June 1, 2009

ရွှေတိဂုံအတုလား မူပွားလား



ကျွန်တော် သည်ပို့စ်လေးကို ရေးရန် အတော်လေးကို အချိန်ယူခဲ့ရပါသည်။ အတော်လည်း စဉ်းစားခဲ့ရပါသည်။ ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုအတွက် ငြင်းခုံမှုတွေ ဖြစ်မှာ စိုးလို့ပါ။ သည်ပို့စ်လေးကို ဖတ်သည့် မည်သူမဆို့ ဘာသာရေးရှုထောင့်ထက် ဗိသုကာ ရှုထောင့်ကနေ ကြည့်ဖို့ မေတ္တာရပ်ခံပါရစေ။

ကျွန်တော်တို့မြန်မာနိုင်ငံက ဘုရားစေတီပုထိုးနဲ့ ပါတ်သက်လာရင် ကမ္ဘာကျော်တဲ့ နိုင်ငံတစ်ခုပါ။ ပုဂံဘုရားပုထိုးတွေက မြန်မာတွေ အလှူအတန်းရက်ရောရုံသာမက ဘုရားကျောင်းကန်တည်တာလည်း အတော့်ကို သဒ္ဓါတရားထက်သန်တဲ့ လူမျိုးတွေ ဖြစ်ကြောင်း သက်သေခံနေပါသည်။ နောက်ထပ် မြန်မာကို ကမ္ဘာကမှန်း သိအောင် လှစ်ဟပြနေသော စေတီတစ်ဆူက ရွှေတိဂုံ ဘုရားပါ။ ရွှေတိဂုံဘုရားက တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သောကြောင့် နိုင်ငံတကာက လာရောက်ဖူးမြော်လေ့လာသူတွေ တစ်နေ့တခြား များလာပါသည်။

သည်နေရာမှာ ဘုရားသို့လာရောက်တဲ့သူတွေရဲ့ အကြောင်းအရာလေးတွေကို ကျွန်တော် ပြောပြချင်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက မိသားစုလိုက် ရွှေတိဂုံဘုရားသွားဖူးလေ့ရှိပါသည်။ အိုးခွက်ကြီးငယ် စားသောက်ဖွယ်ရာ အစုံစုံနဲ့ပေါ့။ ဘုရားဖူးတာထက် ဘုရားလည်တယ်လို့ဆိုရင် ရမလား ဒါမှမဟုတ် မြန်မာနည်း ပျော်ပွဲစား ထွက်တာဆိုရင် မှန်မလား။ နောက်ပြီး မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရောက်လာသည့် ဘုရားဖူးဧည့်သည်။ ဘုရားကျောင်းကန် အတူတူတက်ချင်သော ချစ်သူရည်းစား စုံတွဲ။ သည်လူတန်းစားများအားလုံးက မြန်မာပြည်က ဗုဒ္ဓဘာသာ အများစုတွေပေါ့။

ရွှေတိဂုံဘုရားကို လာဖူးသော နိုင်ငံတကာက လူမျိုးတွေမှာလည်း ဘာသာချင်းတူသည့် ထိုင်း၊ သီရိလကာင်္များအပြင် မဟာယာနဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်နိုင်ငံတွေလည်း ပါဝင်ပါသည်။ ရွှေတိဂုံဘုရားကို လာလည်သော အနောက်နိုင်ငံများနှင့် တခြားဘာသာကိုးကွယ်သော နိုင်ငံများမှ လူမျိုးခြားများလည်း ရှိပါသေးသည်။ သူတို့တွေကျတော့ ရွှေတိဂုံဘုရားကို လာလည်တာက ဘုရားတန်ခိုးကြီးလို့ မဟုတ်သလို။ ဖူးမြော်ရရုံသက်သက်လည်း မဟုတ်ပါဘူး။ ရွေတိဂုံဘုရားရဲ့ ထင်ရှားသော ဗိသုကာလက်ရာနဲ့ ဘုရားပတ်ပတ်လည်မှာ ရှိသော ခေတ်အဆက်ဆက်က ရှေးဟောင်း မြန်မာမှုအနုပညာ လက်ရာတွေကြောင့်ပါ။ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေလိုပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးများ ခရစ်ယာန်ဘုရားကျောင်းကို သွားလည်လျင် လျောက်ပတ်ကြည့်ရှုမယ်။ ဓါတ်ပုံရိုက်မယ်။ အဲသည်လိုပေါ့။ ဒါတွေအားလုံးက ဘုရားကို ရောက်လာကြသော လူအမျိုးမျိုးရဲ့ အခြေခံကျတဲ့ ရွှေတိဂုံ ဘုရားပေါ် စိတ်ဝင်စားသော အကြောင်းအရာတွေပေါ့။

အခုတော့ လူအမျိုးမျိုးအထွေထွေ လာလည်ရာ ရွှေတိဂုံဘုရားအတွက် ကျွန်တော် သောကတွေ ဝေနေမိသည်။ အခုဆို ရွှေတိဂုံဘုရားလို ပုံစံတူ၊ ဆိုက်ဒ်တူ ဘုရားတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တင်မကဘူး အိန္ဒိယနိုင်ငံမှာလည်း ရှိနေပါပြီ။ ကျွန်တော် အစိုးရိမ်ဆုံးကတော့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ တည်ဆောက်နေသည့် ရွှေတိဂုံ ပုံစံတူ ကမ္ဘာပေါ်တွင် အကြီးမားဆုံး လိုဏ်ဂူ ၀ိပဿနာ စေတီတော်ကြီးပေါ့။ ကမ္ဘာပေါ်မှာ ကျောက်တုံးနဲ့ ဆောက်သည့် အကြီးဆုံး လိပ်ခုံးလှိုဏ်ဂူဆိုလျင်လည်း မမှားပါဘူး။ ရွှေတိဂုံစေတီထက် ဥာဏ်တော် တစ်ပေကျော်ကျော်လောက်ပဲ နိမ့်၍ သိပ်ပြီး မကွာလှပါဘူး။ အခုဆို ကမ္ဘာပေါ်မှာ ရှိသည့်ဗိသုကာ ပညာရှင်တွေက ထိုစေတီကြီးကို စိတ်ဝင်စားနေကြ၏။ ထိုစေတီကို ဆရာကြီး ဦးဂိုအင်ကာ ဦးစီးသော မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်သွယ်မှု သင်္ကေတ တစ်ခုအဖြစ် တည်ဆောက်ထားခြင်းပါ။ ထိုစေတီမှာတင်လှူမည့် ထီးတော်ကိုလည်း မြန်မာနိုင်ငံက ရွှေတိဂုံစေတီမှာ လူအများဖူးမြော်နိုင်ရန် စီစဉ်ခဲ့ပါသေးသည်။ နောက်ပြီး စေတီမှာ ရှိသည့် တချို့သော စိတ်အပိုင်းများမှာလည်း မြန်မာမှု အနုလက်ရာတွေနဲ့ ဖန်တီးခဲ့ပါသေးသည်။ ကျွန်တော်တို့ မြန်မာဗိသုကာလက်ရာတွေ အိန္ဒိယအထိ တိုးပေါက်ဝင်ရောက်နိုင်တာက အတော်လေးကို ဂုဏ်ယူစရာကောင်းပါသည်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ မတင်မကျဖြစ်နေတာက ဘုရားရဲ့ ဥာဏ်တော်ပါ။ လူသာမန်စကားအရ ပြောလျင်တော့ ရွှေတိဂုံကို ပုခုံးချင်းလာယှဉ်တယ်ပေါ့။

