April 30, 2009

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မှာ ပုဂံမပါ

ပုဂံဆိုရင် ကျွန်တော်တို့ မြန်မာတိုင်း သိကြပါသည်။ မြန်မာ့ ရှေးဟောင်း အမွေအနှစ်သာမက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ပါ ဆိုပြီး ခပ်တည်တည်နဲ့ ကိုယ့်အိမ်သားတွေသာမက လာသမျှ ရွှေဧည့်သည်တွေကို လက်ညှိုးထိုး ပြခဲ့ကြသည်။ ထိုသို့ ပြခဲ့တဲ့ အထဲတွင် ကျွန်တော်လည်း အပါအ၀င်ပါ။ ကျွန်တော့်အမ ဂျပန်လူမျိုးနဲ့ အိမ်ထောင်ကျတော့လည်း သူ့အမျိုးသားကို ပထမဆုံး လိုက်ပို့ပေးတာ ပုဂံ။ ကျွန်တော့်ချစ်သူကို မြန်မာပြည်ကို ပထမဆုံးရောက်လာတော့လည်း ပထမဆုံး ခေါ်လာမိတာ ပုဂံ။ ကမ္ဘာပေါ်တွင် ရှေးဟောင်း အဆောက်အဦးတွေ အများဆုံး ရှိတာ ကျွန်တော်တို့ ပုဂံ။ နှစ်တစ်ထောင် မပြည့်သေးတဲ့ သမိုင်းကို နှစ်နှစ်ထောင်နီးပါးလောက် အချီးအမွမ်းခံရတဲ့ ပုဂံ။ အခုတော့ ပုဂံသည် ကမ္ဘာပေါ်ရှိ သမိုင်းဝင်နေရာများတွင် နေရာမရခဲ့တာ ကြာပေါ့။

ကမ္ဘာမပြောနဲ့ အရှေ့တောင်အာရှ နိုင်ငံများနဲ့ ယှဉ်ရင်တောင် ပုဂံသည် ကမ္ဘောဒီးယားက အန်ကောဝပ်လောက်တောင် မခမ်းနားတော့။ အင်ဒိုနီးရှားနိုင်ငံက ဘိုယိုဘုဒေါဘုရားလောက်တောင် လူသိမများတော့။ ယိုးဒယားနိုင်ငံက ကိုယ်ဗမာတွေ ဖျက်ဆီးလို့ ပျက်ဆီးခဲ့ရတဲ့ အယုဒ္ဒယမြို့ဟောင်း လောက်တောင် ယူနက်စ်ကို စာရင်းထဲမှာ နေရာ မပေးခံရတော့။ တခါတလေ ပုဂံအတွက် တွေးမိရင် ရင်ထဲမှာ ချိချိပြီးနာသည်။ ပုဂံသည် ၁၉၇၅ငလျင်မှာ အသည်းဆတ်ဆတ်နာအောင် ငိုကြွေးခဲ့ရဘူးသည်။ အခုလည်း ပုဂံသည် ငိုကြွေးဆဲ။ ၉ကြိမ်တိုင်တိုင် ရောက်ခဲ့တဲ့ ပုဂံသည် ၉ကြိမ်မြောက်တိတိမှာတော့ ၀တ်ရုံ အသစ်ကို ၀တ်ဆင်ထားတာနဲ့ တူလှသည်။ ၂၀၀၇ခုနှစ်က တွေ့ခဲ့တဲ့ ပုဂံသည် နီညိုရောင် အုတ်အသစ်တွေနဲ့ အပြောင်းလဲကြီး ပြောင်းလဲနေပါ၏။

ကျွန်တော်ငယ်ငယ်တုန်းက ပုဂံနဲ့ပါတ်သက်ရင် အရမ်းရူးခဲ့ဖူးသည်။ ပုဂံလောက် ဘယ်နိုင်ငံမှာမှ ရှေးဟောင်းလက်ရာတွေ မရှိခဲ့ဘူးလို့ထင်ခဲ့သည်။ သမိုင်းသင်ကြားတဲ့ ဆရာ၊ဆရာမတွေကပဲ လိုတာလား၊ ကိုယ့်သင်ရိုးညွှန်းတမ်းကပဲ လိုတာလားမသိ။ အခုလို အတွေးတွေ ငယ်ငယ်ကတည်းက ရိုက်သွင်းခံခဲ့ရဖူးသည်။ ဆရာ၊ဆရာမတွေကြောင့်လို့တော့ မထင်။ ဆရာ၊ဆရာမဆိုတာ တပည့်တွေအတွက် လိုအပ်ရင် သိသမျှ လက်ဆင့်ကမ်းခဲ့ကြတာချည်းပါပဲ။ အခုတော့ နိုင်ငံတကာက လူမျိုးတွေနဲ့ တွေ့ရတော့ သူတို့နိုင်ငံက ရှေးဟောင်းယဉ်ကျေးမှုတွေ အကြောင်းပိုသိခဲ့ရသည်။ ကျွန်တော်တို့ ပုဂံထက် နိမ့်ကျတာတွေ ရှိသလို၊ အဆင့်အတန်းမြင့်မားတာတွေလည်း လက်လှမ်းမီသလောက် သိခဲ့ရသည်။

မြန်မာဆိုတာ ရပ်တည်ဖို့ ပုဂံဆိုတာ အမြဲရှိနေဖို့လိုအပ်သည်။ မြန်မာအစိုးရသည် ပုဂံအပါအ၀င် မန္တလေး၊ အင်းဝမြို့ဟောင်းမှ ရှေးဟောင်း လက်ရာ အဆောက်အဦးတွေကို ယူနက်စ်ကို လက်အောက်က ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေစာရင်းထဲကို ရောက်အောင် ကြိုးပမ်းခဲ့သည်။ ယူနက်စ်ကိုက World Heritage စာရင်းဝင် ရှေးဟောင်း အဆောက်အဦးတွေ အတွက် ဒေါ်လာ သန်းနဲ့ချီပြီး နိုင်ငံတကာကို ထောက်ပံ့နေကြ၏။ ဒီရှေးဟောင်း လက်ရာတွေကို မပျောက်မပျက်အောင် ယူနက်စ်ကိုက ဒေသခံ အစိုးရနဲ့ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်ကြ၏။ World Heritage စာရင်းဝင်နေရာမှန်သမျှ ကမ္ဘာလှည့်ခရီးသည်ကို လာရောက်လည်ပတ်အောင် ဆွဲဆောင်နိုင်ကြ၏။ နိုင်ငံတိုင်းလိုလိုက ဤနေရာ ဤဒေသ ဤအဆောက်အဦး ကမ္ဘာ့ရှေးဟောင်းအမွေပါဆိုပြီး လက်ညှိုးထိုးပြပြီး နိုင်ငံခြား ၀င်ငွေ တိုးပွားအောင် ဆောင်ရွက်နိုင်ကြ၏။ ထို့ကြောင့်ပင် မြန်မာအစိုးရသည် ၁၉၉၆ခုနှစ်မှာ ပုဂံအပါအ၀င် မြန်မာနိုင်ငံအရပ်ရပ်က နေရာမျိုးစုံကို World Heritage စာရင်းဝင်ဖို့ လျှောက်လွှာတင်ခဲ့သည်။ တင်ခဲ့တဲ့ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

• Ancient cities of Upper Myanmar: Innwa, Amarapura, Sagaing, Mingun, Mandalay (04/10/1996)
• Badah-lin and associated caves (04/10/1996)
• Bagan Archaeological Area and Monuments (04/10/1996)
• Inle Lake (04/10/1996)
• Mon cities: Bago, Hanthawaddy (04/10/1996)
• Myauk-U Archaeological Area and Monuments (04/10/1996)
• Pyu Cities: Beikthano-Myo, Halin, Tharay-Khit-taya (Sri Ksetra) (04/10/1996)
• Wooden Monasteries of Konbaung Period: Ohn Don, Sala, Pakhangyi, Pakhannge, Legaing, Sagu, Shwe-Kyaung (Mandalay) (04/10/1996)

ကမ္ဘာ့စာရင်းဝင် ဖြစ်ဖို့မလွယ်ကူလှ။ တကယ့် ရှေးဟောင်းလက်ရာ ဖြစ်မဖြစ်ကို သေချာအောင် စုံစမ်းစစ်ဆေးရသည်။ ရှေးဟောင်းလက်ရာ ဖြစ်ရုံနဲ့ မရသေး ဒေသခံအစိုးရက ယူနက်စ်ကိုက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုသလို၊ ရှေးဟောင်းလက်ရာတွေ ထိန်းသိမ်းဖို့ နိုင်ငံတကာ စံညွှန်းနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်သည်။ ဒါဟာ အရေးပါတဲ့ အချက်တစ်ခုလည်း ဖြစ်သည်။

အခုတော့ပုဂံသည် အိမ်နီးချင်းထိုင်းနိုင်ငံက အယုဒ္ဒယမြို့ဟောင်းနဲ့ ယှဉ်ရင် များစွာ သာပေမယ့် World Heritage စာရင်းမ၀င်ခဲ့။ ထိုင်းတို့သည် အဲဒီမြို့ဟောင်းကို ဗမာတွေ ဖျက်ဆီးခဲ့ချိန်က အတိုင်း အရှိကို အရှိတိုင်းထား၏။ သူတို့ရဲ့မျိုးဆက်သစ်တွေကို အပျက်အဆီးတွေကို ပြပြီး ဗမာမုန်းတီးရေးစိတ် ရိုက်သွင်းခဲ့၏။ ဘယ်အချိန်ပဲ ကြည့်ကြည့် လွန်ခဲ့သော အယုဒ္ဒရမြို့ဟောင်းက ယခုခေတ် အယုဒ္ဒရမြို့ဟောင်းမကွာခြား။ အတူတူသာ ဖြစ်၏်။ ထို့ကြောင့်ပင် ထိုမြို့ဟောင်းက World Heritage စာရင်းဝင်ခဲ့ခြင်းဖြစ်ဟန်တူသည်။

ရှေးဟောင်းလက်ရာ ထိန်းသိမ်းခြင်းဆိုသည်မှာ ဟောင်းနေတာကို သစ်သွားအောင် လုပ်ခြင်းမဟုတ်။ ပျက်နေတာကို အကောင်းပကတိ ပြန်ဖြစ်သွားအောင် ပြုပြင်ခြင်းမဟုတ်။ ဟောင်းနေတာကို စုတ်ပြတ်မသွားအောင် တယုတယ ထိန်းသိမ်းခြင်းသာ။ ပျက်နေတာကို လုံးဝပျက်စီး သိမ်ကောမသွားအောင် စောင့်ရှောက်ခြင်းသာ။ အခုတော့ ပုဂံသည် မှားနေတဲ့လက်အတွင်းကို လည်စင်းပေးလိုက်တာနဲ့တူသည်။

ပုဂံသည် တရုတ်ပြေးမင်းလက်ထက်မှာ စေတီကြီးငယ် အဆူဆူတို့ တရုတ်ရန်ကာကွယ်ဖို့ စစ်မြေကတုတ် ဖြစ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကာလမှာလည်း ဘယ်သူထွင်လိုက်မှန်းမသိတဲ့ မြတ်စွာဘုရား ဆင်းတုတော်မှန်ရင် လက်ချောင်းလေးတွေ အရှည်အတို ညီရမည်ဆိုတဲ့ မူကြောင့် ပုဂံရှိ ဘုရားဆင်းတုတော်တွေအားလုံး လက်ချောင်းလေးတွေ အဖျက်ခံခဲ့ရပြီး လက်ချောင်းတွေ အညီဖြစ်ခဲ့ရသည်။ ဒါကြောင့်ပင် ပုဂံလက်သစ် ဆိုပြီး ပျက်ရယ်ပြုခြင်း ခံခဲ့ရသည်။

အခုလည်း ပုဂံသည် World Heritage စာရင်းထဲ ၀င်ကာနီးမှ သီသီလေး ကပ်လွတ်ခံခဲ့ရပြန်သည်။ ယူနက်စ်ကိုက မြန်မာအစိုးရကို ပုဂံဘုရားတွေကို အလျင်စလို မပြုပြင်ဖို့တားမြစ်ခဲ့သည်။ ပြုပြင်ရာတွင်လည်း နိုင်ငံတကာက ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကြံဥာဏ်ပေးခဲ့သည်။ ဘုရားဟောင်းပြုပြင်တာ မြန်မာတို့ရဲယဉ်ကျေးမှုဆိုတော့ ဘယ်သူ့အကုအညီမှ မလို။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဘုရားတစ်ဆူပြီးအောင် ပြုပြင်နိုင်ကြ၏။ အဲဒီတုန်းက ဆိုရင် ဘုရားနံပါတ် ဘယ်လောက်ဘယ်လောက်ကို ပြုပြင်ဖို့ ဘယ်လောက် ဘယ်လောက်ကုန်ကျမည်ဆိုတာ သတင်းစာမှာ ပလူပျံလို့။ အဲဒီတုန်းက အရွယ်မရောက်သေးတော့ သတင်းစာထဲမှာ အုတ်ပုံဘ၀ကနေ ဘုရားတစ်ဆူဖြစ်လာတဲ့ ဓါတ်ပုံလေးတွေ ကြည့်ပြီး ပီတိတွေ ဖြာလိုက်ရတာ။ နေ့ချင်းညချင်း ပုဂံမြို့ဟောင်းမှာ ဘုရားအသစ်တွေ တစ်ဆူပြီး တစ်ဆူပေါ်လာလို့ ၀မ်းသာလို့ မဆုံး။

အခုတော့ အသစ်တွေ ကြည့်ပြီး မျက်ရည်တောင်ကျမိသည်။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ဆုံးတစ်ခေါက်ရောက်ခဲ့တဲ့ ပုဂံသည် အရင်တုန်းက ရောက်ခဲ့တဲ့ ပုဂံနဲ့ မတူတော့။ ပုဂံခေတ်က ဗြတ်ကျယ်ကျယ် ခပ်ပါးပါးအုတ်တွေ နေရာမှာ ယခုခေတ် အုတ်နီညိုခပ်ထူထူတွေ အစားထိုးလို့။ ပုဂံခေတ်က မှိန်ပျပျနံရံပန်းချီတွေနေရာမှာ သစ်လွင်တဲ့ ထုံးဖြူဖွေးဖွေးက နေရာယူလို့။ ပုဂံခေတ်လက်ရာမှန်ရင် အခုခေတ် စေတီပုထိုးတွေလို ထီးမပါ။ အထွတ်နဲ့သာ ပြီး၏။ အခုတော့ အထွတ်တွေ နေရာမှာ ခေတ်သစ်ထီးတော်တွေက တောက်ပလို့နေပြီ။ စွယ်တော်လေးဆူတောင်မှ ပုဂံခေတ်မှာ မရှိခဲ့တဲ့ ရွှေရောင်တွေနဲ့ ကြည်ညိုဖွယ်ကောင်းလို့။ ဘယ်လိုပဲပြောပြော။ မြန်မာတွေရဲ့ သဒ္ဒါတရား ထက်သန်မှုက ၀မ်းမြောက်စရာ။ ဒါပေမယ့် အဲဒီသဒ္ဒါတရား ထက်သန်မှုကပဲ ပုဂံကို သတ်လိုက်တာလားမသိ။

အသစ်ပေါ်လာတဲ့ ဂေါက်ကွင်းတစ်ခု။ ထိုးထိုးထောင်ထောင်နဲ့ ဖြစ်နေတဲ့ မျှော်စင်တစ်ခု။ မူရင်းနေရာမှပဲ ဆောက်လုပ်ပြီးသွားတဲ့ နန်းတော်အသစ်။ အဲဒါတွေ အားလုံးကလည်း ပုဂံကို World Heritage ကနေ မောင်းထုတ်နိုင်ခဲ့သည်။

အရှေ့တောင် အာရှမှာ နာမည်ကျော်ကြားတဲ့ အန်ကောဝပ်ကိုလည်း ကျွန်တော် ရောက်ဖူးခဲ့သည်။ ထိုင်းတွေ တယုတယထားတဲ့ အယုဒ္ဒယမြို့ဟောင်းကိုလည်း ခြေဆန့်ခဲ့ဘူးသည်။ အခုလည်း အင်ဒိုနီးရှားက ဘိုယိုဘုဒေါကိုလည်း သွားပါဦးမည်။ သေချာတာတစ်ခုကတော့ အဲဒီနေရာအားလုံးက ကျွန်တော့်ကို အတိတ်ကို ပြန်ခေါ်သွားနိုင်စွမ်း ရှိကြသည်။

အခုတော့ ပုဂံသည်
အရင်လို မဟုတ်တော့။
တိတ်တိတ်လေး
ရှိုက်၍ ရှိုက်၍ ငိုတတ်နေပြီ …….
သူ့ကို မမှတ်မိတော့တဲ့
သူ့ရင်သွေးလေးတွေကို
ငါ… အမေပါ ဆိုပြီး..
ရင်ဘတ်စည်တီးပြီး
လွင်တီးခေါင်ပြင်က အော်တတ်နေပြီ ………….
သူ့ခနာကိုယ်ထဲကို
ဝင်ရောက်လာတဲ့
နီညိုရောင်သွေးစက်တွေကို ကြည့်ပြီး
ငါ့သွေးမဟုတ်ပါဘူးဆိုပြီး
မြစ်ဧရာ ဆေးကြောဖို့
ကယ်ပါယူပါ တစာစာဖြစ်နေပြီ ……..
အခုတော့ ပုဂံသည်…..
……………………………
……………………………
……………………………။

ကဲ... ပုဂံကို ချစ်ရင်
ဘယ်လို ကာကွယ်ကြမှာလဲ......



အရင်တုန်းက ပုဂံ
ရွှေရောင်ထီးတွေနဲ့ ၀င်းလတ်နေတဲ့ ခေတ်သစ်ပုဂံ

သစ်လွင်တောက်ပ နေတဲ့ ခေတ်သစ်ပုဂံ

အယုဒ္ဒယမြို့ဟောင်း
ဘိုယိုဘုဒေါ

အန်ကောမြို့ဟောင်း

April 27, 2009

ရာမ၊ လက္ခဏ၊ သီတာနဲ့ ဒဿ

ရာမ၊ လက္ခဏ၊ သီတာနဲ့ ဒဿ ဆိုရင် ကျွန်တော်တို့ မြန်မာတွေက သီတာနဲ့ ဒဿကို ပိုသိကြမည် ထင်ပါသည်။ သူတို့အကြောင်းကို ရာမယဏ ဇာတ်တော်ကြီးကနေ တဆင့် လူတိုင်းသိဘူး ကြလိမ့်မည်။ မြန်မာနဲ့ ရာမယဏသည် ရှေးယခင် ပုဂံခေတ်ကတည်းက ရင်းနှီးကြပြီးသား။ ရာမယဏ မပါလျှင် မြန်မာ့အနုပညာ လောကသည် ပြည့်စုံဟန်မထင်။ သီတာနဲ့ ဒဿကို လွှမ်းမိုးက အချစ်ရှူံးသမား ဒဿသီရိလို့လည်း ဟစ်ဘူးသည်။ ဆရာချစ်ဦးညိုကလည်း လင်္ကာဒီပချစ်သူဆိုပြီး မြန်မာ့ အနုစာပေလောကမှာ တင်ဖူးသည်။ မယ်သီတာလို မိန်းကလေး ဆိုပြီး ရန်အောင်နဲ့ မို့မို့မြင့်အောင် တို့ကလည်း သီတာဒေ၀ီကို ညွှန်းဆိုပြီး ဇာတ်အိမ်တစ်ခုမှာ သရုပ်ဆောင်ခဲ့ဖူးကြသည်။ ဘယ်လိုပဲ ပြောပြော … ရာမယဏက မြန်မာ့သုခုမနယ်မှာတော့ အထင်အရှားပါဝင်ခဲ့တာ မလွဲပေါ့။

ရာမယဏ ဘယ်ကစလဲလို့မေးရင် အိန္ဒိယက စတယ်လို့ပဲ ပြောရမည်လားမသိ။ ရာမယဏကဗျာကို အိန္ဒိယမှာဘီစီ ၆ရာစုနဲ့ ၃ရာစုကြားမှာ သက္ကတ ဘာသာ စကားနဲ့ ရေးဖွဲ့ခဲ့ဖူးသည်တဲ့။ အခုတော့လည်း ရာမယဏက အာရှတခွင်ကို ခြေဆန့်လိုက်တာ အရှေ့တောင်အာရှ တခွင်မှာ သူမပါရင် မပြီးတော့။ ယိုးဒယား၊ ကမ္ဘေဒီးယား၊ လာအို၊ အင်ဒိုနီးရှားမှာ သူချည်းက နေရာတကာပါသည်။ နံရံဆေးရေးပန်းချီမှာလည်းသူ၊ လက်ဝတ်ရတနာတွေမှာလည်းသူ။ အိုးခွက်ပန်းကန်တွေမှာလည်းသူ။ နေရာတကာ သူချည်းသာ။

ဒီနေရာမှာ ရာမာယဏနဲ့ပါတ်သက်တဲ့ အကြောင်းတွေရေးရင် ရေးလို့ကုန်မှာ မဟုတ်တော့။ ဒီတော့ သူနဲ့ ပတ်သတ်တဲ့ ပြဇာတ်တွေအကြောင်း သိသလောက် ပြောပြချင်သည်။ ကျွန်တော် ငယ်ငယ် ကိုးနှစ် ၁၀နှစ်ကတည်းကတည်းက အမျိုးသားပြဇာတ်ရုံမှာ ကြည့်တတ်နေပြီ။ န၀တအစိုးရက ရာမယဏပြဇာတ်ပြိုင်ပွဲတွေ လုပ်ပြီး ဆုရ အဖွဲ့တွေ ကတော့လည်း အလွတ်မပေးခဲ့။ အဲဒီလောက်တောင် ရာမယဏပြဇာတ်ကို မြတ်နိုးခဲ့တာ။ ဇာတ်ကြိုက်တာချင်းကတော့ ကျွန်တော်နဲ့ မေမေနဲ့တော့ အတူသား။ ထိုင်ရင် ရှေ့ဆုံးက အမြဲထိုင်ချင်နေခဲ့။ မေမေဆိုရင် ရှေ့ဆုံးမှာ အထိုင်ကောင်းတော့ ဆိုင်းဆရာက ပတ်မကြီးကို ဗြုန်းခနဲတီးလိုက်တော့ နှလုံးလေဟပ်ပြီး မေ့သွားလို့ ပွဲခင်းထဲကနေ ပွေ့ချီထုတ်ခဲ့ရဘူး၏။ ကျွန်တော်ကတော့ မေမေ့လို မဟုတ်။ အခုထက်ထိ ရှေ့ဆုံးမှာ ထိုင်ချင်နေတုန်းပဲ။

