June 30, 2009

သူမ၏ည

ကျွန်တော် Interior Design အကြောင်းနှင့် ပါတ်သက်တာတွေ ဆက်ရေးဦးမှာပါ.... အခုလောလောဆယ် မြန်မာ Interior Design အကြောင်းနဲ့ ပါတ်သက်တာတွေ စာကြည့်တိုက်သွားလိုက် လိုအပ်တာတွေ စုလိုက် လုပ်နေလို့ မတင် ဖြစ်သေးတာ ခွင့်လွှတ်ပါ။ အခုလောလောဆယ် ဘလော့ သက်တမ်းကလည်း ရေ့လဆို ၆လပြည့်ပြီ.......။ -၀တ္ထုရေးချင်တာ ငယ်ငယ်ကတည်းကဆိုတော့ စာဖတ်သူတွေကိုလည်း နည်းနည်း ဒုက္ခပေးချင်တာလည်း ပါပါတယ်း) အခု ဒီတစ်ပတ်ထဲမှာ ၀တ္ထုတို ၃ ပုဒ်တင်ချင်ပါတယ်။ ည ၃ည အကြောင်းပေါ့။ အခုလောလောဆယ် သူမ၏ည ကို ခံစားကြည့်ပါဥိး.... မရေးတတ်ရေးတတ်နဲ့ ရေးထားတော့ အမှားပါရင် ခွင့်လွှတ်ပါဗျာ။


သူမ၏ည




ညသည် ပူလောင်၏။

ခပ်ဟဟလေး ဖွင့်ထားသော ပြတင်းတံခါးဆီကို နွေလေရူးတို့ ဖျက်ခနဲတိုးဝင်လာသည်။ နွေလေတို့သည် အေးစက်မှုကို မသယ်လာ……………..။ ပူစပ်စပ်လေညင်းတို့ကိုသာ အရင်လို ထားခဲ့ပြန်၏။ တိုင်ကပ်နာရီအိုလေးကို ကြည့်လိုက်တော့ ည၁၂နာရီတိတိ……….။

လေတိုးနေသည့် ပြတင်း တံခါးကို အသာအယာတွန်းဖွင့်လိုက်သည့်အခါ လေထဲမှာ မရင်းနှီးသည့် ပန်းရနံ့တွေကသင်းနေသည်။ အဝေးဆီက ဆွဲဆွဲငင်ငင်အူလိုက်သည့် ခွေးအူသံကြောင့် ဆတ်ခနဲ တုန်သွားပြီး တံခါးနှစ်ချပ်ကို အလျင်အမြန် ဆွဲပိတ်လိုက်မိလိုက်ပြန်သည်။ ပြတင်းနားမှာ မတ်တပ်ရပ်မိလိုက် တစ်ယောက်တည်း ဧည့်ခန်းငယ်လေးထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လိုက်နဲ့ အချိန်တွေ တရွေ့ရွေ့ကုန်လာပြန်၏။ သည်ညသည် အရင်လိုညတွေလိုပဲ မောင်ပြန်လာမယ့် အချိန်ကို စောင့်မိပြန်၏………။ ဘာမှ မထူးဆန်းပေမယ့် အခုလို သူပြန်လာမည့်အချိန်ကို စောင့်နေမိတာ အကျင့်လို ဖြစ်လာသည့် ကိုယ့်ကိုယ်ကို ကြည့်ရင်း စိတ်ပျက်မိလာပြန်သည်။


အတန်ငယ် ညောင်းလာမိတော့ ပက်လက်ကုလားထိုင်ပေါ်ကို လျော့တိလျော့တွဲ ပြန်ထိုင်ချလိုက်ပြီး …………မောင်….. လို့….. ကိုယ့်နားက ကိုယ်ပြန်ကြားရုံ တိုးတိုးလေး ညည်းတွားမိပြန်သည်။

အဲသည်လိုခေါ်လိုက်တိုင်း ကျွန်မကို ငဲ့ငဲ့ကြည့်တတ်သည့် မောင့်မျက်လုံးတွေကို ကျွန်မချစ်သည်။ နောက်ပြီး မောင့်ရဲ့ ကျယ်ပြန့်သည့် နဖူးပေါ်မှာ ခွေခွေလေးကျနေသည့် ဆံနွယ်လေးတွေကိုလည်း ကျွန်မချစ်သည်။ မောင်နဲ့ ကျွန်မတို့၏ ဆုံစည်းမှုသည် အလွန်တရာမှ ရိုးစင်းခဲ့ပေမယ့် မောင်နဲ့ ပေါင်းစည်းဖို့ကြတော့ အလွန်တရာခက်ခဲခဲ့သည်။ အရာရာမောင့်ထက် သာသည့် ကျွန်မအရည်အချင်းတွေကြောင့်လား……. ဒါမှမဟုတ် ကျွန်မက မောင့်ထက် လိုသည်ထက် အသက်အရွယ် ကွာဟနေလို့လား…….။ ထိုကဲသို့သော မေးခွန်းကို ဟိုးတုန်းကတော့ မစဉ်းစားမိခဲ့……။ အခုတော့လည်း မိမိကိုယ်ကို ပြန်မေးမိပြန်သည်။

မောင်နဲ့ကျွန်မက အသက်ခြောက်နှစ်တောင် ကွာပေမယ့် ကျွန်မတို့ နှစ်ယောက်ကြားမှာ ဘာမှ ပြဿနာမရှိဘူးထင်ခဲ့မိ၏။ ဒါပေမယ့် ကျွန်မက မောင့်ထက် အသက်ကြီးတော့ အရာရာမှာ မောင့်ထက် ရှေ့ရောက်နေမိတာ ကျွန်မအတွက်မထူးဆန်းလှပေမယ့်……. အများအမြင်မှာတော့…… သိပ်ပြီး မလှခဲ့။ ဖေဖေနှင့် မေမေတို့ တားနေသည့်ကြားကနေ မောင်နဲ့ ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ကို မှားလား…. မှန်လား.. ကျွန်မ မဝေခွဲနိုင်ခဲ့….။ မောင့်ကို စတွေ့မိသည့် အချိန်ကပင် ဖွဲ့မိသည့် သံယောဇဉ်က အရာရာကို လွှမ်းမိုးနိုင်ခဲ့သည်။ အခုတော့လည်း အရာရာသည် ကန့်လန့်ကာနောက်ကွယ်မှာ ကိုယ်မသိသည့်ဇာတ်ရုပ်ကို ကိုယ်ကိုယ်တိုင် ကဖို့ ကြိုးစားတာနဲ့ တူလှသည်။

ပက်လက်ကုလားထိုင်ပေါ် ခေါင်းကို မှီချလိုက်ရင်း မျက်လုံးကို စုံမှတ်ပြီး အိပ်ဖို့ကြိုးစား၏။ မရ……။ အိမ်မပြန်လာသေးသည့် မောင့်အတွက် စိတ်ပူတာလား….. ။ ဒါလည်း မဖြစ်နိုင်ပါ။ အချိန်တန်လျှင် မောင့်သူငယ်ချင်းတွေက မောင့်ကို အိမ်အထိလိုက်ပို့ကြမှာပေါ့….။

ကျွန်မသက်ပြင်းခပ်လေးလေး ချလိုက်ပြီး ဘေးနားက စားပွဲပေါ်မှာ ပြန့်ကြဲနေသည့် စာရင်းစာရွက်တွေကို ပင့်သက်ရှိုက်ရင်း ငေးကြည့်မိပြန်သည်။ ညနေက ရောက်နေသည့် ကုန်စည်စာရင်းတွေမှာ ရေးထားသည့် ဂဏန်းတွေပေါ် မျက်လုံးက ရောက်သွားပြန်တော့ အသက်ရှူမ၀တော့သလို ခံစားမိလာပြန်သည်။ ကြီးကြီးလှကတော့ ကုန်ရုံက ပြန်လာပြီးကတည်းက အိပ်နေပေမယ့် ကျွန်မအတွက်တော့ မနက်ဖြန်ဆိုတာကို ဖြတ်သန်းဖို့ အလွန်ကြောက်နေမိသည်။ သည်နှစ်ကျမှ တောင်ပေါ်မှ လက်ဖက်အစိုတွေကို တော်တော်များများ မှာမိလိုက်သည်။ သည်နေ့ ကုန်ရုံမှာ ကြားခဲ့ရသည့် သတင်းအရ မစားသင့်သည့် လက်ဖက်အမျိုးအမည်တွေ သတင်းစာမှာ ကြေညာမည်တဲ့…..။ ကျွန်မတို့စီးပွားရေးအတွက် သည်သတင်းတွေက သိပ်ပြီး မကောင်းလှပါ…..။

မောင်ရယ် … ပြန်လာပါတော့….. ကျွန်မတစ်ယောက်တည်း ဖြတ်သန်းဖို့ အားလျော့နေမိသည်။

မိန်းမသားတစ်ယောက်အတွက် အသက် ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ….. မောင့်ကို ကိုယ့်ရဲ့လက်တွဲဖော်အဖြစ် ပတ်ဝန်းကျင်မှာ ရပ်တည်ခွင့်ရတာက ကျွန်မအတွက် အင်အားတစ်ခုပဲလား……။

မောင်နဲ့ ကျွန်မ စတွေ့စဉ်က မောင်က စိတ်မြန်လက်မြန် တဇွတ်ထိုး။ ကျွန်မ မောင့်အကြောင်း စဉ်းစားမိတော့ ပြုံးလိုက်မိသည်။ မောင်နှင့်တွေ့စတုန်းက ကျွန်မနောက်ကနေ တကောက်ကောက်လိုက်တတ်သည့် ကောင်လေးတွေနဲ့ ကတောက်ကဆ ဖြစ်ပြီး ထိုးပွဲ သတ်ပွဲတွေ ဖြစ်ခဲ့ကြဖူးသည်။ သြော်… အဲသည်အချိန်တုန်းက မောင်က အတော့်ကို ငယ်သေးတာပဲ။ စိတ်လိုက်ကိုယ်ပါ ငယ်ရွယ်စဉ်မှာ ဖြစ်တတ်ကြပေမယ့် အိမ်ထောင်ကျရင် တဖြေးဖြေး ကျွန်မ ပြောင်းယူလို့ရမယ် ထင်ခဲ့မိသည်။ အခုထက်ထိ အိမ်ထောင်ကျပေမယ့် မပြောင်းလဲသေးသည့် မောင့်အပေါ် အရင်လို ကျွန်မမျှော်လင့်ချက်တွေက ရှိနေဆဲ……..။

ချစ်တယ်……. လို့ .. မောင့်ရဲ့ နှုတ်ခမ်းပါးပါးလေးက ဖွင့်ပြောတဲ့တစ်နေ့က အဖြစ်တွေက ယနေ့ထက်တိုင် ကျွန်မပါးပြင်းမှာ ရှိန်းတိန်းတိန်းဖြစ်နေဆဲပါပဲ…..။ စီးကရက်နံ့တွေ ထုံမွှမ်းနေသည့် မောင့်နှုတ်ခမ်းဖျားလေးကို ထိပြီး ကျွန်မလက်ဖျားလေးတွေမှာ စွဲကပ်လာသည့် ထိုရနံ့လေးတွေကို ခိုးခိုးပြီး နမ်းခဲ့ရတာလည်း မောင်မသိခဲ့……..။ အခုတော့လည်း မောင်သည် ကျွန်မအကြောင်းကို နားမလည်သည့် ကလေးဆိုးလေး တစ်ယောက်ပါလား…။

မောင့်အကြောင်းတွေးနေရင်းနဲ့ ကျွန်မလက်တွေက စာရင်းစာရွက်တစ်ကို လှမ်းယူလိုက်သည်။ သုညတွေနောက်မှာ အများကြီး တန်းစီနေသည့် ဂဏန်း အရေအတွက်တွေကို ကြည့်လိုက်ပြီး ကျွန်မစိတ်ထဲမှာ လေးလာသည်။ သည်အရေအတွက်တွေက ကျွန်မတို့ဘ၀ကို ကပြောင်းကပြန် ဖြစ်သွားနိုင်သည်။ မောင့်ကို ကျွန်မ ကြိုတင် ပြောလိုက်ပေမယ့် ခပ်ပေါ့ပေါ့နေတတ်သည့် မောင်က ကျွန်မ ပြောပြနေသည့် အရေအတွက်ကို စိုးရိမ်မှု မပြခဲ့ဘူး။ အရာရာအားလုံး နှေးကွေးစွာ တုံ့ပြန့်တတ်သည့် မောင်ကို အားမလိုအားမရ ဖြစ်ခဲ့ပေမယ့် အခုတော့လည်း ကျွန်မ နေသားကျနေပါပြီ။

မောင်ရယ်… ကျွန်မရဲ့ ကုန်ရုံလုပ်ငန်းကို စိတ်မ၀င်စားရင် တခြားအလုပ်… ပြောင်းလုပ်ကြည့်ပါလား……လို့ မေးဖူးသည်။ အဲသည့်အခါမျိုးမှာ မောင်က အင်းမလုပ်အဲမလုပ်နဲ့ ကျွန်မကို ဘုကြည့်ပြန်ကြည့်တတ်သည်။ မောင်နဲ့ လုပ်ရတာ အဆင်မပြေလားလို့… ဆိုပြီး မြားဦးကို ကျွန်မဘက် ပြန်လှည့်တတ်လာသည်။ အဲသည်အခါမျိုးမှာ မောင့်ကိုပဲ ကလေးတစ်ယောက်လို ကျွန်မ ချော့ရပြန်သည်။

တီ…တီ…. ဆိုပြီး အင်ဗာတာက အချက်ပြမီးကြောင့် ကျွန်မမလိုအပ်သည့် မီးတွေကို ပိတ်လိုက်သည်။ မကြာခင် အင်ဗာတာမီးက အားကုန်တော့မှာပါလား။ ဖယောင်းတိုင်နဲ့ မီးခြစ်ကို လွယ်ကူသည့် နေရာမှာ ချထားလိုက်ပြီး မောင့် အပြန်ကို အမှောင်ထဲမှာ ထိုင်စောင့်နေရဦးမည်။

သည်လိုပဲ မောင့်ကို ခဏခဏ စောင့်ရပေါင်းများပေမယ့် ထိုညတွေသည် သည်ညတာလောက် မရှည်ခဲ့…..။ တခါတလေ မောင်က ကျွန်မထက် သူ့အပေါင်းအသင်းတွေကို မင်သည်။ တခါတရံမှာတော့ မောင်သည် ကျွန်မ ပြောပြောပြတတ်သည့် အကြောင်းအရာလေးတွေကိုတော့ စိတ်ဝင်တစား နားထောင်တတ်သည်။ ဒါပေမယ့် တခွန်းမှ ပြန်မပြော၊ တစ်လုံးမှ မဝေဖန်။ ထိုအခါမှာတော့ မောင့်အပေါ်ကျွန်မ စိတ်ကောက်မိသည်။ ဒါပေမယ့် အိမ်ထောင်သက် လေးနှစ်သက်တမ်းတလျောက်လုံး ကျွန်မ အမျိုးမျိုး စိတ်ကောက်ဖို့ ကြိုးစားခဲ့ပေမယ့်….. နောက်ဆုံးတော့ တကယ်စိတ်ကောက်တတ်သူက မောင်ပါ..။

