နူးညံ့သော တံခါးခေါက်သံနှင့်အတူ အခန်းတံခါးသည် ဟဟလေး ပွင့်သွား၏။ ထိုတံခါး၏နောက်ကွယ်မှာ ကျွန်တော်၏ပတ်ဝန်းကျင်က လူတွေနဲ့ အနည်းငယ်ကွဲပြားပြီး မျက်နှာဝိုင်းဝိုင်း မေးရိုးခပ်မြင့်မြင့်၊ နှုတ်ခမ်းပါးပါးလေးဖြင့် ချောမောလှပသော မျက်နှာလေးတစ်ခု ပေါ်လာသည်။ ထိုနှုတ်ခမ်းလေးသည် ပြုံးနေသည်ဟု ထင်ရသည်။ အခန်းထဲသို့ ၀င်လိုက်သောအခါ မွှေးပျံ့ချိုအီသောရနံ့သည် လေထဲတွင် လှိုက်မျောနေ၏။ ထိုအခန်းလေးထဲတွင် စားပွဲတင်မီးဆိုင်းလေးတစ်ခု ထွန်းထားပြီး မီးဆိုင်းလေး၏ အနီရောင်ဇာလွှာလေးမှ ယိုထွက်လာသော အနီရင့်ရင့်အလင်းတို့သည် နံရံများဆီသို့ ဖြာကျနေကြသည်။ ထိုနံရံများပေါ်မှာ အနီရောင်ဆန်သော ဓါတ်ပုံများစွာ ချိတ်ဆွဲထားပြီး လူတစ်ယောက်၏ ပုံစံအမျိုးမျိုးကို အဝေးအနီးမှနေ ရိုက်ကူးထားသော ပုံများသာ ဖြစ်ကြသည်။ အခန်းလေးသည်ကား အနီရောင်အလင်းအနုအဖျော့များဖြင့် လှပစွာ ငြိမ်သက်နေပါသည်။
ထိုအလင်းတို့သည် သူ၏ချောမွတ်သော မျက်နှာပေါ်ကို ၀ဲကျနေသည့်အခါ စွဲမက်ဖွယ်ကောင်းသည့် ညို့အားကို မီးမြိုက်လိုက်သလိုပင်။ ကျွန်တော်သူ့ကို ရီဝေေ၀ပြန်ကြည့်သည့်အခါ သူသည် သူ၏ညို့ဓါတ်တွေဖြင့် ကျွန်တော့်ကို ဖမ်းယူဖို့ ကြိုးစားသည်။ ကျွန်တော်စကားပြောဖို့ ကြိုးစားမိပြီး “မိုး” ဟု ခပ်တိုးတိုးလေး ခေါ်မိလိုက်သည်။ သူ၏ခပ်ရှရှလက်ချောင်းလေးတွေက ကျွန်တော့်နှုတ်ခမ်းလေးကို နူးညံ့စွာထိတွေ့လိုက်ပြီး ကျွန်တော်ပြောချင်သည့် စကားလုံးတွေအားလုံးကို ကျွန်တော့်နှလုံးသားထဲကို ပြန်ရိုက်သွင်းလိုက်သည်နှင့်တူသည်။ ကျွန်တော်ရုန်းမရတော့။ သူ့ခြေရင်းက အနီရောင်ကော်ဇောပေါ်ကို ကျွန်တော် လဲကျသွားမိတော့သည်။
ထို့နောက် မမြင်နိုင်သည့် အားတွေဖြင့် ကျွန်တော့်ကို ပွေ့ဖက်ထားလိုက်သည်။ နှင်းဆီသွေးရောင်လွှမ်းသည့် သူ့နှုတ်ခမ်းပါးပါးလေးအောက်မှာ ကျွန်တော်အသက်ရှူမှားကုန်သည်။ သူရဲ့အထိအတွေ့ကြားမှာ ကျွန်တော့်နှလုံးသွေးတွေသည် ရဲရဲနီလာ၏။ အနီရောင်တွေလွှမ်းနေသည့် သူ့ခန္ဓာကိုယ်တစ်ခုလုံးဖြင့် နီးကပ်သွားသောအခါ ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံးသည် ချာချာလည် သွားတော့သည်။
အိပ်မက်တစ်ခုလား။ အနီရောင်တွေ လွှမ်းနေသည့် ဗိမ္မာန်တစ်ခုလား။ ကျွန်တော်သေသေချာချာ မသိတော့။ ကျွန်တော်နိုးထလာသည့်အချိန်မှာ သူသည် ကျွန်တော့်ကို တင်းကျပ်စွာ ဖက်ထားသည်။ မာဆတ်ဆတ် သူ့ရဲ့လက်ချောင်းလေးများသည် ကျွန်တော့်ရဲ့ ဆံနွယ်တွေကြားထဲကို ပြေးလွှားဆော့ကစားနေသည်။ ကျွန်တော့်သူ့ကို မော့ကြည့်လိုက်သည့်အခါ သူသည် နှစ်လိုဖွယ်အပြုံးဖြင့် ကျွန်တော့်နဖူးလေးကို ဖွဖွလေးနမ်းသည်။ ထိုအနမ်းသည် နဖူးမှသည် ကျွန်တော့် ပါးပြင်ပေါ်ကို ရှိန်းခနဲ ကျလာသည်။ ကျွန်တော့်ပါးပြင်တွေပေါ်မှသည် ကျွန်တော်လည်ချောင်းလေးဆီကို နွေးခနဲ ရောက်သည်။ ကျွန်တော့်လည်ချောင်းလေးတွေမှတဆင့် ကျွန်တော့်အသည်းနှလုံးထဲကို ကျင်ခနဲရောက်သွားသည်။
