August 19, 2009

ဂေရှား Geisha နှင့်အနုပညာ ၂


မိုင်ကိုလို့ခေါ်တဲ့ အလုပ်သင်ဂေရှား


ဂျီယွန်လို့ခေါ်တဲ့ ဂေရှားရပ်ကွက်မှာ ချိယိုတို့အိမ်က ဂေရှားမယ် ဟာစူမိုမိုနဲ့ အပြိုင်၊ မာမိဟဆိုတဲ့ နာမည်ကြီး ဂေရှားတစ်ယောက်လည်း ရှိတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြဘူး။ တစ်ရက်တော့ မာမိဟတစ်ယောက် ချိယိုတို့ရဲ့ အိုခီယာကို ရောက်လာကြတယ်။

သူလာတဲ့ အကြောင်းရင်းကတော့ ချိယိုကို အောင်မြင်တဲ့ ဂေရှားတစ်ယောက်ဖြစ်နိုင်ချေရှိလို့ သူမကို ဂေရှားတစ်ယောက် အဖြစ်ပြုစုပျိုးထောင်ပေးဖို့ လာရောက်ဆွေးနွေးတာပါ။ သိတဲ့ အတိုင်း…… ထွက်ပြေးဖို့ ကြိုးစားဖူးတဲ့ လူတစ်ယောက်ကို ဘယ်အိုခီယာကမှ ယုံကြည်စိတ်ချစွာနဲ့ ပြုစုပျိုးထောင်ပေးဖို့မလွယ်ပါဘူး။ အဲဒီအခါမှာ မာမိဟနဲ့ ချိယိုရဲ့ အိုခီယာတို့က လောင်းကြေးထပ်ကြတယ်။ မာမိဟက ချိယိုရဲ့ ကျောင်းတက်စရိတ်တွေ၊ ကုန်ကျစရိတ်တွေကိုခံမယ်။ ချိယိုဂေရှားအဖြစ်စတင်တဲ့ အချိန်ကစပြီး ခြောက်လအတွင်း အိုခိယာမှာ တင်နေတဲ့ ချိယိုရဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်ရမယ်။ တကယ်လို့ ပြန်မဆပ်နိုင်ဘူးဆိုရင် ချိယိုတင်နေတဲ့ အကြွေးကို မာမိဟက နှစ်ဆပြန်ဆပ်မယ်။ ဂေရှားတစ်ယောက်အနေနဲ့ နှစ်နဲ့ချီပြီး အကြွေးတွေအားလုံးကြေအောင် ပြန်ဆပ်ကြရပါတယ်။ ခြောက်လအတွင်း ပြန်ဆပ်နိုင်တယ်ဆိုတာ မရှိသလောက်ပါပဲ။ အဲဒါမို့လို့ ချိယိုရဲ့ အိုခီယာကလူတွေက လောင်းကြေးထပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မာမိဟနိုင်ခဲ့ရင်တော့ ချိယို ဂေရှားဖြစ်ပြီး ရှာဖွေနိုင်တဲ့ နောက်ပိုင်းလုပ်အားခတွေကို အိုခိယာက ခံစားပိုင်ခွင့်မရှိတော့ပါဘူး။

သည်နေရာမှာ စိတ်ဝင်စားစရာကောင်းတာက ဂေရှားတွေရဲ့ လုပ်အားခပါ။ ဂေရှားတွေက သူတို့ရတဲ့ လုပ်အားခကို သက်ဆိုင်ရာ Tea House တွေကို ဝေပုံကျ ပြန်ပေးရပါတယ်။ ကျန်တဲ့ လုပ်အားခကိုတော့ အိုခီယာကို ပြန်အပ်ရပါတယ်။ သူတို့ဆီမှာ နေ့စဉ် မှတ်တမ်းရုံးရှိပါတယ်။ အဲဒီမှတ်တမ်းရုံးက ဘယ်ဂေရှားက ဘယ်Tea Houseကို သွားသလဲကအစ နေ့စဉ်မှတ်တမ်းတင်ပါတယ်။ အဲဒါကြောင့် ဂေရှားမယ်အချင်းချင်း မှတ်တမ်းရုံးက လူနဲ့ ပေါင်းပြီး ဘယ်ဂေရှားက ဘယ်TeaHouseမှာ ဘယ်သူ့ကို ဧည့်ခံသလဲဆိုတာ လိုက်စုံစမ်းပြီး ခြေပုန်းခုတ်တတ်ကြပါတယ်။

