February 28, 2009

ပုလင်းကွဲကချေသည် (ဇာတ်သိမ်းပိုင်း)

ပထမပိုင်းဒုတိယပိုင်း ဒီမှာဖတ်နိုင်ပါတယ်။
အခန်း(၃)

ကျွန်တော်တို့နှစ်ယောက် Earl Lu ပြခန်းကိုရောက်သွားတဲ့ အချိန်မှာ နောက်ကျနေပြီ ဖြစ်လို့ အခန်းတံခါးတောင် ပိတ်နေပါပြီ။ ပိတ်နေတဲ့ အခန်းတံခါးကို အသာလေး တွန်းဖွင့်လိုက်ချိန်မှာ ချာတန်ရဲ့ Performanceက စနေပါပြီ။ ချာတန်က မျက်နှာကျက်ကနေ မှန်ကဲ့သို့ကြည်လင်တဲ့ A0 Size ပလတ်စတစ်အပြား ခြောက်ပြားလောက်ွကို တွဲလောင်းချိတ်ထားပါတယ်။ အဲဒီ ပလပ်စတစ်ပြားတွေရဲ့ နောက်မှာတော့ ကချေသည် တစ်ယောက်ဆီက ရပ်နေပြီး မှန်တွေကို လက်နှစ်ဖက်နဲ့ ပွတ်သပ်ထိတွေ့ဟန်နဲ့ ရာဂရဲ့ သမီးပျိုလေးများပမာ ခနာကိုယ်ကို တွန့်လိမ်ပြီး
ကနေကြပါတယ်။ ပလပ်စတစ်ပြားတွေ၊ ရာဂရဲ့ သမီးပျိုလေးတွေကြားမှာတော့ ချာတန်ရဲ့ ကချေသည်ပါ။ သူမရဲ့ လက်တစ်ဖက်မှာ ၀ိုင်တစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ကို လက်မှာကိုင်ထားပြီး ခနာကိုယ်ကို ကွေးညွှတ်ကာ ခြေထောက်တစ်ဖက်ကို မြှောက်ထားပါတယ်။ ချာတန်ကတော့ ကနေသူအားလုံးရဲ့ ဘေးနားမှာ ထိုင်နေပြီး ရေထည့်ထားတဲ့ ၀ိုင်ခွက်နှုတ်ခမ်းသားတွေကို လက်ဖျားလေးတွေ ပွတ်သပ်ရင်း ဂီတတစ်ခုကို ဖန်တီးနေပါတယ်။ ဖန်ခွက်နဲ့ လက်ချောင်းလေးတွေ ထိတွေ့ပြီး ထွက်လာတဲ့ ဂီတသံနဲ့ အညီ ကချေသည်တွေက လိုက်ကပါတယ်။ ဒါပေမယ့် ဖန်ခွက်က ထွက်လာတဲ့ အသံကတိုးလွန်းတော့ သိပ်မကြားရပါဘူး။

ကျွန်တော် နားလည်တာတစ်ခုကတော့ ချာတန်က ပလပ်စတစ်ပြားတွေနဲ့ Space နေရာတစ်ခု ဖန်တီးပြီး၊ ၀ိုင်ခွက်ကနေ ထွက်လာတဲ့ Sound အသံနဲ့ Motion ကကွက်တွေကို ဖန်တီးတာပါပဲ။ ဒါပေမယ့် ကျွန်တော်နားမလည်တာ တစ်ခုကတော့ Interior Design ကျောင်းသားတစ်ယောက်မှာ ကချေသည် တစ်ယောက်ပဲ ရှိရမှာ ဘာလို့သူက အများကြီး သုံးခွင့်ရရတာလဲ။ ဒါလုံးဝမဖြစ်သင့်ဘူး။ မကျေနပ်ဘူး။ ကျွန်တော့်အတွေးမဆုံးခင်မှာ လက်ခုပ်သံတွေ ကြားလိုက်ရပြီး သူ့ရဲ့ Performance အောင်မြင်စွာ ပြီးဆုံးသွားပါတော့တယ်။

ဆရာမနဲ့ကျောင်းသားတွေ အားလုံး နောက်ထပ် Performance လုပ်တဲ့နေရာကို ရွှေ့တဲ့အချိန်မှာ တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်ကြပြန်ပါတယ်။ ကျွန်တော့် ကချေသည်မလေးက သူများတကာ ကတာကိုကြည့်ချင်တော့ ရောယောင်ပြီး ပါလာတယ်။ အဲဒီအချိန်မှာ သူလှုပ်လိုက်တာနဲ့ သူ့ခါးပေါ်က ပုလင်းကွဲတွေက တစ်ခုနဲ့တစ်ခုထိပြီး အသံတွေ ထွက်လာတယ်။ နောက်ပြီး ပုလင်းကွဲ တစ်စနှစ်စကျကုန်တယ်။ အဲဒါကြောင့် နောက်ကမယ့် အဖွဲ့တွေက တိတ်ဆိတ်နေတဲ့အချိန်မှာ မလိုအပ်ဘဲ အသံထွက်လာတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို မျက်ထောင့်နီကြီးတွေနဲ့ ၀ိုင်းကြည့်ကြတယ်။

ကျွန်တော်လည်း တရုတ်မလေးကို အသာလက်တို့ပြီး ကျွန်တော်တို့ ကမယ့်နေရာကို အတင်းဆွဲခေါ်ရတယ်။ သူလည်းမကျေမနပ်နဲ့ မျက်နှာကြီးစူပုတ်ပြီးထိုင်နေချိန်မှာတော့ ကျွန်တော်လည်း သူမလျှောက်ခဲ့တဲ့ လမ်းတစ်လျှောက် တံမြတ်စည်းတစ်ချောင်းနဲ့ အလုပ်ရှုပ်ပါတော့တယ်။ ဒီလိုနဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ ပြီးသွားချိန်မှာတော့ ရစ်ချက်တို့အဖွဲ့ စကပါတယ်။ အားပါးပါး။ သူတို့အဖွဲ့လည်း မနည်းလှပါလား။ ၁၀ယောက်ကျော်မယ် ထင်ပါတယ်။ အဖွဲ့ဝင်တိုင်း သစ်သားချောင်းတစ်ချောင်းစီ ကိုင်ထားပြီး၊ သစ်သားချောင်းတွေနဲ့ ကြမ်းပြင်ကိုပုတ်လိုက်။ ကလိုက်။ ကရင်း ကရင်းနဲ့ သစ်သားချောင်း တစ်ချောင်းစီကို ကြိုးနဲ့ ချည်သွားကြတယ်။ ကြိုးတွေချည်ပြီးသွားတဲ့ အခါမှာ သစ်သားတွေကို ထောင်လိုက်တဲ့ အခါမှာတော့ ထောင်ချောက်တစ်ခုလို ဖြစ်သွားပြီး ရစ်ချက်ရဲ့ ကချေသည်က ထောင်ချောက်ထဲ ရောက်သွားပါတော့တယ်။ သူတို့ ကဟန်တွေက လူများတော့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှပါတယ်။

သူတို့ Performance ကို ကြည့်ပြီး ကျွန်တော်လည်း ကျွန်တော့်ကချေသည်အတွက် စိုးရိမ်လာပါတယ်။ ကျွန်တော်လည်း သူမဆီပြန်ပြေး။ မနက်က တိုင်ပင်ထားတဲ့ ကကွက်တွေကို မှတ်မိသေးလားလို့ ပြန်မေးတော့။ သူမက ကမယ့်နေရာမှာ ငြိမ်ပြီးထိုင်နေရတာ မကျေနပ်လို့နဲ့တူတယ်။ ကျွန်တော့်ကို မျက်စောင်းအတုံးလိုက် ထိုးပြီး ဘာမှ စိတ်မပူပါနဲ့တဲ့။

ဒီလိုနဲ့ ကသွားလိုက်ကြတာ ကျွန်တော်တို့ အလှည့်ရောက်လာပါတော့တယ်။ ကြည့်ချင်တဲ့ သူတွေက ကျွန်တော်တို့ အနားဝိုင်းလာကြပါတယ်။ ကျွန်တော်က သူကနေရင်းနဲ့ ပုလင်းကွဲတွေ စဉ်မှာကြိုသိတော့ အားလုံးကို ခပ်ခွာခွာမှာပဲ ကြည့်ခိုင်းရတယ်။ ကျွန်တော့်ရဲ့ ကချေသည်လေးကလည်း ကမယ့်နေရာမှာ ငြိမ်သက်စွာ ထိုင်လိုက်ပြီး ရုပ်သေးရုပ်တွေလိုပဲ မကခင်ကြိုးလျော့ထားသလို ခနာကိုယ်ကို ဖြေလျော့ထားလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်နောက်နားမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်က ကျွန်တော့်ကချေသည်ရဲ့ ခါးပေါ်က ပုလင်းကွဲတွေကို ကြည့်ပြီး………… အို………. မကြည့်ရဲဘူး။ မကြည့်ရဲဘူးလို့ ထအော်ပါတယ်။

ခေါင်းငုံ့နေရာကနေ ကြိုးဆွဲဆရာက ကြိုးကို ဆတ်ခနဲ ဆွဲလိုက်သလို ခေါင်းကို မတ်လိုက်ပါတယ်။

ကျွန်တော့်ကချေသည်လေးက ခေါင်းငုံ့နေရာကနေ ကြိုးဆွဲဆရာက ကြိုးကို ဆတ်ခနဲ ဆွဲလိုက်သလို ခေါင်းကို မတ်လိုက်ပါတယ်။ ခေါင်းကို မတ်လိုက်တဲ့ အခါမှာ ဘုရားပေါ်က ဆည်းလည်းလေး လေအတိုးခံလိုက်ရသလို ချွင်ခနဲတစ်ချက်မြည်သွားတယ်။ ခါးကိုမတ်လိုက်တဲ့ အချိန်မှာတော့ ချွင်ဟူသောအသံက နောက်တစ်ချက်။ နောက်တစ်ချက်။ ဖြေးညင်းစွာ သူမမတ်တပ်ရပ်လိုက်ချိန်မှာတော့ သာယာလှပသော ဂီတသံတစ်ခု ညိမ့်ညိမ့်ညောင်းညောင်းလေး ထွက်ပေါ်လာပါတယ်။ အဲဒီအချိန်မှာ ပြခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ဆည်းလည်းသံလို နူးညံ့လှပစွာ သူမ ကပါတော့တယ်။

သူမလေမုန်းတိုင်းတစ်ခုလို ခနာကိုယ်ကိုလှည့်လိုက်တဲ့အခါ

သူမက ကနေရင်းနဲ့ ခြေဖျားလေးကို ဆက်ခနဲ ဆက်ခနဲ ဆွဲဆန့်လိုက်ပါတယ်။နူးညံ့စွာ ကနေရင်းကနေ ကကွက်တွေက တဖြေးဖြေးသွက်လာပါတယ်။ ကျွန်တော် သူမကို အဲ့ဒီလောက် အကကောင်းမယ်လို့ မထင်ခဲ့မိဘူး။ သူမရဲ့ ခါးမှာ ၀တ်ထားတဲ့ ပုလင်းကွဲစတွေကလည်း လေပြေလေးတိုက်နေရာကနေ နွေခေါင်ခေါင်လေရူးဝှေ့သလို တချွင်ချွင်ဖြစ်လာတယ်။ ပိတ်စပေါ်မှာ ကော်နဲ့ကပ်ထားတဲ့ ပုလင်းကွဲစတွေက ဖြာခနဲ ဖြာခနဲ ခနာကိုယ်ပေါ်ကနေ လွင့်စင်သွားပြီး ဖွာခနဲ ကြမ်းပြင်ပေါ်မှာ ကျကုန်တယ်။ ကျွန်တော့်ရဲ့ ကချေသည်လေးက ကြမ်းပြင်ပေါ်မှာ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ပုလင်းကွဲစတွေကို ခြေဖျားလေးထောက်ရင်း ကိုယ်ကို ယိမ်းပြီးကလာတယ်။ အဲဒီပုလင်းကွဲစတွေကြောင့်ပဲ သူမရဲ့ကကွက်တွေကို နောက်ဘာဆက်ကမလဲဆိုတာ မခန့်မှန်းနိုင်တော့ပဲ ဆရာမရော၊ ကျောင်းသားတွေပါ အသက်မရှူနိုင်တော့။ တစ်ချို့ ကရင်ဘက်ကို ဖိပြီးသူမရဲ့ ကကွက်တွေကြားမှာ မျောပါကုန်တယ်။ သူမကိုကြည့်ပြီး ကျွန်တော်ပါ စိတ်လှုပ်ရှားလာတယ်။ သူမကနေတဲ့ ကြမ်းပြင်က စိမ်းလဲ့ ၀ါဖန့်တဲ့ ပုလင်းကွဲစတွေနဲ့အတူ ကြမ်းတမ်းအက်ရှတဲ့ စစ်မြေပြင်လို တစ်စတစ်စပေါ်လာတယ်။ ကျွန်တော့် စိတ်ကူးထဲက Space က သူမရဲ့ ကကြိုးကကွက်တွေ အောက်မှာ ပီပြင်စွာ မွေးဖွားလာပါပြီ။











ကျွန်တော့်ရဲ့ ကချေသည်က ဘဲလေးအက ကသလို ခြေထောက်တစ်ချောင်းတည်းရပ်လိုက်ပြီး ခနာကိုယ်ကို နှစ်ပတ်သုံးပတ်လှည့်လိုက်ကာ ချွန်မြနေတဲ့ ပုလင်းကွဲစတွေပေါ် ထိုင်ချလိုက်ပါတော့တယ်။ ဟာ…………. ခနဲ မြည်သံနဲ့အတူ ကြည့်နေတဲ့ သူတွေဆီက အာမေဋိတ် မျိုးစုံထွက်လာပါတယ်။ သူမက ကျကွဲနေတဲ့ ဖန်ကွဲစတွေကို ကောက်ယူပြီး အရူးတစ်ယောက်ပမာ လက်ထဲမှာ ကစားလိုက်ချိန်မှာတော့ ကြည့်တဲ့သူတွေ အားလုံး မျက်လုံးပြူးလာပါပြီ။ သူမရဲ့ကကွက်တွေက လေပွေတစ်ခုလို ကခုန်နေရင်းကနေ မုန်တိုင်းတစ်ခုလို ဒေါသသံတွေ မြည်ကြွေးလာပါတယ်။ သူမက ကနေရင်းကနေ နောက်ကျောကနံရံဆီကို ချည်းကပ်သွားပါတယ်။နံရံကို လက်နှစ်ဖက်နဲ့ ကုတ်တွယ်နေဟန် ကလိုက်ပြီး နံရံကို မှီကာ ခနာကိုယ်ကို နှစ်ပတ် သုံးပတ် အရှိန်နဲ့ လှည့်လိုက်ချိန်မှာတော့ ၀ုန်းခနဲ မြည်သံနဲ့အတူ ဘီယာပုလင်းကွဲတွေအားလုံး ရှိသမျှအဟုန်နဲ့ နံရံကို ပြေးရိုက်သွားပါတော့တယ်။ နောက်တော့…. သူမ တဖြည်းဖြည်းနဲ့ ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။

တစ်စက္ကန့်……………………။
နှစ်စက္ကန့်……………………။

သူမ မထလာသေး။
အားလုံးကြက်သေသေပြီး မင်သက်နေကြတယ်။
………………….………………….………………….
………………….………………….………………….
………………….………………….………………….

ကျွန်တော့်ရဲ့ ကချေသည်လေး လဲကျနေရာကနေထလာပြီး ခါးကို ညွှတ်ကာ အရိုအသေ ပေးလိုက်ချိန်မှာတော့ လက်ခုပ်သံတွေမစဲတော့။ ဆရာမက ပီတိတွေဖြာပြီး ကျွန်တော်တို့ကို ကြည့်တယ်။ Drama Department ဆရာ၊ဆရာမတွေကလည်း လက်ခုပ်တီးလို့ မဆုံးတော့။ ကျွန်တော်တို့ နှစ်ယောက် ဖျော်ဖြေလို့ အပြီးမှာတော့ ဆရာမက ဘာလို့ ဒီလို Performance လုပ်ရတာလဲလို့မေးတယ်။

ကျွန်တော်က ဒီPerformance ရဲ့ Conceptက အချစ်ပါ။ အချစ်ဆိုတာ ဖန်စလေးနှစ်ခု ထိတွေ့လိုက်ချိန်မှာ ချွင်ခနဲ မြည်သံလိုပဲနူးညံ့သိမ်မွေ့ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အချစ်မှာ မမြင်နိုင်တဲ့ အားတွေ၊ ပေါက်ကွဲမှုတွေ ရှိနေတတ်ပါတယ်။ အဲဒါတွေအားလုံးကို ဒီperformanceလေးနဲ့ သရုပ်ဖော်သွားတာလို့ ပြောလိုက်ပါတယ်။ ဆရာမက ဒီနေ့ ကပွဲမှာ ကျွန်တော်တို့ အဖွဲ့က အကောင်းဆုံးပဲလို့ ကြေညာလိုက်ပါတယ်။ (ဆရာမက Singapore က တီဗွီရှိုးမှာ ကျွန်တော်တို့ ကျောင်းသားတွေအားလုံးရဲ့ Performanceတွေကို ပြသဖို့လုပ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ပါဘူး။ စကားချပ်)

ကျွန်တော်တို့ နှစ်ယောက် ပြခန်းကထွက်လာချိန်မှာ ဘယ်လောက်ကုန်သွားလဲ တွက်ကြည့်ပါတယ်။ စုစုပေါင်း စလုံးငွေ ၅၀ပင်မကျော်။ အဲဒီအချိန်မှာ ၂၀၀ဖိုးလောက်ရှိတဲ့ ပလပ်စတစ်ပြားတွေကို ကိုင်ပြီးထွက်လာတဲ့ ချာတန်နဲ့ သူ့ရဲ့ ကချေသည်က ကျွန်တော်တို့နှစ်ယောက်ကို လှည့်တောင်မကြည့်။ အကောင်းဆုံးကတတ်တဲ့ ရစ်ချက်ရဲ့ ကချေသည်ကလည်း ကျွန်တော်တို့နှစ်ယောက်ကို လာနှုတ်ဆက်ပြီး “you guys are so crazy” လို့ပြောသွားပါသေးတယ်။ အဲဒီနောက် ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကချေသည်လည်း အပြန်အလှန်နှုတ်ဆက်လိုက်ကာ မိမိစာသင်ခန်းရှိရာကို သွားဖို့ တစ်ယောက်နဲ့ တစ်ယောက် ကျောခိုင်းပြီး ထွက်လာလိုက်ပါတယ်။ ခြေလှမ်း လေးငါးလှမ်းလောက် လှမ်းအပြီးမှာတော့ သူမကို ကျွန်တော်တစ်ချက် သမင်လည်ပြန်ကြည့်လိုက်ပါတယ်။ သူမက တခြားကချေသည်တွေနဲ့ အတူ ခေါင်းကိုမော့ ရင်ကိုကော့ထားပြီး ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ ခပ်သွက်သွက်လျှောက်သွားတာ မြင်လိုက်ရချိန်မှာ သူမအတွက် ကျွန်တော် ပြုံးမိလိုက်ပါတော့တယ်။ အဲဒီအပြုံး။ သူမအတွက် ဂုဏ်ယူတဲ့ အပြုံးပေါ့။ ။

