အခုတလော ဘလော့တချို့မှာရော…. အပြင်လောကမှာပါ… မြန်မာတွေ အင်္ဂလိပ်စကားပြောတာနဲ့ပါတ်သတ်ပြီး အငြင်းအခုံတွေ ဖြစ်နေကြတယ်။ ကျွန်တော်ကတော့ ငြင်းရခုံရတာ သိပ်ပြီး ၀ါသနာပါလှတာမဟုတ်ပါဘူး။ ဒါပေမယ် ကျွန်တော်ထင်တာလေးတော့ ၀င်ပြီးဆွေးနွေးချင်လာတယ်။ အထူးသဖြင့် စကာင်္ပူမှာ နေထိုင်တဲ့ မြန်မာလူမျိုးတွေအကြောင်းပေါ့။
စကာင်္ပူမှာ Work Permit နဲ့နေနေတဲ့ အခြေခံလူတန်းစားကနေ စကာင်္ပူနိုင်ငံသားခံယူသွားကြတဲ့ စကာင်္ပူနိုင်ငံသား မြန်မာလူမျိုးများဆိုပြီး အဆင့်ဆင့်ရှိကြတယ်။ သူတို့အဆင့်နဲ့သူ နီးစပ်ရာပေါင်းသင်းကြတာလည်းတွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်ကျော်လောက်က မြန်မာတွေ စကာင်္ပူမှာ သိပ်မများသေးပါဘူး။ ဒါပေမယ့် Spass ချပြီးတဲ့ နောက်ပိုင်းမှာတော့ မြန်မာတွေ တော်တော်များများ စကာင်္ပူရောက်လာတာတွေ့ရတယ်။ ပင်နင်စူလားက မြန်မာမြို့ပြလည်း တဖြေးတဖြေးစည်ကားလာတာပေါ့။ စည်ကားလာတဲ့အပြင် မြန်မာစကားကို နေရာတိုင်းလိုလိုကြားလာရတယ်။ တချို့နိုင်ငံခြားသား စားပွဲထိုးတွေတောင် တစ်ကျပ်နှစ်ကျပ်ဆိုပြီး မြန်မာလိုတောင် ပြောလာကြတယ်။
မြန်မာလူမျိုးတွေ များလာတဲ့အခါ ထုံးစံအတိုင်း ပြဿနာတွေက ပေါ်လာတာပေါ့။ အထူးသဖြင့် Pass မျိုးစုံနဲ့ အလုပ်လုပ်နေတဲ့ ပထမအုပ်စုနဲ့ စကာင်္ပူမှာကျောင်း၃နှစ်လောက်တက်ပြီး ကျောင်းပြီးတဲ့ဒုတိယအုပ်စုဆိုပြီး အဓိက ရှိလာတယ်။ မြန်မာနိုင်ငံကတိုက်ရိုက်လာလုပ်တဲ့သူတွေက မြန်မာအရည်ခွံနဲ့ မြန်မာစိတ်ဓါတ်နဲ့က မြန်မာလေဆိပ်က ထွက်လာတဲ့အတိုင်း ဘာမှ မပြောင်းလဲကြဘူး။ အလုပ်လုပ်မယ်။ စုမယ်။ အိမ်ကိုထောက်ပံ့မယ်။ သည်လိုနဲ့ သံသရာလည်နေကြတယ်။
စင်္ကာပူမှာကျောင်းပြီးတဲ့သူတွေကတော့ ငယ်ရွယ်နုပျိုစဉ် နိုင်ငံခြားကျောင်းက သင်ပေးလိုက်တဲ့ ပညာနဲ့ ဆက်ဆံခဲ့ရတဲ့ နိုင်ငံတကာကျောင်းသားတွေကြောင့်၊ အရည်ခွံကတော့ မြန်မာအရည်ခွံပဲ၊ ဒါပေမယ့် စိတ်ဓါတ်တွေအမြင်တွေကတော့ ပြည်မကြီးက မြန်မာတွေနဲ့မတူကြတော့ပါဘူး။ နေပုံ၊ထိုင်ပုံ၊ ၀တ်ပုံစားပုံ အကုန်ကွဲလွဲလာကာစ ပြုလာတယ်။ ကောင်းတာပါလာသလို ဆိုးတာတွေပါလာတယ်။ နောက်ပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ သူတွေလည်း တော်တော်များများပါလာတယ်။ အဓိကကတော့ အင်္ဂလိပ်စကားပြောဆိုနိုင်ခြင်းပါပဲ။ ပျမ်းမျှအားဖြင့် သည်မှာ ကျောင်းပြီးတဲ့ ဒုတိယအုပ်စုက ပထမအုပ်စုထက် အတော်လေး သာပါတယ်၊ (ပထမအုပ်စုမှာလည်း စကားပြောနိုင်နင်းတဲ့သူတွေပါပါတယ်) ဒါပေမယ့် ဒီမှာနေထိုင်ကျတဲ့ အရေအတွက်မှာ ပထမအုပ်စုက ဒုတိယအုပ်စုထက်ပိုများပါတယ်။ (ကျွန်တော့်ပို့စ်ခေါင်းစဉ်အရ) အနှစ်ချုပ်ရရင် ကျွမ်းကျွမ်းကျင်ကျင် အင်္ဂလိပ်စကားပြောတတ်တဲ့ အရေအတွက်က အရမ်းနည်းတယ်လို့ဆိုရမှာပေါ့။ ဒါဆိုမြန်မာတွေ အင်္ဂလိပ်စကား မပြောတတ်ဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ အကျင့်မရှိလို့ မပြောကြတာ။ မပြောတော့ ရှိပြီးသား အင်္ဂလိပ်ဝေါဟာရတွေ မေ့ကုန်တာ။
အလုပ်ထဲမှာလဲ မြန်မာတွေရှိတော့ မြန်မာလိုပြောကြတယ်။ အိမ်ပြန်ရောက်တော့လည်း မြန်မာတွေနဲ့နေတော့ မြန်မာလိုပြောဖြစ်ပြန်တယ်။ ဒါဆို အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံမှာ တစ်နေ့ကို အင်္ဂလိပ်စာဘယ်နှစ်လုံး ပြောဖြစ်လဲဆိုတာ သတိထားမိပါလား။
ကျွန်တော့သူငယ်ချင်းတစ်ယောက် စကာင်္ပူရောက်တာ တစ်နှစ်ပြည့်ပြီ။ သူကအလုပ်မှာ အင်္ဂလိပ်လိုပြောရတာများပါရဲ့။ ဒါပေမယ့် သိတဲ့အတိုင်း၊ မြန်မာစကားကို မြန်မာလိုပဲ ပြောရတာအားရတော့ အားတာနဲ့ မြန်မာလိုပဲပြောဖြစ်တယ်။ သူငယ်ချင်းတွေကလည်း မြန်မာတွေချည်းပါပဲ။ ဒီလိုနဲ့ပဲ ဟိုတစ်နေ့က ဗိုက်အောင့်တော့ အလုပ်မသွားနိုင်တာနဲ့ ကျွန်တော့်ကို ဖုန်းဆက်မေးတယ်။ အင်္ဂလိပ်လို ဘယ်လိုပြောရမလဲတဲ့။ တကယ်တမ်း အင်္ဂလိပ်လို သူကောင်းကောင်းကျွမ်းပါတယ်။ အကျင့်မရှိတော့လဲ အရေးရယ်အကြောင်းရယ်ဆို အခြေခံလေးတွေကအစ မေ့ရော။ နောက်ပြီး သူက ပြောပါသေးတယ်။ စကာင်္ပူမလာခင်တုန်းက အင်္ဂလိပ်လိုပြောတတ်တယ်။ ဒီရောက်တော့လည်း ကိုယ်လိုမြန်မာတေနဲ့တွေ့ မြန်မာလိုပြောပြီး၊ Chatting ၀င်တော့လည်း မြန်မာလိုရေးဖြစ်တော့၊ မှတ်လာတဲ့ အင်္ဂလိပ်ဝေါဟာရတွေက ချောင်ထဲရောက်ကုန်တာပေါ့လေ။
နောက်ပြီး အလုပ်မှာလဲ ဘယ်စလုံးက ကိုယ့်မြန်မာတွေကို ဘယ်လိုနှိပ်ကွပ်တာ။ ဘယ်ဖားက ငါ့ကို ဘယ်လိုကျောသွားတာဆိုပြီး ပြောတတ်ကြတယ်။ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့မြန်မာနဲ့တွေ့ရင်တော့ ကိုယ့်ကိုလာပြန်ပြောရင် ပတ်ခနဲ ပြန်ပြောတတ်ပါတယ်။ များသောအားဖြင့် ကိုယ့်မြန်မာတွေ ခံရတတ်ပါတယ်။ ဒါဘာလဲဆိုရင် မြန်မာတွေ အင်္ဂလိပ်လိုမပြောတတ်လို့ပါပဲ။
