November 21, 2009

ကျွန်တော်၊ ရာသီဥတုနဲ့ ယောက်ျားမိန်းမ

တခါတလေ Lasalle-Sia ကျောင်းတုန်းက အကြောင်းလေးတွေ တွေးမိလျင် ရယ်လည်း ရယ်ချင်တယ်။ စိတ်ညစ်စရာတွေလည်း ပေါ်ပေါ်လာတယ်။ ဒါပေမယ့် တွေးမိလိုက်လျင်တော့ ပျော်စရာတွေက အများသား။

ကျွန်တော် Level 2 (second year) စတက်ချိန်ပေါ့။ Level 2 ရောက်မှ Interior Design ကို စသင်ရတယ်။ ပထမဆုံးစာသင်နှစ်ဝက်ကတော့ စိတ်ဝင်စရာတော်တော်ကောင်းပါတယ်။ သင်သမျှတွေက အသစ်အဆန်းတွေ ဖြစ်နေကြတာကိုး။ မှတ်မှတ်ရရ Material Board လုပ်တဲ့ အချိန်ပေါ့။ Material Board ဆိုတာ အခန်းတစ်ခုကို အလှဆင်တော့မယ်၊ ဖန်တီးတော့မယ်ဆိုရင် သုံးမယ့် အိမ်ဆောက်ပစ္စည်းတွေနဲ့ အလှဆင်ပစ္စည်းတွေရဲ့ အရောင်နဲ့ ပစ္စည်းတွေရဲ့ သဘောသဘာဝကို customerကို ပြဖို့ မာတဲ့ အရာဝတ္တုတစ်ခုခုပေါ်မှာ ကော်နဲ့ ကပ်ပြီး စီစီရီရီပြသရတဲ့ အရာတစ်ခုပါ။ များသောအားဖြင့် Contractorတွေက ကြမ်းခင်းဘယ်နေရာကို ဘယ်ကြွေပြား၊ ဘယ်သစ်သားစသည့်ဖြင့် ဖော်ပြသလိုပါပဲ။ ဒီMateril Board က ဒီဇိုင်နာတစ်ယောက်အတွက် အရေးကြီးပါတယ်။ သူ့ရဲ့ အတွေးအမြင်တွေ ဘယ်လောက်ရှိသလဲဆိုတာ Material Board ကို ကြည့်ပြီး သိနိုင်ပါတယ်။

ကျွန်တော်တို့ ကျောင်းမှာ ဆရာမSuhanက ဒိMaterial Boardနဲ့ ပါတ်သက်ပြီး အတွေးအခေါ်လေးတစ်ခု ကျွန်တော့်တို့ခေါင်းထဲကို ရိုက်သွင်းပေးခဲ့တယ်။ အဲဒါက Material Board မှန်သမျှ Artistic (အနုပညာ) ဖြစ်နေရမယ်ဆိုပြီးတော့လေ။ နောက်တော့ ခေါင်းစဉ်လေးတွေခွဲပြီး လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းတယ်။

ပထမခေါင်းစဉ်က Myselfတဲ့။ ကိုယ့်အကြောင်းကိုပေါ့။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ လူတစ်ယောက်ရဲ့ Personalityကို ဒိ Material Board တွေမှာ ဘယ်လို ဘာသာပြန်ရမှန်းမသိဘူး။ နောက်တော့ ပန်းချီပန်းပုအနုပညာနဲ့ဆိုင်တဲ့ ပစ္စည်းတွေ ရောင်းတဲ့ Bras Basah Complexမှာ ဖွင့်ထားတဲ့ Art Friend ဆိုင်မှာ လိုတာလေးတွေ သွားဝယ်ရတယ်။ ပရိုချက်တစ်ခုအတွက် တစ်ခါတစ်ခါ အ၀ယ်ထွက်ရင် စကာင်္ပူဒေါ်လာ ၂၀လောက်က အသာလေးပဲ။ ဈေးကြီးလွန်းလို့ ကျောင်းသားတွေက နာမည်ဖျက်ပြီး Art enemy လို့တောင် ခေါ်ကြသေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း အဖြူအမဲ ကတ်ထူနှစ်ခုရယ် ကျွန်တော်သဘောကျတဲ့ သံဇကာပြားလေးတစ်ချက်ကို ၀ယ်ပြီး Material Board လုပ်တယ်။ ကျောင်းက စတူဒီယိုထဲ ပြန်ရောက်တော့ ဟိုစပ်ဒီစပ် ဟိုကပ်ဒီကပ်နဲ့ လုပ်လိုက်သေးတယ်။ သံဇကာလေးကို ကွေး၊ ပြီးတော့ အလကားရထားတဲ့ ခရမ်းရောင်ငှက်မွေးလေးတွေကို အလယ်မှာ သိပ်ထည့်ပြီး အမြန်ပြိးလိုက်တယ်။

ပရိုချက်တွေ တင်တဲ့ အခါကျတော့ ဆရာမက အကောင်းဆုံးတွေ ရွေးပြီး တစ်ခုနဲ့ တစ်ခု ယှဉ်ပြ။ ဘယ်အရာက ကောင်းတယ် ဘယ်အရာက မကောင်းဘူးဆိုပြီး နှိုင်းယှဉ်ရော။ မကောင်းဘူး အပြောခံရတဲ့ လူတွေကတော့ မျက်နှာတွေ သုန်မှုန်နေတာပေါ့။ ကျွန်တော်ကတော့ အလယ်အလတ်ပါပဲ။ ဒါပေမယ့် အကောင်းဆုံးထဲမပါတော့ စိတ်ညစ်မိတယ်။ ဆရာမက ရှင်းပြခိုင်းလို့ မိမိရဲ့ Material Boardကို ရှုင်းပြရသေးတယ်။အပြင်ပန်း သံစကာက ကျွန်တော့် သွင်ပြင်လက္ခနာလိုပဲ ကြမ်းတမ်းခိုင်မာမှုရှိပြီး ငှက်မွေးလေးတွေကတော့ ကျွန်တော့်စိတ်တွေ နူးညံမှုရှိတာကို ပြချင်တာလို့ ဆိုလိုက်တော့ ဘေးနားက ကျွန်တော့် သူငယ်ချင်းတွေက Very Gay လို့တောင် ၀ိုင်းနောက်ကျတယ်။ ငှက်မွေးလေးတွေကြောင့်ပေါ့။ ဘယ်လိုပဲ စစ၊ နောက်ဆုံးတော့ အလကားရတဲ့ ငှက်မွေးနဲ့ ပရိုချက်တစ်ခု ပြီးသွားတာ ကျေးဇူးတင်ရမယ်။