သည်နေရာမှာ နည်းနည်းလေး ထည့်ပြောချင်တာက မြန်မာဗိသုကာ စေတီပုထိုးများအကြောင်းပါ။ မြန်မာတွေရဲ့ ဗိသုကာက အိန္ဒိယလူမျိုးတွေနှင့် မွန်လူမျိုးတွေဆီက ရခဲ့ပါသည်။ အဲသည့်နောက် ခေတ်အဆက်ဆက် ပြုပြင်ဖန်တီး ပေါင်းစပ်လာရင်းဖြင့် မြန်မာဟန် မြန်မာစစ်စစ် ဗိသုကာ လက်ရာတစ်ခု ပေါ်ပေါက်လာပါသည်။
၁၅ရာစု (ခန့်မှန်း) နောက်ပိုင်းမှာ ဖြစ်တည်လာခဲ့သော ရွှေတိဂုံဟန်လက်ရာ စေတီပုထိုးတွေ မြန်မာပြည် အရပ်ရပ်မှာ ပေါ်ပေါက်လာပါသည်။ ဒါပေမယ့် ဘယ်စေတီမှ ရွှေတိဂုံဘုရား နီးပါးလောက် မတည်ဆောက်ခဲ့ပါဘူး။ လွန်ခဲ့သော မတ်လကထီးတော်တင်ခဲ့သည့် နေပြည်တော်က ရွှေတိဂုံပုံတူ စေတီကလွဲလို့ပေါ့။ ထိုစေတီကလည်း ရွှေတိဂုံထက် ဥာဏ်တော် တစ်ပေပဲ နိမ့်ပါသည်။ ဘာပဲ ပြောပြော မြန်မာနိုင်ငံ၊ ရန်ကုန်မှာ ရွှေတိဂုံ ရှိသလို၊ နေပြည်တော်မှာလည်း ရွှေတိဂုံရှိတယ်လို့ ပြောစမှတ် ပြုလာပါသည်။

ရွှေတိဂုံလို ပုံစံတူတွေ အခုနောက်ပိုင်း ပေါ်ပေါက်လာသည့်အခါ နဂိုမူရင်း ရွှေတိဂုံ ဘာဖြစ်သွားနိုင်ပါသလဲ။ အခုလောလောဆယ်တော့ ဘာမှ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် နှစ်ပေါင်းရာချီ ကြာလာသောအခါ ပြဿနာကတော့ ပေါ်လာနိုင်သည်။ပြဿနာလို့ ကျွန်တော်ဘာကြောင့် ပြောရသလဲဆိုတာ ဗိသုကာပညာရပ် ရှုထောင့်ကနေ ရှင်းပြချင်ပါသည်။

ဗိသုကာပညာဆိုတာ အဆောက်အဦးတစ်ခု ဖန်တီးရုံသက်သက် မပါဝင်ပါဘူး။ လမ်းတံတားများ၊ မြို့ပြအိမ်ရာစီမံကိန်းများအထိ ပါဝင်ပါ၏။ မြို့တစ်ခုကို ဒီဇိုင်းရေးဆွဲရာမှာ အနည်းဆုံးနှစ်သုံးဆယ် အထိကြိုတင်ရေးဆွဲရသည်။ ခဏခဏလည်း လိုအပ်လျင်လိုအပ်သလို ပြင်ရပါသေးသည်။ မြို့တစ်ခု ဖန်တီးရာမှာ ထိုမြို့မှာ နေထိုင်မည့်လူများအတွက် ထည့်သွင်းစဉ်စားရုံတင် မကပါဘူး။ ထိုမြို့ရဲ့ အထင်ကရ၊ မှတ်ကျောက် ဖြစ်နိုင်မည့် Landmark လို့လည်းခေါ်သည့် နေရာ၊ အဆောက်အဦးတွေကိုပါ ဖန်တီးရပါသေးသည်။ ထိုအရာတွေကို ကြည့်ပြီး ထိုမြို့က ဘယ်မြို့ ဆိုပြီး သာမန်လူကအစ ချက်ချင်း သိနိုင်ပါသည်။ ဥပမာ ပြင်သစ်နိုင်ငံ အီဖယ်မျှော်စင်ပေါ့။ အီဖယ်မျှော်စင်ကို တွေ့လိုက်တိုင်း ဒါ ပြင်သစ်နိုင်ငံ ပါရီ (ပဲရစ်)မြို့မှန်းသိကြသည်။ နောက်ဥပမာက မလေးရှားက ပတ်ထရိုနာမိုးမျှော်အဆောက်အဦးနှစ်ခုပါ။ ထိုအဆောက်အဦးကို မြင်တာနဲ့ မလေးရှားရဲ့ ကွာလာလမ်ပူမြို့မှန်း သိကြပါသည်။ ဤသို့ဆိုလျင် ကျွန်တော်တို့ မြန်မာနိုင်ငံက ရန်ကုန်မြို့ကြီးဆိုလျင်ရော။ ရှင်းရှင်းလင်းလင်း လူတိုင်း သိပါသည်။ ရွှေတိဂုံစေတီပေါ့။

