June 16, 2009

နိုင်ငံတကာက မြန်မာနှင့်ပါတ်သက်သည့် ရုပ်ရှင်များ (၃)


ဂျပန်ရုပ်ရှင်များမှ ချစ်ခြင်းမေတ္တာ


ထိုင်းရုပ်ရုပ်များတွင် လူမျိုးရေး လှုံ့ဆော်မှုတွေများသလောက် ဂျပန်မြန်မာရုပ်ရှင်များက ထိုသို့မဟုတ်ကြပေ။

မြန်မာနှင့်ပါတ်သက်သော ဂျပန်ရုပ်ရှင်များကြောင်း မပြောခင် ဂျပန်ရုပ်ရှင်များရဲ့ သဘောသဘာဝကို နားလည်ထားသင့်သည်လို့ ယူဆပါသည်။ ဂျပန်ရုပ်ရှင်တော်တော်များက အာရှမှာ ချစ်ခြင်းမတ္တာဘွဲ့ဇာတ်လမ်းများကို ရိုက်ကူးရာမှာ အတော်လေးကို ရသမြောက်ပါသည်။ ဂျပန်ရုပ်ရှင်၏ လွှမ်းမိုးမှုတော်တော်များကို အာရှနိုင်ငံတော်တော်များက ခံခဲ့ရသည်။ ယခုနောက်ပိုင်း အောင်မြင်လာသည့် ကိုးရီးယားရုပ်ရှင်လောကကလည်း ဂျပန်ရဲ့ လွှမ်းမိုးမှုတော်တော်များများနဲ့ မလွတ်ခဲ့ပါဘူး။ ထို့အပြင် ဂျပန်နိုင်ငံက ဒုတိယကမ္ဘာစစ်၏ လက်သည်တရားခံလို အမြဲအကြည့်ခံခဲ့ရသည့် နိုင်ငံတစ်ခုပါ။ သူကြောင့် အာရှနိုင်ငံတော်တော်များများ ပြာပုံဘ၀ ရောက်ခဲ့ရသလို သူကိုယ်တိုင်လည်း စစ်ရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရပါသည်။ ဒါပေမယ့် ဂျပန်လူမျိုးတွေက စစ်တရားခံလို လက်ညှိုးထိုးခံနေရင်းကနေ သူတို့ပါ စစ်ဒဏ်ခံခဲ့ရသူပါဆိုပြီး ရုပ်ရှင်အနုပညာတွေကတဆင့် ကမ္ဘာကို အာရုံပြောင်းနိုင်ခဲ့သူဆိုလျှင် မှားမှန်မထင်ပါ။ သူတို့ရိုက်ကူးလိုက်သည့် ဒုတိယကမ္ဘာစစ်နှင့် ပါတ်သက်သည့် ရုပ်ရှင်မှန်သမျှ ဂျပန်နိုင်ငံတင်သာမကဘူး တခြားနိုင်ငံတွေကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။

ထိုသို့ဆွဲဆောင်နိုင်ခဲ့သော ရုပ်ရှင်ကားများအနက် ၁၉၅၆ခုနှစ်မှာ ရိုက်ကူးခဲ့သည့် ဗမာ့ဆောင်း Burmese Harp ဆိုသည့် ရုပ်ရှင်တစ်ကားလည်း အပါအ၀င်ပါ။ ဒါရိုက်တာကွန်အိချိကာဝက မြန်မာနိုင်ငံက အေ၀မ်းရုပ်ရှင် အကူအညီဖြင့် မွန်ပြည်နယ် မုဒုံနယ်တကြော ရိုက်ကူးခဲ့တာ ဖြစ်၏။ ထိုရုပ်ရှင်ကားသည် ဟောလိဝုဒ်၏ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုအတွက်လည်း လျာထားခြင်းခံခဲ့ရသည့် ရုပ်ရှင်ကားလည်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုရုပ်ရှင်ကားကို ဒုတိယကမ္ဘာစစ် အပြီး ၁၀နှစ်ကာလမှာ ရုံတင်ခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုခဲ့သည့် ဂျပန်နိုင်ငံမှ ပထမဆုံး စစ်ကားလည်း ဖြစ်သည်။ ထိုရုပ်ရှင်ကိုအဖြူအမဲအနေဖြင့် ရိုက်ကူးခဲ့ပြိး ၁၉၈၅မှာတော့ ဆေးရောင်စုံရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူးခဲ့ ပြန်၏။