Myself

နောက်ထပ်ခေါင်းစဉ်က Season ရသီဥတုတဲ့။ ဒီတစ်ခါတော့ အရင်လို Material Board တစ်ခုတည်း လုပ်လို့မရတော့။ အနည်းဆုံး သုံးခုလုပ်ရမယ်တဲ့။ ကုန်ပေါက်တွေကို တွေးမိရင်း ဦးဏှောက်ခြောက်လာပြန်ရော။ မတတ်နိုင်ပါဘူးလို့ ကိုယ့်ကိုယ်ကို ဖြေတွေးရင်း… စက္ကူဘူးတွေထဲမှာ ပိုလို့ အတိုအထွာတွေ ကောက်သိမ်းထားတဲ့ Model လုပ်တဲ့ အပိုင်းအစတွေနဲ့ ရာသီဥတု တစ်ခုချင်းစီ ဘယ်လို ဖန်တီးရရင် ကောင်းမလဲလို့ စဉ်းစားရပြန်ရော။ ကျွန်တော့်မှာ 3d Model လုပ်ဖို့ဆိုပြီး ၀ယ်စုထားတဲ့ သတ္တုပြားလေးတွေ တော်တော်များများ ရှိတယ်။ Metallic ကာလာဆို ကျွန်တော်က ကြိုက်တော့ Model လုပ်တဲ့ အချိန်မှာ တော်တော်သုံးမိတယ်။ တောက်ပြောင်နေတဲ့ သွပ်ရောင်က မိုးချိမ်းတဲ့ အခါလတ်သွားတဲ့ အရောင်မျိုးလို့ ကျွန်တော် တွေးမိတယ်။ အဲဒါနဲ့ပဲ ပါကင်ထုပ်ရင် သုံးတဲ့ ပလပ်စတစ်အဖုလေးတွေကို မိုးစက်လိုလုပ် သတ္ထုပြားနဲ့တွဲလိုက်တော့ မိုးရာသီတစ်ခု ကျွန်တော်ဖန်တီးလိုက်နိုင်တယ်။
မိုးရာသီ

ဆောင်းရာသီ

ဆောင်းရာသီကို ကျွန်တော် အပြာရောင်တစ်ခုလို့ မြင်တော့ ဆောင်းရာသီ Materal Board က အပြာရောင်လေးတွေ လွှမ်းနေပြန်ရော။ ဖော့လုံးအကြီးအသေးလေးတွေဝယ် အပြာရောင်နဲ့ အဖြူရောင်ရောပြီး ဆေးခြယ်။ နောက်ခံမှာ မြန်မာလို ဆောင်းရာသီတွေ ရေးလိုက်သေးတယ်။ ဆရာမက အဲဒါက ဘာဘာသာစကားလဲလို့ မေးလိုက်တော့ ရိုးရိုးပဲ မြန်မာစာလို့ ဖြေလိုက်တယ်။ တခါတလေ ကိုယ်လုပ်တဲ့ ပရိုချက်တွေမှာ မြန်မာနဲ့ဆိုင်တာလေးတွေ ထည့်ချင်မိသား။

နွေရာသီ

နွေဦးရာသီ
နွေဦးနဲ့ နွေရာသီကျတော့ နှစ်ခု ကျွန်တော်လုပ်လိုက်တယ်။ နွေဦးမှာ ပန်းတွေ တော်တော်ပွင့်ကြတော့ အရောင်တောက်တောက်ကာလာတွေ သုံးမိတယ်။ နွေရာသီအတွက်ကြတော့ သိပ်ပြီး ခေါင်းရှုပ်ခံစရာ မလိုတော့ဘူး။ သစ်ကိုင်းခြောက်လေးတွေ ဟိုကပ်ဒီကပ် လုပ်ပေးလိုက်တယ်။ နောက်တစ်ပတ် ပရိုချက်တွေ တင်တော့ ကျွန်တော့် ရာသီဥတုလေးတွေ ရှေ့ဆုံးမှာ နေရာယူနိုင်ခဲ့တယ်။

နောက်ဆုံးလေ့ကျင့်ခန်းနာမည်ကတော့ Gender တဲ့။ ကျားမ ပုံစံသင်္ကေတပါတဲ့ အရာနှစ်ခု ဖန်တီးရမယ်လေ။ အကောင်းဆုံး Board ကို ရွေးမယ်ဆိုလို့ ကျောင်းသားတွေ အပြိုင်အဆိုင်ဖြစ်ကုန်ကြတယ်။ တခါတလေ ဒိဇိုင်နာ တစ်ယောက်ဖြစ်ရတာ မလွယ်ပါဘူး။ အပြိုင်အဆိုင် အတွန်းအပို့တွေက တော်တော်များတယ်။ ကျွန်တော်လည်း ဒီတစ်ခါတော့ သူများထက် ထူးအောင်တော့ လုပ်ပစ်လိုက်ချင်တယ်။ သိတဲ့ အတိုင်း ကျွန်တော့် ဦးဏှောက်က မဟုတ်တယုတ်တွေဆို ဖျတ်ခနဲပဲ။ ပုလင်းကွဲတွေနဲ့ အကျီင်္ချုပ်ပြီး ကချေသည်တစ်ယောက်ကို ၀တ်ခိုင်းကခိုင်းတာမျိုးတွေပေါ့။ အခုလည်း ဒီGender အတွက် အတွေးတွေ ရနေပြန်ပြီ။ တချို့အတန်းဖော်တွေက ယောက်ျားမှန်ရင် စစ်တပ်နဲ့ဆိုင်ရမယ်ဆိုပြီး စစ်သားသုံးပစ္စည်းတွေနဲ့ လုပ်ကြတယ်။ တချို့ကြပြန်တော့လည်း မိန်းမဆန်ရင် ပန်းကြိုက်ရမယ်ဆိုပြီး ပန်းတွေနဲ့ ဒီဇိုင်းလုပ်ကြပြန်တယ်။ ကျွန်တော်ကတော့ သူများထက်ထူးပီး စဉ်းစားမိတာက ယောက်ျားတစ်ယောက်အတွက် အနီးစပ်ဆုံးဆိုတာ condom၊ မိန်းမတစ်ယောက်အတွက်ကျတော့ ရာသိသုံးပစ္စည်းပေါ့။

သတ္ထူဘူးလေးရဲ့ အပြင်မျက်နှာစာ။လူပျိုဖော်ဝင်လာတော့ ဘူးရဲ့ အပေါ်က တစ်ဝက်တစ်ပျက်ဖုံးထားတဲ့ သတ္ထုပြား အပေါက်လေးတွေကတဆင့် အထဲမှာ ဘာရှိသလဲဆိုတာ ခိုးပြီး ကြည့်တတ်လာတယ်။

