မမနော်က A to Z Artistic Life ဆိုပြီး တဂ်လာတယ်။ ကျွန်တော် ဘာရေးရမှန်းမသိဘူး။ နောက်မှ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော် Artistic ဖြစ်အောင် အများဆုံးထိတွေ့ခဲ့တာ ဘာတွေလဲလို့ပေါ့။ စာအုပ်တွေကတော့ ကြုံရင်ကြုံသလိုဖတ်တတ်တော့ မဖြစ်နိုင်ဘူး။ သေချာတာကတော့ ရုပ်ရှင်တွေပါပဲ။ ကျွန်တော်ငယ်ငယ်ကတည်းက ရုပ်ရှင်အသေကြိုက်တယ်။ ရုပ်၇ှင်ကားကောင်းတစ်ကားကြည့်ပြီးရင် စိတ်ကူးထဲမှာ နောက်ထပ်ရုပ်ရှင်တွေ ဖန်တီးမိနေတယ်။ ဒီတော့ ကျွန်တော့်ရဲ့ A to Z ကို ရုပ်ရှင်တွေနဲ့ဖွဲ့တော့မယ်ဗျာ။ ကျွန်တော်က International Film တွေကြည့်ရတာ အားရတယ်။ ကျွန်တော့် ရုပ်ရှင်အညွန်းထဲမှာတော့ နိုင်ငံတကာရုပ်ရှင်တွေ တွေ့ရမှာပါ။ ရုပ်ရှင်နမူနာလင့်လေးတွေကို ရုပ်ရှင်နာမည်နဲ့ ချိတ်ထားပါတယ်။ ကလစ်လုပ်လိုက်ရုံပါပဲ။

A A Single Man (2010)
အခုနောက်ဆုံးကြည့်မိတဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းက ဘာမှမရှိပါဘူး။ ရိုးရိုးပါပဲ။ ဒါပေမယ့် ဒါရိုက်တာရိုက်ချက်တွေက အတော့်ကို လှပါတယ်။ တက္ကသိုလ်ကျောင်းဆရာတစ်ယောက်ရဲ့ တစ်နေ့တာ ကိုယ့်ကိုယ်ကို သေကြောင်းမကြံခင် သူရဲ့ ပတ်ဝန်းကျင်ကို ရိုက်ပြထားတာပါ။ ၁၈နှစ်ကြာအတူတွဲလာတဲ့ သူ့ရဲ့ ယောကျာ်းလေးချစ်သူ ကားအက်ဆင့်ဒန့်နဲ့ သေဆုံးသွားပြီးနောက် သူ့ရဲ့ဘ၀က အဓိပ္ပါယ်မရှိဘူးလို့မြင်လာတယ်။ သူ့ချစ်သူရဲ့ ဈာပနတောင် သူ့ခမျာ တက်ခွင့် မရခဲ့ဘူး။ ဒီရုပ်ရှင်ရဲ့ အသက်က အရောင်တွေပါပဲ။ လူတစ်ယောက်ရဲ့ မပျော်ရွှင်မှုတွေကို အရောင်ခပ်မှိုင်းမှိုင်းတွေသုံးပြီး ပြသွားတယ်။ ဒါပေမယ့် ဘ၀မှာ စိတ်ဝင်စားစရာတွေတွေ့လာတဲ့အခါ အရောင်တွေက ခဏတာ ပြန်တောက်ပသွားတယ်။ A ဒါရိုက်တာက Tom Fordဆိုတဲ့ ဖက်ရှင်ဒီဇိုင်နာပါ။ ဒီရုပ်ရှင်မှာ ၁၉၆၀ပတ်ဝန်းကျင် ဗိသုကာနဲ့ ဖက်ရှင်ကို ခံစားနိုင်မှာပါ။

B Book of Revelation (2006- Australian Film)