February 27, 2009

ပုလင်းကွဲကချေသည် (ဒုတိယပိုင်း)




အခန်း(၂)

နောက်တစ်ပတ်ကျွန်တော်တို့နှစ်ယောက် ဆရာမဆီမှာ ပရော့ချက်အတွက် ထပ်ပြီး ဆွေးနွေးရပါတယ်။ ဆရာမက ကျွန်တော်ပြောတဲ့ Ideaကို ကောင်းပါတယ်၊ ဆက်လုပ်ပါတဲ့။ ဒါပေမယ့် ကျွန်တော်idea အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲတဲ့။ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ made in Chinaလေး ကို ကြည့်လိုက်တော့ ကျွန်တော့်ကို အူလည်လည်နဲ့ ပြန်ငေးကြည့်ပါတယ်။

ဒီလိုနဲ့ပဲ ကျွန်တော်တို့တတွေ ပရော့ချက်အတွက် တက်သုတ်နှင်ရတော့တယ်။ အချိန်က သိပ်မရှိတော့။ ကျွန်တော်ကသွက်သွက်လေးရှေ့က ပြေးသလောက်။ ကျွန်တော့်အဖော် ကောင်မလေးက အေးတိအေးစက်။ မပူမပင်။ ပရော့ချက်လုပ်နေတုန်း ခဏခဏ သမ်းဝေနေတတ်သေးပါတယ်။ ပျင်းလိုက်တာလည်း လွန်ပါရော။ သူ့ကို တစ်ခုခုလုပ်ခိုင်းလိုက်ရင် … အင်း………… အယ်………… နဲ့ ခပ်ကျဉ်းကျဉ်း သူ့ရဲ့ နှာခေါင်းပေါက်ဆီကနေ အသံမျိုးစုံ ထွက်လာပါတယ်။ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ။ တခြားကချေသည်တွေက သွက်သွက်လတ်လတ်ရှိသလောက် ကျွန်တော့်ကချေသည်က ထိုင်မိရင် မထချင်။

ပရော့ချက်ရဲ့ တတိယပတ်ရောက်လာတော့ ကျွန်တော့်အခန်းထဲက ကျောင်းသားတစ်ချို့က စတူဒီယိုထဲမှာတောင် ပရော့ချက် မလုပ်ကြတော့ပါဘူး။ လျို့လျို့ဝှက်ဝှက် လုပ်လာကြသည်။ တစ်ယောက် ဘာလုပ်နေလဲဆိုတာ တစ်ယောက်အသိမခံတော့။ အဲဒီအထဲမှာ တရုတ်ပြည်ကလာတဲ့ ရစ်ချက်ဆိုသူက အဆိုးဆုံး။ အမြဲတမ်း ဆရာကြီးလုပ်လွန်းလို့ ကျောင်းသားတိုင်းက သူ့ကိုအမြင်ကတ်ခံရသူ။ အခုလည်းကြည့် သူရတဲ့ ကချေသည်က အတော်ဆုံး ကချေသည်ဆိုတော့ အခန်းထဲမှာ ထောင်ထောင် ထောင်ထောင်နဲ့။ သူရဲ့ ကချေသည်က ကျွန်တော့်ရဲ့ ကချေသည်ကို အထင်သေးတတ်ပါသေးတယ်။ အဲဒီအခါကျရင် ကျွန်တော့်တရုတ်မလေးကို ကျွန်တော်ကပြန်ပြီး အားပေးရပြန်ပါရော။

နောက်တစ်ယောက်ရှိပါသေးတယ်။ အဲ့ဒီတစ်ယောက်က ချာတန်လို့ခေါ်တဲ့ စကာင်္ပူလူမျိုးပါ။
သူက သူများဘာလုပ်နေလဲဆိုတာ လိုက်ကြည့်မယ်။ မနာလိုဖြစ်မယ်။ မထိတထိပြောမယ်။ တကယ်တမ်း ချာတန်က အားလုံးထဲမှာ အတော်ဆုံးဖြစ်ပေမယ့် အနေအထိုင်မတတ်တော့ သူများဆံပင်မွှေး အစူးခံရသူပါ။ အခုလောလောဆယ် သူတို့နှစ်ယောက်လုပ်တဲ့ Performanceကို ဆရာမက တော်တော်ချီးကျူးနေပါတယ်။

တစ်ရက်ပြီးတစ်ရက်သာကုန်သွားတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ပရော့ချက်က ဘာမှလက်ဆုပ်လက်ကိုင်မပြနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့ စားပွဲနံဘေးမှာတော့ အလုပ်ကနေ အလကားသယ်သယ်လာတဲ့ ဘီယာပုလင်းခွံပုံကတော့ တဖြေးဖြေးကြီးလာပါပြီ။ အဲဒီတရုတ်မက ပုလင်းခွံစုဖို့ မပြောနဲ့ ။ ကျွန်တော် ယူလာတဲ့ ပုလင်းခွံတွေကို ရေးဆေးဖို့တောင် တော်တော်ပျင်းနေသေးတယ်။ သြော်……… ဒုက္ခ……. ဒုက္ခ…….။ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့။ အချိန်မရှိရတဲ့ကြားထဲ ဒီလိုအဖော်ရလိုက်တော့ ဒုက္ခရှေ့မှာ ……….. မဟာတပ်ပြီးသား ဖြစ်သွားပါတော့တယ်။

……………………………….။……………………………………

ပူလောင်အိုက်စက်တဲ့ နေ့လည်ခင်းတစ်ခုမှာတော့ အခန်းရှေ့ ၀ရန်တာက ရပ်ပြီး ကျွန်တော့်ရဲ့ တရုတ်မလေးကို မျှော်နေမိတယ်။ ဘယ်ရက် ဘယ်အချိန်မှာ ဘီယာပုလင်းခွံတွေ ခွဲပြီး Sound, Texture အတွက် research လုပ်မယ်လို့ သေသေချာချာချိန်းလိုက်ပေမယ့်၊ မယ်မင်းကြီးမက ထုံးစံအတိုင်း ပေါ်မလာသေး။ ကျွန်တော်တစ်ယောက်တည်း စတူဒီယိုရှေ့မှာ ပလပ်စတစ်အကြည်စ တစ်ထည်ကို ခင်းလိုက်ပါတယ်။ အဲဒီအခင်းပေါ်မှာ ပုလင်းတစ်လုံးကို စခွဲလိုက်ပါတယ်။ ခွမ်းခနဲ မြည်သံနဲ့အတူ တစ်စစီဖြစ်သွားတဲ့ ပုလင်းအစအနတွေကို ကြည့်ပြီးကျေနပ်သွားမိတယ်။ စိတ်ထဲက မကျေနပ်ချက်တွေ၊ တလိပ်လိပ်တက်လာတဲ့ ဒေါသတွေကို ပုလင်းတွေဆီ တစ်လုံးပြီးတစ်လုံး ပို့ပြစ်လိုက်ပါတယ်။ ပုလင်းတွေ ကုန်သလောက် ဖြစ်သွားတော့မှ မရွှေချောက မိုးပေါ်ကနေ ကျလာပါတယ်။ ရောက်ရောက်ချင်းပဲ “ဆောနှီး”တဲ့။ သူပြောတဲ့ Sorry ဆိုတာ ကျွန်တော့်နားထဲမှာ ဆောနှီးပါပဲ။

ဒီလို ဒီလို ပေါက်ကွဲခဲ့တာပေါ့ဗျာ

သူရောက်လာတဲ့အချိန်မှာ ပုလင်းအကွဲတွေကို အရှိကို အရှိအတိုင်းဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်ရပါတယ်။ ဒါမှ Space (နေရာ) တစ်ခု ဖန်တီးဖို့အတွက် Reference ရမှာပါ။ တော်သေးပါတယ်။ ဘီယာပုလင်းကွဲတွေက ကျွန်တော်ထင်ထားသလို အရမ်းမရှနေလို့ပါ။ ဘီယာပုလင်းကွဲတွေကို ရေသန့်ဘူးထည့်တဲ့ စက္ကူပုံးထဲကိုထည့်။ ကျွန်တော့်စားပွဲရှိရာကိုသယ်။ ဟိုတစ်နေ့က အနုပညာဆိုင်ရာ ပစ္စည်းတွေရောင်းတဲ့ Art Friend ကနေ ၀ယ်လာတဲ့ ပိုက်ကွန်လို အပေါက်အကျယ်ကြီးတွေပါတဲ့ နိုင်လွန်ပိတ်စအဖြူပေါ်မှာ ပုလင်းကွဲတစ်စကိုတင်၊ အပ်ချည်ကြိုးနဲ့ သိုင်းချုပ်ပါတော့တယ်။ ဘေးနားမှာ ရပ်ကြည့်နေတဲ့ မရွှေချောကိုပါ အပ်နဲ့အပ်ချည်ပေးပြီး ချုပ်ခိုင်းလိုက်တယ်။ စချုပ်ကာစမှာ ပုလင်းကွဲတွေကြောင့် သူ့ဆီက “အား”မဟုတ်။ “အာ”ဆိုတဲ့အသံ။ “အီး”မဟုတ်။ “အီ”ဆိုတဲ့ အသံမျိုးစုံ ထွက်လာပါတော့တယ်။ သူ့အသံကြောင့် အခန်းထဲကလူတွေ ကျွန်တော့်စားပွဲနား ဘယ်သူမှ မကပ်ရဲတော့။ ပုလင်းကွဲရှမှာ ကြောက်ပြီး ဝေးဝေးကနေ ခပ်ကွာကွာ နေကြပါတော့တယ်။

ဒ်ီလိုနဲ့ပဲ ပရော့ချက်တင်ဖို့ တစ်ပတ်သာ လိုတော့တယ်။ ဒီတစ်ခေါက် Final Presentation ကိုတော့ ပုံမှန်လုပ်နေကြ Boardတွေနဲ့ မလုပ်တော့ပဲ ကပွဲတစ်ခုလိုလုပ်မယ်လို့ သတင်းထွက်လာပါတယ်။ အရင်လုပ်နေကြ စတူဒီယို အခန်းကျဉ်:လေးမှာ မဟုတ်တော့။ ပြပွဲတွေ ပြုလုပ်နေကြ ကျောင်းက Earl Lu ပြခန်းမှာပါ။ အဲဒီသတင်းကြောင့် ကျွန်တော်တို့အားလုံး အရမ်းကို တက်ကြွသွားသလို စိတ်လည်းညစ်သွားပါတယ်။ တက်ကြွတဲ့ အကြောင်းရင်းက Earl Luပြခန်းမှာ လုပ်ရလို့။ စိတ်ညစ်ရတဲ့ အကြောင်းက အရင်ပရော့ချက်တွေတုန်းကလို ပေါ့ပေါ့တန်တန် လုပ်လို့မရတော့လို့ပါ။

ပရော့ချက်တင်ဖို့ ရက်ပိုင်းလေးမျှသာလိုတော့တဲ့ အချိန်အထိ ကျွန်တော်တို့ ပိတ်စပေါ်မှာ ပုလင်းကွဲတွေ သီပြီးချုပ်နေတာ မပြီးသေးပါဘူး။ ပြီးသလောက်နဲ့ ကျွန်တော့်ရဲ့ တရုတ်မလေးကိုယ်ပေါ်ဆင်ကြည့်တော့ ချွင် ချွလွင်နဲ့ အသံမျိုးစုံ ထွက်လာပါတယ်။ အသံကြားတော့ မနေနိုင်တဲ့ အတန်းဖော်တွေက လာကြည့်တယ်။ တစ်ချို့က ကျွန်တော့်ကို ရူးသွားပြီလားတဲ့။ တစ်ချို့ကလည်း ပုလင်းကွဲတွေ ခနာကိုယ်မှာ ပတ်ထားတာမြင်ရော အူယားပြီးထွက်ပြေးကြရော။သူမ အဲဒီလိုဝတ်လိုက်တော့... အခန်းထဲက လူတွေ ဘာကြီးလဲဆိုပြီး မေးငေါ့ကြတယ်

ကပွဲမလုပ်ခင် နှစ်ရက်လောက်အလိုမှာတော့ Earl Luပြခန်းမှာ ကဖို့ ကိုယ့်နေရာအတွက် မဲနှိုက်ကြရပါတယ်။ မဲနှိုက်ပြီးတဲ့အခါမှာတော့ နေရာကျယ်ကျယ်လိုချင်တဲ့သူတွေနဲ့ နေရာကောင်းမရတဲ့သူတွေ စကားများကြပြန်ပါသေးတယ်။ အားလုံးထဲမှာ ကျောင်းသားတိုင်း အမြင်ကတ်တဲ့ ဟိုကျောင်းသားနှစ်ယောက်က အဆိုးဆုံးပါ။ သူတို့နှစ်ယောက်က သူများထက်ထူးပြီး နေရာခပ်ကြီးကြီး
လိုချင်လို့လေ။ ကျွန်တော့်နေရာကတော့
ကောင်းသည်ဟုလည်းမဆိုသာ။ မကောင်းဘူးလို့လဲ မဆိုသာ။

Earl Luပြခန်းက အပြန်မှာတော့ တီးတိုး တီးတိုးနဲ့ အသံတွေ ကြားစပြုလာပြီ။ ဘယ်သူက ပရော့ချက်အတွက် စလုံးပိုက်ဆံ ၂၀၀ကျော်၊ ၃၀၀ကျော်လောက် ကုန်သွားပြီ။ ဘယ်သူက ဘယ်သူIdeaကို ခိုးချတာလေ။ စသည် စသည်ဖြင့် ဟိုနားတစ်စ ဒီနားတစ်စ ကြားကာစပြုလာ၏။

စတူဒီယိုထဲ ပြန်ရောက်တော့ ကျွန်တော်တို့နှစ်ယောက် မပြီးသေးတဲ့ ပိတ်စပေါ်မှာ ပုလင်းကွဲတွေနဲ့ အလုပ်ရှုပ်ကြပြန်ပါတယ်။သုံးပုံနှစ်ပုံလောက်ပြီးတာနဲ့ ကျွန်တော်ရဲ့ တရုတ်မလေးကို အစမ်းဝတ်ခိုင်းလိုက်ပါတယ်။ သူမရဲ့ ခနာကိုယ်ပေါ်မှာ ပုလင်းကွဲတွေနဲ့ ချုပ်ထားတဲ့ ပိတ်စက စကပ်ပမာ အိပြီးကျနေပါတယ်။ လစ်ဟာနေသေးတဲ့နေရာကိုကြည့်ပြီး ပိတ်စအပြည့် ပုလင်းကွဲတွေချုပ်ဖို့ အချိန်ရပါ့ဦးမလားလို့တွေးရင်း သက်ပြင်းမောမောချမိလိုက်ပါသေးတယ်။ တခြားကျောင်းသားတွေက လူမသိ သူမသိနေရာမှာ နှစ်ကြော့ သုံးကြော့လောက် အကတိုက်နေတုန်းမှာ ကျွန်တော်နဲ့ တရုတ်မလေးကတော့ ခေါင်းချင်းဆိုင်ပြီး သီတုန်း ချုပ်တုန်းပေါ့။


မပြီးသေးသော ကျွန်တော့်ရဲ့ ကချေသည် ၀တ်ရမယ့် ပုလင်းကွဲနဲ့ ယက်ထားတဲ့ ပိတ်စပါ။

……………………………….။……………………………………

ကျွန်တော်တို့နှစ်ယောက် ခေါင်းချင်းဆိုင်နေတုန်းပဲ ရှိသေးတယ်၊ ကျွန်တော့်အတန်းဖော် တစ်ယောက် ပြာပြာနဲ့ ရောက်လာပါတယ်။ ဆရာမ ဒီဘက်လာတာ တွေ့မိလိုက်သလားတဲ့။ ဘာဖြစ်တာလည်းမေးလိုက်တော့ သူ့ရဲ့ ကချသည်နဲ့ ပြဿနာဖြစ်လို့တဲ့လေ။ သူ့ရဲ့ ကချေသည်က ပရော့ချက်လညိးမလုပ်ဘူး။ အကတိုက်ဖို့ ချိန်းတာလည်းမလာဘူးတဲ့လေ။ သူ့ကိုကြည့်ပြီး ကျွန်တော်လည်းဘာပြောရမှန်းမသိတော့ပါဘူး။ ပရော့ချက်တင်ကာနီးလေ ပြဿနာတွေက စလာလေပါပဲ။ တော်သေးတာပေါ့ ကျွန်တော့်ကချေသည်က ပျင်းသာပျင်းတယ်။ ကျွန်တော်ခိုင်းတိုင်း၊ ကျွန်တော်ရူးတိုင်း လိုက်လုပ်သား။

အဲ့လို.. အဲ့လို ကျွန်တော် အရူးထခဲ့တမျှ ဒဏ်ခံရရှာတဲ့ ကျွနိတော့်ကခေသည်လေးပါ။

ကပွဲမတိုင်ခင် တစ်ရက်အလိုမှာတော့ မိတ်ကပ်တွေ၊ သွေးအတုတွေနဲ့ ဒဏ်ရာရနေတဲ့ ပုံစံတွေ ကျွန်တော်တို့ လျှောက်ကလိကြတယ်။ ပလတ်စတစ်အကြည်ပြားလေး တွေချိုးပြီး သူ့ရဲ့အသားမှာ စိုက်နေသလို မိတ်ကပ်နဲ့ ဖန်တီးကြတယ်။ ဒီတစ်ခါတော့ မရွှေချောက ဘာမှ အထွန့်မတက်၊ ငြိမ်လို့။ ဒါပေမယ့် မကြာပါဘူး။ သူ့ရဲ့ နှာခေါင်းက ပွစိပွစိလုပ်လာတယ်။ ပြီးခါနီး ပုလင်းကွဲ ၀တ်ရုံကို ခါးပေါ်တင်လိုက်တဲ့ အချိန်မှာပေါ့။ ၀တ်ရုံပေါ်က ပုလင်းကွဲစတွေက အနည်းဆုံး ဘီယာ ၁၂ပုလင်းစာလောက်ရှိတော့ မရွှေချောခမျာ မသယ်နိုင်တော့ရှာပါဘူး။ ပုလင်းကွဲစတွေကလည်း ပိတ်စပေါ်မှာ အိတွဲပြီးကျနေပါတယ်။ သူ့ကို တစ်လှမ်းနှစ်လမ်းလျှောက်ခိုင်းလိုက်ချိန်မှာ အပ်ချည်ကြိုးမနိုင်တဲ့ ပုလင်းကွဲတစ်ချို့ ကြမ်းပြင်ပေါ်ကျကုန်တယ်။ ဒါဆို သေချာသွားပြီ သူ့ကို အဲဒါကြီးဝတ်ပြီး အစမ်းကခိုင်းလို့မရတော့။

