July 3, 2009

(သူ၊သူမတို့၏) ည


(ဤဇာတ်လမ်းပါ အကြောင်းအရာများသည် မည်သူ့ကိုမျှ ရည်ရွယ်ထားခြင်း မရှိပါ။)


ညသည် ပရစ်သံ၊ ဖားအော်သံတွေကြောင့် မိုး၏ဂိတသံကို အစပျိုးနေသည်လားမသိ……။ ဖြတ်ခနဲ ဖြတ်ခနဲ လင်းသွားသည့် လျှပ်စီး အလင်းရောင်တွေအောက်မှာ ယိမ်းကနေသည့် သစ်ပင်အိုတို့၏ အရိပ်က မီးမထွန်းထားသည့် အခန်းလေးထဲကို ခဏတာ ပြေးဝင်ပြီး ပျောက်ကွယ်သွားပြန်သည်။ လေအနော့မှာ တဖျောဖျောကြွေကျလာသည့် သစ်ရွက်ပျိုတို့ကလည်း အခန်း၏ ပြတင်းမှန်ကို ပြေးပြေးပြီး ဦးတိုက်သွားပြန်သည်။ သစ်သားကြားမှ တိုးလာသော လေသွဲ့သွဲ့တို့ကြောင့် ခန်းစီးအဖြူရောင်နုနုသည် လွင့်ခနဲ……..။ လေနှင့်အတူ လှုပ်ခနဲ ဖြစ်သွားသည် ခုတင်တိုင်တို့ကြောင့် မသိစိတ်နှင့်အတူ နိုးတစ်ဝက်ဖြစ်နေသည့် အာရုံတို့သည် ဖျက်ခနဲ နိုးသွားသည်။ သူမသည် ခေါင်းလေးကို အသာငဲ့ပြီး မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ သူမဘေးတွင် သူမရှိတော့…..။ အရင်လိုပဲ သူမဘေးနားကနေ ခဏတာ ကွယ်ပျောက်ခဲ့ပြန်ပြီပေါ့……..။ သည်တစ်ညလည်း သူမအတွက် ဆက်၍ အိပ်ပျော်နိုင်ဖို့ ခဲယဉ်းခဲ့ပြန်ပြီ။

အခုတလောကိုစောသည် တစ်ခုခုကို စဉ်းစားနေတတ်သည်။ အလုပ်ကိစ္စကြောင့်လား ဒါမှမဟုတ် လူမှုရေးကိစ္စတွေကြောင့်လားမသိ……. ညညဆို တစ်ယောက်တည်း စာကြည့်ခန်းထဲမှာ ထိုင်ရင်းငိုင်တတ်စပြုလာသည်။ ဘာဖြစ်လို့လည်း……. လို့ မေးလိုက်သည့်အခါတိုင်းမှာလည်း မယ်မယ်ရရ အဖြေကိုမပေးတတ်……. ခုတော့လည်း မေသီ့ရင်ထဲမှာ သာမန်တစ်ခုလို ထင်ခဲ့ပေမယ့် သည်ညတော့ အတွေးပုစ္ဆာများစွာကို ယူဆောင်လာခဲ့သည်။ ကိုစောဘာဖြစ်နေလဲ…. မေသီနားမလည်နိုင်တော့…..။

အိပ်ယာဝင်တိုင်း မေသီ့လက်ချောင်းလေးတွေကို သူ့နှုတ်ခမ်းပါးလေးနဲ့ ထိငုံပြီး စတတ်သော ကိုစောသည် အခုတော့ သူ့လက်ချောင်းလေးတွေကို ရှောင်နေသလိုပင်……။ အရင်က မေသီ့ ဆံနွယ်လေးကို ဖွပြီး ကစားတတ်သော ကိုစောသည် အခုတော့ မေသီ့ဆံပင်တွေ ၀ဲခနဲ ဖြစ်သွားလျင် မသိချင်ယောင်ဆောင်နေခဲ့သည်…..။ အခုဆို မေသီနှင့် ကိုစောသည် အကြင်လင်မယားတွေလို မယုယနိုင်ခဲ့တာ သုံးလနီးပါး ရှိခဲ့ပြီပေါ့။ မဆုံးနိုင်သည့် အတွေးတွေနှင့် ပျောက်ဆုံးနေသည့် ကိုစော၏ အယုအယတွေကို တမ်းတရင်း မေသီသည် ပိုင်ရှင်မဲ့နေသည့် တွန့်ကြေနေသော ခေါင်းအုံးအပြာရောင်နုနုလေးကို ကြည့်ကာ တချက်ရှိုက်လိုက်သည်။ သူမ၏ ရှိုက်သံသည် အုတ်ခေါင်မိုးပေါ် ဖွဲခနဲကျလာသည့် မိုးစက်သံတွေ အောက်မှာ နစ်ဝင်ပျောက်ကွယ်သွားသည်။