ကျွန်တော်က Art Film တွေဆို တော်တော်များများ ကြည့်မိတယ်။ Art Film ဆိုတာ မကြိုက်ဘူး၊ ကြိုက်တယ်ဆိုတဲ့ ပရိသတ်နှစ်မျိုးနှစ်စားပဲ ရှိတယ်။ Art Filmကို ကြည့်ပြီး မဆိုးပါဘူးလို့ပြောတဲ့သူ မရှိသလောက်ပါပဲ။ ဒီရုပ်ရှင်မှာကျတော့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်တည်ဆောက်ထားတာကို သဘောကျတယ်။ မျက်နှာဖုံးဝတ်ထားတဲ့ အမျိုးသမီးသုံးယောက်က ခပ်ချောချော ဘဲလေးကချေသည်ကောင်လေးတစ်ယောက် ဖမ်းပြီး မတရားကျင့်တဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းရဲ့ အနှစ်သာရက မိန်းကလေးတစ်ယောက် မတရားကျင့်ခံရရင် လွယ်လွယ်ကူကူ တရားစွဲလို့ရပေမယ့်၊ ယောက်ျားလေးတစ်ယောက် မတရားကျင့်ခံရရင် ဘယ်လိုဖြေရှင်းချက်တွေ၊ အမှန်တရားတွေ ရပ်တည်မလဲဆိုတာပြထားတဲ့ ဇာတ်ကားတစ်ခုပါ။ (ဒီဇာတ်လမ်း မဆုံးခင်မှာပဲ တချို့ အမျိုးသမီးပရိသတ်တွေ ထပြန်ကြတယ်။)

C Closer (2006)
Hello!!! Stranger ဆိုပြီး စထားတဲ့ ဒီအချစ်ဇာတ်လမ်းက အမေရိကရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အိမ်ထောင်ရေးကို ဖော်ညွှန်းထားတယ်လို့ ထင်ပါတယ်။ Julia Robert က မျက်နှာတွေမှာ ပေါ်နေတဲ့ ခံစားချက်တွေကို ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့ ဓါတ်ပုံဆရာမတစ်ဦးပါ။ Jude Lawက သူတစ်ဖက်သတ်ချစ်နေမိတဲ့ ဓါတ်ပုံဆရာမ Julia Robertရဲ့ မွေးနေ့မှာ သူမရဲ့ ဓါတ်ပုံအတွက် Dating Online တက်ပြီး သူစိမ်းတစ်ယောက်ရှာပေးရာကနေ သူတို့နှစ်ယောက်ကြားကို ဆရာဝန် Clive Owan ရောက်လာပါတယ်။ဒီလိုနဲ့ပဲ စိတ်ဝင်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ခုဖြစ်လာတော့တာပါပဲ။ ဒီဇာတ်လမ်းလေးကိုကြည့်ပြီး တခါတလေ အချစ်ဆိုတာ နီးလေဝေးလေလို့ ခံစားမိတယ်။ အဲဒါကြောင့်များ closerလို့ နာမည်ပေးထားတာလား မသိဘူး။

D Departures (2009-Japanese Film)
ဒီရုပ်ရှင်က ၂၀၀၉ခုနှစ်မှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော အော်စကာဆုရခဲ့ပါတယ်။ ဂျပန်ရိုးရာ အသုဘပြင်တဲ့အကြောင်းကို ဇာတ်လမ်းဖွဲ့ထားတာပါ။ ဂျပန်တွေက အသုဘပြင်တာကအစ အလွန်အနုပညာဆန်ပါတယ်။ အသုဘပြင်တဲ့သူက အသုဘရှင်တွေရဲ့ ရှေ့မှာပဲ သေဆုံးသူကို မိတ်ကပ်လိမ်းပေး အ၀တ်အစားလဲပေးရတယ်။ သေဆုံးသူရဲ့ အရှက်နဲ့ သိက္ခာအတွက် အ၀တ်အစားလဲပေးရင်းနဲ့တောင် ခြေသလုံးသားတောင်မပေါ်စေရပါဘူး။ ဇာတ်လမ်းရဲ့ အဓိကကျောရိုးက ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုသွားပြီးနောက် ကျန်ခဲ့တဲ့ သားတစ်ယောက်ဇာတ်လမ်းပါ။ အဖေဆိုတာ ဘယ်လိုဘယ်ပုံလဲဆိုတာ ခပ်ရေးရေးတောင် မမှတ်မိတော့တဲ့ သူ့အတွက် တစ်ရက်မှာတော့ သူ့အဖေဆုံးပြီဆိုတဲ့ သတင်းရောက်လာတယ်။ သူ့အဖေရဲ့ အလောင်းကို မြင်လိုက်ရချိန်မှာ အဖေလို့တောင် သူမမှတ်မိပါဘူး။ နောက်ဆုံးတော့လည်း အဲဒီမြို့မှာ အလောင်းပြင်မယ့်သူ မရှိတော့ သူကိုယ်တိုင်ပဲ အလောင်းပြင်ရတော့တယ်။ သူ့အဖေရဲ့ လက်ထဲမှာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ (သူငယ်ငယ်က သူ့အဖေကို ပေးခဲ့တဲ့)ခဲလုံးလေး ထွက်ကျလာချိန်မှာတော့ သူမမှတ်မိတော့တဲ့ သူ့ဖခင်မျက်နှာက တဖြည်းဖြည်းပြန်ပေါ်လာတော့တယ်။ ကျွန်တော်တောင် ကြည့်ရင်း မျက်ရည်လည်မိတယ်ဗျာ။

E Eternal Summer (2006- Taiwanese Film)
သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါပဲ။ ဇာတ်လမ်းက ဇာတ်လမ်းတစ်ခုလို့ မြင်နေရပေမယ့် နောက်ခံတီးလုံးရယ်၊ သရုပ်ဆောင်တဲ့ သူတွေ ကောင်းတာရယ်ကြောင့် ကျွန်တော်သဘောကျမိတယ်။ ဇာတ်လမ်းက ငယ်ငယ်ကတည်းက တွဲလာတဲ့ ကောင်လေးနှစ်ယောက်အကြောင်းပါ။ တစ်ယောက်က ဂျစ်ကန်ကန်နဲ့ဆိုးတယ်။ နောက်တစ်ယောက်ကကျတော့ စာကြိုးစားတဲ့ ကျောင်းသားတစ်ယောက်ပေါ့။ အထက်တန်းရောက်တဲ့အခါ သူတို့နှစ်ယောက်ကြားကို ကောင်မလေးတစ်ယောက်ရောက်လာတယ်။ အဲဒီကောင်မလေးက ဂျစ်ကန်ကန်ကောင်လေးနဲ့ ကြိုက်မိသွားတယ်။ ဒါပေမယ့် အဲဒီကောင်လေးကိုပဲ စာကြိုးစားတဲ့ ကောင်လေးက ခိုးပြီး စွဲလန်းနေမိတယ်။ သူတို့နှစ်ယောက်အကြောင်းကို ကောင်မလေးက သိသွားတဲ့အခါ နားလည်နိုင်အောင် ကြိုးစားတဲ့ ဇာတ်လမ်းပါ။
F Frida Kahlo (2002)ကျွန်တော်နှစ်သက်တဲ့ မက္ကဆီကိုက ပန်းချီဆရာမအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ သူမရဲ့ ခံစားချက်တွေ၊ ဝေဒနာရဲ့ နာကျင်မှုတွေကို ပန်းချီတွေကတဆင့် လူတွေကို ခံစားတတ်လာအောင် ပြောပြထားတဲ့ ဇာတ်ကားပါ။

G Gone with the wind (1939)
