May 29, 2009

အင်ဒိုနီးရှားခရီး (ပါတိတ်ကမ္ဘာ)

ဂျိုဂျကတားမှာ မြင်းလှည်း ဆိုက်ကား၊ မော်တော်ဆိုင်ကယ်တွေနဲ့ တော်တော်ရှုပ်ပါတယ်

ဂျိုဂျာကတားမြို့ရောက်ရင် ဘိုယိုဘုဒေါကို အရောက်သွားပါ။ ပြီးရင် ပါတိတ်ဝယ်ပါတဲ့။

ကျွန်တော်ဂျိုဂျကတားကို ရောက်တဲ့အခါ ဘိုယိုဘုဒေါကို အရင်ဆုံးမသွားဘဲ ပထမဆုံး လုပ်တာက ချစ်ချစ်နဲ့ ဈေးပတ်တာပါ။ သူကလည်း သူ့ရဲ့ Crystal ကျောက်လေးတွေ ထည့်ဖို့ သစ်သားဘူးလေးတွေ လိုက်ရှာတယ်။ ကျွန်တော်ကလည်း မေမေနဲ့ အမတွေ အတွက် ပါတိတ်လိုက်ရှာတယ်။ နှစ်ယောက်သား ဟုတ်တော့ဟုတ်နေတာပဲ။ လာတာက ဘုရားဖူး။ ရောက်နေတာက Shopping Mall။ တော်တော်တော့ ရီရသား။ ရောက်ကာစ နေ့မှာတော့ ကြည့်ရုံပဲ ကြည့်ပြီး ဘာမှ မ၀ယ်မိသေးပါဘူး။ သဘောကျတဲ့ ဆိုင်လေးတွေ တွေ့ရင် မှတ်ခဲ့တာပေါ့လေ။

နောက်တစ်နေ့ မနက်ကျတော့မှ ဘုရားသွားဖြစ်သည်။ နေ့ခင်းကျတော့ မြို့ထဲဘက်ပြန်လာ။ စူလ်တန်နန်းတော်ကို သွားလည်။ မြို့ထဲမှာပဲ ထမင်းစား။ ဟိုတယ်ပြန်ပြီး ခဏနား။ ညနေကျတော့မှ ပရန်ဘန်နန်ဘုရားကျောင်းကို သွားလိုက်သည်။ တစ်နေ့တည်းနဲ့ လည်စရာ ပတ်စရာတွေ အကုန်လည်လိုက်သည်။ နောက်ထပ် ကျန်သေးတဲ့ နှစ်ရက်ကိုတော့ ဈေးဝယ်ထွက်ဖို့နဲ့ ဟိုတယ်မှာ နားဖို့သတ်သတ်ဖယ်ထားလိုက်သည်။

ဂျိုဂျကတားမှာ တတိယမြောက်နေ့ရောက်တော့ စောစောစီးစီး ဈေးဝယ်ထွက်လာသည်။ နှစ်ယောက်စလုံး ဈေးဝယ်ဖို့ ဘာတက်ကြွသလဲ မမေးနဲ့။ တစ်နေကုန် ဈေးဝယ်ထွက်တာ ညကျမှ ဟိုတယ်ပြန်ရောက်၏။ ဂျိုဂျကတားမြို့လည်မှာ မာလီယိုဘိုယိုဆိုတဲ့ လမ်းရှိပါသည်။ အဲဒီလမ်းပေါ်မှာ အထည်အလိပ်၊ အစားအသောက် အကုန်ရပါသည်။ လမ်းကလည်း ဆူးလေ အနော်ရထာလမ်းလို အရှည်ကြီးပါ။ လမ်းတလျှောက်မှာတော့ ပါတိတ်ဆိုင်ကြီးတွေ တော်တော်များများရှိသည်။ နောက်ပြီး လမ်းဘေးမှာ ထိုင်ရောင်းနေတဲ့ တစ်နိုင်ပါတိတ်ဆိုင်လေးတွေကလည်း တော်တော်များများပါပဲ။

