တရုတ်ရိုးရာ ဖုန်းရွှေပညာက လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ကျော်က စခဲ့တာပါတဲ့။ နက္ခတ်ဗေဒပညာရှင်တွေက စခဲ့တဲ့ ဒီပညာရပ်မှာ သံလိုက်အိမ်မြှောင်နဲ့ အရပ်မျက်နှာတွေကို လေ့လာတွက်ချက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တရုတ်လူမျိုးတွေဟာ ခေတ်မီတဲ့ သံလိုက်အိမ်မြှောင်တွေကို အသုံးပြုခဲ့ကြတယ်။ ဖုန်းရွှေမှာ အဓိကကျတဲ့ သီအိုရီတွေက Qi ချိ လို့ခေါ်တဲ့ စွမ်းအား၊ Yin and Yan အင်နဲ့ရန်လို့ခေါ်တဲ့ အဖိုအမဓါတ်၊ Bagua(Eight Trigram)လို့ ခေါ်တဲ့ အရပ်ရှစ်မျက်နှာ လေ့လာမှုတို့ပါပဲ။ အဲဒီအခြေခံအချက်တွေပေါ်မှာမူတည်ပြီး အဆောက်အဦးတစ်ခုရဲ့ အကောင်းအဆိုးကို တွက်ချက်ကြပါတယ်။
ဖုန်းရွှေပညာရပ်မှာ Yin Feng Shui အင်ဖုန်းရွှေလို့ ခေါ်တဲ့ ပညာရပ်ရှိပါသေးတယ်။ အင်ဖုန်းရွှေက အုတ်ဂူတို့ မိသားစုသချိုင်းတို့ဆောက်လုပ်ရာမှာ အသုံးပြုပါတယ်။ တရုတ်လူမျိုးတွေက အုတ်ဂူမှာ ရှိတဲ့ နာမည်ပြားလေး စိုက်တာတောင် တစ်ဂရီအစွန်းမခံပါဘူး။ စက်ဝိုင်းတစ်ခုရဲ့ ၃၆၀ဒီဂ၇ီပေါ်မူတည်ပြီး အခေါင်းမြေကျရာကနေ နောက်ဆုံး နာမည်စိုက်တဲ့ အထိ အသေအချာ တွက်ယူကြပါတယ်။ အင်ဖုန်းရွှေရဲ့ ထူးခြားချက်ကတော့ သေဆုံးသူရဲ့ မျိုးဆက်အဆင့်ဆင့်ရဲ့ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်ကြတာပါပဲ။ စကာင်္ပူနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်း လင်ကွမ်ယုရဲ့ ဘိုးဘွားသချိုင်းကို ကြည့်ပြီး လင်ကွမ်ယုလက်ထက်မှာ ဒီမျိုးဆက် ပိုထွန်းကားမယ်လို့ ကြိုတင်ဟောစာတမ်းထုတ်နိုင်ခဲ့ကြပါသတဲ့။ ဒါကြောင့်မို့လို့ အင်ဖုန်းရွှေက မျိုးဆက်ကို အဓိက တန်ဖိုးထားတဲ့ တရုတ်လူမျိုးတွေအတွက် အလွန်ကို အရေးပါပါတယ်။ နှစ်တိုင်း ဘိုးဘွားတွေရဲ့ အုတ်ဂူကို သန့်ရှင်းရေးလုပ် ကန်တော့ကြတာလဲ အဲဒါနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်။ ရှေးယခင်က တရုတ်နိုင်ငံငယ်လေးတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ်ကြရင် အနိုင်ရတဲ့ နိုင်ငံက ပထမဆုံး ရှုံးတဲ့ နိုင်ငံရဲ့ ဘိုးဘွားသချိုင်္င်းတွေကို ဖျက်ဆီးပစ်ကြပါတယ်။
