May 29, 2009

အင်ဒိုနီးရှားခရီး (ပါတိတ်ကမ္ဘာ)

ဂျိုဂျကတားမှာ မြင်းလှည်း ဆိုက်ကား၊ မော်တော်ဆိုင်ကယ်တွေနဲ့ တော်တော်ရှုပ်ပါတယ်

ဂျိုဂျာကတားမြို့ရောက်ရင် ဘိုယိုဘုဒေါကို အရောက်သွားပါ။ ပြီးရင် ပါတိတ်ဝယ်ပါတဲ့။

ကျွန်တော်ဂျိုဂျကတားကို ရောက်တဲ့အခါ ဘိုယိုဘုဒေါကို အရင်ဆုံးမသွားဘဲ ပထမဆုံး လုပ်တာက ချစ်ချစ်နဲ့ ဈေးပတ်တာပါ။ သူကလည်း သူ့ရဲ့ Crystal ကျောက်လေးတွေ ထည့်ဖို့ သစ်သားဘူးလေးတွေ လိုက်ရှာတယ်။ ကျွန်တော်ကလည်း မေမေနဲ့ အမတွေ အတွက် ပါတိတ်လိုက်ရှာတယ်။ နှစ်ယောက်သား ဟုတ်တော့ဟုတ်နေတာပဲ။ လာတာက ဘုရားဖူး။ ရောက်နေတာက Shopping Mall။ တော်တော်တော့ ရီရသား။ ရောက်ကာစ နေ့မှာတော့ ကြည့်ရုံပဲ ကြည့်ပြီး ဘာမှ မ၀ယ်မိသေးပါဘူး။ သဘောကျတဲ့ ဆိုင်လေးတွေ တွေ့ရင် မှတ်ခဲ့တာပေါ့လေ။

နောက်တစ်နေ့ မနက်ကျတော့မှ ဘုရားသွားဖြစ်သည်။ နေ့ခင်းကျတော့ မြို့ထဲဘက်ပြန်လာ။ စူလ်တန်နန်းတော်ကို သွားလည်။ မြို့ထဲမှာပဲ ထမင်းစား။ ဟိုတယ်ပြန်ပြီး ခဏနား။ ညနေကျတော့မှ ပရန်ဘန်နန်ဘုရားကျောင်းကို သွားလိုက်သည်။ တစ်နေ့တည်းနဲ့ လည်စရာ ပတ်စရာတွေ အကုန်လည်လိုက်သည်။ နောက်ထပ် ကျန်သေးတဲ့ နှစ်ရက်ကိုတော့ ဈေးဝယ်ထွက်ဖို့နဲ့ ဟိုတယ်မှာ နားဖို့သတ်သတ်ဖယ်ထားလိုက်သည်။

ဂျိုဂျကတားမှာ တတိယမြောက်နေ့ရောက်တော့ စောစောစီးစီး ဈေးဝယ်ထွက်လာသည်။ နှစ်ယောက်စလုံး ဈေးဝယ်ဖို့ ဘာတက်ကြွသလဲ မမေးနဲ့။ တစ်နေကုန် ဈေးဝယ်ထွက်တာ ညကျမှ ဟိုတယ်ပြန်ရောက်၏။ ဂျိုဂျကတားမြို့လည်မှာ မာလီယိုဘိုယိုဆိုတဲ့ လမ်းရှိပါသည်။ အဲဒီလမ်းပေါ်မှာ အထည်အလိပ်၊ အစားအသောက် အကုန်ရပါသည်။ လမ်းကလည်း ဆူးလေ အနော်ရထာလမ်းလို အရှည်ကြီးပါ။ လမ်းတလျှောက်မှာတော့ ပါတိတ်ဆိုင်ကြီးတွေ တော်တော်များများရှိသည်။ နောက်ပြီး လမ်းဘေးမှာ ထိုင်ရောင်းနေတဲ့ တစ်နိုင်ပါတိတ်ဆိုင်လေးတွေကလည်း တော်တော်များများပါပဲ။

မြန်မာလူမျိုးတွေက ပြင်ဦးလွင် မေမြို့ရောက်ရင် ဆွယ်တာလှလှလေးတွေ ၀ယ်တတ်ကြသလို သူတို့ အင်ဒိုနီးရှားလူမျိုးတွေကလည်း ဂျိုဂျကတားရောက်တာနဲ့ ပါတိတ်တွေ ၀ယ်တတ်ကြပါသည်။ ဂျိုဂျကတားမြို့ကလေးကလည်း ကမ္ဘာကျော် အင်ဒိုနီးရှားပါတိတ်တွေ ထွက်ရာနေရာတစ်ခုလည်း ဖြစ်သည်။ မြို့ပတ်လည်မှာလည်း ပါတိတ်လုပ်တဲ့ စက်ရုံတွေ ရှိသလို မြို့ထဲမှာလည်း မိသားစု ပါတိတ်လုပ်ငန်းသေးသေးလေးတွေ ရှိပါသည်။

ပါတိတ်လုပ်ရတာလည်း တကယ်တော့ မလွယ်ပါဘူး။ ကျွန်တော် Lasalle Sia မှာ ပထမနှစ် ဖောင်ဒေးရှင်း တက်တော့ ပါတိတ်လုပ်ခဲ့ရဖူးပါသည်။ ဖက်ရှင်စတူဒီယိုမှာပေါ့။ အဲဒီတုန်းက အခြေခံပါတိတ်ကို လုပ်ခဲ့ရတာပါ။ ဖယောင်းဝယ်ပြီး သံဇလုံနဲ့ ကြိုရပါသည်။ ဖယောင်းနံ့ မခံနိုင်တဲ့ သူကတော့ လုပ်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဖယောင်းထည့်ဖို့ သစ်သားလက်ကိုင်လေးနဲ့ ခွက်သေးသေးလေး တပ်ရက်သား ကြေးနှုတ်သီးခေါက်ချွန်ချွန်လေးကို သုံးရပါသည်။ ခွက်သေးသေးလေးကနေ ဖယောင်းစက်တွေက ပိုက်နဲ့ တူတဲ့ နှုတ်သီးဝလေးကနေပြီး တစ်စက်စက် ကျနေတဲ့ အချိန်မှာ ဖျင်စပေါ် တင်ရပါသည်။ အစက်ကလေးတွေ တစ်ခုချင်းစီဆက်ပြီး ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ရေးဆွဲရ၏။ ကိုယ်လိုချင်တဲ့ အစက် အကြီးအသေးကိုလည်း နှုတ်သီးဝ အကျဉ်းအကျယ်အပေါ် မူတည်ပြီး ရေးနိုင်ပါသေးသည်။ ပါတိတ်ရေးတဲ့ သူနားမှာ ဆိုဒ်အမျိုးမျိုးနဲ့ ဖယောင်းဂေါက်ကလေးတွေ ရှိနေတတ်သည်။ အဲဒီလို အစက်ကလေးတွေ ချပြီး ဒီဇိုင်းဆွဲရလို့ ထင်ပါရဲ့ ပါတိတ်ဆိုတဲ့ အဓိပ္ပါယ်က အင်ဒိုနီးရှားလို အစက်ကလေးများ ပြုလုပ်ချင်းလို့ ဆိုနိုင်ပါသည်။
Lasalle Sia မှာတုန်းက လုပ်ခဲ့တဲ့ ပါတိတ် (ဟီးဟီး ပြန်ကြည့်ရင် ခဏခဏထိုင်ရီနေမိတယ်)

တခါတလေ ဖယောင်းပူပူတွေကို ခပ်ရတာမလွယ်ပါဘူး။ ကျွန်တော် ပါတိတ်နဲ့ ပါတ်သက်တဲ့ ပရိုချက်လုပ်တုန်းကဆို လက်မှာ ခဏခဏ အပူလောင်တတ်သည်။ ပါတိတ်ရေးတဲ့ အခါ၊ ဥပမာ စက်ဝိုင်းဆွဲမယ်ဆိုရင် အဲဒီရေးဆွဲထားတဲ့ စက်ဝိုင်းပုံစံ ဖယောင်းစက်တွေက တစ်ခုနဲ့ တစ်ခု ထိစပ်နေရပါသည်။ လစ်ဟာပြီး ပေါက်နေလို့ မရပါဘူး။ တကယ်လို့ လစ်ဟာနေပါက အဲဒီ စက်ဝိုင်းထဲကို ကိုယ်လိုချင်တဲ့ ဆေးရောင်ထည့်တဲ့ အခါ မလိုအပ်တဲ့ နေရာကို ပြန့်သွားတတ်ပါသည်။ အဲဒါကြောင့်မို့လို့ တချို့ ပါတိတ်စတွေမှာ ဆေးကွက်သေးသေးလေးတွေ ရှိနေတတ်ပါသည်။ အဲဒီဆေးကွက်လေးတွေက ဆေးစွန်းတာ မဟုတ်ဘဲ ဖယောင်းမညီလို့ ဆေးတွေ ပြန့်ကုန်တာပါ။ ကျွန်တော် ပထမဆုံးလုပ်တဲ့ ပါတိတ်စဆို ဘယ်တော့မှ ဖယောင်းမညီခဲ့ပါဘူး။ ဆေးတွေက ဟိုပြန့်ဒီပြန့်နဲ့ စုတ်ပြတ်သတ်သွားဖူးပါသည်။


ဖယောင်းအိုး
ဖယောင်းစက်နဲ့ ဒီဇိုင်းရေးနေပုံ

စုတ်တံလေးနဲ့ ဆေးသွင်းရင်သွင်း၊ မသွင်းဖူးဆိုရင်တော့ မဲနယ်ကန်လို ဆေးရောင်စုံ ရှိတဲ့ ရေစည်တွေထဲကို ဖြန့်ပြီး နှစ်ရပါသည်။ ဆေးစပ်ပြီးတာနဲ့ အခြောက်ခံ။ ပြီးရင် ဆေးခိုင်စေတဲ့ ဆေးရည်ကို ထပ်ပြီး ဆိုးရပါသည်။ အဲဒီတော့မှ အရောင်ခံမှာပါ။ တကယ်တော့ ပါတိတ်ကောင်း ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ တခါတလေ ဖယောင်းတင်တဲ့ အချိန်မှာ အသုံးမကျလို့ ဖယောင်းမညီပါက ဆေးဆိုးတဲ့ အချိန်မှာ ဒုက္ခရောက်တတ်ကြပါသည်။ ဆေးယိုလို့ လွှင့်ပစ်လိုက်ကြရပါသည်။

ပါတိတ်ဆိုလျှင် အဓိကအားဖြင့် နှစ်မျိုးရှိပါသည်။ လက်ရေးပါတိတ်နှင့် ဆေးဆိုးပန်းရိုက်ပါတိတ် ဟူ၍ဖြစ်သည်။ လက်ရေးဆိုတာကတော့ ဖျင်စပေါ်မှာ လက်ဖြင့် ကိုယ်တိုင် ဒီဇိုင်းရေးဆွဲရတဲ့ အရာမျိုးပါ။ မူပွားမရှိပါဘူး။ အဲဒါကြောင့်မို့လို့ လက်ရေးပါတိတ် ကောင်းကောင်းဆို သိန်းချီပေးရတတ်ပါသည်။

တကယ်တော့လက်ရေးပါတိတ် ၀ယ်နိုင်ဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး။ လက်ရာကောင်းရင် ကောင်းသလောက်ပေးရ၏။ ဂျိုဂျကတာမြို့မှာတော့ တန်ဖိုးသက်သာတယ်လို့ ပြောရမှာပဲ မြန်မာငွေ ကျပ်သုံးသောင်းကနေ တစ်သိန်းကျော်ထိ ပေးရပါသည်။ စက်နဲ့ ပရင့်ထုတ်ထားတဲ့ အဆင်လေးတွေကျတော့ တော်တော် သက်သာသည်။ နောက်ပြီး ပိတ်စပေါ်မှာ လက်နဲ့ မဆွဲဘဲ သံဘလော့တုံးလေးတွေနဲ့ တံဆိပ်ရိုက်သလို ဒီဇိုင်းဖော်ထားတဲ့ အစလေးတွေကလည်း သိပ်ပြီး ဈေးမကြီးပါဘူး။


တော်ဝင်မိသားစုပုံ
ဒီလိုအဆင်မျိုးတွေကို အရင်က တော်ဝင်မိသားစုက လွဲလို့ သာမန်အရပ်သူတို့ ၀တ်လို့ မရပါဘူး

ဂျိုဂျကတားမြို့နှင့် ပတ်ဝန်းကျင်မြို့တွေ တော်တော်များများမှာ ပါတိတ်ကောင်းတွေ ရနိုင်ပါသည်။ ဒါပေမယ့် ဂျိုဂျကတား ပါတိတ်က အကောင်းဆုံးနဲ့ နာမည်အကြီးဆုံးပေါ့။ နောက်ပြီး အရင်က ဂျိုဂျကတားက မင်းနေပြည်တော် အသေးစားလေးဆိုတော့ နန်းတော်သုံး ပါတိတ်ဒီဇိုင်းတွေက စုံတယ်လေ။ ကျွန်တော်တို့ နှစ်ယောက် ဘိုယိုဘုဒေါက အပြန် စူတန်နန်းတော်ကို သွားလေ့လာဖူးတော့ နန်းတော်ထဲမှာ တော်ဝင်ပါတိတ်ဒီဇိုင်းတွေ မြင်ခဲ့ရသည်။ နန်းတွင်းသူ မိဖုရားတိုင်းက ပါတိတ်လုပ်တတ်ဖို့လိုပါသည်။ သူတို့ဆီမှာ ကိုယ်ပိုင်ဒီဇိုင်းဆိုပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းတတ်ကြပါသေးသည်။ အရင်တုန်းက စူတန်မှာ မိဖုရားတွေ အများကြီး ရှိ၏။ မိဖုရားတိုင်းမှာလည်း သားသမီးတွေ အများကြီး ရှိတော့ စူတန်က လမ်းမှာတွေ့ရင် ဘယ်သူက ဘယ်မိဖုရားရဲ့ ကလေးမှန်း မသိတော့ဘူး။ အဲဒီတော့ ကလေးတွေကို ဘယ်လိုခွဲလည်း ဆိုရင် မိဖုရားတွေမှာ ကိုယ်ပိုင်ရှိတဲ့ ပါတိတ်ဒီဇိုင်းနဲ့ အရောင်နဲ့ ခွဲသတဲ့။ ဒီအပြာရောင်ပါတိတ်ကို ဘယ်မိဖုရားက ပိုင်ပြီး ဘယ်ကလေးက အပြာရောင်ပါတိတ်လေး ၀တ်ထားရင် အဲဒီ မိဖုရားကလေးမှန်း တန်းသိပါသည်။ အဲဒါကြောင့်မို့လို့ တချို့တွေက အရောင်လေးတွေ ဆင်တူ ဖြစ်နေတတ်ကြသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပါတိတ်ကို ၀မ်းဆက်ဝတ်တာ ဆိုလို့ အမျိုးသမီးတွေသာ ရှိပေမယ့် အင်ဒိုနီးရှားမှာတော့ ယောက်ျားလေးတွေပါ အပေါ်အောက် ၀တ်ကြပါသည်။

