September 26, 2009

ဆောင်းမဟုတ်သည့်နှင်း (၃) ဇာတ်သိမ်းပိုင်း




“မြရင်က… အေးကြည်မှားတယ်လို့ ထင်ရအောင်၊ မြရင်ဘ၀မှာ အေးကြည်လို မှားခဲ့ဖူးလို့လား။”


သူမ၏ စကားသည် နံဘေးမှာထိုင်နေသည့် ဆာယုရိအတွက် ဘာမှ မထူးဆန်းလှပေမယ့်….. ကျွန်မအတွက်ကတော့ မမြင်နိုင်သည့် အဖြေရခက်သည့်မေးခွန်းစာရွက်ကို ကျောင်းသားလက်ထဲကို ထည့်လိုက်ရသလို ဖြစ်သွားသည်။ တခါတလေ အငြိမ့်သမမှာ သာမန်လူတွေလို အသွေးနဲ့အသား၊ ခံစားတတ်တဲ့ အသည်းနှလုံးရှိတတ်သူတွေမို့ အချစ်ဆိုတာကို လက်သင့်ခံချင် ခံရပေလိမ့်မည်။ ဒါပေမယ့် ဘ၀တစ်ခုအတွက် ရုန်းကန်မှုအတွက် ထိုအချစ်ကို ကြာရှည်အောင် မွေးမြူတတ်ဖို့တော့ အတော့်ကို ခဲယဉ်းပေလိမ့်မည်။


ကျွန်မမှာ သာမန်မိန်းမတွေလို အချစ်ဆိုတာရှိသည်။ ချစ်ရမည့်သူလည်း ရှိသည်။ သို့ပေမယ့် ကျွန်မနှင့် ကျွန်မ၏ချစ်သူသည် လူအများရှေ့မှာ အခုလို တရားဝင်မကြေငြာခဲ့။ ချစ်သူမကျ လင်မယားမကျနေခဲ့သော ကျွန်မတို့နှစ်ယောက်အတွက် လောကကြီးက အစိမ်းသက်သက်ဖြစ်ချင် ဖြစ်နေမည်။ ဒါပေမယ့် အငြိမ့်စင်ပေါ်မှာတော့ ကျွန်မအတွက်နေရာတစ်ခု ကျန်သေးတာအမှန်ပင်။ ထို့အတွက်ကြောင့် အေးကြည်က ကျွန်မကို မှားနေတယ်လို့ ထင်ချင်ထင်နေပေလိမ့်မည်။ သို့ပေမယ့် ကျွန်မတို့သဘင်သည်တွေအတွက် ဘ၀တစ်ခုနှင့် စိန်ခေါ်ပြီးမှ ရွေးချယ်ရမည့် သည်လို အဖြစ်မျိုးက မှန်လားမှားလားဆိုတာ အချိန်ကဆုံးဖြတ်ပေးပါလိမ့်မည်။ အေးကြည်မေးသော မေးခွန်းအတွက် ကျွန်မဆီမှာ အဖြေမရှိသေးတာတော့ အမှန်ပါ။

“မြရင်တို့၊ အေးကြည်တို့ အိမ်ထောင်ကျပြီးရင် အနုပညာသည်လောကကနေ နှုတ်ဆက်ရတော့မှာပေါ့နော်……။”

ရုတ်တရက်မေးလာသော ဆာယုရိ အမေးကို ကျွန်မတို့နှစ်ယောက်စလုံး ပြိုင်တူလိုလို ခေါင်းခါယမ်းရင်း အဖြေပေးလိုက်မိသည်။

“အေးကြည်တို့….. အငြိမ့်မင်းသမီးတွေက အိမ်ထောင်ပြုပြီးလျင်… ကိုယ်မြတ်နိုးတဲ့ .. သည် အနုပညာသည်ဘ၀ကို လွယ်လွယ်နဲ့ မစွန့်လွှတ်တတ်ကြပါဘူး…..။ အိမ်ကယောက်ျား သဘောတူလျင် အငြိမ့်ဆက်ပြီး ကနိုင်ပါတယ်……။ အေးကြည်ကတော့…. မင်္ဂလာမဆောင်ခင်တည်းက … သည်အငြိမ့်ကို ဆက်ကဖို့ ….. မောင့်ကို ခွင့်တောင်းပြီးသားပါ…..။”

အေးကြည်ပြောသော… သူမ၏ချစ်သူသည် သူမတကယ်တမ်း ဆန္ဒရှိသလို သူမ၀ါသနာပါသည့် အငြိမ့်ကို ဆက်ကခိုင်းပါ့မလား။ အငြိမ့်လောကမှာ အငြိမ့်မင်းသမီးတစ်ယောက် နာမည်ကြီးလာပြီဆိုလျင် အတော့်ကို ရန်များသား။ ကောလိပ်ကျောင်းသားလို ဆယ်ကျော်သက်လေးတွေ၊ မနူးမနပ်အရွယ်လေးတွေက အငြိမ့်ကရာ တကောက်ကောက်လိုက်ပြီး အားပေးတတ်ကြသည်။ တခါတလေ ကျွန်မတို့ အငြိမ့်ကရာ တောရွာတစ်ခုပဲ ဖြစ်ဖြစ်၊ မြို့သေးသေးလေးပဲ ဖြစ်ဖြစ် လာရောက်အားပေးကြသည့် မြို့ခံလူကတစ်ဝက်၊ ဘယ်နေရာရောက်ရောက် ကားတွေဖြင့် လိုက်အားပေးကြမည်ဆိုသည့် ကာလသားအမာခံပရိသတ်က တစ်ဝက် ပွဲခင်းထဲမှာ ပြည့်နေတတ်ကြသည်။ အခုလည်း အေးကြည်၏ချစ်သူသည် အေးကြည်ရှိရာ တကောက်ကောက်လိုက်ရင်း အားပေးတတ်သည့် အမာခံပရိသတ်ထဲကပင်ဖြစ်သည်။ အေးကြည်ပွဲကရာ နေရာတိုင်းကို တကောက်ကောက်လိုက်ရင်း အရိပ်တကြည့်ကြည့် ကြည့်နေခဲ့သူတစ်ဦးလည်းဖြစ်သည်။


“အေးကြည်တို့များ….. ကံကောင်းလိုက်တာ…… အိမ်ထောင်ကျပြီးတာတောင်…… ကိုယ်မြတ်နိုးတဲ့ အနုပညာကို ပြသလို့ရသေးတယ်နော်….. ကျွန်မတို့ဂေရှားတွေများကျတော့…. အိမ်ထောင်ပြုလိုက်တာနဲ့ အနုပညာသည်ဘ၀ကို တခါတည်း လက်လွှတ်လိုက်ရရော….. ”


“ကံကောင်းတယ်လို့လဲ… မဆိုသာပါဘူး…ဆယုရိရယ်… တခါတလေတော့လည်း နှစ်ဦးနှစ်ဘက် ညှိရတာပေါ့….. ဒါပေမယ့် မောင်ကတော့ …. ကျွန်မကို နားလည်ခွင့်လွှတ်နိုင်စွမ်းရှိသူတစ်ယောက်မို့လို့ပါ။”

“မဟုတ်သေးဘူး အေးကြည်ရယ်…….. ကျွန်မတို့သဘင်သည်မှာလည်း တချိန်ကျရင် ကိုယ်ချစ်တဲ့သူကို သာမန်လူတွေလို လက်ထပ်ယူထားတယ်ထားဦး….. သဘင်သည်အတွက် လက်ထပ်ထိမ်းမြားခြင်းဆိုတာက စည်းတစ်ခုလိုပါပဲ။ အဲဒီစည်းကို ကျော်မိရင် သဘင်သည် နာမည်ကျရိုးမလား။”

ကျွန်မပြောတဲ့ စကားကို အေးကြည်နားလည်ပါ့မလား။ သူမနားလည်လျင်ရော မိန်းမသားတစ်ယောက်အနေနဲ့ လက်ခံနိုင်ပါ့မလား။ တကယ်တော့ သဘင်သည်ကို လူသိရှင်ကြား ကြည်ကြည်ဖြူဖြူ လက်ထပ်ချင်တဲ့သူကလည်း ရှားသားလေ။ ကျွန်မနှင် ကျွန်မရဲ့ချစ်သူကတော့ အပေးအယူတော့ ရှိပါရဲ့။ ထိုအပေးအယူအတွက် မိန်းမသားတစ်ယောက်အနေနဲ့ ထိုက်တန်ရဲ့လားဆိုတာကိုတော့ ကျွန်မတစ်ခါမှ မတွေးခဲ့ဘူးချေ။

မောင်သည် ကျွန်မဆီခဏခဏလာသည်။ အလှူရေစက်ချရင်တောင် မြရင်သည် သူပိုင်မိန်းမသားဖြစ်ကြောင်းကိုလည်း မဏ္ဏပ်တိုင် တက်ပြချင်နေသေးသည်။ဒါပေမယ့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စုံမက်လို့ လူသိရှင်ကြား ပေါင်းဖက်ကြရဲ့လားဆိုတော့လည်း မဟုတ်ပြန်။ မောင်သည် မျက်နှာကြီး မိသားစုမှမွေးဖွားလာသူပီပီ အရာရာသိုသိပ်သည်။ ကျွန်မကလည်း သဘင်ပညာနှင့် ပါတ်သက်လာလျှင်လည်း အမှားမခံ။ တစ်ဦးတည်း အပျိုလူလွတ်ပမာ၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်ရသည်ကို သဘောကျသည်။ ထိုကဲ့သို့ အပြန်အလှန် နားလည်မှုပေးစွမ်းနိုင်ခဲ့တဲ့ ကျွန်မတို့အတွက် အေးကြည်လိုလဲ ဖိတ်စာမရိုက်ခဲ့။ မိန်းမသားတွေ မက်မောသည့် မင်္ဂလာစည်ဗျောကိုလည်း မတီးခဲ့။ ကျွန်မခံယူချက်အတိုင်းသာ ဖြစ်ခဲ့၏။

ကျွန်မအတွက် ယောက်ျားတစ်ယောက်သည် အားကိုးရာတစ်ခုလားလို့ မေးလျင်လည်း ကျွန်မဖြေတတ်။ သာမန်မိန်းမတွေလို ယောက်ျားဆိုရာ ကိုးကွယ်ရာဆိုသည့် စကားကိုလည်း ကျွန်မမယုံကြည်ခဲ့တာအမှန်ပင်။ ကျွန်မအငြိမ့်ကသည်။ အချစ်အကြောင်းတခါတရံဆိုချင်ဆိုမည်။ ဒါပေမယ့် ပွဲသိမ်းပြီးသည့်အခါ ကျွန်မသည် သာမန်မိန်းမတစ်ဦးပမာ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ခဲ့တာအမှန်ပင်။ ဒါပေမယ့် ဆာယုရိဘက်က ကြည့်ပြန်တော့လည်း မဟုတ်ပြန်။

“ကျွန်မတို့ဂေရှားတွေက ခန္ဓကိုယ်ကို ရင်းပြီးအလုပ်လုပ်ရတဲ့သူတွေ မဟုတ်ပါဘူး….. ကိုယ်ကျွမ်းကျင်ရာ အနုပညာနှင့် ဖျော်ဖြေရင်း အသက်မွေးနေသူတွေပါ။ ဒါပေမယ့်လည်း ကိုယ်ဖျော်ဖြေပေးရတဲ့ သူတွေက အမျိုးသားချည်း ဖြစ်နေတော့လည်း လေယူရာပင်နွယ်ယိမ်းသလို……. တခါတလေ စည်းစိမ်တွေနဲ့ ပစ်ပေးရင် ယိမ်းတတ်ကြပြန်ရော…. ဂေရှားတိုင်းက ပညာအခြေ မခိုင်ကြလေတော့လည်း တခါတလေ ယောကျာ်းဆိုတာ သူတို့အတွက် ထွက်ပေါက်ဖြစ်စရာ၊ အားကိုးစရာဖြစ်နေပြန်ရော၊ နောက်ပြီး အိုခီယာမှာတင်နေတဲ့ အကြွေးတွေကိုလည်း လွယ်လွယ်နှင့် မြန်မြန်ဆပ်နိုင်တော့လည်း ယောက်ျားဆိုတာ အားကိုးစရာ ဖြစ်လာပြန်တယ်။”

ဆာယုရိက တွေးတွေးဆဆပြောလိုက်တဲ့ အချိန်မှာ ကျွန်မရော မအေးကြည်ရော နှစ်ယောက်စလုံး နှုတ်ဆိတ်သွား၏။ ကျွန်မတို့ သဘင်သည်တွေခမျာ နာမည်ကြီးလာသည်နှင့် သူတို့ ဂေရှားတွေလို စည်းစိမ်နဲ့ ပစ်ဖမ်းတာ ခံခဲ့ကြသည်။ သဘင်သည်ဆို လွယ်လွယ်ရနိုင်သားပဲ ဆိုသည့်အတွေးဖြင့် လက်တည့်စမ်းဖို့ ကြံကြသည်။

“အို… ဆာယုရိရယ်…… အေးကြည်တို့ဘ၀တွေလည်း အတူတူပါပဲ။ တခါတလေ ပင်ပမ်းလွန်းလို့… နားခိုရာ…ရလေမလားလို့… ကိုယ်မှီရာဆွဲလိုက်ပေမယ့်လည်း….. ကိုယ်ဆွဲတာ မခိုင်တဲ့အရာဖြစ်နေတော့လည်း ၀ုန်းခနဲ ကျပြန်ရော……..”

ဟုတ်တယ်။ အေးကြည်ပြောသလို ၀ုန်းခနဲကျတယ်ဆိုတာမှန်သည်။ ဒါပေမယ့် ဆွဲတဲ့သူကလည်း အကင်းမပါးလေတော့ အခုလို ၀ုန်းခနဲကျတာလည်း မဆန်းပါဘူး။ ဒါဆိုရင် အေးကြည်ကပဲ အဆွဲကောင်းလို့လား၊ ဒါမှမဟုတ် အဆွဲခံလိုက်ရသည့် အရာကပဲ ခိုင်ခံ့လွန်းလို့လား မသိ အငြိမ့်သမတွေအလယ်မှာ အေးကြည်တစ်ယောက် မင်္ဂလာပွဲတစ်ခုနဲ့ပင် ခေါင်းမော့နိုင်ပြိပေါ့။ အဲဒါကိုပဲ စစ်မှန်သည့် အချစ်လို့ခေါ်မလား။

အချစ်.. အချစ်…. အေးကြည်လည်း ချစ်တတ်သည်။ ဆာယုရိလည်း အချစ်ကို မျှော်လင့်ရင်း သူမ၏ချစ်သူကို တိတ်တိတ်လေး စောင့်စားနေသည်။

“မြရင်က အချစ်ကို နားမလည်ပါဘူးကွာ…..”

တိုနေပြီဖြစ်သော စီးကရက်လေးကို နှုတ်ခမ်းပေါ်ချိတ်ရင်း ခပ်ထေ့ထေ့လေး ပြောလိုက်သည့် အေးကြည်၏ စကားသည် ကျွန်မနားထဲကို အူပြီး ၀င်လာသည်။ ဇာတ်စင်ပေါ်ရောက်လျင် ညုလည်းမညု ခရာတာတာလည်းမပြော တည်တည်ပြုံးပြုံးလေး နေတတ်သော ကျွန်မကို သိပ်ဟန်ဆောင်ကောင်းတာပဲလို့ သဘင်သည်အချင်းချင်း မေးငေါ့ရင်း ပြောတတ်သည့် အဖြစ်ကို ကျွန်မမျက်ကွယ်ပြုနိုင်ပေမယ့် တစ်ယောက်အကြောင်း တစ်ယောက်နားလည်သော အေးကြည်က ပြောလာသည့်စကားကိုတော့ ကျွန်မလက်မခံချင်ပါ။

“ကြည်က… မျက်စိစုံမှိတ်ပြီးခံစားတတ်တဲ့ အချစ်ကို အချစ်တစ်ခုလို့ သတ်မှတ်ချင်လို့လား…… ဆာယုရိလို ဘယ်အချိန်မှာမှ နီးနိုင်ပါ့မလဲဆိုတဲ့ မျော်လင့်ချက်နဲ့ ဘ၀ကိုစီးမြောတတ်တဲ့သူတွေကိုမှ အချစ်လို့ ခေါ်မှာလား။ အဲဒါမှမဟုတ်ဘဲ ဘ၀ကို ယုံယုံကြည်ကြည် ပုံအပ်ပေးနိုင်မယ့်သူကိုမှ အချစ်လို့ခေါ်မှာလား။ လူတိုင်း… လူတိုင်းမှာ အချစ်ဆိုတာ ခံစားချက်ခြင်းမတူပါဘူး”

သည်နေရာမှာ ကျွန်မအသံမာကောင်း မာပေလိမ့်မည်။ ဒါပေမယ့် ကျွန်မကို အချစ်မရှိတဲ့ မိန်းမတစ်ယောက်လိုတော့ အထင်မခံနိုင်ပါ။

“ဒါဆို… မြရင်ချစ်တဲ့ အချစ်က ဘယ်လိုမျိုးလဲ”

တိုးတိတ်စွာမေးလာသည့် ဆာယုရိ၏ မေးခွန်းကို ဖြေဖို့ ကျွန်မအတွက်တော့ သိပ်မခက်ပါဘူး။

အချစ်ဆိုတာ ငယ်နုတဲ့အချိန်ပဲ ရူးသွပ်လို့ကောင်းတာ။ တကယ်တမ်း ဘ၀ကို တည်ဆောက်လိုက်တဲ့အချိန်မှာ အချစ်ဆိုတာ အရင်ကလောက် နေရာမယူနိုင်တော့ပါဘူး။ ကျွန်မလည်း… သာမန်မိန်းမတွေလို ချစ်တတ်တာပဲ…..။ သာမန်မိန်းမတွေလိုပဲ အချစ်နဲ့လက်တွဲပြီး လမ်းလျှောက်ချင်တာပဲ… ဒါပေမယ့် သဘင်သည်ဘ၀မှာ ကျွန်မတို့တတွေက အပြင်ကမိန်းမတွေလောက်မှ လွတ်လပ်ခွင့်မှ မရကြတာ…..။ အဲဒါကိုလည်း မောင်ကနားလည်တယ်။”

ကျွန်မ၏ခံယူချက်ကိုကြားတော့ အေးကြည်တို့က ခါးခါးသီးသီးမဟုတ်ပေမယ့် သိပ်ပြီး လက်မခံချင်။

“ဒါဟာ မိန်းမတစ်ယောက်အတွက် သိပ်ပြီး တန်ဖိုးလျော့နေမှာပေါ့”

