May 7, 2009

အင်ဒိုနီးရှားခရီး (ဘိုယိုဘုဒေါ့)

အာရုဏ်တက်ချိန်


လာချင်ရင် အနီးလေးတဲ့……။ ဘိုယိုဘုဒေါကို သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်…. မရောက်ခဲ့။ အခုတော့လည်း ဘယ်လောက်ဝေးဝေး ရောက်ခဲ့ရပြီ။

ကျွန်တော် ဘိုယိုဘုဒေါနဲ့ ရင်းနှီးခဲ့ပုံလေးကို ပြောပြချင်ပါသည်။ ကျွန်တော် Lasalle-Sia မှာ ကျောင်းတက်တော့ ပထမဆုံးနှစ်မှာ Art History သင်ရ၏။ ပထမနှစ်ဝက်မှာ အနောက်နိုင်ငံတွေရဲ့ အနုပညာ ယဉ်ကျေးမှုနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ သင်ရပြီး ဒုတိယနှစ်ဝက်မှာတော့ အာရှနိုင်ငံရဲ့ အနုပညာ ယဉ်ကျေးမှုနဲ့ ပတ်သတ်တာတွေ သင်ရသည်။ သင်ရိုးဖတ်စာထဲမှာ ပါတဲ့ အရာတွေမှန်သမျှကို ဆရာက ဆလိုက်တွေနဲ့ ရှင်းပြပြီး၊ ဖတ်စာထဲမှာ မပါတဲ့ အရာတွေကိုတော့ ကျောင်းသားတွေက အုပ်စုအလိုက် လေ့လာပြီး စာသင်ခန်းထဲမှာ Presentation ပြန်လုပ်ရပါသည်။ ကျွန်တော်တို့ဖတ်စာထဲမှာ မြန်မာနိုင်ငံက ပုဂံ၊ ရွှေတိဂုံ၊ ကျိုက်ထီးရိုးစတာတွေလည်းပါပါသည်။ ဒါပေမယ့် ကျောင်းသားတွေ လေ့လာရမယ့် အထဲမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ မပါပါဘူး။ ကျွန်တော်လေ့လာရတဲ့ ယဉ်ကျေးမှုလက်ရာက အိန္ဒိယနိုင်ငံက တပ်ခ်ျမဟာ အဖြူရောင် အဆောက်အဦးပါ။ ဘုရင်တစ်ပါးက သူအရမ်းချစ်တဲ့ မိဖုရားသေဆုံးတဲ့ အချိန်မှာ သူရဲ့ချစ်ခြင်းကို ပြဖို့အတွက်ဆောက်ခဲ့တဲ့ အဆောက်အဦးပေါ့။ နောက်ပြီး တခြားကျောင်းသားတွေ လုပ်တဲ့ ဂျပန်ရိုးရာလက်ဖက်ရည်ပွဲတော်လည်း ပါသေး၏။ အဲဒီအထဲမှာမှ ကျောင်းသားတစ်အုပ်စု တင်ပြတဲ့ ဘိုယိုဘုဒေါအကြောင်းက စိတ်ဝင်စားဖို့ အရမ်းကောင်းပါသည်။ ဘိုယိုဘုဒေါအကြောင်းကို ကျောင်းသားတွေက ရွှံ့စေးနဲ့ဖန်တီးထားတဲ့ ပုံစံတူလေးနဲ့ တွဲပြီး ရှင်းပြတာပါ။ အဲဒီအချိန်ကတည်းက ဘိုယိုဘုဒေါကို သွားဖူးချင်ခဲ့တာပေါ့။

