မော်တင်စွန်း ဆင်းဖို့ ကျွန်တော်တို့အားလုံး မနက်၅နာရီခွဲလောက် ထရပါတယ်။ ပွဲတော်ရက်မဟုတ်တော့ မော်တင်စွန်း သွားမယ့်လူတွေလည်း သိပ်မရှိသေးပါဘူး။ ပုံမှန်အားဖြင့် ပုသိမ်ကနေ ခမောက်မှော်အထိ သဘောင်္စီးရပါတယ်။ ခမောက်မှော် ရောက်မှ ကား ဒါမှမဟုတ် ဆိုင်ကယ်ကယ်ရီ စီးရပါသေးတယ်။ ကျွန်တော်တို့ကတော့ ချောင်းဝရွာကနေ စက်လှေ စီးလုံး ငှားလိုက်တယ်။ စက်လှေက လူအယောက် ၂၀ဆယ်လောက်ဆန့်တယ်။ အဲဒါနဲ့ပဲ ကျွန်တော့်အမက လမ်းမှာ တွေ့တဲ့ သူ့အသိတွေကို ၀င်ခေါ်လိုက် စောင့်ခေါ်လိုက်နဲ့ ချောင်းဝကနေ မနက် ၇နာရီမှ ထွက်ဖြစ်တယ်။
ပထမတော့ ပင်လယ်ဘက်ကနေ ထွက်မောင်းမလို့ပါပဲ။ နောက်တော့ တစ်ခုခုဖြစ်မှာစိုးတာနဲ့ ဟိုင်းကြီးကျွန်းနားကနေ ဖြတ်ပြီး အတွင်းဘက်ကနေ မောင်းရတယ်။ လမ်းမှာလည်း နာဂစ်တုန်းက ပျက်စီးသွားတဲ့ ဒီရေတောတွေကို ပြန်စိုက်ထားတဲ့ ဓနိပင်သေးသေးလေးတွေကိုလည်း တွေ့ရတယ်။ အမရဲ့ သူငယ်ချင်းတွေက အရင်တုန်းက အိမ်ခြေတွေနဲ့ တော်တော်စည်ခဲ့တဲ့ ရွာတန်းတွေကိုလည်း လက်ညိုးထိုးပြတယ်။ အခုတော့ အဲဒီနေရာတွေမှာ သစ်တိုင်ငုတ်စိလေးတွေပဲ ကျန်တော့တယ်။
တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ကို တင်လာတဲ့ စက်လှေက ခေမောက်မှော်ကို ရောက်လာတယ်။ ရောက်ရောက်ချင်း ကယ်ရီဆိုင်ကယ်တွေက ဖွေးကနဲ ရောက်လာတယ်။ ပထမတော့ ကားစီးလုံး ငှားပြီး သွားမလို့ပါပဲ။ ကိုယ်တွေအုပ်စုက ၁၂ယောက်ကိုး။ ဒါပေမယ့် ပွဲတော်ရက်မဟုတ်တော့ ကားတွေမရှိသေးဘူး။ အဲဒါနဲ့ပဲ ဆိုင်ကယ်တစ်စီးကို မောင်းတဲ့လူ အပါအ၀င် သုံးယောက်တင်ပြီး စီးခဲ့ရတယ်။ မော်တင်စွန်းနားရောက်လာတော့ ရှုခင်းက အရမ်းလှလာတယ်။ ဆိုင်ကယ်တွေအားလုံးကလည်း တတီတတန်းကြီး ပင်လယ်သဲသောင်စပ်ကနေ မောင်းကြတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။
ဘုရားပေါ်ရောက်တော့ လူကအတော့်ကိုရှင်းတယ်။ ဟိုးတစ်ခါ ပွဲတော်ရက်လာရတဲ့အချိန်မှာလို အလုအယက်မဖူးရဘူး။ နေက မြင့်နေတော့ အပူရှိန်တော့ ရှိတာပေါ့။ ဒါပေမယ့် ဆောင်းတွင်းဆိုတော့လည်း အဲဒီလောက်ကြီး မပူသေးပါဘူး။ ဘုရားကန်တော့။ ပြီးတော့ အုတ်လှေကားလေးတွေအတိုင်း ဆင်းပြီး ဖောင်တော်ဦး ဘက်ကို ဆင်းဖူးကြတယ်။ နောက်တော့ ကျောက်ဆောင်တွေဘက်သွားပြီး ဓါတ်ပုံတွေရိုက်ကြတယ်။ အမနဲ့ သူ့သူငယ်ချင်းတွေကတော့ ကျောက်ပွင့်တွေ ကောက်ကြတယ်။ ကျောက်ပွင့်ညိုညိုလေးတွေက ကျောက်ဆောင်တွေကြားမှာ ဖွေးနေတာပဲ။ ငါးသေးသေးလေးတွေကလည်း အုံလိုက်ကျင်းလိုက် ကူးနေကြတယ်။ ရေက ကြည်စိမ်းနေတော့ အတိုင်းသားမြင်ရတယ်။ ကျောက်ဆောင်တွေဘက်နေ မော်တင်စွန်းဘုရားကို လှမ်းမျှော်ကြည့်တော့ လွမ်းစရာ အကောင်းသား။ နာဂစ်မွှေလို့ သစ်ပင်ကြီးတွေတောင် မရှိတော့ဘူး။ အုန်းပင်လေးတွေပဲ ကျိုးတိုးကျဲတဲ ကျန်ခဲ့တယ်။
ပင်လယ်ကမ်းချေဘက်ကနေ လမ်းလျှောက်ပြီး အနီးအနားကတောင်ထိပ်ဘုရားတွေပေါ် လျှောက်လည်ကြတယ်။ သိကြားတောင်ရောက်တော့ ပူလိုက်တာ ပြောမနေနဲ့။ ဗိုက်ကလည်းဆာ။ ရေလည်း ငတ်တာနဲ့ တစ်အုပ်စုလုံး စားသောက်ဆိုင်ကို ပြေးခဲ့ရတယ်။ စားသောက်ဆိုက်တွေ ဘိလိယက်ထိုးဆိုင်တွေတော့ အများကြီးပဲ။ ပွဲတော်ရက်ဘုရားဖူးတွေမလာခင် နီးစပ်ရာ စက်လှေတွေ သဘောင်္တွေကနေ သဘောင်္သားတွေ တက်လာကြတော့ သူ့နည်းသူ့ဟန်နဲ့ စည်နေတုန်းပါပဲ။
စားသောက်ပြီးတော့ ခမောက်မှော်ကို ပြန်။ အဲဒီစက်လှေနဲ့ပဲ ဟိုင်းကြီးကျွန်းကို ထွက်လာကြတယ်။ ဟိုင်းကြီးကျွန်းရောက်တော့ ကျွန်တော်ရယ်၊ အမသူငယ်ချင်းတစ်ယောက်ရယ် ဆင်းပြီး ဆိုင်ကယ်ငှားပြီး တက်လည်ကြတယ်။ အမတို့တစ်သိုက်ကတော့ စက်လှေနဲ့ပဲ ဟိုင်းကြီးကျွန်း အဓိကဆိပ်ကမ်းကို ဆက်သွားကြတယ်။ ကျွန်တော်တို့နှစ်ယောက်က သူ့တို့ကို အဲဒီဆိပ်ကမ်းမှာ ဆုံကြမယ်ဆိုပြီးတော့လေ။ လမ်းမှာ ငမန်းအရေခွံတွေ့တော့ ဆင်းဝယ်ကြတယ်။ ငါးမန်းအရည်ခွံကလည်း ဟိုင်းကြီးကျွန်းမှာပဲ ရတယ်။ အရင်တုန်းက ပင်လယ်လိပ်ဥတွေကိုလည်း ဒီမှာပဲ ၀ယ်ရတယ်။ အခုတော့ ၀ယ်လို့မရတော့ဘူး။ ရှားပါးလိပ်တွေကို ထိန်းသိမ်းဖို့အတွက် ဘယ်သူမှ လိပ်ဥတွေ ၀ယ်တာ ရောင်းတာ လုပ်ခွင့်မပေးတော့ဘူး။
ဟိုင်းကြီးကျွန်းကနေ ပြန်လာတော့ ညနေခင်းဖြစ်နေပြီ။ ပင်လယ်ဝဆိုတော့ ညနေဆိုတော့ လှိုင်းကြီးတယ်။ ကျွန်တော်တို့တင်လာတဲ့ စက်လှေလေးက လှိုင်းလုံးတွေကြားမှာ မြောက်ခနဲပဲ။ ဒီလိုနဲ့ပဲ ဘေးမသီရန်မခဘဲ ချောင်းဝကို ပြန်ရောက်လာတယ်။ နောက်တစ်နေ့မနက်ကျတော့ ပုသိမ်ဘက်ကို ပြန်ခဲ့တယ်။ ကျွန်တော့် ခြေက ပုသိမ်မှာ ရပ်မနေဘူး။ ငွေဆောင်ဘက်ကို ခြေဦးလှည့်လိုက်သေးတယ်။

မနက်ဘက်စောစောထပေမယ့် ဟိုလူစောင့် ဒီလူစောင့်နဲ့ နောက်ကျသွားတယ်။ ကျွန်တော်တို့စီးတဲ့ စက်လှေလေးပေါ့။

12 ယောက်ကဒီလိုမြင်တယ်တဲ့...:
အိမ်လွမ်းသွားပြီဗျို့ ...
