ပုဂံဆိုရင် ကျွန်တော်တို့ မြန်မာတိုင်း သိကြပါသည်။ မြန်မာ့ ရှေးဟောင်း အမွေအနှစ်သာမက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ပါ ဆိုပြီး ခပ်တည်တည်နဲ့ ကိုယ့်အိမ်သားတွေသာမက လာသမျှ ရွှေဧည့်သည်တွေကို လက်ညှိုးထိုး ပြခဲ့ကြသည်။ ထိုသို့ ပြခဲ့တဲ့ အထဲတွင် ကျွန်တော်လည်း အပါအ၀င်ပါ။ ကျွန်တော့်အမ ဂျပန်လူမျိုးနဲ့ အိမ်ထောင်ကျတော့လည်း သူ့အမျိုးသားကို ပထမဆုံး လိုက်ပို့ပေးတာ ပုဂံ။ ကျွန်တော့်ချစ်သူကို မြန်မာပြည်ကို ပထမဆုံးရောက်လာတော့လည်း ပထမဆုံး ခေါ်လာမိတာ ပုဂံ။ ကမ္ဘာပေါ်တွင် ရှေးဟောင်း အဆောက်အဦးတွေ အများဆုံး ရှိတာ ကျွန်တော်တို့ ပုဂံ။ နှစ်တစ်ထောင် မပြည့်သေးတဲ့ သမိုင်းကို နှစ်နှစ်ထောင်နီးပါးလောက် အချီးအမွမ်းခံရတဲ့ ပုဂံ။ အခုတော့ ပုဂံသည် ကမ္ဘာပေါ်ရှိ သမိုင်းဝင်နေရာများတွင် နေရာမရခဲ့တာ ကြာပေါ့။
ကမ္ဘာမပြောနဲ့ အရှေ့တောင်အာရှ နိုင်ငံများနဲ့ ယှဉ်ရင်တောင် ပုဂံသည် ကမ္ဘောဒီးယားက အန်ကောဝပ်လောက်တောင် မခမ်းနားတော့။ အင်ဒိုနီးရှားနိုင်ငံက ဘိုယိုဘုဒေါဘုရားလောက်တောင် လူသိမများတော့။ ယိုးဒယားနိုင်ငံက ကိုယ်ဗမာတွေ ဖျက်ဆီးလို့ ပျက်ဆီးခဲ့ရတဲ့ အယုဒ္ဒယမြို့ဟောင်း လောက်တောင် ယူနက်စ်ကို စာရင်းထဲမှာ နေရာ မပေးခံရတော့။ တခါတလေ ပုဂံအတွက် တွေးမိရင် ရင်ထဲမှာ ချိချိပြီးနာသည်။ ပုဂံသည် ၁၉၇၅ငလျင်မှာ အသည်းဆတ်ဆတ်နာအောင် ငိုကြွေးခဲ့ရဘူးသည်။ အခုလည်း ပုဂံသည် ငိုကြွေးဆဲ။ ၉ကြိမ်တိုင်တိုင် ရောက်ခဲ့တဲ့ ပုဂံသည် ၉ကြိမ်မြောက်တိတိမှာတော့ ၀တ်ရုံ အသစ်ကို ၀တ်ဆင်ထားတာနဲ့ တူလှသည်။ ၂၀၀၇ခုနှစ်က တွေ့ခဲ့တဲ့ ပုဂံသည် နီညိုရောင် အုတ်အသစ်တွေနဲ့ အပြောင်းလဲကြီး ပြောင်းလဲနေပါ၏။
ကျွန်တော်ငယ်ငယ်တုန်းက ပုဂံနဲ့ပါတ်သက်ရင် အရမ်းရူးခဲ့ဖူးသည်။ ပုဂံလောက် ဘယ်နိုင်ငံမှာမှ ရှေးဟောင်းလက်ရာတွေ မရှိခဲ့ဘူးလို့ထင်ခဲ့သည်။ သမိုင်းသင်ကြားတဲ့ ဆရာ၊ဆရာမတွေကပဲ လိုတာလား၊ ကိုယ့်သင်ရိုးညွှန်းတမ်းကပဲ လိုတာလားမသိ။ အခုလို အတွေးတွေ ငယ်ငယ်ကတည်းက ရိုက်သွင်းခံခဲ့ရဖူးသည်။ ဆရာ၊ဆရာမတွေကြောင့်လို့တော့ မထင်။ ဆရာ၊ဆရာမဆိုတာ တပည့်တွေအတွက် လိုအပ်ရင် သိသမျှ လက်ဆင့်ကမ်းခဲ့ကြတာချည်းပါပဲ။ အခုတော့ နိုင်ငံတကာက လူမျိုးတွေနဲ့ တွေ့ရတော့ သူတို့နိုင်ငံက ရှေးဟောင်းယဉ်ကျေးမှုတွေ အကြောင်းပိုသိခဲ့ရသည်။ ကျွန်တော်တို့ ပုဂံထက် နိမ့်ကျတာတွေ ရှိသလို၊ အဆင့်အတန်းမြင့်မားတာတွေလည်း လက်လှမ်းမီသလောက် သိခဲ့ရသည်။