အချစ်၏သိမ်မွေ့မှုတွေ၊ အိမ်ထောင်တစ်ခု၏ လှိုင်းတံပိုးတွေကြားမှာ မောင့်ကို နားလည်နိုင်အောင် ကျွန်မကြိုးစားခဲ့ပေမယ့် မောင်သည် ကျွန်မအပေါ် နားလည်အောင် ပြန်မကြိုးစား…..။မောင် လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးနိုင်သည့် ကျွန်မကို… ကျွန်မ ဘာလိုချင်သလဲဆိုတာ သူတစ်ခွန်းမှ မမေးခဲ့။

မောင်ရယ်… လက်ထပ်ကြရအောင်… လို့ ကျွန်မပြောလိုက်သည့်အချိန်မှာ တအံ့တသြနဲ့ ကျွန်မကို ငေးကြည့်နေခဲ့သည်။ နောက်တော့ .. မောင်တို့ .. ငယ်သေးတယ်တဲ့…..။ မောင်ရယ်…. ကျွန်မက မငယ်တော့ဘူးလေ.. လို့ ပြောပြလိုက်သည့်အခါမှာ မောင်ကခဏတာ စဉ်းစားလိုက်ပြီး…..။ အင်း.. လက်ထပ်ကြရအောင်…. လို့ ပြန်ပြောခဲ့သည်။

အိမ်ထောင်ပြုဖို့ လောခဲ့မိတာ ကျွန်မအမှားလား…….။ တကယ်လို့ အချိန်တွေကို ပြန်ဆွဲဆန့်လို့ရလျင် ပြန်ပြီးဆန့်လိုက်ချင်သည်။ မိန်းမတစ်ယောက်အတွက် တကယ်လိုအပ်သည့် ခင်ပွန်းလောင်းက ရင့်ကျက်နေဖို့ဆိုတာ ကျွန်မ မသိခဲ့တာလား…..။ ဒါမှမဟုတ် နီးစပ်မှုတစ်ခုတည်းအတွက် ကျွန်မ မသိချင်ယောင် ဆောင်ခဲ့တာလား…..။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်တွဲဖို့ဆိုရင် ထိုယောကျာ်းအတွက် လုံလောက်သည့်အချိန်ပေးဖို့လိုသည်။ ထိုအချိန်သည် ယောက်ျားတစ်ယောက် ကောင်းကောင်းရင့်ကျက်ဖို့ပဲဖြစ်သည်……..။ အခုတော့ ထိုအချိန်တွေသည် လွန်ခဲ့ပြီ……။ လွန်ခဲ့သည့်အချိန်တွေကို အခုမှ ပြန်တောင့်တလည်း ပြန်မရနိုင်တော့…….။

ဝုန်းခနဲ မြည်သံနဲ့ အတူ စောစောကပိတ်ထားသည့် ပြတင်းတံခါးသည် ရုတ်တရက်ပွင့်သွားပြီး နွေလေရူးတို့ ဝေါခနဲ ၀င်လာသည်။ သည်တခါတော့ ပူစပ်စပ်လေညင်းတို့ပါမလာတော့။ တံခါးကို ချက်ထိုးဖို့ ကျွန်မထလိုက်သည်။ တံခါးနှစ်ချက်တို့ကို ပိတ်မယ့်ဆဲဆဲမှာ အဝေးကနေ… ဂိုး…. ဆိုသော ယောက်ျားတစ်စု၏ အသံကို သဲ့သဲ့ ကြားလိုက်ရသည်။ ထိုအသံတွေကြားမှာ မောင့်ရဲ့အသံကလည်း ပါကောင်းပါပါလိမ့်မည်။ တံခါးမပိတ်မီ မောင်ပြန်လာမယ့် လမ်းလေးကို မျှော်ကြည့်လိုက်တော့ မှောင်နေဆဲ…………………။


၁၀ ဂျွန် ၂၀၀၉
၂း၁၀ နေ့လည်



June 24, 2009

ဒီဇိုင်းတစ်ခုဖန်တီးခြင်း







Interior designလို့ ပြောလို့ရှိလျင် လူတော်တော်များများက အိမ်အလှဆင်တာပဲလို့ သိကြသည်။
Interior design ဆိုတာ အများ ယုံကြည်သလို အိမ်အလှဆင်တာလို့ ထင်သည့်အထဲမှာ စာဖတ်သူလည်း ပါကောင်းပါပါလိမ့်မည်။

တကယ်တော့ Interior Design ဆိုတာ အများထင်သလို အိမ်အလှဆင်တာ သက်သက်မဟုတ်။ သူ့မှာ လေးနက်သည့် အဓိပ္ပါယ်တွေ အများကြီး ရှိပါသည်။ တကယ်လို့များ တကယ့် Interior Designerကို အိမ်အလှဆင်သည့် Home Decorationသမားလို့ သွားခေါ်ကြည့် လက်ထဲမှာ ရှိသည့် ပစ္စည်းတစ်ခုခုနှင့် ကောက်မပေါက်လျင် ကံကောင်း…..။ Interior designer ဆိုပြီး အိမ်အလှဆင်ဖို့ ဟိုပစ္စည်းလေးရွေးလိုက် ဟိုအိမ်သုံးပရိဘောဂလေးရွေးလိုက် လုပ်နေသူများကတော့ တကယ်တော့ ဒီဇိုင်နာစစ်စစ်များ မဟုတ်ကြပါဘူး။ သည်လို ပရိဘောဂတွေရွေး အရောင်တွေ စပ်တာလောက်တော့ လူကြီး မပြောနဲ့ ကလေးလေးတောင်လုပ်တတ်သည်။ ထိုလူတွေကိုတော့ Home Decorator လို့ခေါ်လျင် မမှားပါဘူး။ သူတို့က အိမ်ကို လှအောင် ဖန်တီးတတ်သူ သက်သက်ပါပဲ။ Interior designer ကျတော့ အိမ်တစ်ခုကို ဖွဲ့စည်းရာမှာတော့ အခန်းဖွဲ့စည်းမှုတွေ သာမကပါဘူး ထိုအိမ်ကို အသက်ဝင်လာအောင် ဖန်တီးကြရပါသည်။ ဥပမာ….. အိမ်တစ်ခုကို ဒီဇိုင်းလုပ်တော့မယ်ဆိုလျင် သာမန်လူတွေလုပ်နေကြ ပန်းအိုးတွေပြင် ဆေးတွေသုတ် ကောဇောတွေခင်းနဲ့ မရပါဘူး။ စာဖတ်ဝါသနာပါသည့်လူအတွက် သူရဲ့ အိမ်လေးက စာဖတ်ခန်းလေးလို စာကြည့်တိုက်လေးလို ဖြစ်နေရပါမယ်။ နိုက်ကလပ်သွားသည့်သူ ဒါမှမဟုတ် သူငယ်ချင်းတွေ အပေါင်းအသင်းနှင့် ပျော်ပါးတတ်သည့်သူအတွက် အိမ်ကလေးကို ကလပ်တစ်ခုကို အနားယူစရာ Lounge တစ်ခုလို ဖန်တီးချင်လျင်ရပါမည်။ နောက်ပြီး ရှေးဟောင်းပစ္စည်းစုသည့်လူအတွက် သူရဲ့ အိမ်လေးက Museum လေးလို ဖြစ်နေချင်လျင်ရော။ ရနိုင်တာပေါ့။ ထို့ကြောင့် Interior Designer တစ်ယောက်က သူဖန်တီးမယ့် နေရာလေးအတွက် Mood ခံစားချက် တစ်ခုခုကို အသက်ဝင်အောင် ဖန်တီးတတ်ဖို့ လိုပါသည်။ (အိမ်ဒီဇိုင်းဖန်တီးမှုကို ဥပမာအနေနဲ့ ပြောထားခြင်းပါ။ Interior designerလုပ်နိုင်တာတွေ အများကြီး ကျယ်ပြန့်ပါသည်။ )

ဒီဇိုင်နာကောင်းတစ်ယောက်က သူဖန်တီးတော့မည် နေရာတစ်ခုအတွက် ဘက်စုံထောင့်စုံကနေ စဉ်းစားပေးရသည်။ သည်နေရာကို အသုံးပြုနိုင်အောင် ဘယ်လို အသုံးချမလဲ။ အသက်ဝင်လာအောင် ဘယ်လိုနေရာကနေ ဖန်တီးရမလဲ… စသည့် အခြေခံအချက်တွေကနေ စပြီး စဉ်းစားရ၏။ ဒီဇိုင်နာတွေ လက်သုံးစကား ဖြစ်သည့် Space နေရာဖန်တိးသည့်အခါ သက်မဲ့ သက်ရှိ အရာဝတ္ထုတွေအပြင် ရနံ့တွေ၊ အတွေ့အထိတွေကလည်း အရေးပါပါသည်။ အဲဒါတွေ စုပေါင်းမှ ဒီဇိုင်းကောင်းတစ်ခုထွက်လာနိုင်ပါသည်။

သည်နေရာမှာ ဒီဇိုင်းနဲ့ ပါတ်သက်ပြီး ဆွေးနွေးချင်ပါသည်။ ဒီဇိုင်းဆိုတာ ဘာလဲ။ ဒီဇိုင်းဆိုတာ အနုပညာ တစ်ရပ်လိုပါပဲ။ ဒါပေမယ့် သာမန်အနုပညာတစ်ရပ်တော့ မဟုတ်ပါဘူး။ ဒီဇိုင်နာကောင်းတစ်ယောက်ဟာ ဒီဇိုင်းကောင်းကောင်းဖန်တီးတတ်ရုံတင်မကပါဘူး သူရဲ့ ဒီဇိုင်းကိုလည်း ရောင်းတတ်ရပါသည်။ ဥပမာ ….. ပန်းချီဆွဲသည့် အနုပညာရှင်က သူရဲ့ စိတ်ထဲမှာ ခံစားချက်ရှိသည့် အတိုင်း ပန်းချီကားတစ်ချပ်ကို ဖန်တီးပေမယ့် မည်သူလက်ခံ လက်မခံ ဂရုစိုက်စရာ မလိုပါဘူး။ ဒါဟာ သူ့ရဲ့ လွတ်လပ်စွာ ဖန်တီးခွင့်ပါပဲ။ ဒါပေမယ့် ဒီဇိုင်နာတစ်ယောက်က လွတ်လပ်စွာ ဖန်တီးခွင့်မရှိပါဘူး။ ဒီဇိုင်းဆိုသည့်အရာက လိုအပ်ချက်တွေမူတည်ပြီး ဖန်တီးရပါသည်။ အလုပ်အပ်သူရဲ့ လိုအပ်ချက်၊ ပတ်ဝန်းကျင်ရဲ့လိုအပ်ချက် စသည့်လိုအပ်ချက်တွေ၏ စည်းမျဉ်းထဲမှာ ဒီဇိုင်းကောင်းတစ်ခုရအောင် ဖန်တီးရသည်။ တနည်းအားဖြင့် ဒီဇိုင်နာဆိုတာ စီးပွားရေးမျက်စိရှိသည့် အနုပညာလူတန်းစားတစ်ရပ်ပါပဲ။

Interior Designer ကောင်းတစ်ယောက်ဖြစ်ဖို့ အဘက်ဘက်ကလေ့လာထားသင့်ပါသည်။ တကယ်တော့ Interior Design ဆိုတာ ဗိသုကာအောက်က ခွဲထွက်လာသည့် အရာဖြစ်ပေမယ့် ဗိသုကာပညာရှင်တိုင်းက Interior Designer မဖြစ်လာပါဘူး။ ကျွန်တော် အထက်က ဆိုခဲ့သည့်အတိုင်း ဒီဇိုင်နာ တစ်ယောက်မှာ အနုပညာအမြင် ရှိရပါမည်။ နောက်ပြီး အဆောက်အဦးတစ်ခုရဲ့ အသေးစိတ်ကျသည့် ဆောက်လုပ်ရေးနှင့် ပါတ်သက်တာတွေလည်း နားလည်ရပါမည်။ ဆောက်လုပ်ရာမှာ အသုံးပြုသည့် ပစ္စည်းများ Material ရဲ့ ပါတ်သက်သည့် သဘောသဘာဝ၊ အရောင်အသွေး colour မျက်နှာပြင်သဘာဝ Texture တွေ နားလည်သင့်ပါသည်။ သည်နေရာမှာ တစ်ခုနားလည်ရမှာက ပစ္စည်းတစ်ခုကို အသုံးချတတ်ရုံနှင့် မလုံလောက်ပါဘူး။ ထိုပစ္စည်းကို တခြားအရာဝတ္ထုနှင့် ရောစပ်ပြီး လှပအောင် သုံးတတ်ရပါသေးသည်။

နောက်ထပ်လိုအပ်ချက်ကတော့ ဗဟုသုတပါပဲ။ ဒီဇိုင်နာတစ်ယောက်က ခေတ်ပေါ်ဒီဇိုင်းတွေကို လိုက်မီအောင် ကြိုးစားရပါသည်။ မတူညီသည့် လူ့အဖွဲ့အစည်းတွေ၏ ယဉ်ကျေးမှုအနုပညာကိုလည်း လေ့လာထားသင့်ပါသေးသည်။ ခေတ်မီဒီဇိုင်းတွေနှင့် ယဉ်ကျေးမှုတွေကို ပေါင်းစပ်လိုက်သည့်အခါ ပိုမိုလှပခိုင်မာသည့် ဒီဇိုင်းတစ်ခုကို ဖန်တီးနိုင်၏။ ဒီဇိုင်နာတွေက စိတ်ကူးကောင်းကောင်းလေးတွေ ရှိတတ်ကြပါသည်။ စိတ်ကူးကောင်းကောင်းရှိရုံနှင့် ဒီဇိုင်နာလို့ ဆိုလို့ မရပြန်ဘူး။ ဒီဇိုင်နာမပြောနဲ့ ကလေးငယ်လေးတွေတောင် စိတ်ကူးကောင်းကောင်းရှိတတ်သည်။ ထိုစိတ်ကူးတွေကို တကယ်ဖြစ်လာအောင် ဖန်တီးနိုင်မှသာ ဒီဇိုင်နာ တစ်ယောက် ပီသမှာပါ။

