June 11, 2009

နိုင်ငံတကာက မြန်မာနှင့်ပါတ်သက်သည့် ရုပ်ရှင်များ (၂)

ထိုင်းရုပ်ရှင်ပေါ်က မြန်မာဇာတ်ရုပ်

ထိုင်းနှင့်မြန်မာသည် ယဉ်ကျေးမှုခြင်း တူညီသည်။ အယူဝါဒခြင်းလည်း တူညီသည်။ ဤသို့ အစစအရာရာ တူညီသော နိုင်ငံနှစ်ခုသည် ပဒေသရာဇ်စနစ်နယ်မြေလုရာမှ တစ်ဖက်နှင့်တစ်ဖက်တင်းမာမှုတွေ ဖြစ်ပြီး နိုင်ငံနှစ်ခု အမြဲတမ်း စစ်မက်ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံက အင်္ဂလိပ်ကိုလိုနီ လက်အောက်ကျရောက်ခဲ့ပေမယ် ထိုင်းနိုင်ငံကတော့ မြန်မာလက်အောက်ကလွဲ၍ မည့်သည့် အနောက်နိုင်ငံလက်အောက်မှ မရောက်။ ထို့ကြောင့်ပင်လားမသိ…….။ မြန်မာသည် ထိုင်းတို့ အတွက် ခေတ်အဆက်ဆက် မုန်းတီးရာ ရန်သူဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် ထိုင်းနိုင်ငံ၏ ရှေးခေတ်သရုပ်ဖော်သည့် ရုပ်ရှင်ကားတိုင်းမှာ မြန်မာတို့ရဲ့ အကြောင်းက ကန့်လန့်ကန့်လန့်ပါလာတတ်သည်။

နိုင်ငံရေးပေါ်လစီလို့ ခေါ်မည်လား၊ ဒါမှမဟုတ် ဇာတိသွေးဇာတိမာန် ထက်သန်မည့် ဇာတ်လမ်းလို့ ဆိုမည်လား၊ ထိုသို့သော ဇာတ်ကားမျိုးတွေအတွက် နိုင်ငံတော်ကို ကျူးကျော်မည့် တိုင်းတပါးအန္တရာယ် သို့မဟုတ် နိုင်ငံဗီလိန် ဇာတ်ကောင်မျိုးတွေ လိုအပ်သည်မှာ အမှန်။ ထိုသို့သောဗီလိန်မျိုးတွေအတွက် အမြဲတမ်းထွက်ပေါ်လာရတာက ကျွန်တော်တို့ မြန်မာလူမျိုးတွေသာ။ မြန်မာသည် ထိုင်းလူမျိုးတွေအတွက် အမြဲတမ်းဗီလိန် ဖြစ်ခဲ့သည်။ ထိုကဲ့သို့ ဗီလိန်အဖြစ်ပုံသွင်းလွန်းလို့လဲ မြန်မာနှင့် ထိုင်းသံတမန်ရေးရာမှာ အထစ်အငေါ့တွေ ဖြစ်ခဲ့ဖူးသည်။


ထိုသို့ အထစ်အငေါ့ ဖြစ်ခဲ့သည် ရုပ်ရှင်ဇာတ်ကားတစ်ခုကို ပြပါဆိုလျှင် ၂၀၀၁ခုနှစ်မှာ ရုံတင်ခဲ့သည့် The Legend of Suriothai ကို ပြရပါမည်။ ကျွန်တော့်စိတ်အထင် ထိုရုပ်ရှင်ရုံမတင်ကတည်းက မြန်မာအစိုးရနှင့်လည်း ကတောက်ကဆဖြစ်ခဲ့သည်။ ကြေးမုံသတင်းစာရယ် ဗန်ကောက်သတင်းစာတွေရယ်မှာ ထိုရုပ်ရှင်နဲ့ ပါတ်သက်ပြီး အကြိတ်အနယ် ကလောင်ချင်း တိုက်ခိုက်ခဲ့ကြသည်။ မြန်မာဘက်က တိုက်ခိုက်သူကတော့ ဒေါက်တာမတင်ဝင်းပေါ့။ သူမရဲ့ သတင်းစာအာဘော်တွေကို ဖတ်ပြီး ထိုင်းနိုင်ငံအကြောင်းပိုသိခဲ့ရ၏။နောက်ဆုံးရလဒ်ကတော့ မြန်မာအစိုးရက အထက်တန်းသင်ခန်းစာတွေမှာ ထိုင်းအကြောင်း မသင်မနေရဆိုပြီး သင်ရိုးညွှန်းတမ်းအသစ် ထည့်သွင်းလိုက်တာပါပဲ။

