September 21, 2009

ဂေရှား Geisha နှင့်အနုပညာ








ဂေရှားဆိုတာ ဘယ်လိုမိန်းမမျိုးတွေလည်းလို့မေးရင် အနည်းဆုံး ၁၀ယောက်မှာ ၈ယောက်လောက်က ယောက်ျားတွေကို ဖြေဖျော်ရတဲ့ မကောင်းသည့်မိန်းမများလို့ထင်တတ်ကြပါတယ်။ စာဖတ်သူရော ဘယ်လိုထင်ပါသလဲ။ ကိုယ့်ရဲ့ထင်မြင်ချက်လေးကို မှတ်ထားပြီး ကျွန်တော်သိသလောက် ပြောပြထားတဲ့ ဂေရှားမယ်လေးများအကြောင်းကို ဆက်ဖတ်ကြည့်ပါလားဗျာ။

ဂေရှားဆိုတာ အနုပညာဖြင့် အသက်မွေးသည့် မြန်မာအငြိမ့်မင်းသမီးတွေဖြင့် တော်တော်ကိုဆင်တယ်။ ဂေရှားဆိုတဲ့ အဓိပ္ပါယ်က ဂေ (အနုပညာ) ရှား(တစ်စုံတစ်ယောက်)……. အနုပညာရှင်တစ်ယောက်လို့ အမည်ရပါတယ်။ ဂေရှားအကြောင်းကို ကျွန်တော် ဟိုးငယ်ငယ်ကလေးကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ သူတို့အကြောင်း ဘာဆိုဘာမှ ဂဂဏဏမသိခဲ့ပါဘူး။ လှပပြီး အရောင်စိုသည့် ကီမိုနိုလေးတွေကို ၀တ်တတ်လို့သာ စိတ်ဝင်စားခဲ့တာနှင့်တူပါတယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းမိန်းကလေးတွေကို ဂေရှားမယ်မဆိုပြီး မခံချင်အောင် လိုက်စမိတာ မှတ်မိနေသေးတယ်။ အဲသည်အချိန်တုန်းကလည်း ကိုယ်ထင်တဲ့ ဂေရှားက အပျက်မကိုး။ ၂၀၀၅ခုနှစ်က ဂေရှားတစ်ယောက်အကြောင်းကို Memoirs of a geisha ဆိုသည့် ရုပ်ရှင်ကို ကြည့်မိလိုက်ချိန်မှာတော့ ကိုယ်ထင်တာတွေနှင့် တခြားဆီမှန်း သိလိုက်ရတယ်။ နောက်တော့ ရုပ်ရှင်က ၀တ္ထုကို မမှီဘူးဆိုတာနဲ့ Arthur Golden ရေးသည့် မူရင်းဝတ္ထုကို ရှာပြီး ဖတ်ကြည့်ပါတယ်။ အဲသည်တော့မှ ဂေရှားနဲ့ပါတ်သက်တာတွေကို ပိုပြီး သိလာရတယ်။

စာရေးဆရာက သူဝတ္ထုရေးနေစဉ်မှာ တစ်ချိန်တုန်းက အလွန်နာမည်ကြီးခဲ့သည့် ဂေရှားမယ် Minneko Iwasaki ကို အင်တာဗျူးခဲ့ပါတယ်။ ၀တ္ထုပါအကြောင်းအရာတွေက ထိုဂေရှားမယ်ရဲ့ တစိတ်တပိုင်းလို့တောင် ယူဆကြပါတယ်။ ထိုဝတ္ထုကို ဂျပန်ဘာသာသို့ ဘာသာပြန်လိုက်ချိန်မှာ Minnekoက ဆရာ Arthurကို တရားစွဲခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ Arthurက အင်တာဗျူးပါ အကြောင်းအရာတွေကို မည်သူ့ဆီက ရပါတယ်ဆိုတဲ့ ဂတိကို ချိုးဖောက်ပြီး စာအုပ်ရဲ့ အဖွင့် ကျေးဇူးတင်လွှာမှာ Minneko နာမည်ကို ထည့်သွင်းခဲ့လို့ပါ။ Minneko ခမျာ ဂေရှားမယ်တွေရဲ့ လျို့ဝှက်ချက်တွေကို ဖွင့်ဟသူဆိုပြီး အသက်အန္ထရာယ် ရန်ရှာခံရတဲ့အထိ ဒုက္ခများခဲ့ရပါတယ်။ နောက်တော့လည်း ဆရာArthurက Minneko ကို နစ်နာကြေးပေးလိုက်တော့မှ တရားရုံးမှာ အမှုစွဲထားတာကို ကြေအေးခဲ့ရသတဲ့။