ကိုစော ခြေလှမ်းတွေ မှားနေလား…..။ ဒါလည်း မဖြစ်နိုင်…….။ မိန်းမတွေနှင့် ပါတ်သက်လျင် ကင်းကင်းရှင်းရှင်းနေတတ်သော ကိုစောသည် မေသီမှလွဲ၍ ဘယ်သူနဲ့မှ မရှုတ်ခဲ့တာကို မေသီအသိဆုံး…..။ ဒါဆို အမေရိကားက ပြန်ရောက်လာသည့် ကိုစော၏ ရည်းစားဦးကြောင့်လား……။ လူကြီးတွေ စီမံရာ နာခံခဲ့ရသော ကိုစောအတွက် သူ၏ဝေးခဲ့ရသော ချစ်သူကို တခါတရံတော့လည်း သတိရမိမှာပေါ့……။ ထိုကဲ့သို့တွေးမိလိုက်တိုင်း မေသီ့၏ရင်ထဲမှာ စစ်ခနဲ နာလာမိပြန်သည်။ တစ်ခုသော အလှူတစ်ခုမှာ သူ၏ချစ်သူဟောင်းနှင့် အမှတ်မထင် ပြန်ဆုံခဲ့စဉ်က ကိုစော၏ မျက်လုံးတွေထဲမှာ ၀မ်းသာဝမ်းနည်းမှု အရောင်တွေ ပြေးနေခဲ့တာ မေသီလှစ်ခနဲ ရှာတွေ့ခဲ့ဖူးသည်။ ဆယ်နှစ်ကျော် ဝေးကွာခဲ့ပြီးမှ ပြန်ဆုံခဲ့ရသော သူ၏ရည်းစားဟောင်းသည် အရင်လို ကြည့်ကောင်းဆဲ………။

မေသီအတွေးတွေကို တတ်နိုင်သမျှ ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ ကိုစော၏ ရည်းစားဦး အကြောင်း စဉ်းစားမိလိုက်သည့်အခါမှာ ဖြစ်ပေါ်လာသည့် အတွေးတွေက သူ့အပေါ်ထားရှိသည့် ယုံကြည်မှုဆိုသည့် နံရံကို ၀ုန်းခနဲ ပြေးဆောင့်မိလိုက်သလို……..။ အိမ်ထောင်တစ်ခုအတွက် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုက အရေးအကြီးဆုံးလို့ ခံယူထားသည့် မေသီ့အတွက် ကိုယ့်စိတ်ကိုပင်လိပ်ပြာ မလုံတော့။ မှိတ်ထားသော်လည်း မပျော်နိုင်သော မျက်လုံးတွေက ကြောင်စီစီကြီး နိုးထ လာပြန်သည်။ အပြင်မှာတော့ လေရောမိုးရော တရောသောပါး ကျလာပြန်သည်။ ဖျက်ခနဲ လတ်သွားသော လျပ်စီးရဲ့နောက်ကွယ်မှာ ကြောက်မက်ဖွယ် မိုးခြိမ်းသံက ကပ်ပါလာသည်။ ထိုအလင်းရောင်နှင့်အတူ ဝေ့ခနဲ အရိပ်ထင်သွားသော သူမ၏ ဖြုဖတ်ဖြူရော် မျက်နှာသည် အလှပြင် မှန်တင်ခုံက မှန်မျက်နှာပြင်တွေပေါ်မှာ ရေးရေးလေး ထင်ကျန်ခဲ့သည်။ မေသီသည် သူမ၏ မျက်နှာပြင်ကို အသာလေးစမ်းလိုက်ပြီး အရေးအကြောင်းပေါ်လုလု အသားအရည်ကို ထိလိုက်ရင်း အသက်ရှူမ၀တော့……။

အိမ်ထောင်သက်ဆယ်နှစ်ကာလမှာ ကိုစောအတွက် ကလေးနှစ်ယောက်ကို မွေးပေးခဲ့ပြီးနောက် မေ့မေ့လျော့လျော့ ဖြစ်နေခဲ့သော သူမ၏အလှသည် အရင်လို မတောက်ပတော့ပါလား………။ ခါးအထက်ဆီက စူကာစပြုနေသော အသားဆိုင်ကို လက်နှင့် ဖျစ်လိုက်ရင်း သက်ပြင်းမောမော ချမိပြန်သည်။ မိန်းမတစ်ယောက်အတွက် အလှအပတွေ ခမ်းခြောက်လာချိန်နဲ့ အတူ… လင်ယောက်ျားရဲ့ ယုယမှုတွေကလည်း အရင်လို နုပျိုမှုမရှိကြတော့ဘူးလား………။ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရင်း မေသီ့နှုတ်ခမ်းဖျားလေးသည် တဆတ်ဆတ်တုန်လာသည်။ မနက်ဖြန်ကျလျင်တော့ Fitness centre သွားပြီး မလိုအပ်သည့် အသားတွေကို ဖယ်ထုတ်ဖို့ လေ့ကျင့်ရတော့မည်။

