September 11, 2009

နောက်ဆက်တွဲ (စကာင်္ပူမှာ အင်္ဂလိပ်လိုပဲ ပြောရအောင်)

မထင်မှတ်ဘဲ အခုရေးတဲ့ပို့စ်ကို ကိုယ်မြင်တာလေးတွေ လာပြီးဆွေးနွေးကြတာ တွေ့ရတော့ အရမ်းပဲ ၀မ်းသာမိပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မတူညီတဲ့အမြင်လေးတွေပါ တွေ့လိုက်ရတော့ နည်းနည်းရှင်းပြချင်လာတယ်။ (ကျွန်တော်မြင်တဲ့ဘက်ကနေပေါ့)

ကျွန်တော့်စိတ်အထင်ပေါ့လေ… ဘာသာစကားဆိုတာ တစ်ဦးကဘာဆိုလိုတာ နောက်တစ်ဦးနားလည်အောင် လုပ်တဲ့ ကြားခံအရာတစ်ခုလို့မြင်ပါတယ်။ (international language လို့ဆိုတဲ့ လက်ဟန်ခြေဟန်နဲ့ပြောတဲ့ ဟာသစကားမပါပါဘူး) ဥပမာ မြန်မာတစ်ယောက်က မြန်မာတစ်ယောက်ကို စကားပြောရင် မြန်မာလိုသုံးမှာပါ။ ဒါက အချင်းချင်းနားလည်တာကိုး။ မြန်မာတစ်ယောက်က တရုတ်တစ်ယောက်ကို စကားပြောမယ်ဆိုရင်တော့ မြန်မာလို ပြောလို့မရတော့ပါဘူး။ တရုတ်ကလည်း မြန်မာလိုပြောတတ်မှာ မဟုတ်ပါဘူး။ အဲဒါဆိုရင် သူတို့နှစ်ဦးကို ဆက်သွယ်ဖို့ ကြားခံဘာသာစကား လိုလာပါပြီ။ လူမျိုးတိုင်းမှာ ဒုတိယဘာသာစကားတော့ ရှိတတ်ကြပါတယ်။ အဲဒီဒုတိယဘာသာစကားကလည်း အများသုံးဖြစ်နေတတ်ကြပါတယ်။ အဲဒီအခါမှာ တရုတ်နဲ့မြန်မာနဲ့စကားပြောဖို့ အင်္ဂလိပ်စကားကို သုံးလာကြတယ်။ ဒါဆိုရင်လည်း အင်္ဂလိပ်တွေကရော သူတို့ဆီမှာ ဒုတိယဘာသာစကား မရှိတော့ဘူးလားမေးရင် ရှိမှာပါပဲ။ ဒါပေမယ့် တခြားဘာသာစကားပြောတဲ့လူတွေထက်တော့ ပိုပြီးမပင်ပမ်းဘူးပေါ့။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်ဘာသာစကားက နံပါတ်၁ နေရာကို ယူထားနိုင်လို့လေ။

ဥပမာထဲကနေ ဥပမာကို ပြန်ပေးပါဦးမယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကိုပဲကြည့်။ ဗမာ၊ဗမာချင်းက ဗမာလိုပြောလို့နားလည်ပါတယ်။ ဒါပေမယ့် ရှမ်းလူမျိုးတစ်ယောက်နဲ့ ဗမာတစ်ယောက် စကားပြောဖို့ဆိုရင် တခြားကြားခံလိုလာတယ်။ များသောအားဖြင့် ဗမာစကားနဲ့ပဲ ဆက်သွယ်ကြပါတယ်။ ဒါဆိုရင် တိုင်းရင်းသားတွေရဲ့ ဒုတိယဘာသာစကားက ဗမာစကားဖြစ်လာတာကိုး။ မြန်မာနိုင်ငံမှာ ဗမာစကားကို နံပါတ်၁ လုပ်ထားတော့ ဗမာစကားတတ်တဲ့သူတွေ မြန်မာပြည်ဘယ်သွားသွား အဆက်အသွယ် လုပ်ဖို့ သိပ်မပင်ပမ်းတော့ပါဘူး။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်ကကြည့်ရင်တော့ ကိုယ့်တိုင်းရင်းသားစာကိုလည်း သင်ရဦးမယ်၊ မြန်မာပြည်တွင်းမှာ ထိုးဖောက်ဖို့ ဗမာစာကိုလည်း သင်ရဦးမယ်။ နိုင်ငံတကာနဲ့ဆက်ဆံဖို့ အများသုံးအင်္ဂလိပ်စာကိုလည်း သင်ရဦးမယ်။ ဗမာစာတတ်တဲ့ မြန်မာတွေကတော့ တိုင်းရင်းသားတွေထက်စာရင် စကားနှစ်မျိုးပဲ သင်ရတော့ အတော့်ကို ကံကောင်းကြတယ်။ (အခုတချို့နယ်စပ်မှာ ဗမာစာတောင် ကောင်းကောင်းမသင်ကြတော့ဘဲ တရုတ်စာနဲ့ထိုင်းစာသင်ဖို့ပဲ စိတ်ဝင်စားလာကြတယ်)