သည်လိုနဲ့ပဲ မာမိဟရဲ့လက်ထဲမှာ ချိယိုတစ်ယောက် ဂေရှားဖြစ်ဖို့ ပုံသွင်းခံရတော့တယ်။ အကနည်းမျိုးစုံကို သင်ခဲ့ရတယ်။ ဆောင်းရာသီ အေးခဲနေချိန်မှာ အေးစက်နေတဲ့ ရေထဲမှာ လက်ချောင်းလေးတွေ ရေစိမ်၊ အနာခံပြီး ဆာမိဆန်တူရိယာကို တီးတတ်အောင်လေ့ကျင့်ရတယ်။ နောက်ပြီး ဂျပန်တွေရဲ့ လက်ဖက်ရည်ပွဲတော်ကျင်းပရင် ဘယ်လိုစိမံဆောင်ရွက်သင့်သလဲကအစသင်ရတယ်။ အဲသည့် လက်ဖက်ရည်ပွဲတော်တွေမှာ ဂေရှားတွေက သွားရောက်ဖျော်ဖြေတတ်ကြရတယ်။ လက်ဖက်ရည်ပွဲတော်ဆိုတာ ဂျပန်လူမျိုးတွေရဲ့အနုပညာဆန်ဆန် ပြုလုပ်တဲ့ ပွဲပါ။ လူလည်း သိပ်မများပါဘူး။ များသောအားဖြင့် Tea House တွေမှာ ကျင်းပတတ်ပါတယ်။ Green Tea လို့ခေါ်တဲ့ လက်ဖက်အမှုန့်နှင့် ပြုလုပ်ကြတာပါ။ လက်ဖက်ရည်ဖျော်ပုံဖျော်နည်းကလည်း အဆင့်ဆင့်လုပ်ရပါတယ်။ ဂေရှားတော်တော်များများက လက်ဖက်ရည်ပွဲကို ဦးဆောင်နိုင်အောင် ကျင့်ကြရပါတယ်။ လက်ဖက်ရည်ပွဲ ကျင်းပနေတဲ့ အချိန်မှာ ထိုဂေရှားတစ်ယောက်ရဲ့ ကျွမ်းကျင်မှု ရှိမရှိသိနိုင်ပါတယ်။

မကြာခင်မှာပဲ ချိယိုတစ်ယောက် ဂေရှားတစ်ယောက်အဖြစ် ပထမဆုံးခြေလှမ်း စရပါတော့မယ်။ သူတို့ထုံးတမ်းစဉ်လာအရ ဂေရှားမဖြစ်ခင်မှာ အလုပ်သင်ဂေရှားအဖြစ် အများဆုံး ၃နှစ် လုပ်ကြရပါတယ်။ သူတို့ဘယ်လိုစလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပထမဆုံးအလုပ်သင် ဂေရှားကို မိုင်ကိုလို့ခေါ်ပါတယ်။ မိုင်ကိုရဲ့ အဓိပ္ပါယ်က ကလေးကချေသည်ပါ။ အဲဒီမိုင်ကိုလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အရွယ်ရောက်ပြီး ဂေရှားဝတ်စားဆင်ယင်ပုံနဲ့ ကွာပါတယ်။ ပထမဆုံး သိသာထင်ရှားတာက မိတ်ကပ်ပါ။ ထောင်းထားတဲ့ ဆန်မှုန့်ကို အရည်ဖျော်၊ မျက်နှာပြင်ကနေ လည်တိုင်အောက်ခြေနားအထိ ဖြူစွတ်နေအောင် လိမ်းထားပြီး နှုတ်ခမ်းကို နီနေအောင် ဆေးဆိုးထားတတ်ကြပါတယ်။ သုံးနှစ်လောက်ကြပြိး မိုင်ကိုကနေ ရင့်ကျက်တဲ့ ဂေရှားဖြစ်လာလျင်တော့ အဲဒီမိတ်ကပ်ကို ပွဲလမ်းသဘင်ရှိတဲ့ အချိန်ကလွဲပြီး ဆက်မလိမ်းကြပါဘူး။ နောက်ပြီး ကားနေ၊ ဖောင်းကြွနေအောင် ပြင်ထားတဲ့ ဆံပင်ပုံစံလည်းပါပါတယ်။