၁၉၅၆ခုနှစ်က ဗမာ့စောင်း
၁၉၈၅ခုနှစ်က ဗမာ့စောင်း ဆေးရောင်စုံ

ထိုဇာတ်လမ်းသည် ဗုဒ္ဓဘာသာအယူဝါဒသာမက စစ်၏ဆိုးရွားသည့် ဒဏ်ကိုဖော်ကြူးပေးထားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ (ဇာတ်လမ်းအကျဉ်းကို Life Blogတွင် ဖတ်နိုင်သည်) ဂျပန်တွေ လက်နက်ချအညံ့ခံလိုက်သောအချိန်တွင် ဂျပန်စစ်သားတစ်ယောက် စစ်ပြေးရင်း သူမြင်တွေ့ခဲ့ရသည့် စစ်၏နာကြင်မှုဒဏ်တွေကို ခံစားချက်အနုစိတ်စွာ ရိုက်ကူးတင်ပြထားသော အကြောင်းအရာဖြစ်သည်။ စစ်ဆိုတာဘာလဲ။ စစ်ဆိုတဲ့ သဘောအရ အတိုက်ခံရသူလည်း နာသည်။ တိုက်နေတဲ့သူလည်း နာသည်။ ထိုကဲ့သို့ နာကြင်မှုမျိုးကို ဗမာ့စောင်းရုပ်ရှင်က သိမ်မွေ့နူးညံ့စွာ ပြသသွားခြင်းပါပဲ။ နောက်ပြီး လူသားဆန်မှု။ ထိုလူသားဆန်မှုဆိုတာ ဂျပန်တွေ တော်တော်များများ အလေးထားသည့် အရာတစ်ခုပါ။ လူတစ်ယောက်၏ နောက်ဆုံးခရီးမှာတောင် လူသားဆန်ဆန်နဲ့ ဂုဏ်ရှိစွာ နှုတ်ဆက်ချင်သည့် လူမျိုးပါ။ Departure ဂျပန်ရုပ်ရှင်ကားကို ကြည့်ဖူးသည့်လူတိုင်းကတော့ ဂျပန်လူမျိုးတစ်ယောက်ရဲ့ နောက်ဆုံးခရီးက ဘယ်လောက်အထိ အရေးပါမလဲဆိုတာ သိနိုင်ပါသည်။ ထိုသို့သော လူသားဆန်မှုအတွက် အဓိကဇာတ်ကောင် ဂျပန်စစ်သားသည် သူ့ဘ၀သူနှစ်မြှပ်ခဲ့သည်။



အဆိုပါဇာတ်လမ်းသည် ထိုဂျပန်စစ်သားတစ်ယောက်အကြောင်းဟု ထင်ရသော်လည်း၊ တကယ်တမ်းကြတော့ စစ်ဖြစ်ပွားရာဒေသက မြန်မာလူမျိုးများရဲ့ အကြောင်းကို နားလည်လာအောင် တင်ပြထားပုံနဲ့တူသည်။ ဗုဒ္ဓဘာသာထွန်းကားရာ မြန်မာနိုင်ငံတွင် ဘုန်းကြီးသင်္ကန်းတစ်ထည်က ဂျပန်စစ်သားသည်၏လုံခြုံမှုအတွက် အကာအကွယ် တစ်ခုပမာ ဖြစ်ခဲ့သည်။ လူမျိုးခြားပင် ဖြစ်နေပါစေ မြတ်စွာဘုရား၏ အရိပ်က အေးချမ်းမှုပေးနိုင်ကြောင်းကို ထိုရုပ်ရှင်က မီးမောင်းထိုးပြခဲ့သည်။ တကယ်တော့ ဗမာ့စောင်းသည် သာမန်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်သော်လည်း လူပီသစွာ အသက်ဆက်ရှင်သန်နိုင်မှုအတွက် မီးမောင်းထိုးပြထားသော အရာတစ်ခုဖြစ်သည်။



ဂျပန်လူမျိုးတို့သည် မြန်မာနိုင်ငံနှင့်ပါတ်သက်သော ရုပ်ရှင်တစ်ခုကို ဤသို့ ရသမြောက်စွာ ဖန်တီးခဲ့ရုံသာမက နောက်ထပ် ရုပ်ရှင်တစ်ခုကိုလည်း ထပ်ပြီး ဖန်တီးခဲ့ပါသေးသည်။ ထိုရုပ်ရှင်မှာ ဂျာနယ်ကျော်မမလေးရဲ့ သွေးဝတ္ထုကို အသက်သွင်းထားသော The Bonds of Blood အမည်ရှိ ဇာတ်ကားပင်ဖြစ်သည်။ ထိုရုပ်ရှင်အတွက် ဒါရိုက်တာ ခိုဂျိချိနိုသည် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရသည်။ အဓိကသရုပ်ဆောင် ဂျပန်မင်းသမီး Akari Asou မှာလည်း ပွဲမ၀င် အပြင်က ကျင်းပဆိုသလို လိုအပ်မည့် ဇာတ်ကောင်စရိုက်ကို ဇာတ်ကားမရိုက်ခင်ကတည်းက ပြင်ဆင်ခဲ့ရသည်။

မှတ်မှတ်ရရ ရုပ်ရှင်နှင့်ပါတ်သက်သော အင်တာဗျူးတစ်ခုကို ဖတ်ဘူးပါသည်။ ထိုအင်တာဗျူးအတွက် လိုအပ်သော လူအင်အားပမာဏနှင့် ဇာတ်ဝင်နေရာတွေအကြောင်းပါ။ ဒုတိယကမ္ဘာစစ်ကာလက ဂျပန်စစ်သားတွေအဖြစ် သရုပ်ဆောင်မယ့်လူဘယ်လိုရှာမလဲဆိုတဲ့ မေးခွန်းပေါ့။ ဒါရိုက်တာက လွယ်လွယ်ပဲ ဖြေလိုက်ပါတယ်။ အရင်က ဂျပန်နဲ့ အခုလက်ရှိ မြန်မာတွေရဲ့ အရပ်အမောင်းတွေကတူညီနေကြတော့ လိုအပ်တဲ့ ဂျပန်စစ်သားအရေအတွက်ကို နီးစပ်ရာ မြန်မာလူမျိုးနဲ့ပဲ ဖြည့်ပြီး ရိုက်ကူးနိုင်ပါတယ်တဲ့။ အရင်တုန်းကတော့ ဂျပန်ငပုတွေလို့ ပြောပြောခဲ့ကြတဲ့ မြန်မာတွေက အခုဆိုသူတို့လူမျိုးတွေလိုပဲ ပုညှပ်လာနေကြပြိးလို့ အထင်ရောက်နိုင်ပါတယ်။ နောက်ပြိး ဇာတ်ဝင်ခန်းနေရာတွေပေါ့။ ၁၉၉၀ခုနှစ်ကတည်းက ရိုက်ကွင်းရွေးချယ်ဖို့ရောက်ခဲ့သည့် ခိုဂျိချိနိုအတွက် ဘာမှမပြောင်းလဲသေးသည့် မြန်မာနိုင်ငံနေရာတော်တော်များများက သူ့အတွက် တပမ်းသာစေခဲ့ပါသည်။