စိတ်ညစ်သွားတဲ့ ကျွန်တော့်မျက်နှာကို ကြည့်ပြီး သူကအားပေးရှာပါတယ်။ မစိုးရိမ်ပါနဲ့တဲ့။ မစိုးရိမ်လို့ရမလား။ ဖျက်ဖျက်လက်လက်မရှိတဲ့ သူ့ကို အလေးကြီးဖြစ်နေတဲ့ ပုလင်းကွဲဝတ်ရုံကို ပတ်ပြီးကခိုင်းရမှာ စိတ်မပူပဲရှိမလား။

နောက်တစ်နေ့ မနက်ရောက်တော့ ကျောင်းသွားတွေအားလုံး ကပွဲလုပ်မယ့် ပြခန်းကို သွားနေကြပြီ။ ကျွန်တော်ရယ် တရုတ်မလေးက ဆက်ပြီးသီနေတုန်း။ ကျောင်းသားတစ်ယောက်က ကပွဲစတော့မယ်တဲ့။ အမြန်လာတော့တဲ့။ အေးအေးလို့ ပြောရင်း လက်ကလဲ သီဖို့ကျန်နေသေးတဲ့ လစ်ဟာနေတဲ့ နေရာတွေကို စူပါဂလူးသုံးပြီး ဖန်စအသေးလေးတွေနဲ့ ဖြည့်ပြီးကပ်လိုက်တယ်။ ပုလင်းကွဲတွေနဲ့ ယက်ထားတဲ့ ပိတ်စပြီးသွားချိန်မှာတော့ တရုတ်မလေးက မရှအောင် အောက်ကနေ ခံဝတ်ထားတဲ့ အသားကပ် ဘောင်းဘီပေါ်ကနေ ပတ်ပြီးဝတ်လိုက်ပါတယ်။ သူ့ကို တစ်ပတ်နှစ်ပတ်လှည့်ပြီး ကြည့်လိုက်တော့ မဆိုးလှ။ ကိုယ့်ကိုကိုယ် Interior Design မလုပ်ပဲ ဖတ်ရှင်ဒီဇိုင်းတောင် လုပ်သင့်တယ်လို့ စိတ်ထဲကနေ ချီးကျူးလိုက်မိတယ်။

အဲဒီနောက် လှုပ်တိလှုပ်တဲ့ လမ်းလျှောက်နေတဲ့ ကျွန်တော့်ရဲ့ ကချေသည်လေးကို ဖေးမရင်း Earl Luပြခန်းကို တရွေ့ရွေ့ချီတက်သွားပါတော့တယ်။ လမ်းတစ်လျှောက် သူမကရှေ့ကသွား။ ကျွန်တော်ကနောက်ကလိုက်။ တစ်ချက်တစ်ချက်ကြွေကျလာတဲ့ ပိတ်စပေါ်က ပုလင်းကွဲစတွေကို လိုက်ကောက်ရင်း၊ လက်တစ်ဖက်ကလည်း သူမသွားတဲ့တလျှောက် ပုလင်းကွဲစမှုန်မှုန်တွေကို လှဲဖို့ တံမြက်စည်းနဲ့ ဂေါ်ပြားကိုကိုင်ရင်း…….. …………
“ကဲ….. ရို့စ်ရေ……. မြန်မြန်လေးလျှောက်လိုက်ရအောင်…. ဟိုးရှေ့မှာ ….. ငါတို့ရဲ့ ပြိုင်ဘက်တွေ ရောက်နေကြပြီဟ………………………” ။

ကပွဲအကြောင်းဆက်ပါဦးမည်။ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါသည်။

February 24, 2009

ပုလင်းကွဲကချေသည်


အုံး…. ခွမ်း…. ဂလွမ်း……။

ဘီယာပုလင်းခွံတစ်ချို့ ကွန်ကရိကြမ်းပြင်နဲ့ ထိလိုက်တဲ့ အချိန်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်၏။ ပူလောင်အိုက်စပ်စပ် နေ့လည်ခင်းတစ်ခုမှာ ကျွန်တော်တစ်ယောက်.. ဘီယာပုလင်းခွံတွေကို စိန်ပြေနပြေ၊ ဒေါသတကြီးနဲ့ ရိုက်ခွဲပြစ်လိုက်သည်။ စိတ်ထဲကလည်း မည်သူကိုမှ မကျေနပ်။ ပုလင်းကွဲသံကြောင့် ကျောင်းသားတစ်ချို့ ခေါင်းပြူပြီးထွက်လာသည်။ တစ်ချို့က ဘာမှမထူးဆန်းသလိုလိုနဲ့ တစ်ချက်ကြည့်ပြီး ကိုယ့်စားပွဲကိုယ် ပြန်ထိုင်ကြသည်။ တစ်ချို့ကြတော့လည်း ကျွန်တော်ဘာဆက်လုပ်မလဲလို့ စောင့်ကြည့်သည်။ တစ်ချို့ကြတော့လည်း စာသင်ခန်းရှေ့မှာ ပုလင်းခွံတွေ ရိုက်ခွဲနေသော ကျွန်တော့်ကို မကျေနပ်ဟန် ပြကြသည်။ ဒါပေမယ့် မှုန်ကုတ်နေသော ကျွန်တော့်မျက်နှာကြောင့် ဘယ်သူမှ ဘာစကားမှ မဟရဲ။ ကွဲကြေနေသော ဘီယာပုလင်းခွံများကား ထိုးထိုးထောင်ထောင်နဲ့ စာသင်ခန်းရှေ့ ၀ရန်တာမှာ ပြန့်ကြဲနေကြတော့ပါ၏။

အခန်း(၁)

အဲဒီနေ့က မနက်ခင်းတစ်ခုလုံး မိုးကမရွာ နေလည်းမပူဘဲနဲ့ ချွေးတပြိုက်ပြိုက်ကျနေတယ်။ ရာသီဥတုက ကိုယ့်ဘက်မပါရတဲ့ကြားထဲ အတန်းပိုင်ဆရာမက နောက်ထက်လုပ်ရမယ့် ပရော့ချက်အသေးစား တစ်ခုအတွက် guideline တွေပေးပြီးနောက်၊ ကျွန်တော်တို့ကျောင်းသားတွေအားလုံး ကိုယ့်ထိုင်ခုံတွေမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပါတယ်။ ပရော့ချက်နာမည်က “ SOUND, TEXTURE, MOTION, SPACE”တဲ့။ Interior Design ဒါမှမဟုတ်၊ Performance သို့မဟုတ် ကကွက်တစ်ခု ဖန်တီးရမှာပါ။

ကျွန်တော်တို့ Interior Design မှာ semesterတစ်ခုလုံး အဓိကထားပြီး လုပ်ရတဲ့ ပရော့ချက်တစ်ခု ရှိပါတယ်။ အဲဒီ ပရော့ချက်နဲ့တင် ကျွန်တော်တို့အားလုံး အတော့်ကို ပင်ပန်းနေကြပါပြီ။ ညမအိပ်ရတဲ့ ရက်တွေကလည်း လက်ချိုးရေတွက်လို့ မရနိုင်တော့။ ကုန်လိုက်တဲ့ ပိုက်ဆံတွေကလည်း သောက်သောက်လဲ။ အခုလည်းလာပြန်ပြီ။ ပရော့ချက်အသေးစားတဲ့။ အဲဒီ ပရော့ချက်ကအရံသဘောပါတဲ့။ ဘယ်လိုပဲ သေးပါစေ။ ဘယ်လိုပဲ အရေးမကြီးပါစေ။ နောက်ဆုံးတော့လည်း ပိုက်ဆံရာကျော်
ထွက်သွားရချည်းသာပါပဲ။

ပိုပြီးဆိုးတာက ဒီ ပရော့ချက်က တစ်ယောက်တည်း လုပ်လို့မရပါဘူး။ စုပေါင်းလုပ်ရမယ့် ပရော့ချက်ပါ။ ကိုယ့်ရဲ့ အဖော်က အသုံးမကျရင်တော့ သေပြီဆရာ။ အခုလည်းတွဲလုပ်ရမယ့်သူတွေက Interior Design ကျောင်းသားအချင်းချင်းမဟုတ်ကြ။ Drama Department (အကသင်တန်းကျောင်း) က ကျောင်းသားတွေနဲ့ တွဲလုပ်ရမယ်တဲ့။ Interior Design ကျောင်းသားအချင်းချင်းတွေတောင် အတူလုပ်ပြီဆိုတာနဲ့ ဆော်ကြတီးကြသေးတာ။ အခုတော့ ကိုယ်လုံးဝမသိတဲ့ အကသင်တန်းကျောင်းက ကျောင်းသားတွေနဲ့ဆိုတော့ ပိုဆိုးတာပေါ့။ သက်ပြင်းပူပူကို မှုတ်ထုတ်လိုက်ပြီး ကျွန်တော့်အိတ်ကပ်လေးကို အသာစမ်းကြည့်လိုက်တယ်။ ဘာမျှမရှိ။
…………………………………..၊………………………………………….

မနက်၉နာရီအတိဖြစ်တာနဲ့ ကျွန်တော်တို့ရဲ့ အတန်းပိုင်ဆရာမ ရောက်လာပါတယ်။ ဒီနေ့တော့ ဆရာမက တီရှပ်လက်ပြတ်အနီရောင်ကိုယ်ကျပ်လေးကို ၀တ်ထားပြီး ဒူးအတင် ဂျင်းစကပ်တိုလေးဝတ်ထားပါတယ်။ ဖိနပ်ကလည်း လည်ရှည်သားရေ ဒေါက်မြင့်ဖိနပ်နဲ့။ ဆ၇ာမက အခုလာမယ့် ကြာသပတေးနေ့မှာ အကအဖွဲ့တွေ ကျွန်တော်တို့ စာသင်ခန်းကို လာမယ့်အကြောင်း သတိပေးပါတယ်။

ကျွန်တော်တို့ စာသင်ခန်းက စာသင်ခန်းသာဆိုတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ ဒုတိယအိမ်ပါ။ ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင်စားပွဲလေးတွေ ရှိကြပါတယ်။ စားပွဲတိုင်းမှာ ကိုယ်နဲ့ဆိုင်တဲ့၊ ကိုယ်သဘောကျတဲ့ ပစ္စည်းလေးတွေ တင်ထားတတ်ကြပါတယ်။ စာသင်ခန်းတစ်ခုလုံးကလည်း ကတ်ထူစက္ကူတွေ၊ သစ်သားစတွေ၊ ပုံဆွဲစက္ကူတွေ၊ မှန်တွေ၊ ပလပ်စတစ်ပြားတွေနဲ့ အမြဲတမ်းရှုပ်ပွနေတတ်ပါတယ်။ ကျွန်တော်တို့က စာသင်ခန်းကို စတူဒီယိုလို့ခေါ်တတ်ကြပါတယ်။ ကျွန်တော်တို့ စတူဒီယိုထဲမှာ အစားအသောက်တွေလည်းရှိတယ်။ အသင့်စားလို့ရနိုင်တဲ့ ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ ရေနွေးကြိုတဲ့ စက်လည်းရှိတယ်။ အဲဒါတွေအားလုံးက ကျောင်းကပေးထားတာမဟုတ်။ ကိုယ့်ဘာသာ ၀ယ်ထားကြခြင်းသာ။ ကျွန်တော့်ရဲ့ စီနီယာတွေဆိုရင် ဘီယာဘူးတောင် ဆောင်ထားသေးသည်။ တစ်ချို့ကြတော့လည်း နောက်ဆုံး ပရော့ချက်တင်ရဖို့ နီးလာပြီဆိုရင် ကျောင်းမှာ အိပ်ဖို့အိပ်ယာလိတ်တွေတောင်ွ ယူလာတတ်ကြပါသေးတယ်။

အခုတော့ ရှုတ်ပွနေတဲ့ ကျွန်တော်တို့ စတူဒီယိုကို အကအဖွဲ့တွေ လာကြမည်တဲ့။ သူတို့တွေက ကျွန်တော်တို့နဲ့ ပရော့ချက်အတူတွဲလုပ်မှာမို့ ပထမဆုံးနေ့မှာ ကောင်းကောင်းဧည့်ခံဖို့ ပြောပါတယ်။ နောက်ပြီး ကိုယ်နဲ့တွဲလုပ်ရမယ့် အဖော်ကိုလည်း အဲဒီနေ့မှာ တခါတည်းရွေးရမှာပါ။ ဒီလိုနဲ့ပဲ ဆရာမက ဘယ်လိုကြိုဆိုမလဲ၊ ကိုယ့်ရဲ့အဖော်ကို ဘယ်လိုရွေးကြမလဲ ကျောင်းသားတွေနဲ့ တိုင်ပင်ပါတယ်။

မက္ကဆီကိုက ကျွန်တော့်ရဲ့ သူငယ်ချင်း ဆူဇန်နာက ရွှေဥာဏ်တော်စူးရှပြီး၊ အကအဖွဲ့ကို ရေခဲမုန့်နဲ့ ဧည့်ခံမယ်တဲ့။ နောက်ပြီး ကျွန်တော်တို့ Interior Design ကျောင်းသားတွေက ရေခဲမုန့်ထည့်မယ့် ခွက်တစ်ခုဆီ ယူလာရမယ်တဲ့။ ရေခဲမုန့်ခွက်တွေအားလုံးကို ရေခဲမုန့်ထည့်၊ အကအဖွဲ့တွေ မလာခင် ရေခဲမုန့်ခွက်တွေကို စားပွဲတစ်နေရာတည်းမှာစုတင်။ ရေခဲမုန့်ခွက်တစ်ခုစီကို ကချေသည်တစ်ယောက်စီက ရွေးယူရမည်ဖြစ်ပြီး၊ အဲဒီခွက်ရဲ့ပိုင်ရှင်က ကချေသည်ရဲ့ အဖော်ပါပဲ။ ဆူဇန်နာ့အကြံလေးက လှပါတယ်။ ဒါပေမယ့် ရေခဲမုန့်လည်းဝယ်ရဦးမယ်၊ ရေခဲမုန့်ထည့်တဲ့ခွက်လည်း ရှာရဦးမယ်ဆိုတော့ ကျွန်တော့်ရဲ့ အိတ်ပါးလေးကို ရောင်ရမ်းပြီး ဒုတိယအကြိမ် စမ်းလိုက်မိပါသေးတယ်။

……………………………………………၊…………………………………..

ကြသပတေးနေ့ရောက်တော့ ရေခဲမုန့်ထည့်ထားတဲ့ ခွက်ကလေးတွေက စားပွဲပေါ်မှာ စီစီရီရီ။ တစ်ချို့ခွက်ကလေးတွေက လည်ရှည်လေးတွေ။ တစ်ချို့ခွက်ကလေးတွေက ပုတက်တက်လေး။ တစ်ချို့ကြပြန်တော့လည်း ပိစိလေး။ ကျွန်တော့်ခွက်ကလေးက ဘာမှ မထူးခြား။ ရိုးရိုးသာမန် ပလပ်စတစ်ခွက်ကလေး တစ်ခုသာ။ ကိုယ့်ခွက်ကလေး ကိုယ်ကြည့်ပြီး အားငယ်သွားမိတာအမှန်။

ဒီလိုနဲ့ပဲ အကအဖွဲ့တွေ ရောက်လာပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြကာ စားပွဲပေါ်မှာ စုတင်ထားတဲ့ ရေခဲမုန့်ခွက်ကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ထယူကြသည်။ လက်တစ်မျိုးပြီး တစ်မျိုးသာ စားပွဲပေါ်ရောက်လာတယ်၊ ကျွန်တော့်ရေခဲမုန့်ခွက်ကလေးက နေရာမယွင်းသေး။ နောက်တော့မှ တရုတ်မလေးတစ်ယောက်က ကျွန်တော့်ခွက်ကလေးကို လှမ်းယူလိုက်တော့မှ သက်ပြင်းချနိုင်တော့သည်။ စားပွဲပေါ်မှာ နေက်ဆုံးကျန်ခဲ့တဲ့ခွက်က ကိုယ့်ခွက်မဟုတ်တော့ တော်သေးတာပေါ့။

နောက်တော့ ကျောင်းသားတွေအားလုံး မိမိခွက်ကိုင်ထားတဲ့ ကချေသည်ရှိရာသွား။ မိတ်ဆက်ကြ။ စကားတွေ ပြောကြပါတယ်။ ကျွန်တော်လည်း ကျွန်တော့်ရေခဲမုန့်ခွက်လေးကို ကိုင်ထားတဲ့ ကောင်မလေးဆီသွားပြီးနှုတ်ဆက်လိုက်ပါတယ်။ သူ့နာမည်က ရို့စ်တဲ့။ သူ့ပုံစံက အူတူတူ အတတ။ သူနဲ့စကားပြောလိုက်တဲ့အချိန်မှာ ကျွန်တော် တော်တော်စိတ်ပျက်သွားပါတယ်။ ပြည်ကြီးတရုတ်မ ဖြစ်နေလို့ပါပဲ။ ပြည်ကြီးတရုတ်ဆိုတဲ့အတိုင်း အင်္ဂလိပ်စကားကို ကျွန်တော့်လောက်တောင် ထမင်းရေသောက် မပြောတတ်ပါဘူး။ တရုတ်အချင်းချင်းတွေ့ရင်တော့ အိညှောင်ကွညှက်နဲ့ နှာသံဖြင့် အာကျယ်အာကျယ် ပြောတတ်သလောက် ကျွန်တော်နဲ့ စကားပြောရင်တော့ အသံက လျှာမှာ ကပ်နေသလိုနဲ့ တစ်လုံးမှ ထွက်မလာတော့ပါဘူး။ မျက်စိပေကလက် ပေကလက်နဲ့ ကျွန်တော့်စားပွဲပေါ်က ပုံစံသေးသေးလေးတွေ (Model)နဲ့ ကစားနေလိုက်ပါသေးတယ်။

တစ်ယောက် Idea တစ်ယောက်ဖလှယ်ကြတော့ သူပြောတဲ့ Ideaတွေက ကလေးကလား။ ဘာဆိုဘာမှ သုံးလို့မရ။ ကျွန်တော်လည်းခေါင်းတောက်အောင် စဥ်းစားလည်း ထွက်မလာ။ နှစ်ယောက်စလုံး သဘောတူလိုက်ကြတာက အတန်းဖော်တွေ အကုန်လုံးကို ရှော့ခ်ဖြစ်အောင် လုပ်မယ်ဆိုပြီး “Shocking”လို့ နာမည်ပေးလိုက်ပါတယ်။
……………………………….။……………………………………