နာကျင်မှုဒဏ်ကို ကြိတ်မှိတ်ခံရင်း အခုလို ဆံပင်ကို ပြင်ကြရပါတယ်

အဲဒီဆံပင်ပုံစံရဖို့ ဆံပင်အလှပြင်တဲ့ သူဆီမှာ စနစ်တကျသွားပြင်ရပါတယ်။ သူတို့ရဲ့ ဆံပင်တွေ အခုလို ဖောင်းနေအောင် ဖယောင်းနဲ့ပုံသွင်းရပါတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ အဲဒိဆံသဆိုင်ရှေ့မှာ ဂေရှားမယ်လေးတွေ တန်းစီနေကြပါပြီ။ မကြာခင်မှာပဲ စူးရှတဲ့ အော်သံ ညည်းသံတွေကို ဆက်တိုက်ကြားရပါတော့တယ်။ ဘာလို့လဲဆိုတော့ ဆံပင်ကိုဖြောင့်အောင် ပူလောင်နေတဲ့ ဖယောင်းနဲ့ ဆွဲရပါတယ်။ ဖယောင်းက အပူဒဏ်ရယ်၊ ဦးရည်ပြားကနေ ဆံပင်တွေကို တင်းနေအောင် အဆွဲခံထားရတဲ့ဒဏ်ကြောင့်ပါ။ နေ့တိုင်း ပုံသွင်းဖို့ဆိုတာ မလွယ်ပါဘူး။ မိုင်ကိုလေးတွေခမျာ အဲဒီဆံပင်ကို အနည်းဆုံး တစ်ပတ်လောက် မလျှော်မပြုဘဲ ထိန်းသိမ်းကြရပါတယ်။ ညအိပ်ရာဝင်ခါနီးကျရင်လည်း သာမန်လူတွေလို ခေါင်းအုံးနဲ့အိပ်လို့မရပါဘူး။ သေးငယ်တဲ့ သစ်သားတုံးလိုအရာလေးပေါ်မှာ လည်ပင်းကိုတင်ပြီး လည်ပင်းနဲ့ အိပ်တတ်အောင် ကျင့်ရပါတယ်။ အိပ်ခါနီးမှာလည်း အဲဒီသစ်သားတုံးလေး ပတ်ပတ်လည်မှာ ဆန်စေ့လေးတွေ ကြဲထားရပါတယ်။ လည်ပင်းနဲ့ အိပ်နေရင်း ခေါင်းက ကြမ်းပြင်ပေါ်ကျသွားတာနဲ့ ဆန်စေ့လေးတွေ ဆံပင်မှာ ကပ်ကုန်တယ်။ အဓိကကတော့ ဆန်စေ့မကပ်လျင် ပုံအနည်းငယ်ပျက်သွားတဲ့ ဆံပင်ပုံစံကို ပြန်ပြီး သုံးမိမှာစိုးလို့ပါ။ ဆန်စေ့ကပ်တာနဲ့ ဆံပင်ပြင်တဲ့ သူဆီသွားပြီး နာကျင်တဲ့ ဒဏ်ကို မိုင်ကိုလေးတွေခမျာ ထပ်ခံစားရပါတော့တယ်။

ဆံပင်ပုံစံမပျက်အောင် လည်ပင်းနဲ့ အိပ်ကြရပါတယ်။

ဆံပင်ပြင်ပြီးတာနဲ့ အိုခိယာကို ပြန်လာပြီး မိတ်ကပ်လိမ်းရပါတယ်။ မိတ်ကပ်လိမ်းပြီးမှ ကီမိုနိုကို ၀တ်ရပါတယ်။ သည်နေရာမှာ ကီမိုနိုနဲ့ပါတ်သက်ပြီး စိတ်ဝင်စားစရာပါလာပါပြီ။ မိုင်ကိုလေးတွေ ၀တ်တဲ့ ကီမိုနိုက အရောင်အသွေး တော်တော်တောက်ပါတယ်။ နောက်ပြီး လက်နှစ်ဖက်ကလည်း သာမန်ထက်ပိုရှည်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အနောက်ဘက်မှာ စည်းထားတဲ့ အိုဘီကလည်း သာမန်အိုဘိတွေထက် ပိုတောက်ပပြီး ရှည်လည်းရှည်ပါတယ်။ နောက်ပြီး ကီမိုနိုရဲ့ အတွင်းသား ကော်လာလည်ထောင်ကိုလည်း အနီရောင်သုံးပါတယ်။ အဓိပ္ပါယ်က ဂေရှားမဖြစ်သေးတဲ့ ပညာသင်အဆင့်လို့ ဆိုတာပါ။ သည်နေရာမှာ ကိမိုနိုရဲ့ တန်ဖိုးကို နားလည်ဖို့လိုပါတယ်။ ယခုခေတ်တန်ဖိုးနဲ့ဆို ကီမိုနိုအပြည့်အစုံတစ်ခုအတွက် USဒေါ်လာ နှစ်သောင်းပေးရပါတယ်။ အိုခိယာတိုင်းမှာလည်း ကီမိုနိုများများစားစား မရှိကြပါဘူး။ ကီမိုနိုအများကြီး စုဆောင်းထားနိုင်တဲ့ အိုခီယာက အချမ်းသာဆုံးလို့ ဆိုလို့ရပါတယ်။ သာမန်ဂေရှားမယ်တစ်ယောက်အနေနဲ့ သူမဘ၀တစ်လျှောက်လုံးမှာ ကီမိုနိုတစ်စုံနှစ်စုံသာ ၀ယ်နိုင်ပါတယ်။ အိုခီယာတစ်အိမ်နဲ့တစ်အိမ် လဲလှယ်ပြီး ၀တ်ကြပါတယ်။ ဂေရှားတစ်ယောက်က အဲဒီကီမိုနိုကို တစ်ခါဝတ်ပြီးရင် ပြန်မ၀တ်တော့ပါဘူး။ ကီမိုနိုတစ်ထည်ဆိုလျှင်လည်း နှစ်ပေါင်းများစွာ ကြာအောင်ဝတ်နိုင်ပါတယ်။ တချိုကီမိုနိုဆိုလျင် နှစ်ပေါင်းရာချီနေပါပြီ။


