ရာမ၊ လက္ခဏ၊ သီတာနဲ့ ဒဿ ဆိုရင် ကျွန်တော်တို့ မြန်မာတွေက သီတာနဲ့ ဒဿကို ပိုသိကြမည် ထင်ပါသည်။ သူတို့အကြောင်းကို ရာမယဏ ဇာတ်တော်ကြီးကနေ တဆင့် လူတိုင်းသိဘူး ကြလိမ့်မည်။ မြန်မာနဲ့ ရာမယဏသည် ရှေးယခင် ပုဂံခေတ်ကတည်းက ရင်းနှီးကြပြီးသား။ ရာမယဏ မပါလျှင် မြန်မာ့အနုပညာ လောကသည် ပြည့်စုံဟန်မထင်။ သီတာနဲ့ ဒဿကို လွှမ်းမိုးက အချစ်ရှူံးသမား ဒဿသီရိလို့လည်း ဟစ်ဘူးသည်။ ဆရာချစ်ဦးညိုကလည်း လင်္ကာဒီပချစ်သူဆိုပြီး မြန်မာ့ အနုစာပေလောကမှာ တင်ဖူးသည်။ မယ်သီတာလို မိန်းကလေး ဆိုပြီး ရန်အောင်နဲ့ မို့မို့မြင့်အောင် တို့ကလည်း သီတာဒေ၀ီကို ညွှန်းဆိုပြီး ဇာတ်အိမ်တစ်ခုမှာ သရုပ်ဆောင်ခဲ့ဖူးကြသည်။ ဘယ်လိုပဲ ပြောပြော … ရာမယဏက မြန်မာ့သုခုမနယ်မှာတော့ အထင်အရှားပါဝင်ခဲ့တာ မလွဲပေါ့။
ရာမယဏ ဘယ်ကစလဲလို့မေးရင် အိန္ဒိယက စတယ်လို့ပဲ ပြောရမည်လားမသိ။ ရာမယဏကဗျာကို အိန္ဒိယမှာဘီစီ ၆ရာစုနဲ့ ၃ရာစုကြားမှာ သက္ကတ ဘာသာ စကားနဲ့ ရေးဖွဲ့ခဲ့ဖူးသည်တဲ့။ အခုတော့လည်း ရာမယဏက အာရှတခွင်ကို ခြေဆန့်လိုက်တာ အရှေ့တောင်အာရှ တခွင်မှာ သူမပါရင် မပြီးတော့။ ယိုးဒယား၊ ကမ္ဘေဒီးယား၊ လာအို၊ အင်ဒိုနီးရှားမှာ သူချည်းက နေရာတကာပါသည်။ နံရံဆေးရေးပန်းချီမှာလည်းသူ၊ လက်ဝတ်ရတနာတွေမှာလည်းသူ။ အိုးခွက်ပန်းကန်တွေမှာလည်းသူ။ နေရာတကာ သူချည်းသာ။
ဒီနေရာမှာ ရာမာယဏနဲ့ပါတ်သက်တဲ့ အကြောင်းတွေရေးရင် ရေးလို့ကုန်မှာ မဟုတ်တော့။ ဒီတော့ သူနဲ့ ပတ်သတ်တဲ့ ပြဇာတ်တွေအကြောင်း သိသလောက် ပြောပြချင်သည်။ ကျွန်တော် ငယ်ငယ် ကိုးနှစ် ၁၀နှစ်ကတည်းကတည်းက အမျိုးသားပြဇာတ်ရုံမှာ ကြည့်တတ်နေပြီ။ န၀တအစိုးရက ရာမယဏပြဇာတ်ပြိုင်ပွဲတွေ လုပ်ပြီး ဆုရ အဖွဲ့တွေ ကတော့လည်း အလွတ်မပေးခဲ့။ အဲဒီလောက်တောင် ရာမယဏပြဇာတ်ကို မြတ်နိုးခဲ့တာ။ ဇာတ်ကြိုက်တာချင်းကတော့ ကျွန်တော်နဲ့ မေမေနဲ့တော့ အတူသား။ ထိုင်ရင် ရှေ့ဆုံးက အမြဲထိုင်ချင်နေခဲ့။ မေမေဆိုရင် ရှေ့ဆုံးမှာ အထိုင်ကောင်းတော့ ဆိုင်းဆရာက ပတ်မကြီးကို ဗြုန်းခနဲတီးလိုက်တော့ နှလုံးလေဟပ်ပြီး မေ့သွားလို့ ပွဲခင်းထဲကနေ ပွေ့ချီထုတ်ခဲ့ရဘူး၏။ ကျွန်တော်ကတော့ မေမေ့လို မဟုတ်။ အခုထက်ထိ ရှေ့ဆုံးမှာ ထိုင်ချင်နေတုန်းပဲ။