အခုတော့ ရာမာယဏနဲ့ပါတ်သတ်လာရင် ပိုပိုပြီး စိတ်ဝင်စားလာသည်။ ဘာဖြစ်လို့လဲ ဆိုတော့ ရာမာယဏက ကျွန်တော်တို့ မြန်မာနိုင်ငံတွင် သာမကဘဲ တခြားနိုင်ငံတွေမှာလည်း ပိုပြီး နာမည်ကြီးတာလည်းပါသည်။ မြန်မာနိုင်ငံမှာတော့ ရာမယဏနဲ့ ပါတ်သတ်လို့ (၃)မျိုး ရှိပါသည်။
(၁) ဇာတကဇာတ်တော်လာ ဘုရားအလောင်းတော် ရာမ
(၂) ထိုင်းနိုင်ငံမှ ရာမဇာတ်နဲ့ အိန္ဒိယမှ ၀င်ရောက်လာတဲ့ ရာမဇာတ်တို့ကို ပေါင်းစု ဖြစ်ပေါ်လာတဲ့ ပုံတော်ရာမဇာတ်
(၃) ဗြဟ္မဏ၀ါဒီ၊ ဗိဿနိုးဝါဒီတို့နဲ့ ပါတ်သတ်တဲ့ ရာမဗိဿနိုး၊ ပသျှူးရာမ စသည်တို့ဖြစ်ပါသည်။

ယင်းတို့အနက်မှ ပုံတော်ရာမဇာတ်က စာပေဂီတ၊ အနုပညာ နယ်ပယ်မှာ အရမ်းကို ကျော်ကြားလှပါသည်။ ဒီပုံတော်ရာမဇာတ်နဲ့ ပသျှူးရာမဇာတ်တို့က တော်တော်လေးဆင်ကြပါသည်။ နိုင်ငံတကာမှာ ကပြနေတဲ့ ရာမာယဏပြဇာတ်တွေကလည်း ဒီပြဇာတ်တွေနဲ့ တော်တော် ဆင်ပါ၏။ ပုဂံခေတ်လွန် အင်းဝခေတ်ရောက်ချိန်မှာတော့ ထိုင်းနိုင်ငံက ရာမဇာတ်က နှုတ်ပြော အနေနဲ့ ရောက်လာပါပြီ။ တကယ်တမ်းရာမဇာတ်ကို မြန်မာနိုင်ငံမှာ ကပြတဲ့ အချိန်မှာတော့ ထိုင်းနိုင်ငံထက်နောက်ကျတယ်လို့ ယူဆရပါသည်။

ဘိုးတော်ဘုရားလက်ထက် (၁၇၈၂- ၁၈၁၉) မှာတော့ ဦးအောင်ဖြိုးက ရာမသာချင်းဆိုပြီး ယိုးဒယားက ရာမပြဇာတ်ကို အခြေံခံပြီး မြန်မာဆန်ဆန်ရေးဖွဲ့ခဲ့ပါသေးသည်။ သို့သော်သမိုင်းပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ မြန်မာ့နန်းတွင်းထဲမှာ ၁၇၇၀ကျော်လောက်ကတည်းက ကပြနေပြီဟု ယူဆကြ၏။ ထိုသို့ကပြရာတွင်လည်း ယိုးဒယားနိုင်ငံမှ ပြဇာတ်များကို ကိုးကားကြပါသေးသည်။ ယိုးဒယားတွေကတော့ ရာမဇာတ်ကို မလေးကျွန်း ပသျှူးကျွန်းဆွယ်မှ ရရှိတယ်လို့လည်း ယူဆလို့ရပြန်ပါသည်။ ယိုးဒယားလူမျိုးတွေက ပသျှူးကျွန်းဆွယ်မှ ရသော ရာမပြဇာတ်မှ နေရာများ ဇာတ်ကောင်များကို သူတို့ဒေသနဲ့ ကိုက်ညီအောင် အမည်ပြောင်းပြီး ကပြခဲ့ကြသည်။ မြန်မာတွေကတော့ ယိုးဒယားမှ လက်ဆင့်ကမ်းယူခဲ့သော်ငြားလည်း တက္ကသဘာသာမှ မူရင်းပြဇာတ်ကို လေ့လာခဲ့ပြီး မူရင်းပြဇာတ်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ဖန်တီးယူခဲ့ကြ၏။

ရာမပြဇာတ်ကြောင့် မြန်မာစာပေ၊ ဂီတနဲ့ အနုပညာတို့ရဲ့အခန်းကဏကလည်း ပြောင်းလဲခဲ့တယ်လို့ ဆိုနိုင်ပါသည်။ မြန်မာဂီတလောကမှာ ယိုးဒယားအတီး၊ ယိုးဒယားအက ဆိုပြီး ညောင်ရမ်းခေတ်ကတည်းက သီးသန့်ရှိခဲ့သည်။ အခုခေတ်တွင်တော့ မဟာဂီတ သင်ရိုးတွင် ကြိုးဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုးပြီးလျှင် ယိုးဒယားသီချင်းများကို တစ်ဘာသာသင်ရပါသည်။ မြန်မာဂီတ၀င် ယိုးဒယားသီချင်းများမှာ ဇာတ်ဝင်သီချင်းအများစု ဖြစ်သော်လည်း နောက်ပိုင်းမှာတော့ သီချင်းအလွတ်တွေ ရေးလာကြ၏။ (မြန်မာနဲ့ ယိုးဒယားယဉ်ကျေးမှု ဆက်နွယ်မှုအကြောင်း လေ့လာပြီး ခေါင်းစဉ်တစ်ခုအနေနဲ့ ရေးပါဦးမည်။)

ရှေးတုန်းကတော့ ရာမာယဏဇာတ်ကို ၆၅ရက်ကြာအောင် ကပြခဲ့ကြသည်။ ရှေးခေတ်နန်းတွင်းဇာတ်ရုံမှာ ကပြချိန်မှာ တစ်ရက်ကို အနည်းဆုံး သုံးလေးနာရီကြာခဲ့၏။ စစ်ကြိုခေတ်က ရန်ကုန်မြို့ ရေကျော်ရပ်မှာ ကပြချိန်မှာ ညဉ့်ဦးယံကနေ မနက်မိုးလင်းအထိ နေ့စဉ်ကတာတောင် တစ်လခွဲ၊ နှစ်လထက် ကြာသေးသည်။ ခုနှစ်ည တိတိကတဲ့ အခါလည်း ကခဲ့ကြသေးသည်။ အခုနောက်ပိုင်းမှာတော့ တစ်ညတည်းနဲ့ ပြီးအောင် ကလာတော့သည်။ ရာမာယဏဇာတ်သည် ချဲ့ရင် ချဲ့နိုင်သလောက် ဇာတ်ကွက်ရှည်သည်။ ထို့ကြောင့်ပင် ရှေးယခင်က ရက်ရှည်လများ ကခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်ကပြတဲ့ ရာမာယဏဇာတ်တော်မှာ သီချင်းသံ ဂီတသက်သက်သာ။ အခန်းခွဲလေးတွေ အများကြီး ရှိပြီး ဇာတ်မကမီ ဇာတ်လမ်းပြောသူက ပြေပြလေ့ရှိ၏။ တီးလုံးအတီးသက်သက်သာ ကပြခြင်း၊ တချို့ဇာတ်ကောင်များက မျက်နှာဖုံးစွတ်ပြီး ကပြခြင်း စသည်တို့ကြောင့် အမူအယာများကို သာသာထိုးထိုး သရုပ်ဆောင် ပြကြရသည်။ တချို့နိုင်ငံခြားသားများခမျာ တီးလုံး သက်သက်သာရှိတဲ့ ရာမာယဏဇာတ်ကို မခံစားတတ်ကြ၊ တစ်ဝက် တပြတ်နဲ့ ထပြန်ကြတာတွေလည်း တွေ့ခဲ့ဖူး၏။ ဇာတ်ကောင်တွေရဲ့ ဇာတ်ဝတ်ဇာတ်စားတွေကတော့ ထိုင်းနိုင်ငံဆီမှ အငွေ့အသက်တွေ တော်တော် လွှမ်းတယ်လို့ ဆိုနိုင်ပါသည်။

ကျွန်တော် ကြည့်ဖူးတဲ့ ထိုင်းရာမာယဏပြဇာတ်ကတော့ မြန်မာတို့နဲ့ အနည်းငယ် ကွဲလွဲတယ်လို့ ဆိုနိုင်ပါသည်။ မြန်မာပြဇာတ်ကတော့ ထိုင်းနိုင်ငံရဲ့ အငွေ့အသက်တွေ ရှိသောလငြားလည်း တေးဂီတသံက သွက်၏။ ထိုင်းဂီတကတော့ အနည်းငယ် ငြိမ့်တယ်လို့ ဆိုနိုင်ပါသည်။ ကြည့်ခဲ့ရတဲ့ ပြဇာတ်က အကောင်းဆုံး မဟုတ်တော့ ထိုင်းတို့ရဲ့ တကယ့်ပညာကို သိပ်ပြီး မခန့်မှန်းနိုင်ခဲ့။ ဒါပေမယ့် အရမ်းတော့ ကြည့်လို့ကောင်းသည်။

နောက်ထက် ကျွန်တော် ကြည့်ဖူးတာ တစ်ခုရှိသေးသည်။ အဲဒါက အင်ဒိုနီးရှားနိုင်ငံက အရိပ်ရုပ်သေးပြဇာတ်ပါပဲ။ Lasalle Sia မှာ ကျောင်းတက်တုန်းက ကျောင်းက အင်ဒိုနီးရှား ကျောင်းသားတွေက သူတို့ရုပ်သေးပြဇာတ်အကြောင်း ကပြခဲ့ဖူးသည်။ အင်ဒိုနီးရှားက ရာမာယဏပြဇာတ်ကို အရိပ်ရုပ်သေးများဖြင့် ကပြသေးသည်။ သူတို့ရုပ်သေးပြဇာတ်တွေက ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆော့ခဲ့ဖူးတဲ့ ရုပ်ရှင်ပြတိုင်း ဆော့တာနဲ့ အတော် ဆင်တူ၏။ ကားလိပ်ကို အရှေ့မှာချ။ အရုပ်ကလေးတွေကို ကားလိပ်အနောက်မှာ ထားပြီး အလင်းရောင် ကို အနောက်မှ ထိုးပြီး အရုပ်ကလေးတွေရဲ့ အရိပ်ကို ကားလိပ်ကို ထင်စေသည်။ ပွဲကြည့်တဲ့သူတွေက ကားလိပ်ရှေ့မှာ ထိုင်ပြီး ကြည့်ကြရသည်။ အလွန်စိတ်ဝင်စားစရာ ပြဇာတ်လေးပါပဲ။

ရာမာယဏဇာတ်ကတော့ အိန္ဒိယက ပေါက်ဖွားလာတဲ့ ပြဇာတ် တစ်ပုဒ် ဖြစ်သော်လည်း အရှေ့တောင် အာရှရဲ့ အနုပညာ ရတနာ ဖြစ်ဆဲ။ မြန်မာနိုင်ငံမှာလည်း ရာမာယဏပြဇာတ်ကို အလေးထားဆဲ။ ရာမထက် ဒဿကို မြန်မာလူမျိုးတွေ စိတ်ဝင်စားဆဲ။ ဘာပဲဖြစ်ဖြစ် ရာမာယဏဇာတ်ကတော့ အာရှလည်ဆွဲ အဖြစ် အမြဲ ရှိနေဆဲသာ။


မြန်မာနိုင်ငံက ရာမာယဏပြဇာတ်




ထိုင်းနိုင်ငံက ရာမယဏပြဇာတ်



ဗီယက်နမ်နိုင်ငံက ရာမယဏပြဇာတ်


လာအိုနိုင်ငံက ရာမယဏပြဇာတ်



ကမ္ဘေဒီးယားနိုင်ငံက ရာမယဏပြဇာတ်



အင်ဒိုနီးရှားနိုင်ငံက ရာမယဏပြဇာတ်



အင်ဒိုနီးရှားနိုင်ငံက အရိပ်ရုပ်သေး



အင်ဒိုနီးရှားနိုင်ငံက ဒုတ်ထိုးရုပ်သေး



မြန်မာနိုင်ငံကရုပ်သေး



ကိုးကား


လှသမိန်၊ မြန်မာရာမာယဏ

www.wikipedia.com

http://www.dogstreetjournal.com/story/3653

http://orias.berkeley.edu/SEArama/imagelibrary.htm

April 22, 2009

သံယောဇဉ်အလွန် (၅)

အခန်း(၄)

မိုးရော လေရော စဲသွားတဲ့အချိန်ကျတော့ လူတွေ ပုရွက်ဆိတ်အုံကို ဒုတ်နဲ့ထိုးသလို ထွက်လာ၏။ ရန်ကုန်မြို့ကြီးသည် အခုတော့ မြို့ပျက်ကြီး တစ်ခုပမာ။ သစ်ပင်တွေက အမြစ်ကနေ လဲကျကုန်သည်။ လမ်းဘေးဓါတ်တိုင်တွေကလည်း ကားလမ်းပေါ်မှာ အတုံးအရုံး။ ဂြိုလ်တုစလောင်းတွေကလည်း တွန့်ကျေလိမ်နေပြီး တစ်ချို့က လမ်းပေါ်မှာ တစစီပြန့်ကြဲလို့။ တစ်ချို့ကလည်း ကားတွေပေါ် ပိကျလို့။ တစ်နေရာနဲ့ တစ်နေရာ လမိးတွေ ပိတ်ကုန်သည်။ ကျွန်တော်ရော ချူးရော မြို့ထဲကနေ ဘယ်ကိုမှ သွားလို့မရ။

မေမေတို့ နေတဲ့ ဒဂုံမြောက်ပိုင်းမှာရော ဘာတွေ ဖြစ်ကုန်ပြီလဲ။ ဆက်သွယ်ရေးလိုင်းတွေ အကုန်ပြတ်ကုန်သည်။ ကျွန်တော်တို့နှစ်ယောက်စလုံး ဂဏာမငြိမ်။ ညနေဘက်ရောက်တော့ ဟိုတယ်မှာ ရေရော မီးရော ပြတ်ကုန်ပြန်သည်။ ချူးကလည်း မနက်က အရမ်းအေးလွန်းလို့ ဖျားမှာ စိုးရိမ်ပြီး ရေမချိုးခဲ့။ အခုတော့ မျက်နှာသစ်စရာ ရေပင်မရှိတော့။

ဟိုတယ်က စာရေးမလေးကို လေဆိပ်အခြေအနေကို မေးကြည့်တော့လည်း ဘာဆိုဘာမှမသိ။ နောက်ဆုံးရတဲ့ သတင်းက လေဆိပ်ကို လုံးဝပိတ်ထားရ၏တဲ့။ ဆူးလေအနီးအနား ပတ်ဝန်းကျင်ကလူတွေကလည်း သူတို့အိမ်တွေ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးကုန်တော့ ဟိုတယ်ကို လာတည်းကြသည်။ တဖြေးဖြေးနဲ့ ကျွန်တော်တို့တည်းနေတဲ့ ဟိုတယ်သည် လူချမ်းသာတို့ရဲ့ ဒုက္ခသည်စခန်းလို ဖြစ်လာနေသည်။ ဒီလိုနဲ့ မုန်တိုင်းအလွန် တစ်ရက်ကုန်တဲ့ အထိ ဘယ်ဆိုဘယ်မှ သွားလို့မရ။ ညမိုးချုပ်ခါနီးအထိ အနီးပတ်ဝန်းကျင်က လူတွေက ကိုယ်ထူကိုယ်ထ လမ်းတွေပေါ် ပိတ်လဲနေတဲ့ သစ်ပင်တွေ ခုတ်ထွင်ရှင်းလင်းဆဲ။ နောက်တော့ ရန်ကုန်တမြို့လုံး မှောင်အတိဖုံးလို့။ အခုတော့လည်း ရန်ကုန်သည် နာတာရှည် လူမမာတစ်ယောက်လို ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်နေသည်။ ဒီလိုနဲ့ပဲ တစ်ညတာသည် မျှော်လင့်ချက်မဲ့စွာ ကုန်ဆုံးခဲ့လေပြီ။

နောက်တစ်နေ မနက်မိုးလင်းတော့ ချုးက ပထမဆုံး ဧည့်ကြိုကောင်တာကို ပြေးပြီးမေးတာက လေဆိပ်အခြေအနေ။ အခုထက်ထိတော့ ဒီနိုင်ငံကနေ ထွက်သွားဖို့ မမြင်နိုင်သေး။ ဟိုတယ်မှာ ရေရတော့လည်း နောက်ကျိနေလို့ ဘယ်လိုမှ သုံးလို့မရ။ ဒီလိုနဲ့ပဲ ဆူးလေဘက်ကို ထွက်ပြီး ရတဲ့ တက္ကဆီကို ဈေးကြီးကြီးပေးပြီးငှားရသည်။ အမေတို့အိမ်သွားရာ လမ်းတလျှောက်မှာတော့ တော်တော်များများ ပျက်စီးနေကြ၏။ ကားကလေးကို ကန်တော်ကြီးဘက်ကို ပတ်မောင်းတော့ ကန်တော်ကြီး တစ်ခွင်သည် အခုတော့ လွင်တီးခေါင်ကြီးပမာ။

အမေတို့ အိမ်နားရောက်တော့ ကားကရှေ့ဆက်သွားလို့မရတော့။ အမေတို့နေတဲ့ ရပ်ကွက်တစ်ခုလုံး ရေလွှမ်းနေလို့ပါလား။ မထူးတော့။ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတဲ့ ချူးလက်ကိုဆွဲပြီး အမေတို့အိမ်ကို ရေတွေထဲက စမ်းတ၀ါးဝါးသွားရသည်။ ရေက ဒူးကျော်ပြီး တချို့နေရာတွေဆို ပေါင်လည်လောက် ရောက်ချင်ချင်။ အမေ့အိမ်ရောက်တာနဲ့ ရှိတာလေးတွေ ချက်ပြီး အမေက မနက်စာ ချက်ချင်း စီစဉ်ပေးတော့သည်။ အဖေကတော့ လန်သွားတဲ့ အမိုးကို ဖာထေးဖို့ သွပ်အသစ်တွေ သွားဝယ်နေဆဲ။ နောက်တော့ အမေက ဒဂုံမြောက်ပိုင်းက တခြားနေရာတွေမှာ တော်တော်ဆိုးတယ်တဲ့။ ဒီလိုကြားတော့ သူငယ်ချင်းတွေ အိမ်ကို သတင်းလိုက်မေးချင်လာသည်။ ဒီလိုနဲ့ပဲ ချူးကို အမေ့အိမ်မှာ ထားခဲ့ပြီး စက်ဘီးနဲ့ သတင်းလိုက်မေးဖို့ လုပ်တော့သည့်။ စက်ဘီးလေးတွန်းပြီး အိမ်အပြင်ထွက်ရုံပဲ ရှိသေးတယ်။ အမေက အိမ်ထဲကနေ အခုလို လှမ်းအော်လိုက်တယ်။

သားရေ….. မုန်တိုင်းက ဧရာဝတီဘက်မှာ အတော်ဆိုးတယ်တဲ့။ ပုသိမ်တို့ ဘာတို့ အမေတို့ မြို့တွေ အကြောင်း နားစွင့်ခဲ့ဦးနော်။

ပုသိမ်………….။ ပုသိမ်တဲ့။ လတ်တလော ဒုက္ခအမောတွေကြားမှာ ပုသိမ်ကို မေ့နေခဲ့တာ ကြာပေါ့။ အခုတော့လည်း တွေးစရာတွေ ရောက်လာပြန်ပြီ။ ဧရာဝတီဘက်မှာ အေ့ခြအနေဆိုးရင် သူရှိနေတဲ့ ပုသိမ်မှာရော…. အခြေအနေကောင်းသေးရဲ့လား။ မတွေးတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ အရာသည် အမှတ်တမဲ့ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့သည်။ မေ့ထားတဲ့ ဒဏ်ရာသည် တစစ်စ်နဲ့ပြန်နာလာသည်။ စက်ဘီးလေးပေါ် တက်လိုက်တဲ့အချိန်မှာတော့ အတိတ်ကအရိပ်တွေသည် ကျွန်တော့်စက်ဘီးနောက်ကို အမှတ်တမဲ့ ကပ်ပါလာတော့သည်။

စက်ဘီးလေးကို လမ်းမကြီးပေါ်မှာ နင်းနေတုန်းကတော့ ဘာမှ မခံစားရသေး။ ဒါပေမယ့် ဖြတ်ကူးနေကျ လမ်းကြားလေးကို သတိလက်လွတ် နင်းဝင်လိုက်ချိန်မှာတော့ အမှတ်တရတွေက အဲဒီလမ်းကြားလေးထဲမှာ ပြန့်ကြဲလို့နေတယ်လေ။

ဒီလမ်းလေး…………..။ ဒီလမ်းလေးမှာ ကျွန်တော်ရယ် သူရယ် ဆောင်းတွင်းဘက် ခေါက်တုံ့ခေါက်ပြန် အပြေးလေ့ကျင့်ခဲ့ဘူးသည်။ သူ့ရဲ့ နဖူးမှာ ဝေ့သီနေတဲ့ ချွေးစက်ကလေးတွေကြည်ပြီ့း သက်ပြင်းလေးတွေ ခိုးချမိတတ်လာသည်။ မောတဲ့ အခါ ခြေပစ်လက်ပစ် ကတ္တရာလမ်းပေါ် ထိုင်ချပြီး ဖိနပ်တွေ ချွတ်လိုက်တဲ့ အချိန်မှာ မာဆတ်ဆတ်လေးဖြစ်နေတဲ့ သူ့ရဲ့ ခြေမလေးကို လက်ချောင်းလေးနဲ့ ထိပြီး ကစားခဲ့ဖူးသည်။ အဲဒီတုန်းက သူက ကျွန်တော့် ပြုံးပြီး ကြည့်လို့ပေါ့။ ဒီလမ်းလေးမှာပဲ။ သူစိတ်ဝင်စားတဲ့ ကျောင်းက ကလေးလေးတစ်ယောက် ရှိသေးသည်။ အဲဒီကလေးလေးအတွက် ရည်းစားစာတွေ ကျွန်တော်ကိုယ်တိုင်ရေးပြီး သူ့အစား ပေးခဲ့ဖူးသည်။

ဒီလမ်းလေးကို အရင်က ဖြတ်သွားတိုင်း ဘာမှ သတိမရမိ။ ဒီနေ့ကျတော့မှ လဲကျနေတဲ့ သစ်ပင်အကိုင်းအခက်တွေကြားမှာ အတိတ်က အမှတ်တရတွေက တစစီ ကျိုးပဲ့လို့။ ဒီအတိုင်းပဲ………… မြင်နေရသည်။ ဒီလမ်းလေးမှာပဲ သူမေမြို့မှာ ကျောင်းသွားတက်တော့မယ်လို့ သိလိုက်ရချိန်မှာ ကျွန်တော် တိတ်တိတ်လေး ကြေကွဲခဲ့ဖူးသည်။ သူပထမဆုံး မေမြို့ကို ကျောင်းသွားတက်တဲ့ နှစ်မှာ ဒီလမ်းလေးမှာ တစ်ယောက်တည်း အလွမ်းတွေနဲ့ ကျန်ခဲ့ဖူးသည်။