မျိုးသန္တာထွန်းနှင့်တိုရှိယုကီ နာဂရှိမ
အာခရိ

တကယ်တမ်းရိုက်ကူးကြမယ်လည်းဆိုရော အခက်အခဲများစွာဖြင့် ကြုံခဲ့ရသည်။ ခိုဂျိဆီမှာ့ ရုပ်ရှင်တစ်ကားလုံးပြိးမြောက်နိုင်ဖို့ လုံလောက်သည့် ငွေကြေးမရှိခဲ့ပေ။ ထိုအခါ ဂျပန်တွင်နေထိုင်ကြသော မြန်မာလူမျိုးများ၊ မြန်မာလူမျိုးနှင့် အိမ်ထောင်ကျသော ဂျပန်လူမျိုးများ၊ စစ်ပြန်များက စုပေါင်းပြိး လိုအပ်သည့် ငွေကို ပန့်ပိုးပေးခဲ့ကြသည်။ နောက်ဆုံးမှာတော့ ထိုရုပ်ရှင်ကို အောင်မြင်စွာ လက်စသတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံမှာ သွေးရုပ်ရှင်ကို ဂျပန်မြန်မာချစ်ကြည်ရေး ရုပ်ရှင်ပွဲတော်မှာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် နှစ်ရက်လောက်ပဲ ပြသခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ ရုံမတင်ခဲ့ဘူးလို့ ထင်ပါသည်။ ဂျပန်လူမျိုးတစ်ယောက်တစ်ယောက်က ကမ္ဘာကကြည့်ကောင်းမယ့် ရုပ်ရှင်တစ်ခုကို ဖန်တီးနိုင်ခဲ့ပေမယ့် မြန်မာလူမျိုးအနည်းငယ်တောင် ထိုရုပ်ရှင်ကို ကြည့်ခွင့်ကြုံခဲ့ရဲ့လားလို့ တခါတလေ ကျွန်တော်တွေးနေမိပါသည်။


16 ယောက်ကဒီလိုမြင်တယ်တဲ့...:

မခ said...

ဗဟုသုတရစရာတွေပါပဲ မျှဝေပေးတာကို တကယ်ကျေးဇူးတင်ပါတယ်

နေဒေးသစ် said...

မြန်မာ့စောင့် ဇာတ်ကားကို ကြည့်ဖူးခဲ့ပါတယ် ... စစ်ရဲ့ဆိုးကျိုးနဲ့ ကိုသက်ပိုင်သူပြောတဲ့ လူပီသစွာ အသက်ဆက် ရှင်သန်နိုင်မှုကိုတော့ အဲဒီ့ကားမှာ တကယ်ကိုတွေ့ခဲ့ရတာပါ ...
စာကြောင်းလေး တစ်ကြောင်းကတော့ တော်တော်ကို အတွေးများစေတယ်ဗျာ ....
" ၁၉၉၀ခုနှစ်ကတည်းက ရိုက်ကွင်းရွေးချယ်ဖို့ရောက်ခဲ့သည့် ခိုဂျိချိနိုအတွက် ဘာမှမပြောင်းလဲသေးသည့် မြန်မာနိုင်ငံနေရာတော်တော်များများက သူ့အတွက် တပမ်းသာစေခဲ့ပါသည်။ " ဒီစာကြောင်းလေးက ရိုးရိုးလေးပေမယ့် နောက်ဆက်တွဲတွေးစရာလေးတွေ တော်တော်ရလိုက်ပါတယ် ... သွေးဇာတ်ကားကိုတော့ မကြည့်ခဲ့ဖူးပါဘူး .. ဝတ္ထုကိုပဲ ဖတ်ခဲ့ဖူးပါတယ် ... အခါသင့်ရင် ကြည့်ချင်ပါသေးတယ် ... တစ်ချို့လည်း ဝတ္ထုရဲ့ အရှိန်အဝါကိုမှီတယ် ပြောတယ် .. တစ်ချို့လည်း ဝတ္ထုလောက် သရုပ်ပီအောင် အသက်မသွင်းနိုင်ဘူးပြောတယ် ... ဘယ်ဟာက ပိုပြီး မှန်သလဲဆိုတာကတော့ ရုပ်ရှင်ကို ခံစားဖြစ်မှ သိနိုင်တော့မှာပါပဲ .. ကျေးဇူး ကိုသက်ပိုင်သူ
နေဒေးသစ်။

BLACK DREAM said...