ဒါပေမယ့် နှစ်တွေကြာလာလျင်တော့ ရန်ကုန်မြို့ရဲ့ Landmark က ရှုပ်ထွေးလာနိုင်ပါသည်။ အိန္ဒိယက ၀ိပဿနာ စေတီတော်ကလည်း မွန်ဘိုင်းမြို့ရဲ့ Landmark ဖြစ်ဖို့တာစူနေပါပြီ။ ဘာအဆောက်အဦး ကြီးကြီးမားမားမှ မရှိသေးသော နေပြည်တော်မှာလည်း ရွှေတိဂုံစေတီ ပုံစံတူက ဘယ်နေရာကနေကြည့်ကြည့် မြင်နိုင်သည့် နေပြည်တော်ရဲ့ Landmark ဖြစ်လာပြီ။ ထို့ကြောင့် မကြာခင် (မြန်မာနှင့် ထိုင်းလက်ရာတွေကိုတောင် ရောထွေးနေတတ်သော) နိုင်ငံခြားသားများအနေနဲ့ ရန်ကုန်ရဲ့ Landmarkနဲ့ တခြားနေရာက Landmark တွေနဲ့ မျက်စိလည်စ ပြုလာမှာပါ။ မြန်မာလူမျိုးတိုင်းကတော့ ရွှေတိဂုံဘုရားရဲ့ တန်ခိုးကြီးပုံ အနုပညာလက်ရာမြောက်ပုံကို သိကြပေမယ့် မြန်မာသိသလို တခြားလူမျိုးခြားတွေ မသိနိုင်ပါဘူး။ မြန်မာဂီတလောကမှာ ဖြစ်နေသည့် ပြဿနာလိုပေါ့။ မူရင်းအခွေရဲ့ တန်ဖိုးနှင့်ကြိုးပမ်းအားထုတ်မှုကို နားမလည်သည့် ပရိသတ်တွေက ဈေးပေါပေါဖြင့်၊ မူရင်းနီးပါးလောက်ကောင်းမွန်သည့် ကော်ပီတွေကိုပဲ အားပေးကြမှာပါ။ ဒီလိုပါပဲ မူရင်းရွှေတိဂုံရဲ့တန်ဖိုးကို နားမလည်ကြသည့်လူတွေအတွက် မူပွားတွေက ပိုကောင်းတယ်ထင်နေမှာ ကျွန်တော်စိုးရိမ်မိ၏။

အဆင့်ဆင့် ပြောင်းလဲတိုးတက်လာသည့် မြန်မာဗိသုကာလက်ရာတွေမှာ စေတီမှန်ရင် ရွှေတိဂုံပုံစံလို ဆောက်ကြရမှန်း မြန်မာလူမျိုးတိုင်းသိကြပါသည်။ ဒါပေမယ့် သာမန်မျက်စိနဲ့တောင် မမြင်ရသည့် တစ်ပေလောက်နိမ့်သည် ရွှေတိဂုံပုံစံတူလိုတော့ ထပ်မဆောက်မိကြပါစေနဲ့လို့ ဆုတောင်းမိပါသည်။ အထူးသဖြင့် တခြားနိုင်ငံတွေမှာပေါ့။ ပုံစံတူတည်ဆောက်ကြမယ်ဆိုလျင်လည်း သိသာမြင်သာမည့် ဥာဏ်တော် အနိမ့်အမြင့်ဖြင့် တည်ဆောက်နိုင်လျင် ပိုကောင်းမယ်လို့ ကျွန်တော်ယူဆမိပါသည်။ ဒါမှသာ ကျွန်တော်တို့ မြို့တော်ရန်ကုန်ရဲ့ Landmark တစ်ခုဖြစ်သည့် ရွှေတိဂုံစေတီကို ကာကွယ်ရာရောက်မှာပါ။




နေပြည်တော်မှ ရွှေတိဂုံမူပွား

နေပြည်တော်ရဲ့ ဘယ်နေရာကနေကြည့်ကြည့် ဖူးမြော်နိုင်သော ပုံစံတူစေတီ

အိန္ဒိယက ၀ိပဿနာစေတီတော်

ဒီဇိုင်းထုတ်ထားပုံ

စေတီရဲ့အတွင်းပိုင်းမှာ အခုလို လူပေါင်းများစွာ တရားထိုင်လို့ ရနိုင်ပါသည်။


နည်းနည်းလောက် ထပ်ဆွေးနွေးချင်ပါတယ်။ ဘုရားစေတီဗိသုကာနဲ့ ပါတ်သက်ပြီး ကောပီရိုက်လုပ်လို့မရဘူး ထင်ပါတယ်။ စေတီရဲ့ ဗိသုကာကလည်း အဆင့်ဆင့် ပြောင်းလဲလာရင်းနဲ့ ကိုယ်ပိုင်ဒီဇိုင်း ဖြစ်လာတာပါ။ ကိုယ်ပိုင် မဖြစ်ခင်ကတည်းက သူများရဲ့ ဗိသုကာအခြေခံကို ယူခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ပိုင်ယဉ်ကျေးမွှ အမွေအနှစ်အဖြစ်တော့ ကော်ပီရိုက်လုပ်လို့မရပါဘူး။ နောက်ပြီး စေတီနဲ့ ပါတ်သက်တဲ့ ဗိသုကာ အခြေခံတွေကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆင်တူပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ပုံသွင်းရင်းနဲ့ မြန်မာလက်ရာ ထိုင်းလက်ရာ ဆိုပြီး ဖြစ်ပေါ်လာတာပါ။ မြန်မာ့စေတီဗိသုကာ သီအိုရီမှာလည်း ရွှေတိဂုံကို နည်းယူပြီး ညွှန်းပါတယ်။ ဒါကြောင့်မို့လို့ မည်သူမဆို ရွှေတိဂုံဘုရားတိုင်း ဆောက်ခွင့်ရှိပါတယ်။

ကျွန်တော့်ရဲ့ပို့စ်ကလည်း ကောပီရိုက်ထက် ဘုရားဥဏ်တော်ကို မီးမောင်းထိုးပြချင်တာပါ။ ကျွန်တော်တို့ ဘုရားတည် ကျောင်းဆောက်တဲ့အခါ ရွှေတိဂုံရဲ့ ဥာဏ်တော်နီးပါးလောက် မဆောက်သင့်ဘူးလို့ အကြံပေးချင်တာပါ။ တကယ်လို့ ရွေတိဂုံထက် ဥာဏ်တော်မြင့်တာပေါ်လာရင် အလိုလိုနေရင်း ရွှေတိဂုံရဲ့ ကြီးမြတ်မှုက ဗိသူကာလောကမှာ နေရာချင်းယှဉ်လာနိုင်ပါတယ်လို့ ပြောချင်တာပါ။ အခုဆိုရင် နည်းပညာအသစ်တွေနဲ့ တည်ဆောက်ထားတဲ့ အိန္ဒိယက စေတီက ကမ္ဘာပေါ်မှာ ကျောက်တုံးနဲ့ ဆောက်တဲ့ အကြီးဆုံး လိုဏ်ခေါင်းစေတီဖြစ်လို့ အနည်းဆုံးနှစ်ပေါင်း ၂၀၀၊ ၃၀၀လောက်ကြာရင် ဗိသုကာလောကမှာ ရွှေတိဂုံထက် နေရာပေးခံလာရမှာ ထင်လို့ပါ။ ရွှေတိဂုံကလည်း သူ့ထက်စာရင် သက်သမ်းပိုကြာမှာမလား ဆိုပြီး စောဒကတက်လို့ရပါတယ်။ ဒါပေမယ့် နှစ်ပေါင်း များစွာအတွင်းမှာ ထိုပုံတူစေတီကိုလည်း ခမ်းနားသည်ထက် ခမ်းနားအောင် မွမ်းမံခဲ့မယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။ ဒီနေရာမှာ စေတီမွမ်းမံရင် အသစ်ဖြစ်အောင်မွမ်းမံရမယ်လို့ မြန်မာတွေခံယူထားတာကိုလည်း မမေ့ပါနဲ့။ ယခုလက်ရှိ ရွှေတိဂုံဘုရားစောင်းတန်းတွေ။ ပုဂံဘုရားတွေ အသစ်ဖြစ်ကုန်တာ သတိပြုနိုင်ပါတယ်။