ဒီဇာတ်လမ်းကတော့ လူတိုင်းသိမှာပါ။ နာမည်ကြီးတဲ့ လေရူးသုန်သုန်ရုပ်ရှင်ပါပဲ။ သာမန်မိန်းကလေးတစ်ယောက်ကနေ စစ်အတွင်းမှာ ရင့်ကျက်တဲ့ အမျိုးသမီးအဖြစ် ပြောင်းလဲသွားတဲ့ စကားလက်အကြောင်း ကြည့်ရတာ အားရမိတယ်။ ကြည့်တာကြာပြီဆိုတော့ မေ့တေ့တေ့ဖြစ်နေပေမယ့် ကြိုက်တဲ့ ရုပ်ရှင်တွေထဲမှာ ပါတယ်လို့ ပြောလို့ရတယ်။

H He loves me, he loves me not (2002- Franch Film)
Lsalle Sia မှာ ကျောင်းတက်နေတုန်းက သင်ရိုးထဲမှာပါလို့ ကြည့်ခွင့်ရခဲ့တဲ့ ရုပ်ရှင်ကားပါ။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုကို သဘောကျတယ်။ နှင်းဆီပန်းတစ်ပွင့်ပေးတာကနေ စမှားခဲ့တဲ့ ဇာတ်လမ်းက အဆုံးထိပါပဲ။ ဇာတ်လမ်းကို ပြရမှာ နှစ်ပိုင်းခွဲထားတယ်။ တစ်ပိုင်းကအန်ဂျလီဆိုတဲ့ အမျိုးသမီးတစ်ယောက်က သူ့ချစ်သူဆရာဝန်တစ်ယောက်ရဲ့ အချစ်ကို သစ္စာဖောက်ခံရတာတောင် ချစ်မြဲချစ်ဆဲပဲ။ နောက်ဆုံး မခံစားနိုင်တော့တဲ့အဆုံး သူ့ကိုယ်သူ သေကြောင်းကြံတဲ့အပိုင်းပေါ့။ အဲဒီတစ်ပိုင်းလုံးမှာ အန်ဂျလီဘက်ကအမြင်ကို ရိုက်ပြသွားတယ်။ ကျွန်တော်လည်း ကြည့်နေရင်းနဲ့ သူမအပေါ် စုတ်တသပ်သပ်ဖြစ်မိတယ်။ သူမချစ်သူ ဆရာဝန်က မိန်းမရှိရဲ့သားနဲ့ သူမအပေါ် အပျော်ကြံလို့လေ။ နောက်တစ်ခန်းကျတော့ ဇာတ်လမ်းကပြောင်းသွားတယ်။ ဆရာဝန်ဘက်ကအမြင်လေ။ ဆရာဝန်က အောင်မြင်ကျော်ကြားပြီး ချောလွန်းတော့ အမျိုးသမီးလူနာတွေက ရောဂါမရှိလည်း ရောဂါရှိသယောင်နဲ့ လာပြတတ်တယ်။ တရက်တော့ သူ့အမျိုးသမီးကိုယ်ဝန်ရနေပြီဆိုတဲ့ သတင်းကြားတော့ နှင်းဆီပန်းတွေဝယ်ပြီး အိမ်ပြန်လာတယ်။ အိမ်ရှေ့ရောက်တော့ အိမ်နီးနားချင်းဖြစ်တဲ့ အန်ဂျလီကနှင်းဆီပန်းတွေကို ငေးကြည့်နေတာတွေ့တာနဲ့ သူလည်း ပျော်ပျော်နဲ့ နှင်းဆီပန်းတစ်ပွင့်ပေးလိုက်မိတယ်။ အဲဒီမှာ စလွဲတော့တာပါပဲ။ အန်ဂျလီက သူကိုယ်တိုင်ဆွဲထားတဲ့ ပုံတူတွေပို့ပေးတယ်။ လက်ဆောင်တွေပို့ပေးတယ်။ ဆရာဝန်ထင်တာက သူ့ရဲ့ လူနာအမျိုးသမီးတွေက ပိုးကြေးပန်းကြေးပို့ပေးတယ်လို့ပဲထင်တယ်။ အန်ဂျလီကို တွေ့ရင် အမှတ်တမဲ့ ပြုံးပြမိတတ်တယ်။ လူဆိုတာ ကိုယ်ကြိုက်နေတဲ့လူက ပြုံးပြရင် မျှော်လင့်ချက်တွေ တပွေ့တပိုက်ကြီး