ဘိုယိုဘုဒေါစေတီတော်က အင်ဒိုနီးရှားက ဂျိုဂျကတားမြို့မှာ တည်ရှိပါသည်။ ကျွန်တော် အဲဒီမြို့လေးကို ရောက်ရောက်ချင်း တစ်ရက်လောက် နားလိုက်ပါသေးသည်။ နောက်တစ်နေ့မနက်ကျမှ ဘုရား သွားဖူးဖြစ်၏။ ဘုရားဖူးကားတွေ ရှိပေမယ့် ကျွန်တော်တို့ ဘုရားဖူးကားနဲ့ မလိုက်ဖြစ်ပါဘူး။ တစ်နေကုန် မနက် ၄နာရီကနေ၊ ညနေ ၆နာရိအထိ ကားစင်းလုံးငှားလိုက်သည်။ ကျွန်တော်တို့က နှစ်ယောက်တည်းဆိုတော့ တစ်ယောက်ကို အင်ဒိုနီးရှား ရူပီယာ ရှစ်သောင်းနီးပါးလောက်ကျပါသည်။ (စကာင်္ပူဒေါ်လာ ၁၀၅၊ မြန်မာကျပ်ငွေ ခုနှစ်သောင်းခွဲခန့်) ကားထဲမှာ အနည်းဆုံးလူလေးယောက်လောက် ဆန့်သည်။ လူများလေး တန်လေပါပဲ။

ကျွန်တော်တို့နှစ်ယောက် မနက်နေထွက်တာ ကြည့်ချင်တော့ မနက်အစောကြီး ၄နာရီလောက် ထရသည်။ ကျွန်တော်တို့ တည်းတဲ့ဟိုတယ်နဲ့ ဘုရားနဲ့ က ကားမောင်းရင်တောင် ၄၅မိနစ်လောက် ကြာ၏။ မနက်စောစောဘုရားပေါ်ကနေ နေရောင်တက်လာတာ အရမ်းကို လပဆန်းကြယ်တယ်လို့ ထင်ပါသည်။ မီးတောင်ထိပ်ကနေ တရိပ်ရိပ် ထိုးထွက်လာတဲ့ နေရောင်က တကယ့်ကို ရင်သပ်ရှုမောစရာ။

အခုအခါတော့ ဘိုယိုဘုဒေါက ယူနက်စ်ကိုရဲ့ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ အရေးစိုက်ခြင်းလည်း ခံရ၏။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ အင်ဒိုနီးရှားနိုင်ငံက မူဆလင်နိုင်ငံ ဖြစ်သော်ငြားလည်း ဗုဒဘာသာနဲ့ သတ်ဆိုင်တဲ့ ရှေးဟောင်းလက်ရာတွေကို မပျောက်မပျက်အောင် သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ထားခြင်း ဖြစ်ပါသည်။ ကျွန်တော်ရောက်ဖူးတဲ့ အန်ကောဝပ်က ပုဂံနီးပါးလောက် ရှေးဟောင်းအဆောက်အဦးတွေ အများကြီးဖြစ်ပြီး၊ အဲဒီလက်ရာတွေကို ရှာဖွေ့တွေရှိတဲ့ အချိန်က သစ်ပင်တွေ ဖုံးလွှမ်းနေတဲ့အတိုင်း မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းမျိုးဖြစ်၏။ ဘိုယိုဘုဒေါမှာတော့ အနီးပါတ်ဝန်းကျင်တစ်ဝိုက်ကို လူတိုင်းအပန်းဖြေနိုင်တဲ့ ဥယျာဉ်လေးတစ်ခု ဖန်တီးထားပြီး ရှေးဟောင်းလက်ရာတွေကတော့ ဥယျာဉ်ထဲက ပြတိုက်ငယ်လေးပမာ။

ဘိုယိုဘုဒေါစေတီတော်ကို ၈၂၄ခုနှစ်မှာ အပြီးတည်ခဲ့ပြီး ပုဂံက ဘုရားတွေထက် အနည်းဆုံးနှစ်ပေါင်းနှစ်ရာလောက် စောပါသည်။ ဥာဏ်တော်အမြင့်ကတော့ မူလက ၄၂မီတာရှိပြီး ပြန်ပြီး ပြုပြင်ပြီးတဲ့အခါမှာတော့ ၃၄.၅မီတာရှိပါသည်။ ပုဂံက ဥာဏ်တော်အမြင့်ဆုံး သဗညု(၆၁မီတာ)နဲ့ ယှဉ်ရင်တော့ တော်တော်နိမ့်တယ်လို့ ဆိုရမှာပဲ။ ကမ္ဘာကျော် အန်ကောဝပ်ကတော့ ၆၅မီတာမြင့်၏။ ရှေးဟောင်းစေတီအနေနဲ့ ကြည့်ရင်တော့ ကမ္ဘာပေါ်မှာ အကြီးဆုံးစေတီပါ။