ဝတ္ထုကိုဖတ်ချိန်မှာ လက်ထဲက မချနိုင်အောင်ကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဆိုရမှာပဲ။ နောက်ပြီး ၀တ္ထုထဲကဇာတ်ကောင် ဆယုရိအကြောင်းကလည်း ဖတ်ပြီးတဲ့အထိ အတွေးထဲ အကြာကြီး ရောက်နေခဲ့သေးတယ်။

ဆယုရိဆိုတဲ့ကောင်မလေးရဲ့ နာမည်အရင်းက ချီယိုပါ။ သူမမှာ အရွယ်ရောက်ပြီးကာစ အမတစ်ယောက်လည်း ရှိပါတယ်။ ဆင်းရဲတဲ့ တံငါမိသားစုလေးမှာ မွေးဖွားလာခဲ့တဲ့ ညီအစ်မနှစ်ယောက်စလုံး ကံမကောင်းကြပါဘူး။ အိပ်ယာထဲမှာ သေအံ့ဆဲဆဲမိခင်ရဲ့ ဆေးဖိုးအတွက် သူမတို့နှစ်ယောက်ကို ရောင်းစားခဲ့ရတယ်။ ဒီလိုနဲ့ပဲ ချီယိုတဖြစ်လဲ ဆာယုရိရဲ့ဘ၀တဆစ်ချိုးပြောင်းခဲ့ရတယ်။

သူမတို့နှစ်ယောက်ကို ခေါ်ဆောင်လာတဲ့ ပွဲစားက အိမ်တစ်အိမ်ကို ခေါ်သွားခဲ့တယ်။ ကံမကောင်းချင်တော့ ချီယိုအမက ရုပ်ရည်အသင့်အတင့်ပဲရှိတော့ အဲဒီအိမ်က လက်မခံပါဘူး။ သည်လိုနဲ့ပဲ ချီယိုခမျာ ဂေရှားမယ်တွေ မွေးထုတ်ရာ အိုခီယာလို့ခေါ်တဲ့ ဂေရှားစံအိမ်မှာ တစ်ယောက်ထဲ ကျန်ခဲ့ပြီး သူ့အမကတော့ ပြည့်တန်ဆာတန်းကို ရောက်သွားရှာပါတယ်။

ချီယိုရောက်သွားတဲ့ အိုခိယာအိမ်လေးတွေအကြောင်းကို Memoirs of Geisha ရုပ်ရှင်ကိုကြည့်လျင် သိပ်မသိနိုင်ပါဘူး။ ဒါပေမယ့် ၀တ္ထုထဲမှာတော့ အသေးစိတ်ရေးထားပါတယ်။ ဂေရှားတွေနေတဲ့ ရပ်ကွက်က ဖျော်ဖြေရေးရပ်ကွက် တစ်ခုလိုပါပဲ။ အဲသည်ရပ်ကွက်လေးက အခုထက်ထိ ရှိသေးပါတယ်။ အဲသည်ရပ်ကွက်မှာ အိုခီယာလို့ခေါ်တဲ့ ဂေရှားအိမ်လေးတွေက အများကြီးပဲ။ အိမ်တစ်အိမ်မှာ အနည်းဆုံး ဂေရှားတစ်ယောက်ရှိတယ်။ အများကြီးလည်း မရှိပါဘူး။ ဂေရှားတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်တဲ့ စရိတ်ကလည်း မသေးဘူး။

