May 16, 2009

အင်ဒိုနီးရှားခရီး (ပရမ်ဘန်နန်ဘုရားကျောင်း)


Prambanan



ဟိုးရှေးရှးတုန်းက ဂျာဗားကျွန်းဆွယ်မှာ ဘိုကိုနဲ့ ပန်ဂင်းဆိုပြီး တိုင်းပြည်လေးနှစ်ခုရှိသတဲ့။ ဘိုကိုဘုရင်ကြီးက ပန်ဂင်းတိုင်းပြည်ကို သိမ်းပိုက်ချင်တာနဲ့ စစ်သည်ရဲမက်တွေနဲ့ ချီတက်ပြီး သိမ်းယူဖို့ ကြိုးစားပါတယ်။ စစ်ပွဲမှာ နှစ်ဖက်စစ်သားများစွာ ကျဆုံးပြီး ပန်ဂင်းတိုင်းသူပြည်သားတွေက စစ်ဒဏ်ကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်ကြရပါတယ်။ နောက်ဆုံးမှာ ပန်ဂင်းဘုရင်ကြီးက သူရဲ့ သားတော် မင်းသားဘန်ဒေါင်ဘွန်ဒိုဝိုဆိုသူကို စစ်တိုက်ဖို့ လွှတ်လိုက်ရပါတယ်။ နောက်ဆုံးမှာတော့ ပန်ဂင်းဘက်က အနိုင်ရပြီး မင်းသားလေး လက်ချက်နဲ့ ဘိုကိုဘုရင်ကြီး ကျဆုံးသွားပါရော။ ဘိုကိုတိုင်းပြည်ကိုလည်း မင်းသားလေးက သိမ်းပိုက်နိုင်ပါသတဲ့။

ဘိုကိုဘုရင်ကြီးမှာ အလွန်တရာ ချောမောလှပတဲ့ ယိုယိုဂျွန်ဂယန်ဆိုတဲ့ မင်းသမီးလေးတစ်ပါးရှိပါသတဲ့။ မင်းသားလေးက မင်းသမီးလေးကို မြင်မြင်ချင်း မြတ်နိုးတော်မူလို့ နှစ်ပြည်ထောင် ငြိမ်းချမ်းရေးအတွက် လက်ဆက်ခွင့်တောင်းတယ်။ မင်းသမီးလေးက ဘုရင်ကြီးဘိုကိုကို သတ်ပြီး သူမရဲ့ တိုင်းပြည်ကို အုပ်စိုးနေတဲ့ မင်းသားဘန်ဒေါင်ကို အလွန်ပဲ မုန်းတီးပါတယ်။ ဒါပေမယ့် မင်းသားလေးက အတင်းအကျပ် လက်ထက်ခွင့်ကို စီစဉ်တာနဲ့ နောက်ဆုံးမှာ သူမက ငြင်းဆန်ဖို့ အရမ်းခက်ခဲလာပါတယ်။ ငြင်းလို့ မရတော့တဲ့ နောက်ဆုံးမှာတော့ သူမ မဖြစ်နိုင်ဘူးထင်တဲ့ တောင်းဆိုချက်နှစ်ခုကို မင်းသားလေးကို လုပ်ခိုင်းလိုက်ပါတယ်။ အဲဒီနှစ်ခုကို လုပ်ပေးနိုင်ရင် မင်းသားလေးကို လက်ဆတ်မယ်ပေါ့လေ။

ပထမဆုံးတောင်းဆိုချက်အရ မင်းသားလေးက ရေတွင်းတစ်တွင်း ဆောက်ပေးရတယ်။ ရေတွင်းပြီးသွားတဲ့ အချိန်မှာ မင်းသမီးလေးက မင်းသားလေးကို လှည့်စားပြီး ရေတွင်းထဲ ဆင်းခိုင်းလိုက်ပါသတဲ့။ မင်းသားလေး ရေတွင်းထဲ ဆင်းလိုက်တဲ့ အချိန်မှာ မင်းသမီးလေးက အပေါ်ကနေ ကျောက်တွေနဲ့ စီပြီး ရေတွင်းကို ပိတ်လိုက်ပါတယ်။ ဒါပေမယ့် မင်းသားလေးက ရေတွင်းထဲကနေ ဘေးမသီရန်မခဘဲ လွတ်လာပါတယ်။ မင်းသားလေးက မင်းသမီးလေးကို အရမ်းကို မြတ်နိုးတော်မူလို့ ခွင့်လွှတ်နိုင်ခဲ့ပါတယ်။