“ချစ်တယ်”
ကျွန်တော်သူရဲ့ပါးလေးကို မထိတထိကပ်လိုက်ရင်း သူကြားရုံမပွင့်တပွင့်လေး ပြောလိုက်သည်။
ကျွန်တော့်စကားသံကြောင့် အခန်းထဲကအနီရောင်တို့သည် မှိန်ခနဲဖြစ်သွားသည်။ ကျွန်တော် သိသော အနီရောင်ပိုင်ရှင် မိုး၏အပြုံးတို့သည် ခပ်မဲ့မဲ့လေးဖြစ်သွားသည်။ ထို့နောက်မိုးသည် ကြက်သွေးရောင် မှီအုန်းလေးတစ်ခုပေါ် ခပ်ရဲ့ရဲ့လေးထိုင်ပြီး ပြုံးဖို့ကြိုးစားသည်။ ဒါပေမယ့် မိုး၏အပြုံးတွေသည် ခန္ဓာကိုယ်ဓါးချက်ထိပြီး ပျက်နေသည့် မြွေတစ်ကောင်လို အသက်မပါတော့။ ဘာဖြစ်လို့လဲ။ ကျွန်တော် ဘာမှားသွားလို့လဲ။ ကျွန်တော်သူ့ကို မေး၏။ အဖြေအစား နာကျင်နေသည့် သူ၏အပြုံးတွေသာ ကျွန်တော်ထပ်ရလိုက်တော့သည်။
မိုးရဲ့အပြုံးတွေကြားမှာ အားငယ် အထီးကျန်သည့် ပင့်သက်ရှိက်ခတ်မှုတွေသည် စီးမျောနေကြသည်။ ကျွန်တော် သူ့ရဲ့ အထီးကျန်ဆန်မှုတွေကို အဝေးဆုံးကို သယ်ယူသွားချင်ပေမယ့် သူသည် သယ်ယူခွင့် မပြုခဲ့….။
“မင်းကို တစ်ယောက်တည်း.. ကျွန်တော် ဘယ်တော့မှ မထားခဲ့ပါဘူးကွာ…. ”
“တစ်ယောက်တည်း……”
မိုးသည်တိုးတိုးလေး ရေရွတ်လိုက်ရင်း ရယ်လေသည်။ တစ်ယောက်တည်းဆိုသည့် စကားသည် သူ့အတွက် ရယ်စရာတစ်ခုများလား။
“ကိုကလည်း…. မိုးကို သည်လိုပဲ ပြောခဲ့ဖူးတယ်။ မိုးကို တစ်ယောက်တည်း ဘယ်တော့မှ မထားခဲ့ပါဘူးတဲ့… အခုတော့လည်း …. မိုး……တစ်ယောက်တည်းပါပဲ”
မိုးသည် တစ်ခုခုနာကျင်နေဟန်ဖြင့် တိုးတိုးလေးပြောသည်။ သူပြောသော မိုးရဲ့“ကို”ဆိုသည်မှာ သူ၏အချစ်ဦးတစ်ယောက်ဖြစ်ခဲ့ဖူးသည်။ ဒါပေမယ့် ကျွန်တော်က သူ့ရဲ့ အချစ်ဦးလို သူ့ကိုတစ်ယောက်တည်း ပစ်ထားခဲ့မှာ မဟုတ်…။ သူယုံလာအောင် ကျွန်တော် ဘယ်လိုသက်သေပြရမလဲ….။ သူသည် ကျွန်တော့်ဘက်ကို ခေါင်းလေးငဲ့လိုက်ရင်း တိုးတိုးလေးပြောသည်။
“မိုးက ဗမာလူမျိုးတစ်ယောက်ပါ….။ ဗမာဆန်တဲ့ မိုးကို…. ဘယ်လောက်ထိ သည်းခံပြီး ပေါင်းနိုင်မှာလဲ…။ မိုးတို့ နှစ်ယောက်ကြားမှာ မတူညီတဲ့ အတိုင်းအတာ တစ်ခုကို ဘယ်လို ဖြည့်ဆည်းနိုင်မှာလဲ…….။ မိုးက တရုတ်စကားလည်း မပြောတတ်ဘူး…..။ အဲလက်စ်ရဲ့ ပတ်ဝန်းကျင်မှာ မိုးရပ်တည်ဖို့လည်း ခွန်အားတွေ မရှိတော့ဘူး။”
ကျွန်တော် သူ့ရဲ့ လက်ကလေးကို ယုယစွာ ထွေးပွေ့လိုက်ရင်း…….