အမျိုးသမီးတစ်ယောက်ကိုယ်စားပြုတဲ့ Board ကျတော့ အမျိုးသမီးတွေသုံးတဲ့ ဂွမ်းစလေးတွေကို ဖြဲဆုတ်ပြီး ပန်းပွင့်ပုံစံလေးတွေ လိုက်ဖော်လိုက်တယ်။ တော်တော့်ကို လွယ်ပါတယ်။ အမျိုးသားအတွက်ကျတော့ နည်းနည်းခက်တယ်။ အရင်လို လုပ်နေကြ ကတ်ထူစက္ကူပေါ်မှာ မလုပ်ချင်တော့ဘူး။ သတ္ထုပါးပါးလေးနဲ့ လုပ်ထားတဲ့ ဘူးလေးထဲမှာ Condom တွေထည့်ပြီး Installation Art ပုံစံလုပ်ချင်လာတယ်။ အဲဒီသတ္ထုဘူးလေးရဲ့ အဓိပ္ပါယ်ကို မြန်မာလူငယ်တစ်ယောက်ရဲ့ ဖျက်သန်းလာရတဲ့ အသက်အရွယ် အပိုင်းအခြားအပေါ်မှာ မူတည်ပြီး လွိင်နဲ့ ပါတ်သက်တဲ့ အသိပညာတွေပေါ့။ ဘူးရဲ့ အောက်ခြေကို အလုံပိတ်ထားလိုက်တယ်။ အဲဒီအောက်ခြေက ကြည့်ရင် ဘူးထဲမှာ ဘာရှိလဲဆိုတာ မသိနိုင်ပါဘူး။ အဲဒါက အမျိုးသားတစ်ယောက်ရဲ့ ဘ၀ပါပဲ။ ငယ်စဉ်မှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေက လွိင်နဲ့ ပါတ်သက်တာကို ရှက်စရာတစ်ခုလို့ မြင်တတ်ကြတယ်။ အရာရာကို ဖုံးတတ်ဖိတတ်ကြတယ်။ လူပျိုဖော်ဝင်လာတော့ ဘူးရဲ့ အပေါ်က တစ်ဝက်တစ်ပျက်ဖုံးထားတဲ့ သတ္ထုပြား အပေါက်လေးတွေကတဆင့် အထဲမှာ ဘာရှိသလဲဆိုတာ ခိုးပြီး ကြည့်တတ်လာတယ်။ သူတို့မြင်နေရတာတွေက မှန်ထဲမှာ မြင်နေတဲ့ အရိပ်(ကွန်ဒုံး)တွေလိုပါပဲ။ သြော်… ဒါလားဆိုတဲ့ အတွေးပေါ့။ မှန်ထဲမှာ ထင်နေသလို ကိုယ့်ရဲ့ Sexual orientation က ဘာလဲဆိုတာ ကွဲကွဲပြားပြား မသိသေးတဲ့ အချိန်လေ။ ဘူးရဲ့ ဘေးဘက်အကာလေးကြတော့ ဘာသတ္ထုပြားမှ မကာထားဘူး။ အထဲက လေနဲ့ မှုတ်ထားလို့ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ကွန်ဒုံးတွေကို အရှင်းသား မြင်နေရတယ်။ ဒါဟာ အရွယ်ရောက်လာတဲ့ အမျိုးသားတစ်ယောက်ရဲ့ လွိင်နဲ့ ပါတ်သက်တဲ့ အရာပါပဲ။ အဲဒီအရွယ်မှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြက်ပြက်သားသား မြင်နေရတဲ့ သဘော၊ လုပ်ပိုင်ခွင့် ရှိလာတဲ့ သဘောပါပဲ။

မှန်ထဲမှာ ထင်နေသလို ကိုယ့်ရဲ့ Sexual orientation က ဘာလဲဆိုတာ ကွဲကွဲပြားပြား မသိသေးတဲ့ အချိန်လေ။


မှတ်မိသေးတယ်။ ကွန်ဒုံးဘူးနှစ်ဘူးလောက်ကို ၀ယ်ပြီး ဒီအတိုင်း အခွေလိုက်ကလေးတွေ မသုံးချင်တော့ ကျွန်တော့် ခမျာ တစ်ညလုံး မှုတ်လိုက်ရတာ။ နှုတ်ခမ်းမှာလည်း အဲဒီက ရာဘာနံ့ အဆီတွေပေနေလို့ တစ်ညလုံး စိတ်ဖျောင့်ဖျောင့် မအိပ်လိုက်ရဘူး။ ဒါပေမယ့် အောင်မြင်တယ်လို့ ဆိုရမလားပဲ။ ကျွန်တော့်ရဲ့ Male Gender Material Board က အကောင်းဆုံးဖြစ်သွားတယ်။ ဆရာမကလည်း သဘောတွေကျလွန်းလို့ တစ်ယောက်ချင်းစီကို လက်ဆင့်ကမ်းခိုင်း သေချာကြည့်ခိုင်းတယ်။ တရုတ်မတွေက အေးဆေးပါ။ ဟန်မပျက်ဘူး။ မလေးမတွေကတော့ သူတို့လက်ထဲရောက်လာတဲ့ ဘူးကြီးကို ဆရာမကြည့်ခိုင်းလို့သာ ကြည့်ကြတယ်။ တွန့်ဆုတ်တွန့်ဆုတ်နဲ့။ ဆရာမက ပြောပါတယ်။ နင့်ရဲ့ Female Material Boardက သိပ်မကောင်းဘူး။ မိန်းမတွေ အကြောင်း နင် သိပ်နားမလည်ပါဘူးတဲ့။ ကျွန်တော်ကတော့ ခပ်ပြုံးပြုံးပါပဲ။ ဟုတ်တယ်လေ။ ယောကျာ်းပဲ။ ယောက်ျားတွေ အကြောင်းပဲ နားလည်တာ ဆန်းသလားဗျာ။

မှန်ထဲက အရိပ်

November 9, 2009

ကမ္ဘာပျက်မည့် ၂၀၁၂နဲ့ မာယာလူမျိုးများ(၂)











မာယာပြက္ခဒိန်အကြောင်းပြောလျင် လူတော်တော်များများက အတော့်ကို စိတ်ဝင်စားကြပါတယ်။ ဘာဖြစ်လို့ လူတွေက သည်ပြက္ခဒိန်ကိုပဲ စိတ်ဝင်စားကြတာလဲ။ ကမ္ဘာမှာ အဓိက ပြက္ခဒိန်နှစ်မျိုး ရှိပါတယ်။ တစ်ခုက နေ၀င်နေထွက် ကြည့်ပြီး တွက်သည့် Solar Calendar နှင့် လဆုတ်လကွယ် တွက်သည့် Lunar Calendar ဆိုပြီး အဓိက နှစ်မျိုး ရှိပါတယ်။ အခုကမ္ဘာသုံး ပြက္ခဒိန်က Solar System ကို ကြည့်ပြီးမှ တွက်ထားသည့် ပြက္ခဒိန်ပါ။ အာရှမှာ တော်တော်များများသုံးကြတာကတော့ Lunar Calendar ပါ။ မြန်မာပြက္ခဒိန်က လဆုတ်လကွယ်ပြက္ခဒိန်ပေါ့။ တစ်ချို့ပြက္ခဒိန်တွေကျပြန်တော့လည်း ရေတက်ရေကျကို တွက်ပါတယ်။ Hebrew Calendar ကျပြန်တော့လည်း နေနဲ့လကို ကြည့်ပြီး တွက်ပါတယ်။

အခုလက်ရှိသုံးနေတဲ့ ပြက္ခဒိန်ကို Gregorian Calendar လို့ခေါ်ပြီး ၁၅၈၂ခုနှစ်၊ ဖေဖော်ဝါရီ ၂၄မှာ ကတ်သလစ်ပုပ်ရဟန်းမင်းကြီး Gregory XIIIက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်မတိုင်ခင်က ရှေးဟောင်း ရောမခေတ် ၄၆ဘီစီမှာ ဂျူလီးယက်ဆီဇာ တီထွင်ခဲ့တဲ့ Julian Calender ဖြစ်ပါတယ်။ အဲသည် ပြက္ခဒိန်က ရက်ထပ်ရက်တွေများနေတော့ အီစတာပွဲတော် ကျင်းပတဲ့ ရက်တွေက တစ်နှစ်နဲ့ တစ်နှစ်မတူပါဘူး။ နောက်တော့ Gregorian ပြက္ခဒိန်ကို အသုံးပြုဖို့ အမိန့်ပေးခဲ့ပါတယ်။ ပြက္ခဒိန်အဟောင်းက ဧပရယ်၁ရက်နေ့ကနေ ပြက္ခဒိန်သစ် ဇန်န၀ါရီ၁ရက်နေ့ကို ပြောင်းသုံးလိုက်တဲ့ အချိန်မှာ လူတွေရဲ့ တနေ့တာ လုပ်ငန်းဆောင်တာတွေက ကမောက်ကမဖြစ်ကုန်တယ်။ ဒါနဲ့ပဲ April Fool ဆိုတာ ပေါ်လာတော့တာပါပဲ။ Gregorian ပြက္ခဒိန်မှာတော့ တစ်နှစ်ကို ရက်ပေါင်း ၃၆၅ရက် ရှိပါတယ်။