နောက်ပြီး အခုဆိုအလုပ်ရှင်တွေကလည်း မြန်မာလူမျိုး အလုပ်လာလျှောက်ရင် အင်္ဂလိပ်လိုပြောတတ်ရဲ့လားဆိုတာက ပထမဆုံးမေးလာကြတယ်။ ဒါဟာဘာလဲဆိုရင် မြန်မာလူမျိုးတွေ လိုသေးတယ်ဆိုတာ ပြတာပဲ။ တချို့မြန်မာလူမျိုးတွေက ကိုယ်တောင် ရေရေလည်လည်မပြောတတ်ဘူး။ အဲဒီစလုံးအင်္ဂလိပ်ကြီးက ဘာကြီးမှန်းမသိဘူး၊ မှန်အောင်လည်းမပြောနိုင်ဘူး… စသည်ဖြင့် ကဲ့ရဲ့တတ်ကြပြန်တယ်။ တချို့ကလည်း သူတို့စလုံးတွေနဲ့စကားပြောရင် Singlish ပဲတတ်မှာမို့လို့ စကားမပြောချင်ဘူးတဲ့လေ။ ပြင်သစ်က ပြောရင် ပြင်သစ်လေသံထွက်မှာပဲ။ ထိုင်းကပြောရင် ထိုင်းလေသံကတော့ပါမှာပဲ။ စကာင်္ပူလူမျိုးပြောရင်လည်း သူတို့လေသံကထွက်မှာပဲ။ ဘယ်လိုလေသံပဲထွက်ထွက် အဓိကက တစ်ယောက်နဲ့တစ်ယောက်နဲ့ ဆက်သွယ်လို့ရဖို့ပါပဲ။ တကယ်တော့ လေယူလေသိမ်းဆိုတာ သဘာဝကပေးတဲ့ ချစ်စရာလေးပါ။ ကိုယ့်ငပိသံလေးကလည်း မြင်တတ်ရင် ချစ်ဖို့ကောင်းပါတယ်။ ဘာသာစကားဆိုတာ ဆက်သွယ်ဖို့ပါ။ အဲဒီတော့ စလုံးသံတွေဘယ်လိုပဲ ၀ဲနေပါစေ။ အနည်းဆုံးတော့ တစ်ဦးနားလည်အောင် တစ်ဦးပြောနိုင်ကြပါတယ်။ အဲဒါမို့လို့ Singlish လည်း ငြင်းမနေပါနဲ့။ လိုအပ်ရင် သင်လိုက်ပါ။
နောက်ပြီးမြန်မာသူငယ်ချင်းတွေဆုံရင်လည်း အတတ်နိုင်ဆုံး အင်္ဂလိပ်လိုညှပ်ပြောတတ်ရင် ပိုကောင်းပါတယ်။ မြန်မာစကားက ကိုယ်မြန်မာပြည်ပြန်ရင် တစ်ဝကြီးပြောလို့ရတယ်။ မိခင်စကားဆိုတာ ကြာကြာမသုံးပေမယ့် မေ့သွားတာ မရှိပါဘူး။ မိခင်စကားမဟုတ်မှသာ မေ့တတ်ကြတာပါ။ စကာင်္ပူမှာ အခုနောက်ပိုင်း ကျောင်းသားလေးတွေက အချင်းချင်းတွေ့ရင် အင်္ဂလိပ်ပြောကြတာတွေ့တော့ သဘောကျမိတယ်။ နိုင်ငံတကာတိုးဖို့ဆိုရင် သာမန်အင်္ဂလိပ်လိုပြောတတ်တာနဲ့ မလုံလောက်တော့ပါဘူး။ ကျွမ်းကျွမ်းကျင်ကျင်ရှိဖို့လိုပါတယ်။ အဲဒီလို ကျွမ်းကျင်ဖို့ကလည်း အလေ့အကျင့်ရှိရပါတယ်။ ကျွန်တော်အကြံပေးချင်တာကတော့ ပထမအုပ်စုက အလုပ်လုပ်နေတဲ့ မြန်မာတွေ စကာင်္ပူမှာနေတဲ့အခိုက် အတတ်နိုင်ဆုံး အင်္ဂလိပ်လိုများများပြောနိုင်ရင်တော့ တခြားနိုင်ငံသားတွေနဲ့ ယှဉ်ရင် မျက်နှာမငယ်တော့ပါဘူး။ နောက်ပြီး အချင်းချင်းအင်္ဂလိပ်လိုပြောကြရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမနိုင်ရင်အကောင်းဆုံးပါပဲ။ အင်္ဂလိပ်လိုအပြောများလို့ ကိုယ့်မြန်မာစကား.. အိုးနင်းခွက်နင်း ဖြစ်ရတယ်လို့ မကြားဖူးပါဘူး။ ဒါပေမယ့် မြန်မာလို အပြောများရင်တော့ E မကောင်းတော့တာ သေချာပါတယ်။

28 ယောက်ကဒီလိုမြင်တယ်တဲ့...:
ဟုတ်ပါတယ်။ ထောက်ခံပါတယ်။ ဒီမှာနေတာ ၇နှစ်ရှိပြီ။ အီးလိုရေးရင် ထောက်တုန်း...(ရှက်စရာ)။
ရေးထားတာ လိုအပ်နေတဲ့ ရှုဒေါင့်တခုပဲ..