ကိုယ့်မြန်မာပြည်တွင်းထဲမှာနေရင်တော့ အင်္ဂလိပ်စကားမရလဲ.. ဘာအရေးလဲ။ ဒါပေမယ့် အခုလိုကြိုးစားပမ်းစားနဲ့ နိုင်ငံခြားရောက်နေတုန်းမှာ အဓိကလိုအပ်တဲ့ ဘာသာစကားကို သင်ယူတာ လက်တွေ့အသုံးချတာ အကောင်းဆုံးပါပဲ။

ကျွန်တော်ကတော့ စကားဘယ်လောက်ကောင်းကောင်း ပြောတတ်သလဲဆိုတာကို တစ်ယောက်ချင်းအနေနဲ့ မတိုင်းတာချင်ပါဘူး။ ကိုယ့်မြန်မာတွေမှာတောင် ဗမာစကားကောင်းကောင်း မပြောတတ်တာတွေ ဒုနဲ့ဒေးပါ။ အဲဒါကြောင့်မို့လို့ အခြေခံစကားဘယ်လောက်နားလည်သလဲဆိုတာ လူတစ်အုပ်စုချင်းစီနဲ့ပဲ တိုင်းချင်ပါတယ်။ ဥပမာ ကရင်လူမျိုးတွေက ကယားလူမျိုးတွေထက်စာရင် ဗမာစကားကို ကျွမ်းကျင်အောင် ပြောတတ်ကြပါတယ်။

အခု Singlish လို့ပြောနေကြတဲ့ စလုံးအင်္ဂလိပ်စကားကို ပြန်ကြည့်ရင်လည်း တရုတ်၊ကုလား၊မလေး၊အဖြူ အားလုံးနားလည်အောင် ဆက်သွယ်ပေးတဲ့ ဘာသာစကားလိုပါပဲ။ Singlishကို စကာင်္ပူရောက်တဲ့ လူမျိုးတိုင်းလိုလို မသုံးချင်နေကြမယ် အားလုံးနားလည်နိုင်အောင် ကြိုးစားကြတယ်။ သူဌေးကအစ အိမ်ဖော်ကအဆုံး Singlish သုံးကြတာကိုး။ (စကားတိုင်းက နားရည်မ၀သေးတဲ့အချိန်မှာ နားမလည်တတ်ပါဘူး) တစ်ယောက်ချင်းစီရဲ့ အခြေခံအင်္ဂလိပ်စကားကို တိုင်းတာရင် စင်္ကာပူလူမျိုးတိုင်းလိုလို နားလည်တယ်လို့ဆိုနိုင်ပါတယ်။ အင်္ဂလိပ်စကားကို ဟာခနဲ ဟင်ခနဲနေအောင် ပြောတတ်တဲ့ ပညာတတ်စလုံးတွေကတော့ ရေတွက်လို့မရနိုင်ပါဘူး။ များသောအားဖြင့် Perfect English ပြောတတ်ကြတယ်။ ဒါပေမယ့် Perfect English ပြောနိုင်ဖို့ဆိုတာ လူတိုင်းမှ မလုပ်နိုင်တာ။ ဒီတော့ လူတိုင်းနားလည်နိုင်မယ်၊ အခြေခံလူတန်းစားတွေလည်း လွယ်လွယ်သုံးနိုင်မယ့် Singlish ဆိုတာပေါ်လာတယ်လို့ထင်တယ်။ တကယ်လို့သာ မြန်မာလူမျိုးတိုင်းသာ အင်္ဂလိပ်စကားကို သုံးလာကြတယ်ဆိုပါစို့။ လူတိုင်း ငပိသံပျောက်အောင် ပြောနိုင်ကြမှာမှ မဟုတ်တာ။ အဲဒီအခါ အဆင်ပြေမယ့် အင်္ဂလိပ်စကားတစ်ခုကတော့ ပေါ်လာမှာပဲလေ။ အဲဒီစကားလေးနဲ့ ကိုယ့်မြန်မာပြည်မှာ ပုံစံအမျိုးမျိုးနဲ့ လာနေကြမယ့် နိုင်ငံခြားသားတွေကို စကားပြောနိုင်မှာပါ။ အဲဒီတော့ လူတိုင်း Perfect English ဖြစ်ဖို့ထက် မြန်မာတစ်မျိုးသားလုံး လွယ်ကူစွာသုံးနိုင်မယ့် အင်္ဂလိပ်စကားကို တတ်မြောက်တဲ့လူတွေပေါ်လာဖို့က အရေးကြီးပါတယ်။