အခုကမ္ဘာသုံး ပြက္ခဒိန်နဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီကြာခဲ့တဲ့ မာယာပြက္ခဒိန်ရဲ့ တစ်နှစ်တာ ရက်ပေါင်း ၃၆၅ရက်က တူညီပါတယ်။ မာယာလူမျိုးတွေက ပြက္ခဒိန်ကို တွက်တဲ့ အခါ နေ၊လတို့ရဲ့ သဘောတရားသာမက အာကာသရဲ့ သဘောတရားတွေ သောကြာဂြိုလ်လည်ပတ်မှုကို ကြည့်ပြီး တွက်ထားတာကြောင့် တစ်ချို့ ပညာရှင်တွေက ယခုလက်ရှိပြက္ခဒိန်ထက်တောင် ပိုပြီး တိကျတယ်လို့ ယူဆကြပါတယ်။ (စကားချပ်။ ရှေးဟောင်း ဘာသာရေးတွေမှာ နေကို အဓိက ထားပေမယ့် မာယာလူမျိုးတွေက သောကြာဂြိုလ်ကို နေထက် ပိုတန်ဖိုးထားပါတယ်) မီဆိုအမေရိကလူ့အဖွဲ့အစည်းမှာ သုံးတဲ့ ကမ္ဘာ့ရှေးအကျဆုံး Long Count Calendar ကိုလည်း ထည့်သုံးပါတယ်။ အဲသည်ပြက္ခဒိန်မှာ ရက်ပေါင်း၂၆၀ပဲ ရှိပါတယ်။ ထို၂၆၀ရက် ပြက္ခဒိန်က ရှေးခေတ်လူ့အဖွဲ့အစည်းရဲ့ ကောက်စိုက်ချိန်နဲ့ ကောက်ရိတ်သိမ်းချိန်တွေကို တွက်ထားတာပါ။ မာယာSolar Calendar မှာတော့ လပေါင်း ၁၈လ ရှိပြီး ရက်ပေါင်း ၂၀စီရှိပါတယ်။ အဲသည်Solar Calendarရဲ့ ၅၂ပြည့်သွားတဲ့ အချိန်ကို မာယာလူမျိုးတွေ Circle လည်ပတ်မှုတစ်ခု ပြီးဆုံးတဲ့ကာလ အပိုင်းအခြားတစ်ခု သတ်မှတ်ပြီး နောက်ထပ် အချိန်အပိုင်းအခြားတစ်ခုကို စတင်တယ်လို့ သတ်မှတ်ပါတယ်။ ၅၂ပြည့်လိုက်တိုင်းမှာ နက္ခန်ဗေဒ ပညာရှင်တွေက နက္ခတ်တာရာ ပူဇော်ပွဲ ကျင်းပတတ်ပြီး နောက်ထပ်ကာလအသစ်ကို စောင့်ကြိုကြပါတယ်။ မာယာလူမျိုးတွေမှာ နတ်ကိုးကွယ်မှုတွေ ရှိပေမယ့် သူတို့ရဲ့နတ်တွေ အများစုက သချာင်္ဂဏန်းနံပါတ်တွေ ဒါမှမဟုတ် ပြက္ခဒိန်ထဲက နံပါတ်တွေကို ကိုယ်စားပြုနေတတ်ပါတယ်။ မာယာလူမျိုးတွေရဲ့ အချိန်သဘောတရားကို ကြည့်ရင် အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ်တို့ကို သေချာနားလည်တဲ့ လူမျိုးတွေလို့ ဆိုလို့ရပါတယ်။ ထိုအချင်းအရာကပဲ မာယာလူမျိုးတွေရဲ့ ရှေ့ကို ကြိုတွက်နိုင်တဲ့ ပြက္ခဒိန်တစ်ခု ဖြစ်လာတော့တာပါပဲ။ ရှေ့ကို ကြိုတွက်နိုင်ပေမယ့် ရှေ့မှာ ဘာဖြစ်နိုင်သလဲဆိုတာ သေချာ ဟောနိုင်ခြင်းကို မဆိုလိုပါဘူး။

မာယာလူမျိုးတွေက ဖြစ်ပြီး၊ ပျက်မယ်ဆိုတဲ့ သဘောတရားနဲ့ ထိုပျက်ဖို့အတွက် အကြောင်းတရားဖန်လာနိုင်တဲ့အချက်ကို ပြက္ခဒိန်ကနေတဆင့် နားလည်ကြပါတယ်။

El_Castillo Pyramid

မာယာလူမျိုးတွေက ပြက္ခဒိန် တစ်ခုကို ကျောက်တုံးတွေဖြင့် အခိုင်အမာ တည်ဆောက်ခဲ့ပါတယ်။ အဲသည်အရာက El_Castillo Pyramid ဖြစ်ပါတယ်။ အဲသည်ပိရမစ်ရဲ့ လှေကားစုစုပေါင်းဟာ ပြက္ခဒိန်က ရက်ပေါင်း ၃၆၅ရက်ကို ကိုယ်စားပြုတဲ့ ၃၆၅လှေကားထစ်ရှိပါတယ်။ ကမ္ဘာကနေကိုလှည့်ပတ်သည့်အခါ နေ့စဉ်နေရောင်ကျမှုတွေက ကွဲပြားပါတယ်။ ထိုကွဲပြားမှုကို မာယာလူမျိုးတွေက သေသေချာချာတွက်ချက်ပြီး ပိရမစ်ကိုတည်ဆောက်ခဲ့တာကြောင့် ပိရမစ်အပေါ်အရိပ်ကျမှုတွေက ထူးခြားလှပနေပါတယ်။ မာယာပြက္ခဒိန်မှာ အဆင့်ကိုးဆင့်ရှိသလို ထိုပိရမစ်ကလည်း အဆင့်ကိုးဆင့်စီရှိပါတယ်။ အဆင့်တိုင်းမှာလည်း အစိတ်အပိုင်း ၁၃ခုစီရှိပါတယ်။ ထိုအစိတ်အပိုင်းများက ကမ္ဘာဖန်တီးမှု ၇ရက်(7Period of Light) ၆ည (6 period of Dark) ကို ကိုယ်စားပြုတဲ့ သင်္ကေတ ကျောက်ပြားတွေ ဖြစ်ပါတယ်။ နေ့တွေက လူတွေရဲ့ Consciousness အသိအမြင်နားလည်တိုးတက်အောင် လုပ်သည့်အပိုင်းဖြစ်ပြီး ညတွေကတော့ ထိုအသိအမြင်ကို အသုံးချသည့် အပိုင်းဖြစ်ပါတယ်။



