July 8, 2009

သူ၏ည


ဤ၀တ္ထုပါ အကြောင်းအရာနှင့် နေရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်များသာ။


မှိန်ပျပျဆေးသားတွေနဲ့ အတူ လင်းကာစ မာကြူရီမီးရောင်တွေအောက်က ကားများလူများရှုပ်နေသည့် ခပ်မွမွကတ္တရာလမ်းပေါ်မှာ ခြေစုံရပ်လိုက်ရင်း ပင့်သက်တစ်ခုကို ကျွန်တော် ရှိုက်လိုက်မိသည်။ ရှေ့ဆက်တိုးလျင် ကောင်းမလား နောက်ပြန်ဆုတ်လျင်ကောင်းမလား။ မသေချာမရေရာသည့် ခြေလှမ်းတွေက ကျွန်တော့် နာကျင်မှုတွေကို ရိုက်ချိုးနေကြသလား။ အနီးအနားက စည်ကားကာစ လက်ဖက်ရည်ဆိုင်ကနေ ခပ်သဲ့သဲ့ ရယ်သံတွေက ကျွန်တော့်ကို လှောင်ရယ်နေကြသလို ခပ်အုပ်အုပ်ထွက်ပေါ်လာသည်။ နောက်ပြီး စားပွဲဝိုင်းတွေပေါ်က သည်မျက်လုံးများ…. ကျွန်တော်ကို စက်ဆုပ်စွာ မဲ့ကြည့်နေကြတာလား။ လေတစ်ချက် ဝေ့ခနဲတိုက်လိုက်သည့် အချိန်မှာ လေနှင့်အတူ လွင့်မျောလာသည့် ပုပ်အက်အက်အနံ့တွေက ကျွန်တော့်ကို လှောင်ရယ်သွားကြပြန်သည်။ ကျွန်တော်ဘာဆက်လုပ်ရမလဲ။ ဖြစ်ပြီးသမျှ အရာအားလုံးကို လွယ်လွယ်နဲ့ မေ့လို့မရနိုင်သလို နာကျင်ခဲ့ရသည့် ခဏတာကလည်း တော်တော်ကျက်ဖို့ ခဲယဉ်းပေလိမ့်ဦးမည်။ သေချာသည့် ဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော်ချလိုက်မိကာ ကျွန်တော့်ခြေလှမ်းတွေကို အားယူလှမ်းလိုက်ပြီး အ၀င်အ၀က ဆိုင်းဘုတ်ကို သေချာအောင်မော့ကြည့်လိုက်သည်။

ကျောက်တံတားရဲစခန်း

အဖြူရောင် မီးကျောင်းတွေအောက်မှာ ခပ်ညိုညိုယူနီဖောင်းဝတ်ရဲသားတချို့ လှုပ်ရှားနေကြသည်။ အ၀င်ဝက သစ်သားခုံတန်းရှည်ပေါ်မှာတော့ ခပ်နွမ်းနွမ်းဝတ်ဆင်ထားသည့် လူတစ်စုက တစ်ခုခုကို မျှော်လင့်နေသည့်မျက်လုံးတွေနဲ့ စားပွဲမှာ ထိုင်နေသည့် အရာရှိငယ်လို့ထင်ရသည့် ရဲသားတစ်ဦးကို ငေးကြည့်နေကြသည်။ ကျွန်တော်လည်း အားလုံးငေးကြည့်နေသော ထိုအရာရှိငယ်စားပွဲရှေ့မှာ ရပ်လိုက်ပြီး အမှုတစ်ခုဖွင့်ချင်လို့ပါဟု ပြောလိုက်သည်။ ထိုလူရွယ်သည် ခဏတာမျှ ကျွန်တော့်ကို မော့ကြည့်လိုက်ပြီင်္း ဘာအမှုဖွင့်မှာလဲဟု မေးသည်။

အမှုတစ်ခု…….။ ကျွန်တော့်ကို နာကျင်စေခဲ့သော အမှု…။ အရှက်တစ်ခုကို ရူးသွပ်စွာပေးခဲ့ရသောအမှု….။ အလိုမတူပဲ သူလိုရာ ပေးဆပ်လိုက်ရသည့် အဓမ္မဆန်စွာလုယူခဲ့သည့် အမှု……..။ ထိုအမှုကို အများကြားနာနိုင်သည့်နေရာ တစ်ခုမှာ အခုလို ကျွန်တော်ပြောထွက်ပါ့မလား….။ ကျွန်တော်တိုးညင်းစွာဖြင့် လူရှင်းသော နေရာတစ်ခုမှာ အမှုဖွင့်နိုင်မလားလို့ မေးလိုက်သည့်အခါမှာ လူအများထိုင်နေသည့် သစ်သားခုံတန်းလျားလေးကို လက်ညှိုးထိုးပြလိုက်ပြီး ခဏထိုင်စောင့်ပါလို့ ပြောသည်။

ထိုင်စောင့်ရမည်……..။

ထိုအချိန်ကာလသည် ကျွန်တော့်အတွက် အမှုအတွက် လိုအပ်သော အထောက်အထား စကားလုံးတွေအတွက် လုံလောက်သည့် စဉ်းစားနိုင်မှုကို ပေးနိုင်သော ကာလတိုတစ်ခုလေး ဖြစ်မလား။ ဒါမှမဟုတ်..။ ရှေ့ဆက်တိုးလို့ အများရယ်စရာ အမှုဖြစ်သွားလေမလားဟူသော စိုးရိမ်စိတ်ဖြင့် နောက်ဘက်ကို တွန်းဆုတ်နိုင်သော အချိန်ကာလ ဖြစ်မလား………။ ထိုအမှုအတွက် တင်စရာ စွဲချက်တစ်ခုရနိုင်မလား။ ကျွန်တော်ဘာမှ ၀ိုးတိုးဝါးတားစွာဖြင့် ခုံတန်းလျားလေးမှ လွတ်နေသော တစ်နေရာစာကို ၀င်ထိုင်လိုက်မိသည်။ ကျွန်တော့်ဘေးမှာ ထိုင်နေသည့် လူငယ်က ကျွန်တော်ထိုင်လို့ အဆင်ပြေအောင် သူ့ခန္ဓာကိုယ်ကို ကြုံ့ပေးလိုက်သည်။ ထိုသို့ ကြုံ့ပေးလိုက်ချိန်မှာ အဆင်ပြေသည့်နေရာလေး တစ်ခုထက် ကိုယ့်ကို မသတီချင်တော့။ ဤသို့လူတစ်ယောက် ကြုံ့ပေးလိုက်သော နေရာကို ကြည့်ရင်း ကျွန်တော့် အကြောင်း သိကြလျင် ပိုမို ကြုံ့ဝင်သွားမည့် အဖြစ်ကို တွေးမိရင်း မျက်လုံး စုံမှိတ်ကာ မေ့ပျောက်ဖို့ ကြိုးစားမိသည်။

