March 27, 2009

မိုနာလီဇာအပြုံး








Mona Lisa
(Italian: La gioconda, French: la joconde)
Leonardo da Vinci, c. 1503-1506
Oil on poplar
77 cm × 53 cm (30 in × 21 in
Louvre Museum, Paris

ဘာရယ်မဟုတ်ပါဘူး။ လူနဲ့သင်္ကေတ ရေးပြီးသွားတဲ့နောက်ပိုင်းမှာ မိုနာလီဇာနဲ့ ပတ်သတ်ပြီး ဆက်ပြီးရေးချင်လာတယ်။ မိုနာလီဇာအပြုံးက ဘာလို့ ကမ္ဘာကျော်တာလဲ ဆိုတဲ့အကြောင်းပေါ့။

မိုနာလီဇာအကြောင်းပြောရင် သူမကို ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗန်ချီအကြောင်း ပြောရင်မပြီးဘူးလို့ ထင်ပါတယ်။ လီယိုနာဒိုကို ဧပြီလ ၁၅ရက် ၁၄၅၂ခုနစ် အီတလီမှာ မွေးဖွားခဲ့တယ်။ လီယိုနာဒိုက ငယ်ငယ်ကတည်းက ပန်းချီဆွဲတာ ၀ါသနာပါခဲ့ပြီး နောက်ပိုင်း ပန်းချီပညာဘက်တွင်သာမက ပန်းပု၊ ဗိသုကာ ဆေးပညာရပ်များမှာပါ ထွန်းကားခဲ့ပါသေးတယ်။ ဒါတင်မကသေးပါဘူး သူ့ကိဲု သိပံလောကရဲ့ ဘိုးအေကြီးလို့လဲ သမုတ်ကြသေးတယ်။ သူဖန်တီးခဲ့တဲ့ အရာတွေများမှာတော့ မိုနာလီဇာက အကျော်ကြားဆုံးပင်။ မိုနာလီဇာ ဘာလို့ကျော်ကြားတာလဲ မေးလိုက်လို့ ရှိရင် သူမရဲ့ အပြုံးလို့ ၁၀၀ မှာ ၉၉ ယောက်က ဖြေကြမှာ မလွဲပါ။



















မိုနာလီဇာနဲ့ခေတ်ပြိုင် ပန်းချီကားထဲက မိန်းမများ (ရဖေးလ်နှင့် မိုက်ကယ်အိန်ဂျယ်လို ပန်းချီ)

မိုနာလီဇာရဲ့ အပြုံးက ဘာလို့ကျော်ကြားတာလဲ။ လီယိုနာဒိုကပဲ တော်လို့လား။ ပန်းချီကားထဲက အမျိုးသမီးကပဲ ချောလွန်းလို့လား။ သေချာတာကတော့ လီယိုနာဒိုရဲ့ ပန်းချီပညာက တော်လွန်းလို့ ဖြစ်နိုင်ပါတယ်။ ပန်းချီထဲက အမျိုးသမီးက လှလွန်လွန်းလို့တော့ မဖြစ်နိုင်ပါ။ မျက်ခုံးမွေးမပါ။ ခနာကိုယ်ကလည်း သိပ်ပြီးမလှ။ ခေတ်ပြိုင် မိုက်ကယ်အိန်ဂျယ်လိုနှင့် ရဖေးလ်ပန်းချီကားတွေထဲက မိန်းမတွေနဲ့ယှဉ်လိုက်ရင်တော့ တော်တော်အကျဉ်းတန်တာအမှန်ပင်။ ဒါဆိုမိုနာလီဇာ ဘာလို့နာမည်ကြီးရတာလဲ စမ်းစစ်ကြည့်ရအောင်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ဆီ ပြန်မသွားသေးပဲ ၂၀ရာစု အစောပိုင်းကို ပြန်ကြည့်ရအောင်။

မိုနာလီဇာကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Lourve Museumမှာ ၁၉၁၁ထိ ဘယ်သူမှ ရှိတယ်လို့တောင် မထင်ခဲ့ပါဘူး။ ဒါပေမယ့် ၁၉၁၁ သြဂုတ်လ ၂၁ရက်နေ့မှာ မိုနာလီဇာပန်းချီကားက ပျောက်ချင်းမလှ ပျောက်သွားတယ်။ အားလုံးက မိုနာလီဇာကို လုံးဝပြန်မရနိုင်တော့ဘူးလို့ ထင်ခဲ့တယ်။ အဲဒီအချိန်မှာ မိုနာလီဇာက ပိုပိုပြီင်္းနာမည်ကြီးလာသတဲ့။ ဒီလို့နဲ့ပဲ နှစ်နှစ်ကြာပြီးတဲ့နောက် အီတလီရဲ့ တစ်နေရာမှာ မိုနာလီဇာက ပြန်ပေါ်လာပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ Lourveက အီတလီလူမျိုး မျိုးချစ်စိတ်ဓါတ်အပြည့်ရှိတဲ့ Vincenzo Peruggiaဆိုတဲ့ Lourveရဲ့ ၀န်ထမ်းတစ်ယောက်က အီတလီလူမျိုး လီယိုနာဒို ဆွဲခဲ့တဲ့ မိုနာလီဇာကို အီတလီလူမျိုးတွေ လက်ထဲမှာပဲ ရှိရမယ်လို့ ယူဆပြီး ခိုးယူခဲ့တာပါ။ နှစ်နှစ်လောက်ကြာပြီး အီတလီမှာရှိတဲ့ ပြတိုက်တစ်ခုကို ရောင်းလိုက်ရာကနေ ဒီခိုးမှုကြီး ပေါ်ပေါက်ခဲ့ရတာပါ။ နောက်တော့လည်း ပိုင်ရှင်တွေ ဖြစ်တဲ့ ပြင်သစ်တွေလက်ထဲကို ပြန်အပ်ခဲ့ရပါတယ်။ ခိုးတဲ့သူကတော့ မျိုးချစ်စိတ်နဲ့ခိုးခဲ့တာမို့လို့ လအနည်းငယ်ပဲ ထောင်ကျခဲ့တယ်။ ဒါက နာမည်ကြီးရခြင်း ၁ တစ်ချက်ပေါ့။

နောက်ထပ်နာမည်ကြီးရခြင်း အကြောင်းကတော့ မိုနာလီဇာရဲ့ ကိုယ်နေဟန်ထားပါပဲ။ လီယိုနာဒိုက တြိဂံအခြေခံကို ယူပြီး မိုနာလီဇာရဲ့ ကိုယ်နေဟန်ထားကို တီထွင်ရေးဆွဲခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပန်းချီဆရာတွေ တော်တော်များများက မိုနာလီဇာရဲ့ ဟန်ကို အတုယူခဲ့ကြတာပါ။ ဘယ်ဘက်လက်ပေါ် ညာဘက်လက်တင်ထားတဲ့ နေရာက တြိဂံရဲ့ အောက်ခြေဖြစ်ပြီး ရင်သား၊ လည်တိုင်၊ မျက်နှာတွေက အပေါ်ကို အဖျားရှူးတက်သွားပါတယ်။ နောက်ပြီး မိုနာလီဇာက အပျိုစင်မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက အိမ်ထောင်သည်ဆိုရင် ညာဘက်လက်သူကြွယ်မှာ လက်စွပ်ဝတ်ပြီးရေးဆွဲလေ့ရှိတတ်ပါတယ်။ မိုနာလီဇာမှာတော့ မရှိပါဘူး။ ဒါပေမယ့် ပုံဆွဲသူက သူမရဲ့ ညာဘက်လက်ကို ဘယ်ဘက်ပေါ်မှာ တင်တဲ့ သင်္ကေတသုံးပြီး မိုနာလီဇာက အိမ်ထောင်ရှိတဲ့သူ ဖြစ်ပြီး၊ သစ္စာရှိတဲ့ အမျိုးသမီးလို့ ရေးဆွဲခဲ့ပါတယ်။ နောက်ထပ်ထူးခြားတဲ့ အချက်ကတော့ မျက်နှာပေါ်မှာ အမွှေးအမျှင်တွေ ကင်းနေခြင်းပါပဲ။ မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ ဘာဆိုဘာမှ မရှိတာပါပဲ။ မိုနာလီဇာတို့ ခေတ်ကတည်းက မျက်ခုံးမွှေးရိတ်တဲ့ခေတ် ထွန်းကားနေပါပြီ။

မိုနာလီဇာရဲ့ အကျော်ကြားဆုံးအရာကတော့ သူမရဲ့ ဘာမှန်းမသိတဲ့ အပြုံးပေါ့။ ကလေးဘ၀တုန်းက ကျွန်တော်က လူကြီးတွေကို လိုက်မေးဖူးတယ်။ မိုနာလီဇာက ဘာလို့ အကြာကြီးပြုံးရတာလဲလို့ပေါ့။ တကယ်တော့ မိုနာလီဇာရဲ့ အပြုံးလှရခြင်း အကြောင်းရင်းက လီယိုနာဒိုကြောင့်ပါ။ လီယိုနာက မိုနာလီဇာကို အချိန်ပေးပြီး ရေးဆွဲခဲ့တယ်။ မိုနာလီဇာရဲ့ နှုတ်ခမ်းထောင့်လေးတွေကို ခပ်ရေးရေး အရိပ်တွေထည့်ပေးခဲ့တယ်။ အဲဒါ့ကြောင့်မို့လားမသိ မိုနာလီဇာကို တိုက်ရိုက်မကြည့်ဘဲ အမှတ်တမဲ့ကြည့်လိုက်ရင် သူမရဲ့ အပြုံးက ပိုပိုပြီး အသက်ဝင်လာပါတယ်။ သူမကို ကြည့်မိတဲ့သူတိုင်းကို ကြည်နူးသွားစေတယ်။ အကျည်းတန်တဲ့ မိုနာလီဇာက သူမရဲ့ အပြုံးတစ်ချက်နဲ့ပဲ လူတွေကို သွက်သွက်ခါ ရူးသွားစေနိုင်တယ်။ အဲဒီလောက်တောင်ပဲ မိုနာလီဇာက စွမ်းခဲ့တာပါ။

နောက်ပြီး မိုနာလီဇာရဲ့ ပန်းချီကားမှာ လျှို့ဝှက်ချက်တွေ ရှိနေပါသေးတယ်။ အဲဒီလျှို့ဝှက်ချက်က ပန်းချီကားထဲက အမျိုးသမီးက ဘယ်သူလဲဆိုတာပါပဲ။ မိုနာလီဇာကို ဘယ်သူဘယ်ဝါဆိုပြီး သမိုင်းပညာရှင်တွေက ခန့်မှန်းကြပေမယ့် သေသေချာချာတော့ လက်ဆုပ်လက်ကိုင်မပြနိုင်ကြပါဘူး။ အဲဒီအချိန်တုန်းက ပုံတူဆွဲပေးပြီးရင် ပုံတူပန်းချီအဆွဲခံရတဲ့ သူတွေကို ပန်းချီကားအပ်ရပါတယ်။ လီယိုနာဒိုကတော့ အပ်လည်းမအပ်ခဲ့ဘူး။ အီတလီကနေ ပြင်သစ်ကို ပြောင်းသွားတာတောင် ကိုယ်နဲ့တပါတည်း ယူသွားပါတယ်။ နောက်ပြီး မိုနာလီဇာကို ဆွဲတာ ၁၅၀၃ခုနှစ်ကနေစဆွဲတာ သုံးလေးငါးနှစ်လောက် အချိန်ယူရပါတယ်။ ၁၅၁၉မှာ လီယိုနာဒိုသေသွားမှသာ သူ့အခန်းထဲမှာ ပန်းချီကားကို ပြန်ရှာတွေ့လိုက်ရပါတယ်။
လီယိုနာဒို (၁၄၅၂- ၁၅၁၉)
မိုနာလီဇာနဲ့ လီယိုနာဒို


ပန်းချီကားထဲက အမျိုးသမီးက မသိလိုက် မသိဖာသာနဲ့ မပြီးသွားသေးပါဘူး။ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ မိုနာလီဇာကို လေဆာတွေသုံးပြီး အမျိုးမျိုးလေ့လာခဲ့ကြတယ်။ အဲဒီတော့မှပဲ မိုနာလီဇာ ဘယ်သူမှန်းသိကြတော့တယ်။ ပန်းချီကားထဲက မိုနာလီဇာက ပန်းချီကား ကိုယ်တိုင်ဖန်တီးခဲ့တဲ့ လီယိုနာဒိုပဲလေ။ လီယိုနာဒိုက အမျိုးသားအချင်းချင်း စိတ်ဝင်စားတဲ့သူပါ။ အဲဒီတော့ သူ့ရဲ့ပုံတူကို သူ့ကိုယ်သူမြင်တဲ့ အမြင်တွေနဲ့ ရေးဖွဲ့ခဲ့ခြင်းသာ ဖြစ်ပါတယ်။ လီယိုနာဒိုမှာ ကိုယ်ပိုင်မှတ်စု စာအုပ်တွေရှိပါတယ်။ သူ့အမြင်တွေ၊ သူ့ဖန်တီးမှုတွေ၊ သူ့တွေ့ရှိမှုတော်တော်များများကို သာမန်လူတွေဖတ်လို့မရအောင် လက်ရေးတွေ ပြောင်းပြန်ရေးခဲ့ပါတယ်။ သူ့စာကို ဖတ်ချင်ရင် မှန်ထောင်ပြီး ဖတ်ရသတဲ့။ ကျွန်တော့် စိတ်အထင်တော့ လီယိုနာဒိုက မိုနာလီဇာကို အဲဒီလိုဖန်တီးခဲ့တာလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်ရေး ခဲခြစ်ပုံတူပန်းချီနဲ့ မိနာလီဇာတို့ရဲ့ မျက်နှာအနေအထားတွေက ပြောင်းပြန်ဖြစ်နေလို့ပါပဲ။ မိုနာလီဇာကို မှန်ထောင်ပြီးတော့ကြည့်။ မှန်ထဲမှာ ထင်နေတဲ့ မိုနာလီဇာနဲ့ လီယိုနာဒိုရဲ့ ပုံတူတွေကို တိုက်ကြည့်။ မျက်နှာအကျ၊ နှာခေါင်း မေးရိုး စတာတွေတူနေတာ တွေ့ရပါလိမ့်မယ်ခင်မျာ။ ။

ဆက်စပ်သောပို့စ်။

မိုနာလီဇာဆိုတာ မိန်းမမဟုတ်ပါဘူးတဲ့.....