တန်ဖိုးဆိုတဲ့ စကားကို ကျွန်မထပ်သလဲလဲ ရွတ်မိပြန်သည်။ ယောက်ျားတစ်ယောက်နှင့် နားလည်ကြင်နာယုယစွာ အတူနေထိုင်ခြင်းက မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို ကျစေခြင်းတဲ့လား။ ဆာယုရိကလည်း အေးကြည်လိုပဲ မြင်ပြန်သည်။ သုံးယောက်မှာ အများပြောတာအမှန်ဆိုလျင် နှစ်ယောက်တစ်ယောက်ဖြစ်နေသည့် ကျွန်မအတွက်ကလည်း အမှားဖြစ်နေရော့သလား။

တကယ်တော့ ကျွန်မသည် တခြားအငြိမ့်မင်းသမီးတွေလို အငြိမ့်စင်ပေါ်မှာ ခရာတာတာ ရင်ဖိုစရာမပြောတတ်။ ကျွန်မပညာဖြင့် ကျွန်မဘ၀ကို ထိန်းသည်။ သဘင်သည်ဘ၀မှာ လက်ထပ်ခြင်းဆိုသည်က အနည်းနှင့်အများတော့ အထိအခိုက်များတတ်တာ ကျွန်မနားလည်သည်။ ထို့ကြောင့်ပင် ကျွန်မ၏အိမ်ထောင်ရေးကို အေးကြည်လို မဏ္ဏပ်ထိုးပြီး လူသိအောင်မကြေညာခဲ့။ ထိုသို့ မကြေညာခြင်းအတွက် ကျွန်မ၏ဂုဏ်သိက္ခာကို ကျနိုင်သည်ဆိုလျှင် ထိုသိက္ခာကို ကျွန်မ၏သဘင်ပညာက ပြန်ဆွဲတင်ပေးလိမ့်မည်။

အခုတော့လည်း ကျွန်မတို့ သုံးယောက်မှာ နှစ်ယောက်တစ်ယောက် ဖြစ်လာသည်။ အေးကြည်နှင့် ဆာယုရိသည် အိမ်ထောင်ရေးတစ်ခုကို သာမန်မိန်းမတွေလိုပဲ လမ်းရိုးတစ်ခုပမာ လျှောက်သင့်သည်လို့ထင်ကြသည်။

“မြရင်ကတော့ …. အိမ်ထောင်ရေးဆိုတဲ့လမ်းကို အမျိုးသမီးတိုင်း တူညီစွာ လျှောက်နိုင်လိမ့်မယ်လို့ မယုံဘူး။ ဘာကြောင့်လည်းဆိုတော့ လူတိုင်းရဲ့ ဘ၀ရပ်တည်ချက်တွေက မတူညီကြလို့ပဲ”

“ကြည်ကတော့ အမျိုးသမီးတိုင်းမှာ သင့်တော်တဲ့ အိမ်ထောင်ဘက်ကို လူကြီးစုံရာရှေ့မှာ တင့်တောင်းတင့်တယ် လက်ထပ်ယူသင့်တယ်လို့ထင်တယ်….။ ဆာယုရိရော ဘယ်လိုထင်သလဲ…။”

“မအေးကြည်.. မြင်သလို… ကျွန်မလည်းမြင်တယ်။အဖြူရောင် သတို့သမီးဝတ်စုံကီမိုနိုအောက်က ပျော်စရာကောင်းမယ့် မိန်းမတစ်ယောက်ဖြစ်ရမှာကိုလည်း ကျွန်မကတော့ စိတ်ကူးယဉ်မိတာအမှန်ပဲ……”

အင့်ဟင်း…… မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပပြီး သတို့သမီးဝတ်စုံ ၀တ်လိုက်တော့မှ မိန်းမတစ်ယောက်ပီသရတော့မှာလား။ ဒါဆိုလျင်တော့ အဲဒီလိုမိန်းမပီသနိုင်ဖို့ ကျွန်မအတွက် အခွင့်အရေး ပါလာနိုင်လိမ့်မည်ဟု မထင်ပါဘူး။ လူတိုင်းမှာတော့ အိပ်မက်လေးတွေကိုယ်စီ ရှိကြပါသည်။ ဒါပေမယ့် ထိုအိပ်မက်လေးတွေအတိုင်း လူတိုင်း ဖြစ်ခွင့်မရနိုင်ကြပေ။ ကျွန်မရဲ့ အိပ်မက်တွေကလည်း သာမန်မိန်းမတစ်ယောက်မျိုးရဲ့ အိပ်မက်မျိုး၊ ဆာယုရိနှင့် အေးကြည်တို့လို အိပ်မက်မျိုး ဖြစ်ချင်ဖြစ်မည်။ သို့ပေမယ့် ကျွန်မကတော့ အိပ်မက်တွေကို သည်အတိုင်းသာ သိမ်းထားခဲ့ပြီး ထုတ်ပြချင်သူတစ်ယောက် မဖြစ်ခဲ့ပေ။ ကျွန်မက လက်တွေ့ဘ၀ကို ယုံယုံကြည်ကြည် တည်ဆောက်မိသူ တစ်ဦးသာ ဖြစ်မည် ထင်သည်။

ကျွန်မတို့စကားဝိုင်းလေးသည် မထင်မှတ်ဘဲတိတ်ဆိတ်သွားကြသည်။ ကျွန်မတို့ သုံးယောက်စလုံးဆီမှ ၀င်သက်ထွက်သက်များသည် လေခိုးငွေ့အေးအေးလေးများပမာ စီးမျောထွက်ကုန်သည်။ နောက်ပြီး သုံးယောက်ကြားမှာ စီးမျောသွားသည့် အချိန်တွေကလည်း မတူကြ။ ဘာတွေဖြစ်ကုန်ကြပြီလဲ။ ကျွန်မတို့သုံးယောက်သည် မည်သူက ပိုပြီး မိန်းမဆန်လေမည်ဟူသော အတွေးဖြင့် တစ်ယောက်ကို တစ်ယောက်မလွတ်တမ်းကြည့်နေကြသည်။ တစ်ယောက်အမှားကို တစ်ယောက်ထောက်ဖို့ အသင့်ဖြစ်နေကြပြီလား။

ကြည့်နေရင်းနှင့် အခန်းကျဉ်းလေးသည် တဖြေးဖြေးမှောင်လာသည်။

တစ်ယောက်အသက်ရှူသံ တစ်ယောက်ပြန်ကြားနေရသည်။

အေးစက်နေသောလေတို့ တကျော့ပြန်ဝင်လာပြန်သည်။ အင့်ဟင်း မိန်းမတစ်ယောက်အတွက် ခမ်းနားကြီးကျယ်စွာ လက်ထပ်ယူခြင်းက ထိုမိန်းမတစ်ယောက်၏ အနုပညာအတွက် ကျဆုံးခြင်းသက်သက်……။

အို… ကျွန်မဘာတွေ စဉ်းစားနေတာလဲ။ တစ်ချိန်တစ်ခါမှာတော့ မိန်းမတိုင်းက တန်ဖိုးကြီးစွာဖြင့် လှပသော သတို့သမီးဝတ်စုံကို သူချစ်သောသူဖြင့် လက်တွဲရင်း ၀တ်ဆင်ချင်ကြသတဲ့လား။

အေးကြည်၏ စကားသံလေးက လေအေးထဲကို ဖောက်ထွက်ပြီး ကျွန်မရင်ထဲကို ဒိန်းခနဲ ၀င်စောင့်သည်။ နောက်တော့ ပတ်ချာလည်လှည့်သလို ကျွန်မခန္ဓာကိုယ်ထဲကို တွန်းတိုက်ရင်း ၀င်ရောက်ပျောက်ကွယ်သွားပြန်သည်။

အေးစက်သောလေထဲမှာ မွှေးကြိုင်တဲ့ရနံ့လေးက စီးဝင်လာသည်။ အနားကို ပတ်ချာလည်ရှာကြည့်လိုက်သည့်အချိန်မှာ ဆာယုရိရော အေးကြည်ရော မရှိတော့။ ဘယ်ရောက်သွားကြပြီလဲ။ သနပ်ခါးနံ့သင်းသင်းလေးကို တစ်ချက် နမ်းရှိုက်လိုက်သည့်အချိန်မှာ မိမိလက်အစုံမှာ ဆုပ်ကိုင်ထားသည့် အဖြူရောင် ဖိတ်စာလေးသာဖြစ်နေသည်။ ထိုဖိတ်စာလေးသည် ကျွန်မကို လှောင်ပြီး ကြည့်နေသည်။ ရယ်သံတွေကို ခပ်တိုးတိုးလေးကြားရပြန်သည်။

ကျွန်မကြောက်လန့်တကြား ဖိတ်စာလေးကို လွှတ်ချလိုက်မိသည့်အချိန်မှာ ထိုဖိတ်စာလေးသည် ၀ဲကာဝဲကာဖြင့် တဖြေးဖြေးကျသွားပြီး မိန်းမတစ်ယောက် ဖမ်းဆုပ်လိုက်တာ တွေ့လိုက်ရသည်။ ထိုမိန်းမကိုကြည့်လိုက်တော့ လူတစ်ရပ်လောက်ရှိသော သူမ၏ဆံပင်တွေက ခေါင်းအုံးထပ်မှာ ပြန့်ကြဲနေပြီး ကျွန်မလွှတ်ချလိုက်သော ဖိတ်စာလေးကို တင်းတင်း ဆုပ်ကိုင်ထားသည်။ အေးကြည်၏ဖိတ်စာအသစ်လေးသည် သူမလက်ထဲမှာ ၀ါကျင်တွန့်လိမ်နေပြီး နှစ်ပေါင်းများစွာကြာနေတဲ့ စက္ကူစုတ်လေးလို ညစ်နွမ်းနေသည်။ သူမနှင့် ထိုဖိတ်စာလေးသည် တစ်ခုခုဆက်နွယ်နေသည်ဟု ကျွန်မ ရုတ်တရတ်ခံစားလိုက်ရသည်။ သူမသည် ထိုဖိတ်စာလေးကို တင်းတင်းဆုပ်ထားရင်း နောက်ဆုံးထွက်သက်ကို အမိအရဖမ်းနေသကဲ့သို့ တဆတ်ဆတ်တုန်နေ၏။

အို…… အလင်းရောင်ခပ်ဖျော့ဖျော့အောက်က သူမ၏မျက်နှာလေးကို သေသေချာချာ ကြည့်မိလိုက်ချိန်မှာတော့ ကျွန်မကို အေးစက်သည့်လက်တွေဖြင့် ပွေ့ဖက်လိုက်သလို ခံစားလိုက်ရသည်။

သူမသည် ကျွန်မကိုယ်တိုင်ဖြစ်နေသောကြောင့်ပင်။


၁၃ စက်တင်ဘာ ၂၀၀၉
၁း၂၃ မနက်

ဝတ္ထုပါဇာတ်ကောင်များသည် မြန်မာ့အငြိမ့်လောကမှ ဖြစ်ရပ်မှန်ဇာတ်ကောင်များကို မှီငြမ်းထားခြင်း ဖြစ်ပါသည်။ ဇာတ်ကောင်များ၏ စိတ်ခံစားမှုများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်များသာ ဖြစ်ပါသည်။

လေဘာတီမမြရင်သည် သဘင်ပညာကို အလွန်ပဲ ကျွမ်းကျင်တတ်မြောက်သူ တစ်ဦးဖြစ်ပြိး အငြိမ့်စင်ပေါ်တွင် မည်သည့်အခါမျှ မကလက်တတ်။ သူမ၏မျက်နှာကို အငြိမ့်စင်ပေါ်မှလွဲ၍ အပြင်တွင် မြင်နိုင်ခဲလှသည့် အိနြေကြီးသည့် အမျိုးသမီး တစ်ဦးဖြစ်သည်။ သူမ၏ အငြိမ့်ကို မိဘ၊ သားသမီး အတူတူပင်ကြည့်နိုင်ကြသည်။ သူမအိမ်ထောင်ပြုသည့်အခါ ထင်ထင်ပေါ်ပေါ် မပြုခဲ့ပေ။ ငွေကိုလည်း ကိုင်မသုံးတတ်ပဲ သူမ၏မိခင်က အစစအရာရာ စီမံပေးသည့်အတိုင်း မြေ၀ယ်မကျနားထောင်သည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ပြေးရင် ငှက်ဖျားရောဂါဖြင့် သေဆုံးခဲ့သည်။ သူမသေဆုံးပြီး ၅ရက်အကြာတွင် သူမ၏မိခင်ပါ သမီးဇောဖြင့်သေဆုံးခဲ့သည်။

ဥက္ကလာအေးကြည်သည် မမြင်ရင်ထက်နှိုင်းယှဉ်လျင် သဘင်ပညာ ပိုပြီး ပြည့်ဝသူဖြစ်ကြောင်း ပညာရှင်တိုင်းလက်ခံကြသည်။ နောက်ပြီး မမြရင်ထက် အငြိမ့်လောကထဲ စောစီးစွာ ရောက်ခဲ့သည်။ သူမ၏ ပရိသတ်ထဲက တစ်ဦးဖြစ်သူနှင့် လူသိရှင်ကြား လက်ထက်ပြီးနောက် အငြိမ့်လောကမှ ထွက်ခွာသွားခဲ့သည်။ တခါတရံ အရေးကြီးသောပွဲများမှအပ ဆက်ပြီး မကတော့ပါ။ သူမသည် လူ့လောကကြီးထဲမှ သူမ၏ယောကျာ်းထက် စောစီးစွာထွက်ခွာ သွားခဲ့သော်လည်း သူမ၏ယောက်ျားသည် နောက်အိမ်ထောင် ပြုခြင်း မရှိခဲ့ပါ။

ဥက္ကလာအေးကြည်နှင့် မမြရင်တို့၏ အိမ်ထောင်ရေး ယူဆချက်များသည် သဘင်လောကအတွင်း ဆွေးနွေးစရာတစ်ခုဖြစ်လာခဲ့သည်။

ဆာယုရိသည် သူမကိုးနှစ်သမီးကတည်းက တိတ်ဆိတ်စွာ စောင့်စားလာခဲ့ရသော ချစ်သူဖြင့် ဒုတိယကမ္ဘာစစ်အပြီးမှာ ဆုံစည်းခွင့်ရခဲ့သည်။ (အသေးစိတ်ကို ဂေရှားနှင့်အနုပညာမှာ ဖတ်နိုင်ပါသည်။)

September 24, 2009

ဆောင်းမဟုတ်သည့်နှင်း (၂)


နှလုံးသားနှင့်ဘ၀ဆိုတာ ဘယ်သောအခါမှ တစ်ထပ်တည်းကျသည့် အရာမဟုတ်ခဲ့ခြင်းတူသည့် ကျွန်မတို့နှစ်ယောက်ကြားမှာ ဘ၀တည်ဆောက်ပုံက အံ့သြစရာကောင်းလောက်အောင် တူညီနေပြန်သည်။

ကျွန်မတို့အငြိမ့်လောကမှာ အငြိမ့်ထောင်သူ ရှိသကဲ့သို့ ဆာယုရိတို့၏ဘ၀မှာလည်း ဂေရှားတွေကို ပြုစုပျိုးထောင်သူရှိခဲ့သည်။ ဂီယွန်မှာ ဂေရှားမယ်များနေထိုင်သည့် အိမ်လေးကို အိုခိရာလို့ခေါ်ကြရသည်။ ထိုအိုခီရာကို ဦးဆောင်သည့် အမျိုးသမီးနှင့်အတူ ထိုအိမ်လေးတွင် အနည်းဆုံး ဂေးရှားမယ် တစ်ဦးစီ ရှိတတ်ကြသည်။ ထိုအိမ်လေး၏ စီးပွားရေးအတွက် ထိုဂေရှားမယ်များသည် ရင်းနှီးမြှပ်နှံမှု သက်သက်ပင် ဖြစ်သည်။ ထိုအိုခီရာ၏ ထုံးစံအရ ဂေရှားမယ်တို့သည် သူမတို့အတွက် ရင်းနှီးမြှပ်နှံခဲ့ရသမျှကို ပြန်ဆပ်ရသည်။ အောင်မြင်သော ဂေရှားမယ်တစ်ယောက် ဖြစ်ခဲ့လျင် အိုခီယာအပေါ်တင်ခဲ့သော အကြွေးတွေကို ပြန်ဆပ်နိုင်ပေမယ့် သာမန်ဂေရှားတစ်ယောက်အနေဖြင့် လွယ်လွယ်ကူကူ ပြန်မဆပ်နိုင်ကြ။ သေသည်အထိ ထိုအိုခီရာလေးမှာပဲ နေသွားကြပြီး နောင်တက်လာမည့် ဂေရှားမယ်များကို ပြုစုပျိုးထောင်ပေးကြရသည်။ အရည်အချင်းပြည့်စုံသည့် ဂေရှားမယ်လေးကို အချိန်တန်သည့်အခါ ထိုအိုခီရာ၏ မွေးစားသမီးအဖြစ် အိုခီရာနှင့် ပါတ်သက်သမျှကို လွှဲပြောင်းပေးတတ်ကြပြန်သည်။ ထိုအခါ သူမတို့တင်နေသော အကြွေးသည် အလိုအလျောက်ပျက်ပြယ်သွားသည်။ တကယ်တော့ အိုခီရာသည် လိုချင်ရမ္မက်တွေ၊ အထီးကျန်ဆန်မှုတွေ မနာလိုမှုတွေ ပြည့်နေသည့် မိန်းမသားတွေချည်းနေသည့် ကမ္ဘာကျဉ်းကျဉ်းလေး တစ်ခုသာ ဖြစ်သည်။

ဆာယုရိသည် ထိုကမ္ဘာလေးမှာပဲ ကြီးပြင်းခဲ့ရသည်။ သူမသည် သူမ၏မိဘတွေ ယူထားသည့် အကြွေးအတွက် ထိုအိုခီရာလေးကို ရောက်ခဲ့သည်။ ထိုအိုခီရာ၏မိခင်သည် ဆာယုရိ သုံးစွဲသမျှ အသုံးစရိတ်၊ ဆာယုရိသင်ကြားခဲ့ရသော အကသင်တန်းစရိတ်၊ သူမကြောင့် ကွဲအက်ခဲ့ရသော လက်ဖက်ရည်အကြမ်းခွက်ကအစ သူမ၏လယ်ဂျာ စာအုပ်ထဲတွင် အသေးစိတ်မှတ်ထားခဲ့သည်။ ဆာယုရိ ဂေးရှားဖြစ်သည့်နေ့ ထိုအကြွးများကို သူမ၏ဖြေဖျော်ရေးကရသည့် ငွေများဖြင့် ပြန်ဆပ်ရမည်။ သူမလိုပင် တခြားဂေးရှားများလည်း သူတို့၏ အိုခီရာကို အသီးသီး အကြွေးပြန်ဆပ်ကြရသည်။ အကြွေးကြေအောင် ဆပ်နိုင်သည့် သူတွေ ရှိသလို အကြွေးပြန်မဆပ်နိုင်သည့် သူများလည်း ရှိကြသည်။ ထိုကဲ့သို့ စခဲ့ရသော ဂေရှားတို့သည် သူတို့ဘ၀ကို သူတို့မပိုင်ဆိုင်ကြ။ အိုခီရာကသာ ပိုင်ကြသည်။