ချိယိုတစ်ယောက်လည်း မိုင်ကိုဖြစ်ဖို့ အချိန်တန်တာနဲ့ မာမိဟရဲ့ လက်အောက်မှာ မာမိဟရဲ့ ညီမငယ် ဖြစ်လာတယ်။ သူတို့မိုင်ကိုခမျာ အဆင်သင့်ဖြစ်ပေမယ့်လည်း ဇိုးခနဲဇတ်ခနဲ Tea House တိုင်းကို ၀င်လိုက်ထွက်လိုက်လုပ်လို့မရပါဘူး။ အတွေ့အကြုံရှိပြီးသား ဂေရှားမယ်တစ်ယောက်က လက်တွဲ ခေါ်ရပြန်ပါတယ်။ အသစ်ဝင်လာတဲ့ ညီမလုပ်သူဂေရှားမယ်ရဲ့ ဆိုးသမျှကောင်းသမျှကို အမလုပ်သူ ခေါင်းခံရပါတယ်။ နောက်ပြီး ညီမလုပ်သူရဲ့ ၀င်ငွေတစ်ချို့ကိုလည်း အမလုပ်သူက ခံစားခွင့်ရှိရပါတယ်။ အမလုပ်သူက ညီမငယ်မိုင်ကိုကို သူမကျင်လည်ရာ Tea House တွေကို ခေါ်သွားပြီး သူမရဲ့ ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးရပါတယ်။ တချိန်တည်းမှာပဲ အလုပ်ခွင်မှာ ဧည်သည်ကို ဘယ်လိုဧည့်ခံ။ ဘယ်လို စကားပြောရသလဲ သင်ပေးရတယ်။ တခါတလေ လုပ်ငန်းခွင်မှာ ထိကပါးရိကပါး လုပ်တတ်တဲ့ သူတွေ ရှိလာလျင် အလိမ္မာသုံးပြီး ရှောင်တတ်အောင် ကျင့်ရပါတယ်။ အဲအခုဆိုလျှင် ချိယိုနဲ့ ငယ်စဉ်က ကျောင်းအတူတူတက်ခဲ့တဲ့ ပန်ကင်းက ဟာစူမိုမိုရဲ့ ညီမဖြစ်လာတယ်။ ချိယိုကတော့ မာမိဟရဲ့ ညီမငယ်ပေါ့။ နှစ်ယောက်စလုံးက ဘုရားကျောင်းသွားပြီး ညီအမဖြစ်ကြောင်း အသိအမှတ်ပြုကြတယ်။ တစ်ချိန်တည်းမှာပဲ အမဖြစ်သူ မာမိဟက ညီမငယ် ချိယိုအတွက် နာမည်ရွေးပေးပါတယ်။ များသောအားဖြင့် ညီမလုပ်သူက အမလုပ်သူရဲ့ မျိုးရိုးကို ယူကြရပါတယ်။ သည်လိုနဲ့ပဲ ချိယိုဆိုတဲ့နာမည်ပြောင်းပြီး ဆယုရိအဖြစ် ဘ၀အသစ်ကို စရပါတော့တယ်။ ချိယိုခမျာ သူမမျှော်လင့်တောင့်တ မြတ်နိုးခဲ့ရတဲ့ Chairmanကို ပြန်ဆုံနိုင်ဖို့ ခြေတစ်လှမ်းစနိုင်ခဲ့ပါပြီ။


ကျွန်မကို မာမိဟက ဆာယိုရိလို့ နာမည်အသစ်ပေးလိုက်တဲ့ အချိန်မှာ ချိယိုဆိုတဲ့ စုတ်ချာတဲ့ ကလေးမလေးခမျာ အဖြူရောင်မိတ်ကပ်နဲ့ တောက်ပတဲ့ နှုတ်ခမ်းအောက်မှာ တဖြေးဖြေး ပျောက်ကွယ်သွားပါပြီ......။

ဆက်ပါဦးမည်။

12 ယောက်ကဒီလိုမြင်တယ်တဲ့...:

vista said...

