June 29, 2010

A to Z Artistic Movies (ကျွန်တော်ကြည့်ခဲ့သော ရုပ်ရှင်များ) အပိုင်း ၃











P Pan’s Labyrinth (2006- Spanish Film)

ဒီဇာတ်ကားကို ကြိုက်တဲ့လူတွေ ရှိသလို၊ မကြိုက်တဲ့ လူတွေလည်း ရှိကြတယ်။ ကျွန်တော်ဘာလို့ကြိုက်တာလည်းဆိုတော့ ဇာတ်အိမ်ဖွဲ့ပုံဖွဲ့နည်းပါပဲ။ တကယ့်ပြင်ပလောကနဲ့ ပရလောကလို စိတ်ကူးယဉ်ခပ်ဆန်းဆန်းနှစ်ခုကို ရောမွှေထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ကျွန်တော်မချီးကျူးပဲ မနေနိုင်ပါဘူး။ ရုပ်ရှင်အဖွင့်မှာ ပုံပြင်ထဲက မြေအောက်ကမ္ဘာက မင်းသမီးလေး မုန်းနာက ကမ္ဘာမြေပြင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းကို စူးစမ်းလေ့လာချင်လို့ ထွက်လာရင်း နေမင်းက သူမကို မျက်စိကွယ်စေပြီး အတိတ်ကို မေ့အောင်လုပ်လိုက်တော့ သေသွားတယ်။ မင်းသမီးလေးရဲ့ ဖခင်ဘုရင်ကြီးက တစ်နေ့တော့ သူ့သမီးရဲ့ ၀ိညာဉ်က မြေအောက်ကမ္ဘာကို ပြန်လာမယ်လို့ ယုံကြည်နေမိတယ်။ နောက်တော့ဇာတ်လမ်းက ၁၉၄၄ခုနှစ် စစ်ဖြစ်ပြီးကာစ အခြေအနေကို ရောက်သွားတယ်။ အဲဒီအချိန်မှာ အိုဖယ်လီယာလို့ခေါ်တဲ့ ကလေးမလေးက သူရဲ့ ဖထွေးတာဝန်ကျနေတဲ့ စခန်းကို ကိုယ်ဝန်လွယ်ထားတဲ့ သူ့မိခင်နဲ့ ရောက်လာတယ်။ ပုံပြင်တွေနှစ်သက်တဲ့ အဲဒီကလေးမလေးက ပုံပြင်ထဲက နှံကောင်လေးကို တွေ့သွားတယ်။ နှံကောင်လေးက သူမကို မြေအောက်ကမ္ဘာကို ခေါ်သွားပြီး ပျောက်ဆုံးသွားတဲ့ မင်းသမီးလေးမုန်းနာက သူမဖြစ်နိုင်တယ်လို့ဆိုတယ်။ ဒါပေမယ့် မင်းသမီးလေးဖြစ်မဖြစ် သက်သေပြဖို့ လပြည့်ညမတိုင်ခင် အရာသုံးခုကို အောင်မြင်အောင်လုပ်ရလိမ့်မယ်လို့ဆိုပါတယ်။ သူမကလည်းမြေအောက်ကမ္ဘာကို ပြန်နိုင်ဖို့ အဲဒီသုံးခုကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကလေးပုံပြင်နဲ့ ဆက်စပ်ထားတဲ့ ဒီဇာတ်လမ်းဟာ ရုပ်ရှင်ဝေဖန်ရေးလုပ်တဲ့ လူတွေကြားမှာ ရေပမ်းစားဖြစ်သွားတယ်။ အကောင်းဆုံးရုပ်ရှင်ဖြစ်တယ်လို့ သတ်မှတ်ခံခဲ့ရတယ်။ ကြောက်ဖို့အကောင်းဆုံးဇာတ်ကားဖြစ်သလို၊ အလှပဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့တယ်လို့တောင် မှတ်ချက်ပေးခံခဲ့ရပါတယ်။



Q Queen (2006)

ဘုရင်မလို့ အမည်ရတဲ့ ဒီဇာတ်လမ်းက မင်းသမီးဒိုင်ယာနာ ပဲရစ်မှာ ကားအက်ဆင့်ဒန့်နဲ့ သေသွားတဲ့ အချိန်မှာ ပြည်သူနဲ့ တော်ဝင်မိသားစုကြားမှာ ရင်ဆိုင်ရတဲ့ တကယ့်ဖြစ်ရပ်မှန်ပြဿနာကို ရိုက်ပြထားတဲ့ဇာတ်ကားပါ။ အဓိကကတော့ ဒိုင်ယာနာမင်းသမီးရဲ့ အသုဘအခန်းအနားကို ဘယ်လိုစီရင်မလဲဆိုတဲ့ ကိစ္စပါ။ သိတဲ့အတိုင်း တော်ဝင်မင်းသမီးဘ၀ကို မမက်မောတဲ့ ဒိုင်ယာနာကို ပြည်သူတွေက အတော့်ကို မြတ်နိုးကြပါတယ်။ သူသေဆုံးသွားတဲ့ အချိန်မှာ ပြည်သူတွေက အိမ်ရှေ့စံမိဖုရားနဲ့ သင့်တော်မယ့် အခန်းအနားကို လုပ်ပေးစေချင်ကြတယ်။ ဒါပေမယ့် သိတဲ့အတိုင်း အဲလစ်ဇဘတ်ဘုရင်မကြီးက အစေးမကပ်တဲ့ ချွေးမဟောင်းဒိုင်ယာနာ့အသုဘကို ရိုးရိုးပဲလုပ်ချင်တယ်။ သာမန်ပြည်သူနဲ့ တော်ဝင်မိသားစုတို့ တဖြေးဖြေးအဖုအထစ်ရှိလာတဲ့အခါ ၀န်ကြီးအသစ်စက်စက်လေး တိုနီဘလဲတစ်ယောက် အဲဒီပြဿနာကို ၀င်ဖြေရှင်းပေးရတဲ့အကြောင်းပါ။ အဲဒီရုပ်ရှင်ပြသနေတဲ့အချိန်တုန်းမှာ ရုပ်ရှင်ထဲမှာပါတဲ့ ဇာတ်ကောင်တွေအားလုံး အပြင်မှာ သက်ရှိထင်ရှား ရှိနေကြတုန်းပါ။ အံ့သြစရာကောင်းတာက တော်ဝင်မိသားစုဘက်မှ ဘာမှတုန့်ပြန်မှု မလုပ်ခဲ့သလို ရုပ်ရှင်က အအောင်မြင်ဆုံး စာရင်းထိပ်မှာပါခဲ့တဲ့။