မေကလည်း….. အရောင်နုနုလေးတွေဝတ်ပါ….. လို့ တဖွဖွ ပြောတတ်သည့် ကိုစောအတွက် အချိန်မပေးနိုင်ခဲ့……..။ အိမ်မှုကိစ္စနှင့် ကလေးနှစ်ယောက် ပညာရေးတွေအတွက် လုံးချာလည်လိုက်ရင်း အဆင်ပြေသလို ကြည့်ဝတ်ခဲ့သည့် မေသီ့ကို စိတ်ကုန်နေခဲ့ပြီလား……..။ မိန်းမတစ်ယောက်အတွက် အိမ်ထောင်ထိန်းသိမ်းတတ်ဖို့ အရေးကြီးရုံသက်သက်လို့ မေသီ့ထင်ခဲ့သည့် အတွေးက…….. ယောကျာ်းတစ်ယောက်အတွက် အိမ်တွင်းရေး နိုင်နင်းမှုတစ်ခုတည်း မလုံလောက်တော့မှန်း မေသီ သိခဲ့ပြီ……။ အခုတော့ နောက်မကျသေး…….။ မေသီ့အတွက် အချိန်တွေ ကျန်ကောင်းပါရဲ့……။

မနက်ဖြန်မှစ၍ မေသီ့အတွက် အချိန်ဇယားတွေထဲမှာ ခန္ဓာကိုယ် လေ့ကျင့်ခန်းတွေအတွက် အချိန်ပေးရတော့မည်။ မေသီငယ်စဉ်ကအခါက သုံးခဲ့သော ပြင်သစ်က ဈေးကြီးကြီး မိတ်ကပ်ပေါင်ဒါတွေဖြင့် နုပျိုမှုကို အသက်သွင်းရမည်။ အချိန်ဆိုတဲ့ မိသားစုဇယားမှာ အကြင်လင်မယား သာယာမှုအတွက် ပြန်ပြီး ဆွဲဆောင်မှုတွေ ပြင်ရတော့မည်။ ဒါတွေဟာ တကယ်ရော လိုအပ်လို့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိသော်လည်း……….. မရေမရာ အဖြေကလွဲလို့ ဘာမှ သေချာမရှိခဲ့။

အပြင်မှာ မိုးအေးအေးတို့ သည်းသည်းမည်းမည်း ရွာနေသော်လည်း ရင်ထဲမှာ မှုန်မှိုင်းနေသည့် မိုးကတော့ ဘယ်အချိန်မှာ ရွာမိလေလည်း မသိ….။ အတတ်နိုင်ဆုံးတော့ မရွာအောင်တော့ သူမ တားမိပေလိမ့်မည်။ မနက်ဖြန်အတွက် ကိုစောကြိုက်တတ်သည့် ဟင်းလေးတွေ ချက်ပြီး ကိုစောရဲ့ အတွင်းရေးမှူး မောင်အေးချမ်းနဲ့ ထည့်ပေးရမည်။ မောင်အေးချမ်းကနေတဆင့် ကိုစောရဲ့ အလုပ်ဇယားတွေ တောင်းကြည့်ပြီး မေသီတတ်နိုင်သလောက် ကူညီရမည်။ အတူတူလက်တွဲဖို့ ဆုံးဖြတ်ခဲ့သည့် ဘ၀အဖော်တွေ အနေဖြင့် အရင်လို မီးဖိုချောင်မှာ အချိန်မကုန်ချင်တော့….။ မေသီ့၏ လုပ်အားဖြင့် ကိုစောရဲ့ ၀န်ကို ပေါ့စေချင်ခဲ့သည်……။
အခုတော့ လျှပ်စီးတစ်ချက်လတ်တိုင်းမှာ မေသီ့အတွက် အနာဂတ်တွေ ပြန်လည်တောက်ပလာသလို….။ ကြွေလုဆဲ မျက်ရည်တွေသည် မကျတော့ပြီ…..။ မနက်ဖြန်မှစ၍ သူမ၏ မျှော်လင့်ချက်တွေသည် အရာရာအကောင်းတိုင်း ပြန်ဖြစ်တော့မှာလား………။ သေချာတာကတော့ မနက်ဖြန်မရောက်ခင် မေသီ့အတွက် သည်ညကို ခဲယဉ်းစွာ ဖြတ်သန်းရပေဦးတော့မည်။


……………………………………………။…………………………………………………..



