Interior designလို့ ပြောလို့ရှိလျင် လူတော်တော်များများက အိမ်အလှဆင်တာပဲလို့ သိကြသည်။
Interior design ဆိုတာ အများ ယုံကြည်သလို အိမ်အလှဆင်တာလို့ ထင်သည့်အထဲမှာ စာဖတ်သူလည်း ပါကောင်းပါပါလိမ့်မည်။
တကယ်တော့ Interior Design ဆိုတာ အများထင်သလို အိမ်အလှဆင်တာ သက်သက်မဟုတ်။ သူ့မှာ လေးနက်သည့် အဓိပ္ပါယ်တွေ အများကြီး ရှိပါသည်။ တကယ်လို့များ တကယ့် Interior Designerကို အိမ်အလှဆင်သည့် Home Decorationသမားလို့ သွားခေါ်ကြည့် လက်ထဲမှာ ရှိသည့် ပစ္စည်းတစ်ခုခုနှင့် ကောက်မပေါက်လျင် ကံကောင်း…..။ Interior designer ဆိုပြီး အိမ်အလှဆင်ဖို့ ဟိုပစ္စည်းလေးရွေးလိုက် ဟိုအိမ်သုံးပရိဘောဂလေးရွေးလိုက် လုပ်နေသူများကတော့ တကယ်တော့ ဒီဇိုင်နာစစ်စစ်များ မဟုတ်ကြပါဘူး။ သည်လို ပရိဘောဂတွေရွေး အရောင်တွေ စပ်တာလောက်တော့ လူကြီး မပြောနဲ့ ကလေးလေးတောင်လုပ်တတ်သည်။ ထိုလူတွေကိုတော့ Home Decorator လို့ခေါ်လျင် မမှားပါဘူး။ သူတို့က အိမ်ကို လှအောင် ဖန်တီးတတ်သူ သက်သက်ပါပဲ။ Interior designer ကျတော့ အိမ်တစ်ခုကို ဖွဲ့စည်းရာမှာတော့ အခန်းဖွဲ့စည်းမှုတွေ သာမကပါဘူး ထိုအိမ်ကို အသက်ဝင်လာအောင် ဖန်တီးကြရပါသည်။ ဥပမာ….. အိမ်တစ်ခုကို ဒီဇိုင်းလုပ်တော့မယ်ဆိုလျင် သာမန်လူတွေလုပ်နေကြ ပန်းအိုးတွေပြင် ဆေးတွေသုတ် ကောဇောတွေခင်းနဲ့ မရပါဘူး။ စာဖတ်ဝါသနာပါသည့်လူအတွက် သူရဲ့ အိမ်လေးက စာဖတ်ခန်းလေးလို စာကြည့်တိုက်လေးလို ဖြစ်နေရပါမယ်။ နိုက်ကလပ်သွားသည့်သူ ဒါမှမဟုတ် သူငယ်ချင်းတွေ အပေါင်းအသင်းနှင့် ပျော်ပါးတတ်သည့်သူအတွက် အိမ်ကလေးကို ကလပ်တစ်ခုကို အနားယူစရာ Lounge တစ်ခုလို ဖန်တီးချင်လျင်ရပါမည်။ နောက်ပြီး ရှေးဟောင်းပစ္စည်းစုသည့်လူအတွက် သူရဲ့ အိမ်လေးက Museum လေးလို ဖြစ်နေချင်လျင်ရော။ ရနိုင်တာပေါ့။ ထို့ကြောင့် Interior Designer တစ်ယောက်က သူဖန်တီးမယ့် နေရာလေးအတွက် Mood ခံစားချက် တစ်ခုခုကို အသက်ဝင်အောင် ဖန်တီးတတ်ဖို့ လိုပါသည်။ (အိမ်ဒီဇိုင်းဖန်တီးမှုကို ဥပမာအနေနဲ့ ပြောထားခြင်းပါ။ Interior designerလုပ်နိုင်တာတွေ အများကြီး ကျယ်ပြန့်ပါသည်။ )