“ကျွန်တော်က….. မိုးရဲ့ ရည်းစားဟောင်းလို ယဉ်ကျေးမှုမတူညီတာလေး တစ်ချက်နဲ့ နောက်ဆုတ်လိမ့်မယ်လို့ မင်းထင်လို့လား….။ ကိုယ်တို့နှစ်ယောက်ကြားမှာ ပြောစရာ အကြောင်းအရာတွေ နည်းပါးပြီး ခြောက်ကပ်နေမယ်လို့ မိုး…. ထင်လို့လား။ ကိုယ့်ရဲ့ ယဉ်ကျေးမှုကလည်း အာရှကပါပဲ… မင်းရဲ့ ယဉ်ကျေးမှုကလည်း အာရှကပါပဲ….။ ကိုယ်တို့တတွေမှာ တူညီတာတွေ အများကြီး ရှိကြပါတယ်ကွာ……။”
ကျွန်တော် သူ့ကိုပြောလိုက်သည့်အချိန်မှာ ကြမ်းပြင်ပေါ်မှာ ထွန်းညှိထားသည့် အနီရောင်ဆီမီးခွက်မှ မီးလျှံလေးသည် လေထိလိုက်သလို ယိမ်းခနဲ ဖြစ်သွားသည်။ မိုးသည် မီးလျှံလေးကို လက်ညိုးလေးဖြင့် ထိဖို့ကြိုးစား၏။ ပျော်ဝင်နေသော ဖယောင်းစတို့ကို လက်သည်းခွံလေးဖြင့် ဖဲ့ယူ၏။ မိုး၏ လက်သည်းခွံလေးတွင် အနီရောင်ဖယောင်းစက်တို့သည် စေးကပ်ပြီး ပါလာသည်။ ထိုဖယောင်းစက်လေးများကို စုပြီး လုံးလိုက်သည့်အခါ ညီညာပြောင်ချောသော အနီရောင် ဖယောင်းစက်လုံးလေး ဖြစ်သွားသည်။
“အဲလက်စ်ရယ်…… ကိုနဲ့ မိုးနဲ့…. မတူညီတဲ့ ယဉ်ကျေးမှုကို ညှိယူဖို့ကြိုးစားခဲ့ဖူးတယ်။ အခု.. ကိုယ်ယူလိုက်တဲ့ ဖယောင်းစလေးလိုပဲ….အရည်ပျော်နေတဲ့ ဖယောင်းစလေးကို ယူချင်လျင် အပူဒဏ်ကို ခံရမယ်……။ ကိုယ်လိုချင်တဲ့ ပုံစံရဖို့ ဒီဖယောင်းစလေးကို ပူနေတဲ့ အချိန်မှာ ပုံသွင်းရမယ်။ ပုံသွင်းပြီးလျင်လည်း ကိုယ်လိုချင်တဲ့ ပုံစံလေးအတိုင်း ကြာရှည်ခံဖို့ အခြောက်ခံရဦးမယ်။ အဲသည်လိုအခြောက်ခံဖို့ အချိန်ယူရဦးမယ်…..။ မိုးတို့နှစ်ယောက်စလုံးက အပူဒဏ်လည်းခံပြီးပြီ….။ ပုံစံလည်း သွင်းပြီးပြီ…။ ဒါပေမယ့် ကို့ဆီမှာ…… အချိန်ယူပြီး အခြောက်ခံဖို့ စိတ်မရှည်ခဲ့ဘူး….။ အဲလက်စ်ဆီမှာရော အဲသည်လို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ဖို့ အချိန်ရရဲ့လား…..။ ဒို့နဲ့ အဲလက်စ်က အသက်ရှစ်နှစ်တောင် ကွာတယ်နော်……။ အဲလက်စ်က ရင့်ကျက်ပေမယ့် ဒို့က အဲလက်စ်လောက် မရင့်ကျက်သေးဘူး။ ဒို့နှစ်ယောက်ကြားမှာ အသက်ကွာဟမှုက အခုလို ဖယောင်းစက်လေး ခြောက်သွေ့သွားမယ့်အချိန်လို စောင့်နိုင်ဖို့ခက်တယ်……. မိုးရွေးချယ်ခဲ့ဘူးတဲ့ မိုးရဲ့ ချစ်သူကအဲသည်အတွက် စိတ်မရှည်ခဲ့ဘူးလေ….။ မိုးလည်း နောက်ထပ်တစ်ယောက်ကို အချိန်ကာလတစ်ခုပေးပြီး ဖယောင်းစက်လေး ခြောက်ဖို့ နောက်ထပ် အချိန်ထပ်မယူချင်တော့ပါဘူး….။”
မိုးကို ကျွန်တော် စိုက်ကြည့်လိုက်မိသည်။ ကျွန်တော် သူ့အတွက် ဘာမဆို စိတ်ရှည်စွာ ဖန်တီးယူဖို့ သေချာသည်။ ကျွန်တော် သူ့ကို ပျော်အောင်ထားချင်သည်။ သူ ကျွန်တော့်ထက် အများကြီးငယ်သောကြောင့် သူဆိုးသမျှဒဏ် ကျွန်တော် ခံဖို့အသင့်ပါပဲ။
“အသက်ကွာဟမှုက အဓိကကျလို့လားကွာ…. တစ်ယောက်နဲ့တစ်ယောက်ချစ်ကြရင် အသက်ကွာဟမှုက အရေးမပါပါဘူး…. နားလည်မှုက အဓိကပါ”
“မိုးလည်း အဲသည်လို ထင်ခဲ့တာပဲ….. နောက်တော့လည်း အချစ်ပြယ်သွားတဲ့အခါ အသက်ကွာဟမှုက တရားခံဖြစ်သွားကြတာပဲ…”
မိုး…. ဘာကို ကြောက်နေတာလဲ….။ အသက်ကွာဟမှုကို မိုး.. စိုးထိတ်နေတာလား။ ဒါမှမဟုတ် နာကြင်ခဲ့ရသော မိုးရဲ့ နှလုံးသားတွေသည် နောက်ထပ်နာကြင်မှုတွေ တိုးလာမှာကို ကြောက်ရွံနေမိတာလား။ မိုးသည် အရင်တုန်းက ချစ်သူကိုပဲ စောင့်မျှော်နေချင်မိတာလား။ ကျွန်တော်မိုးရဲ့ လက်ဖ၀ါးလေးကို ဖြစ်ညှစ်လိုက်မိသည်။
အရင်တုန်းက မိုးရယ် ကိုရယ်… ကျွန်တော်ရယ် သုံးယောက်စလုံး ပျော်ရွှင်စွာ အချိန်များစွာကို ဖြတ်သန်းခဲ့ဘူးသည်။ ထိုအချိန်တုန်းက မိုးသည် ပီဘိကလေးလေးတစ်ယောက်လို လွတ်လပ်စွာ ရယ်မောနိုင်ခဲ့သည်။ အခုတော့လည်း မိုးသည် ဒဏ်ရာရနေတဲ့ ငှက်ကလေးတစ်ကောင်လို ခွေခေါက်စွာ ထောင့်တစ်နေရာမှာ ပုန်းကွယ်နေဖို့ ကြိုးစားနေတာနှင့်တူသည်။
“တခါတလေ မေးလိုက်ချင်တယ်….. သိလား…… ကိုယ့်ကို အကြိမ်ပေါင်းများစွာပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့ သူ့စကားတွေ…. သူ့ချစ်သူသစ်ကို ဘယ်နှစ်ကြိမ်တောင် ပြောပြီးပြီလဲလို့…….”