မြန်မာဆိုတာ ရပ်တည်ဖို့ ပုဂံဆိုတာ အမြဲရှိနေဖို့လိုအပ်သည်။ မြန်မာအစိုးရသည် ပုဂံအပါအ၀င် မန္တလေး၊ အင်းဝမြို့ဟောင်းမှ ရှေးဟောင်း လက်ရာ အဆောက်အဦးတွေကို ယူနက်စ်ကို လက်အောက်က ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေစာရင်းထဲကို ရောက်အောင် ကြိုးပမ်းခဲ့သည်။ ယူနက်စ်ကိုက World Heritage စာရင်းဝင် ရှေးဟောင်း အဆောက်အဦးတွေ အတွက် ဒေါ်လာ သန်းနဲ့ချီပြီး နိုင်ငံတကာကို ထောက်ပံ့နေကြ၏။ ဒီရှေးဟောင်း လက်ရာတွေကို မပျောက်မပျက်အောင် ယူနက်စ်ကိုက ဒေသခံ အစိုးရနဲ့ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်ကြ၏။ World Heritage စာရင်းဝင်နေရာမှန်သမျှ ကမ္ဘာလှည့်ခရီးသည်ကို လာရောက်လည်ပတ်အောင် ဆွဲဆောင်နိုင်ကြ၏။ နိုင်ငံတိုင်းလိုလိုက ဤနေရာ ဤဒေသ ဤအဆောက်အဦး ကမ္ဘာ့ရှေးဟောင်းအမွေပါဆိုပြီး လက်ညှိုးထိုးပြပြီး နိုင်ငံခြား ၀င်ငွေ တိုးပွားအောင် ဆောင်ရွက်နိုင်ကြ၏။ ထို့ကြောင့်ပင် မြန်မာအစိုးရသည် ၁၉၉၆ခုနှစ်မှာ ပုဂံအပါအ၀င် မြန်မာနိုင်ငံအရပ်ရပ်က နေရာမျိုးစုံကို World Heritage စာရင်းဝင်ဖို့ လျှောက်လွှာတင်ခဲ့သည်။ တင်ခဲ့တဲ့ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
• Ancient cities of Upper Myanmar: Innwa, Amarapura, Sagaing, Mingun, Mandalay (04/10/1996)
• Badah-lin and associated caves (04/10/1996)
• Bagan Archaeological Area and Monuments (04/10/1996)
• Inle Lake (04/10/1996)
• Mon cities: Bago, Hanthawaddy (04/10/1996)
• Myauk-U Archaeological Area and Monuments (04/10/1996)
• Pyu Cities: Beikthano-Myo, Halin, Tharay-Khit-taya (Sri Ksetra) (04/10/1996)
• Wooden Monasteries of Konbaung Period: Ohn Don, Sala, Pakhangyi, Pakhannge, Legaing, Sagu, Shwe-Kyaung (Mandalay) (04/10/1996)
ကမ္ဘာ့စာရင်းဝင် ဖြစ်ဖို့မလွယ်ကူလှ။ တကယ့် ရှေးဟောင်းလက်ရာ ဖြစ်မဖြစ်ကို သေချာအောင် စုံစမ်းစစ်ဆေးရသည်။ ရှေးဟောင်းလက်ရာ ဖြစ်ရုံနဲ့ မရသေး ဒေသခံအစိုးရက ယူနက်စ်ကိုက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုသလို၊ ရှေးဟောင်းလက်ရာတွေ ထိန်းသိမ်းဖို့ နိုင်ငံတကာ စံညွှန်းနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်သည်။ ဒါဟာ အရေးပါတဲ့ အချက်တစ်ခုလည်း ဖြစ်သည်။