ဘိုယိုဘုဒေါစေတီကို အပြင်ပတ်ပတ်လည် အာရုံခံရင်ပြင်တော် (Terrace) ၉ဆင့်နဲ့ တည်ဆောက်ထားသည်။ ပထမဆုံးရင်ပြင်တော် ၆ဆင့်က လေးထောင့်ပုံဖြစ်ပြီး၊ နောက်ထပ် ရင်ပြင်တော်သုံးဆင့်က စက်ဝိုင်းပုံ ဖြစ်ပါသည်။ အဲဒီရင်ပြင်တော်တွေရဲ့ အထက်မှာတော့ စေတီရှိပါသည်။ ပထမဆုံးအဆင့်ကို ကာမဓါတုလို့ခေါ်ပြီး လူတွေရဲ့ ကိလေသာအာရုံမှာ နစ်မျောနေပုံကို ညွှန်းဆိုပြထား၏။ အပေါ်က နောက်ထပ်လေးဆင့်ကိုတော့ ရူပဓါတုလို့ခေါ်ပြီး ဗုဒဆင်းတုတော်တွေကို အပြင်မှာ တည်ထား၏။ နောက်ထပ် သုံးဆင့်မှာတော့ ဗုဒဆင်းတုတွေကို ကျောက်နဲ့ စီထားတဲ့ လေသာပြတင်းပေါက်ပုံစံ ဖောက်ထားတဲ့ စေတီအရံတွေထဲမှာ တည်ထားပြီး အဲဒီအဆင့်အားလုံးကို အရူပဓါတုလို့ခေါ်၏။ အပေါ်ဆုံး အဆင့်မှာတော့ ခေါင်းလောင်းပုံစံစေတီဖြစ်ပြီး နိဗာန်လို့ အဓိပါယ် ဖွင့်ဆိုနိုင်ကြ၏။ ရင်ပြင်တော် ပတ်ပတ်လည်မှာ ကျောက်ကို ထွင်းထားတဲ့ ရုပ်ကြွတွေ ရှိပြီး အများစုကတော့ ရာမာယနဇာတ်တော်တွေ ဖြစ်ကြသည်။

ဘိုယိုဘုဒေါစေတီကို အဝေးက ကြည့်ရင် တောင်တန်းတစ်ခုပမာတူလှသည်။ ဒါပေမယ့် အချိန်အတော်ကြီးကြာအောင် ပစ်ထားခံခဲ့ရတဲ့ အကြောင်းကတော့ အခုထက်ထိ ဘယ်သူမှ သေသေချာချာ မသိကြသေးပါဘူး။ အရင်တုန်းက အင်ဒိုနီးရှားနိုင်ငံက အရှေ့တောင်အာရှမှာ ဗုဒဘာသာ အထွန်းကားဆုံးနိုင်ငံတစ်ခုပါ။ ၁၄ရာစုနောက်ပိုင်းမှာ မွတ်စလင်လူမျိုးတွေရဲ့ ကြီးစိုးမှုကြောင့် လူတွေရဲ့ စွန့်ပစ်ခြင်းခံရတာလည်း ဖြစ်နိုင်ပါသည်။ ဒါမှမဟုတ် မီးတောင်ခဏခဏ ပေါက်ကွဲတဲ့ နေရာမှာ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဘိုယိုဘုဒေါစေတီတော်သည် မီးတောင်ပြာတွေ သစ်ပင်တွေကြားမှ အချိန်ကြာအောင် နစ်မြုပ်နေခဲ့ဖူး၏။ ၁၈၁၄ခုနှစ်မှာတော့ အင်္ဂလိပ်လူမျိုး ဗိုလ်မှူး သောမတ်စတန်းဖို့ရာလ်ဖယ်က ရှာဖွေတွေ့ရှိခဲ့ပြီး ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။