နောက်တစ်နေ့ကြတော့ ဆရာမနဲ့ ပရော့ဂျက်အကြောင်း ဆွေးနွေးတော့ ကျွန်တော်တို့ လုပ်မယ့် Performanceကို သဘောမကျပါဘူး။ ထပ်ပြီးလေ့လာခိုင်းပါတယ်။ ကျွန်တော်လည်းထပ်ပြီး လေ့လာရဦးမယ်ဆိုလို့ စိတ်ညစ်သွားပါတယ်။ ညနေ၅နာရီခွဲအထိ ဘာတွေရှာဖွေလို့ ရှာရမှန်းမသိ။ နာရီကြည့်လိုက်တော့ အချိန်ပိုင်းအလုပ်ကို ပြေးဖို့ ကပ်နေပြီ။ ဒီလိုနဲ့ပဲ ၀ရောသောပါးနဲ့ အလုပ်ကို ပြေးရပြန်ရော။ ကျွန်တော်က စားသောက်ဆိုင် အအေးကောင်တာမှာ လုပ်ရတော့ တစ်နေကုန် အအေးဗူးတွေ ဘီယာပုလင်းတွေနဲ့ ထိတွေ့နေရတတ်ပါတယ်။

လူကအလုပ်သာ လုပ်နေတယ်။ အလုပ်ထဲမှာ စိတ်က၀င်စားမှု မရှိပါဘူး။စိတ်က စတူဒီယိုထဲ ပြန်ပြန်သွားနေလို့ မနည်းဆွဲထားရတယ်။ ကျွန်တော်တို့ စတူဒီယိုထဲမှာ ကျောင်းသားအချင်းချင်း အရမ်းပြိုင်ကြပါတယ်။ ပြိုင်လည်းပြိုင်ချင်စရာကိုး။ ပရော့ချက်တင်မယ့်နေ့မှာ ပရော့ချက်တွေ တန်းစီပြရတယ်လေ။ အဲဒါမို့လို့ ဘယ်သူညံ့တယ်၊ ဘယ်သူ့ဟာ အကောင်းဆုံးဆိုတာ တမ်းပေါ်တယ်လေ။ ပရော့ချက်ကောင်းဖို့ဆိုရင် Ideaကောင်းဖို့လိုပါသေးတယ်။ အခုပရော့ချက်အတွက် ကျွန်တော် ဘာIdeaမှ မရသေး။

ပရော့ချက်အကြောင်းစဉ်းစားရင်း လူနဲ့စိတ်ကွာသွားချိန်မှာ လက်ထဲမှာ ကိုင်ထားတဲ့ ဘီယာပုလင်းက ဒုံးကနဲ အောက်ကို ပြုတ်ကျသွားတယ်။ ကွဲတော့မကွဲသွားဘူး။ ဒါပေမယ့် တမံတလင်းနဲ့ ဘီယာပုလင်းတို့ ထိလိုက်တဲ့အချိန်မှာ….. ကျွန်တော့်ခေါင်းထဲမှာ ဒက်ခနဲ အကြံရလိုက်တယ်။ ကျွန်တော့်စိတ်ကူးထဲမှာ ဘီယာပုလင်းခွံတွေ တစ်လုံးပြီးတစ်လုံး ကျကွဲနေပြီး…. စူးရှချွန်မြနေတဲ့ ဘီယာပုလင်းကွဲတွေကြားမှာ….. ကျွန်တော့်ရဲ့ ကချေသည်တရုတ်မလေးတစ်ယောက်…………………………..။ ။
(သရုပ်ဖော်ပုံ ကိုယ်တိုင်ဆွဲ၏)

ဆက်ပါဦးမည်။

February 20, 2009

အခုတော့ဟာသ တချိန်တုန်းကဒုက္ခ

နှင်းငွေ့ ခပ်ပါးပါးကျနေတဲ့ မနက်ခင်းတစ်ခုမှာ အေးစက်စက်လေတို့က ပြတင်းပေါက်ကနေ ခုန်ပေါက်ပြီး ၀င်လာပါတယ်။ နွေးထွေးမှုတို့ကို မပေးတဲ့ ဆောင်းလေတို့ကို ကာစီးဖို့ ခပ်ဟဟဖြစ်နေတဲ့ တံခါးကို ဆွဲပိတ်လိုက်ပြီး နာရီကို ကြည့်လိုက်တော့ ၇း၁၀ မိနစ်။ အခုအချိန်ထိ ဆရာမ မရောက်လာသေး။ ဆရာမ မရောက်လာရင်တော့ ဒီနေ့ မနက်ခင်းတစ်ချိန် လွတ်လပ်ရေးရမယ်လို့ ကြိတ်တွေးရင်း ပြုံးလိုက်မိတယ်။။ ဟိုဘက်ဘေး၊ ဒီဘက်ဘေး၊ ဟိုဘက်ခုံ၊ ဒီဘက်ခုံ၊ တတွတ်တွတ်နဲ့ စကားအလုအယက် ပြောနေကြတဲ့ ကျောင်းသားတွေအသံတွေနဲ့ တစ်ခန်းလုံးလည်း ပွတ်လော၇ိုက်နေကြပါတယ်။

ကျွန်တော့် ရှေ့တန်း နှစ်ခုံကျော်က ဗူးသီးလို ခန္ဒာကိုယ်နဲ့ ကောင်မလေးတစ်ယောက်လာပြီး နောက်လကျရင်ပေးမယ့် ကျောင်းဆုပေးပွဲအကြောင်း လာပြောတယ်။ သူက ကျွန်တော် စာစီစာကုံးဆုတွေ အများကြီးရဦးမှာတဲ့။ ဆုပေးပွဲကြရင် နင့်အဖေက စင်ပေါ်မှာ နင့်ကို ပြုံးပြုံးကြီး ဆုပေးဦးမှာတဲ့။ အလကားမိန်းမ။ အဖေက ကျောင်းမှာ စည်းကမ်းတစ်ခုချတိုင်း ကျွန်တော်လိုက်နာ မနာအမြဲတမ်း ချောင်းနေကြ။ အခုလည်း ကျွန်တော် ဆုနှစ်တိုင်းရတာ မနာလိုဖြစ်ပြီး အဖေကျောင်းအုပ်မို့လို့၊ သားကျောင်းသားဆုရတာပါလို့ စောင်းချိတ်ပြီး ပြောသွားတယ်လေ။ စိတ်ထဲကနေ စိတ်ပေါက်ပေါက်နဲ့ ဆုတောင်းပေးလိုက်တယ်။ အဲဒီမိန်းမ အေးစက်တဲ့ ဆောင်းရာသီရောက်တိုင်း ချစ်သူနဲ့ လွဲပြီး၊ ပူအိုက်တဲ့နွေရာသီမှာ ပြန်ဆုံပါစေဗျာ။

မကြာခင်ပဲ ဆရာမရောက်လာတော့ ကျောင်းသားအားလုံး ကိုယ့်နေရာ ကိုယ်ထိုင်ပြီး ငြိမ်သွားကြတယ်။ ဆရာမက နာမည်ခေါ် လူစစ်ပြီး စာသင်မလို့ မြေဖြူကိုင်ရုံပဲ ရှိသေးတယ်။ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးက ဆရာဦးမြလွင်ရောက်လာတယ်။ အဲဒီဆရာက ဒီကျောင်းမှာ ကျွန်တော့် အဖေပြီးရင်အကြောက်ရဆုံး။ လက်သံလည်း အဖေ့လောက်နီးပါး လက်သံပြောင်သလားမမေးနဲ့ ။ လက်ထဲက ကြိမ်လုံးနဲ့ အမြင်မတွေရင်တော့ တရွှမ်းရွှမ်း လုပ်ပြီသာမှတ်။

အဲဒီဆရာကြီး ရောက်လာတော့ တစ်ခန်းလုံး အသက်ရှုသံတွေတောင် မကြားတော့။ ငြိမ်သွားလိုက်တာ။ ကျောင်းသားတစ်ယောက် ကျောင်းစည်းကမ်းဖောက်ဖျက်ရင် အပြစ်ပေးဖို့ရောက်လာလို့လေ။ ဆရာက မနေ့က ခွင့်တိုင်စာမပို့ဘဲ ကျောင်းသားတွေကို လာခေါ်တယ်။ အပြစ်ရှိတဲ့ ကျောင်းသားတွေ ကျောင်းအုပ်ကြီး ရုံးခန်းရှေ့ကိုသွား။ တစ်ယောက်ချင်းတန်းစီ။ အဖေ့ရဲ့ ကြိမ်စကြာဒဏ်ဖို့သာ ပြင်ပေတော့။ ဒါကြောင့်မို့လို့ ဘယ်ကျောင်းသားမှ ခွင့်မတိုင်ဘဲ ကျောင်းမပျက်ရဲ။ ဆရာက ပထမဆုံး ကျောင်းသားနာမည်ကို ခေါ်လိုက်တယ်။ ကျောင်းသူတစ်ယောက်ပေါ့။ သူ့နာမည်ကို ခေါ်သံကြားတော့ မျက်နှာကြီး ရှုံ့မဲ့သွားလိုက်တာ။ လိပ်ဥကို ဖျစ်ပြီး လက်နဲ့ ညှစ်လိုက်သလိုပဲ။ ဟိုနေရာပိန်။ ဒီနေရာဖောင်းပေါ့။ သူ့နာမည်ပြီးတော့ ဒုတိယနာမည်။
ဘုရားရေ။
ကျွန်တော်နာမည်ပါလား။ ဘယ်လိုဖြစ်တာတုန်း။ ကျွန်တော်တစ်ခါမှ ခွင့်မတိုင်ဘဲ ကျောင်းမပျက်ခဲ့ဘူးပါ။

ကျွန်တော့်နာမည် ခေါ်သံကြားတော့ ကျောင်းသားတွေအားလုံး ကျွန်တော့်ကို လှည့်ကြည့်ကြတယ်။
အံ့သြတယ်။
နောက်.. ပြုံးတယ်။
သိတယ်။
သူတို့ဝမ်းထဲမှာ ဟားတိုက်ပြိး ရယ်နေကြမှာကို သိတယ်။
ဆရာမကို ကျွန်တော်ခွင့်တိုင်စာ ဖေဖေနဲ့ပေးလိုက်ကြောင်း ထပြောတော့၊ သူလည်းဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားပြီး။ သူမရပါဘူးတဲ့။ ဒါဆို ကျွန်တော့်ခွင့်တိုင်စာက ဘယ်ခြေပေါက်လို့ ဘယ်ရောက်သွားတာလဲ။ အဲဒီအချိန်မှာ နီပြီးရဲတက်လာတဲ့ ကျွန်တော့်မျက်နှာကို အကုန်လုံးက ၀ိုင်းပြီးအရသာခံပြီးကြည့်ကြတယ်။ ဒီလက်ချက် အဖေပဲဖြစ်မှာ။ ခွင့်တိုင်ခိုင်းရဲ့သားနဲ့ သူခွင့်မတိုင်လို့ ဖြစ်ရတာ။

…………………………………………။…………………………………

ခွင့်မတိုင်တဲ့ ကျောင်းသားတွေ အဖေ့ရုံးခန်းရှေ့မှာ အားလုံးစုမိတဲ့ အချိန်မှာ အကုန်လုံးက ကျွန်တော့်ကို ပြုံးစိစိနဲ့ဝိုင်းပြီးကြည့်ကြတယ်။ သူတို့ခြေသလုံးပေါ်ကျမယ့် အဖေ့ကြိမ်စာ အရေးထက် ကျွန်တော့်ကို အဖေ ဘယ်လိုနွှာမလဲဆိုတာကို တစ်ယောက်နဲ့တစ်ယောက် လက်တို့ခြေတို့နဲ့ တီးတိုးတီးတိုး လုပ်နေကြတယ်။ မကြာပါဘူး အဖေရယ်။ ခါးကြီးထောက်၊ ကြိမ်လုံးကြီးဆွဲပြီး ရောက်လာတယ်။ အခန်းအလိုက် နာမည်စာရင်းနဲ့ တိုက်ပြီး ကြိမ်စာကြွေးပွဲ စတော့တာပါပဲ။ ကျွန်တော့် အလှည့်လဲရောက်လာရော အဖေက သူ့လက်မောင်းကို ၁၈၀ ဒီဂရီ လွှဲလိုက်တယ်။ ကြိမ်အရင်းနဲ့ ကျွန်တော့် ခြေသလုံးနဲ့ထိပြီး ဖျောင်းခနဲမြည်သံက တစ်ကျောင်းလုံးကတောင် ကြားရတယ်။ မိုက်ခနဲတောင် ဖြစ်သွားတယ်ဗျာ။

စာသင်ခန်းကို ပြန်လာတော့ မကျေနပ်ချက်တွေကို ၀ုန်းဒိုင်းနဲ့ ကိုယ့်ခြေထောက်နဲ့ ထိနေသမျှမြေပြင်ကို ပိတ်ပြန်ပစ်ခဲ့တယ်။
သိမယ်။
သိမယ်။
အိမ်ရောက်မှ သိမယ်။
ဒီတစ်ခါ အိမ်ဝမှာ ခါးထောက်ပြီး ပြန်စောင့်မယ်။
အဲဒီနေ့က စာသင်ရတာ စိတ်မ၀င်စားဘူး။ ပြူတစ်ပြူတစ် အခန်းဝမှာ ကျွန်တော့် အခြေအနေကို လာကြည့်ကြတဲ့ ကျောင်းသားတွေလည်း မနည်းလှဘူး။ ကျွန်တော့်မျက်နှာကို ခပ်တင်းတင်းပဲထားပြီး တစ်နေကုန် ဘယ်သူနဲ့မှ စကားမပြောဖြစ်တော့။

အိမ်လည်းပြန်ရောက်ရော အမေ့ကို တိုင်။ အိမ်မှာ ရှိသမျှလူတွေကို တိုင်ပစ်တယ်။ အဲဒီက စပြီး အဖေ့ကို လကုန်တဲ့ အထိစကားမပြောဘူး။ သူ TVရှေ့မှာ ရှိနေရင် ကျွန်တော် TVမကြည့်ဘူး။ ထမင်းလည်း အတူမစားတော့ဘူး။ အဖေက ကျွန်တော့်ကို လတိုင်းတစ်လစာ မုန့်ဖိုး အပြတ်ပေးနေကြ။ လကုန်တော့ စကားမပြောဘဲ တစ်လစာ စာရင်းပေးပြီး တစ်လစာ မုန့်ဖိုးတောင်းလိုက်တယ်။ အဲဒီလက ကျွန်တော်တောင်းတာထက် မုန့်ဖိုးပိုရလိုက်တယ်။ နောက်တော့လည်း သားအဖနှစ်ယောက် စကားပြန်ပြောဖြစ်ကြတယ်။ ပိုရတဲ့ မုန့်ဖိုးကြောင့်လို့တော့ မထင်နဲ့နော်။ လူငယ်ဘက်ကစပြီး စိတ်လျှော့သင့်တယ် ထင်လို့ပါ။ (အဟိ)

…………………………………………။…………………………………
အခုတော့လည်း အဲဒီအကြောင်းကို တွေးမိတိုင်း ရီချင်နေမိတယ်။ အဲဒီတုန်းက ရှက်တာတွေ၊ နာတာတွေ ပေါင်းပြီး အဖေ့ကို ဒေါသထွက်ခဲ့တယ်။ ဒါပေမယ့် ပြန်တွေးမိတိုင်း အဖေ့ကို ဂုဏ်ယူသလို။ လေးလည်းလေးစားခဲ့တယ်။ အဖေက အဖေ့အလုပ်ကို တိတိကျကျလုပ်ခဲ့တာကိုး။ ။

(နန်းညီ ကျေနပ်တယ်… ဟုတ်……..မြရေလျင်၊ စိမ်းတိမ်းတိမ်းAMMKပိုင်ဖြိုးကိုတို့လည်းလုပ်ပါဦး။….. နန်းညီရဲ့ မီးကိုလည်း ဆက်မွှေးပေးပါဦး)

February 18, 2009

ယဉ်ကျေးမှုနှင့် တစ်ဖက်အမြင်




ကိုလင်းဦးရေ..
“ယဉ်ကျေးမှုကို ဖိသတ်ချင်နေပြီလော အသင်ဆောင်းပါးရှင်” ပို့စ်လေးကို အခုမှဖတ်ဖြစ်တယ်.. ဖတ်ရင်းနဲ့ စိတ်ဝင်စားစရာကောင်းလို့.. ကျွန်တော့်အမြင်လေးကို ၀င်ဆွေးနွေးကြည့်လိုက်ဦးမယ်.. ခွင့်ပြုပါ။
ဂျောက်ဂျက်ရဲ့ သီချင်းတွေနားထောင်ဖူးတယ်…. သူ့ရဲ့ အများနဲ့မတူတဲ့ ဖောက်ထွက်မှုကို လက်ခံတယ်.. သူ့ရဲ့စာသားတစ်ချို့က ဟုတ်တော်ရှိ မဟုတ်တော်ရှိ နည်းနည်း မှန်တယ်လို့ ကျွန်တော် ယူဆတယ်…(ဒီနေရာမှာ စာသားအားလုံးမှန်တယ်၊ ဂျောက်ဂျက်ကို ထောက်ခံတယ်လို့ မယူဆစေချင်ပါ။) . ကိုဟန်သစ်ညိမ်ပြောတာကိုလည်း လက်ခံပါတယ်….. ဂျောက်ဂျက်အကြောင်းကို အားလုံးကဆွေးနွေးပြီးသားမို့လို့ အကျယ်ချဲ့ ပြီးမဆွေးနွေးတော့ပါဘူး..
နောက်ပြီး ကိုလင်းဦးရဲ့ပိုစ်မှာ ဂျောက်ဂျက်အကြောင်းထက် ကိုယ်ပိုင်ယဉ်ကျေးမှုအကြောင်းက ပိုပြီးအရေးကြီးတယ်ထင်လို့ပါ။