အခုတော့ပုဂံသည် အိမ်နီးချင်းထိုင်းနိုင်ငံက အယုဒ္ဒယမြို့ဟောင်းနဲ့ ယှဉ်ရင် များစွာ သာပေမယ့် World Heritage စာရင်းမ၀င်ခဲ့။ ထိုင်းတို့သည် အဲဒီမြို့ဟောင်းကို ဗမာတွေ ဖျက်ဆီးခဲ့ချိန်က အတိုင်း အရှိကို အရှိတိုင်းထား၏။ သူတို့ရဲ့မျိုးဆက်သစ်တွေကို အပျက်အဆီးတွေကို ပြပြီး ဗမာမုန်းတီးရေးစိတ် ရိုက်သွင်းခဲ့၏။ ဘယ်အချိန်ပဲ ကြည့်ကြည့် လွန်ခဲ့သော အယုဒ္ဒရမြို့ဟောင်းက ယခုခေတ် အယုဒ္ဒရမြို့ဟောင်းမကွာခြား။ အတူတူသာ ဖြစ်၏်။ ထို့ကြောင့်ပင် ထိုမြို့ဟောင်းက World Heritage စာရင်းဝင်ခဲ့ခြင်းဖြစ်ဟန်တူသည်။
ရှေးဟောင်းလက်ရာ ထိန်းသိမ်းခြင်းဆိုသည်မှာ ဟောင်းနေတာကို သစ်သွားအောင် လုပ်ခြင်းမဟုတ်။ ပျက်နေတာကို အကောင်းပကတိ ပြန်ဖြစ်သွားအောင် ပြုပြင်ခြင်းမဟုတ်။ ဟောင်းနေတာကို စုတ်ပြတ်မသွားအောင် တယုတယ ထိန်းသိမ်းခြင်းသာ။ ပျက်နေတာကို လုံးဝပျက်စီး သိမ်ကောမသွားအောင် စောင့်ရှောက်ခြင်းသာ။ အခုတော့ ပုဂံသည် မှားနေတဲ့လက်အတွင်းကို လည်စင်းပေးလိုက်တာနဲ့တူသည်။
ပုဂံသည် တရုတ်ပြေးမင်းလက်ထက်မှာ စေတီကြီးငယ် အဆူဆူတို့ တရုတ်ရန်ကာကွယ်ဖို့ စစ်မြေကတုတ် ဖြစ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကာလမှာလည်း ဘယ်သူထွင်လိုက်မှန်းမသိတဲ့ မြတ်စွာဘုရား ဆင်းတုတော်မှန်ရင် လက်ချောင်းလေးတွေ အရှည်အတို ညီရမည်ဆိုတဲ့ မူကြောင့် ပုဂံရှိ ဘုရားဆင်းတုတော်တွေအားလုံး လက်ချောင်းလေးတွေ အဖျက်ခံခဲ့ရပြီး လက်ချောင်းတွေ အညီဖြစ်ခဲ့ရသည်။ ဒါကြောင့်ပင် ပုဂံလက်သစ် ဆိုပြီး ပျက်ရယ်ပြုခြင်း ခံခဲ့ရသည်။
အခုလည်း ပုဂံသည် World Heritage စာရင်းထဲ ၀င်ကာနီးမှ သီသီလေး ကပ်လွတ်ခံခဲ့ရပြန်သည်။ ယူနက်စ်ကိုက မြန်မာအစိုးရကို ပုဂံဘုရားတွေကို အလျင်စလို မပြုပြင်ဖို့တားမြစ်ခဲ့သည်။ ပြုပြင်ရာတွင်လည်း နိုင်ငံတကာက ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကြံဥာဏ်ပေးခဲ့သည်။ ဘုရားဟောင်းပြုပြင်တာ မြန်မာတို့ရဲယဉ်ကျေးမှုဆိုတော့ ဘယ်သူ့အကုအညီမှ မလို။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဘုရားတစ်ဆူပြီးအောင် ပြုပြင်နိုင်ကြ၏။ အဲဒီတုန်းက ဆိုရင် ဘုရားနံပါတ် ဘယ်လောက်ဘယ်လောက်ကို ပြုပြင်ဖို့ ဘယ်လောက် ဘယ်လောက်ကုန်ကျမည်ဆိုတာ သတင်းစာမှာ ပလူပျံလို့။ အဲဒီတုန်းက အရွယ်မရောက်သေးတော့ သတင်းစာထဲမှာ အုတ်ပုံဘ၀ကနေ ဘုရားတစ်ဆူဖြစ်လာတဲ့ ဓါတ်ပုံလေးတွေ ကြည့်ပြီး ပီတိတွေ ဖြာလိုက်ရတာ။ နေ့ချင်းညချင်း ပုဂံမြို့ဟောင်းမှာ ဘုရားအသစ်တွေ တစ်ဆူပြီး တစ်ဆူပေါ်လာလို့ ၀မ်းသာလို့ မဆုံး။