မြန်မာလူမျိုးတွေက ပြင်ဦးလွင် မေမြို့ရောက်ရင် ဆွယ်တာလှလှလေးတွေ ၀ယ်တတ်ကြသလို သူတို့ အင်ဒိုနီးရှားလူမျိုးတွေကလည်း ဂျိုဂျကတားရောက်တာနဲ့ ပါတိတ်တွေ ၀ယ်တတ်ကြပါသည်။ ဂျိုဂျကတားမြို့ကလေးကလည်း ကမ္ဘာကျော် အင်ဒိုနီးရှားပါတိတ်တွေ ထွက်ရာနေရာတစ်ခုလည်း ဖြစ်သည်။ မြို့ပတ်လည်မှာလည်း ပါတိတ်လုပ်တဲ့ စက်ရုံတွေ ရှိသလို မြို့ထဲမှာလည်း မိသားစု ပါတိတ်လုပ်ငန်းသေးသေးလေးတွေ ရှိပါသည်။

ပါတိတ်လုပ်ရတာလည်း တကယ်တော့ မလွယ်ပါဘူး။ ကျွန်တော် Lasalle Sia မှာ ပထမနှစ် ဖောင်ဒေးရှင်း တက်တော့ ပါတိတ်လုပ်ခဲ့ရဖူးပါသည်။ ဖက်ရှင်စတူဒီယိုမှာပေါ့။ အဲဒီတုန်းက အခြေခံပါတိတ်ကို လုပ်ခဲ့ရတာပါ။ ဖယောင်းဝယ်ပြီး သံဇလုံနဲ့ ကြိုရပါသည်။ ဖယောင်းနံ့ မခံနိုင်တဲ့ သူကတော့ လုပ်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဖယောင်းထည့်ဖို့ သစ်သားလက်ကိုင်လေးနဲ့ ခွက်သေးသေးလေး တပ်ရက်သား ကြေးနှုတ်သီးခေါက်ချွန်ချွန်လေးကို သုံးရပါသည်။ ခွက်သေးသေးလေးကနေ ဖယောင်းစက်တွေက ပိုက်နဲ့ တူတဲ့ နှုတ်သီးဝလေးကနေပြီး တစ်စက်စက် ကျနေတဲ့ အချိန်မှာ ဖျင်စပေါ် တင်ရပါသည်။ အစက်ကလေးတွေ တစ်ခုချင်းစီဆက်ပြီး ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ရေးဆွဲရ၏။ ကိုယ်လိုချင်တဲ့ အစက် အကြီးအသေးကိုလည်း နှုတ်သီးဝ အကျဉ်းအကျယ်အပေါ် မူတည်ပြီး ရေးနိုင်ပါသေးသည်။ ပါတိတ်ရေးတဲ့ သူနားမှာ ဆိုဒ်အမျိုးမျိုးနဲ့ ဖယောင်းဂေါက်ကလေးတွေ ရှိနေတတ်သည်။ အဲဒီလို အစက်ကလေးတွေ ချပြီး ဒီဇိုင်းဆွဲရလို့ ထင်ပါရဲ့ ပါတိတ်ဆိုတဲ့ အဓိပ္ပါယ်က အင်ဒိုနီးရှားလို အစက်ကလေးများ ပြုလုပ်ချင်းလို့ ဆိုနိုင်ပါသည်။
Lasalle Sia မှာတုန်းက လုပ်ခဲ့တဲ့ ပါတိတ် (ဟီးဟီး ပြန်ကြည့်ရင် ခဏခဏထိုင်ရီနေမိတယ်)

