ကျွန်တော် Interior Design အကြောင်းနှင့် ပါတ်သက်တာတွေ ဆက်ရေးဦးမှာပါ.... အခုလောလောဆယ် မြန်မာ Interior Design အကြောင်းနဲ့ ပါတ်သက်တာတွေ စာကြည့်တိုက်သွားလိုက် လိုအပ်တာတွေ စုလိုက် လုပ်နေလို့ မတင် ဖြစ်သေးတာ ခွင့်လွှတ်ပါ။ အခုလောလောဆယ် ဘလော့ သက်တမ်းကလည်း ရေ့လဆို ၆လပြည့်ပြီ.......။ -၀တ္ထုရေးချင်တာ ငယ်ငယ်ကတည်းကဆိုတော့ စာဖတ်သူတွေကိုလည်း နည်းနည်း ဒုက္ခပေးချင်တာလည်း ပါပါတယ်း) အခု ဒီတစ်ပတ်ထဲမှာ ၀တ္ထုတို ၃ ပုဒ်တင်ချင်ပါတယ်။ ည ၃ည အကြောင်းပေါ့။ အခုလောလောဆယ် သူမ၏ည ကို ခံစားကြည့်ပါဥိး.... မရေးတတ်ရေးတတ်နဲ့ ရေးထားတော့ အမှားပါရင် ခွင့်လွှတ်ပါဗျာ။
ညသည် ပူလောင်၏။
ခပ်ဟဟလေး ဖွင့်ထားသော ပြတင်းတံခါးဆီကို နွေလေရူးတို့ ဖျက်ခနဲတိုးဝင်လာသည်။ နွေလေတို့သည် အေးစက်မှုကို မသယ်လာ……………..။ ပူစပ်စပ်လေညင်းတို့ကိုသာ အရင်လို ထားခဲ့ပြန်၏။ တိုင်ကပ်နာရီအိုလေးကို ကြည့်လိုက်တော့ ည၁၂နာရီတိတိ……….။
လေတိုးနေသည့် ပြတင်း တံခါးကို အသာအယာတွန်းဖွင့်လိုက်သည့်အခါ လေထဲမှာ မရင်းနှီးသည့် ပန်းရနံ့တွေကသင်းနေသည်။ အဝေးဆီက ဆွဲဆွဲငင်ငင်အူလိုက်သည့် ခွေးအူသံကြောင့် ဆတ်ခနဲ တုန်သွားပြီး တံခါးနှစ်ချပ်ကို အလျင်အမြန် ဆွဲပိတ်လိုက်မိလိုက်ပြန်သည်။ ပြတင်းနားမှာ မတ်တပ်ရပ်မိလိုက် တစ်ယောက်တည်း ဧည့်ခန်းငယ်လေးထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လိုက်နဲ့ အချိန်တွေ တရွေ့ရွေ့ကုန်လာပြန်၏။ သည်ညသည် အရင်လိုညတွေလိုပဲ မောင်ပြန်လာမယ့် အချိန်ကို စောင့်မိပြန်၏………။ ဘာမှ မထူးဆန်းပေမယ့် အခုလို သူပြန်လာမည့်အချိန်ကို စောင့်နေမိတာ အကျင့်လို ဖြစ်လာသည့် ကိုယ့်ကိုယ်ကို ကြည့်ရင်း စိတ်ပျက်မိလာပြန်သည်။
အတန်ငယ် ညောင်းလာမိတော့ ပက်လက်ကုလားထိုင်ပေါ်ကို လျော့တိလျော့တွဲ ပြန်ထိုင်ချလိုက်ပြီး …………မောင်….. လို့….. ကိုယ့်နားက ကိုယ်ပြန်ကြားရုံ တိုးတိုးလေး ညည်းတွားမိပြန်သည်။