28 ယောက်ကဒီလိုမြင်တယ်တဲ့...:

ဖိုးစိန် said...

စဉ်းစားစရာတော့ ရပါတယ်
ဒါပေမယ့် ကိုယ်တိုင်က ဒီလောက်ထိ ဗဟုသုတ ပြည့်စုံသူ မဟုတ်တော့ မပြောတတ်ပါဘူး...
ဗုဒ္ဒစွယ်တော် တွေ ဘယ်လောက်ပွားယူယူ..
အစစ်တည်နေရာကို မပျောက်မပျက် ထင်ထင်ရှားရှား လူတွေသိကြသလို...
ရွှေတိဂုံ စေတည်တော်ရဲ့ ပုံတော်ကို ဘယ်လောက်ပင်
တိကျလောက်အောင် တူနေပါစေ မူရင်းနဲ့ယှဉ်လို့ မရပါဘူး
သမိုင်းက ရေးထားပြီးသားပါ
ခေတ်သစ် ဗိသုကာလက်ရာကို ချီးမွမ်းချင်တာထား
ခေတ်ဟောင်းက လက်ရာနဲ့ အတူ တည်တံ့ခဲ့တဲ့
ုတုနှိုင်းလို့ မရတဲ့ တန်ခိုးတော်နဲ့ တည်ဆောက်ထားတဲ့ လက်ရာကိုတော့ ယှဉ်လို့ရမယ်မထင်ဘူး
ထင်တာပြောတာနော်
လျှာကရှည်မိပြန်ပြီး

ဘာပြောပြော ကျနော်တို့ မြန်မာရဲ့ အထင်ကရ
တန်ခိုးကြီးသော လက်ရာမြောက်သော သမိုင်းဝင်သော
ရွှေတိဂုံစေတီတော်ကြီး ကိုသပယ်တင့်တင်စွာစွာ ထာဝရတည်ရှိစွာ ဖူးမျှော်နေရမှာ အမှန်ပါ...
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

သက်ပိုင်သူ said...

ကိုကိုစိန်ေ၇..
ဗုဒ္ဓစွယ်တော်ပွားနဲ့ ဗိသုကာလက်ရာနဲ့ မတူပါဘူး..
စွယ်တော်ကို ဘယ်လိုပွားပွား မူလပုံသဏ္ဏန်စွယ်တော်နဲ့ အချင်းအရာကို မရနိုင်ပါဘူး.. စွယ်တော်ပွားဆိုပြီး Symbol ပဲ ယူလို့ ရပါတယ်။ Architecture မှာတော့ ဒီလို မဟုတ်ပါဘူး.. ပုံစံတူ ကူးချလို့ရပါတယ်။ ကျွန်တော် အဓိက ပြောချင်တာက ရွှေတိဂုံစေတီထက် .. ကျွန်တော်တို့ ရန်ကုန်ရဲ့ Landmark ကို အဇိက ပြောချင်တာပါ။ မန္တလေးဆိုရင် မြို့ရိုးနဲ့ ကျုံးပြသာဒ်ပေါ့။

MANORHARY said...

yeah!! that's the point they should notice!! thanks for ur post !! but the only thing we can do is feeling worry for it !!

zarchi said...

Landmark အရမသိတဲ့သူတွေအတွက်ဝေဝါးမှုတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ရွှေတိဂုံက နေ့ချင်းညချင်းအခုမှဖြစ်လာတာမဟုတ်တော့ Architecture နည်းအရတထပ်တည်းတူတယ်ပဲထားဦး ဘယ်အရာကမှယှဉ်လို့မရဘူးဆိုတာကို တို့ယုံကြည်ထားတဲ့အတိုင်းအားလုံးကသိကြမှာပါ။ သမိုင်းကသက်သေထူပါလိမ့်မယ်။

နန်းညီ said...

ရွှေတိဂုံကိုတည်တုန်းက ရာစုနှစ်နဲ့ ခုရာစုတွေက အတော်ကွာခြားသွားပြီလေ.. အဲ့တုန်းက အဲ့လိုတွေမလုပ်နိုင်ခဲ့လို့ အတုမရှိဖြစ်လာခဲ့တာ.. ခုမှ လာတုနေလို့တော့ မှီမယ်မထင်ဘူးနဲ့တူပါတယ်.. ခုခေတ်မှာ အဲ့လောက်လုပ်နိုင်တာက မထူးမှ မထူးဆန်းတော့တာ.. ဟုတ်ဖူးလား

Talkii said...

နောက်တစ်နေရာမှာ Eiffel Tower ထပ်ဆောက်ရင် အားလုံးက အတုခိုးပြီးဆောက်တာလို့ ၀ိုင်းပြောပြီး ကန့်ကွက်ရင် ကန့်ကွက်လိမ့်မယ်။ တိုင်းတစ်ပါးမှာ ရွှေတိဂုံပုံတူ ထပ်ဆောက်ရင်တော့ ဗုဒ္ဓသာသနာ ထွန်းကားတယ်ဆိုပြီး အားပေးကြလိမ့်မယ်ထင်တယ်။ ဗိသုကာတွေတော့ နားမလည်ဘူးဗျာ။

ခမ်းကီး said...

ကျနော်တို့အတွက် တန်ဖိုးရှိတော့တာက သမိုင်းနဲ့ ရာဇ၀င်လောက်ပဲလို့ ထင်ပါတယ်။ (ထင်မြင်ချက်မျှသာ)

လင်းဒီပ said...

တွေးရင်း ပြန်သွားပါတယ်...။

ရွှန်းမီ said...