အစ်ကို့ရဲ့ ယုံကြည်ချက်၊ စေတနာနဲ့ ကလောင်စွမ်း တွေ စီးပြောနေတဲ့ ဒီပို့စ်ဟာ ကျွန်တော့်ကို ကြက်သီးဖြန်းဖြန်းထသွားစေခဲ့တယ် အစ်ကို...။

ရွာသားလေးဝိုင်တီယူ said...

သွေးဝတ္ထုကို အရမ်းကြိုက်ခဲ့တယ်။ သူနဲ့ဆင်ဆင် ဇာတ်လမ်းတစ်ပုဒ်လည်း မဟေသီမှာအခန်းဆက်ဖတ်ရဖူးတယ်။ ဇာတ်ကားကိုတော့ ကြည့်ခွင့်မရခဲ့ဘူးဗျ။ ဂျပန်သံရုံးနားမှာနေပြီး သိတဲ့အချိန်နောက်ကျသွားတယ်ဗျာ။ ကြည့်တော့ကြည့်ချင်တယ်။

ကျနော့အထင် ဂျပန်ကားတွေက ချစ်ခြင်းမေတ္တာကို စကားတွေအများကြီး မပြောပဲသရုပ်ဖော်သလားလို့။ များသောအားဖြင့် သူတို့ရွေးတဲ့ သရုပ်ဆောင်တွေနဲ့ ဇာတ်ရုပ်က လိုက်ဖက်လွန်းတယ်။ အရင်က မြ၀တီမှာ ဂျပန်ဇာတ်လမ်းတွဲတွေတုန်းကလည်း ကြိုက်ခဲ့ဖူးတယ်ဗျ။ နောက်တော့ ပေါ်လစီနဲ့ငြိစွန်းတာကြောင့် ဂျပန်ရုပ်ရှင်တွေပြသခွင့်ပိတ်သွားခဲ့တာ။

အောင်သာငယ် said...

ဗမာ့စောင်း ရုပ်ရှင်ကားအကြောင်း မကေလည်း ရေးခဲ့ဖူးတယ်...
http://kthwe.blogspot.com/2008/06/blog-post.html

အဲသည်ပို့စ်က ကွန်မန့်တွေမှာ ရုပ်ရှင်ဖိုင်အတွက် လင့်တွေ ပါ့စ်ဝါ့ဒ်တွေပါ ရှိတယ်...

ဖိုးစိန် said...

ဗမာ့စောင်း ကိုမကြည့်ဖူးဘူး သူငယ်ချင်းတစ်ယောက်ပြောတာကို နားထောင်ခဲ့ဖူးတယ်
သွေး ဝတ္တုကိုဖတ်တော့အရမ်းစွဲခဲ့တယ်... ရုပ်ရှင်ရိုက်မယ် ဆိုတော့ မင်းသမီးမျိုးသန္တာထွန်းကို ရွေးခဲ့တော့ အရမ်းသဘောကျမိတယ်.. ဘာဖြစ်လို့လဲဆိုတော့သွေးဖတ်ကတည်းက မျိုးသန္တာထွန်းကို မြင်ပြီး အစားထိုးသရုပ်ဆောင်ဖတ်ခဲ့တာလေ.. ဒီရုပ်ရှင်ငွေရေးကြေးရေးအခြေအနေကြောင့် ရိုက်ကူးရေးတွေ ရပ်သွားခဲ့တာ နှစ်ချီတယ်ထင်တယ်..
ဂျာနယ်တွေထဲမှာဖတ်ရတယ်.. ကြည့်ဖြစ်အောင်ကြိုးစားမယ်..
ချစ်ခင်စွာဖြင့်
ဖိုးစိန်

sin dan lar said...

သွေး ကိုဝတ္ထုဖတ်ဖူးပြီး ရုပ်ရှင်ရိုက်မယ်ဆိုတောသိတော့
မျှော်ခဲ့ရတယ်.. ဒါပေမယ့် ကြည့်ခွင့် မကြုံသေးဘူး..။

နွေးနေခြည် said...

