September 24, 2009

ဆောင်းမဟုတ်သည့်နှင်း (၂)


နှလုံးသားနှင့်ဘ၀ဆိုတာ ဘယ်သောအခါမှ တစ်ထပ်တည်းကျသည့် အရာမဟုတ်ခဲ့ခြင်းတူသည့် ကျွန်မတို့နှစ်ယောက်ကြားမှာ ဘ၀တည်ဆောက်ပုံက အံ့သြစရာကောင်းလောက်အောင် တူညီနေပြန်သည်။

ကျွန်မတို့အငြိမ့်လောကမှာ အငြိမ့်ထောင်သူ ရှိသကဲ့သို့ ဆာယုရိတို့၏ဘ၀မှာလည်း ဂေရှားတွေကို ပြုစုပျိုးထောင်သူရှိခဲ့သည်။ ဂီယွန်မှာ ဂေရှားမယ်များနေထိုင်သည့် အိမ်လေးကို အိုခိရာလို့ခေါ်ကြရသည်။ ထိုအိုခီရာကို ဦးဆောင်သည့် အမျိုးသမီးနှင့်အတူ ထိုအိမ်လေးတွင် အနည်းဆုံး ဂေးရှားမယ် တစ်ဦးစီ ရှိတတ်ကြသည်။ ထိုအိမ်လေး၏ စီးပွားရေးအတွက် ထိုဂေရှားမယ်များသည် ရင်းနှီးမြှပ်နှံမှု သက်သက်ပင် ဖြစ်သည်။ ထိုအိုခီရာ၏ ထုံးစံအရ ဂေရှားမယ်တို့သည် သူမတို့အတွက် ရင်းနှီးမြှပ်နှံခဲ့ရသမျှကို ပြန်ဆပ်ရသည်။ အောင်မြင်သော ဂေရှားမယ်တစ်ယောက် ဖြစ်ခဲ့လျင် အိုခီယာအပေါ်တင်ခဲ့သော အကြွေးတွေကို ပြန်ဆပ်နိုင်ပေမယ့် သာမန်ဂေရှားတစ်ယောက်အနေဖြင့် လွယ်လွယ်ကူကူ ပြန်မဆပ်နိုင်ကြ။ သေသည်အထိ ထိုအိုခီရာလေးမှာပဲ နေသွားကြပြီး နောင်တက်လာမည့် ဂေရှားမယ်များကို ပြုစုပျိုးထောင်ပေးကြရသည်။ အရည်အချင်းပြည့်စုံသည့် ဂေရှားမယ်လေးကို အချိန်တန်သည့်အခါ ထိုအိုခီရာ၏ မွေးစားသမီးအဖြစ် အိုခီရာနှင့် ပါတ်သက်သမျှကို လွှဲပြောင်းပေးတတ်ကြပြန်သည်။ ထိုအခါ သူမတို့တင်နေသော အကြွေးသည် အလိုအလျောက်ပျက်ပြယ်သွားသည်။ တကယ်တော့ အိုခီရာသည် လိုချင်ရမ္မက်တွေ၊ အထီးကျန်ဆန်မှုတွေ မနာလိုမှုတွေ ပြည့်နေသည့် မိန်းမသားတွေချည်းနေသည့် ကမ္ဘာကျဉ်းကျဉ်းလေး တစ်ခုသာ ဖြစ်သည်။

ဆာယုရိသည် ထိုကမ္ဘာလေးမှာပဲ ကြီးပြင်းခဲ့ရသည်။ သူမသည် သူမ၏မိဘတွေ ယူထားသည့် အကြွေးအတွက် ထိုအိုခီရာလေးကို ရောက်ခဲ့သည်။ ထိုအိုခီရာ၏မိခင်သည် ဆာယုရိ သုံးစွဲသမျှ အသုံးစရိတ်၊ ဆာယုရိသင်ကြားခဲ့ရသော အကသင်တန်းစရိတ်၊ သူမကြောင့် ကွဲအက်ခဲ့ရသော လက်ဖက်ရည်အကြမ်းခွက်ကအစ သူမ၏လယ်ဂျာ စာအုပ်ထဲတွင် အသေးစိတ်မှတ်ထားခဲ့သည်။ ဆာယုရိ ဂေးရှားဖြစ်သည့်နေ့ ထိုအကြွးများကို သူမ၏ဖြေဖျော်ရေးကရသည့် ငွေများဖြင့် ပြန်ဆပ်ရမည်။ သူမလိုပင် တခြားဂေးရှားများလည်း သူတို့၏ အိုခီရာကို အသီးသီး အကြွေးပြန်ဆပ်ကြရသည်။ အကြွေးကြေအောင် ဆပ်နိုင်သည့် သူတွေ ရှိသလို အကြွေးပြန်မဆပ်နိုင်သည့် သူများလည်း ရှိကြသည်။ ထိုကဲ့သို့ စခဲ့ရသော ဂေရှားတို့သည် သူတို့ဘ၀ကို သူတို့မပိုင်ဆိုင်ကြ။ အိုခီရာကသာ ပိုင်ကြသည်။