ရွှေတိဂုံအစစ်မှာ ကုန်းတော်နဲ့ ဆောင်းတန်းတွေကလည်း စေတီပုံစံနဲ့ အချိုးကျကျ ရှိပါတယ်။
ကျန်တဲ့အပွားတွေမှာ မရှိပါဘူး ..
ရွှေတိဂုံစေတီတော် သပ္ပာယ်ရခြင်းဟာ ကုန်းတော်နဲ့ စေတီတော်ပုံ ပနံရလို့လည်း ဖြစ်ပါတယ်။ မြေပြန့်ရင်ပြင်မှာတည်တဲ့ ရွှေတိဂုံပွားတွေနဲ့ ခြားနားပါတယ်။

မိုးခါး said...

အင်း .. ပြောလိုက်မှ စိုးရိမ်စရာပါလားလို့ စဉ်းစားမိသွားတယ် ..
ကာကွယ်ရမယ့်အရာတွေကလည်း အများသားနော် ..

BLACK DREAM said...

ဒါ ရန်ကုန်ရဲ့ Copyright ကို နားလည် ပါးရိုက်လုပ်မှုပဲ..။

ပိုင်ဖြိုးကို said...

ရွှေတိဂုံကို ပုံစံတူ တည်ကြတာခြင်းအတူတူ ဆရာကြီးဦးဂိုအင်ဂါ လိုဝိပဿနာပွားများဖို့ ရည်ရွယ်ပြီး အများအကျိုးအတွက် တည်ရင်တော့ ဘယ်လောက် များများတည်တည် လူ၊ နတ်၊ ဗြမ္မာ သာဓုခေါ်မှာပါ။ ရွှေတိဂုံကို တုချင်ရုံ၊ ပုံစံပြချင်ရုံ သက်သက်ပဲဆိုရင်တော့ ပစ္စုပ္ပန်၊ သံသရာ အကျိုးမများပါဘူးကွာ ....

littlebrook said...

ငါကတော့တမျိုးတွေးတယ် အိန္ဒိယကနေ ငါတို့ယူတာက ပိုများတယ် ဗုဒ္ဓဘာသာလည်း သူတို့ဆီကလေ စစ်မှန်တဲ့အရာက ဘယ်တော့မှမပျောက်ဘူး

မြစ်ကျိုးအင်း said...

ကျွန်တော့်အမြင်လေးပြောချင်ပါတယ်..။
ကျွန်တော်က ဗိသုကာရှုထောင့်က ကြည့်မှာမဟုတ်ပါဘူး
အဲဒါတွေအားလုံးထက် အရေးကြီးဆုံးက ကျွန်တော်တို့ ဘာသာတရား မကွယ်ပျောက်ဘို့ပါပဲ...။
ဖြစ်နိင်ရင် နိင်ငံတိုင်းမှာ ရွှေတိဂုံ ပုံတူတည်မယ်ဆိုရင်
ကျွန်တော်တကယ်ဝမ်းမြောက်မိမှာပါ...။
ဘယ်သူတွေက landmark တွေ မှားချင်းမှားပါစေ...။
သေချာတာတော့ မြန်မာတနိင်ငံလုံး မွန်ဘိုင်းအထိ သွားမဖူးနိင်ပါဘူး..။မြန်မာတွေအတွက် ရန်ကုန်က ရွှေတိဂုံ စေတီက အတုမရှိ ကြည်ညိုကိုးကွယ်စရာပါပဲ..
မွန်ဘိုင်းမှာ၇ှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကလည်း ရန်ကုန်
ရွှေတိဂုံစေတီကို လာမဖူးနိင်ပဲ သာသနာရေးကို မေ့လျော့သွားမှာထက်စာရင် တပုံစံထဲ တည်ထားတဲ့ ပုံတူစေတီကို ဖူးမျှော်ပြီး သာသနာ သက္ကရာဇ် တွေကို ပိုပြီး တည်တံ့စေမယ်ဆိုရင် ဒါဟာ ဗုဒ္ဓဘာသာ အတွက် ပိုပြီးလက်တွေ့ကျတဲ့ လုပ်ရပ်လို့ ထင်မိပါတယ်...။
ဒါဟာ ကျွန်တော့်ရဲ့ အမြင်ပါပဲ ..အနည်းငယ်ကွဲလွဲ နိင်ပေမယ့် တင်ပြခွင့်ပေးတာကိုလဲ ကျေးဇူးတင်ပါတယ်
..သက်ပိုင်သူနဲ့ ကျွန်တော်က နောက်ဆုံးတလုံးပဲ နာမည် လွဲတယ်..အရှေ့နှစ်လုံးစလုံး နာမည်တူတယ်ဗျ

ကိုကိုဂွေး said...

ူlandmark အနေနဲ့ ထိန်းသိမ်းဖို့ဆိုရင် လုံးဝထောက်ခံပါသည်. မဖြစ်သင့်ဘူးပေါ့။ ဒါပေမဲ့ ကျတော်တို့ ဗုဒ္ဓဘာသာ အနေနဲ့က ဘုရားတည်တယ်ဆိုရင် ကုသိုလ်ရေးမို့ ဝမ်းသာဂုဏ်ယူနေကျတာပါပဲ။ ဒါပေမဲ့ landmark တွေကိုတော့ မရောထွေးအောင်လုပ်ဖို့ကောင်းတာပေါ့နော်...အသက်ရဲ့ သူတစ်ပါးနဲ့ မတူတဲ့ ရှုထောင့် အမြင်လေးတွေကို လေးစားတဲ့

ဆောင်း said...

ကျွန်မလည်း စာရေးသူနဲ့  စိတ်ကူးတူပါတယ်။ မဆောက်ခင်ကတည်းက ဆောက်နေရင်း အချိန်မှာ copyright အဖြစ် ကန့် ကွက်သင့်တယ်လို့ မြင်ပါတယ်။

မေငြိမ်း said...

ဖြစ်နိုင်ရင် ပုံစံကွဲတာကောင်းပေမဲ့ တုတယ်ဆိုလည်း အတုကတော့ ရှေါ်ဟောင်းတန်ဖိုးအရ စစ်ဆေးလို့ရပါတယ်။ တကယ့် ရှေးဟောင်းကျွမ်းကျင်တွေဆိုရင် အုတ်တချပ်ကောက်ကြည့်လိုက်တာနဲ့ ခေတ်ကို နှစ်ကို မှန်းနိုင်တာပဲလေ..။ ဆိုးတာက ရှေးဟောင်းပစ္စည်းကို သစ်အောင် လုပ်တာတွေက ပိုဆိုးတာလို့ အမထင်ပါတယ်။

Minn said...

ရောက်၏ ဖတ်၏
တွေပြီးပြန်ပါသည်
ကော့မန်.တွေကိုလည်း အားရပါးရ ဖတ်သွား၏
ကိုသက်ပိုင်သူဆိုလိုတာကို သဘောပေါက် ပါသည်...

dtp said...

whatever the design is .... as long as it is an illustration of Buddhism would be a valuable benefit for this golden religion. I wish this to happen in all over the world. (just my opinion)

နွေးနေခြည် said...

