၁၈၀၀-၁၈၀၄မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Geisha Woodblock Art
ဂေရှားတစ်ယောက်အတွက် ဓါဏက အရေးကြီးတဲ့ နေရာကနေပါပါတယ်။ အဲဒီဓါဏက အိမ်ထောင်သည် ဖြစ်ချင်ဖြစ်မယ်။ လူလွတ်တစ်ဦးလည်း ဖြစ်ချင်ဖြစ်မယ်။ အခုထက်ထိ ဂေရှားနှင့် ဓါဏကြားက ဆက်ဆံရေးကို ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ ဂေါရှားတစ်ယောက် ကံကောင်းရင် ဓါဏက တော်ကောက်တတ်ပါတယ်။ အများအားဖြင့်တော့ အိမ်ထောင်ရှိတဲ့သူတွေ ဖြစ်နေတတ်တော့ အငယ်အနှောင်းသာသာပေါ့။ ဂေရှားတစ်ယောက် အိမ်ထောင်ပြုမိရင်တော့ ဂေရှားလောကထဲကနေ အပြီးထွက်ရပါတော့တယ်။ ဓါဏတစ်ယောက်ရဖို့လည်း ဂေရှားတိုင်းက မတတ်နိုင်ပါဘူး။ ဒါပေမယ့် ဆာယုရိအတွက်ကတော့ ဓါဏဖြစ်ချင်တဲ့ အမျိုးသားတွေ ၀ိုင်းဝိုင်းလည်နေတာပေါ့။ သူမကို ဓါဏအဖြစ်ချဉ်းကပ်လာတဲ့ လူတွေကြားမှာ Chiarmanကိုလည်း ဖြစ်ပါစေလို့ ကြိတ်ပြီးဆုတောင်းနေပေမယ့် သူမဆုတောင်းမပြည့်ခဲ့ပါဘူး။ နိုဘုဆန်ကသာ ဓါဏဖြစ်ချင်တဲ့လူတွေထဲမှာ ပါနေပေမယ့် Chairmanကတော့ မသိသလိုပါပဲ။
ဒါပေမယ့် ကံကြမ္မာက ဆာယုရိကို မျက်နှာသာမပေးပြန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒုတိယကမ္ဘာစစ်မီးက ဂေရှားတွေကြားထဲကို ရိုက်ခတ်လာပါတော့တယ်။ မကြာခင်မှာပဲ မည်သူတစ်ဦးတစ်ယောက်မျှ ကခြင်းခုန်ခြင်း လှပစွာ ၀တ်စားသွားလာခြင်း မပြုရဆိုပြီး စစ်မိန့်ထုတ်လိုက်ပါတော့တယ်။ ထိုစစ်မိန့်နှင့်အတူ ဂေရှားတွေ ကျင်လည်ရာ Tea House တွေလည်း မပိတ်မနေရ ပိတ်လိုက်ရပါတော့တယ်။
စစ်ဆိုတာ တကယ်တော့ အရာအားလုံးကို ပျက်စီးစေသော အရာတစ်ခုပါ။ အရင်က လှပသာယာဖို့ကောင်းတဲ့ ဂေရှားတွေရဲ့ မြို့လေးကလည်း ဒုတိယကမ္ဘာစစ်ဒဏ်ကို ခံခဲ့ရတယ်။ မကြာခင်မှာပဲ ဆာယုရိတစ်ယောက် လုံခြုံတဲ့ တောရွာလေးကို ပြောင်းပြေးခဲ့ရတယ်။ သူမအတွက် ဂေရှားတစ်ယောက်ရဲ့ဘ၀ကို စစ်ကြီးက အတင်းပြည်ဖုံးကားချခိုင်းနေပါပြီ။ သူမချစ်မြတ်နိုးတဲ့ Chairmanလည်း ဘယ်ဆီမှန်း မသိတော့ပါဘူး။ သည်လိုနဲ့ပဲ သာမန်မိန်းမတစ်ယောက်အနေနဲ့ ဇာတ်မြှပ်နေရင်း စစ်ကြီးပြီးကာစမှာ သူမဆီ နိုဘုစံ ရောက်လာတယ်။ စစ်ရဲ့ဖျက်ဆီးမှုဒဏ်တွေမှာ Chairmanနှင့် နိုဘုစံတို့ရဲ့ စက်ရုံတွေ ပါသွားခဲ့တယ်။ (ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်အစိုးရက စက်ရုံတိုင်းကို စစ်တပ်အတွက် အသုံးကျမယ့် အရာတစ်ခုခု၊ လက်နက်တစ်ခုခုကို ပြောင်းပြီး ထုတ်လုပ်ခိုင်းခဲ့တယ်)
သူတို့တွေအားလုံး တစ်က ပြန်စကြရတော့မယ်။ အဲသည်လို ပြန်စဖို့အတွက် ရင်းနှီးမြှပ်နှံဖို့အတွက် အရေးပါတဲ့ အမေရိကန်တစ်ယောက်ကို ဆာယုရိက ဖျော်ဖြေပေးဖို့အတွက် နိုဘုစံက လာပြီး အကူအညီတောင်းတယ်။ ဆာယုရိလည်း ကူညီပေးဖို့ ဂျီယွန်ကို ပြန်လာခဲ့တယ်။