ကျွန်မတို့ အငြိမ့်သမတွေတော့ ဆာယုရိတို့နှင့်မတူပေ။ သဘင်သည်အိမ်မို့လို့ အဆိုအက အတီးအမှုတ်တွေဖြင့် ညံချင်ညံနေပေလိမ့်မည်။ ဒါပေမယ့် သဘင်သည်သည် မိမိဘ၀မိမိပိုင်ကြသည်။

ဆယုရိတို့ ဂေရှားမယ်တစ်ယောက်ဖြစ်ဖို့မလွယ်သလို ကျွန်မတို့ သဘင်သည်တွေလည်း အငြိမ့်မင်းသမီးကောင်း ဖြစ်ဖို့မလွယ်ပါ။ အငြိမ့်မင်းသမီးကောင်းတစ်ယောက်ဖြစ်ဖို့ အသံကောင်းရမည်။ အကကောင်းရမည်။ စကားပြောတတ်ရမည်။ နောက်ပြီး ရုပ်ချောရမည်။ သီချင်းကြီး သီချင်းခံတွေကို ပိုင်နိုင်အောင် သင်ကြရမည်။ သီချင်းရေးစရာက သီချင်းတက်ပေးလျင် မြန်မြန်နှင့် မှန်မှန် ဆိုတတ်ကြရမည်။ အငြိမ့်သမီးတိုင်း နာမည်ကြီးဖို့ ကိုယ်ပိုင်သီချင်းကောင်းကောင်း ရှိရမည်။

ကျွန်မတို့ရဲ့ အငြိမ့်သမလောကအကြောင်း စီကာပတ်ကုံးပြန်ပြောပြသည့်အခါ ဆယုရိသည် တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သူမသည် ကျွန်မတို့အကြောင်းကို တဖြေးဖြေး စိတ်ဝင်စားလာခဲ့သည်။

အငြိမ့်မင်းသမီးများ နာမည်မကြီးခင် မင်းသမီးတိုင်းလိုလို ရှေ့ထွက်မင်းသမီးအဖြစ် ကပြကြရသည်။ ထိုသို့ကပြရင်းနဲ့ အဆိုအက အပြောတို့ကို ထိုအငြိမ့်မင်းသမီးခေါင်းဆောင်များဆီမှ သင်ယူကြရသည်။ ကကြိုးကကွက်တို့ကို ဖန်တီးကြရသည်။ တကယ်တမ်း မင်းသမီးဖြစ်ပြီဆိုတာနဲ့ နာမည်ကြီး သီချင်းရေးဆရာတွေ ဖြစ်သည့် နန်းတော်ရှေ့ဆရာတင်တို့ မြို့မငြိမ်းတို့လို နာမည်ကြီးများဆီမှာ သီချင်းတောင်းကြရသည်။ သီချင်းကောင်းရင်ကောင်းသလောက် အဆိုပိုင်လျင်ပိုင်သလောက် အငြိမ့်မင်းသမီးမှာ နာမည်ကြီးလာသည်။ ဆယုရိတို့၏ ဂီတမှာ ရှာမိဆန်တို့ ဗုံတိုတို့က အရေးပါသလို၊ ကျွန်မတို့ အငြိမ့်မင်းသမီးတွေ အတွက် ပတ္တလား၊ နှဲ၊ ဒိုးဆစ်တို့ကလည်း အရေးပါခဲ့သည်။