မာယာပြက္ခဒိန်ရဲ့ အဆင့် ကိုးဆင့်ရဲ့ အဓိပ္ပါယ်ရိုးရှင်းစွာဖြင့် နားလည်နိုင်ပါတယ်။

(အဆင့်၁-Cellular Cycle- Action/Reaction)
ပြက္ခဒိန်ရဲ့ ပထမဆုံးအဆင့်က လွန်ခဲ့သောနှစ်ပေါင်း ၁၆.၄ ဘီလီလျံက စပါတယ်။ ထိုအဆင့်ရဲ့ သဘောတရားက ဆိုတဲ့ ပြုလုပ်ချက်တစ်ခုကို ပြန်သက်ရောက်မှုတစ်ခုပါပဲ။ ၁၆.၄ ဘီလီလျံကို ၁၃ (၇နေ့+၆ည)နဲ့စားရင် ၁.၂၆ဘီလီလျံ ရပါတယ်။ အဲဒါက နေ့နဲ့ည တစ်ခုချင်းစီရဲ့ ကြာမြင့်တဲ့ အစိတ်အပိုင်းပါပဲ။
ပထမအဆင့်မှာတော့ ဓါတ်သတ္ထုတွေ၊ နေစကြာဝဠာဖွဲ့စည်းပုံတွေ ဂြိုလ်ဖွဲ့စည်းမှုတွေ တဖြေးဖြေးပြောင်းလဲလာပါတယ်။

(အဆင့်၂-Mammalian Cycle-Stimulus/Respont)
ဒီတစ်ဆင့်မှာတော့ လွန်ခဲ့သောနှစ်ပေါင်း ၈၂၀ မီလီလျံ က စပါတယ်။ နေ့နဲ့ ညတစ်ခုချင်းစီမှာ နှစ်ပေါင်း ၆၃.၄ မီလီလျံရှိပါတယ်။ ဒီတစ်ပိုင်းမှာတော့ ပထမအဆင့်က ဆဲလ်ဖွဲ့စည်းမှုတွေကို တွန်းအားပေးပြီး ထိုဆဲလ်တွေက တုံ့ပြန်သည့်အပိုင်းဖြစ်ပါတယ်။ ထိုအပိုင်းမှာ ဒိုင်နိုဆောတို့လို ကြီးမားတဲ့ သတ္တ၀ါကြီးတွေ ပေါ်ပေါက်လာပါပြီ။

(အဆင့်၃-Famililial Cycle-Stimulus/Individual Respond)
ဒီအဆင့်ကတော့ ဒုတိယအဆင့်ရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်ပြီး သက်ရှိအရာဝတ္ထုတွေက မိသားစုပုံစံအုပ်စု ဖွဲ့လာကြပါတယ်။ ဒီအဆင့်ရဲ့ ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုက အုပ်စုတစ်ခုချင်းထက် တစ်ဦးတစ်ယောက်ချင်းစီလို့ ထင်မိပါတယ်။

(အဆင့်၎-Tribal Cycle- Similarities/Differences)
၂မီလီလျံအစပိုင်းက ဖြစ်ပြီး ဒီအဆင့်မှာ ရရှိလာတာကတော့ အသိစိတ်ဓါတ်ဖြစ်ပါတယ်။ ထိုအသိစိတ်ဓါတ်က တစ်ဦးနှင့်တစ်ဦး တူညီမှု ခြားနားမှုတွေကို ခွဲခြားနိုင်ခဲ့ပြီး ထိုစိတ်ကြောင့် တူညီတဲ့သူ အချင်းချင်းနေထိုင်တဲ့ အုပ်စုတစ်ခုအဖြစ် ပီပီပြင်ပြင်ပေါ်လာပါတယ်။ ထိုကာလကို သမိုင်းပညာရှင်တွေ ဘူမိဗေဒပညာရှင်တွေက ကျောက်ခေတ်လို့ခေါ်ပါတယ်။ ကျောက်ခေတ်မှာ လူတွေက အသင်းအဖွဲ့ အနေဖြင့် နေနေကြပါပြီ။

(အဆင့်၅-Cultural Cycle-the consciousness of Reasons)
လွန်ခဲ့သော ၁၀၂,၀၀၀ (တစ်သိန်းကျော်)က ဒီအဆင့်ကို စခဲ့ပါတယ်။ အဆင့်၎မှာ ရခဲ့တဲ့ သိစိတ်ကို ဒီနေရာမှာ အုပ်စုတစ်ခုချင်းက တခြားအုပ်စုတွေထက် မတူညီကြောင်းပြဖို့ အကြောင်းအချက်အလက်တွေကို ဖော်ထုတ်လာကြပါတယ်။ ထိုအချက်အလက်တွေကို ယဉ်ကျေးမှုလို့ခေါ်ရင် ရမလားပဲ။ သဘာဝတရားတွေကို ကိုးကွယ်ချင် ကိုးကွယ်လာကြပေလိမ့်မယ်။

(အဆင့်၆-National Cycle-the consciousness of Law)
ဒီအဆင့်ကတော့ လွန်ခဲ့တဲ့ ၃၁၁၅ဘီစီက စပါတယ်။ ဒီအဆင့်ကို ကြေးခေတ်လို့ ဆိုလို့ရပါတယ်။ လူတွေက ကြေးနဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေနဲ့ မတူညီတဲ့လူမျိုးစုတွေကို တိုက်ခိုက်မယ်။ အနိုင်ရတဲ့ သူက ရှုံးတဲ့ လူတွေကို သူတို့လက်အောက်ကို သွင်းလာမယ်။ သာမန်အုပ်စုလေးတွေကနေ အုပ်စုကြီးတစ်ခု ပေါ်ပေါက်လာပြီး ထိုအုပ်စုတွေကို ထိန်းသိမ်းဖို့ လိုက်နာရမယ့် နည်းလမ်းတွေကို ရှာဖွေလာကြမယ်။ ထိုနည်းလမ်းတွေက လိုက်နာရမယ့် ဥပဒေတွေ ဖြစ်လာကြပါတယ်။ ဘယ်အရာက မှန်တယ် မှားတယ်ဆိုတာကို ဝေဖန်ပိုင်းခြားလာကြပါတယ်။