R Reader, the (2008)

ဒီနှစ်ထဲမှာ ကြည့်လိုက်ရတဲ့ အကြိုက်ဆုံးဇာတ်လမ်းပါ။ အမေအရွယ်အမျိုးသမီးတစ်ယောက်က ၁၅နှစ်အရွယ် ကလေးလေးနဲ့ ချစ်ကြိုက်တဲ့ ဇာတ်လမ်းပါ။ ဟာနလို့ခေါ်တဲ့ ဂျာမန်အမျိုးသမီးတစ်ယောက်က မိုးတွေရွာနေတဲ့ တစ်နေ့မှာ လမ်းမှားရင်းမိုးခိုလာတဲ့ ကလေးလေးကို သူ့အိမ်ကို ခေါ်လာမိရာကနေ စတဲ့ ဇာတ်လမ်းလေးပါ။ နောက်တော့ ကောင်လေးက ကျောင်းကပြန်လာတိုင်း သူ့ဆီဝင်လာတယ်။ ရောက်တိုင်းလည်း သူမကို ဂန္တ၀င်ဝတ္ထုတွေ ဖတ်ပြတယ်။ ဟာနက ကောင်လေးဖတ်ပြတဲ့ ဂန္တ၀င်ဝတ္ထုတွေ ဖတ်ပြတာနားထောင်ရင်း ကောင်လေးတပ်မက်လာတဲ့ ကာမဆန္ဒကို ဖြည့်ဆည်းပေးတယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိ ပိုမိုခိုင်မြဲလာတယ်။ တစ်နေ့ကျတော့ ဟာနက အလုပ်အသစ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပျောက်သွားတယ်။ ကောင်လေးလည်း အရွယ်ရောက်လာပြီး ရှေ့နေ့ပညာရပ်ကို သင်ယူတယ်။ လက်တွေ့သင်ခန်းစာအတွက် အမှုတစ်ခုကို သွားရောက်လေ့လာရာကနေ ဟာနကို အဲဒီအမှုရဲ့ တရားခံအဖြစ်သွားဆုံတယ်။ အဲဒီအမှုမှာ ဒုတိယကမ္ဘာစစ်က ဂျူးအမျိုးသမီးတွေကို ဖမ်းထားတဲ့ အဆောက်အဦးကို စောင့်ရတယ်။ အဲဒီအဆောက်အဦးအတွက် တာဝန်ကျနေတဲ့ ဟာနက အချိန်မီမဖွင့်ပေးခဲ့လို့ အားလုံးသေတဲ့အမှုပါ။ ဟာနအနေနဲ့ အဲဒီအမှုကို မကျူးလွန်ခဲ့ပါဘူး။ ဒါပေမယ့် တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ လက်မှတ်ထိုးတာတွေက သူ့လက်မှတ်တွေဖြစ်နေတယ်။ အစပိုင်းမှာ ဒီအမှုကို သူမအနေနဲ့ မကျူးလွန်ခဲ့ပါဘူးလို့ ငြင်းဆန်နေပေမယ့် တရားသူကြီးက သူလက်မှတ်ထိုးခဲ့တဲ့ စာရွက်တွေကို ဖတ်ခိုင်းလိုက်တဲ့ အချိန်မှာ သူမအနေနဲ့ ဒီအမှုကို ကျူးလွန်ခဲ့ပါတယ်လို့ ၀န်ခံလိုက်တယ်။ ဟာနရဲ့ ၀န်ခံချက်ရဲ့ နောက်ကွယ်မှာ ဘာရှိနေသလဲဆိုတာ အဲဒီအမှုကို တိတ်တိတ်လေးနားထောင်နေတဲ့ ကောင်လေးက ရိပ်မိသွားတယ်။ အဲဒါကတော့ ဟာနတစ်ယောက် စာမဖတ်တတ်ဘူးဆိုတာကိုပေါ့။ ဒီလိုနဲ့ ဟာနထောင်ကျသွားတဲ့ အချိန်မှာ ကောင်လေးက ပုံပြင်စာအုပ်တွေ ဖတ်ပြနေတဲ့ သူ့ရဲ့ အသံကို ကတ်ဆက်ခွေနဲ့ ဖမ်းထားပြီး မူရင်းစာအုပ်နဲ့အတူ ပို့ပို့ပေးတယ်။ ကောင်လေးဖတ်ပြတဲ့ အသံရယ် စာအုပ်ထဲက စာလုံးတွေရယ်တိုက်တိုက်ပြီး ဟာနတစ်ယောက် စာဖတ်တတ်အောင်ကြိုးစားတယ်။ ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးလာလိုက်တာ နှစ်ယောက်လုံး ခေါင်းတွေဖြူတဲ့ အရွယ်ရောက်လာတော့မှ ဟာနတစ်ယောက် ထောင်ကနေလွတ်ဖို့ အကြောင်းဖန်လာတယ်။ ထောင်မှုးက ဟာနရဲ့ ဆွေမျိုးတွေ တစ်ယောက်မှ ဆက်သွယ်လို့ မရတဲ့အခါ ကောင်လေးကို ဆက်သွယ်လာတယ်။ တစ်သက်လုံး လူကိုယ်တိုင် လာမတွေ့တဲ့ ကောင်လေးက သူမဆီရောက်လာတယ်။ အဆီအငေါ်မတည့်တော့ စကားများကြတယ်။ ကောင်လေးပြန်သွားတော့ အခါမှာ ဟာနတစ်ယောက် ငိုင်ပြီးတော့ ကျန်ခဲ့တယ်။ တကယ်လို့သာ သူမထောင်ကနေလွတ်လာရင် အဖိုးကြီး ဖြစ်နေတဲ့ ကောင်လေးက သူမကို နောက်ထပ်စာတွေ ဖတ်ပြမှာ မဟုတ်တော့ပါဘူး။ သူမအနေနဲ့ရော ဝေးကွာနေတဲ့ လူမှုပတ်ဝန်းကျင်အသစ်ကို ရင်မဆိုင်ချင်ဘူး။ နောက်ဆုံးတော့ သူမလွတ်မယ့်နေ့မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတော့။ Reader လို့ အမည်ရတဲ့ဒီဇာတ်ကားလေးရဲ့ ဇာတ်သိမ်းပိုင်းကို သဘောကျမိတယ်။