ဝတ္ထုအရဆိုလျင် အိုခီယာမှာ အုပ်ချုပ်တဲ့သူအကုန်လုံးလိုလိုက ဂေရှားမယ်တွေ ဖြစ်ခဲ့ဘူးကြတယ်။ အသက်အကြီးဆုံး စီနီယာအကျဆုံးဂေရှားက အဲသည်အိမ်လေးမှာ တာဝန်အကြီးဆုံးအပိုင်းကို ယူထားတတ်ပါတယ်။ သူတို့ကပဲ အသစ်ရောက်လာမယ့်ဂေရှားလေးတွေအတွက် အသုံးစရိတ်ကို လယ်ဂျာစာအုပ်တွေနဲ့ နေ့တိုင်း စာရင်းမှတ်လေ့ရှိပါတယ်။ တကယ်တော့ ဂေရှားတစ်ယောက်ပြုစုပျိုးထောင်ရတာ အဲသည့် အိုခီယာအိမ်လေးတွေအတွက် ရင်းနှီးမြှပ်နှံမှုတစ်ခုပါပဲ။ အရွယ်ရောက်လာတဲ့ ဂေရှားတစ်ယောက်ဖြစ်လာလို့ အောင်မြင်ကျော်ကြားလာလျင် အရင်းကြေရုံမက အမြတ်ပါရသေးတယ်။ ဂေရှားမဖြစ်သေးဘဲ ထွက်ပြေးသွားလျင်တော့ အိုခီယာအတွက် အရှုံးပေါ်တော့တာပေါ့။ အဲသည်အခါ နောက်ထပ်ဂေရှားတစ်ယောက်ကို ရှာပြီး ပြုစုပျိုးထောင်ပေးရပြန်ပါတယ်။

အဲသည်ရပ်ကွက်လေးမှာ ဂေရှားနဲ့ပါတ်သက်တာတွေ သင်ပေးတဲ့ အနုပညာကျောင်းလည်း ရှိပါတယ်။ ကျောင်းစရိတ်ကိုလည်း အိုခီယာကပဲ ကျခံရတယ်။ ကျောင်းစရိတ်တင်မကပါဘူး၊ ရေနွေးကြမ်းခွက်တစ်ခွက် ကွဲသွားရင်တောင် အဲသည်စာရင်းက လယ်ဂျာစာအုပ်ထဲ ရောက်သွားတတ်ပါတယ်။ ဂေရှားဖြစ်တဲ့ အချိန်ကစပြီး Tea House တွေမှာ ဖျော်ဖြေလို့ ရသမျှကို အိုခီယာကို အကြွေးပြန်ဆပ်တဲ့ အနေနဲ့ ပြန်အပ်ရပါတယ်။ တချို့ဂေရှားမယ်တွေက အောင်မြင်သွားတဲ့အချိန်မှာ လွယ်လွယ်နဲ့ ပြန်ဆပ်နိုင်ပေမယ့် တချို့ကြတော့လည်း တော်တော်နဲ့ ပြန်မဆပ်နိုင်ကြပါဘူး။ အောင်မြင်တဲ့ ဂေရှားတစ်ယောက်ဖြစ်လာလျင်တော့ အိုခီယာက ထိုဂေရှားကို သမီးအဖြစ်မွေးစားပါတယ်။ မွေးစားခံရတဲ့ သမီးကထိုအိုခီယာကို ဆက်ခံရပြီး နောက်ထပ်ဂေရှားမယ်တွေကို ထပ်မံမွေးထုတ်ပေးရပြန်ပါတယ်။ သည်လိုနဲ့ပဲ အိုခီယာကို အသက်သွင်းကြတယ်။

ချီယိုခမျာ ထိုအိုခီယာလေးကို ရောက်လာပြီးနောက် ဂေရှားတစ်ယောက်ဖြစ်ဖို့ ထိုအိမ်လေးကို သူမမတိုင်ခင်ရောက်နေတဲ့ ပန်းကင်းလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ကျောင်းအတူတူတက်ရပါတယ်။ အဲသည်ကျောင်းမှာ အဆိုအက အတီး အကုန်သင်ရတယ်။ နောက်ပြီး စောင်းအသေးစားလေးလိုပုံစံရှိတဲ့ ရှာမိဆန်ကိုလည်း တီးတတ်အောင်ကျင့်ရပါတယ်။ ချိယိုခမျာ ကျောင်းတက်နေရင်းတစ်ဘက်ကလည်း သူ့အမဘယ်မှာရှိသလဲဆိုတာ စုံစမ်းရပါတယ်။ တစ်နေ့တော့ သူ့အမဘယ်မှာ ရှိသလဲဆိုတာ အိုခီယာမှာ လက်ရှိဂေရှားမယ်ဖြစ်နေသည့် ဟာစုမိုမိုဆီကနေတဆင့်သိသွားပြီး သူ့အမရှိရာ ပြည့်တန်ဆာတန်းကို ရောက်သွားပါတယ်။