နောက်ပြီး ဒီဇိုင်းတစ်ခု ဖန်တီးရာမှာ အရေးကြီးတာက ဦးတည်ချက် Theme and Concept ရှိရပါမည်။ Concept မရှိသည့် ဒီဇိုင်းတစ်ခုက အကွပ်မပါသည့် တောင်းလိုပဲ ဖရိုဖရဲနိုင်တတ်ပါသည်။ Concept ကို ရှာရာမှာ တေးသွားတစ်ခု ဖြစ်ချင်ဖြစ်မည်။ ကဗျာအပိုင်းအစလေး ဖြစ်ချင်ဖြစ်မည်။ ကိုယ်စားနေသည့် ခေါက်ဆွဲခြောက်လေး ဖြစ်ချင်ဖြစ်မည်။ မရေမတွက်နိုင်အောင် တော်တော်များများ ရှိပါသည်။ ရသည့်Concpet ပေါ်မူတည်ပြိး ဖန်တီးကြတာများပါသည်။ တကယ်တော့ Interior Designer ကောင်းဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တခါတလေ တချို့က ကျွန်တော့်ကို ဒိဇိုင်နာလားလို့ မေးလာလျင် တော်တော် အဖြေရခက်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဇိုင်းနဲ့ ပါတ်သက်တာတွေ သုံးနှစ်လောက် လုပ်နေပေမယ့် လေ့လာစရာ သင်စရာ အများကြီး ရှိပါသေးသည်။ အခုလောလောဆယ်တော့ ကျွန်တော် ဒိဇိုင်နာ မဖြစ်သေးပါဘူး။

Imageများကို Internetမှ ရယူပါသည်။



ခေတ်ပေါ် ဧည့်ခန်းဖွဲ့စည်းမှုပါပဲ။ဒီဖွဲ့စည်းမှုမှာ ဘာပရိဘောဂမှ များများစားစားမရှိပါဘူး။ ရိုးရိုးရှင်းရှင်းနှင့် လိုက်ကာစတွေကို ပြတင်းလိုက်ကာအဖြစ် အသုံးပြုထားသလို နံရံမျက်နှာကျက်အနေနဲ့ သုံးထားပါသည်။



သည်ဧည့်ခန်းလေးရဲ့ ထူးခြားချက်ကတော့ နံရံနှင့် မျက်နှာကျက်ပါပဲ။ နံရံမှာ မြုပ်ထားသည့် မီးတွေကလည်း အတော့်ကို စိတ်ကူးကောင်းပါသည်။


ဒါကတော့ အင်ဒိုနီးရှားဘာလီလူမျိုးတွေ၏ ဒိဇိုင်းပါပဲ။ သူတို့ဒီဇိုင်းတွေက အဆောက်အဦးရဲ့ Structure တွေကို အသားပေးပါသည်။ များသောအားဖြင့် သူတို့ ဘာလီလူမျိုးတွေ၏ ဒီဇိုင်းတွေက ကမ္ဘာကျော်တယ်လို့ ပြောလို့ရပါသည်။



သည်ဒီဇိုင်းက အင်ဒိုနီရှားက ဘာလီလူမျိုးတွေ၏ ဒီဇိုင်းကို အခြေခံထားသည်လို့ ထင်ပါသည်။ ဘာလီလူမျိုးတွေ၏ အိမ်တွင်းဖွဲ့စည်းမှုမှာ ပိတ်ကာထားသည့် နံရံတွေ သိပ်မရှိပါဘူး။ Outdoor Living လို့ခေါ်သည့် Open Sapce တွေကို အိမ်ထဲအထိ သယ်လာတတ်ပါသည်။
ဒီဒီဇိုင်းမှာတော့ အိမ်အတွင်းပိုင်း ဧည့်ခန်းနှင့် အိမ်အပြင် ထမင်းစားသည့်နေရာတို့ စပ်ဆက်ထားမှုကို တွေ့နိုင်ပါသည်. အခုနောက်ပိုင်း ထိုဒီဇိုင်းမျိုးတွေ ခေတ်စားလာကြ၏

ကျွန်တော် စောစောကပြောသလို အိမ်ဆိုတာ အနားယူအပန်းဖြေစရာ Lounge တစ်ခုလို ဖန်တီးနိုင်ပြန်သည်။

အခုလို ဒီဇိုင်းမျိုးကိုတော့ စာဖတ်ဝါသနာပါသူတွေ စာအုပ်စုသူတွေ တော်တော်နှစ်သက်မှာပါ။

ခေတ်ပေါ်အိပ်ခန်း အဖွဲ့အစည်းပေါ့။ နံရံတွေ မျက်နှာကျက်တွေက တဆက်တည်းလိုပါပဲ။ ထူးခြားချက်က နံရံကနေ ဆင်းလာသည့် အပိုင်းတွေက အိပ်ရာတစ်ခုလို ဆက်စပ်ထားခြင်းပါ။

အခုလို အိမ်သာမျိုးဆိုလျင်တော့ တစ်နာရီတစ်ခါ အမြဲဝင်နေမိမှာပါ။

June 16, 2009

နိုင်ငံတကာက မြန်မာနှင့်ပါတ်သက်သည့် ရုပ်ရှင်များ (၃)


ဂျပန်ရုပ်ရှင်များမှ ချစ်ခြင်းမေတ္တာ


ထိုင်းရုပ်ရုပ်များတွင် လူမျိုးရေး လှုံ့ဆော်မှုတွေများသလောက် ဂျပန်မြန်မာရုပ်ရှင်များက ထိုသို့မဟုတ်ကြပေ။

မြန်မာနှင့်ပါတ်သက်သော ဂျပန်ရုပ်ရှင်များကြောင်း မပြောခင် ဂျပန်ရုပ်ရှင်များရဲ့ သဘောသဘာဝကို နားလည်ထားသင့်သည်လို့ ယူဆပါသည်။ ဂျပန်ရုပ်ရှင်တော်တော်များက အာရှမှာ ချစ်ခြင်းမတ္တာဘွဲ့ဇာတ်လမ်းများကို ရိုက်ကူးရာမှာ အတော်လေးကို ရသမြောက်ပါသည်။ ဂျပန်ရုပ်ရှင်၏ လွှမ်းမိုးမှုတော်တော်များကို အာရှနိုင်ငံတော်တော်များက ခံခဲ့ရသည်။ ယခုနောက်ပိုင်း အောင်မြင်လာသည့် ကိုးရီးယားရုပ်ရှင်လောကကလည်း ဂျပန်ရဲ့ လွှမ်းမိုးမှုတော်တော်များများနဲ့ မလွတ်ခဲ့ပါဘူး။ ထို့အပြင် ဂျပန်နိုင်ငံက ဒုတိယကမ္ဘာစစ်၏ လက်သည်တရားခံလို အမြဲအကြည့်ခံခဲ့ရသည့် နိုင်ငံတစ်ခုပါ။ သူကြောင့် အာရှနိုင်ငံတော်တော်များများ ပြာပုံဘ၀ ရောက်ခဲ့ရသလို သူကိုယ်တိုင်လည်း စစ်ရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရပါသည်။ ဒါပေမယ့် ဂျပန်လူမျိုးတွေက စစ်တရားခံလို လက်ညှိုးထိုးခံနေရင်းကနေ သူတို့ပါ စစ်ဒဏ်ခံခဲ့ရသူပါဆိုပြီး ရုပ်ရှင်အနုပညာတွေကတဆင့် ကမ္ဘာကို အာရုံပြောင်းနိုင်ခဲ့သူဆိုလျှင် မှားမှန်မထင်ပါ။ သူတို့ရိုက်ကူးလိုက်သည့် ဒုတိယကမ္ဘာစစ်နှင့် ပါတ်သက်သည့် ရုပ်ရှင်မှန်သမျှ ဂျပန်နိုင်ငံတင်သာမကဘူး တခြားနိုင်ငံတွေကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။

ထိုသို့ဆွဲဆောင်နိုင်ခဲ့သော ရုပ်ရှင်ကားများအနက် ၁၉၅၆ခုနှစ်မှာ ရိုက်ကူးခဲ့သည့် ဗမာ့ဆောင်း Burmese Harp ဆိုသည့် ရုပ်ရှင်တစ်ကားလည်း အပါအ၀င်ပါ။ ဒါရိုက်တာကွန်အိချိကာဝက မြန်မာနိုင်ငံက အေ၀မ်းရုပ်ရှင် အကူအညီဖြင့် မွန်ပြည်နယ် မုဒုံနယ်တကြော ရိုက်ကူးခဲ့တာ ဖြစ်၏။ ထိုရုပ်ရှင်ကားသည် ဟောလိဝုဒ်၏ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုအတွက်လည်း လျာထားခြင်းခံခဲ့ရသည့် ရုပ်ရှင်ကားလည်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုရုပ်ရှင်ကားကို ဒုတိယကမ္ဘာစစ် အပြီး ၁၀နှစ်ကာလမှာ ရုံတင်ခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုခဲ့သည့် ဂျပန်နိုင်ငံမှ ပထမဆုံး စစ်ကားလည်း ဖြစ်သည်။ ထိုရုပ်ရှင်ကိုအဖြူအမဲအနေဖြင့် ရိုက်ကူးခဲ့ပြိး ၁၉၈၅မှာတော့ ဆေးရောင်စုံရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူးခဲ့ ပြန်၏။

၁၉၅၆ခုနှစ်က ဗမာ့စောင်း
၁၉၈၅ခုနှစ်က ဗမာ့စောင်း ဆေးရောင်စုံ

ထိုဇာတ်လမ်းသည် ဗုဒ္ဓဘာသာအယူဝါဒသာမက စစ်၏ဆိုးရွားသည့် ဒဏ်ကိုဖော်ကြူးပေးထားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ (ဇာတ်လမ်းအကျဉ်းကို Life Blogတွင် ဖတ်နိုင်သည်) ဂျပန်တွေ လက်နက်ချအညံ့ခံလိုက်သောအချိန်တွင် ဂျပန်စစ်သားတစ်ယောက် စစ်ပြေးရင်း သူမြင်တွေ့ခဲ့ရသည့် စစ်၏နာကြင်မှုဒဏ်တွေကို ခံစားချက်အနုစိတ်စွာ ရိုက်ကူးတင်ပြထားသော အကြောင်းအရာဖြစ်သည်။ စစ်ဆိုတာဘာလဲ။ စစ်ဆိုတဲ့ သဘောအရ အတိုက်ခံရသူလည်း နာသည်။ တိုက်နေတဲ့သူလည်း နာသည်။ ထိုကဲ့သို့ နာကြင်မှုမျိုးကို ဗမာ့စောင်းရုပ်ရှင်က သိမ်မွေ့နူးညံ့စွာ ပြသသွားခြင်းပါပဲ။ နောက်ပြီး လူသားဆန်မှု။ ထိုလူသားဆန်မှုဆိုတာ ဂျပန်တွေ တော်တော်များများ အလေးထားသည့် အရာတစ်ခုပါ။ လူတစ်ယောက်၏ နောက်ဆုံးခရီးမှာတောင် လူသားဆန်ဆန်နဲ့ ဂုဏ်ရှိစွာ နှုတ်ဆက်ချင်သည့် လူမျိုးပါ။ Departure ဂျပန်ရုပ်ရှင်ကားကို ကြည့်ဖူးသည့်လူတိုင်းကတော့ ဂျပန်လူမျိုးတစ်ယောက်ရဲ့ နောက်ဆုံးခရီးက ဘယ်လောက်အထိ အရေးပါမလဲဆိုတာ သိနိုင်ပါသည်။ ထိုသို့သော လူသားဆန်မှုအတွက် အဓိကဇာတ်ကောင် ဂျပန်စစ်သားသည် သူ့ဘ၀သူနှစ်မြှပ်ခဲ့သည်။



အဆိုပါဇာတ်လမ်းသည် ထိုဂျပန်စစ်သားတစ်ယောက်အကြောင်းဟု ထင်ရသော်လည်း၊ တကယ်တမ်းကြတော့ စစ်ဖြစ်ပွားရာဒေသက မြန်မာလူမျိုးများရဲ့ အကြောင်းကို နားလည်လာအောင် တင်ပြထားပုံနဲ့တူသည်။ ဗုဒ္ဓဘာသာထွန်းကားရာ မြန်မာနိုင်ငံတွင် ဘုန်းကြီးသင်္ကန်းတစ်ထည်က ဂျပန်စစ်သားသည်၏လုံခြုံမှုအတွက် အကာအကွယ် တစ်ခုပမာ ဖြစ်ခဲ့သည်။ လူမျိုးခြားပင် ဖြစ်နေပါစေ မြတ်စွာဘုရား၏ အရိပ်က အေးချမ်းမှုပေးနိုင်ကြောင်းကို ထိုရုပ်ရှင်က မီးမောင်းထိုးပြခဲ့သည်။ တကယ်တော့ ဗမာ့စောင်းသည် သာမန်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်သော်လည်း လူပီသစွာ အသက်ဆက်ရှင်သန်နိုင်မှုအတွက် မီးမောင်းထိုးပြထားသော အရာတစ်ခုဖြစ်သည်။



ဂျပန်လူမျိုးတို့သည် မြန်မာနိုင်ငံနှင့်ပါတ်သက်သော ရုပ်ရှင်တစ်ခုကို ဤသို့ ရသမြောက်စွာ ဖန်တီးခဲ့ရုံသာမက နောက်ထပ် ရုပ်ရှင်တစ်ခုကိုလည်း ထပ်ပြီး ဖန်တီးခဲ့ပါသေးသည်။ ထိုရုပ်ရှင်မှာ ဂျာနယ်ကျော်မမလေးရဲ့ သွေးဝတ္ထုကို အသက်သွင်းထားသော The Bonds of Blood အမည်ရှိ ဇာတ်ကားပင်ဖြစ်သည်။ ထိုရုပ်ရှင်အတွက် ဒါရိုက်တာ ခိုဂျိချိနိုသည် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရသည်။ အဓိကသရုပ်ဆောင် ဂျပန်မင်းသမီး Akari Asou မှာလည်း ပွဲမ၀င် အပြင်က ကျင်းပဆိုသလို လိုအပ်မည့် ဇာတ်ကောင်စရိုက်ကို ဇာတ်ကားမရိုက်ခင်ကတည်းက ပြင်ဆင်ခဲ့ရသည်။