S Secret That can not be Told (2007- Taiwanese Film)

ဒီရုပ်ရှင်ကတော့ ဆယ်ကျော်သက်တွေ အရူးအမူးစွဲတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ကျွန်တော်ဘာလို့ကြိုက်တာလဲဆိုတော့ ဆန်းသစ်ပြီး လှပတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေလို့ပါ။ နောက်ပြီး အ၇မ်းကောင်းတဲ့ နောက်ခံတေးဂီတကြောင့်လည်း ဖြစ်ပါလိမ့်မည်။ ရှန်းလန်ဆိုတဲ့ စန္ဒရားကျွမ်းကျင်တဲ့ ကျောင်းသားတစ်ယောက် အလယ်တန်းကျောင်းတစ်ခုကို ပြောင်းလာတယ်။ အဲဒီကျောင်းက စန္ဒရားတီးတော်တဲ့ ကျောင်းသားတွေတော်တော်များများထွက်တယ်။ တစ်နေ့တော့ ကျောင်းဆောင်အဟောင်းက စန္ဒရားတီးတဲ့အခန်းမှာ မထင်မှတ်ဘဲ ရှောက်ရွီဆိုတဲ့ ကျောင်းသူတစ်ဦးကို သွားတွေ့တယ်။ အဲဒီကောင်မလေးတီးနေတဲ့ သီချင်းက သူ့တစ်သတ်မှာ တစ်ခါမှ မကြားဘူးတဲ့ အရမ်းနားထောင်လို့ကောင်းတဲ့ သီချင်းဖြစ်နေတယ်။ အဲဒီသီချင်းနာမည်ကို မေးလိုက်တော့ It is a secret that cannot be told တဲ့။ ခပ်တိုတိုပြောရရင် သူတို့နှစ်ယောက်ချစ်သွားကြတယ်ပေါ့ဗျာ။တစ်နေ့တော့ ရှန်းလန်က ကောင်မလေးတစ်ယောက်ကို အမှတ်တမဲ့ နမ်းမိသွားတာကို မြင်သွားတဲ့ ရှောက်ရွီတစ်ယောက် ကျောင်းကနေ ၅လလောက် ပျောက်သွားတယ်။ ကျောင်းပြီးတဲ့ အခမ်းအနားကျင်းပတဲ့နေ့ရောက်မှ ပြန်ရောက်လာတယ်။ နောက်တော့ ထူးဆန်းစွာပဲ ပျောက်သွားပြန်တယ်။ ရှန်းလန်တစ်ယောက် ကျောင်းမှာ ရှောက်ရွီကို လိုက်ရှာမိတာပေါ့။ အဲဒီတော့မှ ရှောက်ရွီဆိုတာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ကျောင်းပြီးသွားခဲ့တဲ့ မိန်းကလေးမှန်းသိရတော့တယ်။ ရှန်းလန်တစ်ယောက် ရှောက်ရွီနေခဲ့တဲ့ အိမ်ကို လိုက်သွားတဲ့ အချိန်မှာ သဲလွန်စတစ်ခုဖြစ်တဲ့ ဓါတ်ပုံတစ်ခုကို ရခဲ့တယ်။ အဲဒီဓါတ်ပုံမှာ ကျောင်းဆရာဖြစ်တဲ့ ရှန်းလန်အဖေနဲ့ ရှောက်ရွီတို့တွဲရိုက်ထားတဲ့ ဓါတ်ပုံပါပဲ။ အဲဒီနောက် သူ့အဖေဆီကနေ ကြားရတာက ရှောက်ရွီဆိုတာ ကျောင်းမှာ စိတ်ဖောက်ပြန်သွားတယ်လို့ ယူဆခံရတဲ့ ကျောင်းသူတစ်ယောက်ပါ။ (ဇာတ်လမ်းက လွန်ခဲ့တဲ့နှစ် ၂၀ကို ပြန်ရောက်သွားတယ်) သူတို့ကျောင်းရဲ့ စန္ဒရားအခန်းမှာ အိုဟောင်းနေတဲ့ စန္ဒရားတစ်လုံး၇ှိတယ်။ အဲဒီစန္ဒရားထဲမှာ မထင်မှတ်ဘဲ ဂီတသင်္ကေတနုတ်တစ်ခုကို ရှောက်ရွီ တွေ့သွားတယ်။ အဲဒီစာသားကို တီးရင် အချိန်တွေနဲ့ ခရီးသွားနိုင်မှန်း ရှောက်ရွီသိသွားတယ်။ ပထမဆုံး တေးဂီတနဲ့ ခရီးသွားတဲ့အချိန်မှာ မမျှော်လင့်ဘဲ ရှန်းလန်နဲ့ တွေ့ပြီး ချစ်သွားတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကြားမှာ အတားအဆီးက အချိန်ပါပဲ။သူမက နောက်ထပ်အနှစ်နှစ်ဆယ်ကို စောရောက်နေတယ်။ တစ်နေ့ ရှန်းလန်တစ်ယောက် ကောင်မလေးတစ်ယောက် နမ်းနေတာကို တွေ့တဲ့အခါ သူမရဲ့ လက်ရှိအချိန်ကို ပြန်လာခဲ့တယ်။ အဲဒီလို ပြန်လာတဲ့အချိန်မှာ တစ်ကျောင်းလုံးက သူမကို ရူးနေပြီလို့ပဲ ထင်တယ်။ နောက်ဆုံးရှောက်ရွီတစ်ယောက် ရင်ဖွင့်မိတာက သူမရဲ့ဆရာ (ရှန်းလန်အဖေ)ကိုပါ။ နောက်ပြီး သူတွေ့ခဲ့တဲ့ ဂီတနုတ်ကိုပါ သူ့ကိုပေးခဲ့လိုက်တယ်။ (ဇာတ်လမ်းက ယခုလက်ရှိအချိန်ကို ပြန်ရောက်သွားတယ်) ရှန်းလန်အဖေက ရှောက်ရွီအကြောင်းကို ပြောပြပြီးနောက် သိမ်းထားတဲ့ ဂီတနုတ်ကို သူ့သားကို ထုတ်ပြဖို့ယူလာတဲ့အချိန်မှာ သူ့သားကမရှိတော့ဘူး။သူ့စိတ်ထဲမှာ သူ့သားက တစ်ကျောင်းလုံး တိုးတိုးတိတ်တိတ်ပြောနေခဲ့တဲ့ ဇာတ်လမ်းမို့ စိတ်ဝင်စားတယ်လို့ပဲ ထင်နေခဲ့တယ်။ အဲဒီနောက် တခါမှ မဖွင့်ကြည့်ဖူးတဲ့ ဂီတစာအုပ်ကို ဖွင့်ကြည့်မိတယ်။ စာအုပ်ထဲမှာ ရှောက်ရွီက သူ့ချစ်သူရှန်းလန်သို့ ဆိုပြီးစာလေးရေးထားတာ တွေ့ထားတဲ့အချိန်မှာ မျက်လုံးပြူးသွားတယ်။ အဲဒီအချိန်မှာ ကျောင်းအိုကြီးကို ဖြိုဖို့လုပ်နေပြီ။ ရှန်းလန်ကလည်း ဖြိုချတော့မယ့် ကျောင်းအိုကြီးထဲကို ခိုးဝင်ပြီး စန္ဒရားအိုမှာ အဲဒီသီချင်းကို တီးဖို့ကြိုးစားနေပြီ။ အတိတ်ရဲ့ အနှစ်၂၀ဘက်ကို ပြန်သွားချင်ရင် တီးကွက်ကို အမြန်တီးရပါမယ်။ တချိန်တည်းမှာပဲ သားကို စိတ်မချတဲ့ အဖေကလည်း ကျောင်းအိုကြီးဆီ အမြန်လာနေပါပြီ။ အဖေက ဖြိုချတော့မယ့် ကျောင်းအိုကြီးထဲက သူ့သားကို ဆွဲထုတ်နိုင်မလား၊ ဒါမှမဟုတ် သူ့သားကပဲ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကို ပြန်သွားနိုင်ပြီး ရှောက်ရွီနဲ့ ပြန်ဆုံနိုင်မလားဆိုတာ ဒီလင့်ကလေးကနေ ကြည့်နိုင်ပါတယ်။