နောက်ထပ် ထုးခြားတာက Feng Shui Master ဖုန်းရွှေဆရာတွေအကြောင်းပါပဲ။ ဖုန်းရွှေဆရာတစ်ယောက် မဖြစ်ခင် အရင်ဆုံးဗေဒင်ပညာ တတ်မြောက်ဖို့လိုပါတယ်။ 4 Pillars of Destiny လို့ခေါ်တဲ့ မွေးတဲ့ အချိန်၊ နေ့ရက်၊ လ၊ နှစ်ပေါ်အခြေခံပြီး တွက်တာအပြင်၊ ရုပ်အင်္ဂါကြည့်ပြီး ဖတ်တာ၊ လက္ခဏာဗေဒင်ပညာတွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့ 4 Pillars မှာ မြေ၊ရေ၊မီး၊ သတ္ထု၊ သစ်သား ဆိုတဲ့ ဓါတ်ကြီး ၅ပါးနဲ့ ဖွဲ့စည်းထားပြန်ပါတယ်။ အဲဒီဓါတ်ငါးပါးကို ဓါတုဗေဒဘာသာလို ဓါတ်သတ္ထုတွေပေါင်းပြီး၊ တစ်ခုနဲ့ တစ်ခု ဘယ်လိုအားသက်ရောက်မယ်၊ ဖျက်ဆီးမယ်၊ အားဖြည့်ပေးမယ်၊ ပေါင်းစပ်ပြီး နောက်ထပ်ဓါတ်တစ်ခု ဖြစ်ပေါ်မယ်။ ဒီလိုဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ အနာဂတ်ကို သေချာတွက်ယူကြည့်နိုင်ပါတယ်။
အိမ်တစ်ခုရဲ့ ကောင်းတာဆိုးတာကို အိမ်ရဲ့ အဆောင်အယောင်တွေ အိမ်သုံးပစ္စည်းအသုံးအဆောင်တွေ ပြောင်းလဲ နေရာချလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အဲဒီလိုနေရာချနိုင်ဖို့ အဆောက်အဦးထဲမှာ နေထိုင်တဲ့ လူတွေရဲ့ ကံကြမ္မာကိုလည်း တွက်ယူရပါသေးတယ်။ ဒီလိုတွက်ယူနိုင်မှ ပြည့်စုံတဲ့ အိမ်ရဲ့ ကံကြမ္မာကို ရမှာဖြစ်ပါတယ်။ တကယ်တော့ အဆောက်အဦးဆိုတာလည်း သက်ရှိလိုပါပဲ။ အုတ်မြစ်ချချိန်ဟာ သန္ဓေတည် သလို၊ သူတို့ကို ဆောက်လုပ်ပြီးဆီးချိန်မှာ လူတစ်ယောက် မွေးဖွားသလိုပါပဲ။ ပြီးစီးတဲ့ အချိန်မှာ ကောင်းတဲ့ နက္ခက်တွေ၊ အချိန်တွေ ဖြစ်နေဖို့ အရေးကြီးပါတယ်။ နက္ခတ်ဆိုးတွေနဲ့ မွေးဖွားလာတဲ့ အဆောက်အဦးတစ်ခုဟာ သူ့ဆီမှာ နေထိုင်တဲ့ လူတွေရဲ့ စည်းစိမ်ဥစ္စာနဲ့ အသက်အန္တရယ်ကို ထိခိုက်စေသလို၊ ကောင်းတဲ့ အဆောက်အဦးကလည်း ကောင်းကျိုးတွေ ယူဆောင်ပေးတတ်ပါတယ်။
တကယ်တော့ ဖုန်းရွှေပညာရပ်ကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးချတတ်ရင်ကောင်းပါတယ်။ တကယ်လို့သာ ဖုန်းရွှေကို လိုတာထက် ပိုပြီးအသုံးချရင်တော့ အယူသည်းတဲ့ သူတွေ ဖြစ်သွားတတ်ကြပါတယ်။ တရုတ်နိုင်ငံယဉ်ကျေးမှုတော်လှန်ရေးကာလ ကွန့်မြူနစ်တွေ ကြီးစိုးတဲ့ အချိန်မှာ ဖုန်းရွှေပညာရပ်က မော်စီတုန်းရဲ့ တားမြစ်ဖျက်ဆီးခြင်းခံရပါတယ်။ သူက လူတိုင်းအလုပ်လုပ်ရမယ်။ ရလာတဲ့ အကျိုးအမြတ်ကို အားလုံးခွဲဝေယူရမယ်လို့ဆိုပါတယ်။ နောက်ဆုံး ဖုန်းရွှေပညာကို