အဲသည်လိုခေါ်လိုက်တိုင်း ကျွန်မကို ငဲ့ငဲ့ကြည့်တတ်သည့် မောင့်မျက်လုံးတွေကို ကျွန်မချစ်သည်။ နောက်ပြီး မောင့်ရဲ့ ကျယ်ပြန့်သည့် နဖူးပေါ်မှာ ခွေခွေလေးကျနေသည့် ဆံနွယ်လေးတွေကိုလည်း ကျွန်မချစ်သည်။ မောင်နဲ့ ကျွန်မတို့၏ ဆုံစည်းမှုသည် အလွန်တရာမှ ရိုးစင်းခဲ့ပေမယ့် မောင်နဲ့ ပေါင်းစည်းဖို့ကြတော့ အလွန်တရာခက်ခဲခဲ့သည်။ အရာရာမောင့်ထက် သာသည့် ကျွန်မအရည်အချင်းတွေကြောင့်လား……. ဒါမှမဟုတ် ကျွန်မက မောင့်ထက် လိုသည်ထက် အသက်အရွယ် ကွာဟနေလို့လား…….။ ထိုကဲသို့သော မေးခွန်းကို ဟိုးတုန်းကတော့ မစဉ်းစားမိခဲ့……။ အခုတော့လည်း မိမိကိုယ်ကို ပြန်မေးမိပြန်သည်။
မောင်နဲ့ကျွန်မက အသက်ခြောက်နှစ်တောင် ကွာပေမယ့် ကျွန်မတို့ နှစ်ယောက်ကြားမှာ ဘာမှ ပြဿနာမရှိဘူးထင်ခဲ့မိ၏။ ဒါပေမယ့် ကျွန်မက မောင့်ထက် အသက်ကြီးတော့ အရာရာမှာ မောင့်ထက် ရှေ့ရောက်နေမိတာ ကျွန်မအတွက်မထူးဆန်းလှပေမယ့်……. အများအမြင်မှာတော့…… သိပ်ပြီး မလှခဲ့။ ဖေဖေနှင့် မေမေတို့ တားနေသည့်ကြားကနေ မောင်နဲ့ ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ကို မှားလား…. မှန်လား.. ကျွန်မ မဝေခွဲနိုင်ခဲ့….။ မောင့်ကို စတွေ့မိသည့် အချိန်ကပင် ဖွဲ့မိသည့် သံယောဇဉ်က အရာရာကို လွှမ်းမိုးနိုင်ခဲ့သည်။ အခုတော့လည်း အရာရာသည် ကန့်လန့်ကာနောက်ကွယ်မှာ ကိုယ်မသိသည့်ဇာတ်ရုပ်ကို ကိုယ်ကိုယ်တိုင် ကဖို့ ကြိုးစားတာနဲ့ တူလှသည်။
ပက်လက်ကုလားထိုင်ပေါ် ခေါင်းကို မှီချလိုက်ရင်း မျက်လုံးကို စုံမှတ်ပြီး အိပ်ဖို့ကြိုးစား၏။ မရ……။ အိမ်မပြန်လာသေးသည့် မောင့်အတွက် စိတ်ပူတာလား….. ။ ဒါလည်း မဖြစ်နိုင်ပါ။ အချိန်တန်လျှင် မောင့်သူငယ်ချင်းတွေက မောင့်ကို အိမ်အထိလိုက်ပို့ကြမှာပေါ့….။
ကျွန်မသက်ပြင်းခပ်လေးလေး ချလိုက်ပြီး ဘေးနားက စားပွဲပေါ်မှာ ပြန့်ကြဲနေသည့် စာရင်းစာရွက်တွေကို ပင့်သက်ရှိုက်ရင်း ငေးကြည့်မိပြန်သည်။ ညနေက ရောက်နေသည့် ကုန်စည်စာရင်းတွေမှာ ရေးထားသည့် ဂဏန်းတွေပေါ် မျက်လုံးက ရောက်သွားပြန်တော့ အသက်ရှူမ၀တော့သလို ခံစားမိလာပြန်သည်။ ကြီးကြီးလှကတော့ ကုန်ရုံက