T Thingyan Moe(1989-Myanmar)
မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်လို့ ပြောသလို မြန်မာမှန်ရင် သင်္ကြန်မိုးကြည့်ဖူးရမယ်လို့လည်း ပြောလို့ရပါတယ်။ မန္တလေးသင်္ကြန် တခါမှ မရောက်ဖူးပေမယ့် သင်္ကြန်မိုးကြည့်ရတာ မန္တလေးရောက်နေသလို ခံစားမိတယ်။ မှတ်မှတ်ရရ သင်္ကြန်မိုးကို ရုပ်ရှင်ရုံမှာ ကြည့်ခဲ့ရတာ မဟုတ်ပါဘူး။ မြောက်ဥက္ကလာက ဗွီဒီယိုရုံမှာပါ။ ကျွန်တော် သူငယ်တန်းပဲ ရှိဦးမှာပါ။ ဗွီဒီယိုကြည့်ပြီး လမ်းထိပ်က အသုပ်ဆိုင်မှာ ၀င်စားတော့ အသုပ်တစ်ပွဲမှ တစ်ကျပ်ခွဲရယ်။


U Unfaithful (2002)
ဒီဇာတ်ကားကျတော့ အိမ်ထောင်ရေးဇာတ်ကားပါ။ ဇာတ်ကားမှာ ပါဝင်တဲ့ သုံးယောက်စလုံး သရုပ်ဆောင်ကောင်းကြတယ်။ ကော်နီနဲ့ အက်ဒ၀က်တို့က အရမ်းချစ်ကြတဲ့ လင်မယားနှစ်ယောက်ပါ။ တစ်နေ့ ကော်နီတစ်ယောက်တည်း မဟက်တန်မြို့ထဲ သွားရင် လေပြင်းတိုက်တဲ့ အချိန်နဲ့ သွားတိုးတယ်။ လေတွေအရမ်းတိုက်နေတဲ့ အချိန်မှာ Taxi နောက်ကို ပြေးလိုက်ရင်း အမှတ်မထင် လူတစ်ယောက်နဲ့ တိုက်မိတယ်။ အဲဒီအခန်းက ကျွန်တော့်အသည်းစွဲပါပဲ။ လေတိုက်လို့ အင်္ကျီစတွေ တဖတ်ဖတ်နဲ့ လွင့်နေတယ်။ နောက်ပြီး စာအုပ်တွေတပွေ့တပိုက်သယ်လာတဲ့ ခပ်ချောချောပြင်သစ်လူမျိုးတစ်ယောက်။ နှစ်ယောက်သား တိုက်မိတဲ့ အချိန်မှာ လေနဲ့အတူလွင့်လာတဲ့ စာအုပ်တွေ။ တိုက်မိလို့လဲကျသွားတဲ့ အရှိန်နဲ့ ကောနီ့ဒူးပွန်းပဲ့သွားလို့ အဲဒီပြင်သစ်လူငယ်က သူ့ရဲ့ တိုက်ခန်းကို သူမကို ခေါ်လာတယ်။ အဲဒီလူငယ်က စာအုပ်အဟောင်းတွေ ၀ယ်ရောင်းလုပ်တော့ သူရဲ့ တိုက်ခန်းတစ်ခုလုံးစာအုပ်တွေ ပြည့်နေတယ်။ ကျွန်တော်အမြဲတမ်း စိတ်ကူးယဉ်နေမိတဲ့ တိုက်ခန်းလေးလိုပါပဲ။ နောက်တစ်ကြိမ်ကော်နီတစ်ယောက် သူ့တိုက်ခန်းကို ရောက်လာတဲ့အချိန်မှာ နှစ်ယောက်စလုံး လမ်းမှားကို ရောက်နေကြပြီ။ မယားဖြစ်တဲ့သူခြေလှမ်းပျက်လာတာကို သိတဲ့ အက်ဒ၀ပ်က အလွတ်စုံထောက်နဲ့ စုံစမ်းကြည့်တော့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို သိသွားတယ်။ အဲဒီဖောက်ပြန်မှုကို ချပြလိုက်လို့ သူ့မိန်းမနဲ့ ကွဲသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီနေရာမှာ ဆရာရွှေဒုံးဘီအောင်ရိုက်တဲ့ အတွေ့ဇာတ်ကားထဲက သီသီ့နေရာကို ပြေးမြင်မိတယ်။ အက်ဒ၀ပ်က သူ့မိန်းမနဲ့ ဖောက်ပြန်နေတဲ့လူရဲ့ တိုက်ခန်းကို သွားပြီး အဲဒီတစ်ယောက်ကို သတ်ပစ်လိုက်တယ်။ အဲဒီလူသေသွားတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကော်နီဆီ ဖုန်းမက်ဆေ့ခ်ျဝင်လာတယ်။ ကော်နီက သူ့ယောက်ျားက လွဲလို့ ဘယ်သူ့ကိုမှ မချစ်နိုင်ကြောင်း၊ နောက်ထပ်ဘယ်တော့မှ သူတို့နှစ်ယောက်ထပ်မတွေ့နိုင်တော့ဘူးဆိုတဲ့အကြောင်းပေါ့။ ကော်နီရဲ့ ဖုန်းမက်ဆေခ်ျကို နားထောင်ပြီးတဲ့ အခါ အက်ဒ၀ပ်တွေဝေနေမိပြီ။ သူ့မိန်းမနဲ့ ဖောက်ပြန်တဲ့လူကလည်း သေနေပီလေ။ အဲဒီတော့ အလောင်းကို ဖျောက်ဖျက်ပြီး ဖာသိဖာသာနဲ့ အိမ်ပြန်လာခဲ့တယ်။ ဒါပေမယ့် တစ်နေ့တော့ အဲဒီပြင်သစ်အမျိုးသားရဲ့ အလောင်းကိုရဲတွေတွေ့သွားတဲ့ အခါမှာ ကော်နီဆီကို ရဲတွေရောက်လာပြီး လာမေးတယ်။ ကော်နီအနေနဲ့ သူ့နဲ့မတွေ့တာကြာပြီဆိုပြီး ရဲကိုပြောလိုက်တယ်။ ရဲတွေလည်း နောက်ထပ်လာပြီး စစ်မေးခြင်း မရှိတော့ပါဘူး။ ဒါပေမယ့်တစ်နေ့ကျတော့ တစုံတခုသောအကြောင်းအရာနဲ့ သူ့ယောကျာ်းရဲ့ လူသတ်မှုကို ရိပ်မိသွားတယ်။ သူတို့ပြုခဲ့တဲ့ အမှားအတွက် ၀န်ခံမလား၊ ဒီအတိုင်းပဲ တိတ်ဆိတ်နေသွားမလားဆိုတာ ဆုံးဖြတ်ရပါတော့မယ်။


V Volver (2006- Spanish Film)

