ရုပ်ရှင်ဟူသော စာလုံးလေးနှစ်လုံးသည် တိုသလောက် အတော်ပင် ထိရောက်သော ဆက်သွယ်ရေး မီဒီယာတစ်ခုပင် ဖြစ်သည်။ အကြောင်းအရာတစ်ခုကို တင်ပြလိုပါက တင်ပြခံရသည့် သူဆီကို ဒိုးခနဲ ဒေါက်ခနဲ ရောက်အောင် ပို့နိုင်သည့် အနုပညာ တစ်ရပ်လည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရ တော်တော်များများက ရုပ်ရှင်ဟူသော မီဒီယာကို ထိန်းချုပ်နိုင်ရန် ကြိုးစားကြသည်။ တခါတရံ အထိန်းချုပ်လွန်သွားသောအခါ နိုင်ငံရဲ့ ကိုယ်ပိုင် အနုပညာရုပ်ရှင်သည် ဘုန်းဘုန်းလဲကျသွားတတ်ပြီး တခြားနိုင်ငံမှ ရုပ်ရှင်ဖျော်ဖြေရေးများက အစားထိုးဝင်ရောက်လာနိုင်သည်။
ထို့အပြင် ရုပ်ရှင်လောကက ဖျော်ဖြေရေးသက်သက်သာ မဟုတ်ဘဲ။ နိုင်ငံတစ်ခုရဲ့ ပြယုဂ်၊ အဆင့်အတန်းတစ်ခုလို့လည်း ကျွန်တော်မြင်သည်။ ကိုရီးယား ရုပ်ရှင်နဲ့ အနုပညာလောကကို ကြည့်ပါ။ ထိုလောကကြောင့် ကိုရီးယားအကြောင်းကို လူပိုသိလာသည်။ ကိုရီးယားနိုင်ငံကို သွားချင်လည်ချင်သူ ပိုများလာသည်။
နောက်ပြီး ရုပ်ရှင်က ဖျော်ဖြေရေးထက် နိုင်ငံရေးလက်နက်တစ်ခုဖြစ်တာလည်း တွေ့နိုင်သေးသည်။ ဥပမာ ထိုင်းနိုင်ငံက ထုတ်လုပ်သော ရုပ်ရှင်တစ်ကားကြောင့် မြန်မာနှင့်ထိုင်းဆက်ဆံရေး အထစ်အငေါ့ ဖြစ်ခဲ့ကြပြီး မြန်မာဘက်က ထိုင်းနိုင်ငံအကြောင်းကို သင်ရိုးညွှန်းတန်းတွေအထိ သယ်ဆောင်လာခဲ့ဖူးသည်။ ဂျပန်နိုင်ငံ၏ ရုပ်ရှင်တစ်ကားကြောင့် ဂျပန်ကို ဒုတိယကမ္ဘာစစ်ရဲ့ စစ်ဘီလူးဆိုသည့် မျက်နှာဖုံးတွေကို ဆွဲချွတ်နိုင်ခဲ့ဖူးသည်။ (ထိုအကြောင်းများအားလုံးကို တစ်ပိုင်းစီ ကျွန်တော်ခေါင်းစဉ်လေးများခွဲပြီး ရှင်းပြသွားပါမည်။)
အခုပထမပိုင်းအနေနဲ့ ကျွန်တော် ပြောပြချင်တဲ့ အကြောင်းအရာက မြန်မာနှင် ပါတ်သက်သော ဟောလိဝုဒ်ရုပ်ရှင်များအကြောင်းပါ။
ဟောလိဝုဒ်က မြန်မာ့ရုပ်ရှင်
ဟောလိဝုဒ်က မြန်မာနှင့်ပါတ်သက်သော ရုပ်ရှင်ကားအနည်းငယ် ရိုက်ကူးခဲ့ဖူးသည်။ ရိုးရိုးသာမန် အချစ်ဇာတ်လမ်းပါဝင်သလို နိုင်ငံရေး ဆက်နွယ်သော ဇာတ်လမ်းတွေ အထိပါဝင်သည်။