ပြန်လာပြီးကတည်းက အိပ်နေပေမယ့် ကျွန်မအတွက်တော့ မနက်ဖြန်ဆိုတာကို ဖြတ်သန်းဖို့ အလွန်ကြောက်နေမိသည်။ သည်နှစ်ကျမှ တောင်ပေါ်မှ လက်ဖက်အစိုတွေကို တော်တော်များများ မှာမိလိုက်သည်။ သည်နေ့ ကုန်ရုံမှာ ကြားခဲ့ရသည့် သတင်းအရ မစားသင့်သည့် လက်ဖက်အမျိုးအမည်တွေ သတင်းစာမှာ ကြေညာမည်တဲ့…..။ ကျွန်မတို့စီးပွားရေးအတွက် သည်သတင်းတွေက သိပ်ပြီး မကောင်းလှပါ…..။
မောင်ရယ် … ပြန်လာပါတော့….. ကျွန်မတစ်ယောက်တည်း ဖြတ်သန်းဖို့ အားလျော့နေမိသည်။
မိန်းမသားတစ်ယောက်အတွက် အသက် ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ….. မောင့်ကို ကိုယ့်ရဲ့လက်တွဲဖော်အဖြစ် ပတ်ဝန်းကျင်မှာ ရပ်တည်ခွင့်ရတာက ကျွန်မအတွက် အင်အားတစ်ခုပဲလား……။
မောင်နဲ့ ကျွန်မ စတွေ့စဉ်က မောင်က စိတ်မြန်လက်မြန် တဇွတ်ထိုး။ ကျွန်မ မောင့်အကြောင်း စဉ်းစားမိတော့ ပြုံးလိုက်မိသည်။ မောင်နှင့်တွေ့စတုန်းက ကျွန်မနောက်ကနေ တကောက်ကောက်လိုက်တတ်သည့် ကောင်လေးတွေနဲ့ ကတောက်ကဆ ဖြစ်ပြီး ထိုးပွဲ သတ်ပွဲတွေ ဖြစ်ခဲ့ကြဖူးသည်။ သြော်… အဲသည်အချိန်တုန်းက မောင်က အတော့်ကို ငယ်သေးတာပဲ။ စိတ်လိုက်ကိုယ်ပါ ငယ်ရွယ်စဉ်မှာ ဖြစ်တတ်ကြပေမယ့် အိမ်ထောင်ကျရင် တဖြေးဖြေး ကျွန်မ ပြောင်းယူလို့ရမယ် ထင်ခဲ့မိသည်။ အခုထက်ထိ အိမ်ထောင်ကျပေမယ့် မပြောင်းလဲသေးသည့် မောင့်အပေါ် အရင်လို ကျွန်မမျှော်လင့်ချက်တွေက ရှိနေဆဲ……..။
ချစ်တယ်……. လို့ .. မောင့်ရဲ့ နှုတ်ခမ်းပါးပါးလေးက ဖွင့်ပြောတဲ့တစ်နေ့က အဖြစ်တွေက ယနေ့ထက်တိုင် ကျွန်မပါးပြင်းမှာ ရှိန်းတိန်းတိန်းဖြစ်နေဆဲပါပဲ…..။ စီးကရက်နံ့တွေ ထုံမွှမ်းနေသည့် မောင့်နှုတ်ခမ်းဖျားလေးကို ထိပြီး ကျွန်မလက်ဖျားလေးတွေမှာ စွဲကပ်လာသည့် ထိုရနံ့လေးတွေကို ခိုးခိုးပြီး နမ်းခဲ့ရတာလည်း မောင်မသိခဲ့……..။ အခုတော့လည်း မောင်သည် ကျွန်မအကြောင်းကို နားမလည်သည့် ကလေးဆိုးလေး တစ်ယောက်ပါလား…။