တခါတလေ ဖယောင်းပူပူတွေကို ခပ်ရတာမလွယ်ပါဘူး။ ကျွန်တော် ပါတိတ်နဲ့ ပါတ်သက်တဲ့ ပရိုချက်လုပ်တုန်းကဆို လက်မှာ ခဏခဏ အပူလောင်တတ်သည်။ ပါတိတ်ရေးတဲ့ အခါ၊ ဥပမာ စက်ဝိုင်းဆွဲမယ်ဆိုရင် အဲဒီရေးဆွဲထားတဲ့ စက်ဝိုင်းပုံစံ ဖယောင်းစက်တွေက တစ်ခုနဲ့ တစ်ခု ထိစပ်နေရပါသည်။ လစ်ဟာပြီး ပေါက်နေလို့ မရပါဘူး။ တကယ်လို့ လစ်ဟာနေပါက အဲဒီ စက်ဝိုင်းထဲကို ကိုယ်လိုချင်တဲ့ ဆေးရောင်ထည့်တဲ့ အခါ မလိုအပ်တဲ့ နေရာကို ပြန့်သွားတတ်ပါသည်။ အဲဒါကြောင့်မို့လို့ တချို့ ပါတိတ်စတွေမှာ ဆေးကွက်သေးသေးလေးတွေ ရှိနေတတ်ပါသည်။ အဲဒီဆေးကွက်လေးတွေက ဆေးစွန်းတာ မဟုတ်ဘဲ ဖယောင်းမညီလို့ ဆေးတွေ ပြန့်ကုန်တာပါ။ ကျွန်တော် ပထမဆုံးလုပ်တဲ့ ပါတိတ်စဆို ဘယ်တော့မှ ဖယောင်းမညီခဲ့ပါဘူး။ ဆေးတွေက ဟိုပြန့်ဒီပြန့်နဲ့ စုတ်ပြတ်သတ်သွားဖူးပါသည်။


ဖယောင်းအိုး
ဖယောင်းစက်နဲ့ ဒီဇိုင်းရေးနေပုံ

စုတ်တံလေးနဲ့ ဆေးသွင်းရင်သွင်း၊ မသွင်းဖူးဆိုရင်တော့ မဲနယ်ကန်လို ဆေးရောင်စုံ ရှိတဲ့ ရေစည်တွေထဲကို ဖြန့်ပြီး နှစ်ရပါသည်။ ဆေးစပ်ပြီးတာနဲ့ အခြောက်ခံ။ ပြီးရင် ဆေးခိုင်စေတဲ့ ဆေးရည်ကို ထပ်ပြီး ဆိုးရပါသည်။ အဲဒီတော့မှ အရောင်ခံမှာပါ။ တကယ်တော့ ပါတိတ်ကောင်း ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ တခါတလေ ဖယောင်းတင်တဲ့ အချိန်မှာ အသုံးမကျလို့ ဖယောင်းမညီပါက ဆေးဆိုးတဲ့ အချိန်မှာ ဒုက္ခရောက်တတ်ကြပါသည်။ ဆေးယိုလို့ လွှင့်ပစ်လိုက်ကြရပါသည်။

ပါတိတ်ဆိုလျှင် အဓိကအားဖြင့် နှစ်မျိုးရှိပါသည်။ လက်ရေးပါတိတ်နှင့် ဆေးဆိုးပန်းရိုက်ပါတိတ် ဟူ၍ဖြစ်သည်။ လက်ရေးဆိုတာကတော့ ဖျင်စပေါ်မှာ လက်ဖြင့် ကိုယ်တိုင် ဒီဇိုင်းရေးဆွဲရတဲ့ အရာမျိုးပါ။ မူပွားမရှိပါဘူး။ အဲဒါကြောင့်မို့လို့ လက်ရေးပါတိတ် ကောင်းကောင်းဆို သိန်းချီပေးရတတ်ပါသည်။

တကယ်တော့လက်ရေးပါတိတ် ၀ယ်နိုင်ဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး။ လက်ရာကောင်းရင် ကောင်းသလောက်ပေးရ၏။ ဂျိုဂျကတာမြို့မှာတော့ တန်ဖိုးသက်သာတယ်လို့ ပြောရမှာပဲ မြန်မာငွေ ကျပ်သုံးသောင်းကနေ တစ်သိန်းကျော်ထိ ပေးရပါသည်။ စက်နဲ့ ပရင့်ထုတ်ထားတဲ့ အဆင်လေးတွေကျတော့ တော်တော် သက်သာသည်။ နောက်ပြီး ပိတ်စပေါ်မှာ လက်နဲ့ မဆွဲဘဲ သံဘလော့တုံးလေးတွေနဲ့ တံဆိပ်ရိုက်သလို ဒီဇိုင်းဖော်ထားတဲ့ အစလေးတွေကလည်း သိပ်ပြီး ဈေးမကြီးပါဘူး။