တကယ်တော့ အငြိမ့်မှာ ဒိုးဆစ်ကအသက်ပင် ဖြစ်သည်။ ဒိုးဆစ်တီးသူက ကောင်းကောင်းနှိပ်စက်လျင် အငြိမ့်မင်းသမီးတစ်ယောက် ကိုးယိုးကားရားဖြစ်ပြီး အရှက်ကွဲတတ်သည်။ တချို့ မင်းသမီးများသည် အဆစ်ကျဲကျဲနှင့် ကကွက်လှအောင် ကတတ်ကြသည်။ တချို့ကလည်း အဆစ်စိတ်စိတ်ဖြင့် သွက်သွက်လက်လက်ကတတ်ကြသည်။ ဒိုးဆစ်သမားသည် ဘယ်မင်းသမီး ဘယ်လိုအဆစ်မျိုးဖြင့် ကတတ်ကြသလဲဆိုတာ နားလည်ကြသည်။ အဆစ်ကြဲကြဲကတတ်သူကို အဆစ်စိတ်စိတ် တီးပေးလျှင် လက်ချိုးရင်း ခြေချိးရင်းတန်းလန်း ကျန်ခဲ့ကြသည်။ ကျွန်မကတော့ ဒိုးဆစ်ကျဲကျဲဖြင့် ယဉ်ယဉ်လေးကရတာကို သဘောကျသည်။ ထိုယဉ်ယဉ်လေးကတတ်တာကပဲ ကျွန်မအတွက် နာမည်ကြီးစေသော အကြောင်းတစ်ရပ် ဖြစ်ခဲ့လေသလားမသိ။ မမြရင်ကတာလောက်တော့ ဘယ်သူမှမလှလို့ပြောတတ်ကြသည်။ ဟုတ်ပါရဲ့…..။ ကျွန်မကလျှင် ယဉ်ယဉ်လေးဖြင့် ငြိမ်ငြိမ်လေးကတတ်သည်။ ဘယ်သောအခါမျှ ချွေးထွက်ပြီး မျက်နှာချေတွေ ပျက်အောင် မကတတ်ပေ။ ကျွန်မနှင့် အငြိမ့်လောကမှာ အပြိုင်ကနိုင်သူကတော့ ဥက္ကလာအေးကြည်ပါ။ မအေးကြည်ကရင် ရင်တွေ ဗျန်းဗျန်းကွဲသွားပါစေ တတ်သမျှပညာဖြင့် မနားတမ်းကတတ်တော့ အငြိမ့်စင်ပေါ်ရောက်တာနှင့် ခဏလေး အလှတွေ ပျက်ကုန်ပါရဲ့……။

“မြန်မာကကွက်လေးတစ်ကွက်လောက် ကပြပါလား…..”

အေးစက်နေသော လေဟာနယ်ထဲမှာ အငြိမ့်အကတွေအကြောင်း ပြောပြနေသည့် ကျွန်မအသံတွေဖြင့်ဖုံးလွှမ်းနေချိန်မှာ ရုတ်တရက် ခပ်စူးစူးလေး ထွက်လာသော ဆာယုရိအသံကြောင့် ကျွန်မခဏတာ တိတ်ဆိတ်သွားတော့သည်။ သူမကို ယိုးဒယားအကလို ညက်ညက်လေးကပြရမလား။ မဖြစ်နိုင်ဘူး ထင်ပါရဲ့။ ယိုးဒယားအကက မြန်မာအကမဟုတ်သလို ထိုအကကိုနိုင်နင်းတဲ့ ဥက္ကလာအေးကြည်လောက်လည်း ကျွန်မမကတတ်ပေ။ ရုပ်သေးကလို့ပြောရအောင်လည်း သြဘာသောင်းက ဆံပင်ဖားလျားချ၊ ဘီးစိုက်ပြီး ကသွားဖူးတော့လည်း အဲသည်အကို ကျွန်မမကပြချင်။ နောက်ဆုံးတော့လည်း အငြိမ့်မင်းသမီးရဲ့ မာန်လို့ပဲ ပြောရမလား၊ ကျွန်မရဲ့ ပညာလို့ပဲ ပြောရမလား၊ အသံမှာပါရမီပါတဲ့ ကျွန်မအတွက် ခြေဆင်းကောင်းကောင်းဖြင့် ကနိုင်သော ကျွန်မကိုယ်ပိုင်သီချင်းဖြင့် ဆိုပြပါတော့သည်။ ကျွန်မအသံကြောင့် မှောင်နေသော လေဟာပြင်နယ်သည် တဖြတ်ဖြတ်လင်းလာသည်လို့ ထင်ရပြန်သည်။ အေးစိမ့်စိမ့်တိုက်နေသောလေသည် တနွေးနွေးဖြစ်လာသည်။ ကျွန်မရဲ့အသံကြားတွင် ပျောက်ရှကုန်သော အေးစက်သောလေတို့သည် ကျွန်မ၀ိဥာဉ်ကို ခြွေဖို့ တချိန်က ကြိုးစားဖူးခဲ့သေးသည်။ ထိုအချိန်တုန်းကလည်း အခုဆိုပြသည့် သီချင်းလေးနဲ့ပင် ကျွန်မနာလန်ထဖူးခဲ့သည်။ ကျွန်မရှမ်းပြည်ကို သွားရင်း ငှက်ဖျားရောဂါဖြင့် သေမလိုဖြစ်ခဲ့ပြီးမှ အသက်ပြန်ရှင်ရသည့်အကြောင်းကို ရေးဖွဲ့ထားသည့် တုံးကျော်မဆိုသည့် သီချင်းလေးပင် ဖြစ်သည်။ များသောအားဖြင့် အငြိမ့်သီချင်းတွေက ကျွန်မတို့အကြောင်းကို တစွန်းတစပြောပြပေးနေသော စာသားလေးများပင်ဖြစ်သည်။