၁၉၅၄ခုနှစ်က ထုတ်လုပ်ခဲ့သော ခရမ်းရောင်လွင်ပြင် Purple Plain အမည်ရှိ ရုပ်ရှင်ဇာတ်ကားက မြန်မာ့ရုပ်ရှင်ကြည့် ပရိသတ်များကို အတော်လေး ဆွဲဆောင်နိုင်ခဲ့ဘူး၏။ ဆရာကြီး ဒေါက်တာသန်းထွန်းလို လူမျိုးများကတောင် Purple Plain အကြောင်းရေးထားသည့် အင်္ဂလိပ်ဝတ္ထုကို တက္ကသိုလ်ကျောင်းသားဘ၀က စွဲစွဲမက်မက်ဖတ်ခဲ့ကြဘူးသည်။ နောက်ပြီး Purple Plain ထဲက မင်းသမီး ၀င်းဝင်းသန်းက အရမ်းချောတော့ လူကြိုက်များသည့် ရုပ်ရှင်တစ်ခုဆိုလျှင်လည်းမမှားပါ။
ရုပ်ရှင်ဇာတ်လမ်းလေးကတော့ အတော့်ကို ရိုးရှင်းပါသည်။ ဒုတိယကမ္ဘာစစ်ကာလမှာ ကျောရိုးယူထားတာပါ။ အဓိကဇာတ်ကောင်၊ ကနေဒါ လေတပ်က တိုက်လေယာဉ်မှူး တစ်ယောက်၏ ဇနီးမယား အသစ်စက်စက်ကလေးခမျာ မင်္ဂလာပွဲကျင်းပနေသည့် နေရာတည့်တည့်ကို အမြောက်လက်နက်ထိမှန်ရာကနေ ရုတ်တရက် ဆုံးပါးသွားသည့်နောက် ထိုလေယာဉ်မှူး အသဲကွဲပြီး မြန်မာပြည်ရဲ့ စစ်မြေပြင်တစ်ခုကို ရောက်လာသည့် အကြောင်းလေးပါ။ ချစ်ဇနီး ဆုံးပါးသွားသည့်နောက်ပိုင်းမှာ လောကကြီးမှာ သူ့အတွက် အသက်ရှင်ဖို့အတော့်ကို ခဲယဉ်းလာသည်။ သူကလည်း ရိုးရိုးတော့ အသေမခံ၊ စစ်သားပီပီ တိုက်ပွဲမှာ ကျရင်းသေတာမှပိုကောင်း၏လို့ထင်ပါရဲ့။ မြန်မာပြည်ရဲ့ မိတ္ထီလာစစ်မြပြင်ကို ရောက်လာသည်။ အဲသည့်နောက် ခရစ်ယာန်သူနာပြုဆရာမလေး Anna အဖြစ် သရုပ်ဆောင်ထားသည့် ၀င်းမင်းသန်းနှင့်ဆုံတွေ့ကြလေသတည်းပေါ့။ လေယာဉ်မှူးလေးခမျာ ချစ်ဇနီးဆုံးပါးသွားသည့် အချိန်ကစပြီး ငတ်မွတ်နေသည့် သံယောဇဉ်ကို Anna ဆီကနေ မထင်မှတ်ဘဲရလိုက်ပါသည်။ တစ်နေ့တော့ သူရယ်၊ လေယာဉ်မှူးရယ်၊ ဆေးတပ်သားတစ်ယောက်ရယ် လေယာဉ်စမ်းကြရင်း ပျက်ကျလေရဲ့။ Annaနဲ့ မတွေ့ခင်က အသက်ရှင်ဖို့ဆိုတာ သူ့အတွက်ခဲယဉ်းပေမယ့် နောက်ပိုင်းမှာတော့ Annaအတွက် သူပြန်အသက်ရှင်ရမယ်ဆိုသည့် ခံစားချက်လေးကို ရိုက်ကူးထားသည့် အချစ်ဇာတ်လမ်းတစ်ပုဒ်ပေါ့။


Purple Plain မှ ဇာတ်ဝင်ခန်းတချို့