မှတ်မှတ်ရရ ရုပ်ရှင်နှင့်ပါတ်သက်သော အင်တာဗျူးတစ်ခုကို ဖတ်ဘူးပါသည်။ ထိုအင်တာဗျူးအတွက် လိုအပ်သော လူအင်အားပမာဏနှင့် ဇာတ်ဝင်နေရာတွေအကြောင်းပါ။ ဒုတိယကမ္ဘာစစ်ကာလက ဂျပန်စစ်သားတွေအဖြစ် သရုပ်ဆောင်မယ့်လူဘယ်လိုရှာမလဲဆိုတဲ့ မေးခွန်းပေါ့။ ဒါရိုက်တာက လွယ်လွယ်ပဲ ဖြေလိုက်ပါတယ်။ အရင်က ဂျပန်နဲ့ အခုလက်ရှိ မြန်မာတွေရဲ့ အရပ်အမောင်းတွေကတူညီနေကြတော့ လိုအပ်တဲ့ ဂျပန်စစ်သားအရေအတွက်ကို နီးစပ်ရာ မြန်မာလူမျိုးနဲ့ပဲ ဖြည့်ပြီး ရိုက်ကူးနိုင်ပါတယ်တဲ့။ အရင်တုန်းကတော့ ဂျပန်ငပုတွေလို့ ပြောပြောခဲ့ကြတဲ့ မြန်မာတွေက အခုဆိုသူတို့လူမျိုးတွေလိုပဲ ပုညှပ်လာနေကြပြိးလို့ အထင်ရောက်နိုင်ပါတယ်။ နောက်ပြိး ဇာတ်ဝင်ခန်းနေရာတွေပေါ့။ ၁၉၉၀ခုနှစ်ကတည်းက ရိုက်ကွင်းရွေးချယ်ဖို့ရောက်ခဲ့သည့် ခိုဂျိချိနိုအတွက် ဘာမှမပြောင်းလဲသေးသည့် မြန်မာနိုင်ငံနေရာတော်တော်များများက သူ့အတွက် တပမ်းသာစေခဲ့ပါသည်။


မျိုးသန္တာထွန်းနှင့်တိုရှိယုကီ နာဂရှိမ
အာခရိ

တကယ်တမ်းရိုက်ကူးကြမယ်လည်းဆိုရော အခက်အခဲများစွာဖြင့် ကြုံခဲ့ရသည်။ ခိုဂျိဆီမှာ့ ရုပ်ရှင်တစ်ကားလုံးပြိးမြောက်နိုင်ဖို့ လုံလောက်သည့် ငွေကြေးမရှိခဲ့ပေ။ ထိုအခါ ဂျပန်တွင်နေထိုင်ကြသော မြန်မာလူမျိုးများ၊ မြန်မာလူမျိုးနှင့် အိမ်ထောင်ကျသော ဂျပန်လူမျိုးများ၊ စစ်ပြန်များက စုပေါင်းပြိး လိုအပ်သည့် ငွေကို ပန့်ပိုးပေးခဲ့ကြသည်။ နောက်ဆုံးမှာတော့ ထိုရုပ်ရှင်ကို အောင်မြင်စွာ လက်စသတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံမှာ သွေးရုပ်ရှင်ကို ဂျပန်မြန်မာချစ်ကြည်ရေး ရုပ်ရှင်ပွဲတော်မှာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် နှစ်ရက်လောက်ပဲ ပြသခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ ရုံမတင်ခဲ့ဘူးလို့ ထင်ပါသည်။ ဂျပန်လူမျိုးတစ်ယောက်တစ်ယောက်က ကမ္ဘာကကြည့်ကောင်းမယ့် ရုပ်ရှင်တစ်ခုကို ဖန်တီးနိုင်ခဲ့ပေမယ့် မြန်မာလူမျိုးအနည်းငယ်တောင် ထိုရုပ်ရှင်ကို ကြည့်ခွင့်ကြုံခဲ့ရဲ့လားလို့ တခါတလေ ကျွန်တော်တွေးနေမိပါသည်။


June 11, 2009

နိုင်ငံတကာက မြန်မာနှင့်ပါတ်သက်သည့် ရုပ်ရှင်များ (၂)

ထိုင်းရုပ်ရှင်ပေါ်က မြန်မာဇာတ်ရုပ်

ထိုင်းနှင့်မြန်မာသည် ယဉ်ကျေးမှုခြင်း တူညီသည်။ အယူဝါဒခြင်းလည်း တူညီသည်။ ဤသို့ အစစအရာရာ တူညီသော နိုင်ငံနှစ်ခုသည် ပဒေသရာဇ်စနစ်နယ်မြေလုရာမှ တစ်ဖက်နှင့်တစ်ဖက်တင်းမာမှုတွေ ဖြစ်ပြီး နိုင်ငံနှစ်ခု အမြဲတမ်း စစ်မက်ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံက အင်္ဂလိပ်ကိုလိုနီ လက်အောက်ကျရောက်ခဲ့ပေမယ် ထိုင်းနိုင်ငံကတော့ မြန်မာလက်အောက်ကလွဲ၍ မည့်သည့် အနောက်နိုင်ငံလက်အောက်မှ မရောက်။ ထို့ကြောင့်ပင်လားမသိ…….။ မြန်မာသည် ထိုင်းတို့ အတွက် ခေတ်အဆက်ဆက် မုန်းတီးရာ ရန်သူဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် ထိုင်းနိုင်ငံ၏ ရှေးခေတ်သရုပ်ဖော်သည့် ရုပ်ရှင်ကားတိုင်းမှာ မြန်မာတို့ရဲ့ အကြောင်းက ကန့်လန့်ကန့်လန့်ပါလာတတ်သည်။

နိုင်ငံရေးပေါ်လစီလို့ ခေါ်မည်လား၊ ဒါမှမဟုတ် ဇာတိသွေးဇာတိမာန် ထက်သန်မည့် ဇာတ်လမ်းလို့ ဆိုမည်လား၊ ထိုသို့သော ဇာတ်ကားမျိုးတွေအတွက် နိုင်ငံတော်ကို ကျူးကျော်မည့် တိုင်းတပါးအန္တရာယ် သို့မဟုတ် နိုင်ငံဗီလိန် ဇာတ်ကောင်မျိုးတွေ လိုအပ်သည်မှာ အမှန်။ ထိုသို့သောဗီလိန်မျိုးတွေအတွက် အမြဲတမ်းထွက်ပေါ်လာရတာက ကျွန်တော်တို့ မြန်မာလူမျိုးတွေသာ။ မြန်မာသည် ထိုင်းလူမျိုးတွေအတွက် အမြဲတမ်းဗီလိန် ဖြစ်ခဲ့သည်။ ထိုကဲ့သို့ ဗီလိန်အဖြစ်ပုံသွင်းလွန်းလို့လဲ မြန်မာနှင့် ထိုင်းသံတမန်ရေးရာမှာ အထစ်အငေါ့တွေ ဖြစ်ခဲ့ဖူးသည်။


ထိုသို့ အထစ်အငေါ့ ဖြစ်ခဲ့သည် ရုပ်ရှင်ဇာတ်ကားတစ်ခုကို ပြပါဆိုလျှင် ၂၀၀၁ခုနှစ်မှာ ရုံတင်ခဲ့သည့် The Legend of Suriothai ကို ပြရပါမည်။ ကျွန်တော့်စိတ်အထင် ထိုရုပ်ရှင်ရုံမတင်ကတည်းက မြန်မာအစိုးရနှင့်လည်း ကတောက်ကဆဖြစ်ခဲ့သည်။ ကြေးမုံသတင်းစာရယ် ဗန်ကောက်သတင်းစာတွေရယ်မှာ ထိုရုပ်ရှင်နဲ့ ပါတ်သက်ပြီး အကြိတ်အနယ် ကလောင်ချင်း တိုက်ခိုက်ခဲ့ကြသည်။ မြန်မာဘက်က တိုက်ခိုက်သူကတော့ ဒေါက်တာမတင်ဝင်းပေါ့။ သူမရဲ့ သတင်းစာအာဘော်တွေကို ဖတ်ပြီး ထိုင်းနိုင်ငံအကြောင်းပိုသိခဲ့ရ၏။နောက်ဆုံးရလဒ်ကတော့ မြန်မာအစိုးရက အထက်တန်းသင်ခန်းစာတွေမှာ ထိုင်းအကြောင်း မသင်မနေရဆိုပြီး သင်ရိုးညွှန်းတမ်းအသစ် ထည့်သွင်းလိုက်တာပါပဲ။

ဆူရီယိုထိုင်းမှ ဇာတ်ဝင်ခန်းတချို့


ဆူရီယိုကျဆုံးခန်း

တပင်ရွှေထီးအဖြစ် သရုပ်ဆောင်သူ

ထိုင်းတွေရဲ့ အယုဒ္ဓယခေတ်ဦးမှာ ဆူရီယိုထိုင်းဆိုပြီး မိဖုရားတစ်ပါး ပေါ်ထွန်းခဲ့ဖူးသည်။ ထိုမိဖုရားသည် ဥာဏ်ပညာနဲ့ ပြည့်စုံရုံသာမက သူရသတ္တိဖြင့်လည်း ပြည့်စုံသည်။ ထိုခေတ်ထိုအခါက မိန်းမမှန်ရင် စစ်မြေပြင်မလိုက်ရသည့် ထုံးစံရှိ၏။ ထိုအချိန်တွင့် ဗမာနဲ့ ထိုင်းတို့ စစ်ဖြစ်ပွား၏။ ဆူရီယိုထိုင်းမိဖုရားသည် နာမကျန်းဖြစ်နေသည့် ဘုရင်ကြီးကို စိတ်ပူ၍ ယောကျာ်းလေးကဲ့သို့ ၀တ်ပြီး စစ်ပွဲကို လိုက်၏။ စစ်ပွဲတွင် ဗမာဘက်က လက်နက်ထိမှန်ကာ ဆင်ဦးကင်းမှ ကျသေ၏။ ဤနေရာတွင် မြန်မာသမိုင်းအချက်အလက်ဖြင့်လွဲသတဲ့။ ထိုမိဘုရားသည် ဆင်ဦးကင်းမှ ကျသော်လည်း မသေ။ ဗမာဘုရင်က နန်းတော်ကို ခေါ်ပြီး မိဖုရား တင်မြှောက်သတဲ့။ ဒါဆိုလျှင် ထိုင်းတို့၏ ရုပ်ရှင်က ပြောသော အချက်နှင့် မြန်မာ့သမိုင်းပါ အချက်အလက်တို့ လွဲလေသည်။ ဤအချက်တွေပင် သတင်းစာများမှာ ကလောင်ခြင်း တိုက်ခိုက်ရသော အကြောင်းရင်းဖြစ်ခဲ့လေသည်။ (သတင်းစာမှ ဆောင်းပါးများကို မှတ်မိသမျှ ရေးသားထားခြင်း ဖြစ်၏။ အချက်အလက်မှားလျှင် ပြင်နိုင်ပါသည်။)

သမိုင်းဆိုသည်မှာ ကိုယ့်ဘက်ကယူလျှင် ကိုယ်သာ မင်းသား၊ ကိုယ်သာ သူရဲကောင်းဖြစ်၏။ ဤအချက်ကြောင့်ပင် ဆူရီယိုထိုင်းနှင့်ပါတ်သက်သော သမိုင်းအချက်အလက်များကို ဒေါက်တာမတင်ဝင်းသည် ထိုင်းမှ ပြုစုသော သမိုင်းအချက်အလက်များကိုသာ ယူခဲ့သည်။ ထိုင်းဘက်မှ သူမရေးသားသော သမိုင်းသည် အမှားဖြစ်သည်။ ထိုအမှားအတွက် တောင်းပန်ရမည်ဟု ဆိုသည်။ ထိုအခါ ဒေါက်တာမတင်ဝင်းက သူမမှားသည်ဆိုလျှင် အရင်ဆုံး ထိုင်းနိုင်ငံသမိုင်းကို ရေးသားခဲ့သည့် ထိုင်းပညာရှင်များက အရင်ဆုံးတောင်းပန်ရမည်။ ဘာကြောင့်လည်းဆိုတော့ သူမလေ့လာခဲ့သည့် သမိုင်းဆိုင်ရာ အချက်အလက်များသည် ထိုင်းလူမျိုးတွေ ပြုစုခဲ့သည့် သမိုင်းစာအုပ်များမှ လေ့လာခဲ့ခြင်း ဖြစ်သည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

ဘာကြောင့် မြန်မာအစိုးရသည် ဆူရီယိုထိုင်းရုပ်ရှင်နှင့် ပါတ်သက်ပြီး သည်လောက်တောင် ဆွေ့ဆွေ့ခုန်ဖြစ်ခဲ့သလဲ။ ထိုင်းဘုရင့် မိသားစုမှ မိဖုရားသီရိခေတ်က ဦးဆောင်ပြီး ထိုရုပ်ရှင်ကို ဖန်တီးခဲ့သည်။ ထိုရုပ်ရှင်ဒါရိုက်တာကလည်း မိဖုရားကြီး၏ ဆွေမျိုးမကင်းသော တစ်ဦးဖြစ်သည်။ သီရိခေတ်က ယခုခေတ်လူငယ်များ သမိုင်းပညာကို သင်ရာတွင် သူမငယ်စဉ်က သင်ခဲ့ရသလောက် အသေးစိတ်မကျ။ ထို့ကြောင့် လူငယ်တွေ နားလည်နိုင်မည့် သမိုင်းကို ရုပ်ရှင်ကတဆင့် တင်ပြမည်ဟုဆို၍ ငွေစိုက်ထုတ်ပြီး ရိုက်ကူးခဲ့သည်။ ရုပ်ရှင်အတွက် လိုအပ်မည့် စစ်သား အရေအတွက်ကိုလည်း ထိုင်းတော်ဝင်တပ်မတော်မှ စစ်သားများကို ယူသုံးခွင့် ပြုခဲ့၏။ ဤဆူရီယိုထိုင်းသည် သမိုင်းဆိုင်ရာ ထိုင်းပညာရေးအတွက် ပထမဆုံး ခြေလှမ်းဖြစ်ခဲ့သည်။ ထိုရုပ်ရှင်ရုံတင်သောအခါ ထိုင်းကျောင်းသားတိုင်းသည် ထိုရုပ်ရှင်ကို မကြည့်မနေရ ကြည့်ခဲ့ရသည်။ ရုပ်ရှင်မှာ လည်း သောက်သောက်လဲ အောင်မြင်ခဲ့ပြီး အကယ်ဒမီဆုများစွာ ရခဲ့သည်။ ဒါပေမယ့် ရလဒ်ကတော့ မြန်မာနှင့် သံတမန်ရေးရာ တင်းမာမှု ဖြစ်ခဲ့ခြင်းပင်။ မြန်မာအစိုးရကတောင် ဘုရင့်နောင်ကျော်ထင်နော်ရထာဆိုပြီး ၁၅၀-၂၀၀ ကျပ်မီလီယမ်လောက် ကုန်ကျခံပြီး ရိုက်ကူးဖို့ စီစဉ်ခဲ့သေးသည်။ ဒါပေမယ့် ထုံးစံအတိုင်း အကောင်အထည်မပေါ်ခဲ့။

ဆူရီယိုထိုင်းမှ စခဲ့သည့် အဖုအထစ်သည် တော်တော်နဲ့ မပြေခဲ့။ နောက်ပိုင်းမှာ ဆရာမဒေါက်တာမတင်ဝင်းသည် သတင်းစာမှတဆင့် ထိုင်းနှင့်ပါတ်သက်သည့် ဆောင်းပါးများကို အပတ်စဉ်ရေးသားခဲ့သည်။ သူမ၏ ဆောင်းပါးတစ်ပုဒ်ကြောင့် ထိုင်းတို့ခမျာ အနာပေါ် ဒုတ်ကျ ဖြစ်ခဲ့ရပြီး ဆရာမကြီးအား ဘလက်ခ်လစ်သွင်းခဲ့သည်။ ထိုအကြောင်းအရာသည် မြန်မာတွေက ထိုင်းကို ဘာကြောင့် ယိုးဒယားဟု ခေါ်သလဲဆိုသည့် အကြောင်းအရင်းပင်ဖြစ်သည်။ ဗမာတို့ တိုက်ခိုက်၍ ပျက်စီးခဲ့ရသော အယုဒ္ဓယဟူသော အမည်သည် မကျမရှူံး၊ အောင်မြင်မှုကို ရယူသောနိုင်ငံဟူ၍ အဓိပ္ပါယ်ရပါသည်။ ဒါပေမယ့် အယုဒ္ဓယရှေ့က “အ“ ကိုဖြုတ်လိုက်လျှင်တော့ ဆန့်ကျင်ဘက် ဖြစ်ပြီး ရှုံးနိမ့်သူ၊ အရှုံးသမားလို့ အဓိပ္ပါယ်ရသည်။ ထို့ကြောင့်ပင် ဗမာများက သူတို့လူမျိုးကို အယုဒ္ဓယလူမျိုးလို့မခေါ် ယိုးဒယားလူမျိုးဆိုပြီး ခေတ်အဆက်ဆက်ခေါ်ခဲ့ကြသည်။ ဗမာတွေ ဖျက်လို့ ခဏခဏပျက်စီးရသော အယုဒ္ဓယကို စွန့်ပြီး ဗန်ကောက်မှာ နန်းပြန်တည်ရသည်။ အခုဗန်ကောက်မြို့တော်သည် အယုဒ္ဓယကို စွန့်ပြီး တည်ထားသော မြို့တော်ဖြစ်သည်။

ပျက်စီးသွားသော အယုဒ္ဓယမြို့ဟောင်းကိုလည်း မပြင် နောင်လာနောင်သားတိုင်းကို ဗမာတွေ ဘယ်လိုဖျက်ဆီးခဲ့ကြကြောင်း လက်ညှိုးထိုးပြီး ဗမာမုန်းတီးရေးစိတ် သွင်းခဲ့သည်။ အယုဒ္ဓယမြို့ဟောင်းက ဦးခေါင်းတော်မရှိသည့် ဗုဒ္ဓရုပ်ပွားတော်တွေကိုပင် ဗမာတွေ ဖျက်ဆီးခဲ့ကြတယ်လို့ စွပ်စွဲခဲ့သေးသည်။ နောက်ပြီး အယုဒ္ဓယမြို့ကို ဖျက် ရွှေတွေသိမ်းယူပြီး ဘာမဆိုင်ညာမဆိုင် ရွှေတိဂုံစေတီတော်က ရွှေတွေက သူတို့ရွှေတွေပါဆိုပြီး အသံကုန်ဟစ်သေးသည်။


ဘရင်ကြီးနာရဲစွမ်ဇာတ်ကားမှ ဗမာ့နန်းတော်

ဆူရီယိုထိုင်းရုပ်ရှင်ထုတ်လုပ်ပြီး နောက်ပိုင်း ဘုရင်ကြီးနရဲစွမ်ဆိုပြီး ဇာတ်လမ်းတွဲ သုံးတွဲကို ဆက်လက်ထုတ်လုပ်ခဲ့သည်။ ပထမဆုံးဇာတ်လမ်းတွဲမှာတော့ ဘုရင့်နောင်မင်းတရားကြီးပါဝင်ပြီး ကမ္ဘောဇသာဒီနန်းတော်ပုံစံအတိုင်း တည်ဆောက်ရိုက်ကူးခဲ့သည်။ ပုံမှန်ထိုင်းရုပ်ရှင်တွေထက် ထူးခြားတာကတော့ ဗမာနိုင်ငံကို အင်အားကြီး နိုင်ငံကဲ့သို့ ပြသထားပြီး ဘုရင့်နောင်ကို ဖခင်ခဲ့သို့လေးစားလောက်သော ဘုရင်ကြီး အဖြစ် ပြသခဲ့ခြင်းပင်။ တတိယပိုင်းကို ထိုင်းဘုရင့်မွေးနေ့တွင် ရုံတင်ဖို့စီစဉ်ခဲ့သော်လည်း မပြီးပြတ်နိုင်သောကြောင့် ရုံတင်ရက်ကို ပြောင်းလဲခဲ့ရသည်။ ကျွန်တော်ကတော့ ဤရုပ်ရှင်ကို အစအဆုံး မကြည့်ဖူးသေး။ ဒါပေမယ့် ကြည့်ခဲ့ရသော အပိုင်းအစလေးတွေနဲ့တင် တော်တော်ခမ်းနားသော ရုပ်ရှင်ဇာတ်လမ်းတွဲ ဖြစ်ကြောင်း သိနိုင်ပါသည်။
ဘရင်ကြီးနာရဲစွမ်ဇာတ်ကားမှဇာတ်ဝင်ခန်းတချို့



နောက်ထပ် မြန်မာတို့ကို ရုပ်ဆိုးအကျည်းတန်စွာ ပြသထားသော ရုပ်ရှင်တစ်ကားရှိသေးသည်။ ထိုရုပ်ရှင်မှာ ကုန်းဘောင်မင်းဆက် ဆင်ဖြူရှင်က အယုဒ္ဓယကို သိမ်းပိုက်ဖို့အသွား လမ်းတွင် ထိုင်းရွာတစ်ခုက ခုခံတော်လှန်သည့် ဇာတ်ကြောင်းဖြစ်၏။ ဇာတ်လမ်းအမည်မှာ Bangrajan ဖြစ်ပြီး ၂၀၀၀ခုနှစ်မှာ ရုံတင်ခဲ့သည်။ ထိုရုပ်ရှင်သည် ဗမာစစ်တပ်ဆိုတာ မုဒိမ်းကျင့်မယ်။ ပျိုပျိုအိုအို ကလေးငယ်သာမက ဘုန်းကြီးပါသတ်တဲ့ လူမျိုးဆိုပြီး ရက်ရက်စက်စက် ရိုက်ကူးပြသည့်ဇာတ်လမ်း ဖြစ်သည်။ ထိုဇာတ်ကားရုံတင်ပြီးသည့် အခါမှာ မြန်မာနိုင်ငံက ဗွီဒီယိုအခွေငှားဆိုင်တွေမှာ လက်သိပ်ထိုးပြီး ငှားရမ်းခဲ့ကြသည်။ မြန်မာလူမျိုးများကလည်း ကိုယ့်လူမျိုး ဗီလိန်နေရာ ရောက်နေသော်လည်း အားပါးတရ ကြည့်ရှုခဲ့သည်။ ဒါဘာကြောင့်လဲ။ ထိုင်းလူမျိုးတွေရဲ့ ရုပ်ရှင်အဆင့်အတန်းတွေက အရမ်းပဲ ကောင်းနေလို့လား။ ဒါမှမဟုတ် ကိုယ့်မြန်မာလူမျိုးတွေကပဲ မြန်မာ့ရာဇ၀င်ဇာတ်လမ်းကြောင်းတွေကို အဖတ်မဆယ်နိုင်အောင် ရိုက်ပြခဲ့လို့လား။ သေချာတာကတော့ မြန်မာလူမျိုးတိုင်းသည် ဘယ်နေရာမှာမဆို ကိုယ့်မြန်မာလူမျိုးလေးအကြောင်းပါလျှင် မှားမှားမှန်မှန် ခေါင်းပြူကြည့်တတ်သည့် အမျိုးဖြစ်သည်။ ထိုသို့ကြည့်စရာ ဇာတ်လမ်းကောင်းကောင်းမရှိသော မြန်မာ့ရုပ်ရှင်လောကတွင် တခြားနိုင်ငံမှ ရုပ်ရှင်ကို လက်ခံအားပေးတာ မထူးဆန်း။ အနုပညာ ပညာရှင်တွေ ထွန်းကားသည့် မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းအားတွေ ကျဆင်းလာတာကတော့ အတော့်ပင် ထူးဆန်းလှပါ၏။

angrajan ဇာတ်ကားမှ သရုပ်ဆောင်များသည် အားကိုးချင်စရာ ယောက်ျားပီပီသသရှိသလောက် မြန်မာရာဇ၀င်ကားများမှ မင်းသားများသည်ကား ဗိုက်ပူနံကား လက်မောင်းသေးသေးလေးများ ဖြစ်ကြသည်။ တချို့မင်းသားများသည် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကိုယ်နဲ့ လိုက်မယ့် ဇာတ်ရုပ်မှန်း မသိ မင်းသားတက်လုပ်ကြသည်လည်း ရှိပါသည်။




အပိုင်း ၃တွင် ဂျပန် မြန်မာရုပ်ရှင်အကြောင်း ဆက်ပါမည်

June 8, 2009

နိုင်ငံတကာက မြန်မာနှင့်ပါတ်သက်သည့် ရုပ်ရှင်များ(၁)



ရုပ်ရှင်ဟူသော စာလုံးလေးနှစ်လုံးသည် တိုသလောက် အတော်ပင် ထိရောက်သော ဆက်သွယ်ရေး မီဒီယာတစ်ခုပင် ဖြစ်သည်။ အကြောင်းအရာတစ်ခုကို တင်ပြလိုပါက တင်ပြခံရသည့် သူဆီကို ဒိုးခနဲ ဒေါက်ခနဲ ရောက်အောင် ပို့နိုင်သည့် အနုပညာ တစ်ရပ်လည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရ တော်တော်များများက ရုပ်ရှင်ဟူသော မီဒီယာကို ထိန်းချုပ်နိုင်ရန် ကြိုးစားကြသည်။ တခါတရံ အထိန်းချုပ်လွန်သွားသောအခါ နိုင်ငံရဲ့ ကိုယ်ပိုင် အနုပညာရုပ်ရှင်သည် ဘုန်းဘုန်းလဲကျသွားတတ်ပြီး တခြားနိုင်ငံမှ ရုပ်ရှင်ဖျော်ဖြေရေးများက အစားထိုးဝင်ရောက်လာနိုင်သည်။

ထို့အပြင် ရုပ်ရှင်လောကက ဖျော်ဖြေရေးသက်သက်သာ မဟုတ်ဘဲ။ နိုင်ငံတစ်ခုရဲ့ ပြယုဂ်၊ အဆင့်အတန်းတစ်ခုလို့လည်း ကျွန်တော်မြင်သည်။ ကိုရီးယား ရုပ်ရှင်နဲ့ အနုပညာလောကကို ကြည့်ပါ။ ထိုလောကကြောင့် ကိုရီးယားအကြောင်းကို လူပိုသိလာသည်။ ကိုရီးယားနိုင်ငံကို သွားချင်လည်ချင်သူ ပိုများလာသည်။

နောက်ပြီး ရုပ်ရှင်က ဖျော်ဖြေရေးထက် နိုင်ငံရေးလက်နက်တစ်ခုဖြစ်တာလည်း တွေ့နိုင်သေးသည်။ ဥပမာ ထိုင်းနိုင်ငံက ထုတ်လုပ်သော ရုပ်ရှင်တစ်ကားကြောင့် မြန်မာနှင့်ထိုင်းဆက်ဆံရေး အထစ်အငေါ့ ဖြစ်ခဲ့ကြပြီး မြန်မာဘက်က ထိုင်းနိုင်ငံအကြောင်းကို သင်ရိုးညွှန်းတန်းတွေအထိ သယ်ဆောင်လာခဲ့ဖူးသည်။ ဂျပန်နိုင်ငံ၏ ရုပ်ရှင်တစ်ကားကြောင့် ဂျပန်ကို ဒုတိယကမ္ဘာစစ်ရဲ့ စစ်ဘီလူးဆိုသည့် မျက်နှာဖုံးတွေကို ဆွဲချွတ်နိုင်ခဲ့ဖူးသည်။ (ထိုအကြောင်းများအားလုံးကို တစ်ပိုင်းစီ ကျွန်တော်ခေါင်းစဉ်လေးများခွဲပြီး ရှင်းပြသွားပါမည်။)

အခုပထမပိုင်းအနေနဲ့ ကျွန်တော် ပြောပြချင်တဲ့ အကြောင်းအရာက မြန်မာနှင် ပါတ်သက်သော ဟောလိဝုဒ်ရုပ်ရှင်များအကြောင်းပါ။

ဟောလိဝုဒ်က မြန်မာ့ရုပ်ရှင်

ဟောလိဝုဒ်က မြန်မာနှင့်ပါတ်သက်သော ရုပ်ရှင်ကားအနည်းငယ် ရိုက်ကူးခဲ့ဖူးသည်။ ရိုးရိုးသာမန် အချစ်ဇာတ်လမ်းပါဝင်သလို နိုင်ငံရေး ဆက်နွယ်သော ဇာတ်လမ်းတွေ အထိပါဝင်သည်။

၁၉၅၄ခုနှစ်က ထုတ်လုပ်ခဲ့သော ခရမ်းရောင်လွင်ပြင် Purple Plain အမည်ရှိ ရုပ်ရှင်ဇာတ်ကားက မြန်မာ့ရုပ်ရှင်ကြည့် ပရိသတ်များကို အတော်လေး ဆွဲဆောင်နိုင်ခဲ့ဘူး၏။ ဆရာကြီး ဒေါက်တာသန်းထွန်းလို လူမျိုးများကတောင် Purple Plain အကြောင်းရေးထားသည့် အင်္ဂလိပ်ဝတ္ထုကို တက္ကသိုလ်ကျောင်းသားဘ၀က စွဲစွဲမက်မက်ဖတ်ခဲ့ကြဘူးသည်။ နောက်ပြီး Purple Plain ထဲက မင်းသမီး ၀င်းဝင်းသန်းက အရမ်းချောတော့ လူကြိုက်များသည့် ရုပ်ရှင်တစ်ခုဆိုလျှင်လည်းမမှားပါ။