တော်ဝင်မိသားစုပုံ
ဒီလိုအဆင်မျိုးတွေကို အရင်က တော်ဝင်မိသားစုက လွဲလို့ သာမန်အရပ်သူတို့ ၀တ်လို့ မရပါဘူး

ဂျိုဂျကတားမြို့နှင့် ပတ်ဝန်းကျင်မြို့တွေ တော်တော်များများမှာ ပါတိတ်ကောင်းတွေ ရနိုင်ပါသည်။ ဒါပေမယ့် ဂျိုဂျကတား ပါတိတ်က အကောင်းဆုံးနဲ့ နာမည်အကြီးဆုံးပေါ့။ နောက်ပြီး အရင်က ဂျိုဂျကတားက မင်းနေပြည်တော် အသေးစားလေးဆိုတော့ နန်းတော်သုံး ပါတိတ်ဒီဇိုင်းတွေက စုံတယ်လေ။ ကျွန်တော်တို့ နှစ်ယောက် ဘိုယိုဘုဒေါက အပြန် စူတန်နန်းတော်ကို သွားလေ့လာဖူးတော့ နန်းတော်ထဲမှာ တော်ဝင်ပါတိတ်ဒီဇိုင်းတွေ မြင်ခဲ့ရသည်။ နန်းတွင်းသူ မိဖုရားတိုင်းက ပါတိတ်လုပ်တတ်ဖို့လိုပါသည်။ သူတို့ဆီမှာ ကိုယ်ပိုင်ဒီဇိုင်းဆိုပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းတတ်ကြပါသေးသည်။ အရင်တုန်းက စူတန်မှာ မိဖုရားတွေ အများကြီး ရှိ၏။ မိဖုရားတိုင်းမှာလည်း သားသမီးတွေ အများကြီး ရှိတော့ စူတန်က လမ်းမှာတွေ့ရင် ဘယ်သူက ဘယ်မိဖုရားရဲ့ ကလေးမှန်း မသိတော့ဘူး။ အဲဒီတော့ ကလေးတွေကို ဘယ်လိုခွဲလည်း ဆိုရင် မိဖုရားတွေမှာ ကိုယ်ပိုင်ရှိတဲ့ ပါတိတ်ဒီဇိုင်းနဲ့ အရောင်နဲ့ ခွဲသတဲ့။ ဒီအပြာရောင်ပါတိတ်ကို ဘယ်မိဖုရားက ပိုင်ပြီး ဘယ်ကလေးက အပြာရောင်ပါတိတ်လေး ၀တ်ထားရင် အဲဒီ မိဖုရားကလေးမှန်း တန်းသိပါသည်။ အဲဒါကြောင့်မို့လို့ တချို့တွေက အရောင်လေးတွေ ဆင်တူ ဖြစ်နေတတ်ကြသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပါတိတ်ကို ၀မ်းဆက်ဝတ်တာ ဆိုလို့ အမျိုးသမီးတွေသာ ရှိပေမယ့် အင်ဒိုနီးရှားမှာတော့ ယောက်ျားလေးတွေပါ အပေါ်အောက် ၀တ်ကြပါသည်။