မောင့်အကြောင်းတွေးနေရင်းနဲ့ ကျွန်မလက်တွေက စာရင်းစာရွက်တစ်ကို လှမ်းယူလိုက်သည်။ သုညတွေနောက်မှာ အများကြီး တန်းစီနေသည့် ဂဏန်း အရေအတွက်တွေကို ကြည့်လိုက်ပြီး ကျွန်မစိတ်ထဲမှာ လေးလာသည်။ သည်အရေအတွက်တွေက ကျွန်မတို့ဘ၀ကို ကပြောင်းကပြန် ဖြစ်သွားနိုင်သည်။ မောင့်ကို ကျွန်မ ကြိုတင် ပြောလိုက်ပေမယ့် ခပ်ပေါ့ပေါ့နေတတ်သည့် မောင်က ကျွန်မ ပြောပြနေသည့် အရေအတွက်ကို စိုးရိမ်မှု မပြခဲ့ဘူး။ အရာရာအားလုံး နှေးကွေးစွာ တုံ့ပြန့်တတ်သည့် မောင်ကို အားမလိုအားမရ ဖြစ်ခဲ့ပေမယ့် အခုတော့လည်း ကျွန်မ နေသားကျနေပါပြီ။
မောင်ရယ်… ကျွန်မရဲ့ ကုန်ရုံလုပ်ငန်းကို စိတ်မ၀င်စားရင် တခြားအလုပ်… ပြောင်းလုပ်ကြည့်ပါလား……လို့ မေးဖူးသည်။ အဲသည့်အခါမျိုးမှာ မောင်က အင်းမလုပ်အဲမလုပ်နဲ့ ကျွန်မကို ဘုကြည့်ပြန်ကြည့်တတ်သည်။ မောင်နဲ့ လုပ်ရတာ အဆင်မပြေလားလို့… ဆိုပြီး မြားဦးကို ကျွန်မဘက် ပြန်လှည့်တတ်လာသည်။ အဲသည်အခါမျိုးမှာ မောင့်ကိုပဲ ကလေးတစ်ယောက်လို ကျွန်မ ချော့ရပြန်သည်။
တီ…တီ…. ဆိုပြီး အင်ဗာတာက အချက်ပြမီးကြောင့် ကျွန်မမလိုအပ်သည့် မီးတွေကို ပိတ်လိုက်သည်။ မကြာခင် အင်ဗာတာမီးက အားကုန်တော့မှာပါလား။ ဖယောင်းတိုင်နဲ့ မီးခြစ်ကို လွယ်ကူသည့် နေရာမှာ ချထားလိုက်ပြီး မောင့် အပြန်ကို အမှောင်ထဲမှာ ထိုင်စောင့်နေရဦးမည်။
သည်လိုပဲ မောင့်ကို ခဏခဏ စောင့်ရပေါင်းများပေမယ့် ထိုညတွေသည် သည်ညတာလောက် မရှည်ခဲ့…..။ တခါတလေ မောင်က ကျွန်မထက် သူ့အပေါင်းအသင်းတွေကို မင်သည်။ တခါတရံမှာတော့ မောင်သည် ကျွန်မ ပြောပြောပြတတ်သည့် အကြောင်းအရာလေးတွေကိုတော့ စိတ်ဝင်တစား နားထောင်တတ်သည်။ ဒါပေမယ့် တခွန်းမှ ပြန်မပြော၊ တစ်လုံးမှ မဝေဖန်။ ထိုအခါမှာတော့ မောင့်အပေါ်ကျွန်မ စိတ်ကောက်မိသည်။ ဒါပေမယ့် အိမ်ထောင်သက် လေးနှစ်သက်တမ်းတလျောက်လုံး ကျွန်မ အမျိုးမျိုး စိတ်ကောက်ဖို့ ကြိုးစားခဲ့ပေမယ့်….. နောက်ဆုံးတော့ တကယ်စိတ်ကောက်တတ်သူက မောင်ပါ..။