ဒီပိုစ့်လေးက စလုံးရောက်နေသူ အားလုံးကို ကွက်တိ ထိစေပါတယ်..
ပေးထားတဲ့ Message လေး ကောင်းတယ်..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
ပေးတဲ့ message လေးကောင်းတယ်။
ကန့် ကွက်ရန်မရှိပါ
Well...as for my experience, if you didn't use the languages for too long, it will go away no matter what language is.
အမလည်း ကြိုးစားတုန်း...
၁၀တန်း အင်္ဂလိပ် အဆင့်က မတက်ဘူးလို့ ပဲ ကိုယ့်ကိုယ်ကို ထင်တယ်။ အင်္ဂလိပ်စာကို စနစ်တကျ မသင်ဖူးဘဲ အကြား အမြင်တွေနဲ့ပဲ သုံးနေမိတယ်။ အင်္ဂလိပ် လို ကောင်းကောင်း ပြောတတ်တဲ့ သူတွေကို ငယ်ငယ်ထဲက အရမ်း အားကျမိတာ။
ဟုတ်တယ်..အမလဲ ထောက်ခံတယ်..
အမက အဲဒါကြောင့် နိုင်ငံခြားသားနဲ့ ဖုန်းအမြဲပြောတာတို့
ပီးတော့ တပတ်တခါလောက် သူငယ်ချင်းနဲ့ထမင်းအတူစားတာ လုပ်တယ်
ကျောင်းမှာကျတော့ အမက ဂျပန်လိုပဲသုံးရတာများလို့
ဗမာလိုတော့ ဂျီတော့မှာပြောတော့ ..အင်္ဂလိပ်စာကို အားနည်းမှာကြောက်လို့
good post TPT !!
I couldn't agree with u more !!
(အဲလိုဝမ်းသာအားရပြောမိတိုင်း ဒီ sentence ကို negative ဖက်ကကောက်ပြီး သဘောမတူဘူးလို့ ထင်တတ်တဲ့ သူတွေလည်းရှိလို့ မနည်းရှင်းရပါသေးတယ်) :P
ကြိုက်တယ် ဒီ ပိုစ့်လေးကို၊ တို့တော့ ကြိုးစားနေဆဲပါပဲ၊
မှန်ပါတယ်....။ မြန်မာချင်းချင်း မြန်မာလို ပြောမှ အားရတာမှန်ပေမယ့်..အလေ့အကျင့်လေးတွေ ပျောက်ပြီး မေ့သွားတတ်တာ ကိုယ်တွေ့မို့ပါ...။ မြန်မာစကားကတော့ ... ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလေ...။
ကောင်းလိုက်တဲ့အတွေးအခေါ်... လေးစားတယ်ရှင်....
တကယ်တော့ လေယူလေသိမ်းဆိုတာ သဘာဝကပေးတဲ့ ချစ်စရာလေးပါ။ ကိုယ့်ငပိသံလေးကလည်း မြင်တတ်ရင် ချစ်ဖို့ကောင်းပါတယ်။ ဘာသာစကားဆိုတာ ဆက်သွယ်ဖို့ပါ။ အဲဒီတော့ စလုံးသံတွေဘယ်လိုပဲ ၀ဲနေပါစေ။ အနည်းဆုံးတော့ တစ်ဦးနားလည်အောင် တစ်ဦးပြောနိုင်ကြပါတယ်။ အဲဒါမို့လို့ Singlish လည်း ငြင်းမနေပါနဲ့။ လိုအပ်ရင် သင်လိုက်ပါ။
ဆိုတာလေးသဘောကျလိုက်တာ .... သွေးထွက်အောင်မှန်တယ်ဆိုတာ ဒါမျိုး...