၁။ယဉ်ကျေးမှု ထွန်းကားမှုအတွက် ခေတ်ရေစီးကြောင်းဆိုတာကို ပစ်ပယ်လို့မရပါဘူး။ ခေတ်ရေစီးကြောင်းမှာမျောပါနေတဲ့ လူငယ်တွေကို အားပေးသင့်သလို၊ ထိန်းကျောင်းပေးသင့်ပါတယ်။ သားစိုးရဲ့ နတ်ဒိုးသံသီချင်းတွေကို လူတွေကလက်ခံတယ်။ ဘာလို့လဲ။ မြန်မာ့ယဉ်ကျေးမှုဆိုတာကို အသုံးပြုသွားလို့ဗျ။ သူ့ရဲ့ သီချင်းတွေက ခေတ်ရဲ့လူနေမှုစရိုက်ကို ကိုယ်စားပြုလားဆိုရင် မပြုဘူးလို့ ကျွန်တော်ထင်တယ်။ တကယ်လို့သာ ကားစပါယ်ယာတွေရဲ့ နေ့သဓူဝစကား အသုံးအနှုံးတွေနှင့် အပြူအမူတွေကိုသာ သီချင်းလုပ်ဆိုပြီး ပြည်သူတွေရဲ့ ခံစားမှုဘက်က သတိပေးကြည့် ဘာတွေဖြစ်လာမလဲ။ သားစိုး အဲဒီအကြောင်းကို ဆိုရင် လူတွေလက်ခံမလား။ ဂျောက်ဂျက်အဲဒီလိုဆိုရင် လူတွေနားပိတ်ထားမလား။ တကယ်တော့ Hip Hop ဆိုတာ ၁၉၇၀ကတည်းက ပေါ်လာတာပါ။ အစပိုင်းမှာ လူတွေလက်မခံပေမယ့် နောက်ပိုင်းမှာ အာရှအထိ ထိုးပေါက်လာခဲ့တယ်။ အမေရိကန်လူမျိုး အာဖရိကန်နှင့် အာဖရိကလူမျိုး ခရီးသွားသီချင်းသည်တွေဆီက ကဗျာဆန်ဆန်၊ စာဆန်ဆန်တွေနဲ့ စခဲ့တဲ့ Hip Hop ယဉ်ကျေးမှုက နှစ်ပေါင်း ၃၀ကျော်အတွင်း ပုံစံအမျိုးမျိုးပြောင်းနေပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်း Hip Hop ကိုလူငယ်တွေက ဘာလို့လက်ခံလာသလဲ။ ရှင်းပါတယ်။ Hip Hop သီချင်းစာသားမှာ အဓိပ္မါယ်တွေ သွယ်ဝိုက်မနေဘဲ ဒဲ့ဒိုးပြောနိုင်သလို လူငယ်တွေရဲ့ လွတ်လပ်စွာ ရေးသားသီဆိုနိုင်ခွင့်ကြောင့်လို့လည်းထင်ပါတယ်။ ၁၉၉၀နောက်ပိုင်းမှာတော့ Hip Hop က ကြမ်းလာပါပြီ။ Underground လို့ပဲဆိုဆို Gangsta rapလို့ပဲပြောပြော။ သူတို့တွေရဲ့ ဂီတတွေက မြို့ပြနေလူတန်းစားတွေရဲ့ အကျည်းတန်မှုကို ရဲဝံ့စွာ သရော်လာကြတယ်။ သူတို့စာသားတွေထဲမှာ မကျေနပ်တဲ့ နိုင်ငံရေးတွေ ညပ်ပါလာကြတယ်။ သူတို့ရဲ့ဂီတကို လူတန်းစားတစ်ရပ်က လက်ခံသလို၊ လုံးဝလက်မခံတဲ့ လူတန်းစားတွေလည်းရှိတယ်။ ဥပမာ.. ကျွန်တော် ၉တန်း ၁၀တန်းတုန်းကနားထောင်ဖူးတဲ့ သီချင်းတစ်ပုဒ်လိုပဲ။ Theory အဖွဲ့ရဲ့ “ပိုက်ဆံမရှိဘူး” ဆိုတဲ့ သီချင်းလေးပါ။ အဲဒီတုန်းက တကယ်လည်းငယ်သေးတယ်။ ပိုက်ဆံလည်း တကယ်မရှိတော့။ အဲဒီသီချင်းကို အရူးအမူးပေါ့။ ကြိုက်လွန်းလို့ အိမ်မှာအကျယ်ကြီးဖွင့်မိတော့ မေမေကနားဆူတာရယ်၊ ပိုက်ဆံမရှိဘူးဆိုပြီး မင်္ဂလာမရှိတာရယ်။ နောင်……အိမ်မှာ လုံးဝမဖွင့်ရဆိုပြီး တစ်ခါတည်း အမိန့်ချလိုက်တယ်လေ။ ဒီလိုပါပဲ။ အမြင်ဆိုတာ နှစ်ဖက်ရှိတတ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး၊ စစ်ဒဏ်ကြောင့် ချွတ်ချုံကျလာတဲ့ စီးပွားရေး၊ လူမှုရေးတွေကြားမှာ လူငယ်တွေရဲ့ဒေါသသံဆိုပြီး ကမ္ဘာကျော်လာတဲ့ Rock and Roll ဂီတတောင် အစပိုင်းမှာ အနောက်ကမ္ဘာရဲ့ ရိုးရာယဉ်ကျေးမှုကို ဖောက်ဖျက်တယ်၊ မထိမ်းသိမ်းဘူးလို့တောင် အစွပ်စွဲခံခဲ့ရသေးတာပဲ။ အခုတော့လည်း ယဉ်ကျေးမှုတစ်ရပ်ကို ဖြစ်လို့။ အဲဒါ ဘယ်သူငြင်းနိုင်ဦးမှာလည်း။ ဂျောက်ဂျက်ရဲ့ သီချင်းတွေကိုတော့ ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ သတ်မှတ်လို့ မရပါဘူး။ ဒါပေမယ့် မိန်းမပျက်တွေလို ဖြစ်နေတဲ့ လူတန်းစားကျဉ်းကျဉ်းလေးကို ဖွဲ့ဆိုထားတဲ့ သူရဲ့သီချင်းတွေက ဘယ်လို Hip Hop အမျိုးအစား လည်းဆိုတာ ခန့်မှန်းလို့ရမှာပါ။ တကယ်လို့ လူငယ်တွေ သွားနေတဲ့ ခေတ်ရေစီးလမ်းကြောင်းမှာ မှားနေရင်တော့ တားရမှာပါ။ ဒါပေမယ့် မသွားရဘူးလို့ အမြဲတမ်း မတားနေသင့်ပါဘူး။

၂။ နောက်ပြီး လူတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာ မရှိဘူးလို့ ထင်တယ်ဗျ။ ဖန်တီးရယူထားတဲ့ ယဉ်ကျေးမှုပဲရှိတယ်လို့ ကျွန်တော်က ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတစ်နိုင်ခြင်းစီ၊ လူမျိုးတစ်မျိုးခြင်းစီရဲ့ ယဉ်ကျေးမှုဟာ တစ်ခုနဲ့တစ်ခု ရောယှက်နေလို့ပဲ။ တစ်ခုနဲ့တစ်ခု ကောင်းတာလေးတွေ ရောစပ်ဖန်တီးပြီးမှ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ဆိုတာ ပေါ်ပေါက်လာတာပါ။ ဥပမာ ကျွန်တော်တို့ ပုဂံခေတ်ယဉ်ကျေးမှုကိုကြည့်။ ပျူယဉ်ကျေးမှု၊ မွန် ယဉ်ကျေးမှု၊ ဟိန္ဒူ ယဉ်ကျေးမှုတွေ ပေါင်းစပ်ပြီးမှ ဗမာ့ ယဉ်ကျေးမှုဆိုတာ ဖြစ်လာတာပါ။ အခုလက်ရှိဝတ်နေတဲ့ ကျွန်တော်တို့ရဲ့ ဗမာအမျိုးသား ၀တ်စုံကိုလည်းကြည့်လိုက်ဦး။ အောက်က ကုလားတွေဆီက ဆင်းသက်လာတဲ့ ပုဆိုးနဲ့ အပေါ်က တရုတ်တွေဝတ်တဲ့ အပေါ်အင်္ကျီနဲ့ ခပ်ဆင်ဆင်တူတဲ့ တိုက်ပုံနဲ့။ ကဲ… အဲဒါကို ဗမာစစ်တယ်လို့ ပြောဦးမလားဗျ။ မြန်မာအမျိုးသမီးတွေ မြတ်မြတ်နိုးနိုးဝတ်နေတဲ့ ပါတိတ်တွေ။ ပျိုပျိုအိုအိုမရွေး Singapore, Malaysiaကနေ ပြန်ရင် မဖြစ်မနေ အပြန်လက်ဆောင်ဝယ်ရတဲ့ ပါတိတ်တွေ။ အဲဒါတွေက မြန်မာတွေဆီကနေ ထွက်လာတဲ့ မြန်မာ့ယဉ်ကျေးမှုမဟုတ်ပါဘူး။ အင်ဒိုနီးရှားလူမျိုးတွေရဲ့ ယဉ်တျေးမှုပါ။ တကယ်လို့သာ မြန်မာ့ယဉ်ကျေးမှုစစ်စစ်လို့ ကြုံးအော်နေချင်ရင် ဒို့မြန်မာမိန်းကလေးတွေ ဘာလို့ ချိတ်ထမီမ၀တ်ကြရတာလဲ။ ဒါပေမယ့် မြန်မာမိန်းကလေးတွေက ခေတ်ရှေ့ပြေးချင်တော့ ပါတိတ်ပဲဝတ်ကြတော့တယ်။ သမိုင်းကို ပြန်ကြည့်လိုက်ဦးမလား။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံကို သိမ်းပိုက်ပြီး ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ယဉ်ကျေးမှုတွေကို ယူဆောင်လာခဲ့သေးတာပဲ။ တကယ်လို့သာ မြန်မာ့ယဉ်ကျေးမှုသာ အားမနည်းနေဘူးဆိုရင် မြန်မာဘုရင်တွေက ယိုးဒယားယဉ်ကျေးမှုကို အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။အဲဒါဆိုရင် အီနောင်နန်းတွင်း ဇာတ်တော်ကြီးက ထင်ရှားမှာ မဟုတ်ခဲ့သလို၊ မြန်မာ့အကသမိုင်းမှာ ယိုးဒယားအကဆိုတာ ပါလာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အနောက်တိုင်းံယဉ်ကျေးမှု၊ အရှေ့တိုင်းယဉ်ကျေးမှု ဆိုပြီး ခွဲခြားမနေသင့်ပါဘူး။ အားကြီးတဲ့ ယဉ်ကျေးမှုက အားနည်းတဲ့ယဉ်ကျေးမှုကို ဖုံးလွှမ်းမှာပဲ။ တစ်ချို့ အရှေ့တိုင်းယဉ်ကျေးမှု (တရုတ်၊ ဂျပန်၊ အိန္ဒိယတို့လို) တွေက တစ်ခါတစ်ရံ အားကြီးတဲ့ အနောက်တိုင်းယဉ်ကျေးမှုကို ဖုံးလွှမ်းတာတွေရှိပါတယ်။ ဒီယဉ်ကျေးမှုတွေမှာ အနုပညာရသတွေ ပါသလို နိုင်ငံရေးတွေကအစ ပါတတ်ပါတယ်။ ဥပမာ ၁၉ရာစုနောက်ပိုင်း ဂျပန်တွေရဲ့ Printmaking ပန်းချီတွေ ခေတ်စားလာတော့ ဥရောပက ပန်းချီပညာရှင်တွေက ဂျပန်သွားပြီး လေ့လာစုစောင်းကြတယ်။ အနုပညာImpressionism ခေတ်မှာ ဂျပန်ယဉ်ကျေးမှုက အနောက်ကမ္ဘာရဲ့ အနုပညာတွေကို လွှမ်းမိုးနိုင်ခဲ့တယ်။ ဒီတော့ သူများယဉ်ကျေးမှုတွေ ကိုယ့်ဆီဝင်ပြီး ဖုံးလွှမ်းမှာ ကြောက်နေမယ့်အစား ကိုယ့်ယဉ်ကျေးမှုကို တိုးတက်ကောင်းမွန်အောင် ပြုပြင် ထိမ်းသိမ်းပြီး ကမ္ဘာသိအောင် လုပ်သင့်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုထိန်းသိမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မိမိယဉ်ကျေးမှုကို ဘောင်ခတ်ပြီး အညွန့်တုန်းအောင် လုပ်ရင် ကျောက်ခေတ်ယဉ်ကျေးမှုက တက်လာမှာ် မဟုတ်ပါဘူး။ အဲဒီလို ဘောင်ခတ်လွန်းလို့ ကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှုရဲ့ ကောင်းပေ့ညွန့်ပေ့ဆိုတာလေးတွေ လုံးပါးပါးနေကြတာကို သတိပြုနိုင်ကြပါစေ။

၃။ ဒီမိုကရေစီဆိုသော နိုင်ငံရေးဝေါဟာရကိုတော့ ကျွန်တော် အပြည့်အ၀ နားမလည်သေးပါဘူး။ ဒါပေမယ့် ဒီမိုကရေစီဆိုတာကိုတော့ လူတိုင်းနဲ့ ပါတ်သက်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီမိုကရေစီဟူသော တန်ဆာပလာကသာ တစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲကောင်း ပြောင်းလဲလိမ့်မယ်။ ဒါပေမယ့် လွတ်လပ်ခြင်းဟူသော အနှစ်သာရက ပြောင်းလဲလို့ရမှာ မဟုတ်ပါဘူး။ လူတစ်ဦးတစ်ယောက်ချင်းရဲ့ အရည်အချင်းနဲ့ ယုံကြည်မှုတွေကို စံအဖြစ်သတ်မှတ်ပြီး အုပ်ချုပ်တဲ့ အနောက်ကမ္ဘာနှင့် လူမှု့အဖွဲ့အစည်းအတွင်းမှာ လူအချင်းချင်း ရိုသေစွာ ဆက်ဆံတတ်မှုကို စံအဖြစ်သတ်မှတ်တဲ့ အရှေ့ကမ္ဘာတို့ရဲ့ ဒီမိုကရေစီ ဖွဲ့စည်းမှုကတော့ ကွဲပြားနေဦးမှာပါ။ ကျွန်တော်ငယ်ငယ်က ဖတ်ဖူးတဲ့ ပါရဂူ ဘာသာပြန်တဲ့ အဗ္ဘပါလီဝတ္ထုထဲမှာ ရေးထားတာအရဆိုရင် အနောက်နိုင်ငံတွေမှာ ဒီမိုကရေစီမထွန်းကားခင်ကတည်းက ဘုရားရှင်လက်ထက်၊ အိန္ဒိယနိုင်ငံမှာ လက်ခံကျင့်သုံးနေပါပြီတဲ့။ ဆရာပြောသလိုသာ မှန်ခဲ့လို့ရှိရင် ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံတွေက စတာမဟုတ်ဘူးပေါ့ဗျာ။ ။

18 Feb 2009
3:58Am

February 15, 2009

မြတ်နိုးမိသောအရာများ


ချစ်သူများနေ့တဲ့……။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်ချစ်တို့ ဒီနေ့ ရုပ်ရှင်လည်း သွားမကြည့်ဘူး။ ပန်းခြံလည်း မသွားဘူးဗျ။ ဒါပေမယ့် ဘုရားတော့ အတူတူသွားဖူးကြတယ်။ Singaporeမှာ ဘုရားဘယ်လိုဖူးလည်းမေးရင်တော့….. ဘယ်လိုဖြေရမလဲ။ ဒီမှာ လည်စရာ ပတ်စရာ မြန်မာပြည်မှာလို စေတီကျောင်းကန်တွေ မရှိပါဘူး။ ကျွန်တော်တို့နှစ်ယောက် Peranakan Museumက Serenity in Stone ဆိုတဲ့ တရုတ်နိုင်ငံမှ နှစ်ပေါင်း ၁၅၀၀ကျော်က ရှေးဟောင်းဗုဒ္ဓဆင်းတုတော်ပြခန်းကို ရောက်သွားရင်း ဘုရားဖူးခဲ့ခြင်းသာဖြစ်ပါတယ်။

ပြခန်းမှာ ပြသထားသော လက်ရာများမှာ ၁၉၉၆ခုနှစ်က တရုတ်နိုင်ငံ၊ Qingzhouမြို့မှာ အဆောက်အဦးဆောက်ဖို့ မြေညှိရင်း ရှေးဟောင်းလက်ရာ ရုပ်ပွားတော်၄၀၀ကျော်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရားဆင်းတုတော်တွေကို အရှေ့အရပ်ကို ခေါင်းပြုရင်း စနစ်တကျမြှုပ်ထားခဲ့တာပါ။ လွန်ခဲ့သော ၆ရာစုလက်ရာတွေပါ။ ဒါပေမယ့် တူးဖော်ရရှိတဲ့ ဒင်္ဂါးပြားတွေအရ ဘုရားဆင်းတုတော်တွေကို ၁၂ရာစုမှာ မြှုပ်ထားခဲ့တယ်လို့ ယူဆကြပါတယ်။ ဘာ့ကြောင့်မြှုပ်ထားသလဲဆိုတဲ့ သမိုင်းပညာရှင်တွေက အဖြေကိုရှာနေကြဆဲပါ။

ကျွန်တော်တို့နှစ်ယောက် ဘုရားဆင်းတုတော်တွေကို လေ့လာရင်း ရင်သပ်ရှုမော အံ့သြမိကြပါတယ်။ လက်ရာတွေက နှစ်ပေါင်း၁၅၀၀ကြာပေမယ့် တော်တော်အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်ရဲ့ချစ်သူက ဘာသာမဲ့ (Free Thinker) လို့ ပြောရင်ရပေမယ့် ဗုဒ္ဓဘာသာဘက်ကိုတော့ ကျွန်တော်နဲ့ ပါတ်သတ်ပြီး တဖြေးဖြေးနဲ့ စိတ်ဝင်စားလာနေပါပြီ။ နောက်ပြီ့း ကျွန်တော်တို့နှစ်ယောက်စလုံး ဗုဒ္ဓ နှင့်ဆိုင်ရာ ယဉ်ကျေးမှုလက်ရာတွေကို မြတ်နိုးကြပုံချင်း တူပါတယ်။ အခုဆိုရင် ဗုဒ္ဓဘာသာ ဘယ်နိုင်ငံပဲသွားသွား ကျွန်တော်တို့ အနည်းဆုံး ဘုရားတစ်ဆူတော့ ရအောင်ပင့်လာတတ်နေပါပြီ။

ကျွန်တော်တို့နှစ်ယောက်ဆီမှာ မြန်မာနိုင်ငံက ဘုရားတင် လေးဆူရှိနေပါပြီ။ ဗမာလက်ရာနှင့် ရခိုင်လက်ရာ ဆင်းတုတော်တွေပါ။ ရှမ်းလက်ရာတွေတော့ မရှိသေးပါဘူး။ နောက်ပြီး ထိုင်ဝမ်က ဗုဒ္ဓဆင်းတုတော် လေးဆူ၊ ကမ္ဘောဒီးယားက နှစ်ဆူ ရှိနေပါပြီ။ တရုတ်နိုင်ငံက ဆင်းတုတော်တစ်ဆူကိုတော့ Singaporeမှာနေတဲ့ တူမတစ်ယောက် အိမ်သစ်တက်တော့ မင်္ဂလာရှိအောင်ဆိုပြီး လက်ဆောင်ပေးလိုက်ပါတယ်။