အခုတော့ အသစ်တွေ ကြည့်ပြီး မျက်ရည်တောင်ကျမိသည်။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ဆုံးတစ်ခေါက်ရောက်ခဲ့တဲ့ ပုဂံသည် အရင်တုန်းက ရောက်ခဲ့တဲ့ ပုဂံနဲ့ မတူတော့။ ပုဂံခေတ်က ဗြတ်ကျယ်ကျယ် ခပ်ပါးပါးအုတ်တွေ နေရာမှာ ယခုခေတ် အုတ်နီညိုခပ်ထူထူတွေ အစားထိုးလို့။ ပုဂံခေတ်က မှိန်ပျပျနံရံပန်းချီတွေနေရာမှာ သစ်လွင်တဲ့ ထုံးဖြူဖွေးဖွေးက နေရာယူလို့။ ပုဂံခေတ်လက်ရာမှန်ရင် အခုခေတ် စေတီပုထိုးတွေလို ထီးမပါ။ အထွတ်နဲ့သာ ပြီး၏။ အခုတော့ အထွတ်တွေ နေရာမှာ ခေတ်သစ်ထီးတော်တွေက တောက်ပလို့နေပြီ။ စွယ်တော်လေးဆူတောင်မှ ပုဂံခေတ်မှာ မရှိခဲ့တဲ့ ရွှေရောင်တွေနဲ့ ကြည်ညိုဖွယ်ကောင်းလို့။ ဘယ်လိုပဲပြောပြော။ မြန်မာတွေရဲ့ သဒ္ဒါတရား ထက်သန်မှုက ၀မ်းမြောက်စရာ။ ဒါပေမယ့် အဲဒီသဒ္ဒါတရား ထက်သန်မှုကပဲ ပုဂံကို သတ်လိုက်တာလားမသိ။
အသစ်ပေါ်လာတဲ့ ဂေါက်ကွင်းတစ်ခု။ ထိုးထိုးထောင်ထောင်နဲ့ ဖြစ်နေတဲ့ မျှော်စင်တစ်ခု။ မူရင်းနေရာမှပဲ ဆောက်လုပ်ပြီးသွားတဲ့ နန်းတော်အသစ်။ အဲဒါတွေ အားလုံးကလည်း ပုဂံကို World Heritage ကနေ မောင်းထုတ်နိုင်ခဲ့သည်။
အရှေ့တောင် အာရှမှာ နာမည်ကျော်ကြားတဲ့ အန်ကောဝပ်ကိုလည်း ကျွန်တော် ရောက်ဖူးခဲ့သည်။ ထိုင်းတွေ တယုတယထားတဲ့ အယုဒ္ဒယမြို့ဟောင်းကိုလည်း ခြေဆန့်ခဲ့ဘူးသည်။ အခုလည်း အင်ဒိုနီးရှားက ဘိုယိုဘုဒေါကိုလည်း သွားပါဦးမည်။ သေချာတာတစ်ခုကတော့ အဲဒီနေရာအားလုံးက ကျွန်တော့်ကို အတိတ်ကို ပြန်ခေါ်သွားနိုင်စွမ်း ရှိကြသည်။

အခုတော့ ပုဂံသည်
အရင်လို မဟုတ်တော့။
တိတ်တိတ်လေး
ရှိုက်၍ ရှိုက်၍ ငိုတတ်နေပြီ …….
သူ့ကို မမှတ်မိတော့တဲ့
သူ့ရင်သွေးလေးတွေကို
ငါ… အမေပါ ဆိုပြီး..
ရင်ဘတ်စည်တီးပြီး
လွင်တီးခေါင်ပြင်က အော်တတ်နေပြီ ………….
သူ့ခနာကိုယ်ထဲကို
ဝင်ရောက်လာတဲ့
နီညိုရောင်သွေးစက်တွေကို ကြည့်ပြီး
ငါ့သွေးမဟုတ်ပါဘူးဆိုပြီး
မြစ်ဧရာ ဆေးကြောဖို့
ကယ်ပါယူပါ တစာစာဖြစ်နေပြီ ……..
အခုတော့ ပုဂံသည်…..
……………………………
……………………………
……………………………။
ကဲ... ပုဂံကို ချစ်ရင်
ဘယ်လို ကာကွယ်ကြမှာလဲ......