ကျွန်မတို့ အငြိမ့်သမတွေတော့ ဆာယုရိတို့နှင့်မတူပေ။ သဘင်သည်အိမ်မို့လို့ အဆိုအက အတီးအမှုတ်တွေဖြင့် ညံချင်ညံနေပေလိမ့်မည်။ ဒါပေမယ့် သဘင်သည်သည် မိမိဘ၀မိမိပိုင်ကြသည်။

ဆယုရိတို့ ဂေရှားမယ်တစ်ယောက်ဖြစ်ဖို့မလွယ်သလို ကျွန်မတို့ သဘင်သည်တွေလည်း အငြိမ့်မင်းသမီးကောင်း ဖြစ်ဖို့မလွယ်ပါ။ အငြိမ့်မင်းသမီးကောင်းတစ်ယောက်ဖြစ်ဖို့ အသံကောင်းရမည်။ အကကောင်းရမည်။ စကားပြောတတ်ရမည်။ နောက်ပြီး ရုပ်ချောရမည်။ သီချင်းကြီး သီချင်းခံတွေကို ပိုင်နိုင်အောင် သင်ကြရမည်။ သီချင်းရေးစရာက သီချင်းတက်ပေးလျင် မြန်မြန်နှင့် မှန်မှန် ဆိုတတ်ကြရမည်။ အငြိမ့်သမီးတိုင်း နာမည်ကြီးဖို့ ကိုယ်ပိုင်သီချင်းကောင်းကောင်း ရှိရမည်။

ကျွန်မတို့ရဲ့ အငြိမ့်သမလောကအကြောင်း စီကာပတ်ကုံးပြန်ပြောပြသည့်အခါ ဆယုရိသည် တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သူမသည် ကျွန်မတို့အကြောင်းကို တဖြေးဖြေး စိတ်ဝင်စားလာခဲ့သည်။

အငြိမ့်မင်းသမီးများ နာမည်မကြီးခင် မင်းသမီးတိုင်းလိုလို ရှေ့ထွက်မင်းသမီးအဖြစ် ကပြကြရသည်။ ထိုသို့ကပြရင်းနဲ့ အဆိုအက အပြောတို့ကို ထိုအငြိမ့်မင်းသမီးခေါင်းဆောင်များဆီမှ သင်ယူကြရသည်။ ကကြိုးကကွက်တို့ကို ဖန်တီးကြရသည်။ တကယ်တမ်း မင်းသမီးဖြစ်ပြီဆိုတာနဲ့ နာမည်ကြီး သီချင်းရေးဆရာတွေ ဖြစ်သည့် နန်းတော်ရှေ့ဆရာတင်တို့ မြို့မငြိမ်းတို့လို နာမည်ကြီးများဆီမှာ သီချင်းတောင်းကြရသည်။ သီချင်းကောင်းရင်ကောင်းသလောက် အဆိုပိုင်လျင်ပိုင်သလောက် အငြိမ့်မင်းသမီးမှာ နာမည်ကြီးလာသည်။ ဆယုရိတို့၏ ဂီတမှာ ရှာမိဆန်တို့ ဗုံတိုတို့က အရေးပါသလို၊ ကျွန်မတို့ အငြိမ့်မင်းသမီးတွေ အတွက် ပတ္တလား၊ နှဲ၊ ဒိုးဆစ်တို့ကလည်း အရေးပါခဲ့သည်။

တကယ်တော့ အငြိမ့်မှာ ဒိုးဆစ်ကအသက်ပင် ဖြစ်သည်။ ဒိုးဆစ်တီးသူက ကောင်းကောင်းနှိပ်စက်လျင် အငြိမ့်မင်းသမီးတစ်ယောက် ကိုးယိုးကားရားဖြစ်ပြီး အရှက်ကွဲတတ်သည်။ တချို့ မင်းသမီးများသည် အဆစ်ကျဲကျဲနှင့် ကကွက်လှအောင် ကတတ်ကြသည်။ တချို့ကလည်း အဆစ်စိတ်စိတ်ဖြင့် သွက်သွက်လက်လက်ကတတ်ကြသည်။ ဒိုးဆစ်သမားသည် ဘယ်မင်းသမီး ဘယ်လိုအဆစ်မျိုးဖြင့် ကတတ်ကြသလဲဆိုတာ နားလည်ကြသည်။ အဆစ်ကြဲကြဲကတတ်သူကို အဆစ်စိတ်စိတ် တီးပေးလျှင် လက်ချိုးရင်း ခြေချိးရင်းတန်းလန်း ကျန်ခဲ့ကြသည်။ ကျွန်မကတော့ ဒိုးဆစ်ကျဲကျဲဖြင့် ယဉ်ယဉ်လေးကရတာကို သဘောကျသည်။ ထိုယဉ်ယဉ်လေးကတတ်တာကပဲ ကျွန်မအတွက် နာမည်ကြီးစေသော အကြောင်းတစ်ရပ် ဖြစ်ခဲ့လေသလားမသိ။ မမြရင်ကတာလောက်တော့ ဘယ်သူမှမလှလို့ပြောတတ်ကြသည်။ ဟုတ်ပါရဲ့…..။ ကျွန်မကလျှင် ယဉ်ယဉ်လေးဖြင့် ငြိမ်ငြိမ်လေးကတတ်သည်။ ဘယ်သောအခါမျှ ချွေးထွက်ပြီး မျက်နှာချေတွေ ပျက်အောင် မကတတ်ပေ။ ကျွန်မနှင့် အငြိမ့်လောကမှာ အပြိုင်ကနိုင်သူကတော့ ဥက္ကလာအေးကြည်ပါ။ မအေးကြည်ကရင် ရင်တွေ ဗျန်းဗျန်းကွဲသွားပါစေ တတ်သမျှပညာဖြင့် မနားတမ်းကတတ်တော့ အငြိမ့်စင်ပေါ်ရောက်တာနှင့် ခဏလေး အလှတွေ ပျက်ကုန်ပါရဲ့……။

“မြန်မာကကွက်လေးတစ်ကွက်လောက် ကပြပါလား…..”

အေးစက်နေသော လေဟာနယ်ထဲမှာ အငြိမ့်အကတွေအကြောင်း ပြောပြနေသည့် ကျွန်မအသံတွေဖြင့်ဖုံးလွှမ်းနေချိန်မှာ ရုတ်တရက် ခပ်စူးစူးလေး ထွက်လာသော ဆာယုရိအသံကြောင့် ကျွန်မခဏတာ တိတ်ဆိတ်သွားတော့သည်။ သူမကို ယိုးဒယားအကလို ညက်ညက်လေးကပြရမလား။ မဖြစ်နိုင်ဘူး ထင်ပါရဲ့။ ယိုးဒယားအကက မြန်မာအကမဟုတ်သလို ထိုအကကိုနိုင်နင်းတဲ့ ဥက္ကလာအေးကြည်လောက်လည်း ကျွန်မမကတတ်ပေ။ ရုပ်သေးကလို့ပြောရအောင်လည်း သြဘာသောင်းက ဆံပင်ဖားလျားချ၊ ဘီးစိုက်ပြီး ကသွားဖူးတော့လည်း အဲသည်အကို ကျွန်မမကပြချင်။ နောက်ဆုံးတော့လည်း အငြိမ့်မင်းသမီးရဲ့ မာန်လို့ပဲ ပြောရမလား၊ ကျွန်မရဲ့ ပညာလို့ပဲ ပြောရမလား၊ အသံမှာပါရမီပါတဲ့ ကျွန်မအတွက် ခြေဆင်းကောင်းကောင်းဖြင့် ကနိုင်သော ကျွန်မကိုယ်ပိုင်သီချင်းဖြင့် ဆိုပြပါတော့သည်။ ကျွန်မအသံကြောင့် မှောင်နေသော လေဟာပြင်နယ်သည် တဖြတ်ဖြတ်လင်းလာသည်လို့ ထင်ရပြန်သည်။ အေးစိမ့်စိမ့်တိုက်နေသောလေသည် တနွေးနွေးဖြစ်လာသည်။ ကျွန်မရဲ့အသံကြားတွင် ပျောက်ရှကုန်သော အေးစက်သောလေတို့သည် ကျွန်မ၀ိဥာဉ်ကို ခြွေဖို့ တချိန်က ကြိုးစားဖူးခဲ့သေးသည်။ ထိုအချိန်တုန်းကလည်း အခုဆိုပြသည့် သီချင်းလေးနဲ့ပင် ကျွန်မနာလန်ထဖူးခဲ့သည်။ ကျွန်မရှမ်းပြည်ကို သွားရင်း ငှက်ဖျားရောဂါဖြင့် သေမလိုဖြစ်ခဲ့ပြီးမှ အသက်ပြန်ရှင်ရသည့်အကြောင်းကို ရေးဖွဲ့ထားသည့် တုံးကျော်မဆိုသည့် သီချင်းလေးပင် ဖြစ်သည်။ များသောအားဖြင့် အငြိမ့်သီချင်းတွေက ကျွန်မတို့အကြောင်းကို တစွန်းတစပြောပြပေးနေသော စာသားလေးများပင်ဖြစ်သည်။

လေအေးအေးနှင့် အတူ ကျွန်မသီချင်းအေးအေးလေးဆိုရင်း ကနေလိုက်တာ ကျွန်မတို့အနားကို မိန်းမပျိုလေးတစ်ယောက် ရောက်လာတာကို သတိမထားမိခဲ့ကြပေ။

ထိုမိန်းကလေးသည် ပါးလွှာသည့် အ၀ါရောင်ဖျော့ဖျော့ သရက်ထည်အကျီင်္လေးကို ၀တ်ဆင်ထားပြီး ဆံထုံးကိုတော့ တစ်ပတ်လျှိုထုံးထားသည်။ သူမသည် လှပေကျော့ပေ့ဆိုသည့် အစားကတည်းက မဟုတ်ပေမယ့် ရိုးရိုးယဉ်ယဉ်လေးဖြင့် ညိုစိမ့်စိမ့်လေး ကြည့်ကောင်းသူတစ်ဦးပါ။ သူမသည် ကျွန်မတို့နှစ်ယောက်စလုံးကို ရင်နှီးစွာဖြင့် နှုတ်ဆတ်ပြသည်။ ထိုမိန်းကလေးသည် အသားညိုညို ခပ်လတ်လတ် အမျိုးသမီး တစ်ဦးဖြစ်သည်။ နောက်ပြီး ကျွန်မ၏ ပြိုင်ဘက်တစ်ဦး ဆိုလျှင်လည်းမမှားပါ။ မန္တလေး အငြိမ့်လောကမှာ ယဉ်ယဉ်လေးနှင့် ငြိမ့်ငြိမ့်လေးကတတ်သူဟု ကျွန်မနာမည်ကြီးသလို၊ ခြေကြွလာသူ၊ ဒိုးဆစ်သံစိတ်စိတ်ဖြင့် သွက်သွက်လေးကတတ်သူ။ ယိုးဒယား အကနိုင်သူဟု ထင်ရှားသူ ဥက္ကလာအေးကြည်ပင်ဖြစ်သည်။ တကယ်တော့ ကျွန်မနဲ့ အေးကြည်သည် စင်လုဘက်တွေ မဟုတ်ပေမယ့် တလိုင်းတည်းသွားနေသူ ဘ၀တူသူတွေဆိုတော့လည်း တကွေ့ကွေ့မှာတော့ ခလုတ်တိုက်ခဲ့ဖူးတာ မဆန်းလှပေ။ သည်တစ်ခါ ကျွန်မတို့ဆီရောက်လာတာတော့ ဆန်းလှသည်။

ဥက္ကလာအေးကြည်သည် ကျွန်မတို့နှစ်ယောက်ဆီသို့ နံသာဖြူရနံ့လေးသင်းနေသည့် အဖြူရောင်စာအိတ်လေးကို လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။ ထိုစာအိတ်ကလေးကို ဖွင့်ကြည့်လိုက်တော့ ရွှေရောင်ဖောင်းကြွတွေဖြင့် ရေးထားသော သတို့သား၊ သတို့သမီးနာမည်ကို တွေ့ရသည်။ အို….. အေးကြည် လက်ထပ်တော့မှာပါလား။ ထိုဖိတ်စာထဲတွင် အေးကြည်၏အမည်လေးက ထင်းခနဲဖြစ်နေသည်။ မိန်းမတစ်ယောက်ရဲ့ ဘ၀မှာ တင့်တောင်းတင့်တယ် လက်ထပ်ယူခွင့်ရခြင်းက ဘ၀တစ်ခုလုံးရဲ့ ဂုဏ်ဒြပ်လို့ဆိုလျင် ဖိတ်စာပေါ်က ရွှေရောင်ဖောင်းကြွစာလုံးနဲ့ အေးကြည်နာမည်ကလဲ ထိုဂုဏ်ဒြပ်ကို ဆောင်ကျဉ်းပေးလေရော့သလား။ ဖိတ်စာထဲက ရွှေရောင်နဲ့အတူ အေးကြည်၏မျက်ဝန်းတွေကလည်း တောက်ပနေသည်။ ဖိတ်စာမှာ မွှေးပျံ့နေသည့် နံသာဖြူရနံ့လေးလို အေးကြည်ဘ၀ကလည်း အစဉ်အမြဲသင်းပျံ့နေဦးမှာတဲ့လား။


ဆယုရိကတော့ အေးကြည်၏ မင်္ဂလာဆောင်ဖိတ်စာလေးကို တစ်ချက်ကြည့်လိုက်ရင်း ၀မ်းမြောက်ဝမ်းသာ စကားလေးဆိုရှာသည်။ သူမအတွက် ထိုမင်္ဂလာဆောင် ဖိတ်စာလေးသည် ထူးဆန်းချင်ထူးဆန်းနေ၏။ အငြိမ့်မင်းသမီးတစ်ယောက်အနေနဲ့ ခမ်းနားစွာ လက်ထပ်ခွင့်ရခြင်းက သူမတို့ဂေရှားတွေနှင့် မတူညီသည့် အချက် ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ အမျိုးသမီးတစ်ယောက်အတွက် ဘ၀လက်တွဲဖော် ရွေးချယ်နိုင်မှုအပေါ် ကျွန်မတို့ အငြိမ့်မင်းသမီးတွေလိုတော့ ထပ်တူဝမ်းသာဟန် တူပါသည်။ သူမသည် အေးကြည် ကံကောင်းတယ်လို့ နှုတ်က တဖွဖွ ဖွင့်ပြောနေပေမယ့် ကျွန်မအတွက် ဒါဟာ အေးကြည်ကံကောင်းတာလား၊ ဒါမှမဟုတ်သူမအတွက် ဘ၀တစ်ဆစ်ချိုးကို စဖို့ ဖြေလှမ်းစလိုက်တာလား သေသေချာချာ မသိခဲ့ပါ။

“အေးကြည်ရယ်… သည်လို လူသိရှင်ကြား ကြေညာတာမှားတယ်။”

အေးကြည်သည် ကျွန်မကို ပထမတော့ နားမလည်သလို ငေးကြည့်သည်။ နောက်တော့ သူမ၏ အကျင့်တစ်ခုတိုင်း စီးကရက်တစ်လိပ်ကို အေးအေးဆေးဆေးဖွာလိုက်ပြီး နှုတ်ခမ်းထောင့်လေးမှာ ချိတ်ပြီး ခဲထားလိုက်သည်။ မီးခိုးငွေ့လေးများကြောင့် သူမ၏ မျက်လုံးကျဉ်းကျဉ်းလေးကို မှေးလိုက်ပြီး ကျွန်မတို့ဘက်ကို ပြန်ကြည့်သည်။ စီးကရက်ခဲထားချိန်မှာ အခုလို မှေးမှေးလေးကြည့်တတ်သော သူမ၏ အကြည့်ကြောင့် ကောလိပ်ကျောင်းသားတော်တော်များများ ဘယ်လောက်တောင် ရူးခဲ့ကြပြီလဲ။ တခါတလေ အငြိမ့်သမကြောင့်လူငယ်တွေ ပျက်စီးရပါတယ်ဆိုတဲ့ လက်ညှိုးပေါင်းများစွာကို ဘယ်လောက်တောင် ခံခဲ့ရပြီးပြီလဲ။ တခါတလေ ထိုလက်ညှိုးတွေကို ကကွယ်ဖို့ ယောက်ျားကောင်းတစ်ယောက်၊ အဖော်မွန်တစ်ယောက် လိုအပ်သည်ဟု အငြိမ့်မင်းသမီးတိုင်းကထင်ကြသည်။ ကျွန်မအတွက်ကတော့ ယောကျာ်းတစ်ယောက်ဟာ မိန်းမတစ်ယောက်အတွက် တစ်ထောင့်တစ်နေရာသာ လိုအပ်ချင် လိုအပ်မည်။ တစ်ဘ၀စာလုံးတော့ မထင်ခဲ့မိချေ။ တကယ်ရောလိုအပ်လားလို့ရော မိမိကိုယ်ကို ပြန်မေးမိခဲ့ကြပါရဲ့လား။ ထိုယူဆချက်ကပင် ကျွန်မရယ်၊ အေးကြည်ရယ်၊ ဆာယုရိရယ် အမြင်တွေကို ပြောင်းပြန်ဖြစ်ခဲ့သည်ဟု ဆိုရမည်ပင်။
”မြရင်က… အေးကြည်မှားတယ်လို့ ထင်ရအောင်၊ မြရင်ဘ၀မှာ အေးကြည်လို မှားခဲ့ဖူးလို့လား။”

ဆက်ပါဦးမည်။

September 23, 2009

ဆောင်းမဟုတ်သည့်နှင်း (၁)