လေအေးအေးနှင့် အတူ ကျွန်မသီချင်းအေးအေးလေးဆိုရင်း ကနေလိုက်တာ ကျွန်မတို့အနားကို မိန်းမပျိုလေးတစ်ယောက် ရောက်လာတာကို သတိမထားမိခဲ့ကြပေ။

ထိုမိန်းကလေးသည် ပါးလွှာသည့် အ၀ါရောင်ဖျော့ဖျော့ သရက်ထည်အကျီင်္လေးကို ၀တ်ဆင်ထားပြီး ဆံထုံးကိုတော့ တစ်ပတ်လျှိုထုံးထားသည်။ သူမသည် လှပေကျော့ပေ့ဆိုသည့် အစားကတည်းက မဟုတ်ပေမယ့် ရိုးရိုးယဉ်ယဉ်လေးဖြင့် ညိုစိမ့်စိမ့်လေး ကြည့်ကောင်းသူတစ်ဦးပါ။ သူမသည် ကျွန်မတို့နှစ်ယောက်စလုံးကို ရင်နှီးစွာဖြင့် နှုတ်ဆတ်ပြသည်။ ထိုမိန်းကလေးသည် အသားညိုညို ခပ်လတ်လတ် အမျိုးသမီး တစ်ဦးဖြစ်သည်။ နောက်ပြီး ကျွန်မ၏ ပြိုင်ဘက်တစ်ဦး ဆိုလျှင်လည်းမမှားပါ။ မန္တလေး အငြိမ့်လောကမှာ ယဉ်ယဉ်လေးနှင့် ငြိမ့်ငြိမ့်လေးကတတ်သူဟု ကျွန်မနာမည်ကြီးသလို၊ ခြေကြွလာသူ၊ ဒိုးဆစ်သံစိတ်စိတ်ဖြင့် သွက်သွက်လေးကတတ်သူ။ ယိုးဒယား အကနိုင်သူဟု ထင်ရှားသူ ဥက္ကလာအေးကြည်ပင်ဖြစ်သည်။ တကယ်တော့ ကျွန်မနဲ့ အေးကြည်သည် စင်လုဘက်တွေ မဟုတ်ပေမယ့် တလိုင်းတည်းသွားနေသူ ဘ၀တူသူတွေဆိုတော့လည်း တကွေ့ကွေ့မှာတော့ ခလုတ်တိုက်ခဲ့ဖူးတာ မဆန်းလှပေ။ သည်တစ်ခါ ကျွန်မတို့ဆီရောက်လာတာတော့ ဆန်းလှသည်။

ဥက္ကလာအေးကြည်သည် ကျွန်မတို့နှစ်ယောက်ဆီသို့ နံသာဖြူရနံ့လေးသင်းနေသည့် အဖြူရောင်စာအိတ်လေးကို လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။ ထိုစာအိတ်ကလေးကို ဖွင့်ကြည့်လိုက်တော့ ရွှေရောင်ဖောင်းကြွတွေဖြင့် ရေးထားသော သတို့သား၊ သတို့သမီးနာမည်ကို တွေ့ရသည်။ အို….. အေးကြည် လက်ထပ်တော့မှာပါလား။ ထိုဖိတ်စာထဲတွင် အေးကြည်၏အမည်လေးက ထင်းခနဲဖြစ်နေသည်။ မိန်းမတစ်ယောက်ရဲ့ ဘ၀မှာ တင့်တောင်းတင့်တယ် လက်ထပ်ယူခွင့်ရခြင်းက ဘ၀တစ်ခုလုံးရဲ့ ဂုဏ်ဒြပ်လို့ဆိုလျင် ဖိတ်စာပေါ်က ရွှေရောင်ဖောင်းကြွစာလုံးနဲ့ အေးကြည်နာမည်ကလဲ ထိုဂုဏ်ဒြပ်ကို ဆောင်ကျဉ်းပေးလေရော့သလား။ ဖိတ်စာထဲက ရွှေရောင်နဲ့အတူ အေးကြည်၏မျက်ဝန်းတွေကလည်း တောက်ပနေသည်။ ဖိတ်စာမှာ မွှေးပျံ့နေသည့် နံသာဖြူရနံ့လေးလို အေးကြည်ဘ၀ကလည်း အစဉ်အမြဲသင်းပျံ့နေဦးမှာတဲ့လား။