ဆူရီယိုထိုင်းမှ ဇာတ်ဝင်ခန်းတချို့


ဆူရီယိုကျဆုံးခန်း

တပင်ရွှေထီးအဖြစ် သရုပ်ဆောင်သူ

ထိုင်းတွေရဲ့ အယုဒ္ဓယခေတ်ဦးမှာ ဆူရီယိုထိုင်းဆိုပြီး မိဖုရားတစ်ပါး ပေါ်ထွန်းခဲ့ဖူးသည်။ ထိုမိဖုရားသည် ဥာဏ်ပညာနဲ့ ပြည့်စုံရုံသာမက သူရသတ္တိဖြင့်လည်း ပြည့်စုံသည်။ ထိုခေတ်ထိုအခါက မိန်းမမှန်ရင် စစ်မြေပြင်မလိုက်ရသည့် ထုံးစံရှိ၏။ ထိုအချိန်တွင့် ဗမာနဲ့ ထိုင်းတို့ စစ်ဖြစ်ပွား၏။ ဆူရီယိုထိုင်းမိဖုရားသည် နာမကျန်းဖြစ်နေသည့် ဘုရင်ကြီးကို စိတ်ပူ၍ ယောကျာ်းလေးကဲ့သို့ ၀တ်ပြီး စစ်ပွဲကို လိုက်၏။ စစ်ပွဲတွင် ဗမာဘက်က လက်နက်ထိမှန်ကာ ဆင်ဦးကင်းမှ ကျသေ၏။ ဤနေရာတွင် မြန်မာသမိုင်းအချက်အလက်ဖြင့်လွဲသတဲ့။ ထိုမိဘုရားသည် ဆင်ဦးကင်းမှ ကျသော်လည်း မသေ။ ဗမာဘုရင်က နန်းတော်ကို ခေါ်ပြီး မိဖုရား တင်မြှောက်သတဲ့။ ဒါဆိုလျှင် ထိုင်းတို့၏ ရုပ်ရှင်က ပြောသော အချက်နှင့် မြန်မာ့သမိုင်းပါ အချက်အလက်တို့ လွဲလေသည်။ ဤအချက်တွေပင် သတင်းစာများမှာ ကလောင်ခြင်း တိုက်ခိုက်ရသော အကြောင်းရင်းဖြစ်ခဲ့လေသည်။ (သတင်းစာမှ ဆောင်းပါးများကို မှတ်မိသမျှ ရေးသားထားခြင်း ဖြစ်၏။ အချက်အလက်မှားလျှင် ပြင်နိုင်ပါသည်။)

သမိုင်းဆိုသည်မှာ ကိုယ့်ဘက်ကယူလျှင် ကိုယ်သာ မင်းသား၊ ကိုယ်သာ သူရဲကောင်းဖြစ်၏။ ဤအချက်ကြောင့်ပင် ဆူရီယိုထိုင်းနှင့်ပါတ်သက်သော သမိုင်းအချက်အလက်များကို ဒေါက်တာမတင်ဝင်းသည် ထိုင်းမှ ပြုစုသော သမိုင်းအချက်အလက်များကိုသာ ယူခဲ့သည်။ ထိုင်းဘက်မှ သူမရေးသားသော သမိုင်းသည် အမှားဖြစ်သည်။ ထိုအမှားအတွက် တောင်းပန်ရမည်ဟု ဆိုသည်။ ထိုအခါ ဒေါက်တာမတင်ဝင်းက သူမမှားသည်ဆိုလျှင် အရင်ဆုံး ထိုင်းနိုင်ငံသမိုင်းကို ရေးသားခဲ့သည့် ထိုင်းပညာရှင်များက အရင်ဆုံးတောင်းပန်ရမည်။ ဘာကြောင့်လည်းဆိုတော့ သူမလေ့လာခဲ့သည့် သမိုင်းဆိုင်ရာ အချက်အလက်များသည် ထိုင်းလူမျိုးတွေ ပြုစုခဲ့သည့် သမိုင်းစာအုပ်များမှ လေ့လာခဲ့ခြင်း ဖြစ်သည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

ဘာကြောင့် မြန်မာအစိုးရသည် ဆူရီယိုထိုင်းရုပ်ရှင်နှင့် ပါတ်သက်ပြီး သည်လောက်တောင် ဆွေ့ဆွေ့ခုန်ဖြစ်ခဲ့သလဲ။ ထိုင်းဘုရင့် မိသားစုမှ မိဖုရားသီရိခေတ်က ဦးဆောင်ပြီး ထိုရုပ်ရှင်ကို ဖန်တီးခဲ့သည်။ ထိုရုပ်ရှင်ဒါရိုက်တာကလည်း မိဖုရားကြီး၏ ဆွေမျိုးမကင်းသော တစ်ဦးဖြစ်သည်။ သီရိခေတ်က ယခုခေတ်လူငယ်များ သမိုင်းပညာကို သင်ရာတွင် သူမငယ်စဉ်က သင်ခဲ့ရသလောက် အသေးစိတ်မကျ။ ထို့ကြောင့် လူငယ်တွေ နားလည်နိုင်မည့် သမိုင်းကို ရုပ်ရှင်ကတဆင့် တင်ပြမည်ဟုဆို၍ ငွေစိုက်ထုတ်ပြီး ရိုက်ကူးခဲ့သည်။ ရုပ်ရှင်အတွက် လိုအပ်မည့် စစ်သား အရေအတွက်ကိုလည်း ထိုင်းတော်ဝင်တပ်မတော်မှ စစ်သားများကို ယူသုံးခွင့် ပြုခဲ့၏။ ဤဆူရီယိုထိုင်းသည် သမိုင်းဆိုင်ရာ ထိုင်းပညာရေးအတွက် ပထမဆုံး ခြေလှမ်းဖြစ်ခဲ့သည်။ ထိုရုပ်ရှင်ရုံတင်သောအခါ ထိုင်းကျောင်းသားတိုင်းသည် ထိုရုပ်ရှင်ကို မကြည့်မနေရ ကြည့်ခဲ့ရသည်။ ရုပ်ရှင်မှာ လည်း သောက်သောက်လဲ အောင်မြင်ခဲ့ပြီး အကယ်ဒမီဆုများစွာ ရခဲ့သည်။ ဒါပေမယ့် ရလဒ်ကတော့ မြန်မာနှင့် သံတမန်ရေးရာ တင်းမာမှု ဖြစ်ခဲ့ခြင်းပင်။ မြန်မာအစိုးရကတောင် ဘုရင့်နောင်ကျော်ထင်နော်ရထာဆိုပြီး ၁၅၀-၂၀၀ ကျပ်မီလီယမ်လောက် ကုန်ကျခံပြီး ရိုက်ကူးဖို့ စီစဉ်ခဲ့သေးသည်။ ဒါပေမယ့် ထုံးစံအတိုင်း အကောင်အထည်မပေါ်ခဲ့။