စလုံးတွေပြောရင် “လား၊လော်” တွေထပ်တတ်ပါတယ်။ ကျွန်တော်တို့မြန်မာတွေပြောရင်လည်း တချို့တော်တော်များများမှာ “နော်”တွေ ကပ်ပါလာတတ်ပါတယ်။ ထိုင်းတွေဆိုရင် “နာ”ပေါ့။ ကရင်တွေ ဗမာစကားပြောရင်တောင် “ဝေ့”၊ မွန်တွေ ဗမာစကားပြောရင် “ဟုတ်တယ်ဟုတ်” လို့ပါသေးတာပဲ။ ကဲ…. စလုံးတွေ သူတို့လေသံပေါက်တာ ဘာမှမမှားပါဘူး။ အင်္ဂလိပ်စကားကို ကျွမ်းကျင်တဲ့ မြန်မာဆိုရင် စလုံးလိုမပြောနဲ့ပေါ့။ Perfect English ကိုပဲ သုံးပေါ့။ ကိုယ်ကလည်း အင်္ဂလိပ်စာကို သေသေချာချာသင်ဖို့လေ့လာဖို့ အချိန် မရှိရင်တော့ သူတို့စလုံးတွေလို အခြေခံလေးတွေကစ၊........ ပြီးရင် ကောင်းသည်ထက်ကောင်းအောင်ကြိုးစားသင့်ပါတယ်။

နောက်ပြီးစာဖတ်သူတစ်ယောက်ပြောတဲ့ စကားပြောရင် grammar တွေကို မေ့ပြစ်ထားရမယ်ဆိုတာ ဟုတ်နိုင်တာပဲ။ ဒါပေမယ့် လူတိုင်း Grammarတွေကို မေ့ပြစ်ရမယ်လို့ မရည်ရွယ်ပါဘူး။ စကားဆိုတာ တစ်ယောက်နဲ့တစ်ယောက် သင်ယူပုံချင်းကမှ မတူကြတာ။

နောက်ပြီး ” I say, I say, bring the လောက်လေး၊ Shoot the ကျီးကန်း on the မန်ကျည်းပင်၊ ထိတော့ ဖင်ခေါင်း ကျတော့ on the ground “ လို့လည်းဘယ်သူကမှ သုံးမယ်လို့ မထင်ပါဘူး။ ကျွန်တော်ငယ်ငယ်တုန်းကတော့ အချင်းချင်းနောက်ချင်ရင်တော့ အခုလိုသုံးပြီးနောက်ပါတယ်။ ဒါပေမယ့် တကယ်လူတွေနဲ့ ဆက်ဆံရင် ဘယ်သူကမှ အဲဒီလို မပြောကြဘူးလို့ ထင်ပါတယ်။

ကျွန်တော်ပြောတဲ့ အင်္ဂလိပ်လိုညှပ်ပြောဆိုတာ စာကြောင်းတစ်ကြောင်းထဲမှာ အခုလိုစကားလုံးတွေ လဲထည့်ပြီး ပြောတာကို မဆိုလိုပါဘူး။ ပုံမှန်ပြောနေတဲ့ မြန်မာစကားလောကမှာ လေ့လာထားတဲ့ အင်္ဂလိပ်စကား ဝေါဟာရတွေကို ပြောင်းလဲပြီး သင့်တော်သလို ထည့်သုံးမှတ်ဖို့ဆိုလိုတာပါ။ အင်္ဂလိပ်စကားကို အဲဒီလိုကနေစပြီး လျှာသွက်အာသွက်ဖြစ်အောင် လုပ်ပေးရတယ်လေ။ Broken English ဖြစ်ချင်ဖြစ်မှာပေါ့။ မှန်တာတွေ့ရင် လူဆိုတာပြန်ပြင်ပြီး ပြောတတ်ကြတာ။ အမှားများလေ အမှန်ရလေဆိုတာလည်း ရှိတယ်လေ။