(အဆင့်၇-Planetary Cycle-the consciousness of Power)
ဒီအဆင့်ကတော့ ၁၇၅၅အေဒီကနေ စပါတယ်။ အရင်တုန်းက လူတွေက သဘာဝရဲ့ စေစားရာကို ခံခဲ့ရပြီး၊ အဆင့်၇မှာတော့ သဘာဝကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပါပြီ။ လွန်ခဲ့သောအဆင့်တွေမှာ စိုက်ပျိုးရေးက အဓိက ကျခဲ့ပေမယ့် လူတွေက ရေနွေးငွေ့စွမ်းအားတို့လို သဘာဝကနေ ဖန်တီးလို့ရတဲ့ စွမ်းအားကို ပိုင်ဆိုင်လာတဲ့အခါ စက်မှုလုပ်ငန်းတွေ အပြိုင် ထွန်းကားလာခဲ့တယ်။ ပြင်သစ်စက်မှုတော်လှန်ရေး ပေါ်ပေါက်လာခဲ့တယ်။ စွမ်းအင်ရဲ့ တန်ဖိုးကို နိုင်ငံ့ခေါင်းဆောင်တွေ သိလာတဲ့ အခါ ထိုစွမ်းအားကနေ တဆင့် ဖန်တီးတဲ့ လက်နက်တွေ ပိုင်ဆိုင်လာကြတယ်။ အနုမြူလို လက်နက်တွေ တပ်ဆင်ဖို့ နိုင်ငံကြီး တစ်ချို့က ကြိုးပမ်းလာကြတယ်။ ရလာဒ်ကတော့ ကမ္ဘာ့စစ်ပွဲကြီးတွေ တောက်လောင်ခဲ့ရတာပါပဲ။
(အဆင့်၈-Galactic Cycle-Consciousness of Ethics/Global Concsciouness)
ဒီအဆင့်မှာတော့ အင်အားကြီးတဲ့ လူမျိုးတွေရဲ့ နေရာကို အင်အားနည်းတဲ့ လူမျိုးတွေက ၀င်ရောက်ယူလာနိုင်ပါတယ်။ ဒိအဆင့်ရဲ့ အစကတော့ ဇန်န၀ါရီ ၅ရက် ၁၉၉၉ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၉ရက် ၂၀၁၁မှာ ဆုံးမှာ ဖြစ်ပါတယ်။ ဒီကာလအပိုင်းအခြားမှာ ယောကျာ်းတွေပဲ ကြီးစိုးတဲ့ကမ္ဘာမှာ အင်အားနည်းပါးတဲ့ အမျိုးသမီးတွေက ဦးဆောင်မှုနေရာကို ယူလာနိုင်ကြပါမယ်။ သမ္မတနေရာကို ၀င်ယူနိုင်တဲ့ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်လာပါတယ်။ လူဖြူတွေကြီးစိုးတဲ့နေရာလို အမေရိကမှာ အိုဘားမားလို လူမည်းတွေက ခေါင်းဆောင်နေရာကို ရလာကြပါတယ်။ နောက်ပြီး အင်အားကြီး အနောက်နိုင်ငံတွေရဲ့ ပါဝါက တဖြေးဖြေး လျော့ကျလာပြီး အာရှက အစားထိုးဝင်ရောက်နေရာ ယူလာနိုင်ကြပါလိမ့်မယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကာထားတဲ့ နံရံတွေ ပြိုကျပြီး တစ်ခုနဲ့တစ်ခု လွယ်ကူစွာ ဆက်သွယ်နိုင်မယ့်အရာတွေ အမြင်တွေ ပေါ်လာပါလိမ့်မယ်။ အရင်က ကမ္ဘာကြီးက အကြီးကြီးပဲလို့ ပြောလာရာကနေ ကမ္ဘာကို ရွာလေးတစ်ရွာအဖြစ် တင်စားလာကြတာလည်း တွေ့နေရပါတယ်။ အင်တာနက်ကြောင့် လူတွေအားလုံး အတားအဆီးမရှိ အသိဥာဏ်တွေ ဝေမျှနိုင်ကြတာကိုလည်း တွေ့နေကြရပါတယ်။

(အဆင့်၉-Universal Cycle- the unlimited ability of Conscious Co-Creation)
ဒီအဆင့်ကတော့ လာမယ့် ဖေဖော်ဝါရီလ ၁၀ရက် ၂၀၁၁မှာ စပါတယ်။ ဒီအဆင့်မှာ လူတွေရဲ့ အသိအမြင်တိုးတက်မှု ထိပ်ဆုံးကို ရောက်မှာ ဖြစ်ပြီး၊ တန်ဖိုးကြီးပေးဝယ်နေရတဲ့ စွမ်းအင်တွေ သုံးစွဲနေရာကနေ အလကားရတဲ့ စွမ်းအင်တွေကို တီထွင် သုံးစွဲနိုင်ကြပါလိမ့်မယ်တဲ့။ ဒီအဆင့်ရဲ့ နောက်ဆုံးအဆုံးသတ်ကတော့ ဒီဇင်ဘာ ၂၁ရက် ၂၀၁၂ပဲ ဖြစ်ပါတယ်။ အဲဒီနေ့မှာ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်က အဆုံးကို ရောက်မှာ ဖြစ်ပါတယ်။

မာယာလူမျိုးတွေက ပြက္ခဒိန်ရဲ့ အဆုံးကို ဖော်ပြပြီး နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာကို မရေးထားကြပါဘူး။ ဒီပြက္ခဒိန်ရဲ့ အဆုံးမှာ နောက်ထပ် ခေတ်သစ်တစ်ခုကို အသွင်တစ်မျိုးနဲ့ စမယ်လို့ မာယာဘုန်းတော်ကြီးတွေက ပြောကြပါတယ်။ အခုလူတွေ ပြောနေကြတဲ့ ကမ္ဘာပျက်မယ်ဆိုတာကို မာယာပြက္ခဒိန်က ညွှန်းဆိုခဲ့ခြင်း မရှိပါဘူး။

ဒါဆို ပညာရှင်တွေက မာယာပြက္ခဒိန်ကို ဘာလို့ လက်ထဲ ကိုင်ထားပြီး အသုံးချနေတာလဲ။ ယခုလက်ရှိသုံးနေတဲ့ Gregorian ပြက္ခဒိန်ထဲနဲ့ မလုံလောက်ဘူးလားလို့ စောဒက တက်ချင်တက်ပါလိမ့်မယ်။ ဒါပေမယ့် မာယာပြက္ခဒိန်ကို ပညာရှင်တွေ ခဏခဏညွန်းဆိုနေခြင်းက သာမန်ခုနှစ် ရက်လတွေကို ဖော်ပြတဲ့ အရာထက်ပိုလို့ပါပဲ။ မာယာပြက္ခဒိန်က နေတွေလတွေကြည့်ပြီး တွက်ချက်ထားတဲ့ နက္ခဗေဒပြက္ခဒိန်သက်သက် မဟုတ်ပါဘူး။ သူ့မှာ လူတွေရဲ့ နေထိုင်မှု အတွေးအခေါ်တွေ အမူအကျင့်တွေ ပါဝင်နေပါတယ်။ နောက်ပြီး မမြင်နိုင်တဲ့ စွမ်းအင်တွေ လှည့်လည်နေကြတယ်။ နေ့တွေရက်တွေဖော်ပြတဲ့ အရာထက် ဘာပြီးရင် ဘာလာမယ်ဆိုတဲ့ Time Schedule နဲ့တူပါတယ်။

မာယာပြက္ခဒိန်ရဲ့ ပြောင်းလဲလာတဲ့ အဆင့်၉ဆင့်တိုင်းကို ကြည့်မယ်ဆိုရင် အဆင့်တစ်ဆင့်ပြီးတိုင်း အချိန်အပိုင်းအဆက အစနှစ်ဆယ်ပိုပို မြန်လာတာတွေ့ရပါမယ်။ ဥပမာကြည့်ရင် ပိရမစ်ပုံစံပေါ့ အောက်ခြေအဆင့်က ပထမအဆင့် ဖြစ်ပြီး ပထမဆုံးအဆင့်မှာ ပြောင်းလဲမှုတစ်ခုရောက်ဖို့ နှစ်ပေါင်း မီလီလျံချည်ပြီး စောင့်ရပါတယ်။ ပိရမစ်က အပေါ်ကို တဖြေးဖြေးရှူးပြီး တက်သွားသလို တဖြေးဖြေးနဲ့ တဆင့်ချင်း ပြောင်းလဲလာလိုက်တာ အဆင့်၉ရောက်ဖို့ နောက်ဆုံး ရက်ပေါင်း ၃၆၀ပဲ ကျန်ပါတော့တယ်။ အခုလက်ရှိပတ်ဝန်းကျင်နဲ့ သမိုင်းကို ကြည့်ရင် ရှေးနှစ်ပေါင်း၂၀၀ကျော်လောက်က တစ်ခုခုပြောင်းလဲဖို့ နှစ်ပေါင်းများစွာ စောင့်ရပါတယ်။ ဒါပေမယ့် အခုလွန်ခဲ့တဲ့ အနှစ်၂၀ကို ပြန်ကြည့်ရင် ယခုလက်ရှိအနေအထားနဲ့ မတူတော့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က မိုဘိုင်းဖုန်း အကြီးကြီးတွေ ကိုင်နေရကနေ နှစ်အနည်းငယ်အတွင်းမှာပဲ အသေးစားလေးတွေ ဖြစ်လာကြတယ်။ ထိုအသေးစားလေးတွေမှာ ရိုးရိုးသုံးနေရာကနေ သုံးလေးနှစ်အတွင်းမှာ စမတ်ဖုန်းလို့ ကွန်ပျူတာအသေးစားလေးတွေအဖြစ် ပြောင်းလဲလာကြတယ်။ ၂၀၀၃ခုနှစ်က လူနည်းစု ဖန်တီးလိုက်တဲ့ Facebook က ဆယ်စုနှစ်တောင် မကြာသေးဘူး အခုလူအများသုံးတဲ့ ၀က်ဆိုဒ်တစ်ခု အဖြစ်ပြောင်းလဲလာတယ်။ ဆိုလိုတာက တစ်ခုခုကို ပြောင်းလဲဖို့အချိန်ယူရတာ လွန်ခဲ့သော အဆင့်တွေက နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပေမယ့် အဆင့် ၈ကို ရောက်တဲ့ အခါကျတော့ မြန်လာတယ်။ နောက်ဆုံးအဆင့်မှာတော့ လူတွေရဲ့ အသိပညာက သည့်ထက်ပိုပြီး ထွန်းကားလာပြီး မျက်စိတမှိတ်အတွင်းမှာပဲ ပြောင်းလဲပစ်နိုင်မယ့် သဘောတရားတွေ ပါလာပါမယ်။