သူမေမြိုကနေ ပထမဆုံးခွင့်ရက်နဲ့ ကျောင်းပိတ်ရက် ပြန်လာချိန်မှာ ဒီလမ်းလေးမှာ စိတ်လှုပ်ရှားစွာ ပြန်ဆုံခဲ့ဖူးသည်။ အဲဒီတုန်းက စက်ဘီးလေးတွေ ကိုယ်စီတွန်းရင်း မလွတ်တမ်း တစ်ယောက်ခါးကို တစ်ယောက်ဖက်လို့ ရယ်စရာတွေ ပြောခဲ့ဖူးသည်။ အဲဒီတုန်းကလည်း ဒီလမ်းလေးက ကျွန်တော်တို့နဲ့ အတူတူ လိုက်ပြီး ရယ်နေခဲ့ဖူးတယ်လေ။

အခုတော့ ဒီလမ်းလေးသည် မုန်တိုင်းရဲ့ ခြေထိုးခံမှုကြောင့် အရင်လိုမလှတော့။ ဒုတိယနှစ်ကျောင်းပိတ်ချိန်မှာတော့ ကျွန်တော်နဲ့ သူ့ရဲဆက်ဆံရေးတွေက အရင်လို ဟက်ဟက်ပက်ပက် မရှိတော့။ သူက သူလျှောက်မယ့်လမ်းကို အသေအချာရွေးပြီးနေတဲ့ အချိန်မှာ ကျွန်တော်က သူရဲ့ ဂုဏ်သိက္ခာအတွက် အမဲစက်တစ်ခုလို တဖြေးဖြေးဖြစ်လာနေတဲ့ အချိန်ပေါ့။ အဲဒိအချိန်တုန်းက ဒီလမ်းလေးက ကျွန်တော့်လိုပဲ တိတ်ဆိတ်နေခဲ့ဖူးသည်။

ငါအရင်လို မဟုတ်တော့ဘူးဆိုပြီး ကိုင်တွဲထားတဲ့ ကျွန်တော့်လက်တွေကို တွန်းပုတ်လိုက်တဲ့အချိန်။ အသက်လို့ ခေါ်မိလို့ ကျွန်တော့်ကို စူးရဲစွာ တစ်ချက်စိုက်ကြည့် ပြီး ကျောခိုင်းလိုက်တဲ့ အချိန်။ အဲဒီအချိန်တုန်းကလေ …………..။ ရှက်ပြီး ကလေးလေးတစ်ယောက်လို စက်ဘီးကို အသားကုန်နင်းပြီး သူ့ဆီက ပြေးထွက်လာခဲ့ဖူးသည်။ သူ့ကို ချစ်မိတာ လူစဉ်မမှီတဲ့ ရောဂါတစ်ခုလို ရှက်စိတ်တွေကို ထွေးပိုက်ပြီး ဒီလမ်းကလေးနဲ့ ဝေးရာ……… မိုင်ထောင်သောင်းချီတဲ့ နေရာကို တခါတည်း ပြေးထွက်ခဲ့ဖူးသည်။ အခုတော့လည်း ဒီလမ်းလေးက နာဂစ်ရဲ့ ဒဏ်ရာတွေနဲ့ မညီမညာ ဖြစ်ခဲ့ပြီ။ သူ့လိုပဲ ကျွန်တော့်နှလုံးသားမှာလည်း တချိန်က အခုလို ဒဏ်ရာတွေနဲ့ ကွဲအက်ခဲ့ဖူးသည်။ အခုတော့ အရာအားလုံး မနေ့ကနဲ့ မတူတော့။

ကျွန်တော် ရှက်စရာလို့ မြင်ခဲ့တဲ့ အရာသည် ရှက်စရာ မဟုတ်တော့။ လူ့ဘောင်ကြီးကနေ အပြစ်တစ်ခုလို မြင်တဲ့ အရာကို အပြစ်တစ်ခုလို မမြင်တော့။ ကျွန်တော့်မှာ အားပေးစရာ၊ လဲကျရင်ထူပေးမယ့် အရာ ။ ထိုအရာတွေနဲ့ ပြီးပြည့်စုံရာ………….. ချူးက ဘေးမှာ ရှိနေပြီ။ ဘာလိုသေးလဲ။ အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်စွာလိုအပ်နေမှသာ ချစ်ခြင်းဆိုတာ ပိုပီသပါသည်တဲ့။ သူ့အတွက် ကျွန်တော် မလိုအပ်တော့တဲ့ အချိန်မှာ သူ့အပေါ်ထားရှိတဲ့ ကျွန်တော့် ခံစားချက်တွေကရော အချစ်လို့ခေါ်နိုင်ပါသေးရဲ့လား။ တခါတလေတော့လည်း…….. သူ့ကို တိုက်ဆိုင်တဲ့ အခါတိုင်း သတိရနေမိသည်။ ဒါပေမယ့် အရင်ကလို နာကျင်သလားမေးရင် ခေါင်းကို ခါရမ်းမိမည်။ အရင်ကလိုရော ချစ်သေးလား မေးရင် တိတ်တိတ်လေး ခေါင်းညိတ်မိမည်။ ဒါပေမယ့် ဘယ်လောက်ချစ်သလဲ ထပ်မေးရင်တော့…………။ ဟင့်အင်း……. ဘယ်လောက်ချစ်သလဲ ဆိုတာတော့ ဘာဆိုဘာမှန်း မသိတော့တာပါလို့ ရိုးရင်းစွာ ဖြေမိမှာ အမှန်။

…………………..။………………………….

တတိယမြောက် မုန်တိုင်းအလွန် မနက်မှာတော့။ ကျွန်တော်နဲ့ ချူးနဲ့ ကံစမ်းပြီး လေဆိပ်ဆင်းကြသည်။ ကံကောင်းရင်တော့ လေဆိပ် ဖွင့်နိုင်ကောင်းပါရဲ့ ဆိုတဲ အတွေးနဲ့ပေါ့။ လေဆိပ်ရောက်တော့ ခရီးသည်တွေနဲ့ ပြည့်လို့။ ရန်ကုန်က ဘတ်စ်ကားတွေလိုပဲ ဖြစ်နိုင်ရင် အားလုံးက တိုးတက်ချင်နေကြတာ။ ကံကောင်း ထောက်မစွာနဲ့ပဲ….. ကျွန်တော်ရော ချူးရော လေယာဉ်ပေါ်ရောက်ခဲ့သည်။ လေယာဉ်ပေါ်ရောက်မှပဲ နှစ်ယောက်သား သက်ပြင်းချနိုင်ခဲ့သည်။ ဒါပေမယ့် ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေကတော့ ရောက်ယက်ခက်နေဆဲ။ ကိုယ်လိုလူတွေ ဒီမြို့ပျက်ကြီးဆီက ပြေးထွက်နိုင်ခဲ့ပေမယ့် ကျန်ခဲ့တဲ့သူတွေ ဘယ်လို စခန်းသွားကြမလဲ။ ဆက်ပြီး မတွေးရက်တော့။ ရှေ့မှာ လုပ်စရာတွေက အများကြီး ရှိသေးသည်။

လေယာဉ်က ဟိုးအမြင့်ကို ပျံတက်သွားချိန်မှာတော့ ပြောင်သလင်းခါနေတဲ့ တောအုပ်ကလေးတွေ၊ ရေလွှမ်းနေတဲ့ စိုက်ပျိုးခင်းတွေ၊ သွပ်ခေါင်မိုး အသစ်တွေကြောင့် ပြောင်ပြောင်လက်လက် ဖြစ်နေတဲ့ အိမ်ပုပုလေးတွေ။ အားလုံး…… အားလုံး…. အဝေးမှာ ကျန်ခဲ့သည်။ မျှော်လင့်ချက် ဆိုတဲ့အရာ။ လွမ်းဆွေးတမ်းတတတ်တဲ့အရာ။ ဒါတွေအားလုံး လေပြင်းတွေနဲ့အတူ အဝေးကို လွင့်စင်ပျောက်ကွယ် သွားကြပြီ။ ပျက်ဆီးခြင်း တချို့က အသစ်တဖန် ပြန်လည် မွေးဖွားလာနိုင်ပေမယ့် အရင်လို အခြေအနေတစ်ခုကို ပြန်လည် မရောက်နိုင်တော့။ ဒီလိုပါပဲ သူ့အပေါ်ထားခဲ့တဲ့ သံယောဇဉ်တွေက အသစ်တဖန် ပြန်လည်မွေးဖွားခဲ့တယ် ထားဦး အရင်လို မလတ်ဆက်နိုင်တော့တာ အမှန်ပါ။ အခုတော့ ကျွန်တော့်မှာ အားသစ်တွေ မွေးခဲ့ပြီ။ မျှော်လင့်ချက်အသစ်တွေ ရှင်သန်ခဲ့ပြီ။ ချူးကို ကျွန်တော့်ရင်ဘက်ထဲ ထွေးပွေ့လိုက်တဲ့ အချိန်မှာတော့ နှစ်ဦးသားတူညီတဲ့ ခံစားချက်……… အဲဒါ… ရင်ခုန်သံတွေက တူညီနေလို့ပေါ့။ ကျွန်တော့်ရဲ့ လည်တိုင်မှာ ချူးက ပါးလေး အပ်လိုက်ချိန်မှာတော့ သူ့ရဲ့ ကြမ်းရှရှ နှုတ်ခမ်းမွှေးပါးပါးတို့က ကျွန်တော်နှစ်သက်တဲ့ အတွေ့အထိလေးနဲ့ ကျီစယ်နေကြတယ်လေ။

ကျွန်တော့်အတွက်ကတော့ အတိတ်ဟောင်းတို့က အဝေးမှာ ကျန်ခဲ့သလို……….. သစ်လွင်တဲ့ အနာဂတ်တစ်ခုကလည်း အဝေးမှာ စောင့်ကြိုနေပြီ။ ဘာပဲပြောပြောပေါ့………။ ဆွေးမြေ့နေတဲ့ ပြက္ခဒိန်ဟောင်းတစ်ခုကို ဘယ်အချိန်ပဲ ပြန်လှန် ပြန်လှန် ဒီနေ့၊ ဒီရက်၊ ဒီသက္ကရာဇ်တွေကတော့ အမြဲ ရှိနေဦးမည်သာ။ ။

သရုပ်ဖော်ပုံ ကိုယ်တိုင်ဆွဲ၏။
ရွှင်လန်းချမ်းမြေ့ပါစေ။

April 18, 2009

သံယောဇဉ်အလွန်(၄)


သံယောဇဉ်အလွန်(၁)

သံယောဇဉ်အလွန်(၂)

သံယောဇဉ်အလွန်(၃)




လေဆိပ်ကိုရောက်တော့ တော်တော်ကို လူရှင်းနေသည်။ လေဆိပ်အ၀င်ပေါက်ဝမှာ ကုလားထိုင်တစ်လုံးနဲ့ ထိုင်စောင့်နေတဲ့ အမျိုးသမီးတစ်ယောက်ဆီကို ချဉ်းကပ်လိုက်ပြီး….. ပတ်စ်ပို့လေဆိပ်မှာ ကျန်ခဲ့လို့ပါ အမရယ် ကူညီပါဦးလို့ ပြောလိုက်တော့။ အဲဒီအမျိုးသမီးက မဆိုင်းမတွပဲ မနက်က ဘယ်လေယာဉ်နဲ့ လာတာလဲတဲ့။ ဘောလုံးနဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ရင်း …………..။

အမရယ်…………..။ ဒီနေ့မနက်လေယာဉ်နဲ့ မဟုတ်ပါဘူး။ သင်္ကြန်အကြိုနေ့က MAI နဲ့ပါ။

ထိုအမျိုးသမီးက မျက်လုံးပြူးသွားပြီး….. ဟယ်.. နှစ်ပတ်တောင် ရှိတော့မယ်… အခုမှ သိရလားလို့ ထအော်လေသည်။ ကျွန်တော်လည်း ခပ်ရှက်ရှက်နဲ့ .. ဟုတ်ပါတယ်ဗျာ…… သင်္ကြန်ကဲချင်စိတ်လွန်သွားလို့ပါ ဆိုပြီး ဘာမဆိုင် ညာမဆိုင် သင်္ကြန်ကိုသာ အပြစ်ပုံချလိုက်မိတော့သည်။ အဲဒီနောက် ထိုအမျိုးသမီးသည် ခဏလေးဆိုပြီး လေဆိပ်အတွင်းပိုင်းသို့ ၀င်သွားပြီး အတော်လေးကြာတော့ ပြန်ထွက်လာသည်။

မောင်လေးတို့ လာတဲ့ ရက်က စုံ ရက်ကြီး….. အခုက မ ရက်ဆိုတော့ အဖွဲ့တွေမတူဘူး…. မနက်ဖြန်ကျမှ ပြန်လာခဲ့ပါလားကွယ့်…..

အမရယ် ကျေးဇူးမမေ့ပါဘူး… တစ်ချက်လောက် ပြန်ပြီး စစ်ပေးပါလားဗျာ……

ကျေးဇူးဆိုတဲ့ နောက်ကွယ်မှာ ဘာတွေရှိတတ်သလဲဆိုတာတော့ အဲဒီအမကြီးလည်းကောင်းကောင်းသိပါသည်။ အဲဒီအခါမှာ မဆိုင်းမတွဘဲ ရုးံခန်းထဲကို ၀င်သွားပြီး ထွက်လာတဲ့ အခါကျတော့ စာအုပ်အနီလေးကို ကိုင်လို့။ အဲဒီစာအုပ်အနီလေးကို မြင်သွားတဲ့ အချိန်မှာ ဘယ်လိုဝမ်းသာရမှန်းမသိ။ အခုတော့လည်း ရပ်ကွက်ရုံးပြေးစရာ မလိုတော့ဘူးပေါ့။

…………………………………….။…………………………………………….

ဧပြီနွေက ပူသည်ထက်ပူလာသည်။ တစ်ချိန်က ဧပြီနွေလို ပူပြင်းလှတဲ့ ရင်ကလည်း အခုကျတော့လည်း ကျင့်သားရနေတဲ့ အပူသည်လို ငြိမ်သက်နေသည်။ ကိုယ့်အတွက် ပတ်စပို့ပျောက်တဲ့ ကိစ္စကပဲ ကယ်တင်ခဲ့လေရော့လားမသိ။ အခုတော့လည်း ရင်ထဲက တမြေ့မြေ့တောက်လောင်နေတဲ့ အတွင်းဒဏ်ရာထက် လက်တွေ့ပြဿနာတွေက ပိုပြီး အရေးပါနေသယောင်။ အခုတော့လည်း ပုသိမ်နဲ့ ငွေဆောင်နဲ့က ဝေးနေဆဲ။

ဒီလိုနဲ့ အချိန်တွေ၊ ပြဿနာတွေကြားမှာ လုံးပန်းနေရင်းနဲ့ပဲ ချူးက ရန်ကုန်ကို ရောက်လာခဲ့သည်။ လေဆိပ်ရောက်ရောက်ချင်းပဲ နှစ်ပတ်လောက်ဝေးနေရတဲ့ အချိန်မှာ သူ့ကို တောင်သတိမရဘူးမလား ဆိုပြီး ရန်တွေ့ မလို့တောင် လုပ်သေးသည်။ နောက်တော့လည်း ကျွန်တော့်ရဲ့ ဒုတိယအမက သူ့ဆီက အ၀တ်အစားထုပ်တွေကို ယူလိုက်တော့မှ စိတ်ကောက်ချင်တဲ့ သူ့မျက်နှာလေး ပုံမှန် ပြန်ဖြစ်သွားသည်။ ချူးနဲ့ ကျွန်တော့်အကြောင်း အိမ်က မိသားစုတွေ အားလုံးလိုလို သိကြသည်။ မေမေရော အမတွေ အားလုံးက ချူးကို အရမ်းချစ်ကြ၏။ မှတ်မိသေးသည်။ ဖေဖေ့ကို ချူးအကြောင်း ဖုန်းထဲကနေ အသိပေးတော့ ဖေဖေ စကားတစ်ခွန်းမှ ချက်ချင်းမဟနိုင်။ နောက်တော့မှ အင်းဆိုပြီး အသိအမှတ်ပြုတယ်လေ။ ဖေဖေ့ နေရာမှာဆို ကျွန်တော်လည်း အနေခက်မိမှာ အမှန်ပဲ။ ကြာလာတော့လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြချည်းသာပါပဲ။

ကျွန်တော် ပထမဆုံး လုပ်ဖြစ်တာက ချူးနဲ့ ရွှေတိဂုံဘုရားအတူတက်ကြသည်။ ဘုရားအတူတက်တော့ ချူးမျက်နှာလေးက ၀င်းလို့။ ချူးနဲ့ ကျွန်တော့်ကို လူတိုင်းက လိုက်ဖက်ညီတဲ့ အတွဲလို့ပြောတတ်ကြသလောက်၊ ဒါပေမယ့် တခါတလေဆိုတဲ့ အတွေးရိုင်းကလေးမှာ သူနဲ့ ပါတ်သက်တာတွေ ကပ်ပါလာတတ်သေးသည်။ အဲဒီအခါတိုင်းမှာ ချူးကို ကျွန်တော်ပိုပိုပြီး သနားမိလာ၏။ တခါတလေတော့လည်း အချစ်ဆိုတာ အဖြေရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။

ညနေရောက်တော့ အဝေးပြေးကားနဲ့…. ကျွန်တော်တို့နှစ်ယောက်ရယ်၊ ဒုတိယအမရယ်၊သူ့သားလေးရယ် ရခိုင်ပြည်ကို ထွက်လာခဲ့ကြသည်။ ချူးက ပုဂံကို ရောက်ပြီးသွားပြီဆိုတော့ အခုတခေါက်တော့ မြောက်ဦးကို ခေါ်သွားချင်၏။ မြောက်ဦးကလည်း ပုဂံလိုပဲ သာယာလှပတဲ့ နေရာလေးတစ်ခုပါ။

ညမှောင်မှောင်မှာ ကျွန်တော်တို့ကို သယ်ဆောင်လာတဲ့ အဝေးပြေးကားက အိပဲ့အိပဲ့ ရိုးမကို ဖြတ်ပြီး မောင်းနေသည်။ လမ်းမှာ လည်း စစ်ဆေးရေးဂိတ်တွေကိုလည်း ဖြတ်ရတာခဏခဏ။ ကားမောင်းဆရာက ခရီးသည်အားလုံးရဲ့ မှတ်ပုံတင်တွေကို ယူထားလိုက်ပြီး စစ်ဆေးရေးဂိတ်တွေမှာ ပြရသည်။ ချူးတစ်ယောက်လည်း သူ့ရဲ့ပတ်စ်ပို့လေးကိုပါ ပေးလိုက်ရတော့ လုံးဝစိတ်မချ။ ပတ်စ်ပို့ပေးလိုက်ရတဲ့ အချိန်မှာ ကျွန်တော့်လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားတဲ့ သူ့လက်တွေက စိုးရိမ်မှုတွေအပြည့်နဲ့။

ဂိတ်တစ်ခုရောက်တော့ ကားက တော်တော်နဲ့ မထွက်တော့။ လူတိုင်းကို မှတ်ပုံတင်နဲ့တိုက်စစ်ပြီးမှ ကားပေါ်တက်ခွင့်ပေး၏။ ပါလာတဲ့ ခရီးသည်တစ်ယောက်က ကုလားတစ်ယောက်ဖြစ်ပြီး ဗမာနာမည်နဲ့လေ။ သူ့ကိုမသင်္ကာတာနဲ့ ကားကတော်တော်နဲ့ မထွက်နိုင်။ နောက်တော့မှ ကားပေါ်မှာပါလာတဲ့သူက ရှင်းပြသည်။ မြန်မာနိုင်ငံမှာ ရှိတဲ့ FRC ကိုင်ထားတဲ့ တရုတ်နဲ့ ကုလားလူမျိုးမှန်သမျှ ရခိုင်ပြည်နယ်ကို မလာခင်မှာ ကြိုပြီး VISA လျှောက်ရသတဲ့လေ။ အဲဒီစနစ်ကြောင့် ရန်ကုန်က တရုတ်တွေတော်တော်များများ ငပလီကို တော်တော်နဲ့ မလာကြတော့ဘူးတဲ့။ ဟုတ်လား မဟုတ်လားတော့ မသေချာ။ ပြောပြတဲ့သူ ရှိတော့လည်း နားထောင်ဖြစ်မိသည်။

ဒီလိုနဲ့ ဂိတ်ပေါင်းများစွာ၊ တောင်ပေါင်းများစွာကို ဖြတ်ပြီး နောက်တစ်နေ့မနက်မှာတော့ သံတွဲမြို့ကို ရောက်လာတော့၏။ အမရဲ့ သူငယ်ချင်းဖြစ်သူက မြို့မျက်နှာဖုံးဆိုတော့ အဝေးပြေးကားက သူ့အိမ်အထိတောင်ရောက်သည်။ ရောက်ရောက်ချင်း ရေမိုးချိုး ခဏနားကြသေးသည်။ ချူးအတွက်ကတော့ မြင်မြင်သမျှ စိတ်ဝင်စားစရာတွေချည်းပါပဲ။ တပြုံးပြုံးနဲ့ မညည်းမငြူဘဲ ကိုယ်ခေါ်ရာလိုက်လာတဲ့ သူ့ကို ကြည့်လိုက်ရင်း ကိုယ့်ကျောကိုယ်မလုံတော့။ အခုတော့လည်း ငွေဆောင်အစား ငပလီက လက်တကမ်းအလိုမှာလေ။