(စကားချပ်၊ ကျွန်တော့်ဆီမှာ DVD ရှိပါသည်။ ကြည့်ချင်လျှင် လက်တို့လိုက်ပါ)
ခရမ်းရောင်လွင်ပြင်ရဲ့ ဇာတ်လမ်းက ဘ၀တစ်ခုရဲ့ အသက်ရှင်မှုကို ပြောပြထားတာပါ။ တွယ်ရာမဲ့နေသော လူတစ်ယောက်အတွက် အသက်ရှင်ရပ်တည်ဖို့ဆိုတာ အတော့်ကို ခက်ခဲပါသည်။ ဒါပေမယ့် တစ်ချိန်ချိန်မှာ ကိုယ့်ကို မြတ်နိုးတဲ့သူ၊ တစ်နေရာရာမှာ ကိုယ်ပြန်လာမှာ သိလို့ စောင့်နေမယ့်သူ တစ်ဦးဦး ရှိခဲ့မယ်ဆိုလျှင်တော့ အသက်ရှင်ရတာ အဓိပ္ပါယ် ရှိသွားသလိုပါပဲ။ ဒါကတော့ ခရမ်းရောင်လွင်ပြင်ကပေးသည့် ခံစားမှုပေါ့။ သည်ရုပ်ရှင်ဇာတ်ကားကို မြန်မာပြည်မှာ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူး။ သီရိလင်္ကာ နိုင်ငံမှာပါ။ ဒါကြောင့်လားမသိ။ ဇာတ်လမ်းထဲမှာ မထင်မရှားပါတတ်ကြသည့် အကူသရုပ်ဆောင်အများစုက ကုလားဆင်လေးတွေ ဖြစ်နေကြတတ်ပါသည်။(စကားချပ်၊ ကျွန်တော့်ဆီမှာ DVD ရှိပါသည်။ ကြည့်ချင်လျှင် လက်တို့လိုက်ပါ)

နောက်ရုပ်ရှင်တစ်ကားကတော့ ၁၉၉၅ခုနှစ်က ရုံတင်ခဲ့သည့် ရန်ကုန်အလွန် Beyond Rangoon ဆိုတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းရဲ့ ပင်မကျောရိုးက ၈၈ ဒီမိုကရေစီတိုက်ပွဲကို အခြေခံထားပြီး တစ်ကမ္ဘာလုံးဖြန့်သည့် ရုပ်ရှင်ကားတစ်ခုပါ။ ဟောလိဝုဒ်ရုပ်ရှင် အဆင့်အတန်းအနေနဲ့ ကြည့်လျှင်တော့ အရည်အသွေး ညံ့ဖျင်းသည့် ဇာတ်ကားတစ်ခုလို့ ဆိုနိုင်ပါသည်။ သည်ဇာတ်ကားမှာ ပါဝင်သည့် မြန်မာလူမျိုး ဦးအောင်ကိုရဲ့ သရုပ်ဆောင်ချက်တွေက အရုပ်ဆောင်ရုံ သက်သက်ထက်မပိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သည့် မိန်းကလေးကတော့ အဝေးနေကြည့်လျှင်တော့ ဒေါ်စုနဲ့ အတော်ကို ဆင်ပါသည်။