ဒီဇိုင်နာကောင်းတစ်ယောက်က သူဖန်တီးတော့မည် နေရာတစ်ခုအတွက် ဘက်စုံထောင့်စုံကနေ စဉ်းစားပေးရသည်။ သည်နေရာကို အသုံးပြုနိုင်အောင် ဘယ်လို အသုံးချမလဲ။ အသက်ဝင်လာအောင် ဘယ်လိုနေရာကနေ ဖန်တီးရမလဲ… စသည့် အခြေခံအချက်တွေကနေ စပြီး စဉ်းစားရ၏။ ဒီဇိုင်နာတွေ လက်သုံးစကား ဖြစ်သည့် Space နေရာဖန်တိးသည့်အခါ သက်မဲ့ သက်ရှိ အရာဝတ္ထုတွေအပြင် ရနံ့တွေ၊ အတွေ့အထိတွေကလည်း အရေးပါပါသည်။ အဲဒါတွေ စုပေါင်းမှ ဒီဇိုင်းကောင်းတစ်ခုထွက်လာနိုင်ပါသည်။
သည်နေရာမှာ ဒီဇိုင်းနဲ့ ပါတ်သက်ပြီး ဆွေးနွေးချင်ပါသည်။ ဒီဇိုင်းဆိုတာ ဘာလဲ။ ဒီဇိုင်းဆိုတာ အနုပညာ တစ်ရပ်လိုပါပဲ။ ဒါပေမယ့် သာမန်အနုပညာတစ်ရပ်တော့ မဟုတ်ပါဘူး။ ဒီဇိုင်နာကောင်းတစ်ယောက်ဟာ ဒီဇိုင်းကောင်းကောင်းဖန်တီးတတ်ရုံတင်မကပါဘူး သူရဲ့ ဒီဇိုင်းကိုလည်း ရောင်းတတ်ရပါသည်။ ဥပမာ ….. ပန်းချီဆွဲသည့် အနုပညာရှင်က သူရဲ့ စိတ်ထဲမှာ ခံစားချက်ရှိသည့် အတိုင်း ပန်းချီကားတစ်ချပ်ကို ဖန်တီးပေမယ့် မည်သူလက်ခံ လက်မခံ ဂရုစိုက်စရာ မလိုပါဘူး။ ဒါဟာ သူ့ရဲ့ လွတ်လပ်စွာ ဖန်တီးခွင့်ပါပဲ။ ဒါပေမယ့် ဒီဇိုင်နာတစ်ယောက်က လွတ်လပ်စွာ ဖန်တီးခွင့်မရှိပါဘူး။ ဒီဇိုင်းဆိုသည့်အရာက လိုအပ်ချက်တွေမူတည်ပြီး ဖန်တီးရပါသည်။ အလုပ်အပ်သူရဲ့ လိုအပ်ချက်၊ ပတ်ဝန်းကျင်ရဲ့လိုအပ်ချက် စသည့်လိုအပ်ချက်တွေ၏ စည်းမျဉ်းထဲမှာ ဒီဇိုင်းကောင်းတစ်ခုရအောင် ဖန်တီးရသည်။ တနည်းအားဖြင့် ဒီဇိုင်နာဆိုတာ စီးပွားရေးမျက်စိရှိသည့် အနုပညာလူတန်းစားတစ်ရပ်ပါပဲ။
Interior Designer ကောင်းတစ်ယောက်ဖြစ်ဖို့ အဘက်ဘက်ကလေ့လာထားသင့်ပါသည်။ တကယ်တော့ Interior Design ဆိုတာ ဗိသုကာအောက်က ခွဲထွက်လာသည့် အရာဖြစ်ပေမယ့် ဗိသုကာပညာရှင်တိုင်းက Interior Designer မဖြစ်လာပါဘူး။ ကျွန်တော် အထက်က ဆိုခဲ့သည့်အတိုင်း ဒီဇိုင်နာ တစ်ယောက်မှာ အနုပညာအမြင် ရှိရပါမည်။ နောက်ပြီး အဆောက်အဦးတစ်ခုရဲ့ အသေးစိတ်ကျသည့် ဆောက်လုပ်ရေးနှင့် ပါတ်သက်တာတွေလည်း နားလည်ရပါမည်။ ဆောက်လုပ်ရာမှာ အသုံးပြုသည့် ပစ္စည်းများ Material ရဲ့ ပါတ်သက်သည့် သဘောသဘာဝ၊ အရောင်အသွေး colour မျက်နှာပြင်သဘာဝ Texture တွေ နားလည်သင့်ပါသည်။ သည်နေရာမှာ တစ်ခုနားလည်ရမှာက ပစ္စည်းတစ်ခုကို အသုံးချတတ်ရုံနှင့် မလုံလောက်ပါဘူး။ ထိုပစ္စည်းကို တခြားအရာဝတ္ထုနှင့် ရောစပ်ပြီး လှပအောင် သုံးတတ်ရပါသေးသည်။
နောက်ထပ်လိုအပ်ချက်ကတော့ ဗဟုသုတပါပဲ။ ဒီဇိုင်နာတစ်ယောက်က ခေတ်ပေါ်ဒီဇိုင်းတွေကို လိုက်မီအောင် ကြိုးစားရပါသည်။ မတူညီသည့် လူ့အဖွဲ့အစည်းတွေ၏ ယဉ်ကျေးမှုအနုပညာကိုလည်း လေ့လာထားသင့်ပါသေးသည်။ ခေတ်မီဒီဇိုင်းတွေနှင့် ယဉ်ကျေးမှုတွေကို ပေါင်းစပ်လိုက်သည့်အခါ ပိုမိုလှပခိုင်မာသည့် ဒီဇိုင်းတစ်ခုကို ဖန်တီးနိုင်၏။ ဒီဇိုင်နာတွေက စိတ်ကူးကောင်းကောင်းလေးတွေ ရှိတတ်ကြပါသည်။ စိတ်ကူးကောင်းကောင်းရှိရုံနှင့် ဒီဇိုင်နာလို့ ဆိုလို့ မရပြန်ဘူး။ ဒီဇိုင်နာမပြောနဲ့ ကလေးငယ်လေးတွေတောင် စိတ်ကူးကောင်းကောင်းရှိတတ်သည်။ ထိုစိတ်ကူးတွေကို တကယ်ဖြစ်လာအောင် ဖန်တီးနိုင်မှသာ ဒီဇိုင်နာ တစ်ယောက် ပီသမှာပါ။
နောက်ပြီး ဒီဇိုင်းတစ်ခု ဖန်တီးရာမှာ အရေးကြီးတာက ဦးတည်ချက် Theme and Concept ရှိရပါမည်။ Concept မရှိသည့် ဒီဇိုင်းတစ်ခုက အကွပ်မပါသည့် တောင်းလိုပဲ ဖရိုဖရဲနိုင်တတ်ပါသည်။ Concept ကို ရှာရာမှာ တေးသွားတစ်ခု ဖြစ်ချင်ဖြစ်မည်။ ကဗျာအပိုင်းအစလေး ဖြစ်ချင်ဖြစ်မည်။ ကိုယ်စားနေသည့် ခေါက်ဆွဲခြောက်လေး ဖြစ်ချင်ဖြစ်မည်။ မရေမတွက်နိုင်အောင် တော်တော်များများ ရှိပါသည်။ ရသည့်Concpet ပေါ်မူတည်ပြိး ဖန်တီးကြတာများပါသည်။ တကယ်တော့ Interior Designer ကောင်းဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တခါတလေ တချို့က ကျွန်တော့်ကို ဒိဇိုင်နာလားလို့ မေးလာလျင် တော်တော် အဖြေရခက်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဇိုင်းနဲ့ ပါတ်သက်တာတွေ သုံးနှစ်လောက် လုပ်နေပေမယ့် လေ့လာစရာ သင်စရာ အများကြီး ရှိပါသေးသည်။ အခုလောလောဆယ်တော့ ကျွန်တော် ဒိဇိုင်နာ မဖြစ်သေးပါဘူး။