အင်ဒိုနီးရှားသားလေးပေါ့

Beringharjo
ဈေးအတွင်းပိုင်းတစ်နေရာ

ကျွန်တော်တို့နှစ်ယောက် ဈေးဝယ်ထွက်တဲ့ မာလီယိုဘိုရိုလမ်းမှာ မင်္ဂလာဈေးလိုပဲ Beringharjo လို့ခေါ်တဲ့ ဈေးဟောင်း တစ်ခုရှိပါသည်။ အဲဒီဈေးဟောင်းက ညနေ ၄ နာရီအထိဘဲ ဖွင့်တော့ ကျွန်တော်တို့ စောစောသွားကြရသည်။ ဈေးပထမထပ်မှာတော့ များလိုက်တဲ့ ပါတိတ်တွေ။ ပါတိတ်စတင်မကပါဘူး။ ချုပ်ပြီးသား ပါတိတ်အင်္ကျံအထည်တွေကလည်း ပေါမှပေါ။ မိန်းမ၀တ်လား ယောကျာ်းရှပ်အင်္ကျံလား။ အကုန်ရ၏။ နောက်ပြီး ပါတိတ်နဲ့ ချုပ်ထားတဲ့ အိပ်ယာခင်းတွေ။ စားပွဲခင်းတွေ။ အရောင်အသွေးကလည်း တော်တော်စုံသည်။ ဈေးနှုန်းနဲ့ အရည်အသွေးကလည်း ဒေသခံတွေ အတွက် ရည်ရွယ်ထားတော့ တော်တော်သက်သာတယ်လို့ ပြောလို့ရပါသည်။ အလွန်ဆုံးရှိမှ သုံးလေးငါးသောင်းပေါ့။ အဲဒီဈေးမှာတင် တော်တော် ပတ်လိုက်တာ ခြေအတော် ညောင်းသွားတော့ ရန်ကုန်က မုန့်လက်ဆောင်းလို အအေးသောက်လိုက်ရသေးသည်။


မုန့်လက်ဆောင်း
ကြက်သားကို သဘေီာင်္သီးနဲ့ ချက်ထားတာ ကောင်းမှကောင်း

Mirota Batik


ဈေးပတ်ပြီး အပြင်ရောက်တော့ သူနဲ့ မျက်နှာချင်းဆိုင်က Mirota Batik လို့ ခေါ်တဲ့ နှစ်ထပ်ဆိုင်လေးကို ၀င်မိကြသည်။ ဆိုင်ထဲမှာ ဂျိုဂျကတားမြို့ထွက် ပစ္စည်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းတာတွေ့ရ၏။ အဲဒီဆိုင်မှာပဲ ချစ်ချစ်က သူလိုချင်တဲ့ သစ်သားဘူးလေးတွေ ရလိုက်သည်။ ရုပ်တုတွေ၊ ကြွေထည်ပစ္စည်းတွေ၊ အိမ်သုံး အလှဆင်ပစ္စည်းတွေကလည်း ဆိုင်ပေါ်မှာ မျိုးစုံတွေ့ရသည်။ အဲဒီဆိုင်ထဲမှာ ဘယ်လောက်တောင် ကြာလည်းဆိုရင် ဆိုင်မှာ ဖွင့်ထားတဲ့ အင်ဒိုတီးလုံးတွေကိုတောင် အလွတ်ရမိရော။ နောက်ပြီး ဆိုင်တစ်ခုလုံး အမွှေးတိုင် ထွန်းထားတော့ တစ်ဆိုင်လုံး သင်းနေတာပဲ။ ဆိုင်ထဲမှာလည်း ဖယောင်းတိုင်ထွန်းတဲ့ မီးခံခွက်လေးတွေကလည်း အများကြီး။ ရွှံ့စေးကို အသုံးပြုတဲ့ အဲဒီဆီမီးခွက်လေးတွေမှာ တောက်တဲ့ပုံလေးတွေ၊ ဖားပုံလေးတွေ၊ လိပ်ပုံလေးတွေနဲ့ ဒီဇိုင်းလုပ်ထားပါသေးသည်။ တစ်ခုမှ လေးထောင်လောက်ပဲ ရှိတော့ လေးခုလောက် ၀ယ်လိုက်တာပေါ့။ မီယိုတာမှာ ကိုယ်လိုချင်တာရတော့ ပါတိတ်ရှာပုံတော် ဖွင့်ကြ၏။

ပါတိတ်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်။ ရှသမျှဆွဲထုတ် ဖြန့်ကြည့်။ စိတ်ကြိုက်မတွေ့တာနဲ့ နောက်တစ်ဆိုင်ပြောင်း။ ဆိုင်က အရောင်းစာရေးမလေးတွေကတော့ တော်တော် မျက်စိနောက်မှာပဲ။ ကျွန်တော်က ရသမျှ ပါတိတ်စတွေ ဖြန့်ကြည့်နေချိန်မှာ ချစ်ချစ်ကတော့ ပါတိတ်လက်ကိုင်ပုဝါတွေရှာ။ နှစ်ယောက်သား ဆိုင်ထဲဝင်လိုက်တာနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ကောင်တာရှေ့ကို အသီးသီးရောက်သွားကြတယ်လေ။ ကျွန်တော့်အမတွေက ပါတိတ်ဝတ်ခဲတော့ သူတို့အတွက် ခေတ်ဆန်တဲ့ ဒီဇိုင်းလေးတွေကိုပဲ အဓိက ထားရွေးရတော့ တော်တော်နဲ့ မျက်စိမကျမိဘူး။ ဒီလိုနဲ့ ဆိုင်ကူးရင်း၊ ရွေးရင်းနဲ့ Batik Keris ဆိုတဲ့ ဆိုင်ရှေ့ကို ရောက်လာရော ချစ်ချစ်က သူ့မရီး အင်ဒိုနီးရှားသူက ပါတိတ်ဝယ်ရင် Batik Keris ဆိုင်မှာဝယ်ဖို့ မှာလိုက်တာ သတိရသွားကြတယ်။ ဒီလိုနဲ့ ဆိုင်ထဲဝင်ကြည့်လိုက်တော့။ လိုချင်လိုက်တာ။တစ်ဆိုင်လုံး။ လှလိုက်တဲ့ ပါတိတ်တွေ။ အမျိုးသမီးပုဝါတွေဆို ရှိလှ မြန်မာငွေ နှစ်သောင်း သုံးသောင်းလောက်ပဲ ရှိ၏။ လက်ကိုင်ပုဝါသေးသေးလေးတွေဆို လေးငါးထောင်လောက်သာ။ ကျွန်တော်ကတော့ ရှိသမျှပါတိတ်တွေ ဆွဲထုတ်ပြီး ဒီအစက မေ့မေ့အတွက်။ ဒီအစက ဘယ်အမအတွက် ဆိုပြီး ရွေးလိုက်ရတာ အမော။ အမကလည်း ၆ယောက်တောင်ဆိုတော့ ပါတိတ်စတွေ တော်တော်များများ ၀ယ်လိုက်ရသည်။ ၀ယ်လာတဲ့ အစတွေကို စကာင်္ပူက သူငယ်ချင်းတွေ ပြကြည့်တော့မှပဲ ကိုယ်ဝယ်လာတဲ့ Batik Keris အစတွေက မြန်မာပြည်မှာ ဈေးကြီးတဲ့ ဒါးကြီးပါတိတ်မှန်း သိရ၏။

ဘာပဲ ပြောပြော အင်ဒိုနီးရှားပါတိတ်တွေက တော်တော်လှပါသည်။ နောက်တစ်ခေါက်သွားနိုင်သေးရင်တော့ သွားချင်ပါရဲ့ဗျာ။
ကျွန်တော်ဝယ်ခဲ့တဲ့ ပါတိတ်တချို့

မေမေ့အတွက် ရွှေပါတိတ်

ဒီအစလေးက ကျွန်တော် ရှပ်အကျီင်္ချုပ်ဝတ်ဖို့

ဒါလေးပါ ချုပ်ဝတ်ရင် ကောင်းမလားလို့


လက်ကိုင်ပုဝါလေးတွေ

အကြွေထည့်တဲ့ အိတ်ကလေးနဲ့ ရေခွက်ခုတဲ့ အရာလေးတွေ

May 28, 2009

နှစ် ၃၀ ကြာသော်


အဓိက ဇာတ်ကောင်များ




အောင်ဒင်၊ မဲကြီး၊ သက်ပိုင်သူ၊ ပိုင်ဖြိုးကို၊ တရုတ်.. ပြီးတော့ ဟင်းချက်တော်တဲ့မြရေလျဉ်

တရုတ်နဲ့ သဲသဲ.... ကျောင်းကတည်းက ချစ်သူတွေ .. တရုတ်က သဲသဲဆိုကြောက်ရ၏။


အောင်ဒင်နှင့်ဇာခြည် ...... သူတို့နှစ်ဦးက ကျောင်းတော်က ချစ်သူတွေပါ



Green Girl နဲ့ ဖိုးသင်္ကြန်

ဒါကတော့ ဂျော်လီ၊ ဂျော်လီဆွေနဲ့ တူတယ်ဆိုပြီး မြရေလျဉ်က နာမည်ပေးထားတာ


ဒါလေးကတော့ စားမယ်ဆိုတဲ့ မေစန္ဒာလေးပေါ့





မနက်ခင်း လင်းလုလုအချိန်မှာ တံခါးဖွင့်လိုက်သောအခါ ထင်းရူးနံ့သင်းသည့် လေပြေအေးအေးလေးသည် အခန်းထဲသို့ ပြေးဝင်လာသည်။ အရှေ့အရပ်ဆီက တောင်တန်းတောင်စွယ်တွေကြားထဲမှာ ရောင်နီပျို့လာပြီ။ ခြံထဲက ဥယျာဉ်ထဲကို လှမ်းကြည့်မိလိုက်ချိန်မှာတော့ ကျွန်တော် မမျှော့်လင်ထားသော ဥယျာဉ်တစ်ခုက ရောက်လို့နေသည်လေ။ အဖြူရောင်တွေ။ အဖြူရောင်တွေ ။ ခြံတစ်ခုလုံး အဖြူရောင်နှင်းဆီတွေ လွှမ်းလို့ပါလား။

ကျွန်တော် ခြံအောက်ကို ပြေးဆင်းမိလိုက်သည့်အခါ နှင်းဆီပန်းတွေ တပွေ့တပိုက်ကြီးနဲ့ လူတစ်ယောက် ရပ်စောင့်နေသည်။ ထိုသူသည် ကျွန်တော့်ကို မြတ်နိုးစွာ လက်ကမ်းလိုက်ပြီး နှင်းဆီပန်းတွေကို ကျွန်တော့်လက်ထဲကို ညင်သာယုယစွာ ထည့်ပေးလိုက်သည်။ သူနဲ့ ကျွန်တော် နှစ်၃၀ကျော်အတူတူနေလာတာ ကြာပေမယ့် အချစ်တွေက အရင်လို လတ်ဆတ်နေတုန်းပါပဲလား။

ပျော်စရာမွေးနေ့လေး ဖြစ်ပါစေ။

သူ့နှုတ်ဖျားက ပီသစွာ ထွက်လာသော ဗမာစကားသံလေးကလည်း မနက်ခင်း အလင်းနဲ့ အတူ ချိုမြိန်လိုက်တာ။ မြန်မာပြည်လို နေရာမျိုးမှာ ကျွန်တော်နဲ့ အတူတူ နှစ်၃၀လုံး မညည်းမညူ လိုက်နေပေးတဲ့ ကျွန်တော့်ချစ်သူကို စိတ်ထဲက ကျေးဇူးတင်လိုက်ပြီး သူ့ရဲ့ တွဲထားတဲ့လက်တွေကို တင်းကျပ်စွာ ဖြစ်ညှစ်လိုက်မိတော့သည်။ ဆံဖြူတွေ ပေါ်စပြုနေပေမယ့် အရင်လို ကျီစယ်လို့ကောင်းတုန်းပေါ့။ ထို့နောက် ဥယျာဉ်ထဲက တံတားလေးဆီကနေ ဖြစ်ပြီး မီးလင်းနေတဲ့ မီးဖိုချောင်လေးဆီ လမ်းလျှောက်လာလိုက်သည်။ မီးဖိုချောင်ထဲမှာတော့ ကျွန်တော်အရမ်းချစ်ရတဲ့ သူငယ်ချင်းတွေက မွေးနေ့ပွဲအတွက် ချက်ပြုတ်နေကြ၏။ တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံခြားမှာရောက်နေသော ကျွန်တော့်သူငယ်ချင်းတွေအားလုံး ကျွန်တော်နေထိုင်ရာ တောင်ပေါ်မြို့လေးကို သည်နေ့မနက်ဆို ရောက်လာကြတော့မှာပါလား။

…………………………..

ဟဲ့ကောင်.. ဖိုးသင်္ကြန်… ငရုတ်သီးလေးစိပ်ထောင်းပါဆို။ ဒါလေးတောင် မလုပ်တတ်ဘူးလား။

မီးဖိုချောင်ထဲတောင် မ၀င်ရသေးဘူး ကျယ်လောင်ကျယ်လောင် တဗြစ်တောက်တောက် ပြောတတ်တဲ့ မြရေလျဉ်အသံက စီခနဲ ထွက်လာသည်။

မြရေလျဉ်အော်ငေါက်သမျှကို ဖိုးသင်္ကြန်ခမျာမှာလည်း ဘာမှမပြောနိုင်ဘဲ ခေါင်းကိုသာ အသေငုံ့၍ ငရုတ်သီးကိုသာ နာနာဖိထောင်းနေ၏။

နင်.. အဲသည်လို အိမ်မှုမနိုင်လို့ W ပစ်သွားတာလည်း မပြောနဲ့……. ငါပြောတယ်…။ အချက်အပြုတ် အချုပ်အလုပ် သင်ပါဆို..။ နင် ငါပြောတာ နားမှမထောင်ဘဲ။

မြရေလျဉ်သည် ကြက်သားစင်းကော လုပ်နေရင်းကနေ ပါးစပ်ကနေ ကရားရေလွှတ်သလို တရစပ်ပြောနေသည်။ ငရုတ်သီးထောင်းရတာ မျက်လုံးစပ်ရတဲ့ ကြားထဲ နားဆူတဲ့ ဒဏ်ကို ဖိုးသင်္ကြန်တစ်ယောက် သည်းမခံနိုင်တော့။ ငရုတ်သီးတွေ တန်းလန်း ဖြစ်နေရှာသော ငရုတ်ကျည့်ပွေ့ကို ၀ုန်းခနဲ ပစ်ချလိုက်ကာ မြရေလျဉ်ကို အော်လိုက်သည်။

တစိတ်ရှိ.. W.. တစိတ်ရှိ… W.. ငါမေ့ထားချင်တဲ့ အရာတစ်ခုကို ဘာလို့နင်က အစပြန်ဖော်ရတာလဲ…..။ နင်ကရော ဘာထူးလဲ .. ယောက်ျားတစ်ယောက်စီအတွက် ဟင်းတွေ အမျိုးမျိုးထွင်ချက်လိုက်ရတာ…။ နင်.. ဘယ်သူ့ကို ရလို့လဲ ပြော…။ ဟင်းချက်နည်းတွေသာ တိုးလာတယ်….. နင်ငါ့လို တကိုယ်တည်း ဖြစ်နေတုန်းပဲမလား….။

မြရေလျဉ်ခမျာ ဖိုးသင်္ကြန်ရဲ့ ကတ်ကတ်လန်အောင် ရန်တွေ့သံကို ကြားရသည့်အခါ အသားတွေ တဆတ်ဆတ်တုန်လာသည်။ ခုတ်လက်စ ကြက်သားတုံးနဲ့ ပစ်ပေါက်ဖို့ ရွယ်လိုက်သောအခါ ကျွန်တော်ကပဲ ကြားကနေ ရပ်ပြီး နှစ်ယောက်စလုံးကို ဖြန်ဖြေရသည်။

နင်တို့ကလည်းဟာ….. ငါ့မွေးနေ့မှာ…. ရန်မဖြစ်ချင်ကြပါနဲ့…..။

သူငယ်ချင်းတွေ အားလုံး အိမ်ထောင်ရက်သားကျသွားပေမယ့် သူတို့နှစ်ယောက်က အခုထက်ထိ အိမ်ထောင်ဖက်မတွေ့သေး။