ညသည် ပရစ်သံ၊ ဖားအော်သံတွေကြောင့် မိုး၏ဂိတသံကို အစပျိုးနေသည်လားမသိ……။ ဖြတ်ခနဲ ဖြတ်ခနဲ လင်းသွားသည့် လျှပ်စီး အလင်းရောင်တွေအောက်မှာ ယိမ်းကနေသည့် သစ်ပင်အိုတို့၏ အရိပ်က မီးမထွန်းထားသည့် အခန်းလေးထဲကို ခဏတာ ပြေးဝင်ပြီး ပျောက်ကွယ်သွားပြန်သည်။ လေအနော့မှာ တဖျောဖျောကြွေကျလာသည့် သစ်ရွက်ပျိုတို့ကလည်း အခန်း၏ ပြတင်းမှန်ကို ပြေးပြေးပြီး ဦးတိုက်သွားပြန်သည်။ သစ်သားကြားမှ တိုးလာသော လေသွဲ့သွဲ့တို့ကြောင့် ခန်းစီးအဖြူရောင်နုနုသည် လွင့်ခနဲ……..။ ခန်းစီးရဲ့ နောက်ကွယ်မှာတော့ မှောင်မည်းလာသည့် မိုးတိမ်တွေသည် တရိပ်ရိပ်တက်လာသည်။ သည်ညလည်း အရင်လို ညတွေလို အိပ်စက်လို့မရတော့။ အိပ်ယာပေါ်ကနေ အသာလေးဆင်းလိုက်ပြီး ဘေးနားမှာ အိပ်စက်နေသည့် ချစ်ဇနီးကို ကြည့်လိုက်တော့…….. သူမသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
ကိုစောသည် စားပွဲပေါ်က စီးကရက်တစ်လိပ်ကို ယူပြီး မီးညှိလိုက်၏။ ရဲခနဲ ဖြစ်သွားသည့် စီးကရက်ထိပ်ကို ကြည့် လိုက်ပြီး တငွေ့ငွေ့ တက်လာသည့် မီးခိုးငွေ့လေးတွေကို လိုက်ဖမ်းဖို့ ကြိုးစားမိပြန်သည်။ ဒါပေမယ့် လက်ထဲက စီးကရက်ငွေ့လေးသည် လေထဲမှာ ပျောက်သွားသည်။ စီးကရက်ငွေ့ကို ဖမ်းဖို့ ကြိုးစားမိသည့် ကိုယ့်အဖြစ်ကို တွေးမိရင်း ရယ်ချင်သွားပြန်သည်။ ထို့နောက် စီးကရက်ကို ဖွာရှိုက်လိုက်ပြီး နေ့လည်က အဖြစ်တွေက တစ်စစီအတွေးထဲမှာ ပေါ်လာပြန်သည်။

ဆရာ… ကျွန်တော်တို့ ဇာတ်လမ်း သည်လို ဆက်သွားလို့ မဖြစ်တော့ဘူး.. မမသီကို အားနာလာပြီဗျာ……။

ကိုစော၏နားထဲမှာ ထိုစကားသံသည် ထပ်ကာထပ်ကာ ပေါ်လာပြန်သည်။ မိန်းမတစ်ယောက်ကို ပျော်ရွှင်အောင် ထားနိုင်မယ်လို့ ထင်ခဲ့သည့် သူ၏အိမ်ထောင်ရေးသည် သာယာမှုဆိုသည့် ပင်လယ်ထဲမှာ ပျက်စီးရတော့မှာလား……..။ သူ့ကို ဆရာလို့ အမြဲတမ်းခေါ်တတ်သည့် မောင်အေးချမ်းရဲ့ နားလည်စာနာမှုတွေ အောက်မှာ သူ့ အပေါ်ထားရှိခဲ့သည့် မေသီ၏ မေတ္တာတရားတွေကို မျက်ကွယ်ပြုရတော့မှာလား…..။ ကိုစောသည် နောက်ဆုံးလက်ကျန် တစ်ဖွာစာကို ရှိုက်လိုက်ရင်း စီးကရက်တိုလေးအား ဖန်ခွက်ကလေးထဲကို ခြေထည့်လိုက်သည်။ သူဘာဆက်လုပ်ရမလဲဆိုတာ ဆက်မတွေးတတ်တော့..။

အပြင်မှာ လေရော မိုးရော သည်းစပြုနေသည်။ညနေခင်းက ကြည်လင်သော ကောင်းကင်ပြာသည် အခုတော့ ဘယ်ဝယ်ဆီရောက်နေပြီ်လည်း မသိ။ သူတို့၏အိမ်ထောင်ဦးကာလသည် ကြည်လင်ကာစ မိုးကောင်းကင်တစ်ခုလို သာယာဖွယ်ကောင်းခဲ့သလောက် … အခုတော့………။ လေရော မိုးရော ထန်မည့်အဖြစ်ကို တွန်းပို့ကာစပြုနေပြီ။ ဒါဟာ.. အိမ်ထောင်ရေး ဖောက်ပြန်မှုလား……..။ ဒါမှ မဟုတ် အလိုရမ္မက် ဖောက်ပြန်မှုလား……..။ ကိုစောသည် ငယ်စဉ်က အဖြစ်ကို ပြေးပြီး သတိရမိပြန်သည်။ အရွယ်ရောက်ကာစမှာ ဆန့်ကျင်ဘက်အလှတရားတွေအစား … မိမိနှင့်တူရာ.. တူရာ တွေကို စွဲလန်းခဲ့ဖူးသည်။ ထိုခံစားမှုအလွဲတွေကို မေ့ပျောက်နိုင်ဖို့ ကြိုးစားသော်လည်း မရခဲ့…..။ စစ်မှန်သော အတွေ့အထိမှာ သည်စွဲလန်းမှုတွေကို ဖြေဖျောက်နိုင်မယ်ထင်ခဲ့သော်လည်း တကယ်တမ်းကြတော့ အတော့်ကို ခဲယဉ်းလှပါလား…..။