ညနေမစောင်းမီ် ငပလီကမ်းခြေဘက် လမ်းလျှောက်ကြတော့ လေညင်းလေးတွေက လတ်ဆတ်လို့။ ကမ်းခြေတစ်ခုလုံး သန့်ရှင်းပြီး ကမ်းခြေတစ်လျှောက်မှာလည်း အဆင့်မြင့်တည်းခိုခန်းတွေကလည်း လှမှလှ။ ချူးကတော့ အဲဒီက ဘန်ဂလိုတွေမှာ တည်းချင်သတဲ့လေ။ အဲဒါနဲ့ပဲ အမရဲ့ သူငယ်ချင်းကို မေးကြည့်တော့ ဈေးအရမ်းကြီးတယ်တဲ့။ နောက်ပြီး ဟိုတယ်ပိုင်ရှင်ကလည်း မြန်မာနိုင်ငံမှာ အကြီးဆုံးလူတစ်ယောက်ရဲ့ သမီးပိုင်တယ်တဲ့လေ။ ပြောရင်းပြောရင်းနဲ့ အမရဲ့ သူငယ်ချင်း မျက်နှာမကောင်းတော့။ အမ ဘာဖြစ်တာလဲမေးလိုက်တော့မှ ဒီနေရာက အရင်က ဒေသခံတွေပိုင်တဲ့ နေရာတဲ့။ ငွေ သုံးလေးငါးသောင်း အလျော်ပေးပြီး ဒေသခံတွေကို တစ်နေရာရာကို ရွှေ့ပြောင်းခဲ့တယ်လေ။ အခုတော့လည်း ဒီနေရာမှာ ဟိုတယ်အကြီးစားကြီးတွေပေါ်လာပြီး ဆယ်စုနှစ်အတောတွင်းမှာပဲ သုံးလေးသောင်းတန်မြေကွက်တွေက သိန်းသုံးလေးငါးထောင်ပေါက်နေပြီ။ အခုတော့လည်း ဒါတွေအားလုံးက ဟုတ်သော်ရှိ မဟုတ်သော်ရှိ။ ဒေသခံတွေရဲ့ ယုံတမ်းစကားတွေဖြစ်လို့။

အဲဒီယုံတမ်းစကားတွေ ချူးကို ပြောပြလိုက်တော့ ဟိုတယ်ကြီးတွေမှာ တည်းချင်တဲ သူ့ရဲ့ အာသီသတွေအားလုံး အဝေးကို ရောက်သွားကြတယ်။ အဲဒီညမှာတော့ ကျွန်တော်နဲ့ ချူးနဲ့ ဒေသခံအဖွဲ့အစည်း တစ်ခုပိုင်တဲ့ ဘန်ဂလိုသေးသေးလေးမှာပဲ တည်းဖြစ်ကြတယ်။ တချက်တချက် လတ်ဆတ်တဲ့ ပင်လယ်လေညင်းက ၀မ်းနည်းနာကျည်းမှုတွေ ယူဆောင်လာပေးသလိုပါပဲ။

မိုးတဖြေးဖြေးချုပ်လာတော့ အမရော၊ သူ့ငယ်ချင်းတေရော အိမ်ပြန်သွားကြသည်။ အခုတော့လည်း ကျွန်တော်နဲ့ ချူးနဲ့ နှစ်ယောက်တည်း။

အတွေးလေးတွေကိုယ်စီနဲ့ လူရှင်းနေတဲ့ ကမ်းခြေတစ်လျှောက် လက်ချင်းချိတ်လို့ လမ်းလျှောက်ထွက်ကြသည်။ ကောင်းကင်မှာတော့ ကြယ်လေးတွေတစ်လုံးမှ မရှိ။ အဖြူရောင်တိမ်ခိုး တိမ်လိပ်တွေက ညဘက်မှာတောင် အဖွေးသား။ လှိုမ်းခေါင်းဖြူဖြူလေးတွေကလည်း ကမ်းစပ်ကို ပြေးဝင်လာပြီး လျောခနဲ ပြေးဆင်းသွားကြသည်။

လမ်းလျှောက်နေရင်းက လူရှင်းတဲ့ နေရာရောက်တော့ ချူးက တွဲထားတဲ့ လက်ကလေးကို ဖြုတ်လိုက်ပြီး ကျွန်တော့်ရင်ခွင်ထဲကို တိုးဝင်လာသည်။ ကျွန်တော်လည်း သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး အဝေးက အုန်းပင်ညိုညိုလေးတွေကို ငေးကြည့်နေမိသည်။ အဝေးက အုန်းလက်ဖျားလေးတွေကို လေတိုးသံသဲ့သဲ့ကအစ ကျွန်တော်ကြားနေရသည်။ အဲဒီနောက်တော့ တဖြေးဖြေး နွေးနွေးလေးဖြစ်နေတဲ့ လေတိုးသံလေးတစ်ခု ကျွန်တော့် နားသယ်စကို ရိုက်ခတ်လာ၏။ အဲဒီနောက် ကျွန်တော့်နားသန်သီးလေးတစ်ဖက်ကို ခပ်ဖွဖွလေး ဖိကိုက်ခံရသလို။ အဲဒီနောက် ကျွန်တော်ရဲ့ လည်တိုင်ညွန့်လေးကို နွေးထွေး ပါးလျတဲ့ နှတ်ခမ်းသားလေးနဲ့ စုပ်ယူလိုက်သလို။ လူက ခပ်မျောမျောဖြစ်သွားတယ်။ ကောင်းကင်ကို အမှတ်တမဲ့ကြည့်လိုက်တော့ ကြယ်လေးတစ်လုံးက လင်းလက်နေလို့။ ကိုယ့်အတွက်များ.. လင်းလက်ပေးနေသလား။

………………………………………………………..။………………………………………………

မနက်မိုးလင်းတော့ နားထဲကို ပင်လယ် ရေလှိုင်းခတ်သံတွေ တဝေါဝေါနဲ့ဝင်လာသည်။ အိပ်ရာက ထမယ်ပြင်တော့ နှုတ်ခမ်းပါးလေးနဲ့ ကျွန်တော့် မျက်နှာပေါ်စီးပြီး ပြုံးပြီး တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုလို။ ၀ိုးတိဝါးတား။ ငွေဆောင်လား။ ဒါဘယ်နေရာလဲ။ ပြင်းထန်တဲ့ ရေလှိုင်းတစ်လုံးက ကျောက်ဆောင်တစ်ခုကို အရှိန်နဲ့ ရိုက်လိုက်တော့ ၀ုန်းခနဲ မြည်သွားသည်။ မျက်လုံးကို ပွတ်သပ်ပြီး ဖွင့်လိုက်တော့ ချူးက ကျွန်တော့်ရင်ဘက်ပေါ် မေးလေးထောက်ပြီး ပြုံးပြ၏။

ငပလီက အရမ်းလှတယ်နော်…………

အင်း…… ဟုတ်တယ် .. လှတယ်…..လို့ ကျွန်တော် ဖြေလိုက်တော့ ချူးက သူ့ကို ဒီနေရာလေးခေါ်လာပေးလို့ ကျေးဇူးတင်တယ်တဲ့။

ဒီတစ်ခါတော့ ကျွန်တော့်ရင်ထဲကို ရေလှိုင်းတွေ ပြင်းထန်စွာ အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်သွားသည်။

………………………………………………………..။………………………………………………

မကြာပါဘူး…. အမနဲ့ သူ့သူငယ်ချင်းတွေ အစားအသောက်တွေ တလှေကြီးနဲ့ ရောက်လာကြ၏။ ပါလာတဲ့ အကြော်အလှော်လေး စားလိုက်။ အုန်းစိမ်းရေလေးသောက်လိုက် ဇိမ်ကျနေတုန်း ကျွန်တော်က ချူးလက်ကို ဆွဲပြီး…… ထ….. ရေသူမရုပ်ကလေးနဲ့ ဓါတ်ပုံသွားရိုက်ရအောင် လို့ခေါ်လိုက်သည်။ ရေသူမရုပ်ဆီ သွားဖို့ ခြေလှမ်း ငါးလှမ်းတောင် မပြည့်သေးဘူး…. အမရဲ့ သူငယ်ချင်းက ရေသူမဆီ သွားရင် ပိုက်ဆံယူသွားဦးလေတဲ့။ အဲဒီနေရာနားက တည်းခိုရိပ်သာမှာ လူကြီးတွေ လာလာတည်းတော့ တည်းခိုရိပ်သာနဲ့ နီးတဲ့ ရေသူမနားကို သာမန်လူတွေ လာလို့မရတော့ဘူးတဲ့လေ။ စစ်သားတစ်ယောက် နှစ်ယောက်အမြဲတမ်းရှိနေတတ်၏။ ရေသူမနဲ့ ဓါတ်ပုံတွဲ ရိုက်ရင်တော့ စစ်သားလေးတွေကို လက်ဖက်ရည်ဖိုးလေး ဘာလေး ပေးရသည်။ ဒါကြောင့်မို့လို့ အမသူငယ်ချင်းက ပိုက်ဆံယူသွားခိုင်းတာကိုး။ ဒီလိုဆိုတော့လည်း ကျွန်တော် မသွားချင်တော့။

လှိုင်းလေးစီးလိုက် အုန်းစိမ်းရည်လေးသောက်လိုက်နဲ့ ငပလီကမ်းခြေတလျှောက် ရေသူမအစေား ခရုကောက်ထွက်ကြသေးသည်။ ကျွန်တော် ဘာလုပ်လုပ် ဘယ်သွားသွား ချူးကတော့ စိတ်ပါလက်ပါ လိုက်လုပ်ရှာသည်။ ဒါပေမယ့် ရေနက်ထဲဆင်းရင်တော့ သူမလိုက်။ ရေကိုတော့ အင်မတန်ကြောက်၏။

ဒီနေ့ကျမှ ငပလီလှိုင်းက ပိုပြီး ကြီးလာသလို။ လှိုင်းလုံးတစ်လုံး တစ်လုံးက ကျွန်တော့် ခါးလောက်ရောက်သည်။ ညနေဘက်မိုးချုပ်ခါနီးတော့ စစ်တွေကို သွားဖို့ Booking လုပ်ထားတဲ့ လေယာဉ်လက်မှတ် သွားထုတ်ကြသည်။ ဒါပေမယ့် ဒီတစ်ခေါက်လည်း အမြဲမြဲ အလွဲလွဲအချော်ချော် ဖြစ်နေတဲ့ ကျွန်တော့်အတွက် ကံမကောင်းပါဘူး။ ကျွန်တော်တို့စီးမယ့် လေယာဉ်က ဆန္ဒမဲခံယူပွဲ လူကြီးလမ်းကြောင်းအတွက် လိုအပ်နေလို့တဲ့။ ကျွန်တော့်အတွက် မထူးဆန်းလှပေမယ့် ချူးအတွက်ကတော့ အရမ်းကို ထူးဆန်းနေပြန်ရော။ အခုတော့လည်း နှစ်ယောက်သား ပင်လယ်လေကိုရှူ၊ ပင်လယ်လှိုင်းစီးရုံလောက်နဲ့ပဲ ရခိုင်ပြည်ခရီးကို အဆုံးသတ်ရတော့မလို။ အမရဲ့ သူငယ်ချင်းကတော့ လေယာဉ်နဲ့ မသွားနိုင်ရင် သဘောင်္နဲ့သွားလို့ရတယ်တဲ့။ ဒါပေမယ့် ကျွန်တော်တို့ကို စိတ်မချပြန်ပါဘူး။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်ဘက်ကို လေမုန်တိုင်းတစ်ခုက ချည်းကပ်လာနေပြီတဲ့လေ။
……………………………..။……………………………

ဒီိလိုနဲ့ပဲ ကျွန်တော်တို့နှစ်ယောက်ရန်ကုန်ကို သတ်မှတ်ရက်ထက် သုံးရက်စောပြီး ပြန်ရောက်လာသည်။ ချူးအတွက် ဒီသုံးရက်ကို ရန်ကုန်မှာပဲ အချိန်မကုန်စေလို။ ဒီလိုနဲ့ပဲ ကျိုက်ထီးရိုးသွားဖို့စီစဉ်မိပြန်ရော။

ကျိုက်ထီးရိုးတစ်လျှောက် မိုးကလည်း သဲသဲမဲမဲရွာသည်။ လူတိုင်းကတော့ မုန်တိုင်းရှိတယ်တဲ့။ ဘယ်လိုပဲ ပြောပြော ကျွန်တော်ကတော့ ချူးကို ကျိုက်ထီးရိုးတောင်ပေါ် အထိ အရောက်ခေါ်လာနိုင်ခဲ့၏။ တောင်ပေါ်မှာတော့ မိုးလို့လဲ မဆိုနိုင်။ မြူလို့လည်း ပြောလို့မရ။ တိမ်တွေတစ်ခုလုံးက တောင်ပေါ်ပြည့်နှက်နေလို့။ နှစ်ယောက်သား တိမ်တွေကို လှမ်းဆုပ်ဖို့တောင် ကြိုးစားခဲ့သေးသည်။

ဒါပေမယ့် ချူးက အဲဒီနေ့ညမှာပဲ ကိုယ်တွေပူလာသည်။ တောင်ပေါ်မှာ စားတဲ့ အစားအစာက သူ့အတွက် မလတ်ဆတ်လို့လားမသိ။ တစ်ညလုံး သူရဲ့ အစာအိမ်က မကောင်းလှ။ အေးလွန်းတဲ့ တောင်ပေါ်မှာ ချွေးတွေပြန်လာသည်။ မနက်ကျတော့ ဘယ်မှ ဟိုဟိုဒီဒီ မသွားဖြစ်တော့။ တောင်အောက်ကို အမြန်ဆင်းမှပဲ ဖြစ်တော့မည်။

တောင်အောက်ကို ပြန်ရောက်လာတော့ မိုးကသည်းနေဆဲ။ ပါလာတဲ့ ၀မ်းကိုက်ပျောက်ဆေးကို ချူးကို တိုက်လိုက်ပြီး။ တလမ်းလုံး သူ့လက်ကလေးကို ဆုပ်ကိုင်ပြီး နွေးနွေးထွေးထွေး ဖြစ်အောင်လုပ်နေရသည်။ တစ်လမ်းလုံး ချူးက ဘာမှမစား။ ရောက်ကာစက ပန်းနုရောင်လွှမ်းတဲ့ သူ့နှုတ်ခမ်းလေးက ဖြူဖျော့ဖျော့ ဖြစ်လာသည်။ ရန်ကုန် မြန်မြန်ပြန်ရောက်ပါစေလို့ ဆုတောင်းနေရသည်။ ကျွန်တော်တို့ကို သယ်ဆောင်လာတဲ့ ကားလေးက မိုးထဲလေထဲ အိပဲ့ အိပဲ့ မောင်းနေဆဲ။

……………………………..။……………………………

ရန်ကုန်ပြန်ရောက်တော့ မိုးက တိတ်လုလု။ ဒီတစ်ခေါက်တော့ ချူးကို ဒဂုံမြောက်က အမေ့အိမ်မှာ မတည်းခိုင်းတော့။ ဆူးလေဘက်ကို ညဘက် လိုက်ကြည့်လို့ရအောင် Trader Hotel ဘေးနားက Central မှာတည်း ဖြစ်သည်။ ဟိုတယ် ရောက်ပြီး ခဏလောက်နားလိုက်တော့မှ ခပ်ဖျော့ဖျော့ ချူးရဲ့ နှုတ်ခမ်းလေးက သွေးရောင်ပြန်လွှမ်းလာသည်။

သူ့ကို ရန်ကုန်ရဲ့ နာမည်ကြီး အစားအစာတွေ ကျွေးချင်ပေမယ့် သူ့ခမျာ မစားရဲတော့။ ဒါပေမယ့် ကျွန်တော့်အတွက် မနက်ဖြန်ဆို ဒီမြေကနေ ပြန်ပြီး ထွက်ခွာရတော့မှာ ဆိုတော့ ဒီမြေကထွက်တဲ့ အစားအစာလေးတွေတော့ ၀အောင်စားလိုက်ချင်သေးသည်။ ညနေဘက်ကျတော့ မိုးကနဲနဲ စဲသွားသဖြင့် နှစ်ယောက်သား တရုတ်တန်းဘက်မှာ ရှိသမျှ အ၀စားရအောင် အပြင်ထွက်ဖို့ ချူးကို ခေါ်သည်။ ချူးက ကျွန်တော်ပြောနေတာကို မကြား CNN က လွှင့်နေတဲ့ သတင်းကို သာ သေချာနားထောင်နေသည်။

သတင်းထဲမှာတော့ နောက်ထပ် ခြောက်နာရီအတွင်း ရန်ကုန်ကို မုန်တိုင်းတစ်ခုဝင်မယ်တဲ့။ ချူးက ကျွန်တော့်ကို စိုးရိမ်တကြီးနဲ့ ကြည့်လိုက်ပြီး အပြင်ကို မထွက်ရဲတော့။ ကျွန်တော်ကတော့ သူ့ကို ကြောက်တတ်ရန်ကောလို့ စလိုက်ပြီး အ၀တ်အစား လဲခိုင်းလိုက်သေးသည်။ ရန်ကုန်မှာ ဘယ်တုန်းက မုန်တိုင်းအကြီးအကျယ် ၀င်ဖူးလို့လဲ။ မြန်မာနိုင်ငံက သတင်းတွေမှာ လည်း မုန်တိုင်းနဲ့ ပါတ်သက်ပြီး စတိလောက်သာ ပါသည်။ ရန်ကုန်က လူတွေအားလုံးလည်း ဘယ်သူမှ စိုးရိမ်ဟန် မရှိ။ ချူးကတော့ CNN က ကိန်းဂဏန်းတွေ လေတိုက်နှုန်းတွေကို ကြည့်ပြီး လန့်နေရှာသေးသည်။

ဆူးလေးနားရောက်တော့ မိုးက ဖွဲဖွဲ ပြန်ရွာလာသည်။ ကျွန်တော်တို့နှစ်ယောက်လည်း ဟိုကြည့်ဒီကြည့်၊ ဟိုဟာလေးနည်းနည်း ဒီဟာလေးနည်းနည်းနဲ့ တွေ့သမျှဝယ်စားမိ၏။ ၀က်သားဒုတ်ထိုးဆိုင်လည်း ရောက်တော့ ကျွန်တော် မနေနိုင်တော့။ ဗန်းထဲက ရှိသလောက် အကုန်စားချင်လာရော။ ချူးကတော့ လက်ဖျားနဲ့တောင် မတို့။ လူတိုင်း နှစ်နှစ်ပြီး တို့နေတဲ့ အချည်ရည်ခွက်တွေကို ကြည့်ပြီး သွားကြိမ်းနေရှာသည်။ မိုးကလည်း ဖွဲဖွဲလေးကျနေရာကနေ အရှိန်ပါလာသည်။ မိုးနဲ့ အတူ လေကပါ ရောပြီး လိုက်လာသည်။

အဲဒီအချိန်မှာပဲ လော်စပီကာသံကျယ်ကျယ်နဲ့ ရပ်ကွက်လူကြီးရဲ့ အသံ စူးခနဲ ပေါ်လာသည်။ ချူးက ဗမာစကား နားမလည်ဘဲ သူ့ဘာသာသူ ခန့်မှန်းပြီး၊ ကြည့်……. တွေ့ပြီမလား၊ အခု မုန်တိုင်း အကြောင်း သတိပေးနေပြီ……….တဲ့။ ကျွန်တော်က သူပြောတာကြားလိုက်ချိန်မှာ ရယ်ချင်သွားပေမယ့် သူကြောက်နေတာ ကြည့်ပြီး မရီရက်။

ဘယ်က မုန်တိုင်းအကြောင်း ဟုတ်ရမှာလဲ။ အဲဒါ မဲဆန္ဒခံယူပွဲမှာ မဲပေးဖို့ လိုက်နှိုးဆော်နေတာ။

ကျွန်တော် အဲဒီလို ပြောလိုက်တော့ သူ့ခေါင်းကလေး ပုသွားသည်။ အဲဒီနောက် လော်စပီကာက အသံကို ကျွန်တော် သတိမထားမိတော့။ ရန်ကုန်က မပြန်ခင် ၀က်သားဒုတ်ထိုးကို ဗိုက်ထဲသွင်းနိုင်သလောက် သွင်းဖို့ ကြိုးစားနေမိသည်။ ၀က်သားဒုတ်ထိုးအသည်လေးကလည်း ကျွန်တော့်လိုပင်။ သူ့ခမျာ လေကြောင့် လန်လန်သွားတဲ့ အပြာရောင် တာလဘက်မိုးကလေးကိုသာ ဖိဖိဆွဲချနေတော့သည်။

မကြာပါဘူး။ လေရောမိုးရော ပိုပိုပြင်းထန်လာသည်။ CNN ကကြေညာနေတဲ့ မုန်တိုင်း တကယ်ပဲလာပြီလားမသိ။ ကျွန်တော်တို့နှစ်ယောက်စလုံး ဟိုတယ်ကို ပြန်လာခဲ့ကြသည်။ မနက်ဖြန် မနက်ကျရင် လေဆိပ်ကို ဆင်းရတော့မှာဆိုတော့ စောစောအိပ်ဖို့ ကြိုးစားကြသည်။ အခုလိုဆိုတော့လည်း လောကကြီးက လုပ်ဆောင်စရာ တာဝန်များနဲ့ ငြိမ်သက်နေသလို။ အပြင်ဘက်မှာ တော့ လေရော မိုးရော တော်တော်ချနေပြီ။ လေတိုးသံတွေက တရွှီးရွှီးနဲ့ အော်မြည်စ ပြုနေချေပြီ။ မနက်မိုးလင်းရင်တော့ မိုးတိတ်နိုင်ကောင်းပါရဲ့………………။

………………………………………………………..။………………………………………………

ပိုင်……… ထတော့… ထတော့။

ပုခုံးကို လှုပ်နိုးသံကြားလို့ မျက်စိကို ပွတ်သပ်လိုက်တော့ မိုးလင်းခါစ.. ပြုနေပြီ။ လေဆိပ်သွားဖို့ နောက်ကျနေပြီထင်ပြီး လူးလဲထလိုက်တော့ ပြတင်းပေါက်ကို လေပြင်းတွေက တ၀ုန်းဝုန်း လာတိုက်ခတ်နေဆဲ။

ပိုင်……. ညက .. အိပ်လို့မရဘူးကွာ…… လေမုန်တိုင်းက အရမ်းပြင်းတယ်။ အပြင်ကို သွားကြည့်ကြည့်လိုက်ဦး…..