ဆယုရိကတော့ အေးကြည်၏ မင်္ဂလာဆောင်ဖိတ်စာလေးကို တစ်ချက်ကြည့်လိုက်ရင်း ၀မ်းမြောက်ဝမ်းသာ စကားလေးဆိုရှာသည်။ သူမအတွက် ထိုမင်္ဂလာဆောင် ဖိတ်စာလေးသည် ထူးဆန်းချင်ထူးဆန်းနေ၏။ အငြိမ့်မင်းသမီးတစ်ယောက်အနေနဲ့ ခမ်းနားစွာ လက်ထပ်ခွင့်ရခြင်းက သူမတို့ဂေရှားတွေနှင့် မတူညီသည့် အချက် ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ အမျိုးသမီးတစ်ယောက်အတွက် ဘ၀လက်တွဲဖော် ရွေးချယ်နိုင်မှုအပေါ် ကျွန်မတို့ အငြိမ့်မင်းသမီးတွေလိုတော့ ထပ်တူဝမ်းသာဟန် တူပါသည်။ သူမသည် အေးကြည် ကံကောင်းတယ်လို့ နှုတ်က တဖွဖွ ဖွင့်ပြောနေပေမယ့် ကျွန်မအတွက် ဒါဟာ အေးကြည်ကံကောင်းတာလား၊ ဒါမှမဟုတ်သူမအတွက် ဘ၀တစ်ဆစ်ချိုးကို စဖို့ ဖြေလှမ်းစလိုက်တာလား သေသေချာချာ မသိခဲ့ပါ။

“အေးကြည်ရယ်… သည်လို လူသိရှင်ကြား ကြေညာတာမှားတယ်။”

အေးကြည်သည် ကျွန်မကို ပထမတော့ နားမလည်သလို ငေးကြည့်သည်။ နောက်တော့ သူမ၏ အကျင့်တစ်ခုတိုင်း စီးကရက်တစ်လိပ်ကို အေးအေးဆေးဆေးဖွာလိုက်ပြီး နှုတ်ခမ်းထောင့်လေးမှာ ချိတ်ပြီး ခဲထားလိုက်သည်။ မီးခိုးငွေ့လေးများကြောင့် သူမ၏ မျက်လုံးကျဉ်းကျဉ်းလေးကို မှေးလိုက်ပြီး ကျွန်မတို့ဘက်ကို ပြန်ကြည့်သည်။ စီးကရက်ခဲထားချိန်မှာ အခုလို မှေးမှေးလေးကြည့်တတ်သော သူမ၏ အကြည့်ကြောင့် ကောလိပ်ကျောင်းသားတော်တော်များများ ဘယ်လောက်တောင် ရူးခဲ့ကြပြီလဲ။ တခါတလေ အငြိမ့်သမကြောင့်လူငယ်တွေ ပျက်စီးရပါတယ်ဆိုတဲ့ လက်ညှိုးပေါင်းများစွာကို ဘယ်လောက်တောင် ခံခဲ့ရပြီးပြီလဲ။ တခါတလေ ထိုလက်ညှိုးတွေကို ကကွယ်ဖို့ ယောက်ျားကောင်းတစ်ယောက်၊ အဖော်မွန်တစ်ယောက် လိုအပ်သည်ဟု အငြိမ့်မင်းသမီးတိုင်းကထင်ကြသည်။ ကျွန်မအတွက်ကတော့ ယောကျာ်းတစ်ယောက်ဟာ မိန်းမတစ်ယောက်အတွက် တစ်ထောင့်တစ်နေရာသာ လိုအပ်ချင် လိုအပ်မည်။ တစ်ဘ၀စာလုံးတော့ မထင်ခဲ့မိချေ။ တကယ်ရောလိုအပ်လားလို့ရော မိမိကိုယ်ကို ပြန်မေးမိခဲ့ကြပါရဲ့လား။ ထိုယူဆချက်ကပင် ကျွန်မရယ်၊ အေးကြည်ရယ်၊ ဆာယုရိရယ် အမြင်တွေကို ပြောင်းပြန်ဖြစ်ခဲ့သည်ဟု ဆိုရမည်ပင်။
”မြရင်က… အေးကြည်မှားတယ်လို့ ထင်ရအောင်၊ မြရင်ဘ၀မှာ အေးကြည်လို မှားခဲ့ဖူးလို့လား။”