ဒုတိယတောင်းဆိုချက်အနေနဲ့ မင်းသားလေးက ညတွင်းချင်း မင်းသမီးလေးအတွက် ဘုရားကျောင်း အခုတစ်ထောင်ကို တည်ဆောက်ပေးရပါတယ်။ မင်းသားလေးက သူ့ရဲ့ ဘုန်းတန်ခိုးနဲ့ မြေနတ်သားကို ခေါ်ပြီး ဘုရားကျောင်းတွေကို ညတွင်းချင်းတည်ဆောက်ပါတယ်။ အခုပေါင်း ၉၉၉ခု တည်ဆောက်ပြီးချိန်မှာတော့ မင်းသမီးလေးက နန်းတွင်းအပျိုတော်တွေကို နှိုးပြီး ဆန်တွေထောင်းပြီး အရှေ့ဘက် ဘုရားကျောင်းတစ်ခုမှာ မီးရှို့ပါတယ်။ မီးရောင်ကြောင့် အရှေ့ဘက်မှာ နေထွက်လာတယ်လို့ ထင်ရပါတယ်။ နောက်ပြီး ကြက်ဖကိုလည်း တွန်အောင်လုပ်ပါသတဲ့။ ကြက်ဖတွန်သံရယ်၊ မီးရောင်ရယ်ကြောင့် မင်းသားလေးကို ကူညီနေတဲ့ နတ်တွေအားလုံး တစ်ထောင်မြောက် ဘုရားကျောင်းကို အပြီးမသတ်နိုင်တော့ဘဲ မြေကြီးထဲပြန်ဝင်သွားပါရော။ မင်းသားလေးလည်း အရမ်းစိတ်ဆိုးပြီး မင်းသမီးလေးကို ကြိမ်စာတိုက်လိုက်တာ နောက်ဆုံးတော့ မင်းသားလေးတည်နေတဲ့ ဘုရားကျောင်းတွေထဲက အချောဆုံး အလှဆုံး ဖြစ်တဲ့ တစ်ထောင်မြောက် ကျောက်ရုပ်တု ဖြစ်သွားရှာတာပေါ့။

ဒါကတော့ ပရန်ဘန်နန်ရဲ့ ဒဏာရီလေးပါ။ သူတို့ရဲ့ဒဏာရီက မြန်မာပုံပြင်တွေထဲမှာ ကျောက်ဖြစ်သွားတဲ့ ရွှေတိဂုံဘုရားက မောင်ကံ်၊ ကျိုက်ထီးရိုးက ရွှေနန်းကျင်ပုံပြင်လေးတွေ လိုပါပဲ နောက်ပြီး ဒွတ္ထဘောင်မင်းနဲ့ ဗိဿနိုးဘုရင်မ ဇာတ်လမ်းတွေနဲ့လည်း ခပ်ဆင်ဆင်တူပါတယ်။

သူတို့ရဲ့ ဒေသခံ ဒဏာရီလေးတွေနဲ့ ဆက်စပ်နေတဲ့ ဘုရားကျောင်းလေးကလည်း ဂျာဗားကျွန်းမှာ အကြီးဆုံး၊ ဟိန္ဒူဘုရားကျောင်း တစ်ခုပါ။ ဒီနေရာမှာ ဒေသခံတွေ ပြောလေ့ပြောထရှိတဲ့ အကြောင်းအရာလေးတစ်ခု ရှိပါတယ်။ ဒီဘုရားကျောင်းတွေ ရှိရာ၊ ဘိုယိုဘုဒေါစေတီရှိရာ ဒီဂျိုဂျကတားမြို့လေးက မွတ်ဆလင်တွေ မ၀င်ရောက်ခင်က ဗုဒဘာသာနဲ့ ဟိန္ဒူဘာသာတို့ အလွန်ထွန်းကားရာနေရာလေးပါ။ ဒါပေမယ့် မွတ်ဆလင်တွေရဲ့ ရန်ကြောင့် ဗုဒဘာသာက အင်ဒိုနီးရှားမှာ လုံးဝတိမ်ကောသွားပြီး ဟိန္ဒူအများစုကတော့ ယခုကမ္ဘာကျော် ဘာလီဘက်ကို ထွက်ပြေးသွားကြပါတယ်။ ဒါကြောင့်မို့လို့ ဘာလီရဲ့ အငွေ့အသက်တွေက မွတ်ဆလင်အငွေ့အသက်တွေမရှိဘဲ ရှေးဟောင်းဟိန္ဒူယဉ်ကျေးမှုတွေ ဖုံးလွှမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂျိုဂျကတားမြို့လေးမှာတော့ ရှေးဟောင်းဟိန္ဒူဘုရားကျောင်း လက်ရာတွေကတော့ ရှိနေဆဲပါပဲ။