ဖိုးသင်္ကြန်က သူချစ်သောကောင်မလေးကို မရသေးသ၍ အိမ်ထောင်မပြု။ မြရေလျဉ်ခမျာမှာလည်း ကျွန်တော့် ပတ်ဝန်းကျင်က ယောကျာ်းလေးတွေ ကြည့်ပြီး ဘယ်သူကိုမှ အိမ်ထောင်မပြုရဲ။ အရာရာနဲ့ အကြောင်းကြောင်းသည် တိုက်ဆိုင်ခဲ့လွန်းတော့ နှစ်ယောက်စလုံး အခုထက်ထိ အထီးကျန်နေဆဲပေ။

စားပွဲပေါ်မှာတော့ မြရေလျဉ် ထွင်ထားသော ဟင်းတွေကို ကြည့်လိုက်တော့ အနှစ်၃၀အတွင်းမှာ အခု ၃၀ ကျော်နေပါရောလား။

ကလင်….. ကလင်…. ကလင်…..။

ကိုရေ…. အိမ်ရှေ့မှာ ဘဲလ်တီးနေတယ်…..။ သူငယ်ချင်းတွေများလားမသိဘူး.. တံခါးဖွင့်ပေးလိုက်ဦး။

တံခါးဖွင့်ပေးလိုက်တာနဲ့ အတွဲတစ်တွဲသည် လက်ချင်းချိတ်လို့ ပြုံးရွှင်စွာ ၀င်လာသည်။ ကျွန်တော်သည် သူတို့နှစ်ယောက်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး အံသြလွန်းလို့ ဟာခနဲ ဖြစ်သွားတဲ့ ကိုယ့်ပါးစပ်ကို ပိတ်လိုက်ရင်း……။

ဟေ့ကောင်…. အောင်ဒင်.. မမှတ်မိဘူးကွာ…… မင်းကွာ… ၀တုတ်နေတာပဲ …. မနည်းစဉ်းစားယူရတယ်…။ မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်လာတာလဲ။ ဘာဖြစ်လို့ သဲသဲနဲ့ ယူလိုက်ရတာလဲ။

ကျွန်တော် အံ့သြတကြီးနဲ့ မေးလိုက်တဲ့အခါ အောင်ဒင်ရော။ သဲသဲရော.. ပြုံးစိ ပြုံးစိ ဖြစ်သွားကြသည်။

မပြောချင်ပါဘူးကွာ…။ ဒီလိုကွ……။

အောင်ဒင် ပြောလက်စ တန်းလန်းမှာပဲ အိမ်ရှေ့ကို ကားတစ်စီး ထိုးရပ်လာသည်။ ကားပေါ်ကနေ ဇာခြည်က သူ့ခန္ဓာကိုယ် ၀၀ဖိုင့်ဖိုင့်ကြီးကို မနည်းသယ်ယူလိုက်ရင်း ကားပေါ်ကနေဆင်းလာသည်။ သူ့နောက်ကနေ ယောကျာ်းဖြစ်သူ တရုတ်က ဇာခြည်ပစ်ပေးသမျှအထုပ်တွေ အားလုံးကို မနိုင်မနင်းသယ်လာရင်း အိမ်ထဲ ၀င်လာသည်။

သူတို့နှစ်တွဲကို ကြည့်ပြီး ကျွန်တော်နားမလည်နိုင်တော့။ လွန်ခဲ့သော နှစ်၃၀က အောင်ဒင်နဲ့ ဇာခြည်က သိပ်ချစ်ကြတဲ့ ချစ်သူတွေ။ တရုတ်ကလည်း သဲသဲဆိုလျင် အသေကြောက်ပြီး ချစ်ရတဲ့သူ။ အခုတော့ သူတို့တွေ ကိုင်တွဲ လာတဲ့ လက်တွေက တလွဲဆီ ဖြစ်နေကြပါလား။

မပြောချင်ပါဘူးကွာ။

အောင်ဒင်က သူမပြောချင်ဘူးဆိုတဲ့ ဇာတ်လမ်းကို စုံစီနဖာဆက်ရှင်းပြသည်။

အဖြစ်က သဲသဲနဲ့ တရုတ်တို့ မင်္ဂလာဆောင်ပွဲက စဖြစ်တာပေါ့။ ငါတို့ကကွာ ဒီကောင်တရုတ်ဆီက ပိုက်ဆံညှစ်မယ် ဆိုပြီး မင်္ဂလာဦးညမှာ သဲသဲကို ၀ိုင်းဖွက်ကြပေါ့။ အဲသည်အချိန်မှာ ဇာခြည်ကလ…..ဲ သဲသဲ ရတဲ့ စိန်လက်စွပ်ထက် ကြီးတာ မ၀ယ်ပေးရကောင်းလား ဆိုပြီး ချောင်တစ်ခုမှာ သွားပြီး ငါ့ကို စိတ်ကောက်နေချိန်။

အောင်ဒင် စကားပြောတာ မပြီးသေးခင် သဲသဲ က ဖြတ်ပြီး စကားလှမ်းပြောသည်။ တချိန်တည်းမှာပဲ တရုတ်ဘက်ကို မျက်စောင်းထိုးလိုက်သေးသည်။

သူပေါ့……။ တဲတဲ .. တဲတဲကို ဖွက်တာလောက်တော့ အေးဆေးပဲ။ နိုင်…. ရအောင်ရှာနိုင်တယ် ဆိုပြီး……။ အောင်ဒင်တို့ဖွက်မယ်မှန်း သိရက်သားနဲ့ ငါ့ကို ထိုးထည့်လိုက်တယ်လေ။ ငါကတော့ သူလာရှာမှာပဲ ဆိုပြီဲး အဖွက်ခံရတဲ့ နေရာမှာ စောင့်လို့ ၊ မိုးသာလင်းသွားတယ်။ ပေါ်မလာဘူး…..။

ဇာခြည်ကလည်း ဘယ်အချိန်ကတည်းက တရုတ်အကြောင်းကို ပြောချင်နေမှန်းမသိ။ သူကပါ ၀င်ပြောသည်။

ဒင်းပေါ့…..။ ငါက အောင်ဒင်ကို စိတ်ကောက်ပြီး ချောင်တစ်ခုမှာ ထိုင်နေတုန်း ရောက်လာပြီး…. င့ါနောက်ကနေ ဖက်တယ်လေ။ ငါကလည်း မှောင်မှောင်မည်းမည်းဆိုတော့ အောင်ဒင်မှတ်ပြီး ငြိမ်ခံနေတာပေါ့။ မိုးလင်းမှပဲ သိတယ်။ သူက ငါနဲ့ သဲသဲမှားတာလေ။ သဲသဲကလည်း သူဘယ်အချိန်လာရှာမလဲမျှော်။ အောင်ဒင်တို့ကလည်း သူ့ကို အရူးလုပ်မယ်လို့ ကြိမ်းဝါး…….။ ဟီ…. ဟိ (ဇာခြည်သည် ရှက်ရှက်နဲ့ ရီလိုက်ရင်း) သူနဲ့ ငါနဲ့ မှားခဲ့ကြတာပေါ့ဟာ။ နောက်တစ်နေ့မနက်ကြတော့ မင်္ဂလာဆောင်တာ တစ်ယောက်။ တကယ်ရတာတစ်ယောက်။ ဟီး……။

အဲသည်အခါကြတော့ ရှုပ်နေတဲ့ ဇာတ်လမ်းက ရှင်းသွားတော့သည်။ တရုတ်ကတော့ သူ့အမှားအတွက် ချောင်တစ်ခုမှာ အမြီးကုတ်နေလေရဲ့။

ထိုအခိုက် အိမ်တစ်ခုလုံး ငလျဉ်လှုပ်သလို ၀ုန်းခနဲ တုန်သွားသည်။

ဟေ့ကောင်တွေ… စားမယ်… လုပ်လုပ်…..

စားမယ်ဆိုပြီး ၀င်လာတဲ့ သူက မေစန္ဒာပါ။ သူမကလည်း ဇာခြည်ထက် နှစ်ဆရှိတဲ့ ခန္ဓာကိုယ်နဲ့။ သူနောက်မှာ ပါလာတဲ့သူတွေက ဂျော်လီနဲ့ မဲကြီး။ သူတို့နှစ်ယောက်စလုံး မျက်နှာမကောင်းကြ။ ဂျော်လီ ခမျာ သူရဲ့ တစ်ဦးတည်းသောသား မောင်ဆင်းရဲ အတွက် သောကတွေ ဝေနေရရှာသည်။ သူ့သားကလည်း အိမ်ထောင်ကျတာစောသည်။ ညတုန်းက ကြားရတဲ့ သတင်းအရဆိုရင် သူ့သားဆင်းရဲက မိန်းမကို ပေါင်ပြီး ဖဲရိုက်တယ် ဆိုလားပဲ။ အခုတော့ ဂျော်လီခမျာ သားစိတ်ကြောင့် ငယ်ငယ်တုန်းကလို ကြော့ကြော့လေး မနေနိုင်တော့။ သူခမျာ အားလုံးထက် ပိုပြီးအိုစာကျနေတယ်လို့ ထင်ရ၏။

တောက်
ကျယ်လောင်စွာ တောက်ခေါက်သံကြောင့် မဲကြီးကို အားလုံးက ၀ိုင်းကြည့်ကြသည်။

ဒီမိန်းမကွာ… ငါ့ဆို ကျွဲလိုနွားလို ရုန်းခိုင်းတယ်။ အခုလည်းကြည့်… ထွက်လာခါနီးမှ ထမီတွေ လျှော်ခိုင်းတယ်ကွာ။

မဲကြီးလေသံကြောင့် ကျွန်တော် မသိမသာ သူကိုင်ထားတဲ့ သူ့လက်ထဲက လက်သုတ်ပုဝါတွေကို ဆွဲယူလိုက်သည်။ ဟုတ်တယ်လေ။ သူက အခုမှ အ၀တ်လျော်ပြီးထွက်လာတာ။

သူညည်းသံကြောင့် အကုန်လုံးက သူ့ကို ကြည့်ပြီး ၀ိုင်းရီကြသေးသည်။ သူခမျာ မိန်းမကို ချစ်လွန်းတော့ ရကာစက ထမီလျှော် မီးပူတိုက် လုပ်ပေးရတာ အခုထက်ထိပေါ့။

တရုတ်က ရုတ်တရက် ထပြီး
ဘုန်းကြီး ဘယ်နှစ်ပါးပင့်ထားသေးလဲ… ဆွမ်းကြွေးဖို့….။

ကျွန်တော်က သူမေးတာကို ပြန်ဖြေလိုက်သည်။

ဘုန်းကြီး တစ်ပါးမှ မပင့်ထားဘူး။ မယ်သီလရင်တစ်ပါးပဲ ပင့်ထားတယ်။ သြော.. ပြောရင်းဆိုရင်း ဆရာလေး ကြွလာပြီ။ ဆရာလေး…. ကြွပါ.. သည်နေရာကို ကြွပါ။

ဆရာလေးသည် စက္ကုအိနြေ္ဒကို ချ။ တရားမှတ်ပြီး ခေါင်းရင်းမှာ ၀င်ထိုင်သည်။ ကျွန်တော်ဦးသုံးကြိမ်ချလိုက်တော့ ကျန်တဲ့ သူငယ်ချင်းတွေကပါ ၀ိုင်းပြီး ကန်တော့ကြသည်။ ဆရာလေးက ဆုပေးပြီး ခေါင်းကို မော့လိုက်တော့ အားလုံး ဟာခနဲ ဖြစ်ကုန်သည်။

ဟယ်…. မလဲ့….။

ဟုတ်ပါသည်။ မလဲ့ခေါ်စိမ်းစိမ်းပါ။ အလွမ်းစာတွေ တော်တော်များများ လူဝတ်ကြောင်တုန်းက ရေးခဲ့တာပေါ့။ အခုတော့လည်း ပူလောင်လွန်းတဲ့ အလွမ်းတွေကြောင့် မယ်သီလရင် အဖြစ်ပြောင်းပြီး ဘ၀ကို အသစ်စနေပြီလေ။

တကယ်တော့ ကျွန်တော့်ရဲ့ ၅၇နှစ်မြောက်မွေးနေ့လေးက ပျော်စရာကောင်းခဲ့သည်။ ချစ်တဲ့ သူငယ်ချင်းတွေနဲလည်း ပြန်ဆုံခွင့်ရခဲ့သည်။ ထိုနေ့လေးကိုတော့ မမေ့နိုင်တော့ပါ။ အဲသည်နေ့လေးမှာလည်း စိမ်းစိမ်းရဲ့ တရားသံလေးတွေနဲ့ အေးမြနေခဲ့တယ်လေ။


သယ်ရင် ဖိုးသင်္ကြန် တဂ်ထားတဲ့ 30 Years Later ဆိုတာလေးပါ။ GTC က သူငယ်ချင်းတွေကို နောက်ပြောင်ရင်းရေးထားတာပါ။
ကိုကိုစိန်ရေ… မီးစလေးကူးပေးပါဦး။

May 27, 2009

ပြည်တော်ပြန်ဘလိုင်းဒိတ်

ဂျောက်……. ဂျောက်……. ဂျောက်……. ဂျောက်……….။

I’ll come back to Yangon soon

စာကြောင်းတိုတိုလေးကို ထပ်ကာ ထပ်ကာ ဖတ်ပြီး ပြုံးလိုက်သည်။ ရန်ကုန်ကို ပြန်ဖို့ သိပ်မလိုတော့။ သည်စာတိုတိုလေးကို ဖတ်ပြီး သူဘာဆိုလိုသည်ဆိုတာ နားလည်နိုင်လိမ့်မည်ဟို ထင်ပါသည်။ ထို့နောက် Send ဆိုသော ခလုပ်ကလေးကို ကလစ်နှိပ်လိုက်ချိန်မှာ စာတိုတိုလေးသည် မျက်စိအောက်မှာ လှစ်ခနဲ ပျောက်သွားသည်။ နောက်တစ်နာရီလောက် နေမှသာ အီးမေးလ်ကို ပြန်လာစစ်တော့မည်။
……………………………………..

တစ်နာရီလောက်ကြာတော့ အီးမေးလ်ကို ပြန်ဖွင့်ကြည့်လိုက်ချိန်မှာ စာအိပ်လိုပုံစံလေးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ အသက်ကို ၀၀ရှူလိုက်ပြီး ဖွင့်လိုက်တော့ မျှော်လင့်နေသော စာတိုတိုလေးက ကျွန်တော့် ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသည်။

Call me this no 50xxxxx when you reach Yangon,
See ya,
Kiss ........ hugs............