ယုံကြည်ရင် အယူသည်းလာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သူအာဏာရပြီးနောက်ပိုင်း ဖုန်းရွှေဆရာတော်တော်များများ အနောက်နိုင်ငံတွေ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ကို ထွက်ပြေးကြရတယ်ဆိုပါတယ်။ အဲဒါကြောင့် အနောက်နိုင်ငံအချို့က ခုံလှုံလာတဲ့ ဖုန်းရွှေဆရာတွေကြောင့် အဲဒီပညာရပ်ကို သိနားလည်ခွင့်ရလာကြတယ်။
တချို့ကလည်း မော်စီတုန်းရဲ့ အခုလို တားမြစ်ချက်ကို အယူသည်းမှုတစ်ခုတည်းကြောင့်လို့ လက်မခံကြပါဘူး။ မော်စီတုန်းက ဖုန်းရွှေပညာကို မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးတွေ ဗေဒင်ပညာ ယုံကြည်သလို အလွန့်ကိုပဲ ယုံကြည်ခဲ့တယ်တဲ့။ ဒီနေရာမှာ ထပ်ဖြည့်ပြောပြချင်တာက ရှေးဘုရင်တွေ လက်ထက်မှာ ဒီပညာရပ်ကို ဘယ်သူတွေ တတ်မြောက်သလဲဆိုတာပါပဲ။ ရှေးယခင်က ဖုန်းရွှေပညာကို နန်းတွင်းထဲမှာပဲ သင်ယူခွင့်ရှိပါတယ်။ သာမန်အရပ်သားတွေ သင်ယူခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖုန်းရွှေကို အသုံးချပြီး နန်းတွေ တော်လှန်ရေးတွေ ပေါ်ပေါက်လာမှာ စိုးလို့ပါတဲ့။ နောက်တော့ ဒေါက်တာဆွန်ယက်ဆင်က ဘုရင်စနစ်ကို တော်လှန်ပြီးနောက်ပိုင်းမှာ ဒီပညာရပ်က သာမန်ပညာသူတွေရဲ့ လက်ထဲကို ရောက်လာပြီး လူတိုင်းနားလည် လက်ခံလာခဲ့ကြတယ်။ ဒါကြောင့် မော်စီတုန်းအာဏာရလာတဲ့ အချိန်မှာ ဖုန်းရွှေပညာကို အရင်တုန်းက ဘုရင်တွေလို ကျင့်သုံးနိုင်ဖို့ တားမြစ်မှုတွေ လုပ်လာတယ်လို့လဲ တချို့က ယုံကြည်ကြပါတယ်။
ဒါပေမယ့် ကောင်းတဲ့ အကျိုးရလဒ်ကတော့ ဖုန်းရွှေပညာကို တရုတ်လူမျိုးတွေနဲ့ အာရှတိုက်သားတွေသာမကဘူး အနောက်နိုင်ငံသားတွေပါ လေ့လာလိုက်စားနေကြပါပြီ။ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်လို၊ မန္တလေးမြို့တွေလို တရုတ်တွေ များပြားလာတဲ့ နေရာတွေမှာလည်း ဖုန်းရွှေက ခေတ်စားလာနေပါပြီ။ တချိန်ချိန်မှာတော့ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို လေ့လာချင်ရင်တော့ ဖုန်းရွှေပညာကိုပါ လေ့လာသင့်တယ်လို့ အကြံဥာဏ်ပေးလိုပါတယ်။