အချစ်၏သိမ်မွေ့မှုတွေ၊ အိမ်ထောင်တစ်ခု၏ လှိုင်းတံပိုးတွေကြားမှာ မောင့်ကို နားလည်နိုင်အောင် ကျွန်မကြိုးစားခဲ့ပေမယ့် မောင်သည် ကျွန်မအပေါ် နားလည်အောင် ပြန်မကြိုးစား…..။မောင် လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးနိုင်သည့် ကျွန်မကို… ကျွန်မ ဘာလိုချင်သလဲဆိုတာ သူတစ်ခွန်းမှ မမေးခဲ့။
မောင်ရယ်… လက်ထပ်ကြရအောင်… လို့ ကျွန်မပြောလိုက်သည့်အချိန်မှာ တအံ့တသြနဲ့ ကျွန်မကို ငေးကြည့်နေခဲ့သည်။ နောက်တော့ .. မောင်တို့ .. ငယ်သေးတယ်တဲ့…..။ မောင်ရယ်…. ကျွန်မက မငယ်တော့ဘူးလေ.. လို့ ပြောပြလိုက်သည့်အခါမှာ မောင်ကခဏတာ စဉ်းစားလိုက်ပြီး…..။ အင်း.. လက်ထပ်ကြရအောင်…. လို့ ပြန်ပြောခဲ့သည်။
အိမ်ထောင်ပြုဖို့ လောခဲ့မိတာ ကျွန်မအမှားလား…….။ တကယ်လို့ အချိန်တွေကို ပြန်ဆွဲဆန့်လို့ရလျင် ပြန်ပြီးဆန့်လိုက်ချင်သည်။ မိန်းမတစ်ယောက်အတွက် တကယ်လိုအပ်သည့် ခင်ပွန်းလောင်းက ရင့်ကျက်နေဖို့ဆိုတာ ကျွန်မ မသိခဲ့တာလား…..။ ဒါမှမဟုတ် နီးစပ်မှုတစ်ခုတည်းအတွက် ကျွန်မ မသိချင်ယောင် ဆောင်ခဲ့တာလား…..။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်တွဲဖို့ဆိုရင် ထိုယောကျာ်းအတွက် လုံလောက်သည့်အချိန်ပေးဖို့လိုသည်။ ထိုအချိန်သည် ယောက်ျားတစ်ယောက် ကောင်းကောင်းရင့်ကျက်ဖို့ပဲဖြစ်သည်……..။ အခုတော့ ထိုအချိန်တွေသည် လွန်ခဲ့ပြီ……။ လွန်ခဲ့သည့်အချိန်တွေကို အခုမှ ပြန်တောင့်တလည်း ပြန်မရနိုင်တော့…….။
ဝုန်းခနဲ မြည်သံနဲ့ အတူ စောစောကပိတ်ထားသည့် ပြတင်းတံခါးသည် ရုတ်တရက်ပွင့်သွားပြီး နွေလေရူးတို့ ဝေါခနဲ ၀င်လာသည်။ သည်တခါတော့ ပူစပ်စပ်လေညင်းတို့ပါမလာတော့။ တံခါးကို ချက်ထိုးဖို့ ကျွန်မထလိုက်သည်။ တံခါးနှစ်ချက်တို့ကို ပိတ်မယ့်ဆဲဆဲမှာ အဝေးကနေ… ဂိုး…. ဆိုသော ယောက်ျားတစ်စု၏ အသံကို သဲ့သဲ့ ကြားလိုက်ရသည်။ ထိုအသံတွေကြားမှာ မောင့်ရဲ့အသံကလည်း ပါကောင်းပါပါလိမ့်မည်။ တံခါးမပိတ်မီ မောင်ပြန်လာမယ့် လမ်းလေးကို မျှော်ကြည့်လိုက်တော့ မှောင်နေဆဲ…………………။
သူမ၏ည

၁၀ ဂျွန် ၂၀၀၉
၂း၁၀ နေ့လည်
၂း၁၀ နေ့လည်

21 ယောက်ကဒီလိုမြင်တယ်တဲ့...:
တစ်ကိုယ်ရေ အတွေးတွေနဲ့ သူမရဲ့ည ....