သူ့ဆီကပြန်စာလေးကို ဖတ်လိုက်ပြီး Ok လို့ အကြောင်းပြန်လိုက်သည်။

သည်တစ်ခေါက် ရန်ကုန်အပြန်ကတော့ လှပနေတော့မှာပဲလို့ တွေးလိုက်မိပြီး ကျွန်တော် ကြည်နူးသွားမိသည်။ သူနဲ့ ကျွန်တော်ရဲ့ တွေ့ဆုံမှုက အများတကာကဲ့သို့ ချက်ရွန်းထဲမှာ မဟုတ်။ လွန်ခဲ့သော လေးနှစ်ခွဲလောက်က မြန်မာနိုင်ငံမှာ G Talk ဆိုတာက ခေတ်မစားသေး။ Friendster မှာတွေ့ပြီး ခင်မင်ရင်းနှီးမှုဆိုတာကလည်း ရန်ကုန်သားတွေအတွက် အိပ်မက်တောင် မမက်နိုင်သေးချေ။ သူနဲ့ ကျွန်တော် တွေ့ဆုံမှုက ခရီးသွား Web Site တစ်ခုမှာပါ။ ထိုအချိန်တုန်းက သူက မြန်မာနိုင်ငံနဲ့ ပတ်သတ်သော အကြောင်းအရာတွေကို ထိုခရီးသွားဝက်ဖ်တဆိုက်ဒ်လေးထဲမှာ ဒိုင်ခံရေးနေသူတစ်ယောက်. ကျွန်တော်က သူ့ကို စတွေ့စဉ်တုန်းက တိုးရစ်စ်ဂိုက်တစ်ယောက်လို့ ထင်မှတ်နေခဲ့ဘူးသည်။

မမျှော့်လင့်ဘဲ သူနဲ့ ရင်းနှီးခင်မင်မှု ရခဲ့တဲ့ အတွက် ထိုအချိန်တုန်းက ကံကြမ္မာကိုလည်း ကျေးဇူးတင်မိနေချိန်လေ။ စကာင်္ပူမှာ လွန်ခဲ့သော လေးနှစ်ငါးနှစ်က မြန်မာဆိုတာ နေရာတိုင်းမှာ တွေ့ရခဲသည်။ ရထားထဲမှာ အမှတ်တမဲ့ မြန်မာသံလေးကြားလိုက်မိလျင် ချာကနဲလှည့်ပြီး ရှာဖွေနားစွင့်ရတဲ့ အချိန်ပေါ့။ ကျွန်တော်တို့ ကျောင်းမှာလည်း တစ်ကျောင်းလုံးမှာ မြန်မာဆိုလို့ လေးယောက်ပဲရှိသည်။ မြန်မာတွေနဲ့ ဝေးကွာနေတဲ့ နေရာတစ်ခုမှာ အခုလို မြန်မာတစ်ယောက်နဲ့ သိပြီး စာတွေ အပြန်ပြန်အလှန်လှန် ဆက်သွယ်ခွင့် ရနေခဲ့ရတာလေးကိုက ကျွန်တော့်အတွက် ဘာရယ်မဟုတ်ဘဲ အမှတ်တရတွေ ဖြစ်ခဲ့သည်။ နေ့စဉ်နီးပါး အီးမေးလ်တွေက တဆင့် သူနဲ့ ပိုပိုရင်းနှီးလာခဲ့သည်။

သူ ဖြူသလား၊ မဲသလားဆိုတာလည်း ကိုယ်မသိ။ သူ့ဆီက ဓါတ်ပုံအကြိမ်ကြိမ်တောင်းခဲ့ပေမယ့်လည်း ဓါတ်ပုံပေးဖို့အရေဲး သူ့ဘက်က အလွန်ပဲ တွန့်တိုနေခဲ့ဘူးသည်။ သူကတော့ ပြောပါသည်။ သူက ရန်ကုန်မှာ နာမည်ကြီးတဲ့။ သူ့ကို မသိတဲ့လူ မရှိသလောက်တဲ့လေ။ ရန်ကုန်ဖြင့် နှစ်နှစ်နီးပါးလောက် ဝေးကွာနေတဲ့ ကျွန်တော့်အတွက် သူဘယ်သူလည်းဆိုတာ မခန့်မှန်းတတ်ခဲ့ပါဘူး။

ဘာပဲပြောပြောလေ။ အွန်လိုင်းမှာ ရည်းစားအဆင့်ထိ မဖြစ်သေးပေမယ့် စာတွေကတဆင့် သံယောဇဉ်တွယ်နေမိတော့လည်း သူဘယ်သူလည်းဆိုတာ အရမ်းသိချင်ခဲ့တာပေါ့။

………………………….

သည်လိုနဲ့ပဲ ရန်ကုန်မြေကို အလည်တစ်ခေါက် ပြန်ရောက်ခဲ့သည်။ ရန်ကုန်သည် အရင်လိုသွေ့ခြောက်နေဆဲ။ အရင်လို ကားတွေ ကြပ်နေဆဲ။

ရန်ကုန်ပြန်ရောက်ရောက်ခြင်း အရင်ဆုံးလုပ်မိတာက သူပေးထားတဲ့ နံပါတ်လေးကို ပြေးနှိပ်မိတာပါပဲ။ အချိန်ကြာတဲ့အထိ ဖုန်းခွက်ကို နားမှာ ကပ်ပြီး နားထောင်နေပေမယ့် တစ်ဖက်လူက တော်တော်နဲ့ ဖုန်းမကိုင်ဘူး။ ပေးထားတဲ့ နံပါတ်ကို ပြန်ပြီး စစ်ကြည့်လိုက်တော့လည်း ဖုန်းနံပါတ်က မမှား။ ဒုတိယအကြိမ် ဖုန်းပြန်ခေါ်တော့လည်း ကိုင်မည့်သူမရှိ။ သူပေးတဲ့ ဖုန်းနံပါတ်ကပဲ တလွဲဖြစ်နေသလား။ ထားလိုက်တော့။ ရေမိုးချိုး။ ထမင်းစားပြီးတော့မှပဲ ပြန်ခေါ်တော့မည်။

ထမင်းစား၊ ခဏနားပြီးချိန်မှာ သူ့ဖုန်းနံပါတ်ကို ပြန်နှိပ်လိုက်တော့ ဟယ်လိုဆိုတဲ့ မာဆတ်ဆတ် အသံက ထွက်လာသည်။ ကျွန်တော် ချက်ချင်းပြန်မထူးသေးဘဲ သူ့အသံကို နားထောင်နေမိသည်။ ပထမဆုံးကြားရတဲ့ သူ့အသံက ကျွန်တော့်ရင်ထဲကို ရှိန်းတိမ်းတိမ်း ဖြစ်သွားအောင် ဆွဲဆောင်နိုင်လွန်းခဲ့သည်။

ဟယ်လို ဆိုပြီး ဒုတိယအကြိမ်ကြားလိုက်ရသောအချိန်မှာ ကျွန်တော်ပြန်ထူးလိုက်သည်။

ဘယ်…. သူ….. လဲ

ဘယ်သူလဲဆိုပြီး… သူက ကျွန်တော့်ကို တစ်လုံးချင်း ပြန်မေးသည်။

ကိုပိုင္ပါ…. စကာၤပူကေလ.. မမွတ္မိဘူးလား။ ဒီနေ့ရောက်မယ်လို့ ပြောထားတယ်လေ…။

ကျွန်တော် သွက်သွက်လေး ဖြေလိုက်တော့ သူချာချာလည်သွားတယ်ထင်၏။ သုံးလေးစက္ကန့်လောက် နှုတ်ဆိတ်သွားသည်။ နောက်တော့ ကျွန်တော့်ကို ပြန်မေးသည်။ Who are you တဲ့။ ဘိုဆန်လွန်းတဲ့ သူ့ကို စိတ်မဆိုးမိဘဲ ရီတောင် ရီချင်လိုက်မိသည်။

ကိုပိုင်လေ။ ဒီနေ့မှ ရန်ကုန်ပြန်ရောက်တာ။

.............။

Could you speak English?

ရိုး… စိတ်ထဲက စနိုးစနောက် ဖြစ်သွားသည်။ တစ်ခုခုမှားနေသလား။ သူက ကျွန်တော့်ကို ဘာလို့ အင်္ဂလိပ်လိုတွေ လာမှုတ်နေတာလဲ။ စိတ်မရှည်ချင်တော့။ ခုန်လက်စ ရင်ခုန်သံတွေသည် ဘယ်လိုကနေ ဘယ်လိုရပ်သွားမှန်းမသိ။

သူ့ကို ခရီးသွားဝက်ဆိုက်ဒ်က သူလားလို့ အင်္ဂလိပ်လို ပြန်မေးလိုက်တော့မှ သူမှတ်မိသွားသည်။ သူ့ဆီက အင်္ဂလိပ်သံတွေ ဆက်တိုက်ထွက်လာနေချိန်မှာတော့ ဗမာရည်းစားတစ်ယောက်လောက် ထားမယ်ဆိုတဲ့ ကျွန်တော့်စိတ်ကူးလေးက စီးကရက်ငွေ့လေးတွေလို လေထဲမှာ မျှင်မျှင်ချင်း ပျောက်ကွယ်သွားသည်။ အခုတော့ ရန်ကုန်ပြန်ပြီး ရင်ခုန်ရမယ့် အစီအစဉ်တွေအကုန်လုံး ကမောက်ကမ ဖြစ်ကုန်သည်။

စင်္ကာပူမှာနေပြီး စကာင်္ပူလူမျိုးတွေကို နေ့တဓူဝ မြင်နေရတဲ့ ကျွန်တော့်အတွက် ဗမာ ထင်ပြီး ဘလိုင်းဒိတ်လုပ်လိုက်မိတာ မြန်မာပြည်ရောက် စကာင်္ပူလူမျိုးတစ်ယောက် ဖြစ်နေပါရောလား။

သူကလည်း ကျွန်တော့်ကို စကာင်္ပူလူမျိုးထင်ပြီး ဒိတ်လိုက်တာ ဗမာကောင်လေး ဖြစ်နေတယ်လေ။

လွဲလည်း လွဲတတ်ပါ၏။ တစ်သက်လုံး အီးမေးလ်မှာ ကိုယ်သုံးတဲ့ နာမည်က အင်္ဂလိပ်လို။ သူသုံးတဲ့ နာမည်က ဗမာနာမည်။ သည်လိုနဲ့ပဲ နှစ်ယောက်သား အစကတည်းက လွဲခဲ့တာ နောက်ဆုံး လူချင်းတွေ့တဲ့ အထိပါပဲ။ အခုတော့လည်း နှစ်ယောက်သား ဖုန်းထဲမှာ ပြောပြောရင်း ရယ်လိုက်ရတာ။ နောက်ဆုံး သူနဲ့ အပြင်မှာ တကယ်ဆုံတဲ့ အထိလေ။

အခုတော့လည်း စင်္ကာပူရီးရမ်းအသား ခါးလှတယ် ဆိုပြီး ရန်ကုန်ပြန်လိုက်တာ။ ထိုအသားပဲ စားပြီး စကာင်္ပူ ပြန်ခဲ့ရသည်။ ထိုအချိန်ကစပြီး ကျွန်တော်တစ်ယောက်၊ ဘလိုင်းဒိတ်ဆို ဝေးဝေးကနေ ရှောင်ခဲ့မိတော့၏။

ကိုကိုဂွေးရေ .. ကျေနပ်တော့ .. အခုတလော မမ၀ါက စလိုက်တဲ့ နိုင်ငံခြားပြန်ညည်းချင်းက ကျွန်တော့်ဆီ ရောက်လာပါရောလား။ အခုတလော တဂ်ဆေးတွေ မိနေ၏။ နောက်ထပ် တဂ်တစ်ပုဒ်ကို ငနာ ဖိုးသင်္ကြန်အတွက် ရေးပေးရဦးမည်။း)
ကိုကိုဂွေးရေ သူများတကာတွေလို ရန်ကုန်ပြန်ခါနီး ဆွေတော်မျိုးတော်တွေအတွက် လက်ဆောင်ဝယ်ပေးရတဲ့ အကြောင်းမရေးတော့ဘူးနော်။ အကို၂ယောက် အမ၆ယောက် တူ၊တူမ ၁၄ယောက်ရှိတဲ့ ကျွန်တော့်အတွက် ရန်ကုန်ပြန်ရင် ဘယ်လောက် ခေါင်းခဲကြောင်း ညည်းပြလိုက်ရင် အကုန်လုံး ထိုင်ငိုမှာ စိုးလို့ ရီစရာ အဖြစ်အပျက်လေး ရေးပေးလိုက်တယ်။ ကျေနပ်တော့။

စိမ်းတိမ်းတိမ်း …… ရန်ကုန်ပြန်တဲ့ အကြောင်းလက်တို့ပါဦး။

May 21, 2009

ကျွန်တော့်ရဲ့နဖူး

ဦး… ကျွန်တော့်ကို ပတ်စ်ပို့ဓါတ်ပုံ ပြန်ရိုက်ပေး.. ကျွန်တော့် နဖူးနေရာက ကွက်နေတယ်….

အဲဒါက ပတ်စ်ပို့ဓါတ်ပုံ ရိုက်တိုင်း အလင်းရိုက်လို့ ပြောင်နေတဲ့ နဖူးကြောင့် ဓါတ်ပုံဆရာကို ဂျီကျပုံ။

အဝေးကနေ ကြည့်လို့ နဖူးက ပြောင်ပြောင်လက်လက် ဖြစ်နေရင် ဆရာကြီး မဟုတ်ဘူး။ အဲဒါသူ့သား……..

အဲဒါက အထက်တန်းကျောင်းသား ဘ၀တုန်းက ကျွန်တော်က ဖေဖေနဲ့ အတော်ဆင်တော့ အဝေးက ကြည့်ရင် အဖေကျောင်းအုပ်နဲ့ သားကျောင်းသား ခွဲလို့ရအောင် ကျောင်းသားတွေရဲ့ ခွဲခြားနည်း။

ဒီကောင်နဖူးများ.. မိန်းမတွေ အားလုံး ထမီလျှော်လို့ရတယ်….

ဒါကတော့ နဖူးရည် ဒူးရည်နဲ့ ပြည့်စုံတဲ့ ကျွန်တော့်နဖူးကို အခြောက်တိုက် မနာလို ဖြစ်နေတဲ့ မြရေလျဉ်ရဲ့ လက်သုံးစကား။

ပြောင်ရှင်း… မင်းပိုင်သကွာ……။

နောက်တစ်မျိုးကြတော့ ကာတွန်းရုပ်ပြောင်ထဲက ဦးကပ်စေးနဖူးပေါ် လေယာဉ်ပျံလေး တက်တက်ဝဲတာကို ကြည့်ပြီး အမြဲ ဟားတိုက်ရယ်ကြတဲ့ သူငယ်ချင်းတွေရဲ့ ပျက်လုံး။

နဖူးကျယ်တယ်ဆိုတာ…. စော်များများ တပြိုင်တည်း နမ်းလို့ရအောင်လို့ကွ….