တကယ်ကောင်းတဲ့ ပိုစ့်ပါ။
ဒီလို အမြင် ရှုထောင့်မျိုးကို သဘောကျတယ်။
လေ့လာမှု အားနည်းလို့ပါ။ မြန်မာစကားမှာ အီးညှပ်ပြောရင်လည်း
Sentence လိုက်ညှပ်တာကမျိုး
(ဥပမာ - Believe it or not. လိုမျိုး)၊
နေ့စဉ် အလုပ်ထဲမှာ သုံးနေကြ အရာဝတ္ထု (ဥပမာ - Safety Shoes)
မြန်မာလို စကားလုံးမရှိတဲ့ စကားလုံးမျိုးနဲ့ ပြောရခက်တဲ့စကားလုံးမျိုး
(ဥပမာ - ကွန်ပြူတာ,Weekend)
မြန်မာလို သုံးနေကြ မွေးစားစကားလုံးမျိုး
(ဥပမာ - ဒရိုင်ဘာ)
များသောအားဖြင့် ကျမကတော့ ဒီလိုအရာတွေကို အသုံးပြုတတ်ပါတယ်။
ဒါပေမယ့်
Weekend မှာ Friend နဲ့ Outside Go မလို့။ So, I မ Free ဘူး။ Other day တစ်ရက်ရက်ကို Replace လုပ်လိုက်ပါလား။
ဆိုတဲ့ ဝါကျမျိုးတွေတော့ မသုံးသင့်ဘူး ထင်ပါတယ်။ ပညာမတတ်သူတွေ လူအထင်ကြီးအောင် ပြောတတ်ကြတဲ့ ပုံစံမျိုးပါ။ ကျမကတော့ မြန်မာနဲ့တွေ့ရင် မြန်မာလိုပဲ ပြောပါတယ်။ မြန်မာလိုပြောတဲ့ ဝါကျထဲမှာလည်း မြန်မာလိုပြောလို့ လွယ်ပါရက်နဲ့ တမင် အီးလိုသုံးတဲ့ အသုံးမျိုးတွေလည်း ရှောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာလို ပြောနေတာပါ။ တော်ချင်ရင် ကြိုးစားကြပါ။ အလုပ်မှာ များများပြောပါ။ ဖြစ်နိုင်ရင် အလုပ်ထဲက လူတွေနဲ့ အလပသလာပ ပြောကြည့်ပါ။ အလုပ်ထဲက ခင်မင်တဲ့လူတွေနဲ့ အပြင်မှာ အတူတူ မုန့်စားရင်းပဲဖြစ်ဖြစ် Shopping ထွက်ရင်းပဲဖြစ်ဖြစ် ပြောပါ။ Phrase တွေကို အတွဲလိုက် အမြန်ပြောကြည့်ပါ။ Grammer Rule တွေကို မေ့ပစ်လိုက်ပါ။ (Grammer စာအုပ်တွေကို လွှင့်ပစ်လိုက်ပါ။) ဒါဆိုရင် သင့်ရဲ့ အင်္ဂလိပ်စာ တိုးတက်လာပါလိမ့်မယ်။
မြန်မာအချင်းချင်း အင်္ဂလိပ်လို ပြောရုံနဲ့တော့ သက်ပိုင်သူပြောသလို တိုးတက်လာမယ်လို့ မထင်မိပါ။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ် အားနည်းတဲ့နေရာမှာ Listing လည်းပါပါတယ်။ မြန်မာ ငါးပိသံက ချစ်စရာကောင်းပေမယ့် နားကလက်ခံတဲ့နေရာမှာ ငါးနှစ်သားထဲက အသားကျလာတဲ့ ငါးပိသံပဲ ကြားနေရမှာ ဖြစ်လို့ Lisiting အား တိုးတက်လာစရာမရှိပါဘူး။
နောက်တစ်ချက်က စကားလုံးရွေးချယ်မှုပါ။ လူမျိုးတစ်မျိုးချင်း အသုံးပြုတဲ့နေရာမှာ အားသန်တဲ့ စကားလုံးတွေရှိပါတယ်။ မြန်မာအချင်းချင်း အီးလိုပြောရင် မြန်မာတွေ အားသန်တဲ့စကားလုံးတွေကိုပဲ ပြန်သုံးနေဦးမှာ ဖြစ်လို့ ထိရောက်မှု ရှိတယ်ဆိုရင်တောင် ထင်သလောက် အလုပ်မဖြစ်ပါဘူး။
အချုပ်ပြောရရင် မြန်မာတွေ အချင်းချင်း အီးလိုပြောရုံနဲ့ အီးတိုးတက်မယ်ဆိုတာ ကျမ ၅%လောက်ပဲ လက်ခံရပါလိမ့်မယ်။ အလုပ်ထဲမှာ မပြောလို့ရသ၍ မပြောပဲ နေတတ်တဲ့ အကျင့်တစ်ခုကလည်း မြန်မာတွေ တော်တော်များများမှာ ရှိနေတတ်ပါတယ်။ ဒါတွေ အရင်ပြင်ကြပါစို့။