လိုအပ်မှုတွေ ....
သူမရဲ့ လိုအင်တွေ ....
ရရှိဖို့ ခက်ခဲနေတဲ့ အိမ်ထောင်မှု အနှစ်သာရတွေ ....
ဖြေရှင်းနိုင်ဖို့ ခက်တဲ့ အိမ်ထောင်ရေး အကျပ်အတည်းတွေ ....
အိမ်ထောင်မှု ဘဝတစ်ခုကို အပြည့်အစုံကြီး မဟုတ်ပေမယ့် အပြည့်စုံနိုင်ဆုံး လှမ်းကပ်ထားခဲ့တဲ့ စာရေးသူရဲ့ အရေးအသား ....
ဝတ္ထုတိုဆိုပေမယ့် ကျေနပ်ဖို့ ကောင်းပါတယ်ဗျာ ....
နောက်တစ်ပုဒ် မျှော်နေမယ် ကို သက်ပိုင်သူရေ ....
အားပေးလျှက် ....
နေဒေးသစ်။
ပိုချစ်ရတဲ့သူက ပိုခံစားရတတ်တယ်တဲ့၊
နောက်တစ်ပုဒ်ကို မျှော်နေပါတယ်နော်ဗျာ ....
hmaung ler bi..
oops maung ler bi../
ဝတ္ထုအရတော့ မဆုံးသေးပါ..။ ဆက်ရန်ရှိသေးမည်ထင်၏။
မျှော်နေပါသည်.. :P
good bro :) I like it
စကားပြေကောင်း၏။
အဖွဲ့လှ၏
ပြချင်သော Theme ကောင်းသည်။
presentation အနည်းငယ်လိုပါသည်။
(လူမုန်းဆေးကျဲသည့်အနေနှင့်ဆရာကြီးဝင်လုပ်သွားသည်)
း)း)
မမနော်ရေ.. ကျေးဇူးပဲနော်
ရေးတော့ရေးထားတယ်.. တစ်ခုခုလိုနေမှန်းသိတယ်.. ဘာလိုနေမှန်းလည်း မသိဘူး...
အင်း ဟုတ်တယ်.. မမနော် ထောက်ပြမှ သေချာပြန်ဖတ်မိတယ်....
Presentation လျော့တိလျော့ရဲ ဖြစ်နေတယ်
ဖတ်လို့ကောင်းဧ။်..။ များများ ဆက်ရေးပါ..အသစ်တင်တိုင်း လာပါမည်..။
ကောင်းပါတယ်ဗျ. ဒါပေမယ့် story board က ကျစ်လစ်မှူနဲနဲလိုမယ်ထင်တယ် ကိုသက်ပိုင်။ ပြီးတော့ presentation ကလဲ နဲနဲလေး အားနဲနေတယ်
ထင်တာကိုပြောတာပါ ကျွန်တော်လဲ အရမ်းနားမလည်ပါဘူ
အမှားပါရင်ခွင့်လွတ်ပါနော်
တကယ်ကောင်းပါတယ်..ပို့စ်လေးက
မြင်ကွင်းနဲ့ အခြေအနေ အဖြစ်အပျက်ကို တိုတိုနဲ့ထိမိအောင် ခင်းကျင်းပြသနိုင်တယ်လို့ထင်ပါတယ်
မိန်းမသားဖြစ်ရတာ မကောင်းဘူးနော်...
ပူပင်မိနေတာပါပဲ...
အရေးအသားကောင်းတယ်...ဆက်ရေးနော်... အားပေးနေတယ်...