ကိုပိုင်ဖြိုးကို littlebook နဲ့ ကိုမြစ်ကျိုးအင်းတို့ပြောသလိုပါပဲ...
ဘာသာရေးရှုထောင့်ကကြည့်ရင် ရည်ရွယ်ချက်ကောင်းရင် သာသနာပြန့်ပွားတဲ့အတွက် သာဓုခေါ်သင့်ပါတယ်။ ဘုရားဖြစ်ပြီးရော တုချင်ရုံသက်သက် ယတြာယာချေတဲ့သဘောနဲ့ဆိုရင်တော့ အကျိုးမရှိပါဘူး။
သိခဲ့သလောက်တော့ ဆရာကြီး ဦးဂိုအင်ဂါ ဒီဘုရားကို တည်တဲ့ရည်ရွယ်ချက်က ဆရာကြီး ဦးဘခင်ရဲ့ ဆန္ဒကိုဖြည့်ဆည်းတာပါ။ ဆရာကြီးဦးဘခင်က ဗုဒ္ဓဘာသာ သာသနာက အိန္ဒိယကနေ စီးဆင်းလာပေမယ့် အခုအချိန် အိန္ဒိယမှာ သာသနာကွယ်လုနီးပါးဖြစ်နေလို့ အိန္ဒိယကို ကျေးဇူးဆပ်ချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ ဒါကကောင်းတဲ့ ရည်ရွယ်ချက်မို့ ၀မ်းမြောက်ဝမ်းသာကြိုဆိုသင့်ပါတယ်။ ဥာဏ်တော်ကိုလည်း တပေနှိမ့်ထားပြီးသားပါ။ ဒါကလည်း နောင်တချိန် သမိုင်းမှာ ယှဉ်ကြပြီဆိုရင် မူရင်းကို အသာပေးထားတဲ့သဘော၊ မူရင်းကအသာရနိုင်တဲ့သဘောပါ။
ကိုသက်ပိုင်သူက landmark အတွက်စိတ်ပူနေတဲ့ ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ်ကိုတော့ လေးစားပါတယ်။ သိပ်စိတ်မပူပါနဲ့... အစစ်ကအစစ် တုထားတာတွေက တုထားတာတွေပါ။ ဗိသုကာမျက်စိ၊ သမိုင်းသုသေသန မျက်စိမရှိတဲ့ ကျမကြည့်တာတောင် ရွှေတိဂုံဘုရားပုံစံကို ဘယ်လိုယူတယ်ပြောပြော ရွှေတိဂုံလောက် ပျော့ပြောင်းမှုမရှိပါဘူး။
စိတ်မပူပါနဲ့ မတူပါဘူး ... တုလို့လည်းရမှာမဟုတ်ပါဘူး။

မခ said...

ဗိသုကာတယောက်အနေနဲ့ ပြောရင်တော့ ဒီလိုကိစ္စတွေက မဖြစ်သင့်ဘူး ထင်ပါတယ်.. နောက်တမျိုးစဉ်းစားစရာက ဒီလိုအဆောက်အဦးကို ဘယ်လိုခေါ်ကျမှာလဲ. stupa or temple? ကမ္ဘာမှာသတ်မှတ်ထားတာက အဲဒီ၂မျိုးပဲရှိပါတယ် ဒါပေမယ့် အတွင်းမှာလိုဏ်ပါတဲ့ stupa တွေလဲအများကြီးရှိပါတယ် သူတို့ရဲအပြင်ပုံစံက stupa နဲ့ပဲတူပါတယ် အခုလိုတည်တဲ့ဘုရားပုံစံတွေ မြန်မာမှာအခုအများကြီးပါပဲ နောက်ပိုင်းတည်တဲ့ဘုရားတွေပါ ဆရာဦးဆန်းဦးပြောသလိုပြောရရင်တော့ ဗိသုကာတွေအနေနဲ့ ဒါကိုဘယ်လိုခေါ်ကျမလဲ နာမည်အသစ်တခုပေါ်လာမှာလား ဘယ်လို character တွေနဲ့သတ်မှတ်ကျမှာလဲ ဒါကိုပါတွေးသင့်တယ်ထင်လို့ ရေးလိုက်တာပါ ဗိသုကာအမြင်နဲ့ရေးတာဖြစ်ပြီး ဘာသာရေးရှုထောင့်ကိုမရည်၇ွယ်ပါဘူး

မီးငယ် said...

အဆောက်အဦး Copy Right အကြောင်းတော့ ညီမလေး မသိပါဘူး။ ဒါပေမဲ့ မွန်ဘိုင်းမှာ တည်နေတဲ့ ရွှေတိဂုံပုံတူကို ဦးဂိုအင်ကာ ကဘာလို့ တည်ထားလဲဆို တဲ့ ရည်ရွယ်ချက်ကတော့ ဗုဒ္ဒသာသနာဟာ အိန္ဒိယမှာ စတင်ခဲ့တယ်ဆိုပေမဲ့ တကယ်တမ်း ဖွံ့ဖြိုးပြီး အခုချိန်ထိ တည်ရှိနေတာ မြန်မာပြည်မှာပါ။ မြန်မာပြည်မှာသာ ဗုဒ္ဒဘာသာ ပျောက်ကွယ်ခဲ့မယ်ဆိုရင် အိန္ဒိယမှာလည်း အခုချိန်မှာ ဆိုရင် ဗုဒ္ဒဘာသာဆိုတာ မရှိနိုင်ပါဘူး။ အဲဒါကြောင့် ဗုဒ္ဒဘာသာကိုထိန်သိမ်းပေးထားတဲ့ မြန်မာနိုင်ငံကို ကျေးဇူးဆပ်ချင်တဲ့အနေနဲ့ မြန်မာပြည်ရဲ့ အထင်ကရ စေတီတော်ဖြစ်တဲ့ ရွှေတိဂုံစေတီတော် ရဲ့ ပုံစံတူအတိုင်း အတွင်းထဲမှာ ယောဂီတွေ တရားထိုင်နိုင်တဲ့ ၀ိပသနာစေတီတော် ကိုတည်ထားတာ လို့ ညီမလေး ဖတ်ဖူးပါတယ်။ ပြီးတော့ ဥာဏ်တော်ကိုလည်း ရွှေတိဂုံဘုရားထက် နှိမ့်ထားပါတယ်။ ၀ိပသနာစေတီရဲ့ History မှာလည်းညီမလေး အထက်ကပြောခဲ့တဲ့ အချက်တွေကိုလည်းထည့်သွင်းပြီး မှတ်တမ်းတင်ထားလို့ နောက်ခေတ်မှာ ၀ိပသနာစေတီကို ရွှေတိဂုံအစစ်လို့ ထင်ကြမယ်လို့ မထင် မိပါဘူးအကို

နေဒေးသစ် said...