အပေါ်မှာ ပြောခဲ့သလို ခေါင်းထဲမှာ ရှိတဲ့ Grammer Rule တွေအားလုံးကို ထုတ်ပစ်လိုက်ပါ။ Grammer စာအုပ်တွေ အားလုံးကို လွှင့်ပစ်လိုက်ပါ။ ဒါတွေ အားလုံးက သင့်အတွက် communication skill ကို လုံးဝ ပိတ်ပင်တားဆီးနေပါတယ်။
ဒီစကားက ကျနော်ပြောတာမဟုတ်ပါဘူး။ USA က အင်္ဂလိပ်စကားပြောကျောင်းက ပါမောက္ခ တစ်ဦး ပြောတဲ့စကားပါ။
ကဲ...... ဘာလုပ်ကြမှာလဲ
ရွှေမြန်မာတွေ အားလုံးကို တိုးတက်စေချင်မှု တစ်ခုတည်းနဲ့ ဝင်ရောက်ဆွေးနွေးခြင်း မျှသာဖြစ်ပါတယ်။ စာရေးသူကို တိုက်ခိုက်လိုခြင်း မရှိပါ။
ခင်မင်လျက်
စာဖတ်သူ
Yes.. that's the one it should be practiced.
But I don't think we should learn "Singlish" because it lacks the main theme of the Language. Instead, we should learn their Vocabularies; they are far better in that area than us.
No need to throw Grammar off. Just need to speak out.
All in all, there is only one problem: hardly accept the goodness of Royal English and think it's essential. That makes us don't want to use that language whenever we get a chance.
most singaporeans think that way too. they are reluctant to accept that their Singlish is just a .......
It's pride that prevents the good things to come.
On balance, we should absorb the Vocabs and apply with our grammar rules. We only need six months or more to be better.
I couldn't agree with you more :)
with the title.
မမKOM ဆီမှာရော ဒီမှာရော
e လို ရေးထားတဲ့ comment တွေကို ကျော်ဖတ်သွားမိတယ်
ပျင်းလို့
ဟားဟားဟား
အရေးထဲမှာနော်
I don't care whatever u write, Tha Pa Tha.
:D
Agree with the presentation. Actually, we, Myanmar people, have learnt Eng since childhood; our eng should be far more improved as assumed.
with regards
အတိုင်းအတာတစ်ခုထိ ထောက်ခံပါတယ်
အင်္ဂလိပ်လို ပြောရင်လည်း ပီပီပြင်ပြင် အင်္ဂလိပ်လို ပြောသင့်တယ်
လူအထင်ကြီးအောင် အီးတစ်ဝက် မြန်မာတစ်ဝက် ပြောနေရင် တော်တော်ကြီးကို အရုပ်ဆိုးတယ်လို့ မြင်မိတယ်
ကျွန်တော်တစ်ခါကြုံဖူးတာက ရထားပေါ်မှာပါ၊ ကိုသက်ပိုင်သူ ပြောသလိုဆို သူဝတ်ပုံစားပုံအရ ဒုတိယအုပ်စုကပါ။ ကျောင်းသူအရွယ်ပါပဲ
သူပြောနေတာက " အဝိုင်း is အဝိုင်း, not လေးထောင့် so နင် reply to her, its တစ်ခြားစီ" အဲလိုနဲ့  တစ်လမ်းလုံး အကြောင်းအရာတစ်ခုကို ဆွေးနွေးနေတာ။ ကျွန်တော် မှတ်မိသလောက်လေး ရေးပြတာပါ။
အနှစ်ချုပ်ရရင် ဒီမှာ နေ နေသ၍ အီးလိုကတော့ ပြောနေရမှာပဲ၊ ဒါပေမယ့် နှေးရင်နှေးပစေ၊ ပီပြင်အောင်တော့ ပြောသင့်တယ်လို့  ကျွန်တော်မြင်ပါတယ်။
ခင်မင်စွာဖြင့်
း)
အဖိုးတန် ပို့စ်လေးပါ
မှန်ပါ၏
Pratice make perfect !!!!!!!!!