မျက်လုံး မှိတ်လိုက်မိပါမှ လတ်တလော နာကြင်ခဲ့ရသည့် အကြောင်းအရာများသည် ဗြောင်းဆန်စွာ ရောက်ရှိလာပြန်သည်။ လူတစ်ယောက်၏ ခပ်သဲ့သဲ့ ဟားတိုက်ရယ်သံတစ်ခုနဲ့ပေါ့။ ထိုရယ်သံနှင့်အတူ နာရီလက်တံများက တဗြောင်းဗြောင်းဖြင့် အနောက်ကို ပြန်လည်သွားကြသည်။ ထိုအသံတွေရဲ့နောက်ကွယ်မှာ ကျွန်တော့်ရဲ့ မောလျသည့် အတွေးတွေက ကပ်ပါလာသည်။ သာယာဖွယ်ကောင်းသည့် အတွေ့အထိတွေမှာ ဘီလူးသဘက်လိုရက်စက်မှုတွေ ညိပါလာသည်။ နံဘေးနားက ထိုင်နေသည့် လူငယ်ရဲ့ မလျှော်ရသေးသည့် ပုဆိုးစဆီက ရစ်ထစ်ထစ် အောက်သိုးအနံ့တွေလို ပါးစပ်မှာ ချဉ်တင်တင် ဖြစ်လာသည်။ အသက်ကို ၀၀ရှူလိုက်ပြီး ကျွန်တော်မျက်လုံးကို ပြန်မှိတ်ထားလိုက်သည်။ ဒါပေမယ့် နားထဲမှာ တဂျောက်ဂျောက်နဲ့ကွန်ပြူတာကီးဘုတ်နှင့် လက်ချောင်းတွေ ထိသံ ပေါ်လာသည်။ မျက်လုံးကို ဆတ်ခနဲ ဖွင့်ကြည့်လိုက်တော့ အနီးအနားမှာ ကွန်ပျူတာနဲ့ တူတာ ဘာမှမရှိ။

သည်ကွန်ပျူတာတွေကပဲ မမြင်နိုင်သည့် အန္တရာယ် တစ်ခုကို တွန်းပို့ပေးခဲ့သလား။ ဟုတ်တယ်……။ ဟုတ်မှာပေါ့…….။ တွေးမိပြန်တော့လည်း မဟုတ်ပြန်ဘူး။ အများဆုံတွေ့ရာ Dating ၀က်ဆိုဒ်တစ်ခုမှာ အမှတ်မထင် တွေ့ခဲ့သည့် ထိုလူနဲ့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တွေက တရစပ်လိုပဲ အတွေးထဲမှာ ပေါ်လာသည်။ နောက်တော့ တဆင့်တက်ပြီး ဂျီတော့မှာ စကားပြောလာသည်။ ဒါ…. ဘာတွေလဲ…။ မသိလို့ ရူးသွပ်ခဲ့ရတာလား..။ သိရဲ့သားနဲ့ တမင်ရှေ့တိုးခဲ့တာလား..။ အခုချိန်မှာတော့ ဘာမှ မသိချင်ခဲ့။ ထိုအချိန်တုန်းကတော့ ကီးဘုတ်မှာ ပြေးလွှားနေသည့် လက်ချောင်းလေးတွေလို စိတ်တွေက အခုန်မြန်ခဲ့တာ အမှန်။

နာမည်ခေါ်သံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ခုံတန်းလျားမှာ ထိုင်နေသည့် အမျိုးသမီးတစ်ဦး ထသွားပြီး ရဲသားကို ပါလာသည့် စာရွက်တွေ ပေးလိုက်တာ တွေ့ရသည်။ ရုတ်တရက် ကျွန်တော့် နာမည်ကို အီလတ်ထရောနစ်လှိုင်းတွေကြားကနေ…… တိုးညင်းစွာ ခေါ်ခဲ့ဘူးသည့် သူ့အသံကို ပြန်လည်ကြားယောင်မိလာပြန်သည်။ အခုတော့လည်း နာမည်ခေါ်သံတွေက နံရံလေးဘက်ဆီကနေ ပဲ့တင်ရိုက်ပြီး ပြန်ကန်ထွက်လာပြန်သည်။ ကြားကာစမှာ ရင်ခုန်စွာ တုန့်ပြန်ခဲ့ပေမယ့် ထိုရင်ခုန်သံတွေက အခုတော့ ကွဲကြေသွားသည့် မှန်တစ်စလို မြေပြင်ပေါ်မှာ ပြန့်ကြဲကုန်သည်။ ဒါပေမယ့် အဖြစ်အပျက်တွေက ဘယ် အချိန်ပြန်ကြည့်ကြည့် မှန်တွေပေါ်မှာ အရိပ်ထင်နေဆဲ။

ကျွန်တော်မွမ်းကျပ်စွာဖြင့် မျက်နှာကို လက်နဲ့အုပ်လိုက်ပြီး ခေါင်းကိုငုံ့လိုက်သည်။ ဆေးလိပ်ရှိလိုရှိငြား ဘောင်းဘီအိတ်ကပ်ထဲ ရှာဖွေကြည့်လိုက်သော်လည်း ဆေးလိပ်တိုလေးအစား စာရွက်ခေါက်လေးတစ်ခု လက်ချောင်းတွေကြားထဲ ကပ်ပါလာသည်။ ထိုစာရွက်ခေါက်ကလေးကို ဖြန့်လိုက်တော့ လိပ်စာတစ်ခု…..။ လွန်ခဲ့သော လေးငါးနာရီလောက်က ရေးခဲ့သည့် လိပ်စာတစ်ခု……။ ကျွန်တော်ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး ထိုစာရွက်လေးကို လုံးခြေလိုက်မိသည်။ ဒါပေမယ့် လိပ်စာထဲက စာလုံးတွေ နံပါတ်တွေက ဓါတ်ပုံရိုက်လိုက်သလို မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက်ရှိနေဆဲ..။ ဂျီတော့မှာ ပေးလာသည့် လိပ်စာတစ်ခုကို အလျင်စလို ကူးခဲ့မိသည့် ကျွန်တော့် လက်ရေးသော့သော့တွေကို ဘယ်လိုပဲ မေ့လိုက်ဖို့ ကြိုးစားနေပေမယ့် မရနိုင်ခဲ့…။