၁၉၈၅ခုနှစ်မှာတော့ အစွန်းရောက်ဝါဒီ မူစလင်တွေရဲ့ ဗုံးခွဲမှုကြောင့် စေတီရံကိုးဆူ ပျက်စီးခဲ့ရဖူးသည်။ ၅၇၈၂ယောက်သေဆုံးခဲ့ရတဲ့ ၂၀၀၆ခုနှစ် မြေငလျင်ကြောင့် အနည်းငယ် ထိခိုက်တာခံခဲ့ရပေမယ့် ဘာမှ ဆိုးဆိုးရွားရွား မပျက်ဆီးခဲ့။ ဘိုယိုဘုဒေါစေတီကို ဒတ်ခ်ျလူမျိုးများသာမက ခေတ်အဆက်ဆက်က အင်ဒိုနီးရှားအစိုးရက တတ်နိုင်သလောက် ကြိုးစား ထိန်းသိမ်းခဲ့၏။ သို့သော်ငြားလည်း စေတီတော်တစ်ခုလုံး အတိုင်းအတာအနေနဲ့ လိုအပ်တဲ့ ငွေပမာဏ လုံလုံလောက်လောက် မရှိတာကြောင့် ထင်သလောက် မပြင်ဆင်နိုင်ခဲ့ပါ။ ၁၉၇၅-၁၉၈၂ မှာတော့ ယူနက်စ်ကိုရဲ့ အကူအညီနဲ့ စေတီတစ်ခုလုံးကို ထိန်းသိမ်းနိုင်ခဲ့သည်။ စေတီတစ်ခုလုံးကို ကြံ့ကြံ့ခံနိုင်အောင် မွမ်းမံနိုင်ခဲ့သည်။ ထို့ကြောင့်ပင် ၂၀၀၆ ငလျင်ဒဏ်ကို အသာလေးခါးဆီးခံနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ယူဆနိုင်ပါသည်။ အခုထက်ထိတော့ ယူနက်စ်ကိုရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းထဲမှာတော့ အကြီးဆုံး စေတီအဖြစ်ရှိနေသေးသည်။ တကယ်လို့သာ ပုဂံသာ အဲဒီစာရင်းထဲ ၀င်ခဲ့ရင်တော့ ဘိုယိုဘုဒေါခမျာ အကြီးဆုံးစေတီအဆင့်က ဖယ်ပေးရပေလိမ့်မည်။

ဘိုယိုဘုဒေါစေတီကို့ မရောက်ဖူးသေးရင် သွားဖူးကြဖို့ တိုက်တွန်းချင်ပါသည်။ ဗုဒဘာသာတိုင်း ရောက်ဖူးသင့်တဲ့နေရာလေး တစ်ခုလို့ ထင်ပါသည်။




ဘုရားပေါ်တက်ရာ လှေကားထစ်လေးများ
ရှေးဟောင်းနယ်မြေကို ဥယျာဉ်ပမာ ဖန်တီးထားတဲ့ ဘိုယိုဘုဒေါစေတီရှိရာ နေရာလေး။ စေတီတော်ကို အဝေးကနေ ဖူးတွေ့နိုင်၏။

မနက်ဘက် နေထွက်ချိန်


ကျောက်ဆစ်လက်ရာများ
ရင်ပြင်တော်တစ်နေရာ
ရင်ပြင်တော်အဆင့်ဆင့်

14 ယောက်ကဒီလိုမြင်တယ်တဲ့...:

ဖိုးစိန် said...

ဗဟုသုတရစရာ ခရီးသွားဆောင်းပါးကို
ဓာတ်ပုံနှင့်တကွကြည့်ရှုမှတ်သားသွားပါသည်

sin dan lar said...

ပုံတွေ ကြည့်သွားသည်။

Zephyr said...

စိတ်ဝင်စားစရာပဲ ... ဒီ post အတွက် ကျေးဇူးတင်ပါတယ်။
သွားရလာရတာ အဆင်ပြေလား...
လမ်းခရီး အတွေ့အကြုံလေးလဲမျှပါဦး...
သူငယ်ချင်းတွေကို ဘာလီ သွားဖို့ကနေ Borobudur ကိုသွားဖို့ ဘယ်လို ဆွဲဆောင်ရမလဲ စဉ်းစားကြည့်လို့ရအောင်....။ ...