အခုတော့လည်း မေသီ့ရဲ့ ယုယမှုတွေကို မသာယာနိုင်တော့။ အိပ်ယာဝင်ခါနီးမှာ ငဲ့လင့်နေသည့် မေသီ့ မျက်လုံးတွေကို ဖြေသိမ့်ပေးဖို့ရာ မတတ်နိုင်တော့…။ တကယ်ပဲ မိန်းမတစ်ယောက်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို သူ့မှာခံစားမှု မရှိတော့ဘူးလားလို့ မိမိကိုယ်ကို မေးခွန်းထုတ်ပေါင်းလည်း များခဲ့ပြီ……။ အခုတော့လည်း ကိုယ်ဘာလိုချင်သလဲဆိုတာ တကယ်သိလိုက်ရချိန်မှာ အရာအားလုံး နောက်ကျနေခဲ့ပြီလား……..။

မေသီ…….. ကလေးနှစ်ယောက်………။ သူ့ကြောင့်တော့ သည်မိသားစုလေး မပြိုကွဲစေချင်……..။

ကိုစောသည် ပြတင်းပေါက်နံဘေးတွင် ရပ်နေရင်း အပြင်လောကကြီးကို ငေးကြည့်မိပြန်သည်။ အခုတော့လည်း လေရောမိုးရော သောင်းကျန်းနေပြီ။ အဝေးကနေ တရှဲရှဲ မြည်နေသည့် လေသံတွေကြားမှာ မောင်အေးချမ်းရဲ့ ဆရာလို့ ခေါ်သံလေးက ခပ်ပါးပါးလေး ပါလာပြန်သည်။ နောက်ပြီး သူရဲ့ ရှပ်အကျီကြယ်သီးလေးတွေကို တစ်လုံးချင်းစီ ဖြုတ်ဖို့ ကြိုးစားနေသည့် မောင်အေးချမ်း၏ မာဆတ်ဆတ်လက်ချောင်းလေးတွေကို မချင့်မရဲ ဖြစ်ညှစ်ကြည့်ချင်စိတ် ပေါက်လာပြန်သည်။ ထိုအတွေးသည် သူ့အတွက် ငရဲလား……….။

ဖြစ်ပျက်လာမည့် အတွေးတွေနောက်မှာ ကိုယ့်ရဲ့ မှာယွင်းနေသည့် ခြေလှမ်းတွေကို ပြန်စမ်းစစ်ရင်း မိမိကိုယ်ကို ကြိမ်ဆဲမိလိုက်ပြန်၏။ သူ၏ မရေရာခဲ့တဲ့ လမ်းအတွက် မေသီက အစမ်းသပ်ခံ ဖြစ်ခဲ့လျင် ကလေးနှစ်ယောက်က ဓါးစာခံသက်သက်ပါပဲ။

ဆရာရယ်…. ကျွန်တော်ဘာမှ မလိုချင်ပါဘူး…. ဆရာလိုအပ်ရင် အချိန်မရွေးလာခဲ့ပါ…… မမသီတော့ မျက်ရည်မကျပါစေနဲ့နော်……တဲ့……။ ကိုယ့်အပေါ် အခုလို နားလည်ပေးခဲ့သည့် မောင်အေးချမ်းတစ်ယောက်အတွက်လည်း ကိုယ့်ဘက်က ဘာမှမပေးနိုင်ခဲ့သည့် အဖြစ်ကို တွေးမိလိုက်တိုင်း ရင်ထဲမှာ ၀မ်းနည်းမှုတွေက လှိုက်လှိုက်ပြီး တက်လာပြန်သည်။ အိုဘုရားသခင်… တပည့်တော် ဘယ်သံသရာအထိ သည်လိုအလွဲတွေ ခံစားရဦးမှာလဲ… ဘုရား။

လေတိုးမှုကြောင့် ဘယ်ညာယိမ်းနေသည့် အုန်းလက်ဖျားတွေကို ကြည့်ရင်း သက်ပြင်းတွေ အကြိမ်ကြိမ်ချမိပြန်သည်။