ဝင်္ကာပါလမ်း………။ လိပ်စာထဲကလမ်း…။ ၀င်္ကာပါလို ရှုတ်ထွေးသည့်လမ်း…..။ ကိုလိုနီခေတ်ကဆောက်ထားသည့် ဆေးအသစ်သုတ်ထားသည့် တိုက်အိုအိုလေးထဲမှာ ကျွန်တော်မမျော်လင့်ခဲ့သည့် အနူးအညံ့တွေနဲ့အတူ ထိတ်လန့်ကြောက်ရွံ့ဖွယ်တွေကို ပေးခဲ့သည့် နေရာလေးတစ်ခု…..။ ကျွန်တော်လက်နှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပေမယ့် ထိုနေရာလေးကို စဉ်းစားလိုက်တိုင်းမှာ ခန္ဓာကိုယ်က အင်အားတွေ ယုတ်လျော့လာသလို…..။

အတွေးတွေနဲ့ ယောက်ယက်ခက်နေသည့် ကျွန်တော့်စိတ်တွေသည် လွယ်လွယ်နဲ့ ရှင်းမရတော့။ ခြံတံခါးဖွင့်သံနဲ့အတူ တ၀ုတ်ဝုတ်နဲ့ အော်မြည်နေသည့် ခွေးဟောင်သံတွေက ကျွန်တော့်နားထဲကို အော်ဂလီဆန်စွာ ပြေးဝင်လာပြန်သည်။ ကျွန်တော်ဘာဆက်လုပ်ရမလဲ။ တဒင်္ဂမင်သက်နေသည့် လက်အစုံကို သန်မာသောလက်ချောင်းတွေနှင့် ဖြစ်ညှစ်တာ ခံလိုက်ရရင်း သူခေါ်ရာ ဧည့်ခန်းထဲကို တွန့်ဆုတ်စွာ လိုက်ပါလာခဲ့ဖူးသည်။ ဧည့်ခန်းကျယ်ထဲက ယူနီဖောင်းဝတ်ထားပြီး ပုခုံးပေါ်မှာ သင်္ကေတတွေ အများကြီး တပ်ဆင်ထားသည့် ထိုလူ့ပုံတူ ဓါတ်ပုံက ကျွန်တော့်ကို စီးပြီး ငုံ့ကြည့်နေသလိုလို……အသက်ရှူရတာ အလိုလို မွန်းကြပ်လာမိ၏။ နှစ်ရက်သာ အွန်လိုင်းမှာ တွေ့ခဲ့ဖူးသည့် မည်သူမှန်းမသိသည့် လူတစ်ယောက်ဆီကို အခုလို နီးကပ်စွာ တွေ့ဖို့ ဆုံးဖြတ်လိုက်တာ ကိုယ့်အမှားလား။

အသက်ဘယ်နှစ်နှစ်လဲ…..။

ရုတ်တရတ်မေးခွန်းတစ်ခုကို ကြားလိုက်တော့ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ စောစောက အမျိုးသမီး မရှိတော့။ သူ့အစား ဘေးနားက လူငယ်က ရဲအရာရှိငယ်၏စားပွဲရှေ့ရောက်နေသည်။

မင်း အသက် ဘယ်လောက်လဲလို့မေးနေတယ်လေ….။

ကျွန်တော့်နားထဲမှာ ကြားလိုက်ရသည့် အသံနဲ့ အတူ ကျွန်တော့်နှုတ်ဖျားက ရုတ်တရက်ထွက်သွားသော စကားတစ်လုံးက ထိုလူငယ်ရဲ့ အဖြေနှင့် ထပ်တူထပ်မျှ ကျသွားသည်။

၁၈နှစ်….။

ဘာလို့တိုက်ဆိုင်စွာ တူညီနေရတာလဲ..။လွန်ခဲ့သော လေးငါးနာရီလောက်က ထိုလူမေးခဲ့စဉ်တုန်းကလဲ အခုလိုပဲ တိုးတိတ်စွာ ကျွန်တော့်ဖြေခဲ့ဖူးသည်။ ကျွန်တော့်လက်ဖ၀ါးနှစ်ဖက်ကို သူ့လက်ချောင်းတွေနဲ့ ထိကပ်ကစားလိုက်ရင်း….. မင်း.. ငယ်သေးတာပဲလို့….. ရီဝေေ၀ကြည့်ရင်း သူပြောခဲ့သည်။ အဲသည့်နောက် အိမ်တံခါးမကြီးကို ပိတ်လိုက်ပြီး…… ရွှေဝါရောင်သမ်းသည့်အရည်နှင့်အတူ လှပသော ဖန်ခွက် တစ်ခွက် ကျွန်တော့်ဆီ ရောက်လာခဲ့သည်။…….. အင့်ဟင်း…… ကျွန်တော် မသောက်တတ်ဘူး… အကိုကြီးနဲ့ တွေ့ရုံသက်သက်လာတာပါ….။ အကိုကြီးလို့ ကျွန်တော်ခေါ်လိုက်သော ထိုလူသည် အဲသည်အခိုက်မှာ ဟက်ဟက်ပက်ပက်ရယ်လိုက်ရင်း ဖန်ခွက်ကို ကျွန်တော့်ရှေ့ကို တိုးပေးလိုက်ပြန်သည်။ နောက်ဆုံးတော့ သူ့ရဲ့ ချော့တိုက်မှုတွေအောက်မှာ တစ်ခွက်………။ နှစ်ခွက်………။ ခါးတားတားရှတတ ရွှေရောင်အရည်တို့ ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။

တဖြည်းဖြည်းရီဝေသော အတွေ့အထိ…….။

မာကြောကြမ်းရှသော သူရဲ့ကျွမ်းကျင်သည့် လက်ချောင်းတွေက ကျွန်တော့် ရင်အုံပေါ်ကို မထိတထိကစားလာသည်။ ကျွန်တော်မျက်လုံးတွေကို စုံမှိတ်ထားလိုက်ပြီး သူ့ရဲ့လက်ချောင်းတွေ ပြေးလွှားရာလမ်းကြောင်းတွေကို အာရုံဖော်နေမိသည်။

လက်ချောင်းလေးတွေသည် ပြေးလွှားဆော့ကစားနေရာကနေ တဖြည်းဖြည်းအောက်ကို လျောကျလာသည်။ အင့်ဟင်း….. ကိုကြီး… မလုပ်နဲ့………။ ကျွန်တော်တိုးတိတ်စွာ တောင်းပန်လိုက်သော်လည်း မရတော့ ။ သူ့ရဲ့ သန်မာသည့် လက်ချောင်းတွေက ပိုပြီးတင်းကျပ်လာသည်။ ဘယ်လိုပဲရုန်းရုန်း သူ့ရဲ့ အားသန်သည့် လက်ဖျံတွေကို မဖယ်ရှားနိုင်တော့။ နောက်တော့ ထိုလူသည် သူ့ရင်ဘက်ထဲရောက်နေသည့် ကျွန်တော့်ခန္ဓာကိုယ်ကို တစ်ဖက်ဆွဲလှည့်လိုက်ရင်း နောက်ကျောကနေ တင်းကျပ်စွာ ဖက်ထားလိုက်ပြန်သည်။ ကျွန်တော် ရုန်းသည်။ မရ………။ ထိုင်ခုံဆိုဖာ၏ ကျောမှီကို တွန်းကန်ရင်း သူ့ရဲ့ သန်မာသည့် လက်မောင်းတွေ အောက်က ရုန်းထွက်ဖို့ ကြိုးစားရင်း ငြင်းဆန်သော်လည်း မရပြန်။