အခုတော့ ရာမာယဏနဲ့ပါတ်သတ်လာရင် ပိုပိုပြီး စိတ်ဝင်စားလာသည်။ ဘာဖြစ်လို့လဲ ဆိုတော့ ရာမာယဏက ကျွန်တော်တို့ မြန်မာနိုင်ငံတွင် သာမကဘဲ တခြားနိုင်ငံတွေမှာလည်း ပိုပြီး နာမည်ကြီးတာလည်းပါသည်။ မြန်မာနိုင်ငံမှာတော့ ရာမယဏနဲ့ ပါတ်သတ်လို့ (၃)မျိုး ရှိပါသည်။
(၁) ဇာတကဇာတ်တော်လာ ဘုရားအလောင်းတော် ရာမ
(၂) ထိုင်းနိုင်ငံမှ ရာမဇာတ်နဲ့ အိန္ဒိယမှ ၀င်ရောက်လာတဲ့ ရာမဇာတ်တို့ကို ပေါင်းစု ဖြစ်ပေါ်လာတဲ့ ပုံတော်ရာမဇာတ်
(၃) ဗြဟ္မဏ၀ါဒီ၊ ဗိဿနိုးဝါဒီတို့နဲ့ ပါတ်သတ်တဲ့ ရာမဗိဿနိုး၊ ပသျှူးရာမ စသည်တို့ဖြစ်ပါသည်။
ယင်းတို့အနက်မှ ပုံတော်ရာမဇာတ်က စာပေဂီတ၊ အနုပညာ နယ်ပယ်မှာ အရမ်းကို ကျော်ကြားလှပါသည်။ ဒီပုံတော်ရာမဇာတ်နဲ့ ပသျှူးရာမဇာတ်တို့က တော်တော်လေးဆင်ကြပါသည်။ နိုင်ငံတကာမှာ ကပြနေတဲ့ ရာမာယဏပြဇာတ်တွေကလည်း ဒီပြဇာတ်တွေနဲ့ တော်တော် ဆင်ပါ၏။ ပုဂံခေတ်လွန် အင်းဝခေတ်ရောက်ချိန်မှာတော့ ထိုင်းနိုင်ငံက ရာမဇာတ်က နှုတ်ပြော အနေနဲ့ ရောက်လာပါပြီ။ တကယ်တမ်းရာမဇာတ်ကို မြန်မာနိုင်ငံမှာ ကပြတဲ့ အချိန်မှာတော့ ထိုင်းနိုင်ငံထက်နောက်ကျတယ်လို့ ယူဆရပါသည်။
ဘိုးတော်ဘုရားလက်ထက် (၁၇၈၂- ၁၈၁၉) မှာတော့ ဦးအောင်ဖြိုးက ရာမသာချင်းဆိုပြီး ယိုးဒယားက ရာမပြဇာတ်ကို အခြေံခံပြီး မြန်မာဆန်ဆန်ရေးဖွဲ့ခဲ့ပါသေးသည်။ သို့သော်သမိုင်းပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ မြန်မာ့နန်းတွင်းထဲမှာ ၁၇၇၀ကျော်လောက်ကတည်းက ကပြနေပြီဟု ယူဆကြ၏။ ထိုသို့ကပြရာတွင်လည်း ယိုးဒယားနိုင်ငံမှ ပြဇာတ်များကို ကိုးကားကြပါသေးသည်။ ယိုးဒယားတွေကတော့ ရာမဇာတ်ကို မလေးကျွန်း ပသျှူးကျွန်းဆွယ်မှ ရရှိတယ်လို့လည်း ယူဆလို့ရပြန်ပါသည်။ ယိုးဒယားလူမျိုးတွေက ပသျှူးကျွန်းဆွယ်မှ ရသော ရာမပြဇာတ်မှ နေရာများ ဇာတ်ကောင်များကို သူတို့ဒေသနဲ့ ကိုက်ညီအောင် အမည်ပြောင်းပြီး ကပြခဲ့ကြသည်။ မြန်မာတွေကတော့ ယိုးဒယားမှ လက်ဆင့်ကမ်းယူခဲ့သော်ငြားလည်း တက္ကသဘာသာမှ မူရင်းပြဇာတ်ကို လေ့လာခဲ့ပြီး မူရင်းပြဇာတ်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ဖန်တီးယူခဲ့ကြ၏။