ဤ၀တ္ထုပါဇာတ်ကောင်များသည် ဆရာမကြီးလူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာရှင်များစာအုပ်မှ လေဘာတီမမြရင်၊ အငြိမ့်စာအုပ်မှ ဥက္ကလာအေးကြည်၊ Memoirs of a Geisha ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ကောင် ဆာယုရိတို့ကို မှီငြမ်းပြီး စာရေးသူစိတ်ကူးဖြင့် ထိုအမျိုးသမီးသုံးယောက်တွေ့ဆုံခန်းကို ဖန်တီးထားခြင်းဖြစ်ပါသည်။

ဆောင်းမဟုတ်သော်ငြားလည်း အေးစက်သော လေပြင်းရှရှတို့သည် ရိုးတွင်းချဉ်ဆီထဲကို ကြမ်းတမ်းစွာ ထိုးစက်ဝင်ရောက်လာသည်။ အညာထွက် ဂွမ်းစောင်တစ်ထည်ကို တကိုယ်လုံးနေရာလပ် မကျန်အောင် ထွေးပတ်လိုက်သော်လည်း ချမ်းစိမ့်မှုက လျော့မသွား၊ မေးဖျားရိုက်ပြီး သွေးတွေ အေးခဲလာသည်ဟု ထင်ရပြန်၏။ ချမ်းအေးမှုနဲ့အတူ ခေါင်းတစ်ခုလုံး အုံပြီးတက်လာပြန်သည်။ နောက်ကျိနေသော အတွေးတွေနှင့်အတူ လေးလံနေသည့် မျက်ခွံကို ဇွတ်ဖွင့်ကြည့်လိုက်တော့ ခြင်ထောင်အမိုးသည် ကျွန်မခန္ဓာကိုယ်ပေါ်ပိပြီး ကျလာသည်ဟု ထင်ရပြန်သည်။ ပဲကြီးခွံထပြီး အေးစက်နေသလား မှတ်ရသော လက်ချောင်းတွေကို စောင်အောက်ကနေ လျှိုပြီး ထုတ်ကြည့်လိုက်သော်လည်း လက်ချောင်းတွေက ကျွန်မနဲ့ ဝေးရာ သုံးပေအကွာမှာ ရောက်နေသည်ဟု ထင်ရပြန်သည်။ အားစိုက်ပြီး လက်ချောင်းများကို အနီးကပ်ဆွဲယူလိုက်သော်လည်း ဝေးနေဆဲ။ အဝေးမှာ ရောက်နေသည့် မိမိ၏လက်ချောင်း ထိပ်တွေကို အားစိုက်ပြီး ကြည့်လိုက်သည့်အခါ ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားသည်။

ထိုအချိန်မှာပဲ ရင်းနှီးနေကျ အသံတစ်သံသည် အဝေးကနေ ကျွန်မ၏အခန်းငယ်လေးထဲကို ခပ်ပျပျဝင်လာသည်။ ထိုအသံတွေသည် ကျွန်မနှင့် ငယ်စဉ်ကတည်းက ယဉ်ပါးနေသော အသံလေးများ ဖြစ်ကြသည့် အငြိမ့်ဒိုးဆစ်သံတွေဖြစ်ကြသည်။ ထိုအသံကြားလျှင် လက်ချောင်းခြေချောင်းလေးတွေကို အငြိမ်မနေ ကျွန်မ ကွေးနေအောင် ကတတ်ခဲ့သည်။ ထိုမြူးကြွသည့် ဒိုးဆစ်သံတွေသည် အေးစက်နေသည့် ခြေဖျားလေးကနေတဆင့် ကျွန်မခန္ဓာကိုယ်ပေါ်တလိမ့်လိမ့် တက်လာပြန်သည်။ သည်တစ်ခါတော့ ကွေးနေကျ ခြေဆစ်လက်ဆစ်တို့က ထိုဒိုးဆစ်သံများ အနီးမကပ်လာအောင် တွန်းထုတ်မိရဲ့သား ဖြစ်နေပြန်သည်။ နားကို ဘယ်လိုပင်ပိတ်ထား ပိတ်ထား တဒိန်းဒိန်းနဲ့ ခေါင်းပေါ်တက်လာသည့် ဒိုးဆစ်သံများကြောင့် အကြောဆွဲသလို ကျွန်မ၏လက်ဖျား ခြေဖျားများသည် နာကျင်မှုနဲ့အတူ ဆတ်ခနဲ ဆတ်ခနဲ ဖြစ်သွားသည်။ ခေါင်းတစ်ခုလုံး ကြေမွသွားသကဲ့သို့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ဆန့်ငင်ဆန့်ငင် ဖြစ်သွားသည်။ ထို့နောက် အေးစက်သည့် လေနှင့် အတူ အသည်းတစ်ခုလုံး အေးခနဲ ဖြစ်သွားပြီး အမှောင်ထဲကို ခွေကျသွားတော့သည်။


………………………………..၊………………………………


ကျွန်မ ဘယ်နေရာရောက်သွားသလဲ မသိတော့။ ကတ္တီဘာစလို နက်မှောင်နေသောအခန်းကျဉ်းလေးထဲက လေဟာနယ်တစ်ခုထဲ ရောက်နေသကဲ့သို့ ကျွန်မ အသက်ရှူ၍မရ တစ်ဆို့ဆို့ကြီး ဖြစ်နေသည်။ ကျွန်မ အမှောင်ထဲကို အားစိုက်ပြီး ကြည့်လိုက်သည့်အချိန်မှာ အလင်းရောင်ခပ်မှိန်မှိန်လေးကိုသာ မြင်ရသည်။ ထိုအလင်းရောင်သည် ဇာတ်စင်ပေါ်က ကန့်လန့်ကာအဖွင့်မှာ တဖြည်းဖြည်းလေး လင်းလာသလို အနည်းငယ် စူးရှလာသည်။
ထိုအလင်းရောင် အောက်မှာတော့ မိန်းမပျိုလေးတစ်ယောက် ခပ်ယို့ယို့လေးထိုင်ပြီး ကျွန်မကို ပြုံးပြီး ကြည့်နေရှာသည်။ သူမ၏ ဖြူဖွေးနေသည့် မျက်နှာပြင်ပေါ်မှာ စွေးစွေးနီနေသည့် နှုတ်ခမ်းပါးတစ်စုံက ပြုံးနေသော်လည်း သူမ၏ အပြာရောင်သမ်းသည့် မျက်လုံးတွေက ငွေ့ရည်ဖွဲ့နေသည်။ ကျွန်မ အမှောင်တွေကို လက်နှင့် တွန်းဖယ်ရင်း သူမနားကို တိုးကပ်သွားမိသည့်အခါ ကျွန်မတစ်ခါမှ မရခဲ့ဖူးသည် ကိုယ်သင်းနံ့ မွှေးပျံ့ပျံ့လေးက ကျွန်မအနားကို ဝေ့ကာသီကာဖြင့် ရောက်လာပါသည်။ သူမဘယ်သူလဲ……..။ အံ့သြစိတ် သိလိုစိတ်ဖြင့် ကျွန်မ သူ့အနားကို ချည်းကပ်သွားချိန်မှာ ကျွန်မကို အသိအမှတ်ပြုသည့် အနေဖြင့် သူမ၏ ခန္ဓာကိုယ်ကို မခို့တရို့လေး ကိုင်းလိုက်ပြီး ဦးညွှတ်ပြသည်။ အို….. သူမ၏ လက်အပင့်အသက်များက ကိုယ်ခန္ဓာရွေ့လျားမှုများက အနုပညာဆန်လှပါလား။ ဂီတမပါသည့် ကကြိုးတစ်ခုပမာ သူမ၏ လှုပ်ရှားဟန်တွေသည် အယဉ်ကိုအယဉ်ဆင့်ပြီး အလှချည်းသက်သက် ဖြစ်နေပါလား။

သူမသည် ခရမ်းရောင်အပေါ်မှာ အ၀ါရောင်နုနုလေးတွေ ရေးသီထားသည့် ပန်းပွင့်အဆင်ခပ်ကြီးကြီးကို ၀တ်ဆင်ထားကာ ဆံနွယ်များကို ခပ်ယဉ်ယဉ်လေး အနောက်၌စုပြီး ထုံးဖွဲ့ထားသည်။ သူမ၏ဆင်ယင်ထုံးဖွဲ့မှုသည် ကျွန်မတို့ အငြိမ့်သမတွေနှင့် ကွာခြားလှပါသည်။ သူမသည် ငိုရည်သမ်းသည့် အပြုံးတွေဖြင့် ကျွန်မကို ခပ်တိုးတိုးစကားဆိုနေသည်။ သူမ၏စကားသံတွေသည် ကျွန်မဆီမရောက်ခင်စပ်ကြား လေလှိုင်းထဲမှာ ကျပျောက်ကုန်သည်။ သူမဆီက မပွင့်တပွင့် ထွက်လာသည့် နှုတ်ခမ်းသားလေးများမှာ အချစ်ဆိုသည့် စကားလုံးက တွန်းကာတိုက်ကာဖြင့် ထွက်ကျလာသည်ဟု ထင်ရပြန်သည်။ သူမ၏ စကားသံတွေသည် စကားသံတွေအနေဖြင့် ထွက်မလာတော့။ ထူးဆန်းအံ့သြလှစွာပဲ သူမဘာပြောချင်နေသလဲဆိုတာကို ကျွန်မနားလည် ခံစားမိလာသည်။ အခန်းကျဉ်းလေးထဲမှာ အေးစက်နေသည့် လေနုအေးတွေတိုက်ခတ်နေပေမယ့် သူမနှင့် ကျွန်မကြားမှာတော့ နွေးထွေးမှုတွေ ရှိနေသည်ဟု ခံစားလာရသည်။

တိုက်ဆိုင်စွာပင် ထိုအပြာရောင်မျက်လုံးပိုင်ရှင် မိန်းကလေး၏ ခံစားမှုများသည် ကျွန်မ၏ ခံစားမှုသက်သက်များအဖြစ်သို့ ပြောင်းသွားသည်။ သူမ၏ အချစ်နဲ့ဘ၀ကို ယုံကြည်မှုသည် ကျွန်မနှင့် ထပ်တူကျလာသည်။ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နားလည်စွာဖြင့် ကြည့်မိလိုက်ချိန်မှာတော့ ရင်းနှီးမှုအတိုင်းအဆသည် ခဏချင်းမှာပဲ ခိုင်မြဲလာခဲ့သည်။

ထို့နောက် သူမသည် ကျွန်မအနားကို ညင်သာ ယိမ်းနွဲ့စွာ တိုးကပ်ထိုင်လိုက်ပြီး သူမအကြောင်းကို ၀မ်းနည်းစွာ ပြောပြပါတော့သည်။

သူမသည် နိပွန်တို့ တိုင်းပြည်က ဖျော်ဖြေရေးအနုပညာရှင်တစ်ယောက် ဖြစ်သည်။ သူမ၏ဘ၀သည် ကျွန်မထက် ပိုပြီး ခက်ခဲကြမ်းတမ်းသယောင် ထင်ရသည်။ ကျွန်မတို့ကို အငြိမ့်သမလို့ခေါ်ကြသလို သူမတို့ကို ဂေရှားမယ်လို့လည်း ခေါ်ကြသည်။ ကျွန်မတစ်စွန်းတစ ကြားခဲ့ရသော ဂေးရှားမယ်သည် ယောက်ျားတို့ကို အလိုဆန္ဒဖြည့်ဖို့ အကဖြင့် ဖျော်ဖြေရသူများသက်သက်သာ ဖြစ်သည်။ ကျွန်မသိထားသမျှဂေးရှားမယ်တွေအကြောင်းကို သူမကို ပြောပြသည့်အခါ ထိုဂေးရှားမယ်လေးသည် ခပ်မဲ့မဲ့ ရယ်သည်။ ထို့နောက် သူမသည် သူမတို့၏ ဘ၀အကြောင်းကို ကျွန်မကို နားလည်အောင် ပြောပြသည်။ ထိုအခါတွင် ကျွန်မသိခဲ့ကြားခဲ့ဖူးသော ဂေရှားမယ်တို့သည် ကျွန်မတို့ သဘင်သည်တွေလိုပဲ အနုပညာကို လက်ဆင့်ကမ်း ဖန်တီးကြသူများမှန်း သိခဲ့ရသည်။

တကယ်တော့ မိန်းမတစ်ယောက်၏ဘ၀နှင့် ရပ်တည်မှုဆိုတာ ဘာလဲလို့ မေးကြလျှင် ကျွန်မနှင့် သူမ၏ဘ၀သည် အတော့်ကို ဆင်တူကြမည်ဟုထင်ပါသည်။ ဒါပေမယ့် ဘ၀ကို ရုန်းကန်မှုခြင်းကတော့ ကွဲပြားကြမှာပေါ့။

သူမမှာ လှပသည့် အပြာရောင် မျက်လုံးတစ်စုံ ရှိသလို၊ လှပသည့် နာမည်ကလေးလည်း ရှိခဲ့သည်။ သူမနာမည်က ဆယုရိတဲ့။ ဒါပေမယ့် သူမ၏ဘ၀က ကျွန်မထက်ပင် ခက်ခဲကြမ်းတမ်းသည်ဟု ထင်ရပြန်သည်။ ဒါဟာ ဘာလဲ………။ ကျွန်မတို့တတွေ၏ တူညီမှုက လူတွေရဲ့ ပျော်ရွှင်မှုအတွက် ဖျော်ဖြေရေးသက်သက် ပြယုခ်တွေဖြစ်နေကြလို့လား။

ကျွန်မဘ၀ကို လို ချောင်ကျသည့် သာစည်ဟူသော တောရွာလေးမှာ စခဲ့ပြီး ဆယုရိကလည်း ဝေးလံခေါင်ဖျားသည့် တံငါရွာလေးမှာ စခဲ့ကြပုံချင်းတူသည်။ သို့ပေမယ့် ကျွန်မတကယ်တမ်း ဘ၀စခဲ့သည့်နေရာက မန္တလေးလို သဘင်သည်တွေ စည်ကားသည့် မြို့ကြီးဖြစ်ခဲ့သလို ဆယုရိကလည်း ထိုတံငါရွာလေးမှာ မဟုတ်ခဲ့။ ကျိုတိုမြို့က ဂေရှားမယ်တို့မွေးဖွားရာ ဂီရွန်ဆိုသည့် မြို့လေးမှာ သူမ၏ဘ၀ကို နာကျင်စွာ စခဲ့ရသည်။ မည်သူကမျှ ဂေရှားမယ်တစ်ယောက်ဖြစ်ဖို့ မရည်ရွယ်ခဲ့သလို ဆယုရိအနေနဲ့လည်း ဂေရှားမယ်ဖြစ်ဖို့ အိပ်မက်တောင် မမက်ဖူးခဲ့ပေ။ ဒါပေမယ့် ဆယုရိ ဂေရှားမယ်တစ်ယောက်ဖြစ်ဖို့ တွန်းအားပေးခဲ့သော အရာသည် သူမကိုးနှစ်သမီး အရွယ်ကတည်းက တိတ်ဆိတ်စွာ စောင့်စားခဲ့ရသည် အချစ်စစ်သက်သက်သာ ဖြစ်ခဲ့သည်။ အချစ်ဟုဆိုသော်လည်း သူမဘ၀မှာ ရယူပိုင်ဆိုင်လိုမှု မရှိခဲ့။ သူမတိတ်တခိုးချစ်ခဲ့သည့် ချစ်သူသည် စီးပွားရေးအရ အောင်မြင်ကျော်ကြား ချမ်းသာသည့်လူတစ်ယောက် ဖြစ်ပြီး အနုပညာကို ခုံမင်သူဖြစ်သည်။ သူသည် ဂေရှားမယ်တို့၏ အကနှင့် အနုပညာကို တန်ဖိုးထားတတ်သူတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် သူသည် ဂေရှားမယ်လေးများနှင် စကားရည်လုရတာကိုလည်း သဘောကျသူဖြစ်ပြန်သည်။ ဆာယုရိ၏ဘ၀သည် သူမ၏ချစ်သူကို နီးကပ်စွာ ဖြေဖျော်နိုင်ဖို့အတွက် ဂေးရှားမယ်အဖြစ် သူ့ဆီရောက်ဖို့ တစ်လှမ်းချင်း လှမ်းခဲ့သည့် ခြေလှမ်းများသာ ဖြစ်ခဲ့သည်။


“အချစ်ဆိုတာ ဘာလဲဆိုတာ… ကျွန်မတကယ်ရေရေရာရာ မသိတတ်သေးတဲ့ အရွယ်မှာပဲ သူ့ကို စတွေ့ခဲ့ရတယ်…. အဲသည်နေ့က ချယ်ရီတွေပွင့်နေတယ်လေ…..။ အနာဂတ်ဆိုတာကို သာမန်ကလေးလေးတစ်ယောက်အတွက် ဘာမှန်းမသိဘဲ ပျောက်နေတဲ့အချိန်မှာ သူ့ကိုရုတ်တရက် တွေ့ခဲ့ရတယ်။ စိတ်ကောက်နေတဲ့ ကလေးလေးတစ်ယောက်ကို မုန့်လာကျွေးပြီး လာချော့တဲ့ အကိုကြီးတစ်ယောက်လိုပေါ့….. သူက ဂေရှားမယ်တွေရဲ့ ကပွဲကြည့်ဖို့သွားတာ နောက်ကျနေတာတောင် ဂရုမစိုက်ဘူး သိလား… အဲသည်နေ့က ကျွန်မရဲ့ ပျောက်ဆုံးနေတဲ့ အနာဂတ်က သူ့ကြောင့် တောက်ပလာခဲ့တယ် ဆိုရမလား……. ကျွန်မ သူ့အနားမှာ ဖျော်ဖြေချင်တဲ့ ဂေရှားမယ်တစ်ယောက် အဲသည်အချိန်ကတည်းက ဖြစ်ချင်ခဲ့တာပေါ့……. ဒါပေမယ့် ကံကြမ္မာက ကျွန်မကို မျက်နှာသာမပေးခဲ့ပါဘူး။ နီးမယ်ထင်ထားခဲ့ပေမယ့် သူနဲ့ဆုံဖို့ကဝေးနေဆဲပါပဲ။”


ကျွန်မကျတော့ရော……..။ သဘင်သည်ဖြစ်ဖို့ ဘယ်လိုအရာတွေက တွန်းအားပေးခဲ့သလဲ…..။ သေချာတာတစ်ခုကတော့ တောရွာတွေမှာသာ လှည့်လည်ကပြခဲ့ရသည့် တောမင်းသား၊ မင်းသမီးများဖြစ်ကြသည့် မိဘများမှ မွေးဖွားခဲ့သော ကျွန်မသည် သဘင်သည်တွေရဲ့ ဂီတနှင့် အကမှာ စိတ်ဝင်စားခဲ့တာ အဆန်းတော့ မဟုတ်ခဲ့ပေ။ သေချာတာတစ်ခုကတော့ သဘင်သည်ဘ၀ကို ခုံမင်မြတ်နိုးခဲ့တာ အမှန်ပင်ဖြစ်ခဲ့သည်။ သို့သော်ကျွန်မအတွက် အချစ်နှင့် သဘင်သည်ဘ၀သည် လမ်းတစ်ခုစီ သီးသန့်သာ ဖြစ်ခဲ့သည်။