သာမန်အမျိုးသမီးရဲ့ ကော်လာအနေအထား

ဂေရှားတစ်ယောက်ရဲ့ ကော်လာအနေအထား

သည်နေရာမှာ စာရေးဆရာ Aethur က ပြည့်တန်ဆာတန်းနဲ့ ဂေရှားမယ်ရပ်ကွက်တို့ရဲ့ ကွာခြားချက်တွေ အသေးစိတ်ရေးထားပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ပြည့်တန်ဆာနှင့် ဂေရှားကို ဘယ်လိုခွဲခြားထားသလဲဆိုတာပါ။ စာဖတ်သူတွေ သတိထားမိသလားမသိဘူး။ ဂျပန်မတွေဝတ်တဲ့ ကီမိုနိုတွေရဲ့ နောက်ကျောမှာ ဖဲပွင့်လိုလို အ၀တ်ထုပ်လိုလို လှပစွာစည်းထားတဲ့ အရာတစ်ခုကို သတိထားကြည့်ပါ။ အဲသည့်အရာကို အိုဘီလို့ခေါ်ပါတယ်။ ပြည့်တန်ဆာတွေက အဲသည့်အိုဘီကို ခန္ဓာကိုယ်ရဲ့ အရှေ့ဘက် ရင်ညွန့်တည့်တည့်မှာ ထားတတ်ကြပြီး ဂေရှားမယ်တွေကတော့ အနောက်မှာ လှပသေသပ်စွာ စည်းထားတတ်ပါတယ်။ ဂေရှားမယ်တွေရဲ့ အိုဘီက အရောင်အသွေးတောက်တောက် လှလှပပရှိပေမယ့် သာမန်အိမ်ရှင်မတွေရဲ့ အိုဘီကတော့ ရိုးရိုးယဉ်ယဉ်လေးတွေ ဖြစ်ပါတယ်။ နောက်ပြီး ကီမိုနိုဝတ်လျင် အောက်ခံကော်လာအဖြူက ဂေရှားမယ်ဆိုလျင် လည်တိုင်မှာ လိမ်းထားတဲ့ မိတ်ကပ်အလှကို မြင်အောင် အောက်ကို လျောချပြီး လည်တိုင်တစ်ခုလုံးပေါ်အောင် ၀တ်တတ်ပေမယ့်၊ သာမန်အမျိုးသမီးတွေက လည်တိုင်ဖုံးပြီး ၀တ်ကြပါတယ်။ သည်လိုနည်းနဲ့ ဂေရှားနဲ့ သာမန်အမျိုးသမီးတွေ ၀တ်စားဆင်ယင်မှုကို ခွဲထားပြန်ပါတယ်။


ဂေရှားမယ်တွေရဲ့ အိုဘီ

သာမန်အိမ်ထောင်ရှင်မများရဲ့ အိုဘီ

ပြည့်တန်ဆာများရဲ့အိုဘီ

ဇာတ်လမ်းကိုပြန်စရလျင် ချီယိုက အမလုပ်သူနဲ့တွေ့ပြီး အတူတူထွက်ပြေးကြဖို့ အချိန်းအချက်လုပ်ကြပါတယ်။ ထွက်ပြေးမယ့်နေ့မှာ ကံမကောင်းချင်တော့ ဟာစူမိုမိုက အိုခီယာမှာ သူ့ချစ်သူကို ချိန်းတွေ့တာ မိသွားတဲ့ အတွက် ဘယ်ယောက်ျားသားမှ ၀င်လို့မရအောင် အိမ်တစ်ခုလုံးကို သော့ပိတ်ထားလိုက်ပါတယ်။ တကယ်တော့ ဂေရှားတစ်ယောက်ဖြစ်ဖို့ အချစ်ကို မမွေးဖွားသင့်ပါဘူး။ အချစ်တစ်ခုကို ဖန်တီးမိလျင် အောင်မြင်တဲ့ဂေရှားတစ်ယောက်ဖြစ်ဖို့ မလွယ်ကူတော့ပါဘူး။ အဲသည့်ညမှာမှာ ချီယိုခမျာ အိမ်တံခါးမကြီးကနေ ခိုးထွက်လို့မရတော့ အိမ်ခေါင်မိုးပေါ်ကနေ ခိုးထွက်ဖို့ ကြိုးစားပါတယ်။ ကံမကောင်းချင်တော့ အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး ပြန်မိသွားတယ်။

နောက်ဆုံးတော့ အိမ်ခေါင်မိုးပေါ်ကနေ ကျတဲ့ဒဏ်ကြောင့် ဆရာဝန်နဲ့ ဆေးကုရတယ်။ အဲသည့် ကုသစရိတ်ကလည်း လယ်ဂျာစာအုပ်ထဲရောက်သွားပါတယ်။ ပိုဆိုးတာက ချီယိုရဲ့ အမက ထွက်ပြေးလွတ်မြောက်သွားတော့ သူမရဲ့ အကြွေးစာရင်းတွေက ချိယိုရဲ့ စာရင်းထဲ အကုန်ရောက်လာတယ်လေ။ အဲဒါနဲ့လဲ မပြီးသေးပါဘူး။ အိုခီယာက ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ ချီယိုကို ဂေရှားမယ်အဖြစ် ရင်းနှီး မြုပ်နှံဖို့ ယုံကြည်မှုမရှိတော့ပါဘူး။ နောက်ဆုံးချီယိုကို အိမ်ဖော်အဖြစ်နဲ့ပဲ ဆက်ထားလိုက်ပါတယ်။ သည်ပုံစံအတိုင်းဆိုရင် ချီယိုခမျာ တစ်သက်လုံး အိမ်ဖော်အဖြစ် ဆပ်သွားလည်း ကြေဖို့လမ်းမမြင်တော့ပါဘူး။

တစ်ရက်တော့ သူမတစ်ယောက်တည်း တွေးရင်းငေးရင်းတံတားလေးပေါ်မှာ ထိုင်နေရင်း Chairman ဆိုတဲ့ ယောကျာ်းပီသတဲ့လူတစ်ယောက်နဲ့တွေ့ခဲ့တယ်။ ထိုတစ်ယောက်က ဂေရှားမယ်နှစ်ယောက်နဲ့အတူ ကပွဲသွားရင်း ချီယိုကိုတွေ့တော့ မုန့်ဝယ်ကျွေးပါတယ်။ ပိုတဲ့ အကြွေစေ့လေးတွေကိုလည်း ချီယိုကို လက်ကိုင်ပုဝါလေးနဲ့ထုပ်ပြီး ပေးလိုက်တယ်။အဲသည်ပိုက်ဆံက ချီယိုအတွက် တစ်လစာ ဆန်ဆီဆား ၀ယ်လို့၇ပါတယ်။ ဒါပေမယ့် ချီယိုက လက်ကိုင်ပုဝါလေးကို ကိုယ်နဲ့မကွာ သိမ်းထားပြီး ပိုတဲ့ ပိုက်ဆံကိုတော့ ဘုရားကျောင်းကိုလှူလိုက်တယ်။ တစ်နေ့နေ့တော့ Chairmanကို ပြန်ဆုံရပြီး သူ့ကို ဖျော်ဖြေရတဲ့ ဂေရှားမယ်တစ်ယောက် ဖြစ်ရပါလို့၏လို့ဆုတောင်းလိုက်ပါတယ်။ သူမရဲ့ဆုတောင်းတွေ ပြည့်ဖို့ အိုခီယာလေးမှာ အိမ်ဖော်အဖြစ်နေရင်း စောင့်နေခဲ့ရတယ်။ တစ်ဖက်ကလည်း Chairman ရဲ့သတင်းတွေ နားစွင့်ရင်းပေါ့။ တစ်နေ့မှာတော့ သူမနေတဲ့ အိုခီယာလေးကို မထင်မှတ်ဘဲလူတစ်ယောက် ရောက်လာတယ်။

ဆက်ပါဦးမည်။
ဓါတ်ပုံများကို အင်တာနက်မှ ရယူပါသည်။

25 ယောက်ကဒီလိုမြင်တယ်တဲ့...:

Ko Paw said...

အဲ... ဒီစာကို မဖတ်မိခင်ကတော့ ကျနော်လည်း ၈ ယောက်ဆိုတဲ့ လူစားထဲမှာ ပါတယ်။ ရေးပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အန်တီချမ်းပါ said...

waiting for more more more
give me more
ahhhhhhhhhhhhhhhhhh

myatnoe said...

ကို သက်ပိုင်သူ ရေးတာအမြဲလာဖတ်ဖြစ်ပါတယ် တော်တော် ဗဟုသုတရပါတယ်။ လင့်ခွင့်ပြုပါ။

တခုလောက်တော့ ပြောပြချင်ပါသေးတယ်။
ဂေးရှားမယ်နဲ့ မခိခို့စံဆိုပီး ရှိပါတယ်။ ဂေးရှားမယ်က ဂျပန်အရှေ့ပိုင်းတိုကျို က ဖြစ်ပီး မခိခို့စံကတော့ ဂျပန်ပြည် အနောက်ပိုင်း ကျိုတို မြို့က ဖြစ်ပါတယ်။

အိုဘိ လို့ခေါ်တဲ့ ခါးမှာစည်းတဲ့ အရာတွေက အသက်အရွယ်လိုက်ပီး အရောင် နဲ့ အဆင်တွေ ကွာပါတယ်။လက်အရှည် ကအစ အသက်အရွယ်ပေါ်မှာ ကွာပါတယ်။ သေချာရေးမယ်ဆို အတော်ကို လိုက်ရှာရပါမှာ.။ ကျနော်လဲ မခိခို့စံအကြောင်း ရေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ကိုသက်ပိုင်သူကတော့ စာအုပ်ကိုဖတ်ပီး ရေးတော့ ပိုစုံတာပေါ့နော်။
ကျနော်ကတော့ ငပျင်းဆိုတော့ စာအုပ်သိပ်မဖတ်ဖြစ်ဖူး။ ကိုသက်ပိုင်သူတို့ အခုလိုရေးတော့ ဖတ်ရတာ ပိုရှင်းတယ်။ ကောင်းတယ်ဗျာ..။ ရေလည်ကြိုက်တယ်။
ဆက်ရန်မျော်နေပါတယ်..။

GreenGirl said...

စိတ်ဝင်စားတယ်။ ဆက်ရေးဦး :)

jr.lwinoo said...

အဲဒီကားက ကြည့်ပြီးသားပါ။
ဒါပေမယ့် ခင်ဗျားရေးတာဖတ်ရတာ ပိုကောင်းနေတယ်။
:)

ဖိုးစိန် said...

ဗဟုသုတရတယ်...

စနစ်တကျ အချက်လက်ကျကျ ရေးပေးတဲ့ပိုင့်ကို

ကျေးဇူး

ချစ်တဲ့

ဖိုးစိန်

နောက်ထပ်တွေမျှော်နေတယ်..

pandora said...

ကောင်းတယ် သက်ပိုင်သူ
မသိရသေးတာတွေ သိရတယ်။ ဆက်ရေးပါ. စောင့်ဖတ်နေပါတယ်။

ပိုင်ဖြိုးကို said...

စိတ်ဝင်စားစရာ တော်တော်ကောင်းပါတယ်။ နောက်တပိုင်းမျှော်နေတယ်နော်.....

Rita said...

ရေးလိုက်ရင် စိတ်ဝင်စားစရာတွေချည်းပဲ
ကောင်းတယ်
ဆက်ဖတ်ချင်တယ်

အပြုံးပန်း said...

အရှည်ကြီး၊ အချိန်ပေးပြီးမှ သိရမယ့် ဗဟုသုတမျိုးကို အခုလို တိုတိုနဲ့ ရှင်းသွားအောင် ရေးပေးတာ သိပ်ကောင်းပါတယ်။ ဆက်လက်စောင့်မျှော်ဖတ်ပါဦးမယ်။

မေဇင် said...

မသိရသေးတာတွေ သိသွားတယ်....ဆက်ပါဦး ရှင်..။

မဆုမွန် said...

ကိုသက်ပိုင်သူရေ

ဒီကားလေးကို ကြည့်ဖူးတယ် အခုပို့စ်အဖြစ်နဲ့တော့ဖတ်ရတာ ပိုတောင်စိတ်ဝင်စားစရာကောင်းတယ် စောင့်နေမယ်နော် မြန်မြန်ဆက်ပါရှင့်

littlebrook said...