ရာမပြဇာတ်ကြောင့် မြန်မာစာပေ၊ ဂီတနဲ့ အနုပညာတို့ရဲ့အခန်းကဏကလည်း ပြောင်းလဲခဲ့တယ်လို့ ဆိုနိုင်ပါသည်။ မြန်မာဂီတလောကမှာ ယိုးဒယားအတီး၊ ယိုးဒယားအက ဆိုပြီး ညောင်ရမ်းခေတ်ကတည်းက သီးသန့်ရှိခဲ့သည်။ အခုခေတ်တွင်တော့ မဟာဂီတ သင်ရိုးတွင် ကြိုးဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုးပြီးလျှင် ယိုးဒယားသီချင်းများကို တစ်ဘာသာသင်ရပါသည်။ မြန်မာဂီတ၀င် ယိုးဒယားသီချင်းများမှာ ဇာတ်ဝင်သီချင်းအများစု ဖြစ်သော်လည်း နောက်ပိုင်းမှာတော့ သီချင်းအလွတ်တွေ ရေးလာကြ၏။ (မြန်မာနဲ့ ယိုးဒယားယဉ်ကျေးမှု ဆက်နွယ်မှုအကြောင်း လေ့လာပြီး ခေါင်းစဉ်တစ်ခုအနေနဲ့ ရေးပါဦးမည်။)
ရှေးတုန်းကတော့ ရာမာယဏဇာတ်ကို ၆၅ရက်ကြာအောင် ကပြခဲ့ကြသည်။ ရှေးခေတ်နန်းတွင်းဇာတ်ရုံမှာ ကပြချိန်မှာ တစ်ရက်ကို အနည်းဆုံး သုံးလေးနာရီကြာခဲ့၏။ စစ်ကြိုခေတ်က ရန်ကုန်မြို့ ရေကျော်ရပ်မှာ ကပြချိန်မှာ ညဉ့်ဦးယံကနေ မနက်မိုးလင်းအထိ နေ့စဉ်ကတာတောင် တစ်လခွဲ၊ နှစ်လထက် ကြာသေးသည်။ ခုနှစ်ည တိတိကတဲ့ အခါလည်း ကခဲ့ကြသေးသည်။ အခုနောက်ပိုင်းမှာတော့ တစ်ညတည်းနဲ့ ပြီးအောင် ကလာတော့သည်။ ရာမာယဏဇာတ်သည် ချဲ့ရင် ချဲ့နိုင်သလောက် ဇာတ်ကွက်ရှည်သည်။ ထို့ကြောင့်ပင် ရှေးယခင်က ရက်ရှည်လများ ကခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်ကပြတဲ့ ရာမာယဏဇာတ်တော်မှာ သီချင်းသံ ဂီတသက်သက်သာ။ အခန်းခွဲလေးတွေ အများကြီး ရှိပြီး ဇာတ်မကမီ ဇာတ်လမ်းပြောသူက ပြေပြလေ့ရှိ၏။ တီးလုံးအတီးသက်သက်သာ ကပြခြင်း၊ တချို့ဇာတ်ကောင်များက မျက်နှာဖုံးစွတ်ပြီး ကပြခြင်း စသည်တို့ကြောင့် အမူအယာများကို သာသာထိုးထိုး သရုပ်ဆောင် ပြကြရသည်။ တချို့နိုင်ငံခြားသားများခမျာ တီးလုံး သက်သက်သာရှိတဲ့ ရာမာယဏဇာတ်ကို မခံစားတတ်ကြ၊ တစ်ဝက် တပြတ်နဲ့ ထပြန်ကြတာတွေလည်း တွေ့ခဲ့ဖူး၏။ ဇာတ်ကောင်တွေရဲ့ ဇာတ်ဝတ်ဇာတ်စားတွေကတော့ ထိုင်းနိုင်ငံဆီမှ အငွေ့အသက်တွေ တော်တော် လွှမ်းတယ်လို့ ဆိုနိုင်ပါသည်။
