May 21, 2009

ကျွန်တော့်ရဲ့နဖူး

ဦး… ကျွန်တော့်ကို ပတ်စ်ပို့ဓါတ်ပုံ ပြန်ရိုက်ပေး.. ကျွန်တော့် နဖူးနေရာက ကွက်နေတယ်….

အဲဒါက ပတ်စ်ပို့ဓါတ်ပုံ ရိုက်တိုင်း အလင်းရိုက်လို့ ပြောင်နေတဲ့ နဖူးကြောင့် ဓါတ်ပုံဆရာကို ဂျီကျပုံ။

အဝေးကနေ ကြည့်လို့ နဖူးက ပြောင်ပြောင်လက်လက် ဖြစ်နေရင် ဆရာကြီး မဟုတ်ဘူး။ အဲဒါသူ့သား……..

အဲဒါက အထက်တန်းကျောင်းသား ဘ၀တုန်းက ကျွန်တော်က ဖေဖေနဲ့ အတော်ဆင်တော့ အဝေးက ကြည့်ရင် အဖေကျောင်းအုပ်နဲ့ သားကျောင်းသား ခွဲလို့ရအောင် ကျောင်းသားတွေရဲ့ ခွဲခြားနည်း။

ဒီကောင်နဖူးများ.. မိန်းမတွေ အားလုံး ထမီလျှော်လို့ရတယ်….

ဒါကတော့ နဖူးရည် ဒူးရည်နဲ့ ပြည့်စုံတဲ့ ကျွန်တော့်နဖူးကို အခြောက်တိုက် မနာလို ဖြစ်နေတဲ့ မြရေလျဉ်ရဲ့ လက်သုံးစကား။

ပြောင်ရှင်း… မင်းပိုင်သကွာ……။

နောက်တစ်မျိုးကြတော့ ကာတွန်းရုပ်ပြောင်ထဲက ဦးကပ်စေးနဖူးပေါ် လေယာဉ်ပျံလေး တက်တက်ဝဲတာကို ကြည့်ပြီး အမြဲ ဟားတိုက်ရယ်ကြတဲ့ သူငယ်ချင်းတွေရဲ့ ပျက်လုံး။

နဖူးကျယ်တယ်ဆိုတာ…. စော်များများ တပြိုင်တည်း နမ်းလို့ရအောင်လို့ကွ….

ဒါကတော့ ကျွန်တော့်နဖူးကို လာလာခလုတ်တိုက်ကြလွန်းလို့ ဒီလိုနည်းနဲ့ ကတ်ကတ်လန်အောင် ပြန်ရန်တွေ့တဲ့ ကျွန်တော့်ကိုယ်ပိုင် လက်သုံးစကား။

တခါတလေ မှန်ရှေ့ရပ်ပြီး ကိုယ့်နဖူးကိုယ် ဘယ်ပြန်ညာပြန် ကြည့်ရတာပေါ့။ ဦးစမုတ်ဆံနွယ်လေးတွေ ရှေ့ချပြီး ကိုယ့်နဖူးကိုယ် ကာကွယ်ရတာလည်း တစ်ဒုက္ခ။ တခါတလေ ဒီနဖူးကြောင့်ပဲ မေမေ့ကို ရန်တွေ့မိပြန်ရော။

မောင်နှမတွေမှာ ကျွန်တော်က နံပါတ်ကိုးလေ။ ကျွန်တော့်ကို မွေးတုန်းက မေမေက လူမှ ဟုတ်ရဲ့လားဆိုပြီး သေချာကြည့်ရသတဲ့။ မွေးခါစမှာ ဆံပင်မွှေးတောင် မပါဆိုပဲ။ ဒီကြားထဲ မျက်နှာဖုံး စွပ်ရဲ့သားလေးမွေးတော့ ကလေးနဲ့ မတူဘဲ အသားတုံးကြီးလားထင်ရတယ်တဲ့။ အဲဒီမျက်နှာဖုံး ပြဿနာက မပြီးသေးပါဘူး။ လှချင်ပချင်တဲ့ ဆယ်ကျော်သက်လေး ဖြစ်လာချိန်မှာ ပြောင်နေတဲ့ ကိုယ့်နဖူးကို ကိုယ်ကြည့်ရင်း ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အကြံဥာဏ်တွေ ထုတ်မိရော။