ပယန်ဘန်နန် အသေးစားမော်လ်ဒယ်။ အရံစေတီတွေ အခုထက်တိုင်ရှိသေးရင် တော်တော်လှမှာပါ။

ကျွန်တော် ပယန်ဘန်နန်ကို ရောက်သွားချိန်မှာ ညနေဘက်ပါ။ ဘုရားကျောင်းကနေ နေ၀င်ဆည်းဆာကြည့်ရင် အရမ်းလှတယ်ဆိုလို့ပါ။ ကျွန်တော်ရောက်သွားတဲ့ အချိန်မှာ ကမ္ဘာလှည့် ခရီးသွားတွေ တော်တော်များများလည်း ရောက်နေကြပါတယ်။ အကုန်လုံးက နေ၀င်ချိန်ကို စောင့်နေကြတာပေါ့။ ပါရန်ဘန်နနမ်ဘုရားကျောင်းဝင်းထဲမှာ ဘုရားကျောင်းတွေ အများကြီးရှိပါတယ်။ အခုလောလောဆယ်တော့ ပင်မဘုရားကျောင်းတစ်ခုနဲ့ နောက်ထပ်ဘုရားကျောင်းတစ်ခုပဲ ဖွင့်ထားပါတယ်။ ၂၀၀၆ခုနစ်က မြေငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ဘုရားကျောင်းတွေကို ပြုပြင်နေဆဲပါ။

ယန်ဘန်နန်ဘုရားကျောင်းနဲ့ ပါတ်ဝန်းကျင်မှာ ရှိတဲ့ ဘုရားကျောင်းတွေကို ခရစ်သက္ကရာဇ် ၈၅၀လောက်မှာ တည်ထားတာဖြစ်လို့ ကျွန်တော်တို့ ပုဂံထက် နှစ်ပေါင်း သုံးလေးရာလောက် စောပါတယ်။ အင်ဒိုနီးရှားမှာ အခုလို လက်ရာကောင်းကောင်းနဲ့ အဆောက်အဦးခိုင်ခိုင်မာမာတွေ တည်ဆောက်နေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ သာမန်မြို့ပြနိုင်ငံလေးအဆင့်ပဲ ရှိသေးတယ်လို့ထင်ပါတယ်။ ဒီဘုရားကျောင်းမှာတော့ ရာပေါင်းများစွာသော ဘုရားရှစ်ခိုးဆောင်လေးတွေ ရှိပါသေးတယ်။ အခုတော့ အားလုံးပျက်ဆီးသွားပါပြီ။

မင်းသမီးလေးရုပ်ထုလို့တော့ ပြောနေကြတာပဲ

ပယန်ဘန်နန် ဘုရားကျောင်းတွေထဲမှာ သူနဲ့ သတ်ဆိုင်တဲ့ ဘုရားရုပ်ထုတွေ ရှိနေပါတယ်။ အဲဒီအထဲမှာမှ ရုပ်ထုတစ်ခုကတော့ ဒဏာရီထဲက ကျောက်ဖြစ်သွားတဲ့ မင်းသမီးလေး ရုပ်ထုပါပဲ။ ပယန်ဘန်နန်နဲ့ မဝေးလှတဲ့ နေရာမှာ များစွာသော ဘုရားကျောင်းတွေ ရှိပါသေးတယ်။ အဲဒီအထဲမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ဆီးဝုစေတီကတော့ ပုံပြင်ထဲက တစ်ထောင်မြောက်စေတီပါပဲ။