ဖတ်လို.ကောင်းပါသည် ဆက်တင်ပါမြန်မြန်

jr said...

ကျနော်ကတော့ ဘာလုပ်လုပ်စနစ်တကျလုပ်တဲ့ ကိုသက်ပိုင်သူရဲ့ အကျင့်ကို အားကျအတုယူမိပါတယ်။
စာရေးရင်လည်း ကျနော်တို့ကို ဖြစ်သလိုမရေးပဲ သေချာစနစ်တကျ လေ့လာဖတ်ရှုတင်ပြသူတစ်ဦးပါ။ အမြဲတမ်းရောက်ဖြစ်ပါတယ်။း)

မြစ်ကျိုးအင်း said...

ရေးဟန်ရော တင်ပြပုံရော သဘောကျမိတယ်...။
ဒီလိုစာမျိုးတွေကို တန်ဖိုးရှိတယ်လို့ ကျွန်တော်မြင်မိတယ်။
စာဖတ်သူတယောက်ရဲ့ရင်ထဲမှာဖတ်ပြီးတခုခု ကျန်သွား
စေတယ်...။နောက်ထပ် အပိုင်းတွေမျှော်နေပါတယ်...။

အပြုံးပန်း said...

ဆက်၍လာဖတ်ပါသည်။ ဂေရှားတစ်ယောက်ရဲ့ ဘ၀ဟာလည်း မလွယ်ပါလားနော်။

ကိုရင်နော်ခင်လေးငယ် said...

တော်တော်ကို လေ့လာပြီးရေးထားတာပါပဲ..
ရေးဟန်နဲ့ တင်ပြပုံလေး သိပ်ကောင်းတယ်..

တကယ့်ကို စိတ်ဝင်တစား လေ့လာမိတယ်..

ကျေးဇူးကျေးဇူး...

အနော် said...

ကိုသက်ပိုင်သူရေ
ကိုသက်ပိုင်သူရေးတဲ့စာကို တိတ်တဆိတ်ကို အမြဲပင် လာလာဖတ်ပါတယ်
အခု ဂေရှားကိုလဲ ကြည့်ဖူးပီးပေမဲ့ သေချာရေးပြထားလို့ နောက်တခေါက် ကိုသက်ပိုင်သူ စာကို ဖွင့်ထားပီး ပြန်ကြည့်နေတယ် အဲ့တော့မှ ဇာတ်ကားတစ်ကားလုံးရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားရတယ်ဗျို့
၃ ကို စောင့်မျှော်နေပါတယ်နော်

Naw said...

ဒီဇာတ်ကားကို ကြည့်ဖူးတယ်။ ရေးထားတာလဲ ပြည့်စုံပြီးဖတ်လို့ ကောင်းပါတယ်။ တစ်မျိုးစီပေါ့။ :)

An Asian Tour Operator said...

Last year, I watched the movie and noticed that the starring and major actresses are Chinese. I think if they are Japanese it would be better :-)May be I am wrong (the director and producer know more that I do).
Sincerely Always!

Rita said...

ပြောနေကျအတိုင် ပြောရမှာပါပဲ။ သပသနဲ့ ရွာသား ရုပ်ရှင်တွေ အကြောင်းရေးရင် သိပ်ကြည့်ချင်တာပဲ။

စိမ်း... said...

ဆက်ရန်ကို စောင့်နေပါသည်.. :)

မိုးခါး said...

အရမ်းကြိုက်ပါတယ် .. စိတ်ဝင်စားပါတယ် .. ဂျပန်မလေးတွေ အဲလောက်အကျီအထူကြီးတွေ ပြင်ဆင်ပြီး ၀တ်ရတာ တော်တော်ပင်ပန်းမှာပဲလို့ အစတည်းက တွေးမိတယ် .. အလုပ်ကလည်း ရှုပ်သေး .. :D
မြန်မြန်လေးဆက်ပါဗျို့

ပုလုကွေး said...

ကဲ ဆက်ပါဦးဗျာ နောက်တစ်ပိုင်း မျှော်နေပါသည် ပေါ့၊