ထားတတ်ကြတယ်။ အန်ဂျလီကလည်း အဲဒီမျော်လင့်ချက်တွေနဲ့ပေါ့။ ဇာတ်လမ်းလေးက ဖြေးဖြေးလေးနဲ့ ဇာတ်ရှိန်တက်လာတယ်။ နောက်ဆုံးဇာတ်သိမ်းခန်းကို ကြိုက်တယ်။ ဒါပေမယ့် စာဖတ်သူတွေ ကြည့်မိရင် ဇာတ်ရှိန်ပျက်မှာစိုးလို့ မပြောတော့ဘူး။ ရှာပြီး ကြည့်ကြည့်ပေါ့ဗျာ။ ကျွန်တော်အကြိုက်ဆုံး ရှပ်ရှင်တွေထဲက တစ်ခုပါပဲ။
ဆက်ရန်


9 ယောက်ကဒီလိုမြင်တယ်တဲ့...:
ရုပ်ရှင်ဆိုရင် ကြည့်ရတာထက် review ဖတ်ရတာကို ပို စိတ်ဝင်စားတယ်။
ကျန်တဲ့ကားတွေ ဆက်ရေးပါ။ မြန်မြန်။
ွလေရူးသုန်သုန်ကလွဲလို့ ဘယ်ကားမှ မကြည့်ဖူးဘူး။
Closer ကားကိုသဘောကျတယ်။ ဇာတ်ဆောင်တွေက ကိုယ့်အကြိုက်တွေချည်းပဲလေ။ အထူးသဖြင့် နာတာလီပေါ့။ ဒါပေမယ့် သစ်စာမရှိတဲ့ ဇာတ်ကောင်တွေကိုတော့ နည်းနည်းမုန်းတယ်။ Eternal summer က Eng: subtitle မပါဘဲ ကြည့်ထားတာဆိုတော့ သိပ်နားမလည်ခဲ့ဘူး။ D Departures ကားကတော့ တေးထားတာကြာပြီ။ ဒီနေ့ကြည့်မယ်။
I'm glad that I've been watched most of the films u've reviewed so that i can share the feelings & thoughts that the writer wanted to give .Longing for the next post :)
လေရူးတစ်သုန်သုန်ပဲ နည်းနည်းကြည့်ဖူးတယ်.. ကျန်တာလေးတွေ အချိန်ရရင် ကြည့်ရမယ်ဆိုပြီး
ကြည့်ရမယ့် ရုပ်ရှင်လေးတွေ tip လုပ်ထားတယ်... :P
B Book of Revelation တော့ စာရင်းထဲ မပါသွားရှာဖူး...။
၃ကားကြည့်ဖူးတယ်။ ကျန်တဲ့ကားတွေလည်း ရှာကြည့်ဖို့အခွင့်သာသွားပြီ။ ကျေးဇူး။
ကောင်းပါ့ဗျာ ရုပ်ရှင်အကြောင်းတွေ။ closer ကို ကြိုက်တယ်ဗျ။ Audrey Tautou ကားတွေလည်း သဘောကျတယ်။ Departures က ကြည့်မယ်လို့ စိတ်ကူးထားပြီး မေ့နေတာ။ ကျေးဇူးပဲဗျာ။ (ဒီတစ်ခါလည်း အကြံဦး သွားပြန်ပြီး၊ ကျနော်လည်း ရုပ်ရှင်အကြောင်းတွေ ရေးမလို့ စိတ်ကူးထားတာ။ ဟားဟား... ရေးတော့ဘူးဗျာ။)
Frida Kahlo နဲ့ Gone with the wind တူတယ် ကျန်တာတော့ ရှာကြည့်ရမယ် ...
ကျေးဇူးပါ ...ရုပ်ရှင်တွေနဲ့ သရုပ်ဖော်သွားတဲ့
အေတူဇက်အတွက် ..
Want to add something, B for The Big Fish, F for Forever Young.
Post a Comment