ဆူရီယိုထိုင်းမှ စခဲ့သည့် အဖုအထစ်သည် တော်တော်နဲ့ မပြေခဲ့။ နောက်ပိုင်းမှာ ဆရာမဒေါက်တာမတင်ဝင်းသည် သတင်းစာမှတဆင့် ထိုင်းနှင့်ပါတ်သက်သည့် ဆောင်းပါးများကို အပတ်စဉ်ရေးသားခဲ့သည်။ သူမ၏ ဆောင်းပါးတစ်ပုဒ်ကြောင့် ထိုင်းတို့ခမျာ အနာပေါ် ဒုတ်ကျ ဖြစ်ခဲ့ရပြီး ဆရာမကြီးအား ဘလက်ခ်လစ်သွင်းခဲ့သည်။ ထိုအကြောင်းအရာသည် မြန်မာတွေက ထိုင်းကို ဘာကြောင့် ယိုးဒယားဟု ခေါ်သလဲဆိုသည့် အကြောင်းအရင်းပင်ဖြစ်သည်။ ဗမာတို့ တိုက်ခိုက်၍ ပျက်စီးခဲ့ရသော အယုဒ္ဓယဟူသော အမည်သည် မကျမရှူံး၊ အောင်မြင်မှုကို ရယူသောနိုင်ငံဟူ၍ အဓိပ္ပါယ်ရပါသည်။ ဒါပေမယ့် အယုဒ္ဓယရှေ့က “အ“ ကိုဖြုတ်လိုက်လျှင်တော့ ဆန့်ကျင်ဘက် ဖြစ်ပြီး ရှုံးနိမ့်သူ၊ အရှုံးသမားလို့ အဓိပ္ပါယ်ရသည်။ ထို့ကြောင့်ပင် ဗမာများက သူတို့လူမျိုးကို အယုဒ္ဓယလူမျိုးလို့မခေါ် ယိုးဒယားလူမျိုးဆိုပြီး ခေတ်အဆက်ဆက်ခေါ်ခဲ့ကြသည်။ ဗမာတွေ ဖျက်လို့ ခဏခဏပျက်စီးရသော အယုဒ္ဓယကို စွန့်ပြီး ဗန်ကောက်မှာ နန်းပြန်တည်ရသည်။ အခုဗန်ကောက်မြို့တော်သည် အယုဒ္ဓယကို စွန့်ပြီး တည်ထားသော မြို့တော်ဖြစ်သည်။

ပျက်စီးသွားသော အယုဒ္ဓယမြို့ဟောင်းကိုလည်း မပြင် နောင်လာနောင်သားတိုင်းကို ဗမာတွေ ဘယ်လိုဖျက်ဆီးခဲ့ကြကြောင်း လက်ညှိုးထိုးပြီး ဗမာမုန်းတီးရေးစိတ် သွင်းခဲ့သည်။ အယုဒ္ဓယမြို့ဟောင်းက ဦးခေါင်းတော်မရှိသည့် ဗုဒ္ဓရုပ်ပွားတော်တွေကိုပင် ဗမာတွေ ဖျက်ဆီးခဲ့ကြတယ်လို့ စွပ်စွဲခဲ့သေးသည်။ နောက်ပြီး အယုဒ္ဓယမြို့ကို ဖျက် ရွှေတွေသိမ်းယူပြီး ဘာမဆိုင်ညာမဆိုင် ရွှေတိဂုံစေတီတော်က ရွှေတွေက သူတို့ရွှေတွေပါဆိုပြီး အသံကုန်ဟစ်သေးသည်။