အင်ဒိုနီးရှားသားလေးပေါ့

Beringharjo
ဈေးအတွင်းပိုင်းတစ်နေရာ

ကျွန်တော်တို့နှစ်ယောက် ဈေးဝယ်ထွက်တဲ့ မာလီယိုဘိုရိုလမ်းမှာ မင်္ဂလာဈေးလိုပဲ Beringharjo လို့ခေါ်တဲ့ ဈေးဟောင်း တစ်ခုရှိပါသည်။ အဲဒီဈေးဟောင်းက ညနေ ၄ နာရီအထိဘဲ ဖွင့်တော့ ကျွန်တော်တို့ စောစောသွားကြရသည်။ ဈေးပထမထပ်မှာတော့ များလိုက်တဲ့ ပါတိတ်တွေ။ ပါတိတ်စတင်မကပါဘူး။ ချုပ်ပြီးသား ပါတိတ်အင်္ကျံအထည်တွေကလည်း ပေါမှပေါ။ မိန်းမ၀တ်လား ယောကျာ်းရှပ်အင်္ကျံလား။ အကုန်ရ၏။ နောက်ပြီး ပါတိတ်နဲ့ ချုပ်ထားတဲ့ အိပ်ယာခင်းတွေ။ စားပွဲခင်းတွေ။ အရောင်အသွေးကလည်း တော်တော်စုံသည်။ ဈေးနှုန်းနဲ့ အရည်အသွေးကလည်း ဒေသခံတွေ အတွက် ရည်ရွယ်ထားတော့ တော်တော်သက်သာတယ်လို့ ပြောလို့ရပါသည်။ အလွန်ဆုံးရှိမှ သုံးလေးငါးသောင်းပေါ့။ အဲဒီဈေးမှာတင် တော်တော် ပတ်လိုက်တာ ခြေအတော် ညောင်းသွားတော့ ရန်ကုန်က မုန့်လက်ဆောင်းလို အအေးသောက်လိုက်ရသေးသည်။


မုန့်လက်ဆောင်း
ကြက်သားကို သဘေီာင်္သီးနဲ့ ချက်ထားတာ ကောင်းမှကောင်း

Mirota Batik


ဈေးပတ်ပြီး အပြင်ရောက်တော့ သူနဲ့ မျက်နှာချင်းဆိုင်က Mirota Batik လို့ ခေါ်တဲ့ နှစ်ထပ်ဆိုင်လေးကို ၀င်မိကြသည်။ ဆိုင်ထဲမှာ ဂျိုဂျကတားမြို့ထွက် ပစ္စည်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းတာတွေ့ရ၏။ အဲဒီဆိုင်မှာပဲ ချစ်ချစ်က သူလိုချင်တဲ့ သစ်သားဘူးလေးတွေ ရလိုက်သည်။ ရုပ်တုတွေ၊ ကြွေထည်ပစ္စည်းတွေ၊ အိမ်သုံး အလှဆင်ပစ္စည်းတွေကလည်း ဆိုင်ပေါ်မှာ မျိုးစုံတွေ့ရသည်။ အဲဒီဆိုင်ထဲမှာ ဘယ်လောက်တောင် ကြာလည်းဆိုရင် ဆိုင်မှာ ဖွင့်ထားတဲ့ အင်ဒိုတီးလုံးတွေကိုတောင် အလွတ်ရမိရော။ နောက်ပြီး ဆိုင်တစ်ခုလုံး အမွှေးတိုင် ထွန်းထားတော့ တစ်ဆိုင်လုံး သင်းနေတာပဲ။ ဆိုင်ထဲမှာလည်း ဖယောင်းတိုင်ထွန်းတဲ့ မီးခံခွက်လေးတွေကလည်း အများကြီး။ ရွှံ့စေးကို အသုံးပြုတဲ့ အဲဒီဆီမီးခွက်လေးတွေမှာ တောက်တဲ့ပုံလေးတွေ၊ ဖားပုံလေးတွေ၊ လိပ်ပုံလေးတွေနဲ့ ဒီဇိုင်းလုပ်ထားပါသေးသည်။ တစ်ခုမှ လေးထောင်လောက်ပဲ ရှိတော့ လေးခုလောက် ၀ယ်လိုက်တာပေါ့။ မီယိုတာမှာ ကိုယ်လိုချင်တာရတော့ ပါတိတ်ရှာပုံတော် ဖွင့်ကြ၏။