Imageများကို Internetမှ ရယူပါသည်။

သည်ဧည့်ခန်းလေးရဲ့ ထူးခြားချက်ကတော့ နံရံနှင့် မျက်နှာကျက်ပါပဲ။ နံရံမှာ မြုပ်ထားသည့် မီးတွေကလည်း အတော့်ကို စိတ်ကူးကောင်းပါသည်။

ဒါကတော့ အင်ဒိုနီးရှားဘာလီလူမျိုးတွေ၏ ဒိဇိုင်းပါပဲ။ သူတို့ဒီဇိုင်းတွေက အဆောက်အဦးရဲ့ Structure တွေကို အသားပေးပါသည်။ များသောအားဖြင့် သူတို့ ဘာလီလူမျိုးတွေ၏ ဒီဇိုင်းတွေက ကမ္ဘာကျော်တယ်လို့ ပြောလို့ရပါသည်။

သည်ဒီဇိုင်းက အင်ဒိုနီရှားက ဘာလီလူမျိုးတွေ၏ ဒီဇိုင်းကို အခြေခံထားသည်လို့ ထင်ပါသည်။ ဘာလီလူမျိုးတွေ၏ အိမ်တွင်းဖွဲ့စည်းမှုမှာ ပိတ်ကာထားသည့် နံရံတွေ သိပ်မရှိပါဘူး။ Outdoor Living လို့ခေါ်သည့် Open Sapce တွေကို အိမ်ထဲအထိ သယ်လာတတ်ပါသည်။
ဒီဒီဇိုင်းမှာတော့ အိမ်အတွင်းပိုင်း ဧည့်ခန်းနှင့် အိမ်အပြင် ထမင်းစားသည့်နေရာတို့ စပ်ဆက်ထားမှုကို တွေ့နိုင်ပါသည်. အခုနောက်ပိုင်း ထိုဒီဇိုင်းမျိုးတွေ ခေတ်စားလာကြ၏
ကျွန်တော် စောစောကပြောသလို အိမ်ဆိုတာ အနားယူအပန်းဖြေစရာ Lounge တစ်ခုလို ဖန်တီးနိုင်ပြန်သည်။
အခုလို ဒီဇိုင်းမျိုးကိုတော့ စာဖတ်ဝါသနာပါသူတွေ စာအုပ်စုသူတွေ တော်တော်နှစ်သက်မှာပါ။
ခေတ်ပေါ်အိပ်ခန်း အဖွဲ့အစည်းပေါ့။ နံရံတွေ မျက်နှာကျက်တွေက တဆက်တည်းလိုပါပဲ။ ထူးခြားချက်က နံရံကနေ ဆင်းလာသည့် အပိုင်းတွေက အိပ်ရာတစ်ခုလို ဆက်စပ်ထားခြင်းပါ။
အခုလို အိမ်သာမျိုးဆိုလျင်တော့ တစ်နာရီတစ်ခါ အမြဲဝင်နေမိမှာပါ။


21 ယောက်ကဒီလိုမြင်တယ်တဲ့...:
၁ ယူကြည့်ဦးမယ် ရမလား :D
ပုံတွေ ရော စာရော သေချာမှတ်ပီး စိတ်ကူးယဉ်ပီးပြန်သွားပါတယ်
အရမ်းကောင်းတယ် အကိုရေ .. ဗဟုသုတ အများကြီးရတယ် .. ကျွန်တော်လည်း ဒီဇိုင်းကို ဝါသနာပါသူ တစ်ယောက်ဆိုတော့ အတိုင်းထက်အလွန် သဘောကျမိတယ် ... အိမ်ခန်း ဧည့်ခန်း ထမင်းစားခန်း အိမ်သာ မျက်နှာကျက် Interior designer ဆိုတာ ဘယ်လိုမျိုးလဲ .. အစက တကယ် ဝိုးတိုးဝါးတားလေး သိတာ ... ခုတော့ လက်တွေ့ ကျင့်ကြံနေသူတစ်ယောက်နဲ့ စကားပြောခွင့်ရခဲ့သလိုပါပဲ ... ဒီလို ပြောပြပေးတာ ကျေးဇူးပါ ..