အရင်လို မဟုတ်တော့။
တိတ်တိတ်လေး
ရှိုက်၍ ရှိုက်၍ ငိုတတ်နေပြီ …….
သူ့ကို မမှတ်မိတော့တဲ့
သူ့ရင်သွေးလေးတွေကို
ငါ… အမေပါ ဆိုပြီး..
ရင်ဘတ်စည်တီးပြီး
လွင်တီးခေါင်ပြင်က အော်တတ်နေပြီ ………….
သူ့ခနာကိုယ်ထဲကို
ဝင်ရောက်လာတဲ့
နီညိုရောင်သွေးစက်တွေကို ကြည့်ပြီး
ငါ့သွေးမဟုတ်ပါဘူးဆိုပြီး
မြစ်ဧရာ ဆေးကြောဖို့
ကယ်ပါယူပါ တစာစာဖြစ်နေပြီ ……..
အခုတော့ ပုဂံသည်…..
……………………………
……………………………
……………………………။
ကဲ... ပုဂံကို ချစ်ရင်
ဘယ်လို ကာကွယ်ကြမှာလဲ......

23 ယောက်ကဒီလိုမြင်တယ်တဲ့...:
ကျနော်ပုဂံကိုဒီအသက်အရွယ်ထိမရောက်ဖူးသေးဘူး
တစ်နေ့နေ့တော့ရောက်ဖြစ်မယ်ထင်ပါတယ်.
ဗဟုသုတတွေနဲ့ပြည့်စုံသူကိုတွေ့ချင်ပါသေးတယ်
ပုဂံကိုလိုက်ပို့ပေးမလား
ပုဂံက ကျိန်စာသင့်ဝိညာဉ်တွေနဲ့ အတူ
ကိုယ်လည်း မျက်ရည်ကျသွားတယ်
........................
အုတ်ချပ်တွေကြားက လှောင်ရယ်သံတွေတောင်
တိုးတိတ်ပျောက်ကွယ် သွားသလိုပဲ
သူတို့ နွမ်းလျ ညောင်းညာ ပင်ပမ်းကြရောပေါ့
မကာကွယ်နိုင်ခဲ့တဲ့လက်တွေနဲ့ ငါတို့ ဘာလို့
ရပ်တည်နေခဲ့ကြရတာပါလိမ့်........
.............
မနော်
ပုဂံအတွက် အမမျက်ရည်ကျခဲ့ရတာ ၁၉၉၅ ကတည်းက ပါပဲ..။ ကိုယ့်နိုင်ငံရဲ့ အမွေအနှစ်အားလုံး.. ရင်းမြစ်အားလုံးကစလို့ အဟောင်းတွေအကုန်.. ပြီးတော့ မျိုးဆက်သစ်တွေကိုပါ ဆုံးရှုံးနေရတာမို့
အားလုံးကုန်ခဲ့ပြီဆိုတာ တကယ်ပဲလေ..။
အသည်းထဲမှာ တကယ့်ကို နာတာ...
ဓာတ်ပုံနဲ့ကကွ မြင်ရမှ ပိုဝမ်းနည်းသွားတယ်။
(( ရှေးဟောင်းလက်ရာ ထိန်းသိမ်းခြင်း ဆိုသည်မှာ ဟောင်းနေတာကို သစ်သွားအောင် လုပ်ခြင်းမဟုတ်။ ပျက်နေတာကို အကောင်း ပကတိ ပြန်ဖြစ်သွားအောင် ပြုပြင်ခြင်းမဟုတ်။ ဟောင်းနေတာကို တယုတယ စုတ်ပြတ်မသွား အောင် ထိန်းသိမ်းခြင်းသာ။ ပျက်နေတာကို လုံးဝပျက်စီး သိမ်ကောမသွားအောင် စောင့်ရှောက် ခြင်းသာ။ အခုတော့ ပုဂံသည် မှားနေတဲ့လက်အတွင်းကို လည်စင်းပေး လိုက်တာနဲ့တူသည်။ ))
ဤမှန်သောစကားကို မျက်ကွယ်ပြုသူ တို့တွင်သာ အပြစ်ရှိသည် မည်ပါသည်။
လေးစားစွာဖြင့်
ယိုးဒယားနဲ့ ကမ္ဘောဒီးယား တော့ မရောက်ဖူးသေးပါဘူး။ ပုဂံကိုတော့ ဘယ်နေရာမှ လိုက်မမီနိုင်ဘူးထင်တယ်နော်။
စိတ်မကောင်းခြင်းကြီးစွာ....