နောက်ကျောကနေ တရစပ်ဖိကပ်လာသည့် သူ့ခန္ဓာကိုယ်ကြောင့် ကျွန်တော့် ဒူးတွေ ညွှတ်ခွေပြီး လဲကျသွားသည်။ ထို့နောက် အေးစက်သည့်လေနှင့် ကျွန်တော့် ခန္ဓာကိုယ်နောက်ပိုင်းတို့ ပိုပြီး ထိစပ်သွားကြသည်။ အနောက်ဘက်ကနေ ပြင်းထန်သည့် ဖိအားတစ်ခုကြောင့် ကျွန်တော့်နဖူးပေါ်မှာ ချွေးစက်တွေ သီးလာသည်။ ပူပြင်းတင်းကျပ်သည့် ဆို့တစ်ခုနှင့် ရင်ဝကို အရိုက်ခံလိုက်ရသလို အသက်ရှူမ၀တော့……။ ဆိုဖာကို အားပြုကိုင်ထားသည့် ကျွန်တော့်လက်ချောင်းတွေမှာ ချွေးစေးတို့ တစက်စက်ကျလာသည်။ နာကျင်မှုကို တင်းခံလိုက်သည့်အခါ ပူနွေးသော မျက်ရည်စတို့ မျက်နှာပေါ်ကို စီးကျလာသည်။ နာကျင်မှုနဲ့ အတူ အသံကုန်ဟစ်လိုက်ပေမယ့် ကျွန်တော့် အသံပါးပါးတို့သည် တစ်ပေလောက်ထူသည့် အုတ်နံရံတွေကြားထဲမှာ နစ်မြုပ်ကုန်သည်။ နောက်ဆုံးမှာ ကျွန်တော့် ခန္ဓာကိုယ်သည် သိမ့်၍သိမ့်၍ တုန်နေခဲ့သည်။ အဲသည့်နောက် ကျွန်တော့်မျက်လုံးတွေ ပြန်မပွင့်လာနိုင်တော့။

ပူပူနွေးနွေး ကြုံခဲ့ရသည့်အဖြစ်တွေကို စဉ်းစားမိလိုက်တိုင်းမှာ တဆတ်ဆတ် အသည်းခိုက်မတတ် နာကျင်နေဆဲ……။ ရေနစ်နေသည့်လူတစ်ယောက် အသက်ရှင်ဖို့အတွက် မှီရာကို ဆွဲဆုပ်မိသကဲ့သို့ အဲသည့်အချိန်တုန်းကလည်း ကျွန်တော့်လက်ထဲမှာ အပိုင်းပိုင်းအစစပြတ်ပါလာသည့် ဆိုဖာပေါ်မှာ အုပ်ထားသည့် လီနင်ပိတ်သားစအနံ့ကလဲ လက်ထဲမှာ စွဲကျန်နေဆဲ…။


မကြာခင်မှာပဲ ရဲအရာရှိငယ်က ကျွန်တော့်ကို လှမ်းခေါ်လိုက်ပြီး အခန်းတစ်ခုထဲကို ၀င်ဖို့ လက်ညှိုးညွှန်ပြသည်။ ထိုအခန်းလေးသည် သုံးထပ်သားပြားများဖြင့် အခန်းဖွဲ့ထားပြီး အ၀င်အ၀ကိုတော့ အပြာရောင်ခန်းစီးဖြင့် ကာထားသည်။ အခန်းကျဉ်းလေးထဲမှာတော့ အသက်၄၀အရွယ် အရာရှိနှင့်အတူ ရဲသားတစ်ယောက်လည်း ထိုင်နေ၏။ ထိုအရာရှိက ကျွန်တော့်ကို ခပ်တည်တည်စိုက်ကြည့်လိုက်ရင်း ရဲနှင့် ပါတ်သက်သည့်အမှုလားလို့မေးသည်။ ကျွန်တော်ဘာဖြေရမလဲ…..။ လာခဲ့စဉ်တုန်းကတော့ ရဲနှင့်ပါတ်သက်သည့် အမှုဟု ထင်ခဲ့သည်။ ဘယ်နေရာကနေ ကျွန်တော်စပြောရမလဲ……..။ ကိုယ်ကိုယ်တိုင်နာမည်ခံပြီး ပြောဖို့ ဆွံ့အနေမိပြန်သည်။ မ၀င်ခင် ကြိုတင်စီခဲ့သော စကားလုံးများကလည်း အခုတော့ အကွဲကွဲအလွဲလွဲ…..။

ကျွန်တော်………… ကျွန်တော်……….. ကျွန်တော့်သူငယ်ချင်းတစ်ယောက်……..။

ရဲအရာရှိသည် ကျွန်တော်ပြောမည့်စကားကို ဂရုတစိုက်နားထောင်ဖို့ပြင်သည်။

ကျွန်တော့်သူငယ်ချင်း တစ်ယောက် အဓ္ဓမပြုကျင့် ခံရလို့……… အဲဒါ…………။

ကျွန်တော် ဘာဆက်ပြောရမလဲမသိတော့။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ရှက်ခြင်း သိမ်ငယ်ခြင်းတွေက စီးဝင်လာပြန်သည်။

မင်း.. သူငယ်ချင်းက မိန်းကလေးလား။

ကျွန်တော် ခေါင်းခါပြလိုက်၏။ ထိုအခါ ရဲအရာရှိသည် နားမလည်သည့်ဟန်ဖြင့် ကျွန်တော့်ကို ကြည့်ပြန်သည်။

ယောကျာ်းလေးပါ….။ ၁၈နှစ်ယောက်ျားလေးပါ။

ထိုအခါ ပို၍ခေါင်းရှုတ်ထွေးသွားဟန်ဖြင့် သူ၏ရဲဘော်ကို မင်းရောနားလည်သလားပုံစံဖြင့် မေးဆတ်ပြသည်။ ကျွန်တော်လည်ချောင်းတွေ ခြောက်ကပ်လာသည်။ ထိုလူ့ကို စွဲချက်တင်နိုင်မည်ဟု ယုံကြည်မှုများသည် တစတစ မှုန်ဝါးလာသလို ခံစားလာရသည်။ မီးဆိုတာ ပူလောင်မှန်းသိရက်နဲ့ လက်တည့်စမ်းချင်တဲ့ ကလေးတစ်ယောက်လို ထိုလူရဲ့ ထောင်ချောက်ထဲ တိုးဝင်ခဲ့တာ စမ်းသလား။ ကျွန်တော့် ကိုယ့်အဖြစ်ကို တွေးလိုက်မိတော့ ဒဏ်ရာရနေသည့် လူတစ်ယာက်လို ခြောက်ခြောက်ကပ်ကပ်ပြုံးလိုက်မိပြန်၏။