ပယန်ဘန်နန်ဘုရားကျောင်းကို နှစ်ပေါင်းများစွာ ပစ်ထားခဲ့ပြီး ၁၉၁၈ခုနှစ်ရောက်တော့မှ ပြန်လည်ပြုပြင်ခဲ့ကြတယ်။ မပြု့ပင်ခင်မှာတော့ ပါရန်ဘန်နန်ကတော်တော်လေး ပျက်ဆီးနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘုရားတည်ရာ မြေအုတ်တွေ အများစု အသုံးပြုခဲ့ပေမယ့် အင်ဒိုနီးရှားမှာတော့ ကျောက်တုံးတွေကို အသုံးပြုခဲ့တယ်။ ဒီနေရာမှာ တစ်ခုမှတ်ယူသင့်တာကတော့ သမိုင်းသုတေသနပညာရှင်တွေက ဒီဘုရားကျောင်းကို ပြုပြင်ပုံပါပဲ။ ဘုရားကျောင်းကို မပြုပြင်ခင်က အနီးတ၀ိုက်မှာ ကျောက်တုံးတွေက တစစီပြန့်ကြဲနေပါတယ်။ ပြန့်ကြဲနေတဲ့ ကျောက်တုံးတွေကို မရှင်းသေးဘဲ ဘယ်နေရာက အပိုင်းအစတွေ ဖြစ်နိုင်မလဲ ဆိုပြီး အမှတ်အသားပြုကြပါတယ်။ အန်ကောဝပ်ကို ပြန်လည်ပြုပြင်တဲ့ အတိုင်းပါပဲ။ နဂိုမူရင်း ကျောက်တုံး ၇၅ရာခိုင်နှုန်းပဲ ပြန်ရပြီး တချို့တွေကတော့ အခိုးခံလိုက်ရတာပါသလို သဘာဝကြောင့် ပျက်ဆီးသွားတာလည်းပါပါတယ်။ အားလုံးကို ပြုပြင်ဖို့ နှစ်ပေါင်း ၃၅နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ဘေးပတ်ဝန်းကျင်က တခြား ဘုရားကျောင်းတွေကိုတော့ မပြင်ဆင်တော့ဘဲ အရှိကို အရှိတိုင်းထားလိုက်ပါတယ်။

ပန့်ကြဲနေတဲ့ ကျောက်တုံးတွေ ကြည့်ပြီး ဒီကျောက်တုံးက ဘယ်နေရာက ဘယ်ဘုရားကျောင်းရဲ့ အပိုင်းအစလေးနေမှာပေါ့လို့ စိတ်မှန်းနဲ့ ကျောက်တုံးရာဇ၀င်ကို အကဲဖြတ်နေမိသေးတယ်။

နောက်ပြီး ပယန်ဘန်နန်ရဲ့ ထူးခြားချက်က ကျောက်ဆစ်လက်ရာတွေပါ။ ကျောက်ဆစ်လက်ရာ အများစုက ရာမာယနဇာတ်တော် အကြောင်းကို ထုဆစ်ထားတာပါ။ အဲဒါကြောင့်ပဲလားမသိ။ အင်ဒိုနီးရှားအစိုးရက်ပယန်ဘန်နန်ဘုရားကျောင်းကို နောက်ခံပြီး ရာမယဏဇာတ်တော်ကို အင်္ဂါနဲ့ ကြာသပတေးညတွေမှာကပြပါတယ်။ ကျွန်တော်ရောက်သွားချိန်က သောကြာနေ့ဖြစ်ပြီး ပြန်တဲ့အချိန်က အင်္ဂါနေ့မနက် ဖြစ်တော့ တေ့လွဲခဲ့ရပါတယ်။ မှတ်သားသင့်တဲ့ ကမ္ဘာလှည့်ဆွဲဆောင်နည်းတစ်ခုပါ။