(မိုနာလီဇာအကြောင်းကို ကျောင်းမှာ သင်ခဲ့သမျှ၊ လေ့လာခဲ့ကမျှကို မှတ်မိသလောက်ရေးထားခြင်းသာ ဖြစ်ပါသည်။ အချက်အလက်များမှားနေပါက စာရေးသူ၏ အမှားသာ။ နောက်ထပ် ကမ္ဘာကျော် ပန်းချီကားတွေအပြင် တခြားအနုပညာလက်ရာတွေအကြောင်း ရေးပေးပါဦးမည်။)


ဒါဆို သူလေးကရော ဘူလေးတုန်း။



March 23, 2009

ပေါက်ကွဲခြင်းအပိုင်းအစသစ်


နင်ဆိုတဲ့ကမ္ဘာမှာ
ငါမရှိခဲ့တော့လျင်….။
ငါ့ရဲ့အသည်းတစ်ထွတ်နဲ့
ငါ့အချစ်ကို ဆွမ်းသွတ်လိုက်မှာလား။

ကမ္ဘာခြားနေတဲ့ ငါ့အချစ်ကို
ငါ့လည်မျိုမှာ မျှော်လင့်ချက်ကြိုးတွေနဲ့
အရိုးအဆစ်ထိညိအောင်
နင်ကြိုးကွင်းစွပ်လိုက်ဦးမှာလား။

ငါဆိုတဲ့ငါ့ကမ္ဘာမှာ ငါမရှိ
မှန်မှာထင်နေတဲ့ ငါ့အရိပ်ကိုတောင်
ငါ….. ပြန်တောင် မကြည့်ချင်ဘူး။
နင့်ဆီက အချစ်တွေကို အသနားခံ
မျက်ရည်တွေခံထိုးမိခဲ့တဲ့
ငါ့မျက်လုံးတွေကို
ဟောသည်လိုကုတ်ဖဲ့
သွေးစိမ်းစက်စက်ကျအောင် လုပ်ပစ်လိုက်ချင်တယ်။

ဒါပေမယ့် နင်ပေးတဲ့ အဆိပ်တစ်ခွက်
ငါခပ်ပြုံးပြုံးနဲ့ မော့သောက်ရင်း
နောက်ဆုံးထွက်သက်တောင်
ဝေဒနာတွေကိုပွေ့ဖက်
နင့်ကိုဆက်ပြီး ချစ်သွားမယ်ဆိုတာ
နင်ယုံမလား………။

၁း၄၀ မနက်
၂၁.၀၃.၂၀၀၉
သရုပ်ဖော်ပုံ ကိုယ်တိုင်ရေးဆွဲ၏

March 21, 2009

လူနှင့်သင်္ကေတ

(သူငယ်ချင်းတစ်ယောက်က Lasalle_Sia နဲ့ ပါတ်သက်တဲ့ ကျွန်တော့်ရဲ့ ပို့စ်တွေဖတ်ပြီး ကျောင်းမှာ ဘာတွေသင်လည်း ဆိုတာ မေးလာပါတယ်။ သူ့ရဲ့ မေးခွန်းကို ဖြေပေးရင်း နန်းညီတို့လို အနုပညာကို သင်ယူနေဆဲ မျိုးဆက်သစ်လေးတွေအတွက်လည်း အထောက်အကူရအောင် ကျွန်တော်သိသမျှလေး ဖေါက်သည်ချမယ်လို့ စိတ်ကူးမိပါတယ်။ ကျွန်တော် Interior Design နဲ့ကျောင်းပြီးခဲ့ပါတယ်။ ပထမဆုံးနှစ်က ရောမွှေနှစ်ပါ။ ပန်းချီပန်းပု၊ Graphic, Interior, Fashion Design၊ ရုပ်ရှင်ရိုက်နည်း၊ ဇာတ်ညွှန်းရေးသားနည်း၊ ရုပ်ရှင်တည်းဖြတ်နည်း၊ ကာတွန်းရုပ်ရှင် စတာတွေ အကုန်လုပ်ရပါတယ်။ အပေါ်ယံတွေ တစ်ခုမှ မပါပါဘူး။ တကယ်လုပ်ခဲ့ရတယ်။ ကျောင်းသွားဖို့ ပိုက်ဆံတစ်ပြားမှ မရှိတော့လို့ လမ်းလျှောက်သွားခဲ့ရသလို၊ Project လုပ်စရာ ပိုက်ဆံမရှိတော့လို့ ထိုင်လည်းငိုခဲ့ရဘူးပါတယ်။ စုစုပေါင်း ၃နှစ်တက်ခဲ့ရပြီး နောက်ဆုံး၂နှစ်မှာတော့ Interior Design သီးသန့်သင်ရတာပါ။ တကယ်လို့ စိတ်ဝင်စားတဲ့သူများမယ်။ လာပြီး ဆွေးနွေးကြရင်တော့ ရေးရတာ ပိုပြီးအားတက်မိမှာပါ။ )

လူတွေဟာ တစ်နေ့တာ လှုပ်ရှားမှုတွေကို သင်္ကေတတွေနဲ့ စကြမယ်ဆိုရင် ယုံမလား။ လူတွေအားလုံးက သင်္ကေတတွေကို နေ့တိုင်းသုံးနေကြပေမယ့် အဲဒီ့ သင်္ကေတတွေကို သတိမထားမိဘူး။ မေ့နေတတ်ကြသည်။ မွေးခါစ ကလေးတစ်ယောက်ကို အပြာရောင်၊ ပန်းရောင်တွေနဲ့ ယောက်ျားလေးလား မိန်းကလေးလား ဆိုပြီး ခွဲခြားထားသလို၊ သေဆုံးတဲ့ အချိန်မှာလည်း အဖြူရောင်၊ အနက်ရောင်တွေ ၀တ်ပြီး ၀မ်းနည်းပူဆွေးကြောင်း သင်္ကေတတွေ ပြတတ်ကြပါ၏။

တကယ်တော့ သင်္ကေတဆိုတာ အနုပညာဖန်တီးမှုတစ်ခုပါ။ လူတွေတော်တော်များများက စားဝတ်နေရေး အဆင်မပြေတာကို အကြောင်းပြပြီး အနုပညာဆိုတာ ငါတို့နဲ့ဝေးပါတယ်။ အနုပညာဆိုတာ ပိုက်ဆံရှိ လူတန်းစားတွေရဲ့ ဇိမ်ခံဖျော်ဖြေမှုသက်သက်ပါပဲလို့ အကြောင်းပြပြီး မသိသလိုနေတတ်ကြသည်။ အဲဒါမှား၏။ အနုပညာဆိုတာ လူနေမှုအဆင့်အတန်းနဲ့ လူတစ်ယောက်ရဲ့ အကျင့်လက္ခဏာာကို ဆုံးဖြတ်ပေးပါသည်။ နောက်ပြီးလူတွေက တိရိစ္ဆာန်တွေထက်သာတဲ့အချက်တစ်ချက်က တွေးခေါ်ဖန်တီးမှု အနုပညာဆိုတာလည်း တစ်ခုအပါအ၀င်ပါ။ ဒါ့ကြောင့်မို့ အနုပညာဆိုတာ လူတိုင်းနဲ့ မဆိုင်ဘူးလို့ မပြောသင့်ပါဘူး။ လူတိုင်း အနုပညာမဖန်တီးတတ်ပေမယ့်၊ လူတိုင်းတော့ အနုပညာ ခံစားတတ်ကြပါသည်။ တစ်နေ့တာ လူတွေရဲ့ လှုပ်ရှားမှုတွေမှာ သင်္ကေတအများစုက အနုပညာဆန်စွာ ပါဝင်လေ့ရှိသည်။ လူတွေအထိအတွေ့များတဲ့ သင်္ကေတတွေကိုတော့ လှသထက်လှအောင်၊ စိတ်ဝင်စားသည်ထက် စိတ်ဝင်စားအောင် ဖန်တီးလာကြသည်။ ဥပမာ အများသုံး အိမ်သာ သင်္ကေတတွေပေါ့ဗျာ။


ကမ္ဘာအရပ်ရပ်မှာ အိမ်သာလို့ ပြောလိုက်ရင် မျက်လုံးထဲမှာ အနက်ရောင် ယောက်ျားလေးနဲ့ မိန်းကလေး အရိပ်ပုံကို အားလုံးက ပြေးမြင်ကြမယ်လို့ ထင်ပါတယ်။ အဲဒီသင်္ကေတက ကမ္ဘာပေါ်မှာ အားအပြင်းဆုံးနဲ့ အရေးအပါဆုံးသင်္ကေတလို့ စိတ်ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ သင်္ကေတမှားသုံးမိရင် ဘာဖြစ်နိုင်မလဲ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပေတော့ဗျာ။

လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်က ရန်ကုန်မှာ ICT Park စဖွင့်ကာစ၊ ကျွန်တော်ခေါင်းဆောင်တဲ့ သူငယ်ချင်းတစ်သိုက် ဝေးလားဝါးလားနဲ့ ရောက်သွားခဲ့ဖူးသည်။ အဲဒီအချိန်တုန်းက အဆောက်အဦးကြီးက အသစ်မို့လို့ အများသုံးအိမ်သာတွေမှာ ဘာသင်္ကေတမှ မကပ်ရသေးပါဘူး။ “ကျား”၊ “မ” ဆိုပြီး စက္ကူပေါ်မှာ စာရေးထားပြီး တံခါးဝမှာ ကပ်ထားသည်။ ရွှေဥာဏ်တော်စူးရှတဲ့ ကျွန်တော်တို့အဖွဲ့တွေက ဘာလုပ်တယ်မှတ်လဲ။ စာရွက်ချင်း ချိန်းပစ်တာပေါ့။ ပြီးတော့ ချောင်တစ်ခုကနေ ဘာဖြစ်မလဲ ချောင်းကြည့်ကြတယ်လေ။ မကြာပါဘူး။ ၀န်ထမ်းတစ်ယောက်ရောက်လာပြီး သူတက်နေကျ ယောက်ျားလေးအိမ်သာထဲကို မသိစိတ်နဲ့ ၀င်ဖို့လုပ်၏။ ဒါပေမယ့် သူ့ရဲ့သိစိတ်က “မ”ဆိုတဲ့ တံခါးဝကစာကို မြင်သွားပြီး၊ နှစ်စက္ကန့်လောက်ရပ်၊ ခေါင်းကုတ်ပြီး “ကျား”ဆိုပြီးရေးထားတဲ့ “မ”အိမ်သာထဲ ၀င်သွားတယ်။ ပြီးလည်း ပြီးရော မိန်းမတစ်ယောက်ရဲ့ အမလေးဆိုတဲ့ အော်သံကို ကြားရရော။ တော်တော်ဆိုးတဲ့ ကျွန်တော်ပဲနော်။

ဒီလိုပါပဲ။ လူတွေက သင်္ကေတတွေကို ဘယ်လိုမှလွန်ဆန်လို့မရကြဘူး။ ကားမောင်းသမားတစ်ယောက်က မီးနီကိုဖြတ်ပြီး မမောင်းရသလို။ လူတွေကလည်း မီစိမ်းမြင်မှ ဖြတ်ကူးတတ်ကြသည်။ တကယ်တော့ လူတွေက သင်္ကေတတွေကို ဖန်တီးပြီး၊ အဖန်တီးခံရတဲ့ သင်္ကေတတွေကပဲ လူတွေကို ပြန်ပြီးအနိုင်ယူသွားတတ်ကြသည်။

နောက်ပြီးနှင်းဆီပန်းဆိုတာလည်း ရှိသေးသည်။ ပန်းဆိုတာ မြန်မာမိန်းကလေးတွေ အမြတ်တနိုးထားတတ်တဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့အမေ၊ ကိုယ့်ရဲ့ဆရာမတွေကို ကျွန်တော်တို့ငယ်ငယ်တုန်းက ပန်းပေးပြီး တီတီတာတာလုပ်ခဲ့ဖူးပါသည်။ ဒါပေမယ့် အဲဒီပန်းတစ်ပွင့်ကိုပဲ ကိုယ်နဲ့ရွယ်တူမိန်းကလေးတစ်ယောက်ကို ပေးကြည့်လိုက်။ ဘယ်လိုနေမလဲ။ တကယ်လို့သာ အဲဒီပန်းလေးက နှင်းဆီပန်းသာ ဖြစ်နေရင်ရော။ နှင်းဆီဆိုတာ အချစ်ရဲ့ သင်္ကေတဆိုတာ လူတိုင်းကြားဖူးမှာပါ။ မြန်မာပြည်မှာ မိန်းကလေးတစ်ယောက်ကို နှင်းဆီပန်းတစ်ပွင့်သာပေးမိရင်တော့ ရှင်းလို့မရတဲ့ ပြဿနာလို့သာ မှတ်လိုက်ပေတော့။ ကျွန်တော်တို့ မြန်မာတွေလိုပဲ ပြင်သစ်လူမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။