အပိုင်း ၁ ကနေ ၃ အထိ နှစ်နှစ်ခြိုက်ခြိုက် ကြိုက်နှစ်သက်ခဲ့တယ်။ ကိုသက်ပိုင်သူ အရေးအသား အမြင်တွေကိုလည်း သဘောကျပါတယ်။ ဗဟုသုတလည်းတော်တော် ရသွားတယ်။ ကျေးဇူးပါရှင်

myo said...

သွေးရုပ်ရှင်ကားကို ပြတော့သံရုံးမှာလက်မှတ်မရလို့ မကြည့်ခဲ့ရဘူး.. ဘာလို့ရုံတင်ပြခွင့် မရတာလဲ..
အပြင်မှာလည်း အခွေမထွက်ဘူးနော်..
တကယ်လို့ရခဲ့ရင် အရမ်းကြည့်ချင်ပါတယ်..။

ခမ်းကီး said...

ဗဟုသုတများစွာအတွက် ကျေးဇူးပါဗျာ။

Rita said...

ကိုယ်လဲ ဂျပန်ကားတွေ ကြိုက်တယ်။ TV ကလာတဲ့ Series တွေထဲ ဂျပန်ကားတွေဆိုရင်တော့ မလွတ်တမ်းကြည့်တယ်။

1990 ကနေ ရိုက်ကွင်းလာကြည့်တာ ဆယ်စုနှစ် တစ်ခုစာပြောင်းလဲ ရိုက်ကွင်းက ပြောင်းမသွားဘူး။

ပြောလိုက်ပါ အဲဒီ ဂျပန် ဒါရိုက်တာကို။
အင်းလေ မပြောတော့ပါဘူး။ သပသ ဆီလာတိုင်း အဲဒီစကားလုံး ပါနေသလို ဖြစ်နေပြီ။ (အကြောင်ပေါင်း တထိန်) ဆိုတာ ဒီတခါ မပြောတော့ဘူး။

မီယာ said...

သက်ပိုင်သူရေးထားတာတွေ ဖတ်ပြီး ရုပ်ရှင်တွေ ကြည့်ဖူးချင်တယ် ကြည့် သင့်တယ်လို့လည်း ယူဆတယ်။ တနေ့နေ့တော့ ...

မသက်ဇင် said...

သက်ပိုင်သူရေ
သွေး ဇာတ်ကားအကြောင်းလာဖတ်သွားတယ်နော်
ခင်မင်လျက်

မဆုမွန် said...

ဂျပန်ကားကတော့ အိုရှင်း ကားကိုတော့ အသည်းစွဲပေါ့.ငယ်ငယ်အိုရှင်းကလေးဘ၀ကတည်းက စပြီး အဘွားကြီး ဖြစ်တဲ့အထိ စစ်ဒဏ်တွေ ဆင်း၇ဲချမ်းသာ နှိပ်ကွပ်မူဒဏ်တွေကိုအချစ် အမုန်း အလွမ်းအဆွေး ဘ၀ လောကဓံ အလှည့်အပြောင်းတွေကို သေသေချာချာ ရိုက်ပြထားတဲ့ ဂျပန်ကားလေးကို ကြည့်ဖူးလိုက်တယ်.. သွေးကိုတော့ အစ်မလည်း မကြည့်ဘူးလိုက်ဘူး ဒါပေမယ့် ၀တ္တူကတော့ ဖတ်ရင်းနဲ့ မောင်လေးက အော်ခေါ်ချိန် အစ်မဖြစ်သူက ဟိုပြေး ဒီပြေး ဖြစ်ရတဲ့ လေယာဉ်ကွင်းမြင်ကွင်းက မျက်ရည်ကျမိပါတယ်။

ပို့စ်အတွက် ကျေးဇူးတင်တယ်

မသက်ဇင် said...

သက်ပိုင်သူရေ
ထပ်ရောက်ထပ်ဖတ်တယ်နော်
ဝေငှပေးတာကျေးဇူးပါ
ခင်မင်လျက်

zarchi said...

သူငယ်ချင်းရေအရမ်းကောင်းတယ်။သွေးရုပ်ရှင်ကိုမကြည့်ဖူးဘူး။အခွင့်သင့်ရင်လက်တို့လိုက်နော်။