ဘုရားကျောင်းနေရာတစ်ခုလုံးက ယူနက်စ်ကိုရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု ပတ်ဝန်းကျင်တစ်ခုလုံးကို အများပြည်သူလူထု အပန်းဖြေရာ နေရာလေးတစ်ခု ဖန်တီးထားပါတယ်။ အဲဒီဥယျာဉ်ထဲမှာ ဆော့ကစား ပြေးလွှားနေတဲ့ လူငယ်လူရွယ်တွေ အများကြီးပါပဲ။ ဒီလို စီမံထားတဲ့ အကျိုးကျေးဇူးကတော့ လူငယ်တွေအားလုံးက နိုင်ငံတော်ရဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ နေ့စဉ်ထိတွေ့နေပြီး ထိန်းသိမ်းချင်စိတ်တွေ ပေါ်ပေါက်လာမှာပါ။

ဥယျာဉ်တစ်နေရာ

ဘုရားကျောင်းကို ဥယျာဉ်ထဲမှ မြင်ရပုံ
ကျွန်တော် အနေနဲ့ ပယန်ဘန်နန်ဘုရားကျောင်းနဲ့ အပျက်အဆီးတွေကြည့်ပြီး အတွေးတစ်ခုပေါ်လာတာ တစ်ခုရှိပါတယ်။ အဲဒါက ပဲခူးက ဘုရင့်နောင်ရဲ့ ကမ္ဘောဇသာဒီနန်းတော်ပါပဲ။ အဲဒီနန်းတော်အကြောင်း သမိုင်းစာအုပ်မှာ ခမ်းခမ်းနားနားရေးခဲ့ပေမယ့် မီးလောင်တိုက်သွင်းခဲ့ရလို့ ဘာမှ မကျန်တော့ပါဘူး။ ရှေးဟောင်းသုတေသနက နန်းတော်ရာကို ပြန်လည်တူးဖော်တဲ့အခါ မီးသင့်ထားတဲ့ နန်းတော်ကျွန်းတိုင်တွေအများကြီး တူးဖော်တွေ့ရှိလိုက်တာပါပဲ။ ဘာမှ မကျန်တော့တဲ့ နန်းတော်နေရာမှာ မရေမတွက်နိုင်အောင် များပြားတဲ့ ကျွန်းတိုင်တွေက ဘုရင့်နောင်ရဲ့ နန်းတော် ဘယ်လောက်ခမ်းနားခဲ့လဲ ဆိုတာ ပြသနေပါတယ်။ အထူးခြားဆုံးက ကျွန်းတိုင်တွေကို မြေမှာဒီအတိုင်း ဖြစ်သလိုမစိုက်ဘဲ ခိုင်ခိုင်မာမာ ဖောင်ဒေးရှင်းချပြီးတော့ ဆောက်ထားတာပါ။ အခုတော့ အဲဒီတိုင်တွေအားလုံးကို ထုတ်ပြီး အဲဒီမှာဘဲ ဗိုလ်ချုပ်ခင်ညွန့်က နန်းတော်အသစ်ကို ဘုရင့်နောင်လက်ထက်ကအတိုင်း မှန်းဆပြီး ပြန်ဆောက်ထားပါတယ်။ အထုတ်ခံလိုက်ရတဲ့ ကျွန်းတိုင်တွေကိုတော့ နန်းတော်ရာနေရာမှာ ဂိုဒေါင်တစ်ခုလိုဆောက်ပြီး သစ်လုံးတွေကို အဆင့်ဆင့်စီထားပါတယ်။ (ကျွန်တော် နန်းတော်အသစ် ဆောက်ပြီးကာစ ရောက်သွားစဉ်က) ကျွန်တော်တို့ မြန်မာကျောက်စာသမိုင်းမှာတောင် ဆရာကြီး ဒေါက်တာသန်းထွန်းပြောသလို ကျောက်စာတစ်ခုက နှစ်ပေါင်းဘယ်လောက်ပဲကြာနေပါစေ ဘယ်နေရာမှာ ဒီကျောက်စာရှိပြီး ဘာအတွက် ရေးထိုးခဲ့မှန်း မသိရင် အဲဒီကျောက်စာက တန်ဖိုးမရှိတော့ပါဘူးတဲ့။ ဒီလိုပါပဲ နန်းတော်တိုင်တွေသာ မူရင်းနေရာကနေ အဖယ်ခံရပြီး တစ်နေရာမှာ စုပုံထားလိုက်ရင် မီးလောင်ခံရတဲ့ ထင်းတုံးစလိုပါပဲ။ တန်ဖိုးသိပ်မရှိတော့ပါဘူး။ တကယ်လို့သာ အဲဒီနေရာမှာ ကျွန်းတိုင်တွေကို မဖယ်ဘဲ ဥယျာဉ်တစ်ခု ဖန်တီးနိုင်ခဲ့ရင် ကောင်းမှာဘဲ။ အဲဒါဆို မီးသင့်ခံထားရတဲ့ ကျွန်းတိုင်ဟောင်းတွေက စကားပြောတတ်မယ်ဆိုရင် လာသမျှလူတွေအားလုံးကို သူဘယ်လိုမီးလောင်တိုက်သွင်းခံရတဲ့ အကြောင်း ပြောပြမှာအမှန်ပါ။ (ကျွန်တော့်ယူဆချက်ပါ။)