ကျွန်တော် Lasalle-Sia မှာ ကျောင်းတက်တုန်းက Semiotics ဆိုပြီး သင်္ကေတတွေအကြောင်း သင်ရ၏။ Semiotics ဆိုတာ သင်္ကေတတွေသုံးပြီး လူမှုဆက်သွယ်ရေးဆိုတာတွေပါဝင်ပါသည်။ ပထမတော့ အဲဒီသဘောတရားကို နားမလည်ခဲ့။ ကျွန်တော်တို့ ဆရာက နောက်ဆုံးသင်ခန်းစာနေ့မှာ ကျောင်းမှာ ကျောင်းသားတွေအားလုံးကို ရုပ်ရှင်တစ်ကားးပြပြီး ရှင်းပြမှသာ နားလည်ခဲ့ရသည်။ ပြင်သစ်ရုပ်ရှင်ကားဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားနာမည်က He loves me, He loves me notတဲ့။ အလွန်ကျော်ကြားအောင်မြင်တဲ့ ဆရာဝန်လူငယ် တစ်ယောက်က အိမ်နီးချင်းမိန်းကလေးတစ်ယောက်ကို နှင်းဆီပန်း လက်ဆောင်မှားပြီး ပေးမိလိုက်ရာမှ မထင်မှတ်ပဲ မိန်းကလေးဘက်မှ တစ်ဖက်သတ် မြတ်နိုးတွယ်တာမိသွားတဲ့ ဇာတ်လမ်းလေးပါ။ တကယ်တော့ အချစ်ဆိုတာ ကိုယ့်ဘက်ကတွေးရင် အမြဲမှန်တယ်လို့ ထင်နေရတတ်ပြီး တခြားတစ်ဘက်မှာတော့ ကိုယ်တွေးသလို ဟုတ်ချင်မှဟုတ်နေတတ်ပါသည်။



သင်္ကေတတွေက ရုပ်ရှင်တွေမှာ ပါတတ်ရုံသာမကသေးပါဘူး။ ပန်းချီသုခုမ အနုပညာတွေမှာလည်း ပါတတ်ပါသေးသည်။ သင်္ကေတတွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေမှာတော့ မိုနာလီဇာက ပိုပြီးနာမည်ကြီးပါ၏။ လီယိုနာဒို ဆွဲခဲ့တဲ့ မိုနာလီဇာက ဘာသာရေးပန်းချီကားထက် ပုံတူပန်းချီကားထက်ပိုလိမ့်မယ်လို့ သမိုင်းပညာရှင်တွေက ခန့်မှန်းခဲ့ကြသည်။ နောက်ပြီး ပန်းချီကားထဲက အမျိုးသမီးက ဘယ်သူလဲ။ အဲဒီအချိန်တုန်းက ပန်းချီကားထဲက အမျိုးသမီးက အားလုံးရဲ့ စံပြုစရာလား။ ဒါမှမဟုတ်ရင် ယောကျာ်းချင်း စိတ်ဝင်စားတတ်တဲ့ လီယိုနာဒိုက သူ့ရဲ့ ပုံတူကိုပဲ အမျိုးသမီးတစ်ယောက်ပမာ ရေးဆွဲခဲ့တာလား။ သေချာတာတစ်ခုကတော့ သင်္ကေတတွေ ပြည့်နေတဲ့ ပန်းချီကားထဲက အမျိုးသမီး ဘယ်သူဘယ်ဝါမှန်း မသိကြသေးတဲ့ အချက်ပါပဲ။

ထင်ရှားတဲ့ မိုနာလီဇာအပြုံးနဲ့ ဖန်တီးသူ လီယိုနာဒိုဒါဗင်ချီ။ သူတို့နှစ်ယောက်ရဲ့ ပုံတူက သေသေချာချာကြည့်ရင် တော်တော်ဆင်ပါသည်။ မျက်လုံး၊ နှာခေါင်း၊ ပါးရိုးကျပုံကအစပေါ့။

တစ်ခါတစ်ရံ ပန်းချီကားတစ်ချက်က စိတ်အပင်ပန်းဖြေ ပန်းချီကားတစ်ချပ်ထကလည်းပိုသေး၏။ ပန်းချီကားထဲမှာ နိုင်ငံရေးတွေ၊ ဘာသာရေးတွေ ပါလာတတ်သလို ပုဂ္ဂလိက ခံစားချက်တွေလည်း ပါလာတတ်ကြသေးသည်။ မက္ကဆီကို ပန်းချီဆရာမ ဖရီဒါကာလိုဆိုရင် မညီညာတဲ့ သူမရဲ့ အိမ်ထောင်ရေး၊ ခါးအောက်ပိုင်းသေနေလို့ မချိမဆန့်ခံစားရတဲ့ ဝေဒနာ၊ အဲဒါတွေအားလုံးကို သူမရဲ့ ပန်းချီကားတွေက တစ်ဆင့် ပြောပြခဲ့သည်။



ဖရီဒါကာလိုရဲ့ ပုံတူပန်းချီကား များ၊ ပထမပုံက ကားမှောက်တုန်းက ရခဲ့တဲ့ ဒဏ်ရာကြောင့် ကိုယ်တစ်ပိုင်းသေပြီး ပြင်းထန်စွာနာကျင်မှုကို ခနာကိုယ်မှာ သံတွေရိုက်ပြီး ဖော်ညွှန်းခဲ့၏။ ဒုတိယမှာတော့ မဝေးလွန်းတဲ့ သေချင်းတရားကို သိနေတယ်ဆိုတဲ့ အတွေးနဲ့ မျက်လုံးနှစ်လုံးကြားမှာ အရိုးကောင်းနဲ့ သင်္ကေတလေးပြထားတဲ့ပုံ။

တကယ်တမ်းကြတော့ သင်္ကေတဆိုတာ တန်ဖိုးမဖျက်နိုင်တဲ့ အနုပညာရပ်တွေပါ။ စာစကား မပေါ်ခင်ကတည်းက လူတွေက အင်္ကေတတွေနဲ့ ဆက်သွယ် စကားပြောခဲ့၏။ အဲဒါကြောင့်မို့လို့ ယဉ်ကျေးမှု မြင့်မားတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ အဆင့်အတန်းမြင့်မားတဲ့ အနုပညာရပ်တွေ ရှိသလို၊ ရှုတ်ထွေးတဲ့ သင်္ကေတတွေ ရှိတတ်ကြပါသည်။ အဲဒါဆိုရင် ကျွန်တော်တို့ မြန်မာ့အဖွဲ့ အစည်းမှာရော ဘယ်လို သင်္ကေတတွေ သုံးနေတတ်ကြပြီလဲ။ သတိထားပြီး လေ့လာသင့်ပြီလို့ထင်ပါသည်။

ကိုးကား။
- History of Art by Anthony F. Janson
- Art Theory ( school note from Lasalle-Sia)
- Frida (2002, Film)
- He loves me, he loves me not (2003, film)
- http://en.wikipedia.org/wiki/Frida_Kahlo
- http://en.wikipedia.org/wiki/Semiotics
- http://www.monalisamania.com/
- http://en.wikipedia.org/wiki/Art_history

March 17, 2009

သိုင်းလောကရဲ့ ဘလော့ခ်ဒေ၀ီ(၃)

မြရေလျဉ်တစ်ယောက် လက်ဝါးနှစ်ဘက်နဲ့ ဗျာများနေချိန်မှာ နန်းညီဦးဆောင်တဲ့ အော်ကြောက်ဂိုဏ်းသားတွေက သူမနဲ့ဝေးရာသို့ ထွက်ပြေးလွတ်မြောက်သွားကြ၏။ မြရေလျဉ် အာယားပြေလို့ လှည့်ကြည့်လိုက်တော့ ဘယ်သူမှ မရှိတော့။ သူမရဲ့ ချစ်သူလည်း စိမ်းစိမ်းနောက် ပါသွားချေပြီ။ အခုတော့ တကယ်ကို့ ရင်ထဲမှာ ကျလိကျလိနဲ့ မခံစားနိုင်တော့။ တောက် တစ်ချက်ပြင်းပြင်းခေါက်လိုက်ပြီး ငါ့အသည်းကို လု၊ ငါ့ရန်သူကို ကယ်တင်သွားတဲ့ အော်ကြောက်ဂိုဏ်း တစ်ခုလုံး ရေမျောပစ်မယ်ဟေ့လို့ ကြုံးဝါးလိုက်ပါတော့သည်။

အခန်း(၃)

လေတ၀ူးဝူးတိုက်နေတဲ့ တောင်ပေါ်လေညင်းကိုလည်း မရှူရှိုက်နိုင်တော့။ လှပပြီး လေထဲမှာပွင့်နေတဲ့ အောချက်ပန်းတွေကိုလည်း မခံစားနိုင်တော့။ အော်ကြောက်ဂိုဏ်းချုပ် မမကွမ်းတစ်ယောက် ရင်ဘက်ကို ဖိရင်း သွေးတွေ ပွက်ခနဲ အန်လိုက်သည်။ လော်ပန်သိုင်းကို ကျင့်ရင်း အစားအသောက် ချွေတာလွန်းတာကြောင့် လိုအပ်တဲ့ အတွင်းအားတွေမရသောကြောင့် အထက်လန်အောက်လျော ဖြစ်ပြီး ဘလော့ခနာကိုယ် အိုးစားကွဲလုလု ဖြစ်လာသည်။

သိုင်းလောကမှာ ဘလော့ဟူသော ကိုယ်ခံအတွင်းအားကို အတတ်နိုင်ဆုံး ကျင့်ကြရ၏။ ဘလော့ မနိုင်က သိုင်းလောကတွင် အရှုံးကြီးရှုံးရ၏။ အခုလည်းကြည့် မမကွမ်း၏ ဘလော့သည် သိုင်းကျမ်းအမှားကြောင့် ဖောက်လွဲဖောက်ပြန် ဖြစ်လာသည်။ မမကွမ်းသည် အားစိုက်ပြီး မက်တက်ရပ်ဖို့ ကြိုးစားသော်လည်း မရ။ ထိုအချိန်တွင် ရှပ်ရှပ်ဟူသော ခြေလှမ်းသံကို ကြားလိုက်သောကြောင့်။
“ဘယ်သူလဲ”
“မမ….. ကျွန်မ ဆင်ဆင်ပါ။”
အလွန်လှပသော ပန်းရောင်ဆင်တူဝတ်ထားပြီး ခုံဖိနပ် ဂွက်ဂွက်မြည်အောင်စီးထားတဲ့ မိန်းကလေးတစ်ယောက် သစ်ပင်တွေကြားထဲက ပေါ်လာသည်။ ထိုမိန်းကလေးက မမကွမ်းရဲ့ လက်ဆွဲတစ်ယောက်ဖြစ်ပြီး အများတကာလို ဘလော့အတွင်းအားမရှိ။ ဒါပေမယ့် သူမမှာ ထူးခြားတာ တစ်ခုကတော့ နီးစပ်ရာ သိုင်းသမားတစ်ယောက်ရဲ့ ဘလော့အတွင်းအားကို စုပ်ယူနိုင်ပြီး အခြားအတွင်းအားသို့လည်း ခုန်ကူးနိုင်၏။ တစ်ချို့တွေက သူမကို ကိုယ်ပျောက်မယ်လို့လည်း ခေါ်ကြသည်။ သူမသည် မမကွမ်းဆီကို ပြာတီးပြာယာရောက်လာပြီး။
“မမကွမ်းရေ။ ဒုက္ခနဲ့ လှလှနဲ့တော့ တွေ့ပြီထင်ပ့ါ။ နန်းညီတို့ဆီက Eခိုစာလာတယ်။ မြရေလျဉ်က ကျွန်မတို့ အော်ကြည့်ဂိုဏ်းကို ရေစုန်မျောပစ်မယ်ဆိုပြီး လာနေပြီ။ လမ်းမှာလည်း မနော်နော်နဲ့ မချိုသင်းတို့ကလည်း သူနဲ့ပေါင်းပြီး သိုင်းကျမ်းလုမယ်ဆိုပြီး လာနေကြပြီ။ ဘယ်လိုလုပ်ကြမလဲ…. မမ။ မမမှာလည်း အတွင်းဒဏ်ရာနဲ့……….။”


မမကွမ်က တွေကနဲ တစ်ချက်ဖြစ်သွားပြီး။ တစ်ခုခုကို အလေးအနက်စဉ်းစားလိုက်ပြီးနောက် အတွင်းခံထဲမှာ သိမ်းထားတဲ့ အရာတစ်ခုကို ထုတ်လိုက်ပြီး ဆင်ဆင်ရဲ့ လက်ထဲကို ထည့်ကာ။
“ဆင်ဆင် ဒါက မမရဲ့ အသက်ပဲ။ ဆင်ဆင်…. ဘာလည်းဆိုတာ သိမှာပါ။ ဒါလေးကို အီမျာသိုင်းရှင် ကိုရင်ညိန်းဆီ ယူသွားပေး။ သူ ဒါလေးမြင်ရင် ဘာဆက်လုပ်ရမလဲ သိလိမ့်မယ်။ သွားတော့ ဆင်ဆင်။ သွားတော့။ အချိန်မရှိတော့ဘူး ညီမရယ်……။ မမတို့ ဘ၀ရေစုန်မမျောဖို့က ဆင်ဆင်လက်ထဲမှာပဲ………. သွားတော့။ သွားတော့”