မင်းသူငယ်ချင်းက ယောက်ျားလေးဆိုတော့…။ သူ့ကို အဓ္ဓမပြုကျင့်တဲ့သူကရော ယောက်ျားပဲလား။

ကျွန်တော် သေချာစွာ ခေါင်းညိတ်ပြလိုက်သည့်အခါ ထိုအရာရှိနှင့် ရဲသားတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ ကျွန်တော်ကရော…… ဘာထူးဦးမှာတဲ့လဲ…..။ ထိုလူနှစ်ယောက်၏ မယုံသလိုလို ပြုံးစစလုပ်လိုက်သည့် အမူအရာကြောင့် ကျွန်တော် ခြောက်ကပ်ကပ်ရယ်မိလိုက်ပြန်သည်။ ကျွန်တော်ရယ်တာ တွေ့တော့ ထိုလူနှစ်ယောက်ကပါလိုက်ရယ်သည်။ အခုတော့လည်း ထိုအခန်းကျဉ်းလေးထဲမှာ ရယ်သံတွေနဲ့ ပြည့်နှက်သွားသည်။

----------------------------။-----------------------------

ရဲစခန်းအပြင်ဘက်ရောက်တော့ ညကအတော်လေးမှောင်နေပြီ။ လူတစ်ချို့အတွက် ဟာသတစ်ပုဒ်ပမာ ဖြစ်ခဲ့သည့် အကြောင်းအရာတစ်ခုသည် ကျွန်တော့်အတွက် နာကျည်းစရာတစ်ခု ဖြစ်ခဲ့မယ်ဆိုတာ ဘယ်သူယုံမလဲ……။ မိန်းမတစ်ယောက်အတွက် လုံခြုံမှု၊ ဂုဏ်သိက္ခာ ထိပါးမှုတွေအတွက် လက်တုံ့ ပြန်နိုင်မယ့် နည်းလမ်းတွေ တရားဥပဒေတွေ ရှိသလောက်၊ ကျွန်တော့်အတွက်ရော……။ မင်းသူငယ်ချင်းက မိန်းမလျာမို့လို့ ဟိုကောင် ……… ချတာ ဆန်းသလား..........လို့ ပျက်ရယ် ပြုရင်း ပြောလိုက်သည့် ထို စခန်းမှုး၏ စကားသံတွေသည် လက်ဖက်ရည်ဆိုင်က ထွက်လာည့် တီးတိုးသံတွေလို နားထဲမှာ ထပ်ကာ သလဲလဲ ကြားမိနေပြန်သည်။ အလိုမတူပဲ အရယူယူခံလိုက်ရသည့် လူအတွက် ထိုလူမည်သူပဲ ဖြစ်နေပါစေ တရားမျှတမှုအတွက် ရင်ဆိုင်နိုင်ခွင့် မရှိဘူးတော့တဲ့လား။ အခုတော့လည်း ကြယ်လေးတွေ တစ်လုံးမှမလင်းသည့် မှောင်နေသောကောင်းကင်ကြီးမှလွဲ၍ ကျွန်တော့်အတွက် တိုင်တည်စရာ မရှိတော့ပါလား။ ညသည် ပို၍ အေးစက်လာသည်ဟု ထင်ရသလို ဒီဇင်ဘာနှင်းတွေကလည်း သည်းစပြုနေ၏။ မှုန်ဝါးဝါး ပန်းချီကားတစ်ချပ်လို မထင်မရှားဖြစ်နေသည့် အရာဝတ္ထုတွေ ငေးကြည့်လိုက်ရင်း လမ်းမပေါ်ရောက်နေပြီးခါမှ တုံ့ဆိုင်းနေသော ခြေလှမ်းကို ပြန်ပြီး ရုန်းမိလိုက်သည်။ ထိုခြေလှမ်းသည် မည်သည့်အရပ်ကို လှမ်းနေလဲ…..။ အမှတ်တမဲ့လှမ်းလိုက်မိသော ခြေလှမ်းတွေကို ခြေရာကောက်ရင်း ပြန်စစ်ကြည့်လိုက်တော့ ကျွန်တော့် ခြေလှမ်းတွေက အသိမဲ့စွာ ၀ကာင်္ဘာလမ်းဆီကို ဦးတည်လို့နေပါလား။ ထိုသူရဲ့ ထောင်ချောက်တွေဆီ အညှာအတာ မဲ့စွာ တွန်းပို့ခဲ့သည့် သည်ခြေလှမ်းတွေကို ကြည့်မိလိုက်ပြီး ကျွန်တော် ခါးသက်စွာနဲ့ပဲ အောက်နှုတ်ခမ်းတွေကို အသက်မဲ့စွာပြန်ကိုက်မိလိုက်သည်။ အခုတော့လည်း ကျွန်တော့်ခံတွင်းထဲမှာ သွေးစိမ်းတို့ အလိပ်လိပ်တက်နေပြီလေ……။

၂၃ ဂျွန် ၂၀၀၉
၀၀ ၅၆

29 ယောက်ကဒီလိုမြင်တယ်တဲ့...:

ပိုင်ဖြိုးကို said...

သူငယ်ချင်းရေ တကယ်ကောင်းတဲ့ ဝတ္ထုတိုပါ။ ဖတ်ကောင်းရုံတင်မကဘူး စဉ်းစားစရာအတွေးတွေလဲ ရလိုက်တယ်။ နောက်ဆုံးတကြောင်းကိုတော့ အကြိုက်ဆုံးပဲ ..... :)

ပုလုကွေး said...

အသက်ရေ..အသက်ရဲ့ ဝတ္ထုတို (၃)ပုဒ် လုံးပီးပီဆိုတော့ ဒီနေ့မန့်ပါပီ.. ညီရဲ့ အရေးအသား က ပြောစရာမလို အောင် ကောင်းပါတယ်။ ဆက်လက်ပီး ရေးနိုင်ပါစေဗျာ..ညီဖြစ်ချင်တဲ့ စာရေးဆရာကြီး တစ်နေ့ဖြစ်လာမှာ မလွဲပါဘူး၊

ကဲ ဒီဝတ္ထုလေးနဲ့ပက်သက်ပီး ပြောရမယ်ဆိုရင် ကောင်းပါတယ်..စကားလုံးတိုင်း မှာ ခံစားချက်တွေ ပါနေသလို ဇာတ်လမ်းကို ရေးထားပုံက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားတာလေးကို သဘောကျပါတယ်...။

အခု ပို့စ်တင်လိုက်တဲ့ ဇာတ်လမ်း အဆုံးသတ်လေးထက် အီးမေလ်းထဲက ဇာတ်လမ်းအဆုံးသတ်လေးကို ပိုနှစ်သက်မိသလားလို့...