... အင်း... ယူနက်စကို က ထောက်ပံ့ကြေးမရလိုက်တာထက် ... ကိုယ့်သမိုင်းဝင် အမွေအနှစ်တွေ မိတ်ကပ်ဖို့ခံလိုက်ရတာက ပိုရင်နာစရာကောင်းတယ်လို့ခံစားရတယ် ..။

အဲဒီ အချိန်တုန်းကတော့ တကယ့် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်များနဲ့တိုင်ပင်ပြီး .. ပုဂံဒေသရှိရှေးဟောင်းအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းနေသည်ဆိုတာကိုး ...။ ယုံခဲ့မိတယ် ...။

မြောက်ဥက္ကလာမှာ .. ပုဂံကစေတီတစ်ဆူပုံစံတည်ထားတော့တောင် ရောက်သွားခဲ့သေးတယ် (အမှတ်မမှားရင်တော့ ဓမ္မံရံကြီး ပုံစံတူထင်တယ်)... တိံကြားတွေ ထီးတင်နေတာနဲ့ စိတ်ပျက်ပြီးပြန်လာခဲ့ရတယ် ...။
ကျွန်တော်တို့နိုင်ငံမှာ ... စေတီတော်တွေတောင် ရိုင်းရိုင်းပြောရရင် ... ဗေဒင်ဆရာထောက်ခံချက်နဲ့ပဲ စေတီဖြစ်ခွင့်ရရှာတယ် ...။ စေတီအများစုရဲ့ ဆေးအရောင်ကိုပဲကြည့် ...
အစိမ်းနဲ့ အ၀ါပဲ ....။ ဒါကလည်း ဆြာကြီးတစ်ယောက်ရဲ့ အကြံပဲ ...။ တော်သေးတယ် .. ပန်းရောင်လေးသုတ်လိုက်ပါလို့မပြောလိုက်တာ ....။

တခါက ဒီးဒုတ် ဦးဘချိုပြောဖူးတယ် ...။ မြန်မာ့ယဉ်ကျေးမှုတွေက သူ့ဘာသာသူ ဟာမိုနီဖြစ်နေတာ .. ရွှေတိဂုံစေတီမှာ လေးထောင့် အဆောက်အဦတစ်ခုဆောက်လိုက်လို့ ဟာမိုနီပျက်တဲ့ အကြောင်း...။ သေချာတွေးကြည့်တော့လည်း ဟုတ်သလိုပဲ ..။
ဘုရားတကာကြီးကတော့ သူ့ကို အပြစ်တင်ရကောင်းလားထင်နေတော့မယ် ...။ :)

blog ရေးတဲ့ ရည်ရွယ်ချက်ကို စပြီးအကောင်အထည်ဖော်နေပြီလို့ခံစားလိုက်ရလို့
feedback ရှည်ရှည်ပေးပါလိုက်ပါတယ် ...။

အသေးစိတ်ထပ်ရေးပြီး ... မြန်မာပြည်က ပုံနှိပ်ထုတ်ဝေတဲ့ စာစောင်တခုခုမှာ ထည့်ပေးစေချင်ပါတယ် ...။ မှန်ကန်တဲ့ အယူအဆတစ်ခုကို လူများများသိထားဖို့လိုတယ်လေ....။


ခင်မင်စွာဖြင့်
Z

MANORHARY said...

wish list ထဲကနေရာတစ်ခုပါ
ကျေးဇူးတင်ပါတယ် ဒီပို့စ်အတွက်
ပုဂံကိုလည်း လွမ်းမိပါတယ်
နှမျောတသခြင်းတွေနဲ့အတူ...
..............

မဆုမွန် said...

သက်ပိုင်သူရေ

ဒီပို့စ်လေးကို ဖတ်ပြီး ၀မ်းနည်းစိတ် နှစ်ခုဖြစ်တယ် တစ်ခုကတော့ အင်ဒိုနီးရှားနိုင်ငံက အရှေ့တောင်အာရှမှာ ဗုဒဘာသာ အထွန်းကားဆုံးနိုင်ငံတစ်ခုပါ။ အခုတော့ မွတ်စလင်နိုင်ငံဖြစ်နေပြီဆိုတာကြောင့်ရယ် နောက်တစ်ခုက တို့တွေရဲ့ပုဂံဟာ လူယုတ်မာတွေရဲ့လက်ချက်နဲ့ စာရင်းပျောက်ခဲ့ရတဲ့အဖြစ်ရယ် ..