တစ်နေ့တော့ အိမ်နီးနားချင်း အဒေါ်ကြီးတစ်ယောက်က… ဟဲ့ မျက်နှာဖုံးနဲ့ မွေးတယ်ဆိုတာ.. အရင်ဘ၀က အရမ်းချောလွန်းလို့ မနာလိုတဲ့ သူက ကြိမ်စာတိုက်လိုက်လို့ အဲဒီလို မွေးလာတာ။ မွေးတုန်းက မျက်နှာဖုံးကို ပြန်တပ်ရင် အရင်ဘ၀က မျက်နှာပြန်ရနိုင်တယ်တဲ့။ သူပြောတဲ့စကားမှာ ချောတယ်ဆိုတာနဲ့တင် အကုန်ယုံပြီး မျက်နှာဖုံး ရှာပုံတော် ဖွင့်မိရော။ အရင်ဘ၀က ယောက်ျားလား မိန်းမလား မသိ။ မျက်နှာဖုံး ပြန်တပ်မိလို့ အရင်ဘ၀က မိန်းမဖြစ်နေရင် ယောကျာ်း မျက်နှာ ပြန်မရရင်တော့ တစ်ဒုက္ခ။ မုန့်ဆီကြော်က ဘယ်နားနေမှန်း မသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဖြစ်နေပြန်ပြီ။ အဲဒီမျက်နှာဖုံးသဲလွန်စကို အမေ့ဆီက ခြေရာခံပြီး ပြန်လိုက်ဖို့ ကြိုးစားမိတယ်။ မေမေက သူလည်း သိမ်းထားရကောင်းမှန်း မသိလို့ လက်သည်မိန်းမကို ပေးလိုက်မိသတဲ့။ ဘာမဆိုင် ညာမဆိုင် အဲဒီနေ့ကစပြီး မေမေ့ကို ပေးရကောင်းလားဆိုပြီး စိတ်ကောက်ပြီး တစ်ပတ်လောက် စကားမပြောဘဲ နေလိုက်တယ်။


သြော်…. နဖူး… နဖူး…..
ဘာလိုအပ်နေလဲဆိုတာ မှန်ရှေ့ ရပ်ပြီး စဉ်းစားမိပြန်ရော။ ငါ.. နဖူးပဲ ကျယ်လို့လား။ ဆံပင်ပဲ ပါးလို့လား….။ မျက်ခုံးပဲ မရှိလို့လား။ သေချာတာကတော့ အကုန်လုံး ဖြစ်နိုင်တာပဲလေ။

ဒီလိုနဲ့ပဲ နဖူးအတွက် အဖြေရှာရတာကလည်း ခဏခဏ။ ငယ်ငယ်တုန်းက နွေကျောင်းပိတ်တာနဲ့ ဆံပင်တွေ အကုန်လုံးရိတ်။ ပထမအကိုက ဆံပင်ဖြူတော့ သူဆေးအဖြစ်သုံးတဲ့ ကင်းလိုမာဆံပင်နက်ဆေးနံနံတွေကို နှာခေါင်းပိတ်ပြီး ညအိပ်ရာဝင်ခါနီး လိမ်းအိပ်ရတာလည်း အမော။ မနက်ဆိုရင် ကင်းလိုမာအနံ့စူးစူးက ခေါင်းအုံးတွေ စောင်တွေမှာ စွဲကျန်ခဲ့တယ်လေ။

အမတွေကလည်း မောင်လေး မျက်ခုံးမွှေး နည်းရတဲ့ အကြောင်းရင်းကို ဖြေရှင်းဖို့ ကူပြီး ၀ိုင်းစဉ်းစားပေးကြသေးတယ်။ အနာတွေပျောက်ခါနီးမှာ အမာရွတ်မကျန်အောင် လိမ်းရတဲ့ ကျိတ်မှန်ရွက်နဲ့ လက်ဖက်ညွန့်နဲ့ကို အပုပ်ခံ၊ ပြီးတော့ မေမေစိုက်ထားတဲ့ ကွမ်းညွန့်နဲ့ ညညဆို မျက်ခုံးမွှေး ဆွဲ။ အဲဒီ ပုပ်အက်အက်အနံ့ကို ရှူပြီညတိုင်း အိပ်ခဲ့ရတာပေါ့။ မနက်မိုးလင်းလာတဲ့ ပြောင်နေတဲ့ နဖူးလေးကို ကွက်လပ်ဖြည့်ပေးမယ့် မျက်ခုံးမွှေးလေးတွေ နက်လာပြီလားဆိုပြီး မှန်ရှေ့နားကို တိုးပြီး အနီးကပ်ကြည့်လိုက်၊ ခြေတစ်လှမ်း ဆုတ်ပြီး အဝေးကနေ ကြည့်လိုက်။ စိတ်ထဲက တော့ နက်လာတယ် အထင်သား။