ရုပ်ရှင်ဇာတ်လမ်းလေးကတော့ အတော့်ကို ရိုးရှင်းပါသည်။ ဒုတိယကမ္ဘာစစ်ကာလမှာ ကျောရိုးယူထားတာပါ။ အဓိကဇာတ်ကောင်၊ ကနေဒါ လေတပ်က တိုက်လေယာဉ်မှူး တစ်ယောက်၏ ဇနီးမယား အသစ်စက်စက်ကလေးခမျာ မင်္ဂလာပွဲကျင်းပနေသည့် နေရာတည့်တည့်ကို အမြောက်လက်နက်ထိမှန်ရာကနေ ရုတ်တရက် ဆုံးပါးသွားသည့်နောက် ထိုလေယာဉ်မှူး အသဲကွဲပြီး မြန်မာပြည်ရဲ့ စစ်မြေပြင်တစ်ခုကို ရောက်လာသည့် အကြောင်းလေးပါ။ ချစ်ဇနီး ဆုံးပါးသွားသည့်နောက်ပိုင်းမှာ လောကကြီးမှာ သူ့အတွက် အသက်ရှင်ဖို့အတော့်ကို ခဲယဉ်းလာသည်။ သူကလည်း ရိုးရိုးတော့ အသေမခံ၊ စစ်သားပီပီ တိုက်ပွဲမှာ ကျရင်းသေတာမှပိုကောင်း၏လို့ထင်ပါရဲ့။ မြန်မာပြည်ရဲ့ မိတ္ထီလာစစ်မြပြင်ကို ရောက်လာသည်။ အဲသည့်နောက် ခရစ်ယာန်သူနာပြုဆရာမလေး Anna အဖြစ် သရုပ်ဆောင်ထားသည့် ၀င်းမင်းသန်းနှင့်ဆုံတွေ့ကြလေသတည်းပေါ့။ လေယာဉ်မှူးလေးခမျာ ချစ်ဇနီးဆုံးပါးသွားသည့် အချိန်ကစပြီး ငတ်မွတ်နေသည့် သံယောဇဉ်ကို Anna ဆီကနေ မထင်မှတ်ဘဲရလိုက်ပါသည်။ တစ်နေ့တော့ သူရယ်၊ လေယာဉ်မှူးရယ်၊ ဆေးတပ်သားတစ်ယောက်ရယ် လေယာဉ်စမ်းကြရင်း ပျက်ကျလေရဲ့။ Annaနဲ့ မတွေ့ခင်က အသက်ရှင်ဖို့ဆိုတာ သူ့အတွက်ခဲယဉ်းပေမယ့် နောက်ပိုင်းမှာတော့ Annaအတွက် သူပြန်အသက်ရှင်ရမယ်ဆိုသည့် ခံစားချက်လေးကို ရိုက်ကူးထားသည့် အချစ်ဇာတ်လမ်းတစ်ပုဒ်ပေါ့။



Purple Plain မှ ဇာတ်ဝင်ခန်းတချို့
(စကားချပ်၊ ကျွန်တော့်ဆီမှာ DVD ရှိပါသည်။ ကြည့်ချင်လျှင် လက်တို့လိုက်ပါ)
ခရမ်းရောင်လွင်ပြင်ရဲ့ ဇာတ်လမ်းက ဘ၀တစ်ခုရဲ့ အသက်ရှင်မှုကို ပြောပြထားတာပါ။ တွယ်ရာမဲ့နေသော လူတစ်ယောက်အတွက် အသက်ရှင်ရပ်တည်ဖို့ဆိုတာ အတော့်ကို ခက်ခဲပါသည်။ ဒါပေမယ့် တစ်ချိန်ချိန်မှာ ကိုယ့်ကို မြတ်နိုးတဲ့သူ၊ တစ်နေရာရာမှာ ကိုယ်ပြန်လာမှာ သိလို့ စောင့်နေမယ့်သူ တစ်ဦးဦး ရှိခဲ့မယ်ဆိုလျှင်တော့ အသက်ရှင်ရတာ အဓိပ္ပါယ် ရှိသွားသလိုပါပဲ။ ဒါကတော့ ခရမ်းရောင်လွင်ပြင်ကပေးသည့် ခံစားမှုပေါ့။ သည်ရုပ်ရှင်ဇာတ်ကားကို မြန်မာပြည်မှာ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူး။ သီရိလင်္ကာ နိုင်ငံမှာပါ။ ဒါကြောင့်လားမသိ။ ဇာတ်လမ်းထဲမှာ မထင်မရှားပါတတ်ကြသည့် အကူသရုပ်ဆောင်အများစုက ကုလားဆင်လေးတွေ ဖြစ်နေကြတတ်ပါသည်။


နောက်ရုပ်ရှင်တစ်ကားကတော့ ၁၉၉၅ခုနှစ်က ရုံတင်ခဲ့သည့် ရန်ကုန်အလွန် Beyond Rangoon ဆိုတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းရဲ့ ပင်မကျောရိုးက ၈၈ ဒီမိုကရေစီတိုက်ပွဲကို အခြေခံထားပြီး တစ်ကမ္ဘာလုံးဖြန့်သည့် ရုပ်ရှင်ကားတစ်ခုပါ။ ဟောလိဝုဒ်ရုပ်ရှင် အဆင့်အတန်းအနေနဲ့ ကြည့်လျှင်တော့ အရည်အသွေး ညံ့ဖျင်းသည့် ဇာတ်ကားတစ်ခုလို့ ဆိုနိုင်ပါသည်။ သည်ဇာတ်ကားမှာ ပါဝင်သည့် မြန်မာလူမျိုး ဦးအောင်ကိုရဲ့ သရုပ်ဆောင်ချက်တွေက အရုပ်ဆောင်ရုံ သက်သက်ထက်မပိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သည့် မိန်းကလေးကတော့ အဝေးနေကြည့်လျှင်တော့ ဒေါ်စုနဲ့ အတော်ကို ဆင်ပါသည်။

Beyond Rangoonက ဇာတ်လမ်းတစ်ခုလုံး ခြုံကြည့်လိုက်လျှင်တော့ ကြည့်ပျော်ရှုပျော်ရုံ သက်သက်ပါပဲ။ ဒါပေမယ့် ဒို့အရေး၊ ဒို့အရေး ဆိုသည့် အော်သံကြားလိုက်ရချိန်မှာတော့ ကြက်သီးထမိတာအမှန်။ မြန်မာနိုင်ငံမှာတော့ ဘယ်သောအခါမှ ရုံတင်ပြသခွင့် ရနိုင်မှာ မဟုတ်သည့် ဇာတ်ကားတစ်ကားပင်။ သည်ဇာတ်ကားကိုတော့ မလေးရှားနိုင်ငံရဲ့ နေရာတော်တော်များများမှာ ရိုက်ကူးခဲ့ခြင်း ဖြစ်ပါသည်။ သည်ဇာတ်လမ်းလေးမှာ ဦးအောင်ကိုရဲ့ စကားလေးကို သဘောကျမိသည်။ Burma is the land of Monks and soldier တဲ့။ သူပြောသည့်စကားလေးကို အစကတော့ သဘောမပေါက်ခဲ့မိပါဘူး။ နောက်ပိုင်း တစ်ခုသော စက်တင်ဘာလမှာမှ သဘောပေါက်ခဲ့သည်လို့ ဆိုလျှင်ရနိုင်ပါသည်။ သည်ဇာတ်လမ်းလေးကို ကြည့်ချင်သူများ ရှိလျှင်တော့ Youtube မှာ ကြည့်နိုင်ပါသည်။

Beyond Rangoon မှ ဇာတ်ဝင်ခန်းတစ်ချို့

နောက်ထပ် မြန်မာပရိသတ်တွေကြားထဲမှာ ရေပန်းစားသည့် ဇာတ်ကားကတော့ ၂၀၀၈မှာ ရုံတင်ခဲ့သည့် ရမ္ဘိုပါ။ သည္ရမ္ဘို(နံပါတ်၎)ကိုတော့ ထိုင်းနိုင်ငံရဲ့ နေရာတော်တော်များများမှာ ရိုက်ကူးခဲ့ပါသည်။ မြန်မာပရိသတ်အနေနဲ့ ကြည့်လျှင်တော့ သည်ရမ်ဘိုကားကို အားရပေမယ့် ကျွန်တော်ကြည့်နေကြ ရုပ်ရှင်စံနှုန်းအနေနဲ့ သတ်မှတ်ရလျှင်တော့ နောက်ထပ်မကြည့်ချင်သည့် ဇာတ်ကားပါ။ အခုနောက်ပိုင်း ဟောလိဝုဒ်ရုပ်ရှင်များ၊ အထူးသဖြင့် အက်ရှင်ကားတွေမှာ အပစ်အခက်အသတ်အဖြတ်ခန်းတွေက မလိုအပ်ဘဲ အရမ်းကြမ်းလွန်းပါသည်။ သည်ရမ်ဘိုကားတစ်ခုလုံး ကြည့်နေတဲ့ အချိန်မှာလည်း ရုပ်ရှင်ရုံတစ်ခုလုံး သွေးညှီနံ့တွေ လွှမ်းနေသလိုပါပဲ။ ငယ်ငယ်ကကြည့်ခဲ့သည့် ရမ်ဘိုကားတွေက ကလေးရော လူကြီးပါ ကြည့်လို့ရ၏။ ငယ်ငယ်တုန်းကဆိုလျှင် ရမ်ဘိုကော်ရုပ်ကလေးတွေ ထောင်ပြီး ဒိုးလှိမ့်လိုက် သားရေပင်းပစ်လိုက် ကစားခဲ့ဘူးသည်။ သေချာတာကတော့ အခု မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားသည့် ရမ်ဘို၎ကို ကြည့်ပြီးသွားသည့် အချိန်မှတော့ အရင်ကလေးဘ၀လို အရုပ်ကလေးတွေ ထောင်ပြီး မကစားချင်တော့။ နောက်ထပ်အတွေးတစ်ခုကလည်း ရုပ်ရှင်ကြည့်နေချိန်မှာ ရလိုက်ပါသေးသည်။

အနောက်နိုင်ငံတွေ၏ ကိုလိုနီလက်အောက်ခံ မဖြစ်ခဲ့ဘူးသည့် ထိုင်းနိုင်ငံမှာ ရုပ်ရှင်ဇာတ်လမ်းတွေအတွက် နိုင်ငံ့ဗီလိန်က ကိုယ်တို့ မြန်မာလူမျိုးတွေပါ။ ဒါပေမယ့် ရမ်ဘိုရုပ်ရှင်ကြည့်နေချိန်မှာတော့ မြန်မာတို့ရဲ့ ဗီလိန်ဘယ်သူလဲဆိုတာ မေးခွန်းထုတ်ချင်စရာပါပဲ။ အဲသည်အချိန်တုန်းက ရမ်ဘို ရုံတင်ကာစမှာ စကာင်္ပူရဲ့ ရုပ်ရှင်ရုံတော်တော်များများမှာ မြန်မာများဖြင့် ပြည့်နေခဲ့၏။ အက်ရှင်ကားဆိုတော့လည်း အားလုံးက စိတ်ဝင်စားစွာ ကြည့်ကြတယ်လေ။ နောက်ဆုံးခန်းတစ်ခုမှာ ရန်ဘိုက သူ့ရဲ့ ရန်သူခေါင်းဆောင်ကို သတ်ဖို့ကျန်နေသည့် အချိန်မှာ ရုပ်ရှင်ကြည့်ပရိသတ်တွေထဲကနေ မြန်မာသံပီပီသသ၊ အားမလိုအားမရ ထွက်လာတာက….. ဟိုမှာ တစ်ယောက်ကျန်သေးတယ်၊ သတ်…. သတ်.. တဲ့။ အဲသည့်အသံကြားလိုက်ရချိန်မှာ ကိုယ့်ခေါင်းထဲမှာ အတွေးတွေ စီတန်းပြီးတော့ ထွက်လာပါတော့သည်။

မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားသည့် ဟောလိဝုဒ်က ရုပ်ရှင်တော်တော်များများက ဖျော်ဖြေရေးသက်သက်ထက် နိုင်ငံရေး အခင်းအကျင်းတွေက အဓိကကျနေသလိုပဲလို့ ခံစားရပါသည်။ တကယ်လို့သာ ဇာတ်ညွှန်းဆရာကောင်းကောင်းသာ ရှိလျှင်တော့ Hotel Rwanda လို လူမျိုးစု အပြတ်ဖြုတ်သည့် ဇာတ်လမ်းမျိုး၊ Schindler’s Listလို ဂျူးလူမျိုးတွေရဲ့ ကယ်တင်ရှင် ဂျာမန်စစ်ဗိုလ်တစ်ဦးရဲ့ ရုပ်ရှင်ကားမျိုးတွေ ဖန်တီးနိုင်မယ်လို့ ထင်ပါသည်။ အခုတော့ ကြည့်ပြီးသား ဟောလိဝုဒ်က မြန်မာနိုင်ငံနှင့် ပါတ်သက်သည့် ရုပ်ရှင်ကားတွေက ဖျော်ဖြေရေးသက်သက်ပါပဲ။ ဘာမှ ရင်ထဲမှာ နင့်နင့်နဲနဲ မကျန်ခဲ့ပါဘူး။
(အပိုင်း၂တွင် ထိုင်းနိုင်ငံရုပ်ရှင်တွေအကြောင်း ဆက်ပါမည်)

June 7, 2009

ဝါသနိ ၀ါသနာ၊ ၀ါသနာ ပြာသရော

ကိုလင်းဦးက ကျွန်တော့်ဝါသနာဆိုပြီးတဂ်ပါတယ်.......။ အကိုရေ.. ဆားချက်တယ်ပဲဆိုဆို... ပြန်တင်ပေးလိုက်ပါတယ်နော်....