မိုးသည် သူပြောတဲ့ စကားကို သူ့ဘာသာ သဘောကျပြီး တသိမ့်သိမ့်ရယ်လေသည်။
“အခုလောက်ဆို သူလည်း…. သူရဲ့ချစ်သူအသစ်နဲ့ပျော်နေမှာပေါ့ကွာ… မိုးအပေါ်သစ္စာမရှိတဲ့ လူတစ်ယောက်ကို ဘာလို့ဆက်ပြီးတမ်းတနေရတာလဲ…”
မိုး၏ချစ်သူသည်… မိုးကို တိတ်ဆိတ်စွာ ထားသွားသည်။ မိုးကို သူ့ရဲ့ အသက်ရှူသံတွေနဲ့ အတူ ထပ်တူချစ်ခဲ့ပါသည်ဆိုသော သူသည်… အခုတော့လည်း သူ၏ဘ၀အတွက် မိုးသည် လက်တွဲဖော်ကောင်းကောင်း မဖြစ်ခဲ့ဘူး ထင်ခဲ့၏။ သူယုံကြည်သော နောက်ထပ်လက်တစ်စုံအတွက် မိုးရဲ့ လက်အစုံကို တိတ်ဆိတ်စွာ နှုတ်ဆက်ခဲ့သည်။
“ကိုယ့်ကိုပစ်ပြီး နောက်တစ်ယောက်ရဲ့ရင်ခွင်ထဲမှာ ပျော်နေတဲ့သူ့ကို… ကိုယ်အပြစ်မမြင်ပါဘူး….. ကိုယ့်ဘက်က လိုအပ်ချက်တွေ ရှိနေလို့သာ…. ပြည့်စုံတဲ့ လူတစ်ယောက်ကို သူရှာတွေ့သွားလို့ နေမှာပါ….။ ဒါမှမဟုတ် ကိုယ်ညံ့လို့ … ကိုယ့်အချစ်တွေ တစ်ခြားတစ်ယောက်ခိုးသွားတာ ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်…. သူ့ကို အပြစ်မမြင်ရက်ပါဘူး…”
မိုးရဲ့ အသံတွေသည် တစ်ချက်တစ်ချက် တုန်ခါသွားသည်။ မိုးသည် အနီရောင်ဘောင်တွေ ကွပ်ထားသည့် မျက်နှာပိုင်ရှင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ နံရံပေါ်က ထိုဓါတ်ပုံတွေအတွက် ကျွန်တော်နဲ့ မိုး…. တစ်ပတ်ကြာသည်အထိ စကားမပြောဘဲ နေဖူးခဲ့သည်။ ပြီးဆုံးခဲ့သော သံယောဇဉ်လက်ကျန်တွေကို မိုးသည် ထိုဓါတ်ပုံတွေနဲ့ ပြန်ဖြည့်ဖို့ ကြိုးစားနေခဲ့သည်။ ဒါပေမယ့် မိုးထင်ထားသော သံယောဇဉ်လက်ကျန်များသည် မိုးထင်သလို မတိုးလာခဲ့။ သွေးချင်းချင်းနီနေသော ဒဏ်ရာတွေသာ တိုးလာခဲ့၏။
ဓါတ်ပုံထဲမှ မျက်မှန်တပ်ထားသောလူရွယ်၏ မျက်လုံးများသည် ကြင်နာသော နူးညံ့သော မျက်လုံးများဖြင့် မိုးကို စိုက်ကြည့်နေကြ၏။ တစ်ချိန်က ပြုံးပြနေသော ထိုလူရွယ်၏ အကြည့်တို့သည် အတိတ်၏ပုံရိပ်ပမာ စွဲကျန်နေကြပြီး……. အတူတကွ ရှိခဲ့သော အချိန်ကာလတစ်ခုကိုသာလျင် ရပ်တန့်နေသည့် နာရီပမာ ညွှန်းဆိုနေကြသည်။ အနာဂတ်တွင်ကား ထိုလူ၏ကြည်နာဖွယ်ကောင်းသော အကြည့်တို့သည် မိုးအတွက်မရှိတော့။ စူးစူးနစ်နစ်ဖြင့် မျှော်လင့်ခြင်းများစွာဖြင့် ကြည့်နေသော မိုး၏အကြည့်တို့ကို ထိုလူရွယ်ကား ပြန်၍တုန့်ပြန်လိမ့်မည်ကား မဟုတ်တော့ပါ။
ကျွန်တော်မိုးကို အားမလို အားမရ ဖြစ်လာသည်။ နာကြင်မှုတိုင်းမှာ အချိန်ကာလ သတ်သတ်မှတ်မှတ်ရှိကြ၏။ အချိန်တန်လျင် ထိုနာကြင်မှုတွေသည် အငွေ့ပါးပါးလေးလို ဖြေးညင်းစွာ ပျောက်ကွယ်သွားတတ်ကြ၏။ ဒါပေမယ့် မိုးသည် ထိုအချိန်ကာလတွေကို ဆွဲဆန့် နေချင်ခဲ့သည်။ ကျွန်တော်မိုးရဲ့ပုခုံးကို ခပ်ကြမ်းကြမ်း လှုပ်ခါမိလိုက်သည်။
“တော်သင့်ပြီမိုး…. တော်သင့်ပြီ….. ဆုံးရှံးသွားတဲ့ အရာတစ်ခုကို တမ်းတနေမယ့်အစား.. ကိုယ့်လက်ထဲမှာ ရှိတဲ့အရာတစ်ခုကို တန်ဖိုးထားသင့်တယ်….. လက်ထဲကအရာပါ ဆုံးရှံးသွားလျင်တော့ ဘာကိုမှ ပြန်ရမှာ မဟုတ်တော့ဘူးဆိုတာ… နားလည်ရဲ့လား…..”