ဒါကတော့ ကျွန်တော့်နဖူးကို လာလာခလုတ်တိုက်ကြလွန်းလို့ ဒီလိုနည်းနဲ့ ကတ်ကတ်လန်အောင် ပြန်ရန်တွေ့တဲ့ ကျွန်တော့်ကိုယ်ပိုင် လက်သုံးစကား။

တခါတလေ မှန်ရှေ့ရပ်ပြီး ကိုယ့်နဖူးကိုယ် ဘယ်ပြန်ညာပြန် ကြည့်ရတာပေါ့။ ဦးစမုတ်ဆံနွယ်လေးတွေ ရှေ့ချပြီး ကိုယ့်နဖူးကိုယ် ကာကွယ်ရတာလည်း တစ်ဒုက္ခ။ တခါတလေ ဒီနဖူးကြောင့်ပဲ မေမေ့ကို ရန်တွေ့မိပြန်ရော။

မောင်နှမတွေမှာ ကျွန်တော်က နံပါတ်ကိုးလေ။ ကျွန်တော့်ကို မွေးတုန်းက မေမေက လူမှ ဟုတ်ရဲ့လားဆိုပြီး သေချာကြည့်ရသတဲ့။ မွေးခါစမှာ ဆံပင်မွှေးတောင် မပါဆိုပဲ။ ဒီကြားထဲ မျက်နှာဖုံး စွပ်ရဲ့သားလေးမွေးတော့ ကလေးနဲ့ မတူဘဲ အသားတုံးကြီးလားထင်ရတယ်တဲ့။ အဲဒီမျက်နှာဖုံး ပြဿနာက မပြီးသေးပါဘူး။ လှချင်ပချင်တဲ့ ဆယ်ကျော်သက်လေး ဖြစ်လာချိန်မှာ ပြောင်နေတဲ့ ကိုယ့်နဖူးကို ကိုယ်ကြည့်ရင်း ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အကြံဥာဏ်တွေ ထုတ်မိရော။

တစ်နေ့တော့ အိမ်နီးနားချင်း အဒေါ်ကြီးတစ်ယောက်က… ဟဲ့ မျက်နှာဖုံးနဲ့ မွေးတယ်ဆိုတာ.. အရင်ဘ၀က အရမ်းချောလွန်းလို့ မနာလိုတဲ့ သူက ကြိမ်စာတိုက်လိုက်လို့ အဲဒီလို မွေးလာတာ။ မွေးတုန်းက မျက်နှာဖုံးကို ပြန်တပ်ရင် အရင်ဘ၀က မျက်နှာပြန်ရနိုင်တယ်တဲ့။ သူပြောတဲ့စကားမှာ ချောတယ်ဆိုတာနဲ့တင် အကုန်ယုံပြီး မျက်နှာဖုံး ရှာပုံတော် ဖွင့်မိရော။ အရင်ဘ၀က ယောက်ျားလား မိန်းမလား မသိ။ မျက်နှာဖုံး ပြန်တပ်မိလို့ အရင်ဘ၀က မိန်းမဖြစ်နေရင် ယောကျာ်း မျက်နှာ ပြန်မရရင်တော့ တစ်ဒုက္ခ။ မုန့်ဆီကြော်က ဘယ်နားနေမှန်း မသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဖြစ်နေပြန်ပြီ။ အဲဒီမျက်နှာဖုံးသဲလွန်စကို အမေ့ဆီက ခြေရာခံပြီး ပြန်လိုက်ဖို့ ကြိုးစားမိတယ်။ မေမေက သူလည်း သိမ်းထားရကောင်းမှန်း မသိလို့ လက်သည်မိန်းမကို ပေးလိုက်မိသတဲ့။ ဘာမဆိုင် ညာမဆိုင် အဲဒီနေ့ကစပြီး မေမေ့ကို ပေးရကောင်းလားဆိုပြီး စိတ်ကောက်ပြီး တစ်ပတ်လောက် စကားမပြောဘဲ နေလိုက်တယ်။


သြော်…. နဖူး… နဖူး…..
ဘာလိုအပ်နေလဲဆိုတာ မှန်ရှေ့ ရပ်ပြီး စဉ်းစားမိပြန်ရော။ ငါ.. နဖူးပဲ ကျယ်လို့လား။ ဆံပင်ပဲ ပါးလို့လား….။ မျက်ခုံးပဲ မရှိလို့လား။ သေချာတာကတော့ အကုန်လုံး ဖြစ်နိုင်တာပဲလေ။

ဒီလိုနဲ့ပဲ နဖူးအတွက် အဖြေရှာရတာကလည်း ခဏခဏ။ ငယ်ငယ်တုန်းက နွေကျောင်းပိတ်တာနဲ့ ဆံပင်တွေ အကုန်လုံးရိတ်။ ပထမအကိုက ဆံပင်ဖြူတော့ သူဆေးအဖြစ်သုံးတဲ့ ကင်းလိုမာဆံပင်နက်ဆေးနံနံတွေကို နှာခေါင်းပိတ်ပြီး ညအိပ်ရာဝင်ခါနီး လိမ်းအိပ်ရတာလည်း အမော။ မနက်ဆိုရင် ကင်းလိုမာအနံ့စူးစူးက ခေါင်းအုံးတွေ စောင်တွေမှာ စွဲကျန်ခဲ့တယ်လေ။

အမတွေကလည်း မောင်လေး မျက်ခုံးမွှေး နည်းရတဲ့ အကြောင်းရင်းကို ဖြေရှင်းဖို့ ကူပြီး ၀ိုင်းစဉ်းစားပေးကြသေးတယ်။ အနာတွေပျောက်ခါနီးမှာ အမာရွတ်မကျန်အောင် လိမ်းရတဲ့ ကျိတ်မှန်ရွက်နဲ့ လက်ဖက်ညွန့်နဲ့ကို အပုပ်ခံ၊ ပြီးတော့ မေမေစိုက်ထားတဲ့ ကွမ်းညွန့်နဲ့ ညညဆို မျက်ခုံးမွှေး ဆွဲ။ အဲဒီ ပုပ်အက်အက်အနံ့ကို ရှူပြီညတိုင်း အိပ်ခဲ့ရတာပေါ့။ မနက်မိုးလင်းလာတဲ့ ပြောင်နေတဲ့ နဖူးလေးကို ကွက်လပ်ဖြည့်ပေးမယ့် မျက်ခုံးမွှေးလေးတွေ နက်လာပြီလားဆိုပြီး မှန်ရှေ့နားကို တိုးပြီး အနီးကပ်ကြည့်လိုက်၊ ခြေတစ်လှမ်း ဆုတ်ပြီး အဝေးကနေ ကြည့်လိုက်။ စိတ်ထဲက တော့ နက်လာတယ် အထင်သား။

နောက်တော့ လူပျိုပေါက်လေး ဖြစ်လာတော့ ဒေါက်တာခင်မောင်ညိုရဲ့ ယောက်ျားဆိုတဲ့ ဆေးပညာဆိုင်ရာ စာအုပ်ကို ဖတ်ပြီး သူပြောသလို မွှေးညင်းနုလေးတွေ အချိန်တန်ရင် ထွက်လာမယ့် နေရာလေးတွေကို လက်လေးနဲ့ စမ်းပြီး ထွက်ဖို့ စောင့်နေမိပြန်တယ်။ အချိန်တန်ပေမယ့် မွှေးညင်းနုလေးတွေက မရောက်လာပြန်ဘူး။ ဟာ…. ငါယောကျာ်းရော စစ်ရဲ့လားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်ကြည့်မိပြန်တယ်။ ဟုတ်တယ်လေ….။ ယောက်ျားလေးတွေ လူပျိုပေါက် ဖြစ်လာရင် နှုတ်ခမ်းမွှေး။ မုတ်ဆိတ်မွှေးတွေက အလိုလို ထွက်လာတယ် မလား။ ပြောင်နေတဲ့ နဖူးကို နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေက ကျဉ်းအောင် မလုပ်နိုင်ပေမယ့် ရှင်းနေတဲ့ မျက်နှာကိုတော့ အနည်းဆုံး ကွပ်လပ်ဖြည့်ပေးနိုင်မယ်လို့ ထင်ခဲ့တယ်လေ။ ဒါပေမယ့် ကျွန်တော့်ကျတော့ ဒီလိုမဟုတ်ပြန်ဘူး။ ပထမဆုံး အသံစပြောင်းတယ်။ မျက်နှာမွှေး ဘာတစ်ပင်မှ မထွက်။ လည်စေ့ထွက်လာတယ်။ ဘာမှ မထူးခြား။ အဲ … အဲဒီမှာ ဒုက္ခရောက်တော့တာပဲ။ ကျွန်တော့် နို့သီးခေါင်းလေးတွေက နာပြီး စူထွက်လာတယ်။

ရော… ခက်ပြီ…………………။

မျက်ခုံးမွှေး၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ဘာအမွှေးမှ မရှိရတဲ့ ကြားထဲ နို့နှစ်ဖက်က ပြိုင်တူစူလာပါရောလား။

ငါ… ငါ… မိန်းမဖြစ်နေပြီလား။

တစ်ယောက်တည်း ကိုယ့်အိပ်ခန်းထဲမှာ စူလာတဲ့ နို့နှစ်ဖက်ကို လက်နဲ့ ချေပြီး ပြန်ပြန်သွင်းပေမယ့် အရင်လို ပြားချပ်မနေတော့ဘူး။ လေးငါးရက်နေတော့မှ သူ့အလိုလှို ပြန်ပျောက်သွားတယ်။ နောက်တော့မှ သူငယ်ချင်းယောကျာ်းလေး တစ်ယောက်နို့စူတာ မြင်တော့မှ သဘာဝကြောင့် သူ့အလိုလို ဖြစ်မှန်း သိတော့တယ်။ အဲဒါကြောင့်မို့လို့ တချို့ မိခင်တွေက သားယောက်ျားလေး ငယ်စဉ်မှာ ရေချိုးပေးရင် နို့သီးခေါင်းလေးတွေကို အဆံဖြူဖြူလေးတွေ ထွက်တဲ့ အထိညှစ်ပေးကြသတဲ့။ အဲဒါဆိုရင် ကြီးလာရင် နို့မစူတတ်ကြဘူးတဲ့လေ။ နဖူးပြောင်ခြင်း ပြဿနာက နောက်ဆုံးနို့စူတဲ့အထိ ရောက်လာတယ်။

ဒီမှာတင် မပြီးသေးပါဘူး။ အချိန်တန်လို့မှ မထွက်လာတဲ့ နှုတ်ခမ်းမွှေးတွေအတွက် ညညအိပ်ရာဝင်ခါနီး ကြက်သွန်နီကို ပါးပါး ပါးပါးလှီး။ ထွက်လာတဲ့ အစေးနဲ့ နှုတ်ခမ်းတစ်လျှောက် သုတ်ပြီး တစ်လကိုးသီတင်း အိပ်ခဲ့ ဘူးပါတယ်။ ဘယ်လောက်နံနံ ဘယ်လောက်ဆိုးဆိုး အိပ်ရေးတောင် မပျက်ခဲ့ပါဘူး။ တခါတလေ မျက်ခုံးမွှေးပေါ်က လက်ဖက်ပုပ်နံ့နဲ့ ကြက်သွန်နံ့ ဆုံတဲ့ ညတွေတောင် ရှိခဲ့ဖူးပါတယ်။

အခုတော့လည်း အဲဒီကျေးဇူးတွေကြောင့် သူများတကာလို မျက်ခုံးမွှေး ထူထူနက်နက်ကြီး ဖြစ်မနေတောင် ရှိသင့်သလောက်တော့ ရှိနေပါပြီ။ အရင်တုန်းက ဂျိမ်းစဘွန်းကားတွေ ကြည့်ပြီး ဂျိန်းစ်ဘွန်းမင်းသားလို အမွှေးအမျှင်ထူချင်ခဲ့တယ်။ အခုတော့လည်း ရှင်းသန့်နေတဲ့ အရည်ပြားပေါ်ကို ကြည့်ပြီး ဂျိန်းစ်ဘွန်းမင်းသားလို မဖြစ်ခဲ့တာ ကံကောင်းလေစွ။ စကာင်္ပူမှာ ယောက်ျားလေးတွေ wax လုပ်တာ ခေတ်စားလာတော့ ကိုယ်က အသားအနာခံပြီး ဘာမှ လုပ်စရာမလို။ မနက်မနက် မိုးလင်းရင်လည်း အများတကာလို နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးရိတ်ဖို့ နေ့တိုင်းအချိန်ပေးစရာမလို။ ရေမိုးချိုး အ၀တ်အစား ကောက်ဝတ်ပြီး ထွက်လိုက်ရုံ။ ပေါ့ပါးလိုက်တာ။ ဆံပင်ကိုလည်း တတ်နိုင်သလောက် နဖူးမပြောင်အောင် ပုံစံသွင်းတတ်နေပြီ။ အခုတော့လည်း ငယ်ငယ်တုန်းကလို မရူးသွပ်တော့။ ကိုယ့်မှာ ရှိတာလေးနဲ့ပဲ ပျော်အောင်နေတတ်လာတယ်။ သူများတကာလို လှနေပနေစရာမလို။ ရှင်းရှင်းသန့်သန့်လေး ဖြစ်နေရရင်ပြီးရော။ ဟုတ်တယ်မလား။

သေချာတာ တစ်ခုကတော့…….. ကျွန်တော့်အကြောင်းသိတဲ့ သူငယ်ချင်းတိုင်းကတော့……. ဟိုးငယ်ငယ်တုန်းကို ခေါ်သလို ကျွန်တော့်ကို ၀ိုင်းခေါ်နေဦးမည်။ ကျွန်တော် ဆံဖြူသွားကျိုးတဲ့အထိ ကျွန်တော့်ရဲ့ နာမည်ပြောင်လေးကတော့ ရှိနေဦးမည်။ ဒီထက်ပိုသေချာတာကတော့…..
ပြောင်ရှင်း…… မင်းပိုင်သကွာ။….. လို့ ပြောနေကြမှာအမှန်ပါ။

ကဲ…. ကြည်ဖြူပိုင်ရေ.. အမှတ်တရ Nick အတွက် ကျေနပ်တယ်မဟုတ်လား……..။
ဒီတစ်ခါ ဘယ်သူတွေ ကံကောင်းနိုင်မလဲ…..။
အမေရေယဉ် တစ်ဖြစ်လဲ မြရေလျဉ်…..
ကိုကိုဂွေးခေါ် ကိုကိုပုလုကွေး
ဆိုက်ပရပ်စ်က ကိုကိုကျောက်ခဲ
ဘယ်သူ့ကို ထပ်ပြီး ဒုက္ခပေးရမလဲ….. စဉ်းစားစမ်း …..
လာလေရော့ မမဆွန်မု…….. ဟီးဟီး

ဂွင်းဂဲခေါ် လောက်တက်ရင် … နင်နဲ့ငါ ပိစ်နော်.. မတပ်ဂ်ကြေး…….

May 16, 2009

အင်ဒိုနီးရှားခရီး (ပရမ်ဘန်နန်ဘုရားကျောင်း)


Prambanan



ဟိုးရှေးရှးတုန်းက ဂျာဗားကျွန်းဆွယ်မှာ ဘိုကိုနဲ့ ပန်ဂင်းဆိုပြီး တိုင်းပြည်လေးနှစ်ခုရှိသတဲ့။ ဘိုကိုဘုရင်ကြီးက ပန်ဂင်းတိုင်းပြည်ကို သိမ်းပိုက်ချင်တာနဲ့ စစ်သည်ရဲမက်တွေနဲ့ ချီတက်ပြီး သိမ်းယူဖို့ ကြိုးစားပါတယ်။ စစ်ပွဲမှာ နှစ်ဖက်စစ်သားများစွာ ကျဆုံးပြီး ပန်ဂင်းတိုင်းသူပြည်သားတွေက စစ်ဒဏ်ကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်ကြရပါတယ်။ နောက်ဆုံးမှာ ပန်ဂင်းဘုရင်ကြီးက သူရဲ့ သားတော် မင်းသားဘန်ဒေါင်ဘွန်ဒိုဝိုဆိုသူကို စစ်တိုက်ဖို့ လွှတ်လိုက်ရပါတယ်။ နောက်ဆုံးမှာတော့ ပန်ဂင်းဘက်က အနိုင်ရပြီး မင်းသားလေး လက်ချက်နဲ့ ဘိုကိုဘုရင်ကြီး ကျဆုံးသွားပါရော။ ဘိုကိုတိုင်းပြည်ကိုလည်း မင်းသားလေးက သိမ်းပိုက်နိုင်ပါသတဲ့။

ဘိုကိုဘုရင်ကြီးမှာ အလွန်တရာ ချောမောလှပတဲ့ ယိုယိုဂျွန်ဂယန်ဆိုတဲ့ မင်းသမီးလေးတစ်ပါးရှိပါသတဲ့။ မင်းသားလေးက မင်းသမီးလေးကို မြင်မြင်ချင်း မြတ်နိုးတော်မူလို့ နှစ်ပြည်ထောင် ငြိမ်းချမ်းရေးအတွက် လက်ဆက်ခွင့်တောင်းတယ်။ မင်းသမီးလေးက ဘုရင်ကြီးဘိုကိုကို သတ်ပြီး သူမရဲ့ တိုင်းပြည်ကို အုပ်စိုးနေတဲ့ မင်းသားဘန်ဒေါင်ကို အလွန်ပဲ မုန်းတီးပါတယ်။ ဒါပေမယ့် မင်းသားလေးက အတင်းအကျပ် လက်ထက်ခွင့်ကို စီစဉ်တာနဲ့ နောက်ဆုံးမှာ သူမက ငြင်းဆန်ဖို့ အရမ်းခက်ခဲလာပါတယ်။ ငြင်းလို့ မရတော့တဲ့ နောက်ဆုံးမှာတော့ သူမ မဖြစ်နိုင်ဘူးထင်တဲ့ တောင်းဆိုချက်နှစ်ခုကို မင်းသားလေးကို လုပ်ခိုင်းလိုက်ပါတယ်။ အဲဒီနှစ်ခုကို လုပ်ပေးနိုင်ရင် မင်းသားလေးကို လက်ဆတ်မယ်ပေါ့လေ။