အပြင်ကို ကြည့်ဖို့ တံခါးနားကို ကပ်လိုက်တော့ အခန်းထဲမှာ ရေတွေ ရွှဲလို့။ အပြင်ဘက်ကို ငေးကြည့်လိုက်တော့။ မနေ့က ရန်ကုန်သည် အဝေးကို ထွက်ပြေးသွားပြီ။ ကျွန်တော်မသိတဲ့ ရန်ကုန်သည် ကျွန်တော်ကို စိမ်းစိမ်းကြီး ကြည့်နေပါတော့သည်။ ။


အဆုံးထိ ရေးချင်ပါသော်လည်း နောက်ထပ် အချိန်ယူပြီး ရေးရင် စာဖတ်သူနဲ့ ရေးသူအကြား အဆက်ပြတ်သွားမှာ စိုးလို့ နားလည် ခွင့်လွှတ်ပေးကြပါ။ နောက်တစ်ပိုင်းဆို ပြီးပါပြီ။ ကျေးဇူးတင်ပါသည်။
သရုပ်ဖော် 3D Model ကိုယ်တိုင် ပြုလုပ်၏။

April 15, 2009

သံယောဇဉ်အလွန်(၃)





ဒီနေ့ အတက်နေ့။ ဒီနေ့ရောက်ဖို့ မျှော်ခဲ့လိုက်ရတာ။ အခုတော့လည်း အရင်လိုပဲ မောပြီး ကျန်ခဲ့တာကလွဲလို့ ဘာမှမထူး။ မဏ္ဍာပ်ပေါ်ရောက်တော့လည်း သီချင်းသံတွေက ဂီတမဲ့လို့။ အရင်နေ့တွေကလိုပဲ ကခုန်ချင်သည်။ အားလုံးကို မေ့လိုက်ချင်သည်။ ဘာလုပ်ရမလဲ။ မျက်လုံးတွေက မဏ္ဍာပ်ပေါ်မှာ ရောင်းနေတဲ့ မြန်မာရမ်ပေါ်ရောက်သွား၏။ ပုလင်းတစ်ပြားဝယ်ပြီး ဘောလုံးရောက်လာတာနဲ့ အတူတူသောက်ကြသည်။ တစ်ပြားကုန်သွားတော့ နောက်တစ်ပြား။

ရင်ခုန်သံတွေက ပိုပိုပြီးမြန်လာသလို။ ဂီတသံတွေက ပိုပိုပြီးသွက်လာသလို။ အသည်းကွဲပြီး အရက်သောက်တဲ့ သူတွေကို အရင်တုန်းက လက်ညှိုးထိုးပြီး ဟားတိုက်ရယ်ခဲ့ဘူးသည်။ အခုတော့ ကျွန်တော်လည်း………………….။

ဟင့်အင်း…… အသည်းကွဲလို့ အရက်သောက်တာမှ မဟုတ်ဘဲ။ သင်္ကြန်မှာ ပျော်ချင်လို့။ ဟုတ်တယ်။ သင်္ကြန်မှာ ပျော်ချင်လို့……………………….။

ဘောလုံးက ကရအောင်ဆိုပြီး ကျွန်တော့်ကို တွဲခေါ်လိုက်သည်။ ဘောလုံး မျက်နှာကိုလည်း မမြင်ရတော့။ ဘောလုံးပုခုံးပေါ်ကို မေးတင်ပြီး သီချင်းနဲ့အတူ ခနာကိုယ်ကို ယိမ်းနေမိသည်။ အဲဒီအချိန်မှာ DJ က သီချင်းကို ပြောင်းပြစ်လိုက်၏။ အယ်လ်ဆိုင်းဇီရဲ့ မိုးရေထဲမှာ ဆိုတဲ့ သီချင်းက ၀မ်းနည်းစွာ ထွက်ပေါ်လာသည်။

မိုးရေထဲမှာ…………………..။
ကျွန်တော့် မျက်လုံးထဲမှာ ကျောင်းစိမ်းအကျီ်လေးနဲ့ ကလေးလေးနှစ်ယောက်ပေါ်လာသည်…။
အဲဒီနောက် မြေနီလမ်းလေး…………………။
စက်ဘီးလေးနှစ်စင်းက အဝေးကို ခပ်သွက်သွက်လေးနှင်လို့………………။
ရှေ့ဆုံးက တစ်ယောက်က လေအဟုန်လို အမြန်လေး နင်းလို့…..။ တစ်ယောက်က အမောတကောနဲ့ အနောက်ကနေလိုက်လို့…………………….။

ကျွန်တော် မခံစားနိုင်တော့။ တင်းချုပ်ထားတဲ့ စိတ်တွေကို လွှတ်ချပေးလိုက်သည်။ အေးစက်နေတဲ့ သင်္ကြန်ရေတွေက ပါးပြင်ပေါ်မှာ ပူနွေးသွားသည်။ ကျွန်တော် ဘာမှမသိတော့။ နားထဲမှာ နောက်ဆုံး ကြားလိုက်ရတာက ဧပရယ့်ရဲ့ ဘောလုံးအပေါ် အပြစ်တင်သံ သဲ့သဲ့တွေသာ။

တစ်မနက်လုံး အင်းယားကန်စပ်နံဘေးက အပင်ကို မှီပြီး အမူးဖြေနေမိသည်။ ဘောလုံးက ကျွန်တော့် နားထင်တွေကို နှိပ်ပေးနေချိန်မှာ ဧပရယ်ကလည်း ကျွန်တော့်လက်ကို ဆုပ်ပေးနေရင်း ဘာလို့ မသောက်တတ်ဘဲ မူးအောင်သောက်ရတာလဲဆိုပြီး စိုးရိမ်တဲ့ လေသံလေးနဲ့ ပြောရှာသည်။ ကျွန်တော်ကတော့ သူတို့နှစ်ယောက်လုံးကို ကျေးဇူးတင်စွာ ပြုံးပြလိုက်ရင်း…… ဟိုး …. အဝေးက ရေလယ်ကျွန်းလေးကိုသာ ငေးကြည့်နေမိလိုက်သည်။

ပျော်ရွှင်စွာကုန်ဆုံးခဲ့ချင်တဲ့ သင်္ကြန်က အခုတော့ ရီဝေေ၀နဲ့…….။ သိပ်ပြီး အကျည်းတန်လှချည်ရဲ့…………………………..။

အခန်း(၃)

သင်္ကြန်လဲအပြီး လူလည်း မျော့မျော့ပဲကျန်တော့သည်။ နှစ်ရက်လောက် ဘယ်မှ မသွားဖြစ်။ နောက်တော့မှ ဘောလုံးနဲ့ ဧပရယ်နဲ့ချိန်းပြီး…. ဟိုဟိုသည်သည် လျှောက်သွားဖြစ်သည်။ ရန်ကုန်မှာ အသစ်ဖွင့်တဲ့ ကော်ဖီဆိုင်တိုင်းလိုလို ထိုင်ဖြစ်သည်။ မကြာခင်မှာပဲ ရက်ရှည် ပိတ်ထားတဲ့ အစိုးရရုးံတွေကလည်း ပြန်ဖွင့်ပြီ။ အခုမှ သတိရသည်။ ကျွန်တော် D Form လုပ်ရဦးမယ်ဆိုတာကို။ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး အလည်ပြန်လာသူတိုင်း သက်ဆိုင်ရာနိုင်ငံက မြန်မာသံရုံးမှာ အခွန်အပြည့်ဆောင်ရ၏။ မဆောင်နိုင်ပါက မြန်မာပြည်က ထွက်တာနဲ့ D Form ပြန်လုပ်ရသည်။

ကျောက်မြောင်းက အမအိမ်ကို သယ်လာတဲ့ အထုပ်တွေထဲမှာ ပတ်စ်ပို့ကို ရှာကြည့်၏။ မတွေ့။ ပတ်စ်ပို့မိတ္တူသာတွေ့သည်။ ဒဂုံမြောက်က အမေတို့အိမ်မှာများ ကျန်ခဲ့လေသလား။ D Form က ဒီနေ့လုပ်မှ ဖြစ်မည်။ သန်ဘက်ခါဆို ချူးက သူ့နိုင်ငံကနေလာတော့မည်။ အမေ့အိမ်ကို ပြန်ပြီးရှာရင် D Form လုပ်ဖို့နောက်ကျနေပါဦးမည်။ ဒီလိုနဲ့ပဲ မိတ္တူလေးကိုဆွဲပြီး ဆူးလေဘက်ကို ထွက်လာခဲ့လိုက်၏။ ပတ်စ်ပို့မိတ္တူနဲ့ပဲ D Form ကိုရအောင် လျှောက်လိုက်သေးသည်။ သိပ်ကြာအောင် မစောင့်လိုက်။ ညနေကျတော့ D Form ရနေပြီ။

နောက်တော့ အမေ့အိမ်ကို သုတ်သုတ်နဲ့ပြန်။ အိမ်ရောက်တော့ အထုပ်တွေထဲ ဖြဲကားရှာ။ မတွေ့။ ပတ်စ်စပို့ကို လုံးဝမတွေ့။ အိမ်ရှိလူကုန်ကို မေးတော့လည်း ဘယ်သူမှ မသိ။ ကျောက်မြောင်းက အမအိမ်မှာပဲ သေချာမရှာလို့ မတွေ့တာလား။ ဒီတစ်ခါ ရင်ထဲမှာ ပူလာတဲ့ အပူက ဘာနဲ့မှ မတူတော့။ မိုးချုပ်နေပြီဆိုတော့ အိမ်ကလည်း အပြင်ကို မထွက်စေချင်တော့။

မိုးလင်းတာနဲ့ ကျောက်မြောင်းကို ပြေးရပြန်ရော။ အမအိမ်ရောက်တော့ အိပ်ကြို အိပ်ကြားပါမကျန် ရှာကြည့်သည်။ သေချာပြီ။ ပတ်စ်ပို့လက်ထဲမှာ မရှိတော့။ လူကြုံပေးတဲ့ အထုတ်တွေမှာများ ပါသွားသေးလား။ လူကြုံအိမ်တွေ လိုက်မေးကြည့်တော့လည်း ဘယ်သူဆီမှ မပါသွား။

သင်္ကြန်ပြီးတာနဲ့ နေကလည်းပူလာသည်။ ခေါင်းထဲမှာလည်း ထူပူလာသည်။ နောက်ကနေ တကောက်ကောက် အဖော်လိုက်ပေးတဲ့ ဘောလုံးကိုလည်း အားနာလာ၏။ ဘာလုပ်လို့လုပ်ရမှန်း မသိ။ ဒီပုံစံအတိုင်းသာဆို ပတ်စ်ပို့ အသစ်ပြန်လုပ်ရဖို့သေချာနေပြီ။

ဘောလုံးက ပတ်စ်ပို့ အသစ်ပြန်လုပ်ချင်ရင် သူ့အမေကို မေးပေးမယ်တဲ့။ အဆင်ပြေမှာပါတဲ့။ စိတ်ထဲကနေ ဘောလုံးကို အရမ်းကျေးဇူးတင်သွားမိတယ်လေ။ ဒါပေမယ့် ဘောလုံးက သူ့အမေကို ဖုန်းနဲ့ လှမ်းမေးပြီးတဲ့ အခါမှာတော့ မျက်နှာမကောင်းလှ။ ဘာလို့လည်း မေးကြည့်တော့ ပတ်စ်ပို့ ပျောက်ဆုံးကြောင်း သတင်းစာမှာ အရင်ကြော်ငြာရမယ်တဲ့။ သတင်းစာမှာ ကြော်ငြာရမယ်ဆိုတော့ လွယ်ပါတယ်။ သတင်းစာတိုက်ကို သွားရအောင်လို့ ပြောလိုက်တယ်။ ဒါပေမယ့် သတင်းစာတိုက်ကို မသွားခင် လုပ်ရမယ့် အရာတွေ ကြားလိုက်ရတော့ ကျွန်တော် စိတ်တော်တော် ညစ်သွားသည်။

ပထမဆုံး ရပ်ကွက် ထောက်ခံစာ ယူရမည်။ ရပ်ကွက်ရုံးကလည်း ညနေမှ ဖွင့်တယ်တဲ့။ ရပ်ကွက် ထောက်ခံစာယူ။ ရဲစခန်းသွား။ ရဲစခန်းမှာ ပျောက်ဆုံးကြောင်း အမှုဖွင့်။ ရဲစခန်းကစာကို ယူပြီးမှ သတင်းစာတိုက်မှာ ပျောက်ဆုံးကြောင်း ကြေညာချက်ထည့်။
အဲဒီနောက် သတင်းစာမှာ ကြေညာပြီး နှစ်ပတ်တိတိ စောင့်ပြီးတော့မှ မတွေ့ပါဘူးဆိုပြီး ပတ်စ်ပို့ အသစ်ပြန်လျှောက်လို့ရမှာတဲ့။ အချိန်။ အချိန်မရှိတော့။ လက်ထဲမှာ ခွင့်ရက်က တစ်ပတ်ပဲ ကျန်တော့၏။ ချူးကလည်း ရောက်တော့မည်။

ဘာလုပ်ရမှန်း တကယ်မသိတော့ပါ။ ဘောလုံးက ကျွန်တော့်ကို စိတ်ကို ခဏလေး ငြိမ်ခိုင်းပြီး စဉ်းစားခိုင်းသည်။ ဘယ်နေရာမှာ ကျပျောက်နိုင်သလဲ ဆိုတာကိုပေါ့။ လေယာဉ်ပေါ်က ဆင်းဆင်းချင်း ကျွန်တော့်လက်ထဲမှာ ပတ်စ်ပို့ ရှိသေးသည်။ Immigration Counter ကို ဖြတ်တော့လည်း ရှိသေး၏။ Luggage တွေ ရွေးတော့လည်း မှတ်မှတ်ရရ ညာဘက်လက်ကနေ ဘယ်ဘက်ကို ပြောင်းကိုင်လိုက်သေးသည်။ အဲဒီနောက် ပစ္စည်းစစ်တဲ့နေရာမှာ ကိုယ့်ပစ္စည်းတွေ တစ်ခုချင်းစီ ဒေါသတကြီးနဲ့ ထုတ်ပြလိုက်ရသည်။ အဲဒီနောက် ဘာမှ မမှတ်မိတော့…………………….။ တစ်ခုတော့ လက်ထဲမှာ ကံစမ်းလို့ရသေးသည်။

ဘောလုံးရယ်…… လေဆိပ်မှာ သွားရှာကြည့်ရအောင်…။ ကံကောင်းရင် ပြန်တွေ့နိုင်တာပေါ့…….။



ဆက်ပါဦးမည်။
ပုံလေးကို ကျောင်းတုန်းက ART THEORY ESSAY အတွက် စာအုပ်တစ်အုပ်ကနေ ရှာတွေ့ထားတာပါ. ဘယ်စာအုပ်လည်း မမှတ်မိတော့။

April 13, 2009

သံယောဇဉ်အလွန် (၂)

အပိုင်း (၁) ကို ဒီမှာ ဖတ်နိုင်ပါသည်။




အဲဒီနေ့ညက ရန်ကုန်သင်္ကြန်သည် မခမ်းနားတော့။ မာကျူရီညမီးရောင်တို့က မတောက်ပသလို သင်္ကြန်လေညင်းတို့ကလည်း မနူးညံ့တော့။ ကျွန်တော် သူ့ရဲ့ ဟန်းဖုန်းကို မပြတ်ခေါ်နေသော်လည်း အမြဲတမ်းသူ့ ဖုန်းလိုင်းက မအား။ ဘာတွေ ဖြစ်တာလဲ။ ဖုန်းလိုင်းတွေကပဲ ကြပ်နေလို့လား။ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ စကားပြောနေလို့လား။ ဒါမှမဟုတ် သူ့ရဲ့ချစ်သူကပဲ စိတ်ကောက်နေလို့ ဖုန်းနဲ့ချော့နေရတာလား။ အတွေးတွေ။ ဒီအတွေးတွေမလိုချင်တော့။ စိတ်ကူးမှာ နွမ်းလျလှပြီ။ စောင့်နေခဲ့တဲ့ ဒီရက်ကလည်း ကြာလှပြီ။

ကြိုးစားပမ်းစားနဲ့ ဖုန်းကို ဆက်ပြီး နှိပ်လိုက်တော့မှ သူ့ဆီကို တန်းခနဲ ၀င်သွားသည်။

ဟယ်လို………….။
ဟယ်လိုတဲ့…။ ကျွန်တော် ဒီအသံလေးကြားရဖို့ ဘယ်လောက်တောင် ကြာကြာခေါ်နေရလဲ။ သူ သိရဲ့လား။

ငါပါ….။ ဖုန်းခေါ်နေတာ။ လိုင်းမအားလို့။ ချက်ချင်းမရဘူး။
ဟုတ်တယ်။ ရဲမင်းနဲ့စကားပြောနေတာ။

ရဲမင်းနဲ့ စကားပြောနေတာ ဒီလောက်တောင်ကြာရလား။ စိတ်ထဲက ပြောလိုက်ပေမယ့် နှုတ်ဖျားမှ ဘာမှ မထွက်လာ။

ရဲမင်းက သင်္ကြန်အတက်နေ့ ပုသိမ်ကိုလာခဲ့မယ်တဲ့။ အဲ့ဒါ………….။

သူငယ်ချင်းတွေပဲ……. အတူတူလာခဲ့လေ။

ငါ.. အတူတူမလာချင်ဘူး…..။ အေးအေးဆေးဆေး နှစ်ယောက်ထဲတွေ့ချင်တာ……………..။

တစ်စက္ကန့်….။ နှစ်စက္ကန့်……။ သူခဏငြိမ်သွားတယ်။ နောက်တော့ သူစကားစပြောတယ်။ ဒီတစ်ခါတော့ ရဲမင်းအကြောင်းမဟုတ်တော့။

မင်းလာမယ့်အကြောင်း…။ ငါ့အိမ်ကို ပြောပြသေးလား…….။

ဒီမေးခွန်းကို ကြားလိုက်ရတဲ့ အချိန်မှာ ကျွန်တော်ဘာဆက်ပြောရတော့မလဲ မသိတော့။ တစ်ချိန်က ပြဿနာ…..။ အဲ့ဒီပြဿနာတစ်ခုက ငွေဆောင်နဲ့ မဝေးလှတဲ့ ကမ်းခြေလေးတစ်ခုမှာ ပေါက်ကွဲခဲ့ဘူးသည်။ ဒီတစ်ခါလည်း ပေါက်ကွဲဦးမှာလား။ သူ့ အိမ်နဲ့ ကျွန်တော်က စားအိမ် သောက်အိမ်တွေလိုပဲလေ။ ဒီတစ်ခေါက်လည်း ကျွန်တော် သူ့ဆီ သွားလည်မယ်လို့ ရိုးရိုးသားသားပြောပြခဲ့တာ ဘာဆန်းလဲ။

ဘာလို့ ငါ့အိမ်ကို သွားပြောရတာလဲ။ ငါ့အိမ် အကြောင်းလဲ သိသားနဲ့။

ဒီတစ်ခါတော့ သူ့စကားက မေးခွန်းမဟုတ်တော့သလို အဖြေတစ်ခုလည်း မဟုတ်တော့။ ဒီစကားရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်နေပြီလဲ ဆိုတာ သူ မပြောပြပေမယ့် ကျွန်တော် သိနေတယ်လေ။ ၂၅နှစ်ကျော်ပြီဖြစ်တဲ့ ဒီအရွယ်မှာ ဘာလို့များ မိဘတွေရဲ့ အရိပ်တကြည့် လိုက်ကြည့်ချင်းက ရှိနေသေးတာလဲ။ ဟိုတုန်းက ဆယ်တန်းကျောင်းသား ဘ၀မို့လို့ ချုပ်ချယ်ချင်ရင်လည်း ထားပါတော့လေ။ အခုတော့……. ။

ကျွန်တော်တို့နှစ်ယောက်ရဲ့ စကားဝိုင်းလေးက အသက်မပါတော့။ စကားလုံးတိုင်းက ခြောက်ကပ်လို့နေတယ်လေ။ ဒီစကားလုံးတွေက အရင် ဆယ်တန်းအောင်စက ပြောခဲ့သလို။ မိဘတွေရဲ့ မျက်စိအောက်မှာ တင်းကျပ်လို့နေတုန်းပါပဲ။

အခန်း(၂)


မနက်မိုးလင်းတော့ ညတုန်းက အတွေးတွေကြောင့် ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။ နေလောင်ခံ လိုးရှင်းတစ်ခုကို ခြေဆုံးခေါင်းဆုံးလိမ်းလိုက်ပြီး… အင်းယားလမ်းက GODကို တက္ကစီ ငှားပြီး ထွက်လာလိုက်သည်။ တာမွေဘက်ကနေ ကားကို ဖြတ်မောင်းတော့ ရေကစားနေကြသူများကို ခပ်ကြဲကြဲပဲ တွေ့ရသည်။ ဘယ်လိုဖြစ်တာလဲ။ သင်္ကြန်အကြတ်နေ့တောင် ဖြစ်နေပြီ။ ၅နှစ်အတွင်းမှာ ရန်ကုန်သင်္ကြန်က ခြောက်ကပ်ကပ်နိုင်လှချည်လား။

အင်းယားလမ်းထဲကို ကားဆက်မ၀င်နိုင်တော့လို့ မာလာဆောင်ရှေ့ကနေ တော်တော်လေး
လမ်းလျှောက်လိုက်ရသည်။ မဏ္ဍာပ်ပေါ်ရောက်တော့ သီချင်းသံတွေကြားမှာ ညက အမောတွေ ပျောက်သွား၏။ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်စည်းချက်နဲ့ကိုယ် လူးနေရင်း မိန်းကလေး တစ်ယောက် ကျွန်တော့်ရှေ့မှာ လာရပ်သည်။ သူမသည် ကျွန်တော့်ကို တစ်ချက်ပြုံးပြလိုက်ပြီး ကျွန်တော့်စည်းချက်တွေကြားကို ၀င်လာသည်။ သူမရဲ့ အရပ်က ကျွန်တော့် အရပ်နဲ့ မတိမ်းမယိမ်းရှိပြီး ညိုစိမ့်စိမ့်နဲ့ တော်တော်ချစ်စရာ ကောင်း၏။ သူမနဲ့ ကပြီးနောက် ကျွန်တော် မဏ္ဍာပ်ပေါ်မှာ ရှိတဲ့ တခြားတစ်ယောက်နဲ့ ပြောင်းကလိုက်သေးသည်။ ကျွန်တော် နောက်ကို ပြန်လည့်လိုက်တဲ့အချိန်မှာ သူမကကျွန်တော့် နောက်နားမှာ ကပ်လျှက်ရှိနေတုန်း။ ဒီလိုနဲ့ပဲ တွဲက ဖြစ်ပြန်ရော။ နောက်တော့ နာမည်တွေ ချိန်းကျတယ်လေ။ သူ့နာမည်က ဧပရယ်တဲ့။ လှလိုက်တဲ့ နာမည်လေး။ ဒီလိုနဲ့ သင်္ကြန်ရဲ့ ပထမအကြတ်နေ့မှာ အရမ်းခင်စရာကောင်းတဲ့ ဧပရယ်။ နောက်ပြီး ဘောလုံးဆိုတဲ့ ကောင်လေးရယ်။ ကျွန်တော်တို့ သုံးယောက်တတွဲတွဲ ဖြစ်သွားကြသည်။

တကယ်တော့ ဒီခင်မင်မှုတွေက တစ်ခုခုကိုသယ်လာတာ အစက မရိပ်မိခဲ့ဘူး။
ဧပရယ့်ရဲ့ ခင်မင်မှုတွေက တစ်ခုခုနက်ရှိုင်းနေသလို။ တစ်ချက်တစ်ချက် ကျွန်တော့်ကို စူးစိုက်ကြည့်လိုက်တဲ့ မျက်ဝန်းနက်နက်တွေ ကြားမှာ သံယောဇဉ်တစ်ခုခုက ကပ်ပါလာသလိုလို။

ဒုက္ခတစ်ခု။ နောက်ထပ် ဒုက္ခတစ်ခုကို ဘယ်သူ့ကိုမှ မပေးလို။ ကျွန်တော့် သက်ပြင်းမသိမသာချရင်း ဧပရယ့် အကြည့်တွေကို မသိမသာရှောင်နေခဲ့၏။ ညနေခင်းဘက်ကို သမ်းလုလုအချိန်မှာ မဏ္ဍာပ်ပေါ်က လူတွေ အားလုံး ရေချိန်ကိုက်နေကြပြီ။ ဘောလုံးကြောင့် ဧပရယ်လည်း ထွေထွေဖြစ်နေသည်။ ယိုင်တော့ မလိုလို ဖြစ်နေတဲ့ ဧပရယ့်ကို ဘောလုံးနဲ့ အတူတူ ဖေးမလိုက်ရင်း မဏ္ဍာပ်စင်ပေါ်က ရေပန်းတွေ အောက်ကို အမူးပြေရပ်ခိုင်းလိုက်၏။ ဧပရယ်က ကျွန်တော့်ကို စိုက်ခနဲ ကြည့်လိုက်ပြီး ကျွန်တော့်ကို မနေ့ကတည်းက သတိထားမိပြီး သဘောကျနေတာတဲ့လေ။

ကျွန်တော်က ဧပရယ်ပြောတာကို ဂရုစိုက်နားမထောင်ဖြစ်။ ငိုက်ဆိုက်ကျချင်နေတဲ့ သူမရဲ့ခေါင်းကို ရေပန်းတွေအောက်ကို ထိုးခံပေးလိုက်သည်။ ဒါပေမယ့် စိတ်ထဲကတော့ တိုးတိုးလေး ပြောလိုက်မိသည်။ အချစ်ဆိုတဲ့အရာကို နင်ဘယ်လောက်တောင် နားလည်လို့လဲ ဧပရယ်ရယ်……….။ အချိန်တန်တော့လည်း အားလုံးက ပြီးဆုံးသွားမှာပါ။ ဟုတ်တယ်။ သင်္ကြန်ပြီးတာနဲ့ အားလုံးက ပုံမှန်ပြန်ဖြစ်သွားမှာပါ။

ဒီလိုနဲ့ပဲ သင်္ကြန်ရက်တစ်ရက်သာ ကုန်ဆုံးတော့မည်။ ကျွန်တော့် ဟန်းဖုံးလေးကို ကြည့်လိုက်တော့ ဘာMiss Callမှ မရှိ။ လက်ချောင်းလေးတွေက အလိုလို နံပါတ်တစ်ခုခုကို နှိပ်လိုက်တော့လည်း ကိုင်မယ့်သူမရှိ။ နေ့လည်အခါ သင်္ကြန်သီချင်းသံတွေနဲ့ ပြာလောင်ခတ်နေသလောက် ညအခါ တိတ်ဆိတ်လှချည်လား။ ရန်ကုန်သည် ဟိုးအရင်တုန်းကလို တက်တက်ကြွကြွမရှိတော့။ ဒီလိုပါပဲ။ ခေါ်သူမဲ့ တိတ်ဆိတ်နေတဲ့ ဖုန်းလေးကို နံဘေးမှာ ချထားရင်း အိပ်ပျက်ခဲ့ရပြန်ပြီ။

…………………………………………။…………………………………………..