သံယောဇဉ်များစွာဖြင့်

subuueain said...

လာဖတ်သွားပါတယ်။ ဆက်ပြီးရေးနိုင်ပါစေ။

မေဇင် said...
This post has been removed by the author.
Anonymous said...

//အလိုမတူပဲ အရယူယူခံလိုက်ရသည့် လူအတွက် ထိုလူမည်သူပဲ ဖြစ်နေပါစေ တရားမျှတမှုအတွက် ရင်ဆိုင်နိုင်ခွင့် မရှိဘူးတော့တဲ့လား။ //

အရမ်းကြိုက်ပါတယ်...
သံယောဇဉ်များစွာဖြင့်...kwi kwi..

DreamWorld2009 said...

သြော်...ယောက်ျားဖြစ်ရတာလည်း မလွယ်ပါလားနော်... :P

မေဇင် said...

ကိုသက်ပိုင်ရေ...စာကိုမှားဖျက်မိသွားတယ်..။း) sorry..

sin dan lar said...

ဒီဇာတ်လမ်းမျိုးမဖတ်ဖူးသေးဘူး...
ရေးသင့်ပါတယ်..။ ကောင်းလည်းကောင်းပါတယ်..။

ဖိုးစိန် said...

ဇာတ်သိမ်းလေး ပြေပြစ်ပါတယ်


ဇာတ်လမ်းက ဆွဲဆောင်မှုရှိတယ်

အတွေးရစေတဲ့ ဝတ္ထုတိုကောင်းတစ်ပုစ်ပါ


ချစ်တဲ့

ဖိုးစိန်

Talkii said...

အစ်ကိုရေ တကယ်ကောင်းတယ်ဗျာ။ ပညာပေးလေးရော ပါတယ်။ ဒါနဲ့ ဆန်းသလားဆိုပြီး ဆလိမ်နဲ့ ဖြစ်ရမယ်ဗျ။

အွန်လိုင်းပြဿနာတွေမဖြစ်ဖို့ အင်တာနက်လိုင်းတွေ ကောင်းကောင်းသုံးမရအောင် လုပ်ထားတယ်လေ။ :)

မဆုမွန် said...

အစ်မသူငယ်ချင်းရဲ့ ကိုယ်တွေ့နဲ့ တော်တော် တူတယ် လောကမှ လူမသိလိုက်တဲ့ အစော်ကားခံရမူတွေ မပြောဝံ့လို့ မကြားရ မမြင်ရတဲ့ အဖြစ်အပျက်တွေ မမျတမူတွေ အများကြီးရှိတယ် .....

မတရားမူုတွေအတွက် ..စိတ်ထဲ တော်တော်မကောင်းဖြစ်မိတယ်...အဖြစ်အပျက်မှန် တွေရဲ့ မတရားမူတွေကို ပြောရဲတဲ့ သတ္တိမွေးရဲအောင် တို့တွေ အားပေးကြရမယ်..

Rita said...

သူက ဘာလို့ သွားရတာလဲ

သက်ပိုင်သူ said...

သူ.. ဘာလို့ပြန်သွားလဲ.. စာရေးသူက အချောင်ခိုပြီး စာဖတ်သူကို တွေးခိုင်းလိုက်တာလေ... ဟီဟိ

Anonymous said...

ကိုယ်ကတော့ မင်းရေးတဲ့နောက်ဆုံးညကို သိပ်အားမရဘူးကွ။ အရင်နှစ်ညကတော့ ကောင်းတယ်။ တော်တော်ကောင်းတယ်။ ခု သူ၏ညကတော့ သူရဲ့ ခံစားရတဲ့ညတစ်ညကိုပြတာ အကြောင်း သိပ်ပြီးမခိုင်လုံဘူးလားလို့ ။ အွန်လိုင်းမှာတွေ့  ရင်ခုန်စိတ်လှုပ်ရှားပြီး သွားတွေ့ ။ ပြီးတော့ မခံမရပ်နိုင်ဖြစ်။ Riti ပြောသလိုပြောရရင် သူကဘာလို့ သွားရတာလဲ။ ဟီးဟီး။
သူလဲအလိုတူအလိုပါပဲကို ဘာလို့အဲလောက်ခံစားလိုက်ရတာလဲ။
သိတော့ဘူး။

သက်ပိုင်သူ said...
This post has been removed by the author.
Zaw said...

ko paing yay ....good beat ......Ar Pay Dal Bwoo

အန်တီချမ်း said...

နောက်ကျောကနေ တရစပ်ဖိကပ်လာသည့် သူ့ခန္ဓာကိုယ်ကြောင့် ကျွန်တော့် ဒူးတွေ ညွှတ်ခွေပြီး လဲကျသွားသည်။ ထို့နောက် အေးစက်သည့်လေနှင့် ကျွန်တော့် ခန္ဓာကိုယ်နောက်ပိုင်းတို့ ပိုပြီး ထိစပ်သွားကြသည်။ အနောက်ဘက်ကနေ ပြင်းထန်သည့် ဖိအားတစ်ခုကြောင့် ကျွန်တော့်နဖူးပေါ်မှာ ချွေးစက်တွေ သီးလာသည်။ ပူပြင်းတင်းကျပ်သည့် ဆို့တစ်ခုနှင့် ရင်ဝကို အရိုက်ခံလိုက်ရသလို အသက်ရှူမ၀တော့……။ ဆိုဖာကို အားပြုကိုင်ထားသည့် ကျွန်တော့်လက်ချောင်းတွေမှာ ချွေးစေးတို့ တစက်စက်ကျလာသည်။ နာကျင်မှုကို တင်းခံလိုက်သည့်အခါ ပူနွေးသော မျက်ရည်စတို့ မျက်နှာပေါ်ကို စီးကျလာသည်။ နာကျင်မှုနဲ့ အတူ အသံကုန်ဟစ်လိုက်ပေမယ့် ကျွန်တော့် အသံပါးပါးတို့သည် တစ်ပေလောက်ထူသည့် အုတ်နံရံတွေကြားထဲမှာ နစ်မြုပ်ကုန်သည်။ နောက်ဆုံးမှာ ကျွန်တော့် ခန္ဓာကိုယ်သည် သိမ့်၍သိမ့်၍ တုန်နေခဲ့သည်။ အဲသည့်နောက် ကျွန်တော့်မျက်လုံးတွေ ပြန်မပွင့်လာနိုင်တော့။


အဲ့ဒီအပိုဒ်ကိုအကြိုက်ဆုံး
ကွက်ကွက်ကွင်းကွင်း ကိုမြင်လာတယ် ဟိဟိ
ကျေနပ်တယ် မမသူရေ

jr.လွင်ဦး said...