Beyond Rangoonက ဇာတ်လမ်းတစ်ခုလုံး ခြုံကြည့်လိုက်လျှင်တော့ ကြည့်ပျော်ရှုပျော်ရုံ သက်သက်ပါပဲ။ ဒါပေမယ့် ဒို့အရေး၊ ဒို့အရေး ဆိုသည့် အော်သံကြားလိုက်ရချိန်မှာတော့ ကြက်သီးထမိတာအမှန်။ မြန်မာနိုင်ငံမှာတော့ ဘယ်သောအခါမှ ရုံတင်ပြသခွင့် ရနိုင်မှာ မဟုတ်သည့် ဇာတ်ကားတစ်ကားပင်။ သည်ဇာတ်ကားကိုတော့ မလေးရှားနိုင်ငံရဲ့ နေရာတော်တော်များများမှာ ရိုက်ကူးခဲ့ခြင်း ဖြစ်ပါသည်။ သည်ဇာတ်လမ်းလေးမှာ ဦးအောင်ကိုရဲ့ စကားလေးကို သဘောကျမိသည်။ Burma is the land of Monks and soldier တဲ့။ သူပြောသည့်စကားလေးကို အစကတော့ သဘောမပေါက်ခဲ့မိပါဘူး။ နောက်ပိုင်း တစ်ခုသော စက်တင်ဘာလမှာမှ သဘောပေါက်ခဲ့သည်လို့ ဆိုလျှင်ရနိုင်ပါသည်။ သည်ဇာတ်လမ်းလေးကို ကြည့်ချင်သူများ ရှိလျှင်တော့ Youtube မှာ ကြည့်နိုင်ပါသည်။

Beyond Rangoon မှ ဇာတ်ဝင်ခန်းတစ်ချို့နောက်ထပ် မြန်မာပရိသတ်တွေကြားထဲမှာ ရေပန်းစားသည့် ဇာတ်ကားကတော့ ၂၀၀၈မှာ ရုံတင်ခဲ့သည့် ရမ္ဘိုပါ။ သည္ရမ္ဘို(နံပါတ်၎)ကိုတော့ ထိုင်းနိုင်ငံရဲ့ နေရာတော်တော်များများမှာ ရိုက်ကူးခဲ့ပါသည်။ မြန်မာပရိသတ်အနေနဲ့ ကြည့်လျှင်တော့ သည်ရမ်ဘိုကားကို အားရပေမယ့် ကျွန်တော်ကြည့်နေကြ ရုပ်ရှင်စံနှုန်းအနေနဲ့ သတ်မှတ်ရလျှင်တော့ နောက်ထပ်မကြည့်ချင်သည့် ဇာတ်ကားပါ။ အခုနောက်ပိုင်း ဟောလိဝုဒ်ရုပ်ရှင်များ၊ အထူးသဖြင့် အက်ရှင်ကားတွေမှာ အပစ်အခက်အသတ်အဖြတ်ခန်းတွေက မလိုအပ်ဘဲ အရမ်းကြမ်းလွန်းပါသည်။ သည်ရမ်ဘိုကားတစ်ခုလုံး ကြည့်နေတဲ့ အချိန်မှာလည်း ရုပ်ရှင်ရုံတစ်ခုလုံး သွေးညှီနံ့တွေ လွှမ်းနေသလိုပါပဲ။ ငယ်ငယ်ကကြည့်ခဲ့သည့် ရမ်ဘိုကားတွေက ကလေးရော လူကြီးပါ ကြည့်လို့ရ၏။ ငယ်ငယ်တုန်းကဆိုလျှင် ရမ်ဘိုကော်ရုပ်ကလေးတွေ ထောင်ပြီး ဒိုးလှိမ့်လိုက် သားရေပင်းပစ်လိုက် ကစားခဲ့ဘူးသည်။ သေချာတာကတော့ အခု မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားသည့် ရမ်ဘို၎ကို ကြည့်ပြီးသွားသည့် အချိန်မှတော့ အရင်ကလေးဘ၀လို အရုပ်ကလေးတွေ ထောင်ပြီး မကစားချင်တော့။ နောက်ထပ်အတွေးတစ်ခုကလည်း ရုပ်ရှင်ကြည့်နေချိန်မှာ ရလိုက်ပါသေးသည်။