ဘရင်ကြီးနာရဲစွမ်ဇာတ်ကားမှ ဗမာ့နန်းတော်

ဆူရီယိုထိုင်းရုပ်ရှင်ထုတ်လုပ်ပြီး နောက်ပိုင်း ဘုရင်ကြီးနရဲစွမ်ဆိုပြီး ဇာတ်လမ်းတွဲ သုံးတွဲကို ဆက်လက်ထုတ်လုပ်ခဲ့သည်။ ပထမဆုံးဇာတ်လမ်းတွဲမှာတော့ ဘုရင့်နောင်မင်းတရားကြီးပါဝင်ပြီး ကမ္ဘောဇသာဒီနန်းတော်ပုံစံအတိုင်း တည်ဆောက်ရိုက်ကူးခဲ့သည်။ ပုံမှန်ထိုင်းရုပ်ရှင်တွေထက် ထူးခြားတာကတော့ ဗမာနိုင်ငံကို အင်အားကြီး နိုင်ငံကဲ့သို့ ပြသထားပြီး ဘုရင့်နောင်ကို ဖခင်ခဲ့သို့လေးစားလောက်သော ဘုရင်ကြီး အဖြစ် ပြသခဲ့ခြင်းပင်။ တတိယပိုင်းကို ထိုင်းဘုရင့်မွေးနေ့တွင် ရုံတင်ဖို့စီစဉ်ခဲ့သော်လည်း မပြီးပြတ်နိုင်သောကြောင့် ရုံတင်ရက်ကို ပြောင်းလဲခဲ့ရသည်။ ကျွန်တော်ကတော့ ဤရုပ်ရှင်ကို အစအဆုံး မကြည့်ဖူးသေး။ ဒါပေမယ့် ကြည့်ခဲ့ရသော အပိုင်းအစလေးတွေနဲ့တင် တော်တော်ခမ်းနားသော ရုပ်ရှင်ဇာတ်လမ်းတွဲ ဖြစ်ကြောင်း သိနိုင်ပါသည်။
ဘရင်ကြီးနာရဲစွမ်ဇာတ်ကားမှဇာတ်ဝင်ခန်းတချို့



နောက်ထပ် မြန်မာတို့ကို ရုပ်ဆိုးအကျည်းတန်စွာ ပြသထားသော ရုပ်ရှင်တစ်ကားရှိသေးသည်။ ထိုရုပ်ရှင်မှာ ကုန်းဘောင်မင်းဆက် ဆင်ဖြူရှင်က အယုဒ္ဓယကို သိမ်းပိုက်ဖို့အသွား လမ်းတွင် ထိုင်းရွာတစ်ခုက ခုခံတော်လှန်သည့် ဇာတ်ကြောင်းဖြစ်၏။ ဇာတ်လမ်းအမည်မှာ Bangrajan ဖြစ်ပြီး ၂၀၀၀ခုနှစ်မှာ ရုံတင်ခဲ့သည်။ ထိုရုပ်ရှင်သည် ဗမာစစ်တပ်ဆိုတာ မုဒိမ်းကျင့်မယ်။ ပျိုပျိုအိုအို ကလေးငယ်သာမက ဘုန်းကြီးပါသတ်တဲ့ လူမျိုးဆိုပြီး ရက်ရက်စက်စက် ရိုက်ကူးပြသည့်ဇာတ်လမ်း ဖြစ်သည်။ ထိုဇာတ်ကားရုံတင်ပြီးသည့် အခါမှာ မြန်မာနိုင်ငံက ဗွီဒီယိုအခွေငှားဆိုင်တွေမှာ လက်သိပ်ထိုးပြီး ငှားရမ်းခဲ့ကြသည်။ မြန်မာလူမျိုးများကလည်း ကိုယ့်လူမျိုး ဗီလိန်နေရာ ရောက်နေသော်လည်း အားပါးတရ ကြည့်ရှုခဲ့သည်။ ဒါဘာကြောင့်လဲ။ ထိုင်းလူမျိုးတွေရဲ့ ရုပ်ရှင်အဆင့်အတန်းတွေက အရမ်းပဲ ကောင်းနေလို့လား။ ဒါမှမဟုတ် ကိုယ့်မြန်မာလူမျိုးတွေကပဲ မြန်မာ့ရာဇ၀င်ဇာတ်လမ်းကြောင်းတွေကို အဖတ်မဆယ်နိုင်အောင် ရိုက်ပြခဲ့လို့လား။ သေချာတာကတော့ မြန်မာလူမျိုးတိုင်းသည် ဘယ်နေရာမှာမဆို ကိုယ့်မြန်မာလူမျိုးလေးအကြောင်းပါလျှင် မှားမှားမှန်မှန် ခေါင်းပြူကြည့်တတ်သည့် အမျိုးဖြစ်သည်။ ထိုသို့ကြည့်စရာ ဇာတ်လမ်းကောင်းကောင်းမရှိသော မြန်မာ့ရုပ်ရှင်လောကတွင် တခြားနိုင်ငံမှ ရုပ်ရှင်ကို လက်ခံအားပေးတာ မထူးဆန်း။ အနုပညာ ပညာရှင်တွေ ထွန်းကားသည့် မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းအားတွေ ကျဆင်းလာတာကတော့ အတော့်ပင် ထူးဆန်းလှပါ၏။

angrajan ဇာတ်ကားမှ သရုပ်ဆောင်များသည် အားကိုးချင်စရာ ယောက်ျားပီပီသသရှိသလောက် မြန်မာရာဇ၀င်ကားများမှ မင်းသားများသည်ကား ဗိုက်ပူနံကား လက်မောင်းသေးသေးလေးများ ဖြစ်ကြသည်။ တချို့မင်းသားများသည် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကိုယ်နဲ့ လိုက်မယ့် ဇာတ်ရုပ်မှန်း မသိ မင်းသားတက်လုပ်ကြသည်လည်း ရှိပါသည်။