မိုးသည် ကျွန်တော့်လက်ထဲကနေ ရုန်းထွက်လိုက်ပြီး နောက်သို့ ဆုတ်လိုက်၏။ စားပွဲပေါ်မှာ နှင်းဆီပန်းများ စိုက်ထိုးထားသော အနီဖျော့ဖျော့ပန်းအိုးလေးသည် မိုးလက်နဲ့ တိုက်မိပြီး ကျကွဲသွားသည်။ မိုးသည် ကျွန်တော့်ကို စူးရဲသည့် မျက်လုံးတွေဖြင့် တုန့်ပြန်သည်။ ကျွန်တော် ထိုအကြည့်တွေကို မုန်းသည်။ ကျွန်တော် မုန်းသည့် အကြည့်တွေကို မိုးသည် ဘာလို့ ပေးနေရတာလဲ။ မိုးသည် ချာခနဲ လှည့်သွားပြီး အတိတ်က ပုံရိပ်တွေ ချိတ်ဆွဲထားသည့် နံရံဘက်ကို လှည့်လိုက်သည်။
မိုးသည် ကျွန်တော့်ကို တိတ်ဆိတ်စွာ ကျောခိုင်းလိုက်ပါသည်။
ကျွန်တော် စိုးရိမ်စွာ နောက်ဆုတ်လိုက်ချိန်မှာ ကျွန်တော်တွန်းဝင်ခဲ့သော တံခါးတစ်ချပ်သည် ကျွန်တော့်နောက်ကျောကို အေးစက်စွာ ထိနေသည်။
“ပြန်မယ်ဆိုလျင်….. တံခါးကို ပြန်ပိတ်ပေးခဲ့ပါ။”
မိုးသည် ကျွန်တော့်ကို မကြည့်ဘဲ အေးစက်သည့် စကားလုံးတွေဖြင့် နှုတ်ဆက်သည်။
“လူတစ်ယောက်ဟာ…. သူချစ်တဲ့ ချစ်သူတစ်ယောက်ကို စွန့်ပစ်သွားဖို့ လုံလောက်တဲ့ အကြောင်းအရာတွေ ရှိလို့သာ ကျောခိုင်းသွားတတ်ကြတာ…လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အတ္တပါတယ် မိုး…. ကိုယ်လိုချင်နေတဲ့ အရာတွေကို ကိုယ်ချစ်တဲ့လူဆီမှာ ရှိနိုင်မယ်ထင်တဲ့ မျော်လင့်ချက်တွေနဲ့ ရှာဖွေရင်း…… ရင်ခုန်ရင်း ချစ်သွားတတ်ကြတယ်…… သူလိုချင်တဲ့ အရာတွေ မရှိတော့မှန်း သိလိုက်တဲ့ တစ်နေ့မှာ အဲသည် ရင်ခုန်သံတွေကလည်း အလိုလို ရပ်တန့်သွားတတ်ကြတယ်….။ ရပ်တန့်နေတဲ့ ရင်ခုန်သံတွေကို… လှုပ်နိုးဖို့ ကြိုးစားနေတယ်ဆိုလျင်တော့…. မိုးအတွက်… ကျွန်တော်….. ဆုတောင်းလိုက်ပါတယ်….. မိုး ကံကောင်းပါစေ….”
မိုးသည် ကျွန်တော့်ကိုဖြတ်ခနဲ လှည့်ကြည့်ပြီး အနီရောင်ဓါတ်ပုံတွေကိုသာ ပြန်ပြီး မော့ကြည့်နေ၏။ မိုးရဲ့ ဖြတ်ခနဲအကြည့်မှာ မိုးရဲ့ မျက်ဝန်းတွေသည် လတ်ခနဲ ဖြစ်သွားသည်။
ကျွန်တော့်ရဲ့ စကားတွေကို မိုးနားလည်လိုက်တာလည်း ဖြစ်ချင်ဖြစ်မည်။ အရင်လိုပဲ မိုးရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေ စွန်းထင်ရစ်နေတာလည်း ဖြစ်ချင်ဖြစ်မည်။
ကျွန်တော်တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ တိုးညင်းသည့် တံခါးချက်ကျသံနှင့်အတူ အနီအလင်းတို့ ပျောက်ကွယ်သွားကြ၏။ တံခါးလေး၏ဟိုဘက်ခြမ်းမှာတော့ အနီရောင်အခန်းလေးသည် ဟိုး….. အရင်လိုပဲ တိတ်ဆိတ်စွာကျန်ခဲ့ပါတော့သည်။
၁၅ ဒီဇင်ဘာ ၂၀၀၉
၉း၅၅ ညနေ

19 ယောက်ကဒီလိုမြင်တယ်တဲ့...:
"လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အတ္တပါတယ် "
မှန်လိုက်တာ။ လောလောဆယ် အဲ့ဒီစကားလေးပဲ ကြိုက်လို့။ နောက်တစ်ခါ ပြန်ဖတ်ပြီးမှ ထပ်လာရေးတော့မယ်။
ရန်ကုန်မှာ ကောင်းကောင်းနေ။ ကုမနေနဲု့ ကြားလား
လွမ်းသုရင်
ချစ်တယ်ဆိုတာ အတ္တပါတယ်ဆိုပေမယ့်၊ တခါတလေတော့လဲ ကိုယ့်အတ္တဆိုတာ သူဖြစ်သွားတတ်ပါတယ်ကွာ ....