ဆင်ဆင်သည် မမကွမ်းကို ဒူးလေးညွှတ်ကာ အရိုအသေပေးလိုက်ပြီး လှစ်ခနဲ တောအုပ်ထဲ ပြေးဝင် ပျောက်ကွယ်သွားလေသည်။ မမကွမ်းသည် ဆင်ဆင်ပျောက်ကွယ်သွားတဲ့အထိ ငေးကြည့်လိုက်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။
“သူရယ်။ သူလာမှ ဒို့တတွေရဲ့ ပြဿနာတွေ ငြိမ်းမှာ။ ပြန်လာခဲ့ပါတော့။”

…………………………………..။……………………………

ဆင်ဆင်တစ်ယောက် ခုန်ပေါက် ပြေးလွှားလာရင်း ဗြုန်းဆို တွင်းနက်တစ်ခုထဲ ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားသည်။ တွင်းအောက်ခြေမှာတော့ ပြုတ်ကျလာတဲ့ သူမကို လူတစ်အုပ်က ၀ိုင်းအုံပြီး ကြည့်နေကြ၏။ ထိုလူတို့သည် ရဲဗလောင်းခတ်နေအောင် မျက်နှာများကို ကာချယ်များဆိုးထားပြီး အုန်းရွက်တွေကို သီကာ စကပ်တွေလို ၀တ်ထားကြသည်။ သရက်ရွက်တွေကို ခေါင်းမှာစီးထားတဲ့ ခေါင်းဆောင်လုပ်တဲ့သူက
“အောင်ပြီ။ အောင်ပြီ” အော်လိုက်၏။ ထိုအခါ လူအားလုံး လက်ချင်းချိတ်ပြီး ဆင်ဆင်ကို ပတ်ကာဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ကကြသည်။

ဆင်ဆင်သည် သူတို့ကို ကြည့်ကာ အပေါများဂေဟာကို ကျသွားပြီလို့ နားလည်လိုက်သည်။ ထိုဂေဟာထဲက အကောင်းပကတိ ထွက်သွားဖို့မလွယ်။ သူတို့လို ပေါချာပါဒလိုက်သွားတော့မှ ထွက်သွားလို့ရမည်။ ဆင်ဆင်သည် ဘယ်လိုလုပ်ရမှန်းမသိတော့။ အချိန်မီ ကိုရင်ညိန်းဆီ အရောက်သွားမှ ဖြစ်မည်။ ထိုအချိန်တွင် ခေါင်းဆောင်လုပ်တဲ့သူက ဆင်ဆင်ကို ဆက်ခနဲ ပွေ့ချီလိုက်သည်။ ရှိသမျှ အပေါဂိုဏ်းသားတွေက လက်ခုပ်ဝိုင်းတီးကြပြီး “ဆရာဂျဲ။ ဆရာဂျဲ” လို့ ၀ိုင်းအော်ကြ၏။ ဂိုဏ်းချုပ်ဆရာဂျဲက ယောက္ခမထဘီကို ရုတ်ပြီး အပေါင်ဆိုင်ပို့လိုက်နိုင်တဲ့ သားမက်မျက်နှာလို ပြုံးဖြဲဖြဲ မျက်နှာပေးနဲ့ ပွေ့ချီသွားပြီး နှင်းဆီအဖြူရောင်တွေ အပြည့် ထည့်ထားတဲ့ ရေကန်ထဲကို ၀ုန်းခနဲပစ်ချလိုက်သည်။

အဲ့ဒီနောက် ဆရာဂျဲက လက်ဖျောက်တီးလိုက်တာနဲ့ အပေါဂိုဏ်းသားအားလုံးက ဖယောင်းတိုင်တွေ ထွန်းညိလိုက်ကြ၏။
“ ဟဲ့….. ငမွှေငလိန်ငမျိုး၊ ငါတို့ ပေါမနားဂေဟာအတွက် နက္ခက်တွေ ကောင်းပြီလား။ အချိန်ကျပြီလား။ အခု ငါတို့ လက်တော်တင်ဖို့ အမယ်ကလည်း အဆင့်သင့်ဖြစ်ပြီဆိုတော့။ အချိန်မလွန်စေနဲ့ဟေ့”
“သဘာပတိကြီးခင်ဗျား၊ အဆင်သင့် ဖြစ်ပါပြီ’ ဟု စပ်ဖြီးဖြီးနဲ့ ငလိန်ဆိုသူက ပြန်ဖြေလိုက်သည်။

လက်တော်တင်မယ်ဆိုတဲ့ စကားကို ကြားလိုက်ရတဲ့ အချိန်မှာ ဆင်ဆင်တစ်ယောက် ကျောချမ်းသွားသည်။ သူမကြားဖူးတဲ့ အတိုင်းသာမှန်ရင် လက်တော်တင်ခဲ့ရတဲ့ မိန်းကလေးတွေက အပေါဂိုဏ်းရဲ့ ဝေယာဝစ္စတွေလုပ်ပေးရတော့မှာပေါ့။ အို မဖြစ်ဘူး။ မဖြစ်ဘူးဆိုပြီး။ ရေကန်ထဲက ထွက်ပြေးဖို့ကြိုးစားသည်။

ထိုအခါမှာ လက်တော်တင်မယ့် အခန်းအနားစပါပြီဆိုပြီး ခရုသင်းကို ငမျိုးက မှုတ်လိုက်သည်နက် တပြိုင်နက်တည်း ဆရာဂျဲဆိုသူက လွှားခနဲ ၀တ်ထားတဲ့ အုန်းလက်စကပ်ကို ချွတ်ပြစ်လိုက်ပြီး ဆင်ဆင်ကို ကျေခိုင်းရပ်လိုက်၏။ ဆင်ဆင်တစ်ယောက် ရှက်ပြီး မျက်နှာလွှဲလိုက်မလို လုပ်ပြီးမှ ဆရာဂျဲရဲ့ ဖြူဖြူဖွေးဖွေးဖြစ်နေတဲ့ ခါးအောက်ပိုင်းကို အမှတ်တမဲ့ မြင်လိုက်လိုက်မိ၏။ ထိုအခါ ‘အို’ ခနဲ မြည်သံဆွဲ အလင်္ကာတစ်ခု ဆင်ဆင့်နှုတ်ခမ်းဖျားမှ ထွက်ကျလာလေသည်။

ဆင်ဆင်သည် မျက်လုံးကို အတတ်နိုင်ဆုံး ပြူးသတဲ့ ပြူးပြီး ဆရာဂျဲ တင်ပါးဖြူဖြူလေးကို အမိအရကြည့်သည်။ သူမ မျက်လုံးမှာ ၀မ်းသာခြင်း။ အံ့သြခြင်း ပေါင်းစုံပြီး မျက်လုံးအစုံက ၀င်းပလာသည်။ ထိုအချိန်မှာ ဂေဟာတံခါး ၀ုန်းခနဲ ပွင့်သွားပြီး Pooh အရုပ်တွေကို ခနာကိုယ်အနှံ့ တိုးလိုးတွဲလောင်းဝတ်ဆင်ထားပြီး ခေါင်းပေါ်မှာ ရွှေအတိပြီးတဲ့ Pooh သရဖူကို ဆောင်းထားတဲ့ မိန်းကလေး တစ်ယောက် ခြေဆောင့်ပြီး ၀င်လာသည်။

“မကျေနပ်ဘူး။ မကျေနပ်ဘူး။ မီးငယ် မရှိတုန်း လက်တင်ပွဲလုပ်တယ်။ မီးငယ်… ယိုးဒယားခရိုင်မှာ အခွန်သွားကောက်တုန်း ကိုကိုတို့က လုပ်တယ်။ အဟင့်….. အဟင့်။ ပြီးတော့ ဒီအမယ်လေးက မီးငယ်ထက် လှတယ်။ မီင်္းငယ်ထက် လှ၇င် ဒီဂေဟာမှာ ဘယ်မိန်းမမှ လက်မခံရဘူးဆိုတာ ကိုကိုတို့ မသိဘူးလား။ ပိုက်ပိုက်တို့လို၊ မမဆုမွန်တို့လို ရုပ်မျိုးလေးတွေပဲ ရှာပါဆို... အ... ဟင့်...... ရွှတ်... ရှလွတ်၊ ”

မီးငယ်ဆိုတဲ့ မိန်းကလေးက တရစပ် ပြောချင်ရာပြောပြီး တအင့် အင့်နဲ့ ထိုင်ငိုလေသည်။ ဆရာဂျဲက အုန်းလက်စကပ်ကို ကောက်ဝတ်လိုက်ပြီး ထိုင်ငိုနေတဲ့ မီးငယ်ကို ချော့လိုက်ပြီး။
ဆင်ဆင်ကို လက်ညှိုးထိုးကာ “ ငလိန်။ ဒီအမယ်မကို ဂေဟာထဲက ဆွဲထုတ်လိုက်တော့” လို့ဆိုလိုက်သည်။ ငလိန်ကလည်း ဆင်ဆင်ရဲ့ ဂုတ်ကနေဆွဲကိုင်ကာ ကြောင်ကလေး၊ ခွေးကလေးတွေလို စံအိမ်ပြင်ပကို ဆွဲထုတ်လိုက်လေသည်။

ဆင်ဆင်လည်း အပေါများဂေဟာက လွတ်ပြီဆိုတာနဲ့ အားရ၀မ်းသာ ပြေးကာ ကိုရင်ညိန်းရှိတဲ့ လူတန်တောင်ကို ရောက်သွားတော့သည်။ အဲ့ဒီနောက် ကိုရင်ညိန်းနဲ့တွေ့ကာ မမကွမ်းပေးလိုက်တဲ့ ပစ္စည်းကို အသာအယာလေး ပေးလိုက်သည်။ ကိုရင်ညိန်းသည် မမကွမ်းပေးလိုက်တဲ့ ပစ္စည်းကို တရိုတသေကိုင်ကြည့်လိုက်ရင်း သက်ပြင်းလေးလေးပင်ပင်ကြီးချလိုက်၏။ နောက်တော့ ဆင်ဆင့်ကို မမကွမ်းဆီပြန်ခိုင်းလိုက်ပြီး သူတို့နောက်မှ လိုက်ခဲ့မည်ဟုမှာလိုက်လေသည်။

…………………………………………..။…………………………………………

ဆင်ဆင်အော်ကြည့်ဂိုဏ်းကို ညမိုးချုပ်တော့မှပြန်ရောက်သည်။ ရောက်ရောက်ခြင်း ဂိုဏ်းချုပ်မမကွမ်းကို သွားတွေ့လိုက်သည်။ မမကွမ်းက မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ဆင်ဆင်ကို ကြည့်လိုက်ပြီး ကိုရင်ညိန်း ဘာမှာလိုက်သေးလဲလို့ မေးလိုက်သည်။ ဆင်ဆင်က ကိုရင်ညိန်းက စိတ်မပူပါနဲ့ လို့ပြောလိုက်ကြောင်း။ နောက်ပြီး သူမကြုံခဲ့တဲ့ အပေါဂေဟာက လက်တော်တင်ပွဲအကြောင်း ပြောပြလိုက်သည်။ အဲဒီနောက် သူမသည် စိတ်လှုပ်ရှားစွာနဲ့ ဆက်ပြောလိုက်သည်။

“မမ……. အပေါဂိုဏ်းချုပ် ဆရာဂျဲဆီမှာ ထူးဆန်းတာတွေ့ခဲ့တယ်။ သူ့ရဲ့တင်ပါးမှာ…….. “
ဆင်ဆင်က စကားခဏရပ်လိုက်ပြီး။ မမကွမ်းကို တစ်ချက်ကြည့်ကာ
“သူ့တင်ပါးမှာ အမှတ်ကြီး တစ်ခု’
“အို…. တချို့လူတွေမှာ မွေးရာပါအမှတ် ရှိကြတာပဲ။ ဘာဆန်းတာမှတ်လို့၊”
“ဆန်းတယ် မမကွမ်…. သူ့ရဲ့ အမှတ်က မွေးရာပါအမှတ်မဟုတ်ဘူး။ လက်ရေးတစ်ခု။ အဲ့ဒီလက်ရေးမျိုးက နန်းညီမှာလည်းရှိတယ်။ နောက်ပြီး……………………. မမကွမ်ရဲ့ လက်ရေးနဲလည်းဆင်တယ်။”

“အို……”
မမကွမ်းသည် သူမရဲ့ ရင်ဘက်ကိုဖိလိုက်ရင်း………..။
“ ဒါ……… ဒါဆို သားလေးဂျယ်ဂျယ်…….. မသေဘူးလို့’” ဗလုံးဗထွေးပြောလိုက်ရင်း ၀မ်းသာလွန်းပြီး မျက်ရည်ကြီးပေါက် အသွယ်သွယ်တို့ ကျလာသည်။