အပိုင်း ၃တွင် ဂျပန် မြန်မာရုပ်ရှင်အကြောင်း ဆက်ပါမည်

23 ယောက်ကဒီလိုမြင်တယ်တဲ့...:

လင်းဒီပ said...

စိတ်ဝင်စားစွာဖတ်သွားပါတယ်..
ဒီတခါတော့ link တွေ ထည့်မပေးထားဘူး..u Tube မှာ မရှိဘူးထင်တယ်..ရှာ “ကြည့်” ပါဦးမယ်...။

နွေးနေခြည် said...

သေချာလေ့လာ မှတ်သားသွားပါတယ်။ ဗဟုသုတလည်း ရလို့ ကျေးဇူးပါ။

ဖိုးစိန် said...

သမိုင်းကိုစိတ်ဝင်စားတယ်
ယိုးဒယားနဲ့ပတ်သက်ပြီး
တော်တော်များများဖတ်ဖူးတယ်
ခုပြောတဲ့ရုပ်ရှင်တွေကိုကြည့်ဖူးတယ်
ပြောစရာမရှိ
ကောင်းပါ၏
ချစ်ခင်စွာဖြင့်
ဖိုးစိန်

နေဒေးသစ် said...

သေသေချာချာ စေ့စေ့စပ်စပ်နဲ့ ကြည့်ထားတာပဲ ကို သက်ပိုင်သူက .. အပြင်မှာ ဖြစ်ခဲ့တာတွေနဲ့ ရုပ်ရှင်ထဲက အဖြစ်အပျက် ၂ ခုလုံးကို သေသေချာချာ ယှဉ်ပြသွားတယ် .. ကျွန်တော်တော့ အပေါ်ဆုံး ဇာတ်ကားတစ်ခုက လွဲရင် ကျန်တာတွေ မကြည့်ဖူးသေးဘူး .. ဇာတ်ကားကောင်း မှန်ရင် မြန်မာမကောင်းကြောင်း ရိုက်သည်ဖြစ်စေ၊ ဆိုးတာ ရိုက်သည် ဖြစ်စေ ကျွန်တော်တော့ ကြည့်ဖြစ်တာ များပါတယ် ... ဇာတ်ကားကောင်း တစ်ကားကြည့်ရတော့လည်း ကိုယ့်အတွက် အကျိုးအမြတ်တစ်ခုခု ရတာပေါ့ ... တကယ်လို့ ညံ့တဲ့ကားတစ်ကားကြည့်ရတော့လည်း သူတို့ ဘာတွေလိုသလို၊ သူတို့ဘာတွေ လှည့်ကွက်လုပ်ထားသလဲ ဆိုတာ ကိုယ်တွေ သိရတာပေါ့ .... ဘာလိုကားမျိုးပဲ ဖြစ်ဖြစ်ပါ ... သူများနိုင်ငံသားနဲ့ ယှဉ်ချကြလို့ ကိုယ့်နိုင်ငံသား နိုင်တယ် ( ဘယ်လောက် အကျင့်ယုတ်တယ်ပဲ ပြောပြော ) ဆိုရင် ကျွန်တော်တော့ ပျော်တာပဲ .. ဟဲဟဲ .. သင်ခန်းစာယူစရာ . ရှုံးနိမ့်သူအတွက် ဝေမျှခံစားပေးတာကတော့ နောက်ကပေါ့လေ .. ဟဟ
နေဒေးသစ်။

Dream World 2009 said...

စိတ်ဝင်စားစရာကောင်းပါတယ်... မျှဝေပေးတဲ့အတွက် ကျေးဇူးပါ...

မိုးတိမ်ညို said...

ဒီပို့ စ် ကတကယ်ကောင်းတယ်။ ကျွန်တော်လည်း angrajan ကို အစအဆုံးကြည့်ဖူးတယ်။ youtube မှာ ရှိတယ်။
ကြည့်ဖြစ်တဲ့ အကြောင်းကတော့ တခြားနိုင်ငံက ကျွန်တော်တော်တို့ နိုင်ငံ အပေါ် ဘယ်လိုမြင်သလဲ ဆိုတာ တစ်စိတ်တစ်ပိုင်း သိချင်လို့ဗျ။
ဝမ်းနည်းစရာကောင်းတာက မြန်မာရာဇ၀င်ကားတွေ တစ်ကားမှ အဲဒီကားတွေကို မှီအောင် မရိုက်နိုင်သေးဘူး။

ရွှေအောင် said...