တကယ်တော့ မာယာပြက္ခဒိန်က အချိန်တွေကို ညွှန်းဆိုရာတင်မကပါဘူး။ အချိန်တွေရဲ့ လျင်မြန်စွာ ပြောင်းလဲတတ်တဲ့ အဟုန်ကိုပါ ဖော်ပြထားတဲ့ အရာတစ်ခုပါပဲ။ ပြက္ခဒိန်ဆုံးရင် ကမ္ဘာပျက်မပျက်ထက်၊ မာယာပြက္ခဒိန်ပေးတဲ့ အချက်ကတော့ သက်ရောက်မှုတစ်ခုခုတိုင်းမှာ ပြောင်းလဲသင့်တဲ့ အချိန်ရောက်ရင် ပြောင်းလဲရမယ်ဆိုတဲ့ သဘောတရားပါပဲ။ အခုလည်း လူတွေရဲ့ သဘာဝသယံဇာတကို လွန်ကျွန်စွာ သုံးစွဲမှုတွေကြောင့် အချိန်ဆိုတဲ့ တိုတောင်းတဲ့ အတိုင်းအတာ တစ်ခုအတွင်းမှာ ကမ္ဘာမြေကြီး တဖြေးဖြေး ပျက်စီးလာတာကို တွေ့နေရတယ်။ သဘာဝဘေးအန္တရာယ်တွေ တချိန်တည်းမှာပဲ နေရာတိုင်း ဖြစ်နေကြတယ်။ မာယာပြက္ခဒိန်ရဲ့အရဆိုရင် ဒီဇင်ဘာ ၂၁ရက် ၂၀၁၂ခုနှစ်မှာ ကမ္ဘာကြီးက ၀ုန်းခနဲ ပျက်စီးသွားမှာ မဟုတ်ပါဘူး၊ ပြောင်းလဲလာတဲ့ ရာသီဥတုကို အံတုနိုင်မယ့် ကမ္ဘာ့လူသားတစ်စုအနေနဲ့ ပေါ်ပေါက်လာမယ်လို့ ယူဆနိုင်ပါသည်။

ဤအချက်အလက်များ မှားယွင်းနေပါက စာရေးသူ၏ လေ့လာအား ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။ အမှားရှိလျင် ဝေဖန်နိုင်ပါသည်။ မာယာပြက္ခဒိန်မှာ နေ့နှင့်ညတစ်ခုချင်းစီရဲ့ ပြောင်းလဲမှုတွေ ရှိပါသေးတယ်။ ထိုနေ့နဲ့ညတွေကို ကြည့်ပြိး ပညာရှင်တစ်ချို့က ၂၀၀၈ စီးပွားပျက်ကပ်ကိုတောင် ဟောနိုင်ခဲ့ပါတယ်။ ဆက်ရေးလျင် နောက်ထပ်လေ့လာရမှာတွေ အများကြီးဖြစ်တာကြောင့် သည်နေရာမှာပဲ ရပ်ပါတော့မယ်။ အပိုင်း ၁တွင် မာယာကို မာယန်းဟု ကျွန်တော်မှားယွင်းခေါ်မိခဲ့သည်။

http://www.paulapeterson.com/New_Revelations_Mayan_Calendar.html

http://www.mayanmajix.com/http://www.mayanmajix.com/

ပြက္ခဒိန်ရဲ့သဘောတရား




ပြက္ခဒိန်အကြောင်းကို ဆွေးနွေးသင်ကြားပို့ချခြင်း



ပိရမစ်အကြောင်း


November 3, 2009

ကျွန်မနဲ့ အရည်မရ အဖတ်မရအချစ်များ

ညတုန်းက တန်ဆောင်တိုင် သူခိုးကြီးညလေ ဒီပို့စ်လေးကို ဒီနေရာကနေ ခိုးလာတာ.. ပိုင်ရှင်လာလို့ ပြန်သိမ်းထားတာ... ပိုင်ရှင်မရှိတုန်း ဖတ်ကြနော်... ဟီး.. သူလာရင် ပြန်ဖွက်ရမှာ...


ကိုကို


အဲဒီနှစ်က ကိုကို ရန်ကုန်မှာ ဆုတက်ယူရသည်။
ကိုကို ပြန်လာတော့ ညစာစားပွဲက ဓါတ်ပုံတွေ ပြန်ကြည့်ရင်းနဲ့ ကိုကို့ကို တခုမေးမိ၏။

"ကိုကို ဘာဆက်တက်မှာလဲဟင်"
ကိုကိုက "အုန်းပင်" ဟု သာပြန်ဖြေခဲ့၏။

"ဟင် ကိုကိုကလဲ အမြင့်ကြီးရယ်။ မကြာခင်ပဲ တက်ရတော့မယ့်ဟာ"

ဘေးနားက သူငယ်ချင်းကတော့ ရီမောလွယ်သူပီပီ "အုန်းသီးတွေ အများကြီးနဲ့ ကြိုက်တာရွေးလို့ ရနေတော့လည်း ဒီလိုပဲပေါ့လေ" ဟု ကိုကို မခံချင်အောင် ပြောခဲ့သည်။
ကိုကိုက မဲ့ကာရွဲ့ကာနဲ့ ပြုံးနေခဲ့၏။
ကိုကို ကြီးကျယ်ပြီး ပြောနေတာ ကိုယ်ကတော့ သိပါသည်။

မကြာခင်မှာပဲ ကိုကို စာရေးဖူးတဲ့ ပညာရေးစာစောင်တွေမှာ ကိုကို့ အတင်းတချို့ပါလာသည်။ အနာဂတ်ရည်မှန်းချက် အကြောင်းကို မေးတော့ ကိုကိုက "အောင်မြင်တဲ့ အုန်းစိုက်သမား တယောက် ဖြစ်ဖို့ပါ" ဟု ဖြေခဲ့သည်။