အဲဒီတော့ ကျွန်တော့်အမြင်ကတော့ အင်္ဂလိပ်စကားဆိုတာ သေသေချာချာကျကျနနသင်ထားတဲ့လူတွေက ကိုယ့်အင်္ဂလိပ်စကားကို အကောင်းဆုံးဖြစ်အောင် ပြောပါ။ မပြောနိုင်တဲ့လူတွေ (အထူးသဖြင့် အလုပ်မျိုးစုံလုပ်ရလို့ ပညာရေးအတွက် အချိန်မရတဲ့လူတွေ) ကတော့ ကိုယ့်ပတ်ဝန်းကျင်က နီးစပ်ရာအင်္ဂလိပ်စကားကို အရယူတာ အကောင်းဆုံးပါပဲ။ စာဖတ်သူတစ်ဦးပြောသလို ကျွန်တော်ပြောပြတဲ့နည်းက အင်္ဂလိပ်စာတိုးတက်ဖို့က ၅%လောက်ပဲ ရှိချင်ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ၅%ကို တစ်ဦးချင်းစီမကြည့်ဘဲ အများစုနဲ့ကြည့်မယ်ဆိုရင်တော့ အတော့်ကို အောင်မြင်တယ်လို့ ယူဆပါတယ်။

(စာရေးသူမှတ်ချက်။ ကျွန်တော်က နိုင်ငံခြားဘာသာစကားကို လေ့လာနေတဲ့သူမဟုတ်ပါဘူး။ ဒီပို့စ်လေးကို ကျွန်တော့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ရွှေမြန်မာတွေကိုကြည့်ပြီး ရေးတာပါ။ အမှန်အတိုင်းပြောရင် ကျွန်တော်ဘာသာစကားသင်ဖို့ အရမ်းပျင်းတယ်ဗျ။ အခုတော့လည်း တတ်နိုင်သလောက်တော့ ပိုပြီး ကောင်းအောင်လေ့လာနေဆဲပါ။)

14 ယောက်ကဒီလိုမြင်တယ်တဲ့...:

ချစ်ခြင်း ခြေရာ said...

ပထမပို့စ်ကိုမဖတ်လိုက်ရလို့ နောက်ဆက်တွဲကိုဖတ်ပြီးမှ ဘာကြောင့်ရေးထားပါလိမ့်နားမလည်လို့ ပထမပို့စ်ကိုပြန်ဖတ်မိပါတယ် ။ ကျွန်တော့် အမြင်ကတော့ good english လေ့လာနိုင်သလောက်လေ့လာ ၊ လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ ဘာသာစကားကိုလဲ လုံးလုံးပစ်ပယ်ထားလို့မဖြစ်ပြန်တော့ ...လေ့လာနိုင်သမျှအကောင်းဆုံးလို့ပဲဆိုချင်ပါတယ် ။ Accent ကောင်းကောင်းနဲ့ မှန်မှန်ကန်ကန်ပြောနိုင်ရင်တော့အကောင်းဆုံးပေါ့ ။ ကိုသက်ပိုင်သူပြောတာက ကြိုးကြောင်းဆီလျော်တဲ့အတွက် အပြင်းအထန်ငြင်းရန်တော့မရှိပါ ။ ခင်မင်စွာဖြင့် ....

ချစ်ခြင်း ခြေရာ said...

သတိထားနေတဲ့ကြားက စာလုံးပေါင်းမှားသွားပြန်တော့ မြန်မာစာတောင်မှန်အောင်မရေးတတ်ပဲ ဆေးရိုးသည်က ကန့်လန့်ကန့်လန့် ဝင်ဆွေးနွေးနေပြန်ပြီလို့ ပညာရှိများကဲ့ရဲ့စရာဖြစ်မှာလဲစိုးပါတယ် ။ ( အပေါ်က comment မှာ ကျိုးကြောင်းကို ကြိုးကြောင်းလို့ စာမှားရိုက်လိုက်မိတယ် :P )

soe soe said...