အခုလက်ရှိပြီးစီးသွားတဲ့ Marinabay Sand လို့ခေါ်တဲ့ စကာင်္ပူက ကာစီနိုပါ။ အဆောက်အဦးသုံးခုပေါ်မှာ ဆောက်ထားတဲ့ Sky park ဟာ ဖုန်းရွှေသဘောတရားပါပဲ။ တရုတ်တွေ အယူအဆအရ လှေ၊သဘောင်္ဆိုတဲ့ အဓိပ္ပါယ်က ခရီးလမ်းကြောင်းတစ်ခုရဲ့ ချောမွေ့မှုပါတဲ့။ ဒါကြောင့် စီးပွားရေးချောချောမွေ့မွေ့ ဖြစ်စေဖို့ ဒီသင်္ကေတကို အသုံးပြုခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ရာက ဆောက်လုပ်ခဲ့တဲ့ တရုတ်နန်းတော် Forbidden City ကလည်း ဖုန်းရွှေပညာအပြည့်ပါပဲ။ ဖုန်းရွှေအယူအဆအရ အဆောက်အဦးရဲ့ အရှေ့ဘက်မှာ သန့်စင်တဲ့ရေ၊ အနောက်ဘက်မှာ ခိုင်မာတဲ့တောင်တန်း ၇ှိရမယ်လို့ ဆိုပါတယ်။ တကယ်တမ်းနန်းတော်ရဲ့ အနောက်ဘက်မှာ တောင်မရှိပါဘူး။ ဒါပေမယ့် နန်းတော်တည်ဆောက်တဲ့ အချိန်မှာ တောင်တစ်ခုကိုပါ ဆောက်လုပ်ခဲ့ပါတယ်။
ငါးတစ်ပိုင်း ခြင်္သေ့တစ်ပိုင်း Marlion ကလည်း ဖုန်းရွှေသင်္ကေတပါပဲ။ ရေအောက်ကဘုရင်နဲ့ ကုန်းပေါ်က ဘုရင်တို့ ပေါင်းစပ်မှုပါပဲ။ အရင်တုန်းက ဒီရုပ်တုကို တံတားရဲ့ တစ်ဖက်ခြမ်းမှာ ထားပါတယ်။ ဒါပေမယ့် နက္ခတ်တွေရဲ့ နေရာပြောင်းလဲမှုသဘောတရားအရ ပြောင်းလဲတဲ့ နက္ခတ်အနေအထားကို လိုက်ပြီး နေရာရွှေ့ခဲ့တယ်လို့လဲ ဆိုကြပြန်တယ်။
အခုစကာင်္ပူမှာ လက်ရှိအသုံးပြုနေတဲ့ ၁ဒေါ်လာ အကြွေစေ့ပါ။ ဒီနေရာမှ လူပြောများနေတဲ့ အကြောင်းကို ဖောက်သည်ချချင်လို့ပါ။ ဟုတ်မဟုတ်တော့မသိပါ။ တစ်ခုခုကို ဆက်စပ်ပြီး စဉ်းစားမိလို့ပါ။ စကာင်္ပူစီးပွားရေးကောင်းစေဖို့ လူတိုင်း အဆောင်တစ်ခု အမြဲဆောင်ရမယ်လို့ လင်ကွမ်ယုရဲ့ ဖုန်းရွှေဆရာက ပြောသတဲ့။ ဒီလိုလူတိုင်းကို အဆောင်တစ်ခု ဆောင်ခိုင်းဖို့ဆိုတာ အတော့်ကို မလွယ်တဲ့ ကိစ္စပါ။ ဒါပေမယ့် အဲဒီကိစ္စကို ဖြေရှင်းဖို့ ရှစ်မြောင့်ပုံ အကြွေစေ့ကို တီထွင်လိုက်ပါတယ်။ လူတိုင်းနေ့စဉ်ပိုက်ဆံနဲ့ ထိတွေ့နေရတော့ အဲဒီအဆောင်ကိစ္စကို အလိုလိုဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။ စကာင်္ပူနိုင်ငံက ခေါင်းဆောင်တွေများ ပြည်သူအတွက်အတော့်ကို စဉ်းစားတတ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ခေါင်းဆောင်တွေလည်း အခုလိုပြည်သူအတွက်စဉ်းစားပေးတာ ကျေးဇူးတင်စရာကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အဆောင်ကောင်းကောင်း လူတိုင်း နေ့စဉ်ထိတွေ့နိုင်အောင် ခြင်္သေ့ရုပ်ပါတဲ့ ငွေစက္ကူတွေ ဖန်တီးပေးလိုက်လို့ပါပဲ။ ဒီလိုနည်းနဲ့ အစိုးရလည်း တည်မြဲ၊ ပြည်သူကလည်းတည်မြဲ ဖြစ်အောင် အပြန်အလှန် အကျိုးပြုနိုင်ကြတယ်လို့ထင်ပါတယ်။