အချိန်…….။

အချိန်တွေသာ နောက်ပြန်လှည့်လို့ရလျင်….. အရာရာကို တစ်က ပြန်စချင်သည်။ ထိုအရာတွေမှာ မေသီပါချင်မှ ပါမည်။ မောင်အေးချမ်းပါချင်မှ ပါမည်။ တခါတလေတော့လည်း သည်လောကကြီးကို စိတ်ပျက်မိလာသည်။ တခါတရံ ကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်သည့် ပတ်ဝန်းကျင်ကို ရွံ့မုန်းမိလာပြန်သည်။ ညရောက်မှာလည်း စိုးရိမ်မိသည်။ မနက်ဖြန်ရောက်လာမှာကိုလည်း ရင်မဆိုင်ရဲတော့……….။

တင်းကျပ်လာသော စိတ်တွေ တတ်နိုင်သလောက် လျော့ချရင်း အိပ်ခန်းဆီကို ပြန်လာမိသည်။ မှန်တင်ခုံဘက် မျက်နှာလှည့်ရင်း အိပ်ပျော်နေရှာသော မေသီ့ကို ကြည့်ရင်း သနားမိလာပြန်သည်……….။ မိန်းမတစ်ယောက်အတွက် အိမ်ထောင်ရေးဖောက်ပြန်ခံရသည့် အချိန်မှာ သူမအတွက် ငရဲတစ်ခုဖြစ်နိုင်သည်………။ ထို့ထက် တခြားမိန်းမတစ်ယောက်အတွက် စွန့်ခွာခံရခြင်းထက် ယောက်ကျာ်းတစ်ယောက်အတွက်…….. ကိုယ့်ကို စွန့်ခွာခံရမည်ဆိုလျှင် မေသီ ဘယ်လိုခံစားရမလဲ………။ ကိုစော မတွေးရဲတော့……။ တစ်ခုသော မနက်ဖြန်မှာတော့ မေသီ ကိုစောရဲ့ အဖြစ်တွေကို သိကောင်းသိပေလိမ့်မည်။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေ ပေလိမ့်မည်……။ သေချာတာတစ်ခုကတော့ မေသီ…… ငိုနေပေလိမ့်မည်။

……………………………………………။…………………………………………………..

ညက ရွာခဲ့သောမိုးကြောင့် မိုးစက်မှုန်မှုန်လေးများသည် သစ်ရွက် သစ်ခက်တွေပေါ်မှာ ဖွဲ့တည်ရင်း လှုပ်လီလှုပ်လဲ့ ရှိနေကြသည်။ ညစဉ်က ကြမ်းခဲ့ရမ်းခဲ့သော ကိုလေကြမ်းသည်လည်း ဘယ်ဆီလွင့်နေပြီလည်း မသိ…..။ အခုတော့လည်း လှပလို့… အေးချမ်းလို့…..။ ပြတင်းမှန်ထဲမှ တဆင့် အတင်းတိုးဝင်ဖြာထွက်လာသော နေခြည်ပါးပါးကလည်း တစ်ခုသော ဓါတ်ပုံပေါ်ကို အစွမ်းကုန်အလင်းရောင် ပေးလို့……။ ထိုဓါတ်ပုံထဲမှာတော့ ကြင်စဦးဇနီးမောင်နှံနှစ်ယောက်သည် အဖြူရောင်မင်္ဂလာ ၀တ်စုံလေးကို ဆင်မြန်းပြီး ……… ပြုံးရွှင်ရယ်မောနေကြတုန်းပါပဲလား…..။

၂၉ ဂျွန် ၂၀၀၉
၁၁ ၁၈ ည

28 ယောက်ကဒီလိုမြင်တယ်တဲ့...:

Anonymous said...

ဖတ်သွားပါတယ်... ကောင်းတယ်..။

sdl

မဆုမွန် said...

ဖတ်ရတာ အတော်လေး ရင်မောသွားပါတယ် သူ ရေ သူမအတွက်ပါ ခံစားသွားပါတယ်၊

စာအရေးအသား အရမ်းကို ကောင်းပါတယ် တိုတိုနဲ့ထိထိမိမိ မြင်ကွင်းကို ပုံဖော်အောင် ရေးစွမ်း ရှိပါတယ် ဆက်ရေးပါ မောင်ငယ်လေး အားပေးနေမယ်

Anonymous said...

oh my,, i m feeling awkward after reading this post. I love your writing style & story. I just feeling awkward to that main character who is gay married to woman even he know himself that he has no taste for women since he is young. What the selfish & stupid gay he is!..Am i right?.. He is so selfish... He used that woman to change his mind. And finally all his stupidness affects on that poor woman.. Sigh!!!.. I hereby want to suggest to all gays, pls just straight married to your partner boy. Pls reveal what you are to your surrondings. I mean you have to admit others that you are gay. Be honest, huh!. I dun look down on gays but I do on those gays who pretend such a good guy in front of woman & trying to have sex with man & woman. They are in lower class than animal. Ok, Enough!.. Pls understand me. I just can't stop to make comment what I am thinking abt those ppl, I don't have intention to spoil your post. :)

ဖိုးစိန် said...

အရေးအသားကောင်းတယ်...

ထိမိတယ်...