ကိုသက်ပိုင်သူ ပိုစ့်က အလွန်ကောင်းပါတယ် မြန်မာ တွေကြားအင်္ဂစာတိုးတက်ဖို့ ၀င်ရောက် ဆွေးနွေးကြတာ တွေလည်း ကောင်းပါတယ် အဲလို အမြင်မတူ မှုတွေကို ဆွေးနွေးကြတာ အလွန်ကောင်းတဲ့ အကျင့်စရိုက်ပါ အရင်ပိုစ့်က စာဖတ်သူဆိုတဲ့ Anonymous ၀င်ဆွေးနွေးတာ ကိုလက်ခံမိတယ် အခြင်းခြင်းပြောတဲ့ အထဲမှာ အင်္ဂလိပ်စကားလုံးတွေချည်း ညှပ်ပြောတာ နဲ့ စာရင် sentence ညှပ်ပြောတာ အင်္ဂလိပ်စာတိုးတက်မှုအတွက် အထောက်အကူပြုစေပါ တယ် တချို့မြန်မာတွေက အင်္ဂလိပ် ပြောတာရှက်ကြပါတာ အဓိက ကတော့မှား မှာကြောက်တာဘဲ တချို့က မရှက်ဘူး မှားရင်မှားပစေ ပြောရဲပါတယ် ပြောရဲတဲ့အထဲ တချို့ က မှားလို့ပြင်ပေးရင် မင်းကဘယ်လောက် တတ်လို့လဲ ဆိုတဲ့အမြင်မျိုးရှိတဲ့သူတွေ နဲ့လည်းကြုံဖူးသလို မှားလို့ အထင်သေးဟန် ကြည့်တဲ့ သူတွေနဲံလည်းကြုံဖူးပါတယ် အဓိကကတော့ ရဲရဲပြောပါ မြန်မာခြင်းဖြစ်ဖြစ် အခြားသူနဲ့ဖြစ်ဖြစ်ပြောပါ မြန်မာခြင်းမှားနေရင် ပြင်ပေးကြပါ ကိုယ့်အခြင်းခြင်းအထင်သေးစိတ် မထားသင့်သလို ပြင်ပေးရင်လဲ လက်ခံပါ နောက်တချက်ကပြောရင် အင်္ဂလိပ်စာကို အင်္ဂလိပ်လို ပြောစေခြင်တာဘဲ မြန်မာလိုတွေးပြီးပြောရင် မှားတတ်တာ အများကြီးရှိပါတယ် အလေအကျင့်က အရေးကြီးဆုံးဖြစ်ပါတယ် မြန်မာတွေအင်္ဂလိပ်စာ မညံ့သလို အသံထွက်လို့မရတဲ့ အင်္ဂလိပ်စကားလုံးလဲ မရှိသလောက်ရှားပါတယ် တချို့ နိုင်ငံသားတွေမှာ အသံထွက်မရတာတွေ ရှိပါတယ် မြန်မာမှာမရှိပါဘူး မြန်မာတွေအင်္ဂလိမ်စာ တိုးတက်ပါစေ

TnT said...