မှတ်ချက်။ အသေးစိတ်ဆက်ရေးဖို့ စိတ်ကူးရှိပါတယ်။




18 ယောက်ကဒီလိုမြင်တယ်တဲ့...:
နေ့စဉ် ထိတွေ့နေတဲ့ဘ၀တွေထဲ ဖုန်းရွှေဆိုတဲ့ ပညာရပ်တစ်ခုက အများကြီး ပါဝင်နေတတ်ပါတယ်...။ ဆိုင်တွေမှာပဲဖြစ်ဖြစ် ရုံးခန်းတွေမှာပဲဖြစ်ဖြစ်ပေါ့... သဘောင်္/ လှေ တစ်စင်းနဲ့ ရွှေတွေတုန်းတွေကို အလှဆင်ထားတာမျိုး တွေ့ဖူးပါတယ်...။ လှော်ခတတ်တဲ့ သဘောမှာ လာဘ်လာဘတွေကို လှော်ခတ် (လာဘ်ခေါ်)ပြီး သယ်လာဖို့လည်း ရည်ရွယ်ပါတယ်...။ အင်း.. မြန်မာလိုဆို ကက်ကင်းရိုက်တယ်လို့လည်း ဆိုရမှာပေါ့လေ....။ တရုတ်ပညာအရ ဖုန်းရွှေပေါ့....။ နောက် ကြောင်လေးတွေ လက်ကလေး ယမ်းပြီး လက်ခေါ် (လာဘ်ခေါ်) နေတတ်တာကလည်း ပေါ့ပေါ့ပါးပါး ဖုန်းရွှေ ထင်ပါတယ်...။ နောက်ကွယ်မှာတော့ အများကြီးရှိမှာပါ... (သေချာတော့ နားမလည်ပါဖူး...) ချီဓါတ်တစ်ခု ယင်နဲ့ယန်တို့ရဲ ဆက်စပ်မှုတွေနဲ့ ဖွဲ့တည်ထားတဲ့ ဖုန်းရွှေအကြောင်း စိတ်ဝင်စားနေတာ ကြာပါပြီ..... ခုတော့ ကျေနပ်စွာနဲ့ကို ဖတ်သွားပါတယ်ရှင်...။ ကျေးဇူးပါ အစ်ကိုရေ... :)
အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်။ စောင့်ဖတ်နေပါ့မယ်။ ကျေးဇူးပါ။
စိတ်ဝင်စားစရာ ကောင်းတဲ့ ပို့စ်လေးပဲ .. ဒီကတရုပ်တွေတော်တော်များများလဲ ဖုန်းစွေ ကို ယုံကြည်ကြတယ်။ မြန်မာတွေ ဗေဒင်ယုံသလိုပဲနော်။
စိတ်ဝင်စားစရာကောင်းတယ် ...။
ဟိုတစ်လောက Jumbo Seafood ဆိုင်မှာ Terminal သွားဆင်ရင်း ဖုန်းရွှေဆရာ စားပွဲရွေ့နေတာကို အတော်ကြာထိုင်စောင့်လိုက်ရတယ် ...။ ဒီဂရီလွဲနေလို့ ခုံကို ၁၆ ခါလောက်ရွေ့တယ် ...။ တံဆိပ်တွေကိုလည်း ဖုန်းရွှေဆရာတွေက ဆွဲပေးထားတယ်လို့သိရပါတယ် ...။
စင်ကာပူရဲ့လေရဟတ်ကြိးကိုပြောင်းပြန်လည်စေတာလည်းဖုန်းရွှေဆရာတွေရဲ့အဆုံးအမဖြစ်တယ်လို့သိရပါတယ် ...။
တခါတခါ လမ်းလည်ခေါင်မှာ သစ်ပင်ကြီးကို လမ်းတွေက ရှောင်နေရတာတွေ့ရင်လည်း မေးကြည့်တော့ ဖုန်းရွှေဆရာက မခုတ်ရဘူးတဲ့ ....။
ဖုန်းရွှေတတ်ရင် စင်ကာပူမှာ သဌေးဖြစ်နိုင်တယ် :) ....။ ၀ါသနာပါလို့ လေ့လာလိုက်စားတာကို အားပေးပါတယ် ...။ နောက်လည်း ကျယ်ကျယ်ပြန့်ပြန့် မျှဝေပါဦးဗျာ ..။