စာရေးသူ ပြချင်တာကို တန်းခနဲ မြင်မိပါတယ်...

ဝတ္ထုတို လေးအရမ်းကောင်းတယ်

ရင်မောသွားတယ်

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မသက်ဇင် said...

လာဖတ်သွားတယ်သက်ပိုင်သူ
ရသ အရေးကောင်းတယ်
ခင်မင်လျက်

ပိုင်ဖြိုးကို said...

သိမ်သိမ်မွေ့မွေ့နဲ့ ရသကောင်းကောင်းပေးနိုင်တဲ့ ပို့စ်လေးပါ။ အားပေးလျက်ပါ သူငယ်ချင်း .....

နန်းညီ said...

အား..

ဘာမှကို မပြောနိုင်တော့ဘူး..

Yuzana said...

တော်လိုက်တာ။

hl said...

arr pay kae dal ko paing yay .....

ဖြိုးစကီး said...

နက်နက်နဲနဲခံစားလိုက်ရပါသည်..။

မောင်အေးချမ်း ကို တကယ်ပဲ စာနာပါသည်။

လူတိုင်းလူတိုင်းကတော့ ကိုယ့်အမြင်နဲ့ကိုယ် နားလည်ခံစားပေးနိုင်မယ်ထင်ပါတယ်..။

ဒါတွေက မရှိဘူးမဟုတ်... တကယ့်ကို အပြင်မှာ ရှိနေတဲ့ အဖြစ်အပျက်တွေပါ..။

ဘာပဲဖြစ်ဖြစ်.. ကိုယ့်အတွက်နဲ့ မိသားစုဘ၀တစ်ခုကို မဖျက်စီးတာ / မပျက်စီးတာ..အကောင်းဆုံးပါပဲ..။

မေငြိမ်း said...

အဲလို အလွဲတွေဟာ မြန်မာပြည်မှာ တကယ် ရှိနေတာပါ။ တင်းကျပ်တဲ့ အစဉ်အလာ အယူအဆတွေ အောက်မှာမို့ သူတို့က ပိုပီး စိတ်ဖိစီးမှုဒဏ်ကို ခံစားကြ ရတာပါ။ ပွင့်လင်းတဲ့ လက်ခံမှုမျိုးနဲ့ စာနာ နားလည် မယ်.. ပြီးတော့ Gay တွေဘက်ကလည်း ချင့်ချင့်ချိန်ချိန် ရှိမယ်ဆိုရင် လူမှုရေးပြဿနာတွေ နည်းသွားမှာပါ..။ တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ပဲ တင်းကျပ်တဲ့ ထုံးတမ်းဓလေ့ရှိတဲ့ အိန္ဒိယက Gay တွေ လက်ထပ်ခွင့်ဥပဒေကို ခွင့်ပြုလိုက်ပြီတဲ့။

မီယာ said...

သက်ပိုင်သူရေ ၀တ္ထုဖတ်သွားတယ်။ ရေးချင်စိတ်ပေါ်လာရင် နည်းနည်းဆီရေးထားပေါ့။ အခန်းဆက်တွေရေးတုန်းက မြန်မြန်ရေးပါလို့ ပြောရတာ မှတ်မိသေးတယ်။

Anonymous said...

ုkom: လာဖတ်သွားသည်
3 Jul 09, 23:42
စိမ်းတိမ်းတိမ်း: သူငယ်ချင်းရေ ငါလာသွားတယ်ဟ။ စာတွေလည်း ဖတ်ပြီးသွားပြီ။ ကွန်းမန့်ပြီးမှ လာရေးမယ်။ ပြန်ပြီ :P
3 Jul 09, 23:25
အဲလက်စ်အောင်: အရမ်းကိုအရေးအသားတော်ပါတယ်ဗျာ။ သူနဲ့သူမလို အဖြစ်လေးကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရဘူးပါတယ်။ ကျွန်တော်ကအေးချမ်းကို ကိုယ်ချင်းစာပါတယ်။ သူနဲ့မတူခဲ့တာက သူ့လိုခွင့်လွှတ်မပေးနိုင်တော့လမ်းခွဲခဲ့ရတာပါ။
3 Jul 09, 23:12
ဖြိုးစကီး: ကိုကိုပိုင်... လည်လည်လာပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ်..အင်တာနက်လိုင်းတွေက ကျပ်တည်းဆဲပါပဲ... မရမက ၀င်ဖတ်သွားတယ်..
3 Jul 09, 21:53
နန်းညီ: ကိုပိုင်ရေ.. (သူ၊သူမတို့၏) ညကတော့ လန်ချိတ်ပဲနော့ အိုင်ဒီယာပဲ
3 Jul 09, 21:33
စာဖတ်သူ: လူတိုင်းလူတိုင်းက ခံစားဖူးမှနားလည်ကြတာ၊ နားလည်ပေးလိုက်ပါ
3 Jul 09, 21:10
promise: မင်္ဂလာပါ ကိုသက်ပိုင် ဆက်ရေးအုံးနော်
3 Jul 09, 21:01
မနောသား: အလည်ရောက်ပါတယ် ..ပျော်ရွင်ပါစေ ..
3 Jul 09, 16:52
မဆုမွန်: သူရော သူမအတွက်ပါ ခံစားသွားတယ် အရမ်းကောင်းပါတယ် ဆက်ရေးပါ အားပေးနေမယ်

zarni said...

ko paing!!!
always support u..

zarni said...

i don't know what to say...! U are great Man...

zarchi said...