အတွေ့အကြုံ၊ ဗဟုသုနဲ့ဆိုင်တဲ့ ပို့စ်မျိုးတွေအတွက် ကော်မန့်တစ်ခု ဖန်တီးဖို့ သိပ်မခဲယဉ်းပါဘူး ... ဘာလို့လည်းဆိုတော့ မျှဝေယုံသက်သက်လေ .... ခံစားမှုက လွတ်လပ်တယ် ပေါ့ပါးတယ် ....
သူတို့ရဲ့ ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်ကို ကိုယ့်ဘက်က ခံစားတော့လည်း ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်လေးပဲ ခံစားပိုင်ခွင့်ရှိတယ် ...

ဒါပေမယ့် အတွေးအခေါ်၊ ယုံကြည်ချက်နဲ့ ဆိုင်တဲ့ပို့စ်မျိုး ဘလော့မျိုးကိုဖတ်ရပြီဆိုရင်တော့ နဲနဲသတိထားရပြီ ... ခံစားချက်ကိုရေးဖွဲ့ကြတာ ချင်းတူပေမယ့် သူတို့က ခံယူချက်နဲ့ ယုံကြည်ချက်တွေ ပါလာကြပြီ .. စာဖတ်သူတစ်ယောက်အနေနဲ့ ကောမန့် ပေးချင်ရင်ကျတော့လည်း ပေါ့ပေါ့ပါးပါး ပေးဖို့မလွယ်တော့ဘူး .. နောက်ပြီး ကျွန်တော့်ခံယူချက်က ကောမန့်ဆိုတာ မိမိခံစားထင်မြင်ချက် စစ်မှန်ရမယ် ၊ စာရေးသူကို အတိုင်းအတာတစ်ခုထိ ခွန်အားတစ်ခုပေးနိုင်ရမယ် ၊ စာရေးသူရဲ့ အရေးအသားနဲ့ ထင်မြင်ချက်ကို သဘောမကျဘူးဆိုရင်တောင် ရိုင်းပြစော်ကားတဲ့ အသုံးအနှုန်းမျိုး မပါသင့်ဘူးလို့ ထင်မြင်မိတယ် .. ဒီလို ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတာတွေ များနေလို့ ကိုသက်ပိုင်သူ ဘလော့ကို ရောက်ခဲ့စာတွေဖတ်ခဲ့ဖူးပေမယ့် ကောမန့်ပေးရလောက်အောင်ထိ စိတ်မရဲခဲ့ပါဘူး .. ခုတော့ ပထမဆုံး အကြိမ်နဲ့ ကောမန့်ရေးခဲ့ပါပြီ .. အမှားပါရင် ခွင့်လွှတ်ပေးစေ ချင်ပါတယ် ...

ဒီပို့စ်လေးနဲ့ ပတ်သတ်ပြီး ကိုသက်ပိုင်သူ တင်ပြထားတဲ့ ထင်မြင်ချက်လေးတွေက စဉ်းစားသင့်တာလေးတွေပါ .. နိုင်ငံတစ်နိုင်ငံ မြို့တစ်မြို့ရဲ့ Land mark ဆိုတာ တကယ်ကို အရေးပါပါတယ် ... ကိုသက်ပိုင်သူ ပြောခဲ့သလိုပဲ ဗိသုကာပညာရပ်ဆိုတာ တစ်နေ့တစ်ခြား မြင့်မားတိုးတက်လာတာ ဆိုတော့ တစ်ချိန်ချိန်မှာ ရွှေတိဂုံရဲ့ ကြီးမားခန့်ထည်မှုကို ကြီးမားခန့်ညားတဲ့ နောက်ထပ်ဗိသုကာ လက်ရာတစ်ခုက ဖုံးအုပ်သွားနိုင်လိမ့်မယ်ဆိုတာလည်း သိပ်ကို မှန်ပါတယ် .. ဒါပေမယ့် နည်းပညာဆိုတာက တားဆီးထားလို့ မရတော့ ခုချိန်မှာသာ ရွှေတိဂုံစေတီတော်ထက် ဥာဏ်တော်ကို နိမ့်ပြီးတည်တာ ဆောက်တာ လုပ်ချင်လုပ်ကြမယ် နောက်ဆိုရင်တော့ သူတစ်လူ ငါတစ်မင်းနဲ့ အပြိုင်ကျဲကြတော့မှာလည်း သေချာလွန်းပါတယ် ... တစ်ခုဝမ်းနည်းစရာ ကောင်းတာက ဒီလို Land Mark တစ်ခုကို ကျော်လွန်မဆောက်လုပ်ပဲ ဒီ Land mark ထက် နိမ့်ချပြီး နည်းပညာပိုင်းဆိုင်ရာ အားဖြင့်သော်လည်းကောင်း ဗိသုကာပိုင်းဆိုင်ရာ အနေအထား တစ်ခုဖြင့်သော်လည်းကောင်း လျော့ချဆောက်လုပ်ဖို့ ဆိုတာကတော့ လတ်တလောမှာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် နောင်ရေရှည်ကာလအပိုင်းအခြားတစ်ခုမှာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး ... ဗိသုကာပညာရှင်တစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင်လည်း သူ့အနေနဲ့ သူတည်ဆောက်ခွင့်ရတဲ့ အရာတစ်ခုကို လက်ရာကုန် နည်းပညာအစုံနဲ့ ကြိုးစားပုံဖော်မှာမို့လို့ ခင်ဗျားရဲ့ ပညာကို လျော့သုံးပါလို့ ပြောဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး .... အဲတော့သေချာပါတယ် ... ရွှေတိဂုံထက် ကြီးမားခန့်ထည်တယ်လို့ ထင်ရမယ့် ခေတ်သစ်နည်းပညာ လက်ရာတွေနဲ့ ထုံမွှမ်းထားတဲ့ အဆောက်အအုံတွေတော့ များမကြာခင်မှာ အပြိုင်းအရိုင်းပေါ်ပေါက်လာကြ ဦးမှာပါ ... အဲဒီ့အတွက် ကျွန်တော်ကတော့ သိပ်မစိုးရိမ်မိပါဘူး ...