Volver ဇာတ်ကားက အမျိုးသမီးတွေအကြောင်းကို အဓိက ရိုက်ကူးထားတာပါ။ စိတ်ဝင်စားစရာကောင်းသလို အတွေးတွေ ကျန်စေနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းတစ်ခုလုံးမှာ အဓိက သားအမိဖြစ်တဲ့ အဓိကဇာတ်ကောင်နှစ်ယောက်ရှိပါတယ်။ သမီးလုပ်တဲ့ ရိုင်မန်ဒါနဲ့ အမေဖြစ်သူ အိုင်ရင်းတို့ဖြစ်ကြတယ်။ ရိုင်မန်ဒါမှာ ပေါ်လာလို့ခေါ်တဲ့ သမီးတစ်ယောက်ရှိတယ်။ တစ်နေ့ကျတော့ ရိုင်မန်ဒါရဲ့ယောက်ျားက သူ့သမီးဖြစ်တဲ့ ပေါ်လာကို အဓမ္မကျင့်ဖို့ကြိုးစားတဲ့အခါမှာ ပေါ်လာက သူ့ကိုယ်သူကာကွယ်ရင်းနဲ့ မွေးစားအဖေကို သတ်မိလိုက်ပါတယ်။ ရိုင်မန်ဒါ အိမ်ပြန်ရောက်တော့ ကြောက်လန့်နေတဲ့ သူ့သမီးနဲ့ သေနေတဲ့ ယောကျာ်းကို တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာပဲ သူ့အိမ်နီးနားချင်း စားသောက်ဆိုင်ပိုင်ရှင်က ခရီးထွက်ခါနီး ဆိုင်ကို ၀ယ်ချင်တဲ့ လူရှိရှင် ပြလို့ရအောင် ရိုင်မန်ဒါကို သော့အပ်လာတယ်။ ပိုင်ရှင်ခရီးထွက်သွားတဲ့ အခါ ရိုင်မန်ဒါက ယောကျာ်းအလောင်းကို စားသောက်ဆိုင်ရဲ့ ရေခဲသေတ္တာထဲမှာ ဖွက်ထားပြီး အဲဒီစားသောက်ဆိုင်လုပ်ငန်းကို လုပ်ကိုင်ဖို့ကြိုးစားတယ်။ နောက်တစ်ယောက်ကတော့ ရိုင်မန်ဒါရဲ့ အမေအိုင်ရင်းဇာတ်လမ်းပါ။ လွန်ခဲ့သော သုံးနှစ်က အိုင်ရင်းရဲ့ အိမ် မီးလောင်သွားပြီး လူတွေအားလုံးက အိုင်ရင်းရော သူ့ယောက်ျားပါ မီးထဲပါသွားတယ်လို့ ထင်ကြတယ်။ တိုင်တိုင်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ အော်ဂတ်စတီးနားရဲ့ မိခင်ပါပျောက်သွားတယ်။ နောက်ပိုင်းမှာတော့ လူတွေအားလုံးက အိုင်ရင်းကို သူရဲလို့ထင်ကြတယ်။ တစ်နေ့တော့ အောဂတ်စတီးနားက ရိုင်မန်ဒါကို တကယ်လို့များ သူရဲဖြစ်နေတဲ့ အိုင်ရင်းကို တွေ့ရင် သူ့အမေဘယ်ရောက်နိုင်သလဲဆိုတာ မေးပေးပါလို့ မှာတယ်။ တကယ်တမ်း သေသွားပြီလို့ လူတွေထင်နေတဲ့ အိုင်ရင်းနဲ့ ရိုင်မန်ဒါတို့ တွေ့ဆုံတဲ့အခါမှာ အမျိုးသမီးနှစ်ယောက်ရဲ့ လျို့ဝှက်ချက်တွေက အန်ထွက်လာကြတယ်။ ရိုင်မန်ဒါရဲ့ ဖခင်က တကယ်တော့ အတော့်ကို ဆိုးသွမ်းတဲ့ လူတစ်ယောက်ပါ။ သမီးအရင်းဖြစ်တဲ့ ရိုင်မန်ဒါကို အဓမ္မပြုကျင့်ခဲ့လို့ ရိုင်မန်ဒါခမျာ ပေါ်လာလို့ခေါ်တဲ့ သမီးလေးကို မွေးခဲ့တယ်။ ပေါ်လာက သမီးလို့လည်း ပြောလို့ရသလို ညီမလို့လည်းပြောလို့ရတယ်။ အဲဒါတွေကို ကြိတ်မျိုသိပ်ခဲ့တဲ့ အိုင်ရင်းတစ်ယောက် နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘူး။ ယောက်ျားလုပ်သူကို မီးရှို့ပြီး သတ်ဖို့လုပ်လိုက်တယ်။ ဖြစ်ချင်တဲ့ အဲဒီအချိန်မှာ အောဂတ်စတီးနားရဲ့ မိခင်ကလည်း သူ့ယောက်ျားနဲ့ ဖောက်ပြန်နေတယ်။ ရလာဒ်ကတော့ မီးထဲမှာ နှစ်ယောက်စလုံးသွားကြတယ်။ နောက်ဆုံးဇာတ်သိမ်းလေးကို သဘောကျတယ်။ ရိုင်မန်ဒါက သူ့အမေကို သူရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ သူ့ယောက်ျားသေတဲ့ အကြောင်းကို ပြောပြဖို့ကြိုးစားတယ်။ ဒါပေမယ့် အမေလုပ်တဲ့ အိုင်ရင်း စကားလေးကို သဘောကျတယ်။ တခါတလေ လျို့ဝှက်ချက်ဆိုတာ လျှို့ဝှက်ချက်အနေနဲ့ပဲ ရှိသင့်တယ်တဲ့။


W Wall-E (2008)

ကျွန်တော်ကာတွန်းကားတွေကို ခရဇီသိပ်မဖြစ်ပေမယ့် ဒီကာတွန်းကားလေးကိုတော့ အမှတ်တွေ တော်တော်များများပေးမိတယ်။ ဇာတ်လမ်းလေးက စက်ရုပ်အချစ်ဇာတ်လမ်းလေးပါ။ ဝေါအီး က သာမန် သန့်ရှင်းရေးလုပ်တဲ့ စက်ရုပ်၊ အီဗာဆိုတာ အဆင့်မြင့် စက်ရုပ်မလေး။ တစ်နေ့ လူတွေ စွန့်ပစ်ထားတဲ့ ကမ္ဘာမြေမှာ အမှတ်တမဲ့ ဆုံဖြစ်ကြတယ်။ ဒီလိုနဲ့ဇာတ်လမ်းတွေဖြစ်ကြတယ်။ ဇာတ်လမ်းလေးက ရယ်စရာလည်း ကောင်းသလို၊ စက်ရုပ်ဆိုပေမယ့်လည်း လူ့စရိုက်လေးတွေနဲ့ ရောနှောထားလို့ အတော့်ကို ကြည့်လို့ကောင်းတယ်။ ကျွန်တော်ကြည့်ဖူးခဲ့တဲ့ Notebook, Love Story, Titanic တို့လို ကြည်နူးဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လိုပါပဲ။