နောက်တော့ လူပျိုပေါက်လေး ဖြစ်လာတော့ ဒေါက်တာခင်မောင်ညိုရဲ့ ယောက်ျားဆိုတဲ့ ဆေးပညာဆိုင်ရာ စာအုပ်ကို ဖတ်ပြီး သူပြောသလို မွှေးညင်းနုလေးတွေ အချိန်တန်ရင် ထွက်လာမယ့် နေရာလေးတွေကို လက်လေးနဲ့ စမ်းပြီး ထွက်ဖို့ စောင့်နေမိပြန်တယ်။ အချိန်တန်ပေမယ့် မွှေးညင်းနုလေးတွေက မရောက်လာပြန်ဘူး။ ဟာ…. ငါယောကျာ်းရော စစ်ရဲ့လားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်ကြည့်မိပြန်တယ်။ ဟုတ်တယ်လေ….။ ယောက်ျားလေးတွေ လူပျိုပေါက် ဖြစ်လာရင် နှုတ်ခမ်းမွှေး။ မုတ်ဆိတ်မွှေးတွေက အလိုလို ထွက်လာတယ် မလား။ ပြောင်နေတဲ့ နဖူးကို နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေက ကျဉ်းအောင် မလုပ်နိုင်ပေမယ့် ရှင်းနေတဲ့ မျက်နှာကိုတော့ အနည်းဆုံး ကွပ်လပ်ဖြည့်ပေးနိုင်မယ်လို့ ထင်ခဲ့တယ်လေ။ ဒါပေမယ့် ကျွန်တော့်ကျတော့ ဒီလိုမဟုတ်ပြန်ဘူး။ ပထမဆုံး အသံစပြောင်းတယ်။ မျက်နှာမွှေး ဘာတစ်ပင်မှ မထွက်။ လည်စေ့ထွက်လာတယ်။ ဘာမှ မထူးခြား။ အဲ … အဲဒီမှာ ဒုက္ခရောက်တော့တာပဲ။ ကျွန်တော့် နို့သီးခေါင်းလေးတွေက နာပြီး စူထွက်လာတယ်။

ရော… ခက်ပြီ…………………။

မျက်ခုံးမွှေး၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ဘာအမွှေးမှ မရှိရတဲ့ ကြားထဲ နို့နှစ်ဖက်က ပြိုင်တူစူလာပါရောလား။

ငါ… ငါ… မိန်းမဖြစ်နေပြီလား။

တစ်ယောက်တည်း ကိုယ့်အိပ်ခန်းထဲမှာ စူလာတဲ့ နို့နှစ်ဖက်ကို လက်နဲ့ ချေပြီး ပြန်ပြန်သွင်းပေမယ့် အရင်လို ပြားချပ်မနေတော့ဘူး။ လေးငါးရက်နေတော့မှ သူ့အလိုလှို ပြန်ပျောက်သွားတယ်။ နောက်တော့မှ သူငယ်ချင်းယောကျာ်းလေး တစ်ယောက်နို့စူတာ မြင်တော့မှ သဘာဝကြောင့် သူ့အလိုလို ဖြစ်မှန်း သိတော့တယ်။ အဲဒါကြောင့်မို့လို့ တချို့ မိခင်တွေက သားယောက်ျားလေး ငယ်စဉ်မှာ ရေချိုးပေးရင် နို့သီးခေါင်းလေးတွေကို အဆံဖြူဖြူလေးတွေ ထွက်တဲ့ အထိညှစ်ပေးကြသတဲ့။ အဲဒါဆိုရင် ကြီးလာရင် နို့မစူတတ်ကြဘူးတဲ့လေ။ နဖူးပြောင်ခြင်း ပြဿနာက နောက်ဆုံးနို့စူတဲ့အထိ ရောက်လာတယ်။