အချစ်ဆိုတာဘာလဲလို့ ကျွန်မနှင့် ဆာယုရိတို့ မေးခွန်းထုတ်မိတိုင်း မရေရာသည့် ပင့်သက်အမောတို့သာ ကျွန်မတို့ကြားမှာ ကျန်ခဲ့သည်။ ဂေရှားတစ်ယောက်ဆိုတာ အချစ်ကိုဘ၀တစ်ခုနဲ့လဲရသူသက်သက်သာလို့ ဆာယုရိကဆိုသည်။ ဂေရှားတစ်ယောက်အဖြစ် အောင်မြင်ဖို့ သူမတို့ဘ၀မှာ အချစ်ဆိုတာ အတားအဆီးတစ်ခုသက်သက်သာဖြစ်သည်။ ဂေရှားတိုင်းက ဂေရှားမဖြစ်ချင်ကြဘူးလို့လည်းဆိုပြန်သေးသည်…. ဒါဆိုအချစ်က ကိုယ်မဖြစ်ချင်တဲ့ ဘ၀ကို ဆွဲထုတ်ခေါ်နိုင်မယ့်အရာမဟုတ်ဘူးလားလို့ မေးလိုက်တော့ သူမက သဘောကျစွာ ရယ်သည်။

“အောင်မြင်တဲ့ ဂေရှားတစ်ယောက် ဖြစ်လာရင်… သူ့နောက်မှာ ယောက်ျားဆိုတာတွေ အားလုံးက ကိုယ်စေလိုရာစေပေါ့……။ ဒါပေမယ့် ကျွန်မတို့တတွေက ကိုယ်နိုင်တဲ့ အနုပညာနဲ့ ကိုယ်ပိုင်တဲ့လောကလေးကို လက်ဝါးပေါ်တင်ထားကြတာလေ….။ ကိုယ့်လက်ဝါးပေါ်ရောက်လာတဲ့…. ကိုယ်ခြယ်လှယ်နိုင်တဲ့ ကိုယ့်ကမ္ဘာလေးကို ပိုင်ဆိုင်လိုက်ရတဲ့အချိန်မှာ ဂေရှားတစ်ယောက်ဖြစ်ရတဲ့ဘ၀ကို မက်မောသွားတတ်ကြတာ.. ဒို့တတွေဆီမှာ အဆန်းတော့ မဟုတ်တော့ပါဘူး … ဒါပေမယ့် ကျွန်မတို့တတွေ အိမ်ထောင်ပြုလျင် ဂေရှားတစ်ယောက်အဖြစ် ဘယ်လိုမှ ရပ်တည်ခွင့် မရှိတော့ဘူး။ အဲဒါကြောင့် အချစ်ဆိုတာ အောင်မြင်တဲ့ဂေရှားတွေရဲ့ အဝေးဆုံးအရပ်မှာပဲပေါ့…….”

ကျွန်မသက်ပြင်းချမိသည်။ ကျွန်မတို့ အငြိမ့်မင်းသမီးများလည်း ကိုယ်ပိုင်ရာကမ္ဘာငယ်လေးကို ဖန်တီးယူဖို့ကြိုးစားကြခဲ့ဖူးသည်။ ကိုယ်မှီသော သစ်ပင်ကောင်းဖို့ အငြိမ့်ထဲကပဲ ကိုယ်နဲ့ဝါသနာတူရာ အနုပညာသည်အချင်းချင်းကို ယုံစားခဲ့မိလို့ အချစ်တွေ ခဏခဏပြောင်းခဲ့ရသည်။ အပြင်လူကို ချစ်မိပြန်တော့လည်း အငြိမ့်မင်းသမီးမို့ မျက်နှာများတယ် ဖြစ်ပြန်သည်။ တခါတလေတော့လည်း ကျွန်မတို့အငြိမ့်မင်းသမီးတွေအတွက် အချစ်ဆိုတာ မကစားကောင်းတဲ့ အရာဖြစ်နေလေသည်။ ကံကောင်းတာတစ်ခုကတော့ ၀ါသနာဖြင့်သာ စခဲ့ရသော ကျွန်မတို့သဘင်သည်ဘ၀က ဘယ်လိုပင်အိမ်ထောင်ပင်ပြုပြု ကျွန်မတို့ဖန်တီးခဲ့သည့်လမ်းကို ဆက်လျှောက်ခွင့်ရသေးသည်ဟု ဆိုရမည်ပင်။ ဒါပေမယ့် ကိုယ်ချစ်တဲ့သူနှင့် လက်ထက်ထိမ်းမြားခြင်းသည် အနည်းဆုံးတော့ သဘင်သည်ဘ၀ကို အဟန့်အတားတော့ ဖြစ်စေသည်။ ထိုအချက်ကပင် ကျွန်မ၏အချစ်နဲ့သဘင်သည်ဘ၀ခံယူချက်ကို ပြောင်းလဲစေခဲ့သည်ဟု ထင်ပါသည်။

ကန့်လန့်ကာ ရှေ့က မြရင်နှင့် ကန့်လန့်ကွာနောက်ကွယ်က မြရင် မတူညီကြဘူးလို့ တချို့လူတွေက မြင်ကောင်းမြင်ပေလိမ့်မည်။ ဒါပေမယ့် မြရင်သည် မြရင်သာ ဖြစ်ခဲ့သည်။ ထို့အတူပင် မျက်နှာကို အဖြူရောင်တွေ ချယ်မှုန်းထားသည့် ဆာယုရိသည်လည်း ထိုမိတ်ကပ်တွေကို ဖယ်ရှားလိုက်သည့်အခါ သာမန်မိန်းကလေးတစ်ယောက်မျှသာ ဖြစ်သည်။ ကျွန်မတို့နှစ်ယောက်စလုံး အဆိုအကတွေဖြင့် ကိုယ်ကျွမ်းကျင်ရာပညာဖြင့် လူအမျိုးမျိုးကို ဖျော်ဖြေရမည်။ ဒါပေမယ့် သဘင်သည်ဝတ်ရုံကို ဖယ်ရှားလိုက်သည့်အချိန်မှာတော့ သာမန်အမျိုးသမီးများကဲ့သို့ ရင်ခုန်ချင်ကြပါသေးသည်။ သေချာတာတစ်ခုကတော့ ကျွန်မတို့လို သဘင်သည်တွေအတွက် အချစ်ဆိုတာ ကြိုးတန်းပေါ် လျှောက်ရသည်နှင့်တူသည်။ ဘယ်အချိန်ကြိုးတန်းပေါ်က တရှိန်ထိုးပြုတ်ကျမလဲဆိုတာ မသိ။ ဘယ်အချိန်ကျမှ ကိုယ်လိုရာ ကြိုးတန်း၏ ဟိုဘက်အစွန်းကို ရောက်နိုင်မည်ဆိုတာ မသိခဲ့။ ကိုယ်လျှောက်နေသော ကြိုးတန်းသည် ဘယ်လောက်ခိုင်မာနိုင်မလဲဆိုတာလည်း မသိခဲ့ပါ။ ဆာယုရိသည် ထိုကြိုးတန်းလေးပေါ်မှာပဲ အပြိုပြိုအလဲလဲနှင့် ကျွန်မလိုပဲ လျှောက်လှမ်းခဲ့ဖူးသည်။


ဆက်ပါဦးမည်။

September 21, 2009

ဂေရှား Geisha နှင့်အနုပညာ








ဂေရှားဆိုတာ ဘယ်လိုမိန်းမမျိုးတွေလည်းလို့မေးရင် အနည်းဆုံး ၁၀ယောက်မှာ ၈ယောက်လောက်က ယောက်ျားတွေကို ဖြေဖျော်ရတဲ့ မကောင်းသည့်မိန်းမများလို့ထင်တတ်ကြပါတယ်။ စာဖတ်သူရော ဘယ်လိုထင်ပါသလဲ။ ကိုယ့်ရဲ့ထင်မြင်ချက်လေးကို မှတ်ထားပြီး ကျွန်တော်သိသလောက် ပြောပြထားတဲ့ ဂေရှားမယ်လေးများအကြောင်းကို ဆက်ဖတ်ကြည့်ပါလားဗျာ။

ဂေရှားဆိုတာ အနုပညာဖြင့် အသက်မွေးသည့် မြန်မာအငြိမ့်မင်းသမီးတွေဖြင့် တော်တော်ကိုဆင်တယ်။ ဂေရှားဆိုတဲ့ အဓိပ္ပါယ်က ဂေ (အနုပညာ) ရှား(တစ်စုံတစ်ယောက်)……. အနုပညာရှင်တစ်ယောက်လို့ အမည်ရပါတယ်။ ဂေရှားအကြောင်းကို ကျွန်တော် ဟိုးငယ်ငယ်ကလေးကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ သူတို့အကြောင်း ဘာဆိုဘာမှ ဂဂဏဏမသိခဲ့ပါဘူး။ လှပပြီး အရောင်စိုသည့် ကီမိုနိုလေးတွေကို ၀တ်တတ်လို့သာ စိတ်ဝင်စားခဲ့တာနှင့်တူပါတယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းမိန်းကလေးတွေကို ဂေရှားမယ်မဆိုပြီး မခံချင်အောင် လိုက်စမိတာ မှတ်မိနေသေးတယ်။ အဲသည်အချိန်တုန်းကလည်း ကိုယ်ထင်တဲ့ ဂေရှားက အပျက်မကိုး။ ၂၀၀၅ခုနှစ်က ဂေရှားတစ်ယောက်အကြောင်းကို Memoirs of a geisha ဆိုသည့် ရုပ်ရှင်ကို ကြည့်မိလိုက်ချိန်မှာတော့ ကိုယ်ထင်တာတွေနှင့် တခြားဆီမှန်း သိလိုက်ရတယ်။ နောက်တော့ ရုပ်ရှင်က ၀တ္ထုကို မမှီဘူးဆိုတာနဲ့ Arthur Golden ရေးသည့် မူရင်းဝတ္ထုကို ရှာပြီး ဖတ်ကြည့်ပါတယ်။ အဲသည်တော့မှ ဂေရှားနဲ့ပါတ်သက်တာတွေကို ပိုပြီး သိလာရတယ်။

စာရေးဆရာက သူဝတ္ထုရေးနေစဉ်မှာ တစ်ချိန်တုန်းက အလွန်နာမည်ကြီးခဲ့သည့် ဂေရှားမယ် Minneko Iwasaki ကို အင်တာဗျူးခဲ့ပါတယ်။ ၀တ္ထုပါအကြောင်းအရာတွေက ထိုဂေရှားမယ်ရဲ့ တစိတ်တပိုင်းလို့တောင် ယူဆကြပါတယ်။ ထိုဝတ္ထုကို ဂျပန်ဘာသာသို့ ဘာသာပြန်လိုက်ချိန်မှာ Minnekoက ဆရာ Arthurကို တရားစွဲခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ Arthurက အင်တာဗျူးပါ အကြောင်းအရာတွေကို မည်သူ့ဆီက ရပါတယ်ဆိုတဲ့ ဂတိကို ချိုးဖောက်ပြီး စာအုပ်ရဲ့ အဖွင့် ကျေးဇူးတင်လွှာမှာ Minneko နာမည်ကို ထည့်သွင်းခဲ့လို့ပါ။ Minneko ခမျာ ဂေရှားမယ်တွေရဲ့ လျို့ဝှက်ချက်တွေကို ဖွင့်ဟသူဆိုပြီး အသက်အန္ထရာယ် ရန်ရှာခံရတဲ့အထိ ဒုက္ခများခဲ့ရပါတယ်။ နောက်တော့လည်း ဆရာArthurက Minneko ကို နစ်နာကြေးပေးလိုက်တော့မှ တရားရုံးမှာ အမှုစွဲထားတာကို ကြေအေးခဲ့ရသတဲ့။

ဝတ္ထုကိုဖတ်ချိန်မှာ လက်ထဲက မချနိုင်အောင်ကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဆိုရမှာပဲ။ နောက်ပြီး ၀တ္ထုထဲကဇာတ်ကောင် ဆယုရိအကြောင်းကလည်း ဖတ်ပြီးတဲ့အထိ အတွေးထဲ အကြာကြီး ရောက်နေခဲ့သေးတယ်။

ဆယုရိဆိုတဲ့ကောင်မလေးရဲ့ နာမည်အရင်းက ချီယိုပါ။ သူမမှာ အရွယ်ရောက်ပြီးကာစ အမတစ်ယောက်လည်း ရှိပါတယ်။ ဆင်းရဲတဲ့ တံငါမိသားစုလေးမှာ မွေးဖွားလာခဲ့တဲ့ ညီအစ်မနှစ်ယောက်စလုံး ကံမကောင်းကြပါဘူး။ အိပ်ယာထဲမှာ သေအံ့ဆဲဆဲမိခင်ရဲ့ ဆေးဖိုးအတွက် သူမတို့နှစ်ယောက်ကို ရောင်းစားခဲ့ရတယ်။ ဒီလိုနဲ့ပဲ ချီယိုတဖြစ်လဲ ဆာယုရိရဲ့ဘ၀တဆစ်ချိုးပြောင်းခဲ့ရတယ်။

သူမတို့နှစ်ယောက်ကို ခေါ်ဆောင်လာတဲ့ ပွဲစားက အိမ်တစ်အိမ်ကို ခေါ်သွားခဲ့တယ်။ ကံမကောင်းချင်တော့ ချီယိုအမက ရုပ်ရည်အသင့်အတင့်ပဲရှိတော့ အဲဒီအိမ်က လက်မခံပါဘူး။ သည်လိုနဲ့ပဲ ချီယိုခမျာ ဂေရှားမယ်တွေ မွေးထုတ်ရာ အိုခီယာလို့ခေါ်တဲ့ ဂေရှားစံအိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့ပြီး သူ့အမကတော့ ပြည့်တန်ဆာတန်းကို ရောက်သွားရှာပါတယ်။

ချီယိုရောက်သွားတဲ့ အိုခိယာအိမ်လေးတွေအကြောင်းကို Memoirs of Geisha ရုပ်ရှင်ကိုကြည့်လျင် သိပ်မသိနိုင်ပါဘူး။ ဒါပေမယ့် ၀တ္ထုထဲမှာတော့ အသေးစိတ်ရေးထားပါတယ်။ ဂေရှားတွေနေတဲ့ ရပ်ကွက်က ဖျော်ဖြေရေးရပ်ကွက် တစ်ခုလိုပါပဲ။ အဲသည်ရပ်ကွက်လေးက အခုထက်ထိ ရှိသေးပါတယ်။ အဲသည်ရပ်ကွက်မှာ အိုခီယာလို့ခေါ်တဲ့ ဂေရှားအိမ်လေးတွေက အများကြီးပဲ။ အိမ်တစ်အိမ်မှာ အနည်းဆုံး ဂေရှားတစ်ယောက်ရှိတယ်။ အများကြီးလည်း မရှိပါဘူး။ ဂေရှားတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်တဲ့ စရိတ်ကလည်း မသေးဘူး။

ဝတ္ထုအရဆိုလျင် အိုခီယာမှာ အုပ်ချုပ်တဲ့သူအကုန်လုံးလိုလိုက ဂေရှားမယ်တွေ ဖြစ်ခဲ့ဘူးကြတယ်။ အသက်အကြီးဆုံး စီနီယာအကျဆုံးဂေရှားက အဲသည်အိမ်လေးမှာ တာဝန်အကြီးဆုံးအပိုင်းကို ယူထားတတ်ပါတယ်။ သူတို့ကပဲ အသစ်ရောက်လာမယ့်ဂေရှားလေးတွေအတွက် အသုံးစရိတ်ကို လယ်ဂျာစာအုပ်တွေနဲ့ နေ့တိုင်း စာရင်းမှတ်လေ့ရှိပါတယ်။ တကယ်တော့ ဂေရှားတစ်ယောက်ပြုစုပျိုးထောင်ရတာ အဲသည့် အိုခီယာအိမ်လေးတွေအတွက် ရင်းနှီးမြှပ်နှံမှုတစ်ခုပါပဲ။ အရွယ်ရောက်လာတဲ့ ဂေရှားတစ်ယောက်ဖြစ်လာလို့ အောင်မြင်ကျော်ကြားလာလျင် အရင်းကြေရုံမက အမြတ်ပါရသေးတယ်။ ဂေရှားမဖြစ်သေးဘဲ ထွက်ပြေးသွားလျင်တော့ အိုခီယာအတွက် အရှုံးပေါ်တော့တာပေါ့။ အဲသည်အခါ နောက်ထပ်ဂေရှားတစ်ယောက်ကို ရှာပြီး ပြုစုပျိုးထောင်ပေးရပြန်ပါတယ်။

အဲသည်ရပ်ကွက်လေးမှာ ဂေရှားနဲ့ပါတ်သက်တာတွေ သင်ပေးတဲ့ အနုပညာကျောင်းလည်း ရှိပါတယ်။ ကျောင်းစရိတ်ကိုလည်း အိုခီယာကပဲ ကျခံရတယ်။ ကျောင်းစရိတ်တင်မကပါဘူး၊ ရေနွေးကြမ်းခွက်တစ်ခွက် ကွဲသွားရင်တောင် အဲသည်စာရင်းက လယ်ဂျာစာအုပ်ထဲ ရောက်သွားတတ်ပါတယ်။ ဂေရှားဖြစ်တဲ့ အချိန်ကစပြီး Tea House တွေမှာ ဖျော်ဖြေလို့ ရသမျှကို အိုခီယာကို အကြွေးပြန်ဆပ်တဲ့ အနေနဲ့ ပြန်အပ်ရပါတယ်။ တချို့ဂေရှားမယ်တွေက အောင်မြင်သွားတဲ့အချိန်မှာ လွယ်လွယ်နဲ့ ပြန်ဆပ်နိုင်ပေမယ့် တချို့ကြတော့လည်း တော်တော်နဲ့ ပြန်မဆပ်နိုင်ကြပါဘူး။ အောင်မြင်တဲ့ ဂေရှားတစ်ယောက်ဖြစ်လာလျင်တော့ အိုခီယာက ထိုဂေရှားကို သမီးအဖြစ်မွေးစားပါတယ်။ မွေးစားခံရတဲ့ သမီးကထိုအိုခီယာကို ဆက်ခံရပြီး နောက်ထပ်ဂေရှားမယ်တွေကို ထပ်မံမွေးထုတ်ပေးရပြန်ပါတယ်။ သည်လိုနဲ့ပဲ အိုခီယာကို အသက်သွင်းကြတယ်။