နေဒေးသစ်။
ဟုတ်တယ် ပိုင်ပိုင်ပြောတာတွေ မှန်တယ်
ကိုယ်လဲ သဘောကျတယ်
း)
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဟုတ်ပါတယ်၊ ဒီဇိုင်နာတယောက်ဖြစ်ဖို့က ကမ္ဘာကြီးကို အုပ်ချုပ်ရတာလောက်ကို ကျယ်ပြန့်ပါတယ်၊ တတ်သိရမှာတွေက ဒုနဲ့ဒေးဆိုသလိုပေါ့။
Anyway, Good post.
ဖတ်ရှုလေ့လာသွားတယ် သက်ပိုင်သူရေ..
လေ့လာဖတ်မှတ်ရင်းစိတ်ကူးယဉ်ပီးပြန်သွားပီ.......
"ဒီဇိုင်းဆိုသည့်အရာက လိုအပ်ချက်တွေမူတည်ပြီး ဖန်တီးရပါသည်။.....တနည်းအားဖြင့် ဒီဇိုင်နာဆိုတာ စီးပွားရေးမျက်စိရှိသည့် အနုပညာလူတန်းစားတစ်ရပ်ပါပဲ။"
commercial art ဆိုပါတော့ကွာ။
အောက်ဆုံးက အိမ်သာမျိုး ဒို့ရုံးမှာရှိရင်ကောင်းမယ်။
တစ်နာရီတစ်ခါလောက် သွားငိုက်ချင်လို့။
:P
စာအုပ်စင်တွေနဲ့စာကြည့်တိုက်အိမ်လေးဆောက်နိုင်တဲ့
အခါကျရင် သက်ပိုင်သူကိုသတိရလိုက်မယ်..း)
အများထင်သလို မထင်ပေါင်ဗျာ....
ကျတော်ကတော့ ဒီပို့စ်လေးကို ဖတ်တော့ ဘာသွားသတိရလဲဆိုရင် ဂျူးဝတ္ထု “လရောင်အောက်ဘက် မိုင်အဝေးမှာ” ထဲက ကိုနေရောင်ခန့် အခန်းက အိမ်သာလေး(ရေချိုးခန်း) ကို သတိရသွားတယ်။ အဲဒီ အိမ်သာခန်းလေးထဲမှာက စာအုပ်စဉ်လေးလဲ ပါတယ်လေ။ ကျတော်ကတော့ နေရောင်ခန့်လို မဟုတ်ပဲ စာအုပ် အမျိုးအစား တော်တော်များများထားမှာပါဗျာ..။ သက်ပိုင်သူကို design ဆွဲခိုင်မယ်နော်...:)
တော်တော် လေးစားနေတာ။ ဒီ post မှာတော့ အလေးစားဆုံးပဲ။ (အတည်ပါနော် အတည်)
ဒီလိုလူမျိုးနဲ့ (အဲဒီ အချိန်က မသိလိုက်ပေမယ့်) ကျောင်းတူတူတက်ခဲ့ဖူးတာ ဂုဏ်ယူရ...ရင်...ကောင်း...မ...လား။
ဒါနဲ့ စာဖတ်တာလဲ ၀ါသနာပါ။ ကလပ်လဲ စိတ်ကူးပေါက်ရင် သွားချင်။ ဒီဇိုင်းတွေလဲ စိတ်ဝင်စား။ ရံဖန်ရံခါ ရုပ်ရှင်ကြည့်။ ပွဲစားလဲ ကြုံရင်လုပ်ပြီး၊ ခရီးလဲ ခဏခဏသွားတတ်တဲ့ လူမျိုးဆို ဘယ်လို design လုပ်ပေးမလဲ။ (အရူးဒီဇိုင်းပေါ့လို့တော့ မပြောနဲ့နော်)
ပုလုကွေး >>> အိမ်သာ အထိုင်ကြာပြီး လိပ်ခေါင်း ဖြစ်မယ်။ သတိထား။
ဟား ဟား.. အရီးတား မြှောက်တာနဲ့ ဘ၀င်လေဟပ်သွားပြီ .. ဆွဲချပါဦး..