“ ဆင်ဆင်…….. နန်းညီကို ရောက်တဲ့ အရပ်ကနေ ဂိုဏ်းချုပ်ကို အမြန်ပြန်လာခိုင်း။ နောက်ပြီး ဂျယ်ဂျဲကို ဒီကိုရောက်အောင်ခေါ်လာခဲ့။ အရေးကြီးတယ်… ဆင်ဆင်။ အဲဒါအရေးကြီးတယ်။ ဂျယ်ဂျဲနဲ့ နန်းညီက ကိုယ့်ရဲ့ ကလေးတွေ။ ဂျယ်ဂျဲ့ရဲ့ တင်ပါးမှာ မြေပုံအညွှန်းစာရှိတယ်။ နန်းညီတင်ပါးမှာ မြေပုံရှိတယ်။ သူတို့နှစ်ယောက်လုံးကို ပေါင်းလိုက်ရင် သိုင်းလောကမှာ ပျောက်ကွယ်နေတဲ့ ဟက်ကာဓါးဖွက်ထားတဲ့နေရာကို ရှာလို့တွေ့လိမ့်မယ်။ ဆင်ဆင်……….. ကိုယ်တို့ အဲ့ဒီဓါးကို ဖျက်ဆီးပစ်ရမယ်။ အဲဒီဓါးပေါ်လာတဲ့ တစ်နေ့ ဘလော့ဂါသိုင်းလောက ပျက်စီးမယ့်နေပဲ။ ဆင်ဆင်……. နန်းညီတို့ နှစ်ယောက်ကို ရအောင်ခေါ်လာခဲ့တော့” ဟုပြောလိုက်၏။ စကားဆုံးတာနဲ့ ဆင်ဆင်လည်း သွက်သွက်လေး ပြေးလေတော့သည်။ ဒါပေမယ့် ဆင်ဆင့်ထက်သွက်သောသူသည် ဆင်ဆင့်အရှေ့ကကြိုပြေးနှင့်၏။ ဆင်ဆင်နဲ့ မမကွမ်းတို့ပြောနေတာကို နားထောင်ပြီး ရှေ့ ကကြိုပြေးနှင့်သော ထိုသူကား……………………။



မမကွမ်းမှာ ကလေးနှစ်ယောက်ရှိတယ်။ ကလေးတွေရဲ့ တင်ပါးမှာ လည်း သိုင်းလောကရဲ့လျို့ဝှက်ချက်နဲ့။ ဘယ်သူတွေက သူတို့နှစ်ယောက်တင်ပါးကို လုကြမလဲ။ ၀ိုင်းကြည့်ကြမလဲ။ ဘယ်သိုင်းသမားက ကလေးတွေဖအေလည်း။ ကလေးတွေဖအေနဲ့ရော မနော်နော်၊ မချိုသင်းတို့နဲ့ ပါတ်သက်လေမလား။ မမကွမ်ရဲ့ မြေပုံစာ အညွှန်းက သတ်ပုံအမှားကြောင့် သိုင်းလောကမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။ တကယ်ရော ဟက်ကာဓါး ပေါ်လာရင် သိုင်းလောက ပျက်စီးမှာလား။ အို……… ဘာမှ မစဉ်းစားချင်တော့ဘူး။ ရေးရင်းရေး၇င်းနဲ့ ဇာတ်လည်း မနိုင်တော့ဘူး……။ တော်ပြီကွာ ဆက်မရေးတော့ဘူး။

March 8, 2009

သိုင်းလောကရဲ့ ဘလော့ခ်ဒေ၀ီ (၂)

သစ်ပင်ပေါ်က ခုန်ဆင်းလာတဲ့ အမဲရောင်ဝတ်စုံနဲ့ လူက ဖုတ်ခနဲ အေးမြက်မြက်ရှေ့မှာ ရပ်လိုက်တယ်။ အဲဒီဝတ်စုံနဲ့လူဆီက ခပ်ပြက်ပြက် စူးရှရှမိန်းမသံထွက်ပေါ်လာတယ်။ စိမ်းစိမ်းက သူတို့ ဘာပြောနေသလဲဆိုတာ သေချာနားစိုက်ထောင်လိုက်ပေမယ့် မကြားတချက် ကြားတချက်။ သူမကြားလိုက်ရတာတော့ အော်ကြည့်ဂိုဏ်းရဲ့ ကြီးပွားရေးသိုင်းကျမ်းနဲ့ ကြောက်ချင်ဆောင်နည်းသိုင်းကျမ်းပါလား။ အနက်ရောင်နဲ့ဝတ်စုံနဲ့ မိန်းမက အော်ကြည့်ဂိုဏ်းရဲ့ သိုင်းကျမ်းရတနာတွေကို အေးမြက်မြက်ကို ရှာခိုင်းနေ၏။ စိမ်းစိမ်းက ပိုစိတ်ဝင်စားလာပြီး သဲသဲကွဲကွဲကြားနိုင်အောင် ရှေ့တစ်လှမ်းတိုးလိုက်၏။ ဖြစ်ချင်တော့ သူမလှမ်းလိုက်တဲ့ ခြေတစ်လှမ်းသည် ပျော့စိစိ ညိညစ်ညစ်အရာတစ်ခုကို့ နင်းမိ၏။ စိမ်းစိမ်းက ရွံစရာ ပျော့စိစိမှန်းသိကာ ခုန်လိုက်မိချိန်မှာ အဟင့်ဆိုသော အသံထွက်သွားသောကြောင့် အေးမြက်မြက်တို့ဘက်က သိသွားလေသည်။ အေးမြက်မြက်တို့သည် အသံကြားရာ ခြုံပုတ်ဆီသို့လာကာ ဖြဲကားရှာကြသော်လည်း ဘယ်သူမှမတွေ့။ ခြေရာထင်ကျန်ရစ်သော ညိုညစ်ညစ် ပျော့ပြဲပြဲအရာုကား ခြုံကြားမှာ မွှေးပျံ့ပျံ့ဖြင့်သာ။

အေးမြက်မြက်သည် ခိုးကြောင့်ခိုးဝှက်ဖြင့် သူမနေတဲ့ အဆောင်ကို ပြန်လာရင်း သူမနောက်ကို နောက်ယောင်ခံလိုက်တဲ့သူ ဘယ်သူဖြစ်နိုင်မလဲဆိုတာ ဟိုလူနိုးနိုး ဒီလူနိုးနိုးနဲ့ စဉ်းစားလာခဲ့၏။ ထိုအခိုက် လေအဝှေ့မှာ သူမရင်းနှီးတဲ့အနံ့တစ်ခုကို ရလိုက်ပြီး နှခေါင်းကို ရှုံ့ချည်နှပ်ချည်နဲ့ အနံ့ကို မရမကလိုက်ရှူ၏။ ရှူရင်း ရှူရင်းနဲ့ထိုအနံ့သည် ခြုံပုတ်ထဲက အရာမှန်းသိသွားပြီး အနံ့ခံရင်း နောက်ယောင်ခံ ပြန်လိုက်ရာ ထိုရနံ့သည် တိုက်တိုက်ဆိုင်ဆိုင် စိမ်းစိမ်းရဲ့ အဆောင်ရှေ့မှာ ပိုပြီးသင်းနေပါတော့သည်။

အခန်း(၂)

ဒုံး…. ဒုံး…. ဆိုသော မြည်သံနဲ့ အတူ စူးရှသောအလင်းရောင်ကြောင့် စိမ်းစိမ်းသည် အိပ်ယာမှ ငေါက်ခနဲ ထထိုင်လိုက်သည်။ သူမသည် ညက အေးမြက်မြက်နောက်ကို နောက်ယောင်ခံလိုက်ရင်း အလွန်ပင်ပန်းသောကြောင့် မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွား၏။ ဘယ်အချိန်အထိ အိပ်ပျော်နေမိမှန်းမသိ သူမတံခါးဝမှာ တစ်စုံတစ်ယောက် လာခေါက်နေမှ လန့်နိုးမိသည်။ စိမ်းစိမ်းသည် ကမန်းကတမ်း ထလိုက်ပြီး တံခါးဖွင့်လိုက်တော့ ဂိုဏ်းချုပ် မမကွမ်း အပါအ၀င် ဂိုဏ်းတူညီအမတွေ ရောက်နေသည်။ ရုတ်တရက် နန်းညီဆိုသော ဂိုဏ်းချုပ်လက်ဆွဲ မိန်းကလေးက စိမ်းစိမ်းရှေ့မှာရပ်လိုက်ပြီး “မမစိမ်းက ဒီလိုမလုပ်ပါဘူး၊ ဖြစ်လည်းမဖြစ်နိုင်ဘူး။” ဆိုပြီး လက်နှစ်ဖက်နဲ့တားကာ ပိတ်ရပ်လိုက်၏။

စိမ်းစိမ်းသည် ကြောင်တောင်တောင်နဲ့ ရပ်နေရင်း နန်းညီကို ကြည့်လိုက်၊ မမကွမ်းကိုကြည့်လိုက်။ သူမ ဘာမှနားမလည်။ လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲ။ မမကွမ်းက နန်းညီကို လက်ချောင်းလေးနဲ့ အသာဖယ်လိုက်ရင်း ကျန်တဲ့သူတွေကို “ရှာ” ဟုအမိန့်ပေးလိုက်၏။ စိမ်းစိမ်းနားမလည်တော့။ အော်ကြည့်ဂိုဏ်းသားတွေသည် စိမ်းစိမ်းရဲ့ အခန်းလေးကို မွှေနှောက်ပြီးရှာကြသည်။ မိန်းကလေး တစ်ယောက်က တွေ့ပြီဟုထအော်လိုက်ပြီး သူတွေ့တဲ့အရာကို မမကွမ်းအား လှမ်းပေးလိုက်သည်။ စိမ်းစိမ်းသည် မမကွမ်းရဲ့ လက်ထဲက အရာကို ကြည့်လိုက်ပြီး ဇဝေဇ၀ါဖြစ်သွားသည်။ နောက်တော့ မမကွမ်း နောက်မှာ ကပ်ပါလာတဲ့ အေးမြက်မြက်ကို သတိထားမိသွားပြီး၊ အော်…… ဒင်းလက်ချက်ကိုး။ အံကြိတ်ရင်း စိတ်ထဲက တစစ်စစ်နာသွားလေသည်။

မမကွမ်းကိုင်ထားသော အရာမှာ တခြားမဟုတ်။ စိမ်းစိမ်း တစ်သက်နဲ့တစ်ကိုယ် လက်ဖျားနဲ့တောင် မထိဘူးသောအရာ။ အမျိုးသား အောက်ခံဘောင်းဘီတစ်ထည်ပင် ဖြစ်ပါတော့သည်။ ဘာမှမတတ်နိုင်။ စိမ်းစိမ်းဘာမှ မငြင်းနိုင်တော့။ နန်းညီက မျက်ရည်တ၀ဲဝဲနဲ့ စိမ်းစိမ်းရဲ့ လက်မောင်းတစ်ဖက်ကို ကိုင်လှုပ်ရင်း၊ “မမစိမ်း….. မမစိမ်းရဲ့ဟာ မဟုတ်ဘူးလို့ ပြောလိုက်ရေ” ဟု တတွတ်တွတ်ပြောရှာ၏။ အော်ကြည့်ဂိုဏ်းမှာ ဂိုဏ်းချုပ်မှလွဲပြီး အားလုံးအပျိုစင်တွေဖြစ်ရမည်ဟု စည်းကမ်းချက်ရှိ၏။ အခုတော့ ဒီဘောင်းဘီကြောင့် စိမ်းစိမ်းရဲ့ ဘ၀သည် ဒီအော်ကြည့်တောင်ပေါ်ကနေ ဒလိမ့်ကောက်ကွေးကျခဲ့ရပြီ။ အထုပ်အပိုးချက်ချင်း ပြင်လိုက်ပြီး ဒီနေရာမှ ထွက်ခွာသွားရတော့မည်။ တရှုံ့ရှုံ့ငိုကြွေးနေသော နန်းညီကို နှုတ်ဆက်သလိုနဲ့ ပွေ့ဖက်လိုက်ရင်း စိမ်းစိမ်းက တိုးတိုးတိတ်တိတ်မှာလိုက်သည်။ “မြန်မာဂျီးနွိယခ်က ချပ်ရွန်းကို လာခဲ့၊ မမရှိနေမယ်”’

…………………………………………။…………………………………………

စိမ်းစိမ်းသည် အော်ကြည့်တောင်ပေါ်က ထွက်လာပြီး မြန်မာဂျီးနွိယခ်ကို မသွားခင် သိုင်းလောက ဆိုတာ ဘယ်လိုပုံလည်း ဆိုတာ သိချင်လာသည်။ အဲဒါကြောင့် သိုင်းလောကတလွှား၊ နက်ရိုးကိုးပေါက်လျှောက်ရန် ဆုံးဖြတ်လိုက်၏။ ဤသို့ သိုင်းလောကမှာ တဝေထိုးရင်း မမျှော်လင့်ဘဲ လူတစ်ယောက်နဲ့ တွေ့ဆုံရန် အကြောင်းဖန်လာရပါတော့သည်။

တစ်နေ့ စိမ်းစိမ်းသည် သိုင်းလောကတွင် ကျင်လည်နေရင်း ဂိုဏ်းတစ်ခုနဲ့ ပတ်ပင်းတိုးမိသည်။ ထိုဂိုဏ်းမှ လူများသည် အိပ်နေရင်းလမ်းလျှောက်နေသလို စိမ်းစိမ်းသွားမယ့်လမ်းကို လှမ်းပိတ်ထားကြသည်။ အိပ်ချင်မူးတူးသံနှင့် ခေါင်းဆောင်ဟု ထင်ရသောသူက စိမ်းစိမ်းကို ဘယ်သွားမလဲလို့မေး၏။ စိမ်းစိမ်းက မကျေမနပ် အမူအရာဖြင့် ပေတေတေကြည့်လိုက်ပြီး ဘာမှပြန်မပြော။ ထိုအမူအရာလေးကပဲ အိပ်ချင်ယောင်ဆောင်နေသောသူကို လှုပ်နိုးရခက်နေသူပမာ ကလိကလိနဲ့ ခေါင်းဆောင်လုပ်သူရင်ထဲကို အနေရခက်သွားစေသည်။ ခေါင်းဆောင်လုပ်သူသည် မချင့်မရဲနဲ့ စိမ်းစိမ်းကို စိုက်ကြည့်လိုက်ချိန်မှာတော့ စိမ်းစိမ်းသည် အိပ်မွေ့ချတတ်သည့် မှော်ဆရာဆီရောက်သွားသလိုလို ရီဝေေ၀ဖြစ်သွား၏။ အဲဒီနောက် တစ်လှမ်းချင်း တစ်လှမ်းချင်း ခေါင်းဆောင်လုပ်သူဆီ လှမ်းသွားလေသည်။