ခင်မင်စွာဖြင့်
Zephyr
သက်ပိုင်သူရေ
စိတ်ဝင်စားစရာကောင်းလိုက်တာ
ဒီဆိုဒ်ကိုလာရင်ဗဟုသုတရစရာများလို့
သဘောကျမိတယ်
စောင့်ဖတ်ဦးမယ်နော်
မျှဝေတာကျေးဇူး
နောက်ဆုံး အပိုဒ်ကို အကြိုက်ဆုံးပဲ။
သဘောကျလို့ အော်ရီနေမိတယ်။
:D
ကျွန်တော်ရေးဖို့ အကြိမ်ကြိမ် စဉ်းစားပြီး မရေးဖို့ အခါခါ တားမြစ်ခဲ့တဲ့ ဖုန်းရွှေပညာအကြောင်း အခုလို စုံစုံလင်လင် ဖတ်ခွင့်ရတာ ကျေးဇူးတင်ပါတယ်။ ဒီပို့စ်ရဲ့ နောက်ဆက်တွဲတွေကို ဆက်မျှော်မိပါတယ်။ တခါမှ ဒီဘလော့ဂ်ကို မရောက်ဖူးပါဘူး။ ကိုအောင် ( ပျူနိုင်ငံ )ကတစ်ဆင့် ခေါင်းစဉ်ကို စိတ်ဝင်စားရာက ရောက်လာတာပါ။ ဒီပို့စ်မှာ ကိုသက်ပိုင်သူက အင်နဲ့ ရန်လို့ ရေးထားတာ တွေ့ရတယ်။ ဆရာဟိန်းလတ်၊ ဆရာသက်လုံနဲ့ တခြားသော ဆောင်းပါးရှင် စာရေးဆရာကြီးတွေက ယင်နဲ့ ယန်လို့ ရေးခဲ့တာ တွေ့ရပါတယ်။ အသံထွက်ကတော့ ကျွန်တော်လည်း တရုတ်လူမျိုး မဟုတ်လို့ မဝေဖန်နိုင်ပါဘူး ပြီးတော့ သိပ်လည်း အရေးကြီးမယ် မထင်မိပါဘူး။ အနှစ်က ပညာပါ။ ထုပ်တန်းအောက်မှာ ထိုင်ရင်.. ဘာဖြစ်တယ်၊ လေးထောင့်စားပွဲစွန်းက ကိုယ့်ဆီထိုးထားရင် .. ဘာဖြစ်တယ်.. စတဲ့ အယူအဆတွေကို ဆက်လက်တင်ပြပေးမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာအင်တာနက်လောကမှာ ဖုန်းရွှေဆောင်းပါးကောင်း မတွေ့မိခဲ့ပါဘူး။ ကိုယ်တိုင်လည်း ရေးဖို့ လက်တွန့်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို တင်ပြလာတာကို လုံးဝ..ကြိုဆိုပါတယ်ဗျာ။ လေးစားစွာ.. ( YoungGun )
အသေးစိတ်တွေကို ဆက်ရေးမယ်ဆိုတာ သိရတော့ ဝမ်းသာပါတယ်။ ဆက်လက်ရေးဖို့လည်း တိုက်တွန်းပါတယ်။ အရပ်မျက်နှာပေါ် အခြေခံတဲ့ တရုတ်တွေရဲ့ ပညာကို မကြာခဏလက်ပွန်းတသီး ရှိနေပေမယ့် အချက်အလက် မဆုံလင်သေးတာမို့ ရေးမယ်ဆိုတာ စိတ်ကူးအဆင့်မှာပဲ ရပ်တန့်နေခဲ့တာ များပါတယ်။ ပြီးတော့ ဒီပညာရပ်နဲ့ ပတ်သက်ပြီး မြန်မာစာပေနဲ့ သိပ်များများစားစား မဖတ်ဖူးသေးပါဘူး။ အထူးသဖြင့် အင်တာနက်လောကမှာပါ။
ခင်မင်စွာဖြင့်
အုပ်စိုး
အိန္ဒိယ က ၀ါစတုသျှတ္တရ ကနေဆင်းသက်လာတယ် လို့ မှတ်ဖူးပါတယ်။ အနောက်ကို ပညာရှာထွက်လာတဲ့ တရုတ်ပညာရှိ က ၀ါစတုဂုရု ဆီက ပညာလေ့လာသင်ယူ ပြီး တရုတ်မှုပြုထား တယ်ဆိုပါတယ်။