ကျွန်တော် အခုလို ဘုရားဆင်းတုတော်တွေစုဖို့ အတွေးအခေါ်လေးရတာ ကျွန်တော့်ချစ်သူဆီကဆို မမှားပါဘူး။ သူကစာအိတ် တံဆိပ်ခေါင်းတွေစုတာ ၀ါသနာပါတဲ့သူ။ သူ့ဆီက တချို့ တံဆိပ်ခေါင်းလေးတွေဆို S$၅၀၀၀ လောက်တန်နေပါပြီ။ တစ်နေ့တော့ သူ့ဆီက တံဆိပ်ခေါင်းလေးတွေ ကြည့်ရင်း ကျွန်တော်လည်း ကျွန်တော်မြတ်နိုးတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို စုဖို့ အကြံရခဲ့တာပါ။ အခုလောလောဆယ် ရှေးဟောင်းဆင်းတုတော်တွေ ၀ယ်ပြီးမစုနိုင်ပေမယ့် တစ်ချိန်ကျရင် ၀ယ်နိုင်အောင် ကြိုးစားမှာပါ။

ဘုရားဆင်းတုတော်တွေရဲ့ ကိုယ်နေဟန်ထားက အဲဒီ ဗုဒ္ဓဆင်းတုတော်ကို ပုံသွင်းတဲ့ လူမျိုးပေါ်မှာ မူတည်ပြီး ပြောင်းလဲတတ်ကြတယ်ဆိုရင် ယုံမလား။ အိန္ဒိယက လက်ရာဆိုရင် ကုလားဆန်တယ်။ တရုတ်ပြည်က လက်ရာဆိုရင်တော့ တရုတ်လူမျိုးတွေလို ၀၀တုတ်တုတ်လေးပေါ့။ တကယ်လို့သာ နိုင်ငံပေါင်းစုံက ဗုဒ္ဓဆင်းတုတော်တွေကို တစ်နေရာတည်းမှာ ယှဉ်ထားကြည့်ရင် လူမျိုးပေါင်းစုံကို တစ်နေရာတည်းမှာ တွေ့လိုက်သလို ခံစားရပါလိမ့်မယ်။ မယုံရင် လက်တွေ့စမ်းကြည့်ကြပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတင် တိုင်းရင်းသားတွေရဲ့ ဗုဒ္ဓဆင်းတုတော်တွေ ပုံစံက မတူကြပါဘူး။ ဗမာလူမျိးတွေရဲ့ လက်ရာကတော့ အားလုံးထက် ကြည်ညိုဖွယ်ကောင်းမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ရတနာပုံခေတ် လက်ရာတွေပါ။ ရတနာပုံခေတ်မှာ ဗုဒ္ဓဆင်းတုတော်တွေဟာ ပြုံးယောင်သန်းတယ်။ မျက်နှာတော်က မပြည့်မ၀ိုင်း။ သင်္ကန်းစက လေမှာလွင့်သယောင်။ ကျွန်တော့်စိတ်အထင် ရတနာပုံခေတ်လက်ရာတွေက မြန်မာအဆန်ဆုံးလို့ ထင်ပါတယ်။ တစ်ဖက်ကတွေးကြည့်ရင် ရတနာပုံခေတ်လူတွေရဲ့ ကိုယ်နေဟန်ထားက ပြည့်ပြည့်ဝန်းဝန်း နူးနူးညံ့ညံ့ ရှိတယ်လို့ ယူဆနိုင်ပါတယ်။

မြန်မာလက်ရာတွေမှာတင် ရှမ်းနှင့် ရခိုင် လက်ရာတွေက ဆင်မလိုလိုနဲ့ နည်းနည်းကွဲပါတယ်။ ရခိုင်လက်ရာတွေက မင်းမြောက်တန်ဆာငါးပါး ကားကားစွင့်စွင့် ရှိသလောက် ရှမ်းလက်ရာတွေကတော့ သွယ်သွယ်လျလျ ရှိတယ်လို့ထင်ပါတယ်။

မြန်မာနှင့်ထိုင်းကြတော့ ယဉ်ကျေးမှုခြင်း နီးစပ်ပေမယ့် ဗုဒ္ဓဆင်းတုတော်တွေကတော့ ကွဲပြားပါတယ်။ ဗမာလူမျိုးတွေရဲ့ ဗုဒ္ဓဆင်းတုတော်တွေက ပြည့်ပြည့်ဝန်းဝန်းရှိသလောက်။ ပိန်ပိန်ပါးပါး သွယ်သွယ်လျလျရှိမှ အလှလို့ ယုံကြည်ကြတဲ့ ထိုင်းလူမျိုးတွေ အတွက်တော့ ဘုရားဆင်းတုတော်တွေရဲ့ ခန္ဖာကိုယ်က ပိန်ပိန်သွယ်သွယ်ရှိကြပါတယ်။ ဒါပေမယ့် ထိုင်းလက်ရာတွေက အသွင်မှာပျော့ပျောင်းတယ်လို့ ထင်ရပေမယ့် မျက်နှာကျကတော့ မြန်မာလက်ရာတွေလောက် မနူးညံ့ပါဘူး။

ဂျပန်နှင့် တရုတ်လက်ရာတွေကျတော့ နည်းနည်းဆင်ကြပါတယ်။ ဒါပေမယ့် ဆာမူရိုင်းလို သူရဲကောင်းတွေလို အလေးထားတဲ့ ဂျပန်လူမျိုးတွေရဲ့လက်ရာတွေက သူရဲကောင်းတွေလို တည်တည်ကြည်ကြည် ရှိတတ်ကြပါသတဲ့။ တကယ်တော့ ဘုရားဆင်းတုတော်တွေပာာ တစ်ချို့နေရာတွေမှာ ယုံကြည်ကိုးကွယ်မှုတွေအပြင် နိုင်ငံရေးတွေ ပါလာတတ်ကြတယ်။ တိဘက်လူမျိုးတွေရဲ့ လက်ရာတွေကတော့ အနည်းငယ် ပျော့ပျောင်းဟန်ရှိပြီး မြတ်စွာဘုရားဆင်းတုတော်မှာ မြန်မာမင်းဝတ်တန်ဆာလို အနုစိတ် ပန်းခက်ပန်းနွယ်တွေ တစ်ကိုယ်လုံးပါတတ်ကြပါတယ်။

သမိုင်းပညာရှင်တွေက ဘုရားဆင်းတုတော်တွေရဲ့ မျက်နှာတော်တိုင်းဟာ ခေတ်ကာလလူမျိုးတွေရဲ့ ပုံစံကိုရောင်ပြန်ဟပ်တတ်တယ်လို့ ယူဆကြပါတယ်။ တစ်ခါတစ်လေ ကျွန်တော်စဉ်းစားမိတယ်။ တကယ်လို့သာ ဘုရားဆင်းတုတော်တွေဟာ လူမျိုးနွယ်တွေရဲ့ ရုပ်လက္ခနာကို ရောင်ပြန်ဟပ်တာ မှန်လို့ရှိရင် အခုခေတ်ပေါ် မြန်မာလက်ရာတွေက ကျွန်တော်ကို တော်တော်ဦးနှောက်ချောက်စေတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုနောက်ပိုင်း လက်ရာတွေက ပုပုဝိုင်းဝိုင်းနဲ့ အချိုးအစားမမှန်သလို ရှေးဟောင်းလက်ရာတွေမှာ တွေ့ရတတ်တဲ့ နူးညံ့တဲ့ အပြုံးတွေ သိပ်မတွေ့ရတော့လို့ပါ။ ဥပမာ ရန်ကုန်က ၁၉၉၀နောက်ပိုင်း လက်ရာတွေပေါ့ဗျာ။

ကျွန်တော်လည်း အဲ့ဒီလိုနဲ့တွေးချင်တာတွေးပြီး ပြခန်းကထွက်လာတော့ ညနေ၆နာရီထိုးနေပါပြီ။ ကျွန်တော်တို့နှစ်ယောက် ညစာအတူတူစားပြီး ချစ်ချစ်က မနက်ဖြန် အလုပ်ကိစ္စနဲ့ တရုတ်နိုင်ငံ၊ ယူနန်မြို့ကို သွားရမှာမို့လို့ စောစောပြန်ခဲ့ကြတယ်။ အပြန်ကြရင် ယူနန်လက်ရာ ဘုရားတစ်ဆူပင့်ခဲ့ဖို့ မှာဖြစ်အောင်မှာလိုက်သေးတယ်ဗျာ…. ။ ။

၁၅၊၀၂၊၂၀၀၉
မနက်၁နာရီ ၃၂မိနစ

















အိန္ဒိယ၊ တရုတ်၊ ဂျပန်


















တိဘက်၊ သီရိလကာင်္



















ယိုးဒယား၊ မြန်မာ




















ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို


February 7, 2009

အချစ်ကိုရုးသွပ်ကြသူများအကြောင်း (၂)

အတွေ့... သတိ (Lust, Caution 2007)


Lust, Caution ရုပ်ရှင်သည် ၁၉၇၉ခုနှစ်က တရုတ်စာရေးဆရာမ Eileen Chang ရေးသားခဲ့သော ၀တ္ထုကို အခြေခံထားခြင်းဖြစ်သည်။ ၁၉၄၂တွင် ရှန်ဟိုင်းမြို့ကို ဂျပန်တွေသိမ်းပိုက်ထားစဉ်ကာလက တက္ကသိုလ်ကျောင်းသားတစ်စုက ဂျပန်အလိုတော်ရိတစ်ယောက်ကို လှပချောမောသော မိန်းကလေးတစ်ယောက်ဖြင့် ထောင်ချောက်ဆင်ကာ သက်ရန်ကြိုးပမ်းသော ဇာတ်လမ်းဖြစ်သည်။ ထိုရုပ်ရှင်ကို crouching tiger hidden dragon နှင့် Brokeback Mountain ရိုက်ကူးသော ထိုင်ဝမ်လူမျိုး ဒါရိုက်တာအန်းလီက ရိုက်ကူးထားပြီး ဟောင်ကောင်နာမည်ကြီးမင်းသား Tony Leung Chiu-Wai, Lee Hom နှင့် Tang Wei တို့က အဓိကထား သရုပ်ဆောင်ထားကြသည်။ ထိုရုပ်ရှင်ကားသည် ဒါရိုက်တာ၏ အသေးစိတ်ဖော်ပြနိုင်မှု၊ လှပကဗျာဆန်သော အလင်းအရောင်၊ အရှေ့တိုင်းဆန်သော နောက်ခံတေးဂီတ၊ စသည်တို့ကြောင့် လူကြိုက်များသော ရုင်ရှင်ကားတစ်ကားဖြစ်ခဲ့သည်။ ပို၍ နာမည်ကြီးစေသောအရာမှာ များပြားလှသော လွိင်ဆက်ဆံခန်းများကြောင့်ပင် ဖြစ်သည်။

Lust, Caution ရုံတင်ခြင်းမပြုခင်ကပင် ဒါရိုက်တာအန်းလီတစ်ယောက် ရုပ်ရှင်ဆင်ဆာအဖွဲ့နှင့် အကြိတ်အနယ်တိုက်ခိုက်ခဲ့ရသည်။ သူ၏sex sceneများမှာ အလွန်ပင်အသေးစိတ်ကျပြီး အပြာကားများနီးပါးဖြစ်သောကြောင့် ဆငိဆာဖြတ်ခြင်းခံခဲ့ရသည်။ သို့သော်လည်း Sex Sceneများသည် ဇာတ်လမ်း၏အသက်ဖြစ်သောကြောင့် လည်းကောင်း၊ ဇာတ်ကောင်များ၏ သဘာဝကို ဖော်ပြရာတွင်လည်းကောင်း အရေးပါသောကြောင့် ဆင်ဆာဖြတ်တောက်ခြင်းမခံရဘဲ R-rated Movie အဖြစ် သတ်မှတ်ခံရပြီး ရုံတင်ခွင့်ပြုခဲ့သည်။

Singaporeတွင် Lust, Caution ရုံတင်သောအခါ လူအများကြည့်နိုင်ရန်အတွက် M-16 အဖြစ် သတ်မှတ်ပြီး sex scene တော်တော်များများကို ဆင်ဆာဖြတ်ခဲ့သေးသည်။ ထို့ကြောင့် ရုပ်ရှင်ကြည့်ပရိသတ်များက သတင်းစာများ၊ ဂျာနယ်များမှတဆင့် ရုပ်ရှင်ဆင်ဆာအဖွဲ့ကို ဆန့်ကျင်အပြစ်တင်ခဲ့ကြသည်။ မကြာမီမှာ ထိုရုပ်ရှင်ကိုပင် နဂိုမူလအတိုင်း ဆင်ဆာမဖြတ်ဘဲ R-21 ဟုသတ်မှတ်ပြီး ပြန်လည် ရုံတင်ပြခဲ့ရသည်။

Lust, Caution သည် မိခင်နိုင်ငံထိုင်ဝမ်တွင် အကောင်းဆုံးရုပ်ရှင်ဆု အပါအ၀င် အကယ်ဒမီဆုများစွာ ရရှိခဲ့သည်။ ထို့အပြင် ဗင်းနစ်ရုပ်ရှင်ပွဲတွင်လည်း ရွှေခြင်္သေ့ဆု ရရှိခဲ့သေးသည်။ သို့သော် Oscarဆုပေးပွဲတွင် The Best Foreign Film Awardနှင့် မမျှော်လင့်ဘဲ လွဲခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ကြသူ အများစုမှာ ထိုင်ဝမ်လူမျိုးများမဟုတ်ဘဲ တရုတ်ပြည်မကြီးနှင့် အမေရိကန်မှ သရုပ်ဆောင်များပါဝင်နေသောကြောင့် ဖြစ်သည်။

ဤရုပ်ရှင်ဇာတ်လမ်းမှာ သာမန်ဖျော်ဖြေမှုသတ်သတ်သာမကဘဲ လူတစ်ယောက်၏ ရိုးစင်းစွာ ချစ်နိုင်ခွင့်ကို လှပစွာဖော်ကြူးသွားခဲ့သည်။ တကယ့်အချစ်မှာ နိုင်ငံရေးမပါ၊ ဦးတည်ချက်မပါ၊ အချစ်သည်သာ အချစ်ဖြစ်၏ဟု လွတ်လပ်ပေါ့ပါးစွာ ခံယူထားသူများအတွက် လက်မလွှတ်သင့်သော ဇာတ်ကားတစ်ကားဖြစ်ပါတော့သည်။ ။

(ဤရုပ်ရှင်ဇာတ်လမ်းအကျဉ်းချုပ်မှာ မည်သည့်နေရာမှ ဘာသာပြန်ထားခြင်းမဟုတ်ပါ။ အဓိကဇာတ်ကောင်အမျိုးသမီးနေရာတွင် ခံစားပြီး ရေးဖွဲ့ထားခြင်းသာ ဖြစ်ပါသည်။)


၁၉၄၀ ရှန်ဟိုင်းမြို့ ဂျပန်လက်အောက်ကျရောက်နေချိန်.......

လန်ချားများ၊ ကားများ၊ လူများဖြင့် ရှုပ်ရှက်ခက်နေသော လမ်းမပေါ်မှာ ကျွန်မ ခဏရပ်လိုက်ပြီး ဟိုဟိုဒီဒီ ကြည့်လိုက်ပါတယ်။ တစ်ခါတစ်လေ လူချမ်းသာတွေ မျက်နှာဖြူတွေ ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေတဲ့ ဒီလိုနေရာမျိုးမှာ ကျွန်မအတွက် သတိဆိုတာ ပိုတယ်လို့မရှိပါဘူး။ ကျွန်မလမ်းတစ်ဖက်က မျက်နှာဖြူတွေ ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်သို့ ၀င်လိုက်ပြီး ကော်ဖီတစ်ခွက်မှာလိုက်တယ်။ ကော်ဖီမှာပြီးသောအခါ စားပွဲထိုးလေးဆီမှာ ခွင့်တောင်းပြီး တစ်ယောက်ယောက်ဆီ ဖုန်းဆက်လိုက်ပါတယ်။ တစ်ဖက်မှ ဖုန်းလာကိုင်သောအခါ ကျွန်မတို့ခြင်းသာ နားလည်သော စကားဝှက်ဖြင့် လုပ်ကြံမှုစတင်နိုင်ပြီ ဖြစ်ကြောင်း အချက်ပေးလိုက်တယ်။ ကျွန်မအချက်ပေးပြီးသောအခါ တစ်ဖက်မှ လူတွေအားလုံး သေနက်တွေ ဓါးတွေထုတ်လိုက်ပြီး ပစ်ကွင်းကိုဝင်လာမည့် သားကောင်ကို အမှည့်ခြွေကြဖို့ အဆင်သင့်ပြင်လိုက်ကြတယ်။ ကျွန်မလည်း စားပွဲတွင် ပြန်ထိုင်ကာ ကော်ဖီပူပူလေးတစ်ခွက်ကို ငုံ့သောက်လိုက်ပြီး ကြည်လင်သော ပြတင်းမှန်မှတစ်ဆင့် အပြင်ကို ငေးကြည့်လိုက်တယ်။ မှန်ပြတင်းရဲ့ ဟိုဘက်ခြမ်းမှာတော့ မရပ်မနားသွားလာလှုပ်ရှားနေတဲ့လူတွေ၊ လမ်းသွားလမ်းလာတွေကို မျက်တောင်မခတ် စောင့်ကြည့်နေတဲ့ရဲတွေ ကျွန်မမြင်နေရတယ်။ ထိုလူတွေရဲ့ မရပ်မနား ခြေလှမ်းတွေနှင့်အတူ ကျွန်မရဲ့စိတ်တွေကလည်း လွန်ခဲ့သော သုံးနှစ်က ဟောင်ကောင်မြို့လေးဆီသို့ ခြေဦးလှည့်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက အလွန်တရာပဲ အရှက်အကြောက်ကြီးတဲ့ ရိုးသားဖြူစင်တဲ့ ကျောင်းသူတစ်ဦးပေါ့…….။

----------------------------------။---------------------------------

ကျောင်းဖွင့်ကာစမှာတော့ ကျွန်မရဲ့သူငယ်ချင်း လိုင်ရှုကျီရဲ့ မိတ်ဆက်ပေးမှု့ကြောင့် အရပ်မြင့်မြင့် အပြုံးချိုချိုနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်နဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့တယ်။ သူ့နာမည်က ခွန်ယုမင်တဲ့…။ နောက်တော့ သူတို့ ယောက်ျားလေး လေးယောက်နှင့် ကျွန်မတို့ မိန်းကလေး နှစ်ယောက်တို့ တစ်အုပ်စုတည်း ဖြစ်လာကြပြီး၊ သူတို့တွေရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကြားမှာ ကျွန်မ မသိမသာ ပါဝင်လာခဲ့တယ်။ အဲဒီအချိန်တုန်းက တရုတ်ပြည်ကို ရန်စလာတဲ့ ဂျပန်တွေရဲ့ ရန်ကို ခုခံတွန်းလှန်ဖို့ ကျောင်းသားလူငယ်တွေက လှုံ့ဆော်နေချိန်လေ။ ကျွန်မတို့တတွေလည်း ကိုယ်တတ်နိုင်သလောက် လူထုကိုနိုးကြားတက်ကြွစေဖို့ တော်လှန်ရေးနဲ့ ပါတ်သတ်သော ပြဇာတ်တွေ ကပြရင်း တစ်ဖက်တစ်လမ်းက ပါဝင်ခဲ့ကြတယ်။ အဲဒီလို ပါဝင်မိခဲ့ခြင်းက ကျွန်မတို့ရဲ့ လျှို့ဝှတ်သည်းဖို လုပ်ကြံမှုကြီးရဲ့ အစလို့ ဆိုနိုင်ပါတယ်။