အခုတော့ ကျွန်တော် ပယန်ဘန်နန်ဘုရားကျောင်းကို ရောက်သွားတော့ ပြန့်ကြဲနေတဲ့ ကျောက်တုံးတွေ ကြည့်ပြီး ဒီကျောက်တုံးက ဘယ်နေရာက ဘယ်ဘုရားကျောင်းရဲ့ အပိုင်းအစလေးနေမှာပေါ့လို့ စိတ်မှန်းနဲ့ ကျောက်တုံးရာဇ၀င်ကို အကဲဖြတ်နေမိသေးတယ်။ အင်ဒိုနီရှားလူငယ်တွေကတော့ တတ်နိုင်ရင်ဒီကျောက်တုံးတွေကို ပြန်ပြီး စီဖို့ကြိုးစားချင်ကောင်း ကြိုးစားပါလိမ့်မယ်။ တကယ်လို့သာ ကြိုးစားခဲ့ရင်တော့ အောင်မြင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါရဲ့။

(အင်ဒိုနီးရှားပါတိတ်တွေအကြောင်း ဆက်ပါဦးမည်။)



နေကွယ်ချိန်

ဒီပုံလေးပဲ ကောင်းကောင်းကန်းကန်းရှိလို့ လူပုံကို သီးခံပြီးတော့ ကြည့်ပေးပါး)



ကျောက်ဆစ်လက်ရာတစ်ခု။ ဘုရားကျောင်းက ကျောက်ဆစ်လက်ရာတွေ ကြည့်ပြီး အဲဒီအချိန်တုန်းက ရှငိသန်ခဲ့တဲ့ ငှက်မျိုးစိတ်တွေကိုတောင် ခန့်မှန်းနိုင်သတဲ့။


အနီးအနားက Candi Plaosan

12 ယောက်ကဒီလိုမြင်တယ်တဲ့...:

ဖိုးစိန် said...

ကောင်းကောင်းခန့်ခန့်ပုံလေးကလဲ
ချောချောသန့်သန့်လေးပါ
စိတ်ဝင်စားစရာကောင်းတာတွေကို
တင်ဆက်ပေးတဲ့အတွက်
ဗဟုသုတတိုးတာပေါ့

ဖိုးစိန် said...

မြန်မာ သမိုင်းနဲ့ယှဉ်ရေးသားတော့လဲ ချင့်ချိန်နှိုင်းယှဉ်ကြည့်ရတာ မြင်သာတယ်ပေါ့
ပါတိတ်တွေအကြောင်းကိုလဲစောင့်မျှော်လျက်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

လင်းဒီပ said...

ကျေးဇူးပါ...
အင်ဒို အကြောင်းဖတ်ခွင့်လို့...။
အမြဲတမ်း ကိုယ့်မြေနဲ့ ယှဉ်ပြီးရေးထားတာလေးတွေ တွေ့ရလို့ လေးလေးစားစား လာဖတ်ဖြစ်ပါတယ်..။

MANORHARY said...

သမိုင်းဆရာလေး
ကျေးဇူးတင်ပါတယ်။

ဖိုးသင်္ကြန် said...