သက်ပိုင်သူရေ..

ဒီလိုရှာဖွေမိတ်ဆက်ပေးတာကျေးဇူးပါ.. သူတို့ရိုက်တဲ့ ရိုက်ကွင်းထဲက ဆက်တင်အပြင်အဆင်က ကိုယ့်နိုင်ငံဘုရင်ကိုတောင်တော်တော် ဂုဏ်ယူသွားတယ် ကိုယ့်ဆီမှာတော့ရိုက်လိုက်ရင်.. ဟင်းးးးးးးးးးးးးးးးးးးးးးးးးးး

နန်းညီ said...

နရဲစွမ်တော့ မကြည့်ဖူးဘူး.. ကျန်တဲ့ ၂ ခုတော့ ကြည့်ဖူးတယ်.. Bangrajan ကပိုဆိုးတယ် မထင်မိဘူးလား

MANORHARY said...

ပြောင်..မြောက်ပါပေတယ်..း)
အရေးအသားနဲ့ရှာဖွေစုဆောင်းမှုကိုပြောတာနော်း)

မဆုမွန် said...

လာဖတ်ပါတယ် ပို့စ်လေးကို သေသေချာချာ ဖတ်သွားပါတယ် ကျေးဇူးတင်ပါတယ်..
ထိုင်းတွေ မြန်မာကို ဘယ်လောက်မုန်းတယ်ဆိုတာ ထိုင်းမှာ လေးနှစ်နေနေတော့ ပိုပြီး ကြုံတွေ့ခံစားရတယ်။

တို့က သူတို့ကို ယိုးဒယားခေါ်တာ မကြိုက်ဘူး သူတို့က တို့ကို ဖမာ့ တဲ့ တစ်ချို့မြန်မာစကားတတ်တဲ့ ထိုင်းက ဖာမ တဲ့....မပီတာလား တမင်လား မသိ..

ထိုင်းနဲ့ မြန်မာအကြောင်းကတော့..ဟူးး

.မပြောတော့ဘူးနော်

မြရေလျဉ် said...

ဒါဆို တစ်ခု သိချင်တယ်။ဆရာမကြီးဒေါက်တာမတင်ဝင်းက သူမှီငြမ်းခဲ့တဲ့ ထိုင်းဖက်က သမိုင်းစာအုပ်တွေရဲ့ စာရင်းကို ပြခဲ့သလား. ပြနိုင်ခဲ့ရင်ကော ထိုင်းဖက်က ဘာပြောမလဲ ..ဘာပြောသလဲ။

Aung Soe Paing said...

ဆရာမကြီးကတော့ ပြောခဲ့မှာပဲ
BBCကနေ ဆရာမကြီးနဲ့ အဲဒီအတွက် အင်တာဗျူးလုပ်တော့
သူ ထိုင်းဘက်က စာအုပ်တွေကိုပဲ မှီငြမ်းခဲ့တာပါတဲ့

BLACK DREAM said...

၁ လည်းဖတ်တယ် ၂ လည်းဖတ်တယ်..။ ၁ တုန်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ဘာမှ မရးခဲ့ဖူးအစ်ကိုရေ...။ ဒီတစ်ခါတော့ရေးပြီ..။ သုံးသပ်ချက်တွေ ကောင်းတယ် အစ်ကိုရေ (အထူး သဖြင့် ဒီအပိုင်း ၂ ပေါ့) အပိုင်း ၁ ကို အလျဉ်းသင့် ရင် အမြင်လေးတွေ မျှတသွားအောင် ဆွေးနွေးခြင်ပါ သေးတယ်...။

Rita said...

တခါတခါကျတော့လည်း DR မတင်ဝင်းကို နားကို မလည်ဘူး။ ပြီးတော့ ထိုင်းက ဒါမျိုးရိုက်လို့ မြန်မာကလည်း ပြန်ရိုက်မယ် ဆိုတာမျိုးကတော့ ငယ်ငယ်တုန်းကလို အိုးပုတ်တမ်းကစားကြတာမှ အဓိပ္ပါယ်ရှိလိမ့်ဦးမယ်။ သူတို့မှားလို့ ငါတို့လည်း လိုက်မှားကြမယ်ဟေ့ ဆိုတဲ့ စိတ်ဓါတ်က စုတ်ပြတ်နေတာပဲ။ သူတို့လုပ်တဲ့ကိစ္စက သူတို့သမိုင်းပဲ။ ကိုယ်က ဘာမှ အဆစ်ဝင်ပါနေဖို့မလိုဘူး။

နောက်ပြီးတော့လည်း သင်ရိုးညွှန်းတမ်းကိစ္စ။ တော်တော် သုံးစားမရတဲ့ အတွေးအခေါ်။ ကိုယ့် 1st cousin တစ်ယောက်ရဲ့ ၈တန်း သမိုင်း ဖတ်ကြည့်မိပါတယ်။ အဲဒါမျိုး စုတ်ပြတ်တဲ့ စာတွေသင်ပြီး သူတို့ ငယ်ဘ၀တွေကို ဖြတ်သန်းရတာ ကိုယ်တော့ ရင်နာ၊ အော့နှလုံးနာလို့ မဆုံးဘူး။ အကြောင်ပေါင်း ဘယ်နှစ်ထိန် ကြုံကြဦးမှာလဲ ကွယ်တို့။

(post နဲ့ မဆိုင်တာတွေ ရေးမိသွားတယ်)

Talkii said...