မှန်ပါတယ်ဗျာ အဓိက အရေးအကြီးဆုံးက ပြောဖြစ်ဖို့ပါပဲ။ ကျွန်တော် စင်းဂလစ်ရှ်ကို မကြိုက်ရတဲ့ အကြောင်းက သေသေချာချာ လေ့လာလို့ ရတဲ့ အရင်းအမြစ်တွေ ရှိနေရက်နဲ့ ဘာကြောင့် ပိုကောင်းတာကို ပစ်ပြီး အတန်အသင့်လောက်ကို ယူမှာလဲဗျာ၊ မသိရင် မေးလို့ ရတဲ့ ဖိုရမ်တွေ အများကြီး သူငယ်ချင်းတွေ အများကြီး သတင်းတွေ အများကြီး မဟုတ်လားဗျာ၊ အချိန်က တစ်နေ့ ၁ နာရီဆိုရင် တောင် အလွန်ဆုံး ၆ လ ပဲဗျာ။ ဒီကြားထဲ ကံဆိုတာ ပြောလို့တာမဟုတ်ဘူး၊ အခွင့်အရေးတွေက ရောက်လာနိုင်တယ် သို့ပေမယ့်လို့ ကိုယ်ရတုန်း မပြင်ဆင်ထားတဲ့ အတွက် လက်လွှတ်လိုက်ရတာမျိုး အများကြီးရှိတယ်။ ပြောမယ်ဆိုရင် တန်သလောက် ပဲရတာပေါ့။ ကိုယ့်ကိုယ်ကို ဒီလောက် တန်တယ် မှန်းထားရင် သူမှန်ပါတယ်၊ အဲလောက်ပဲ တန်ပါလိမ့်မယ်။ အခု သိပ်မသိသေးတဲ့ သူတွေဆို ကောင်းပါတယ် (မွေးကင်းစ ကလေးတွေနဲ့ တူမယ်ပေါ့)၊ အဲဒီ့ ကလေးတွေကို မြန်မာစာ ဘန်းစကားတွေ သင်ဖို့ အားပေးမလား၊ စနစ်တကျ ပြောတတ်အောင် တိုက်တွန်း ကူညီမလား၊ ခုနပြောသလို ဘန်းစကားလောက်ပဲဆိုလည်း ဖြစ်ပါတယ်။ အဆင်ပြေတာရွေးပေါ့။
သူတို့ စလုံးတွေလည်း လောလောလတ်လတ် အင်္ဂလိပ်စာကို စနစ်တကျ လေ့ကျင့်ဖို့ အားပေးတဲ့ ကမ်ပိန်းတွေကို မထောက်ခံတာ အဲဒီအချက်ဘဲပေါ့။ သူတို့ အတွေးက သူတို့ စင်းဂလစ်ရှ်က ဘယ်သူနဲ့ မဆို ပြောဆိုဆက်ဆံလို့ ရနေတယ်၊ နောက်ထပ် အကြောင်းပြချက် တစ်ခုက စနစ်တကျပြောမယ်ဆို ဝက်မားကတ်တွေမှာ ဈေးဆစ်လို့ မရတော့ဘူးတဲ့။ (ပြုံးမိပါတယ်) သူ့နေနဲ့ ကြည့်ရင် မှန်ပါတယ်၊ သူက နိုင်ငံတကာသွားပြီး ဈေးဆစ်မှာမှ မဟုတ်ဘဲ ဒီလောက် တော်ပြီပေါ့။
အဲဒီတော့ ကိုယ့် လိုအပ်ချက်ကို ကြည့်ပြီးတော့သာ လုပ်ရမှာပါ။
တစ်ခု သတိထားဖို့ က လမ်းတစ်လမ်းပေါ် ရောက်သွားရင် နောက်ပြန်ဆုတ်ဖို့ တစ်ခြားလမ်းကို ကူးပြောင်းဖို့ တော်တော်လေး ပြန်လုပ်ရတာပါပဲ။

(interesting arguments) :) thanks, tpt

မဆုမွန် said...

တကယ့်ကို တန်ဖိုးရှိတဲ့ ပို့စ်လေးပါ မြန်မာပြည်ပြင်ပမှာနေသည်ဖြစ်စေ မြန်မာပြည်တွင်းမှာပဲ နေသည်ဖြစ်စေ ကျွန်မတို့အနေနဲ့ ကမ္ဘာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာစကားကို ကျွမ်းကျင်ပိုင်နိုင်သည် မဟုတ်တာတောင်မှ မေးထူးခေါ်ပြော အခြေခံနေ့စဉ်သုံး စကားလုံးလေး လောက်ကိုပဲဖြစ်ဖြစ် သိနေ သုံးနေဖို့ တကယ်လိုအပ်ပါတယ်။

ဒါမှလဲ ကိုယ့်မြေကိုလာလည်တဲ့ တခြားနိုင်ငံသားတစ်ယောက် သူသိလိုတဲ့ လမ်းမေးတာပဲဖြစ်ဖြစ် အကြောင်းအရာကို ဆွေးနွေးတာပဲဖြစ်ဖြစ် ကူညီနိုင်မှာဖြစ်သလို ကိုယ်သူများနိုင်ငံကို ရောက်နေတဲ့အခါ အခက်အခဲ တစ်စုံတစ်ရာတွေ့ရင်လည်း ဒီဘာသာစကားနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ထင်ပါတယ်။