ပထမဆုံးတောင်းဆိုချက်အရ မင်းသားလေးက ရေတွင်းတစ်တွင်း ဆောက်ပေးရတယ်။ ရေတွင်းပြီးသွားတဲ့ အချိန်မှာ မင်းသမီးလေးက မင်းသားလေးကို လှည့်စားပြီး ရေတွင်းထဲ ဆင်းခိုင်းလိုက်ပါသတဲ့။ မင်းသားလေး ရေတွင်းထဲ ဆင်းလိုက်တဲ့ အချိန်မှာ မင်းသမီးလေးက အပေါ်ကနေ ကျောက်တွေနဲ့ စီပြီး ရေတွင်းကို ပိတ်လိုက်ပါတယ်။ ဒါပေမယ့် မင်းသားလေးက ရေတွင်းထဲကနေ ဘေးမသီရန်မခဘဲ လွတ်လာပါတယ်။ မင်းသားလေးက မင်းသမီးလေးကို အရမ်းကို မြတ်နိုးတော်မူလို့ ခွင့်လွှတ်နိုင်ခဲ့ပါတယ်။

ဒုတိယတောင်းဆိုချက်အနေနဲ့ မင်းသားလေးက ညတွင်းချင်း မင်းသမီးလေးအတွက် ဘုရားကျောင်း အခုတစ်ထောင်ကို တည်ဆောက်ပေးရပါတယ်။ မင်းသားလေးက သူ့ရဲ့ ဘုန်းတန်ခိုးနဲ့ မြေနတ်သားကို ခေါ်ပြီး ဘုရားကျောင်းတွေကို ညတွင်းချင်းတည်ဆောက်ပါတယ်။ အခုပေါင်း ၉၉၉ခု တည်ဆောက်ပြီးချိန်မှာတော့ မင်းသမီးလေးက နန်းတွင်းအပျိုတော်တွေကို နှိုးပြီး ဆန်တွေထောင်းပြီး အရှေ့ဘက် ဘုရားကျောင်းတစ်ခုမှာ မီးရှို့ပါတယ်။ မီးရောင်ကြောင့် အရှေ့ဘက်မှာ နေထွက်လာတယ်လို့ ထင်ရပါတယ်။ နောက်ပြီး ကြက်ဖကိုလည်း တွန်အောင်လုပ်ပါသတဲ့။ ကြက်ဖတွန်သံရယ်၊ မီးရောင်ရယ်ကြောင့် မင်းသားလေးကို ကူညီနေတဲ့ နတ်တွေအားလုံး တစ်ထောင်မြောက် ဘုရားကျောင်းကို အပြီးမသတ်နိုင်တော့ဘဲ မြေကြီးထဲပြန်ဝင်သွားပါရော။ မင်းသားလေးလည်း အရမ်းစိတ်ဆိုးပြီး မင်းသမီးလေးကို ကြိမ်စာတိုက်လိုက်တာ နောက်ဆုံးတော့ မင်းသားလေးတည်နေတဲ့ ဘုရားကျောင်းတွေထဲက အချောဆုံး အလှဆုံး ဖြစ်တဲ့ တစ်ထောင်မြောက် ကျောက်ရုပ်တု ဖြစ်သွားရှာတာပေါ့။

ဒါကတော့ ပရန်ဘန်နန်ရဲ့ ဒဏာရီလေးပါ။ သူတို့ရဲ့ဒဏာရီက မြန်မာပုံပြင်တွေထဲမှာ ကျောက်ဖြစ်သွားတဲ့ ရွှေတိဂုံဘုရားက မောင်ကံ်၊ ကျိုက်ထီးရိုးက ရွှေနန်းကျင်ပုံပြင်လေးတွေ လိုပါပဲ နောက်ပြီး ဒွတ္ထဘောင်မင်းနဲ့ ဗိဿနိုးဘုရင်မ ဇာတ်လမ်းတွေနဲ့လည်း ခပ်ဆင်ဆင်တူပါတယ်။

သူတို့ရဲ့ ဒေသခံ ဒဏာရီလေးတွေနဲ့ ဆက်စပ်နေတဲ့ ဘုရားကျောင်းလေးကလည်း ဂျာဗားကျွန်းမှာ အကြီးဆုံး၊ ဟိန္ဒူဘုရားကျောင်း တစ်ခုပါ။ ဒီနေရာမှာ ဒေသခံတွေ ပြောလေ့ပြောထရှိတဲ့ အကြောင်းအရာလေးတစ်ခု ရှိပါတယ်။ ဒီဘုရားကျောင်းတွေ ရှိရာ၊ ဘိုယိုဘုဒေါစေတီရှိရာ ဒီဂျိုဂျကတားမြို့လေးက မွတ်ဆလင်တွေ မ၀င်ရောက်ခင်က ဗုဒဘာသာနဲ့ ဟိန္ဒူဘာသာတို့ အလွန်ထွန်းကားရာနေရာလေးပါ။ ဒါပေမယ့် မွတ်ဆလင်တွေရဲ့ ရန်ကြောင့် ဗုဒဘာသာက အင်ဒိုနီးရှားမှာ လုံးဝတိမ်ကောသွားပြီး ဟိန္ဒူအများစုကတော့ ယခုကမ္ဘာကျော် ဘာလီဘက်ကို ထွက်ပြေးသွားကြပါတယ်။ ဒါကြောင့်မို့လို့ ဘာလီရဲ့ အငွေ့အသက်တွေက မွတ်ဆလင်အငွေ့အသက်တွေမရှိဘဲ ရှေးဟောင်းဟိန္ဒူယဉ်ကျေးမှုတွေ ဖုံးလွှမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂျိုဂျကတားမြို့လေးမှာတော့ ရှေးဟောင်းဟိန္ဒူဘုရားကျောင်း လက်ရာတွေကတော့ ရှိနေဆဲပါပဲ။

ပယန်ဘန်နန် အသေးစားမော်လ်ဒယ်။ အရံစေတီတွေ အခုထက်တိုင်ရှိသေးရင် တော်တော်လှမှာပါ။

ကျွန်တော် ပယန်ဘန်နန်ကို ရောက်သွားချိန်မှာ ညနေဘက်ပါ။ ဘုရားကျောင်းကနေ နေ၀င်ဆည်းဆာကြည့်ရင် အရမ်းလှတယ်ဆိုလို့ပါ။ ကျွန်တော်ရောက်သွားတဲ့ အချိန်မှာ ကမ္ဘာလှည့် ခရီးသွားတွေ တော်တော်များများလည်း ရောက်နေကြပါတယ်။ အကုန်လုံးက နေ၀င်ချိန်ကို စောင့်နေကြတာပေါ့။ ပါရန်ဘန်နနမ်ဘုရားကျောင်းဝင်းထဲမှာ ဘုရားကျောင်းတွေ အများကြီးရှိပါတယ်။ အခုလောလောဆယ်တော့ ပင်မဘုရားကျောင်းတစ်ခုနဲ့ နောက်ထပ်ဘုရားကျောင်းတစ်ခုပဲ ဖွင့်ထားပါတယ်။ ၂၀၀၆ခုနစ်က မြေငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ဘုရားကျောင်းတွေကို ပြုပြင်နေဆဲပါ။

ယန်ဘန်နန်ဘုရားကျောင်းနဲ့ ပါတ်ဝန်းကျင်မှာ ရှိတဲ့ ဘုရားကျောင်းတွေကို ခရစ်သက္ကရာဇ် ၈၅၀လောက်မှာ တည်ထားတာဖြစ်လို့ ကျွန်တော်တို့ ပုဂံထက် နှစ်ပေါင်း သုံးလေးရာလောက် စောပါတယ်။ အင်ဒိုနီးရှားမှာ အခုလို လက်ရာကောင်းကောင်းနဲ့ အဆောက်အဦးခိုင်ခိုင်မာမာတွေ တည်ဆောက်နေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ သာမန်မြို့ပြနိုင်ငံလေးအဆင့်ပဲ ရှိသေးတယ်လို့ထင်ပါတယ်။ ဒီဘုရားကျောင်းမှာတော့ ရာပေါင်းများစွာသော ဘုရားရှစ်ခိုးဆောင်လေးတွေ ရှိပါသေးတယ်။ အခုတော့ အားလုံးပျက်ဆီးသွားပါပြီ။

မင်းသမီးလေးရုပ်ထုလို့တော့ ပြောနေကြတာပဲ

ပယန်ဘန်နန် ဘုရားကျောင်းတွေထဲမှာ သူနဲ့ သတ်ဆိုင်တဲ့ ဘုရားရုပ်ထုတွေ ရှိနေပါတယ်။ အဲဒီအထဲမှာမှ ရုပ်ထုတစ်ခုကတော့ ဒဏာရီထဲက ကျောက်ဖြစ်သွားတဲ့ မင်းသမီးလေး ရုပ်ထုပါပဲ။ ပယန်ဘန်နန်နဲ့ မဝေးလှတဲ့ နေရာမှာ များစွာသော ဘုရားကျောင်းတွေ ရှိပါသေးတယ်။ အဲဒီအထဲမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ဆီးဝုစေတီကတော့ ပုံပြင်ထဲက တစ်ထောင်မြောက်စေတီပါပဲ။

ပယန်ဘန်နန်ဘုရားကျောင်းကို နှစ်ပေါင်းများစွာ ပစ်ထားခဲ့ပြီး ၁၉၁၈ခုနှစ်ရောက်တော့မှ ပြန်လည်ပြုပြင်ခဲ့ကြတယ်။ မပြု့ပင်ခင်မှာတော့ ပါရန်ဘန်နန်ကတော်တော်လေး ပျက်ဆီးနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘုရားတည်ရာ မြေအုတ်တွေ အများစု အသုံးပြုခဲ့ပေမယ့် အင်ဒိုနီးရှားမှာတော့ ကျောက်တုံးတွေကို အသုံးပြုခဲ့တယ်။ ဒီနေရာမှာ တစ်ခုမှတ်ယူသင့်တာကတော့ သမိုင်းသုတေသနပညာရှင်တွေက ဒီဘုရားကျောင်းကို ပြုပြင်ပုံပါပဲ။ ဘုရားကျောင်းကို မပြုပြင်ခင်က အနီးတ၀ိုက်မှာ ကျောက်တုံးတွေက တစစီပြန့်ကြဲနေပါတယ်။ ပြန့်ကြဲနေတဲ့ ကျောက်တုံးတွေကို မရှင်းသေးဘဲ ဘယ်နေရာက အပိုင်းအစတွေ ဖြစ်နိုင်မလဲ ဆိုပြီး အမှတ်အသားပြုကြပါတယ်။ အန်ကောဝပ်ကို ပြန်လည်ပြုပြင်တဲ့ အတိုင်းပါပဲ။ နဂိုမူရင်း ကျောက်တုံး ၇၅ရာခိုင်နှုန်းပဲ ပြန်ရပြီး တချို့တွေကတော့ အခိုးခံလိုက်ရတာပါသလို သဘာဝကြောင့် ပျက်ဆီးသွားတာလည်းပါပါတယ်။ အားလုံးကို ပြုပြင်ဖို့ နှစ်ပေါင်း ၃၅နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ဘေးပတ်ဝန်းကျင်က တခြား ဘုရားကျောင်းတွေကိုတော့ မပြင်ဆင်တော့ဘဲ အရှိကို အရှိတိုင်းထားလိုက်ပါတယ်။

ပန့်ကြဲနေတဲ့ ကျောက်တုံးတွေ ကြည့်ပြီး ဒီကျောက်တုံးက ဘယ်နေရာက ဘယ်ဘုရားကျောင်းရဲ့ အပိုင်းအစလေးနေမှာပေါ့လို့ စိတ်မှန်းနဲ့ ကျောက်တုံးရာဇ၀င်ကို အကဲဖြတ်နေမိသေးတယ်။

နောက်ပြီး ပယန်ဘန်နန်ရဲ့ ထူးခြားချက်က ကျောက်ဆစ်လက်ရာတွေပါ။ ကျောက်ဆစ်လက်ရာ အများစုက ရာမာယနဇာတ်တော် အကြောင်းကို ထုဆစ်ထားတာပါ။ အဲဒါကြောင့်ပဲလားမသိ။ အင်ဒိုနီးရှားအစိုးရက်ပယန်ဘန်နန်ဘုရားကျောင်းကို နောက်ခံပြီး ရာမယဏဇာတ်တော်ကို အင်္ဂါနဲ့ ကြာသပတေးညတွေမှာကပြပါတယ်။ ကျွန်တော်ရောက်သွားချိန်က သောကြာနေ့ဖြစ်ပြီး ပြန်တဲ့အချိန်က အင်္ဂါနေ့မနက် ဖြစ်တော့ တေ့လွဲခဲ့ရပါတယ်။ မှတ်သားသင့်တဲ့ ကမ္ဘာလှည့်ဆွဲဆောင်နည်းတစ်ခုပါ။

ဘုရားကျောင်းနေရာတစ်ခုလုံးက ယူနက်စ်ကိုရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု ပတ်ဝန်းကျင်တစ်ခုလုံးကို အများပြည်သူလူထု အပန်းဖြေရာ နေရာလေးတစ်ခု ဖန်တီးထားပါတယ်။ အဲဒီဥယျာဉ်ထဲမှာ ဆော့ကစား ပြေးလွှားနေတဲ့ လူငယ်လူရွယ်တွေ အများကြီးပါပဲ။ ဒီလို စီမံထားတဲ့ အကျိုးကျေးဇူးကတော့ လူငယ်တွေအားလုံးက နိုင်ငံတော်ရဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ နေ့စဉ်ထိတွေ့နေပြီး ထိန်းသိမ်းချင်စိတ်တွေ ပေါ်ပေါက်လာမှာပါ။