ရုပ်ရှင်တွေတော့ မကြည့်ဖူးဘူး။ ၈တန်းတုန်းကတော့ ယိုးဒယား-မြန်မာ ဆက်ဆံရေးဆိုပြီး သင်ရတယ်။ ပါမယ့်ဟာပြောလိုက်ပြီး အိမ်ကနေ ကြိုကူးလာရတယ်။ ကျောင်းရောက်တော့ ပေးလိုက်ရင် အမှတ်ရပြီ။ :)

နောက်အပိုင်းတွေကိုလည်း စောင့်နေပါတယ်။
အထက်မှာ တစ်ယောက်ပြောသလို ကိုယ့်နိုင်ငံအကြောင်း သူများတွေ ဘယ်လိုသဘောထားတယ်ဆိုတာ သိရတာပေါ့။ ကျေးဇူးတင်ပါတယ်။

ခမ်းကီး said...

နည်းပညာပိုင်းနဲ့ media မှာ ကျနော်တို့နိုင်ငံ များစွာကျန်ရစ်နေပါပြီ...။

ဘုရင်နရဲစွမ် အပိုင်း-၃ က မထွက်ဖြစ်သေးဘူး။

အကြောင်းအမျိုးမျိုးကြောင့်လို့ ပြောတာပဲ။

သေချာတာက အရင်ထွက်ပြီး ဇာတ်ကားအတိုင်း ကထောက်ကဆ ဖြစ်ကိန်းများတယ်လို့ ဝေဖန်သံတွေ ကြားရတယ်။

puluque said...

့ပုလုကွေး ရုပ်ရှင်အကြည့်နဲတာ အသက်သိပါတယ်..ဒါပေမဲ့ ဆရာမကြီး ဒေါက်တာမတင်ဝင်းနဲ့ ထိုင်းသတင်းစာတွေ ဖိုက်တင်ပလေးတာတော့ စောင့်ဖတ်ဖူးတယ်။

ကိုယ်တို့နိုင်ငံကတော့ ပထမပိုင်းကတော့ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းဆို အဖျားရှုးရှုးသွားတာများပါတယ်လေ..(အစစ အရာရာပေါ့)

နောက်တစ်ပိုင်း ဂျပန် အကြောင်းဘယ်တော့ ဖတ်ရမှာလဲ...

လင်းဦး(စိတ်ပညာ) said...

မြန်မာ မှားသလား... ထိုင်းမှားသလား...

ထိုင်း သမိုင်းပညာရှင်များတွင်လည်း မြန်မာကောင်း ကြောင်း မှတ်တမ်းတင်ထားတာမျိုးရှိသလို၊ အဆိုးဘက်ဖြင့် အကောင်းမမြင် မှတ်တမ်းတင်မျိုးတွေရှိနေသည်။ မည်သူမှန် မည်သူမှားဆိုသည်မှာ ကျွန်တော်လည်း မသိပါ။ သို့သော် သူတို့၏ သမိုင်းတွင်ကား မြန်မာသည် အလွန်ရိုင်းစိုင်းသော လူမျိုးများဖြစ်ချေသည်။

သဉ္ဇာ - Thinzar said...

တစ်ကားမှ မကြည့်ဖူးဘူး။ ငယ်ငယ်တုန်းကတော့ ထိုင်းနဲ့ မြန်မာပေါင်းရိုက်ထားတာ တစ်ကားကြည့်ဖူးသလိုဘဲ။ မြန်မာမလေးက မယ်သီလရှင် ထင်တာဘဲ။ နာမည်တော့ မမှတ်မိတော့ဘူး။ Bang Rajan ကိုတော့ youtube ကနေ ကြည့်ကြည့်ဦးမယ်။ အပေါ်က နာရဲစွမ်ကားထဲက ပုံကို ကြည့်ပြီး မြန်မာ ရာဇဝင်ကားတွေကို စိတ်ကုန်မိတယ်။ ထိုင်းတွေရိုက်ပေးမှ ဗမာ့နန်းတော်လည်း တောက်တောက် ပြောင်ပြောင် ဖြစ်တော့တယ်။ မြန်မာတွေ ရိုက်ရင် မှိန်ပျပျ၊ ဖုန်တစ်ထောင်းထောင်း၊ လူတွေကလည်း မှုန်ကုပ်ကုပ်၊ စကားပြောတာကလည်း ငါကိုယ်တော်မြတ် တစ်လုံးကလွဲရင် ခေတ်စကားဘဲပြောတော့ ဘယ်လိုမှ ကြည့်ရတာ ရာဇဝင်ကားနဲ့ တူမနေဘူး။

ခုလိုစိတ်ရှည်လက်ရှည် ရေးထားပေးတာကို ဖတ်ပြီး မှတ်သားစရာတွေ ရသွားပါတယ်။ :)

Loverlay said...