ပါတိတ်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်။ ရှသမျှဆွဲထုတ် ဖြန့်ကြည့်။ စိတ်ကြိုက်မတွေ့တာနဲ့ နောက်တစ်ဆိုင်ပြောင်း။ ဆိုင်က အရောင်းစာရေးမလေးတွေကတော့ တော်တော် မျက်စိနောက်မှာပဲ။ ကျွန်တော်က ရသမျှ ပါတိတ်စတွေ ဖြန့်ကြည့်နေချိန်မှာ ချစ်ချစ်ကတော့ ပါတိတ်လက်ကိုင်ပုဝါတွေရှာ။ နှစ်ယောက်သား ဆိုင်ထဲဝင်လိုက်တာနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ကောင်တာရှေ့ကို အသီးသီးရောက်သွားကြတယ်လေ။ ကျွန်တော့်အမတွေက ပါတိတ်ဝတ်ခဲတော့ သူတို့အတွက် ခေတ်ဆန်တဲ့ ဒီဇိုင်းလေးတွေကိုပဲ အဓိက ထားရွေးရတော့ တော်တော်နဲ့ မျက်စိမကျမိဘူး။ ဒီလိုနဲ့ ဆိုင်ကူးရင်း၊ ရွေးရင်းနဲ့ Batik Keris ဆိုတဲ့ ဆိုင်ရှေ့ကို ရောက်လာရော ချစ်ချစ်က သူ့မရီး အင်ဒိုနီးရှားသူက ပါတိတ်ဝယ်ရင် Batik Keris ဆိုင်မှာဝယ်ဖို့ မှာလိုက်တာ သတိရသွားကြတယ်။ ဒီလိုနဲ့ ဆိုင်ထဲဝင်ကြည့်လိုက်တော့။ လိုချင်လိုက်တာ။တစ်ဆိုင်လုံး။ လှလိုက်တဲ့ ပါတိတ်တွေ။ အမျိုးသမီးပုဝါတွေဆို ရှိလှ မြန်မာငွေ နှစ်သောင်း သုံးသောင်းလောက်ပဲ ရှိ၏။ လက်ကိုင်ပုဝါသေးသေးလေးတွေဆို လေးငါးထောင်လောက်သာ။ ကျွန်တော်ကတော့ ရှိသမျှပါတိတ်တွေ ဆွဲထုတ်ပြီး ဒီအစက မေ့မေ့အတွက်။ ဒီအစက ဘယ်အမအတွက် ဆိုပြီး ရွေးလိုက်ရတာ အမော။ အမကလည်း ၆ယောက်တောင်ဆိုတော့ ပါတိတ်စတွေ တော်တော်များများ ၀ယ်လိုက်ရသည်။ ၀ယ်လာတဲ့ အစတွေကို စကာင်္ပူက သူငယ်ချင်းတွေ ပြကြည့်တော့မှပဲ ကိုယ်ဝယ်လာတဲ့ Batik Keris အစတွေက မြန်မာပြည်မှာ ဈေးကြီးတဲ့ ဒါးကြီးပါတိတ်မှန်း သိရ၏။

ဘာပဲ ပြောပြော အင်ဒိုနီးရှားပါတိတ်တွေက တော်တော်လှပါသည်။ နောက်တစ်ခေါက်သွားနိုင်သေးရင်တော့ သွားချင်ပါရဲ့ဗျာ။
ကျွန်တော်ဝယ်ခဲ့တဲ့ ပါတိတ်တချို့

မေမေ့အတွက် ရွှေပါတိတ်

ဒီအစလေးက ကျွန်တော် ရှပ်အကျီင်္ချုပ်ဝတ်ဖို့

ဒါလေးပါ ချုပ်ဝတ်ရင် ကောင်းမလားလို့


လက်ကိုင်ပုဝါလေးတွေ

အကြွေထည့်တဲ့ အိတ်ကလေးနဲ့ ရေခွက်ခုတဲ့ အရာလေးတွေ

13 ယောက်ကဒီလိုမြင်တယ်တဲ့...:

khin oo may said...