ရင်မောစရာ ရင်လေးစရာချည်းပဲနော်
ခုစာကိုဖတ်မိတော့လည်း ကြက်သီးတောင်ထတယ်
ပုံတွေကိုမြင်တော့ဝမ်းနည်းတယ်
သက်ပြင်းချရုံ တက်တချက်ခေါက်ရုံအပြင် ဘာတတ်နိုင်ဦးမလဲ ..
ပုဂံပို့စ်ကို ဖတ်ပြီး နာကျင်မိတယ်..
အယုဒယကို သွားဖူးတယ် အန်ကောဝပ်ကို ရောက်ဖူးတယ် အားလုံးကို ရင်သပ်ရူမော အဆန်းတကြယ်ဖြစ်နေကြတာတွေ့တော့ တို့မြေက ပုဂံကို ပြချင်လိုက်တာဆိုတာလေ..
အခုတော့ ...........
khu tot
khu tot ...........
နောက်ဆို မြေကြီးပဲ ကြည့်ကြမယ်။ ဒါကတော့ ပြင်လို့ မရဘူး မဟုတ်လား။
အကြိမ်ပေါင်း တစ်ထောင်တိတိ ပြန်ကြည့်ရမယ် ဆိုရင်လဲ ပုဂံကိုပဲ ပြန်ကြည့်မယ်။
ဘယ်ထဲမှာ စာရင်းဝင်ဝင် မ၀င်ဝင် ကိုယ့်ဘာသာ စာရင်းတင်တယ်။ (အကြိမ်ပေါင်း တစ်ထောင်တိတိ)
(ပုဂံ)၁၀၀၀
ဟာလူးလေး မတွေးမိ မသိမိတာတွေကို ပြောပြပေးတဲ့ အသက်ကို ကျေးဇူးတင်ပါတယ်။ ဟာလူးလေး တကယ်မသိ မစဉ်းစားမိဘူး အသက်ရေ..ဖတ်ပီးတော့မှပဲ မျက်ရည်ကျရတော့မလိုလို ဘယ်သူကိုပဲ အပြစ်တင်ရတော့မလိုလိုပဲ...အော် ဘာပဲပြောပြော ပုဂံဆိုတာ မြန်မာတို့ရဲ့နှလုံးသားပါပဲလေ..အဲဒီမြန်မာတို့ရဲ့ နှလုံးသားဟာ ကမ္ဘာ ရဲ့ သည်းပွတ် ဖြစ်မလာတာကတော့ .....ဘယ်သူကိုမှ အပြစ်မတင်ချင်တော့ပါ......ယနေ့ထိ ခွင်လွှတ်ရေးအတွက်ကတော့ .........ခွင်လွှတ်ရေအတွက်ကတော့ပေါ့
Rita ပြောတာလေး ကြက်သီးထစရာ ကောင်းလိုက်တာ ဟုတ်တယ် နောက်ဆုံးမြေကြီးကို ကြည့်မယ် ဒါပုဂံမြေဆိုတာ ပြကြမယ်..ငါတို့ရင်ထဲမှာ ဒါပုဂံဆိုတာ မှတ်တမ်းတင်မယ်
ဒီပိုစ့်ကိုသာ "အစ်မ မသက်ဇင်" ဖတ်ရရင် စိတ်မကောင်း ဖြစ်မှာ အသေအချာပဲ.....
ဟုတ်တယ်... ကျွန်တော်တို့ မြန်မာတွေက မျက်စိတစ်ဆုံး မကြည့်ကြဘူး၊ ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် ဘာမှ ပြင်ဆင်မထားတတ်ဘူး။အဲဒါတွေက အခုရော နောင်ရော ခံစားရမှာတွေ ချည်းပဲ....
တစ်နပ်စားဥာဏ်တွေ အရမ်းကောင်းတယ်လို့ပဲ ချီးကျူးရမလား မသိဘူး။
ကျွန်တော်တို့ဖက် ဆီမှာလည်း ရှေးဟောင်းဘုရားတစ်ချို့ ရှိတယ်။ ဖိုဝင်တောင်လို့ လူသိများတယ်...၊ Visit Myanmar Year 1996 တုန်းက တီဗီထဲ ထည့်ကြေငြာလိုက်တာ...။ ရှေးဟောင်းလက်ရာ ဈေးကောင်းရတဲ့ ဘုရားစင်းတုတော်တွေ အကုန်ပြောင်ပါလေရော့လား...။ အမှန်က ထိန်းသိမ်းရေး အရင်ဝင်ပြီးမှ ကြေငြာသင့်တာ....။ အခုတော့ လက်ကျန် လက်ရာလေးတွေကို မနည်း ထိန်းထားရတော့တယ်။ ဟူး.... ရေးရတာလဲမောတယ်၊ စိတ်လဲမောတယ်...