ချီယိုခမျာ ထိုအိုခီယာလေးကို ရောက်လာပြီးနောက် ဂေရှားတစ်ယောက်ဖြစ်ဖို့ ထိုအိမ်လေးကို သူမမတိုင်ခင်ရောက်နေတဲ့ ပန်းကင်းလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ကျောင်းအတူတူတက်ရပါတယ်။ အဲသည်ကျောင်းမှာ အဆိုအက အတီး အကုန်သင်ရတယ်။ နောက်ပြီး စောင်းအသေးစားလေးလိုပုံစံရှိတဲ့ ရှာမိဆန်ကိုလည်း တီးတတ်အောင်ကျင့်ရပါတယ်။ ချိယိုခမျာ ကျောင်းတက်နေရင်းတစ်ဘက်ကလည်း သူ့အမဘယ်မှာရှိသလဲဆိုတာ စုံစမ်းရပါတယ်။ တစ်နေ့တော့ သူ့အမဘယ်မှာ ရှိသလဲဆိုတာ အိုခီယာမှာ လက်ရှိဂေရှားမယ်ဖြစ်နေသည့် ဟာစုမိုမိုဆီကနေတဆင့်သိသွားပြီး သူ့အမရှိရာ ပြည့်တန်ဆာတန်းကို ရောက်သွားပါတယ်။

သာမန်အမျိုးသမီးရဲ့ ကော်လာအနေအထား

ဂေရှားတစ်ယောက်ရဲ့ ကော်လာအနေအထား

သည်နေရာမှာ စာရေးဆရာ Aethur က ပြည့်တန်ဆာတန်းနဲ့ ဂေရှားမယ်ရပ်ကွက်တို့ရဲ့ ကွာခြားချက်တွေ အသေးစိတ်ရေးထားပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ပြည့်တန်ဆာနှင့် ဂေရှားကို ဘယ်လိုခွဲခြားထားသလဲဆိုတာပါ။ စာဖတ်သူတွေ သတိထားမိသလားမသိဘူး။ ဂျပန်မတွေဝတ်တဲ့ ကီမိုနိုတွေရဲ့ နောက်ကျောမှာ ဖဲပွင့်လိုလို အ၀တ်ထုပ်လိုလို လှပစွာစည်းထားတဲ့ အရာတစ်ခုကို သတိထားကြည့်ပါ။ အဲသည့်အရာကို အိုဘီလို့ခေါ်ပါတယ်။ ပြည့်တန်ဆာတွေက အဲသည့်အိုဘီကို ခန္ဓာကိုယ်ရဲ့ အရှေ့ဘက် ရင်ညွန့်တည့်တည့်မှာ ထားတတ်ကြပြီး ဂေရှားမယ်တွေကတော့ အနောက်မှာ လှပသေသပ်စွာ စည်းထားတတ်ပါတယ်။ ဂေရှားမယ်တွေရဲ့ အိုဘီက အရောင်အသွေးတောက်တောက် လှလှပပရှိပေမယ့် သာမန်အိမ်ရှင်မတွေရဲ့ အိုဘီကတော့ ရိုးရိုးယဉ်ယဉ်လေးတွေ ဖြစ်ပါတယ်။ နောက်ပြီး ကီမိုနိုဝတ်လျင် အောက်ခံကော်လာအဖြူက ဂေရှားမယ်ဆိုလျင် လည်တိုင်မှာ လိမ်းထားတဲ့ မိတ်ကပ်အလှကို မြင်အောင် အောက်ကို လျောချပြီး လည်တိုင်တစ်ခုလုံးပေါ်အောင် ၀တ်တတ်ပေမယ့်၊ သာမန်အမျိုးသမီးတွေက လည်တိုင်ဖုံးပြီး ၀တ်ကြပါတယ်။ သည်လိုနည်းနဲ့ ဂေရှားနဲ့ သာမန်အမျိုးသမီးတွေ ၀တ်စားဆင်ယင်မှုကို ခွဲထားပြန်ပါတယ်။


ဂေရှားမယ်တွေရဲ့ အိုဘီ

သာမန်အိမ်ထောင်ရှင်မများရဲ့ အိုဘီ

ပြည့်တန်ဆာများရဲ့အိုဘီ

ဇာတ်လမ်းကိုပြန်စရလျင် ချီယိုက အမလုပ်သူနဲ့တွေ့ပြီး အတူတူထွက်ပြေးကြဖို့ အချိန်းအချက်လုပ်ကြပါတယ်။ ထွက်ပြေးမယ့်နေ့မှာ ကံမကောင်းချင်တော့ ဟာစူမိုမိုက အိုခီယာမှာ သူ့ချစ်သူကို ချိန်းတွေ့တာ မိသွားတဲ့ အတွက် ဘယ်ယောက်ျားသားမှ ၀င်လို့မရအောင် အိမ်တစ်ခုလုံးကို သော့ပိတ်ထားလိုက်ပါတယ်။ တကယ်တော့ ဂေရှားတစ်ယောက်ဖြစ်ဖို့ အချစ်ကို မမွေးဖွားသင့်ပါဘူး။ အချစ်တစ်ခုကို ဖန်တီးမိလျင် အောင်မြင်တဲ့ဂေရှားတစ်ယောက်ဖြစ်ဖို့ မလွယ်ကူတော့ပါဘူး။ အဲသည့်ညမှာမှာ ချီယိုခမျာ အိမ်တံခါးမကြီးကနေ ခိုးထွက်လို့မရတော့ အိမ်ခေါင်မိုးပေါ်ကနေ ခိုးထွက်ဖို့ ကြိုးစားပါတယ်။ ကံမကောင်းချင်တော့ အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး ပြန်မိသွားတယ်။

နောက်ဆုံးတော့ အိမ်ခေါင်မိုးပေါ်ကနေ ကျတဲ့ဒဏ်ကြောင့် ဆရာဝန်နဲ့ ဆေးကုရတယ်။ အဲသည့် ကုသစရိတ်ကလည်း လယ်ဂျာစာအုပ်ထဲရောက်သွားပါတယ်။ ပိုဆိုးတာက ချီယိုရဲ့ အမက ထွက်ပြေးလွတ်မြောက်သွားတော့ သူမရဲ့ အကြွေးစာရင်းတွေက ချိယိုရဲ့ စာရင်းထဲ အကုန်ရောက်လာတယ်လေ။ အဲဒါနဲ့လဲ မပြီးသေးပါဘူး။ အိုခီယာက ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ ချီယိုကို ဂေရှားမယ်အဖြစ် ရင်းနှီး မြုပ်နှံဖို့ ယုံကြည်မှုမရှိတော့ပါဘူး။ နောက်ဆုံးချီယိုကို အိမ်ဖော်အဖြစ်နဲ့ပဲ ဆက်ထားလိုက်ပါတယ်။ သည်ပုံစံအတိုင်းဆိုရင် ချီယိုခမျာ တစ်သက်လုံး အိမ်ဖော်အဖြစ် ဆပ်သွားလည်း ကြေဖို့လမ်းမမြင်တော့ပါဘူး။

တစ်ရက်တော့ သူမတစ်ယောက်တည်း တွေးရင်းငေးရင်းတံတားလေးပေါ်မှာ ထိုင်နေရင်း Chairman ဆိုတဲ့ ယောကျာ်းပီသတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့တယ်။ ထိုတစ်ယောက်က ဂေရှားမယ်နှစ်ယောက်နဲ့အတူ ကပွဲသွားရင်း ချီယိုကိုတွေ့တော့ မုန့်ဝယ်ကျွေးပါတယ်။ ပိုတဲ့ အကြွေစေ့လေးတွေကိုလည်း ချီယိုကို လက်ကိုင်ပုဝါလေးနဲ့ထုပ်ပြီး ပေးလိုက်တယ်။အဲသည်ပိုက်ဆံက ချီယိုအတွက် တစ်လစာ ဆန်ဆီဆား ၀ယ်လို့၇ပါတယ်။ ဒါပေမယ့် ချီယိုက လက်ကိုင်ပုဝါလေးကို ကိုယ်နဲ့မကွာ သိမ်းထားပြီး ပိုတဲ့ ပိုက်ဆံကိုတော့ ဘုရားကျောင်းကိုလှူလိုက်တယ်။ တစ်နေ့နေ့တော့ Chairmanကို ပြန်ဆုံရပြီး သူ့ကို ဖျော်ဖြေရတဲ့ ဂေရှားမယ်တစ်ယောက် ဖြစ်ရပါလို့၏လို့ဆုတောင်းလိုက်ပါတယ်။ သူမရဲ့ဆုတောင်းတွေ ပြည့်ဖို့ အိုခီယာလေးမှာ အိမ်ဖော်အဖြစ်နေရင်း စောင့်နေခဲ့ရတယ်။ တစ်ဖက်ကလည်း Chairman ရဲ့သတင်းတွေ နားစွင့်ရင်းပေါ့။ တစ်နေ့မှာတော့ သူမနေတဲ့ အိုခီယာလေးကို မထင်မှတ်ဘဲလူတစ်ယောက် ရောက်လာတယ်။

ဆက်ပါဦးမည်။
ဓါတ်ပုံများကို အင်တာနက်မှ ရယူပါသည်။

September 11, 2009

နောက်ဆက်တွဲ (စကာင်္ပူမှာ အင်္ဂလိပ်လိုပဲ ပြောရအောင်)

မထင်မှတ်ဘဲ အခုရေးတဲ့ပို့စ်ကို ကိုယ်မြင်တာလေးတွေ လာပြီးဆွေးနွေးကြတာ တွေ့ရတော့ အရမ်းပဲ ၀မ်းသာမိပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မတူညီတဲ့အမြင်လေးတွေပါ တွေ့လိုက်ရတော့ နည်းနည်းရှင်းပြချင်လာတယ်။ (ကျွန်တော်မြင်တဲ့ဘက်ကနေပေါ့)

ကျွန်တော့်စိတ်အထင်ပေါ့လေ… ဘာသာစကားဆိုတာ တစ်ဦးကဘာဆိုလိုတာ နောက်တစ်ဦးနားလည်အောင် လုပ်တဲ့ ကြားခံအရာတစ်ခုလို့မြင်ပါတယ်။ (international language လို့ဆိုတဲ့ လက်ဟန်ခြေဟန်နဲ့ပြောတဲ့ ဟာသစကားမပါပါဘူး) ဥပမာ မြန်မာတစ်ယောက်က မြန်မာတစ်ယောက်ကို စကားပြောရင် မြန်မာလိုသုံးမှာပါ။ ဒါက အချင်းချင်းနားလည်တာကိုး။ မြန်မာတစ်ယောက်က တရုတ်တစ်ယောက်ကို စကားပြောမယ်ဆိုရင်တော့ မြန်မာလို ပြောလို့မရတော့ပါဘူး။ တရုတ်ကလည်း မြန်မာလိုပြောတတ်မှာ မဟုတ်ပါဘူး။ အဲဒါဆိုရင် သူတို့နှစ်ဦးကို ဆက်သွယ်ဖို့ ကြားခံဘာသာစကား လိုလာပါပြီ။ လူမျိုးတိုင်းမှာ ဒုတိယဘာသာစကားတော့ ရှိတတ်ကြပါတယ်။ အဲဒီဒုတိယဘာသာစကားကလည်း အများသုံးဖြစ်နေတတ်ကြပါတယ်။ အဲဒီအခါမှာ တရုတ်နဲ့မြန်မာနဲ့စကားပြောဖို့ အင်္ဂလိပ်စကားကို သုံးလာကြတယ်။ ဒါဆိုရင်လည်း အင်္ဂလိပ်တွေကရော သူတို့ဆီမှာ ဒုတိယဘာသာစကား မရှိတော့ဘူးလားမေးရင် ရှိမှာပါပဲ။ ဒါပေမယ့် တခြားဘာသာစကားပြောတဲ့လူတွေထက်တော့ ပိုပြီးမပင်ပမ်းဘူးပေါ့။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်ဘာသာစကားက နံပါတ်၁ နေရာကို ယူထားနိုင်လို့လေ။

ဥပမာထဲကနေ ဥပမာကို ပြန်ပေးပါဦးမယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကိုပဲကြည့်။ ဗမာ၊ဗမာချင်းက ဗမာလိုပြောလို့နားလည်ပါတယ်။ ဒါပေမယ့် ရှမ်းလူမျိုးတစ်ယောက်နဲ့ ဗမာတစ်ယောက် စကားပြောဖို့ဆိုရင် တခြားကြားခံလိုလာတယ်။ များသောအားဖြင့် ဗမာစကားနဲ့ပဲ ဆက်သွယ်ကြပါတယ်။ ဒါဆိုရင် တိုင်းရင်းသားတွေရဲ့ ဒုတိယဘာသာစကားက ဗမာစကားဖြစ်လာတာကိုး။ မြန်မာနိုင်ငံမှာ ဗမာစကားကို နံပါတ်၁ လုပ်ထားတော့ ဗမာစကားတတ်တဲ့သူတွေ မြန်မာပြည်ဘယ်သွားသွား အဆက်အသွယ် လုပ်ဖို့ သိပ်မပင်ပမ်းတော့ပါဘူး။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်ကကြည့်ရင်တော့ ကိုယ့်တိုင်းရင်းသားစာကိုလည်း သင်ရဦးမယ်၊ မြန်မာပြည်တွင်းမှာ ထိုးဖောက်ဖို့ ဗမာစာကိုလည်း သင်ရဦးမယ်။ နိုင်ငံတကာနဲ့ဆက်ဆံဖို့ အများသုံးအင်္ဂလိပ်စာကိုလည်း သင်ရဦးမယ်။ ဗမာစာတတ်တဲ့ မြန်မာတွေကတော့ တိုင်းရင်းသားတွေထက်စာရင် စကားနှစ်မျိုးပဲ သင်ရတော့ အတော့်ကို ကံကောင်းကြတယ်။ (အခုတချို့နယ်စပ်မှာ ဗမာစာတောင် ကောင်းကောင်းမသင်ကြတော့ဘဲ တရုတ်စာနဲ့ထိုင်းစာသင်ဖို့ပဲ စိတ်ဝင်စားလာကြတယ်)

ကိုယ့်မြန်မာပြည်တွင်းထဲမှာနေရင်တော့ အင်္ဂလိပ်စကားမရလဲ.. ဘာအရေးလဲ။ ဒါပေမယ့် အခုလိုကြိုးစားပမ်းစားနဲ့ နိုင်ငံခြားရောက်နေတုန်းမှာ အဓိကလိုအပ်တဲ့ ဘာသာစကားကို သင်ယူတာ လက်တွေ့အသုံးချတာ အကောင်းဆုံးပါပဲ။

ကျွန်တော်ကတော့ စကားဘယ်လောက်ကောင်းကောင်း ပြောတတ်သလဲဆိုတာကို တစ်ယောက်ချင်းအနေနဲ့ မတိုင်းတာချင်ပါဘူး။ ကိုယ့်မြန်မာတွေမှာတောင် ဗမာစကားကောင်းကောင်း မပြောတတ်တာတွေ ဒုနဲ့ဒေးပါ။ အဲဒါကြောင့်မို့လို့ အခြေခံစကားဘယ်လောက်နားလည်သလဲဆိုတာ လူတစ်အုပ်စုချင်းစီနဲ့ပဲ တိုင်းချင်ပါတယ်။ ဥပမာ ကရင်လူမျိုးတွေက ကယားလူမျိုးတွေထက်စာရင် ဗမာစကားကို ကျွမ်းကျင်အောင် ပြောတတ်ကြပါတယ်။

အခု Singlish လို့ပြောနေကြတဲ့ စလုံးအင်္ဂလိပ်စကားကို ပြန်ကြည့်ရင်လည်း တရုတ်၊ကုလား၊မလေး၊အဖြူ အားလုံးနားလည်အောင် ဆက်သွယ်ပေးတဲ့ ဘာသာစကားလိုပါပဲ။ Singlishကို စကာင်္ပူရောက်တဲ့ လူမျိုးတိုင်းလိုလို မသုံးချင်နေကြမယ် အားလုံးနားလည်နိုင်အောင် ကြိုးစားကြတယ်။ သူဌေးကအစ အိမ်ဖော်ကအဆုံး Singlish သုံးကြတာကိုး။ (စကားတိုင်းက နားရည်မ၀သေးတဲ့အချိန်မှာ နားမလည်တတ်ပါဘူး) တစ်ယောက်ချင်းစီရဲ့ အခြေခံအင်္ဂလိပ်စကားကို တိုင်းတာရင် စင်္ကာပူလူမျိုးတိုင်းလိုလို နားလည်တယ်လို့ဆိုနိုင်ပါတယ်။ အင်္ဂလိပ်စကားကို ဟာခနဲ ဟင်ခနဲနေအောင် ပြောတတ်တဲ့ ပညာတတ်စလုံးတွေကတော့ ရေတွက်လို့မရနိုင်ပါဘူး။ များသောအားဖြင့် Perfect English ပြောတတ်ကြတယ်။ ဒါပေမယ့် Perfect English ပြောနိုင်ဖို့ဆိုတာ လူတိုင်းမှ မလုပ်နိုင်တာ။ ဒီတော့ လူတိုင်းနားလည်နိုင်မယ်၊ အခြေခံလူတန်းစားတွေလည်း လွယ်လွယ်သုံးနိုင်မယ့် Singlish ဆိုတာပေါ်လာတယ်လို့ထင်တယ်။ တကယ်လို့သာ မြန်မာလူမျိုးတိုင်းသာ အင်္ဂလိပ်စကားကို သုံးလာကြတယ်ဆိုပါစို့။ လူတိုင်း ငပိသံပျောက်အောင် ပြောနိုင်ကြမှာမှ မဟုတ်တာ။ အဲဒီအခါ အဆင်ပြေမယ့် အင်္ဂလိပ်စကားတစ်ခုကတော့ ပေါ်လာမှာပဲလေ။ အဲဒီစကားလေးနဲ့ ကိုယ့်မြန်မာပြည်မှာ ပုံစံအမျိုးမျိုးနဲ့ လာနေကြမယ့် နိုင်ငံခြားသားတွေကို စကားပြောနိုင်မှာပါ။ အဲဒီတော့ လူတိုင်း Perfect English ဖြစ်ဖို့ထက် မြန်မာတစ်မျိုးသားလုံး လွယ်ကူစွာသုံးနိုင်မယ့် အင်္ဂလိပ်စကားကို တတ်မြောက်တဲ့လူတွေပေါ်လာဖို့က အရေးကြီးပါတယ်။