အဲဒီ ခေတ်ကာလမှာ ဘယ်လို ထူးချွန်သူမှ မဖြေခဲ့ဖူးသေးတဲ့ အဖြေမျိုး။
ကိုယ်ကတော့ တိတ်တိတ်ကလေးပဲ စိတ်ကျေနပ်စွာ ပြုံးနေခဲ့သည်။
"ကိုကိုက သိပ်တက်တာပဲ" လို့လည်း ခဏခဏ မှတ်ချက်ပြုမိသည်။

ကိုယ့် ငယ်ဘ၀တလျှောက်လုံးရဲ့ သူရဲကောင်းဟာ ငထွေရူး ပြီးရင် ကိုကို ပါ။ ဒါတောင် ကိုကိုက ငထွေရူးကို သမိုင်းမှာ နေရာပေးချင်လို့ အုန်းပင်ပဲ ရွေးတက်တာ

*****
ကိုကို့ကြောင့် အဲဒီနှစ် စာမေးပွဲကို ကောင်းကောင်း ကျခဲ့သည်။

နွေကျောင်းပိတ်ရက် ခဏလေးမှာ သူငယ်ချင်းရယ်၊ ကိုကိုရယ်၊ ကိုယ်ရယ် မခွဲမခွာ ရှိခဲ့သည်။
ကိုကိုတို့ အိမ်ရှိတဲ့ လူစည်ကားရာ လမ်းကျဉ်းကလေးမှာ ညနေတိုင်ရင် လမ်းလျှောက်ကြသည်။ မြစ်ကမ်းနဖူးက ဇရပ်ကို ရောက်တဲ့ထိပေါ့။

မြစ်ရေပြင်ကို ဖြတ်ကျော်ပြီး တိုက်လာတဲ့ နွေရာသီ ပုတ်အန့်အန့်ရနံ့လေးတွေရယ်။
ကိုကို့နဖူးပေါ်က ဘုလေးတွေရယ်။
ဘုရားပေါ်က တံမြတ်စည်းလှဲသံလေးတွေရယ်။
အင်မတန်မှ ချိုမြလှိုက်လှဲခဲ့သည့် အချိန်တွေပဲ။

အဲဒီအချိန်မှာ ကိုကိုလည်း တက္ကသိုလ်ဝင်ခွင့် တင်လိုက်ပြီ။
စာသင်ချိန်တွေ ဖြုတ်လိုက်ပြီး ကိုကို့ဖေဖေရဲ့ စာအုပ်တချို့ စပြီး လေ့လာနေပြီ လို့ သိရသည်။

"ဒါဖြင့် ကိုကိုက ၀မ်းဆွဲပဲ လုပ်မှာပေါ့နော်"
ကိုယ်ကတော့ ကိုကိုဖြေဖူးတဲ့ အင်တာဗျူးကို စိတ်စွဲလမ်းစွာနဲ့ နှမျောတသစွာ မေးခဲ့မိသည်။
ကိုကိုက အေးအေးသက်သာပဲ ခေါင်းငြိမ့်ပြသည်။
ကိုယ့် သူငယ်ချင်းကတော့ အစက သူမပြောဘူးလား ဆိုတဲ့ သဘောနဲ့ ကိုယ့်ကို မျက်လုံးဝင့်၍ ကြည့်လေသည်။

"ကိုကို့ဖေဖေက လုပ်ခိုင်းလို့လား။ ဟုတ်လားဟင်"
ကိုကိုက ဘုရားရင်ပြင်တော်ကို ကာရံထားသော လက်ရန်းတိုင်ကို လျှာနဲ့ယက်နေရင်းက ဆတ်ခနဲ ခေါင်းငဲ့ကြည့်ခဲ့သည်။

"ဟာ မဟုတ်ပါဘူး။ ကိုကိုက ကလေးမှ မဟုတ်တာ။ ပြီးတော့ ကိုကို့ (ကိုကို့ရဲ့ အစ်ကို) တုန်းကလည်း သူကြိုက်တာ သူတက်ခဲ့တာပဲ။ ဖေဖေတို့ ဘာမှ မပြောပါဘူး။"

"ကိုကို့ အစ်ကိုက ဆေးကျောင်းမှ မမီတာ။ သူ အင်ဂျင်နီယာမှ မလုပ်ရင် ဘာလုပ်မလဲ"

"ဒီလိုလဲ ဘယ်ဟုတ်မလဲ။ ကိုကိုပြောတာက သူ့ကျောင်းမှာ သူကြိုက်တဲ့ မေဂျာ ယူခဲ့တာကို ပြောတာပါ။ ပြီးတော့ ကိုကိုတို့မှာ ငယ်ငယ်တည်းက ဖေဖေ့ကိုရော၊ မေမေ့ကိုရော အနီးကပ် မြင်နေခဲ့တာ။ ဘယ်ဟာက ဘယ်လိုဆိုတာ ကောင်းကောင်း သိတာပေါ့"
(ကိုကိုတို့ ဖေဖေနဲ့ မေမေက ထူးဆန်းသော စုံတွဲဖြစ်၏။ ကိုကို့မေမေသည် တဲဆောက်သောအင်ဂျင်နီယာ။ သို့သော် ကိုကိုတို့ ငယ်စဉ်ကပင် အလုပ်မှ အနားယူခဲ့သည် ဟု ဆိုသည်။သူဆောက်သော တဲတွေ ပြိုကျခဲ့သောကြောင့်ပင်)

"ဒါပေမယ့် ကိုကိုပဲ အုန်းတက်သမား ဖြစ်ချင်တာဆို"

ကိုကိုက ဘာမှ ပြန်မဖြေဘဲ ကိုယ့်ကို ပြုံးကြည့်နေခဲ့သည်။ အဲဒြီကြာကူလီအပြုံးကို ကိုယ် ခုချိန်ထိ မှတ်မိနေခဲ့သော်လည်း အဲဒီ အပြုံးက ဆောင်လေသော အဓိပ္ပါယ်ကိုတော့ ခုချိန်ထိ ကိုယ် မသိခဲ့ပါ။

ကိုကို ဘာကြောင့် အဲလို ပြုံးတာလဲ။

"ဒါဖြင့် ကိုကိုက အဲဒီကျောင်းကိုပဲ တက်မှာပေါ့နော်"
ကိုယ် ထပ်၍ အတည်ပြုလိုက်သည်။ ကိုကိုက ဘာမှ ပြန်မဖြေပါ။ ကိုယ့် သူငယ်ချင်းကပဲ ၀င်ဖြေခဲ့၏။

"ခက်လိုက်တာနော် နင်ကလဲ ၀င်ခွင့်တောင် တင်ပြီးပါပြီ ဆိုနေမှ..."

"ဒီလိုဆို ကိုကိုနဲ့ ကျောင်းတူတူ မတက်ရတော့ဘူးပေါ့။ ကိုကို ၀ါသနာပါလို့လား။"

"ကိုကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်တာ။ အမှတ်မီလို့ တခုတည်း မဟုတ်ပါဘူး။ ဖေဖေတက်တဲ့ ကျောင်းပဲ တက်မယ်။ ဖေဖေ့လို ဆရာဝန် လုပ်မယ်။ ပြီးတော့ ဖေဖေ့လိုပဲ..."

ကိုကို့အသံက တိခနဲ ရပ်သွားတော့ သူငယ်ချင်းရော ကိုယ်ရော ကိုကို့ကို ပြိုင်တူ မော့ကြည့်မိကြ၏။

ဆက်ပါဦးမည်။


ဟီးဟီး.. ပျော်စရာ သူခိုးကြီးည ဖြစ်ပါစေ......