ဥယျာဉ်တစ်နေရာ

ဘုရားကျောင်းကို ဥယျာဉ်ထဲမှ မြင်ရပုံ
ကျွန်တော် အနေနဲ့ ပယန်ဘန်နန်ဘုရားကျောင်းနဲ့ အပျက်အဆီးတွေကြည့်ပြီး အတွေးတစ်ခုပေါ်လာတာ တစ်ခုရှိပါတယ်။ အဲဒါက ပဲခူးက ဘုရင့်နောင်ရဲ့ ကမ္ဘောဇသာဒီနန်းတော်ပါပဲ။ အဲဒီနန်းတော်အကြောင်း သမိုင်းစာအုပ်မှာ ခမ်းခမ်းနားနားရေးခဲ့ပေမယ့် မီးလောင်တိုက်သွင်းခဲ့ရလို့ ဘာမှ မကျန်တော့ပါဘူး။ ရှေးဟောင်းသုတေသနက နန်းတော်ရာကို ပြန်လည်တူးဖော်တဲ့အခါ မီးသင့်ထားတဲ့ နန်းတော်ကျွန်းတိုင်တွေအများကြီး တူးဖော်တွေ့ရှိလိုက်တာပါပဲ။ ဘာမှ မကျန်တော့တဲ့ နန်းတော်နေရာမှာ မရေမတွက်နိုင်အောင် များပြားတဲ့ ကျွန်းတိုင်တွေက ဘုရင့်နောင်ရဲ့ နန်းတော် ဘယ်လောက်ခမ်းနားခဲ့လဲ ဆိုတာ ပြသနေပါတယ်။ အထူးခြားဆုံးက ကျွန်းတိုင်တွေကို မြေမှာဒီအတိုင်း ဖြစ်သလိုမစိုက်ဘဲ ခိုင်ခိုင်မာမာ ဖောင်ဒေးရှင်းချပြီးတော့ ဆောက်ထားတာပါ။ အခုတော့ အဲဒီတိုင်တွေအားလုံးကို ထုတ်ပြီး အဲဒီမှာဘဲ ဗိုလ်ချုပ်ခင်ညွန့်က နန်းတော်အသစ်ကို ဘုရင့်နောင်လက်ထက်ကအတိုင်း မှန်းဆပြီး ပြန်ဆောက်ထားပါတယ်။ အထုတ်ခံလိုက်ရတဲ့ ကျွန်းတိုင်တွေကိုတော့ နန်းတော်ရာနေရာမှာ ဂိုဒေါင်တစ်ခုလိုဆောက်ပြီး သစ်လုံးတွေကို အဆင့်ဆင့်စီထားပါတယ်။ (ကျွန်တော် နန်းတော်အသစ် ဆောက်ပြီးကာစ ရောက်သွားစဉ်က) ကျွန်တော်တို့ မြန်မာကျောက်စာသမိုင်းမှာတောင် ဆရာကြီး ဒေါက်တာသန်းထွန်းပြောသလို ကျောက်စာတစ်ခုက နှစ်ပေါင်းဘယ်လောက်ပဲကြာနေပါစေ ဘယ်နေရာမှာ ဒီကျောက်စာရှိပြီး ဘာအတွက် ရေးထိုးခဲ့မှန်း မသိရင် အဲဒီကျောက်စာက တန်ဖိုးမရှိတော့ပါဘူးတဲ့။ ဒီလိုပါပဲ နန်းတော်တိုင်တွေသာ မူရင်းနေရာကနေ အဖယ်ခံရပြီး တစ်နေရာမှာ စုပုံထားလိုက်ရင် မီးလောင်ခံရတဲ့ ထင်းတုံးစလိုပါပဲ။ တန်ဖိုးသိပ်မရှိတော့ပါဘူး။ တကယ်လို့သာ အဲဒီနေရာမှာ ကျွန်းတိုင်တွေကို မဖယ်ဘဲ ဥယျာဉ်တစ်ခု ဖန်တီးနိုင်ခဲ့ရင် ကောင်းမှာဘဲ။ အဲဒါဆို မီးသင့်ခံထားရတဲ့ ကျွန်းတိုင်ဟောင်းတွေက စကားပြောတတ်မယ်ဆိုရင် လာသမျှလူတွေအားလုံးကို သူဘယ်လိုမီးလောင်တိုက်သွင်းခံရတဲ့ အကြောင်း ပြောပြမှာအမှန်ပါ။ (ကျွန်တော့်ယူဆချက်ပါ။)

အခုတော့ ကျွန်တော် ပယန်ဘန်နန်ဘုရားကျောင်းကို ရောက်သွားတော့ ပြန့်ကြဲနေတဲ့ ကျောက်တုံးတွေ ကြည့်ပြီး ဒီကျောက်တုံးက ဘယ်နေရာက ဘယ်ဘုရားကျောင်းရဲ့ အပိုင်းအစလေးနေမှာပေါ့လို့ စိတ်မှန်းနဲ့ ကျောက်တုံးရာဇ၀င်ကို အကဲဖြတ်နေမိသေးတယ်။ အင်ဒိုနီရှားလူငယ်တွေကတော့ တတ်နိုင်ရင်ဒီကျောက်တုံးတွေကို ပြန်ပြီး စီဖို့ကြိုးစားချင်ကောင်း ကြိုးစားပါလိမ့်မယ်။ တကယ်လို့သာ ကြိုးစားခဲ့ရင်တော့ အောင်မြင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါရဲ့။

(အင်ဒိုနီးရှားပါတိတ်တွေအကြောင်း ဆက်ပါဦးမည်။)



နေကွယ်ချိန်

ဒီပုံလေးပဲ ကောင်းကောင်းကန်းကန်းရှိလို့ လူပုံကို သီးခံပြီးတော့ ကြည့်ပေးပါး)



ကျောက်ဆစ်လက်ရာတစ်ခု။ ဘုရားကျောင်းက ကျောက်ဆစ်လက်ရာတွေ ကြည့်ပြီး အဲဒီအချိန်တုန်းက ရှငိသန်ခဲ့တဲ့ ငှက်မျိုးစိတ်တွေကိုတောင် ခန့်မှန်းနိုင်သတဲ့။


အနီးအနားက Candi Plaosan

May 10, 2009

Vatican City


စိန့်ပီတာရင်ပြင်၊ မဒါနာ Maderna’s Façade၊ အိုဘလစ်ခ်ကျောက်တိုင်၊ စိန့်ပီတာဘာဆီလီကာ

(အင်ဒိုနီးရှားခရီးစဉ်အကြောင်းကို ခဏရပ်ပြီး ဒီပို့စ်လေးကို တင်ချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာတီကန် စီးတီးအကြောင်း ပြောချင်နေတာ ကြာပါပြီ။ အခုလည်း အဲဒီအကြောင်းနဲ့ပါတ်သတ်တဲ့ Angel and Demons ဆိုတဲ့ ရုပ်ရှင်ကလည်း ရုံတင်တော့မှာ မို့လို့ စာဖတ်သူတွေ Vatican city နဲ့ပါတ်သက်ပြီး ရင်းနှီးစေချင်တာလည်းပါပါတယ်။ Angel and Demons ကို ရေးခဲ့သူကတော့ Davinci Code ကိုရေးခဲ့တဲ့ Dan Brown ပါပဲ။)

ဘာတီကန်စီးတီးဟူသော နိုင်ငံလေးက သေးငယ်သလောက် ရှည်လျားတဲ့ သမိုင်းကြောင်းတဲ့ အထင်ကရရှိခဲ့တဲ့ နေရာလေးပေါ့။ လူဦးရေကလည်း တစ်နိုင်ငံလုံးမှာ လူပေါင်း ရှစ်ရာကျော်လောက်ပဲရှိသည်။ လေ့လာစရာ၊ တန်ဖိုးထားစရာ ရှေးဟောင်းလက်ရာတွေနဲ့ ပြည့်နေလို့ ယူနက်စ်ကိုကတောင် တစ်နိုင်ငံလုံးကို သမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားရသော နေရာလေးတစ်ခုပါ။ နောက်ပြီး ရိုမန်ကတ်သလစ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေရာလေးတစ်ခုဖြစ်၏။ လွန်ခဲ့သော သက္ကရာဇ်၃၂၆ခုနှစ်က ဘုရားကျောင်းအသေးလေးနဲ့ အစပြုခဲ့သော နေရာလေးက အခုတော့ သမိုင်းဆိုင်ရာ အချက်အလက်တွေ အကိုးအကားတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခု ဖြစ်နေပါပြီ။

ဘာတီကန်စီးတီးက ဘာသာရေး၊ လူမှုရေး၊ ထုံးတမ်းစဉ်လာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခုပါ။ ဘာသာရေး အကြောင်းပြောရရင် ကုန်နိုင်မယ်မထင်ပါ။ ကျွန်တော်တို့ လိုက်မမီစရာတွေ လျို့ဝှက်ချက်သင်္ကေတတွေ ပြည့်နှက်နေတဲ့ ဒီဘာတီကန်စီးတီးမှာ ရေးစရာ လေ့လာစရာတွေကလည်း တစ်ပုံတစ်ခေါင်းနဲ့။ ဒီပို့စ်လေးမှာတော့ အနုပညာ၊ ဗိသုကာ ရှုထောင့်ကနေပဲ တင်ပြချင်သည်။ ဘာတီကန်က အနုပညာတွေ အကြောင်းမပြောခင်မှာ ဘာတီကန်စီးတီးအကြောင်း သိသင့်သည်လို့ ထင်ပါသည်။

ဘာတီကန်စီးတီးက အီတလီနိုင်ငံ ရောမမြို့ရဲ့ လက်အောက်ခံအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့ရာကနေ ၁၉၂၉ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပါသည်။ ဒီသေးငယ်တဲ့ နိုင်ငံလေးက ကတ်သလစ်ဘုရားကျောင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး၊ နိုင်ငံရဲ့ အုပ်ချုပ်သူက ပုပ်ရဟန်းမင်းကြီးပါ။ ဒီမြို့လေးကို တစ်ရာစုမှာ စတင်ခဲ့တာ ဖြစ်နိုင်ပြီး ဘာတီကန်ရဲ့ နာမည်ကြီး ´သက်သေ´လို့ အမည်ရတဲ့ အိုဘယ်လစ်ခ် Obelisk ကိုတော့ ရောမဘုရင် ကယ်လီဂူလာ(၃၇-၄၁ခုနှစ်)က အီဂျစ်ကနေ သယ်ဆောင်လာခဲ့၏။ ထိုအိုဘယ်လစ်ခ်က ဘာတီကန်စီးတီးမှာ ရပ်တည်နေတာ အခုဆိုရင် နှစ်ပေါင်းနှစ်ထောင်တောင်ရှိတော့မှာပါ။ အိုဘယ်လစ်ခ်ဆိုတာ နေနတ်ဘုရားနဲ့ သက်ဆိုင်တဲ့ အရာဖြစ်ပြီး ရှေးဟောင်းအီဂျစ်လူမျိုးတွေက အများဆုံး အသုံးပြုခဲ့သတဲ့။ အိုဘယ်လစ်ခ်ရှိရာ နေရာကလည်း ခရစ်ယာန်လူမျိုးတွေ ယုံကြည်တဲ့ သူတော်စင် စိန့်ပီတာကို ကားစင်တင်ခဲ့ရာ နေရာလို့လည်း ယူဆကြ၏။

ဘာတီကန်စီးတီးမှာ စိတ်ဝင်စားစရာ နေရာတွေက အမြောက်အများပါ။ ထိုအထဲမှာတော့ စိန့်ပီတာဘာဆီလီကာ St.Peter Basilica က နာမည်အကြီးဆုံးပေါ့။ စိန့်ပီတာ ဘာဆီလီကာက ဗိသုကာ တော်တော်များများရဲ့ စံထားရာနေရာတစ်ခုပါ။ ထိုအဆောက်အဦးရဲ့ ဗိသုကာ ပညာရှင်တွေက အများကြီးဖြစ်ပေမယ့် အထင်ရှားဆုံးကတော့ ကမ္ဘာကျော်ဒေးဗစ်ရုပ်တု (ကျွန်တော့်ရဲ့ ဘန်နာက ရုပ်တုလေးပါ) ကို ဖန်တီးခဲ့တဲ့ မိုက်ကယ်အင်ဂျယ်လိုပါ။ စိန့်ပီတာဘာဆီလီကာက ဘုရားကျောင်းမဟုတ်ပါဘူး။ ရောမခေတ်က ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးပါ။ အဆောက်အဦးက ဘယ်လောက်ကြီးသလဲဆိုရင် လူပေါင်း ခြောက်သောင်းလောက်ကို စုဝေးလို့ရပါသည်။

နောက်ပြီး ဒီဘာဆီလီကာက ဘာသာရေးတစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ သခင်ရေရှုရဲ့ နောက်လိုက် ၁၂ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ စိန့်ပီတာကို မြှုပ်နှံထားတဲ့ အထွတ်အမြတ်ထားရာ နေရာလေးတစ်ခုဖြစ်သည်။ အစဉ်အဆက် ပုပ်ရဟန်းမင်းတို့ကို ဂူသွင်းသဂြိုလ်တဲ့နေရာ တစ်ခုလည်းဖြစ်၏။ ၁၉၅၀မှာ ပုပ်ရဟန်းမင်းကြီး ပီယက်စ် Pope Pius XII က စိန့်ပီတာရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို တူးဖော်တွေ့ရှိပြီလို့ ကမ္ဘာကို ကြေညာလိုက်သည်။ ဒါပေမယ့် စိန့်ပီတာရဲ့ ရုပ်အလောင်းဟုတ်မဟုတ်တော့ ဘယ်သူမှ သေချာ မပြောနိုင်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မူလစိန့်ပီတာဘာဆီလီကာ မဆောက်ခင်က ဘာတီကန်စီးတီးက ခရစ်ယာန်တွေ သေဆုံးရင် မြုပ်နှံတဲ့ နေရာဖြစ်နေလို့ပါပဲ။ ယခုထက်တိုင် ကတ်သလစ်ဘာသာဝင်တို့ရဲ့ ရှေးခေတ် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ရဲ့ ဂူဗိမ္မာန်တွေကို တွေ့နိုင်ပါသေးသည်။ သမိုင်းပညာရှင်တွေက ဘာတီကန်စီးတီးရဲ့ မြေလွှာထုအောက်မှ ရှေးခေတ်လူတို့ မြုပ်နှံရာ သချိုင်းတွေ ရှိနေသေးလို့ ဘယ်နေရာကိုပဲ တူးတူး၊ လူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းတွေကို တွေ့ရှိမှာပဲတဲ့။ ဒါကြောင့်မို့လည်း တူးဖော်တွေ့ရှိတဲ့ စိန့်ပီတာရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကိုလည်း မေးခွန်းတွေ ထုတ်နေကြဆဲပေါ့။

မဒါနာ Maderna’s Façade

စိန့်ပီတာရဲ့ နောက်ထပ်ထူးခြားတဲ့ ဗိသုကာလက်ရာက မဒါနာ Maderna’s Façade မျက်နှာစာရဲ့ နောက်ဘက်မှာ ခန့်ခန့်ကြီးရှိနေတဲ့ လိပ်ခုံးအဆောက်အဦးပါပဲ။ အဲဒီလိပ်ခုံးအဆောက်အဦးကို မိုက်ကယ်အင်ဂျလိုက၁၅၄၇မှာ ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ကျွန်တော်တို့ ရန်ကုန်မြို့က ရွှေတိဂုံလိုပဲ ရောမမြို့ရဲ့ ဘယ်နေရာကနေ ကြည့်ကြည့် အထင်ကရ မြင်နိုင်တဲ့ အဆောက်အဦးပေါ့။ ရန်ကုန်မြို့တော်ရဲ့ ကျက်သရေဆောင် ရွှေတိဂုံက ၉၈မီတာပဲ မြင့်ပေမယ့် စိန့်ပီတာ ဘာဆီလီကာကတော့ ပေါင်းမိုးအဆောက်အဦး အပါအ၀င် ၁၃၆.၅၇မီတာ မြင့်သည်။ မိုက်ကယ်အင်ဂျလိုက ဗိသုကာတင်မကဘူး လက်ရာမြောက်တဲ့ ရုပ်တုတော်တော်များများကိုလည်း ဖန်တီးနိုင်ခဲ့သေး၏။ သူဖန်တီးခဲ့တဲ့ ဘာဆီလီကာ လိပ်ခုံးက ဗိသုကာပညာတင်မကပါဘူး။ အနုပညာဆန်တဲ့ ရုပ်တုဖန်တီးမှုပါ ပါဝင်နေတော့ အဆင့်အတန်း မြင့်မားတဲ့ ရှေးဟောင်းလက်ရာ အဆောက်အဦး အဖြစ်ထင်ရှားခဲ့ခြင်း ဖြစ်ပါသည်။