တစ်နေ့မှာတော့ ကျွန်မတို့သူငယ်ချင်းတွေ ဆုံနေကြ ကဇာတ်ရုံကိုရောက်သွားချိန်မှာ သူတို့အားလုံး ရောက်နေကြပါပြီ။ သူတို့အားလုံး တစ်ခုခုကို အလေးအနက် တိုင်ပင်နေကြတယ်။ ခွန်ယုမင် ကိုကြည့်လိုက်တော့ သူရင်ထဲမှာ တော်လှန်ရေးအတွက် အားအပြည့်။ သူတို့တိုင်ပင်နေတဲ့ အကြောင်းအရာကို ကျွန်မသိသွားတဲ့ အခါ ရုတ်တရက် မင်သက်သွားမိတယ်။ အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ကြဖို့ ဆုံးဖြတ်လိုက်ချိန်မှာ ကျွန်မတွေဝေနေမိခဲ့တယ်။ အဲဒီအခါကျတော့ ခွန်ယုမင် က ကျွန်မကိုပြောတယ်။ သူဘယ်သူကိုမှ အတင်းအကျပ် မတိုက်တွန်းပါဘူးတဲ့။ ကျွန်မ ဘာဆက်လုပ်ရမလဲ….။ ကျွန်မကို စိုက်ကြည့်နေတဲ့ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ သူ့မျက်ဝန်းတွေကြောင့်လား…..။ ဒါမှမဟုတ် ကျွန်မရင်ထဲက တက်ကြွနေတဲ့ တော်လှန်ရေး စိတ်ဓါတ်တွေကြောင့်လား…။ ကျွန်မဘာဆို ဘာမှမသိတော့ဘူး။ နောက်ဆုံးတော့ ကျွန်မခေါင်းညိတ်မိလိုက်တယ်။ ကျွန်မတို့အားလုံး နိုင်ငံ့သစ္စာဖေါက် ဂျပန်အလိုတော်ရိ မစ္စတာရီ ဆိုတဲ့လူကို ကျွန်မတို့မြေပေါ်က အပြီးသတ် ချေမှုန်းပစ်ရမယ်။



----------------------------------။---------------------------------

သိပ်မကြာခင်မှာပဲ ကျွန်မတို့တတွေ မစ္စတာရီရဲ့ အနားကိုကပ်နိုင်ဖို့ နည်းအမျိုးမျိုးဖြင့် ကြိုးစားကြရတယ်။ မထင်မှတ်ဘဲ ဒီလုပ်ကြံမှုအတွက် ကျွန်မက အခရာဖြစ်လာတော့တာပဲ။ ငြင်းဆန်မရတော့တဲ့ အဖွဲ့ရဲ့ ဆုံးဖြတ်မှုကြောင့် မစ္စတာရီကိုမြူဆွယ်ပြီး လုပ်ကြံမည့် နေရာကို မြှားခေါ်ရမယ်။ တကယ်လို့သာ ကျွန်မသာ နောင်ဘာဖြစ်မလဲဆိုတာ ကြိုပြိးသိခဲ့မယ်ဆိုရင် ဒီလုပ်ကြံမှုကြီးမှာ ပါဝင်မိမှာမဟုတ်ဘူး။ ဒါပေမယ့် တကယ်တမ်း သတိထားမိတဲ့အချိန်မှာ အားလုံးက လွန်ခဲ့ပြီ….။


ကျွန်မနင့် မစ္စတာရီရဲ့ခင်မင်မှုကို တဖြေးဖြေးနှင့် တည်ဆောက်ပြီးတဲ့အခါမှာ တစ်နေ့တော့ ကျွန်မတို့တတွေ သူဌေးအဖြစ်အယောင်ဆောင်ငှားနေတဲ့ အိမ်အထိ သူ့ကိုခေါ်လာနိုင်ခဲ့သေးတယ်။ ဒါပေမယ့် အမြဲတမ်းသတိရှိနေတဲ့ မစ္စတာရီ က အိမ်အ၀အထိပဲ ကျွန်မကို လိုက်ပို့ပေးပြီး အိမ်အထဲအထိမ၀င်ခဲ့ဘူး။ ကျွန်မ သော့ဖွင့်ပြီးဝင်လိုက်ချိန်မှာ တံခါးဝနားမှာ ခွန်ယုမင်က သေနတ်ကြီးနဲ့ရွယ်လို့။ လင်းဝမ်က ၀က်သားခုတ်တဲ့ ဓါးကြီးကို ကိုင်လို့။ အမူအရာပျက်နေတဲ့ သူတို့ဟန်ပန်တွေဟာ ရယ်စရာကောင်းခဲ့ပေမယ့် ကျွန်မ မရယ်နိုင်ခဲ့ပါဘူး။ ဒီလူ့ကိုသတ်ဖို့ ဟန်ဆောင်နေရတဲ့ ဘ၀ကို ကျွန်မ ပင်ပန်းလာတယ်။ ဒါပေမယ့် အဲ့ဒီဟန်ဆောင်မှုက ဒီနေရာမှာ ရပ်မနေပါဘူး။ (video clip 2)

အဲ့ဒီညနေခင်းမှာပဲ ကျွန်မတို့တတွေစုပြိး ဘာဆက်လုပ်ရမလဲဆိုတာ တိုင်ပင်ကြတယ်။ မစ္စတာရီ ကိုဆွဲဆောင်နိုင်ဖို့ ဒီထက်မက ကြိုးစားရမယ်ဆိုတဲ့ အကြောင်းပေါ့။ ကျွန်မ ခွန်ယုမင်ကို ကြည့်ပြီး ပြောလိုက်တယ်။ တကယ်လို့ ရိုးရိုးသာ ဆွဲဆောင်နေရုံနဲ့ မလုံလောက်သေးရင်တော့ ကျွန်မသူ့ရဲ့ အငယ်အနှာင်း လုပ်သင့်ရင် လုပ်ရမယ်ပေါ့။ အဲဒိလိုပြောလိုက်တော့ ခွန်ယုမင်က ဘာမှပြန်မပြောဘူး။ စကားဝိုင်းထဲကနေ ဆတ်ခနဲထပြီး ၀ရန်တာမှာ ဆေးလိပ်သွားသောက်တယ်။ သူထွက်သွားတော့ ကျန်တဲ့ယောကျာ်းလေးတွေအားလုံး သူနောက်လိုက်သွားတယ်။ ကျွန်မရယ် ရှုကျိရယ် နှစ်ယောက်တည်း ဧည့်ခန်းထဲမှာ ကျန်ခဲ့တယ်။ အဲဒီအချိန်ကျတော့မှ ရှုကျီက “တကယ်လို့ နင် ယောက်ျားတွေနှင့် ဆက်ဆံရရင် ဘယ်လိုလုပ်မလဲ” လို့မေးတယ်။ တကယ်တော့ ဒီကိစ္စကို ကျွန်မမသိခင်ကတည်းက သူတို့အားလုံးက ဆွေးနွေးပြီးကြပါပြီ။ ရှုကျီရဲ့ မေးခွန်းနောက်ကွယ်မှာ ကျွန်မ ဘာဆက်လုပ်ရမလဲဆိုတာသိလိုက်တယ်။ကျွန်မ ၀ရန်တာမှာ ရှိနေတဲ့ ယောက်ျားလေးယောက်စလုံးကို ကြည့်လိုက်တယ်။ ခွန်ယုမင်ကိုကြည့်လိုက်တော့ ကျွန်မကိုကြည့်မနေဘူး။ မျက်နှာတစ်ဖက်လွှဲသွားပြီး စီးကရက်ကိုသာ ဖိသောက်နေတယ်။ ကျွန်မ ရှုကျီကို မေးလိုက်တယ်။ အဲဒီလေးယောက်ထဲက ဘယ်သူနဲ့လဲလို့။ ရှုကျီက ကျွန်မတို့အဖွဲ့ထဲမှာ ဟောင်လန်းတစ်ယောက်ပဲ မိန်းမအတွေ့အကြုံရှိတယ်တဲ့။ ကျွန်မက မကောင်းတဲ့မိန်းမတွေနဲ့လားလို့ မေးလိုက်တော့ သူမကဖြေးလေးစွာ ခေါင်းညိတ်ပြတယ်။ ကျွန်မ ထိုင်ခုံကထလိုက်ပြီး ဖန်ခွက်ထဲမှာကျန်တဲ့ လက်ကျန်ဝိုင်ကို အပြီးရှင်းလိုက်တယ်။ ဒီတော်လှန်ရေးအတွက် ကျွန်မရဲ့ စိတ်ကိုနှစ်ထားမှတော့….. ကျွန်မရဲ့ ခနာကိုယ်ကရော… တခြားသာမန်မိန်းမတွေလို စောင့်ထိန်းရဦးမှာတဲ့လား။ ကျွန်မ အိပ်ခန်းထဲကနေ ဟောင်လန်းကို စောင့်နေရုံကလွဲလို့ တခြားရွေးချယ်စရာလမ်းမှ မရှိတာ။ တကယ်လို့သာ ကျွန်မ ထိုသူငယ်ချင်းလေးယောက်ထဲက တစ်ယောက်ယောက်ကိုသာ ရွေးချယ်နိုင်ခွင့်…. ရွေးချယ်ပိုင်ခွင့် ရှိခဲ့မယ်ဆိုရင်……..။


----------------------------------။---------------------------------

ဒီလိုနဲ့ပဲ အိပ်မက်ဆိုးလို ညတစ်ညကို ဖြတ်သန်းခဲ့ပြီး နောက်တစ်နေ့ မနက်ရောက်တော့  မစ္စတာရီရဲ့မိန်းမဆီက ဖုန်းလာတယ်။ ဖုန်းပြောအပြီးမှာတော့ ကျွန်မတို့အားလုံး ဘာမှစကားမပြောနိုင်ကြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မစ္စတာရီ တို့ အခုနေနေတဲ့ ဟောင်ကောင်ကနေ ရှန်ဟိုင်းကို ပြောင်းကြတော့မယ် ဆိုတဲ့သတင်းပါပဲ။ အဲဒီသတင်းကြားပြီးတဲ့အခါကျတော့ ကျွန်မရဲ့ပေးဆပ်မှု၊ ကျွန်မတို့အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေဟာ နိတ္တိတန်သွားပြီလို့ထင်ခဲ့တယ်။

အဲသည်ညနေမှာပဲ ကျွန်မတို့ငှားထားတဲ့အိမ်ကို ပြန်အပ်ဖို့ ရှိသမျှပစ္စည်းတွေကို သိမ်းကြတယ်။ ပန်းကန်ခွက်ယောက်တွေအားလုံးကို သတင်းစာစက္ကူတွေဖြင့် ပြန်ပတ်ကြတယ်။ အဲဒီအချိန်မှာပဲ လူတစ်ယောက် ကျွန်မတို့ဆီ မထင်မှတ်ပဲ ရောက်လာတယ်။ ထိုလူက မစ္စတာရီရဲ့လက်အောက်မှာ အလုပ်လုပ်တဲ့ လူပါပဲ။ ထိုလူက ကျွန်မတို့ရဲ့ လှုပ်ရှားမှုတွေကို အစကတည်းက သံသယရှိပြီး စောင့်ကြည်နေတဲ့သူပါ။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကို သိသွားပြီး ကျွန်မတို့ဆီက တစ်ခုခုကို ညှစ်ယူဖို့ကြိုးစားတော့တယ်။ ထိုအခါ ဒေါသထွက်နေတဲ့ ခွန်ယုမင်က လက်ထဲမှာရှိတဲ့ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်လိုက်တယ်။ ထိုးကြ၊သတ်ကြတာကို မျက်ဝါးထင်ထင်မြင်လိုက်ရပြီးနောက် ကျွန်မအရမ်းကို တုန်လှုပ်သွားတယ်။ ကျွန်မရင်ထဲမှာ ဘာဆိုဘာမှ မကျန်ခဲ့ဘူး။ အားလုံးကဗလာ။ ကျွန်မလည်း သေသွားတဲ့လူရဲ့အလောင်းကို ခွကျော်ပြီး အိမ်အပြင်ဘက်ကို ပြေးထွက်လာခဲ့တယ်။ အပြင်မှာ မှောင်လို့….။ မည်းလို့…..။ တိတ်ဆိတ်လို့……။

----------------------------------။---------------------------------
ထိုနေ့ည အဖြစ်အပျက်တွေနောက်ပိုင်းမှာ ကျွန်မဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ဖြစ်တော့ပါဘူး။ ကျွန်မ အဒေါ်ရဲ့ အိမ်မှာနေရင်း ကျောင်းတက်လိုက်၊ ရုပ်ရှင်ကြည့်လိုက်ဖြင့် ကျွန်မတစ်ယောက်တည်း သုံးနှစ်လုံးလုံး အချိန်ကုန်စေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော ခွန်ယုမင်က ကျွန်မ ရှောင်ပုန်းနေတဲ့ နေရာကို ရှာတွေ့သွားပါတော့တယ်။ ဒီတစ်ခါတော့ အရင်တစ်ခါ ကျောင်းသားဘ၀တုန်းကလို ကလေးဆန်ဆန် မလုပ်တော့ပဲ ကျွန်မတို့ကို ပံ့ပိုးပေးမယ့် တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြင့် ချိတ်ဆက်ထားကြောင်း ကျွန်မကိုပြောပြပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မလည်း ထိုအဖွဲ့အစည်းဖြင့် ချိတ်ဆက်မိသွားပြီး မပြီးသေးတဲ့ မစ္စတာရီ လုပ်ကြံမှုကို ပြန်လည်အသက်သွင်းခဲ့မိပါတော့တယ်။

ဒီတစ်ကြိမ် မစ္စတာရီ ကိုချည်းကပ်ရတာ အရင်တစ်ခါလိုတော့ မခက်ခဲတော့ပါဘူး။ ကျွန်မကံကောင်းတာကတော့ မစ္စတာရီ ရဲ့အိမ်မှာ ဧည့်သည်အဖြစ်နေခွင့်ရခဲ့ပြီင်္း သူနှင့်နီးစပ်အောင် ပိုပြီးဖန်တီးယူနိုင်ခဲ့ပါတယ်။ တစ်ရက်တော့ မစ္စတာရီ ရဲ့ အမျိုးသမီးဆီမှာ ၇ုပ်ရှင်ကြည့်ဖို့ အကြောင်းပြပြီး ကျွန်မအပြင်ထွက်ခဲ့တယ်။ အဲဒီနေ့က မိုးကသည်းသည်းမည်းမည်းမရွာပေမယ့် တစိမ့်စိမ့်နဲ့လေ။ မစ္စတာရီ ရဲ့ ဒရိုက်ဘာက ကျွန်မကို ရုပ်ရှင်ရုံဆီ ခေါ်မသွားဘဲ ကျွန်မ မရောက်ဘူးတဲ့ နေရာတစ်ခုက တိုက်ခန်းတစ်ခန်းဆီကို ခေါ်သွားပါတယ်။ အဲ့ဒီအိမ်ရှေ့ရောက်တော့ ဒရိုင်ဘာက အိမ်ထဲအထိလိုက်မပို့ပေးပဲ ကျွန်မကို စာအိတ်လေးတစ်အိတ် ထုတ်ပေးပါတယ်။ စာအိတ်ထဲမှာတော့ သော့တစ်ချောင်း။ အိမ်ထဲမှာ ဘယ်သူမှမတွေ့ရဘူး။ လူမနေတာကြာပြီထင်ရတဲ့ ဒီအိမ်ထဲမှာ ဖုန်မှုန့်တွေက အလိမ်းလိမ်းပါပဲ။ ကျွန်မ မထင်မှတ်ပဲ မစ္စတာရီ ကို ပြူတင်းမှန်ကတစ်ဆင့် တွေ့လိုက်ရချိန်မှာ အရမ်းတုန်လှုပ်သွားမိတယ်။ ဒီအခြေအနေကို တွေ့ရမယ်ဆိုတာ ကြိုတင်ခန့်မှန်းခဲ့ပေမယ့် တကယ်တန်းကြုံကြိုက်ရတဲ့ အချိန်မှာ ကျွန်မသွေးပျက်မိတာ အမှန်ပါ။ မစ္စတာရီကို သိမ်မွေ့စွာ ကျွန်မသိမ်းသွင်းဖို့ကြိုးစားပေမယ့် ဖြန်းကနဲ မြည်သံနဲ့အတူ ကျွန်မမျက်နှာတစ်ခုလုံး ထူပူသွားတယ်။ အဲ့ဒီနောက်တော့ သူ့ရဲ့ကြမ်းတမ်းတဲ့လက်တွေ၊ သူ့ရဲ့အားအပြည့်နဲ့ လက်ချောင်းတွေကြားမှာ ကျွန်မရဲ့ အင်္ကျီစက တစ်စစီဖြစ်သွားတယ်။ အားအပြည့်နဲ့ တွန်းလှဲလိုက်တဲ့အချိန်မှာ ကျွန်မခုတင်ပေါ်ကို ၀မ်းလျားမှောက် လဲကျသွားတယ်။ ကျွန်မရဲ့ လက်နှစ်ဘက်ကို နောက်ပြန်လိမ်လိုက်ပြီး သူ့ရဲ့ခါးပတ်ကြိုးနဲ့ တင်းတင်းကြပ်ကြပ်ချည်လိုက်တယ်။ နောက်တော့...ပူနွေးတင်းကြပ်မှုနဲ့အတူ နာကျင်မှု.... ကျွန်မ မျက်လုံးတွေကို စုံမှိတ်လိုက်ပါတော့တယ်။