သန်သန်မာမာ ယောက်ျားကြီးတစ်ယောက်က ကျွန်တော့်ရှေ့မှာ ပိတ်ရပ်လိုက်ပြီး လူဝင်ပေါက်လေးကို သူ့ဗလကြီးနဲ့ ကာလိုက်တယ်။ သံတိုင်နှစ်ဖက်ကို ကြွက်သားတွေအဖုဖုအထစ်ထစ်ထနေတဲ့ သူ့လက်နှစ်ဘက်နဲ့ မြဲမြံအောင် ကိုင်လိုက်ပြီးနောက် သန်မာတဲ့လက်တစ်ဖက်ကို အနည်းငယ်ကားလိုက်ကာ သူ့အဖော်ကောင်မလေးတွေကို သူလက်မောင်းအောက်ကနေ လူတစ်ကိုယ်စာရပ်နိုင်တဲ့ သံစကာတွေကာထားတဲ့ နေရာကို တွန်းကြိတ်ပြီးတော့ ထည့်လိုက်တယ်။ ကျွန်တော်ကလည်း အဲဒီလို ခပ်ကျဉ်းကျဉ်းလေးဖြစ်နေတဲ့ နေရာလေးကို ၀င်ချင်လို့ ဘယ်လိုပဲ တိုးဝှေ့ဝှေ့ အဲဒီလူကြီးကို မကျော်နိုင်သေး။ လူတွေဘယ်နှစ်ယောက်တောင် သွင်းနေဦးမလဲမသိ။ ကလေးသာသာ ကျွန်တော်လို ပိစိလေးကိုမှ အားမနာ။ ကျွန်တော့ လူ့ဖလံ ခနာကိုယ်လေးကို အထဲကို မ၀င်နိုင်အောင် ရှေ့ကနေ တိုက်စစ်တစ်ခုလို တောင်ကြီးပမာ ကာဆီးကာဆီး လုပ်နေပါတော့တယ်။ ကျွန်တော် သီးမခံနိုင်တော့။ လျော့တိလျော့ရဲ ဖြစ်နေတဲ့ သူ့ခါးပုံစကို ဆောင့်ဆွဲလိုက်ရမလား။ ဒါမှမဟုတ် လက်နှစ်ဖက်ဆန့်ပြီး သံတိုင်ကို ကိုင်ထားလိုက်တဲ့ အချိန်မှာ သူ့ချိင်းပြတ်လက်အောက်ကနေ အပြုံလိုက်ထွက်နေတဲ့ ချိုင်းမွှေးတွေကို တစ်ပြုံလုံးဆွဲနှုတ်လိုက်ရင် ကောင်းမလား။ စဉ်းစားစမ်း။ စဉ်းစားတယ်။ ဒီလိုသာ မရမကတိုးနေလို့ကတော့ ၀က်ခြံလို သံစကာကာထားတဲ့ နေရာလေးထဲကို ခြေတစ်လှမ်းတောင် ချဖို့မလွယ်။ ကျွန်တော်စိတ်မရှည်တော့။ သံတိုင်တစ်ဖက်ကို ကျွန်တော်မြဲနေအောင် ကိုင်လိုက်ပြီး ခြေတစ်ဖက်ကို မြင့်နိုင်သလောက် မြှင့်လိုက်တယ်။ အဲဒီနောက် ရှိသမျှအားနဲ့ ရှေ့က ကာထားတဲ့ လူရဲ့ခြေဖမိုးကို ဖနောင့်နဲ့ ဆောင့်ပစ်လိုက်တယ်။ အားလို့အော်သံကြားလိုက်ပြီး ကျွန်တော့်ရှေ့က သံတိုင်ကိုကိုင်ပြီး ကာထားတဲ့လက်တစ်ဖက် ပြုတ်ကျသွားတယ်။ ကျွန်တော်လည်း ရတဲ့ အခွင့်အရေးကို လက်လွှတ်မခံ ၀က်ခြံလေးထဲကို အတင်းတိုးဝင်လိုက်တယ်။ ဟူး…… အဲဒီတော့မှ သက်ပြင်းချလိုက် နိုင်တော့တယ်။ ဒါဆိုရင်တော့ လက်မှတ်ရဖို့ သေချာသလောက် ဖြစ်သွားပြီ။

…………………………………။………………………………..

လွန်ခဲ့တဲ့ ၁၃နှစ် ၁၄နှစ်က အဖြစ်အပျက်လေးပေါ့။ ကလေးပဲ ရှိသေးတော့ လူကြီးမပါဘဲ အပြင်မထွက်ရတဲ့ အရွယ်လေ။ ကျွန်တော်က ငယ်ငယ်ကလေးကတည်းက ရုပ်ရှင်သိပ်မက်တာ။ မြောက်ဥက္ကလာက န၀ဒေးရုပ်ရှင်ရုံမှာ အချစ်နဲ့အရာရာကို အကောင်းတိုင်း ဖြစ်စေမယ် ရုပ်ရှင် ရုံတင်တော့ တစ်ယောက်တည်း သွားခိုးကြည့်တယ်။ သိတဲ့အတိုင်း အဲဒီအချိန်တုန်းက ရုပ်ရှင်လက်မှတ်ဆိုတာ မှောင်ခိုဝယ်ရင်ဝယ် မ၀ယ်နိုင်ရင် ၁နာရီ ၂နာရီလောက် လက်မှတ်ရုံမှာ တန်းစီရတဲ့ အချိန်ပေါ့။ ဘက်စ်ကားပေါ်ကို လုပြီးတက်ရသလို လက်မှတ်ရောင်းတဲ့ အပေါက်ကိုလည်း လုပြီး လက်မှတ်ဝယ်ရတယ်။ ငယ်ငယ်ကတည်းက တစ်ယောက်တည်းလည်း ရုပ်ရှင်ကြည့်တတ်ခဲ့တယ်။ ပထမဆုံး တရားဝင် ရည်စားရတော့လည်း ရုပ်ရှင်ရုံထဲမှာပဲ။ အဲဒီတစ်ယောက်က ကျွန်တော့်ထက် အသက်ကြီးတယ်။ မမပေါ့။ ရုပ်ရှင်မကြည့်ခင်မှာ ချစ်ခွင့်ပန်။ စဉ်းစားချိန် ရုပ်ရှင်တစ်ကားစာပဲ အချိန်ပေးပြီး အဖြေကို မရမကတောင်းခဲ့တာလေ။ မှတ်မှတ်ရရ။ အဲဒီနေ့က ၂၀၀၃ ချစ်သူများနေ့။ ရုပ်ရှင်က ဒုတိယမြောက် ယိုမီယိုတဲ့။

တကယ်တော့ မမကို ကျွန်တော်ချစ်တယ်လို့ထင်ခဲ့တာ။ တကယ်တမ်းကြတော့ ကိုယ်ချစ်တာ တခြားတစ်ယောက်။ တစ်ခါတစ်ခါ မမရဲ့ သနပ်ခါးစွဲထင်နေတဲ့ ပါးမို့မို့လေးက အဲဒီတစ်ယောက်ရဲ့ ချွေးနံ့လေးလိုလို။ တစ်ခါတစ်ခါ မမရဲ့ နှုတ်ခမ်းထူထူလေးက ကြည့်နေရင်း ကြည့်နေရင်းက တဖြေးဖြေးပါးလာသလို။ ဟာ…… မဖြစ်တော့ပါဘူး ဆိုပြီး အချိန်မီ ဘရိတ်အုပ်ခဲ့ပြီး မမနဲ့ လမ်းခွဲခဲ့ရတယ်။ အဲဒီ တခြားတစ်ယောက်ဆိုတာ ဒီကဗျာထဲက တစ်ယောက်ပေါ့။

အခုတော့ ရုပ်ရှင်ရူးရုံတင်မကဘူး ပြဇာတ်တွေ၊ အော်ပရာတွေတောင် ပိုပြီးစွဲမက်လာတယ်။ နောက်ထပ် နိုင်ငံပေါင်းစုံက ဘုရားဆင်းတုတော်တွေ လေ့လာရတာလဲ စိတ်ဝင်စားလာတယ်။ လုပ်ချင်တာတွေကလည်း အများကြီး။ အားလပ်ရက်တွေမှာ ခရီးသွားရတာလဲ သဘောကျတယ်။ နောက်ပြီး ရုံးအားလပ်ရက်မှာလည်း အသုပ်မျိုးစုံ သုပ်စား။ ရေနွေးကြမ်းလေးသောက်ပြီး စာအုပ်လေးတစ်အုပ်နဲ့ ဇိမ်ကျချင်တယ်။ အခုဆို ပိုဆိုးပ။ စာလေးရေး။ ဘလော့လေး လျှောက်လည်ချင်တယ်လေ။ လုပ်ချင်တာတွေများလွန်းလို့ တစ်ခါတစ်လေ အချိန်တွေက သိပ်မလောက်တော့ဘူး။ ရေကူးချင်တယ်။ ကမ်းခြေသွားချင်တယ်။ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကို ချစ်တဲ့သူနဲ့ မိုးအေးအေးလေးမှာ ဇိမ်လေးနဲ့ အိပ်ယာထဲမှာ နှပ်နေချင်သေးတယ်။ နောက်ပြီး စိတ်ကူးယဉ်ထားတာ ရှိသေးတယ်။ ပင်စင်ယူပြီးတာနဲ့ ချစ်သူလေးနဲ့ တောင်ပေါ်စခန်းလေးမှာနေ။ ပန်းပင်တွေစိုက်။ စာတွေဖတ်။ ပန်းချီတွေဆွဲ။ ဘယ်လောက်ပျော်စရာ ကောင်းလိမ့်မလဲ။ အခုလောလောဆယ်တော့ အားတဲ့အချိန်လေးမှာ ကိုယ်ဝါသနာပါတာလေးတွေ ရသလောက်လုပ်။ ပြီးရင် ဗိုက်ပြည့်ဖို့ ကြုံးရုံးပြီးအလုပ်လုပ်ရသေးတယ်။ ဟူး….. မလွယ်ပါလား။


ဒါက ကိုယ်တိုင် သုပ်ထားတဲ့ ဆေးဘဲဥသုပ်
ဒါလေးကတော့ ၀က်သားကို နုတ်နုတ်စင်းပြီး အာလူးနဲ့ သုပ်ထားတာ။

(မိုးခါးအတွက် ၀ါသနာလေးတွေ ရေးပြီးသွားပြီ။ အခုတစ်ခါကံထူးတဲ့ သူတွေကတော့ ခေါင်းဆောင်မင်းသမီး ဂွင်းဂဲ နဲ့ သူ့နောက်ပါ ငမိုက်သားတို့ ( တီချမ်းဖြိုးစကီး၊ ပုလုဂွေး နီညမ်း) ဖြစ်ကြောင်းပါ ဖုရာ့။)

June 1, 2009

ရွှေတိဂုံအတုလား မူပွားလား



ကျွန်တော် သည်ပို့စ်လေးကို ရေးရန် အတော်လေးကို အချိန်ယူခဲ့ရပါသည်။ အတော်လည်း စဉ်းစားခဲ့ရပါသည်။ ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုအတွက် ငြင်းခုံမှုတွေ ဖြစ်မှာ စိုးလို့ပါ။ သည်ပို့စ်လေးကို ဖတ်သည့် မည်သူမဆို့ ဘာသာရေးရှုထောင့်ထက် ဗိသုကာ ရှုထောင့်ကနေ ကြည့်ဖို့ မေတ္တာရပ်ခံပါရစေ။

ကျွန်တော်တို့မြန်မာနိုင်ငံက ဘုရားစေတီပုထိုးနဲ့ ပါတ်သက်လာရင် ကမ္ဘာကျော်တဲ့ နိုင်ငံတစ်ခုပါ။ ပုဂံဘုရားပုထိုးတွေက မြန်မာတွေ အလှူအတန်းရက်ရောရုံသာမက ဘုရားကျောင်းကန်တည်တာလည်း အတော့်ကို သဒ္ဓါတရားထက်သန်တဲ့ လူမျိုးတွေ ဖြစ်ကြောင်း သက်သေခံနေပါသည်။ နောက်ထပ် မြန်မာကို ကမ္ဘာကမှန်း သိအောင် လှစ်ဟပြနေသော စေတီတစ်ဆူက ရွှေတိဂုံ ဘုရားပါ။ ရွှေတိဂုံဘုရားက တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သောကြောင့် နိုင်ငံတကာက လာရောက်ဖူးမြော်လေ့လာသူတွေ တစ်နေ့တခြား များလာပါသည်။

သည်နေရာမှာ ဘုရားသို့လာရောက်တဲ့သူတွေရဲ့ အကြောင်းအရာလေးတွေကို ကျွန်တော် ပြောပြချင်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက မိသားစုလိုက် ရွှေတိဂုံဘုရားသွားဖူးလေ့ရှိပါသည်။ အိုးခွက်ကြီးငယ် စားသောက်ဖွယ်ရာ အစုံစုံနဲ့ပေါ့။ ဘုရားဖူးတာထက် ဘုရားလည်တယ်လို့ဆိုရင် ရမလား ဒါမှမဟုတ် မြန်မာနည်း ပျော်ပွဲစား ထွက်တာဆိုရင် မှန်မလား။ နောက်ပြီး မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရောက်လာသည့် ဘုရားဖူးဧည့်သည်။ ဘုရားကျောင်းကန် အတူတူတက်ချင်သော ချစ်သူရည်းစား စုံတွဲ။ သည်လူတန်းစားများအားလုံးက မြန်မာပြည်က ဗုဒ္ဓဘာသာ အများစုတွေပေါ့။

ရွှေတိဂုံဘုရားကို လာဖူးသော နိုင်ငံတကာက လူမျိုးတွေမှာလည်း ဘာသာချင်းတူသည့် ထိုင်း၊ သီရိလကာင်္များအပြင် မဟာယာနဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်နိုင်ငံတွေလည်း ပါဝင်ပါသည်။ ရွှေတိဂုံဘုရားကို လာလည်သော အနောက်နိုင်ငံများနှင့် တခြားဘာသာကိုးကွယ်သော နိုင်ငံများမှ လူမျိုးခြားများလည်း ရှိပါသေးသည်။ သူတို့တွေကျတော့ ရွှေတိဂုံဘုရားကို လာလည်တာက ဘုရားတန်ခိုးကြီးလို့ မဟုတ်သလို။ ဖူးမြော်ရရုံသက်သက်လည်း မဟုတ်ပါဘူး။ ရွေတိဂုံဘုရားရဲ့ ထင်ရှားသော ဗိသုကာလက်ရာနဲ့ ဘုရားပတ်ပတ်လည်မှာ ရှိသော ခေတ်အဆက်ဆက်က ရှေးဟောင်း မြန်မာမှုအနုပညာ လက်ရာတွေကြောင့်ပါ။ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေလိုပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးများ ခရစ်ယာန်ဘုရားကျောင်းကို သွားလည်လျင် လျောက်ပတ်ကြည့်ရှုမယ်။ ဓါတ်ပုံရိုက်မယ်။ အဲသည်လိုပေါ့။ ဒါတွေအားလုံးက ဘုရားကို ရောက်လာကြသော လူအမျိုးမျိုးရဲ့ အခြေခံကျတဲ့ ရွှေတိဂုံ ဘုရားပေါ် စိတ်ဝင်စားသော အကြောင်းအရာတွေပေါ့။