ဒီမှာတင် မပြီးသေးပါဘူး။ အချိန်တန်လို့မှ မထွက်လာတဲ့ နှုတ်ခမ်းမွှေးတွေအတွက် ညညအိပ်ရာဝင်ခါနီး ကြက်သွန်နီကို ပါးပါး ပါးပါးလှီး။ ထွက်လာတဲ့ အစေးနဲ့ နှုတ်ခမ်းတစ်လျှောက် သုတ်ပြီး တစ်လကိုးသီတင်း အိပ်ခဲ့ ဘူးပါတယ်။ ဘယ်လောက်နံနံ ဘယ်လောက်ဆိုးဆိုး အိပ်ရေးတောင် မပျက်ခဲ့ပါဘူး။ တခါတလေ မျက်ခုံးမွှေးပေါ်က လက်ဖက်ပုပ်နံ့နဲ့ ကြက်သွန်နံ့ ဆုံတဲ့ ညတွေတောင် ရှိခဲ့ဖူးပါတယ်။

အခုတော့လည်း အဲဒီကျေးဇူးတွေကြောင့် သူများတကာလို မျက်ခုံးမွှေး ထူထူနက်နက်ကြီး ဖြစ်မနေတောင် ရှိသင့်သလောက်တော့ ရှိနေပါပြီ။ အရင်တုန်းက ဂျိမ်းစဘွန်းကားတွေ ကြည့်ပြီး ဂျိန်းစ်ဘွန်းမင်းသားလို အမွှေးအမျှင်ထူချင်ခဲ့တယ်။ အခုတော့လည်း ရှင်းသန့်နေတဲ့ အရည်ပြားပေါ်ကို ကြည့်ပြီး ဂျိန်းစ်ဘွန်းမင်းသားလို မဖြစ်ခဲ့တာ ကံကောင်းလေစွ။ စကာင်္ပူမှာ ယောက်ျားလေးတွေ wax လုပ်တာ ခေတ်စားလာတော့ ကိုယ်က အသားအနာခံပြီး ဘာမှ လုပ်စရာမလို။ မနက်မနက် မိုးလင်းရင်လည်း အများတကာလို နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးရိတ်ဖို့ နေ့တိုင်းအချိန်ပေးစရာမလို။ ရေမိုးချိုး အ၀တ်အစား ကောက်ဝတ်ပြီး ထွက်လိုက်ရုံ။ ပေါ့ပါးလိုက်တာ။ ဆံပင်ကိုလည်း တတ်နိုင်သလောက် နဖူးမပြောင်အောင် ပုံစံသွင်းတတ်နေပြီ။ အခုတော့လည်း ငယ်ငယ်တုန်းကလို မရူးသွပ်တော့။ ကိုယ့်မှာ ရှိတာလေးနဲ့ပဲ ပျော်အောင်နေတတ်လာတယ်။ သူများတကာလို လှနေပနေစရာမလို။ ရှင်းရှင်းသန့်သန့်လေး ဖြစ်နေရရင်ပြီးရော။ ဟုတ်တယ်မလား။

သေချာတာ တစ်ခုကတော့…….. ကျွန်တော့်အကြောင်းသိတဲ့ သူငယ်ချင်းတိုင်းကတော့……. ဟိုးငယ်ငယ်တုန်းကို ခေါ်သလို ကျွန်တော့်ကို ၀ိုင်းခေါ်နေဦးမည်။ ကျွန်တော် ဆံဖြူသွားကျိုးတဲ့အထိ ကျွန်တော့်ရဲ့ နာမည်ပြောင်လေးကတော့ ရှိနေဦးမည်။ ဒီထက်ပိုသေချာတာကတော့…..
ပြောင်ရှင်း…… မင်းပိုင်သကွာ။….. လို့ ပြောနေကြမှာအမှန်ပါ။

ကဲ…. ကြည်ဖြူပိုင်ရေ.. အမှတ်တရ Nick အတွက် ကျေနပ်တယ်မဟုတ်လား……..။
ဒီတစ်ခါ ဘယ်သူတွေ ကံကောင်းနိုင်မလဲ…..။
အမေရေယဉ် တစ်ဖြစ်လဲ မြရေလျဉ်…..
ကိုကိုဂွေးခေါ် ကိုကိုပုလုကွေး
ဆိုက်ပရပ်စ်က ကိုကိုကျောက်ခဲ
ဘယ်သူ့ကို ထပ်ပြီး ဒုက္ခပေးရမလဲ….. စဉ်းစားစမ်း …..
လာလေရော့ မမဆွန်မု…….. ဟီးဟီး

ဂွင်းဂဲခေါ် လောက်တက်ရင် … နင်နဲ့ငါ ပိစ်နော်.. မတပ်ဂ်ကြေး…….