Y Yin Kwin Nan Daw(199?-Myanmar)

ရင်ခွင်နန်းတော်ကို အလယ်တန်းကျောင်းသားဘ၀တုန်းက ကြည့်ဖူးခဲ့တာပါ။ စိတ်ကူးယဉ်လို့ အကောင်းဆုံးအချိန်ပေါ့။ ရုပ်ရှင်ထဲကလိုပဲ အိမ်လေးတစ်လုံးမှာ ကိုယ်ချစ်တဲ့ ကောင်မလေးနဲ့ ကဗျာတွေရေး စာတွေရေးနေချင်နေမိခဲ့တယ်။ အခုတော့လည်း အဲလို မဟုတ်တော့ဘူး။ နောက်ပြီး အဲဒီအချိန်တုန်းက လွန်းထားထားရဲ့ ၀တ္ထုတွေက အတော့်ကို နာမည်ကြီးနေချိန်ဆိုတော့ လွန်းထားထားဂယက်က ကျွန်တော်လည်း မလွတ်ခဲ့ဘူး။ ၀တ္ထုအနေနဲ့ရော ရုပ်ရှင်အနေနဲ့ပါ အောင်မြင်တယ်လို့ ပြောလို့ရမယ်။ ဒွေးရော မခိုင်ရော သရုပ်ဆောင်ကောင်းကြတယ်။ ဒါပေမယ့် သင်္ကြန်မိုးတို့လို ဒဏာရီရုပ်ရှင်တို့လို ပြန်ကြည့်ချင်သလား မေးရင် ပြန်မကြည့်တော့ပါဘူး။ ဒါပေမယ့် ငယ်ဘ၀ကို သတိရမိအောင် စိတ်ကူးယဉ်မိအောင် အမှတ်ရနေတဲ့ ကားလေးမို့ သတိတရရှိနေဆဲပါ။ တခါတလေ “တို့ဘ၀တွေ ကမ္ဘာခြားအောင် ဝေးပါစေ၊ ရင်ခွင်ထဲမှာ ရှင်သန်နေဦးမယ်”ဆိုတဲ့ ဇာတ်ဝင်စာသားလေးကြားမိတိုင်း တစ်စုံတစ်ယောက်ကို သတိရနေမိတယ်။ အဲဒီအချိန်တုန်း ပတ်သတ်ခဲ့ဖူးတဲ့ တစ်ယောက်ပေါ့ဗျာ။ အခုတော့လည်း ကျွန်တော့်မွေးနေ့နဲ့ ကပ်ပြီး လက်ထပ်သွားပြီ။


မမနော်ရေ.. တဂ်ပို့စ်တော့ ဆန့်ငင်ဆန့်ငင်နဲ့ ပြီး သွားပြီ...X and Zကတော့ ရုပ်ရှင်ကားကောင်းကောင်းတွေ မတွေ့မိလို့ မရေးနိုင်သေးပါဘူးဗျာ...

18 ယောက်ကဒီလိုမြင်တယ်တဲ့...:

The Queen said...

အရမ်းဖတ် လို့ကောင်းတာပဲ။ ရုပ်ရှင် တစ်ကားကို နှစ်နာရီ သုံးနာရီ ထိုင်ကြည့်ရ မှာ ပျင်းတဲ့သူ အတွက်တော့ ခုလို ရုပ်ရှင် ဇါတ်လမ်းတွေ အများကြီး တထိုင်ထဲ ဖတ်ရတာ အရမ်း မိ တယ်။

Rita said...

အတွေ့က ဦးသုခ ရိုက်တာ မဟုတ်ဘူး လို့ ထင်တယ်။
မောင်သင် များ ဖြစ်မလားမသိဘူး။
ကိုယ်လဲ သိပ်မသေချာလှဘူး။

Rita said...

အလုပ်ရှုပ်နေတဲ့ကြားက လာဖတ်တယ်။
စိတ်ဝင်စားတယ်။

ကြည်ဖြူပိုင် said...

ရုပ်ရှင်တော့ မကြိုက်ဘူး
ဒါပေမယ့် ကြည့်ပြီးသားလူက
အဲလိုတဖွဲ့တနွဲ့ပြန်ရှင်းပြတာဖတ်ရရင်
သိပ်သဘောကျတယ်..

Anonymous said...

'A twate' is directed by Mg Tin Maung

Rita said...

ဦးတင်မောင် !!!
မဖြစ်နိုင်ဘူး ထင်တယ်။ ဦးတင်မောင် လက်ရာနဲ့ မတူဘူး။ ပြီးတော့ ဦးတင်မောင်က သူရိုက်တဲ့ကားတွေမှာ သူကိုယ်တိုင် သရုပ်ဆောင်တာ များတယ်။ နောက်ပိုင်းမှသာ ဒါရိုက်တာ သက်သက်လုပ်တာ။ ဒါတောင် ကိုယ်သိတာ တစ်ကားတည်း။

မောင်သင် ကိုယ်တိုင် ဒါရိုက်တာ လုပ်တာ မဟုတ်ရင်၊ ရွှေဒုံးဘီအောင် ဖြစ်နိုင်တယ်။

သက်ပိုင်သူ said...

အတွေ့ဇာတ်ကားကို ဆရာဦးသုခ ရိုက်ကူးခဲ့ခြင်း မဟုတ်ပါ။ ရွှေဒုံးဘီအောင် ဖြစ်ပါတယ်။ ပါဝင်တဲ့ သူတွေက မောင်သင်၊ သီသီနဲ့ စံရှားတင်တို့ဖြစ်ပါတယ်။ ကွန့်မန့်မှာ လာပြီး အကြံဥာဏ်ပေးတဲ့ ရီတာနဲ့အမည်မသိစာဖတ်သူတို့ကို ကျေးဇူးတင်ပါတယ်။

popo said...