“လူတစ်ယောက်ဟာ…. သူချစ်တဲ့ ချစ်သူတစ်ယောက်ကို စွန့်ပစ်သွားဖို့ လုံလောက်တဲ့ အကြောင်းအရာတွေ ရှိလို့သာ ကျောခိုင်းသွားတတ်ကြတာ…လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အတ္တပါတယ် မိုး…. ကိုယ်လိုချင်နေတဲ့ အရာတွေကို ကိုယ်ချစ်တဲ့လူဆီမှာ ရှိနိုင်မယ်ထင်တဲ့ မျော်လင့်ချက်တွေနဲ့ ရှာဖွေရင်း…… ရင်ခုန်ရင်း ချစ်သွားတတ်ကြတယ်…… သူလိုချင်တဲ့ အရာတွေ မရှိတော့မှန်း သိလိုက်တဲ့ တစ်နေ့မှာ အဲသည် ရင်ခုန်သံတွေကလည်း အလိုလို ရပ်တန့်သွားတတ်ကြတယ်….။
စဉ်းစားသွားတယ် အကိုရေး)
ကျွန်တော်လည်း သဘောတူတယ်။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အတ္တပါတယ်...သိပ်မှန်တာပေါ့။
အစ်ကိုက တင်လည်းမတင်ဘူး။ တင်တော့လည်း လက်ဖျားခါလောက်တဲ့ပို့စ်တွေပဲ တင်တာကိုး
ချစ်တယ် ဆိုတာ အတ္တပါတယ် ...
အဲ့နားလေးက ရေးထားတဲ့
စာပိုဒ် လေး ဖတ်ပြီး
ခေါင်းထဲ မှာ
စဉ်းစား စရာ လေး အတွေးလေးတွေ
ပေါ်လာမိတယ် ...
စကားလုံးတိုင်းရော
ဇာတ်အိမ်ဖွဲ့စည်းမှုရောဘာမှပြောစရာမလိုဘဲ
ကြိုက်မိတဲ့အတွက် ဟိုက်လိုက်တ် လုပ်မသွားတော့ဘူး
လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အတ္တပါတယ် <<<ဆိုတဲ့စကားလုံးလေးကတော့ သွေးထွက်အောင်မှန်တယ်လို့ထင်မိပါတယ
်သက်ပိုင်သူရေ..သိပ်ကောင်းတဲ့ပို့စ်လေးပါ
ကိုမိုးခါးစဉ်းစားတဲ့ စာပိုဒ်ကို ကျနော်လဲ စဉ်းစားသွားတယ်.. ပြီးတော့ လက်ခံမိတယ်ဗျာ.`
နောက်ပြီး ရန်ကုန်ရောက်နေတဲ့ အကိုရေ ကျနော်မှာထားတာလေး အချိန်ရရင်ကြည့်ခဲ့ဖို့ မမေ့နဲ့နော်
အဟဲ..မှားလို့ ခုမှသေချာကြည့်မိတယ်။ပုံလေးထဲမှာ ဆံပင်ရှည်လေးနဲ့ မိုးခါးဆိုတာ ကိုမိုးခါးမဟုတ်ဘူး။
မမိုးခါးပဲ ဖြစ်ရမယ်။
အင်း... မြတ်နိုးတဲ့ အရာတခုကို စွန့် ပစ်တယ်ဆိုတာ လုံလောက်တဲ့ အကြောင်းရင်းရှိလို့ ဆိုတာ လက်ခံတယ်...
ဘယ်သူမဆိုတော့ သက်မဲ့ပစ္စည်းဖြစ်ဖြစ်၊ သက်ရှိဖြစ်ဖြစ် မပစ်ချင်ရက်ပေမဲ့ ပစ်စရာကောင်းတဲ့ အချက်ခိုင်လုံရင်တော့ ပစ်ရမှာပဲ...
=)
ပစ်ပြီးသွားရင် နောက်လှည့်မကြည့်တဲ့ လူထဲမှာတော့ မေသူပါတယ်ထင်တာပဲ...
ချစ်တယ်ဆိုတာ အတ္တပါတယ်ဆိုပေမဲ့... တဖက်လူအတွက်တော့ ဒဏ်ရာမဖြစ်သင့်ဘူးပေါ့... အတ္တက ကောင်းမွန်တဲ့ အတ္တဖြစ်ဖို့ သာလိုတာပါ
တွေးသွားပါတယ်။
ဒီပို့စ်လေးကို ဖတ်ပီး “ချစ်တယ်” ဆိုတဲ့ စကားလုံးလေးကို မှတ်မှတ်ထင်ဖြစ်သွားတယ်။ ဒါဆို မိုးက အဲလက်စ် ကို မချစ်ဘူးလား။ ဒါဆို ဘာကြောင့်?????
မိုးက သံယောဇဉ်တော့ ရှိမယ်ထင်ပါတယ်..
တစ်ခုခုကို သတိရသွားတရ်...
ဟိုက်ရှား...အလွန်ကောင်း .
စာကောင်းတစ်ခုခု ကို ဆာလောင်နေတဲ့ လူအတွက် တကယ်အာဟာရပြည့်လိုက်စေတယ်..
(အခုတော့လည်း မိုးသည် ဒဏ်ရာရနေတဲ့ ငှက်ကလေးတစ်ကောင်လို ခွေခေါက်စွာ ထောင့်တစ်နေရာမှာ ပုန်းကွယ်နေဖို့ ကြိုးစားနေတာနှင့်တူသည်။)
အချစ်ကို ပုန်းလို့ ရသလား???
အချစ်ကို ပုန်းတာလဲ ဟုတ်ချင်မှ ဟုတ်မှာနော်။
အင်း..
ခိုင်လုံတဲ့ အကြောင်းပြချက်ရှလို့သာ စွန့်ခွါသွားတာ..
အေးပေါ့ဗျာ..