ဘာဆီလီကာ လိပ်ခုံးကို ရောမမြို့ တစ်နေရာက တွေ့ရပုံ

လိပ်ခုံးရဲ့ အတွင်းပိုင်း
မိုက်ကယ်အင်ဂျလိုပဲ နောက်ထပ် ထင်ရှားတဲ့ အနုပညာရှင် တစ်ယောက်ရှိခဲ့ပါသေးသည်။ ထိုသူက အလွန်လှပလက်ရာမြောက်တဲ့ ဘယ်လ်ဒါကင် Baldacchin ဘုရားဆောင်ကို ဖန်တီးခဲ့တဲ့ သူ၊ ဘာနီနီပါ။ ဘာနီနီက ဘာတီကန်စီးတီးအတွက် နှစ်ပေါင်း၅၀ အလုပ်လုပ်ပေးခဲ့တဲ့သူပါ။ သူကလည်း မိုက်ကယ်အင်ဂျလိုတော့လို ပန်းပုဆရာပါ။ သူနောက်ဆုံးဖန်တီးခဲ့တဲ့ ၁၆၇၆မှာ ဖန်တီးခဲ့တဲ့ decoration of the Chapel of the Sacrament ပါပဲ။ ကျွန်တော် Lasalle-Sia မှာ ကျောင်းတက်တုန်းက သူ့ရဲ့ ဖန်တီးမှုကို အနည်းငယ် သင်ခဲ့ရပါသေးသည်။

ဘာနီနီရဲ့ decoration of the Chapel of the Sacrament. အလယ်မှာ Baldacchin ဘုရားဆောင်ကို တွေ့နိုင်ပါသည်။

နောက်ထပ် ဘာနီနီကို ကျော်ကြားစေတဲ့ အရာက စိန့်ပီတာရင်ပြင် Saint Peter’s Squareပါ။ ဒီစိန့်ပီတာရင်ပြင် ဆောက်လုပ်နိုင်ဖို့အတွက် ဘာနီနီခမျာ တော်တော် ကြိုးစားခဲ့ရပါသေး၏။ ဒီရင်ပြင်ကို ၁၆၅၆ကနေ ၁၆၆၇အတွင်း တည်ဆောက်ခဲ့တာပါ။ ရင်ပြင်မတည်ဆောက်ခင်ကတည်းက ရှိနေခဲ့တဲ့ အီဂျစ်က သက်သေလို့အမည်ရတဲ့ အိုဘယ်လစ်စ်ကျောက်တိုင်ကိုလည်း ထည့်တွက်ခဲ့ရပါသေးသည်။ နောက်ပိုင်းမှာပေါ့ ထိုကျောက်တိုင်ကို ဗဟိုယူပြီး ရင်ပြင်တစ်ခုလုံးကို လှပခမ်းနားစွာ တည်ဆောက်နိုင်ခဲ့၏။

စိန့်ပီတာရင်ပြင် Saint Peter’s Square

စိန့်ပီတာဘာဆီလီကာနဲ့ပါတ်သက်ပြီး လူပြောသူပြောများတာကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ရှိနေခြင်းပါတဲ့။ ဒါကတော့ ဖြစ်နိုင်ပါသည်။ ကျောက်သံပတ္တမြား မပြောနဲ့ မရေမတွက်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေနဲ့တင် တန်ဖိုးမဖြတ်နိုင်တော့ပါ။ ၁၄၉၉မှာ မာလ်ဘယ်ကျောက်သားနဲ့ ထွင်းထုထားတဲ့ မိုက်ကယ်အင်ဂျလိုရဲ့ ပီရာထ Pieta ရုပ်ထုကလည်း ပန်းပုပညာ လေ့လာသူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်တုတစ်ခုပါပဲ။ သခင်ရေရှုကို လက်ဝါးကပ်တိုင်ပေါ်မှာ ကားစင်တင်ပြီးနောက် မိခင်ဖြစ်သူ မယ်ရီက သူမပေါင်ပေါ်မှာ ပွေ့ချီထားဟန်ရုပ်တုပါ။ ရုပ်တုက ဘယ်လောက်အသက်ပါသလဲဆိုရင် မယ်ရီရဲ့ ၀မ်းနည်း ပူဆွေးမှု၊ သခင်ရေရှုရဲ့ နာကျင်မှုတို့ကို တပြိုင်တည်း ခံစားနိုင်ပါ၏။ ဘာနီနီ ထုလုပ်ခဲ့တဲ့ Truth အမှန်တရားလို့ခေါ်တဲ့ ရုပ်တုကလည်း လာသမျှ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုပါပဲ။


မိုက်ကယ်အင်ဂျလိုရဲ့ ပီရာထ Pieta ရုပ်ထု
ဘာနီနီ ထုလုပ်ခဲ့တဲ့ Truth အမှန်တရားလို့ခေါ်တဲ့ ရုပ်တု

ဘာတီကန်မှာ နောင်ထပ်လေ့လာနိုင်တဲ့ နေရာကတော့ အပိုစတိုလစ်ခ် Apostolic Place နန်းတော်ပဲ ဖြစ်သည်။ အဲဒီနန်းတော်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ နေအိမ်၊ ရုံးခန်းများ၊ ပြတိုက်များ၊ စာကြည့်တိုက်များ၊ ဘုရားဝတ်ပြုဆောင်များ စသည့်အခန်းပေါင်း တစ်ထောင်ကျော်ရှိ၏။ ထိုအထဲမှာမှ နာမည် အကြီးဆုံးက စစ်ဆတင်းချက်ပယ်လ် Sistine Chapel လို့ ခေါ်တဲ့ ဘုရားဝတ်ပြုဆောင်နဲ့ အနုပညာလက်ရာမြောက်တဲ့ ရာဖေးလ်အခန်း Raphael’s Room တို့ပါဝင်ပါသည်။

ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ နေရာကတော့ စစ်ဆတင်းချက်ပယ်လ်ပါပဲ။ စစ်ဆတင်းချက်ပယ်လ်မှာ လက်ရာမြောက်တဲ့ ပါရီဂူနို၊ ရာဖေးလ်၊ မိုက်ကယ်အင်ဂျလိုတို့ရဲ့ ဖရက်စ်ကိုနံရံဆေးရေးပန်းချီတွေ အများအပြားရှိနေလို့ပါပဲ။ ပါရီဂူနိုဆွဲခဲ့တဲ့ The Christ giving the keys to St.Peter ကတော်တော်လေး လက်ရာကောင်းမွန်၏။ ခရစ်တော်က စိန့်ပီတာကို ကောင်းကင်ဘုံအတွက် သော့ကို ပေးနေတဲ့အခန်း ဖြစ်သည်။ အဆုံးအစမရှိတဲ့ ကောင်းကင် အနားသတ်ကို ပန်းချီရဲ့ နေရာ တော်တော်များများကို ယူထားပုံမှာ တော်တော်လေး လက်ရာ မြောက်ပါသည်။


ပါရီဂူနိုဆွဲခဲ့တဲ့ The Christ giving the keys to St.Peter

အာဒံကို ဖန်ဆင်းခြင်း

နံရံဆေးရေးပန်းချီတွေ အပြင် မျက်နှာကျက် အပြည့်ဆွဲထားတဲ့ ပန်းချီတွေလည်း ရှိပါသေး၏။ ထိုအထဲက မိုက်ကယ်အင်ဂျလိုရဲ့ အာဒံကို ဖန်တီးခြင်းဆိုတဲ့ ပန်းချီကားကတော့ ကျွန်တော့် အနှစ်သက်ဆုံး ပန်းချီပါ။ ဘုရားသခင်နဲ့ ဖန်တီးခံရသူယောက်ျားတို့ရဲ့ လက်ချောင်းချင်းနှစ်ခု ထိစပ်နေပုံက သဘာဝအလွန်ကျပြီး နောက်ပိုင်းမှာ အနုပညာရှင် တော်တော်များများက အတုခိုးခဲ့ကြပါသေး၏။ တကယ်တမ်းကျတော့ မျက်နှာကျက်မှာ ပန်းချီဆွဲဖို့ဆိုတာ အတော့်ကို ခဲယဉ်းလှပါသည်။ ဒါပေမယ့် မိုက်ကယ်အင်ဂျလိုက မရရအောင် ဆွဲနိုင်ခဲ့၏။ သူက အောက်ကနေ မော့ကြည့်ရင် သိသာမြင်သာအောင် အရောင်ခပ်တောက်တောက်တွေကိုသာ ရွေးပြီး သုံးခဲ့သည်။

မိုက်ကယ်အင်ဂျလိုရဲ့ မျက်နှာကျက်က ပန်းချီများ

စစ်ဆတင်းချက်ပယ်လ်ရဲ့ အထူးခြားဆုံး နောက်တစ်ချက်က Papal Conclave လို့ခေါ်တဲ့ ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲပါပဲ။ ဒီရွေးချယ်ပွဲက အနုပညာနဲ့ မသတ်ဆိုင်ပေမယ့် ဘာတီကန်စီးတီးရဲ့ အရေးကြီးဆုံးပွဲမို့ ဆက်ပြောချင်ပါသည်။ ပုပ်ရဟန်းမင်းကြီးတစ်ပါး သေဆုံးတာနဲ့ အဲဒီပုပ်ရဟန်းမင်းကြီးရဲ့ လက်စွဲ ကာဒီနယ်ကန်မာလမ်ဂိုက ပုပ်ရဟန်းမင်းအသစ် ရွေးချယ်ပွဲ အတွက် စီစဉ်ပေးရ၏။ နောက်ထပ် ပုပ်ရဟန်းမင်းအသစ်မရှိခင် ကန်မာလန်ဂိုက ဘာတီကန်စီးတီးမှာ အရေးပါဆုံး လူတစ်ယောက်ပါ။ သူကပဲ ဦးဆောင်ပြီး အရွေးချယ်ခံဖို့ စံတွေနဲ့ ပြည့်စုံတဲ့ ထင်ရှားတဲ့ ကာဒီနယ်တွေကို ဘာတီကန်ကို ပင့်ဖိတ်ရပါသည်။ အဲဒီနောက် ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲကို စတင်ရသည်။ ရွေးချယ်နေစဉ်ကာလမှာ အရွေးချယ်ခံရမယ့်သူနဲ့ ပြင်ပက လူတွေနဲ့ လုံးဝကို အဆက်အသွယ် ဖြတ်ထားရပြီး တော်ဝင်တံခါး သို့မဟုတ် မြင့်မြတ်တံခါး Holy Door ကို ပိတ်ထားရ၏။ ပုပ်ရဟန်းမင်းကြီး အသစ် အရွေးအချယ် မခံမရခြင်း အဲဒီ တံခါးကို ဖွင့်ခွင့်မရှိပါဘူး။ နောက်ဆုံးရွေးချယ်ပြီးမှသာ ပုပ်ရဟန်းမင်းကြီးအသစ်ကို ကမ္ဘာကို ကြေညာရပါသည်။ မကြေမငြာမချင်း ကန်မာလန်ဂိုနဲ့ ဆွစ်စစ်သားတွေက ဘာတီကန် လုံခြုံရေးကို တာဝန်ယူထားရပါသည်။ စစ်သားတွေ အားလုံးက ၁၆ရာစုက ၀တ်စားဆင်ယင်မှုအတိုင်း အပြာ၊လိမ္မော်၊အနီရောင် အစင်းတွေ ပါဝင်တဲ့ တူညီဝတ်စုံကို ယခုထက်တိုင် ၀တ်ဆင်ထားပါသေးသည်။

ပုပ်ရဟန်းမင်းအသစ် ရွေးချယ်ပွဲ၊ အနီရောင်ဝတ်ဆင်ထားသူတွေကတော့ အရွေးချယ်ခံ၇မယ့် ကာဒီနယ်များဖြစ်၏။
Holy Door
စစ်သားများ

ဘာတီကန်စီးတီးရဲ့ နောက်ထပ်ထင်ရှားတဲ့ နေရာက ဘာတီကန်အာခိုက်ဖ်ပါပဲ။ အဲဒီအာခိုက်ဖ်ထဲမှာ နှစ်ပေါင်းထောင်ချီတဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းထား၏။ ခရစ်ယာန်ဘာသာနဲ့ ပါတ်သက်တဲ့ လျှို့ဝှက်ချက်တွေ၊ ခေတ်ဦး သိပံကာလကမှတ်တမ်းတွေ၊ ထင်ရှားတဲ့ အနုပညာပစ္စည်းတွေအားလုံးကို သိမ်းစည်းထားရာနေရာ တစ်ခုလည်း ဖြစ်ပါသည်။ ၂၀၀ရမှာ အနီရောင်မြေဖြူနဲ့ ရေးဆွဲထားတဲ့ မိုက်ကယ်အင်ဂျလိုရဲ့ မူရင်း စိန့်ပီတာဘာဆီလီကာ ဖြတ်ပိုင်းပုံကို အာခိုက်ဖ်ထဲကပဲ ရှာဖွေတွေ့ရှိရပါသည်။ နောက်ပြီး သိပံပညာရှင် ဂါလီလီယိုရဲ့ မှတ်စုတွေကလည်း အဲဒီအာခိုက်ဖ်ထဲမှာပဲ ရှိနေဆဲပါပဲ။ သိပံပညာရပ်တွေက ဘုရားကျောင်းရဲ့ အယူဝါဒကို ဆန့်ကျင်နေလို့ သိပံခေတ်ဦးကာလမှာ ဘုရားကျောင်းရဲ့ အရေးယူမှုကို သိပံပညာရှင်တွေ ခံခဲ့ရပါသေး၏။ နောက်ပိုင်းမှာတော့ သိပံပညာရှင်တွေ စုစည်းပြီး အီလူမီနတီ Illuminati ဆိုတဲ့ လျှို့ဝှက်ဂိုဏ်းကို တည်ထောင်ပြီး ဘုရားကျောင်းကို ဆန့်ကျင်ခဲ့၏။ ထိုဂိုဏ်းနဲ့ပါတ်သက်တဲ့ အချက်အလက်တွေ အဲဒီအာခိုက်ဖ်ထဲမှာပဲ ရှိနေသေးတယ်လို့ တချို့ သမိုင်းပညာရှင်တွေက ယူဆကြပါသေးသည်။ ဘာပဲပြောပြော အဲဒီအာခိုက်ဖ်ထဲမှာ ဘာတွေရှိသလဲဆိုတာတော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ ပုပ်ရဟန်းမင်းကြီးနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကလွဲလို့ ဘယ်သူမှ ဒီအာခိုက်ဖ်ထဲကို ၀င်ခွင့်မရှိပါဘူး။ တော်ရုံတန်ရုံ အပြင်လူတွေကိုလည်း ၀င်ခွင့်မပေးပါဘူး။

အခုနောက်ပိုင်းမှာတော့ ဘာတီကန်စီးတီးက ကမ္ဘာလှည့်ခရီးသည်တွေရဲ့ စိတ်ဝင်စားစရာ နေရာ တစ်ခုဖြစ်လာပါပြီ။ ကမ္ဘာမှာ ခရစ်ယာန်ဘာသာရပ်ကိုလည်း မေးခွန်းထုတ်တဲ့ လူတွေကလည်း တော်တော်များလာပါပြီ။ အရင်တုန်းကတော့ ဘာတီကန်စီးတီးက ဘုရားသခင်ပေါ် ယုံကြည်မှုနဲ့ လှူတန်းငွေတွေ ရံပုံငွေတွေများနဲ့ ချမ်းသာခဲ့သလောက် အခုတော့ နည်းပါးလာပါပြီ။ အခုအချိန်ထိတော့ ဘာတီကန်စီးတီးက ငွေရေးကြေးရေးနဲ့ ဘာမှ ပူပင်မှုမရှိသေးပေမယ့် တစ်နေ့နေ့ တချိန်ချိန် ဘုရားသခင်ကို မယုံကြည်တဲ့သူတွေ တိုးပွားလာလေ၊ ဘာသာမဲ့တွေများလာလေ ဘာတီကန်ဘဏာရေးအတွက် အတော့်ကို စိုးရိမ်ဖွယ်ရာ ရောက်လာမယ်လို့ထင်ပါသည်။

ကိုးကား။
www.wikimedia.com
Angels and Demons by Dan Brown