အခုတော့ လူအမျိုးမျိုးအထွေထွေ လာလည်ရာ ရွှေတိဂုံဘုရားအတွက် ကျွန်တော် သောကတွေ ဝေနေမိသည်။ အခုဆို ရွှေတိဂုံဘုရားလို ပုံစံတူ၊ ဆိုက်ဒ်တူ ဘုရားတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တင်မကဘူး အိန္ဒိယနိုင်ငံမှာလည်း ရှိနေပါပြီ။ ကျွန်တော် အစိုးရိမ်ဆုံးကတော့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ တည်ဆောက်နေသည့် ရွှေတိဂုံ ပုံစံတူ ကမ္ဘာပေါ်တွင် အကြီးမားဆုံး လိုဏ်ဂူ ၀ိပဿနာ စေတီတော်ကြီးပေါ့။ ကမ္ဘာပေါ်မှာ ကျောက်တုံးနဲ့ ဆောက်သည့် အကြီးဆုံး လိပ်ခုံးလှိုဏ်ဂူဆိုလျင်လည်း မမှားပါဘူး။ ရွှေတိဂုံစေတီထက် ဥာဏ်တော် တစ်ပေကျော်ကျော်လောက်ပဲ နိမ့်၍ သိပ်ပြီး မကွာလှပါဘူး။ အခုဆို ကမ္ဘာပေါ်မှာ ရှိသည့်ဗိသုကာ ပညာရှင်တွေက ထိုစေတီကြီးကို စိတ်ဝင်စားနေကြ၏။ ထိုစေတီကို ဆရာကြီး ဦးဂိုအင်ကာ ဦးစီးသော မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်သွယ်မှု သင်္ကေတ တစ်ခုအဖြစ် တည်ဆောက်ထားခြင်းပါ။ ထိုစေတီမှာတင်လှူမည့် ထီးတော်ကိုလည်း မြန်မာနိုင်ငံက ရွှေတိဂုံစေတီမှာ လူအများဖူးမြော်နိုင်ရန် စီစဉ်ခဲ့ပါသေးသည်။ နောက်ပြီး စေတီမှာ ရှိသည့် တချို့သော စိတ်အပိုင်းများမှာလည်း မြန်မာမှု အနုလက်ရာတွေနဲ့ ဖန်တီးခဲ့ပါသေးသည်။ ကျွန်တော်တို့ မြန်မာဗိသုကာလက်ရာတွေ အိန္ဒိယအထိ တိုးပေါက်ဝင်ရောက်နိုင်တာက အတော်လေးကို ဂုဏ်ယူစရာကောင်းပါသည်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ မတင်မကျဖြစ်နေတာက ဘုရားရဲ့ ဥာဏ်တော်ပါ။ လူသာမန်စကားအရ ပြောလျင်တော့ ရွှေတိဂုံကို ပုခုံးချင်းလာယှဉ်တယ်ပေါ့။

သည်နေရာမှာ နည်းနည်းလေး ထည့်ပြောချင်တာက မြန်မာဗိသုကာ စေတီပုထိုးများအကြောင်းပါ။ မြန်မာတွေရဲ့ ဗိသုကာက အိန္ဒိယလူမျိုးတွေနှင့် မွန်လူမျိုးတွေဆီက ရခဲ့ပါသည်။ အဲသည့်နောက် ခေတ်အဆက်ဆက် ပြုပြင်ဖန်တီး ပေါင်းစပ်လာရင်းဖြင့် မြန်မာဟန် မြန်မာစစ်စစ် ဗိသုကာ လက်ရာတစ်ခု ပေါ်ပေါက်လာပါသည်။
၁၅ရာစု (ခန့်မှန်း) နောက်ပိုင်းမှာ ဖြစ်တည်လာခဲ့သော ရွှေတိဂုံဟန်လက်ရာ စေတီပုထိုးတွေ မြန်မာပြည် အရပ်ရပ်မှာ ပေါ်ပေါက်လာပါသည်။ ဒါပေမယ့် ဘယ်စေတီမှ ရွှေတိဂုံဘုရား နီးပါးလောက် မတည်ဆောက်ခဲ့ပါဘူး။ လွန်ခဲ့သော မတ်လကထီးတော်တင်ခဲ့သည့် နေပြည်တော်က ရွှေတိဂုံပုံတူ စေတီကလွဲလို့ပေါ့။ ထိုစေတီကလည်း ရွှေတိဂုံထက် ဥာဏ်တော် တစ်ပေပဲ နိမ့်ပါသည်။ ဘာပဲ ပြောပြော မြန်မာနိုင်ငံ၊ ရန်ကုန်မှာ ရွှေတိဂုံ ရှိသလို၊ နေပြည်တော်မှာလည်း ရွှေတိဂုံရှိတယ်လို့ ပြောစမှတ် ပြုလာပါသည်။

ရွှေတိဂုံလို ပုံစံတူတွေ အခုနောက်ပိုင်း ပေါ်ပေါက်လာသည့်အခါ နဂိုမူရင်း ရွှေတိဂုံ ဘာဖြစ်သွားနိုင်ပါသလဲ။ အခုလောလောဆယ်တော့ ဘာမှ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် နှစ်ပေါင်းရာချီ ကြာလာသောအခါ ပြဿနာကတော့ ပေါ်လာနိုင်သည်။ပြဿနာလို့ ကျွန်တော်ဘာကြောင့် ပြောရသလဲဆိုတာ ဗိသုကာပညာရပ် ရှုထောင့်ကနေ ရှင်းပြချင်ပါသည်။

ဗိသုကာပညာဆိုတာ အဆောက်အဦးတစ်ခု ဖန်တီးရုံသက်သက် မပါဝင်ပါဘူး။ လမ်းတံတားများ၊ မြို့ပြအိမ်ရာစီမံကိန်းများအထိ ပါဝင်ပါ၏။ မြို့တစ်ခုကို ဒီဇိုင်းရေးဆွဲရာမှာ အနည်းဆုံးနှစ်သုံးဆယ် အထိကြိုတင်ရေးဆွဲရသည်။ ခဏခဏလည်း လိုအပ်လျင်လိုအပ်သလို ပြင်ရပါသေးသည်။ မြို့တစ်ခု ဖန်တီးရာမှာ ထိုမြို့မှာ နေထိုင်မည့်လူများအတွက် ထည့်သွင်းစဉ်စားရုံတင် မကပါဘူး။ ထိုမြို့ရဲ့ အထင်ကရ၊ မှတ်ကျောက် ဖြစ်နိုင်မည့် Landmark လို့လည်းခေါ်သည့် နေရာ၊ အဆောက်အဦးတွေကိုပါ ဖန်တီးရပါသေးသည်။ ထိုအရာတွေကို ကြည့်ပြီး ထိုမြို့က ဘယ်မြို့ ဆိုပြီး သာမန်လူကအစ ချက်ချင်း သိနိုင်ပါသည်။ ဥပမာ ပြင်သစ်နိုင်ငံ အီဖယ်မျှော်စင်ပေါ့။ အီဖယ်မျှော်စင်ကို တွေ့လိုက်တိုင်း ဒါ ပြင်သစ်နိုင်ငံ ပါရီ (ပဲရစ်)မြို့မှန်းသိကြသည်။ နောက်ဥပမာက မလေးရှားက ပတ်ထရိုနာမိုးမျှော်အဆောက်အဦးနှစ်ခုပါ။ ထိုအဆောက်အဦးကို မြင်တာနဲ့ မလေးရှားရဲ့ ကွာလာလမ်ပူမြို့မှန်း သိကြပါသည်။ ဤသို့ဆိုလျင် ကျွန်တော်တို့ မြန်မာနိုင်ငံက ရန်ကုန်မြို့ကြီးဆိုလျင်ရော။ ရှင်းရှင်းလင်းလင်း လူတိုင်း သိပါသည်။ ရွှေတိဂုံစေတီပေါ့။

ဒါပေမယ့် နှစ်တွေကြာလာလျင်တော့ ရန်ကုန်မြို့ရဲ့ Landmark က ရှုပ်ထွေးလာနိုင်ပါသည်။ အိန္ဒိယက ၀ိပဿနာ စေတီတော်ကလည်း မွန်ဘိုင်းမြို့ရဲ့ Landmark ဖြစ်ဖို့တာစူနေပါပြီ။ ဘာအဆောက်အဦး ကြီးကြီးမားမားမှ မရှိသေးသော နေပြည်တော်မှာလည်း ရွှေတိဂုံစေတီ ပုံစံတူက ဘယ်နေရာကနေကြည့်ကြည့် မြင်နိုင်သည့် နေပြည်တော်ရဲ့ Landmark ဖြစ်လာပြီ။ ထို့ကြောင့် မကြာခင် (မြန်မာနှင့် ထိုင်းလက်ရာတွေကိုတောင် ရောထွေးနေတတ်သော) နိုင်ငံခြားသားများအနေနဲ့ ရန်ကုန်ရဲ့ Landmarkနဲ့ တခြားနေရာက Landmark တွေနဲ့ မျက်စိလည်စ ပြုလာမှာပါ။ မြန်မာလူမျိုးတိုင်းကတော့ ရွှေတိဂုံဘုရားရဲ့ တန်ခိုးကြီးပုံ အနုပညာလက်ရာမြောက်ပုံကို သိကြပေမယ့် မြန်မာသိသလို တခြားလူမျိုးခြားတွေ မသိနိုင်ပါဘူး။ မြန်မာဂီတလောကမှာ ဖြစ်နေသည့် ပြဿနာလိုပေါ့။ မူရင်းအခွေရဲ့ တန်ဖိုးနှင့်ကြိုးပမ်းအားထုတ်မှုကို နားမလည်သည့် ပရိသတ်တွေက ဈေးပေါပေါဖြင့်၊ မူရင်းနီးပါးလောက်ကောင်းမွန်သည့် ကော်ပီတွေကိုပဲ အားပေးကြမှာပါ။ ဒီလိုပါပဲ မူရင်းရွှေတိဂုံရဲ့တန်ဖိုးကို နားမလည်ကြသည့်လူတွေအတွက် မူပွားတွေက ပိုကောင်းတယ်ထင်နေမှာ ကျွန်တော်စိုးရိမ်မိ၏။

အဆင့်ဆင့် ပြောင်းလဲတိုးတက်လာသည့် မြန်မာဗိသုကာလက်ရာတွေမှာ စေတီမှန်ရင် ရွှေတိဂုံပုံစံလို ဆောက်ကြရမှန်း မြန်မာလူမျိုးတိုင်းသိကြပါသည်။ ဒါပေမယ့် သာမန်မျက်စိနဲ့တောင် မမြင်ရသည့် တစ်ပေလောက်နိမ့်သည် ရွှေတိဂုံပုံစံတူလိုတော့ ထပ်မဆောက်မိကြပါစေနဲ့လို့ ဆုတောင်းမိပါသည်။ အထူးသဖြင့် တခြားနိုင်ငံတွေမှာပေါ့။ ပုံစံတူတည်ဆောက်ကြမယ်ဆိုလျင်လည်း သိသာမြင်သာမည့် ဥာဏ်တော် အနိမ့်အမြင့်ဖြင့် တည်ဆောက်နိုင်လျင် ပိုကောင်းမယ်လို့ ကျွန်တော်ယူဆမိပါသည်။ ဒါမှသာ ကျွန်တော်တို့ မြို့တော်ရန်ကုန်ရဲ့ Landmark တစ်ခုဖြစ်သည့် ရွှေတိဂုံစေတီကို ကာကွယ်ရာရောက်မှာပါ။




နေပြည်တော်မှ ရွှေတိဂုံမူပွား

နေပြည်တော်ရဲ့ ဘယ်နေရာကနေကြည့်ကြည့် ဖူးမြော်နိုင်သော ပုံစံတူစေတီ

အိန္ဒိယက ၀ိပဿနာစေတီတော်

ဒီဇိုင်းထုတ်ထားပုံ

စေတီရဲ့အတွင်းပိုင်းမှာ အခုလို လူပေါင်းများစွာ တရားထိုင်လို့ ရနိုင်ပါသည်။


နည်းနည်းလောက် ထပ်ဆွေးနွေးချင်ပါတယ်။ ဘုရားစေတီဗိသုကာနဲ့ ပါတ်သက်ပြီး ကောပီရိုက်လုပ်လို့မရဘူး ထင်ပါတယ်။ စေတီရဲ့ ဗိသုကာကလည်း အဆင့်ဆင့် ပြောင်းလဲလာရင်းနဲ့ ကိုယ်ပိုင်ဒီဇိုင်း ဖြစ်လာတာပါ။ ကိုယ်ပိုင် မဖြစ်ခင်ကတည်းက သူများရဲ့ ဗိသုကာအခြေခံကို ယူခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ပိုင်ယဉ်ကျေးမွှ အမွေအနှစ်အဖြစ်တော့ ကော်ပီရိုက်လုပ်လို့မရပါဘူး။ နောက်ပြီး စေတီနဲ့ ပါတ်သက်တဲ့ ဗိသုကာ အခြေခံတွေကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆင်တူပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ပုံသွင်းရင်းနဲ့ မြန်မာလက်ရာ ထိုင်းလက်ရာ ဆိုပြီး ဖြစ်ပေါ်လာတာပါ။ မြန်မာ့စေတီဗိသုကာ သီအိုရီမှာလည်း ရွှေတိဂုံကို နည်းယူပြီး ညွှန်းပါတယ်။ ဒါကြောင့်မို့လို့ မည်သူမဆို ရွှေတိဂုံဘုရားတိုင်း ဆောက်ခွင့်ရှိပါတယ်။

ကျွန်တော့်ရဲ့ပို့စ်ကလည်း ကောပီရိုက်ထက် ဘုရားဥဏ်တော်ကို မီးမောင်းထိုးပြချင်တာပါ။ ကျွန်တော်တို့ ဘုရားတည် ကျောင်းဆောက်တဲ့အခါ ရွှေတိဂုံရဲ့ ဥာဏ်တော်နီးပါးလောက် မဆောက်သင့်ဘူးလို့ အကြံပေးချင်တာပါ။ တကယ်လို့ ရွေတိဂုံထက် ဥာဏ်တော်မြင့်တာပေါ်လာရင် အလိုလိုနေရင်း ရွှေတိဂုံရဲ့ ကြီးမြတ်မှုက ဗိသူကာလောကမှာ နေရာချင်းယှဉ်လာနိုင်ပါတယ်လို့ ပြောချင်တာပါ။ အခုဆိုရင် နည်းပညာအသစ်တွေနဲ့ တည်ဆောက်ထားတဲ့ အိန္ဒိယက စေတီက ကမ္ဘာပေါ်မှာ ကျောက်တုံးနဲ့ ဆောက်တဲ့ အကြီးဆုံး လိုဏ်ခေါင်းစေတီဖြစ်လို့ အနည်းဆုံးနှစ်ပေါင်း ၂၀၀၊ ၃၀၀လောက်ကြာရင် ဗိသုကာလောကမှာ ရွှေတိဂုံထက် နေရာပေးခံလာရမှာ ထင်လို့ပါ။ ရွှေတိဂုံကလည်း သူ့ထက်စာရင် သက်သမ်းပိုကြာမှာမလား ဆိုပြီး စောဒကတက်လို့ရပါတယ်။ ဒါပေမယ့် နှစ်ပေါင်း များစွာအတွင်းမှာ ထိုပုံတူစေတီကိုလည်း ခမ်းနားသည်ထက် ခမ်းနားအောင် မွမ်းမံခဲ့မယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ဒီနေရာမှာ စေတီမွမ်းမံရင် အသစ်ဖြစ်အောင်မွမ်းမံရမယ်လို့ မြန်မာတွေခံယူထားတာကိုလည်း မမေ့ပါနဲ့။ ယခုလက်ရှိ ရွှေတိဂုံဘုရားစောင်းတန်းတွေ။ ပုဂံဘုရားတွေ အသစ်ဖြစ်ကုန်တာ သတိပြုနိုင်ပါတယ်။