ဒီကပုသိမ်ကနော်...
အလွမ်းပြေလေးပေါ့...
များများလေးလည်ပြီးများများလေးရိုက်ခဲ့ ပေးပါ...
ဖတ်ရတာ....ပုသိမ်မှာ ကျောင်းတက်တုန်းကအချိန်ကို လွမ်: လိုက်တာ ကိုပိုင်ရေ...
(ကျွန်တော်တို့မောင်နှမ ၁၀ယောက်မှာ တစ်ယောက်ချင်းစီမှာ စိတ်ဝင်စားစရာ ဘ၀ဇာတ်ကြောင်းလေးတွေ ရှိတယ်ဗျ။ အားလုံးက ချစ်သူကို ယုံစားတတ်ကြလွန်းလို့ မှားတတ်ခဲ့ကြတယ်။ သူလည်း အပါအ၀င်ပေါ့လေ။)
အဲဒီထဲမှာတော့ကိုပိုင်က Different ပါ ကိုပိုင်ကိုယုံစားလွန်းလို့ မှားတယ်ဆိုတာပဲရှိမှာပါ ဟီ:ဟီ:
ငါးမန်းအရေခွံကဘာလုပ်လို့ရလဲဟင်။
ပိုစ့်တွေ အတွက်ကျေးဇူးပါ။ အရမ်းသဘောကျတယ်
correct zarni. :P
ပျော်စရာကြီးပဲ သက်ပိုင်ရေ
ဒုတိယပုံလေးကလှလိုက်တာ။
သဲသောင်လေးနဲ့
လွမ်းမောစိတ်ကူးယဉ်ချင်စရာနေရာလေး
love to read such a travel post with beautiful photos.
Thanks for sharing.
မော်တင်စွန်းကို (၂)ခေါက်ရောက်ဖူးတယ်။ မမေ့နိုင်တဲ့အတွေ့အကြုံတွေသိမ်းထားနိုင်ခဲ့တယ်။ နောက်တစ်ခေါက်သွားခွင့် ကြုံချင်သေးတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်ကရေလမ်းခရီး
ကြောက်တက်တော့ သုံးထပ်ကောင်ကြီးတွေနဲ့
သွားတာတောင် ဟိုင်းကြီးနား ပင်လယ်ဝရောက်ရင် အရမ်းလန့်တာ။ ရှပ်ပြေးနဲ့သွားတုံးကလည်း ကြောက်တာပဲ။ :D
ဓါတ်ပုံတွေကောင်းလိုက်တာ-
ငါလည်းသွားချင်တယ်-
ပျော်စရာကြီးနော်-
Do you people have a facebook fan page? I looked for one on twitter but could not discover one, I would really like to become a fan!
ကျွန်တော့် အီးမေးလ် thetpaingthu3@gmail.com
နဲ့ ဖေ့ဘွတ်မှာ ရှာလို့ရပါတယ်ဗျာ.. ကျေးဇူးတင်ပါတယ်
သက်ပိုင်သူရေ..
ဧရာဝတီတိုင်းသူဆိုတော့..အသံကြားတာနဲ့ အရမ်းလွမ်းနေမိတာ..အလုပ်တွေရှုတ်နေတာနဲ့ သွားလည်းမသွားနိုင်ဆိုတော့လေ..အလွမ်းပြေဖတ်ရတဲ့အတွက် ကျေးဇူးအများကြီးပါ...
Post a Comment