မွန်းကျပ်လိုက်တာဗျာ။
အရေးအသားအရမ်းကောင်းပါတယ်။

လင့်ခ်ခွင့်ပြုနော်။

ချစ်ခြင်း ခြေရာ said...

အရေးအသားကတော့ ပြောစရာမလိုအောင် ကောင်းပါတယ် ကိုသက်ပိုင်သူရေ ။ ဆရာမဂျူးရဲ့ သူမ၏မိုးကို ပြန်သတိရစေပါတယ် ။
ဇာတ်လမ်းအနေနဲ့တော့ အဲလိုအဖြစ်အပျက်မျိုးအတွက် ယောကျာင်္းလေးတွေကို ကာကွယ်ပေးထားတဲ့ ပြစ်မှုဆိုင်ရာဥပဒေ မြန်မာနိုင်ငံမှာရှိနေပါတယ် ။ အကယ်၍ အမှုကိုထိန်ချန်မထားပဲ တိုင်ကြားခဲ့မယ်ဆိုပါက အနည်းဆုံး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ နဲ့ တရားစွဲဆိုနိုင်မယ်ထင်ပါတယ် ။ အဲဒီပုဒ်မမှာ ”Whoever voluntarily has carnal intercourse against the order of nature with any man,
woman or animals shall be punished with transportation for life, or with
imprisonment of either description for a term which may extend to 10 years, and
shall be liable to fine.“ရယ်လို့ဖော်ပြထားတဲ့အတွက် ခုနက အမှုမျိုးနဲ့ အကြုံးဝင်နိုင်ပါတယ် ။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၅ ကတော့ ယောကျာင်္းက မိန်းမကို လို့ပဲ တိတိကျကျပြထားတဲ့အတွက် အကျုံးဝင်နိုင်မယ်မထင်ပါဘူး ။ ဒါပေမယ့် အမှုရဲ့ time and circumstance ပေါ်မှာလဲ အများကြီးမူတည်ပါမယ် ။ ဒါပေမယ့် ဒီလိုအမှုမျိုး က အနည်းငယ်ရှုပ်ထွေးတဲ့ အတွက် အခြားအကြောင်းအရာများကိုလည်းထည့်စဉ်းစားဖို့လိုမှာဖြစ်ပါတယ် ။ဆိုလိုချင်တာက အလိုမတူပဲ အရယူခံရသူအတွက် မည်သူဖြစ်စေ တရားမျှတမှုအတွက် ရင်ဆိုင်နိုင်ခွင့်ရှိပါတယ် ဆိုတာကိုပြောချင်တာပါ ။ ဒါမျိုးကိုဘယ်သူက မှပျက်ရယ်ပြုကြမှာမဟုတ်ပါဘူး ။ မြန်မာနိုင်ငံအက်ဥကပဒေမှာလဲ ကာကွယ်ပေးထားပါတယ် ။ကျွန်တော်ကိုယ်တိုင်က ဥပဒေရေးရာဝန်ထမ်းမဟုတ်တဲ့အတွက် လက်လှမ်းမှီသလောက် ဥာဏ်မှီသလောက် ဖြေရှင်းပေးကြည့်တာပါ ။ မှားယွင်းမှုပါခဲ့ရင် ကျွန်တော့်ရဲ့မပြည့်ဝမှုမျှသာဖြစ်ပါတယ် ။
ကျွန်တော်က စာရေးလဲကျဲပါတယ် ။ ခုလို စာလာဖတ်အားပေးသွားတာ အထူးကျေးဇူးပါ ။ ခင်မင်စွာဖြင့် ..............

eniw said...

T Chan pyaw dae sar pite ko , a yann kyite par dae

မ said...

ဖတ်ရင်း အတွေးတွေ ပွားသွားတယ်... သူငယ်ချင်းချင်း ယုံကြည်မှုကို အလွဲသုံးစားလုပ်တာလား အလုပ်သမားကို ကြီးနိုင်ငယ်ညှင်း လုပ်တာလား... အမေကပြောဖူးတယ် ယောကျာ်းလေးမွေးမွေး မိန်းကလေးမွေးမွေး စိတ်ပူရတာပဲတဲ့။ ကိုယ်တွေငယ်ငယ်ကတော့ မိန်းမတွေပဲ အဓမ္မပြုကျင့်ခံရတာလို့ သိထား ဖတ်ထားရတာကိုး။ ကောင်းတယ် သက်ပိုင်သူ!

မီယာ said...

အပေါ်က ကော်မန့်က မမီယာပါ

Anonymous said...

တကယ်ဆိုရင် ပြောချင်တာတော့ ကြာပြီပေါ့ မပြောဖြစ်ခဲ့ဘူး
မြန်မာနိုင်ငံမှာ အရေးယူပေးပါတယ် ဆေးစစ်တာကိုတော့
ဆေးရုံကြီးမှာစစ်ပါတယ် တကယ်တမ်း ပြောရရင် ဖေါ်ကင်ခံခံပြီးချင်းလူက
စစ်ကြည့်ရင်သိသာတယ်ပေါ့ ပြီးတော့ ခံသက်ရင့်နေတဲ့သူကိုလည်း စစ်ကြည့်ရင်သိသာပါတယ်
ပြောချင်တာတစ်ခုက ဒါမျိုးဖြစ်ခဲ့လို့ရှိရင် တိုင်လို့ရပါတယ် ပုဒ်မ ၃၇၇ မှာ ထောင်ဒဏ် ၁၀ နှစ် မှ
တစ်သက်တစ်ကျွန်ထိဆိုပြီး ပုံမှန် မဟုတ်သော လိင်ဆက်င်္ဆ အတွက် အပြစ်ပေးနိုင်ပါတယ်
လိင်တူခြင်းဆက်င်္ဆမှုဆိုတာထက်ကို အများကြီးပိုပါတယ် oral sex, beastiality, sodomy, pedophilia, necrophilia အစရှိတာတွေလဲ ပါဝင်ပါတယ် နံပြားရိုက်တာကိုတော့ မပြောထားဘူး ဒါပေမယ့် prove လုပ်နိုင်ရင်
အပြစ်ပေးလို့ရတယ်ပေါ့ ထပ်ပြောရဦးမယ် တစ်ကယ်လို့ ၂ ဦးသဘောတူ ဆိုရင်တောင်မှ ပုဒ်မ ၃၇၇ က ၂ ဦးလုံးကို
အပြစ်ပေးရပါတယ်
ဗမာပြည်မှာ ၆မတွေကို လာဟဲ့ စစ်မယ် ဖမ်းမယ်ဆိုပြီး စစ်ဆင်ရေး မလုပ်တာကြာပါပြီ

Anonymous said...