အနောက်နိုင်ငံတွေ၏ ကိုလိုနီလက်အောက်ခံ မဖြစ်ခဲ့ဘူးသည့် ထိုင်းနိုင်ငံမှာ ရုပ်ရှင်ဇာတ်လမ်းတွေအတွက် နိုင်ငံ့ဗီလိန်က ကိုယ်တို့ မြန်မာလူမျိုးတွေပါ။ ဒါပေမယ့် ရမ်ဘိုရုပ်ရှင်ကြည့်နေချိန်မှာတော့ မြန်မာတို့ရဲ့ ဗီလိန်ဘယ်သူလဲဆိုတာ မေးခွန်းထုတ်ချင်စရာပါပဲ။ အဲသည်အချိန်တုန်းက ရမ်ဘို ရုံတင်ကာစမှာ စကာင်္ပူရဲ့ ရုပ်ရှင်ရုံတော်တော်များများမှာ မြန်မာများဖြင့် ပြည့်နေခဲ့၏။ အက်ရှင်ကားဆိုတော့လည်း အားလုံးက စိတ်ဝင်စားစွာ ကြည့်ကြတယ်လေ။ နောက်ဆုံးခန်းတစ်ခုမှာ ရန်ဘိုက သူ့ရဲ့ ရန်သူခေါင်းဆောင်ကို သတ်ဖို့ကျန်နေသည့် အချိန်မှာ ရုပ်ရှင်ကြည့်ပရိသတ်တွေထဲကနေ မြန်မာသံပီပီသသ၊ အားမလိုအားမရ ထွက်လာတာက….. ဟိုမှာ တစ်ယောက်ကျန်သေးတယ်၊ သတ်…. သတ်.. တဲ့။ အဲသည့်အသံကြားလိုက်ရချိန်မှာ ကိုယ့်ခေါင်းထဲမှာ အတွေးတွေ စီတန်းပြီးတော့ ထွက်လာပါတော့သည်။
မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားသည့် ဟောလိဝုဒ်က ရုပ်ရှင်တော်တော်များများက ဖျော်ဖြေရေးသက်သက်ထက် နိုင်ငံရေး အခင်းအကျင်းတွေက အဓိကကျနေသလိုပဲလို့ ခံစားရပါသည်။ တကယ်လို့သာ ဇာတ်ညွှန်းဆရာကောင်းကောင်းသာ ရှိလျှင်တော့ Hotel Rwanda လို လူမျိုးစု အပြတ်ဖြုတ်သည့် ဇာတ်လမ်းမျိုး၊ Schindler’s Listလို ဂျူးလူမျိုးတွေရဲ့ ကယ်တင်ရှင် ဂျာမန်စစ်ဗိုလ်တစ်ဦးရဲ့ ရုပ်ရှင်ကားမျိုးတွေ ဖန်တီးနိုင်မယ်လို့ ထင်ပါသည်။ အခုတော့ ကြည့်ပြီးသား ဟောလိဝုဒ်က မြန်မာနိုင်ငံနှင့် ပါတ်သက်သည့် ရုပ်ရှင်ကားတွေက ဖျော်ဖြေရေးသက်သက်ပါပဲ။ ဘာမှ ရင်ထဲမှာ နင့်နင့်နဲနဲ မကျန်ခဲ့ပါဘူး။


16 ယောက်ကဒီလိုမြင်တယ်တဲ့...:
ဗဟုသုတရပါတယ်။ နောက်ဆက်ရေးမှာလည်း စောင့်ဖတ်နေပါတယ်။
တကယ်ကို လိုအပ်တဲ့ ပို့စ်လေးပါပဲ ... ကိုသက်ပိုင်သူ ပြောပြသွားတဲ့ ဇာတ်ကားတွေ ထဲက နောက်ဆုံး ရမ်ဘိုကားကိုပဲ အစအဆုံး ကြည့်ခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည် ပါတဲ့ ကားကိုတော့ youtube မှာ နောက်ဆုံးပိုင်းလေး အနဲအကျဉ်း ကြည့်ခဲ့ရဖူးပါတယ် .. ကျန်တဲ့ကားတွေကိုတော့ ကြည့်နိုင်ဖို့ ကြိုးစားရဦးမှာပါ .. ဒီနေရာမှာ တစ်ခု ပြောစရာ ရှိလာတာက ကျွန်တော် ကြည့်ဖူးတဲ့ ရမ်ဘိုကားကိုပါ .. နိုင်ငံရေးထိုးနှက်မှုအတွက် ရိုက်ကူးခဲ့တဲ့ ဒီကားဟာ တကယ်တော့ လက်ညှိုးထောက်စရာပေါင်း မြောက်များစွာနဲ့ တော်တော်လေးကို ဟာကွက်များခဲ့ပါတယ် .. ကျွန်တော့်အထင် ပြောရရင်တော့ တော်တော်ကို အဆင့်အတန်းနိမ့်ပါတယ် .. ပြောရမယ် ဆိုရင် အဆင့်အတန်းနိမ့်နိမ့် ခပ်တုံးတုံး နိုင်ငံရေး တင်ပြချက် တစ်ချို့သာသာ ရုပ်ရှင်ကားပါ .. ကျွန်တော့်အထင်ပေါ့လေ ... တကယ်တမ်းနိုင်ငံရေးနဲ့ ဆက်စပ်တာကို ရိုက်ချင်ရင် ဒီ့ထက် အနုစိတ်စိတ်နဲ့ တိုင်းရင်းသားတွေရဲ့ ဘဝကိုရိုက်ပြတာ .. ပြည်တွင်းက အုပ်ချုပ်ရေး လစ်ဟင်းမှုတွေနဲ့ အစားထိုးတာ ဒါတွေနဲ့ အစားထိုး တင်ပြသွားလို့ ရပါတယ် .. နိုင်ငံတစ်ခုကို အုပ်ချုပ်မှာ ပညာတတ်တွေ အုပ်ချုပ်ကြမှာပါ ... ဆိုလိုတာက ပညာတတ်တွေကို နိုင်ငံရေး အမြင်ဝင်လာအောင် တင်ပြဆွဲခေါ်နိုင်မှ နိုင်ငံရေး ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါမယ် ... ဗလချီးနှမ်း ရိုက်ပြယုံနဲ့တော့ ဟေးလေးဝါးလား လူတွေပဲ မိုက်တယ်ကွာ ကြိုက်တယ်နဲ့ ပြောပြီး အားလုံး ဟေးလေးဝါးလားနဲ့ ပျောက်သွားဦးမှာပါပဲ ... နောက်လိုက်ကောင်းလည်း မရပါဘူး .. ခေါင်းဆောင်ကောင်းလည်း ရမှာ မဟုတ်ပါဘူး ... ပညာတတ်ဆန်ဆန် အနုပညာကို အသက်သွင်းဖို့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ် ... မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို ပညာရှင်ရော သာမာန်လူတန်းစားရော နားလည်နိုင်မယ့် တင်ပြပုံမျိုးနဲ့ အရိုးရှင်းဆုံး မြင်သာနိုင်အောင် တင်ပြဆွဲခေါ်နိုင်မယ့် ဇာတ်ကားကောင်းတွေ လိုအပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ် .. နောက်တစ်ပိုင်းကို စောင့်မျှော်နေပါတယ် ..
နေဒေးသစ်။
မှတ်သားစရာရပြန်ပီး။။။
ရမ်ဘိုကားကိုတော့ လုံးဝ လုံးဝကိုမကြိုက်ဖူး...