မိန်းကလေးတွေဘက်ကခံစားပြီးရေးတတ်တာက ချီးကျူးစရာပါ။
တကယ်တော့ ယောက်ျားတွေက မိန်းမတွေကို နားမလည်တာမဟုတ်ပါဘူး။
နားမလည်ပေးကြတာပါ။
နောက်ထပ် ည ၂ ညကို စောင့်မျှော်လျှက်...
ko pain yel ...ar pay nay del lol ....
သူငယ်ချင်း အရမ်းကောင်းတယ်။တကယ်တော့လည်း နားလည်မှုနဲ့နှစ်ဦးသဘောတူတည်ဆောက်တဲ့အချစ် မဟုတ်ရင် ဘဝခရီးဆက်ဖို့မလွယ်ပါဘူး။
ဒီညကတော့ ချန်ပီယံလိဂ်ကြောင့်နေမှာပါ။ :) ။ နောက်ညတွေ မျှော်နေတယ်နော ...
သက်ပိုင်သူရေ..အရမ်းကောင်းတယ်ဟ။ တို့ဖတ်ကြည့်ရင်းဇာတ်လမ်းထဲမှာမြောသွားတယ်။ မိန်းမသားဘက်က ခံစားပြီးရေးဖွဲ့နိုင်စွမ်းရှိတယ်။ မိန်းမသားတွေဘ၀ကို နားလည်နိုင်တဲ့ မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်အဖြစ် congratulation ဆက်ရေးနော်။ မျှော်နေမယ်
ကောင်းတယ်ကိုပိုင်
မိုက်တယ်
ဇာတ်လမ်းလေးက အသက်ဝင်တယ်
ကိုပိုင်ချပြချင်တာဘာလဲဆိုတာမြင်ပါတယ်
ဆက်ရေးပါ...
အားပေးနေပါတယ်
နောက်ထပ် နောက်ထပ်တွေမျှော်နေပါတယ်
နက်မကောင်းလို့နောက်ကျတာပါနော်
ချစ်တဲ့
ဖိုးစိန်
လေးလေးသူ
အရမ်းကောင်းတဲ့ ၀တ္တုတိုလေးပါဗျာ။
နောက်နေ့ လေးလေးသူရဲ့ ဒီဇိုင်းတွေကို ကြည့်ရဦးမယ်။
ခုက အလုပ်သွားရတော့မှာမို့လေ။ အဟဲ။ =)
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်တွဲဖို့ဆိုရင် ထိုယောကျာ်းအတွက် လုံလောက်သည့်အချိန်ပေးဖို့လိုသည်။ ထိုအချိန်သည် ယောက်ျားတစ်ယောက် ကောင်းကောင်းရင့်ကျက်ဖို့ပဲဖြစ်သည်။
ယောက်ျားတွေ ဘယ်အချိန်မှာ ရင့်ကျက်တတ်ကြသလဲ။ ကိုယ်တော့ သိပ်မထင်ဘူး။ ရင့်ကျက်တယ် ဆိုရင်လဲ ရင့်ကျက်တယ်လို့ ထင်ရရုံပဲ။ အိမ်ထောင်မကျခင်မှာ အမေ့ပေါ်မှာ ကလေးလုပ်ပြီး၊ ရီးစားရ အိမ်ထောင်ကျပြန်တော့ ချစ်သူပေါ်မှာ အိမ်ထောင်ဖက်ပေါ်မှာ ကလေးလုပ်နေပြန်ရော... သူတို့မှာ တသက်လုံး ကလေးကြီးတွေကို ဖြစ်လို့။
မိန်းမတွေ ဘက်ကနေရေးထားလို့ မိန်းမချင်း အတင်းပြောသလို ပြောသွားတာ။
သြော်
ရင်မောစရာပါလားနော် ... ဟင်းးးးးးးးးးး
(သက်ပြင်းချသွားပါတယ် .. )
မိုးခါး
မိန်းမသားတစ်ယောက်၏ ဘ၀အိမ်ထောင်ရေး ခံစားမှုဝတ္ထုတိုကောင်းတစ်ပုဒ် :)
Post a Comment