မြန်မာတွေဟာ....ကိုယ့်နိုင်ငံအကြောင်းနဲနဲပါးပါးပါရင်
ဘယ်လိုရုပ်ရှင်မျိုးမဆိုခေါင်းပြူကြည့်တယ်ဆိုတာမှန်
ပါတယ်..ကြည့်ပြီးရင်ဘာကိုဆိုလိုတာလဲဆိုတာကိုလဲ
မှတ်သားစေချင်ပါတယ်....တကယ်တော့မြန်မာ့ရုပ်ရှင်တွေ
ဟာအဆင့်အတန်းမြင့်သင့်နေပါပြီ..ခုထိမဲပြာပုဆိုးထဲက
မထွက်နိုင်သေးတော့..သူများနိုင်ငံကရိုက်လိုက်တဲ့ဘယ်
လိုရုပ်ရှင်မျူိးမဆိုမြန်မာအကြောင်းပါရင်စိတ်ဝင်စားတာ
မဆန်းပါဘူး...ဒါဘာကြောင့်လဲ.....
မြန်မာနိုင်ငံရဲ့လွတ်လပ်ခွင့်ကင်းမဲ့နေတဲ့ရုပ်ရှင်လောက
ကိုပဲအပြစ်တင်လိုက်ပါ...လို့သာပြောချင်တော့တယ်ဗျာ

Myo said...

ထိုင်းနိုင်ငံ နောက်ခံသမိုင်းကြောင်းရေးထားတာ အရမ်းကိုကောင်းပါတယ် နောင်လည်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ရာဇ၀င်အကြောင်းလေးတွေ အရမ်းကို သိချင်တယ် တကယ်တမ်းကျတော့ ဘယ်သူတွေ ဘာပဲ ပြောပြော ထိုင်းနိုင်ငံဆိုတာ ဖာ လုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နိုင်ငံပါပဲ

ကော့သောင်းသား Blogger said...

ကြိုက်တယ်ဗျာ၊ ဒီလိုမျိုး ဆောင်းပါးမျိုးတွေ များများရေးပေးမှ မသိသေးတဲ့ သူတွေလည်း သိသွားရတာပေါ့၊ ဒါမှ ကျွန်တော်တို့ နိုင်ငံက လူတွေလည်း
မခံချင်စိတ်ထာရမှန်းသိလာမယ်၊ ကျွန်တော်ဆို ဒီကားတွေကို ကြည့်ပြီးကတည်းက တော်တော်လေး ခံရခက်ခဲ့တယ်၊ နောက်ပြီး ဒီမဟုတ်မမှန်တဲ့ ဇာတ်ကားတွေ အတွက် ကျွန်တော်တို့ နိုင်ငံက တတ်နိုင်တဲ့ သူတွေကိုလည်း ပြန်ပြီး ချေပ စေချင်တယ်။

secondghost said...

Rita ပြောသွားတဲ့စကားတွေကို ပြန်ပြောပြချင်လို့ပါ။ Dr မတင်ဝင်းကို နားမလည်တဲ့အပိုင်းလေးကို
ပြောပြပေးနိုင်မလား။ သူ့လိုမသိလို့မတတ်လို့ နားမလည်တာလား။ မင်းကနိုင်ငံရေးပေါ်လစီကို ဘယ်လောက်များနားလည်လို့လည်း။ သိရင်နဲနဲလေး
ရှင်းပြပေးပါအုံး။ အားလုံးဟာကိုယ့်သမိုင်းကိုယ်ရေးကြရ
တာဘဲ။ စိတ်ဓါတ်ဆိုတဲ့စကားလုံးရဲ့အဓိပါယ်ကို နဲနဲလောက်ရှင်းပြပေးနိုင်မလား။ တစ်ခုတော့ရှိတယ် သူ့သမိုင်းနဲ့ကိုယ့်သမိုင်းနဲ့ဘာမှမဆိုင်ဘူး။ သမိုင်းကြောင်းတစ်ခုကို ဘယ်လိုအတည်ပြုရသလဲဆို တာသိပါသလား။ အဆစ်ပါတာတော့မဟုတ်ဘူး အရင်းကနှုတ်ပြစ်မှာ။ တော်တော်သုံးစားမရတဲ့အတွေးအခေါ်ဆိုတာကို ခေတ်မှီပါတယ်ဆိုတဲ့ ယိုးဒယားကစ လုပ်တာလေ။ မင်းက နယူတန်ရဲ့နိယာမကို မမှန်ဘူးလို့ပြောချင်တာလား။ ဒီသံသရာကြီးက မလွတ်ကင်းသမျှ အော့နှလုံးနာစရာတွေကို ကြုံရအုံး မှာပဲ။ မင်းနောက် ခွေးမဘ၀ရောက်ရင်လဲ ကြုံရအုံးမှာ ဘဲ။ post နဲ့မဆိုင်တာတွေရေးမိသွား တယ်။