17 ယောက်ကဒီလိုမြင်တယ်တဲ့...:

ကောင်းကင်ပြာ said...

မောင်ပြောင်ရှင်း အဲလေ မောင်လေးသက်ပိုင်သူ အမ လာဖတ်သွားတယ်

ဖိုးစိန် said...

သြော် ကိုကိုပိုင်ရယ်...
တဖူးကိစ္စနဲ့များ ဒုက္ခရောက်ရတယ်လို့
ကိုကိုပိုင်က လှပြီးသား
ချစ်ခင်တဲ့မေတ္တာ မျက်စိနဲ့ကြည့်ရင်
အရာရာတိုင်းက လှပခန့်ညားနေပါတယ်
ကိုကိုပိုင်က ကြည့်လို့ကောင်းတဲ့သူပါ
(ခုနှစ်မိုင်လောက်ကနေပေါ့)
နဖူးကတော့လူတိုင်းပြောင်ကြပါတယ်
တစ်ဖူးလေးကိုတော့ ဆံပင်ဖုံးတတ်ရင် ပြောင်မှန်းမသိပါဘူး
ကိုကိုပိုင်း တစ်ဖူးလေးက သိပ်မပြောင်ပါဘူး
ဒါကြောင့် ပြောင်ရှင်းလို့ခေါ်ဘူး
ချစ်ခင်စွာဖြင့်
ဖိုးစိန်

MANORHARY said...

အော် သက်ပိုင်သူ သက်ပိုင်သူ
မဟာနဖူးကိုများ ဖျောက်ဖျက်ပစ်ချင်ရတယ်လို့..း)း)
ဟေ့ ငါတို့က လောင်စရာ ခြေမွေးလက်မွေးတောင်
ပါမလာဘူးလို့ ကြွားပစ်လိုက်စမ်းပါ..း)

မိုးခါး said...

ပေါက်ပေါက်ရှာရှာနော် .. ဟီးဟီး
ပုံမှာတွေ့တာတော့မပြောင်သလိုပါပဲ .. တွေ့မှ သေချာကြည့်တော့မယ် .. :P

မဆုမွန် said...

မမ ဆွန်မုဆိုမှ ကိုယ့်ကိုကိုယ်သိတယ် ဟဲဟဲ တက်ခ်တဲ့အတွက် ကျေးဇူး
နဖူးပြောင်တာကို အားမငယ်နဲ့မောင်လေး မမဆွန်မုလဲ ပြောင်တာမှ လူနဲ့တောင် မတူ ဘူး

လူအင်္ဂါရုပ်ဖတ်တဲ့အခါ နဖူးရေ ဒူးရေ ကြည့်တယ်လေ မဟာနဖူးဆိုတာ သိတယ်ဟုတ်. သက်ပိုင်သူက နို့စူလာတယ် အစ်မကျတော့ ဆယ်တန်းအထိ အခြေအနေမထူးလို့ ကျားလား မလား သေချာခဲ့ဘူး ဟဟဟဟ

sweetpeony said...

ဟုတ်ပ ဟုတ်ပ
အစ်ကိုဝမ်းကွဲတစ်ယောက်လေ
မျက်ခုံးနက်ချင်လို့ လက်ဖက်ပုပ်နဲ့ မျက်ခုံးဆွဲဆွဲပြီး အိပ်တယ်။
သူကျတော့ လက်ဖက်ပဲ ကျန်တာမပါဘူး။ ဆွဲတော့လဲ ဒီတိုင်း ကလော်ပြီး ဆွဲလိုက်တာပဲ။
ခုတော့ ရန်အောင်လိုမျက်ခုံးမျိုးဖြစ်နေပြီ။
အဲဒါလက်တွေ့ ။

လွမ်းသုရင် said...

ဟမ်...နင်က ငါ့ကို တက်ဂ်တာလား မတက်ဂ်တာလား။ သေချာစဉ်းစားနော်။ နင်တက်ဂ်ရင်တော့ ငါကပြန်တက်ဂ်ဖို့ အဆင်သင့်ပဲ... ဟဲဟဲဟဲ :P

မြရေလျဉ် said...