"မြန်မာအချင်းချင်း အင်္ဂလိပ်လို ပြောရုံနဲ့တော့ သက်ပိုင်သူပြောသလို တိုးတက်လာမယ်လို့ မထင်မိပါ။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ် အားနည်းတဲ့နေရာမှာ Listing လည်းပါပါတယ်။ မြန်မာ ငါးပိသံက ချစ်စရာကောင်းပေမယ့် နားကလက်ခံတဲ့နေရာမှာ ငါးနှစ်သားထဲက အသားကျလာတဲ့ ငါးပိသံပဲ ကြားနေရမှာ ဖြစ်လို့ Lisiting အား တိုးတက်လာစရာမရှိပါဘူး။"
:) 1. still wrong with the spelling... 2. If we use to hear the words and phrases frequently, we can understand to whatever accent the speaker uses.
ဒီပိုစ့်ကို ကြိုက်တယ်...
အခုလို စလုံးကို မြန်မာ သိမ်းမတတ် မြန်မာတွေ များနေတဲ့အချိန်ကြီးမှာ အိမ်မှာ အတူနေတော့လဲ မြန်မာတွေ အလုပ်ထဲမှာလဲ မြန်မာတွေ ပိတ်ရက်တွေမှာလဲ မြန်မာတွေ စုနေတဲ့နေရာကိုသွား... အင်္ဂလိပ်စကား တိုးတက်စရာ အကြောင်းကို ရှာမတွေ့တော့ဘူး။
အလုပ်ထဲမှာ စကားမပြောတတ်ရင် ခံရတာပဲ အထူးသဖြင့် ပြဿနာတွေဖြစ်လာရင် အငြင်းပွားစရာတွေ ရှိလာရင် စကားကို ရည်လည်အောင် ရှင်းမပြတတ်တော့ သူများအပြစ်က ကိုယ့်အပြစ်တွေ ဖြစ်ကုန်ကြတယ်။
တခါက အင်တာဗျူးတခုမှာ ပညာတွေ အများကြီးတတ်တဲ့ သူတယောက် ဘွဲ့တွေကလဲ ရှိနေတော့ ဘော့စ်က နှစ်သက်တယ် ဒါပေမယ့် အင်တာဗျူးမှာ သူ့စကားကိုယ်မသိ ကိုယ့်စကား သူမသိ ဖြစ်နေလို့ စာရွက်နဲ့ ဘောပင်ချပေးပြီး စာရေး အင်တာဗျူးပြီး ခန့်လိုက်တာ ကြားဖူးတယ်...။ လူတအားလိုနေချိန်မို့ ခန့်တော့ ခန့်တယ် ဒါပေမယ့် Impression က ဘယ်ကောင်းပါတော့မလဲ...။
ဒါကြောင့် ကိုယ်က သူ့တိုင်းပြည်မှာနေ နေရတဲ့ အချိန်မှာ သူတို့ ဘာသာစကားကို ကျွမ်းကျင်အောင် လေ့လာသင့်တယ်လို့ မြင်ပါတယ်...။
ရည်ရွယ်ချက် ကောင်းတဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါ။
အာသွက် ၇ှာသွက် ၇ှိ ကြပါစေ
ရည်ရွှယ်ချက်ကောင်းတဲ့ ပို့စ်လေးပါ။ ဒါပေမယ့် တချို့ဟာတွေက နဲနဲလည်း ကွဲလွဲနေလို့ ခံစားမိတယ်။
ဗမာစကားပြောရင်း အင်္ဂလိပ်စကားပါ ထည့်ပြောဖို့ဆိုတာ တော်တော် ကန့်လန့်နိုင်တယ်။ အင်္ဂလိပ်လိုလည်းခံစားလို့မရ ၊ ဗမာလိုလည်းနားလည်လို့မရပေါ့။ အင်္ဂလိပ်လိုမတက်တဲ့သူကို အီလိုတွေထည့်ပြောနေရင် မတက်တဲ့လူဘက်ကခံစားကြည့်ရင်တမျိုးကြီးဖြစ်နေမယ်။ အဓိကကတော့ ဘယ်စကားပြောပြော အဲ့ဒီဘာသာစကားနဲ့သာပြောတာ အကောင်းဆုံးပဲ။ တခြားဘာသာရပ်ကို သင်ယူ လေ့လာမယ်ဆို အဲ့ဒီဘာသာစကားပြောတဲ့လူတွေနဲ့ပဲ ပြောသင့်တယ်။ အနောက်နိုင်ငံမှာဆို အင်္ဂလိပ်စကားညုပ်ပြောကောင်းလွန်းလို့ ဗမာဘာသာစကားကောင်းကောင်းမတက်တော့တဲ့သူတွေအမျုားကြီးပဲ။ စကားပြောရင် လိုက် လိုက် လို့ ယူနိုးဝမ်နာမင်း ပထမကတော့ လူတွေက အကျင့်ကိုလုပ်ကြတယ်။ နောက်တော့ အဲ့ဒီအကျင့်က လူတွေကို ပြန်လုပ်သွားကြတဲ့ စကားလိုမျိုးပေါ့။ အကောင်းဆုံးကတော့ ကိုယ့်ဘက်က ပိုင်နေဖို့ပဲလိုပါတယ်။ အကိုတော့မသိဘူး ကျနော်တွေ့ဖူးတဲ့ လူတွေကိုမေးကြည့်တိုင်း အီးလို ညုပ်ပြောရင် ချစ်စရာကောင်းလိုက်တာလို့ ဘယ်သူမှ မှတ်ချက်မပေးဖူးဘူး။