သူမရဲ့ မြို့လေးဆီရောက်တော့ အရာအားလုံးပြောင်းလဲနေပါပြီ။ နေရာတိုင်းမှာ အမေရိကန်တွေပဲ ကြီးစိုးနေကြတယ်။ ဂျပန်ငွေထက် အမေရိကန်ဒေါ်လာကို မက်မောနေကြတယ်။ လမ်းမပေါ်မှာလည်း ဂေရှားလို ၀တ်ဆင်ထားတဲ့ မကောင်းတဲ့ အမျိုးသမီးတွေကလည်း အမေရိကန်စစ်သားတွေ ဘေးနားမှာ ၀ိုင်းဝိုင်းလည်နေကြတယ်။ အဲဒီအမျိုးသမီးတွေထဲမှာပြည့်တန်ဆာရပ်ကွက်က အမျိုးသမီးတွေ ပါလာသလို ဟိုးတစ်ချိန်က ကျော်ကြားတဲ့ ဂေရှားမယ်တွေလည်း ပါလာကြတယ်။ တကယ်တော့ စစ်က ဂေရှားတွေရဲ့ ဘ၀ကို ပြောင်းပြန်ဖြစ်စေခဲ့တယ်။ စစ်အတွင်းမှာ ဂျပန်အစိုးရက သီချင်းသီဆိုခွင့်တွေ လှပတဲ့ ကီမိုနိုဝတ်ဆင်ခွင့်တွေကို ပိတ်ပင်ခဲ့တယ်။ စစ်အတွင်းမှာ သီချင်းဆိုလိုက် ဖျော်ဖြေလိုက်လုပ်လာကြတဲ့ ဂေရှားတွေက တခြားသာမန်အလုပ်တွေကို မလုပ်တတ်ကြတော့ဘူး။ အိုခီယာအိမ်လေးတွေကလည်း စစ်အတွင်းမှာ အသက်ရှင်ဖို့အတွက် စုဆောင်းထားတဲ့ ကီမိုနိုတွေကို ထုတ်ရောင်းခဲ့ကြရတယ်။ ချမ်းသာတဲ့ အရင်တုန်းက သူဌေးတွေဟာအခုတော့ ဆင်းရဲကုန်ပြီး။ တီးဟောက်စ်တွေ သွားပြီး မသုံးဖြုန်းနိုင်ကြတော့ဘူး။ အခုလို ဖောက်သည်တွေ မလာနိုင်တော့ ဂေရှားမယ်တွေအတွက် ရပ်တည်ရေးကလည်း ခက်ခဲလာပြန်ပါတယ်။ ဒါကြောင့်ပဲ ဂေရှားမယ်တွေခမျာ စစ်ကြီးပြီးတဲ့အချိန်မှာ အရင်လို ဟန်ကိုယ့်ဖို့နဲ့ မနေနိုင်ကြတော့ပါဘူး။ ပြည့်တန်ဆာရပ်ကွက်က အမျိုးသမီးတွေလိုပဲ ဂေရှားမယ်တွေကလည်း လမ်းမပေါ်ထွက်လာခဲ့ရတယ်။ အဲသည်လို ဂေရှားတွေထဲမှာ ဆာယုရိရဲ့ သူငယ်ချင်း ပန့်ကင်းလည်း ပါခဲ့တာပေါ့။
နောက်ဆုံး ဆာယုရိက ပန့်ကင်းကို အရင်ကအတိုင်း လက်တွဲခေါ်ဖို့ ကြိုးစားခဲ့တယ်။ နိုဘုစံ၊ Chairmanနဲ့ အမေရိကန်အရာရှိတို့ကို အတူတူဖျော်ဖြေဖို့ ပန့်ကင်းကို အကူအညီတောင်းခဲ့တယ်။ အဲသည်နေ့ညမှာပဲ နိုဘုစံက ဆာယုရိကို သူမရဲ့ ဓါဏအဖြစ် လက်ခံဖို့တောင်းဆိုလာတယ်။ နိုဘုစံက သူမအပေါ်တစ်လျောက်လုံး ကောင်းခဲ့တော့ ငြင်းဆန်ရ အတော်ခက်တယ်။ အဲဒိနောက်တော့ ဆာယုရိက နိုဘုဆန်အထင်လွဲအောင် အမေရိကန်အရာရှိကို ဆိတ်ကွယ်ရာကို ချိန်းလိုက်ပြီး ပရောပရီ လုပ်ချင်ယောင်ဆောင်လိုက်တယ်။ နိုဘုစံကို အဲသည်နေရာကို ခေါ်လာဖို့ ပန့်ကင်းကို ခိုင်းလိုက်တယ်။ ကျောင်းတော်က ရန်စလို့ပဲ ဆိုရမလား၊ အိုခိယာရဲ့ မွေးစားသမီးအဖြစ်ကနေ လုယူခံလိုက်ရတဲ့ ရန်စလို့ပဲ ဆိုရမလား၊ ပန့်ကင်းက နိုဘုစံအစား Chairmanကို ခေါ်လာခဲ့တယ်။ အဲဒီအချိန်မှာဆာယုရိခမျာ အနှစ်နှစ်အလလ Chairmanနဲ့ နီးစပ်ဖို့ ကြိုးစားခဲ့တဲ့ အိပ်မက်က တစ်စစီ ကွဲအက် ကုန်ပါရော။
The heart dies….. And slow dead Shading each hole likely Until one day they are not…… No hopes……. Nothing remains……. She paint whole face to hide her face Her eyes are in deep water It is not for geisha to want It is not for geisha to feel Geisha is the artist of the floor of deem world She dances She sings She entertains you Whatever you want……… The rest is shadow The rest is secret……….