ဘယ်အဆောက်အအုံတွေ ဘယ်လောက်ခန်းနားနား၊ ထည်ဝါဝါ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ရော၊ မြန်မာလူမျိုးတိုင်းကရော ရွှေတိဂုံရဲ့ ဗိသုကာလက်ရာကို Land mark တစ်ခုအဖြစ် အသိအမှတ်ပြုနေကြသရွေ့၊ တစ်နည်းအားဖြင့် ရွှေတိဂုံရဲ့ ကြီးမြတ်ခန့်ညားမှုနဲ့ သာ့သနာ့အမွေအနှစ်ကို တန်ဖိုးထားနေကြသရွေ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ Land Mark ကလည်း ကမ္ဘာမှာ ကျော်ကြားထင်ရှားနေခဲ့ဦးမှာပါပဲ ...
လေးစားမှုဖြင့်
နေဒေးသစ်။

မဆုမွန် said...

ကမ္ဘာ့အံ့ဖွယ်စာရင်းဝင်ဖြစ်တဲ့ လေးဆူ့ဓတ်ပုံ ရွှေတိဂုံကို စေတီပွားတွေနဲ့ ယှဉ် လို့ မရတာတွေ ရှိတယ်

အဲ့တာတွေကတော့ ရှေးမင်း အဆက်ဆက် တည်ထားကိုးကွယ်တော်မူခဲ့တဲ့ ရွှေတိဂုံ စေတီတော်ဟာ သိင်္ဂုတ္တရ ကုန်းတော်ပေါ်မှာ သာ တည်ရှိတယ်

ဥက္ကလာပမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့တဲ့ ညဏ်တော် ၃၆၈ပေမြင့်တဲ့ ရွှေတိဂုံ စေတီတော်ကြီးမှာ ဘုရား ၄-ဆူရဲ့ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားတယ်။

(၁) ဆူးလေနက်ကြီးထံမှ ရရှိသော ကကုသန် မြတ်စွာဘုရား၏တောင်ဝှေးတော်ဓာတ်။

(၂) ရောဟဏီမည်သော ဗိုလ်တထောင် နတ်ကြီးထံမှ ရရှိသည့်ကောဏဂုံမြတ်စွာဘုရား၏ ဓမ္မကရိုဏ် ရေစစ်တော်ဓာတ်။

(၃) ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရား၏ ရေသနုပ်တော်ဓာတ်။

(၄) တပုဿ, ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမ မြတ်စွာဘုရား၏ဆံတော်ဓာတ် ရှစ်ဆူ။

ဒါတွေကတော့ စေတီပွားတွေမှာ ဘယ်တော့မှ မရှိနိုင်တဲ့ ဘယ်လိုမှ ပုံတူပွားလို့မရနိုင်တဲ့ ဓာတ်တော် မွေတော်တွေပါ။

AATO said...

I totally agree with you the way you approach for "Land Mark" issue. Anyhow we need to be worried.

pyiphyo said...

ကိုသက်ပိုင်သူ

ကျွန်တော်က ဗိသုကာသမားတော့မဟုတ်ပါဘူး ကူးယူတာတွေ ပွားယူတာတွေ ဆိုတာကိုသိသလောက်ပြောကြည့်ချင်လို့ပါ။ ကျွန်တော်အရင်တုန်းက Graphic Designer လုပ်ပါတယ်။ အလုပ်တစ်ခုလက်ခံရရှိတာနဲ့ အိမ်မှာညဘက် Feeling အပြည့်နဲ့ Design ကို လုပ်ပါတယ် အဲ့ဒိလို့နဲ့ တစ်ခုပီးတိုင်း Save လိုက် Save လိုက်နဲ့ ပြင်လိုက်လုပ်လိုက် နဲ့ လုပ်လိုက်တာ ၂ နာရီကျော်လောက်မှ ပီးသွားတယ် စိတ်တိုင်းကျသွားတယ် အဲ့ဒါနဲ့ File Save နေတုန်းမီးကပြတ်သွားပါတယ်။ အဲ့ဒီအချိန်က UPS ကပျက်နေတော့ ချက်ချင်း ကွန်ပျူတာက ပိတ်သွားတာ ဗျာ... File က ပြန်ဖွင့်လို့ကိုမရတော့ဘူး။ အစအဆုံးကို မှတ်မီနေတယ်နော်ကိုလုပ်ထားတာဘဲ အဲ့ဒါနဲ့ မီးကပြန်လာတယ်ဗျာ ကခဘဲကြာတယ်၊ ကျွန်တော်အစကနေပြန်လုပ်ပါတယ် အရင် ပုံစံအတိုင်းပါဘဲ.... ဒါပေမဲ့ စိတ်တိုင်းမကျခဲ့ပါဘူး ... အရင် တစ်ခေါက်က Mood နဲ့ Feeling ကိုပြန်မရပါဘူးဗျာ..... ကျွန်တော်ဆိုလိုချင်တဲ့သဘောကို နားလည်လောက်ပါတယ်နော်.... အဲ့ဒိအချိန်တုန်းက ကျောင်းက သူငယ်ချင်း programmer တွေကိုပြောပြတော့ ကျွန်တော့ကို မင်းကလည်း နောက်တစ်ခေါက်ပြန်လုပ်ရင်ပိုတောင်ကောင်းသွားအုန်းမယ် တဲ့ Software တွေ Hardware တွေ မှာဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အနုပညာမြောက်တဲ့ ဖန်တီးမှုတွေမှာတော့
နောက်ဖန်တီးထားတာနည်းပညာတွေဘယ်လောက်ဘဲကောင်းနေနေ ပထမတစ်ကြိမ်က Mood ကို ပြန်မရနိုင်ပါဘူး။ ပထမအကြိမ်ဖန်တီးမှုမှာသူအကြောင်းနဲ့သူရှိပီးသားပါ၊နောက်တစ်ခေါက်ဖန်တီးမှုမှာတော
့အဲ့ဒိအကြောင်းတရားတွေထပ်ချပ်မပါဝင်နိုင်တော့ပါဘူး(ရွှေတိဂုံစေတီတည်ထားမှုမှာ ရည်ရွယ်ချက်နှင့် ဌာပနာများ နှင့် မွန်ဘိုင်းကစေတီ နောက်ထပ်ပွားလာမည့်စေတီတော်များ၊အချိန်၊အခြေအနေ နှင့်အချိန်အခါကွာခြားပါသည်။)သည်လောက်ဆို အဖြေကရှင်းနေပါပီနော်.....
Computer ထဲမှာ File တစ်ခုကို Digital System အရ နော် copy paste လုပ်သော်ငြားလည်း properties ထဲမှာတော့ created, modified တို့မှာ ကွဲလွဲနေမှာတော့အသေအခြာပေါ့....

Anonymous said...

အခူလိုတင်ပြပေးတဲအတွက်အရမ်းကိုကျေးဇူးတင်ပါတယ်

Anonymous said...

၁၂၃၄၅၅၆၆၇၇၈