ဆက်ပါဦးမည်။

9 ယောက်ကဒီလိုမြင်တယ်တဲ့...:

ပိုင်ဖြိုးကို said...

တခေါက်ဆဖတ်တိုင်း ခံစားချက်တမျိုးပေးနိုင်တဲ့ ပို့စ်လေးပါ။ နောက်တပိုင်းမျှော်နေတယ်ဗျာ....

စိမ်း... said...

မြန်မာ့အငြိမ့်သဘင်လောကကိုပါ နှံ့စပ်အောင် လေ့လာထားတယ်ပေါ့ လေးစားပါရဲ့...
ရသမြောက်တဲ့အရေးအသားနဲ့ သုတပဒေသာပေါင်းစပ်လိုက်တော့ မကောင်းဘယ်မှာ ရှိပါတော့မည်နည်း... :)

စိမ်း... said...

မြန်မာ့အငြိမ့်သဘင်လောကကိုပါ နှံ့စပ်အောင် လေ့လာထားတယ်ပေါ့ လေးစားပါရဲ့...
ရသမြောက်တဲ့အရေးအသားနဲ့ သုတပဒေသာပေါင်းစပ်လိုက်တော့ မကောင်းဘယ်မှာ ရှိပါတော့မည်နည်း... :)

momiji said...

nice to read.

:)

မဆုမွန် said...

အေးကြည်အကြောင်းေးလ ဆက်ရေးပေးဦးနော်..

ဖတ်လို့ကောင်းလိုက်တာ..ဒီတစ်ခါပို့စ်က တိုတယ်နော် ကိုသက်ပိုင်သူ ရှည်ရှည်လေးရေးပါ ဖတ်ရတာ ကောင်းခန်းလဲရောက်ရော ပြီးသွားရော ရေးပါနော် အားပေးနေမယ်

မြရေလျဉ် said...

စာရေးဆရာက အရေးကလည်းပိုင် ဗဟုသုတကလည်းမြိုင်
ဇာတ်အိမ်ကလည်း ခိုင်ပါပေ့

ဖတ်ရတာ တော်တော်လေး စိမ့် ပါတယ်

jr.lwinoo said...

ဆက်စပ်တွေးပြီး ရေးထားတာရော။
စနစ်တကျ ရေးထားတာရော။
း)
အပိုင်း ၃ စောင့်နေပါတယ်။

ADDRESSEE said...

ခုတလော ဗုဒ္ဓဘာသာကို စော်ကားမော်ကား လုပ်တာတွေ များလာသလိုဘဲ ဟိုတလော ဗုဒ္ဓ ရုပ်ထုကို ၀ိုင်းပြီး နမ်းနေတဲ့ပုံတွေထွက်လာပြီး ခု Mac book တို့ Ipop တို့ထုတ်တဲ့ APPLE က သူ့ကြော်ငြာမှာ ထပ်ပြီးစော်ကား ပြန်ပြီ ငြိမ်ခံမလား ပြန်ပြောမလား သူ့ product တွေကိုရိုက်ချိုးမလား အောက်ကလင့်မှာ သွားကြည့်ကြပါ http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote

ADDRESSEE said...

ခုတလော ဗုဒ္ဓဘာသာကို စော်ကားမော်ကား လုပ်တာတွေ များလာသလိုဘဲ ဟိုတလော ဗုဒ္ဓ ရုပ်ထုကို ၀ိုင်းပြီး နမ်းနေတဲ့ပုံတွေထွက်လာပြီး ခု Mac book တို့ Ipop တို့ထုတ်တဲ့ APPLE က သူ့ကြော်ငြာမှာ ထပ်ပြီးစော်ကား ပြန်ပြီ ငြိမ်ခံမလား ပြန်ပြောမလား သူ့ product တွေကိုရိုက်ချိုးမလား အောက်ကလင့်မှာ သွားကြည့်ကြပါ http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote