သည်နေ့ဆို စု…… ကျွန်တော့်နံပါးက တိတ်တိတ်လေးထွက်သွားတာ ဆယ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက်သာ ကုန်ဆုံးသွားသော်လည်း သူမပျောက်ဆုံးသွားခြင်းက မနေ့တနေ့ကလို ပူနွေးနေဆဲ။ ကျွန်တော့်ရဲ့ ပန်းချီဆွဲခန်းထောင့်လေးမှာ တိတ်ဆိတ်စွာ အနားယူနေခဲ့သည့် မပြီးသေးသည့် ပန်းချီကားလေးလည်း အခုဆိုရင် ဆယ်နှစ်တင်းတင်းပြည့်ခဲ့ပြီပေါ့။ ပန်းချီကားလေးကို ဖုံးအုပ်ထားသည့် ပိတ်အဖြူကလည်း ၀ါကျင့်ကျင့်အရောင်ဖြစ်နေပြီ။ ကျွန်တော် ထိုပိတ်စကလေးကို ဖယ်လိုက်သည့်အခါ အေးချမ်းသိမ်မွေ့သော ရှုမျော်ခင်းတစ်ခုပေါ်လာသည်။ အိမ်လေးတစ်အိမ်။ ကြာတွေဖူးပွင့်နေသည့် ရေကန်ငယ်လေးတစ်ခု။ နောက်ပြီး ငှက်ကလေးတွေကို အစာကြွေးနေသည့် ချစ်သှူနှစ်ဦး။ ပန်းချီကားတစ်ခုလုံး အနီရောင်အ၀ါရောင်တွေ ပြည့်နေသည်ဟု ထင်ရပေမယ့် သေသေချာချာ ကြည့်ရင်တော့ အပြာရောင်သမ်းတာ ခံစားနိုင်သည်။
"ကျော်ကျော်ရယ်…… ငါတို့နှစ်ယောက် ပန်းချီကားတစ်ချပ်ကို အတူတူဆွဲရအောင်…. အမှတ်တရပေါ့…. ငါတို့နှစ်ယောက် တနေ့နေ့တချိန်ချိန်အတူနေချင်တဲ့ ကမ္ဘာလေးတစ်ခု စိတ်ကူးယဉ်ပြီး ဖန်တီးကြတာပေါ့ဟာ……။"
သည်ပန်းချီကားလေးကို မဖန်တီးခင်က သူမပြောခဲ့သည် စကားက အဝေးကနေ ပဲ့တင်ထပ်ပြီး ပြန်လာသည်။ ထိုအချိန်တုန်းက ကျွန်တော်ဘာမှ မရိပ်မိခဲ့။ ချစ်သူနှစ်ဦး ပျော်ရွှင်မှုအတွက် စိတ်ကူးယဉ်သက်သက်လို့သာ ထင်ခဲ့သည်။ တကယ်တော့ စုက ကျွန်တော့်ထက် အနာဂတ်ကို ကြိုပြီး မြင်နေရှာရော့သလား။ အခုတော့ စုနဲ့ပါတ်သက်တာဆိုလို့ သည်ပန်းချီကားတစ်ချပ်လေးမှ လွဲ၍ ကျန်တာ ဘာမှ မရှိတော့ပါလား……..။
စုကို ကျွန်တော် ပထမဆုံးစတွေ့သည့်အချိန်က နေပူပူ ဖုန်ထူနေသည့်အချိန်ဖြစ်သည်။ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းအသစ်မို့ တချို့နေရာတွေမှာ ဆောက်လက်စအဆောက်အဦးတွေက ဖရိုဖရဲ။ ထိုအချိန်တုန်းက မိန်းလမ်းလို့ခေါ်သည့် ဖုန်ထူထူကတ္တရာလမ်းပေါ်မှာ အပူကို မမှုဘဲ တစ်ယောက်တည်း ကချင်လွယ်အိတ်ကို ကပိုကရိုလွယ်ရင်း တစ်လက်မခွဲလောက် မြင့်သည့် ဒေါက်မြင့်ဖိနပ်ကိုစီးထားပြီး လက်တစ်ဖက်ကလည်း ပုံဆွဲ စက္ကူတွေ ကိုင်ထားလျှက် ခပ်ယိုင်ယိုင်လေး လမ်းလျှောက်လာသည့် စုကို ကျွန်တော် အမှတ်မထင် သတိထားမိခဲ့သည်။ စုသည် သူမ၏မျက်နှာကို ညာဘက်သို့ ငဲ့ထားတတ်ပြီး လည်ကုတ်နားထိဝဲနေသော ဆံပင်တို့ဖြင့် သူမ၏မျက်နှာတစ်ခြမ်းကို အမြဲဖုံးထားတတ်၏။ ထိုကဲ့သို့ ဆံပင်များဖြင့် ဖုံးအုပ်ထားတတ်သော စုကို ကျောင်းသားတိုင်း နားမလည်ခဲ့။ အမြဲတမ်းလျှို့ဝှက်စွာ ပဟေဆန်စွာ နေတတ်သူတစ်ယောက်လို့သာ သိခဲ့သည်။ နောက်ပြီး တစ်ကျောင်းလုံးမှာ သူမတစ်ယောက်တည်း ဒေါက်မြင့်ဖိနပ်ချွန်ချွန်လေးများကိုသာ အမြဲစီးတတ်သူသာဖြစ်သည်။ တခါတလေ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် စုနောက်ကလိုက်ပြီး ကျောင်းက မြေနီလမ်းများ၊ ကျောက်စရစ်ခင်းထားသော လမ်းလေးများမှာ ထိုဖိနပ်ဖြင့် ဘယ်အချိန်လဲမလဲဆိုတာ လောင်းကြေးထပ်ပြီး လိုက်ချောင်းခဲ့ဖူးသည်။ စုကတော့ လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေသည့်အလား ကျွန်တော်တို့ကို သတိမထားဘဲ မြေနီပျော့ပျော့လေးတွေပေါ်မှာ၊ ကျောက်စရစ်ခဲသေးသေးလေးတွေပေါ်မှာ ကျွမ်းကျင်လိမ္မာစွာဖြင့် နင်းလျှောက်သွားခဲ့သည်။ အဲသည်နေ့က စုဘက်က ယုံကြည်စိတ်ချစွာ လောင်းကြေးထပ်ခဲ့သော ကျွန်တော် အနိုင်ရခဲ့သည်။
ကျွန်တော်တို့ကျောင်းမှာ ကြာကန်တစ်ကန်လည်းရှိ၏။ ထိုကြာကန်လေးကပဲ ကျွန်တော်နှင့်စုကို နီးစပ်စေခဲ့သည်။ မှတ်မှတ်ရရ ထိုနေ့က ထိုကြာကန်လေးမှာ တစ်ခုတည်းသော ကြာပွင့်တစ်ပွင့် စပွင့်သည့် သောကြာနေ့လေ။ ကျွန်တော်ကတော့ မကြာခင်ပွင့်တော့မယ့် ကြာဖူးလေးကို သတိမထားမိခဲ့ပါဘူး။ ထိုနေ့က ကြာပွင့်ပေါ်တင်နေသည့် နှင်းစက်လေးများကို ပန်းချီဆွဲဖို့ ကျောင်းကို စောစောရောက်ခဲ့သည်။ ကျွန်တော်ထက်ဦးစွာ ရောက်နှင့်နေသူက စုပါ။ စုက နေရောင်ကျသည့်ဘက်ကို မျက်နှာမူရင်း အစွမ်းကုန်ပွင့်နေသည့် ကြာဖြူပန်းလေးကို ငေးကြည့်နေသည်။ ထိုနေ့က သူမ၏မျက်နှာပေါ်ကို ၀ဲကျနေသည့် ဆံနွယ်များကြားမှာ ကြာဖြူပန်းလေးကို တမေ့တမော ငေးကြည့်နေသည့် ၀ိုင်းစက်နေသော မျက်လုံးတွေကို ပိုပြီးသတိထားမိခဲ့သည်။ နောက်တော့ ကျွန်တော့်ရဲ့ ဦးတည်ချက်များပျောက်သွားပြီး နက်မှောင်သောဆံပင်များကြားမှ တခြမ်းပဲ့လမင်းကိုသာ ကျွန်တော် ရေးဆွဲမိခဲ့သည်။ စုကကျွန်တော် ပုံတူဆွဲနေမှန်းသိတော့ ပြုံးပြသည်။ တခြားကောင်မလေးတွေ စိတ်မဆိုးတတ်၊ ကျွန်တော်ဆွဲထားသည့် ကောက်ကြောင်းတွေကို ကြည့်ပြီး ဝေဖန်ရေးတောင် လုပ်သွားသေးသည်။ သည်လိုနဲ့ပဲ စုနဲ့ကျွန်တော်တို့နှစ်ယောက် စာပေဆောင်ရဲ့ လက်ရမ်းတွေမှာ မီရင်း စကားပြောခဲ့သည်။ အနုပညာဆောင်ဘက်မှာ ရေဆေးဖြင့် ဆေးတွေအမျိုးမျိုးစပ်ပြီး အရောင်သစ်တွေ ထွင်ကြသည်။ နောက်တော့လည်း ရိုးစင်းစွာ နီးစပ်စွာ ချစ်သူတွေ ဖြစ်သွားခဲ့ကြသည်။

ကျောင်းတက်စဉ် ပထမဆုံးနှစ်မှာ စုသည် ရိုးရိုးသာမာန်ကျောင်းသူလေး တစ်ဦးမျှသာ။ ဆရာပေးသည့် ကောက်ကြောင်းနည်းတွေကို ရေးဆွဲလေ့ကျင့်မည်။ သူမ မသိသေးသည့် Modern Art အကြောင်း လေ့လာမည်။ ရည်းစားသဘာဝ ကျွန်တော်နှင့် ရုပ်ရှင်ရုံတွေ သွားကြမည်။ ဒါမှမဟုတ် ဒဂုံတောင်မြောက်လမ်းဆုံဘက်ကနေ ရထားစီးပြီး သန်လျင်ကျိုက်ခေါက်ဘက်မှာ ပန်းချီဆွဲထွက်ကြမည်။ ဒါပေမယ့် ဒုတိယနှစ်ရောက်လာသည့်အခါမှာတော့ စုသည် တဖြေးဖြေး ပုံစံပြောင်းလာ၏။
တခါတလေ စုနှင့် ကျွန်တော်သည် ကိုယ်သန်ရာ ပန်းချီအယူအဆကို အငြင်းအခုန် ပြုတတ်ကြသည်။ ကျွန်တော်က ပန်းချီဆိုတာ ပန်းချီဆရာတစ်ယောက်၏ ၀ိဥာန်လို့ ယူဆ၏။ ပန်းချီဆရာရဲ့စေစားရာ စုတ်ချက်တွေက လိုက်ရ၏။ ပန်းချီဆရာက ပန်းချီကားတစ်ချပ်ကို ဖန်တီးရာမှာ သူ့အသည်းနှလုံးကို တင်ပြီး အရင်းပြုရတတ်သည်ဟု ကျွန်တော်က စုကို ပြောပြတတ်သည်။ ရေးဆွဲသူနှင့် ကြည့်သူ ခံစားချက်ခြင်း သက်ဆိုင်သည့် အချိန်တွင် ထိုပန်းချီသည် အထွတ်အထိပ်သို့ ရောက်တတ်၏။ ထိုကဲ့သို့ ကျွန်တော်က စုကို ပန်းချီသည် ပုဂ္ဂလိက တစ်ဦးဆိုင်ခံစားချက်လို့ ပြောသည့်အခါတိုင်း ခါးထောက်၍ ရန်မတွေ့ရုံတမယ် သူမယူဆချက်ကို ပြန်ပြောရင်း ငြင်းဆန်လေ့ရှိပြန်သည်။ နောက်ဆုံးတော့လည်း ကျွန်တော်ကပဲ အလျှော့ပေးရင်း စုပြောသည်သာ အမှန်လို့ အနိုင်ပေးရတတ်ပြန်သည်။ စုသည် သူမအနိုင်ရတိုင်း ကလေးလေးတစ်ယောက် မုန့်ရသလို ဟက်ဟက်ပက်ပက်ရယ်လေ့ ရှိသည်။ နောက်ပြီး ကျွန်တော့်ကို နောက်ကျောကနေ သိုင်းပြီး ကျွန်တော့်လည်တိုင်လေးကို ခပ်မျှဉ်းမျှဉ်းလေး နမ်းလေ့ရှိသည်။ ထိုအခါ သူမရဲ့ နွေးထွေးသည့် လေညင်းတို့သည် ကျွန်တော့် နားသန်သီးနားကို ဝေ့ကာဝိုက်ကာ တိုက်သွားလေ့ ရှိပြန်သည်။ ဒါပေမယ့် အခုချိန်ပြန်စဉ်းစားလိုက်တိုင်း သူမ၏ ငြင်းခုန်မှုများသည် သူမ၏ အနုပညာ ခံယူချက်များဖြစ်ကြောင်းပိုပြီး နားလည်ခဲ့ရသလို စု၏ ခပ်သက်သက် အနမ်းလေးများကို လွမ်းမိပြန်သည်။
ကျွန်တော်က အနုပညာဆိုတာ အနုပညာဖန်တီးသူ၏ ခံစားမှုသက်သက်များလို့ထင်သလောက် စုကတော့ အနုပညာဆိုတာ အများဆိုင်တစ်ခုလို့ သတ်မှတ်ပြန်သည်။ ကျွန်တော်က စု…. ပြောသည့် အများဆိုင်ဆိုတာ ဘာလဲလို့ မေးမိပြန်တော့ စုသည် ကျွန်တော်ချစ်ရသည့် ကောင်မလေးငယ်ငယ် မဟုတ်တော့။ အမလုပ်သူက မောင်ငယ်ကို ရှင်းပြသလို စိတ်ရှည်လက်ရှည် ရှင်းပြပြန်သည်။ စုပြောပြသည့် အကြောင်းရာများထဲတွင် Modernism အကြောင်းတွေ ပါလာသည်။ Karl Marx ရဲ့ သဘောတရားတွေ ပါလာသည်။ အနုပညာဆိုတာ လူထုလက်နက်လို့ ပြောလာပြန်သည်။ အစိုးရက အနုပညာကို ထိန်းချုပ်နိုင်လျင် ထိန်းချုပ်၊ မထိန်းချုပ်နိုင်လျင် ပြည်သူက ထိန်းချုပ်နိုင်မည်။ ထိန်းချုပ်နိုင်သူက အနိုင်လို့ ခိုင်ခိုင်မာမာ ပြောပြန်သည်။ ထိုအခါတွင် ကျွန်တော်တစ်ယောက် မျက်လုံးပြူးပြီး စုကို ငေးကြည့် နေခဲ့ရသည်။ စုပြောသည့် အကြောင်းအရာများသည် ကျွန်တော်တို့ ကျောင်းသင်ခန်းစာများတွင် မပါ။ မည်သူမှလဲ မဆွေးနွေးခဲ့။ စုဘယ်ကသိတာလဲ မေးလိုက်ရင် ဖေဖေပေးခဲ့တဲ့ စာအုပ်တွေကလို့ ခပ်သောသော ပြန်ဖြေတတ်ပြန်သည်။ စုနှင့် ကျွန်တော် ချစ်သူဖြစ်တာ တစ်နှစ်တာရှိခဲ့ပေမယ့် စု၏ မိသားစုနဲ့ ပါတ်သက်ပြီး ကျွန်တော်ဘာမှ မသိခဲ့။ စုကလည်း ပြောပြဖို့ စိတ်မ၀င်စား။ တခါတခါ စုကို မေးမိလိုက်လျှင် နာကျည်းမှုတွေ စုမျက်ဝန်းထဲမှာ ဝေ့သီလာပြန်သည်။ ထိုအခါမျိုးကြလျင် ကျွန်တော် မသိမသာဘဲ စကားလမ်းကြောင်း ပြောင်းပေးခဲ့ရသည်။
တစ်ရက်တော့ စုက ကျွန်တော့်ကို အကြိုက်နှစ်သက်ဆုံး ပန်းချီကားတစ်ခု မေးလာခဲ့သည်။ ကျွန်တော်ကြိုက်နှစ်သက်သည့် ပန်းချီကားတွေ အများကြီးပဲ ဘယ်လိုမျိုးကို ရွေးပြောရမလဲလို့ ပြန်မေးတော့ စုက …. ကျော်ကျော့်ရင်ဘက်ထဲမှာ အမြဲတမ်းစွဲနေတဲ့ ပန်းချီကားတစ်ခုပေါ့လို့ ပြန်ပြောသည်။ ကျွန်တော့်ရင်ဘတ်ထဲမှာ………။ ကျွန်တော့်ရင်ဘတ်ထဲမှာ စွဲနေတာ အများကြီး။ နေဦး။ ကျွန်တော် Clude Monet ရဲ့ Water Lilies ကြာပွင့်များကို တော်တော်လေး သဘောကျမိတယ်။ သူဆွဲခဲ့သည့် ကြာပန်းများ ပန်းချီကားသည် ပန်းချီကားတစ်ချပ်တည်း မဟုတ်။ အရွယ်စုံ အဆိုဒ်စုံ ရှိသည့် ပန်းချီစီးရီး series များဖြစ်သည်။ Monetရဲ့ ကြာပန်းပန်ချီကားများမှ ခရမ်းရောင်လိုလို အပြာရောင်လိုလိုအရောင်လေးများကို ကျွန်တော်ချစ်သည်။ သူရဲ့ စုတ်ချက်ခပ်ကြမ်းကြမ်းတွေက သူ့ရဲ့ လက်ရာမှန်းသိအောင် ဖော်ပြနိုင်စွမ်းရှိတယ်လေ။ ကျွန်တော်က Monet ရဲ့ ပန်းချီကားများအကြောင်း ပြောပြတော့ စုက စိတ်ဝင်စားစွာ နားထောင်သည်။ ကျွန်တော့်ကို ကြည့်လိုက် ကျွန်တော်တို့ ဆုံနေကြ ကြာကန်ထဲက ပန်းတွေ ကြည့်လိုက်ဖြင့် သဘောကျနေပြန်သည်။

ကျွန်တော်က စုမေးခဲ့သည့် မေးခွန်းကို ပြန်မေးလိုက်တော့ စုက ကောင်းကင်ကြီး ကို မော့ကြည့်ပြီး တစ်ခုခုကို စဉ်းစားပြန်သည်။ တိမ်တွေလွင့်နေတာကို ငေးကြည့်နေတာလား။ ဒါမှမဟုတ် ကျွန်တော့်လိုပဲ သူမနှစ်သက်သည့် ပန်းချီကားတွေများနေလို့လား။ အပေါ်ကို မော့ကြည့်နေသည့်အချိန်မှာ ရှင်းသန့်စွာ ၀င်းလဲ့နေသည့် စုရဲ့ လည်တိုင်လေးကို မြင်တော့ စိတ်မထိန်းနိုင်ပဲ လှစ်ခနဲ ခိုးနမ်းမိတော့သည်။ ထိုအခါ စုသည် ကျွန်တော့်ကျောပြင်ကို လက်သီးစုပ်လေးဖြင့် ဖွဖွထုရင်း ရယ်ပြန်သည်။
"ကျော်ကျော်ရယ်… စုလေ…Eugene Delacroix ရေးဆွဲခဲ့တဲ့ Liberty leading the people ဆိုတာလေးကို အရမ်းကြိုက်တယ်။ မီးခိုးရောင်သမ်းတဲ့ နောက်ခံဘက်ကရောင်းမှာ ပန်းချီကားထဲက အမျိုးသမီးကိုင်ထားတဲ့ အလံက အနီရောင်ကို မြင်ရတာတမျိုးပဲ။ စုမျက်လုံးတွေကို အရမ်းဖမ်းစားနိုင်လွန်းတယ် သိလား။"

စုပြောသည့် ပန်းချီကားထဲက အမျိုးသမီးဆိုတာ Liberty ကို ကိုယ်စားပြုသည့် လက္ခဏာ သင်္ကေတတစ်ခုပါ။ Liberty တစ်ဦးတစ်ယောက်ခြင်း၏ လွတ်လပ်ခွင့်ကို ကိုယ်စားပြုရာမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ပြကြတာကို ကျွန်တော်မှတ်မိသေးသည်။ ပြင်သစ်တော်လှန်ရေးကာလမှာ ယောက်ျားများအဓိကကျသည့် ရှေးဟောင်းအုပ်ချုပ်မှုကို တော်လှန်သည့် သဘောတရားလည်း ဖြစ်သည်။ ကျွန်တော်…….စု အတွေးလေးကို သဘောကျသည်။ ဒါဆို စုက ဘာလို့ New Yorkက Liberty ရုပ်တုတော့ မကြိုက်သလဲလို့ မေးတော့။
"အို့…. ကျော်ရယ်.. သေချာကြည့်စမ်းပါ။New York Liberty က မိန်းမရောဆန်ရဲ့လား။ တောင့်တောင့်ကြီး။"
စုပြောမှာပဲ ထိုရုပ်တုကြီးက မျက်လုံးထဲမှာ ကွက်ခနဲ ပြန်မြင်လာသည်။ ဟုတ်ပါရဲ့။ ဒီတစ်ခါလည်း စုပြောတာမှန်သားလို့ ပြောလိုက်ရင်း ရယ်လိုက်မိပြန်သည်။ ကျွန်တော်တို့နှစ်ဦး၏ ရယ်သံများက ကြာကန်လေးထဲမှာ အခုလိုပဲ မကြာခဏ ပြန့်ကြဲခဲ့ဘူးသည်။ ဒါပေမယ့် ထိုရယ်သံလေးများက တတိယနှစ် ကျောင်းဖွင့်ကာစရက်တွေမှာ တဖြေးတဖြေး ပျောက်ကွယ်ကာစပြုလာသည်။
စုသည် ပန်းချီဆွဲသည့် စတူဒီယိုထဲက မကျေမနပ်ချက်တွေကို ကျွန်တော်တို့နှစ်ဦးကြားကို သယ်လာကာစပြုလာသည်။ စုက ကျောင်းဆိုတာ လေ့လာဖို့ ၊ တီထွင်ဖို့၊ ကိုယ်ဖန်တီးပြချင်သည့် အနုပညာကို လက်တည့်စမ်းဖို့ နေရာတစ်ခုလို့ သတ်မှတ်၏။ ဒါပေမယ့် ကျောင်း၏သင်ရိုးတွေက စုထင်သလို မဟုတ်ခဲ့။ ထိုအခါ စုနှင့် ကျောင်းသည် အစေးမကပ်တော့။ တစ်ရက်တော့ ကျွန်တော်တို့ ဆီဆေးရေးဆွဲနည်း စသင်ရသည်။ စုသည် သူမလေ့ကျင့်သည့် ဆီဆေးများထဲမှာ သတ္တုသေးသေးအပိုင်းအစလေးတွေ ညှပ်ပြီးထည့်သည်။ ဆရာများက ဆီဆေးသင်နေသည့်အချိန်မှာ ဆီဆေးကိုသာ လေ့လာစေချင်သည်။ မည့်သည့် တခြား Medium (ပန်းချီလောကတွင် ဆီဆေး၊ရေဆေး၊ အခရလစ်စသည်တို့ကို Medium ဟုခေါ်သည်။) မသုံးစေချင်။ ဒါပေမယ့် စုက တတိယနှစ်ကျောင်းသူအနေနှင့် အရင်ပုံသေနည်းဟောင်းတွေကို မသုံးသင့်တော့ဘူးလို့ထင်သည်။ ထိုအခါ ကျွန်တော်ကပဲ စုကို လောမကြီးဖို့ ဖျောင်းဖျရပြန်သည်။ စုသည် ကျွန်တော်ဘယ်လိုပဲ ပြောပြော နားမ၀င်။ သူမှန်သည်ထင်လျှင် ဇွတ်တိုးသည်။ ကြာလာတော့ စုသည် ဆရာတွေကြားမှာ အနားလည်ရခက်သည့် ကျောင်းသူတစ်ဦး ဖြစ်လာသည်။
ထိုနားမလည်မှုတွေကြောင့်ပဲလားမသိ Mid Term စာမေးပွဲရောက်တော့ စု… စာမေးပွဲကျသည်။ ထိုအခါ စုသည် ၀မ်းနည်းပက်လက် ဖြစ်မည့်အစား တစ်ခုခုကို ဟာသနှောပြီး ပျက်ရယ်ပြုချင်လာသည်။ အသနားခံစာနှင့် Assignment တင်လျင် အောင်မည်မှန်းသိရက်နဲ့ စုသည် ပေကပ်ကပ်လုပ်နေပြန်တော့ စုကို ခေါ်ပြီး ကျောင်းနားက လယ်ကွက်တွေဘက် ခေါ်ပြီး စိတ်ပြေလက်ပျောက် ချော့ရပြန်သည်။ လယ်ကွင်းတွေဘက် ရောက်တော့ မိုးသည် မကြေညာဘဲ သည်းသည်းမည်းမည်း ရွာချသည်။ ထိုမိုးစက်မှုန်ကလေးတွေက ကျွန်တော်တို့နှစ်ယောက်ကို ကလေးလေးတစ်ယောက်လို ပျော်မြူးစေခဲ့သည်။ လယ်စပ်က ရွှံ့တွေခူးပြီး မိုးရေထဲမှာ ဆင်ရုပ် နွားရုပ်လေးတွေ လုပ်တမ်းကစားကြသည်။ သို့ပေမယ့် ထိုအရုပ်ကလေးများမှာ မိုးရေစက်တွေကြောင့် ပျော့ခွေပြီး နောက်ဆုံးကြတော့ ကျွန်တော်နှင့် စုတို့ တစ်ယောက်နဲ့တစ်ယောက် ပစ်ကစားဖို့ လက်နက်တွေ ဖြစ်ကြပြန်သည်။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက် အခုလို ပျော်ရွှင်ခဲကြပေမယ့် စုအတွက် အိပ်မက်ဆိုးတွေကို သယ်ဆောင်လာမှန်း ကျွန်တော် မသိခဲ့။ နောက်တစ်ရက်ကြတော့ စု ကျောင်းကို မလာနိုင်တော့။ အပြင်းဖျား၏။
တစ်ရက်နေလည်း စု.. ကျောင်းပြန်မတက်နိုင်ခဲ့။ နောက်တစ်ရက်လည်း စု အိပ်ရာပေါ်လဲဆဲပဲတဲ့။ သည်တစ်ခါတော့ ကျွန်တော်စုကို စိတ်ပူလာမိသည်။ စုကို ကျောင်းနားက လယ်စပ်တွေကို ခေါ်သွားမိသည့် ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်တင်မိလာသည်။ အဲသည်နေ့က စုရဲ့ အိမ်ကို ကျွန်တော် မဖိတ်ခေါ်ပဲ ရောက်ရှိသွားတော့သည်။ စုရဲ့ အိမ်လေးက တိုက်ခန်းလေးဖြစ်ပြီး တတိယလွှာမှာ ရှိသည်။ စု၏ တိုက်ခန်းလေးကို ရောက်တော့ မဖိတ်ခေါ်ပဲ ရောက်လာသည့် ကျွန်တော်ကို စုရဲ့အဒေါ်က တံခါးမဖွင့်ပေးသေးဘဲ အိုးတိုးအန်းတန်းကြည့်နေသည်။ စုနေမကောင်းဘူးဆိုလို့ လူမမာလာမေးတာပါလို့ ပြောလိုက်မှ ကျွန်တော့်ကို ဧည့်ခန်းလေးထဲမှာ ခဏထိုင်စောင့်ခိုင်းသည်။ ဧည့်ခန်းလေးထဲမှာ ဘာမှ ထွေထွေထူးထူးမရှိ။ စာအုပ်တွေ အပြည့်ထည့်ထားသည့် မတ်ရပ်ဘီရိုနှစ်လုံးရယ်၊ ဘုရားပန်းတွေဝေနေအောင် ကပ်ထားသည့် ဘုရားစင်လေးတစ်ခုရယ်။ အိမ်ခန်းလေးက ရှင်းလင်းသပ်ရပ်နေသည်။
ခဏနေတော့ စု၏အဒေါ်က ကျွန်တော့်ကို စုနေသည့် အခန်းကျယ်ကျယ်တစ်ခုထဲကို ခေါ်သွားသည်။ နောက်တော့ သိနားလည်စွာပင် ကျွန်တော်တို့နှစ်ယောက် လွတ်လွတ်လပ်လပ် စကားပြောနိုင်အောင် မီးဖိုချောင်ထဲ ပြန်ဝင်သွားခဲ့သည်။ စု၏အခန်းလေးကတော့ ဧည့်ခန်းနှင့် ခြားနားစွာ ပစ္စည်းများဖြင့် ပြည့်နေသည်။ ပြတင်းဘောင်နားမှာ ဆွဲလက်စ ပန်းချီကားတစ်ချပ်နှင့်အတူ ပုံကြမ်းတွေကလည်း သစ်သားကြမ်းခင်းပေါ်မှာ ပြန့်ကြဲနေသည်။ တချို့က အဖုံးပိတ်လျက်၊ တချို့ကလည်း ညှစ်ပါများလို့ ပိန်လိန်နေသည့် အခရလစ်ခ်ပန်းချီဆေးဗူးများက ယွန်းဗန်းပေါ်မှာရော ယွန်းဗန်းဘေးမှာရော။ နောက်ပြီး ခုတင်ခြေရင်းက စားပွဲပေါ်မှာလည်း တီဗွီတစ်လုံးနှင့် ဒီဗွီဒီဖွင့်စက်တစ်ခု။ ကျွန်တော်သတိထားကြည့်မိတော့မှ စုတို့အိမ်မှာ ဘာဓါတ်ပုံမှန်ဘောင်မျှ မရှိနေချေ။
စုကတော့ ခုတင်ပေါ်မှာ တစောင်းလေးလှဲပြီး အသက်ကို ခပ်ပြင်းပြင်းလေးရှူနေသည်။သူမသည် စောင်တွေဘာတွေလည်း မခြုံထား။ ထမီအစွန်းနှစ်စကို ခြေသလုံးနှစ်ခုကြားညှပ်ပြီး ခပ်ခွေခွေလေး လှဲနေသည်။ ကျွန်တော့်ကို မြင်တော့ စုသည် အားကိုးတွေ့သွားသည့် ကလေးလေးတစ်ယောက်လို ပြုံးပြရှာသည်။ သူမနဖူးပေါ်ဝဲကျနေသည့် ဆံနွယ်လေးတွေကို ဖယ်လိုက်တော့ အရင်လို ရန်မတွေ့တော့ဘဲ မျက်လုံးလေး မှိတ်ထားရှာသည်။ အခုတော့လည်း စုသည် ကျောင်းမှာတွေ့သည့်စုနှင့် မတူတော့။
နောက်တော့ စုသည် ကျွန်တော့်ပေါင်ပေါ်ကို ခေါင်းလေးမှေးတင်ရင်း စု….. ကြောက်တာပဲလို့ ပြောရင်း ငိုရှာသည်။ ကျွန်တော်လည်း အမှတ်တမဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ…… စုရဲ့ ခေါင်းလေးကို ပွတ်သပ်ရင်း ဘာကိုကြောက်တာလဲ…… စုရဲ့… လို့ မေးလိုက်သည်။
"စု…. ခြေသံတွေကို… ကြောက်တယ်။ စုဆီကိုလာနေတဲ့ ခြေသံကို ကြောက်တယ်။ ခြေသံတွေက စုအိပ်ခန်းရှေ့မှာ ရပ်ရပ်သွားတယ်။ ကျော်……… စုကို ဖတ်ထားပါ။ စုကြောက်တယ်။"
ကျွန်တော်လည်း စုကို တစ်ညနေလုံးဖက်ထားမိသည်။ ကျောင်းမှာ သူမမှန်လျင် မာန်မလျော့သည့် စုသည် ကျွန်တော့်ရင်ခွင်ထဲကျတော့ မြင်မြင်သမျှ ကြောက်သည့် ကလေးငယ်လေးတစ်ယောက်လို ဖြစ်လာသည်။
ကျွန်တော်စုဆီကပြန်တော့ စု၏အဒေါ်က ကျွန်တော့်ကို အိမ်ဝအထိလိုက်ပို့ပေးသည်။ ထို့နောက် စုကို စောင့်ရှောက်ဖို့ တဖွဖွမှာသည်။ စုသည် တခြားကလေးတွေထက် ငယ်ငယ်ကတည်းက အဆုတ်အားနည်းတော့ မိုးရေထိလို့မရ။ ထို့ကြောင့်ပင်လားမသိ စုကို စတွေ့ကာစဆို မိုးရွာတာနှင့် တစ်နေရာရာမှာ ချောင်ကုတ်ပြီး မိုးတိတ်သည့်အထိ စောင့်နေတတ်သည်။ အိပ်ရာပေါ်လဲအောင် မိုးရွာထဲ ခေါ်သွားမိသည့် ကျွန်တော့်ကိုယ် ကျွန်တော် ကြိမ်ဆဲမိလိုက်ပြန်သည်။ နောက်ဆို စုကို မိုးရေတစ်စက်မှ မထိစေရ။
နောက်နေ့ကျတော့ ကျွန်တော်ကျောင်းမတက်ဖြစ်တော့။ စုရဲ့တိုက်ခန်းလေးထဲကို ရောက်မိပြန်သည်။ စုသည် မနေ့ကထက်တော့ပိုပြီး လန်းလာသည်။ ကျွန်တော်ရောက်သွားချိန်မှာတော့ စုသည် နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတစ်ခုကို ကြည့်နေသည်။ သူမကြည့်နေသော ရုပ်ရှင်သည် စားသောက်ဆိုင်တစ်ခုဖြစ်ပြီး အနီရောင်တွေ တအားများနေသည်။ စားပွဲခင်းတွေလည်း အနီရောင်။ သရုပ်ဆောင်သူတွေ ၀တ်ထားတာလည်း အနီရောင်။ နောက်ဆုံး အစားအသောက်တွေကလည်း အနီရောင်သမ်းနေသလို ထင်ရသည်။ နောက်တော့ ဇာတ်ကောင်တွေ သန့်စင်ခန်းသုံးသည့်အချိန်ရောက်တော့ အကုန်လုံး အဖြူရောင် ပြောင်းသွားပြန်သည်။ စုသည် ကျွန်တော်ရောက်လာတာ မြင်တော့ ကြည့်လတ်စတန်းလန်းကို ဆက်မကြည့်ဘဲ ကျွန်တော့်ကိုပါခေါ်ပြီး အစကနေပြန်ကြည့်ပြန်သည်။

ထိုရုပ်ရှင်ထဲမှာ အဓိကဇာတ်ကောင်လေးကောင်ပါသည်။ တစ်ယောက်က အစားအသောက်မက်သည့် ခပ်၀၀စားသောက်ဆိုင်ပိုင်ရှင် ဖြစ်ပြီး သူ့ဆိုင်မှာ အလုပ်လုပ်သည့်သူတွေရော၊ ဆိုင်မှာလာစားသည့် ဖောက်သည်တွေအားလုံးကိုရော မထင်ရင် မထင်သလိုဆက်ဆံသည်။ သူ့ဆိုင်ကလေးကို သူ့ပိုင်နက်တစ်ခုလို သဘောထားသည်။ သူ့ဆီမှာ ဂျော့ဂျီယာဆိုသော လှပပြီး သူ၏ဆိုးသွမ်းမှုဒဏ်ကို ကြိတ်မှတ်ခံစားနေရသော ဇနီးတစ်ယောက်ရှိသည်။ ညတိုင်း ယောက်ျားဖြစ်သူ ဆိုင်ပိုင်ရှင်နှင့် အတူ အဆူအငေါက်ကို ခံရင်း ညစာစားရရှာသည်။ ကြာလာတော့ ဇနီးဖြစ်သူသည် စားသောက်ဆိုင်မှာ လာစားသည့် စာဖတ်ဝါသနာပါသူ မိုက်ကယ်လ်ဆိုသူနှင့် ထိုစားသောက်ဆိုင်ထဲမှာပင် ဖောက်ပြန်သည်။ စားသောက်ဆိုင်မှ လူများသည် ပိုင်ရှင်ကို မျက်မုန်းကျိုးနေကြတော့ ထိုဖောက်ပြန်မှုကို ၀ိုင်းဖုန်းကွယ်ပေးကြသည်။ နောက်တော့ ယောက်ျားလုပ်သူက သိသွားပြီး သူတို့နှစ်ယောက် ချိန်းတွေ့သည့် မီးဖိုချောင်ထဲကို ၀င်ရှာသည်။ စားဖိုမှူးကလည်း ပိုင်ရှင်ဘက်ကမပါ။ သူတို့နှစ်ဦး လွတ်မြောက်အောင် ကူညီပေးရှာပြန်သည်။ ဂျော့ဂျီယာသည် မိုက်ကယ်လ်ရဲ့ အိမ်လေးကို လိုက်ပြီး သူ့ယောက်ျားရန်ကလွတ်အောင် ပုန်းအောင်းနေရသည်။ ကျွန်တော်ကတော့ မိုက်ကယ်လ်အိမ်လေးကို သဘောကျသည်။ ဘယ်နေရာကြည့်ကြည့် စာအုပ်တွေ စာအုပ်တွေ အများကြီး။ ကျွန်တော်က စုကို မိုက်ကယ်အိမ်လေးကို သဘောကျတယ်……။ ကိုယ်တို့ အတူနေကြရင် အခုလို စာအုပ်တွေ အများကြီး စုကြတာပေါ့လို့ ပြောလိုက်တော့…… စုက … ကျွန်တော် စာဖတ်တာလည်း တစ်ခါမှလည်း မတွေ့ပါဘူးတဲ့……..။
ကိုကစာဖတ်သူ မဟုတ်ဘူးလေ။ စာစုသူလေ……လို့ ပြန်ဖြေတော့ စုက သဘောကျစွာ ခိုးခိုးခစ်ခစ်ရယ်သည်။
နောက်တော့ နှစ်ယောက်သား ဇာတ်လမ်းထဲမှာနစ်မျောသွားပြန်သည်။ ဂျော်ဂျီယာ၏ ယောက်ျားသည် သူတို့နှစ်ယောက်ပုန်းကွယ်နေသည့် နေရာကို သိသွားပြီး သူမမရှိတုန်း မိုက်ကယ်ရဲ့ လည်မျိုထဲကို စာရွက်တွေ ထိုးထည့်ပြီး သတ်ပစ်လိုက်သည်။ နောက်တော့ ဂျော်ဂျီယာသည် မိုက်ကယ်အလောင်းကို ယူပြီး သူ့မိတ်ဆွေ စားဖိုမှူးဆီသွားပြီး မိုက်ကယ့်ကို ချက်ခိုင်းသည်။ စားဖိုမှူးကလည်း အတန်တန်ငြင်းသည်။ နောက်တော့ သဘောတူလိုက်သည်။ အဲသည်နေ့ညကျတော့ စားသောက်ဆိုင်ကို ပိတ်ပြီး သူမ၏ ယောက်ျားဟောင်းကို ညစာကောင်းကောင်းဖြင့် ဧည့်ခံမယ်လို့ ပြောသည်။ နောက်တော့ ဂျော်ဂျီယာက ချက်ထားသည့် မိုက်ကယ့်အလောင်းကို စားပွဲပေါ်တင်ပြီး သေနတ်နှင့်ချိန်ပြီး သူ့ယောကျာ်းကို စားခိုင်းသည်။ သူ့ယောကျာ်းတစ်လုပ်လောက် စားပြီးသည့်အခါမှာတော့ ဂျော်ဂျီယာက နဖူးတည့်တည့်ကို သေနတ်ဖြင့်ပစ်သတ်လိုက်ပြီး လူသားစားသူဟု ပြောလိုက်သည်။
ဇာတ်လမ်းပြီးသွားချိန်မှာတော့ စုသည် အားပါးတရလက်ခုပ်တီးသည်။ ကျွန်တော် စုကို ကြည့်ပြီး နားမလည်သလို ထိုဇာတ်လမ်းကိုလည်း နားမလည်ခဲ့။ ဆိုင်တစ်ခုလုံးကို အာဏာရှင်ဆန်စွာ ရက်စက်ခဲ့သည့် ဆိုင်ပိုင်ရှင်ကိုလည်း မုန်းသည်။ နောက်ပြီး စားပွဲပေါ်မှာ တင်ထားသည့် အကောင်လိုက် ချက်ပြီးသား မိုက်ကယ်လ်အလောင်းကို ကြည့်ပြီး အော်ဂလီဆန်လာသည်။ ကျွန်တော် ထိုရုပ်ရှင်ကြည့်ပြီး တစ်ရက်နှစ်ရက်လောက် အစာမစားနိုင်ခဲ့။ ဒါကို စုရိပ်မိတော့ ရယ်ပြန်သည်။
စု.. နေကောင်းပြီး ကျောင်းပြန်တက်တော့ ကျွန်တော့်တိုက်တွန်းချက်နဲ့ပဲ Assignmentပြန်တင်သည်။ အောင်သည်။ ဒါပေမယ့် စုသည် အရင်ကလောက် ကျောင်းမှာ တက်တက်ကြွကြွမရှိတော့။ တခါတလေ ငိုင်နေတတ်သည်။ တခါတလေ သူမတစ်ခါမှ မပြောပြတတ်သော သူမ၏ မိသားစုအကြောင်း တစ်စွန်းတစ်စ ပြောတတ်လာသည်။ စု၏ဖေဖေသည် စုငယ်ငယ်ကလေးကတည်းက သူ၏ ခံယူချက်အတွက် တောခိုသွားခဲ့သည်။ စုဖေဖေ မရှိတော့သည့် နောက်ပိုင်း အမေလုပ်သူသည် နောက်အိမ်ထောင်ပြုသည်။ အိမ်ထောင်ပြုပြီး မကြာခင်မှာပင် စုမေမေသည် အားလုံးကို ကျောခိုင်းထွက်ခွာသွားပြန်သည်။ နောက်ဆုံး အိမ်မှာ စုနဲ့ စုဖထွေးသာ ကျန်ခဲ့သည်။ စုတစ်ယောက်တည်း အိမ်မှာဆို အခန်းထဲဝင် ချက်ချပြီး ဖထွေးလုပ်သူကို ရှောင်နေခဲ့သည်။ အိမ်ထဲမှာ ဖထွေးလုပ်သူ၏ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သံတွေ။ သူ၏ခြေသံတွေနီးနီးလာပြီး သူမ၏ အခန်းရှေ့မှာ ရပ်ရပ်သွားခဲ့သည်။ နောက်တော့ အခြေအနေကိုနားလည်သွားသည့် စုအဖေရဲ့ အမဖြစ်သူက စုကို မွေးစားခဲ့ရသည်။ စု အဖျားတက်တာနဲ့ ထိုခြေသံတွေကို စိတ္တဇဆန်စွာ ပြန်ကြားမိလာပြန်သည်။ ထိုအခါမျိုးမှာ စုအတွက်နေရာ မရှိခဲ့။ နောက်တော့ စုခမျာ ထိုအသံတွေကို တန်ပြန်ဖို့ သူမ ကိုယ်ပိုင် အသံတွေကို ဖန်တီးလာခဲ့သည်။ ဒေါက်မြင့်ဖိနပ်လို ခွာမြင့် ဖိနပ်လို အသံမြည်သည့် ဖိနပ်မျိုးကိုမှာ ရွေးဝတ်တတ်လာသည်။ စုသည် သူမအကြောင်း ပြောပြီးတိုင်း မောမောလာတတ်သည်။ ထိုအခါမျိုးမှာ ကျွန်တော်ကပဲ စုနောက်ကျောလေးက ဖက်ပြီး ထွေးပွေ့ပေးရပြန်သည်။
ဒါပေမယ့် စုသည် အရင်ကလောက် စကားတွေ ဖောင်ဖွဲ့နေအောင် မပြောတတ်တော့။ တစ်နေရာရာမှာ ငြိမ်ပြီး တစ်ခုခုတွေးနေတတ်သည်။ ဒါမှမဟုတ် သူမရဲ့ ပုံဆွဲစာအုပ်မှာ ကျွန်တော် နားမလည်သည့် ပုံတွေကို ရေးဆွဲတတ်လာသည်။ ဘာပုံတွေလဲလို့ မေးလိုက်သည့်အခါ စုသည် ကျွန်တော့်ကို မချိုမချဉ်ပြုံးပြပြီး ကျော်ကျော့်ဘာသာစဉ်းစားပေါ့လို့ ခပ်ရဲ့ရဲ့ ပြန်ဖြေတတ်ပြန်သည်။ တခါတလေ စုရဲ့ အတွေးတွေကို ငှားကြည့်ချင်သည်။ စုဦးဏှောက်ထဲမှာ ဘာတွေ ရှိနေမလဲဆိုတာကို ကျွန်တော် သိချင်သည်။ ကျွန်တော့်အတွက် နေရာလေးတစ်နေရာစာ စုဆီမှာ ရှိရဲ့လားလို့ မေးချင်သည်။ အရင်တုန်းက စုပုခုံးလေးကို လက်နှစ်ဖက်ဖြင့် သိမ်းယူလိုက်သည့်အချိန်မှာ စုသည် အလိုက်သင့်ပါလာခဲ့ဖူးသည်။ အခုတော့ စုသည် ကျွန်တော်အိမ်မက်ထဲမှာ အကြိမ်ကြိမ်ထွင်းထုမိသည့် ယမင်းရုပ်လေးပမာ ခပ်တောင့်တောင့်နိုင်လှသည်။ ဘာကြောင့်လဲ မေးလိုက်သည့်အခါတိုင်း ကျော်ကျော့်ကြောင့် မဟုတ်ပါဘူးလို့ မပွင့်တပွင့် ဖြေတတ်သည်။

တစ်ရက်တော့ စုလက်ထဲမှာ Colour Print out ထုတ်ထားသည့် တရုတ်လက်ရာ Poster Art တွေ တွေ့ရသည်။ စု….ဒါတွေက ဘာတွေလဲ မေးတော့ … စုက ဒါ Propaganda Art လေ… ကျော်ကျော်ရဲ့ လို့ … စိတ်မရှည်စွာ ဖြေပြသည်။ စုသည် ကျောင်းစာ ပြင်ပက ဘာလို့ သည် အနုပညာအကြောင်းကို လေ့လာနေရတာလဲ။ ကျွန်တော် မစဉ်းစားတတ်တော့။ Propaganda Art ဆိုတာ အစိုးရတစ်ရပ်ပဲ ဖြစ်ဖြစ် အဖွဲ့အစည်းတစ်ရပ်ရပ်ကပဲ ဖြစ်ဖြစ် သူတို့၏ခံယူချက် ရပ်တည်ချက် လှုံ့ဆော်ချက်တွေကို အနုပညာများမှတဆင့် လူထုထဲရောက်အောင် ချပြလေ့ရှိ၏။ ထိုအခါမျိုးတွင် အနုပညာသည် ခံစားမှုသက်သက်မဟုတ်တော့။ လူထုဆက်သွယ်မှုတစ်ခု သတင်းစီးဆင်းရာ ကြားခံနယ်တစ်ခုဖြစ်လာ၏။ စုဒါတွေကို ဘာလို့လေ့လာရတာလဲ။ ကျောင်းပတ်ဝန်းကျင်မှာ ဒါတွေလေ့လာရင် ပြဿနာတွေ တောက်လျှောက်ဝင်လာမှာ စု မသိလေရော့သလား။ ကျွန်တော်သည် စုအတွက် နေ့စဉ်ပူပန်လာမိသည်။ ခေါင်းမာသည့် စုကို ဘယ်လိုပဲ ဖျောင့်ဖျဖျောင့်ဖျ နားဝင်မည်မဟုတ်တော့။
ကျွန်တော်တို့ကျောင်းမှာ နောက်ဆုံး Assignment အနေနဲ့ ကျောင်းသားတိုင်းပန်းချီကားတစ်ချပ်ဆွဲရမည်။ Assignment နာမည်ကိုလည်း ”အနာဂတ်” လို့ ပေးထားသည်။ ကျောင်းသားတိုင်း သူတို့၏ ကန်းဗတ်ပုံဆွဲဖျင်စပေါ်မှာ ပုံကြမ်းတွေဆွဲ၊ အရောင်တွေ ဖြည့်နေချိန်မှာတော့ စုက စာပေဆောင် ဒုတိယထပ်က လှေကားတွေမှာထိုင်ပြီး ပုံကြမ်းရေးလို့ကောင်းနေတုန်း။ ကျွန်တော် စုအတွက် တိုးပြီး ပိုပိုစိတ်ပူလာသည်။ ကျွန်တော့် ပန်းချီကားလေးတောင် လက်စသတ်နေပြီ စုရဲ့ ကန်းဗက်ပေါ်မှာတော့ ဟာလာဟင်းလင်းဖြစ်ဆဲ။ စုက ပုံကြမ်းဆွဲနေတုန်းသာဆိုတယ် သူမ၏ပုံဆွဲစာအုပ်မှာ ခြစ်လိုက်ဖျက်လိုက်လုပ်ထားသည့် ပုံကြမ်းတွေသာ ပေပွနေသည်။ ကျောင်းကဆရာတွေကလည်း ကန်းဗက်ပေါ် နောက်ဆုံးအချိန်အထိရောက်မလာသေးသည့် သူမ၏ ဖန်တီးမှုတွေအတွက် စိတ်မရှည်ချင်တော့။ သေချာပြီ။ စု သည်နှစ်အောင်ဖို့လွယ်မှာ မဟုတ်တော့။ အခုတော့ Assignment တင်ဖို့ တစ်ရက်ပဲလိုတော့သည်။ တစ်ရက်တည်းနှင့် ဘယ်လိုပြီးအောင် စုရေးဆွဲမလဲဆိုတာ ကျွန်တော် သိချင်လာသည်။
နောက်တစ်နေ့ မနက်ကျတော့ စတူဒီယိုထဲမှာ Assignment တင်ထားသည့် ပန်းချီကားတွေကို စုပြီး ချိတ်ထားသည်။ စုရဲ့ ပန်းချီကားနံဘေးမှာတော့ ကျောင်းသားတွေ ဆရာတွေရောက်လာပြီး တီးတိုးတီးတိုးဖြင့် ၀ိုင်းအုံကြည့်နေကြ၏။ မကြာခင်မှာပဲ ပါချုပ်ရောက်လာသည်။ ကျွန်တော်တို့ကို ပန်းချီသင်သည့် ဆရာတွေပါရောက်လာသည်။ နောက်တော့ စု၏ပန်းချီကားကို ဖြုတ်ပြီး ရုံးခန်းထဲကို ယူသွားသည်။ အဲသည့်ညနေမှာပဲ စုခမျာ လူမသိသူမသိဖြင့် ကျောင်းတော်ကြီးကနေ ရပ်စဲခံလိုက်ရသည်။ ဒါပေမယ့် စုရဲ့ ”အနာဂတ်”ဟူသော ပန်းချီကားလေးသည် ကျောင်းထဲမှာ ဂယက်ရိုက်ပြီး ပဲ့တင်ထပ်ခဲ့သည်။
စုသည် သူမ၏ အနာဂတ်ကို ကျွန်တော်တို့ လျှောက်လည်လေ့ရှိသော ကျောင်းနားက လယ်ကွင်းတွေဆီက ရွှံညိုညိုတွေဖြင့် ဖန်တီးခဲ့သည်။ ဖျင်စကန်းဗက်ပေါ်မှာ လယ်ကွင်းတွေဆိက ခူးလာခဲ့သော ရွှံ့စေးတို့ကို အနီရောင် ရေဆေးခပ်ကြဲကြဲ ရောစပ်ပြီး သုတ်လိမ်းထားသောကြောင့် လယ်စပ်ကရနံ့တွေ သူမ၏ပန်းချီကားထဲမှာ ခပ်လှိုင်လှိုင်ထွက်နေသည်။ အပြတ်ပြတ်ဖြစ်နေသော မြက်ပင်အပိုင်းအစတွေကလည်း သူမ၏ ပန်းချီကားထဲမှာ စိမ်းနေဆဲ။ ဒါကို Fine Art လို့ခေါ်မှာလား ။ ကျွန်တော်လည်း ခွဲခြားမသိနိုင်ခဲ့။ စုပြချင်သော အနာဂတ်သည် ဘာလဲ။ ပေပွညစ်ပတ်နေသော အနာဂတ်လား။ ဒါမှမဟုတ် ရွှံ့အထပ်ထပ်လို ညစ်လူးနေသည့် လူတွေ၏စိတ်ဓါတ်ကို ပြချင်တာလား။ ကျောင်းကင်တင်းထဲမှာ၊ စာသင်ခန်းတွေထဲမှာ၊ စတူဒီယိုတွေထဲမှာ သူမ၏ အနာဂတ်သည် သို့လောသို့လောဖြင့် တိုးတိုးတိတ်တိတ် ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။ စု၏ပန်းချီကားကို မမြင်လိုက်ရသူတွေက စုတ်တသတ်သတ်ဖြင့် နှမျောတသဖြစ်ကြရသည်။ ဒါပေမယ့် ဘယ်သူမှ စု ကျောင်းတော်ကြီးကနေ နှုတ်ဆက်ထွက်ခွာသွားပြီဆိုတာ မသိကြ။ သိအောင်လည်း မကြိုးစားကြ။
ထိုညနေမှာတော့ စုသည် သူမလုပ်ချင်ရာလုပ်လိုက်ရသည့် အတွက် အတော်ပင် ပျော်နေသည်။ ကျွန်တော်ကတော့ ကျောင်းပြီးခါနီးမှ အခုလို ဖြစ်သွားသည့် ကိစ္စရပ်အတွက် မချိတင်ကဲ ဖြစ်မိသည်။ စုကတော့ ကျွန်တော့်လိုမဟုတ်။
"ကျော်ကျော်ရယ်…. အနုပညာသမားအတွက် ဘာဘွဲ့လက်မှတ်မှမလိုပါဘူး"။
သည်လိုနဲ့ပဲ ကျွန်တော်နှင့် စုသည် ကျောင်းမှာ မတွေ့ဖြစ်တော့။ စုကလည်း ယောင်လို့ပင် ခြေဦးမလှည့်တော့။ သူမ၏ အခန်းကလေးထဲမှာပဲ အချိန်ပြည့် ပန်းချီဆွဲနေတတ်သည်။ တခါတရံ ရာသိဥတုအေးလာသောအခါ သူမ၏အဆုတ်သည် ကောင်းကောင်းအလုပ်မလုပ်ချင်တော့။ တစ်ယောက်တည်း ပက်လက်ကုလားထိုင်လေးပေါ်မှာ ထိုင်ရင်းနားနေတတ်သည်။ ထိုညနေတွေသည် ကျွန်တော်နှင့်စုတို့အတွက် ရှားပါးသော ညနေတွေမှန်း ကျွန်တော်မသိခဲ့။

တစ်ညနေ ကျွန်တော်ရောက်သွားတော့ စုသည် ဆေးရုံသုံး နှာခေါင်းစွပ်ကို တပ်ပြီး အနီရောင် မှုတ်ဆေးများဖြင့် အလုပ်ရှူပ်နေသည်။ သူမဘေးမှာလဲ မှုတ်ထားသည့် ပုံကြမ်းတွေက ပြန့်ကြဲနေ၏။ စုဆေးမှုတ်ထားသော ပုံများသည် Andy Warhol ပရင့်ထုတ်ခဲ့သည့် မွန်ရိုး၏ပန်းချီကားများနှင့် ခပ်ဆင်ဆင်တူလှသည်။ ကျွန်တော်က စုကို ကိုယ့်ပုံတူကိုယ်ဆွဲကျင့်နေတာလားလို့ စလိုက်တော့ မျက်စောင်းထိုးပြသည်။ နောက်တော့ ကျွန်တော့်ကို ထိုင်ခုံပုလေးမှာ ထိုင်စေပြီး ကျွန်တော့်ပုံတူကို မှုတ်ဆေးများ သုံးပြီး ပုံဖော်သည်။ ၃မိနစ်သာကြာမည်ထင်သည် ရွှတ်ရွှတ်ဆိုပြီး ပြီးသွားသည်။ ကျွန်တော့်ပုံတူသာဆိုတယ် ကျွန်တော်နဲ့မတူ….. အမယ် နည်းနည်းတော့ ဆင်သားလို့ စုကို နောက်လိုက်မိသည်။ စုသည် သဘောကျစွာ ရယ်ပြီး နောက်ဆို တစ်မိနစ်ထဲနဲ့ ပြီးအောင် ဆွဲမှာလို့ ရယ်ကျဲကျဲပြောသည်။
"စုရေ… အတော်ပဲ ကိုယ်တို့ နှစ်ဦးလက်ထက်ပြီးလို့ ကိုယ်တို့ပန်းချီကားတွေ မရောင်းရရင် လမ်းဘေးမှာထိုင်ပြီး ပုံတူဆွဲပြီး စီးပွားရှာရအောင်…. တစ်မိနစ် တစ်ယောက်နှုန်းဆိုလျင် ကိုယ်တို့သူဋ္ဌေးမြန်မြန်ဖြစ်လောက်တယ် သိလား။"
ကျွန်တော်က ရယ်စရာ ပြောလိုက်ပေမယ့် စုက မရယ်ခဲ့။ တိတ်ဆိတ်လို့သာ နေခဲ့သည်။
ထိုညနေခင်းလေးနောက်ပိုင်းမှာတော့ စုနဲ့ ကျွန်တော် ၃ရက်လောက်မတွေ့မိတော့။ သူငယ်ချင်းတစ်ယောက် ပန်းချီပြပွဲအတွက် ကျွန်တော်ဝိုင်းကူလုပ်ပေးရင်း အလုပ်ရှုပ်နေခဲ့သည်။ စိတ်ထဲမှာတော့ စုတစ်ယောက် တစ်မိနစ်နဲ့ ပုံတူဆွဲတာ ပြီးအောင်ကျင့်နေမှာပေါ့လို့ ရယ်စရာတွေးနေခဲ့သည်။ ဒါပေမယ့် ကျွန်တော်ထင်သလို မဟုတ်ခဲ့။ စုသည် ကျွန်တော်ရှိရာကို ရုတ်တရက်ရောက်လာသည်။
”ကျော်ကျော်ရယ်။ ငါတို့တွေ နယ်စပ်ပဲ ဖြစ်ဖြစ်၊ တောရွာလေးပဲ ဖြစ်ဖြစ် အခုသွားကြရအောင်”
”ဘယ်လိုဖြစ်တာလဲ….. စုရယ်။ ဗြုန်းစားကြီး။ ကိုယ်တို့နှစ်ယောက် တောရွာဘက်သွားပြီး ဘာလုပ်စားကြမှာလဲ……….။”
”စုတို့တွေ … ဟိုမှာ ကလေးတွေကို စာသင်ပြပေးလို့ ရတယ်။ ပန်းချီတွေသင်ပေးလို့ရတယ်။”
”စာသင်တာတော့ ဟုတ်ပါပြီ။ ဘယ်လိုပန်းချီသင်လို့ ဖြစ်မှာလဲ။ ကျေးလက်ကလေးတွေက ဆီဆေး ရေဆေးဆိုတာ ဘာမှန်းတောင် သိကြမှာ မဟုတ်ဘူး။”
”ကျော်ကျော်ရယ်…. အဲဒါတွေရှိမှ ပန်းချီသင်လို့ ရမတဲ့လား။ တခြားနည်းလမ်းတွေသုံးပြီး သင်လည်း ဖြစ်တာပဲဟာ။ စု…. ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး………
စု….. စု........ စုတို့တိုက်ခန်းလေးဆီတက်လာတဲ့ လှေကားက ခြေသံတွေကို ကြောက်တယ်။ စုကို ဘယ်အချိန်လာခေါ်ကြမလဲဆိုတာ ........ကြောက်တယ်…….”
ထိုအချိန်က သူငယ်ချင်း၏ ပြပွဲအတွက် အလုပ်ရှုပ်နေခဲ့သည့် ကျွန်တော်သည် စုကြောက်သည့် ခြေသံတွေကို သေချာ မစမ်းစစ်ခဲ့။ စု… အမြဲတမ်းထိတ်လန့်နေသည့် ခြေသံတွေလို့ ယူဆခဲ့တာ ကျွန်တော်မှားခဲ့သည်။ နောက်ထပ်မှားယွင်းသည့် ဆုံးဖြတ်ချက်တစ်ခုလည်း ကျွန်တော် ထပ်ပြီး ဆုံးဖြတ်ခဲ့မိပြန်သည်။ ထိုဆုံးဖြတ်ချက်သည် ကျွန်တော့်ဘ၀တစ်ခုလုံး သေရာပါဖြစ်ခဲ့ရတော့သည်။
”စုရယ်…. သူငယ်ချင်း ပြပွဲက မနက်ဖြန်ပဲ ဖွင့်တော့မယ်…..။တစ်ရက်ပဲစောင့်ကွာ။ ပြီးရင် စုသွားချင်တဲ့နေရာကို စဉ်းစားထား။ ကိုယ်တို့အတူတူသွားကြမယ်နော်……..။”
စုသည် ခေါင်းလည်းမညိတ် ခေါင်းလည်း မခါဘဲ ပြန်သွားခဲ့သည်။ အဝေးရောက်တော့ ကျွန်တော့်ကို တစ်ချက်ငဲ့ကြည့်ပြန်သည်။ ကျွန်တော်က စုကို လက်ဝှေ့ပြပြီး နှုတ်ဆက်မိလိုက်ပြန်သည်။ ထိုနှုတ်ဆက်မှုသည် ကျွန်တော်တို့နှစ်ဦး၏ ထာဝရနှုတ်ဆက်မှုမှန်း ကျွန်တော် မသိခဲ့။ သူမ၏ မျက်ဝန်းတွေထဲမှာ စိုးထိတ်မှုတွေ ပြည့်နေတာ ကျွန်တော် မသိခဲ့။ တွေး….. တွေး…. မိလိုက်တိုင်း ကျွန်တော် ငိုနေမိခဲ့သည်။
နောက်တစ်နေ့ ပြပွဲ ဖွင့်ပြီးသည့် အထိန်းအမှတ်အဖြင့် သူငယ်ချင်းလုပ်သူက လှည်းတန်းမှာ ဘီယာလိုက်တိုက်သည်။ လှည်းတန်းက အရင်လို လူတွေ ရှုပ်နေဆဲ။ ဈေးရောင်းသည်တွေအသံတွေဖြင့် ဆူညံနေဆဲ။ ခဏခဏရောက်မိသော လှည်းတန်းသည် ဘာမှ မပြောင်းလဲ။ ပြောင်းလဲသည့် နေရာကတော့ အင်းစိန်ဘက်ကို သွားသည့် ဘက်စ်ကားမှတ်တိုင်နားက နံရံထူထူတစ်ခုပင်။ ထိုနံရံသည် တခြားနံရံတွေထက် ထူးခြားပြီး စွတ်စွတ်ဖြူနေသည်။ သည်တစ်ခါလည်း သည်အဖြူရောင်တွေက တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်သည်။ ကျွန်တော်တို့သူငယ်ချင်းတွေသည် အခုလို ထုံးဖြူဖြူအုပ်ထားသည့် အရာကို တွေ့လျှင် ပန်းချီဆရာမျက်လုံးဖြင့် ထိုအလွှာ၏အောက်မှာ ဘာရှိသလဲဆိုတာ စူးစမ်းပြီး အဖြေရှာတတ်ကြတတ်သည်။ အခုလည်း အားလုံး မတိုင်ပင်ဘဲ ထုံးဖြူဖွပ်ထားသည့် နေရာကို ရောက်သွားကြပြန်သည်။ ဘာလဲဆိုတာ အဖြေရှာရင်း ကျွန်တော့်နှလုံးတွေ ဒိတ်ဒိတ်ခုန်လာသည်။ ကျွန်တော့်အသက်ရှူသံတွေသည် မြန်လာသည်။ ထုံးဖြူတွေအောက်မှာ အနီရောင်၊ ထိုအနီရောင်သည် Andy Warhol ၏အနီရောင်နှင့်ဆင်တူလှသည်။ ထိုအနီရောင်တွေကို ဆက်စပ်လိုက်တော့ အမျိုးသမီးတစ်ဦးမျက်နှာ။ ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦး၏မျက်နှာ ခပ်ရေးရေးပေါ်လာသည်။ ကျွန်တော် သိလိုက်ပြီ။ စု… ကြောက်တယ်ဆိုသည့် ခြေသံတွေကို အခုမှ သဘောပေါက်လာသည်။ ကျွန်တော်ထိုနေရာလေးကနေ ပြေးထွက်လာမိသည်။ ကျွန်တော် ကာကွယ်ရမည်။ စုကြောက်တဲ့ ခြေသံတွေကို ကာကွယ်ရမည်။
ကျွန်တော် စု၏တိုက်ခန်းလေးကိုရောက်တော့ အရှိုက်ကို လက်သီးနဲ့ ပစ်ကြွေးလိုက်သလို အသက်ရှူမ၀တော့။ စုတိုက်ခန်းလေးသည် အပြင်ကနေ သော့ခတ်ထားသည်။ စု ဘယ်သွားနေလဲ။ ဘယ်သူမှ မရှိကြဘူးလား။ ကျွန်တော် စုကို တစ်ညလုံးထိုင်စောင့်၏။ နောက်ထပ်တစ်နေကုန် ထိုင်စောင့်၏။ နောက်ထပ်ရက်ပေါင်းများစွာ ထိုင်စောင့်၏။ စု၏တိုက်ခန်းတံခါးလေးသည် ပွင့်မလာခဲ့။ ဖွင့်မည့်သူလည်း ရောက်မလာခဲ့။
အခုတော့ စုသည်ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူခြေရာဖျောက်သွားတာလား။ ဒါမှမဟုတ် သူရဲ့ဆန္ဒကို လိုက်မလျောခဲ့လို့ ကျွန်တော့်ကို စိတ်ကောက်သွားတာလား။ စုရေ… ဘယ်အချိန်ထိတောင် စိတ်ကောက်ဦးမှာလဲ။ ပြန်လာခဲ့တော့ကွာ……။ ဆယ်နှစ်ဆိုတာ အကြာကြီးဆိုပေမယ့် ကျွန်တော့် အတွက် မနေ့တနေ့ကလိုပါပဲ။
စုရယ်….. ကိုယ်တို့ တူတူရေးခဲ့တဲ့ ပန်းချီကားထဲမှာ ကြာဖြူပန်းတွေ ပွင့်နေပြီနော်………။ ပြန်လာခဲ့ပါတော့….။

……………………………………………

ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်ရဲ့ ကြာကန်လေးနံဘေးမှာ ချစ်သူရည်းစားတွေ လမ်းလျှောက်လေ့ရှိကြသည်

Chinese Propaganda Art

၁၉ ဂျူလိုင်
၁း၂၉ နေ့လည်
၁း၂၉ နေ့လည်

33 ယောက်ကဒီလိုမြင်တယ်တဲ့...:
ကြာဖြူတွေပွင့်နေပြီတဲ့လား
တကယ့်ကိုစာရေးကောင်းပါတယ်။
ဒီ တပုဒ်ကို ကိုယ် ခံစားလို့ အရဆုံးပဲ။
မေကို သတိရ၊ မီကို သတိရ၊ အရိပ်ကို သတိရ၊ တင်မေကို သတိရ၊ ...
ဒီ့ထက်နဲနဲ ဇာတ်ကွက်တွေ ဖြည့်လိုက်ရင် လုံးချင်းဖြစ်ပြီ။ စု ရဲ့ ပြဿနာကို နဲနဲ ဖြည့်လိုက်ရင်...
ဒါနဲ့ ကိုယ်ရေးဖြစ်တဲ့ အတိုအစတွေ တော်တော်များများ ဇာတ်ကောင်နာမည်မှာ စု ပါနေတတ်တယ်။ အရိပ်က စု ကြောင့်လဲ ပါတယ်။ ပြီးတော့ နားလည်ရခက်တဲ့ မိန်းကလေးမျိုးကို ရေးချင်ရင် စု နာမည်က အလိုလို ပေါ်လာတာ။
သူငယ်ချင်းတွေ နာမည်ထဲမှာ စုပါတဲ့ လူတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ သူတို့အကြောင်းတွေကတော့ ဇာတ်လမ်းရေးစရာ ဘာမှ မရှိပါဘူး။
စု လို့ ဇာတ်ကောင်အမည် တပ်ပြီး ရေးနေရင်လဲ သူတို့ကို သတိမရပါဘူး။
ဒါပေမဲ့ ဘာဖြစ်မှန်းမသိဘူး။ နဲနဲ သိရခက်တဲ့ မိန်းမမျိုးအကြောင်းရေးချင်ရင် စု ပါနေတော့တာ။ အဓိကက အရိပ် ကြောင့် ထင်တယ်။
တခြား စု ကိုတော့ စိတ်သိပ် မ၀င်စားပါဘူး။
ဘာကြောင့်မှ မဟုတ်ဘူး။ စိတ်ဝင်စားရလောက်အောင် အဲ့ စု နဲ့ ပတ်သတ်တဲ့ ဗဟုသုတ မရှိလို့ပါ။
ဒီ ၀တ္ထုကတော့ great ပဲ
အစမှာ ပျိုးထားတဲ့ ပန်းချီကားလေးကို နောက်ပိုင်းမှာ နှစ်ယောက် ဘယ်လို ဆွဲခဲ့တယ် ဆိုတာလေး ပြန်ပါရင် ကောင်းမယ်
ခေါင်းစဉ်ရယ်၊ စာသားရယ် လိုက်ဖက်ပါပေတယ်။
"အခုတော့ စုသည်ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူခြေရာဖျောက်သွားတာလား။ ဒါမှမဟုတ် သူရဲ့ဆန္ဒကို လိုက်မလျောခဲ့လို့ ကျွန်တော့်ကို စိတ်ကောက်သွားတာလား။ စုရေ… ဘယ်အချိန်ထိတောင် စိတ်ကောက်ဦးမှာလဲ။ ပြန်လာခဲ့တော့ကွာ……။ ဆယ်နှစ်ဆိုတာ အကြာကြီးဆိုပေမယ့် ကျွန်တော့် အတွက် မနေ့တနေ့ကလိုပါပဲ။"
ဒီတပိုဒ်တော့ သိပ်နားမလည်။ ပြန်ဖြေထားတာလား။
ဖတ်လာတဲ့ ဇာတ်လမ်းကို တိခနဲ ဖြတ်လိုက်သလို ခံစားရတယ်။
ကျန်တာ ကောင်း၏။
ဟုတ်တယ် ချုံ့ထားသလိုပဲ
ဇာတ်ကောင်တွေက အပေါ်မှာ ပြောထားတဲ့ စာအုပ်တွေကို သတိရစေတယ်။ presentation က "ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ" ကို သတိရစေတယ်။ (အဲဒီ ၀တ္ထုကိုတော့ သိပ်မကြိုက်လှဘူး)
ဟုတ်ပါတယ်ဗျာ.... ချုံ့ရေးထားတာပါ.. တချိန်ကျရင်တော့ ပြန်ချဲ့ရေးနိုင်လောက်လိမ့်မယ်တော့ ထင်ပါတယ်
ဟုတ်တယ် အကိုရေ
နောက်ပိုင်းလေး နဲနဲ ဆွဲချုံ့လိုက်သလိုဖြစ်သွားတယ်နော်
အပေါ်ပိုင်းတော့ အရမ်းကောင်းတာပဲ
အင်း .. ဒီထက်ရှည်ရင်လည်း ညအိပ်ရတော့မှာ မဟုတ်ဘူး ..
စောင့်မျှော် ဖတ်ရှုနေပါတယ်း))
မိုးခါး
ငါ့အစ်ကိုက အနုပညာကျောင်းတကယ်တက်ခဲ့တာလားဗျ ၀တ္တုကအပျံစားပဲ
ကိုပိုင် သူများတွေပြောသလိုပယ်နောက်ပိုင်းလေးကိုမလိုက်နိုင်ဘူးဗျာ
နောက်ပိုင်းလေးက အတွေးလေးတွေနဲ့ ပါးပါးလေး ပြချင်လို့ပါ။ သေချာဖတ်ချင်ရင် ရေးရေးလေး ပြန်ပေါ်ပြီး ဘာလဲဆိုတာ နားလည်မှာပါး)
စု... ဘယ်ကို ရောက်သွားလဲ.. စုကြားနေရတဲ့ ခြေသံပိုင်ရှင်တွေ ဘယ်သူလဲဆိုတာ အသေးစိတ်မရေးချင်တာလဲ ပါတယ်
တခါတလေ တခြားအကြောင်းကြောင့် ဝေးရတာထက် ကိုယ့်ကြောင့်ဝေးရတာထင်ပြီး လွမ်းတာက ပိုကောင်းမယ် ထင်လို့ပါ။
နောက်ပြီး စုရေးခဲ့တဲ့ ပန်းချီကားလေးတွေ အကြောင်း ဘာကြောင့်ဝေးခဲ့ရတာလဲ ဆိုတာ တွေးကြည့်ရင် ပေါ်မှာပါ
အကိုရေ ဖတ်ပီးပီးချင်း ရင်ထဲ နင့်သွားတယ်....
အကို့ရဲ့ဝတ္ထုတွေက တပုဒ်ချင်း ပိုပိုပီး လက်ရည်တက်လာတယ်နော် ဆက်ရေးပါဦး အကို
လာပီး ခံစားပါဦးမယ်
အိမ်ရောက်မှသေချာဖတ်တော့မယ်.. လောလောဆယ် ဖလပ်ဖလပ်နဲ့ ရှပ်ပြီးဖတ်သွားတယ်.. ကျောင်းက ကြာကန်က ခုဆိုပိုလှနေပြီ.. ပြီးတော့ သစ်ပင်တွေအခု အများကြီးပဲ.. မိန်းလမ်းက ဖုန်မထူတော့ပါဘူး..း)
ကိုသက်ပိုင်သူ.... အရေးအသားက တကယ့်စာရေးဆရာ တစ်ယောက်လိုပါပဲ...ပိုတောင် ပိုဦးမလား မသိ.... စုဘယ်ရောက်သွားလဲ.... ?
အကိုကတော့ အစိမ်းရောင် ဖိနပ် ခွာသံတွေ ကြားလိုက်မိသလိုပဲ။
စုဟာ ခွာသံတွေကို နင်းဖြတ် လွန်မြောက်လာလေ ဦးမလား။
ဖတ်ပီး တကယ်ပဲ မောသွားရတယ်။
စု ရေးတဲ့ လယ် ရနံ့သင်းနေတဲ့ လွတ်လပ်ခြင်းတွေ....
ပျောက်ဆုံသွားတာလား။ မိုးခါးရေတွေ စွန်းပေ ပျက်စီးသွားတာလား။
ပြန်ရှာဖွေနေမိတယ်။
သိပ်ကောင်းတဲ့ ဇာတ်အိမ်လေးပါ ညီလေး။
ခံစားရတယ်...
အရေးအသားသိပ်ကောင်းတာပဲ...
ဇာတ်ထဲမှာမျောသွားတယ်....
လွမ်းသွားတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
စကားလုံးလေး တွေကလှလှပပနဲ့ နက်နက်နဲနဲ ခံစားရပါတယ်ဗျာ ...:)
ကိုသက်ပိုင်သူလေးရေ...
စာလေးကို တစ်ပိုဒ်ချင်း တစ်လုံးချင်း သေသေချာချာ ဖတ်သွားပါတယ်..
တစ်ချိန်မှာတော့ မပြီးခဲ့တဲ့ ပန်းချီကားတွေ ..............ကို ဆွဲနေတာကို မြင်ခွင့်ရချင်ပါသေးတယ်..
ဒီပို့စ်လေးကိုတော့ များများ မန့်လို့မရဘူးဖြစ်နေတယ် စကားလုံးတွေနဲ့ မပြောချင်တော့လို့ပါ
ဒီပို့စ်လေးအတွက် တမင်မေ့ထားတဲ့ တစ်ချို့ အဖြစ်အပျက်တွေကို ပြန်ပြီး အမှတ်ရစေလို့ တကယ့်ကို ကျေးဇူးတင်ပါတယ်။
စာရေးသူရဲ့ မြုပ်ကွက်တွေ ပုံဆောင်ချက်တွေ ကို..နားလည်မိတယ်လို့ ထင်ပါတယ်။ ဇတ်ရဲ့ ကျောရိုး..အိုင်ဒီယာက..တော်တော်လှတယ်။ ရေးတာ..နဲနဲ မြန်နေသလားလို့။း)
အကို စုအကြောင်းကို ၀တ်ထုရှည်ချဗျာ.. အားမရဘူး..
စောင့်ဖတ်နေမယ် စာအုပ်ထွက်ရင်လည်း ၀ယ်သိမ်းထားမယ်
စာဖတ်သူ
တကယ် ဇ ရှိတဲ့လက်ဘဲဗျို့.. ချဗျာ...
အဟေးဟေး
ရောက်တယ် သူငယ်ချင်း။ ဖတ်လည်း ဖတ်သွားတယ်နော် :)
တော်တော်ကောင်းတဲ့ အရေးအသားလို့ပဲ အမ ပြောတတ်ပါတယ် ၊ ဆွဲဆောင်သွားတယ် အဆုံးထိ တွေးနေမိတယ်၊ စု အကြောင်း
ညီလေးသက်ပိုင်ရေ
ဘယ်လိုပြောရမှန်းမသိအောင်ကို ကိုယ့်ကို ဆွဲခေါ်သွားတယ်ကွာ
လုံးချင်းလေးတွေ ထုတ်ရရင်ကောင်းမှာနော်
ခင်မင်စွာဖြင့်
သီဟသစ်
လူဒီလောက်စည်နေတာကို...
တကယ်မှတ်လို့..မမစီဘောက်စ်မှာတွေ့တာနဲ့ လာဖတ်ဖြစ်ပါတယ်..
စာတွေ မြင့်တယ်..
လှေကားထောင် ဖတ်ရလိမ့်မယ်..
ပေါက်
လာဖတ်ပါတယ်ဂျ ...
နှစ်သက်လွန်းတယ် ငေးယူရတဲ့အထိ ဆွဲခေါ်သွား နိင်တယ်...တကယ့်အဖြစ်ပျက်သာဆိုရင် စု လွတ်မြောက်ပါစေလို့ ဆုတောင်းပေးမိမယ်....။
ပါးပါးလေးပေမယ့် အဲဒီလိုမြင်မိပါတယ်...။
...ခင်မင်သောအားဖြင့်...
အဆင်ပြေရင် အက်ထားပေးစေချင်ပါတယ် စာရေးကောင်းသူတယောက်ကို ခင်မင်ခွင့်ရချင်ပါတယ်
(fridaypaing@gmail.com)
သက်ပိုင်သူရေးတဲ့ ၀တ္ထုတွေ အားလုံး လာဖတ်ထားပါတယ်။ ဘက်ပေါင်းစုံက အနုပညာမြောက်တဲ့သူပါ။
ဒါနဲ့ liberty leading to people ဆိုတဲ့ ပန်းချီကားလေးအကြောင်းကို ဒီမှာရေးခဲ့ဖူးတယ်။ မှားတာရှိလည်း လာဖြည့်ပေးပါဦး.။
http://pandora-and-pandora.blogspot.com/2007/10/blog-post_28.html
စိတ်ထဲမှာဘယ်လိုဖြစ်သွားမှန်းတောင်မသိဘူး။အရမ်းကိုကောင်းတယ်သူငယ်ချင်း။အမြဲတမ်းအားပေးနေမယ်။
သက်ပိုင်သူရေ..စာလေးကိုသေသေချာချာဖတ်သွားတယ်
ဇာတ်ရှိန်လေးက တဖြည်းဖြည်းမြင့်လာတယ်။
ဇာတ်လမ်းတစ်ပုဒ်လုံးအရမ်းကောင်းပါတယ်။
စာဖတ်တဲ့သူကိုလည်းအတွေးတွေပေးသွားတယ်။
နောက်ပိုင်းအချိန်ရရင်
ဇာတ်သိမ်းပိုင်းလေးအနေနဲ့.....
ပြန်ဆုံပေးတာနဲ့ပဲဖြစ်ဖြစ်။ စုဘာဖြစ်သွားတယ်ဆိုတာနဲ့ပဲဖြစ်ဖြစ်
အဆုံးသတ်ပေးနိုင်ခဲ့ရင်။စာရှုသူအမြင်နဲ့ စာရေးသူအမြင် ထပ်တူညီမညီဆိုတာကို
စိတ်ဝင်စားမိတယ်။
စု ကြောက်တဲ့ ခြေသံတွေ ...
ဘတ်စ်ကားမှတ်တိုင်နားက စွတ်စွတ်ဖြူ နံရံထူထူ ...
အဖြူရောင်တွေအောက်က အနီရောင် ...
ပြီးတော့ ကျက်သရေရှိတဲ့ အမျိုးသမီးမျက်နှာ ...
ဖွင့်သူမရှိတဲ့ တံခါးလေး တချပ် ...
ဆက်စပ်တွေးပြီး ရင်ထဲနင့်နင့်သီးသီး ခံစားရတယ်။
နိမိတ်ပုံတွေ နဲ့ ခြယ်မှုန်းထားတဲ့ အလွန်ကောင်းသော ၀တ္ထု တပုဒ်ပါပဲ။
ထုံးဖြူဖြူတွေ အုပ်ထားတဲ့ အောက်က အလွန်ကျက်သရေရှိတဲ့ အမျိုးသမီး ပုံတူကို မြင်လိုက်ပါတယ်။ စု တယောက် Propaganda Art တွေအများကြီးဆက်ဆွဲနှိင်ပါစေ။ ဘိတ်ဖိနပ်ခြေရာသံတွေနဲ့လည်းဝေးပါစေ၊
နောက်တခေါက် ထပ်လာဖတ်သွားတယ်။
Post a Comment