ကျွန်တော် ကြည့်ဖူးတဲ့ ထိုင်းရာမာယဏပြဇာတ်ကတော့ မြန်မာတို့နဲ့ အနည်းငယ် ကွဲလွဲတယ်လို့ ဆိုနိုင်ပါသည်။ မြန်မာပြဇာတ်ကတော့ ထိုင်းနိုင်ငံရဲ့ အငွေ့အသက်တွေ ရှိသောလငြားလည်း တေးဂီတသံက သွက်၏။ ထိုင်းဂီတကတော့ အနည်းငယ် ငြိမ့်တယ်လို့ ဆိုနိုင်ပါသည်။ ကြည့်ခဲ့ရတဲ့ ပြဇာတ်က အကောင်းဆုံး မဟုတ်တော့ ထိုင်းတို့ရဲ့ တကယ့်ပညာကို သိပ်ပြီး မခန့်မှန်းနိုင်ခဲ့။ ဒါပေမယ့် အရမ်းတော့ ကြည့်လို့ကောင်းသည်။
နောက်ထက် ကျွန်တော် ကြည့်ဖူးတာ တစ်ခုရှိသေးသည်။ အဲဒါက အင်ဒိုနီးရှားနိုင်ငံက အရိပ်ရုပ်သေးပြဇာတ်ပါပဲ။ Lasalle Sia မှာ ကျောင်းတက်တုန်းက ကျောင်းက အင်ဒိုနီးရှား ကျောင်းသားတွေက သူတို့ရုပ်သေးပြဇာတ်အကြောင်း ကပြခဲ့ဖူးသည်။ အင်ဒိုနီးရှားက ရာမာယဏပြဇာတ်ကို အရိပ်ရုပ်သေးများဖြင့် ကပြသေးသည်။ သူတို့ရုပ်သေးပြဇာတ်တွေက ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆော့ခဲ့ဖူးတဲ့ ရုပ်ရှင်ပြတိုင်း ဆော့တာနဲ့ အတော် ဆင်တူ၏။ ကားလိပ်ကို အရှေ့မှာချ။ အရုပ်ကလေးတွေကို ကားလိပ်အနောက်မှာ ထားပြီး အလင်းရောင် ကို အနောက်မှ ထိုးပြီး အရုပ်ကလေးတွေရဲ့ အရိပ်ကို ကားလိပ်ကို ထင်စေသည်။ ပွဲကြည့်တဲ့သူတွေက ကားလိပ်ရှေ့မှာ ထိုင်ပြီး ကြည့်ကြရသည်။ အလွန်စိတ်ဝင်စားစရာ ပြဇာတ်လေးပါပဲ။
ရာမာယဏဇာတ်ကတော့ အိန္ဒိယက ပေါက်ဖွားလာတဲ့ ပြဇာတ် တစ်ပုဒ် ဖြစ်သော်လည်း အရှေ့တောင် အာရှရဲ့ အနုပညာ ရတနာ ဖြစ်ဆဲ။ မြန်မာနိုင်ငံမှာလည်း ရာမာယဏပြဇာတ်ကို အလေးထားဆဲ။ ရာမထက် ဒဿကို မြန်မာလူမျိုးတွေ စိတ်ဝင်စားဆဲ။ ဘာပဲဖြစ်ဖြစ် ရာမာယဏဇာတ်ကတော့ အာရှလည်ဆွဲ အဖြစ် အမြဲ ရှိနေဆဲသာ။

မြန်မာနိုင်ငံက ရာမာယဏပြဇာတ်
ထိုင်းနိုင်ငံက ရာမယဏပြဇာတ်
ဗီယက်နမ်နိုင်ငံက ရာမယဏပြဇာတ်
လာအိုနိုင်ငံက ရာမယဏပြဇာတ်

ကမ္ဘေဒီးယားနိုင်ငံက ရာမယဏပြဇာတ်
အင်ဒိုနီးရှားနိုင်ငံက ရာမယဏပြဇာတ်
အင်ဒိုနီးရှားနိုင်ငံက အရိပ်ရုပ်သေး
အင်ဒိုနီးရှားနိုင်ငံက ဒုတ်ထိုးရုပ်သေး
မြန်မာနိုင်ငံကရုပ်သေး
ကိုးကား
လှသမိန်၊ မြန်မာရာမာယဏ
www.wikipedia.com
http://www.dogstreetjournal.com/story/3653
http://orias.berkeley.edu/SEArama/imagelibrary.htm

10 ယောက်ကဒီလိုမြင်တယ်တဲ့...:
သက်ပိုင်သူရေ..
ရာမယဏ အကြောင်းသေချာကို စနစ်တကျရေးထားတာကိုး..
ချီးကျုးပါ၏..
သေချာဖတ်သွားပါတယ်..