တစ်နေ့ကြတော့ ဆာယုရိခမျာ နိုဘုစံက တီးဟောက်ကို လာခဲ့ဖို့ခေါ်လိုက်တယ်။ တီးဟောက်စ်ရောက်တော့ နိုဘုစံအစား Chairman ဖြစ်နေတယ်။ Chairman က ဖြစ်ပျက်ခဲ့သမျှကို သိသွားခဲ့တယ်။တကယ်တော့ Chairman ကဆာယုရိကို ငယ်ငယ်လေးကတည်းက သံယောဇဉ်ရှိခဲ့သူပါ။ မာမိဟကို လွှတ်ပြီး ဆာယုရိကို ဂေရှားအဖြစ် ပုံသွင်းဖို့ ကြိုးစားခဲ့သူပါ။ မထင်မှတ်ဘဲ သူ့သူငယ်ချင်း နိုဘုစံက ဆာယုရိအပေါ် မျက်စိကျသွားချိန်မှာ မသိမသာနေခဲ့ရပေမယ့် အခုတော့လည်း အားလုံးရှင်းသွားပါပြီ။ ဆာယုရိလည်း သူမမျှော်လင့်ခဲ့တဲ့ Chairman ရင်ခွင်ထဲမှာ မှေးစက်ခွင့် ရခဲ့ပြီလေ။
တကယ်တော့ Memoirs of Geisha ဇာတ်လမ်းက သာမန်အချစ်ဇာတ်လမ်းလို့ဆိုပေမယ့် ဂေရှားတစ်ယောက် ဘယ်လိုဖြစ်တည်လာသလဲဆိုတာ အသေးစိတ်ရေးထားတာပါ။ ဂေရှားတွေရဲ့ဘ၀ကလည်း မြန်မာပြည်က အငြိမ့်မင်းသမီးတွေ ဇာတ်မင်းသမီးတွေရဲ့ဘ၀နဲ့ အတော့်ကို ဆင်ပါတယ်။ မြန်မာလူမျိုးတွေက ယခင်က သဘင်သည်မျိုးရိုးဆို အထင်မကြီးတတ်ကြသလို သူတို့ဆီမှာလည်း ဂေရှားဆိုရင်လည်း အထင်မကြီးကြပါဘူး။
ဒါဘာကြောင့်လဲ……။ သူတို့တွေက ဖြေဖျော်ရေး သမားတွေမို့လို့လား။ ပရိသတ်ရှေ့မှာ ထွက်ပြီး ကပြအသုံးတော်ခံရလို့လား။ သဘင်သည်မှန်လျင် အကျင့်စာရိတ္တ ပျက်ပြားသူလို့ အများက ထင်နေကြလို့လား။
တကယ်တော့ သဘင်သည်တွေခမျာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရသည့် အဖြစ်ပါ။ အထက်ကဆိုခဲ့သလို ဂေရှားတစ်ယောက်ဖြစ်ဖို့ အများကြီး ကြိုးစားခဲ့ကြတယ်။ အဆိုအပြောအကနိုင်သူ ဂေရှားတစ်ယောက်အတွက် ပရိသတ်ဆိုတာ မရှားပါဘူး။ ဒါပေမယ့် အခုလို ဂေရှားတစ်ယောက် မပီသသူတွေ ပညာမပြည့်ဝသူတွေက နောက်ဆုံးကျတော့ ခန္ဓာကိုယ်နဲ့ ရင်းပြီး ပရိသတ်ရှာပါတော့တယ်။ သည်လိုနဲ့ပဲ ဂေရှားတွေက အများအမြင်မှာ ခန္ဓာကိုယ်ကိုသုံးပြီး အရင်းအမြတ်ပြုသူရယ်လို့ အများက ယူဆကြတာပေါ့။ ဂေရှားမှန်လျင် ပညာနဲ့ပဲ အသက်မွေးပါတယ်။ ဘယ်တော့မှ ခန္ဓာကိုယ်ကို အရင်းမပြုတတ်ကြပါဘူး။ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်တွေ ဂျပန်ကို