မွတ်စလင်နိုင်ငံဖြစ်နေတာတောင် ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းရကောင်းမှန်းသိတယ် ငါတို့ပြည်ကတော့ ဗုဒဘာသာနိုင်ငံဖြစ်ရဲ့နဲ့..............

ဘာပဲဖြစ်ဖြစ် ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်

မိုးခါး said...

တန်ဖိုးရှိတဲ့စာတွေအတွက် ကျေးဇူးတင်မိပါတယ်
မသိတာတွေ ကိုယ်တိုင် မရောက်ဘူးလို့ မမြင်ဘူးတာတွေမြင်ရတွေ့ရ သိရလို့ ကျေးဇူးပါ
မဆုမွန်ပြောသလိုမျိုး ၀မ်းနည်းမိတာလည်းအမှန်ပါပဲ
မြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေအတွက် ရင်မောမိပါတယ်

ခမ်းကီး said...

ဗဟုသုတမျှဝေပေးခြင်းအတွက် အထူးပင် ကျေးဇူးတင်ပါတယ်။

ဆက်လက်ပြီး မျှဝေနိုင်ပါစေ။

အစစအရာရာ အဆင်ပြေပါစေဗျာ။

လေးစားစွာဖြင့် ...

Bi said...

Very good. Thank you for sharing.
I had been arrived in Indonesia.
I absent to go to ဘိုယိုဘုဒေါ .

ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ အင်ဒိုနီးရှားနိုင်ငံက မူဆလင်နိုင်ငံ ဖြစ်သော်ငြားလည်း ဗုဒဘာသာနဲ့ သတ်ဆိုင်တဲ့ ရှေးဟောင်းလက်ရာတွေကို မပျောက်မပျက်အောင် သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ထားခြင်း ဖြစ်ပါသည်။
Thank all.

lonetone said...

ကိုပိုင်ရေ၊ လာဖတ်သွားတယ်ဗျို့၊ ခရီးသွားအတွေ့အကြုံ၊ ပျော်ရွှင်စရာ၊ အမှတ်ရစရာ တွေ မျှပါဦးဗျ။ ကျွန်တော်လည်း ရောက်ဖြစ်ဖို့မျှော်လင့်ပါတယ်။
နောက်တစ်ယောက်က ဘယ်သူလဲဗျ.....

Rita said...

ဟားဟား ကိုယ်လဲ အဲဒါပဲ မေးမလို့
နောက်တယောက်က ဘယ်သူလဲ

(ကျန်တာတွေ မရေးတော့ပါဘူး။ အကုသိုလ်တွေ များလွန်းလို့ပါ။ နောက်ထပ် အကြောင်ပေါင်းတထိန် လူပြန်ဖြစ်လဲ အဲဒီ နိုင်ငံမှာ အဲဒီလူတွေ ရှိနေဦးမှာပဲ ထင်တယ်။
တော်ပါပြီ။ မရေးတော့ပါဘူး ဆိုမှ...)

msd said...

another one is chuuuuuuuuu!
right? Blogger.

pandora said...

ဒါလည်း တန်ဖိုးရှိတဲ့ ပို့စ်လေးပဲ
ပုံတွေ စာတွေ ဗဟုသုတတွေအတွက် ကျေးဇူးပဲ သက်ပိုင်သူရေ
ရောက်ဖြစ်အောင် ကြိုးစားပါဦးမယ်

puluque said...

အသက်ညွှန်းလို့ တစ်ချိန်ချိန်တော့ အရောက်သွားရမှာပေါ့...တစ်နေနေ့ပေါ့..ပုံလေးတွေလဲ ခံစားကြည့်ရှုသွားပါတယ်ခင်ဗျာ...ဘယ်သူနဲ့လဲဆိုတာ ပုလုကွေးကတော့ သိတယ် ဒါပေမဲ့ဘယ်သူကိုမှမပြောဖူး...

Guru Guyz said...

ကိုသက်ပိုင်ရေ
ကျွန်တော်လဲ အဲ့ဒီကိုသွားချင်လို့ ဟိုရောက်ရင် ဘယ်ဟိုတယ်မှာ တည်းရမလဲ ညွှန်းပေးပါဦး။ ပြီးတော့ဘယ်လို booking လုပ်ရမလဲပါပြောပြပေးနော်