အကိုရီးရေ ဟို တရုတ်ကားလေး ကြည့်နေပီအခု စန္ဒရား တီးတဲ့ကားလေးးးးး

မောင်မျိုး said...

Q ,R ဇတ်ကား ၂ ကားလုံးကြည့်ဖူးချင်တယ် လင့်သိရင် ဝေမျှပါလားး ။

littlebrook said...

U Unfaithful .. အဲ့ကားထဲက ရစ်ချတ်ဂီယာနေရာကနေ ၀င်ခံစားကြည့်တာ
တော်တော့်ကို ကြေကွဲစရာပဲ ..
အဲ့လိုခွင့်လွတ်နိုင်ပါ့မလား မဖြစ်နိုင်ဘူး ဆက်ပေါင်းဖို့တောင် ဖြစ်နိုင်မယ်မထင်ဘူး
စိတ်ဝင်စားဖို့ကောင်းတဲ့ ပို့စ်လေးပါ ကိုသက်ပိုင်သူရေ

Anonymous said...

သက်ပိုင်သူရေ
မေ့သလောက်ရှိနေမှ ပြန်ဆက်ရေးတဲ့တွက်
ကျေးဇူးတင်ပါတယ် စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။
Manorhary

မောင်ဖားကြီး said...

The Reader ကို အကြိုက်ခြင်းတူတယ် အစ်ကို အော်စကာ ရလည်း ရသင့်ပါတယ်လေ တရားရုံးမှာ သရုပ်ဆောင်ပုံကို အကြိုက်ဆုံးပဲ ကိတ်ဝင်းစလက် ကိုလေ....

အန်တီချမ်း said...

ကိုယ်ကတော့ unfaithful ထဲက မင်းသမီး ဇာတ်ကောင်ကို ပိုသဘောကျသလိုပဲ
ဖောက်ပြန်ရေးသမ မို့လို့လားတော့ မသိ

အဲ့လိုမျိုး (ဖောက်ပြန်ပြီးတော့ပဲ ဖြစ်ဖြစ်)
အချစ်ထဲမှာ တခါပြန် ရူးရူးမူးမူး ပျော်ဝင်ချင်မိသေးတယ်

မင်းသားကလဲ မိုက်မှမိုက်

ပါကြီး said...

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကို ပြန်သွားနိုင်ပြီး ရှောက်ရွီနဲ့ ပြန်ဆုံနိုင်မလားဆိုတာ...လေးကိုအဖြေရှာလိုက်တာ
မနက် ၄ နာရီထိုးသွားတယ်ဗျို့..း)
တစ်ကယ်ကောင်းတဲ့ music romantic လေးပါပဲဗျာ..

Anonymous said...

Altova XMLSpy Enterprise 2008 http://freshoemsoftware.com/fr/category-100-112/product-30121/Xilisoft-ISO-Pro-1-0 free software downloadz [url=http://freshoemsoftware.com/es/category-100-113/product-20738/Abyssmedia-Audio-Converter-Plus-3-5]Abyssmedia Audio Converter Plus 3 5[/url]
Music labs Real strat 1.0 http://freshoemsoftware.com/de/category-100-109/product-23928/ArzooSoft-USB-Threat-Defender-1-0 online casinos that offer a monthly deposit bonus and use microgaming software [url=http://goldoemsoftware.com/legal-software/clubdj-prodj-2.2.html]ad agency software[/url]
cracking gateway propritary software http://freshoemsoftware.com/it/category-100-108/product-28260/Word-Spinner-1-0 EMS SQL Manager 2008 for InterBase Firebird 5.1 [url=http://downloadoemsoftware.us/oem-software/akvis-decorator-v.1.3-for-adobe-photoshop-cs2.html]akvis decorator v.1.3 for adobe photoshop cs2[/url]
free budget software http://freshoemsoftware.com/fr/category-13/product-22615/Super-Audio-Editor-3-5 freeware software download [url=http://freshoemsoftware.com/fr/category-100-113/product-29887/Tracks-Eraser-Pro-8-0]software in dhaka[/url]
business finance small software http://freshoemsoftware.com/fr/category-100-111/product-21192/ViPNET-Safe-Disk-3-0 Visual Build Professional 6.7 [url=http://freshoemsoftware.com/fr/category-2/product-13079/CMJ-Designs-Salon-Iris-6-0-7]CMJ Designs Salon Iris 6 0 7[/url]
affiliate management software http://freshoemsoftware.com/es/category-100-104/product-13158/Digital-Film-Tools-Power-Mask-1-0-for-Adobe-Photoshop mac genealogy software [url=http://freshoemsoftware.com/fr/category-9/product-17472/TypeIt4Me-X-4-0-Mac]Sony Acid Pro 7.0[/url]

Anonymous said...

Unfaithful ကိုကြည့် ဖြစ်ရင် တစ်ခုခုတော့ ရင်ထဲရောက်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်

beluugyi said...

The Illusionist ဆိုတဲ့ကားလေးကြည့်ကြည့်ပါလား။ ကြည့်ရကြိုးနပ်မှာပါ။ ကျွန်တော်တော့ခွေဝယ်သိမ်းထားတယ်။ ဒီလင့်လေးမှာကြည့်ကြည့်ပါ... http://en.wikipedia.org/wiki/The_Illusionist_%282006_film%29

သက်ပိုင်သူ said...

ကြည့်ဖူးတယ်.. ကိုယ့်စိတ်ကြိုက်မဟုတ်ပေမယ့်လည်း.. အကောင်းဆုံးဇာတ်ကားထဲမှာ ပါပါတယ်