နောက်ကိုသက်ပိုင်သူတင်ပြထားသလိုပဲ ကိုယ့်နိုင်ငံသားအချင်းချင်းပေမယ့် ဗမာဘာသစကားကို မပြောတတ်တဲ့ တိုင်းရင်းသားတွေ အများကြီးရှိပါသေးတယ် သူတို့ဒေသအချင်းချင်း လမ်းပမ်းဆက်သွယ်ရေးအရရော ပြည်မနဲ့ မနီးစပ်တာကြောင့်ရယ် ကိုယ့်ဘာသာစကားကိုပဲ အသုံးပြုနေရတဲ့အတွက် အဲ့သလို ကိုယ့်နိုင်ငံသားအချင်းချင်းမှာလည်း ဒီအင်္ဂလိပ်ဘာသာစကားနဲ့ဆက်သွယ် ပြောဆိုရတာတွေရှိပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကားကိုတော့ အခြေခံလောက်ဖြစ်ဖြစ် တတ်ထားရင် အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ မြန်မာအချင်းအချင်းလဲ အလေ့အကျင့်လုပ်ပြီး ပြောသွားကြရင်တော့ အတိုင်းထက်အလွန်ပေါ့။ ငါးပိသံပေါက်နေလည်း ငါးပိစားကြီးလာကြတဲ့သူအချင်းချင်း နားလည်ပေးရမှာပေါ့။

တစ်ခုတော့ပြောစရာရှိတာက Burglish ကိုတော့ ဘယ်လိုမှ လက်ခံလို့မရတာ အမှန်ပဲ ကလေးတွေက ချက်မှာ ဘားင်္ဂလိ လို စာရိုက်ပြီးပြောရင် ကျွန်မလိုက်ဖတ်ရတာ ဘာပြောမှန်း နားမလည်လို့ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်ပါတယ်။ ဆိုတော့ အင်္ဂလိပ်စာနဲ့ပဲဖြစ်ဖြစ် မြန်မာဘာသာစကားနဲ့ပဲဖြစ်ဖြစ် ပြောကြရင် ပိုပီး အဆင်ပြေမယ်လို့ထင်ပါတယ်။

စေတနာအပြည့်နဲ့ပို့စ်တင်ပေးတဲ့ ကိုသက်ပိုင်သူကို တကယ် ကျေးဇူးတင်သွားပါတယ်ရှင်
တန်ဖိုးရှိတဲ့ပို့စ်ပါ။

soe soe said...

မဆုမွန်ပြောတာ သဘောကျတယ် အရင်တုန်းက မြန်မာစာလုံး အင်တာနက်ပေါ်ရေးမရခင်က အင်္ဂလိပ်စာမတတ်လို့ ဘားဂလစ်ရှ် သုံးတာလက်ခံပေမယ့် မြန်မာပညာရှင်တွေကြိုးစား မှုကြောင့် အင်တာနက်မှာ မြန်မာလိုရေးလို့ရလာပါပြီ ဘားဂလစ်ရှ် အင်္ဂလိပ်စာ တိုးတက်မှုမရှိသလို မြန်မာစာ လည်းပျက်တယ်လို့ ထင်မြင်မိပါတယ် မြန်မာစာကို မြန်မာစာလုံးနဲ့ဘဲရိုက်သင့်သလို အင်္ဂလိပ်စာကို အင်္ဂလိပ်လိုဘဲရိုက်သင့်ပါတယ်

lonetone said...

ကျွန်တော်လည်း တစ်ခါတစ်လေ ( နော် ) ဆိုတာ နောက်ကပါလာလို့ သတိထားနေရတယ်။ ဟီးဟီး..

Anonymous said...

No need explain as below paragraph. Everybody know.


ကျွန်တော့်စိတ်အထင်ပေါ့လေ… ဘာသာစကားဆိုတာ တစ်ဦးကဘာဆိုလိုတာ နောက်တစ်ဦးနားလည်အောင် လုပ်တဲ့ ကြားခံအရာတစ်ခုလို့မြင်ပါတယ်။ (international language လို့ဆိုတဲ့ လက်ဟန်ခြေဟန်နဲ့ပြောတဲ့ ဟာသစကားမပါပါဘူး) ဥပမာ မြန်မာတစ်ယောက်က မြန်မာတစ်ယောက်ကို စကားပြောရင် မြန်မာလိုသုံးမှာပါ။ ဒါက အချင်းချင်းနားလည်တာကိုး။ မြန်မာတစ်ယောက်က တရုတ်တစ်ယောက်ကို စကားပြောမယ်ဆိုရင်တော့ မြန်မာလို ပြောလို့မရတော့ပါဘူး။ တရုတ်ကလည်း မြန်မာလိုပြောတတ်မှာ မဟုတ်ပါဘူး။ အဲဒါဆိုရင် သူတို့နှစ်ဦးကို ဆက်သွယ်ဖို့ ကြားခံဘာသာစကား လိုလာပါပြီ။ လူမျိုးတိုင်းမှာ ဒုတိယဘာသာစကားတော့ ရှိတတ်ကြပါတယ်။ အဲဒီဒုတိယဘာသာစကားကလည်း အများသုံးဖြစ်နေတတ်ကြပါတယ်။ အဲဒီအခါမှာ တရုတ်နဲ့မြန်မာနဲ့စကားပြောဖို့ အင်္ဂလိပ်စကားကို သုံးလာကြတယ်။ ဒါဆိုရင်လည်း အင်္ဂလိပ်တွေကရော သူတို့ဆီမှာ ဒုတိယဘာသာစကား မရှိတော့ဘူးလားမေးရင် ရှိမှာပါပဲ။ ဒါပေမယ့် တခြားဘာသာစကားပြောတဲ့လူတွေထက်တော့ ပိုပြီးမပင်ပမ်းဘူးပေါ့။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်ဘာသာစကားက နံပါတ်၁ နေရာကို ယူထားနိုင်လို့လေ။