ဘာမှ မဟုတ်ပါဘူး။ လေ၀င်ရှည်တာပါအကို၊
ဟန်လင်း
ပြောရမယ်ဆိုတာကတော့ လက်ခံပါတယ်။ ဒါပေမယ့် singlish ပြောတာကိုတော့ သိပ်သဘောမတွေ့ဘူး။ မပြောတာထက်စာရင်တော့ ကောင်းမလားမသိ။
ဟိုးအပေါ်က anonymous ပြောသလို grammar ကိုမေ့ပြစ်ပြီး ပြောရမယ်ဆိုတာ ကိုယ်ပြောတာ မှားသွားမှာဆိုးပြီး မပြောရဲတဲ့သူတွေကို အားပေးတဲ့သဘောမျိုးပါ။ လုံးဝမေ့ပြစ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူးလို့မြင်တယ်။ ဝါကျတည်ဆောက်ပုံ၊ spelling၊ grammar အမှားတွေ သုံးပြီး သူများနဲ့ဆက်ဆံပြီး အလုပ်လုပ်ရင် ဘယ်သူက ယုံမလဲ?? အနဲဆုံးတော့ impression အောက်သွားတာပေါ့။
ko Paing yay .....good post par kin byar .......
ဒီလို ပြောကြည့်ပါလား ။ ” I say, I say, bring the လောက်လေး၊ Shoot the ကျီးကန်း on the မန်ကျည်းပင်၊ ထိတော့ ဖင်ခေါင်း ကျတော့ on the ground “
ဓအဲလို ပြောရင် အကုန် ယောင် sixty ဖြစ်ကုန်မှာပေါ့ဗျာ
Yeah. A good post!!
First, let me tell you some of my opinion.
(1) Try to speak as much as you can while you are in abroad or when you are with foreigners. It really helps you improve your language.
(2) Attitude! We need to improve our English Skills. Most of us (Myanmar people) are shy and we don't want to talk or we don't want to have conversations in English. Let me give you an example, for example, when I hang out with a group of friends (foreigners and Myanmar friends), I always try to speak in English and avoid using Myanmar language. Mostly, I was criticized by some of my Myanmar friends for not speaking them in Myanmar. I think that is not a good attitude. We, all Myanmar, should be optimistic and open-minded in all aspects for our future developments.
အလွန်ကောင်းတဲ့ ပို့စ်လေးပါ။
ဖတ်သွားပါတယ် သက်ပိုင်သူရေ။
ငါ့အကို .. တွေးစရာတွေ အမြဲပြောတော့ စာဖတ်တိုင်း အမြဲတွေးနေရတယ် .. ကောင်းတယ် bro .. အများကြီး ပြောဖို့ မလိုတော့ဘူး ... အမြဲ ကြုံနေရပေမယ့် ကိုယ်ကိုယ်တိုင် ချမပြဖြစ်တာတွေ ချပြထားတာ တွေ့လိုက်ရတော့ တော်တော်လေး မှင်သက်သွားတယ် ... လိုအပ်တဲ့ တိုက်တွန်းမှု တစ်ခုအတွက် ကျေးဇူးတင်ပါတယ်ဗျာ ..
နေဒေးသစ်။
Post a Comment