မိုးရေထဲမှာ ငိုနေသူတစ်ယောက်အတွက် ပတ်ဇဝင်းကျင်က မသိနိုင်ပါဘူး.. ကာယကံရှင်မှတစ်ပါးပေါ့..
ရေးထားတာလေး ကောင်းတယ်ဗျာ..
ပျော်ရွှင်ပါစေဗျာ
စည်သူ။
ကာလာတွေအားလုံးထဲမှာ အနီရောင်ကအားအပြင်းဆုံးပဲ… ချစ်ခြင်းမေတ္တာရဲ့အရောင်၊ ရဲရင့်မှုရဲ့အရောင်၊ သွေးရဲ့အရောင်….။ ဇာတ်လမ်းတခုလုံးမှာ အနီရောင်တွေဖုံးလွှမ်းနေတာကိုကြိုက်တယ်..။ အချစ်ဒဏ်ရာတွေကို အနီရောင်အခန်းထဲမှာကုစားနေတဲ့ အတောင်ကျိုးတဲ့ငှက်ငယ်တကောင်ပေါ့နော်…။ တနေရာမှာဖတ်ဖူးတယ်.. suicide ဖို့ကြိုးစားနေတဲ့သူတွေကို အနီရောင်အခန်းထဲမှာထားရင်း ကိုယ့်ဟာကိုယ်သတ်သေဖို့ရာခိုင်နှုန်းပိုများတယ်တဲ့..။ ဒီအနီရောင်အခန်းမှာနေရင် အတိတ်တွေပြန်ပူနွေးလာနိုင်တယ်.. အချစ်ရဲ့ဒဏ်ရာတွေကို ကုစားဖို့ဆိုရင်တော့ ကိုယ့်ရဲ့နှလုံးသားအနီရောင်အခန်းလေးထဲကပဲ ထွက်လာရမှာပေါ့။
“ပြန်မယ်ဆိုလျင်….. တံခါးကို ပြန်ပိတ်ပေးခဲ့ပါ။” တဲ့… အဲ့စာသားလေးကိုကြိုက်တယ်..။
တခေါက်ကဆို အနီရောင်မွေ့ရာ၊ ခေါင်းအုံး၊ စောင်တွေခင်းထားတဲ့အခန်းလေးထဲမှာ အနီရောင်မီးအိမ်လေးထွန်းရင်း.. ဒီလိုစိတ်ကူးယဉ်ဖူးတယ်.။ တကယ့်ကို လူ့လောကနဲ့အဆက်အသွယ်ပြတ်သွားလောက်အောင်ပဲ ညှိှု့အားရှိတယ်ဆိုတာ သိလိုက်ရတယ်.. အစထဲကအနီရောင်ကြိုက်တာလည်းပါမှာပေါ့လေ :) အခု ဒီဝတ္ထုတိုကိုဖတ်လိုက်ရတော့ ခံစားမှုတွေထပ်တူကျသွားတယ်။ အရမ်းကောင်းပါတယ်။ နောက်လည်းဒီလိုစာကောင်းပေကောင်းတွေအများကြီးရေးသွားနိုင်ပါစေလို့ .. :)
ကိုယ်အလိုချင်ဆုံးအရာတစ်ခုကို လက်လွှတ်ဆုံးရှုံးရတာလောက် နာကျင်စရာကောင်းတာ မရှိပါဘူး... ပိုဆိုးတာက သူက ကိုယ့်ရဲ့ အချစ်ဦးလည်းဖြစ်၊ ကိုယ်က မိန်းကလေးဖြစ်နေတာကြောင့်လည်း ပါပါလိမ့်မယ်... ယောက်ျားလေးဆိုရင်တော့ ဒီလောက် နှစ်ရှည်လများကြာစွာ ခံစားနေမှာ မဟုတ်ပါဘူး... One go Two come pot... ဒီစကားက အခုဆိုရင် Date Out သွားပြီထင်ပါတယ်... One go Many come pot... rite???
Anyway, I like ur post... :)
လူတစ်ယောက်ဟာ…. သူချစ်တဲ့ ချစ်သူတစ်ယောက်ကို စွန့်ပစ်သွားဖို့ လုံလောက်တဲ့ အကြောင်းအရာတွေ ရှိလို့သာ ကျောခိုင်းသွားတတ်ကြတာ…လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အတ္တပါတယ် မိုး…. ကိုယ်လိုချင်နေတဲ့ အရာတွေကို ကိုယ်ချစ်တဲ့လူဆီမှာ ရှိနိုင်မယ်ထင်တဲ့ မျော်လင့်ချက်တွေနဲ့ ရှာဖွေရင်း…… ရင်ခုန်ရင်း ချစ်သွားတတ်ကြတယ်…… သူလိုချင်တဲ့ အရာတွေ မရှိတော့မှန်း သိလိုက်တဲ့ တစ်နေ့မှာ အဲသည် ရင်ခုန်သံတွေကလည်း အလိုလို ရပ်တန့်သွားတတ်ကြတယ်….။ ရပ်တန့်နေတဲ့ ရင်ခုန်သံတွေကို… လှုပ်နိုးဖို့ ကြိုးစားနေတယ်ဆိုလျင်တော့…....
အရမ်းကြိုက်မိတဲ့စာသားလေးပါဘဲ
စွန့်ပစ်ပြီဆိုထဲက အဲဒီသူဆီမှာ ခွင့်မလွှတ်နိုင်တဲ့ပြစ်ချက်တွေရှိနေလို့ပေါ့
အတွေးများစွာ ပြန်သွားတယ် ပိုင်ပိုင်ရေ
ပို့စ်လေးကကောင်းလွန်းလို့ ဆုံးသွားမှန်းတောင်မသိလိုက်ဘူးး
သက်ပြင်းတောင်ရဲရဲမချရဲဘဲအဆုံးထိဆက်ဖတ်လိုက်တယ်...
ပို့စ်ကောင်းလေးတွေမျှော်နေမယ်..