ကိုပိုင်တို့ ကတော့
ပိုင်ပိုင်နိုင်နိုင်ကိုလေ့လာထားတယ်
အရမ်းတော်တယ်
ချီးကျူးတယ်
တကယ်ပဲ
ဗဟုသုတလဲအရမ်းရတယ်
ကျနော်လဲ ရာမဇာတ်တော်ကိုကြိုက်တယ်
အရေးကြုံလို့ ကခွင့်ရရင်မျောက်နေရာကကမယ်
း)
သေချာဖတ်သွားပါတယ်... :)
အချက်အလက်တွေပုံတွေစုံလင်စွာတင်ပြထားတဲ့အတွက်
ချီးကျူးပါတယ်။မနှစ်က ဒါရိုက်တာမောင်တင်ဦးရဲ့ သရုပ်
ဆောင်သင်တန်းဆင်းပွဲမှာ..သင်တန်းသားတွေရာမာယဏ
ပြဇာတ်တိုလေးကကြတယ်။ခေတ်သစ်မော်ဒန် ရာမယဏ
ပေါ့..စကားလုံးတွေကိုထည့်သွင်းဖန်တီးထားတယ်။
ပြဇာတ် တင်ဆက်သူက ဒါရိုက်တာဒီဇိုင်းဆရာ မျိုးဆွေ
သန်း..ဇာတ်ဝင်တေးက ကိုမြင့်မိုးသီချင်း..အဝတ်အစား
ကလည်း ခေတ်သစ်စတိုင်လ်နဲ့ချုပ်တာ..သရုပ်ဆောင်
တဲ့ကလေးတွေကလည်း တော်ကြတယ် အဲဒါလေး
သွားသတိရတယ် ပုံတွေပြန်ရှာလို့ ရရင် တင်ပေးပါ
ဥိးမယ်
မနော်
ရာမယဏပြဇတ်အကြောင်းလေး ပြည့်ပြည့်စုံစုံတင်ပေးတာ တော်တော်လေး ဗဟုသုတရပါတယ် ကိုသက်ပိုင်သူလေးရေ ပုံလေးတွေ အစုံတင်ပေးတာလည်း ကျေးဇူးတင်ပါတယ်..
နေမကောင်းတာ သတင်းမေးတာလည်း ကျေးဇူးတင်တယ်နော်..
စနစ်တကျ အသေးစိတ် ရေးနိုင်တာကို ချီးကျူးပါတယ်
အသက်ရေ
အသက်ရဲ့ အားထုတ်မှုကို လေးစားပါတယ်။ ချီးကျူးပါတယ်။ အခုလို ပြည့်ပြည့် စုံစုံလေး ရေးပေးတဲ့ အတွက် ကျေးဇူး။ ပုံလေးတွေလဲ ကြည့်သွားပါတယ်ခင်ဗျား...ဖတ်လို့လဲကောင်းပါတယ် ပျင်းစရာမကောင်းပါဘူး...ဖတ်လို့တကယ်ကောင်းပါ၏...
----------
ပုလုကွေး
----------
ဗဟုသုတတွေ မျှဝေယူသွားပါတယ်...
ကျေးဇူးလည်းတင်ပါတယ်...
အဖေတို့ အမေတို့ ဖျာပုံမြို့မှာနေတုန်းက ရာမယဏဇတ်ကို (၇)ရက် က,တယ်လို့ ပြောတာကြားဖူးတယ်။ ဖျာပုံရာမ နံမည်ကြီးပဲလို့ ကြုံဆုံတိုင်း ဂုဏ်ယူစွာပြောတတ်ကြတယ်။
ရာမယဏဇာတ်ကို ငယ်ကတည်းကခုချိန်ထိ ကြိုက်ပါတယ်.. အထူးသဖြင့် သမင်လိုက်ခန်းနဲ့ ပန်းစိုက်ခန်း.. ဒသ၁ဂီရိကတာကို ကြိုက်တာရယ်..သမင်အကကိုကြိုက်တာရယ်ကြောင့်ပါ.. ဇာတ်တော်တွေမှာ မပါတော့တဲ့ ရာမနဲ့ သီတာအကြောင်းတော့ ဆရာချစ်ဦးညိုရေး-သီတာနဲ့ ၀ိသာခါစာအုပ်မှာ ဖတ်ရတယ်.. (မဆိုင်ဘူးဆိုပေမယ့် ကြုံလို့ပြောလိုက်ပါဦးမယ်) အဲဒီစာအုပ်ဖတ်မိမှ ရာမက တော်တော်မစွံတဲ့ ယောက်ျားတစ်ယောက်မှန်း သိရတယ်..
Post a Comment