ဟဲ့ ...ထမိန်တင်လျှော်မယ်ပြောတာ က နင့် ရဲ့ မတော်လိုက်ရတဲ့ ယောက်ဖပါဟဲ့ ..သူ့ ညီမနဲ့ ရလို့ ကတော့ အဲလို လုပ်မယ်ဆိုပြီးပြောတာ။

`ပိုင်ရှင်း ..မင်းပြောင်သကွာ´က ငါပြောတာလေ..
ဒီနာမည်လေးကမှ ငါပေးတာ ..

ပြောင်ရှင်းမင်းပိုင်သကွာ ကိုပြောင်းပြန်ပြောရင်းကနေလေ..
နင်ကလည်း မေ့တတ်ပ...တော်ပြီ..
ဆေးနည်းမပေးဘူး။

ကြည်ဖြူပိုင် said...

ဟေး.......ရီလဲရီရတယ်. သဘောလဲကျသွားတယ်။ ပြောင်ရှင်းရာ မင်းပိုင်သကွာ။ကျေးဇူးကွ။ တဂ်ကိုရေးပေးတာ :)

သီဟသစ် said...

ကိုကိုပြောင်ရေ.. ပိုင်သကွာ..

အဲလေ..ကိုကိုပိုင်ရေ..

သေချာဖတ်သွားပြီ နဖူးလေးရဲ့ ရာဖ၀င်ကို..

ခင်မင်စွာဖြင့်
သီဟသစ်

puluque said...

နဖူးပြောင်လဲလှတာပဲ ဟုတ်တယ်ဟုတ်..
ပုလုကွေးလို အမွှေးမများတာကောင်းတယ်။ ဒီမှာ မနက်တိုင်းမုတ်ဆိပ်မွှေးရိတ်ရတဲ့ ဒုက်ခက မသေးဘူး။ မျက်ခုံးမွှေး နက်နက်လေးလိုချင်လား။ နည်းလမ်းပေးမယ်။ အသက်ကိုမို့လို့ပေးတာနော်..ဘယ်သူ့မှမပေးဘူး။ ပုလုကွေး မျက်ခုံးးက နက်လွန်းတော့ ဒေါ်လေးးက ဘာပြောလဲဆိုရင် လူကို ကြည့်လိုက်ရင် မျက်ခုံးမွှေးနှစ်ခုပဲ တွေရတယ်တဲ့။ မျှော့နှစ်ကောင်ကပ်ထားသလိုပဲဟဟ။ ပြောင်ရှင်းလို့ ခေါ်ချင်ပါဘူး...အသက်ဟာ အသက်ပဲပေါ့။ ဒေစီပိုင်လို့ခေါ်တဲ့ လူကိုလဲ အားကြီးမုန်းတယ်.. အဲဒီနစ်တော့ မပါဘူးနော်...

zarchi said...

ပိုင်ရှင်း မင်းပြောင်သကွာ.....အဲဟုတ်ပေါင်မှားလို့ ပြောင်ရှင်း မင်းပိုင်သကွာ........ဟီးဟီး

နှင်းဆီနက် said...

နဖူးစာသို့လည်လို့ နဖူးစာလာဖတ်သွားပါတယ်း)

msd said...

ပိုင်ပိုင်ပြောင်ပါကွာ :P

ဖိုးသင်္ကြန် said...

နာမည်အသစ်ပေးလိုက်ပြီ။
သက်ပိုင်ပြောင်လို့။
ဟေး ဟေး

BLACK DREAM said...

ဇောက်ထိုးပဲ..။ ကျွန်တော့်ကြ အမွှေးတွေ တော်တော်ပိုနေတယ်...။ ယူမလား :P ခွဲပေးလိုက်မယ်...။

သက်ပိုင်သူ said...

တကယ်ပြောတာလား... ဘလက်ဘလက်..
တွေ့တာနဲ့ ရှိတဲ့အမွှေး ဆွဲနှုတ်မှာ.. ငှဲ.. ငှဲ

ဖိုးသင်္ကြန်... လဒ...

ကိုကိုဂွေးရေ.. အဲဒီ တီချမ်းပေါ့.. အနော့်ကို ဒေစီဒေစီနဲ့.. နောက်တစ်ခါခေါ်ရင် ၀ုန်းပြစ်လိုက်