ap said...

Dear Ko Paing !...

I totally agree with you. In my academic environment, Some Faculties define that our ppl are the weakest in communication, presentation and argumentation. Hope we all can overcome this obstacles by trying harder and harder.

Zaw said...

Ko Paing Yay ......ကန့်ကွက်ရန်မရှိ.............
ရန်ကုန်မှာစာပြန်သင်ပေးအုံးမယ?
ရည်းစာမပါဒေါ့အားလောက်မှာပါလေ...............
ချီးကျူးပါတယ်ကွာ

Anonymous said...

ပထမ ပို့စ် ကွန်မန့် ၂၀ ခန့် . ဒုတိယ ပို့ ကွန်မန့် ၁၀ ခုခန့် . ဆြာလုပ်ရကျိုးနပ်ပါတယ် ဟဲ ဟဲ . ကွန်မန့်ထပ်ရအောင် လုပ်ပေးတာနော် ။စိတ်ဆိုးရ၀ူးလေ...ခိခိ

Nanda said...

A nicely written post with a progressive view.

ဆောင်းနှင်းရွက် said...

ပို့စ် ၂ ခု လုံး ကို ဖတ်သွားပါတယ် ...
ကောင်းတဲ့ ပို့စ် တစ်ခုပါပဲ ...

Yarzar said...

Englishစကားလို International သုံး ဘာသာစကား ကျွမ်းကျင်ယုံနဲ့မပြီးသေးပါဘူး။ ကျွန်တော်တို့ မြန်မာတွေ presentation နဲ့ communication တော်တော်လိုသေးတယ်။ သူများနားလည်အောင် စိတ်ဝင်စားလာအောင် ကိုယ်ဘက်ပါလာအောင် ရှင်းရှင်းလင်းလင်း တင်ပြမှုမှာအားနည်းကြပါတယ်။ ကျွန်တော်အပါအဝင်ပေါ့။ အခုနောက်ပိုင်းကျွန်တော်တို့ မြန်မာတွေ Language weaknessကို aware ဖြစ်ပြီးပြုပြင် ပြင်ဆင်လာကြပါပြီ။
ကျွန်တော်အဓိကပြောချင်တာက
Leadership, Team Building, Motivation, Communication, Influencing, Decision Making, Political and Cultural Awareness, Negotiation, Pulic Speaking, Building trust စတဲ့ Interpersonnal Skills တွေပါ။ (စကားချပ်။ Interpersonnal Skills ရဲ့ definition ကို PMBOK4 ကနေကူးယူထားပါတယ်။)
“အလုပ်မှာလဲ ဘယ်စလုံးက ကိုယ့်မြန်မာတွေကို ဘယ်လိုနှိပ်ကွပ်တာ။” “ဘယ်ဖားက ငါ့ကို ဘယ်လိုကျောသွားတာဆိုပြီး ပြောတတ်ကြတယ်။” “များသောအားဖြင့် ကိုယ့်မြန်မာတွေ ခံရတတ်ပါတယ်။” ဆိုတာတွေဟာ ကျွန်တော်တို့ မြန်မာတွေ အင်္ဂလိပ်လိုမပြောတတ်လို့ အဓိက မဟုတ်ပါဘူး။ Interpersonal Skill ညံလို့ပါ။ ပညာရေးစနစ်၊ မြန်မာ့လူမှုပတ်ဝန်းကျင်တို့ကို အပြစ်မတင်ကြဘဲ ကျွန်တော်တို့ မြန်မာတွေ အတူတကွကျိုးစားကြရအောင်။