မြန်မာပြည့်ပြန်ရောက်ရင် တောင်ကြီးသွားမယ် အင်းလေးသွားမယ်လို့ စိတ်ကူးခဲ့ပေမယ့် အတူသွားမယ့် သူငယ်ချင်းတွေက ခွင့်ရက်ရှည် မရတာနဲ့ မသွားခဲ့ဖြစ်ခဲ့။ မမျှော်လင့်ဘဲ ချောင်းဝမှာရှိတဲ့ ကျွန်တော်အမသူငယ်ချင်း ဆုံးတာနဲ့ နာရေးကိစ္စသွားဖို့ အမနဲ့ အဖော်လုပ်ရင်း ရောက်ခဲ့တယ်။
ကျွန်တော်မွေးတဲ့ နေရာကို ချောင်းဝလို့ခေါ်ခေါ် ပြင်ခရိုင်ချောင်းဝလို့ပဲ ခေါ်ခေါ် အဲဒီဒေသမှာ ထင်ရှားတဲ့နေရာလေးပါ။ ဟိုင်းကြီးကျွန်းရဲ့ တစ်ဖက်ကမ်းမှာ ရှိတဲ့ရွာလေးပါ။ အရင်တုန်းကတော့ ငပုတောမြို့လက်အောက်ခံရွာလေးပေါ့။ ရွာသာဆိုတယ် အိမ်ခြေ ၅၀၀လောက်ရှိပါတယ်။ နာဂစ်ဖြစ်ပြီး နောက်ပိုင်းကြတော့ လပွတ္တာမြို့အောက်ကို ရောက်သွားပါတယ်။
ကျွန်တော်အဲဒီမြို့လေးကို ရောက်ဖို့ ရန်ကုန်ကနေ ပုသိမ်သွားတဲ့ လေအိပ်ကားတွေ စီးရတယ်။ လေအိပ်ဆိုပေမယ့် အဲကွန်းလေအိတ် မဟုတ်ပါဘူး။ သဘာဝလေအိတ်ပါ။ ပုသိမ်မြို့ထဲ ၀င်မှ အဲကွန်းဖွင့်ပါတယ်။ လမ်းတစ်လျှောက်ကတော့ ၁၂လရာသီ ကားလမ်းပြင်နေတော့ လမ်းကြမ်းပါတယ်။ ၃နာရီလောက်ပဲ ကြာတဲ့လမ်းကို ၆နာရီနီးပါးလောက် မောင်းရပါတယ်။
ချောင်းဝကို တိုက်ရိုက်မရောက်ပါဘူး။ ပုသိမ်မှာ တစ်ညအိပ်။ နောက်တစ်နေ့မနက်၅နာရီကျတော့ ချောင်းဝသွားမယ့် သဘောင်္စီးရပါတယ်။ ကုန်တွေ လူတွေ တင်ထားတော့ စီးရတာ သက်တောင့်သက်တာ မရှိလှပါဘူး။ အခန်းငှားပြီး စီးလို့ရမယ့် ရှပ်ပြေးသဘောင်္တွေ ရှိပေမယ့် ဟိုင်းကြီးကျွန်းအထိပဲရောက်ပါတယ်။ ချောင်းဝကို စက်လှေဆက်စီးရပါတယ်။ စက်လှေတွေက ညနေဆို မရှိပါဘူး။ ပင်လယ်ဝဆိုတော့ လှိုင်းကြီးတာကိုး။ မနက်၆နာရီ သဘောင်္စထွက်ပါတယ်။ ငပုတောကို ဖြတ်ပြီး နေ့လည် ၃နာရီ ချောင်းဝကို ရောက်ပါတယ်။
ချောင်းဝရောက်တော့ တည်းစရာအိမ်တွေ တော်တော်များပါတယ်။ ဘာလို့လည်းဆိုတော့ ဖေဖေကြောင့်ပါ။ ဖေဖေက အလယ်တန်းကျောင်းအုပ်အနေနဲ့ ချောင်းဝရွာမှာ ၁၉၇၄ကနေ ၁၉၈၄ထိ တာဝန်ထမ်းခဲ့တော့ တစ်ရွာလုံး ဖေ့ဖေ့တပည့်ချည်းကိုး။ အဲဒီကျောင်းလေးကို ၁၉၅၂လောက်မှာ ထူထောင်ခဲ့တာတဲ့။ ဖေဖေ့လက်ထက်ထိ ရှစ်တန်းအထိပဲ ကျောင်းတက်လို့ရတယ်။ အထက်တန်းကို ပြင်ခရိုင်မှာ သွားတက်ရတော့ ကျောင်းသားတွေအတွက် အချိန်ကုန်တယ်။ လူပမ်းတယ်။ အောင်ချက်လည်းနည်းတယ်။ ရွာက ဆရာတွေပြောပြတာတော့ ဖေဖေက ကျောင်းပြီးသွားတဲ့ကျောင်းသားတွေကို ခေါ်ပြီး ရွာမှာပဲ ၉တန်း ၁၀တန်းတွေအတွက် လုပ်အားပေး သင်ခိုင်းတော့ အောင်ချက်တွေ တက်လာတယ်။ အဲဒီကနေ အောင်တဲ့ လူတွေက အခုထက်ထိ အဲဒီကျောင်းလေးမှာပဲ ဆရာ ဆရာမတွေ လုပ်နေတုန်းပါပဲ။
ကျွန်တော်ရောက်သွားတော့ ကျွန်တော့်မွေးခဲ့တဲ့ အိမ်လေးကို ကြည့်ချင်တယ်။ ချက်ကြိုးမြှပ်ခဲ့တဲ့နေရာလေးလေ။ ဒါပေမယ့် အခုတော့ မရှိတော့ဘူး။ မနှစ်ကပဲ ဖျက်ပြီး ကျောင်းဆောင်သစ်ဆောက်လိုက်သတဲ့။ အရင်တုန်းက ကျောင်းဝင်းထဲမှာ ကျွန်တော်တို့အိမ်ရယ်။ ဆရာဦးစိုးမြင့် အိမ်ရယ်လို့ ရှိတယ်။ အဲဒီအိမ်နှစ်အိမ်က ကျွန်တော့်မေမေနဲ့ ဆရာဦးစိုးဖြင့် ဇနီးရယ်က အမြဲတမ်း မီးဝင်မီးထွက် ရှေ့ဆင့်နောက်ဆင့်လေ။ ကျွန်တော်တို့မောင်နှမတွေက ၁၀ယောက်၊ ဆရာဦးစိုးမြင့်တို့ကလည်း ကျွန်တော်တို့မိသားစုလောက်ဆိုရှိပါတယ်။ ကျွန်တော်တို့မောင်နှမတွေကလည်း တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ပဲ ကွာတယ်။ ဖေဖေက ဘယ်ကျောင်းရောက်ရောက် စားပင်သီးပင် အကုန်စိုက်တယ်။ ကျောင်းဝင်းထဲမှာ ဖေဖေစိုက်ထားတဲ့ သရက်ပင်ဆို အသီးတွေ ပြွတ်နေတာပဲတဲ့။ ဒါပေမယ့် ဘယ်သူမှ မခူးစားရဲဘူး။ အသီးတွေအောင်သလို လူလဲအောင်မှာစိုးလို့တဲ့လေ။ အခုတော့လည်း ဖေဖေစိုက်ထားတဲ့ သရက်ပင်တွေ အုန်းပင်တွေ နာဂစ်ဒဏ်ကြောင့် ကုန်ပြီ။
နာဂစ်တုန်းက ချောင်းဝရွာလေးမှာ အသေအပျောက်နည်းပါတယ်။ ဘုန်းကြီးကျောင်းတွေနဲ့ ဖေဖေတာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းတွေမှာ အချိန်မီတက်ပုန်းတော့ လွတ်သွားပေမယ့် ရွာနီးစပ်တွေကတော့ သောက်သောက်လဲသေကြတယ်။ နောက်တစ်နေ့ကျတော့ ချောင်းဝရွာက အောက်သောင်လို့ခေါ်တဲ့ ကမ်းခြေမှာ အလောင်းတွေကို ထပ်လို့။ အရင်တုန်းက အောက်သောင်သဲသောင်စပ်က တော်တော်ကျယ်ပါတယ်။ အခုတော့ ကျဉ်းကျဉ်းလေးဖြစ်သွားပြီး ကမ်းခြေတစ်လျှောက် ဆောက်ထားတဲ့ အိမ်တန်းနှစ်တန်းက ကုန်သွားပါပြီ။ ကျွန်တော်တို့ အောက်သောင်မှာ ညနေဘက်ရေကူးတော့ နည်းနည်းပါးပါးကျန်သေးတဲ့ အိမ်တိုင်ငုတ်တွေနဲ့ ခိုက်မိမှာစိုးလို့ သတိထားကူးရသေးတယ်။
အောက်သောင်ကပျက်သွားတဲ့ အိမ်ခြေတွေအတွက် ရွာအတွင်းပိုင်းမှာ စီစီရီရီပြန်ဆောက်ထားပေးပါတယ်။ အိမ်နံပါတ်လေးတွေ ပိုင်ရှင်နာမည်လေးနဲ့ စနစ်ကျကျဆောက်ထားတော့ မဆိုးလှပါဘူး။ အရင်တုန်းကတော့ အုန်းပင်တွေဝါးပင်တွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းနိုင်ပေမယ့် အခုတော့ ကျိုးတိုးကျဲတဲပါပဲ။ အုန်းပင်တွေကလည်း နာဂစ်ရဲ့ လေတိုးတဲ့ဒဏ်ကြောင့် လေတိုက်တဲ့ ဘက်ကို တညီတည်းယိမ်းနေကြတယ်။ အုန်းပင်တစ်ချို့ကလည်း ထိပ်တွေပြတ်လို့။ ဒါပေမယ့်လှဆဲပါပဲ။
တည်းမယ့်အိမ်ရောက်တော့ ပုစွန်နဲ့ ပင်လယ် ဂဏမ်းတွေနဲ့ ညစာစားရတယ်။ ချဉ်ပေါင်ရွက်နဲ့ ကန်စွန်းရွက်နဲ့ ရောစပ်ချက်ထားတဲ့ ဟင်းလှော်ဆိုတာကလည်း အရမ်းကောင်းပါတယ်။ တည်းတဲ့အိမ်ကလည်း ကျွန်တော်စောစောက ပြောပြတဲ့ ဆရာဦးစိုးမြင့်တို့အိမ်ပါပဲ။ သူတို့တောင် ကျွန်တော်ကြိုက်တဲ့ ခက်တဲ့ (ရန်ကုန်အခေါ် ပြည်ကြီးငါး)နဲ့ ငါးဆစ်စလီခြောက် (ရခိုင်အခေါ် ငါးနီထူခြောက်)တွေ ရှားပါးကုန်လို့ ကျွန်တော့်ကို ချက်မကျွေးနိုင်ကြတော့ပါဘူး။ ကျွန်တော့်အမတွေကတော့ အဲဒီရွာကို ခဏခဏအလည်သွားကြတယ်။ အလည်သွားတိုင်း ငါးတွေ ပုစွန်တွေကို ပိဿာလိုက် စားကြရတယ်။ ရွာမှာလည်း ဧည့်သည်လာရင် ပုစွန်ခြောက်နဲ့ပဲ ဧည့်ခံကြတယ်။ အခုတော့လည်း အကုန်လုံးက တခြားဆီဖြစ်သွားပါပြီ။ နာဂစ်ဖြစ်ပြီးနောက်ပိုင်း ပုစွန်မပြောနဲ့ ငါးဆိုတာ ဘယ်လိုနေမှန်း မသိတော့ဘူး။ အတော်ရှားကုန်တယ်။ ဒေသခံလူတွေတော်တော်များများ တော်တော့်ကို နလံမထူနိုင်ကြသေးဘူး။ ဒီကြားထဲ နှစ်လုံးထီနဲ့ ချဲကလည်း ထောင်းသေးတယ်။ တစ်ချို့ရက်တွေဆို နှစ်လုံးထီ ၃ခါထွက်တဲ့နေ့တွေတောင် ရှိသေးတယ်။
အရင်တုန်းကတော့ ဆူနာမိကယ်ဆယ်ရေးတွေ လုပ်တာ သုံးလေးနှစ်တောင်ကြာတယ်ဆိုတာ သိပ်မယုံမိဘူး။ အခုလက်တွေ့ကျမှ ယုံမိတယ်။ နာဂစ်မိထားတဲ့ ချောင်းဝရွာလေးက အရင်လို ပြန်ဖြစ်ဖို့ သုံးလေးနှစ်လောက်တော့ အချိန်ယူရဦးမယ်။ အခုလောလောဆယ်တော့ တံငါလုပ်ငန်းထက် လယ်ယာလုပ်ငန်းတွေဘက်ကို အရှိန်ယူနေကြတယ်။ တစ်ခုကောင်းတာကတော့ ရွာလေးမှာ အစိုးရက စက်မှုလက်မှုအထက်တန်းကျောင်း ဖွင့်ဖို့ အသစ်ဆောက်နေတာ တွေ့ခဲ့ရတယ်။ ကျောင်းလေးပြီးသွားရင်တော့ ရွာရဲ့ စီးပွားရေးကတော့ တစ်နည်းတစ်ဖုံ နာလန်ပြန်ထူလာမယ်လို့တော့ ထင်မိတယ်။ ဒါပေမယ့်လည်း အဲဒီရွာလေးဆောက်ဖို့ အသိမ်းခံလိုက်ရတဲ့ လယ်ပိုင်ရှင်တွေကတော့ သနားစရာကောင်းပါတယ်။ အဖွားကြီးတစ်ယောက်ဆို သူ့လယ်တွေအသိမ်းခံရပြီးနောက်ပိုင်း သူ့အိမ်နားမှာ ငုတ်တွေလာစိုက်ပြီဆို ထထကြည့်ရတာအမောတဲ့။ နောက်ထပ်မြေတွေပါသွားမှာ စိုးလို့တဲ့လေ။
နောက်တစ်နေ့မနက်ကျတော့ ကျွန်တော်တို့တွေ ဆိုင်ကယ်တွေ ငှားပြီး နာမည်ကြီးတဲ့ ကျောက်ကလပ်ဘက်ကို သွားကြတယ်။ ရွာမှာ စက်ဘီးဘယ်သူမှ မစီးကြတော့ဘူး။ ဆိုင်ကယ်ကလည်း သုံးလေးငါးသိန်းဆိုတော့ ၀ယ်စီးတဲ့သူများပါတယ်။ ကျောက်ကလပ်ကိုသွားတော့ လမ်းမှာ ပြင်ခရိုင်ကို ဖြတ်သွားရသေးတယ်။ ကျောက်ကလပ်မရောက်ခင် ရှင်စောပုဘုရားကို ၀င်ဖူးကြတယ်။ ရှင်စောပုဘုရားကနေ ကျောက်လှေကားတွေက ဆင်းလျှောက်သွားရင် တော်တော့်ကို ကျယ်တဲ့ ကမ်းခြေတစ်ခုကို ရောက်ပါတယ်။ သဲကတော့ အညိုရောင်ပါ။ ရေထဲကို အတော်လေးလျှောက်သွားတာတောင် ဒူးလောက်အထိပဲ နစ်တယ်။ လူမရှိသူမရှိ ကမ်းခြေမို့လို့လားမသိဘူး။ သဲတွေမှာ ရေညှိတွေတောင် တက်နေကြတယ်။ အရင်တုန်းက ကျောင်းသားတွေ လေ့လာရေးခရီးထွက်ကြတဲ့နေရာလေးပေါ့။ အနီးအနားမှာ ငါးဖမ်းလှေလေးတွေလည်း ရှိတယ်။
ရှင်စောပုရဲ့ ဟိုဘက်ခြမ်းမှာတော့ ကျောက်ကလပ်လို့ ခေါ်တဲ့ ဘုရားနဲ့ ကမ်းခြေရှိပါတယ်။ အရမ်းလှတယ်။ ကျွန်တော်အချစ်ဆုံးက ကျောက်လွှာတွေပေါ်မှာ ပင်လယ်ရေနဲ့ပေါက်နေတဲ့ ရေမှော်လိုလို မြက်စိမ်းစိမ်းလေးတွေပါပဲ။

8 ယောက်ကဒီလိုမြင်တယ်တဲ့...:
ပျော်ရွှင်ဖွယ် ခရီးလေးဖြစ်ခဲ့တယ်မလားး)
နာဂစ်ဒဏ်ကတော့ သက်ဆိုးရှည်နေဦးမယ်ထင်ပါရဲ့ ကြားရတာတွေက အကောင်းကို မရှိသလောက်ပါပဲ တကယ် စိတ်မကောင်းဖြစ်မိတယ်
လေးစားလျက်
တောင်ပေါ်သား
မြင်ကွင်းလေးတွေ ပုံရိပ်လေးတွေ ကြည့်တော့ နာဂစ်တုန်းက သူမဟုတ်ခဲ့သလိုပဲ.. ဒါပေမယ့် ရင်နာကြေကွဲစရာ အဖြစ်ဆိုးတွေက မေ့လို့ရမှာမှ မဟုတ်ပဲနော်..
၈၈ လောက်တုန်းကရောက်ဖူးတဲ့နေရာတွေပါ.. ဟိုင်းကြီးကျွန်းမှာ ၁နှစ်လောက်နေဖူးတယ်.. အရေးအခင်းကာလပေါ့..
ဖတ်ပြီး ကြည်နူးမှုရော ၀မ်းနည်းမှုရော ခံစားရတယ်
ချောင်းဝသို့ အလည်တစ်ခါ ရောက်ခဲ့တယ်..... :P..
အချိန်တွေကြာတာတောင် နာဂစ်လက်ကျန်တွေက မကုန်နိုင်သေးဖူးပဲ... ဒဏ်ရာကို တမင်ချန်ထားတာလား.. ကျန်နေသေးတာလား...မသိဖူးနော်...။ တစ်ချို့ဟာတွေက ရှင်းသင့်ပြီနော်... (ပျက်စီးနေတဲ့ အကြွင်းအကျန် အမှိုက်တွေကို ပြောတာပါ :D)
မော်တင်အကြောင်းလေးဆက်ပါအုံး..လွမ်းလို့ ပုသိမ်ကို...
ဖတ်ပြီး
ဘာလို့လဲ မသိ
စိတ်မကောင်း ဖြစ်မိတယ် ... !
ဖတ်ပြီးစိတ်ထည်း မှာတစ်မျိုးကြီးပဲ
Post a Comment