စိတ်ဝင်စားစရာဘဲ။

ဖိုးစိန် said...

ကိုကိုပိုင် ကျနော့်အတွက်တော့ သတိတရမဝယ်ပေးဘူးလာဗျ

MANORHARY said...

စိတ်ဝင်စားစရာကောင်းပါတယ်။တစ်ချိန်က ပါတိတ်ပန်းချီ
ပြပွဲတွေရန်ကုန်မှာလုပ်ခဲ့တာသတိရတယ်။ အစ်ကို တစ်
ယောက်ဆွဲပေးတဲ့ ပါတိတ်ကိုခပ်တည်တည်နဲ့အကျီ င်္ချုပ်
ပစ်လိုက်တာလည်း သတိရနေတယ် ..း) (လှတာကိုး)
တကယ်က ပါတိတ်ဝတ်လေ့မရှိဘူး။
by the way! သက်ပိုင်သူရွေးတဲ့အဆင်တွေကလည်း
လှတယ်..း)

အပြုံးပန်း said...

အင်ဒိုနီးရှားရောက်မှပဲဝယ်တော့မယ်။ :)

sin dan lar said...

လှထှာ... ။

msd said...

hote pa taw. hla like tarrrr.

Rita said...

လက်စသတ်တော့ တို့မြန်မာပြည် စက်မှု(၁)ရဲ့ယူနီဖောင်းက တော်ဝင်အဆင်ဖြစ်တော့သကိုး။

GreenGirl said...

သိပ်မကြိုက်တတ်ဖူးဟ။ ဒါပေမယ့် သူများဝတ်လို့ လှနေရင်တော့ ငေးတတ်တယ် :P

ကြည်ဖြူပိုင် said...

အားပါး။ပါတိတ်နဲ့ပတ်သက်တဲ့ ဂျန်န၀ါရီနော့လေ့တော့ အတော်ရသွားတယ်။ ကျေးဂျူး :P

မဆုမွန် said...

အင်ဒိုနီးရှားကပါလာတဲ့ ပါတိတ်ဆင်အကျီလေး လက်ဆောင်ရဘူးတယ် အရမ်းလှတာပဲ အခုသက်ပိုင်သူဝယ်လာတဲ့ ပါတိတ်ဆင်လေးတွေ တော်တော်လှတယ်..ပြောရဦးမယ်..တစ်ခါက မြန်မာလုံချည်လေးတွေဝတ်ချင်လို့ ယောင်းမက ပါတိတ်ဝမ်းဆက်ပို့ပေးလိုက်တာ ဒီအတိုင်း အရောင်လဲ သိပ်မကြိုက်တော့ အိမ်မှာ ချဝတ်တော့ တီချယ်က သမီး ဒါးကြီးပါတိတ်ကို အိမ်နေရင်း ချ ၀တ်သလား အဲ့ပိတောက် ခြောက်ရောင်က ဈေးပိုကြီးတယ် တဲ့ ဟီး အဲ့လို ပါတိတ်ဈေးကြီးတာ မ၀တ်ဘူးတော့ တန်ဖိုးမသိဘူးလေ ပါတိတ်ပုံလေးတွေ ငမ်းသွားတယ်..

puluque said...

ပါတိတ်တွေကိုတော့ မာမီအတွက် များသောအားဖြင့် လက်ဆောင်ဝယ်ပေးလေ့ရှိတယ်။ မာမီ သူ့ဖာသာ သူဝယ်ရင်လဲ ကိုက အဆင်ရွေးပေးတယ်..များသေားအားဖြင့်တော့ ဒါးကြီးတွေများတယ်.ကျန်တာကတော့ ကိုယ်လဲ သိပ်မသိ..အခုအဆင်လေးတွေက အဆန်းလေးတွေ ကိုလဲမမြင်ဘူး ဘူး...

မေငြိမ်း said...

ပါတတိတ်ကတော့ အလွန်ကြိုက်.. လိုချင်လိုက်တာဗျာ...

ခမ်းကီး said...

စိတ်ဝင်စားစရာပါနော်။