ဒုတိယအကြတ်နေ့။ ဒီနေ့တော့ မနက်မိုးလင်းတာနဲ့ တူးပို့သံတွေနဲ့ စိုင်းစိုင်းရဲ့ အိုးကလေးလှုပ်ပါဦး အသံတွေက နားထဲကို ပြေးဝင်လာသည်။ မိုးလင်းခါနီးမှ အိပ်ပျော်သွားလို့ အိပ်ရေးမ၀တဲ့ မျက်လုံးတွေက ကြိမ်းစပ်စပ်။ ခနာကိုယ် တစ်ခုလုံးကလည်း ကိုင်ရိုက်ထားသလို နာလှ၏။ အိမ်ရှေ့ဝရန်တာကို ထွက်ကြည့်လိုက်တော့ အိမ်ရှေ့ ကားလမ်းပေါ်မှာ ၀ီစီသံမျိုးစုံနဲ့ ရေပက်ခံကားတွေ တန်းစီနေကြပြီ။

ကျွန်တော်လည်း အမလုပ်ပေးထားတဲ့ မနက်စာကို ကပျာကယာစား။ အ၀တ်အစားလဲပြီး GOD ကို သုတ်ခြေတင်ရ၏်။ အင်းယားလမ်းအ၀င်ရောက်တော့ တစ်လမ်းလုံးရေတွေ လွှမ်းပြီး ဒူးဆစ်အထိ ရေတွေမြုပ်နေပြီ။ GOD ပေါ်ရောက်တော့ ဧပရယ်က ရောက်နှင့်နေသည်။ ရောက်ရောက်ချင်းပဲ သူမက ကျွန်တော့်ကို မျှော်နေသည်တဲ့။

ဒီလိုနဲ့ပဲ ပိုက်နှစ်ချောင်းလောက်ကို နှစ်ယောက်သား လက်က ပူးကိုင်ရင်း လာသမျှကားတွေကို အမိအရပက်ကြသည်။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က ကျွန်တော့် ပုခုံးကို ပုတ်လိုက်ရင်း လူတစ်ယောက် ကျွန်တော့်ကို လာရှာနေတယ်တဲ့။ ကျွန်တော်ကြည့်လိုက်တော့ ရဲမင်းက မဏ္ဍာပ်အောက် ရောက်နေ၏။

ကျွန်တော်လည်း မဏ္ဍာပ်အောက်ကို ဆင်းပြီး ရဲမင်းနဲ့ စကားပြောဖြစ်သည်။ ရဲမင်းက ပုသိမ်ကို သွားဖို့ ကားလက်မှတ်ဝယ်ပြီးပြီတဲ့။ ကျွန်တော် သူ့ကို ကြည့်ပြီး စိတ်တော်တော်ညစ်သွားသည်။ နောက်တော့ ကျွန်တော်က သူ့ကို ငါတစ်ယာက်တည်း သွားချင်တယ်။ မင်းနောက်မှ သွားလို့မရဘူးလားလို့ မေးလိုက်သည်။ သူကလည်း သူ့အကြောင်း ပြချက်နဲ့လေ။ သူစင်္ကာပူသွားတော့မှာ မို့လို့ နောက်ဆုံးတစ်ခေါက် သွားနှုတ်ဆက်ချင်တယ်တဲ့။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ခေါင်းပေါ်ကို ရုတ်တရက် တဝေါဝေါကျလာတဲ့ ရေတွေကို ရှောင်လိုက်ရင်း…။

မင်းသွားချင်ရင်သွား။ မင်းသွားရင် ငါ မသွားဘူး။ ငါသွားရင်တော့ မင်းမလိုက်ခဲ့နဲ့။

ရဲမင်းက ကျွန်တော့်ကို အသိရခက်နေတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေရင်း သူဘာလုပ်ရမှန်းမသိတော့။ တကယ်တမ်းတော့ ကျွန်တော့်ရင်ထဲမှာ ပြောစရာစကားတွေက ကုန်နေပြီ။ မဏ္ဍာပ်ပေါ်ကို ငဲ့ပြီး ကြည့်လိုက်တော့ ဧပရယ်က ကျွန်တော့်ကို လက်ယက်ခေါ်နေပြီလေ။

………………………………….။……………………………………

အတိတ်ဆိုတာကို အတိတ်မှာပဲ ချန်ထားသင့်ခဲ့ပေမယ့် အမြဲတမ်း တူးဆွအသက်သွင်းနေမိတဲ့ ကျွန်တော့်အတွက် ဒဏ်ယာဟောင်းကို ပွတ်သပ်နေမိတာ ဘာဆန်းလဲ။ ရူးတယ်လို့ပဲ ဆိုချင်ဆိုပါတော့။ တစ်စက်တစ်စက်ချင်းဆီ ကျလာတဲ့ ရေမှုန်တွေ အောက်မှာ ဘာရယ်မှန်း မသိ။ ပိုပိုပြီး မွန်းလာတယ်။ နောက်တော့ မဏ္ဍာပ်အနောက်လှေကားကဆင်းပြီး အင်းယားရေစပ်မှာ သွားထိုင်နေမိသည်။ ဒီနေ့ကျမှ အင်းယားရေပြင်က လှိုင်းကြပ်ခွပ်တွေ ပိုပြီး ထနေသယောင်။

အင်းယားရေပြင်ကို ငေးကြည့်နေချိန်မှာပဲ ဧပရယ်က ကျွန်တော့်ဘေးနား ရောက်လာ၏။ လက်ထဲမှာလဲ စားစရာတွေ ပါလာသည်။ စားစရာတစ်ချို့ကို ကျွန်တော့်လက်ထဲကို ကမ်းပေးလိုက်ရင်း ဘေးနားမှာ ကပ်ထိုင်လိုက်၏။ နောက်တော့ ဘာရယ်မဟုတ် ဟိုဟိုဒီဒီ ပြောနေကြရင်း ဧပရယ်က ကျွန်တော်ကို ရည်းစားရှိလားလို့ မေးလာသည်။ ကျွန်တော်ကလည်း ရှိတယ်။ သင်္ကြန်ပြီးရင် ရန်ကုန်ကို လိုက်လာလိမ့်မှာလို့ ပြောလိုက်သည်။

ဧပရယ်က ရည်းစားဓါတ်ပုံရှိရင် ပြပါလားတဲ့။ ကျွန်တော်လည်း ဟန်းဖုန်းထဲမှာ သိမ်းထားတဲ့ ရည်းစားပုံတွေကို ပြလိုက်တယ်လေ။ သူမက တမြေခြားက ကျွန်တော့် ချစ်သူပုံကို ကြည့်ပြီး ချောလိုက်တာတဲ့။ ဟုတ်တယ်။ ချောတယ်။ သူ့နာမည်က ချူးတဲ့။ ဧပရယ်က တွေတွေလေးဖြစ်သွားပြီး ပုသိမ်မှာ သွားတွေ့မယ်ဆိုတာကရော ဘယ်သူလဲတဲ့။

ဒီတစ်ခါတော့ ဒီမေးခွန်းကို တော်တော်ဖြေရခက်သွားတယ်။ သူနဲ့ ကျွန်တော်နဲ့က ဘာတွေလည်း။ တကယ်တမ်းကျတော့ သူငယ်ချင်းတွေပါပဲ။ သူ့ဆီမှာလည်း ချစ်ရမယ့်သူနဲ့…. ကျွန်တော့်ဆီမှာလည်း လက်တွဲရမယ့်သူနဲ့……..။ သက်ပြင်းခပ်ပါးပါးလေးကို မှုတ်ထုတ်လိုက်ရင်း……… သူငယ်ချင်းတွေလိုပါပဲလို့ ဖြေလိုက်မိသည်။

ဧပရယ်က ကျွန်တော့်ကို မျက်တောင်ကော့လေးတွေနဲ့ ငေးကြည့်လိုက်ရင်း…….. တကယ်လို့ ကျွန်တော့်ဘ၀မှာ ပြောင်းလဲလို့ရရင်…….. ပုံမှန်ဘ၀တစ်ခုကို တည်ဆောက်နိုင်မယ် ဆိုရင် ဘယ်လိုလုပ်မလဲ ဆိုပြင်း လေးလေးနက်နက် မေးလာတယ်။

ဒီလို ပုံမှန်ဘ၀ကို ပြန်ရောက်ဖို့ ဧပရယ့်ဘက်က စွန့်စားပြီး ကျွန်တော့်ကို ကယ်တင်ချင်တာလား။ တကယ်တော့ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့တာ ဧပရယ်ရယ်……. မရူးချင်စမ်းပါနဲ့တော့။

အဲဒီညက တော်တော်နဲ့ ကျွန်တော် အိပ်မပျော်နိုင်ဘူး။ ပူပြင်းလှတဲ့ နွေညတစ်ညကို ခက်ခက်ခဲခဲ ဖြတ်သန်းရသလို ရင်ထဲမှာ တငွေ့ငွေ့ လောင်ကျွမ်းနေတဲ့ သံယောဇဉ်မီးကလည်း ပြင်းလွန်းလှပါသည်။ မနက်ဖြန်ဆို သင်္ကြန်အတက်နေ့။ ကျွန်တော် ဘယ်အချိန် ပုသိမ်ရောက်မလဲဆိုတာ အခုထက်ထိ ဖုန်းဆက်မေးဖော်မရ။ သူမဆက်တော့လည်း ကိုယ်ပဲဆက်ရတော့မယ်လေ။

သူနဲ့ အဲဒီနေ့ညက ဖုန်းပြောရတာ တကယ်ကို မမေ့နိုင်တော့။ ကျွန်တော်က မနက်ဖြန်ကျရင် ရဲမင်းပါ လာလိမ့်မယ် ဆိုတဲ့ အကြောင်းကို သူ့ကို ပြောပြလိုက်သည်။ နောက်ပြီး ရဲမင်းကို ကျွန်တော် ပြောပြတဲ့ အကြောင်းလည်းပါတာပေါ့။ ဒီတစ်ခါ သူ့ဘက်က တုန့်ပြန်မှုတွေက အေးစက်စက်။ ရဲမင်းနဲ့ ပါတ်သက်ပြီး ပြဿနာ တစ်ခုလို ကျွန်တော့်ဘက်က ဖြစ်နေတာတွေကို သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နိုင်လွန်းအားကြီးလာသည်။

မင်း…. ငါနဲ့နှစ်ယောက်တည်း တွေ့ဖို့ကို ဘာလို့ အဲဒီလောက်တောင် စိုးရိမ်နေရတာလဲ။

ကျွန်တော့်ဘက်က အမေးရှိပေမယ့် သူ့ဘက်က အဖြေမရှိခဲ့ဘူး။ တကယ်ကို သူ့ဘက်က ငြိမ်သက်လွန်းအားကြီးလာသည်။ အခြေအနေတစ်ခု ဖန်တီးခဲ့နိုင်မယ်။ တကယ်လို့သာ ကိုယ့်ရှေ့မှောက်မှာ သူရှိခဲ့မယ်ဆိုရင် တစိတ်လောက်တော့ ငါ့ကို နားလည်ပေးစမ်းပါ။ ငါ့အတွက် အချိန်နည်းနည်းလေးပဲ ပေးစမ်းပါ……….။ အဲဒီအတွက် တစ်သက်လုံး အမှတ်တရ သိမ်းသွားမှာပါဆိုပြီး ဒူးဖက်တောင်းပန်ပြီး အလျှော့ပေးချင်သူ တစ်ယောက်ပါ။

တစ်ချိန်တုန်းက ကျွန်တော်နဲ့ ဖုန်းဆက်ရဖို့ သူ့ဘက်က ဘယ်လောက် စွန့်စားခဲ့ရတာ သူမေ့နေပြီလား။ သူနဲ့သာ ဖုန်းပြောခွင့်ရတဲ့ တနင်္ဂနွေနေ့တွေတိုင်းမှာ ဖုန်းနားမှာ သူဖုန်းဆက်မယ့် အချိန်ကို မသိဘဲ ကျွန်တော် တစ်နေကုန် စောင့်နေခဲ့ဖူးတာရော မှတ်မိသေးရဲ့လား။ ဟိုး.. အဝေးဆုံးတစ်နေရာဆီမှာ ဝေးနေပေမယ့် ကျွန်တော် နေ့စဉ်ရေးခဲ့တဲ့ စာတွေကရော၊ချောင်တစ်ခုမှာ အမှိုက်အိတ်တစ်ခုလို စွန့်ပစ်ခြင်းခံလိုက်ရပြီလား။ အခုတော့ နှစ်ယောက်စလုံး ပြောစရာ စကားတွေ မကျန်တော့။

မင်း……. ငါ့ကို…. မလာစေချင်ဘူးမလား……..။

………………………………
………………………………

အင်း.........။

ဒီတစ်ခါတော့ ကျွန်တော် ဒီအဖြေကို မျော်လင့်ပြီးသားပဲလေ။

ငါ… မင်းနဲ့ ဒီတစ်ကြိမ် နောက်ဆုံး တွေ့ချင်ပေမယ့်……. ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး……။ ဒါပေမယ့် .. မင်းကို ပြောပြချင်တဲ့ စကားလေး ရှိခဲ့တယ်။……. အဲ့ဒါက မင်းကို ငါချစ်နေတယ်ဆိုတာပဲလေ။ …….. ပထမဦးဆုံး …. ဖြစ်သလို……. ဘယ်တော့မှ…. ထပ်ပြီး မပြောတဲ့ နောက်ဆုံး စကားပါ……..။ ကံကြမ္မာက အလှည့်ပေးလို့ ဒို့နှစ်ယောက်ပြန်ဆုံ ဖြစ်ရင်တော့…. သူငယ်ချင်းတွေပဲပေါ့………။ ဒီနေရာကပဲ… ငါနှုတ်ဆက်ခဲ့ပါတယ်…………..။ တစ်ချိန်ချိန်မှာ လိုအပ်ခဲ့ရင်တော့ ငါ…………… အမြဲတမ်း သူငယ်ချင်း တစ်ယောက်လို မင်းနံဘေးမှာ ရှိနေဦးမှာပါ…….. တို့နှစ်ယောက်က မင်း အမြဲတမ်း ပြောတဲ့ … အချစ်ဆုံးသူငယ်ချင်းတွေပဲလေ….. ဟုတ်တယ်မလား…………………..။

………………………………………..
………………………………………..။

တီ….. တီ…… တီ…. ဆိုပြီး တစ်ဖက်က ဖုန်းချသွားချိန်မှာ ကျွန်တော် ဆက်ကိုင်ထားမိနေဆဲ။ ဒီတစ်ခါတော့ ပူနွေးတဲ့ မျက်ရည်စတို့ ပါးထက်ကို အရင်လို မစီးကျလာတော့။ ဆယ်နှစ်တောင် ကြာပြီဆိုတော့ ခမ်းခြောက်သွားပြီ ထင်ပါရဲ့။ ဖုန်းလေးကို ဆက်ကိုင်ထားရင် အဝေးကို ငေးကြည့်မိလိုက်တဲ့အချိန်မှာ တစ်မြို့လုံး မှောင်အတိကျသွားတယ်။ ရန်ကုန်မီးလိုပဲ ပြန်လင်းလာဖို့ဆိုတာ အတော့်ကို ခဲယဉ်းသွားပြီလေ…..။

ဆက်ပါဦးမည်။
သရုပ်ဖော် 3D Model ကိုယ်တိုင် ပြုလုပ်၏။

April 12, 2009

စကာင်္ပူက ၁၅ကျပ်တန် သင်္ကြန်အလှူ

သင်္ကြန်။ သင်္ကြန်သံကြားတာနဲ့ သင်္ကြန်ပိုးတို့မနေနိုင်တော့။ လက်ဆစ်ခြေဆစ်လေးတွေ ချိုးလာမိသည်။ ခေါင်းကလေးတွေ တခါခါနဲ့ စည်းချက်အတိုင်း ဘယ်ညာ ယိမ်းနေမိသည်။ သင်္ကြန်ကျတာနဲ့ အိမ်မှာ ဖင်ပူအောင် မထိုင်နိုင်တော့။ နည်းနည်းလေးတော့ ရေစိုခံလိုက်ရမှ တင်းတိမ်နိုင်ခဲ့သူပါ။

ဒီနှစ်တော့ ရန်ကုန်သင်္ကြန်ကို ပြန်မကဲနိုင်တော့ပေမယ့် City Hall နားက Padang ကွင်းကျယ်ကျယ်ကြီးမှာ လုပ်မယ်ဆိုတော့ အတော်ပျော်သွားမိသည်။ နီးစပ်ရာ သူငယ်ချင်းတွေ ရအောင် ခေါ်ပြီး Padang ကွင်းမှာ သောင်းကျန်းဖို့ လူလိုက်စုမိသည်။ ၀င်ကြေး ၁၅ဒေါ်လာဆိုတော့ သူငယ်ချင်းတွေ တော်တော်များများ မတတ်နိုင်တော့။ တချို့ကလည်း ၁၅ဒေါ်လာအစား ရန်ကုန်က ချစ်သူလေးဆီ 1818 နှစ်ကဒ်ခေါ်ပြီး အလွမ်းသယ်တော့မည်တဲ့။ တစ်ချို့ကလည်း အ၀စား Steam Boat သွားစားမည်တဲ့။ တချို့ကတော့ လွန်ကို လွန်လွန်းပါသည်။ ၁၅ဒေါ်လာနဲ့ဆို Night Club သွားရင် အရက်တစ်ခွက်ပါ အလကားရသေး ဆိုပဲ။ သင်္ကြန်အတွက် ၀င်ကြေး ၁၅ဒေါ်လာပေးပြီး ဘာမှ မရနိုင်တဲ့။ ဘာမှ မပြောချင်တော့။ မြန်မာမှန်တော့လည်း သင်္ကြန်ကိုတော့ ချစ်သင့်ကြပါတယ်လို့ ပြောလိုက်ချင်သည်။

တကယ်တမ်း သင်္ကြန်ပွဲ ကျင်းပမယ့်နေ့ရောက်တော့ နေရာတွေအများကြီး ခွဲလုပ်ကြသည်။ Padang ကွင်းက ရေကစားပွဲကလွဲလို့ ကျန်တာတွေက ဘာဝင်ကြေးမှ မပေးရ။ စတုဒီတာ မဏ္ဍာပ်တွေကလည်း ပေါမှပေါတဲ့။ နေရာလေးနေရာတောင် ခွဲလုပ်ကြသည်။ လုပ်တဲ့အချိန်တွေက တူနေတော့ နေရာအကုန် မသွားနိုင်။ ၁၅ဒေါ်လာပေးထားတဲ့ Padangကွင်း ကိုတော့ မဖြစ်မနေ သွားရမည်။ မနက်စောစော သွားလို့ရတဲ့ နောက်တစ်နေရာကတော့ ToPayoh ဘုန်းကြီးကျောင်း။ ဒီလိုနဲ့ပဲ မိုးလင်းတာနဲ့ ဘုန်းကြီးကျောင်းကို သူငယ်ချင်းတွေနဲ့ ရောက်လာဖြစ်သည်။ မနက် ၉နာရီပဲခွဲသေးသည် ဘုန်းကြီးကျောင်းမှာ နေရာလပ်မကျန်တော့။