(video clip1) ကျွန်မသူ့ရဲ့ အိမ်ကိုရောက်ပြီး လေးရက်လောက် မစ္စတာရီကို အိမ်မှာမတွေ့ရဖူး။ သူ့ရဲ့ အိမ်စေကို မေးကြည့်တော့လည်း ခရီးထွက်သွားတယ်လို့သာ သိရတယ်။ လေးရက်မြောက်တဲ့နေ့မှာတော့ မစ္စတာရီရဲ့ ဇနီးက ကိစ္စတစ်ခုနဲ့ အပြင်ထွက်လာပြီး မကြာခင်မှာပဲ မစ္စတာရီ ပြန်ရောက်လာတယ်။ ကျွန်မက ဘာမှမပြောပဲ ရုတ်တရက် ထွက်ခွာသွားတဲ့ မစ္စတာရီ ကို စိတ်ဆိုးဟန်ဆောင်ပြီး ဟောင်ကောင်ကို ပြန်ဖို့ကြိုးစားပါတယ်။ အဲ့ဒီအခါမှာတော့ မစ္စတာရီက ကျွန်မကို သူ့ကိုယုံဖို့အကြိမ်ကြိမ်ပြောပါတော့တယ်။ တကယ်တော့ မစ္စတာရီဟာ သက်တော်စောင့်တွေ အိမ်စေတွေ အများကြီးရှိပေမယ့် ဘယ်သူ့ကိုမှ မယုံပါဖူး။ သံသယတွေ အမြဲတမ်းရှိနေလေလေ သူ့ကို အထီးကျန်မှုတွေဆီ တွန်းပို့နေလေလေပါပဲ။ ဒီတစ်ခါတော့ သူ့ရဲ့ဟာကွက်ကို ကျွန်မကောင်းကောင်းရိပ်မိလာတယ်။ အိမ်ကလေးမှာ လျှပ်တပြက်ကြုံလိုက်ရသလို အရမ်းမနာကျင်တော့ပေမယ့် သူ့ရဲ့ ကြမ်းတမ်းမှုရဲ့ အောက်မှာ ကျွန်မ နေသားတော့ကျလာပါပြီ။ ဒါပေမယ့် ကျွန်မရဲ့နှလုံးသားထဲမှာတော့ မျက်ကနဲ၊ လှိုက်ကနဲ။ သူ့အပေါ်နာကျည်းမှုကြောင့်လား၊ မုန်းတီးမှုကြောင့်လားတော့ မပြောတတ်တော့ပါဘူး။

----------------------------------။---------------------------------

ကျွန်မနဲ့ မစ္စတာရီရဲ့ ဇာတ်လမ်းဟာ အချိန်ကြာလာလေ နှစ်ယောက်စလုံးအတွက် အရှုံးဖြစ်လာလေပါပဲ။ ဒီဟန်ဆောင်မှုတွေ၊ ဒီတော်လှန်ရေးတွေ၊ ဒီစစ်ပွဲတွေကြားမှာ မနေချင်တော့ပါဘူး။ တစ်ရက်တော့ ကျွန်မနဲ့ ခွန်ယုမင် တို့ အဖွဲ့ခေါင်းဆောင် မစ္စတာဝူဆီရောက်သွားတယ်။ မစ္စတာရီကို သတ်ချင်ရင် သတ်လို့ရပေမယ့် တော်လှန်ရေးခေါင်းဆောင်တွေဘက်က မစ္စတာရီကို မသတ်သေးပဲ လိုတဲ့သတင်းအချက်အလက်တွေကို ကျွန်မကိုထပ်ပြီး စုံစမ်းစေချင်ပါတယ်။ ဒီတစ်ခါ ကျွန်မဘက်ကနေ အတင်းကန့်ကွက်သူက ခွန်ယုမင်ပါပဲ။ ခွန်ယုမင်ရဲ့မျက်လုံးလေးတွေကိုကြည့်ပြီး ကျွန်မအတွက် ဘယ်လောက်စိုးရိမ်နေလဲဆိုတာ ကျွန်မသိတယ်။ ရှင်းရှင်းပြောရရင် အချိန်ကြာလေလေ ကျွန်မနဲ့ မစတာရီတို့ကြားမှာ ကြိုးတစ်ချောင်းက ခိုင်မြဲလာလေ ဖြစ်မှာကို သူကြိုတင်သိနေတယ်လေ။ ဒါပေမယ့် မစ္စတာဝူကလက်မလျှော့ပါဘူး။ ကျွန်မလျှောက်နေတဲ့ လမ်းကိုဆက်လျှောက်စေချင်တယ်။ ကျွန်မလည်း သိပါတယ်။ ဒီလိုဆက်လျှောက်နေရရုံကလွဲလို့ ကျွန်မအတွက် ရွေးချယ်စရာ နောက်တစ်ခုမရှိဖူးပေါ့။ သူလျှိုတစ်ယောက်လို မလေ့ကျင့်မိခဲ့တဲ့ ကျွန်မအဖို့ ကျွန်မနှလုံးသားဟာ သူလျှိုတစ်ယောက်လို မမာကြောပါဘူး။ အဲ့ဒါကို ခွန်ယုမင်ကောင်းကောင်းသိတယ်။

----------------------------------။---------------------------------

တစ်နေ့မှာတော့ မစ္စတာရီက ကျွန်မကို တစ်ခုလောက် ကူညီဖို့ပြောတယ်။ ကျွန်မလက်ထဲကို စာအိတ်တစ်အိတ် ထိုးထည့်ပြီး ဒီစာကိုတစ်နေရာကို ပို့ပေးဖို့ပြောတယ်။ ကျွန်မကို စာအိတ်နဲ့ပတ်သက်ပြီး လျှို့ဝှက်ဖို့မှာတယ်။ အဲ့ဒီစာအိတ်ထဲမှာ ဘာရှိသလဲဆိုတာကို ကျွန်မသိချင်လာတယ်။ နောက်မှာတော့ အဲ့ဒီစာအိတ်ကို ခွန်ယုမင်နဲ့ မစ္စတာဝူ ဆီယူလာလိုက်ပြီး ရေနွေးငွေ့ပေးပြီး ကျွန်မတိ့ ဖွင့်ဖတ်ကြတယ်။ ဒါပေမယ့်စာအိတ်ထဲမှာ မစတာရီရဲ့ လိပ်စာကဒ်ကလွဲလို့ ဘာမှာမရှိဖူး။ အဲံဒီအချိန်မှာ ခွန်ယုမင်ကျွန်မအတွက် စိုးရိမ်သွားတယ်။ မစတာရီသိသွားလို့ အဲ့ဒီစာနဲ့ ထောင်ချောက်ဆင်သလားလို့ပေါ့။ ကျွန်မတို့စာအိတ်ကို ပြန်ပိတ်ပြီး မစ္စတာရီကို လုပ်ကြံဖို့ကို အမြန်ဆုံးလုပ်ကြဖို့ စီစဉ်လိုက်တယ်။ အဲံဒီနောက် မစ္စတာရီခိုင်းတဲ့လူဆီ ကျွန်မသွားခါနီးမှာ မထင်မှတ်ပဲ ခွန်ယုမင်ဆီက ရလိုက်တယ်။ အဲ့ဒါကတော့ စိုးရီမ်မှုတွေ ပြည့်နေတဲ့ နွေးထွေးတဲ့ အနမ်းတစ်ခုပေါ့။ ကျွန်မ အဲ့ဒီအနမ်းကို မငြင်းရက်ပါဘူး။ ဒါပေမယ့် ကျွန်မသူ့ကိုတစ်ခွန်းပဲ ပြောလိုက်တယ်။ ဘာဖြစ်လို့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက အဲ့ဒီအနမ်းကို မပေးရတာလဲလို့ပေါ့။ သူ့ကိုကြောခိုင်းထွက်လာချိန်မှာ သူ့ဆီမှာ ၀မ်းနည်းမှုတွေ ဆုံးရှုံးမှုတွေ နာကြင်မှုတွေ ကျန်ခဲ့မယ်ဆိုတာ သူဖွင့်မပြောပေမယ့် ကျွန်မသိခဲ့တယ်။


----------------------------------။---------------------------------

ကျွန်မ စာအိတ်ကိုယူပြီး မစ္စတာရီ ပေးခိုင်းတဲ့လူရဲ့ လက်ထဲကို ထည့်လိုက်ချိန်မှာတော့ ကျွန်မရှိခဲ့တဲ့ သံသယတွေ စိုးရိမ်မှုတွေ အားလုံး အဝေးကိုလွင့်စင် ပျောက်ကွယ်သွားတယ်။ လျှို့ဝှက်မှုတွေ ရက်စက်မှုတွေ တိမ်မြုပ်နေတဲ့ မစ္စတာရီက လျှို့လျှို့ဝှက်ဝှက်နဲ့ပဲ သူ့ရင်ထဲက ကျွန်မအပေါ်ထားတဲ့ မြတ်နိုးမှုကို ပြလိုက်တယ်။ ကျွန်မကြည့်ခဲ့ရတဲ့ ရုပ်ရှင်တွေ၊ ပြဇာတ်တွေလို လွမ်းမောဖွယ်ရာ မကောင်းပေမယ့် စာအိတ်လေးထဲမှာ ထည့်ပေးလိုက်တဲ့ သူရဲ့တွယ်တာမှုတွေက တော်လှန်ရေးဆိုတဲ့ စကားလုံးကို ကျွန်မ ဦးနှောက်ထဲမှာ ၀ိုးတိုးဝါးတား ဖြစ်စေခဲ့တယ်။ ထိုလူက မစ္စတာရီရဲ့ လိပ်စာကဒ်ကို ထုတ်ကြည့်ပြီး ကျွန်မကို ရတနာမျိုးစုံထုတ်ပြတယ်။

အံ့သြမှုတွေနဲ့ ဆွံ့အနေတဲ့ ကျွန်မကို အဲ့ဒီလူက ကျွန်မမကြိုက်ဖူးထင်ပြီး အကောင်းဆုံးစိန်တစ်ပွင့်ကို ထုတ်ပြပါတယ်။ အဲ့ဒီစိန်က တကယ့်ရှားပါးတဲ့ ၆ ကာရက်ရှိတဲ့ ပန်းရောင်စိန်ကျောက်တစ်ခုပါပဲ။ အဲ့ဒီစိန်ကျောက်ကိုယူပြီး ကျွန်မအတွက် လက်စွပ်တစ်ကွင်း လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီလူဆီက ပြန်လာပြီး မြို့လည်ကကော်ဖီဆိုင်တစ်ခုကို ၀င်လိုက်ပါတယ်။ မျက်နှာဖြူ စားပွဲထိုးလေးဆီက ကျွန်မကော်ဖီတစ်ခွက်မှာပြီး ဖုန်းဆက်ခွင့်တောင်းလိုက်ပါတယ်။ ကျွန်မ ယုမင်တို့ကို ဖုန်းဆက်လိုက်ပြီး ကျွန်မတို့သာ နားလည်တဲ့ စကားနဲ့ လုပ်ကြံမှုစလို့ရပြီဖြစ်ကြောင်း အကြောင်းကြားလိုက်ပါတယ်။ အဲ့ဒီနောက် ကျွန်မစားပွဲမှာပြန်ထိုင်ရင်း မှန်ပြူတင်းမှတစ်ဆင့် အပြင်ကိုငေးကြည့်လိုက်တယ်။ မှန်ပြတင်းရဲ့ ဟိုဘက်ခြမ်းမှာတော့ မရပ်မနားသွားလာလှုပ်ရှားနေတဲ့လူတွေ၊ လမ်းသွားလမ်းလာတွေကို မျက်တောင်မခတ် စောင့်ကြည့်နေတဲ့ရဲတွေ ..........

----------------------------------။---------------------------------

လိမ္မော်ရောင်နေခြည်နုနုလေး အပြီးသတ် မပျောက်ကွယ်သွားခင်မှာ ဒီမြို့ပြရဲ့အလှကို မီးမောင်းထိုးပြနေသလိုပါပဲ။ ကျွန်မ မစ္စတာရီလာအကြိုကို ထိုကော်ဖီဆိုင်လေးထဲကကဲ ထိုင်စောင့်နေခဲ့တယ်။ မကြာခင်မှာပဲ မစ္စတာရီ ရောက်လာပြီး သူ့ကားကလေးနှင့် လက်စွပ်အပ်ခဲ့တဲ့ ဆိုင်လေးဆီ ပြန်လာခဲ့တယ်။

ဆိုင်ထဲကိုမ၀င်ခင် ကျွန်မ လေးပတ်ဝန်းကျင်ကို မသိမသာ အကဲခတ်ကြည့်လိုက်တယ်။ ဟောင်ကောင်မှာ ကျွန်မ ထွက်ပြေးလာပြီးနောက်ပိုင်း မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေအားလုံးကို ဆိုင်နားမှာ မယောင်မလည်နှင့် တွေ့လိုက်ပါတယ်။ နောက်ဆုံးလုပ်ကြံမှုအတွက် အားလုံးက အဆင်သင့် ဖြစ်နေကြပြီ။

မစ္စတာရီနှင့် ကျွန်မ ဆိုင်ထဲကိုဝင်လာပြီး အပ်ခဲ့တဲ့လက်စွပ်ကို ရွေးယူကြတယ်။ အဖြူရောင် စိန်သေးသေးလေးတွေ ၀န်းရံထားပြီး အလယ်မှာ ပန်းနုရောင်တောက်ပတဲ့ စိန်လက်စွပ်လေးက ကျွန်မဆီကို တုန်လှုပ်ဆွံအမှုတွေ၊ ဝေခွဲမရနိုင်မှုတွေ သယ်ဆောင်လာပေးတယ်။ ကျွန်မ လက်စွပ်ကို ချွတ်ဖို့ကြိုးစားပေမယ့် မစ္စတာရီက ကျွန်မကို ၀တ်ထားဖို့ပြောပါတယ်။ ကျွန်မကို စိုက်ကြည့်နေတဲ့ မစ္စတာရီရဲ့မျက်ဝန်းတွေက ကျွန်မရဲ့ လက်ချောင်းမှာ ရှိနေတဲ့ ပန်းနုရောင်စိန်ပွင့်လေးထက် များစွာတောက်ပလို့နေတယ်။


ထိုအချိန်မှာ နင့်ခနဲနေအောင် ခံစားလိုက်ရတဲ့ ခံစားမှု…..။ အချစ်နှင့်တူတဲ့ ခံစားမှု….။ အဲဒီခံစားမှုကို သွေးကြောတွေ၊ အသက်ရှူသံတွေ ကြားကနေတစ်ဆင့် ကျွန်မ သိလိုက်တယ်။ ကျွန်မ ဘာဆက်လုပ်ရမလဲ…..။ ကျွန်မ ဝေခွဲမရနိုင်တဲ့ ဆုံးဖြတ်ချက်တွေနှင့်အတူ ဟိုး….. ချောက်ကမ်းပါးအောက်ကို တဖြေးဖြေး ပြုတ်ကျသွားသလိုပါပဲ။ ကျွန်မအတွက် အချစ်ဆိုတဲ့ အရာကိုရွေးလိုက်ရင် ကျွန်မတို့ရဲ့ တော်လှန်ရေးကြီး ကျဆုံးသွားလိမ့်မယ်…..။ တကယ်လို့သာ ကျွန်မသာ ဒီတော်လှန်ရေးကို ရွေးလိုက်ရင် မစ္စတာရီတစ်ယောက် မကြာခင်………………။ ကျွန်မ မဆုံးဖြတ်တတ်တော့ဘူး။ ကျွန်မရဲ့ နှုတ်ခမ်းတွေ တစ်စတစ်စ လှုပ်နေပေမယ့် ဘာစကား တစ်ခွန်းမှ ထွက်မလာခဲ့ဘူး……..။

မစ္စတာရီက ကျွန်မကို ကြည်နူးမှု အပြည့်ဖြင့် ငေးကြည့်နေတယ်။ သူ့ရဲ့ကြည်နူးမှုအပြုံးကို ကျွန်မတစ်ခါမှ မတွေ့ခဲံဖူးဘူး။ အဲဒီအပြုံးတွေကြောင့်ပဲ ကျွန်မဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်ပြီး သူ့ကိုပြေးတော့လို့ သတိပေးလိုက်တယ်….။ ပထမတော့ သူ ကျွန်မကို နားမလည်သလို ငေးကြည့်နေတယ်….။ နောက်တော့လေအဟုန်လို ဆိုင်အပြင်ကိုပြေးထွက်သွားတယ်။ သေနတ်သံ တစ်ချက်နှစ်ချက်ကြားလိုက်ရပြီး သူထွက်ပြေးလွတ်မြောက်သွားတယ်။

ကျွန်မဆိုင်အပြင်ရောက်တော့ အရာအားလုံးက ပုံမှန်ပါပဲ။ နောက်တော့ ကျွန်မတွေ့တဲ့ ဆိုက်ကားကို ငှားလိုက်ပါတယ်။ ဆိုက်ကားသမားလေးက ကျွန်မကို အိမ်ပြန်မှာလားလို့မေးတော့ ကျွန်မက တစ်ခါမှ မရှိခဲ့ဘူးတဲ့ အိမ်အပြန်ကို အဓိပွါယ်မဲ့စွာပဲ အင်းလို့ဖြေလိုက်မိတယ်။ ဆိုက်ကားသမားလေးက လူတွေကားတွေကိုကျော်ပြီး သွက်သွက်လေးနင်းလိုက်တဲ့ အချိန်မှာ ဆိုက်ကားလက်တန်းမှာ တပ်ထားတဲ့ လေရဟတ်လေးက ၀ဲခနဲ……. ၀ဲခနဲ……..။ ကျွန်မရဲ့ စိတ်တွေကလည်း အဲဒီလေရဟတ်လေးလိုပဲ ပေါ့ပါးလွတ်လပ်သွားတယ်။ ဒါပေမယ့် မကြာပါဘူး။ ကျွန်မသွားမယ့်လမ်းကို ရဲတွေက ကြိုးတွေနဲ့ တားပြီးပိတ်လိုက်တဲ့အခါ ဘယ်သူမှအဲဒီလမ်းက ဖြတ်ကျော်လို့မရတော့ပါဘူး။ အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက အိမ်မှာ ထမင်းချက်နောက်ကျတော့မယ့်အကြောင်း ညည်းတွားရင်း ရဲတွေဆီမှာ ဒီလမ်းကနေ ဖြတ်သွားခွင့် တောင်းနေတာတွေ့လိုက်တော့ ကျွန်မ သူမရဲ့ အိမ်အပြန်ကို ငေးယောင်ကြည့်မိလိုက်တယ်။ အားလုံးရဲ့ အိမ်အပြန်လမ်းက အဓိပွါယ်ကိုယ်စီဖြင့် လှပနေသလောက် ကျွန်မအတွက်ကတော့…….။










ကျွန်မ အိမ်ပြန်ခွင့်တောင်းနေတဲ့ အမျိုးသမီးကို လှည့်ကြည့်ပြီးတဲ့နောက် အကျီင်္ထဲမှာ ထည့်ချုပ်ထားတဲ့ အဆိပ်ဆေးလုံးလေးကို ထုတ်လိုက်ပါတယ်။ ဆေးလုံးလေးကို လက်ထဲမှာ ကိုင်ထားလိုက်ပြီး ကျွန်မရဲ့ စိတ်အာရုံတွေက ဟိုးတစ်ချိန်တုန်းက သူငယ်ချင်းတွေနဲ့ အတူတူ ပြဇာတ်ကခဲ့တဲ့ ဇာတ်ရုံလေးဆီ ပြန်ရောက်သွားတယ်။ ကျွန်မရဲ့နာမည် ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ခွန်ယုမင်ရယ်၊ ရှုကျီရယ်… သူငယ်ချင်းတွေအားလုံး ပြဇာတ်ရုံမှာ ရောက်နေကြပြီလေ…………။