ထိုအချိန်တွင် အ၀ါရောင်ဝမ်းဆက် ၀တ်ထားပြီး ခေါင်းမှာ ပိတောက်ပန်းတွေ ဝေနေအောင်ပန်ထားသော လူငယ်တစ်ယောက် လွှားခနဲ စိမ်းစိမ်းရှေ့ကို ရောက်လာပြီး ညာဘက်လက်နဲ့ စိမ်းစိမ်းနားသယ်စကို ဖြန်းခနဲရိုက်လိုက်၏။ ထိုအခါ စိမ်းစိမ်းတစ်ယောက် အိပ်ယာမှ လန့်နိုးသလို ၀ူးဝါးဝူးဝါးနဲ့ ထအော်သည်။
“မိန်းကလေး နောက်မှာနေ၊ သူတို့မျက်လုံးတွေကို မကြည့်နဲ့။ သူတို့က ကိလေသာအိပ်မက်ဂိုဏ်းက လူတွေ” ဟုဆိုပြီး လက်ထဲမှာ ပါလာတဲ့ ရေမပါ၊ လေသာပါတဲ့ သင်္ကြန်လေပြွတ်သေနက်နဲ့ စတင်တိုက်ခိုက်၏။ ခေါင်းဆောင် အိပ်မက်သေနဲ့ သူ့တပည့် အိပ်မက်မဲအိပ်မက်ဝါဆိုတို့ကလည်း အနိုင်မခံပြန်တိုက်၏။ သုံးယောက်တစ်ယောက်ပင် ဖြစ်လင့်ကစား၊ တကိုယ်တော် လေပြွတ်သမားရဲ့ သိုင်း ကို ကိလေသာသမားတို့ မခံနိုင်တော့။ နောက်ဆုံးတော့ ကိုယ်ရောင်ဖျောက်ပြီး လော့ဂ်အောက်လုပ်ကာ ထွက်ပြေးရလေသည်။ စိမ်းစိမ်းသည် ပုလဲတစ်လုံး၊ ခဲတစ်လုံးဖြင့် အားကိုးအားထားပြုသော အကြင်နာတစ်ချက်ဖြင့် ကယ်တင်ရှင်လေပြွတ်သခင်ကို ရွှန်းရွှန်းလဲ့လဲ့ကြည့်မိလိုက်ပါတော့သည်။ ထိုကယ်တင်ရှင်ကား သိုင်းလောကတွင် နာမည်ကြီးတဲ့ တကိုယ်လေလွင့်သမား ဖိုးသင်္ကြန်ပင်ဖြစ်ပေတော့သည်။

…………………………………………။…………………………………………

ရှုပ်ထွေးပွေလီသော သိုင်းလောကအလယ်တွင် ဖိုးသင်္ကြန်သည် စိမ်းစိမ်းရဲ့ နားခိုရာ။ ကြည်နူးရာ အရိပ်ကလေးဖြစ်ခဲ့သည်။ ဒါပေမယ့် ထိုအရိပ်လေးသည် သဲပြင်မှာ ရေစီးဆင်းသွားသလို ရွှတ်ခနဲမြန်မြန်ပျောက်ကွယ်သွားတော့သည်။

တစ်နေ့ သူမတို့ရှိရာသို့ မမျှော်လင့်ဘဲ မိန်းမပျိုတစ်ယောက်ရောက်လာ၏။ ထိုမိန်းမပျိုသည် သနပ်ခါးကို ဘဲကျားရိုက်ပြီး သူမနှုတ်ခမ်းနုနုကို ရဲနေအောင် ဆိုးထား၏။ ၀တ်ထားသော အင်္ကျီကား ပြာစပ်စပ် ရေမှိုင်းရောင်ဖြစ်၏။ သူမသည် နဂိုမဲ့နေသော သူမနှုတ်ခမ်းကို တမင်မဲ့လိုက်ပြီး စိမ်းစိမ်းတို့နှစ်ယောက်ကို စူးစူးစိုက်ကြည့်လိုက်သည်။ ဖိုးသင်္ကြန်သည် မျက်နှာကွက်ခနဲ တစ်ချက်ပျက်သွားပြီး တိုးညင်းသောလေသံလေးဖြင့် “ မြရေလျဉ်၊ ဒီနေရာကို ဘာလို့ဒီနေရာလေးကို လိုက်လာတာလဲဟာ” မေးလိုက်သည်။ ထိုအခါ မြရေလျဉ်ဆိုသော မိန်းမပျိုလေးသည် မေးတစ်ချက်ဆတ်လိုက်ပြီး၊ ၀မ်းနည်းသော လေသံလေးဖြင့် ကဗျာလိုလို စာလိုလိုတစ်ပုဒ်ကို ကောက်ရွတ်လိုက်သည်။ “ငါကအိမ်မက်ပေမဲ့.....သူကအိမ်ဘက်တောင် မလာဘူး။
စိတ်နာလို့ထင်ပါရဲ့ ...လိပ်စာသိတာတောင်စာမပြန်တဲ့ လူ။
နေမကောင်းဘူးဆိုရင်တောင်..ခုဆိုသေကြောင်း..နင်ဆုတောင်းနေမလား။
ဩော်..အချစ် အချစ်..
မနှစ်ကနဲ့ကို မတူဘူး။”
ဟု ဆိုလိုက်၏။ ထိုအခါ ဖိုးသင်္ကြန်က “မြလျဉ်ရယ်၊ နင်နဲ့ငါဇာတ်လမ်းတွေပြီးခဲ့ပြီပဲဟာ၊ ဘာလို့ဆက်ချင်ရသေးတာတုန်း” ဟုပြောလိုက်သည်။ စိမ်းစိမ်းသည် သူတို့နှစ်ယောက်ကြားမှာ ရပ်နေရင်းနဲ့ နားမလည်နိုင်တော့ဘဲ နှစ်ယောက်လုံးကို ငေးကြည့်လိုက်၏။ ထိုအခါမှ ဖိုးသင်္ကြန်က မြရေလျဉ်က သူနဲ့ ကျောင်းနေဘက် အပျော်တမ်းရည်းစားဖြစ်ခဲ့ကြောင်း ရှင်းပြ၏။ အပျော်တမ်းရည်းစားဆိုသော စကားလုံးကို မြရေလျဉ် ကြားလိုက်ရချိန်မှာ အူနုနုကျွဲခတ်သလို မခံစားနိုင်တော့။

“ငါဆုပ်ကိုင်ဘူးတဲ့ သစ္စာ တချို့
ငါဆုပ်ကိုင်ဘူးတဲ့ ..မျှော်လင့်ချက်တ၀က်
ပြီး..ငါလေ ဆုပ်ကိုင်ပြီး ဆိုရွတ်ခဲ့ဘူးတဲ့ ..မြေစိုင်ခဲ နဲ့ သစ္စာဆုတောင်းတစ်ခု
ဘယ်သူ့ အတွက်ပြုခဲ့လ
ဲ… နင်လုံးဝ မသိခဲ့ဘူးလား ဖိုးသင်္ကြန်၊ အခုတော့ နင်ကငါ့အသည်းမြို၊ ခါးပြီဆိုတော့ ထွေးထုတ်ပြီပေါ့။ အေး…. အခု ငါသစ္စာတည်မယ်။ နင်နဲ့ စိမ်းစိမ်း ဒီတစ်သက်မပေါင်းစေရဘူးမှတ်ဟေ့”ဟု အော် လိုက်ရင်း ရေသလ္လာသိုင်းနှင့် နှစ်ယောက်လုံးကို တိုက်၏။ မြရေလျဉ်ရဲ့ လက်ဝါးကြားကနေ ရေပေါက်ကြီးငယ်တို့ ဖြန်းခနဲ ဖြန်းခနဲ ပန်းထွက်လာကြ၏။ ထိုရေစက်တို့နဲ့ ထိသမျှ ကျောက်တုံးကျောက်ခဲ မှန်သမျှတို့ အက်စစ်နဲ့ တို့လိုက်သလို ရှဲခနဲမြည်ပြီး အရည်ပျော် အငွေ့ပျံပျောက်ဆုံးကုန်ကြ၏။ ဖိုးသင်္ကြန်နဲ့ စိမ်းစိမ်းတို့သည် မြရေလျဉ်ရဲ့ သိုင်းကွက်တွေကို အတတ်နိုင်ဆုံး ရှောင်လိုက်တိမ်းလိုက် ခုခံလိုက်။ ဒါပေမယ့် မြရေလျဉ်ရဲ့ သိုင်းကွက်တွေကို သူ့တို့နှစ်ဦးပေါင်းသော်လည်း မကျော်နိုင်။ သူမရဲ့ သိုင်းကွက်တွေသည် သူတို့ နှစ်ဦးထက်သာသည်။ မာကြောသည်။ ပွက်ခနဲ။ ပွက်ခနဲ။ ဖြန်းခနဲ ဖြန်းခနဲ ထွက်လာတဲ့ ရေလုံးတွေဒဏ်ကို ကြာတော့ နှစ်ယောက်သား မခံနိုင်ဘဲ လက်ပန်းကျလာလေသည်။

ထိုအချိန်တွင် နန်းညီခေါင်းဆောင်တဲ့ အော်ကြည့်ဂိုဏ်းသားတွေ ဗြုန်းခနဲ ရောက်လာကာ စိမ်းစိမ်းတို့ဘက်က ကူတိုက်ပေးသည်။ နန်းညီတို့ဘက်က ဘယ်လောက်ပင်လူများများ မြရေယျဉ်ကို ယှဉ်နိုင်ဖို့ မလွယ်။ သို့ရာတွင် နန်းညီက သွက်၏။ ဘယ်လောက်ပင် အတားအဆီးတွေများနေပါစေ။ ကျော်နိုင် ခွနိုင် လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်၏။ အခုလည်းကြည့်။ နန်းညီက ပါလာတဲ့ ခွေးလီးယားသီးမှုန့်တွေနဲ့ မြရေလျဉ်ရဲ့ ရေထွက်ရာ လက်ဝါးကြားကို အငိုက်မှာ လှပ်ခနဲပက်လိုက်သည်။ ခွေးလီးယားသီးမှုန့်သည် ရေနဲ့ထိရင် ပိုပြီးယားသည်။ အဲ့ဒါကြောင့်မို့လို့ မြရေလျဉ်သည် ကိုယ့်ရေနဲ့ကိုယ် ထိပြီး လက်ဝါးအချင်းချင်း ဗြင်းဗြင်းမြည်အောင်ကုတ်လေတော့သည်။



အပိုင်း(၂) ပြီးပါပြီ။ အပိုင်း ၃ တွင် ကိုယ်ပျောက်မယ် Sin Dan Lar၊ ဂျယ်ဂျယ်၊မီးငယ်၊ အီမျာသိုင်းရှင် ကိုရင်ညိန်း၊ နောက် ပြီး မမကွမ်ရဲ့ သတ်ပုံမှားတဲ့ သိုင်းစာအညွှန်းတွေပါပါမယ်။ ကဗျာများကို မြရေလျဉ်ရေးပါသည်။

March 3, 2009

သိုင်းလောကရဲ့ ဘလော့ခ်ဒေ၀ီ

လက ကောင်းကင်မှာ ပြည့်ပြည့်ဝန်းဝန်းကြီးမသာ။ တစ်ချက်တစ်ချက် အဝေးက ဆွဲငင်အူလိုက်သော ခွေးအူသံတို့က တော်တော်ကျောချမ်းစရာကောင်း၏။ ခင်လေးရေ… ခင်လေး……..။ အာကောင်ခြစ်ပြီး အော်လိုက်တော်လည်း ဘာထူးသံမှ မကြား။ ကိုရင်နော်….. ကိုရင်နော်……..။ ခေါ်ကြည့်၏။ ခွေးအူသံတို့သာ ပိုပိုကြားလာရတယ်၊ ဘယ်သူမှ ပြန်မထူး။ ခင်လေးကို အားကိုးပြီး လာခဲ့ရတာ။ အခုတော့ ကျွန်တော့်ရည်းစား ခင်လေးကို ဟိုကောင်ရင်နော်…. ယောကျာ်းတို့ မာယာနဲု့ သိမ်းသွင်းသွားပြီးလား။ ထားရာနေ စေရာဘ၀ ကျွန်တော်တို့ ယောကျာ်းတွေ အားကိုးရာ မဲ့လှပါလား။ ကိုယ်ဝတ်တဲ့ ပုဆိုးကအစ သိမ်ငယ်လွန်းလို့ ခင်လေးတို့ ထဘီတွေလို အိမ်ရှေ့မှာတောင် မလှမ်းရဲ့တဲ့ ဘ၀။