မြောက်ဦးဘက်က ဘုရားတွေနဲ့ ယှဉ်ကြည့်ချင်လိုက်တာနော်။

msd said...

yout soe like tar tawwwwww! blogger ka. :P

sin dan lar said...

သမိုင်းဖတ်သွားတယ်...။
ပုံလည်း သည်းခံပြီး.. အဲလေ... ပုံလည်း ကြည့်သွားတယ်.. ကိုဘလော့ဂါ..။

Taungoo said...

နိုင်ငံတော် သုံးခု တည်ထောင်နိုင်ခဲ့တဲ့ မြန်မာ့သမိုင်းမှာ ဒုတိယနိုင်ငံတော်ရဲ့ အထောက်အထားတွေ သမိုင်းအမွေအနှစ်တွေက ကျန်တဲ့ နှစ်ခုထက် ပိုပြီး ရှားပါးနေသလိုပဲ။

မဆုမွန် said...

ပဲခူးက ဘုရင့်နောင်ရဲ့ ကမ္ဘောဇသာဒီနန်းတော် အသစ်ဆောက်ပြီးချိန် ရောက်ဖူးတယ် အဲ့မှာ ကျွန်းတိုင်တွေကိုလေ အကုန်လုံး ထင်းပုံလို စုပုံထားတယ် ဂေါပကကို မေးကြည့်တော့ သူတို့ ပြန်ရောင်းမလား တစ်နေရာကို ရွှေ့ပစ်မလား ဘယ်နေရာကို သွားပစ်မလဲဆိုတာ မသိဘူးတဲ့ အခုတော့ ဘယ်တွေ ရောက်ကုန်ကြပြီလဲ မသိပါဘူးဟယ်..

သူများတိုင်းပြည်တွေမှာ ဘုရားခေါင်းပြတ်ကအစ ကျောက်တုံးလေးတွေ အလယ် အိုးချမ်းပဲ့လေးတွေ အဆုံး အစီအရီ တခုတ်တရ တန်းစီပြီး ရှေးဟောင်းအမွေအနှစ်ကို ထိမ်းသိမ်းနေချိန်မှာ..
ငါတို့ဆီမှာတော့ ထင်းစိုက်ပစ်တယ် ထင်ပါရဲ့..

ဘာပဲဖြစ်ဖြစ် ပယန်ဘန်နန်ဘုရားကျောင်းသမိုင်းလေးကို ဖတ်ရတာ ကျေးဇူးတင်ပါတယ်
အဲ့ဒိ့လို ကမ္ဘောဒီးယားလက်ရာ ဘုရားကျောင်းပုံတွေက ထိုင်းမှာလဲ အများကြီး တွေ့ဖူးတယ်..ကျောက်ဖုရားမြစ်တစ်ဖက်ကမ်းမှာ အဲ့လို စေတီပုံ ဖူးဘူးတယ်။

မောင်သက်ပိုင်သူ သမိုင်းကြောင်းတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့အတွက် ဒီထက်ပိုပြီး ချောမောပါစေ..ချစ်သောသူတွေနဲ့ ပျော်ရွှင်ကြည်နူးပါစေနော့

puluque said...

msdေ၇ ရုပ်ဆိုးတယ် ပြောလို့ စိတ်ဆိုးသွားပီ။ ကျတာ့် ညီပိုင်က...ချောပါတယ်ဗျာ...msd ကို ပြောတာနဲ့ ပေးမဲ့ကွန်မန့်တောင်လမ်းလွဲသွားပီ။
ပဲခူးသားပေမဲ့ နန်းတော်ထဲကို မရောက်ဖူးဘူး။ အပြင်ဘက်ကတော့ လှမ်းကြည့်ဖူးတယ်။ ကို မမြင်တဲ့ ရှုထောင့်ကနေ တင်ပြပေးတဲ့ အတွက် ကျေးဇူးပါ...

ခမ်းကီး said...

မျှဝေပေးတဲ့ စေတနာကို ဂုဏ်ယူလေးစားမိတယ်။
နောင်လည်း များစွားသော ဗဟုသုတကို မျှဝေနိုင်ပါစေ..

ပိုင်ဖြိုးကို said...

သူးငယ်ချင်းရေ ဗဟုသုတ အများကြီးရပါတယ်၊ နောက်လဲပြောပြပါဦး :)