ပုလုဂွေးက .. လိပ်ခေါင်းဖြစ်နေတာ ကြာပ
ကိုသက်ပိုင်သူ ပြောတာတွေ သေချာဖတ်သွားပါတယ်။ သဘောလည်းတူမိပါတယ်။ အစက အိမ်လေးအလှဆင်တာလေးကိုပဲ စိတ်ကူးယဉ်ကြည့်တာလေ။ အခု တကယ်သင်ယူကြည့်မှ လက်ဖျားခါမိတယ်။ အပေါ်ယံကြည့်ရင်တော့ လှလှပပလေး အလှဆင်နေသလိုပဲ။ အသေးစိပ်လုပ်ရတာတော့ သိပ်မလွယ်လှဘူး။ သင်ယူစရာ ၊ လေ့လာစရာ ၊ လုပ်စရာတွေ သိပ်များပြားလွန်းတော့ ဘ၀ရဲ့ အချိန်အကုန်လုံးနီးပါးကိုတောင် ယူသွားနိုင်သလိုပဲ။ စီနီယာကြီးတွေ ဝေမျှတာကို သိချင်လို့ အမြဲသေချာဖတ်ဖြစ်သလို ကျေးဇူး :)
ပိုင်ပိုင်ရေ
ဒီဇိုင်းဆွဲပေး
မြန်မာပြည်မှာ အိမ်ဝယ်ဖြစ်ရင် လုပ်ပေးနော်
ဗဟုသုတတွေရော သဘောကျစရာ တွေရော အများကြီးရသွားတယ်
ခင်မင်စွာဖြင့်
သီဟသစ်
ဒီလို ပို့စ်လေးတွေ အချိန်ရရင် များများ ရေးပါဟယ် စိတ်ဝင်စားစရာကောင်းတယ်။ အမလည်း Grand design လာရင် အမြဲကြည့်တယ် အဟောင်းလည်းပြန်ကြည့်တယ်။ လူတွေ သူတို့အိမ်ကို စိတ်ကြိုက် ဆောက်တာ အားကျစရာ။
သက်ပိုင်သူရေ စိတ်ဝင်စားစရာကောင်းတာတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဝေမျှနိုင်တဲ့ အတွက် ဆထက်တပိုး တိုးတက်ပါစေလို့ ဆန္ဒပြုခဲ့ပါတယ်
ကြည့်သွားသည်။ ဖတ်သွားသည်။
အရမ်းကောင်းတယ် အကိုရေ .. ဗဟုသုတ အများကြီးရတယ် .. ကျမလည်း ဒီဇိုင်းကို ဝါသနာပါသူ တစ်ယောက်ဆိုတော့ သဘောကျမိတယ်
image လေးမှာ Myanmar Furniture လေးတွေနဲ့
ဟာလေးတခုထပ်ပါရင် အတိုင်းထက်အလွန်ပါ၊၊ Thz bro go on :)
အကြ်ုက်ချင်း တူနေတာ တော်တော်စဉ်းစားရမယ် ..:-)
ဟဲဟဲ နယ်ကသူဌေးတွေကိုပြလိုက်ချင်တယ် ..
ဒီဇိုင်းရဲ့ အရသာဆိုတာ ဒီလိုကွဆိုပြီး...
ဒီဇိုင်းနဲ့ ပတ်သက်ပြီးး လေ့လာသွားတယ်ဗျို့ ...
Post a Comment