Yeah, I learned Feng Shui too ! coz I love to learn those kinda subjects, such as FS, Tarot,I Ching, etc .. I have lots of books about FS and read them but I didn't do what they say :)
may be that's why I am still nothing ... :)))
မမနော်ရေ.... ကျွန်တော်လည်း အခု I Ching အကြောင်းလေ့လာနေတယ်...း)
ကျေးဇူးအရမ်းတင်ပါ သက်ပိုင်သူ ရေ။ အစ်မတို့ ရုံး မှာ စီးပွားရေးကောင်းစေဖို့ ချိတ် ထား တဲ့ အဆောင်လေး တွေရဲ့ အဓိပ္ပါယ် ကို အခု သိရပြီ မို့ လို့ ပါ။ အသေးစိတ် ကို ဖတ်ဖို့ စောင့် နေပါ တယ်။
ဟင် တည်မြဲလား
ကိုယ်ကတော့ သန့်ရှင်းပဲ
ဖဆ နဲ့ပလ ကိုကော ဘယ်လိုပြောမလဲ
နောက် တခုက
ဝိုင်အမ်ဘီအေ နဲ့ ဂျီစီဘီအေ
ဂျပန် နဲ့မဟာမိတ်
ခိခိခိ
ဖုန်းရွှေဖတ်ပြီး အတော်သဘောကျပါတယ်... အသေးစိတ်လေးတွေလည်း အချိန်ရရင် ရေးပေးပါအုန်း...
လေးစားစွာဖြင့်
ကိုမင်း
ကျေးဇူးအရမ်းတင်ပါတယ် ကိုသက်ပိုင်သူ။
ကျွန်တော်လည်းဖုန်းရွှေနဲ.ပတ်သက်တာကိုသေချာသိချင်နေတာ။ ဗဟုသုတမျှဝေတာကျေးဇူးနော်။
http://www.younggun.co.cc/2010/07/blog-post.html
Terrific work! This is the type of information that should be shared around the web. Shame on the search engines for not positioning this post higher!
ကျေးဇူးပါဗျာ။ အခုမှဘဲ ဖုန်းရွှေအကြောင်းသိပါတော့တယ်။
ကျွန်တော်သိတာလေး တစ်ခုပြောချင်ပါတယ်။ အိမ်ထဲမှာ တိုင်ကပ်နာရီထားတာနှင့်ပတ်သက်လို့....
အသိတစ်ယောက်ကပြောဖူးတယ်။ နာရီကိုဘယ်တော့မှ အိမ်ရှေ့မျက်နှာစာနှင့် ကျောခိုင်းမထားပါနဲ့တဲ့။ အိမ်ရှေ့ကဝင်လာရင် တွေ့နိုင်မယ့် တည့်တည့်တွင်
ထားပါလို့ပြောပါတယ်။ နောက်တစ်ခုက....
ကိုယ်အိပ်တဲ့နေရာအပေါ်မှာ နှစ်ထပ်အိမ်ဆိုရင် သိသာပါတယ်။ တချို့အိမ်တွေမှာ မျက်နှာကျက် မကပ်ထားပါဘူး။ ကိုယ်အိပ်နေတဲ့ပေါ်တည့်တည့်တွင် တုန်ခေါ်မလား ဆင့်ခေါ်မလား မပြောတတ်ပါဘူး ကိုယ်ပေါ်တွင် ကန့်လန့်ဖြတ်ဖြစ်မနေစေနဲ့... ကန့်လန့်ဖြတ်ဖြစ်နေရင်တော့ အိပ်မပျော်တာတွေ အိပ်မက်ဆိုးမက်တာတွေဖြစ်နိုင်တယ်။ ကျန်းမာရေလည်း ထိခိုက်နိုင်တယ်ပြောတယ်။ သိတာလေးမျှဝေတာပါ။ အကိုလည်းဆက်လက်လေ့လာအောင်မြင်နိုင်ပါစေ။ ဆက်လည်းရေးပါဦးလို့....
Post a Comment