ကိုသက်ပိုင်သူရေ ကျေးဇူး.. ပြည့်တန်ဆာဆိုတယ့် ဝေါဟာရကို ကျွန်တော်တို့ ဖွင့်ဆိုတာလည်း မှားနေပါတယ်...
ပြည့်တန်ဆာဆိုတာလည်း ဂေရှားလို အနုပညာဖြစ်တယ့် အကအဆိုနဲ့ဖျော်ဖြေရတယ့် သူကိုခေါ်တာပါ ... အဲ့အတွက်တော့ အခကြေးငွေယူပါတယ်လို့ ဖတ်ဖူးပါတယ်ခင်ဗျာ...

ချစ်ခြင်း ခြေရာ said...

စိတ်ဝင်တစားဖတ်သွားပါတယ် ။ နောက်တစ်ပိုင်းမျှော်နေပါတယ်ခင်ဗျာ ။

sonata-cantata said...

အမမှာ ပထမတခါကြည့်တုန်းက နားမလည်လို့ တ၀က်တပျက်နဲ့ အိပ်ပျော် ...နောက်တခါကြည့်တော့လည်း ရေးတေးတေး...

စောင့်မျှော်လျက်ပါ သက်ပိုင်သူ
ကျေးဇူး

AATO said...

Mingalarbar!
I always wait and read your new posts. Waiting again for the next.
Thanks.

Su Nandar Nge said...

ရှားမိဆန် တူရိယာဆို okinawa ကိုတွဲသတိရတယ်။ okinawa ရဲ့ရိုးရာဂီတဆို အဲ့ဒီ ရှားမိဆန် နဲ့တွဲမှ ပြည့်စုံတယ်လို့ခံစားရတယ်။ စိတ်ဝင်စားရင် NAKAGAWA RIMI ဆိုထားတဲ့ NADASOUSOU ဆိုတဲ့ သီချင်းလေးနားထောင်ကြည့်ပါလား။ you tube မှာ ရှိနိုင်တယ်။ ရှားမိဆန် နဲ့ တွဲဘက်ထားတဲ့ okinawa song လေးပေါ့။ ကောင်းမှကောင်း။ စွဲဆောင်မှု့ အပြည့်ပဲ။

Su Nandar Nge said...

မှားလို့ သီဆိုသူ NATSUKAWA RIMI ပါ။ sorry

နွေဆူးလင်္ကာ said...

ဗဟုသုတရပါတယ်။ စိတ်လည်းဝင်စားပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။

သက်ပိုင်သူ said...

မစုနန္ဒာရေ
ကျေးဇူးပါ.. အခုနားထောင်ကြည့်လိုက်တယ် .. တော်တော်ကောင်းတဲ့ သီချင်းလေးပါ

မြတ်နိုး.. ပြောပြလို့ အိုဘီတွေ သေသေချာချာပြန်ဖတ်လိုက်တယ်.. ကျေးဇူးပါ

Dreamworld2009 said...

စိတ်ဝင်တစားနဲ့ ဖတ်သွားပါတယ်... နောက်တပိုင်းကိုလည်း မျှော်နေတယ်နော်...

Zaw said...

ko pain ......အင်တယိုဝင်ထားတယ်ပေါ့။။။။တော်ပါတယ်ဗျာ

nyilaynge said...

၈ ယောက်ထဲက ခေါ်ထုတ်ပေးသွားတဲ့အတွက် ကျေးဇူးပါ။ ဘာတွေအသစ်ဖတ်စရာရှိလဲဆိုပြီး ၀င်ကြည့် စောင့်ဖတ်နေပါတယ်။ စာဖတ်/ရေးချိန်များများရပါစေလို့ တောင်းဆုပြုရင်း ကျေးဇူးတင်ကြောင်း

pargyi said...

ကောင်းတယ်ဗျား ..လာတိုင်း တန်ဖိုးရှိတာတွေအမြဲရတယ်..
စာင်္တေအများကြီးရေးနိုင်ပါစေ..

yangonthar said...

ကိုသက်ပိုင်ရေ
နားနားပြီးဖတ်နေပါတယ်
အကြွေးတွေလာဆပ်တာ တစ်ပိုင်းချင်း သေချာ ဖတ်မယ်ဗျ ....
အင်မတန်ကျေးဇူးတင်တယ်ဗျာ
စိတ်ဝင်စားအောင်လည်း ရေးတတ်ပါ့
အရေးကလည်းကောင်းပါ့ဗျာ
ခင်တဲ့ 
ရန်ကုန်သား
အေးမြသာယာပါစေ :D