ဒီနိုင်ငံမှာလဲ ကိုယ့်နိုင်ငံအကြောင်းပါလို့ မကောင်းလို့
ကြည့်ပါလို့ ဘယ်သူကိုမှမတိုက်တွန်းခဲ့ဘူး
ကျန်တဲ့ နှစ်ကားတော့ မကြည့်ဖူးဘူး။။
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဟုတ်တယ်။ ကြ်န္မလဲ ရမ္ဘို(၄)ကို မၾကိဳက္ဘူး။ အရမ်းကို ကြမ်းတမ်းလွန်းတယ်ထင်ပါတယ်။
ကျန်တဲ့ကားတွေတော့ မကြည့်ရသေးဘူး။ မျှဝေပေးတာကျေးဇူးပါ။
သြော်
စကားလေးတစ်ခွန်းအရမ်းကြိုက်လို့  သေချာလေးမှတ်သားသွားပါတယ်။
ွတွယ်ရာမဲ့နေသော လူတစ်ယောက်အတွက် အသက်ရှင်ရပ်တည်ဖို့ဆိုတာ အတော့်ကို ခက်ခဲပါသည်။
ဒါပေမယ့် တစ်ချိန်ချိန်မှာ ကိုယ့်ကို မြတ်နိုးတဲ့သူ၊ တစ်နေရာရာမှာ ကိုယ်ပြန်လာမှာ သိလို့ စောင့်နေမယ့်သူ တစ်ဦးဦး ရှိခဲ့မယ်ဆိုလျှင်တော့ အသက်ရှင်ရတာ အဓိပ္ပါယ် ရှိသွားသလိုပါပဲ။
အရမ်းကို လှပတဲ့ စကားလေးပါ။
း)
Purple Plain ကြည့်ချင်လို့ လက်တို့ပါတယ်..
youtube မှာလည်း ၂ ပိုင်းပဲ တွေ့ပါတယ်..
တစ်နေရာရာမှာ တင်ပေးပါလား..
ကျေးဇူးပါ..
i also want to enjoy purple rain . Please share it .
Thz a lot !
မနေ့ကပဲ အဲ့ဒိ ခရမ်းရောင်လွင်ပြင်အကြောင်း ပြောဖြစ်သေးတယ်.. ညီ့ဘလော့မှာ ခရမ်းရောင်ကောင်းကင်ဆိုတဲ့ ဓာတ်ပုံတင်ဖြစ်လို့လေ.. အဲ့ခရမ်းရောင်လွင်ပြင် စာအုပ်ဖတ်ကြည့်ချင်တယ်ဆိုတဲ့အကြောင်း.. ဇာတ်ကားရှိတာတော့ မသိဘူး..
beyond rangoon ရော rumbo ရောတော့ ကြည့်ဖူးတယ်.. ၂ ခုလုံးမကြိုက်ပါ..း)
ဘာပဲဖြစ်ဖြစ်ပေါ့..။
လောလောဆယ် မျှဝေပေးတဲ့ စေတနာကို အထူးပင် ကျေးဇူးတင်ပါတယ်။
wow, Nice Reviews. still waiting part 2
စောင့်နေပါတယ်
အပိုင်း ၂ ကိုမျှော်မယ်ဗျာ...။ ရမ်ဘို ၄ ကိုမကြိုက် မကြည့်။
ခရမ်းရောင်လွင်ပြင်ကားကိုတော့ တကယ်ကြည့်ဖူးချင်တယ် ကြားပဲ ကြားဖူးတယ်။.
Beyond Rangoon ကိုတော့ ကြည့်ဖူးတယ် ကြိုက်တယ်။။
ရမ်ဘိုကားစရိုက်တော့ အစ်မ ထိုင်းနိင်ငံ ချင်းမိုင်မှာပဲရှိနေတယ် ချင်းမိုင်ရောက် မြန်မာတွေ သရုပ်ဆောင် ရွေးပွဲကို သွားကြ လာကြ ပျော်စရာကြီးပဲ အဓိကကတော့ သရုပ်ဆောင်ကြေးလဲ အများကြီး ချီးမြင့်သလို မင်းသားရမ်ဘိုကိုလည်း မြင်ရတာကိုး.