“မိုးကို ကျွန်တော် စိုက်ကြည့်လိုက်မိသည်။ ကျွန်တော် သူ့အတွက် ဘာမဆို စိတ်ရှည်စွာ ဖန်တီးယူဖို့ သေချာသည်။ ကျွန်တော် သူ့ကို ပျော်အောင်ထားချင်သည်။ သူ ကျွန်တော့်ထက် အများကြီးငယ်သောကြောင့် သူဆိုးသမျှဒဏ် ကျွန်တော် ခံဖို့အသင့်ပါပဲ။”
“ကျွန်တော်မိုးကို အားမလို အားမရ ဖြစ်လာသည်။ နာကြင်မှုတိုင်းမှာ အချိန်ကာလ သတ်သတ်မှတ်မှတ်ရှိကြ၏။ အချိန်တန်လျင် ထိုနာကြင်မှုတွေသည် အငွေ့ပါးပါးလေးလို ဖြေးညင်းစွာ ပျောက်ကွယ်သွားတတ်ကြ၏။ ဒါပေမယ့် မိုးသည် ထိုအချိန်ကာလတွေကို ဆွဲဆန့် နေချင်ခဲ့သည်။ ကျွန်တော်မိုးရဲ့ပုခုံးကို ခပ်ကြမ်းကြမ်း လှုပ်ခါမိလိုက်သည်။”
“လူတစ်ယောက်ဟာ…. သူချစ်တဲ့ ချစ်သူတစ်ယောက်ကို စွန့်ပစ်သွားဖို့ လုံလောက်တဲ့ အကြောင်းအရာတွေ ရှိလို့သာ ကျောခိုင်းသွားတတ်ကြတာ…လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အတ္တပါတယ် မိုး…. ကိုယ်လိုချင်နေတဲ့ အရာတွေကို ကိုယ်ချစ်တဲ့လူဆီမှာ ရှိနိုင်မယ်ထင်တဲ့ မျော်လင့်ချက်တွေနဲ့ ရှာဖွေရင်း…… ရင်ခုန်ရင်း ချစ်သွားတတ်ကြတယ်…… သူလိုချင်တဲ့ အရာတွေ မရှိတော့မှန်း သိလိုက်တဲ့ တစ်နေ့မှာ အဲသည် ရင်ခုန်သံတွေကလည်း အလိုလို ရပ်တန့်သွားတတ်ကြတယ်….။ ရပ်တန့်နေတဲ့ ရင်ခုန်သံတွေကို… လှုပ်နိုးဖို့ ကြိုးစားနေတယ်ဆိုလျင်တော့…. မိုးအတွက်… ကျွန်တော်….. ဆုတောင်းလိုက်ပါတယ်….. မိုး ကံကောင်းပါစေ….”
အင်း အဲဒီစကားတွေကိုဖတ်မိတော့ သူ့ရဲ့ စိတ်တွေကို သိသွားတယ်... တကယ်တော့ ပထမဆုံး သူကိုယ်သူထင်နေခဲ့တယ် ဘယ်လောက်ဆိုးဆိုးသည်းခံနိုင်တယ်ဆိုတာ....
တကယ်လို့ မိုးကိုရခဲ့ရင်ရော သူဘယ်လောက်ထိဆက်ပီး စိတ်ရှည်နိုင်မှာမို့လဲ...
မိုးကသူချစ်သူကို ဘာမှမရနိုင်မှန်းသိတာကို တမ်းတပီး နေတယ်....
သူက မိုးအနားမှာနေခွင့်ရနေတာပဲ... အဲဒါတောင် သည်းခံ စောင့်စားနေဖို့ စိတ်မရှည်တော့ .... သူတကယ်ချစ်တယ်ဆိုတာ....
တွေးစရာတွေအများကြီးပဲ ကိုသက်ပိုင်သူရေ...
စာကောင်းလေးဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်...
နောက်တစ်ချက် စဉ်းစားမိတာလေး ရှိတယ် ကိုသက်ပိုင်သူပြောတဲ့ အနီရောင် အခန်းလေးမှာ အနီရောင် အခန်းကြောင့် သူစိတ်မရှည်ဖြစ်သွားသလားဆိုတာလေးလည်းတွေးလိုက်မိတယ်ဗျ.... သူမိုးကိုတကယ်ချစ်ရင် မိုးရဲ့ အခန်းလေးကို အရင်ပြောင်းပစ်ဖို့ လိုမလားပဲ... အဟဲ.. ဟုတ်မဟုတ်တော့မသိဘူး... အေ၇ာင်တွေက လူတွေ စိတ်ကို လွှမ်းမိုးတယ်ဆိုတာ တွေးမိလို့ပါ...
“လူတစ်ယောက်ဟာ…. သူချစ်တဲ့ ချစ်သူတစ်ယောက်ကို စွန့်ပစ်သွားဖို့ လုံလောက်တဲ့ အကြောင်းအရာတွေ ရှိလို့သာ ကျောခိုင်းသွားတတ်ကြတာ…လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အတ္တပါတယ် မိုး…. ကိုယ်လိုချင်နေတဲ့ အရာတွေကို ကိုယ်ချစ်တဲ့လူဆီမှာ ရှိနိုင်မယ်ထင်တဲ့ မျော်လင့်ချက်တွေနဲ့ ရှာဖွေရင်း…… ရင်ခုန်ရင်း ချစ်သွားတတ်ကြတယ်…… သူလိုချင်တဲ့ အရာတွေ မရှိတော့မှန်း သိလိုက်တဲ့ တစ်နေ့မှာ အဲသည် ရင်ခုန်သံတွေကလည်း အလိုလို ရပ်တန့်သွားတတ်ကြတယ်…............
အားးးးးးးးးးးးးးသိပ်ကောင်းတဲ့စကားလေးပါလား
Post a Comment