သယ်ရင်း နင်အရမ်းတော်တယ်။

subuueain said...

ရသပေါ်အောင် ရေးနိုင်လိုက်တာ။ ရည်းစားဟောင်းနဲ့ ပြန်တွေ့ နေတယ်ထင်နေတာ။ နောက်ပြီးမှ သူစိတ်ဝင်စားတာ တခြား။ မိုက်တယ်

မေဇင် said...

စာရေးတာ အရမ်းတော်တာပဲ....။ တကယ့်ကို ဆွဲဆောင်မှုရှိတယ်...။ ကိုစော....ယောက်ကျား တစ်ယောက်အတွက် ခံစားနေရတာလို့ လုံးဝ မထင်မိခဲ့ဘူး....။ အရမ်း ဖတ်လို့ ကောင်းပါတယ်ရှင်..။

ကြည်ဖြူပိုင် said...

သက်ပိုင်သူရေ..တော်လိုက်တာဟ။ သူများနဲ့မတူ တမူထူးခြားတဲ့ ဇာတ်လမ်းလေးပဲ။ အရမ်းကိုကောင်းတယ်။ ကောင်းလွန်းလို့ဘာပြောရမလဲကိုမသိတော့ဘူး။

Rita said...

တင်ထားတာကြာပြီ သိပေမဲ့ သေချာ ဖတ်ချင်လို့ ဒီနေ့မှ လာဖတ်တာ။ သိနေပြီးတဲ့ အကြောင်းအရာတွေကို သူများ အတွေးနဲ့ သူများ အမြင်နဲ့ ကြည့်ရတာ စိတ်ဝင်စားစရာကောင်းတယ်။

သီဟသစ် said...

အမျိုးအမည်မသိ
ဝေဒနာခံစား
ပြန်သွား

ခင်မင်စွာဖြင့်
သီဟသစ်

zaw tun said...

ko paing yay ....great one

ပုလုကွေး said...

ဖြစ်နေတဲ့ ဖြစ်တက်တဲ့ သဘောလေးတွေပါပဲ...။ မေသီ၊ ကိုစော ၊ မောင်အေးချမ်းတို့ အတွက် တစ်ခုခုခံစားရတယ်။ သုံးယောက်စလုံး အတွက်ပေါ့....

သံယောဇဉ်များစွာဖြင့်...

Anonymous said...

အရမ်းမိုက်ပါတယ်
မထင်ဘူး .. အဲလိုမျိုးဖြစ်မှာလို့ ..
ချီးကျူးပါတယ် ..း))
ကြောက်တော့ ကြောက်စရာကြီး .. :D

မိုးခါး

littlebrook said...

ကောင်းတယ်ဆိုတာတော့ ထပ်ပြောဖို့ကို မလိုလောက်အောင်ပါ ... အင်းဘာပဲဖြစ်ဖြစ် တည်ဆောက်ထားတဲ့ ဘ၀တစ်ခုကိုတော့ မဖျက်သင့်ဘူးပေါ့ဗျာ ...တခါတလေ ဘုရားသခင်ဖန်ဆင်းတာ မပြည့်စုံသွားလို့များ gay တွေဖြစ်လာရတာလားလို့ ...ကြံကြံဖန်ဖန်တွေးမိတယ်

လင်းလက်ကြယ်စင် said...

ခံစားဖတ်ရှုသွားပါတယ် ကိုသက်ပိုင်သူရေ။ ဒီလိုအဖြစ်အပျက်မျိုးဟာ ကာယကံရှင်တွေရဲ့ အပြစ်တော့လည်း မဟုတ်ပါဘူး။ Biological အရ မွေးကတည်းက ဖြစ်လာတာကြောင့် မိမိရဲ့ ဘ၀ရှေ့ရေးအတွက် သေချာစဉ်းစားဆုံးဖြတ်ရင်း ခိုင်ခိုင်မာမာ လျှောက်လှမ်းဖို့လိုအပ်တယ်လို့ မြင်မိပါတယ်။ Great story :)

johnmoeeain said...

ဟူး..
သုံးယောက်စလုံးအတွက် မောသွားပီ...
ဘယ်အရာတွေက မှားပြီး ဘယ်အရာတွေက မှန်နေတာလဲ မသိတော့ဖူး...။ အရေးအသားကတော့ ကောင်းလွန်းတယ် :D

Lamin said...

So incridible.. Great writing with impressive illusion..