ကြောက်ကြောက်နဲ့ တွေးချင်ရာတွေးပြီး လမ်းလျှောက်လာတုန်း…………. ဗြုန်းဆို။ ရှေ့နားမှာ မဲမဲကြီး။ ယောက်ျားဆိုတော့ စပ်စုချင်လာရင် ဘာမှတားမရ။ သဘာဝလေ။ ဘာကြီးလဲ သိချင်တော့ ရှေ့နားတိုးတိုးသွားလိုက်တာ။ အမလေး။ ဇရပ်ကြီးပါလား။ အို………………. ဇရပ်ကြီး မဟုတ်ဘူး။ အိမ်ကြီး။ အိမ်ကြီး။ ဘာလို့ တောလည်ကောင်မှာ ဒီအိမ်ကြီးက ထီးထီးတည်း ဖြစ်နေရတာလဲ။ စပ်စုချင်တဲ့ စိတ်တွေ တားမရတော့။ ပျက်စီးယိုယွင်းနေတဲ့ ကျောက်လှေကားထစ်တွေအတိုင်း မရဲတရဲ တက်သွားရင်း ဟနေတဲ့တံခါးကို တွန်းဖွင့်လိုက်မိလိုက်တဲ့အခါ အိုဟောင်းနေပြီး ပတ္တာမရှိတော့တဲ့ တံခါးကြီးက ၀ုန်းခနဲ ကျွန်တော့်ရှေ့မှာ လဲကျသွားတယ်။ ကျွန်တော်လည်း လန့်ပြီး နောက်ကို ဆုတ်လိုက်တဲ့အခါ။ အားပါးပါး။ ကံကောင်းလို့ပေါ့။ တံခါးဘောင်ပေါ်က သစ်သားစကြီး အောက်ကျလာတယ်။ ဘာကြီးလဲဆိုပြီး ငုံ့ကြည့်လိုက်တော့ ဘာတွေရေးထားမှန်းမသိ။ ရှေးဟောင်းစာတွေ။ စာတွေကို မျက်လုံးထဲမှာ တစ်ခါတည်းတပ်ထားတဲ့ မျက်တော့နဲ့ scan ဖတ်ပြီး ဘာသာပြန်လိုက်တယ်။ ဒက်….. ဒက်….. ဆိုပြီး စာတွေပေါ်လာတယ်.။ ဘာတဲ့။ မြန်မာဘလော့ခ်ဂါဟက်တက်၊ ရှောင်မယားကျောင်း ဆိုပါလား။

အထဲကို ၀င်သွားတော့ မှောင်မဲနေပြီး လင်းနို့ချီးနံ့ အောက်သက်သက်ကိုရလိုက်တယ်။ အို…. ခေါင်းပေါ်မှာလည်း ပင့်ကူအိမ်တွေ။ ကျွန်တော့် နှာခေါင်းကို တစ်ချက်နှစ်ချက် ပွတ်လိုက်တော့၊ နှာခေါင်းထိပ်က မီးလင်းလာတယ်။ သိပ်တော့ လင်းလင်းချင်းချင်းမရှိလှ။ကိုယ့်မီးကိုကြည့်ပြီး ရင်ထဲက ခင်လေးကို တမ်းတမိလိုက်တယ်။ (GreenGirl က စာနှစ်ကြောင်း ဆင်ဆာဖျက်လိုက်ပါတယ်။) အခုတော့ခင်လေးတစ်ယောက် ညမှောင်မှောင် တောနက်နက်မှာ ကျွန်တော့်တစ်ယောက်ထဲကိုထားပြီး ကိုရင်နော်ကို ခိုးပြေးသွားလေပြီလား။ ၀ဲလာတဲ့ မျက်ရည်စတွေကြောင့် ဦးဏှောက်အပိုကနေ တီတီလို့ ထမြည်လာတယ်။ မျက်တော့မော်နီတာက မျက်ရည်တွေကြောင့် ၀ါးတားတားဖြစ်သွားတာကိုး။ အို…… ဟုတ်သားပဲ အခုခေတ် ကျွန်တော်တို့လူတွေ မျက်တော့တွေကြောင့် မငိုတတ်တော့တာ။ အခုတော့လား သူ့ကြောင့် ငိုတတ်ခဲ့ရပြီ။


ကျွန်တော်လည်း ကျွန်တော့်နှာခေါင်းက မီးရောင်နဲ့ အိမ်ရဲ့ခန်းမကျယ်ကြီးကို ဖြတ်ပြီး စာကြည့်ခန်းလေးကို ရောက်သွားတယ်။ အဲ့ဒီအခန်းထဲမှာ… အို………… စာအုပ်တွေအများကြီး…. စာအုပ်အထူကြီးတစ်အုပ်က ကျောက်စားပွဲပေါ်မှာ တင်ရက်သားလေး။ အဖုံးပေါ်က စာကို မျက်တော့နဲ့ ဘာသာပြန်လိုက်တော့။ ဘာတဲ့။ မတက်စဉ်ရေးတဲ့ ပေါက်ကန်ပြည်ကြီးနဲ့ သမိုင်းပုံပြင်များ။ အော်ရှိသေးတယ်။ ဇနပုဒ်မြို့တော်က ပေါက်ကန်ပြည်ကြီးကို ဖျက်ဆီးခန်း။ အို…….. ငယ်ငယ်ကကြားဖူးတဲ့ ပေါက်ကန်ပြည်ကြီးဆိုတာ တကယ်ရှိခဲ့တာကိုး။ အားရ၀မ်းသာနဲ့ စာအုပ်ကို ဖတ်မယ်ဆိုပြီး ကိုင်လိုက်ရော စာရွက်တွေက နှစ်ကာလကြာခဲ့ ပြီနဲ့တူတယ်။ လက်ထဲမှာ ရိရွဲပြီး မတက်စဉ်ရဲ့ သမိုင်းကျမ်းတွေ လေထဲမှာ လွင့်သွားပြီးတဲ့နောက်တော့ အခန်းထဲက စာအုပ်တွေကို မထိရဲတော့။

အခန်းထဲ ပတ်ပတ်လည် လိုက်ကြည့်ရင်းနဲ့ ထောင့်လေးတစ်ထောင့်မှာ စာအုပ်လေးတစ်အုပ်။ ဘလော့ခ်ဂါ သိုင်းကျမ်းတဲ့။ သိုင်းကျမ်းဆိုပါလား။ ခင်လေးတို့မိန်းမတွေ ရှာဖွေနေကြတဲ့ သိုင်းကျမ်းများလား။ သိုင်းကျမ်းကို လက်နဲ့တို့ကြည့်တော့ စက္ကူတွေ မဟုတ်။ သံကို ပါးပါးယက်ထားပြီး စာကို သံကညစ်နဲ့ ရေးထားတယ်ထင်တယ်။ သိုင်းကျမ်းဘေးမှာတော့ အရောင်တလက်လက်နဲ့ ဖုန်တွေအလိပ်လိုက်တက်နေတဲ့ ရွှေပေချပ်တွေ။ ရွှေပေချက်ပေါ်မှာ စာတွေရေးထားပါတယ်။ ဘာသာပြန်ကြည့်လိုက်တော့။ “ကျွန်တော် ကလိုထူးသည် ဘလော့ခ်သိုင်းလောကမှ နောင်တက်လာသော ဘလော့ခ်ဂါလေးများကို မယှဉ်ပြိုင်နိုင်တော့တဲ့ အတူတူ စောစောစီးစီးအနားယူလိုက်ပါ၏။ တက်သည့်ပညာ မနေသာသောကြောင့် သိုင်းလောက၏ အတင်းအဖျင်းကို စုစည်းပြီး ဘလော့ခ်ကာ သိုင်းလောကသမိုင်းကို ပြုစုလိုက်ရပါသည်။” (ရှေးစာကို ဘာသာပြန်ထားသောကြောင့် နာမည်များကို မှန်အောင် အသံထွက်နိုင်မည် မဟုတ်ပါ။)

ဘလော့ခ်ဂါသမိုင်းဆိုပါလား။ စိတ်ဝင်စားသွား၏။ ကျွန်တော်တို့ မမွေးခင်ကတည်းက သမိုင်းတွေအဖျက်ခံလိုက်ရပြိးနောက်ပိုင်း ကိုယ့်သမိုင်းကိုယ်မသိတော့။ အခုတော့ သမိုင်းစစ်ကိုပြန်တွေ့ရပြီ။ အို….. သမိုင်းစစ်တော့လည်း ဘာထူးမှာ လဲလို့။ သမိုင်းထဲမှာ သူတို့မိန်းမတွေချည်းပဲ သူရဲကောင်းဖြစ်နေမှာပေါ့။ စိတ်နာနာနဲ့ မဖတ်တော့ဘူးဆိုပြီး ရွှေပေလွှာစာအုပ်ကို ပိတ်လိုက်ပေမယ့် အပိုဦးဏှောက်က Memory တွေကျန်သေးတယ်။ ထပ်ဖတ်ပါလို. အော်လာတာနဲ့ ဖတ်လိုက်ရပါတယ်။ ဖတ်ရင်း ဖတ်ရင်းနဲ့ လက်ကတဆတ်ဆတ်တုန်လာပါတယ်။ တစ်ခါမှ မဖြစ်ဘူးတဲ့ မခံမရပ်နိုင်တဲ့ ဒေါသတွေ တလိပ်လိပ်တက်လာပြီး မျက်ရည်ကြီးပေါက်တွေ အလုံးလိုက်ကျလာတယ်။ တီ…. တီ…. ဆိုပြီး ကျွန်တော့် ခေါင်းပတ်ပတ်လည်မှာ အသံစုံမြည်လာတယ်။ ရင်ထဲမှာ တင်းကျပ်ပြီး ခံစားလာတဲ့ ဝေဒနာတွေကို ခနာကိုယ်မှာ Buil-in လုပ်ထားတဲ့ စက်ကိရိယာတွေက မခံနိုင်တော့။ ကျွန်တော် ပေါက်ကွဲတော့မယ်ဗျာ။ ပေါက်ကွဲတော့မယ်။ ဒင်းတို့ကြောင့် ကျွန်တော်တို့ ယောကျာ်းတွေ အားနွဲ့လာရတာ။ ဒင်းတို့ကြောင့် ကျွန်တော်တို့တွေ မ… တစ်မျက်နှာ တစ်ရွာထင်ပြီး မိန်းမကျွေးတာပဲစားခဲ့ရတာ။ တောက် တစ်ချက်ခေါက်လိုက်ပြီး လက်သီးကျစ်ကျစ်ဆုပ်လိုက်ကာ စိတ်ထဲရှိသမျှကျုံးဝါးလိုက်တယ်။ ငါတို့ခေတ်ကို ပြန်ရောက်ဖို့ ဒင်းတို့ကို လက်စားပြန်ချေရမယ်ဟေ့…………………………….။ ။

အခန်း(၁)

လွန်ခဲ့သော နှစ်ပေါင်း၅၀၀ကျော်က ပေါက်ကံပြည်ကြီးရဲ့ တစ်နေရာမှာပါ။

မိန်းမသုံးယောက်။ တစ်ယောက်နဲ့ တစ်ယောက် စောင်ရင်း ရန်ထောင်ဖို့ အသင့်ဖြစ်နေကြ၏။ အနီရောင်အသားကပ်စကပ်အတို ၀တ်ထားပြီး ဘီအေဆံထုံး ခပ်မြင့်မြင့်ထုံးထားတဲ့ မိန်းမက
မမကွမ်၊ ကျွန်မတို့ကို ကြောက်ချင်ယောင်ဆောင်နည်းသိုင်းကျမ်း နဲ့ ကြီးပွားရေးကျမ်းကို ချက်ချင်းထုတ်ပေးရင် ထုတ်ပေး၊ မပေးလို့ကတော့ ညီမချိုသင်းကို အဆိုးမဆိုနဲ”့ဟု လှမ်းပြောလိုက်၏။ ချိုသင်းဟူသော မိန်းမဘေးတွင် ရပ်နေတဲ့ လည်ဟိုက်အကျီင်္အနက်နဲ့ စကပ်တိုကားကားလေးကို ၀တ်ထားပြီး အင်းဝခေတ်ဆံပင်ပုံစံနဲ့ မိန်းမကလည်း
“ပော့ မမကွမ်…. ဘယ်မလဲ သိုင်းကျမ်း။ မမဒီသိုင်းကျမ်းတွေနဲ့ ဘလော့ခ်ကာသိုင်းလောကကြီးကို လက်ဝါးကြီးအုပ်ထားတာ။ ညီမနော်နော် တို့က ကျေနပ်ကြတာမဟုတ်ဘူး။ ဒီသိုင်းကျမ်းတွေက ညီမတို့နဲ့လည်းဆိုင်တယ်။ အခုချက်ချင်း ထုတ်ပေးပါ။”

ပါတိတ်ထဘီကို ရင်လျားဝတ်ထားပြီး ခေါင်းမှာ ရုပ်ဖျက်ရင်သုံးတဲ့ ဦးထုပ်အနက်ကို ဟန်ပါပါဆောင်းထားတဲ့ မမကွမ်ဆိုသောမိန်းမက “ဘာ……….. ညီးတို့ကို ပေးရမယ်… ဟုတ်စ….. ၀ါး……. ဟား…. ဟား….”။ ဟု ၀ါးလုံးကွဲ သေးထွက်မတက် ဟားတိုက်ရယ်လိုက်ရင်း။ “ဒီမယ်။ ညီးတို့တွေက ငါတို့ဂိုဏ်းမှာ တားမြစ်ထားတဲ့ မိစ္ဆာသိုင်းကို ကျင့်ပြီးတဲ့နောက်ပိုင်း၊ ညီးတို့ ငါတို့ဂိုဏ်းနဲ့ ဘာမှ မပါတ်သက်တော့ဘူး။ ရှင်းရှင်းပြောလိုက်မယ် ညီးတို့နဲငါ ဂိုဏ်းတူညီအမတွေ မဟုတ်တော့ဘူး။ ငါတို့ “အော်ကြည့်ဂိုဏ်း’ သိုင်းကျမ်းရတနာတွေလည်း ညီးတို့နဲ့ မသက်ဆိုင်တော့ဘူးဟေ” ဟုခက်မာမာထန်ထန်ပြောလိုက်၏။