ဒီတစ်နှစ်လည်း ပုဂံကို ငါမရောက်ဖြစ်ခဲ့ပြန်ဘူး သူငယ်ချင်းရေး(
ကြီးကျယ်ခမ်းနားခဲ့သော ပုဂံကို ရောက်ဖူးချင်တာကြာ ခဲ့ပါပြီ။ အခုထိတော့ မရောက်ဖူးသေးပါဘူး။
ဇော်ဝင်းထွဋ်က အသစ်ကပြန်စ သီချင်းကို ပုဂံဘုရားပေါ် ရိုက်ထားတာ မြင်ဖူးပါရဲ့။
ဆိုင်ရာတွေက အဲဒီသီချင်းကို အားကျပြီး၊ အသစ်က ပြန်စ လိုက်လေသလားပဲ...။
အခုတော့ ဆေးဆိုးပန်းရိုက် ပုဂံ ဖြစ်သွားရောပေါ့။
မဟာဆိုတာ အိတ်မှာ ကျန်ခဲ့ပြီလား... ပဲ။
(... အဆင်မခြင် အတွေးကြောင့်... မအူမလည်အရေး ကို ရေးမိပါတယ်။... )
း(
တကယ်ကို နှမြောမိပါတယ်။ အထူးသဖြင့် သူငယ်ချင်းတွေကို မြန်မာပြည်အလယ်ခေါ်သွားတော့ မှ ပိုပြီးသိသာပါတယ်။ အင်ဒိုနီးရှားက ဘိုယိုဘုဒေါ ကို ရောက်ဖူးပါတယ်။ မွတ်စလင်နိုင်ငံဖြစ်လိုငြားလည်း ရှေးဟောင်းအမွေအနှစ်တွေကို လက်ယာမပျယ်ထိန်းသိမ်း ထားတာ အရမ်းချီးကျူးဖို့ကောင်းပါတယ်။
မြေကြီးကတော့ ကြည့်ချင်ရင် ကိုယ့်အိမ်မှာကိုယ် ကြည့်ရတာပဲ။ အခုဟာက သူများတွေ ဖိတ်ခေါ်သလို ကိုယ်လည်း ဖိတ်ခေါ်နိုင်အောင်၊ သူများတွေ စောင့်ရှောက်တာကို အတုယူနိုင်အောင်၊ သူများတွေ အကျိုးအမြတ်ရသလို ကိုယ်လည်းရအောင် ပြောတာလို့ထင်ပါတယ်။
ဆရာမ ဒေါ်ခင်မျိုးချစ်ပြောတာ သတိရမိတယ်။ မြန်မာအမျိုးသားမှန်ရင်
၁။ ရဟန်းဝတ်ဖူးရမယ်
၂။ ပုဂံရောက်ဖူးရမယ်
၃။ ဇာတ်ပွဲကြည့်ဖူးရမယ်တဲ့။
ရိုးရာဓလေ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ပြောသွားတယ်ထင်ပါတယ်။ ကောင်းသော အတုယူနိုင်ကြပါစေ။
ဒီ post ဖတ်ရတာ ကြက်သီးဖြန်းဖြန်းထမိပါတယ်။ နှမြောလည်း နှမြောမိပါတယ်။
"ရှေးဟောင်းလက်ရာ ထိန်းသိမ်းခြင်းဆိုသည်မှာ ဟောင်းနေတာကို သစ်သွားအောင် လုပ်ခြင်းမဟုတ်။ ပျက်နေတာကို အကောင်းပကတိ ပြန်ဖြစ်သွားအောင် ပြုပြင်ခြင်းမဟုတ်။ ဟောင်းနေတာကို စုတ်ပြတ်မသွားအောင် တယုတယ ထိန်းသိမ်းခြင်းသာ။ ပျက်နေတာကို လုံးဝပျက်စီး သိမ်ကောမသွားအောင် စောင့်ရှောက်ခြင်းသာ။" အဲဒီအတွေး လူတိုင်းမှာရှိပါစေလို့ ဆုတောင်းမိပါတယ်။ ဘာမှန်းမသိတဲ့ အသက်အရွယ်က ရောက်ခဲ့ဖူးတဲ့ ပုဂံကို နောက်တစ်ခေါက် သွားချင်ပါသေးတယ်။
အကိုရေ ဘာသာတရားမတူပေမဲ့ မျိုးချစ်စိတ်လေးကတော့ ရှိပါတယ်။ ဒီပိုစ့်လေးကို ဖတ်ပြီး ခံပြင်းဒေါသတွေ ဖြစ်နေမိတယ်ဗျာ... သမိုင်းဆိုတာကို သေချာနားမလည်တဲ့ လူတစုကြောင့် ဒီရှေးဟောင်းသမိုင်းဝင်တွေအားလုံး နီးပါး ပျက်စီးခဲ့ကြရတာပါ နောင်တချိန် မြန်မာပြည်ရဲ့ သမိုင်းဝင်တွေအားလုံးဟာ ဆေးဆိုးပန်းရိုက်တွေ ဖြစ်ကုန်တော့မှာကို ရင်လေးစွာ ကြည့်နေရပါတယ်ဗျာ...