ဘုန်းကြီးကျောင်းထဲကိုဝင် ဘုရားကို ပုဆိန်ပေါက် ဦးသုံးကြိမ်ချပြီး စတုဒီတာ မဏ္ဍာပ်တွေဆီ ထွက်လာသည်။ ဘုန်းဘုန်း ဘုရားတွေကတော့ ပုရိတ်တရားတွေ ရွတ်နေဆဲ။ မုန့်ဟင်းခါးကလည်း ဘဲဥလှိုင်လှိုင် ငါးမြိုင်မြိုင်နဲ့ စားလို့ကောင်း၏။ ကြာဇံကြော်ကလည်း ကောင်းမှကောင်း။ နောက်တော့ ကြာဇံဟင်းခါးနံ့လေး မွှေးတာနဲ့ လူတိုးပြီး မရမက သောက်လိုက်သေးသည်။ အဲဒီနောက် ပြည်ထမင်းသုတ်ကလေးကလည်း ဂျူးမြစ်များများ၊ ငရုတ်သီး အတောင့်လိုက်ကြော်ထားတာလေးနဲ့ တော်တော်လေး အရာသာရှိပါဘိသနဲ့။ ပူပူနွေးနွေး မုန့်ကြာစိနဲ့ မုန့်လုံးရေပေါ်ကလည်း ချိုမှချို။

ရသမျှဗိုက်ထဲ ဖြဲကားသွင်းပြီးတဲ့နောက် ရေဆာလာတော့ အအေးအလှူရှင်ကို လိုက်ရှာလိုက်သေးသည်။ အအေးအလကားပေးတဲ့ နေရာကို ကပ်တောင် မကပ်ရသေးဘူး။ ရေခဲရေအေးအေးတွေက ခေါင်းတွေပေါ်ကို ပလူပျံပြီး စီးကျလာ၏်။ အမယ်…. ကိုကိုမမတို့က တာလဘက်လို မိုးကာအသားထူထူကို ရေကန်သေးသေးလေးလုပ်ပြီး အထဲမှာ ရေခဲတွေ အတုံးလောက်။ လာသမျှလူက အရည်ပျော်နေတဲ့ ရေခဲရေတွေနဲ့ ခပ်ခပ်ပြီး ပတ်ကြ၏။ ဘုန်းကြီးကျောင်းမှာ ရေကလည်း အလျံပယ်ဆိုတော့ တချို့ တွေက ရေပိုက်နဲ့ ဖြန်းလိုက်သေး။



ဘုန်းကြီးတွေ ပရိတ်ရွတ်နေတဲ့ အချိန်မှာ အခုလို ကောင်းနေကြတယ်လေ

စာင်္ကာပူရဲ့ အင်းယားလမ်း

စတုဒီတာ မဏ္ဍာပ်တွေကလည်း ဒိုးဒိုးဒန်ဒန်သီချင်းတွေနဲ့ အော်လိုက် ကလိုက်သေး။ မကြာပါဘူး လူကြီးတွေက ဘုန်းကြီးတရားပွဲ မပြီးသေးလို့ သီချင်းတွေ ခဏရပ်ထားပါဦးတဲ့။ ဘုန်းကြီးတရားပွဲက အမျှဝေလို့ သာဓုသုံးကြိမ်တောင် မခေါ်ရသေးဘူး။ သားစိုးရဲ့ ရောသမမွှေက စူးခနဲ ထွက်လာသည်။ နောက်တော့ ပျော်ရဲ့လားဟေ့ မောင်တို့ရေ… ဆိုတော့… အားလုံးက ပျော်တယ်ဟေ့ ပျော်တယ်ဟေ့လို့ အော်ကြသည်။ တကယ်ကို ပျော်စရာကောင်းတာပါ။ အားလုံးပျော်ပြီး ကကြသည်။ ဘယ်သူမှ မူးရူးမနေ။ တကယ်ကို ပျော်စရာကောင်းတာပါ။ ၁၁နာရီခွဲတော့ ဘုန်းကြီးကျောင်းမှာ ကြာကြာနေလို့မရတော့ နောက်တစ်ပွဲအတွက် City Hall ကို ချီတက်ကြသည်။

Padangကွင်းရောက်တော့ ပြင်ပစားစရာတွေ ယူလို့မရတဲ့။ ဒါနဲ့ပဲ အဆာခံလေး တစ်ခုခုစားရသေးသည်။ ကွင်းထဲရောက်တော့ ချက်ချင်း ၀င်လို့မရ။ တန်းစီပြန်ရပါသေးသည်။ တော်တော်ရှည်တဲ့ တန်းပါပဲလား။

ကွင်းထဲရောက်တော့ အားရပါးရ ခုန်ပေါက်ကမယ်လို့ ခဲထားသမျှ သဲရေကျဖြစ်ခဲ့ရ၏။ တမနက်ခင်းလုံး မိုးတွေရွာထားတော့ ကွင်းတစ်ခုလုံး ဗွက်ပေါက်နေသည်။ အဆိုတော်တွေရဲ့ စတိတ်စင်ပတ်လည်နားမှာလည်း လူတွေက အုံခဲနေကြလို့ စင်နားပင် မကပ်နိုင်တော့။ ပိုဆိုးသေးတာက စင်က အတော်နိမ့်တော့ ဘယ်သူတွေက ဘာတွေဆိုနေမှန်းမသိ။ စင်ရဲ့ အပေါ်ပိုင်းပဲ မြင်ရသည်။ စင်ပေါ်ဘယ်သူတွေတက်နေမှန်း မတွေ့ရ။ အော်….. အခက်အခဲတွေကြားက စီစဉ်ရတဲ့ပွဲဆိုတော့လည်း အဆိုတော်တွေအတွက် ကိုယ်ပိုင်တီးဝိုင်းတွေတောင် မထည့်နိုင်ရှာ။ အဆိုတော်တွေခမျာ ကိုယ်ပါလာတဲ့ ကိုယ့်အခွေလေးနဲ့ ကာရာအိုကေပြန်ဆိုကြရသည်။ ဆောင်းဘောက်ကလေးခမျာမှာလည်း မိုးမိလို့ထင်ရဲ့ တစ်ကွင်းလုံးကြားအောင် မဟစ်နိုင်ရှာပါဘူး။

စင်ပေါ်မှာရော။ ဆောင်းဘောက်တွေရော ဘာပဲဖြစ်နေဖြစ်နေ။ ဂရုမစိုက်နိုင်။ ဘီယာလေးစုပ်ရင်း သူငယ်ချင်းတွေနဲ့ အတူတူရှိရတာလေးကိုက အရသာ။ မြရေလျဉ်က ရုတ်တရက် ထပြီးအော်သည်။ ဟယ်…. ၁၅ကျပ်တန်သွားပြီ ဖြူဖြူကျော်သိန်း လည်ပင်းမှာ အနီရောင်လေးပတ်ထားတာ မြင်လိုက်ရတယ်တော့…….။ ကျွန်တော်တို့ အထဲက တစ်ယောက်က သူ့ကို ထအော်လိုက်၏။ အနီရောင် မဟုတ်ဘူး။ အနက်ရောင်တဲ့။ မြရေလျဉ်က ၀မ်းနည်းသွားပြီး ၁၅ကျပ်တော့ သွားရှာပြီတဲ့လေ။ ဘယ်သူ ၁၅ကျပ် အရင်းပြန်ရလို့ ဘယ်သူရှုံးတယ်မသိ။ သေချာတာ တစ်ခုကတော့ ဖြူဖြူကျော်သိန်း သူမဘာဝတ်ထားတယ် ဆိုတာ သူမကိုယ်တိုင်ပဲ သိပါလိမ့်မည်။

ကွင်းထဲကတော့ ဘုန်းကြီးကျောင်းနဲ့ တခြားစီပါ။ သောက်တာ စားတာ ဘယ်နေရာမှ အလကားမရှိ။ တော်တော် စကာင်္ပူပီသ၏။ သုံးနာရီထိုးတော့ ဖျော်ဖြေရေး ခဏရပ်သည်။ စင်နားမှာ အုံနေတဲ့သူတွေ အနောက်ကို ရောက်လာသည်။ ကျွန်တော်တို့ အဖွဲ့ထဲက မမတို့က စင်နားမှာ လူမကြပ်တုန်း စင်နားကပ်ဖူးတယ် ရှိအောင်ကပ်ရအောင်တဲ့။ ဒါလည်း ကပ်ကြတာပေါ့လို့ဆိုပြီး တစ်လှမ်းနှစ်လှမ်းပဲ ရှေ့တိုးလိုက်ရသေးတယ် ရှေ့မဆက်နိုင်တော့။ ဟဲ့…. ဟဲ့…..။ ဘာဖြစ်တာလဲလို့မေးလိုက်တော့ ရှေ့မှာ ကာထားတယ်တဲ့။ ကြည့်လိုက်တော့လည်း စင်က အဝေးကြီးမှာ ရှိသေးတယ်။ မဖြစ်နိုင်ပါဘူးလို့ သူငယ်ချင်းတွေကို တွန်းဖယ်ကြည့်လိုက်တော့။ အား… ပါး… ပါး… ခုံတွေ ….. ခုံတွေ……။ ဖြူစွတ်နေတဲ့ ခုံတွေပေါ်မှာ ဆိုင်ရာပိုင်ရာတွေ။ ၁၅ဒေါ်လာ။ သာတူညီမျှ စတိတ်ရှိုး ကြည့်ရမယ်ဆို။ ရောင်းတဲ့သူတွေက ဘာလို့ လက်မှတ်မရောင်းခင်ကတည်းက ၁၅ဒေါ်လာတန် ထိုင်ခုံတွေ ရှိတာ ကြိုမပြောသလဲ။ သူတို့တွေက သူများတကာလို ရွှံ့စပ်စပ်မှာ မတ်တပ်ရပ်ပြီး ကြည့်စရာမလို။ ပုံမပြတ်သေးတဲ့ မြက်ခင်းပေါ်မှာ အေးအေးလူလူ အသားကင်လေးတောင် စားနိုင်တယ်ထင်ပ။ စတိတ်စင်ကလည်း သူတို့တွေကြည့်နိုင်ဖို့ အမြင့်ကို တိုင်းပြီး ဆောက်ထားသလား မှတ်ရတယ်။ ထိုင်ခုံလေးတွေပေါ်က လူတွေကလွဲလို့ စင်ပေါ်မှာ ဘယ်သူဘာလုပ်နေကြလဲဆိုတော မမြင်နိုင်။ သြော်… သူများ တကာတွေများ ဘုန်းကံတွေကိုက ကျွန်တော်တို့ထက်သာပ။ ပါလာတဲ့ သူငယ်ချင်းတွေကလည်း ခြံခတ်ထားတဲ့ VIP ၀င်းလေးကို သွားရည်တများများနဲ့ ကြည့်မိလိုက်သေးသည်။ ကုသိုလ်ကံနည်းတဲ့ ကိုယ့်ဘ၀တွေကို သနားလာမိကြ၏။ DJ ဖြိုးကြီးဆိုသူရဲ့ ဂီတသံတွေကလည်း ကျွန်တော်တို့ကို လှောင်နေသလား အောက်မေ့ရသည်။ နောက်ဆုံးတော့ ကိုယ့်ကိုကိုယ် သနားလာမိတာနဲ့ ပွဲသိမ်းတဲ့ ၆နာရီထိုးတဲ့ အထိတောင် မနေနိုင်တော့ပေ။ ၀မ်းနည်းပက်လက်နဲ့ ဖျာလိပ်ပြီး စောစောပြန်ခဲ့ရ၏။

ဒီလို ကုသိုလ်ကံနည်းတာကလည်း ရှေးဘ၀က အလှူအတန်းနည်းခဲ့လို့ထင်ပါတယ်။ ပေးလိုက်ရတဲ့ ၁၅ဒေါ်လာလေးကိုလည်း နှမြောမိလိုက်တာ။ အော်… 1818နှစ်ကဒ် ၀ယ်လိုက်ရင် အကောင်းသား။ Steam Boat သွားစားရင်လည်း အကောင်းသား။ ဒါမှ မဟုတ် Night Club သွားရင်လည်း မဆိုးပါဘူး။ အို……. ဖြစ်ပြီးတဲ့ ကိစ္စကို ဘာလို့ ၀မ်းနည်းနေမိပါလိမ့်။ လှူတတ်ရင် ပြားစေ့လေးတောင် နိဗန်ရောက်နိုင်သေးတာပဲ။ အခုက ၁၅ဒေါ်လာတောင်။ ဘာပဲ ပြောပြော စိတ်ထဲကတော့ ကျေနပ်သွားသည်။ စင်ရှေ့ တည့်တည့်က ခုံဖြူဖြူလေးတွေ အတွက် ၁၅ဒေါ်လာ လှူခဲ့ပါ၏။ သာဓုအနုမောဒနာ ခေါ်ကြပါစေကုန်သတည်း။ ။

အခုလို ပရိတ်တရားတော် နာနိုင်ကြ၏
မနက် ၉း၃၀ပဲ ရှိသေးသည်။ များလိုက်တဲ့ ရွှေမြန်မာတွေ။

စကာင်္ပူရဲ့ အင်းယားလမ်း. ကကြခုန်ကြ။ ကျွေးကြမွေးကြနေရာလေ
ခုံဖြူဖြူလေးတွေပေါ။ နောင်နှစ် ထိုင်ချင်လှပါသည်

သနားစရာ တချိ့မြန်မာတွေကလည်း ဒီနေရာလေးမှာ အေးအေးလူလူ ထိုင်နိုင်ခွင့်မရတော့။ ကြည့်ပါလား.. ဟိုးမှာ တိုးလို့ဝှေ့လို့။
ရွှေ့မြန်မာတွေကလည်း အခုလို တူးပို့ သံတွေကြားရင် အခုလို ဗွက်တွေ မမှုတော့။

ရွှေမြန်မာတွေကလည်း အခုလို စိးပွားရေး လာဘ်မြင်လာ၏

Peninsula နားမှာ လူတွေကလည်း ရုတ်ရုတ်နဲ့

April 10, 2009

သံယောဇဉ်အလွန်

မျော်လင့်ချက်..........။
အဲဒီမျော်လင့်ချက်တွေနဲ့ပဲ ကျွန်တော်သူ့ကို တမ်းတခဲ့တာကြာပေါ့။ တခါတလေ မျော်လင့်ချက်လေးတွေက တိတိရိရိပြတ်တောက်သွားဖူးတယ်။ တခါတလေ မျော်လင့်ချက်လေးတွေက ရေးတေးတေးလေး ပြန်ပေါ်လာခဲ့ဖူးတယ်။ တခါတလေတော့လည်း အဲဒီမျော်လင့်ချက်တွေကပဲ တစ်နေရာမှာ သွားပုန်းနေတတ်တယ်လေ။ ဒီတစ်ခါတော့ ဒီမျော်လင့်ချက်တွေကို ထောင့်တစ်နေရာမှာ ပုံထားလိုက်ချင်တယ်။ မေ့ထားလိုက်ချင်တယ်။ အချိန်ကာလ တန်ကြာစွာ စွဲမက်လာခဲ့တဲ့ ဒီမျော်လင့်ချက်လေးတွေကိုတော့ နောက်ဆုံးတစ်ခေါက် အနေနဲ့ ကျွန်တော် မျော်လင့်ချင်သေးပါရဲ့။ ဒီလိုနဲ့ပဲ မျော်လင့်ချက်တွေကို လွယ်အိတ်ထဲ စုပြုံထည့်ရင်း ကျွန်တော်ရဲ့ အိမ်အပြန်ခရီးကို စတင်လိုက်ပါတော့တယ်။ မဝေးတဲ့ တစ်နေ့မှာတော့ နောက်ဆုံးတစ်ကြိမ် ပြန်ဆုံနိုင်ပါသေးတယ်နော်။

အခန်း(၁)

နာရီကို ကြည့်လိုက်တော့ လေယာဉ်ကထွက်မယ့်အချိန်ကို ၄၅မိနစ်တိတိ စွန်းနေပြီ။ ခပ်သေးသေး လေယာဉ်ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ လေဆိပ်လုံခြုံရေး အရာရှိတွေက လေယာဉ်ဝမ်းဗိုက်ထဲမှ ခရီးဆောင်အိတ်တွေကို ပြန်ထုတ်နေသည်။ ဒီပုံစံအတိုင်းဆို လေယာဉ်က ပိုပြီးနောက်ကျပေဦးမည်။

လေယာဉ်ပေါ်မှာလည်း ခရီးသည်တွေက အပြည့်။ ကိုယ့်မွေးရပ်မြေကို ပြန်ကြရတော့မယ် ဆိုတော့လည်း အားလုံးက ပျော်ရွှင်မြူးတူးနေကြလို့။ ပိုပြီးပျော်စရာကောင်းတာက ဒီနေ့က သင်္ကြန်အကြိုနေ့လေ။ ဘာလိုလိုနဲ့ သင်္ကြန်နဲ့ဝေးခဲ့တာ အခုဆို ၅နှစ်တောင် ရှိတော့မည်။ အခုအချိန်မှာ ဒီမြေ ဒီလေမှာ တစ်စက္ကန့်တောင် မစွန်းလို။ စိတ်တွေက ဝေးခဲ့တဲ့ သင်္ကြန်ခရီးကို မြန်မြန်ရောက်ချင်သည်။ သူပြောပြခဲ့တဲ့ ခရီးတစ်ခုကို သူမောင်းမယ့် ဆိုင်ကယ် ကိုစီးရင်း သူ့ခါးကို နောက်ကနေ ဖက်လို့ စိတ်ကူးနဲ့ ခရီးနှင်ခဲ့တာလည်း အတော်ကြာလှရောပေါ့။ လေယာဉ်ရယ် အမြန်ထွက်ပါတော့။ ကျွန်တော်ချစ်တဲ့ သင်္ကြန်။ ကျွန်တော်ချစ်တဲ့ သူ။ နောက်ပြီး သူနဲ့ သွားချင်တဲ့ ငွေဆောင်။ အဲဒါတွေ အားလုံး စောင့်ကြိုနေကြပြီလေ။

…………………………………….။…………………………………………

ရန်ကုန်လေဆိပ်ကို ရောက်တော့ ရောက်သင့်တဲ့အချိန်ထက် တစ်နာရီခွဲလောက် နောက်ကျပြီးမှ ရောက်သည်။ ဖြစ်နိုင်ရင် အပြင်ကို မြန်မြန်ရောက်ချင်သည်။ ဒါပေ့မယ် ဒီတစ်ခေါက် မြန်မာပြည်ပြန်လာတဲ့ သူတွေ များတော့ Immigration Counter မှာ တော်တော် တန်းစီလိုက်ရသည်။ ကိုယ့်နိုင်ငံကိုယ်ပြန်လာတဲ့ သူတွေက ဒီကောင်တာလေးကို ဖြတ်ဖို့အရေး တစ်နာရီနီးပါးလောက် တန်းစီရသလောက် လေယာဉ်ပေါ်မှာ ပါလာတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကတော့ နိုင်ငံကူးလက်မှတ်လေးပြပြီး အလျှိုအလျှို မြန်မြန်လေး ထွက်သွားကြသည်။ ကမ္ဘာလှည့်ခရီးသည်တွေပဲ ဖြတ်ရတဲ့ ဘယ်သူမှ မရှိတော့တဲ့ ကောင်တာကို လှမ်းကြည့်လိုက်ရင်း ဘာရယ်မဟုတ် ကိုယ့်ရှေ့မှာ တန်းစီနေတဲ့ လူတွေကို ရေတွက်ကြည့်လိုက်သည်။ တစ်ယောက်။ နှစ်ယောက်။ သုံးယောက်။ အောင်မလေး ရှစ်ယောက်ကြီးများတောင် ကျန်သေးသည်။ ကောင်တာက တစ်ယောက်ကလည်း ဘာတွေ မေးနေမှန်းမသိ။ ပြန်လာတဲ့ အမျိုးသားက ကောင်တာက အရာရှိကို စာရွက်တွေ တစ်ရွက်ပြီး ထုတ်ပြနေသည်။ သူ့တစ်ယောက်တည်းနဲ့တင် အချိန်တွေက မကြာသင့်ပဲ ကြာနေသည်။ သက်ပြင်းနွေးလေးကို မသိမသာချလိုက်ရင်း ဟိုဘက်လေဆိပ်မှာကတည်းက ထွက်လာတဲ့ ဒေါသတွေကို ပြန်ပြန်သိမ်းနေရသည်။ ဒီလိုနဲ့ပဲ စောင့်ရင်း။ ကြာရင်းနဲ့ပဲ။ အဲဒီကောင်တာကို အောင်မြင်စွာ ဖြတ်နိုင်ခဲ့တယ်လေ။

ကောင်တာကနေ ဖြတ်လာပြီးနောက် Luggage တွေ ထုတ်တဲ့နေရာကို ရောက်ပြန်တော့လည်း Luggage တွေက တော်တော်နဲ့ ထွက်မလာ။ ထွက်လာပြန်တော့လည်း ကျွန်တော့် Luggage အနက်မှာ မြေဖြူနဲ့ ကြက်ခြေခတ်မှတ်ထားတဲ့ အမှတ်အသားက အဖွေးသား။ ဟိုဘက်လေဆိပ်က လက်ချက်ပဲ ဖြစ်မှာပါ။ ကိုယ့်ခရီးဆောင်အိတ်တွေကို သယ်ပြီး နောက်ထပ်ကောင်တာ တစ်ခုကို ဖြတ်ရပြန်သေးသည်။ ကောင်တာက အရာရှိက ကျွန်တော့ အိတ်တွေအားလုံးကို ဖွင့်လိုက်ပြီး ပစ္စည်းတွေကို တစ်ခုချင်း စစ်သည်။ ခရီးသည်တွေထွက်တဲ့ အပေါက်ကို လှမ်းကြည့်လိုက်တော့ ဖေဖေ့ကို ပြူတစ်ပြူတစ်နဲ့ တွေ့လိုက်သည်။ ကျွန်တော် စိတ်မရှည်တော့ ကောင်တာက အရာရှိမေးသမျှကို ဘုဆတ်ဆတ်ပြန်ဖြေရင်း ခြေလှမ်းတွေက အပြင်ဘက်ကို လှမ်းနေပြီ။ သူစစ်ပြီးတဲ့အချိန်မှာ အိတ်တွေကို ပြန်ပိတ်ပြီး ဖေ့ဖေ့ရှိရာကို အပြေးလေးထွက်သွားလိုက်သည်။ အဲဒီအချိန်မှာ ကျွန်တော် သတိမထားတာတစ်ခု။ တော်တော်လေးကြာမှ သိလိုက်ရသည်။