အဲ့ဒီနောက် မချိုသင်းနဲ့ မနော်တို့က တစ်ယောက်နဲ့တစ်ယောက် မျက်စမျက်န ပြလိုက်ပြီး မမကွမ်းလို့ခေါ်တဲ့ အော်ကြည့်ဂိုဏ်းချုပ်ကို စတင်တိုက်ခိုက်၏။ သူတို့နှစ်ဦးရဲ့တိုက်ခိုက်မှုကို ပူနီဆူးလားပါတိတ်ထဘီ ၀တ်ထားတဲ့ မမကွမ်က လွှားခနဲ လွှားခနဲ ခုန်ရှောင်ရင်း ပြန်တိုက်ခိုက်၏။ မမကွမ်ရဲ့တိုက်ကွက်တွေက ပြင်းထန်လာတော့ မချိုသင်းက သူမထွင်ထားတဲ့ ဘူမိသိုင်းနဲ့ ပြန်ချပြန်တယ်။ ဘူမိသိုင်းဆိုတာ သိုင်းကျင့်စဉ်တစ်လျောက် ဘာမှ အစားစာမှမစားရဘဲ။ ကျောက်ခဲ နဲ့ခဲသာ စားရပါတယ်။ ရန်သူနဲ့တွေ့တဲ့ အခါ စားထားသမျှ ကျောက်ခဲတွေကို ပါးစပ်ထဲက ဖလူးဖလူးနဲ့ ထွေးထုတ်ရင်းတိုက်ရပါတယ်။ ကျောက်ခဲနဲ့ ထိသမျှအရာတွေမှန်သမျှ အမှုန်တွေ့ ဖြစ်သွားတော့ မမကွမ်က သတိထားပြီးရှောင်နေရတယ်။ သူမဆီရောက်လာတဲ့ ခဲတွေမှန်သမျှကို သူမရဲ့ မိုးကြိုးယက်တောင်နဲ့ ခပ်ခပ်ထုတ်ပစ်ရတယ်။ တစ်ဖက်ကလည်း မနော်ရဲ့ ဖဲကဗျာသိုင်းကိုလည်း သဲကြီးမဲကြီး ကာကွယ်ပြန်ရပါသေးတယ်။

မနော်ရဲ့ဖဲကဗျာက နာမည်နဲ့လိုက်အောင် တော်တော်ကဗျာဆန်ပါတယ်။ ချောင်ချို ချောင်ကြားကနေ ရှာရှာဖွေဖွေရှာထားတဲ့ ပုံလေးတွေကို ဖဲချပ်လေးတွေလို လုပ်ထားပြီး စာတိုစာစလေးတွေရေးထားပါတယ်။ စာတွေဖတ်မိရင် မျက်စိစုံလုံးကန်းပြီး ဖဲချပ်ကို ထိမိရင်တော့ ဖဲဆိပ်တက်ပြီး တစ်ဂစ်ဂစ်နဲ့ ချက်ချင်းသေနိုင်အောင်စွမ်း၏။ မမကွမ်က ဘူမိသိုင်းနဲ့ဖဲကဗျာသိုင်းတို့ကို ကြောက်ချင်ယောင်ဆောင်နည်းသိုင်းနဲ့ ပြန်ချလိုက်ရော မချိုသင်းနဲ့ မနော်တို့မခံနိုင်တော့။ မချိုသင်းက ပါးစပ်ဟနိုင်လေ ခဲကြီးကြီးထွက်လေဆိုတော့ ပါးစပ်ကြီးအတင်းဖြဲပြီး မမကွမ်းကို လေပေါ်ဝဲရင်းချ၏။ မမကွမ်က ခဲတွေကို မိုးကြိုးယက်တောင်နဲ့ ကာလိုက်ပြီး မချိုသင်းဆီကို ခဲတွေ ပြန်ပို့လိုက်တဲ့အခါ မချိုသင်းတစ်ယောက် ဟထားတဲ့ ပါးစပ်ကို အချိန်မီပြန်မစိနိုင်ဘဲ ပလွတ်ဆိုပြီး ကိုယ့်ခဲကို ပြန်နင်သွားပြီး ခြေကားယားလက်ကားယားနဲ့ ပြုတ်ကျသွားတယ်။ ကိုယ့်ကိုကိုယ် မဟန်တော့မှန်းသိကာ ညီမငယ် မနော်ကို ခေါ်ပြီး တစ်ချိုးတည်း လစ်ပြေးလေတော့သည်။

…………………………………….၊………………………………….


အော်ကြည့်ဂိုဏ်းရဲ့ အထွတ်အမြတ်ထားရာ စာကြည့်ခန်း။

ဆံပင်ဖားလျားချထားတဲ့ ပိန်ရှည်ရှည် မိန်းမပျိုတစ်ယောက် အခန်းထဲကို ခြေဖျားထောက်ဝင်လာပြီး ကျီးကန်းစကောမှောက်ကြည့် လိုက်ပါတယ်။ အဲဒီနောက် သိုင်းကျမ်းတွေထည့်ထားတဲ့ အံဆွဲတွေကို ဟိုနှိုက်ဒီနှိုက်နဲ့ ရှာပါတယ်။ သူမသည် မျက်မှောက်ကုတ်လိုက်ပြီး အံဆွဲအောက်တွေပါမကျန် လက်နှိုက်ပြီး ရှာကြည့်တယ်။ သူမလိုချင်တာ ရှာမတွေ့။

အဲဒီအချိန်မှာ စာကြည့်ခန်းတံခါးပွင့်သွားပြီး အစိမ်းရောင်ဝတ်ထားတဲ့ မိန်းမပျိုလေးတစ်ယောက် လှုပ်လီလှုပ်လဲ့နဲ့ ၀င်လာ၏။ ဆံပင်ရှည်ရှည်နဲ့ မိန်းမပျိုလေးက မျက်နှာပျက်သွားပြီး လက်ထဲက စာအုပ်တွေကို အံဆွဲထ ကမန်းကတမ်ဲး ပြန်ပြီးထိုးထည့်လိုက်တယ်။ အစိမ်းရောင် ကောင်မလေးက မြင်သွားပြီး “ဟယ်……. မမအေးမြက်မြက်…. ဒီမှာဘာလာလုပ်နေတာလဲ”ဟုမေးလိုက်၏။ အေးမြက်မြက်က အမှတ်တမဲ့ ဟိုဟိုဒီဒီစဉ်းစားလိုက်ပြီးမှ “ဘာမှ မဟုတ်ပါဘူး ညီမလေးစိမ်းရယ်။ သိုင်းပညာ နောက်တစ်ဆင့်တက်ဖို့ အတွင်းကြေသိုင်းလာရှာတာ” ဟုပြောလိုက်သည်။ အဲဒီအခါ စိမ်းဆိုသော မိန်းကလေးက နှစ်လိုဖွယ် ပြုံးလိုက်ပြီး “မမရယ်…. ရှာမနေနဲ့ အတွင်းကြေကျမ်းက ညီမဆီမှာ…. မမကျင့်ချင်ရင် လာယူရေ။ ညီမလေးက ကျင့်ပြီးသွားပြီ။” ဟုပြောလိုက်တဲ့အခါ အေးမြက်မြက်က အံ့သြသွားပြီး “ ဟင် ဒါဆို စိမ်းက…………… ဒါဆို သိုင်းကျမ်းတော်တော်များများ ပြီးသွားပြီပေါ့” ဟုညည်းတွားလိုက်ရင်း တစ်ချိန်တည်းမှာပင် မနာလိုစိတ်တွေ တရိပ်ရိပ်တက်လာပါတယ်။

အေးမြက်မြက်ခေါ် အရီးတားနဲ့ စိမ်းစိမ်းတို့က အော်ကြည့်ဂိုဏ်းချုပ် မမကွမ်ရဲ့ လက်ဝဲလက်ယာရံတွေဖြစ်ကြပြီး မမကွမ်က စိမ်းစိမ်းကို ပိုပြီး အလေးထားပါတယ်။ ဒါပေမယ့် နာမည်တစ်လုံးပျက်ရင် နောက်တစ်လုံးသုံးဖို့ အရန်သင့်ထားတတ်တဲ့ အေးမြက်မြက်ခေါ် အရီးတားက စိမ်းစိမ်းကို မနာလိုပါဘူး။ ဘာလို့လဲဆိုတော့ အေးမြက်မြက်က စိမ်းစိမ်းထက် ဂိုဏ်းသက်ရင့်ပေမယ့် မမကွမ်းက သူမကို နေရာမပေးပါဘူး။ ဒီလိုဆို အေးမြက်မြက်အတွက် ဂိုဏ်းချုပ်ဖြစ်ဖို့ဝေးနေပါပြီး သူမအရမ်းသင်ချင်တဲ့ ဂိုဏ်းချုပ်တွေသာတတ်တဲ့ ကြောက်ချင်ယောင်ဆောင်နည်းသိုင်းကလည်ုး သင်ရမှာ မဟုတ်တော့ပါဘူး။ အေးမြက်မြက်က စိမ်းစိမ်းကို ခပ်စိမ်းစိမ်းပဲကြည့်ကာ ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထွက်သွားပါတယ်။ အဲ့ဒီလို ထွက်သွားတဲ့ အချိန်မှာ သူမရဲ့အတွင်းခံထဲမှာ ထည့်ထားတဲ့ ခဲလုံးက ခုန်ပေါက်ပြီးထွက်ကျလာတယ်။ အေးမြက်မြက် မသိလိုက်။ စိမ်းစိမ်းက အေးမြက်မြက်ရဲု့ အတွင်းခံထဲက ကျလာတဲ့ ခဲလုံးကို နမ်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ်။ ပြီးတော့ ဒီခဲက အေးမြက်မြက်ဆီဘာလို့ရောက်နေတာလဲဟာ တောင်တွေးလိုက် မြောက်တွေးလိုက်စဉ်းစားရင်း လက်ဝါးပေါ်ထောင်ကြည့်လိုက်ပါတယ်။ ကျောက်ခဲကို ကြည့်ရင်းကြည့်ရင်း စိမ်းစိမ်းရဲ့ အရင်ကတည်းကပြူးနေတဲ့ မျက်လုံးက ပိုပိုပြူးလာတယ်။ ပါးစက်မှလည်း ရွစိရွစိနဲ့
…………………….. အို……………. မဟုတ်တာ…………………………
မဖြစ်နိုင်ပါဘူး။
ဒါ………… ဒါ………. ဘူမိကျောက်ခဲ…………
သှူ့ဆီဘာလို့ရောက်နေတာလဲ…….။

စိမ်းစိမ်း အေးမြက်မြက်ကို မသကာင်္တော့။ သူမသွားတဲ့နောက် လိုက်ချောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို လိုက်ချောင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ချင်းကား စိမ်းစိမ်းဘ၀ကို ပက်လက်ကနေ မှောက်ခုံ ဖြစ်စေခဲ့ပါတယ်။ စိမ်းစိမ်းက နောက်ကနေ ခြေဖေါ့ပြီးလိုက်တဲ့ အချိန်မှာ အေးမြက်မြက်က ရှေ့ကနေ ဟိုကြည့်ဒီကြည့် ကုပ်ချောင်းချောင်းနဲ့ သိုင်းကျောင်း အနောက်ဘက်က တောအုပ်ထဲကို ခြုံတိုးပြီး ၀င်သွားတယ်။ သူတိုးတဲ့နောက် စိမ်းစိမ်းကလဲ လိုက်တိုးတယ်။

အဲဒီလို တိုးရင်း လွှားရင်းနဲ့ အေးမြက်မြက်က တစ်နေရာမှာ ရပ်လိုကာ ကြောင်တွေအော်သလို ညောင်ညောင်ဆိုပြီး နှာသံနဲ့ အချက်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ တစ်ကိုယ်လုံးအမဲရောင်ဝတ်ထားတဲ့ လူတစ်ယောက် သစ်ပင်ပေါ်ကနေ လွှားခနဲခုန်ဆင်းလာ၏။

ပထမပိုင်း ဒီမှာပြီး၏။ ပရိသက်တွေတောင်းဆိုရင် ဆက်ရေးပါ့မယ်ဗျာ။



ဒီဇာတ်လမ်းလေးကို Green Girl ရဲ့ ပိုစ်မှာ ခြေဆော့လက်ဆော့ သွားရေးမိရင်းက တောင်းဆိုတဲ့သူများလာလို့ တကယ်ရေးဖြစ်သွားပါတယ်။ ဘယ်သူကိုမှ နာပါစေလိုံမရည်ရွယ်ပါ။ ဗီလိန်ဖြစ်ရရှာသော ကိုကို မမတို့ ကို ဦးသုံးကြိမ်ချကန်တော့ပြီး တောင်းပန်ပါတယ်။ နောင်ရေးမယ့် အဆက်မှာ အိမ်မက်သေခေါင်းဆောင်ပြီး အိပ်မက်ဂျူလိုင်၊ အိပ်မက်မဲတို့ပါဝင်သော ကိလေသာအိပ်မက်ဂိုဏ်း။ ဂျယ်ဂျယ်ခေါင်းဆောင်တဲ့ အပေါဂိုဏ်းတွေ ပါပါမယ်။ ဖတ်ချင်ရင် ဘလော့ခ်လာတို့ကြပါခင်ဗျား။ ။ ဆရာနီကိုရဲ့ ကျွန်မရဲ့လင်ကို နည်းနည်းယူသုံးပါ၏။