စလုံးတွေပြောရင် “လား၊လော်” တွေထပ်တတ်ပါတယ်။ ကျွန်တော်တို့မြန်မာတွေပြောရင်လည်း တချို့တော်တော်များများမှာ “နော်”တွေ ကပ်ပါလာတတ်ပါတယ်။ ထိုင်းတွေဆိုရင် “နာ”ပေါ့။ ကရင်တွေ ဗမာစကားပြောရင်တောင် “ဝေ့”၊ မွန်တွေ ဗမာစကားပြောရင် “ဟုတ်တယ်ဟုတ်” လို့ပါသေးတာပဲ။ ကဲ…. စလုံးတွေ သူတို့လေသံပေါက်တာ ဘာမှမမှားပါဘူး။ အင်္ဂလိပ်စကားကို ကျွမ်းကျင်တဲ့ မြန်မာဆိုရင် စလုံးလိုမပြောနဲ့ပေါ့။ Perfect English ကိုပဲ သုံးပေါ့။ ကိုယ်ကလည်း အင်္ဂလိပ်စာကို သေသေချာချာသင်ဖို့လေ့လာဖို့ အချိန် မရှိရင်တော့ သူတို့စလုံးတွေလို အခြေခံလေးတွေကစ၊........ ပြီးရင် ကောင်းသည်ထက်ကောင်းအောင်ကြိုးစားသင့်ပါတယ်။

နောက်ပြီးစာဖတ်သူတစ်ယောက်ပြောတဲ့ စကားပြောရင် grammar တွေကို မေ့ပြစ်ထားရမယ်ဆိုတာ ဟုတ်နိုင်တာပဲ။ ဒါပေမယ့် လူတိုင်း Grammarတွေကို မေ့ပြစ်ရမယ်လို့ မရည်ရွယ်ပါဘူး။ စကားဆိုတာ တစ်ယောက်နဲ့တစ်ယောက် သင်ယူပုံချင်းကမှ မတူကြတာ။

နောက်ပြီး ” I say, I say, bring the လောက်လေး၊ Shoot the ကျီးကန်း on the မန်ကျည်းပင်၊ ထိတော့ ဖင်ခေါင်း ကျတော့ on the ground “ လို့လည်းဘယ်သူကမှ သုံးမယ်လို့ မထင်ပါဘူး။ ကျွန်တော်ငယ်ငယ်တုန်းကတော့ အချင်းချင်းနောက်ချင်ရင်တော့ အခုလိုသုံးပြီးနောက်ပါတယ်။ ဒါပေမယ့် တကယ်လူတွေနဲ့ ဆက်ဆံရင် ဘယ်သူကမှ အဲဒီလို မပြောကြဘူးလို့ ထင်ပါတယ်။

ကျွန်တော်ပြောတဲ့ အင်္ဂလိပ်လိုညှပ်ပြောဆိုတာ စာကြောင်းတစ်ကြောင်းထဲမှာ အခုလိုစကားလုံးတွေ လဲထည့်ပြီး ပြောတာကို မဆိုလိုပါဘူး။ ပုံမှန်ပြောနေတဲ့ မြန်မာစကားလောကမှာ လေ့လာထားတဲ့ အင်္ဂလိပ်စကား ဝေါဟာရတွေကို ပြောင်းလဲပြီး သင့်တော်သလို ထည့်သုံးမှတ်ဖို့ဆိုလိုတာပါ။ အင်္ဂလိပ်စကားကို အဲဒီလိုကနေစပြီး လျှာသွက်အာသွက်ဖြစ်အောင် လုပ်ပေးရတယ်လေ။ Broken English ဖြစ်ချင်ဖြစ်မှာပေါ့။ မှန်တာတွေ့ရင် လူဆိုတာပြန်ပြင်ပြီး ပြောတတ်ကြတာ။ အမှားများလေ အမှန်ရလေဆိုတာလည်း ရှိတယ်လေ။

အဲဒီတော့ ကျွန်တော့်အမြင်ကတော့ အင်္ဂလိပ်စကားဆိုတာ သေသေချာချာကျကျနနသင်ထားတဲ့လူတွေက ကိုယ့်အင်္ဂလိပ်စကားကို အကောင်းဆုံးဖြစ်အောင် ပြောပါ။ မပြောနိုင်တဲ့လူတွေ (အထူးသဖြင့် အလုပ်မျိုးစုံလုပ်ရလို့ ပညာရေးအတွက် အချိန်မရတဲ့လူတွေ) ကတော့ ကိုယ့်ပတ်ဝန်းကျင်က နီးစပ်ရာအင်္ဂလိပ်စကားကို အရယူတာ အကောင်းဆုံးပါပဲ။ စာဖတ်သူတစ်ဦးပြောသလို ကျွန်တော်ပြောပြတဲ့နည်းက အင်္ဂလိပ်စာတိုးတက်ဖို့က ၅%လောက်ပဲ ရှိချင်ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ၅%ကို တစ်ဦးချင်းစီမကြည့်ဘဲ အများစုနဲ့ကြည့်မယ်ဆိုရင်တော့ အတော့်ကို အောင်မြင်တယ်လို့ ယူဆပါတယ်။

(စာရေးသူမှတ်ချက်။ ကျွန်တော်က နိုင်ငံခြားဘာသာစကားကို လေ့လာနေတဲ့သူမဟုတ်ပါဘူး။ ဒီပို့စ်လေးကို ကျွန်တော့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ရွှေမြန်မာတွေကိုကြည့်ပြီး ရေးတာပါ။ အမှန်အတိုင်းပြောရင် ကျွန်တော်ဘာသာစကားသင်ဖို့ အရမ်းပျင်းတယ်ဗျ။ အခုတော့လည်း တတ်နိုင်သလောက်တော့ ပိုပြီး ကောင်းအောင်လေ့လာနေဆဲပါ။)

September 10, 2009

စကာင်္ပူမှာ အင်္ဂလိပ်လိုပဲ ပြောရအောင်

အခုတလော ဘလော့တချို့မှာရော…. အပြင်လောကမှာပါ… မြန်မာတွေ အင်္ဂလိပ်စကားပြောတာနဲ့ပါတ်သတ်ပြီး အငြင်းအခုံတွေ ဖြစ်နေကြတယ်။ ကျွန်တော်ကတော့ ငြင်းရခုံရတာ သိပ်ပြီး ၀ါသနာပါလှတာမဟုတ်ပါဘူး။ ဒါပေမယ် ကျွန်တော်ထင်တာလေးတော့ ၀င်ပြီးဆွေးနွေးချင်လာတယ်။ အထူးသဖြင့် စကာင်္ပူမှာ နေထိုင်တဲ့ မြန်မာလူမျိုးတွေအကြောင်းပေါ့။

စကာင်္ပူမှာ Work Permit နဲ့နေနေတဲ့ အခြေခံလူတန်းစားကနေ စကာင်္ပူနိုင်ငံသားခံယူသွားကြတဲ့ စကာင်္ပူနိုင်ငံသား မြန်မာလူမျိုးများဆိုပြီး အဆင့်ဆင့်ရှိကြတယ်။ သူတို့အဆင့်နဲ့သူ နီးစပ်ရာပေါင်းသင်းကြတာလည်းတွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်ကျော်လောက်က မြန်မာတွေ စကာင်္ပူမှာ သိပ်မများသေးပါဘူး။ ဒါပေမယ့် Spass ချပြီးတဲ့ နောက်ပိုင်းမှာတော့ မြန်မာတွေ တော်တော်များများ စကာင်္ပူရောက်လာတာတွေ့ရတယ်။ ပင်နင်စူလားက မြန်မာမြို့ပြလည်း တဖြေးတဖြေးစည်ကားလာတာပေါ့။ စည်ကားလာတဲ့အပြင် မြန်မာစကားကို နေရာတိုင်းလိုလိုကြားလာရတယ်။ တချို့နိုင်ငံခြားသား စားပွဲထိုးတွေတောင် တစ်ကျပ်နှစ်ကျပ်ဆိုပြီး မြန်မာလိုတောင် ပြောလာကြတယ်။

မြန်မာလူမျိုးတွေ များလာတဲ့အခါ ထုံးစံအတိုင်း ပြဿနာတွေက ပေါ်လာတာပေါ့။ အထူးသဖြင့် Pass မျိုးစုံနဲ့ အလုပ်လုပ်နေတဲ့ ပထမအုပ်စုနဲ့ စကာင်္ပူမှာကျောင်း၃နှစ်လောက်တက်ပြီး ကျောင်းပြီးတဲ့ဒုတိယအုပ်စုဆိုပြီး အဓိက ရှိလာတယ်။ မြန်မာနိုင်ငံကတိုက်ရိုက်လာလုပ်တဲ့သူတွေက မြန်မာအရည်ခွံနဲ့ မြန်မာစိတ်ဓါတ်နဲ့က မြန်မာလေဆိပ်က ထွက်လာတဲ့အတိုင်း ဘာမှ မပြောင်းလဲကြဘူး။ အလုပ်လုပ်မယ်။ စုမယ်။ အိမ်ကိုထောက်ပံ့မယ်။ သည်လိုနဲ့ သံသရာလည်နေကြတယ်။

စင်္ကာပူမှာကျောင်းပြီးတဲ့သူတွေကတော့ ငယ်ရွယ်နုပျိုစဉ် နိုင်ငံခြားကျောင်းက သင်ပေးလိုက်တဲ့ ပညာနဲ့ ဆက်ဆံခဲ့ရတဲ့ နိုင်ငံတကာကျောင်းသားတွေကြောင့်၊ အရည်ခွံကတော့ မြန်မာအရည်ခွံပဲ၊ ဒါပေမယ့် စိတ်ဓါတ်တွေအမြင်တွေကတော့ ပြည်မကြီးက မြန်မာတွေနဲ့မတူကြတော့ပါဘူး။ နေပုံ၊ထိုင်ပုံ၊ ၀တ်ပုံစားပုံ အကုန်ကွဲလွဲလာကာစ ပြုလာတယ်။ ကောင်းတာပါလာသလို ဆိုးတာတွေပါလာတယ်။ နောက်ပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ သူတွေလည်း တော်တော်များများပါလာတယ်။ အဓိကကတော့ အင်္ဂလိပ်စကားပြောဆိုနိုင်ခြင်းပါပဲ။ ပျမ်းမျှအားဖြင့် သည်မှာ ကျောင်းပြီးတဲ့ ဒုတိယအုပ်စုက ပထမအုပ်စုထက် အတော်လေး သာပါတယ်၊ (ပထမအုပ်စုမှာလည်း စကားပြောနိုင်နင်းတဲ့သူတွေပါပါတယ်) ဒါပေမယ့် ဒီမှာနေထိုင်ကျတဲ့ အရေအတွက်မှာ ပထမအုပ်စုက ဒုတိယအုပ်စုထက်ပိုများပါတယ်။ (ကျွန်တော့်ပို့စ်ခေါင်းစဉ်အရ) အနှစ်ချုပ်ရရင် ကျွမ်းကျွမ်းကျင်ကျင် အင်္ဂလိပ်စကားပြောတတ်တဲ့ အရေအတွက်က အရမ်းနည်းတယ်လို့ဆိုရမှာပေါ့။ ဒါဆိုမြန်မာတွေ အင်္ဂလိပ်စကား မပြောတတ်ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ အကျင့်မရှိလို့ မပြောကြတာ။ မပြောတော့ ရှိပြီးသား အင်္ဂလိပ်ဝေါဟာရတွေ မေ့ကုန်တာ။

အလုပ်ထဲမှာလဲ မြန်မာတွေရှိတော့ မြန်မာလိုပြောကြတယ်။ အိမ်ပြန်ရောက်တော့လည်း မြန်မာတွေနဲ့နေတော့ မြန်မာလိုပြောဖြစ်ပြန်တယ်။ ဒါဆို အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံမှာ တစ်နေ့ကို အင်္ဂလိပ်စာဘယ်နှစ်လုံး ပြောဖြစ်လဲဆိုတာ သတိထားမိပါလား။

ကျွန်တော့သူငယ်ချင်းတစ်ယောက် စကာင်္ပူရောက်တာ တစ်နှစ်ပြည့်ပြီ။ သူကအလုပ်မှာ အင်္ဂလိပ်လိုပြောရတာများပါရဲ့။ ဒါပေမယ့် သိတဲ့အတိုင်း၊ မြန်မာစကားကို မြန်မာလိုပဲ ပြောရတာအားရတော့ အားတာနဲ့ မြန်မာလိုပဲပြောဖြစ်တယ်။ သူငယ်ချင်းတွေကလည်း မြန်မာတွေချည်းပါပဲ။ ဒီလိုနဲ့ပဲ ဟိုတစ်နေ့က ဗိုက်အောင့်တော့ အလုပ်မသွားနိုင်တာနဲ့ ကျွန်တော့်ကို ဖုန်းဆက်မေးတယ်။ အင်္ဂလိပ်လို ဘယ်လိုပြောရမလဲတဲ့။ တကယ်တမ်း အင်္ဂလိပ်လို သူကောင်းကောင်းကျွမ်းပါတယ်။ အကျင့်မရှိတော့လဲ အရေးရယ်အကြောင်းရယ်ဆို အခြေခံလေးတွေကအစ မေ့ရော။ နောက်ပြီး သူက ပြောပါသေးတယ်။ စကာင်္ပူမလာခင်တုန်းက အင်္ဂလိပ်လိုပြောတတ်တယ်။ ဒီရောက်တော့လည်း ကိုယ်လိုမြန်မာတေနဲ့တွေ့ မြန်မာလိုပြောပြီး၊ Chatting ၀င်တော့လည်း မြန်မာလိုရေးဖြစ်တော့၊ မှတ်လာတဲ့ အင်္ဂလိပ်ဝေါဟာရတွေက ချောင်ထဲရောက်ကုန်တာပေါ့လေ။

နောက်ပြီး အလုပ်မှာလဲ ဘယ်စလုံးက ကိုယ့်မြန်မာတွေကို ဘယ်လိုနှိပ်ကွပ်တာ။ ဘယ်ဖားက ငါ့ကို ဘယ်လိုကျောသွားတာဆိုပြီး ပြောတတ်ကြတယ်။ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့မြန်မာနဲ့တွေ့ရင်တော့ ကိုယ့်ကိုလာပြန်ပြောရင် ပတ်ခနဲ ပြန်ပြောတတ်ပါတယ်။ များသောအားဖြင့် ကိုယ့်မြန်မာတွေ ခံရတတ်ပါတယ်။ ဒါဘာလဲဆိုရင် မြန်မာတွေ အင်္ဂလိပ်လိုမပြောတတ်လို့ပါပဲ။

နောက်ပြီး အခုဆိုအလုပ်ရှင်တွေကလည်း မြန်မာလူမျိုး အလုပ်လာလျှောက်ရင် အင်္ဂလိပ်လိုပြောတတ်ရဲ့လားဆိုတာက ပထမဆုံးမေးလာကြတယ်။ ဒါဟာဘာလဲဆိုရင် မြန်မာလူမျိုးတွေ လိုသေးတယ်ဆိုတာ ပြတာပဲ။ တချို့မြန်မာလူမျိုးတွေက ကိုယ်တောင် ရေရေလည်လည်မပြောတတ်ဘူး။ အဲဒီစလုံးအင်္ဂလိပ်ကြီးက ဘာကြီးမှန်းမသိဘူး၊ မှန်အောင်လည်းမပြောနိုင်ဘူး… စသည်ဖြင့် ကဲ့ရဲ့တတ်ကြပြန်တယ်။ တချို့ကလည်း သူတို့စလုံးတွေနဲ့စကားပြောရင် Singlish ပဲတတ်မှာမို့လို့ စကားမပြောချင်ဘူးတဲ့လေ။ ပြင်သစ်က ပြောရင် ပြင်သစ်လေသံထွက်မှာပဲ။ ထိုင်းကပြောရင် ထိုင်းလေသံကတော့ပါမှာပဲ။ စကာင်္ပူလူမျိုးပြောရင်လည်း သူတို့လေသံကထွက်မှာပဲ။ ဘယ်လိုလေသံပဲထွက်ထွက် အဓိကက တစ်ယောက်နဲ့တစ်ယောက်နဲ့ ဆက်သွယ်လို့ရဖို့ပါပဲ။ တကယ်တော့ လေယူလေသိမ်းဆိုတာ သဘာဝကပေးတဲ့ ချစ်စရာလေးပါ။ ကိုယ့်ငပိသံလေးကလည်း မြင်တတ်ရင် ချစ်ဖို့ကောင်းပါတယ်။ ဘာသာစကားဆိုတာ ဆက်သွယ်ဖို့ပါ။ အဲဒီတော့ စလုံးသံတွေဘယ်လိုပဲ ၀ဲနေပါစေ။ အနည်းဆုံးတော့ တစ်ဦးနားလည်အောင် တစ်ဦးပြောနိုင်ကြပါတယ်။ အဲဒါမို့လို့ Singlish လည်း ငြင်းမနေပါနဲ့။ လိုအပ်ရင် သင်လိုက်ပါ။

နောက်ပြီးမြန်မာသူငယ်ချင်းတွေဆုံရင်လည်း အတတ်နိုင်ဆုံး အင်္ဂလိပ်လိုညှပ်ပြောတတ်ရင် ပိုကောင်းပါတယ်။ မြန်မာစကားက ကိုယ်မြန်မာပြည်ပြန်ရင် တစ်ဝကြီးပြောလို့ရတယ်။ မိခင်စကားဆိုတာ ကြာကြာမသုံးပေမယ့် မေ့သွားတာ မရှိပါဘူး။ မိခင်စကားမဟုတ်မှသာ မေ့တတ်ကြတာပါ။ စကာင်္ပူမှာ အခုနောက်ပိုင်း ကျောင်းသားလေးတွေက အချင်းချင်းတွေ့ရင် အင်္ဂလိပ်ပြောကြတာတွေ့တော့ သဘောကျမိတယ်။ နိုင်ငံတကာတိုးဖို့ဆိုရင် သာမန်အင်္ဂလိပ်လိုပြောတတ်တာနဲ့ မလုံလောက်တော့ပါဘူး။ ကျွမ်းကျွမ်းကျင်ကျင်ရှိဖို့လိုပါတယ်။ အဲဒီလို ကျွမ်းကျင်ဖို့ကလည်း အလေ့အကျင့်ရှိရပါတယ်။ ကျွန်တော်အကြံပေးချင်တာကတော့ ပထမအုပ်စုက အလုပ်လုပ်နေတဲ့ မြန်မာတွေ စကာင်္ပူမှာနေတဲ့အခိုက် အတတ်နိုင်ဆုံး အင်္ဂလိပ်လိုများများပြောနိုင်ရင်တော့ တခြားနိုင်ငံသားတွေနဲ့ ယှဉ်ရင် မျက်နှာမငယ်တော့ပါဘူး။ နောက်ပြီး အချင်းချင်းအင်္ဂလိပ်လိုပြောကြရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမနိုင်ရင်အကောင်းဆုံးပါပဲ။ အင်္ဂလိပ်လိုအပြောများလို့ ကိုယ့်မြန်မာစကား.. အိုးနင်းခွက်နင်း ဖြစ်ရတယ်လို့ မကြားဖူးပါဘူး။ ဒါပေမယ့် မြန်မာလို အပြောများရင်တော့ E မကောင်းတော့တာ သေချာပါတယ်။

