချူးလူမျိုးတွေက ဟန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ဆက်ပြီး ထိန်းသိမ်းပြီး အဲဒီယဉ်ကျေးမှုလက်ရာတွေကနေတဆင့် အကွန့်အညွန့်တွေထည့်ပြီး မန်ချူးလက်ရာတွေအဖြစ်ဖန်တီးကြပါတယ်။ ဒါကြောင့်မို့ ရိုးရှင်းလှပတဲ့ မင်ခေတ်ပရိဘောဂလက်ရာတွေက မန်ချူးခေတ်ရောက်လာတော့ ပိုပြီးအနုစိတ်လာတယ်။ မလိုအပ်ဘဲနဲ့ အကွန့်အညွန့်တွေများလာတယ်။ ဒါကြောင့်မို့လားမသိဘူး။ မန်ချူးခေတ် ပရိဘောဂလက်ရာတွေက အချိုးအစားမကျတော့ပါဘူး။
မင်ခေတ်လက်ရာနဲ့ ချင်းခေတ်လက်ရာတွေ နှိုင်းယှဉ်ကြည့်ရင် မင်ခေတ်က အသုံးချမှုနဲ့ ရိုးရှင်းမှုကို အဓိကထားတယ်။ မင်ခေတ် လက်သမားဆရာတွေက ပညာသား သိပ်ပြီး မပြကြပါဘူး။ ချင်းခေတ်မှာကျတော့ လက်သမားဆရာတွေက ပိုပြီး လက်စွမ်းပြလာကြတယ်။ သစ်သားအဆက်တွေက ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ်။ နောက်ထပ် ချင်းခေတ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးက ၀တ်စားဆင်ယင်မှုဒီဇိုင်းပါပဲ။ မန်ချူးလူမျိုးတွေက Forbidden City လို့ခေါ်တဲ့ ဟန်လူမျိုးတွေရဲ့ နန်းတော်ကို မဖျက်ဘဲ ဆက်ပြီးအသုံးပြုခဲ့တယ်။ ဟန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းသယ်ယူခဲ့တယ်။ ဒါပေမယ့် ဟန်လူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှုတွေကိုတော့ မန်ချူးလူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ လုံးဝကို အစားထိုးပြောင်းလဲခဲ့တယ်။ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ သစ်ခွလိပ်ပြာ တီဗွီဇာတ်လမ်းတွဲထဲက ပိုင်ဟွေ့ဝတ်ဆင်ခဲ့တဲ့ ချိပေါင်အကျီင်္ဒီဇိုင်းကလည်း မန်ချူးတွေရဲ့ ဒီဇိုင်းတစ်ခုပါပဲ။ ဒေါက်တာဆွန်ယက်ဆင်ခေါင်းဆောင်တဲ့ ခေတ်သစ်တော်လှန်ရေးသမားတွေ ၁၉၁၁မှာ ချင်းမင်းဆက်ကို ဖြုတ်ချနိုင်ခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်နိုင်ခဲ့တယ်။ ဒါကတော့ ကျွန်တော်သိသလောက် တရုတ်နိုင်ငံ သမိုင်း အကျဉ်းပေါ့ဗျာ။
တရုတ်ရိုးရာ ပရိဘောဂတွေအကြောင်းမှာ စားပွဲနဲ့ ကုလားထိုင်တွေအကြောင်းကို အဓိကအသားပေးပြီး ပြောပြချင်ပါတယ်။ ဘာလို့လည်းဆိုတော့ တရုတ်ရိုးရာစားပွဲနဲ့ကုလားထိုင်ဒီဇိုင်းက မြန်မာအိမ်တွင်းအလှပြင်ဆင်ရေးတွေမှာ အခုနောက်ပိုင်း နေရာယူလာတာတွေ့ရလို့ပါ။ မင်ခေတ်ဒီဇိုင်းတွေအကြောင်း မစခင်မှာ တရုတ်နိုင်ငံရဲ့ စားပွဲကုလားထိုင်နဲ့ ပတ်သက်တဲ့ သမိုင်းကို လေ့လာကြည့်သင့်တယ်လို့ ထင်ပါတယ်။
(ဆက်ပါဦးမည်)
မေတ္တာရပ်ခံချက်။ တရုတ်နိုင်ငံယဉ်ကျေးမှုနဲ့ ပါတ်သက်ပြီး လေ့လာနေဆဲဖြစ်တာကြောင့် မှားယွင်းတာတွေ လိုအပ်တာတွေရှိရင် သည်းခံပေးပါရန် ပြင်ဆင်စရာ ဆွေးနွေးစရာများ ရှိပါက ကွန့်မန့်တွင် လာရပ်ဆွေးနွေးပါရန် မေတ္တာရပ်ခံပါတယ်။





2 ယောက်ကဒီလိုမြင်တယ်တဲ့...:
စောင့်ဖတ်နေမယ်နော်....
မြန်မြန် ဆက်ပါး)
ပရိဘောဂအကြောင်းရေးတာတော့တွေ့တယ် ပရိဘောဂလဲမတွေ့ဘူး ဘာလုပ်ရမှာတုန်း ပြောပါဦး
Post a Comment