ရယ်စရာတစ်ခုပြောပြရဦးမယ် ။ မန်းလေး နည်းပညာယူနီဗာစီတီမှာ ညနေပိုင်းကျောင်းတက်စဉ်က မလည်မ၀ယ် တောသားလေးတစ်ယောက်အကြောင်းပေါ့။ သူငယ်ချင်း မြို့ထဲပြန်မလို့ ဖယ်ရီစောင့်မနေနဲ့တော့ ငါ့ဆိုင်ကယ်နဲ့လိုက်ခဲ့ မင်းအဆောင်ကို လိုက်ပို့မယ်ဆိုတဲ့စကားကို ယုံပြီးလိုက်သွားတဲ့ညက အဖြစ်လေးက ကိုသက်ပိုင်သူလိုပဲ ခံစားခဲ့ရပါတယ်။ အစွန်ဆုံးထိတော့ရောက်မသွားခဲ့ရပေမဲ့ အသည်းအသန်ကြောက်လန့်သွားခဲ့ရတဲ့ညနေခင်းတစ်ခုဖြစ်ခဲ့တာ။ နောက်နေ့ သူ့ကိုခြိမ်းခြောက်ခဲ့တယ် ဥပဒေအရ အရေးယူမယ်လို့လေ။ နောက်စဉ်းစားမိတာက ကိုယ်လည်းပဲအရှက်ကွဲမယ်ဆိုတာကို။ ကျွန်တော်ဟာ သူ့အတွက် အဲဒီလိုများ အထင်ရောက်စေအောင် နေထိုင်ပြုမူမိခဲ့သလား အခုထိ စဉ်းစားမရပါ။

Anonymous said...

တစ်ကယ်တန်းတော့လေ မြန်မာပြည်မှာ လက်ရှိ သုံး စွဲနေတဲ့ ဥပဒေ ပုဒ်မ ၃၇၇ နဲ့ တိုင်ရင် ရတယ် ။ ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချလို့ ရတယ် ။ ကိုလိုနီအမွေကို အန္ဒိယ ကနေ တဆင့် ယူထားကြတာလေ ခုထိကိုသုံးနေတုံးပါ ။ အန္ဒိယမှာတော့ ပြီးခဲ့ တဲ့  တစ်ပတ် နှစ်ပတ်လောက် ကဘဲ အဲဒီ ၃၇၇ ကို လိင်တူခြင်း ဆက်ဆံခြင်းသည် ပြစ်မှူ မမြောက်တော့ ကြောင်း ကြေညာလိုက်ပါတယ် ။

Anonymous said...

ဒီဇာတ်လမ်းအရေးအသားအရဆိုရင် ဒီအမှုက ၃၇၇ နဲ့ အကြုံးမ၀င်ပါဘူး၊ ဘာကြောင့်လဲဆိုတော့
၃၇၇ ဆိုတာ အရွယ်ရောက်တဲ့သူနှစ်ယောက်က သဘာဝမကျသောလိင်ဆက်ဆံတဲ့ပုံစံမျိုးကို သဘောတူဆက်ဆံတာကို မိရင်ဖမ်းတဲ့အမှုမျိုးပါ... လိင်တူဆက်ဆံမှုလို့တိုက်ရိုက်မပြောမဲ့ သဘာဝမကျတဲ့လိင်ဆက်ဆံမှုဆိုတာ တိရိစာန်တွေနဲ့ဆက်ဆံတာ၊ လိင်ကွဲချင်းကို စအိုနဲ့ဆက်ဆံတာတွေကအစ အကြုံးဝင်ပါတယ်... ဆက်ဆံတဲ့သူနှစ်ယောက်စလုံးကို ရာဇ၀တ်မှုကျူးလွန်သူအနေနဲ့ အပြစ်ပေးလေ့ရှိပါတယ်...

အခုအမှုက ယောက်ျားချင်း အတူမလိုဘဲ ဆက်ဆံတာဖြစ်တဲ့အတွက် မုဒိန်းမှု နဲ့ ပိုအကြုံးဝင်ပါတယ်၊ ကျူးလွန်ခံရတဲ့သူက စော်ကားခံရတာဖြစ်တဲ့အတွက် ကျူးလွန်သူကိုသာ အပြစ်ပေးလေ့ရှိပါတယ်..ဒါပေမဲ့ မြန်မာနိုင်ငံ ရာဇ၀တ်ဥပဒေမှာက အမျိုးသားတယောက်က အမျိုးသမီးတယောက်ကို ကျူးလွန်မှသာလို့ ပြောထားတဲ့အတွက် အခုအမှုက တိုင်ရခက်နေပြန်ပါတယ်၊။။


ထိုင်းနိုင်ငံအပါအ၀င် တချို့နိုင်ငံတွေမှာ ခံရတဲ့သူဟာ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ကျူးလွန်သူကို မုဒိန်းမှုနဲ့ တိုင်ကြားလို့ရပါတယ်...သူတို့အဓိပာယ်ဖွင့်ဆိုချက်က ခံရတဲ့သူက မိန်းမဖြစ်စေ ယောက်ျားဖြစ်စေလို့ ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ထားတဲ့အတွက် တိုင်ရတာလွယ်ပါတယ်...

မြန်မာပြည်မှာ တိုင်ရင် ဘယ်ဥပဒေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲ သိရင်ပြောကြပါနော်

Anonymous said...

ဗဟုသုတရပါတယ် .. ၀တ္တုမှာရော အောက်က ကောမင့်တွေမှာပါ ..း)
ဆက်လက်ရေးသားနိုင်ပါစေ ကိုသပသရေ :D

မိုးခါး

littlebrook said...

ဝေး...........ကိုယ်သာကြုံမယ်ဆို ဥပဒေအကြောင်းလုံးဝထည့်မစဉ်းစားတော့ဘူး ..
သူ့အိမ်သိနေပီဆို ဘယ်အချိန်သွားသတ်သတ် ရပြီ ..
အဲ့လိုလူမျိုးကို သတ်လို့ကိုယ့်မှာအပြစ်ရှိတယ်လို့လည်း ခံစားရမှာမဟုတ်ဘူးး)

Anonymous said...

Email မ send ပဲညီကိုယ်တိုင် ယူပီးလာပြတဲ version လေးကိုပို like တယ်. . .
သံယောဇဉ်များစွာဖြင့်
harlooe မဟုတ်သော တခြားတယောက်