ရောက်လာတဲ့ အချိန်မှာ ပြည့်တန်ဆာတွေကို ဂေရှားလို ၀တ်ခိုင်းတဲ့ အချက်ကလည်း ကမ္ဘာက ဂေရှားဆိုတာ ပြည့်တန်ဆာပါလို့ ထင်မှတ်မှားစေခဲ့တဲ့ အချက်လည်းတစ်ခု အပါအ၀င်။ ဂေရှားလို ၀တ်ထားတဲ့ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးနေတဲ့ စစ်သားပုံတွေက ပလူပျံခဲ့တာကိုး။
အခုတော့ ဂျပန်အစိုးရက ဂေရှားတွေရဲ့ အမွေအနှစ်ကို ထိန်းသိမ်းရမယ်ဆိုတာ ကောင်းကောင်းသိနေပါပြီ။ အခုထက်ထိ ဂေရှားတွေရဲ့ အိုခီယာအိမ်လေးတွေကဂီယွန်မြို့လေးမှာ ရှိနေဆဲပါ။ ယခင်ကလို ကြွေးယူကြွေးဆပ်စနစ်နဲ့ ဂေရှားတစ်ယောက် ပြုစုပျိုးထောင်တာတော့ မရှိတော့ပါဘူး။ နောက်ပြီး ဂေရှားအဖြစ် မိုင်ကိုလို့ခေါ်တဲ့ အလုပ်သင်ဂေရှားအဖြစ် တစ်ဆင့်ချင်း တက်လှမ်းစရာလည်း မလိုတော့ပါဘူး။ လက်တွဲခေါ်ဖို့ ဂေရှားအချင်းချင်း အမနဲ့ ညီမဆက်ဆံရေးကလည်း သိပ်မရှိတော့ပါဘူး။ အခုဆိုလျင် ဂေရှားတွေရဲ့ အရည်အတွက်ကလည်း အရင်ကလောက် မများတော့ပါဘူး။ ယခင်က အရေအတွက် ရှစ်သောင်းလောက် ရှိခဲ့ရာကနေ လက်ရှိ တစ်ထောင်နှစ်ထောင်ပဲ ကျန်ပါတော့တယ်။ ယခုခေတ်ဂေရှားတွေက ပညာတတ်ဘွဲ့ရတွေ ဖြစ်ကြသလို ၀ါသနာအလျောက် ဂေရှားဖြစ်လာရတဲ့သူတွေများပါတယ်။ ၂၀၀ရခုနှစ်မှာတော့ သြစလျေးလျနိုင်ငံကနေ အနောက်နိုင်ငံသူတစ်ဦးက ဂေရှားအဖြစ် ဂျပန်မှာ အသက်မွေးဝမ်းကျောင်း ပြုလာပါသေးတယ်။ အဲသည့် အနောက်နိုင်ငံသူက Oxford University ကနေ MBA နဲ့ ကျောင်းပြီးခဲ့သူတစ်ဦးပါ။ အခုတော့လည်း သူမလည်း မိန်းမသားတွေ ကြီးစိုးတဲ့ ဂေရှားကမ္ဘာလေးမှာ ပျော်မွေ့နေပြီလေ။
အထက်ပါပို့စ်လေးသည် Memoirs of Geish ရုပ်ရှင်နဲ့ မူရင်းဝတ္ထုမှ ကောက်နှုတ်ချက်များဖြစ်ပါသည်။ ဇာတ်လမ်းတွင် ဆာယုရိက သူမ၏ အပျိုစင်ကို ထုံးတမ်းစဉ်လာအရ ပထမဆုံးရောင်းသည့် အကြောင်းပါဝင်သည်။ ထိုအကြောင်းအရာမှာ ဂေရှားတွေရဲ့ ထုံးတမ်းစဉ်လာမဟုတ်ဘဲ စာရေးဆရာရဲ့ ဥာဏ်ကွန့်မြူးသက်သက်လို့ ဆိုကြပါသည်။ မှန်လားမှားလား ကျွန်တော် သေသေချာချာ မသိပါ။ ထိုအချက်သည် မသေချာမရေရာ၍ ကျွန်တော့် ထည့်သွင်းရေးသားခြင်း မပြုခဲ့ပါ။