လေးစားလျက်
တောင်ပေါ်သား
ပုဂံ
စေတီထဲ နေရောင်သွင်းယူခဲ့ပုံက
အံ့သြဖွယ်။
အုတ်တစ်ချပ်ချင်းစီမှာ
ရာဇဝင်ရှိတယ်။
ဧရာဝတီ
အဝေးရောက် နံရံဆေးရေး
ဆွေးမြည့်စရာ။
အိုးခြမ်းပဲ့က
ရာစုတစ်ခုလုံး ရတယ်
ရတနာသိုက် တူးဖော်မိတယ်။
လက်ရာက ပြောတဲ့စကား။
စိတ်ကူးစိတ်သန်း
ခမ်းနားရုံသက်သက် မဟုတ်ဘူး
ငလျင်ဒဏ် ခံ့ခဲ့ရပေမယ့်
အဖွဲ့အနွဲ့ ကျန်နေတုန်း။ ။
စိုင်းဝင်းမြင့် ရဲ့ အမှတ် ၁၄၆၊ စတိုင်သစ်မဂ္ဂဇင်း မှာ ပါတဲ့ ကဗျာလေးပါ...
တကယ်ပါ..သမိုင်းကို သမိုင်း အဖြစ် မြင့်မြင့်မားမား ကျန်ခဲ့စေချင်လိုက်တာ.....
ကိုသက်ပိုင်သူ
မိတ်ဆွေတဦးကညွှန်းလို့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မှာ ပုဂံမပါ ဆောင်းပါးကိုဖတ်လည်းပြီးရော ကိုယ်နဲ့ ခံစားချက်ချင်းတူတဲ့သူတယောက်တော့တွေ့ပြန်ပြီလို့သိလိုက်ရတယ်။
ဒီကနေ့လူငယ်တွေထဲမှာ ဒီလိုလူငယ်မျိုးတွေရှိပါကလားလို့ အားရ၀မ်းသာဖြစ်မိပါတယ်။
မိုးမခ ၀က်ဆိုက်မှာ ရှေးးဟောင်းပုဂံကိုလွမ်းလို့ ရေးထားတဲ့ ကျနော့်ဆောင်းပါးတွေကိုဖတ်ကြည့်ရင်၊ ကျနော့်ခံယူချက်ကိုမှန်းဆနိုင်ပါလိမ့်မယ်။ မိုးမခရဲ့ သမိုင်းနဲ့အစဉ်အလာ၊ ရိုးးရာနဲ့ယဉ်ကျေးမှုအခန်းမှာ ကျနော့်တခြားဆောင်းပါးတွေရှိပါသးတယ်။
မေတ္တာဖြင့်
ရန်ဝင်း (တောင်တံခါး)
မိုးမခ ၀ိုင်းတော်သား
(1) New Bagan (Yan Win-Taung Da Gar)
http://moemaka.com/index.php?option=com_content&task=view&id=3520&Itemid=1
(24) Bagan Cedi Phayar Myar #1: Mon Pon Gu Phayar (YanWin-Taung Da Gar)
http://moemaka.com/index.php?option=com_content&task=view&id=7372&Itemid=31
(25) Bagan Cedi Phayar Myar #2: Myanmar Pon Gu Phayar (YanWin-Taung Da Gar)
http://moemaka.com/index.php?option=com_content&task=view&id=7423&Itemid=31
(27) Bagan Cedi Phayar Myar #3: Cedi Myar (YanWin-Taung Da Gar)
http://moemaka.com/index.php?option=com_content&task=view&id=7519&Itemid=1
Post a Comment