နောက် မြန်မာစစ်ဗိုလ်ကို ရှမ်းစစ်တပ်က ထင်တယ် သူ့ကိုရွေးလိုက်တယ် သူက တကယ့်ကို ယောကျားပီသတယ် ကြမ်းကြမ်းတမ်းတမ်းပုံ ပေါက်တယ်လေ
ထားတော့ တကယ်ရမ်ဘိုကားပြတော့ အစ်မ မကြည့်ဖြစ်ဘူး အကြောင်းအမျိုးမျိုးနဲ့ နောက်ဆုံး မဲဆောက်က RFA သတင်းထောက်ကိုမိုးကျော်က စာတိုက်ကပို့ပေးမှ ကြည့်ဖြစ်တယ်
ပထမတော့ ဆန္ဒပြမြင်ကွင်းတွေ ပြတယ် ဟုတ်ပြီပေါ့
နောက်လဲ ကျရော တဖြေးဖြေးနဲ့ ပြချင်တဲ့ သဘောကို ရေးရေးပေါက်တယ် အဆိုးဝါးဆုံးကတော့ အမေရိကန် စစ်သားတွေ လှေနဲ့သွားကယ်တဲ့အခါ တစ်လမ်းလုံး တ ဖတ် ဖတ်နဲ့ ဆဲလိုက်တာမှ မိုးကို မွှန်နေတာပဲ..
ကျွန်မက ပိုဆိုးတယ် မြန်မာမို့ မျက်လုံးလှန်ကြည့်ရင် ဖြဲပြီး မျက်စဉ်းခတ် ပစ်ချင်တာ အခုလို ဘလာချီ ဆဲ နေတာ မြန်မာနဲ့ကို ကိုင်ပြီး တစ်ချိန်လုံး ဆဲနေတာ ကိုလည်း ကြားရော ချက်ခြင်းပဲ ကောက်ပိတ် ပစ်လိုက်တယ် နောက် ရုပ်ရှင်ရိုက်တဲ့ သူငယ်ချင်းကို လှမ်း ပြောလိုက်တယ် နင်တို့ဟာကဟယ် ဆဲချက်တွေကလဲ မြန်မာ ဆိုတာကို ချည်း ကိုင်ဆဲနေပါလားလို့ နောက်ပြီး မြန်မာစကားလုံး ရွေးတာတွေကလည်း မြန်မာတွေပါရက်နဲ့ ဆိုးလိုက်တာဟယ်လို့ ကောင်းကောင်းပြောပစ်လိုက်တယ်
ဟုတ်တယ် အုပ်ချူပ်သူ အာဏာကိုင် မကောင်းလို့ ခေတ်မကောင်းလို့သာ မြန်မာဆိုတာ အများအလယ်မှာ ပုံစံ တစ်မျိုးဖြစ်ရတာ မြန်မာဟာ မြန်မာပဲ မြန်မာဂုဏ်ကို မြန်မာက မြှင့်ရမယ် ဆိုတာ မြန်မာတွေကို ပြစေ့ချင်တယ် သိစေ့ချင်တယ်
thanks for sharing this post.
I read all of the same posts.
Beyond Rangoon ကို ၁၉၉၅ ခုနှစ်က ရုံတင်တယ်ဆိုတာ မမေ့ပါနဲ့။ ခေတ်ပြိုင်ကားတွေနဲ့ ယှဉ်ကြည့်ရင် မညံ့ပါဘူး။ Suspense အပြည့်ခံစားရပါတယ်။ မင်းသမီး သေများ သေမလား ဆိုပြီးတော့လေ။ ကျွန်တော့်အတွက်ကတော့ ၁၀ မှတ်မှာ ၈ မှတ်တန်ကားပါ။
ရှင်သန်နေထိုင်ရတဲ့ဘ၀မှာ မထားခဲ့ ရက်နိုင်တဲ့ဘ၀တွေရှိနေမှလည်း
တော်တော်ကို ၀မ်းနည်းစရာ စကားလုံးလေးတွေပါပဲ။ ဟိုမှာတစ်ယောက်ကျန်သေးတယ်သတ်.ဆိုတာ။။ ပြီးတော့.. အရင် က ဂျပန်စစ်သား နဲ့ တူတာ မြန်မာလူမျိုးတွေဆိုတာ..။
Post a Comment