September 6, 2009

မြန်မာ့ရှေးဟောင်းပုံရိပ်များ (၄)

၀၅။ မြန်မာ့ကျေးလက်ရှင်ပြု


မူရင်းပုံကအတော့်ကို သေးတော့ ဓါတ်ပုံပြန်ရိုက်တဲ့ အချိန်မှာ အတော့်ကို ၀ါးနေတယ်။ သေသေချာချာကြည့် ရင်တော့ မြင်ရပါသေးတယ်။ ရှင်ပြုပွဲတစ်ခုဖြစ်ပါတယ်။ မောင်ရင်လောင်းလေးတွေကို ရွှေထီးစောင်းပြီး တန်ဆာဆင်ထားတဲ့ နွားလှည်းတွေနဲ့ တင်ဆောင်လာတာနဲ့တူပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်မှာ ဒေသတစ်ခုနဲ့တစ်ခု မောင်ရင် တင်တဲ့လှည်းတွေက မတူပါဘူး။ တချို့ကျတော့လည်း ဆင်၊ဒါမှ မဟုတ်ရင် မြင်းနဲ့ တင်ကြပါတယ်။ သည်ဓါတ်ပုံလေးတွေ့မှ နွားလှည်းနဲ့လှည့်တာ တွေ့ဖူးတယ်။ မြန်မာပြည်အောက်ပိုင်းလို့ ထင်ပါတယ်။


ရှေးခေတ်က မောင်ရင်လောင်းတွေပါ။ အဲဒီအချိန်တုန်းကတော့ ယခုခေတ်လို ခေါင်းဆောင်းတွေ ဘာတွေ မ၀တ်ကြဘူးလို့ ထင်ပါတယ်။ ဒါမမဟုတ်ရင်လည်း တောအလှူမို့လို့လည်း ထင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း မောင်ရင်လောင်းတစ်ဦးမျှ မပါဘဲ ပဉ္စင်းတက်မယ့်သူတွေပဲ ဖြစ်မယ်ထင်တယ်။ ဘယ်ဘက်ဘေးမှာ ကွမ်းအစ်လေးချထားတာ တွေ့ရတယ်။ နောက်ပြီး ပိတ်ထားတဲ့ ရွှေထီးထောင်ထားတာလည်းတွေ့ရတယ်။ ရှင်လောင်းလှည့်ရင်တော့ အဲဒီထီးကို ဖွင့်ကြပါတယ်။ နောက်ဆုံး ဘုန်းကြီးကျောင်း ရောက်တဲ့ အထိပေါ့။

သည်ပုံလေးက မယ်သီလရင်နှင့် နားထွင်းမင်္ဂလာ ၀တ်စားဆင်ယင်ပုံလေးပါ။ တစ်ယောက်က ရိုးရိုးယဉ်ယဉ်လေးနဲ့ နောက်တစ်ယောက်ကတော့ လည်ဆွဲ၊ ဘယက်၊ စည်းပုံတို့ ၀တ်ထားပါတယ်။

မောင်ရင်လောင်းကို ဘုန်းကြီးကျောင်းပို့ပေးပြီးနောက် မိဘဆွေမျိုးများက တရားနာယူကြပါတယ်။ ယွမ်းဆွမ်းအုပ်တွေဖြင့် မောင်ရင်လောင်းကို လိုက်ပို့ကြတဲ့ မြင်ကွင်းက တော်တော့်ကို ကြည်နူးစရာကောင်းပါတယ်။

၀၆။ ဘုန်းကြီးကျောင်းနှင့်သံဃာတော်များ

ပါတော်မမူသေးခင်နှင့် ပါတော်မူပြီးကာစ အချိန်တုန်းက ဘုန်းကြီးကျောင်းတွေရဲ့ အခြေအနေက သိပ်ပြီး မကွာလှသေးပါဘူး။ ကျွန်တော် ပုံ ၃ ပုံကို နှိုင်းယှဉ်ပြထားပါတယ်။


(၁)
နံပါတ်(၁) ပုံက တောမှီကျောင်းသင်္ခန်းတစ်ခုပါ။ သစ်ရိပ်ဝါးရိပ်အောက်မှာ တောထွက် သစ်ဝါးတွေဖြင့် ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းလေးက ဘာအဆင်တန်ဆာမှ မပါပေမယ့် ချစ်စရာလေးပါ။ မြင်ရတဲ့ သူအတွက်ရော၊ နေရတဲ့ သူအတွက်ပါ ရင်အေးစရာလို့ထင်ပါတယ်။

(၂)
ပုံ(၂)ကတော့ မြို့နေလူတန်းစား သူဌေးသူကြွယ်တွေ ဆောက်လုပ်လှူဒါန်းထားတဲ့ ဘုန်းကြီးကျောင်းပါ။ များသောအားဖြင့် ပင်မအဆောင်ကြီး ရှိပြီး ပြဿဒ်အဆင့်ဆင့်ဖြင့် လှပအောင်ခမ်းနားအောင် ဆောက်လုပ်ထားပါတယ်။ တစ်နည်းအားဖြင့် မြို့ဆန်တဲ့ ဘုန်းကြီးကျောင်းပေါ့။


(၃)
ပုံ ၃ကြတော့ မင်းမိဖုရားတွေ ဆောက်လုပ်လှူဒါန်းတဲ့ ကျောင်းပေါ့။ အဆောင်ဆောင် အခမ်းခမ်းနဲ့ ပြိုင်ဘက်မရှိအောင် လှပါတယ်။ မင်းမိဖုရားလှူတော့လည်း ဘုံခုနှစ်ဆင့်အထိ ဆောက်လို့ရပါတယ်။ တစ်နည်းအားဖြင့် နန်းဆန်တဲ့ ဘုန်းကြီးကျောင်းပေါ့လေ။



တစ်ပါးဆောင်လေးတွေလို့ ထင်ပါတယ်။


၁၈၇၃ခုနစ် ဇူလိုင်လက မင်းတုန်းမင်းရဲ့ ထောက်ပံ့ငွေနဲ့ ဆောက်လုပ်ထားတဲ့ ခရစ်ယာန် ဘုရင့်သံတဲကျောင်းပါ။ အင်္ဂလိပ်လူမျိုး ဒေါက်တာမတ် အုပ်ချုပ်သင်ကြားခဲ့ပါတယ်။ အရွယ်ရောက်ပြိး မင်းညီမင်းသားတိုင်း အဲဒီမှာ စာသင်ကြားရပါတယ်။ ကျောင်းတက်လာသူ မင်းညီမင်းသားများကို နောက်ပါကျေးတော်ကျွန်တော်တွေက ရွှေထီးမိုးပြီး ပစ္စည်းကိ၇ိယာအစုံအလင်နဲ့ ကျောင်းပို့ကြပါတယ်။


ဘုန်းကြီးတစ်ပါးရဲ့ပုံပါ။ ညောင်စောင်းနဲ့ မှီအုံးနဲ့ မိန့်မိန့်ကြီး စံနေတဲ့ ပုံပါ။ ညောင်စောင်းရဲ့ အရှေ့မှာလည်း ဘုန်းကြီးအသုံးအဆောင်နဲ့ လှူဖွယ်ပစ္စည်းတွေကိုလည်း ချထားပါတယ်။ များသောအားဖြင့် အသုံးအဆောင်တွေက ယွန်းထည်တွေနဲ့ တူပါတယ်။ အနောက်မှာလည်း ရွှေချည်ထိုးပန်းချီကားကြီးကို ချိတ်ဆွဲထားတာ အတော့်ကို ခမ်းနားပါတယ်။ ရွှေချည်ထိုးပုံအကုန်လုံးကို မမြင်ရပါဘူး။ အနည်းငယ်ပေါ်နေတဲ့ ရွှေချည်ထိုးပုံမှာ နတ်သားနှစ်ပါး (အထင်)ရဲ့ ခြေထောက်ကိုပဲ မြင်ရပုံထောက်ရင် အဲဒီရွှေချည်ထိုး ပန်းချီက တော်တော်ကြီးတယ်လို့ ထင်ရပါတယ်။



ဘုန်းကြီးကျောင်းပညာရေးပါ။ ကိုရင်ငယ်လေးတွေတင်မကဘူး။ ပုံရဲ့ ညာဘက်အရှေ့ဆုံးမှာ ဆံရစ်ဝိုင်းလေးနဲ့ ကလေးလေးတစ်ယောက်ပါပါတယ်။ သူတို့ဖတ်နေတဲ့အရာတွေကတော့ ပေစာတွေပါ။ အလျားတော်တော်ရှည်ပါတယ်။ အနောက်မှာလည်း အရွယ်အစားအမျိုးမျိုးနဲ့ ဗုဒ္ဓရုပ်ပွားတော်အဆူဆူကိုလည်း ဖူးနိုင်ပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ဟိုးယခင်ကတည်းက အခုလိုရုပ်ပွားတော်တွေ တော်တော်များထား၇ှိပါတယ်။ အကုန်လုံးကလည်း လက်ရာမြောက်ပါတယ်။

(ကိုရင်ငယ်လေးတွေတင်မကဘူး။ ပုံရဲ့ ညာဘက်အရှေ့ဆုံးမှာ ဆံရစ်ဝိုင်းလေးနဲ့ ကလေးလေးတစ်ယောက်ပါပါတယ်။ သူတို့ဖတ်နေတဲ့အရာတွေကတော့ ပေစာတွေပါ။ အလျားတော်တော်ရှည်ပါတယ်။”

အဲဒီရှည်ရှည်အပြားတွေက ပေစာတွေ မဟုတ်ကြပါ။ သစ်သား သင်ပုန်း တွေဖြစ်ပါတယ်။ အဲဒီ သစ်သား သင်ပုန်း တွေရဲ့မျက်နှာပြင်ကို ထမင်းရည် နဲ့ မီးသွေးမှုန့်နုနု ကို ရောနယ်ပြီး အနက်ရောင် မျက်နှာပြင်ချောချော ရအောင် အရောင်ဆိုးတယ်။ ပြီးတော့နေလှန်းပြီး အခြောက်ခံတယ်။

စာရေးတော့ “ကန့်ကူဆံ” လို့ခေါ်တဲ့ သဘာဝတွင်းထွက် မြေဖြူတမျိုးနဲ့ရေးတယ်။ တနေ့တာ စာတက်ပြီးရင် နောက်တနေ့အတွက် စာအသစ်ရေးဖို့ သင်ပုန်းက ရေးပြီးစာတွေကို ဆေးကျောလို့ ဖျက်ပစ်ပြီး အနက်ရောင်ပြန်ဆိုးရတယ်။

အဲဒါကို ‘သင်ပုန်းချေတယ်’ လို့ခေါ်ပါတယ်။ ဒီကနေ့ သုံးနေကြတဲ့ ‘သင်ပုန်းချေ’ ဆိုတဲ့စကားလုံးရဲ့အရင်းအမြစ်ပါ။

စာရေးတာကို စ ပြီးသင်တော့ စာသင်သားက လက်မငြိမ်သေးပါ။ ဆရာ/ဘုန်းတော်ကြီးက စာသင်သားရဲ့လက်ကို ကူညီကိုင်ပြီး စာလုံးရေးပုံ၊ ဆွဲပုံ၊ လှည့်ပုံကိုသင်တယ်။ ပထမအဦးဆုံး ငယ်ဆရာပေါ့။

အဲဒီဆရာကို ‘ကန့်ကူလက်လှည့်’ ငယ်ဆရာ လို့ခေါ်ပါတယ်။ 

ကိုရန်ဝင်း(တောင်တံခါး)  ကူညီပြင်ဆင်ပေးပါသည်)




ဘုန်းကြီးတစ်ပါး သက်တောင့်သက်သာနဲ့ စာဖတ်နေတဲ့ပုံပါ။ ရွှေချည်ထိုးကို ကန့်လန့်ကာအနေနဲ့ သုံးကြတာတွေ့နိုင်ပါတယ်။


ဘုန်းကြီးတစ်ပါးကို ပင့်ဆောင်လာတဲ့ ဝေါပါ။ လူ၎ယောက်ထမ်းရပါတယ်။ ကြည့်ရတာ မင်းဆရာလို့ထင်ပါတယ်။



မန္တလေးတောင်ကို ကြီးပွားတိုးတက်အောင် လုပ်ဆောင်ပေးခဲ့တဲ့ ရသေ့ကြီးဦးခန္တီပုံတော်။ ဆရာတော်ကြီးက ကိုလိုနီခေတ်မှာ မန္တလေးတောင်ဘက်စုံ ဖွံဖြိုးတိုးတက်အောင်လုပ်နိုင်တော့ ဆရာကြီးမှာ ရွှေဖြစ်ငွေဖြစ်အောင်လုပ်နိုင်တဲ့ အဂ္ဂိယပညာပေါက်တယ်လို့ လူတွေက ထင်ကြေးပေးကြတယ်။ အင်္ဂလိပ်အရာ၇ှိတွေက မယုံတော့ ရသေ့ကြီးကို မေးပါတယ်။ ရသေ့ကြီး ဦးခန္ဓီက သူ့မှာဘာပညာမှမရှိပါဘူးဆိုတာ ပြောလည်း မယုံပါဘူး။ နောက်ဆုံးမှာ ရသေ့ကြီး ဒီလောက်တောင် သိချင်တာပြမယ်ဆိုပြီး သူ့ရဲ့ ခေါင်းဆောင်းဒေါင်ချာကိုချပြီး လမ်းဘေးမှာ တင်ပလ္လင်ခွေထိုင်ပြီး တရားမှတ်ပါတော့တယ်။ အဲဒိအခါလမ်းသွားလမ်းလာတွေက ရသေ့ကြီးကို ကြည်ညိုလွန်းတော့ ပါလာတဲ့ရွှေစ ငွေစတွေကို ဒေါင်ချာထဲကို တရိုတသေလှူဒါန်းကြတာ ခဏလေးနဲ့ ပြည့်သွားတယ်။ အဲဒီတော့ အင်္ဂလိပ်တွေလည်း ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့ပါတော့တယ်။



ဘုန်းကြီးပျံပါ။ဆင်ပုံစံကို ဘယ်လိုလုပ်ပြီး ဘုန်းကြီးရဲ့ ရုပ်ကလာပ်ကို ဘယ်လိုပင့်ဆောင်တင်ထားလဲဆိုတာ အံသြဖွယ်ဖြစ်နေပါပြီ။

မြန်မာတွေမှာ တစ်စုံတစ်ယောက်သေဆုံးရင် ချက်ချင်းသင်္ဂြိုဟ်ရမယ်။ ရက်မကူးရဘူးလို့ ဘာသာရေးအရ မသတ်မှတ်ထားပါဘူး။ အသုဘဈာပနဆိုတာ နောက်ဆုံး လူတစ်ယောက်ကို ပြုစုရခြင်းလို့ ခံယူထားလို့နဲ့တူပါတယ် ခြေခင်းလက်ခင်းသာယာမှ ဈာပနပွဲ လုပ်ကြတယ်။ ရာသီဥတုဘဲဖြစ်ဖြစ် ရေကြီးနေလို့ပဲ ဖြစ်ဖြစ် ချက်ချင်းမသဂြိုဟ်နိုင်သေးရင် ရင်ခွဲကျပ်စည်း၊ ဖွဲပြာအပြည့်ထည်းပြီး “အေးမသာ” လုပ်တတ်ကြတယ်။ ရေလွတ်ရာ သစ်ပင်အမြင့်မှာ လင့်ထိုးပြီး အလောင်းကို တင်ထားရင်ထား မထားရင် တောင်ကမ်းပါးယံမှာ တင်ထားတတ်ကြသတဲ့။ ဘုန်းကြီး ဖြစ်နေရင်တော့ တခမ်းတနား နိဗာန်ကျောင်းဆောက်ပြီး တပေါင်းလရောက်မှ ပွဲလမ်းသဘင်ဖြင့် သဂြိင်္ုဟ်ကြပါတယ်။ အဲဒိအခါမှာ ဧယင်ကျူးဖို့ အငြိမ့်မင်းသမီးတွေက အရေးပါပါတယ်။ အငြိမ့်မင်းသမီးတွေအတွက် ဧယင်ကျူးကြီး အတတ်ပညာက မဖြစ်မနေတတ်မြောက်ရမယ့် ပညာပါ။ ဘုန်းကြိးအလောင်းကို အများပူဇော်လို့ ရမယ့်နေရာကို ရွှေ့ပြီး ၊နိဗာန်ကျောင်းချခေါ် ခန်းဖွင့်ပွဲမှာ ဧယင်ကျူးတဲ့သူက ဘုန်းကြီး ဧယင်ပုခက်ပေါ်မှာ ပြင်ဆင်ထားတဲ့ ဘုန်းကြီးရုပ်ကလာဘ်ကို လက်နဲ့ လွှဲရင်း ဘုန်းကြီးနဲ့ ပါတ်သတ်သမျှကို ကဗျာစာဖွဲ့ပြီး ငိုချင်းဖွဲ့ကြပါတယ်။

တချို့နိဗာန်ကျောင်းတွေကို အောက်မှာဟသာင်္ သို့မဟုတ်နဂါးရုပ်ခံပြီး ဘုံအဆင့်ဆင့်နဲ့ ဆောက်တတ်ပါတယ်။ အဝေးကနေကြည့်ရင် ဘုန်းကြီး ပျံရှိတာ မြင်ရအောင့် မြင့်နိုင်သမျှအမြင့်ကို ရအောင် ဆောက်ပါတယ်။

ဆက်ပါဦးမည်