……………………………..။…………………………………

မရောက်တာကြာပြီ ဖြစ်တဲ့ ဧပြီလေရူးက ပူခနဲ ဖြစ်အောင် ကျွန်တော့် မျက်နှာပေါ်က ဖြတ်ပြေးသွားသည်။ ဖေဖေနဲ့ ကျွန်တော့် ယောက်ဖက Luggage တွေ အကုန်လုံးကို ကားပေါ်တင်ပြီးတဲ့နောက် ဖေဖေ့တို့ အိမ်လေးရှိရာ ဒဂုံမြို့သစ်မြောက်ပိုင်းကို နွေပူပူမှာ မညီညာတဲ့ လမ်းတွေပေါ်မှာ ဘယ်ယိမ်းညာယိမ်းနဲ့ ထွက်လာခဲ့သည်။ အိမ်ကိုရောက်တော့ မေမေက ထမင်ဝိုင်းနဲ့ အသင့်စောင့်နေ၏။ ဒီတစ်ခေါက် ဖေဖေတို့နေတဲ့ နေရာလေးက အရင်က ၆ရပ်ကွက်မှာ မဟုတ်တော့။ ၁၂ရပ်ကွက်မှာ။ ၆ရပ်ကွက်က အိမ်မှာ အမတွေ နေကြသည်။ ထမင်းစားပြီးတာနဲ့ တယ်လီဖုန်းရှိတဲ့ ၆ရပ်ကွက်က အိမ်ကို အပြေးလေး အသော့နှင်မိသည်။ စိတ်ထဲကလည်း တစ်စုံတစ်ယောက်သောသူက ကျွန်တော့်ဆီ ဖုန်းဆက်လိမ့်ဆိုတဲ့ မသိစိတ်လေးတစ်ခုနဲ့ပေါ့။ အိမ်ရောက်တာနဲ့ မမကလှမ်းပြောတယ်။ သူကျွန်တော့ဆီ မနက်ကတည်းက ဖုန်းတွေ ဆက်နေတယ်တဲ့။ ဘာရယ်မှန်းမသိ။ သူနဲ့ ပါတ်သတ်ရင် မခုန်တာ ကြာပြီဖြစ်တဲ့ ရင်က ဆတ်ခနဲ တုန်သွားသလို။ ပိုင်ဆိုင်သူတွေ အသီးသီးရှိနေကြပေမယ့်လည်း တခါတလေတော့ လည်း အခုထက်ထိလွမ်းနေမိသေးသား။

သူ ကျွန်တော့်ဆီ ဖုန်းပြန်ခေါ်မှာကိုလည်း စိတ်ထဲက အလိုလိုသိနေသလို။ ဒီလိုနဲ့ပဲ ဖုန်းနားကနေ မခွာရက်နိုင်တော့။ ဖုန်းလေး တစ်ချက်မြည်သွားချိန်မှာ ကောက်ခနဲ ကောက်ကိုင်မိလိုက်တော့ သူမဟုတ်။ ရင်ထဲမှာ မောသွားသည်။ ဒီလိုနဲ့ပဲ အိမ်ရှေ့နဲ့ အိမ်ပြင် ၀င်လိုက်ထွက်လိုက် လုပ်နေရင်းနဲ့ အမလုပ်တဲ့သူက ဖုန်းလာနေတယ်ဆိုလိုက်ရော အပြေးလေးကိုင်လိုက်ပြီး တစ်ဖက်က အက်ရှရှအသံလေး ပြန်ကြားလိုက်ရချိန်မှာ ရင်ထဲမှာ နွေးသွားသည်။

မင်းဆီကို မနက်က ဖုန်းခေါ်သေးတယ်။ မင်းပြန်မရောက်သေးဘူးတဲ့။

ဒီလိုစကားလေး ကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော့်မျော်လင့်ချက်လေး တချို့ ပြန်ပြီးတောက်ပလာသလိုလို။ ကျွန်တော်ပြန်လာတဲ့အချိန်မှာ သူကရန်ကုန်မှာ မဟုတ်။ ပုသိမ်မှာ တာဝန်ကျနေတယ်တဲ့။ ကျွန်တော်က သင်္ကြန်တွင်းလာမယ်ဆိုတော့ သူက မအားဘူးတဲ့လေ။ ဟုတ်မှာပါ။ ဒီလိုဆို ကျွန်တော်က သင်္ကြန်အတက်နေ့ လာခဲ့မယ်။ ငွေဆောင်ကို သွားကြရအောင်ဆိုတော့ သွားမယ်လေတဲ့။ တကယ်ဆို ကျွန်တော် တော်တော်ပျော်သွားတာ အမှန်။ ဒါပေမယ့် အဲဒီအပျော်တွေရဲ့ နောက်ကွယ်မှာ ဒီတစ်ခါနောက်ဆုံးတွေ့ခြင်းသာလို့ စိတ်ပိုင်းဖြတ်ထားလို့လား မသိ။ ကျွန်တော့် ပျော်ရွှင်မှုတွေက ကမ်းစပ်ကို တင်ခဲ့တဲ့ လှိုင်းလုံးလေးလို ပျော့ပျော့လေး ကျန်ခဲ့သည်။ နောက်ဆုံး တစ်ကြိမ်တော့ သူ့ကို ရင်ခွင်ထဲမှာ ထွေးပိုက်ထားချင်သည်။ နောက်ဆုံး တစ်ကြိမ်တော့ သူ့ပါးပြင်မှာ စွဲထင်နေတဲ့ လတ်ဆတ်တဲ့ ယစ်တစ်တစ် ချွေးနံ့လေးကို ခိုးပြီးနမ်းချင်သည်။ နောက်ပြီး ငယ်ငယ်တုန်းက ဆော့ခဲ့သလို့ သူ့လက်ဖ၀ါးထဲမှာ ကျွန်တော့်လက်ချောင်းလေးတွေ ထည့်လိုက်ရင်း အားပြင်းပြင်းနဲ့ ဖျစ်ညှစ်တာကို ခံချင်သေးသည်။ ဒီလိုနဲ့ပဲ သင်္ကြန်အတက်နေ့ထိ သူ့ကို စောင့်ရမှာကို တွေးရင်း ရင်မောမိတာ အမှန်။

ညနေဘက်ရောက်တော့ ၁၂ရပ်ကွက်က အမေ့အိမ်ကို ပြန်။ အမေ့အိမ်မှာ တစ်ညအိပ်ပြီး နောက်နေ့ကျတော့ ပါလာတဲ့ အ၀တ်ထုပ်ကို တစ်ဝက်ခွဲပြီး ကျောက်မြောင်းက ဒုတိယ အမအိမ်ကို ရွှေ့ခဲ့၏။ သူ့အိမ်ကနေ အင်းယားလမ်းက ရေကစားမဏပ်ကို သွားရတာ လွယ်ကူတော့ ဖေဖေနဲ့ မေမေဆီမှာ ခွင့်တောင်းပြီး သင်္ကြန်တွင်း ကျောက်မြောင်းမှာပဲ နေခဲ့တယ်လေ။

ပထမဆုံးသင်္ကြန် အကျနေ့ရောက်တော့ အင်းယားလမ်းကိုသွားပြီး ကိုယ်ကစားရမယ့် မဏပ်ကို ရှာလိုက်သည်။ မဏပ်က သိပ်ပြီး မကြီးလှ။ အလတ်စားအရွယ်။ မဏပ်နာမည်က GODတဲ့။ ဒီလိုနဲ့ပဲ မဏပ်က ရှိသမျှလူတွေနဲ့ ခဏလေးနဲ့ ခင်သွားသည်။ သင်္ကြန်မကဲရတာ ကြာလို့လား။ သင်္ကြန်ရေ မထိတာပဲ ကြာလို့လား မသိ။ လတ်ဆတ်တဲ့ တီးလုံးတွေ ရစ်သမ်တွေကြားမှာ လူက မျောခနဲ ဖြစ်သွားသည်။ စိုင်းစိုင်းရဲ့ အိုးကလေးလှုပ်ပါဦး ဆိုတဲ့ စာသားကလည်း မဏပ်ပေါ်မှာ ရှိတဲ့လူတွေအားလုံးကို ဖမ်းစားသွားသည်။ ကျွန်တော်လည်း ကလိုက်ခုန်လိုက်နဲ့ အပျော်လွန်နေတာ နေ့လည်ခင်း ထမင်းစားရေပိတ်ချိန်အထိပေါ့။ ထမင်းစားနားနေတဲ့ အချိန်ကျတော့မှ ရဲမင်းဆိုတဲ့ လူတစ်ယောက်နဲ့ ချိန်းထားတာ သတိရလိုက်မိသည်။ ရဲမင်းက သူနဲ့ ဟိုးမူကြိုဘ၀ကတည်းက ခင်လာတဲ့ သူငယ်ချင်းတဲ့လေ။

ကျွန်တော်လည်း နေ့လည်ခင်း ထမင်းစားချိန်မှာ ရဲမင်းနဲ့ စကားတွေ ပြောဖြစ်ကြသည်။ ရဲမင်းပြာပြတဲ့ စကားလုံးတွေတိုင်းမှာ သူအကြောင်းလေးပါလာလိုက်ရင် ပျော်သွားရော။ ဒီလိုနဲ့ပဲ ပြောရင်းပြောရင်းနဲ့ ကျွန်တော်က ရဲမင်းကို သင်္ကြန်အတက်နေ့ ပုသိမ်ကို လိုက်သွားမယ် ဆိုတဲ့ အကြောင်း ပြောပြလိုက်မိ၏။ အဲဒီအခါကျတော့ သူကလည်း ကျွန်တော်နဲ့ လိုက်ခဲ့မယ်တဲ့လေ။ ဘယ်လိုလူလဲလို့ စိတ်ထဲမှာ မျက်ခနဲ ဖြစ်သွားရင်း ရဲမင်ူးကို မလိုက်ခဲ့နဲ့လို့ ကျွန်တော် ပိတ်ပြောလိုက်တယ်။ ဒီလူ့မျက်ဝန်းတွေကို သိပ်မသင်္ကာတော့။ သူ့အကြောင်းပြောနေတဲ့ အချိန်မှာ သူ့မျက်ဝန်းတွေမှာ အကြင်နာခိုးတွေ လဲ့နေသလိုလို။ သူ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထင့်သွားသည်။ အဲဒီအချိန်မှာ နေရောင်ကြောင့် ခြောက်လုဆဲ ကျွန်တော့် အကျိင်္က ရေမထိဘဲ ပြန်ပြီးအေးလာသည်။ ရင်ထဲမှာလည်း ခိုက်ခိုက်တုန်လာတော့သည်။

ဆက်ပါဦးမည်။
သရုပ်ဖော်ပုံ ကိုယ်တိုင်ဆွဲ၏။

April 7, 2009

တူးပို့ရှင်

တူးပို့ …… တူးပို့သံကြားတာနဲ့ ရော့ခ်အင်ရိုးတွေ ဘယ်လောက် ဟစ်ဟစ်၊ ဒစ်စကိုတက်ခ်တွေ ဘယ်လောက်မြူးမြူး အနောက်တိုင်း ကဟန်တွေ မေ့ပြီး ကျွန်တော်တို့ အားလုံး ခေါင်းခါး ခြေလှုပ်နဲ့ မြန်မာဆန်ဆန် အကပြောင်းတတ်ကြပါသည်။ တူးပို့သံကြားရင်လည်း မိုးပြေးလေးများ တဖြောက်ဖြောက်ကျလာပြီ။ မြေနှင့်ရေထိလို့ မြေသင်းနဲ့လေး သင်းခနဲ ဖြစ်လာပြီ။ ရွှေဝါရောင် ပိတောက်ဖူးလေးတွေလည်း ငွားငွားစွင့်လို့ ပွင့်အာလာကြပြီ။ တကယ်ဆို တူးပို့သံက တစ်နှစ်တာ ပင်ပမ်းနွမ်းလျသူတွေကို လှုပ်နိုးလိုက်သလို အသစ်အသစ်တွေကို လက်ကမ်းကြိုဖို့ သတိပေးလိုက်သလိုလို။ ဒါပေမယ့် ဒီတူးပို့သံလေးကို ဖန်တီးခဲ့သူကတော့ အိပ်စက်နေခဲ့တာ နှစ်ငါးဆယ်တောင်ကြာလှပေါ့။

သင်္ကြန်နဲ့ တူးပို့ ခွဲခြားမရသလို။ တူးပို့နဲ့ ဆရာမြို့မငြိမ်းသည်လည်း ခွဲခြားမရ။ အခုဆို ဆရာငြိမ်းဖန်တီးခဲ့သည့် တူးပို့သံလေးပင် ဆယ်စုနှစ်များစွာကို ဖြတ်ကျော်လာခဲ့ပြီ။ နုပျိုဆဲ။ လှပဆဲ။ မြူးကြွဆဲ။

ဆရာမြို့မငြိမ်းသည် သူမသေခင် မြို့မ၀ိုင်းတော်သားတွေ နှစ်စဉ်ရေပက်ခံထွက်ဖို့ သီချင်းတွေ သီကုံးပေးခဲ့သည်။ ထိုသီချင်းများထဲတွင် တူးပို့သီချင်းက အမြူးဆုံး၊ အကျော်ကြားဆုံး။ ဆရာမြို့မငြိမ်း မတိုင်ခင်က မြန်မာ့ဂီတသည် နှစ်၁၀၀အတွင်း လုံးဝမပြောင်းလဲ။ မတိုးတက်ခဲ့။ အနောက်နိုင်ငံမှာ ဂီတကို ပုံစံအမျိုးမျိုး စမ်းသပ်ပြောင်းလဲ တီထွင်နေကြချိန်မှာ မြန်မာတွေက ဘုန်းတော်ဘွဲ့တွေ၊ ရာသီဖွဲ့တွေ သီလို့ကောင်းနေတုန်း။ ထိုအချိန်မှာ ဆရာက မြန်မာ့ဂီတနယ်ကို သံစုံသစ်တွေ၊ စာသားအဆန်းတွေနဲ့ ၀င်လာသည်။ ဆရာရဲ့ သီချင်းတွေမှာ မြန်မာသီချင်းကြီး၊ သီချင်းခံတွေလို့ ခန့်ညားတာတွေ့နိုင်သည်။ ယိုးဒယားပတ်ပျိုးလို နူးညံ့တာ တွေ့နိုင်သည်။ ဆရာရေးဖွဲ့တဲ့ ရာသီဖွဲ့တွေမှာဆို လေရူးလေးတွေ ဝေ့တာ။ သစ်ရွက်လေးတွေ ကြွေတာက အစတွေ့နိုင်သည်။ တစ်နည်းအားဖြင့် ဆရာမြို့မငြိမ်းရဲ့ သီချင်းတွေသည် ရောင်စုံခြယ်သထားတဲ့ ပန်းချီကားတစ်ချပ်ပမာ။ နောက်ပြီး ဆရာစမ်းသစ်ထားတဲ့ သီချင်းလေးတွေထဲမှာ အသံလေးတွေကအစ ပါသည်။ မြို့မအတွက် ပထမဆုံး ရေးစပ်ပေးတဲ့ ခင့်အိပ်မက်သီချင်းမှာဆို သစ်ကိုင်းချင်းကြိတ်သံ တကျည်ကျည်လည်းပါသည်။ စစ်ပြေးရင်းရေးစပ်ခဲ့တဲ့ ရေချိုးဆိပ်သီချင်းမှာဆို ငှက်သမ္ဖန်တွေ သွားနေတဲ့ အိပွဲ့အိပွဲ့အသံလည်းပါသည်။ ဆရာ့ရဲ့ အကျော်ကြားဆုံး သင်္ကြန်သီချုင်းတစ်ပုဒ်မှာတော့ “သင်္ကြန်နှစ်ဦး တူးပို့တူးပို့ တူးသံမြူးသာယာ” ဆိုပြီး သင်္ကြန်မှာ တီးခတ်လေ့ရှိတဲ့ စည်တိုသံကို အံကျ သီကုံးခဲ့သေးသည်။

ဆရာ့ရဲ့ တူးပို့သီချင်းလေးသည် စာသားတို သလောက်ထိသည်။ မိသည်။ ရွှေရောင်လွှမ်းတဲ့ ပိတောက်တွေ ပွင့်နေသလို ရွှဲရွှဲစိုနေတဲ့ သင်္ကြန်ရေ အေးအေးကိုလည်း ခံစားနိုင်သည်။ နောက်ပြီး ဖြေးဖြေးညှင်းညှင်း တိုက်ခတ်နေတဲ့ လေနုအေးကိုလည်း ထိတွေ့နိုင်သည်။ ဒီသီချင်းမှာဆို တူးပို့က အဓိက ဇာတ်ကောင်။ ပိတောက်၊ လေညှင်း၊ သင်္ကြန်ရေအေးတို့က တူးပို့ရဲ့ လက်စွဲ။ ကျွန်တော်တို့ သင်္ကြန်မောင်မယ်တွေကတော့ သာမန်ဇာတ်ပို့များသာ။ ဘယ်လောက်လှလိုက်တဲ့ အဖွဲ့လေးလဲ။

သင်္ကြန်နှစ်ဦး တူးပို့တူးပို့ တူးသံမြူးသာယာ

သင်္ကြန်မယ်များ တူးပို့တူးပို့ တူးမာရဲ့နော်ဗျာ

ငွေငန်းသံစုံ တူးပို့တူးပို့ အာရုံဖျော်ဖြေကာ

မယ်တို့ကိုလည်း တူးပို့တူးပို့ မာပါစေခင်ဗျာ။

ပိတောက်တွေဝင်းလျှံ ရွှေရည်လူး တူးပို့ တူးလှဲ့ဝါ

ညှင်းလေဖြူးဖြူး ဆော်ကာမြူး တူးပို့တူးညှင်းသာ

သင်္ကြန်ရေ အေးတာ အေးတာ

သင်္ကြန်ရေ အေးတာ အေးတာ

ရွှဲရွှဲလောင်းပါ တူးပို့ တူးပို့ တူးသံမြူးသည့် ချစ်ကြည်သင်္ကြန်ခါ။

ဆရာငြိမ်းသည် သက်ရှိများသာမက သက်မဲ့ကလေးများကိုတောင် စကားပြောတတ်အောင် လုပ်နိုင်သေး၏။ မြို့မအဖွဲ့က ဆရာ့ကို သင်္ကြန်သီချင်းတစ်ပုဒ် ရေးဖို့ တောင်းဆိုလို့ ဆရာက သင်္ကြန်လေညင်းလုလင်သီချင်းကို ရေးစပ်ခဲ့ပေးသည်။ ဆရာ့ဇာတ်ကောင် လေနုအေးလေးသည် သူရဲ့ချစ်သူ ပိတောက်ရနံ့လေးတွေကို သင်္ကြန်အမီ ခေါ်ဆောင်လာပေးကြောင်း ရေးဖွဲ့ထားပုံမှာ အလွန်ပင် အသက်ပါလှပေသည်။

ဆရာသည် ရေးဖွဲ့ပုံမှာ အလွန်အနုပညာဆန်သလောက် ဂီတအဖွဲ့ဖွဲ့စည်းရာတွင်လည်း အလွန်စနစ်ကျပါသည်။ ဆရာတို့ခေတ်က သင်္ကြန်ရေပက်ခံထွက်ရာမှာ ကားတစ်စင်းလုံး အလှဆင်ပြီး ကားပေါ်မှာ သံစုံတီးဝိုင်းတင်ပြီး မြို့အနှံ့ ရေပက်ခံထွက်တတ်ကြသလို တီးဝိုင်းအဖွဲ့ ကောင်းလျင်ကောင်းသလောက် အားပေးခံရသည်။ (သင်္ကြန်မိုးရုပ်ရှင်မှာ ကြည့်နိုင်ပါတယ်၊၊) ဒါ့ကြောင့်လည်း ပြည်ထောင်စု ရေသဘင်ပွဲ လုပ်တဲ့နှစ်က အမရပူရက A.M.B.A ယာဉ်အသင်းက သူတို့ ရေပက်ခံထွက်ဖို့ ရေပက်ခံတီးဝိုင်းတစ်ခု ဖွဲ့ပေးဖို့ ဆရာ့ကို တောင်းဆိုကြသည်။ အဲဒီအချိန်က ရေပက်ခံထွက်ပြီဟေ့ဆိုလျင် မြန်မာ တူရိယာတွေက အလုပ်မဖြစ်။ အများစုပေါင်း တီးနိုင်ဖို့ အနောက်နိုင်ငံ တူရိယာတွေကို အားကိုးကြရသည်။ သင်္ကြန်ကျပြီ ဆိုရင် အနောက်တိုင်းတူရိယာတွေမှာ အလွန်ပဲ နာမည်ရပေ၏။ ဒါပေမယ့် ဆရာက အနောက်တိုင်း တူရိယာတွေကို မသုံး။ မန္တလေးဈေးချိုထဲက ပုလွေလုပ်တဲ့ ၀ါးတွေဝယ်။ မြန်မာ့ဝါးကို ပုလွေသံ ၁၂စိတ် စိတ်ပြီး အပေါက် ၁၂မျိုးဖောက်လျက် အနောက်တိုင်း လေမှုတ်တူရိယာများနေရာမှာ မြန်မာ့ဝါးပုလွေကို အစားထိုးခဲ့သည်။ အသံကိုလည်း အနောက်တိုင်း တူရိယာသံနဲ့ အပြိုင် တီးမှုတ်နိုင်အောင် ကျင့်ယူခဲ့သေးသည်။

ဆရာငြိမ်းဖွဲ့ခဲ့တဲ့ စောင်းကောက်ဝိုင်းကြီး ရေပက်ခံထွက်လာချိန်မှာတော့ အနောက်တိုင်း တူရိယာတွေနဲ့အလား တီးမှုတ်ထားသလို မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှ၏။ တကယ်တမ်း ဆရာ့အဖွဲ့မှာ သုံးတဲ့တူရိယာတွေက မြန်မာဝါးပုလွေ ၆၀၊ ဗူးသီးခြောက်မှာ မန်ကျည်းစေ့များ ထည့်လှုပ်ရတဲ့ ဗူးသီးခြောက်စည်း၊ ရေစည်ပိုင်းကို သားရည်ကျက်ထားတဲ့ စည်တိုတစ်လုံးနဲ့ ကလက်ရီနက် ၁ချောင်းသာ ပါလေသည်။ ဆရာ့အတွေး ဆရာ့ ဖန်တီးမှုများကား အံ့မခန်းပေစွ။ တကယ်လို့သာ ဆရာသာ စောစော မကြွေလင့်ခဲ့ရင်၊ ဆရာ စိတ်နာတဲ့ ဓနရှင်လောကကြီးသာ ဆရာ့ကို နာနာကျည်းကျည်း မလုပ်ခဲ့ရင် ဆရာသည် အများနည်းတူ အနုပညာတွေကို ဖန်တီးပြီး ပျော်မွေ့နေချင်သူ တစ်ဦးပါ။ အခုတော့လည်း ဆရာမြို့မငြိမ်းသည် လောကကြီးကို စွန့်ခွာသွားတာ အရမ်းစောလွန်းလှပါတကား။

(ဆရာ့ရဲ့ နောက်ဆုံးနေ့ရက်တွေ အကြောင်း ဆက်ရေးချင်ပေမယ့် ပျော်စရာ သင်္ကြန်ကာလမို့ ဒီမှာပဲ အဆုံးသတ်ပါရစေ၊။

လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များမှ ကောက်နှုတ်တင်ပြပါသည်။)